အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
91
ယွီချန်သည် ဤလိမ်လည်သည့်ကုမ္ပဏီသို့ ရောက်ရှိလာသည်မှာ ၁၂ ရက်ရှိပြီ ဖြစ်သည်။
ထို ၁၂ ရက်အတွင်း သူမသည် လူပေါင်းများစွာကို အောင်မြင်အောင် ချိတ်ဆက်ပေးနိုင်ခဲ့ပြီး၊ ချမ်းသာချင်ဇောဖြင့် သူမ၏ လမ်းညွှန်မှုနောက်သို့ လိုက်ကာ ရှယ်ယာရင်းနှီးမြှုပ်နှံခဲ့ကြသည့် ဖားပြုပ် ပေါင်းများစွာ ရှိခဲ့သည်။
လွန်ခဲ့သော ၁၂ ရက်အတွင်း ယွီချန်သည် ကော်မရှင်ခ ယွမ် ၂၀,၀၀၀ ပင် ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူမသည် အလွန်ပင် စိတ်ဓာတ်တက်ကြွပြီး ပျော်ရွှင်နေခဲ့သည်။
သို့သော် သူမသည် ငယ်ရွယ်ပြီး ဥပဒေကို နားမလည်သဖြင့် ဤကဲ့သို့ လိမ်လည်ခြင်းမှာ ရာဇဝတ်မှုဟုပင် မထင်မှတ်ထားချေ။
နောက်ဆုံးမှာတော့ သူမ၏အမြင်တွင် ပိုက်ဆံလိမ်ယူခြင်းမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံခိုင်းရုံသာဖြစ်ပြီး ကံကောင်းလျှင် ထိုလူများ အမြတ်ရနိုင်သည်ဟုပင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးထားသည်။
ယွီချန်၏ အကောင့်အမည်မှာ 'ရှန်ရှန်လေးပါနော်' ဖြစ်ပြီး အသက် ၁၉ နှစ်သာ ရှိသေးသဖြင့် သူမ၏ပုံအစစ်မှာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည်။
အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းမှ ထွက်ပြီးကတည်းက ကျောင်းဆက်မတက်တော့သူ ဖြစ်သည်။
ယခင်က သူမသည် ထို ဖားပြုပ်ကြီးများနှင့် စကားပြောခဲ့ရပြီး ကော်မရှင်ခရခဲ့သော်လည်း ယွီချန်အတွက်တော့ အလွန်ပင် ရွံရှာစရာကောင်းခဲ့သည်။
ထိုလူကြီးများမှာ ဆီဦးထမင်းကဲ့သို့ ချွဲကျိနံစော်ပြီး စကားပြောလျှင်လည်း လုံးဝ စိတ်ဝင်စားစရာမကောင်းဘဲ ရွံရှာဖွယ်ကောင်းလှသည်။ ထိုမျှမကသေးဘဲ သူတို့၏ စိတ်ထဲတွင် ယုတ်ညံ့သည့် အတွေးများဖြင့် သူမကို ဝါးမြိုပစ်လိုသည့် ဆန္ဒများမှာ အထင်အရှားပင်။
သို့သော် ယွီချန်မှာ ပိုက်ဆံလိုသဖြင့် ထိုရုပ်ဆိုးကြီးများ၏ အလိုတိုင်း ချောပါသည်၊ ချစ်ပါသည်ဟု လိမ်ညာပြောဆိုခဲ့ရသည်။ သူမ၏ စိတ်ထဲမှလည်း ဤသည်မှာ ပိုက်ဆံရှာခြင်းဖြစ်ပြီး ရှက်စရာမရှိပါဘူးဟု အမြဲတွေးထားရသည်။
သို့ပေမဲ့ ယနေ့မှာတော့ ယွီချန်သည် မိမိ၏စိတ်ဝင်စားမှုနှင့် ထိုက်တန်သော သူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရသည်။
တစ်ဖက်လူ၏ အချက်အလက်များတွင် အခြေခံပညာအရည်အချင်းနှင့် ဆင်းရဲသည့် တောင်ပေါ်သား အလုပ်သမားလေးဟု ဖော်ပြထားသည်။ ထိုလူသည် စကားပြောတော်ရုံသာမကဘဲ အမြဲတမ်း စိတ်ဝင်စားစရာကောင်းအောင်လည်း ပြောတတ်သေးသည်။
"ခိ ခိ"
ယွီချန် ရုတ်တရက် ရယ်လိုက်မိသည်။
အကြောင်းမှာ တစ်ဖက်မှ ပို့လိုက်သည့် မက်ဆေ့ချ်ကြောင့် ဖြစ်သည်။
“ကိုယ့်မှာ ဘာအားနည်းချက်ရှိလဲ သိလား”
“ဘာလဲ ပိုက်ဆံမရှိတာလား?”
ယွီချန်က မေးလိုက်သည်။
“မဟုတ်ဘူး မင်းမရှိနေလို့ ကိုယ် အားနည်းနေတာ”
ယွီချန် ကြောင်အသွားပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
တစ်ဖက်လူမှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းပြီး မိမိကို အမြဲအံ့သြသွားအောင် ချိုသာသည့်စကားများ ပြောတတ်သည်ဟု သူမ ခံစားလိုက်ရသည်။
ခဏတာအတွင်းပင် သူမသည် ဤဆော့ဖ်ဝဲကို သုံးသည့် လူအများကို လိမ်ရမည်ဆိုသည့် ရည်ရွယ်ချက်ကိုပင် မေ့သွားတော့သည်။
ယွီချန်၏ ဘေးတွင် ဝန်ထမ်းပေါင်းများစွာမှာလည်း ဖုန်းကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။
ယွီချန်၏ ညာဘက်မှ ကောင်လေးမှာ သူမ ပြုံးနေသည်ကို မြင်လိုက်ရသောအခါတွင် မေးလာခဲ့သည်။
"ရှန်ရှန် ဘာဖြစ်လို့ ဒီလောက် ပျော်နေတာလဲ"
ထိုကောင်လေးမှာ ကုမ္ပဏီတွင် ရှိနေခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး ယွီချန် စရောက်ကတည်းက မိမိအား ပန်းပေး၊ မုန့်ဝယ်ပေးကာ သူမကို လိုက်နေသူဖြစ်သော်လည်း ယွီချန်ကမူ ဂရုမစိုက်ခဲ့ချေ။
"အာ ဘာမှမဟုတ်ပါဘူး"
ယွီချန်၏ မျက်နှာထား ပြန်တည်သွားခဲ့သည်။
"ကျွန်မ အလုပ်ထဲမှာ ပိုပြီး အာရုံစိုက်နေတာပါ၊ ဒီလူအတွေ လိုလိုလားလား ရင်းနှီးမြှုပ်နှံလာအောင်လို့ ကျွန်မတို့ဘက်က သေသေချာချာလေး ကိုင်တွယ်ရမှာလေ"
ထိုစဉ် ချင်ရန်က နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လာပြန်သည်။
“မင်းရဲ့ ပရိုဖိုင်မှာ ဘယ်တော့မှ မကုန်ဆုံးမယ့် အချစ်မျိုးကို လိုချင်တယ်လို့ ရေးထားတယ်နော်၊ ဟုတ်လား”
“အင်း ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”
“မင်းက ကိုယ့်အမြင်မှာ ရည်းစားထားဖို့ မသင့်တော်ဘူးလို့ ကိုယ် ထင်တယ်”
ပို့နေသည့် မက်ဆေ့ချ်ကို ဆက်လက်မပို့တော့ဘဲ ခဏတာမျှ စောင့်ဆိုင်းပြီးမှ ပို့လာ၏။
“အိမ်ထောင်ပြုဖို့ပဲ သင့်တော်တာ ပြီးတော့ ကိုယ် မင်းဆီကနေ မြေကွက်တစ်ကွက်လည်း ဝယ်ချင်သေးတယ်”
“ဘယ်နေရာက မြေကွက်ကို ဝယ်မှာလဲ”
“ကိုယ့်အပေါ်ပဲ မင်းရဲ့ စိတ်တွေ အကုန်ပုံအောပေးမယ့် နေရာလေ”
ချင်ရန်၏ အီစီကလီ ချော့မြှူသည့်စကားများမှာ ပညာအရည်အချင်း နည်းပါးသည့် ယွီချန်ကို အလွန် ပျော်ရွှင်သွားစေခဲ့သည်။
သူမသည်လည်း ဆင်းရဲသည့် တောင်ပေါ်ဒေသမှ လာသူဖြစ်ရာ သူမ ပတ်ဝန်းကျင်မှ အမျိုးသားများမှာ အလုပ်သာ လုပ်တတ်ပြီး စိတ်ကူးယဉ်ဆန်သည့် စကားများကို တစ်ခါမှ မပြောဖူးကြပေ။
ယခု ချင်ရန် ပြောသမျှမှာ သူမအတွက် အလွန် ဆန်းသစ်နေသည်။
ယခင်က သူမကို လိုက်ခဲ့သူများမှာ အရမ်း တည့်တိုးဆန်ပြီး စိတ်ခံစားချက် မပါသဖြင့် သူမ စိတ်ပျက်ခဲ့ရသည်။
ထို့ကြောင့် မိမိအသက် ၁၉ နှစ်မှာ ရည်းစားအချို့ ထားခဲ့ဖူးသော်လည်း သူမ၏ အပျိုစင်ဘဝကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အဆင့်အတန်းနိမ့်သည့် အမျိုးသားများထံသို့ သူမ၏ အလှနှင့်ဘဝကို မပေးအပ်လိုသောကြောင့် ဖြစ်သည်။
ထိုအချိန် အက်ပ်ထဲမှ ချင်ရန်၏ စကားလုံးများစွာတို့မှာ တရစပ် ရောက်လာသဖြင့် ယွီချန် စဉ်းစားဖို့ပင် အချိန်မရတော့ချေ။
ချိုသာသည့်စကားများကို တစ်လှည့်၊ သူမ၏ နောက်ခံအကြောင်းအရာများကို မေးမြန်းလာသည့် စကားများက တစ်လှည့် ဖြစ်နေတော့သည်။
ထိုစကားများကြားတွင် ယွီချန်သည် ဘာကိုမျှ သတိမထားမိနိုင်ဘဲ စိတ်လျှော့ကာ အမှန်အတိုင်းများ ပြောပြနေမိတော့သည်။ ထိုသို့ အပြန်အလှန် စကားပြောရင်းနှင့် ယွီချန်သည် တစ်ဖက်လူကို စတင် သဘောကျလာမိသည်။
သူတို့ စကားပြောနေစဉ်အတွင်း ချင်ရန်က ယွီချန် ရှိသည့်နေရာကို မေးလာခဲ့သည်။
ယွီချန်က တွန့်ဆုတ်မိသွားသော်လည်း သူမရှိသည့် နေရာကို အတိအကျ မပြောလျှင် ရပါသည်ဟု တွေးကာ သူမသည် 'ဖိန်လင်မြို့' တွင် ရှိကြောင်းသာ ပြောလိုက်သည်။
ထိုအခါ ချင်ရန်ကလည်း တိတိကျကျ ဆက်မမေးတော့ချေ။ အလွန်အကျွံ မေးမြန်းလိုက်ခြင်းက တစ်ဖက်လူကို အလွယ်တကူ သတိထားမိသွားစေနိုင်မှန်း သူ သိသောကြောင့် ဖြစ်သည်။
ထို့နောက် ချင်ရန်က သူမ၏ အလုပ်အကြောင်းကို သိမ်သိမ်မွေ့မွေ့ စုံစမ်းရင်း သူ့အခက်အဲများကို ရှင်းပြသည်။
"ဖိန်လင်မြို့က တကယ် ဆိုးတာပဲ၊ ကုန်ဈေးနှုန်းက ကြီးပြီး လစာက နည်းတယ်၊ တစ်လလုံး ပင်ပင်ပန်းပန်း လုပ်ရင်တောင် ဝမ်းမဝဘူး၊ အိမ်ပြန်ချင်ပေမဲ့လည်း ပိုက်ဆံမပါဘဲ ပြန်ရမှာ ရှက်လို့ မပြန်နိုင်သေးဘူး"
ချင်ရန်သည် တစ်ဖက်လူ ပိုမိုစိတ်ဝင်စားလာစေရန် အလိမ်အညာ ဇာတ်လမ်းတစ်ခုကို ဖန်တီးလိုက်သည်။
သူ့တွင် လောင်းကစားကြောင့် ယွမ်တစ်သိန်းကျော် အကြွေးတင်ပြီး ပျောက်ခြင်းမလှ ပျောက်သွားသည့် အစ်ကိုတစ်ယောက်အတွက် ထိုအကြွေးကို သူက စိုက်ဆပ်ပေးနေရကြောင်း ဆိုသည်။
ထို့နောက် ချင်ရန်သည် တစ်ဖက်လူ သနားအောင် လုပ်မနေတော့ဘဲ သူ့အနာဂတ် ရည်မှန်းချက်များကို ပြောပြလိုက်သည်။
နောင်တစ်ချိန်တွင် နေရပ်ပြန်ကာ မနက်စာဆိုင်လေး ဖွင့်ချင်ကြောင်းနှင့် ထိုဆိုင်လေးအကြောင်းကို အသေးစိတ် ရှင်းပြလိုက်ရာ ယွီချန်ပင်လျှင် စိတ်ကူးထဲတွင် အတူလိုက်ပါ စီးမျောသွားတော့သည်။
‘ဒီကောင်လေးက စိတ်ထားကောင်းတာပဲ’ ဟု ယွီချန် စိတ်ထဲ တွေးနေမိသည်။
ထို့နောက် ယွီချန်သည် မိမိကိုယ်မိမိ ပြန်ကြည့်မိသည်။
သူမသည် သူတစ်ပါးဆီမှ လိမ်လည်ပြီး ပိုက်ဆံများစွာ ရနေသော်လည်း ဘာကိုမျှ စုမိဆောင်းမိခြင်း မရှိချေ။
ထို့ကြောင့် သူမ၏ အနာဂတ်မှာ ပျောက်ဆုံးနေသကဲ့သို့ ခံစားမိလိုက်သည်။
ယွီချန်၏ မိသားစုမှာလည်း အလွန်ဆင်းရဲပြီး သူမ မိဘများမှာ ယောကျ်ားလေးကို ပိုချစ်ကာ မိန်းကလေးကို အလေးမထားကြသူများ ဖြစ်ကြသည်။
ပညာရေးအသိ နည်းပါးလွန်းသည့် ယွီချန်မှာ ဤမျှ ပင်ပန်းပြီး လမ်းပျောက်နေချိန်တွင် ခိုင်မာသော ရည်မှန်းချက်ရှိသည့် အမျိုးသားတစ်ဦးမှ သူမကို ဦးဆောင်၍ လမ်းပြပေးရန် အလွန် တောင့်တနေခဲ့ခြင်းပင် ဖြစ်သည်။
ထိုစဉ် သူမ၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာခဲ့သည်။
‘ဒီကောင်လေးက အလုပ်လည်း ကြိုးစားတယ်၊ စရိုက်လည်း ကောင်းတယ်၊ သူ့ကို ငါတို့နဲ့အတူ အလုပ်လုပ်ဖို့ ခေါ်လိုက်ရင်ရော’
ချင်ရန်က စကားပြော အလွန်တော်ပြီး မိန်းကလေးများကို သဘောကျအောင် လုပ်နိုင်စွမ်းရှိမှန်း သူမ သိသွားပြီဖြစ်သည်။
အကယ်၍ သူသာ ဤအလုပ်ထဲ ရောက်လာလျှင် အမျိုးသမီး အမြောက်အများသည် သူ့ကြောင့် ရင်းနှီးမြှုပ်နှံကြပေလိမ့်မည်။
ထိုအကြံကို ယွီချန် တွန့်ဆုတ်နေသော်လည်း ချင်ရန်အား ပိုသိချင်သဖြင့် ဆက်လက် စကားပြောနေခဲ့သည်။ ချင်ရန်ကတော့ ပါးနပ်စွာဖြင့် သူမ၏ အလုပ်အကြောင်းကို ထပ်မမေးဘဲ အနာဂတ်အကြောင်း၊ ကတိအကြောင်းများကိုသာ ပြောနေတော့သည်။
"အနာဂတ်ကျရင် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကို လည်ချင်တယ်၊ မြို့တိုင်းမှာ နေဝင်ချိန်ကို ကြည့်ချင်တယ်"
သူ့တွင် ရည်းစားရှိလာလျှင် မည်မျှအထိ ရိုမန်တစ်ဆန်ဆန် လုပ်ပေးမည့်အကြောင်း၊ ခွေးလေး ကြောင်လေးများ အတူတူမွေးမည့်အကြောင်း၊ အတူတူ လှေစီး၊ နေထွက်ချိန်ကြည့်ပြီး အိုမင်းသည်အထိ လက်တွဲသွားမည့်အကြောင်းများကို တရစပ် ပြောပြကာ စာများပို့နေတော့သည်။
သူတို့နှစ်ဦး မက်ဆေ့ချ် ပို့နေသည်မှာ လေးနာရီခန့်ပင် ရှိသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ချင်ရန်၏ ကျောနောက်တွင် ရှိသော ချန်ဟောက်၊ ရှကျဲ နှင့် ယန်ရှု တို့သည် ချင်ရန်ကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ချင်ရန်မှာ တကယ်ကို စကားပြော အလွန်ချိုသာသူ ဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ မိန်းကလေးများကို ချိုချိုသာသာ ပြောတတ်ရုံတင်မကဘဲ ကတိကဝတ်တွေ ပေးတာကလည်း တကယ့်ကို ပိရိသေသပ်လှသည်။
ချင်ရန်ပို့သမျှ စာများကို အနောက်ကနေဖတ်နေသည့် ရှကျဲပင် မျက်နှာလေး နီမြန်းလာရသည်။ မိန်းကလေးတစ်ယောက်အနေဖြင့် ရိုမန်တစ်ဆန်သည့်အရာများကို သူမ စိတ်ဝင်စားသည်မဟုတ်ပါလား။
'ချင်ရန်ကသာ ဒီစကားတွေကို ငါ့ကိုပြောရင် ငါတောင် ထိန်းနိုင်ပါ့မလား’ ဟုပင် ရှကျဲမှာ တွေးမိသည်။
ရှကျဲတောင် ဤသို့ဖြစ်လျှင် ဟိုတစ်ဖက်မှ ယွီချန်ဆိုလျှင် ပြောနေဖို့ပင် မလိုတော့ပေ။
ထင်သည့်အတိုင်းပင် ယွီချန်မှာ လုံးဝကို စွဲလန်းသွားပြီ ဖြစ်သည်။
မိမိ၏ ပျောက်ဆုံးနေသော ဘဝအတွက် လမ်းပြမည့် ရွက်လွှင့်တိုင်လေးကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နောက်ဆုံးတွင် ယွီချန် မဆိုင်းမတွပင် စာရိုက်ပြီး မေးလိုက်သည်။
"ရှင့်ရဲ့ စိတ်ကူးတွေက အရမ်းလှတာပဲ၊ ဒါဆို ရှင်နဲ့ ကျွန်မတို့ ဒီည တွေ့ကြမလား”
ချင်ရန် ထိုစာအား မြင်လိုက်ရချိန်တွင် သူ့နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုး ပေါ်ထွက်လာသည်။
‘ဒါက လိမ်လည်မှုတဲ့လား အရမ်း လွယ်လွန်းပါတယ်’
ယခုအခါ ချင်ရန်၏ တန်ပြန်အစီအစဉ်မှာ ထက်ဝက်နီးပါး အောင်မြင်သွားပြီ ဖြစ်သည်။ သူမသာ ထွက်ပေါ်လာခဲ့လျှင် ထိုလိမ်လည်နေသည့် ကုမ္ပဏီ၏ ဌာနချုပ်ကို ဖော်ထုတ်နိုင်တော့မည် ဖြစ်သည်။
"ကိုယ် ဒီည အားပါတယ်"
ချင်ရန်က စာပြန်ပို့လိုက်သည်။
အခြားတစ်ဖက်တွင်မူ ယွီချန်မှာ အပျော်လွန်ပြီး ထခုံချင်စိတ်ပင် ပေါက်နေသည်။ ဒီညမှာ သူမ၏ 'အိမ်မက်ချစ်သူ' နှင့် တွေ့ရတော့မည် ဖြစ်သည်။
ချင်ရန်တို့ဘက်တွင်လည်း ချင်ရန်မှာ အလွန်ပင် ကံကောင်းသည်ဟု ဆိုရမည်။
အဘယ်ကြောင့်ဆိုသော် ယွီချန်မှာ အလုပ်ဝင်တာ မကြာသေးသည့် ဝန်ထမ်းသစ်ဖြစ်ပြီး သူမလုပ်နေသည်မှာ ကြီးမားသော ရာဇဝတ်မှုဟု မယူဆဘဲ သတိဝီရိယ အလွန်နည်းပါးနေခြင်းကြောင့် ဖြစ်သည်။
ချင်ရန်၏ ချိုသာသော စကားများမှာ ယွီချန်ကို ချက်ချင်းပင် ပြေးတွေ့ချင်စိတ် ပေါက်သွားစေခဲ့သည်။
ပါလီမြစ်ရဲစခန်းဘက်တွင်မူ ချန်ဟောက်၊ ယန်ရှု နှင့် ရှကျဲတို့သည် ဒီနေ့ညတွေ့ရန် ချိန်းလိုက်သည့် မက်ဆေ့ချ်ကို မြင်သောအခါ မျက်လုံးအဝိုင်းသားများ ဖြစ်သွားကြသည်။
တစ်နေ့ခင်းတည်းနှင့် တစ်ဖက်လူကို ဘယ်လိုများ မျှားထုတ်လိုက်တာပါလိမ့်။
92
ချန်ဟောက်နှင့် ကျန်နှစ်ယောက်မှာ ချင်ရန်၏ နောက်တွင် ရပ်နေကြသည်။ ချန်ဟောက် မနေနိုင်ဘဲ ပြောလိုက်၏။
"မင်း မိန်းကလေးတွေကို ဒီလောက်အထိ ချော့မြှူတတ်မယ်လို့ ငါမထင်ထားခဲ့တာ အမှန်ပဲ ချင်ရန်၊ ငါ့သမီးသာ မင်းနဲ့တွေ့ရင်တော့ ခဏလေးအတွင်းမှာတင် မင်းကို အရူးအမူး စွဲလန်းသွားတော့မှာ အသေအချာပဲ၊ ငါတော့ ငါ့သမီးကို သေချာထိန်းရမယ်"
ချန်ဟောက်မှာ ချင်ရန်၏ အရည်အချင်းကို အံ့သြနေမိသလို၊ ယခင်က ဤကဲ့သို့သော "ဝက်သတ်ခြင်း လိမ်လည်မှု မျိုးမှာ ပါဝင်ပတ်သက်ဖူးသလားဟုပင် သံသယဝင်မိသည်။
ဤသည်မှာ တကယ်ကို မယုံနိုင်စရာပင် ဖြစ်ပေ၏။
တစ်နေ့ခင်းလုံး စကားပြောပြီးနောက် တစ်ဖက်မှ လိမ်လည်သူမှာ ချင်ရန်အပေါ် အမှန်တကယ်ပင် ခံစားချက်များ ဖြစ်ပေါ်လာပြီး ဒီညတွင် အပြင်ထွက်တွေ့ရန်ပင် စတင်ဖိတ်ခေါ်လာခဲ့သည်။
ဤအမှုအား ဖြေရှင်းရန် အချိန်အတော်ကြာလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း ယခုမူ မကြာမီ ပြေလည်တော့မည့်ပုံ ပေါ်နေ၏။
"ဒီည အားရင် တွေ့ကြမလား၊ ကျွန်မ ရှင့်ကို ထမင်းဖိတ်ကျွေးချင်လို့ပါ"
တစ်ဖက်အကောင့်မှ အချိန်မဆိုင်းဘဲ မက်ဆေ့ချ်ကို ပို့လာခဲ့သည်။ ထိုအဖြေကို မြင်လျှင်ပင် ချန်ဟောက်၏ မျက်လုံးများ ချက်ချင်းဆိုသလိုပင် တောက်ပသွားသည်။
"မြန်မြန်၊ မြန်မြန် သူရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်တော့၊ သူ့ကိုတွေ့ပြီဆိုတာနဲ့ ငါတို့ ပိုက်ကွန်ကို သိမ်းလို့ရပြီ"
"ကျွန်တော် သိပါတယ်"
ချင်ရန် ခေါင်းငြိမ့်ပြကာ ခေတ္တစဉ်းစားပြီးနောက် တစ်ဖက်သို့ စာရိုက်၍ ပို့လိုက်သည်။
"မင်းက ကိုယ့်ကို ကျွေးမယ်လို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကိုယ်ပဲ ကျွေးရမှာပေါ့၊ ကိုယ့်ရဲ့ အနာဂတ်အမျိုးသမီးလေးကို ပိုက်ဆံ အကုန်ခံခိုင်းရက်ပါ့မလားကွာ၊ မင်းရဲ့ပိုက်ဆံကို မင်းအတွက်ပဲ သိမ်းထားလိုက်ပါ၊ ဒီနေ့ည ညစာကို ကိုယ်တာဝန်ယူလိုက်ပါ့မယ် ဟုတ်ပြီလား"
ချင်ရန်က 'ပို့မည်' ကို နှိပ်ကာ စာကိုပို့လိုက်သည်။
သူ့နောက်မှ ချန်ဟောက်မှာ နှုတ်ခမ်းကို တွန့်လိုက်မိပြီး ချင်ရန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ချင်ရန်နှင့် စကားပြောနေသော ယွီချန်မှာမူ ထိုစာများကို မြင်ရသောအခါ စိတ်ထဲတွင် ပို၍ပင် ချိုမြိန်သွားရသည်။ သူမသည် ချင်ရန် ခင်းထားသော ထောင်ချောက်ထဲသို့ သတိမထားမိဘဲ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
လူချင်း မတွေ့ရသေးသော်လည်း ယွီချန်သည် မိမိကိုယ်မိမိ ချင်ရန်၏ ရည်းစားဟုပင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော စကားပြောဆိုမှုမျိုးမှာ ချစ်သူများအကြားတွင်သာ ပြောရသည့် စကားဖြစ်သောကြောင့် ဖြစ်သည်။
ဤနည်းလမ်းမှာ ချင်ရန်၏ လျှို့ဝှက်လက်နက်ပင် ဖြစ်သည်။
၎င်းမှာ စကားပြောဆိုခြင်းဖြင့် လူတစ်ဦးကို စိတ်ညှို့ခြင်းတစ်မျိုးဟု ချင်ရန် ယုံကြည်ထားသည်။ မိမိကိုယ်ကိုယ် ၎င်းတို့၏ ရည်းစားအဖြစ် အမြဲတမ်း နေရာသွင်းပြီး စကားပြောခြင်းဖြင့် တစ်ဖက်လူကိုလည်း ရည်းစားနေရာသို့ လျင်မြန်စွာ ရောက်ရှိသွားစေခြင်း ဖြစ်သည်။
သူသည် တစ်ခါတစ်ရံ တည်ကြည်ပြီး တစ်ခါတစ်ရံ နောက်ပြောင်တတ်ရာ ယွီချန်၏ စိတ်ခံစားချက်ကို အမိအရ ဆုပ်ကိုင်ထားလိုက်နိုင်သည်။ ဤနည်းဗျူဟာမှာ မိန်းကလေးငယ်များအပေါ် သုံးရန် အလွန်လွယ်ကူသည်ဟု ချင်ရန် တွေးလိုက်သည်။
ထိုစဉ် ရှကျဲက မနေနိုင်ဘဲ ဝင်ပြောလိက်သည်။
"ချင်ရန် နင့်ရဲ့ ကလူကျီစယ်တဲ့ အစွမ်းက တကယ် အလုပ်ဖြစ်မယ်လို့ ငါမထင်ထားဘူး၊ ငါသာ နင်နဲ့ စကားပြောမနေရင် နင် ငါ့ကို ရည်ရွယ်ချက်ရှိရှိ မြှူစွယ်နေမှန်းတောင် သိမှာမဟုတ်ဘူး"
ရှကျဲသည် သူမကိုယ်သူမ အချစ်ရေး အတွေ့အကြုံမရှိသော မိန်းကလေးတစ်ဦးနေရာတွင် ခေတ္တအစားသွင်းကြည့်ပြီးနောက် ချင်ရန်၏ အစွမ်းကို သူမကိုယ်တိုင်ပင် အရှုံးပေးရလိမ့်မည်ဟု ဝန်ခံလိုက်ခြင်း ဖြစ်သည်။
ဘေးတွင် ရပ်ကြည့်နေသော ရိုးအလှသည့် ယန်ရှုမှာမူ စကားပင် မပြောနိုင်တော့ချေ။
ယန်ရှုသည်လည်း လိမ်လည်သူနှင့် စကားပြောနေသော်လည်း စကားလုံးအနည်းငယ်သာ ပြောထွက်ခဲ့ပြီး၊ ပြောသမျှမှာလည်း လူစစ်မေးနေသလို ဖြစ်နေ၏။
ထိုလိမ်လည်သူက ရိုမန်တစ်ဆန်အောင် ကြိုးစားသော်လည်း ယန်ရှုမှာမူ ကျောက်ရုပ်သကဲ့သို့ တုံ့ပြန်မှုမရှိသည့် လေသံဖြင့်သာ ပြောလေသည်။ သူ၏ 'သစ်ပင်ကြီး' အကောင့်အမည်အတိုင်းပင် အမှန်ပင် ရိုးအလှသည်။
တစ်ချိန်တည်းမှာပင် လိမ်လည်သည့် ကုမ္ပဏီအတွင်း၌ ယွီချန်မှာ အပျော်ကြီး ပျော်နေတော့သည်။
အလုပ်လုပ်ရင်းနှင့် သူမ၏ ဖူးစာရှင်ကို တွေ့လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
ဤရက်ပိုင်းအတွင်း သူမ၏ ကံမှာ တကယ်ပင် ပွင့်နေပုံရသည်။ အလုပ်တွင် အောင်မြင်ရုံတင်မကဘဲ သူမ တကယ်သဘောကျသည့် အမျိုးသားနှင့်ပါ ဆုံတွေ့ခဲ့ရသည်။
ထိုအမျိုးသား၏ စကားပြောဆိုမှုမှတစ်ဆင့် ပေးစွမ်းလာသည့် စိတ်ကျေနပ်မှုမှာ မည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်ပေ။
ထို့ပြင် ယွီချန်သည် ချင်ရန်၏ ပရိုဖိုင်ပုံကို ကြည့်ကာ သူ့ရုပ်ရည်နှင့် အရပ်အမောင်းမှာ သာမန်ထက် သာလွန်သဖြင့် သူမနှင့် အလွန်လိုက်ဖက်သည်ဟု တွေးမိသည်။
ယခုခေတ်တွင် ချောမောသော အမျိုးသားမှာ ရှားပါးလှသည်။ သူမကို လာရောက်၍ ပရောပရီလုပ်ကာ မြူဆွယ်နေကြသော ဝဝဖိုင့်ဖိုင့်၊ ဖရိုဖရဲ လူကြီးများကိုသာ သူမ မြင်တွေ့နေရရာ၊ ယခုကဲ့သို့ ချောမောပြီး စကားပြောပါးနပ်သည့် ချင်ရန်နှင့် ဆုံတွေ့ရခြင်းမှာ သူမအတွက် စွဲလန်းစရာပင်။
ထိုစဉ် တစ်ဖက်မှ သူမ၏ လုပ်ဖော်ကိုင်ဖက်မှာ ရုတ်တရက် ညည်းတွားလာခဲ့သည်။
"စကားပြောရတာ အားမရလိုက်တာဟာ၊ ငါတော့ လူအတစ်ယောက်နဲ့ တိုးနေပြီ ထင်တယ်"
ယွီချန်က ကြောင်သွားပြီး "ဘာဖြစ်လို့လဲ?" ဟု မေးလိုက်သည်။
သူမသည် ဤလုပ်ဖော်ကိုင်ဖက်နှင့် အတော်အတန် ခင်မင်ပြီး အလုပ်၏ အဆင်မပြေမှု အကြောင်းများကိုလည်း အမြဲ ရင်ဖွင့်လေ့ရှိသည်။
" 'သစ်ပင်ကြီး' ဆိုတဲ့ နာမည်နဲ့ အကောင့်တစ်ခုလေ၊ စကားပြောရတာ လူအကျနေတာပဲ၊ ငါ မေးသမျှကိုလည်း ထစ်ငေါ့နေတာ သစ်သားတုံးကြီးအတိုင်းပဲ၊ တော်တော် ပျင်းစရာကောင်းတယ်၊ ဟို စိတ်ထဲမှာ ညစ်ပတ်တာတွေပဲ ရှိတဲ့လူတွေလိုမျိုး ဖွန်တက်တဲ့စကားလေး ဘာလေး ပြောရင်တောင် စိတ်ချမ်းသာဦးမယ်၊ အခုတော့ ဒီကောင်က ကျောက်တုံးကြီးအတိုင်း ခိုင်မာလွန်းနေတယ်"
ယွီချန်၏ လုပ်ဖော်ကိုင်ဖက်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေတော့၏။
၎င်းကို ကြားသောအခါ ယွီချန်မှာ ရယ်ပင်ရယ်ချင်သွားသည်။ သူမမှာ 'သစ်ပင်ကြီး' လို လူမျိုးနှင့် မဆုံရသဖြင့် ကံကောင်းလှသည်ဟု တွေးမိသည်။
"ဒီည သူ့ကို တွေ့ရတော့မယ်" ဟု ယွီချန် စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထိုစဉ် ချင်ရန်ဆီမှ မက်ဆေ့ချ် ရောက်လာသည်။
"ဒီည ၇ နာရီမှာ 'ယွမ်မုန့် ချစ်သူများစားသောက်ဆိုင်' မှာ တွေ့ကြရအောင်”
ထိုစာကို မြင်သောအခါ ယွီချန် ပြုံးလိုက်မိသည်။
ပထမဆုံးအကြိမ် တွေ့ဆုံမှုအတွက် ရိုမန်တစ်ဆန်သည့် စားသောက်ဆိုင်ကို ရွေးချယ်လိုက်ခြင်းသည် သူမအတွက် ပထမဆုံးအကြိမ် အချစ်ကို သိလိုက်ရသကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားမှုကို ပေးစွမ်းနေသည်။
"အဲဒါဆို အဲဒီမှာ တွေ့မယ်နော်၊ မွ"
ယွီချန် စာပြန်ပို့လိုက်ပြီး မျက်နှာပေါ်ရှိ အပြုံးကို မဖုံးနိုင်ဘဲ ဖြစ်နေသည်။
သူမ၏ ဘေးပတ်ပတ်လည်မှ လိမ်လည်မှုတွင် ပါဝင်နေကြသည့် လုပ်ဖော်ကိုင်ဖက်များမှာ အံ့သြသွားကြပြီး လာရောက်မေးမြန်းကြသည်။
"ရှန်ရှန် ဘာဖြစ်လို့လဲ တစ်နေခင်းလုံး ပြုံးနေတာပဲ"
"ရှန်ရှန် ဒီအလုပ်မှာ ဒီလောက် ရယ်စရာကောင်းတာ ဘာရှိလို့လဲ?"
"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး"
လုပ်ဖော်ကိုင်ဖက်များ သတိထားမိသွားသဖြင့် ယွီချန်၏ မျက်နှာထား ချက်ချင်းပြောင်းသွားသည်။
အလုပ်ချိန်အတွင်း ရည်းစားထားနေသည်ကို အခြားသူများ သိသွားလျှင် သို့မဟုတ် ဌာနခေါင်းဆောင်သာ သိသွားလျှင် သူမ အဆူခံရပေလိမ့်မည်။
ထိုစဉ် ဒေါက်ဖိနပ်သံ တတောက်တောက် ထွက်ပေါ်လာသည်။
ယွမ် ၅၀,၀၀၀ ခန့် တန်ဖိုးရှိသော အိတ်ကို ကိုင်ထားသည့် မြင့်မြတ်သောအသွင်ဆောင်သည့် သက်လက်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဒီနေ့ အလုပ်တွေ ဘယ်လိုလဲ”
ထိုအမျိုးသမီးက ပျင်းရိစွာ မေးလိုက်သည်။
"အရမ်းကောင်းပါတယ်”
အားလုံးက ပြိုင်တူ ပြန်ဖြေကြသည်။
ထို့နောက် ထိုအမျိုးသမီး၏ အကြည့်မှာ ဝန်ထမ်းသစ်လေး ယွီချန်ပေါ်သို့ ကျရောက်သွားသည့်အခါ၌ သူမသည် ယွီချန်အား ကြင်နာစွာ ပြုံးပြလိုက်သည်။
ဤမိန်းကလေးမှာ သူမနှင့် ရုပ်ရည်ချင်းဆင်သည့်အပြင် အရည်အချင်းလည်း ရှိသည်။
သူတို့အလုပ်နယ်ပယ်ထဲသို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ကော်မရှင်ခ ယွမ် ၂၀,၀၀၀ ပင် ရှာပေးထားနိုင်ပြီ ဖြစ်သည်။
အကယ်၍ ယွီချန်သာ နောက်ထပ် တစ်လ၊ နှစ်လခန့် ဆက်လုပ်လျှင် သူမအား အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးနိုင်မည်ဟု သူမ ယုံကြည်နေသည်။
"ရှန်ရှန် ဒီနေ့ အခြေအနေ ဘယ်လိုလဲ?"
ယွီချန်က မျက်နှာမပျက်ဘဲ ပြန်ဖြေသည်။
"ကြီးကြပ်ရေးမှူး ဒီနေ့တော့ ဘာမှ မရသေးပါဘူး"
ထိုစကားကို ကြားသော် အမျိုးသမီးက ခေါင်းငြိမ့်ပြကာ ပြုံးပြလိုက်သည်။
"ဒါက ပုံမှန်ပါပဲ၊ တစ်ခါတလေတော့ ဘာမှမရပေမဲ့၊ ရပြီဆိုရင်လည်း လအတော်ကြာစာ ရှာနိုင်တာမျိုးလေ၊ မင်းက ဒီအုပ်စုတွေထဲမှာ စံပြပဲ၊ မင်းရဲ့ အနာဂတ်ကို ငါ အများကြီး မျှော်လင့်ထားပါတယ်"
"ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူး"
ယွီချန် ခေါင်းငြိမ့်ပြသော်လည်း သူမ၏ စိတ်ထဲမှာမူ ချင်ရန်နှင့် တွေ့ဖို့ကိုသာ အာရုံရောက်နေသည်။
"ကဲ ကဲ မင်းတို့အုပ်စုရဲ့ ဒီရက်ပိုင်း ကြိုးစားမှုတွေအတွက် ဒီနေ့ ဘောနပ်စ် ယွမ် ၅,၀၀၀ ပေးမယ်”
ပြောပြောဆိုဆိုဖြင့် ထိုအမျိုးသမီးက ငွေစက္ကူများကို ထုတ်ပေးလိုက်ရာ ယွီချန်၏ မျက်လုံးများ တောက်ပသွားသည်။
သူမ စဉ်းစားနေသည်မှာ ဤငွေ ၅,၀၀၀ ဖြင့် ချင်ရန်အတွက် မည်သည့် လက်ဆောင်ဝယ်ပေးရမလဲ ဆိုသည်ကိုပင် ဖြစ်သည်။