← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

93

"ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူး၊ ကျေးဇူးအများကြီး တင်ပါတယ်ရှင်”

ယွီချန်သည် ယွမ်တစ်ရာတန် အနီရောင်ငွေစက္ကူ အုပ်လိုက်ကို လက်ခံရယူပြီးနောက် အမျိုးသမီးကြီးကို အကြိမ်ကြိမ် ဦးညွတ်ကာ ကျေးဇူးတင်နေမိသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါက မင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရလာတဲ့ ရလဒ်တွေပဲ၊ ကိုယ့်ကိုယ်ကိုယ်သာ ကျေးဇူးတင်ပါ”

ထိုအမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်။

သူမသည် ယွီချန်ကို ကြည့်ရင်း ပို၍ပင် သဘောကျလာမိသည်။

သို့သော် သူတို့နှစ်ဦးလုံး မသိလိုက်သည့် အမှန်တရားတစ်ခုမှာ ထိုမိန်းကလေးသည် မကြာမီ အချိန်အတွင်း သူမကို ထောင်ထဲသို့ ပို့ဆောင်ပေးမည့် အဓိကသက်သေ ဖြစ်လာတော့မည် ဆိုသည့် အချက်ပင်။

လက်ရှိတွင်မူ အနာဂတ်ကို ကြိုမမြင်နိုင်သည့် ထိုအမျိုးသမီးကြီးမှာ ယွီချန်အပေါ် အလွန်ပင် ကျေနပ်အားရနေဆဲ ဖြစ်သည်။

အချိန်များမှာ တရိပ်ရိပ် ကုန်ဆုံးသွားခဲ့သည်။

ညနေ ၆ နာရီ ဝန်းကျင်တွင် ချင်ရန်သည် ချိန်းဆိုထားသည့်အတိုင်း 'ယွမ်မုန့် ချစ်သူများ စားသောက်ဆိုင်' ရှေ့သို့ ကြိုတင်ရောက်ရှိနေပြီ ဖြစ်သည်။

ဆိုင်၏ တစ်ဖက်ထောင့်တွင်မူ ချန်ဟောက်၊ ရှကျဲ၊ ယန်ရှု၊ လီတာဝေ နှင့် ချန်ရှင်းချန်တို့သည် လိမ်လည်သူ ရောက်လာသည်နှင့် ဝိုင်းဝန်းဖမ်းဆီးနိုင်ရန် အရပ်ဝတ်များဖြင့် အသင့်စောင့်ဆိုင်းနေကြသည်။

ခိုင်လုံသော သက်သေရရှိရန်အတွက် ချင်ရန်၏ ကိုယ်ပေါ်တွင် အသံဖမ်းစက်နှင့် လျှို့ဝှက်နားထောင်သည့် ကိရိယာကို တပ်ဆင်ပေးထားပြီး တစ်ဖက်လူ၏ ဝန်ခံထွက်ဆိုချက်များကို ထုတ်ယူနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

ယန်ရှု နာရီကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"၆ နာရီထိုးဖို့ ၅ မိနစ်ပဲ လိုတော့တယ်၊ အဲဒီလူ ဘာလို့ ရောက်မလာသေးတာလဲ၊ တစ်ခုခု မှားနေတာကို သူတို့ ရိပ်မိသွားတာများလား”

လီတဝေက သံသယဖြင့် စတင်မေးခွန်းထုတ်ရာ ချန်ရှင်းချန် စိုက်ကြည့်ပြီး ငေါက်လိုက်သည်။

"မင်းက ကောင်းတဲ့ဘက်က မတွေးပေးနိုင်ဘူးလား လီတဝေ”

လီတဝေ နှုတ်ခမ်းမဲ့ကာ ယန်ရှုဘက် လှည့်၍ အပြစ်တင်ပြန်သည်။

"တရှု၊ ချင်ရန်တောင် လိမ်လည်သူကို မျှားထုတ်နိုင်တာ၊ မင်းက ဘာလို့ မရသေးတာလဲ၊ မင်းရဲ့ ရုပ်ရည်ကလည်း ချင်ရန်ထက် မနိမ့်ပါဘူး၊ ဒါတောင် ဘာလို့ မျှားမရတာလဲ ဟမ့်”

ရုပ်ရည်ပိုင်းအရဆိုလျှင် ယန်ရှုမှာ ချင်ရန်ထက် မနိမ့်သည့်အပြင် အရပ်လည်း ပိုရှည်သည်။ စာပေဗဟုသုတ ကြွယ်ဝသူဖြစ်၍ ဆွဲဆောင်မှု ရှိသင့်သော်လည်း သူ၏ "ရိုးအလွန်းသည့်" စိတ်ဓာတ်ကြောင့် မိန်းကလေးများအကြား ရေပန်းမစားခြင်း ဖြစ်သည်။

ယန်ရှု အားနာဟန်ဖြင့် ခေါင်းကုတ်ကာ ပြုံးလိုက်၏။

"လိမ်လည်သူတွေက တအား ပါးနပ်တာကိုးကွ၊ ငါ့မှာ နည်းလမ်းမရှိလို့ပါ"

"ရှကျဲ နင်ရော နင့်ရုပ်ရည်ကို သုံးပြီး တစ်ယောက်လောက်ကို မမျှားနိုင်ဘူးလား"

လီတဝေက ထပ်မေးရာ ရှကျဲ မျက်စောင်းထိုးလိုက်သည်။

"သူတို့ကို ဖမ်းဖို့က နင်ထင်သလောက် လွယ်တယ် မှတ်နေလား”

ရှကျဲနှင့် ယန်ရှုတို့မှာ အတွေးအခေါ်ပိုင်းတွင် ရိုးဖြောင့်လွန်းသူများ ဖြစ်ကြသည်။

သူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ချင်ရန်မှာမူ စားသောက်ဆိုင်ရှေ့တွင် မိနစ်အနည်းငယ်ကြာသည်အထိ တည်ငြိမ်စွာ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ထိုစဉ် အရပ် ၁၆၀ စင်တီမီတာခန့်ရှိပြီး အပြစ်ကင်းစင်သော ရုပ်ရည်ရှိသည့် မိန်းကလေးတစ်ဦး စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်ကို တွေ့လိုက်ရသည်။

ချင်ရန်သည် ယွီချန်၏ ဓာတ်ပုံကို ပြန်လည်အမှတ်ရလိုက်ပြီး နှိုင်းယှဉ်ကြည့်သောအခါ သူမသည် ဓာတ်ပုံထဲမှ 'ရှန်ရှန်' ခေါ် ယွီချန်ပင် ဖြစ်နေတော့သည်။

"မင်္ဂလာပါ ရှင့်”

ယွီချန်သည် စိတ်လှုပ်ရှားစွာ ပြေးလာသော်လည်း ချင်ရန်ကို မြင်လိုက်သည်နှင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

သူမသည် ခေါင်းငုံ့ကာ သတ္တိမွေး၍ မော့ကြည့်လိုက်ရာ ချင်ရန်မှာ ဓာတ်ပုံထဲကထက် ပိုချောပြီး အရပ်လည်း မြင့်သဖြင့် ပထမဆုံးအမြင်မှာတင် အလွန်ပင် စိတ်ကျေနပ်သွားမိသည်။

"မင်္ဂလာပါ ကြွပါဗျာ”

ချင်ရန်က ခပ်ပြုံးပြုံးဖြင့် ယွီချန်၏ ခါးလေးကို ဖက်လိုက်ကာ တကယ့်ချစ်သူများကဲ့သို့ ပြုမူလိုက်သည်။

ချင်ရန်၏ လက်က သူမခါးပေါ် ရောက်လာသည်နှင့် ယွီချန်မှာ ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင်တော့ ကြည်ဖြူစွာ ခွင့်ပြုလိုက်သည်။

ဆိုင်၏ တခြားတစ်ဖက်မှ ကြည့်နေကြသော လူငါးဦးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"ချင်ရန်ကတော့ တကယ့်လူပဲ၊ တော်တော်လေး ကံကောင်းနေတာပဲဟ”

လီတဝေက အားကျစွာ ပြောလိုက်သည်။

ရှကျဲ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း ဘာမှမပြောပေ။

ထိုအခါ ချန်ဟောက်က ချောင်းဟန့်ကာ ပြောလိုက်၏။

"လီတဝေ စကားကို လျှောက်မပြောနဲ့၊ ဒါက ချင်ရန်ရဲ့ နည်းဗျူဟာပဲ၊ တစ်ဖက်လူ ယုံကြည်လာအောင် အကွာအဝေးကို နီးကပ်အောင် လုပ်နေတာ"

ချင်ရန်နှင့် ယွီချန်တို့သည် စားသောက်ဆိုင်၏ ထောင့်ကျသော နေရာတစ်ခုတွင် ထိုင်လိုက်ကြသည်။

ယွီချန်သည် ချင်ရန်ကို အနီးကပ် ကြည့်လေလေ ပို၍ စွဲလန်းလေလေ ဖြစ်နေတော့သည်။

ထိုအချိန်တွင် ချင်ရန်၏ အိတ်ထဲမှ အသံဖမ်းစက်မှာလည်း အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

"ဒါက ကျွန်မတို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်း အထိမ်းအမှတ် လက်ဆောင်လေးပါ"

ယွီချန် ဘူးလေးတစ်ဘူးကို ကမ်းပေးလိုက်ရာ ချင်ရန် ကြောင်သွားသည်။

မိန်းကလေးဘက်မှ လက်ဆောင် ဝယ်လာပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော်လည်း သူသည် ရိုးအလှသည့် လူတစ်ယောက်အသွင်ကို ဆက်လက် ဟန်ဆောင်ထားလိုက်သည်။

ဘူးကို ဖွင့်ကြည့်လိုက်သောအခါ 'ဆိုနီ' တံဆိပ် ကင်မရာတစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"ဒါက ၁၆,၀၀၀ တောင် ပေးရတာနော်”

ထိုငွေမှာ သူမ ခက်ခက်ခဲခဲ ရှာထားရသည့် ငွေများ ဖြစ်သောကြောင့် နှမြောသော်လည်း ချင်ရန်နှင့်အတူ ခရီးသွားလျှင် ဓာတ်ပုံရိုက်ရန် အဓိပ္ပာယ်ရှိသည်ဟု သူမ ယူဆထားသည်။

"ဒီလက်ဆောင်က တအား တန်ဖိုးကြီးလွန်းတယ်"

ချင်ရန် အားနာဟန်ဖြင့် ပြောလိုက်သည်။

"မကြီးပါဘူး၊ ဒါက ကျွန်မတို့ နှစ်ယောက်လုံးအတွက်ပဲလေ၊ ကျွန်မတို့ အတူတူ ခရီးသွားရင် ဓာတ်ပုံရိုက်ဖို့ပေါ့"

ထိုစကားကြောင့် ချင်ရန် စိတ်ထဲတွင် အနည်းငယ် စိတ်မချမ်းမမြေ့ ဖြစ်သွားရသည်။

မိမိအရှေ့မှ မိန်းကလေးမှာ တကယ်ကို ရိုးအလှသော်လည်း သူကတော့ သူမကို ဖမ်းဆီးရန် ထောင်ချောက်ဆင်နေသည့် ရဲအရာရှိ ဖြစ်နေသောကြောင့်ပင်။

သို့သော် ‘တာဝန်က အဓိကပဲ’ ဟု သူကိုယ်သူ ပြန်သတိပေးလိုက်သည်။

စားသောက်နေစဉ်အတွင်း ချင်ရန်သည် ပါးနပ်စွာ စကားပြောဆိုပြီး ယွီချန်ထံမှ အချက်အလက်များကို စုံစမ်းတော့သည်။

အပြင်ဘက်မှ နားထောင်နေသော ချန်ဟောက်တို့မှာလည်း ယွမ် ၁၆,၀၀၀ တန် ကင်မရာအကြောင်း ကြားသောအခါ အံ့အားသင့်သွားကြသည်။

"ယွမ် ၁၆,၀၀၀ တန် ကင်မရာ ဝယ်ပေးနိုင်ဖို့ သူတို့တွေ ပိုက်ဆံတွေ ဘယ်လောက်တောင် လိမ်ထားကြသလဲ"

ချန်ရှင်းချန်က မှတ်ချက်ပေးလိုက်သည်။

ချင်ရန်သည် ယွီချန်၏ အလုပ်အကြောင်းကို ပရိယာယ်သုံး၍ မေးမြန်းရာ ယွီချန်မှာ ချင်ရန်ကို လုံးဝယုံကြည်သွားပြီ ဖြစ်၍ အမှန်အတိုင်း ပြောပြတော့သည်။

“ချင်ရန် ကျွန်မတို့က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုမှာ လုပ်တာပါ၊ ဖောက်သည်တွေ ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်ရတယ်၊ အဲဒီကနေ ကော်မရှင်ခ ရတာပေါ့”

ယွီချန်က ပြောရင်း ကုမ္ပဏီအမည်နှင့် လိပ်စာကိုပါ ထုတ်ပြောလိုက်သည်။

"အဲလိုလား? ဘယ်လိုမျိုး ဆွဲဆောင်ရတာလဲ”

ချင်ရန်က အံ့သြဟန်ဆောင်ကာ ထပ်မေး၏။

"ကျွန်မတို့ အွန်လိုင်းမှာ လူတွေနဲ့ ရင်းနှီးအောင် စကားပြောတယ် ပြီးရင် ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းတာပေါ့၊ ချင်ရန် ဒီအလုပ်က ပိုက်ဆံ တအားရတာနော်၊ ကျွန်မဆို တစ်ပတ်တည်းနဲ့ ယွမ် ၂၀,၀၀၀ တောင် ရခဲ့တယ်၊ ကျွန်မတို့နှစ်ယောက် အတူတူ ဒီအလုပ်ကို လုပ်ရင် တစ်နှစ်တည်းနဲ့ အိမ်ရော ကားရော ဝယ်နိုင်မှာ သေချာတယ်”

ယွီချန်သည် ချင်ရန်နှင့်အတူ ရှိမည့် အနာဂတ်ကို စိတ်ကူးယဉ်ကာ ပျော်ရွှင်စွာ ပြောနေရှာသည်။

ချင်ရန်မှာ ထိုစကားများကို ကြားရသောအခါ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သက်သေ ခိုင်လုံသွားပြီ ဖြစ်၍ သူ ဆက်လက် ဟန်ဆောင်နေရန် မလိုတော့ချေ။

သို့သော် ယွီချန်၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများကို မြင်ရသည့်အခါ သူသည် မျက်လုံးကို အတော်ကြာ မှိတ်ထားလိုက်မိသည်။

“ချင်ရန် ဘာဖြစ်လို့လဲ၊ ကျွန်မက အရမ်း ရုပ်ဆိုးနေလို့လား”

ယွီချန်က စိုးရိမ်တကြီး မေးလာသည်။

ချင်ရန် မျက်လုံးကို ပြန်ဖွင့်ကာ သက်ပြင်းတစ်ချက်ချပြီးနောက် လေသံကို ပြောင်းလိုက်သည်။

"မင်း နာမည်က ယွီချန် မဟုတ်လား၊ ငါက ပါလီမြစ်ရဲစခန်းက ရဲအရာရှိ ချင်ရန်ပါ”

ထိုစကားကြောင့် ယွီချန် တောင့်ခဲသွားသည်။

"မင်းက အခု ကြီးမားတဲ့ ငွေကြေးလိမ်လည်မှုနဲ့ သံသယရှိသူ ဖြစ်သွားပြီ၊ မင်းရဲ့ ထွက်ဆိုချက်အားလုံးကို ငါ မှတ်တမ်းတင်ပြီးပြီ၊ ကဲ ငါနဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပါ၊ အားလုံးကို မင်း သေချာ ရှင်းပြရလိမ့်မယ် ယွီချန်”

ချင်ရန်၏ ထိုစကားလုံးများမှာ ယွီချန်၏ နားထဲတွင် မိုးကြိုးတစ်စင်း ပစ်ချလိုက်သကဲ့သို့ ကျယ်လောင်စွာ မြည်ဟီးသွားတော့သည်။

94

ထိုအချိန်၌ ယွီချန်၏ ဦးနှောက်မှာ ခဏတာမျှ အလုပ်မလုပ်တော့ချေ။

ချင်ရန်ပြောလိုက်သည့် စကားလုံးတိုင်းကို သူမ နားလည်သော်လည်း ထိုစကားများ စုစည်းလိုက်သည့်အခါတွင်မူ အဓိပ္ပာယ်ကို နားမလည်နိုင်လောက်အောင်ပင် မှင်တက်နေမိသည်။

"ရှင် ဘာပြောလိုက်တာလဲ”

ယွီချန်၏ နှုတ်ခမ်းများ တုန်ရီလျက် မယုံကြည်နိုင်စွာ မေးလိုက်သည်။

ချင်ရန်၏ မျက်နှာထားမှာ စောစောကနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်အောင် တည်ကြည်လေးနက်သွားပြီး လေသံမှာလည်း ခပ်ပြတ်ပြတ် ဖြစ်သွားသည်။

"ငါက ပါလီမြစ်ရဲစခန်းက ရဲအရာရှိတစ်ယောက်ပါ၊ မင်းဟာ ကြီးမားတဲ့ ငွေကြေးလိမ်လည်မှု အများအပြားမှာ ပါဝင်ပတ်သက်နေတယ်လို့ တိုင်ကြားချက်အရ စုံစမ်းတွေ့ရှိရတယ်၊ အခု မင်းရဲ့ ဝန်ခံချက်အားလုံးကိုလည်း မှတ်တမ်းတင်ပြီးပြီ၊ ကဲ ငါနဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပါ”

ချင်ရန်၏ စကားလုံးများမှာ တရားဥပဒေအတိုင်း တိကျပြတ်သားလွန်းလှသည်။

သူ၏ နူးညံ့မှုများ ပျောက်ကွယ်သွားသည့်အခါ ယွီချန်မှာ ကောင်းကင်ပြိုပြီး မြေကြီးနစ်သွားသလို ခံစားလိုက်ရသည်။

သူမ တစ်ဘဝလုံး လက်တွဲပြီး လွတ်လပ်မှုနှင့် အချစ်ကို အတူတူရှာဖွေချင်ခဲ့သည့် အမျိုးသားမှာ သူမကို ဖမ်းဆီးမည့် ရဲအရာရှိ ဖြစ်နေခဲ့လေသည်။

ဤကဲ့သို့ ရုတ်ချည်းပြောင်းလဲသွားသည့် အခြေအနေကို လောကအကြောင်း သိပ်မသိသေးသည့် မိန်းကလေးတစ်ဦးအတွက် လက်ခံရန် အလွန်ပင် ခက်ခဲလှသည်။

"ကျွန်မ ကျွန်မ မယုံဘူး! မယုံဘူး”

ယွီချန် ခေါင်းကို တတွင်တွင် ခါယမ်းနေမိသည်။

ထိုစဉ်မှာပင် ချန်ဟောက်၊ ချန်ရှင်းချန်၊ လီတဝေနှင့် အခြားအဖွဲ့ဝင်များ အပြင်မှ ဝင်လာကြသည်။ ချန်ဟောက်က သူ၏ ရဲတံဆိတ်ကို ထုတ်ပြလိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။

"ငါတို့နဲ့ လိုက်ခဲ့ပါ”

ချန်ရှင်းချန်က ရှကျဲကို မျက်ရိပ်ပြလိုက်ရာ သူမ ယွီချန်အား တွဲထူလိုက်သည်။

ယွီချန်မှာ ဝိညာဉ်လွင့်သွားသကဲ့သို့ ဖြစ်နေပြီး ဘာခုခံမှုမှ မလုပ်နိုင်ဘဲ ရှကျဲ၏ ဆွဲခေါ်ရာနောက်သို့ ပါသွားတော့သည်။

သို့သော် သူမ၏ အကြည့်များမှာ ချင်ရန်ထံမှ မခွာနိုင်ဘဲ နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

ချင်ရန်မှာ မျက်လွှာချထားပြီး ယွီချန်ကို ဆွဲခေါ်သွားပြီးမှသာ မော့ကြည့်တော့သည်။

အခန်းထဲတွင် ချန်ဟောက်တစ်ဦးတည်းသာ ကျန်ခဲ့ပြီး သူက ချင်ရန်၏ ပုခုံးကို ပုတ်ကာ မေးလိုက်သည်။

"ဘာလဲ စိတ်ကူးယဉ် အချစ်တွေနဲ့ လွဲချော်သွားလို့ စိတ်မကောင်း ဖြစ်နေတာလား”

ချင်ရန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ပြန်ဖြေသည်။

"နောက်ဆုံးတော့ ကျွန်တော်လည်း သူမကို လိမ်ခဲ့တာပဲ၊ တရားမျှတမှုအတွက် ဆိုပေမဲ့ ကျွန်တော်ကတော့ လူလိမ်တစ်ယောက် ဖြစ်ခဲ့တာပဲလေ၊ လူသတ်သမား ဖမ်းတုန်းကတောင် ဒီလောက် စိတ်မရှုပ်ခဲ့ပါဘူး”

ချန်ဟောက် ခေါင်းခါယမ်းလျက် "ကဲ... စခန်းကို ပြန်ရအောင်" ဟု ဆိုကာ အပြင်သို့ ထွက်သွားသည်။

ချင်ရန်လည်း သက်ပြင်းချမိသည်။

အမျိုးသမီးတို့၏ စိတ်ခံစားချက်မှာ တကယ်ကို ရှုပ်ထွေးလှသည်ဟု သူ ဝန်ခံရပေလိမ့်မည်။

ယွီချန်၏ မျက်နှာအမူအရာနှင့် လေသံမှာ အလွန်ပင် စစ်မှန်ခဲ့ပြီး သူမက တကယ်ကို အချစ်စစ်နှင့် ချစ်ခဲ့ခြင်း ဖြစ်သည်။

ချင်ရန်မှာ သစ်သားတုံး မဟုတ်သဖြင့် ၎င်းကို မခံစားမိဘဲ မနေနိုင်ချေ။ သို့သော် တစ်ဖက်လူမှာ ရာဇဝတ်မှု ကျူးလွန်သူ ဖြစ်နေသဖြင့် ခွင့်လွှတ်၍ မရနိုင်ပေ။

ဘေလ်ရှင်းပြီးနောက် ချင်ရန် ဗန်ကားပေါ်သို့ တက်လိုက်သည်။

သူက အလယ်တွင် ထိုင်ပြီး ယွီချန်ကတော့ နောက်ဆုံးတွင် လက်ထိပ်ခတ်လျက် ပါလာသည်။

ကားပေါ်တွင် ယွီချန်မှာ ထိန့်လန့်တုန်ရီနေဆဲဖြစ်ပြီး သူမ၏ နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားသဖြင့် သွေးများပင် ထွက်နေသည်။

"ရှင် ရှင် ကျွန်မကို လိမ်ခဲ့တာပဲ”

ချင်ရန်မှာတော့ တည်ငြိမ်စွာဖြင့် မည်သည်ကိုမျှ ပြန်မပြောချေ။

"ရှင် ကျွန်မကို ဘယ်လိုများ လိမ်နိုင်ရတာလဲ၊ ကျွန်မ တစ်ခါမှ ဘယ်သူ့ကိုမှ ဒီလောက် မချစ်ဖူးဘူး၊ ရှင့်အတွက် လက်ဆောင်ဝယ်ဖို့ ကျွန်မရှာထားတဲ့ ပိုက်ဆံတွေရဲ့ တစ်ဝက်ကိုတောင် သုံးခဲ့တာ၊ ဒါကို ရှင်က ကျွန်မကို ဘယ်လိုလုပ် လိမ်ရက်ရတာလဲ”

ယွီချန်က တစာစာ အော်ဟစ်ပြီး ငိုယိုတော့သည်။

ဘေးမှ ချန်ဟောက်က ခပ်ပြတ်ပြတ်ပင် ဝင်ဟန့်လိုက်သည်။

"တိတ်တိတ်နေ၊ ဒါက ရဲကား၊ မင်းက အဖမ်းခံထားရတဲ့ အကျဉ်းသားပဲ၊ ဘာသံမှ မထွက်နဲ့”

"လူလိမ်ကြီး လူလိမ်ကြီး”

ယွီချန်က ဆက်ပြီး အော်နေဆဲပင်။

ချင်ရန် မျက်လုံးကို အနည်းငယ် မှေးလိုက်သော်လည်း ဘာမှ ပြန်မဖြေခဲ့ပေ။

ယွီချန်၏ ဘေးတွင် ထိုင်နေသော ရှကျဲသည်လည်း စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေမိသည်။

သူမသည် သူတို့နှစ်ဦး၏ စကားပြောသံများကို နားထောင်ခဲ့ရသဖြင့် ယွီချန်၏ အနာဂတ် ရည်မှန်းချက်များမှာ သူမကိုပင် စိတ်ကူးယဉ်သွားစေခဲ့ဖူးသည်။

သို့သော် နောက်ဆုံးတွင်တော့ ချင်ရန်၏ အမှန်တရား ပေါ်သွားခဲ့ပြီ ဖြစ်သည်။

မကြာမီ ကားမှာ ပါလီမြစ်ရဲစခန်းသို့ ရောက်ရှိလာသည်။ ချန်ဟောက်က အမှုတွဲများကို စစ်ဆေးကာ လိမ်လည်ခံရသူများကို စခန်းသို့ လာရောက်ရန် ဖုန်းဆက်ခေါ်လိုက်သည်။

"လိမ်လည်တဲ့ ကုမ္ပဏီလိပ်စာကို လူငါးယောက် လွှတ်ပြီး စစ်ခိုင်းလိုက်ပြီ ဒါပေမဲ့ အခု မီးတွေ ပိတ်နေပြီဆိုတော့ အလုပ်ဆင်းသွားကြပြီ ထင်တယ်၊ ဖမ်းဆီးတာကိုတော့ မနက်ဖြန်မှပဲ လုပ်လို့ရတော့မယ်"

ချန်ဟောက်က ပြောရာ ချင်ရန် ခေါင်းငြိမ့်ပြလိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက် လိမ်လည်ခံရသူများ စခန်းသို့ အသီးသီး ရောက်ရှိလာကြသည်။

အမှုမှာ ဤမျှ မြန်မြန်ဆန်ဆန် ပြေလည်သွားသဖြင့် သူတို့မှာ အံ့သြနေကြသည်။

ချန်ဟောက်က သူတို့အား ယွီချန်ရှိနေသည့် ချုပ်ခန်းသို့ ခေါ်ဆောင်သွားသည်။

လိမ်လည်ခံရသူများသည် ယွီချန်ကို မြင်သောအခါ မျက်လုံးများ ပြူးသွားကြတော့သည်။

"သူပဲ တကယ်ကို သူပဲ”

"ဓာတ်ပုံထဲကအတိုင်း တကယ့်ကို လှတာပဲ"

လိမ်လည်ခံရသူ တစ်ဦးက ရမ္မက်မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

"ရှန်ရှန် ကိုယ့်ကို မှတ်မိသေးလား၊ ကိုယ်လေ အစ်ကိုကြီးဟွေး လေ”

ထိုစဉ် မျက်မှန်တပ်ထားသည့် လူဝကြီးတစ်ယောက်မှာ ယွီချန်ကို စိတ်လှုပ်ရှားကာ အော်ခေါ်လိုက်သည်။

ယွီချန်မှာ စိတ်ပျက်အားငယ်နေရသည့်ကြားမှ ထိုလူများ၏ အသံကို ကြားရသဖြင့် ပို၍ပင် ရွံရှာမိတော့သည်။

ဤ 'ဝက်' ကြီးများမှာ သူမ၏ နာမည်ပြောင်ကို ခေါ်နေကြသည်မှာ တကယ်ကို ရွံစရာပင်။

အပြင်မှာ တကယ့်ကို ရုပ်ဆိုးပြီး အသံကလည်း နားမခံသာပေ။

ချင်ရန်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှသည်။

သို့သော် ချင်ရန်ကို တွေးမိသည့်အခါ ယွီချန်၏ စိတ်မှာ ပြန်လည် တုန်လှုပ်သွားရသည်။

ထိုလူလိမ်ကြီးသည် သူမ၏ ခံစားချက်ကို အသုံးချခဲ့သည်။

သူမ သူ့ကို မုန်းသည်၊ အသေအလဲကို မုန်းသည်။

"ရှန်ရှန် ကိုယ် မင်းကို အရမ်းလွမ်းနေတာ၊ မင်းကို အရမ်းချစ်တယ်၊ ကိုယ် ဘာလို့ ရဲတိုင်ခဲ့လဲ သိလား၊ မင်းက ကိုယ့်ကို ဘလော့ခ် လုပ်လိုက်လို့ မင်းကို ရှာမတွေ့တော့လို့ တိုင်လိုက်ရတာ၊ ကိုယ့်ရဲ့ ပိုက်ဆံ ၆ သိန်းကို ဂရုမစိုက်ပါဘူး၊ ကိုယ် ဂရုစိုက်တာ မင်းကိုပဲ”

မျက်မှန်နှင့် လူဝကြီးမှာ ယွီချန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောနေတော့သည်။

ထိုစကားများမှာ ရိုးသားပုံရသော်လည်း ယွီချန်အတွက်တော့ ရွံစရာပင်။

ဤကဲ့သို့သော လူမျိုးနှင့်ဆိုလျှင် ယွမ် ၆ သန်း ပေးလျှင်ပင် သူမ အတူရှိချင်မည် မဟုတ်ပေ။

"အဟမ်း၊ အသံလေး ထိန်းပေးပါဦး”

ချန်ဟောက် ထိုလူကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ကို ခေါ်တာက ရုပ်ရည်နဲ့ အသံကို အတည်ပြုဖို့ပဲ၊ မလိုအပ်တာတွေ ပြောဖို့ မဟုတ်ဘူး”

"အရာရှိ ကျွန်တော် သိချင်တာက သူမမှာ အပြစ်ကြီးကြီးမားမား မရှိနိုင်ဘူး မဟုတ်လား"

ထိုလူဝကြီးက စိုးရိမ်တကြီး မေးလာသည်။

"အပြစ်ရှိမရှိကတော့ တရားရုံးကပဲ ဆုံးဖြတ်မှာပါ၊ ကျွန်တော်တို့ ရဲတွေက ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး"

ချန်ဟောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"အရာရှိကြီးရေ တကယ်တော့ အဲဒီပိုက်ဆံတွေကို ကျွန်တော် ကိုယ်တိုင်ပေးခဲ့တာပါ၊ လိမ်တာမှန်း သိပေမဲ့ ကျွန်တော် ကိုယ်တိုင် ရွေးချယ်ခဲ့တာပါဗျာ”

ထိုလူက ယွီချန်ကို အပြစ်မှ လွတ်အောင် ပြောပေးရန် ကြိုးစားနေပြန်သည်။

ချန်ဟောက်၏ မျက်နှာမှာ ခက်ထန်သွားတော့သည်။

"ဒါတွေ အခု မပြောပါနဲ့ဦး၊ လိမ်လည်မှု ဖြစ်ပွားခဲ့တာက အမှန်တရားပဲ၊ ခင်ဗျားပြောတာနဲ့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ မနက်ဖြန် အဲဒီနေရာကို ဝင်စီးပြီးရင် ကျန်တာတွေ အသိပေးပါ့မယ်၊ ခင်ဗျားတို့ရဲ့ ပိုက်ဆံတွေ ပြန်ရအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်၊ အခုတော့ ခင်ဗျားတို့ ပြန်လို့ရပါပြီ”

ချန်ဟောက်မှာ ထိုလူတွေကို ပြန်လွှတ်ရန် အတော်ပင် ကြိုးစားလိုက်ရသည်။

ငွေလိမ်လည်ခံရသူ အချို့မှာ ဦးနှောက်မမှန်သလိုပင် ယွီချန် ပျော်ရင်ပြီးရော အလိမ်ခံရတာကို ကျေနပ်ပါသည်ဟုပင် ပြောနေကြသေးသဖြင့် ရဲအရာရှိများမှာ ခေါင်းခါမိကြလေတော့သည်။

All Chapters