← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

95

အချုပ်ခန်းအတွင်း၌ ယွီချန်သည် ချင်ရန်၏အမည်ကို စိတ်ကယောင်ချောက်ခြားဖြစ်စွာဖြင့် အဆက်မပြတ် အော်ဟစ်နေခဲ့သည်။

ပထမနေ့တွင် အချုပ်ခန်းစောင့်ရဲများမှာ ဂရုမစိုက်ဘဲ ထားခဲ့သော်လည်း ဆူညံသံများက တော်တော်နှင့်မရပ်သည့်အပြင် သတိပေးချက်များကိုလည်း လုံးဝနားမထောင်သဖြင့် အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်လာကြသည်။

နောက်ဆုံးတွင် အချုပ်ခန်းစောင့်ရဲများမှာ မတတ်သာတော့ဘဲ ချင်ရန်ထံသို့ သွားရောက်အကူအညီတောင်းရတော့သည်။

"ချင်ရန် ဟိုဘက်က တရားခံမိန်းကလေးက မင်းကိုပဲ တစာစာအော်ခေါ်နေလို့ သွားကြည့်ပေးလိုက်ပါဦးကွာ၊ မဟုတ်ရင်တော့ အဘိုးကြီးလီတစ်ယောက် သူမကြောင့် အရူးဖြစ်တော့မယ်"

ချန်ဟောက်က မတတ်သာသည့်လေသံဖြင့် ပြောလာသည်။

ချင်ရန် ခေတ္တစဉ်းစားနေစဉ် ချန်ဟောက်က ဆက်ပြောသည်။

"တကယ်လို့ မင်း လုံးဝမသွားချင်ရင်လည်း ရပါတယ်၊ ငါ အဘိုးကြီးလီကို ခဏဖယ်ခိုင်းထားလိုက်မယ်၊ သူမလည်း အော်ရတာ မောသွားရင် ရပ်သွားမှာပါ”

"ကျွန်တော်ပဲ သွားပြီး ရှင်းပြလိုက်ပါ့မယ်”

ချင်ရန် အချုပ်ခန်းရှိရာသို့ ထွက်လာခဲ့သည်။

ချုပ်ခန်းအတွင်း၌ ယွီချန်သည် ချင်ရန်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် စိတ်လှုပ်ရှားလာကာ နာကျင်စွာ မေးခွန်းထုတ်ရင်း ငိုကြွေးတော့သည်။

"ရှင် ရှင် နောက်ဆုံးတော့ ကျွန်မဆီ လာခဲ့ပြီပေါ့နော်၊ ကျွန်မရဲ့ ခံစားချက်တွေကို လိမ်ပြီး အသုံးချဖို့ကျတော့ သတ္တိရှိပြီး၊ ဘာလို့ မျက်နှာချင်းဆိုင်ဖို့ကျတော့ မတွေ့ရဲရတာလဲ ဟီးဟီး”

ငိုနေသော ယွီချန်ကို ကြည့်ပြီး ချင်ရန်၏ မျက်နှာမှာ မပျက်ယွင်းဘဲ အေးစက်မြဲ အေးစက်နေဆဲပင်။

“ငါ့မှာ လုပ်စရာ အရေးကြီးတာတွေ အများကြီးရှိတယ်၊ မင်းတစ်ယောက်တည်းအတွက်နဲ့ ငါ့အချိန်တွေကို အကုန်ခံနေမယ်လို့ ထင်နေတာလား၊ နားထောင်စမ်း အခု မင်းက ရာဇဝတ်သားတစ်ယောက်ပဲ၊ မင်းဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတာ သိရဲ့လား၊ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတစ်ပါးပိုက်ဆံတွေကို လိမ်ယူတာဟာ တရားမဝင်တဲ့ လုပ်ရပ်ပဲ”

"ကျွန်မက သူတို့ကို အတင်းအကျပ် တောင်းတာမှ မဟုတ်တာ၊ သူတို့ဘာသာသူတို့ လောဘဇောနဲ့ ပေးခဲ့ကြတာလေ၊ ကျွန်မက အတင်းလုယူခဲ့တာမှ မဟုတ်ဘဲ"

ချင်ရန် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ လေသံကို လျှော့၍ ဆက်ပြောလိုက်သည်။

"မင်းက ဒီလိမ်လည်မှုရဲ့ အဓိက ခေါင်းဆောင်မဟုတ်ဘူးဆိုတာ ငါတို့ သိထားပြီးသားပါ၊ ဒါကြောင့် တရားရုံးက မင်းကို ပြစ်ဒဏ်ကြီးကြီးမားမား ပေးမှာမဟုတ်ဘူး၊ အလွန်ဆုံး ခြောက်လလောက်ဆိုရင် မင်း ပြန်လွတ်လာနိုင်ပါတယ်၊ ဒီအတွေ့အကြုံကနေ သင်ခန်းစာယူပြီး လမ်းမှန်ပေါ် ပြန်ရောက်ဖို့ပဲ ငါ မျှော်လင့်တယ်၊ ပြန်လွတ်လာရင်လည်း အလုပ်ကောင်းကောင်းလေး ရှာလုပ်ပေါ့"

ထိုစကားကြောင့် ယွီချန် ဆွံ့အသွားသည်။

ချင်ရန်ပြောသလိုပင် သူမ၏လုပ်ရပ်မှာ လိမ်လည်မှုသာ ဖြစ်သည်။

သူတစ်ပါးကို လိမ်လည်ခဲ့ပြီးနောက် ယခုမူ သူမကိုယ်တိုင် ပြန်လည် အလိမ်ခံလိုက်ရပြီ မဟုတ်ပါလား။

‘သူတို့က ငွေအလိမ်ခံရတာ... ငါကတော့ အချစ်တွေကို အလိမ်ခံလိုက်ရတာပဲ’

"ဒါဆို ကျွန်မ ပြန်လွတ်လာရင် ရှင့်ရဲ့ကတိတွေက တည်ဦးမှာလားဟင်၊ ကျွန်မ ရှင့်ကို သက်သေတွေ ထပ်ပေးမယ်၊ ကြံရာပါတွေကိုလည်း ဖော်ထုတ်ပေးမယ်လေ၊ အဲဒီလိုဆိုရင် ကျွန်မ ပြန်လွတ်လာတဲ့အခါ ကျွန်မတို့ အတူရှိနေနိုင်ဦးမလား"

ယွီချန်၏ အချစ်အပေါ် စွဲလမ်းမှုမှာ ကုမရသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

သူမသည် ချင်ရန်အပေါ် ထားရှိသည့် မုန်းတီးမှုများမှာ သူ့မျက်နှာကို မြင်လိုက်ရရုံဖြင့် နှင်းပွင့်များကဲ့သို့ အရည်ပျော်သွားခဲ့သည်။

ချင်ရန် ခေတ္တစဉ်းစားပြီးမှ ပြောလိုက်သည်။

"မင်းသာ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဝန်ခံမယ်ဆိုရင် ပြစ်ဒဏ်က အများကြီး လျော့သွားနိုင်ပါတယ်၊ မင်း ပြန်လွတ်လာတဲ့အခါ ဥပဒေကို လိုက်နာတဲ့ လူကောင်းတစ်ယောက်အဖြစ် ရှင်သန်မယ်ဆိုရင်တော့ ငါ မင်းရဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေပေးမှာပါ"

'သူငယ်ချင်း' ဆိုသည့် စကားလုံးအပေါ်တွင် လူနှစ်ဦး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။

တစ်ဦးက 'ချစ်သူ' ဟု မျှော်လင့်သော်လည်း၊ ကျန်တစ်ဦးကမူ 'ခင်မင်သူ' အဆင့်ထက် မပိုချေ။

"ကောင်းပါပြီ”

ယွီချန် ခေါင်းငြိမ့်ပြပြီး ချင်ရန်ကို ထပ်မံယုံကြည်လိုက်ပြန်သည်။

နောက်တစ်နေ့တွင် ချန်ဟောက်သည် ချင်ရန်နှင့် အဖွဲ့ကို ဦးဆောင်ကာ လိမ်လည်သည့် ကုမ္ပဏီသို့ ဝင်ရောက်စီးနင်းတော့သည်။

ယခုတစ်ခေါက်တွင် ယွီချန်ကိုယ်တိုင် တရားခံများကို လက်ညှိုးထိုးပြရန်နှင့် သက်သေများရှိသည့်နေရာကို လိုက်ပြရန် ကမ်းလှမ်းခဲ့သောကြောင့် သူမကိုပါ တစ်ပါတည်း ခေါ်လာခဲ့ကြသည်။

ကုမ္ပဏီသို့ ရောက်သောအခါ ကြီးကြပ်ရေးမှူး အမျိုးသမီးကြီးမှာ အမျက်မှောင်ကြုတ်နေမိသည်။

ထို့ပြင် အရည်အချင်းရှိသော ဝန်ထမ်းသစ် ယွီချန်မှာလည်း ယနေ့အထိ အလုပ်မလာသေးသဖြင့် သူမ အလုပ်ခန်းမထဲသို့ ဝင်လာကာ မေးလိုက်၏။

"ရှန်ရှန် ဘာလို့ ဒီနေ့ အလုပ်မလာသေးတာလဲ၊ သူမက အမြဲ စောစောလာတတ်တာကို"

ထိုစဉ်မှာပင်

"ဝုန်း"

ရုံးခန်းတံခါးမှာ ကန်ဖွင့်ခံလိုက်ရပြီး ရဲများစွာ ဝင်ရောက်လာကြသည်။

“ငါတို့က ရဲတွေပဲ ဘယ်သူမှ မလှုပ်နဲ့”

ချန်ဟောက်က အော်ဟစ်ပြောဆိုလိုက်ရာ အမျိုးသမီးကြီး၏ မျက်နှာ ပျက်သွားသည်။

ထိုစဉ် သူမသည် လက်ထိပ်ခတ်လျက် ပါလာသော ယွီချန်ကို မြင်လိုက်ရသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ရှန်ရှန် နင်"

အမျိုးသမီးကြီးမှာ အခြေအနေကို ချက်ချင်းနားလည်သွားသည်။

ယွီချန် သစ္စာဖောက်လိုက်ခြင်းပင်။

မနေ့ကတင် သူမသည် ယွီချန်ကို ဆုကြေးငွေ ၅,၀၀၀ ပေးကာ ချီးကျူးခဲ့သေးသည်။

သို့သော် ယနေ့တွင် သူမ အယုံကြည်ရဆုံးဟု သတ်မှတ်ခဲ့သည့် မိန်းကလေးကြောင့် သူမ၏ဘဝ ပျက်စီးရတော့မည်။

"သူမပဲ သူမကပဲ ဒီလိမ်လည်မှုတွေရဲ့ ခေါင်းဆောင်ပါ၊ အရာအားလုံးကို နောက်ကွယ်ကနေ သူမကပဲ စီမံနေတာ၊ လိမ်လည်ထားတဲ့ လျှို့ဝှက်ငွေစာရင်းတွေကလည်း သူမရုံးခန်းထဲက မီးခံသေတ္တာထဲမှာ ရှိတယ်"

ယွီချန် ပြတ်သားစွာ လက်ညှိုးထိုးပြလိုက်သည်။

အမျိုးသမီးကြီးမှာ အံကိုကြိတ်လျက် ယွီချန်အား အပိုင်းပိုင်းကိုက်စားပစ်ချင်လောက်အောင် ဒေါသထွက်နေမိသည်။

ယွီချန်ကို ယုံကြည်ခဲ့မိသဖြင့် သူမကိုယ်တိုင် ပြသခဲ့သော မီးခံသေတ္တာမှာ ယခုမူ သူမကို ထောင်ထဲပို့မည့် အထောက်အထား ဖြစ်လာခဲ့ပြီ။

"ဒီငွေလိမ်လည်မှု အမှုကိုတော့ ဖြေရှင်းပြီးပြီ"

"နောက်တစ်ဆင့်ကတော့ သူတို့ပိုင်ဆိုင်မှုတွေကို စုံစမ်းပြီး နစ်နာသူတွေကို ပြန်ပေးဖို့ပဲ"

လိမ်လည်မှုဂိုဏ်းမှ လူပေါင်း ၂၀ ကျော်ကို ဖမ်းဆီးခဲ့ရာ ပါလီမြစ်ရဲစခန်းရှိ အချုပ်ခန်းများမှာ ပြည့်နှက်သွားတော့သည်။

"ချင်ရန် ယွီချန်က သက်သေတွေအများကြီး ဖော်ထုတ်ပေးတာဟာ မင်းရဲ့စွမ်းဆောင်မှုပဲ မဟုတ်လား"

ချန်ဟောက်က ပြုံးလျက် မေးသည်။

"ကျွန်တော့်ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး၊ သူမကိုယ်တိုင် အမှားကို နားလည်သွားလို့ပါ၊ တကယ်တော့ ယွီချန်က စိတ်ရင်းကောင်းတဲ့ မိန်းကလေးပါ"

"သူမက အဓိကတရားခံမဟုတ်တဲ့အပြင် သက်သေတွေလည်း ကူညီပေးထားတော့ ပြစ်ဒဏ်က အတော်လေး ပေါ့လိမ့်မယ်၊ ငါ့အတွေ့အကြုံအရဆိုရင် အများဆုံး ၃ လလောက်ပဲ ကျခံရမှာပါ"

ချန်ဟောက်က သုံးသပ်ပြသည်။

ထိုစကားကြောင့် ချင်ရန် စိတ်ရှုပ်ထွေးသွားသည်။

ယွီချန်မှာ သူ့အတွက် ခေါင်းခဲစရာ ပြဿနာ ဖြစ်လာနိုင်သည်။

အကယ်၍ သူမ ပြန်လွတ်လာပြီး သူ့နောက် တကောက်ကောက် လိုက်နေမည်ဆိုလျှင် မည်သို့လုပ်ရမည်နည်း။

ဤသို့ဖြင့် အမှုအခင်းများ ကင်းရှင်းသွားပြီး သုံးရက်မျှ ကြာသောအခါ

ချင်ရန်ထံသို့ ထူးဆန်းသော တိုင်ကြားချက်တစ်ခု ရောက်လာသည်။

လူနေရပ်ကွက်တစ်ခုအတွင်းရှိ အမျိုးသမီးများ၏ အတွင်းခံများမှာ တစ်ခုပြီးတစ်ခု ပျောက်ဆုံးနေခြင်း ဖြစ်သည်။ တိုင်တန်းချက်အရ အမျိုးသမီး ၆ ဦးထံမှ အတွင်းခံ ၁၇ ထည်ထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ဤထူးဆန်းပြီး အရှက်ရဖွယ်ရာ ခိုးမှုနှင့် ပတ်သက်၍ ချင်ရန်၊ ချန်ဟောက်နှင့် ရှကျဲတို့သည် အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။

96

ညနေ ၆ နာရီခန့်တွင် အရပ်ဝတ်လဲထားကြသော ချင်ရန်၊ ချန်ဟောက်နှင့် ရှကျဲတို့ သုံးဦးသည် အတွင်းခံသူခိုး သောင်းကျန်းနေသည့် 'မင်ယန်ဥယျာဉ်' လူနေအိမ်ရာဝင်းသို့ ရောက်ရှိလာကြသည်။

"နေထိုင်သူတွေရဲ့ တိုင်ကြားချက်အရဆိုရင် ဒီအိမ်ရာဝင်းရဲ့ အဆောက်အအုံနံပါတ် (၇)၊ (၈) နဲ့ (၁၀) တို့မှာ အတွင်းခံတွေ ခဏခဏ အခိုးခံရတယ်လို့ သိရတယ်”

ချန်ဟောက်က လမ်းပြရင်း အခြေအနေကို ရှင်းပြသည်။

"အခိုးခံရတဲ့ ပစ္စည်းတွေက အကုန်လုံး အမျိုးသမီးအတွင်းခံတွေချည်းပဲ၊ ကလေးပစ္စည်းတွေတောင် ပါသေးတယ်၊ ဒီအမှုကို ကြည့်ရသလောက်တော့ တရားခံဟာ စိတ်မနှံ့တဲ့ ကာမယစ်မူးနေတဲ့အရူးတစ်ယောက် ဖြစ်ဖို့များတယ်"

ရှကျဲ ထိုစကားကို ကြားလိုက်ရသည့်အခါ ရွံရှာလွန်းသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားကာ မေးလိုက်သည်။

"ထွီ... ဘယ်လောက်တောင် ရွံစရာကောင်းတဲ့လူလဲ၊ ဆရာ သူ့ကို ဖမ်းမိရင်ရော ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ရလား”

"ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့ဆိုတာ တကယ်တမ်း မလွယ်ဘူး၊ တခြားရာဇဝတ်မှုသာ မရှိရင် အချုပ်ရက် ၃၀ လောက်ပဲ ကျနိုင်တယ်"

ချန်ဟောက်က သက်ပြင်းချရင်း ပြန်ဖြေသည်။

ခိုးမှုဆိုသော်ငြားလည်း အတွင်းခံများမှာ ငွေကြေးတန်ဖိုးအားဖြင့် မများလှသလို၊ ရာဇဝတ်မှုသဘောအရလည်း ‘ကာမဆိုင်ရာ ကျူးလွန်မှု' အဆင့်သို့ မရောက်ရှိသဖြင့် ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ရန် ခဲယဉ်းနေခြင်းဖြစ်သည်။

"ချင်ရန်၊ ရှကျဲ မင်းတို့နှစ်ယောက် အဆောက်အအုံနံပါတ် (၇) ကို သွားကြည့်လိုက်ကြ၊ ငါကတော့ အဆောက်အအုံနံပါတ် (၁၀) ကို တစ်ယောက်တည်း သွားလိုက်မယ်၊ ဒီအဆောက်အအုံတွေရဲ့ တည်ဆောက်ပုံကိုလည်း သေသေချာချာ လေ့လာထားဦး၊ တချို့လူတွေက (၇) ထပ်၊ (၈) ထပ်လိုမျိုး အတော်လေးမြင့်တဲ့ အထပ်တွေကနေ ခိုးခံရတာလို့ ပြောကြတယ်၊ ဒီသူခိုး ဘယ်လိုနည်းလမ်း သုံးသွားသလဲဆိုတာ ငါ တော်တော်လေး စိတ်ဝင်စားနေတယ်”

"ဟုတ်ကဲ့ ဆရာ"

ချင်ရန်နှင့် ရှကျဲတို့ ချန်ဟောက်နှင့် လမ်းခွဲခဲ့ကြသည်။

လမ်းအနည်းငယ် လျှောက်လာပြီးနောက် ရှကျဲ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။

"အော် ဆရာ၊ ဒီအိမ်ရာမှာ ကျွန်မနဲ့ သိတဲ့သူတစ်ယောက်ရှိတယ်"

"ဘယ်သူလဲ”

ချင်ရန်က အမှတ်မထင် ပြန်မေးသည်။

"အရာရှိ ချန်ရှင်းချန်ရဲ့ သမီးလေ၊ ကျွန်မနဲ့ သိတာကြာပြီ၊ အမှတ်မထင် ဆုံဖြစ်ရင်းနဲ့ ခင်သွားတာ၊ သူမအကူအညီနဲ့ဆိုရင် စုံစမ်းရတာ ပိုလွယ်မယ် ထင်တယ်”

ရှကျဲက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သော်လည်း ချင်ရန်၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

"အရာရှိချန်ရဲ့ သမီးလား”

သူ့မှတ်ဉာဏ်သာ မမှားခဲ့လျှင် သူမအမည်မှာ 'ချန်ကျားကျား' ဖြစ်သည်။

မူရင်းဇာတ်လမ်းအရ သူမသည် တက္ကသိုလ်ကျောင်းသူ ဖြစ်သော်လည်း နောက်ပိုင်းတွင် ကျောင်းထွက်ပြီး နိုက်ကလပ်တစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့သည်။

ချန်ကျားကျားတွင် သူမ၏ ကိုယ်ပိုင်နာကျင်စရာ အကြောင်းပြချက်များ ရှိနေသည်ကို ချင်ရန် ကောင်းကောင်း မှတ်မိနေသည်။

သူမ၏ မိခင်ဖြစ်သူမှာ ချန်ရှင်းချန်နှင့် ကွာရှင်းပြီးနောက် တခြားအမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ရာ ထိုပထွေးဖြစ်သူမှာ ချန်ကျားကျားအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ပြုလုပ်ခဲ့သည့် တိရစ္ဆာန်ထက်ပင် ယုတ်ညံ့သော လူယုတ်မာတစ်ဦး ဖြစ်နေခြင်းပင်။

'ဖြစ်နိုင်ရင် ဒီကိစ္စကို ငါ တစ်ပါတည်း ကိုင်တွယ်ဖြေရှင်းပေးလိုက်ရင် ကောင်းမယ်'

ချင်ရန် စိတ်ထဲမှ ကြံစည်နေမိသည်။

"ဘာဖြစ်လို့လဲ ချင်ရန်"

ရှကျဲက ဇဝေဇဝါဖြင့် မေးလာသည်။

"ဘာမှမဟုတ်ပါဘူး၊ ဆက်သွားကြစို့"

ချင်ရန် လက်ကာပြရင်း ပြောလိုက်သည်။

ထို့နောက် သူတို့သည် အဆောက်အအုံနံပါတ် (၇) အနီးသို့ ရောက်ရှိလာကြသည်။ ထိုအဆောက်အအုံသည် သာမန်လူနေအိမ်ရာတစ်ခုဖြစ်ပြီး ပြတင်းပေါက်များတွင် သံပန်းများ တပ်ဆင်ထားခြင်းမရှိပေ။

သို့သော် အပြင်ဘက်နံရံမှ တွယ်တက်ပြီး အတွင်းခံခိုးရန်မှာလည်း မလွယ်ကူလှပေ။

‘အဲဒီရာဇဝတ်ကောင်က ဘယ်လိုနည်းနဲ့ ခိုးသွားတာပါလိမ့်’

ချင်ရန်က အိမ်ဖွဲ့စည်းပုံကို ကြည့်ကာ စဉ်းစားနေမိသည်။

ထိုစဉ်မှာပင် ရှကျဲ၏ အံ့သြတုန်လှုပ်နေသော အသံ ထွက်ပေါ်လာသည်။

"ဟိုမှာ တစ်ယောက်ယောက် ငိုနေသလိုပဲ၊ ခဏလေး ကျွန်မ သူ့ကို သိသလိုပဲ၊ သူက ကျားကျား မဟုတ်လား”

ရှကျဲ ညွှန်ပြသည့်ဘက်သို့ ချင်ရန် လှမ်းကြည့်လိုက်သည့်အခါ အသက် ၁၉ နှစ်ခန့်ရှိသော လှပသည့် မိန်းမပျိုလေးတစ်ဦးကို တွေ့လိုက်ရသည်။

သူမက မိတ်ကပ်များ ခပ်ရဲရဲ လိမ်းထားပြီး ရေမွှေးနံ့မှာလည်း အဝေးကပင် ရနိုင်လောက်အောင် ပြင်းသည်။

အနီရောင် ဒေါက်မြင့်ဖိနပ်နှင့် အသားကပ်ခြေအိတ်များကို ဝတ်ဆင်ထားသော သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဆွဲဆောင်မှုအပြည့် ရှိနေသော်လည်း၊ အနီးကပ် ကြည့်လိုက်သည့်အခါတွင်မူ သူမသည် တစ်စုံတစ်ခုကို အကြီးအကျယ် ဝမ်းနည်းနေဟန်ဖြင့် ရှိုက်ကြီးတငင် ငိုယိုနေသည်။

"ချင်ရန်... ကျွန်မတို့ သွားကြည့်ရအောင်လား"

ရှကျဲက စိုးရိမ်တကြီး အကြံပြုသည်။

"သွားကြည့်ကြတာပေါ့"

ချင်ရန် ခေါင်းငြိမ့်လိုက်ပြီးနောက် သူတို့နှစ်ဦး ချန်ကျားကျားအနားသို့ ချဉ်းကပ်သွားကြသည်။

"ကျားကျား”

ရှကျဲ အဝေးကနေ လှမ်းခေါ်လိုက်သည်။

ရှိုက်ကြီးတငင် ငိုနေသော ချန်ကျားကျားမှာ လန့်ဖျပ်ကာ မော့ကြည့်လိုက်သည်။

ထိုအခါမှ သူမရှေ့တွင် ရပ်နေသော ရှကျဲနှင့် သူစိမ်းအမျိုးသားတစ်ဦးကို တွေ့လိုက်ရလေသည်။

"မမရှကျဲ”

ချန်ကျားကျားမှာ ဤနေရာတွင် ရှကျဲနှင့် ဆုံရလိမ့်မည်ဟု မထင်ထားသဖြင့် အံ့အားသင့်သွားပုံရသည်။

“ညီမလေး ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲ ပြီးတော့ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း”

ရှကျဲက စကားစကို ရပ်လိုက်မိသည်။ ချန်ကျားကျား နိုက်ကလပ်တွင် အလုပ်လုပ်နေသည်ကို သူမ လုံးဝ မသိထားခဲ့ပေ။

ချန်ကျားကျားမှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှက်ရွံ့အားငယ်နေပုံရသည်။

ရှကျဲက သူမဘေးတွင် ဝင်ထိုင်လိုက်ပြီး ချော့မော့မေးမြန်းလိုက်သည့်အခါမှ ချန်ကျားကျားသည် သူမ၏ ရင်တွင်းခံစားချက်များကို အကုန်အစင် ရင်ဖွင့်ချလိုက်တော့သည်။

သူမ ငိုနေရသည့် အကြောင်းရင်းမှာ နိုက်ကလပ်တွင် အလုပ်လုပ်နေသည်ကို ဖခင်ဖြစ်သူ ချန်ရှင်းချန် တွေ့သွားပြီး ပြင်းပြင်းထန်ထန် စကားများခဲ့သောကြောင့် ဖြစ်သည်။

နိုက်ကလပ်မန်နေဂျာက ပြဿနာတက်မည်စိုးသဖြင့် သူမကို အလုပ်မှ ချက်ချင်းထုတ်ပစ်လိုက်သလို၊ ဖခင်ဖြစ်သူနှင့်လည်း စကားများခဲ့ရသဖြင့် ယခုအခါ သူမတွင် နေစရာအိမ်မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားရသည်။

သူမ၏ အိမ်မှာ ဤရပ်ကွက်ထဲမှာပင် ရှိသော်လည်း သူမ ပြန်မသွားနိုင်ပါ။

အကြောင်းမှာ ထိုအိမ်အတွင်း၌ သူမ အလွန်အမင်း မုန်းတီးကြောက်ရွံ့နေရသော 'မိစ္ဆာတစ်ကောင်' ရှိနေသောကြောင့်ပင်။

"ကျားကျား ညီမလေးက ဘာလို့ နိုက်ကလပ်မှာ အလုပ်လုပ်ရတာလဲ”

ရှကျဲက စိတ်မကောင်းစွာ မေးလိုက်သည်။

ချန်ကျားကျားမှာ အတန်ကြာ ငြိမ်သက်သွားပြီးနောက် သူမ ဖုန်းအား ထုတ်ကာ ဗီဒီယိုတစ်ခုကို ပြလိုက်သည်။

"ဒီဗီဒီယိုကို ကြည့်ပြီးရင် မမတို့အားလုံး နားလည်သွားမှာပါ"

သူမက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

ဗီဒီယိုထဲတွင် ချန်ကျားကျားမှာ သူမ အခန်းထဲ၌ ပန်းချီဆွဲနေစဉ် ရုတ်တရက် အခန်းတံခါး ပွင့်သွားပြီး မျက်မှန်တပ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ဖော်ရွေသော အပြုံးဖြင့် လျှောက်ဝင်လာခဲ့သည်။

"ကျားကျား ပန်းချီဆွဲနေတာလား၊ ဖေဖေက သမီးလေးကို သိပ်လွမ်းနေတာ၊ လာပါဦး ဖေဖေ့နားကို လာပါဦး၊ သမီးလေး ဘယ်လောက်တောင် ကြီးလာပြီလဲဆိုတာ ဖေဖေ ကြည့်ပါရစေဦး”

All Chapters