အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
97
ဖုန်းစပီကာထဲမှ ထွက်ပေါ်လာသော ယုတ်မာရိုင်းစိုင်းသည့် အသံများကြောင့် ရှကျဲမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်ဝန်းအစုံမှာလည်း နီမြန်းနေတော့သည်။
အမျိုးသမီးတစ်ဦးဖြစ်သည့်အလျောက် ချန်ကျားကျား နှိပ်စက်စော်ကားခံနေရသည့် မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရှကျဲမှာ မခံမရပ်နိုင်ဖြစ်ကာ ထိုလူယုတ်မာပထွေးကို ဒီနေရာတင် အပိုင်းပိုင်းပိုင်းဖြတ်သတ်ပစ်ချင်စိတ်များ ပေါက်နေမိသည်။
ချင်ရန်မှာလည်း ထပ်တူပင် ခံစားရ၏။
ချန်ကျားကျား အစော်ကားခံနေရသည်ကို ကြိုသိထားသော်လည်း သက်သေဗီဒီယိုကို ကိုယ်တိုင်မြင်လိုက်ရသည့်အခါတွင်မူ ရင်ထဲ၌ ဒေါသတရားတို့ အလိပ်လိုက်တက်လာပြီး သတ်ဖြတ်လိုစိတ်များပင် ပေါက်ကွဲလာခဲ့သည်။
"မမရှကျဲ ညီမလေး အရမ်းကြောက်တယ်၊ အိမ်ကလည်း ပိုက်ဆံမပေးတော့ဘူး၊ နိုက်ကလပ်မှာ အလုပ်သွားလုပ်တော့လည်း အဖေအရင်းက လိုက်ဆူပြီး ညီမလေးကို မိန်းမကောင်းမဟုတ်ဘူးဆိုပြီး ဆဲတယ် ဒါပေမဲ့ ရွေးချယ်စရာသာရှိရင် အဲဒီလိုနေရာမျိုးကို ဘယ်သူက သွားချင်ပါ့မလဲ"
ချန်ကျားကျားက နာကျင်စွာ ရှိုက်ကြီးတငင် ပြောရှာသည်။
ရှကျဲက ချန်ကျားကျားကို ပွေ့ဖက်နှစ်သိမ့်ပေးနေစဉ် ချင်ရန်မှာ လက်သီးကို တင်းတင်းဆုပ်ကာ သက်ပြင်းတစ်ချက် လေးလံစွာ ချလိုက်မိသည်။
သက်သေရှိနေသရွေ့တော့ ထိုယုတ်မာသောပထွေးကို သူ အလွတ်ပေးတော့မည်မဟုတ်။
သေတာထက်ပိုဆိုးသော ငရဲသို့ သူကိုယ်တိုင် ပို့ဆောင်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
"ကျားကျား ဒါတွေကို ညီမလေးအမေကို ဘာလို့မပြောပြတာလဲ”
ရှကျဲက မေးလိုက်သည်။
"အမေက ဂရုမစိုက်ဘူး၊ အမေက အဲဒီလူယုတ်မာကို ညီမထက် ပိုချစ်တယ်၊ အခုဆို သူ့မှာ အဲဒီလူနဲ့ရတဲ့ ကိုယ်ဝန်တောင် ၄ လရှိနေပြီ"
ချန်ကျားကျား၏ မျက်ဝန်းများမှာ မျှော်လင့်ချက်မဲ့စွာ အရောင်မှိန်သွားသည်။
မိခင်ဖြစ်သူကိုယ်တိုင်ကပင် သူမကို လျစ်လျူရှုထားပြီး ဤစော်ကားမှုများကို သိနေပါလျက်နှင့် 'သည်းခံလိုက်ပါ' ဟုပင် ပြောခဲ့သေးသည်။
ထိုနာကျင်စရာများကို ပြန်တွေးမိတိုင်း ချန်ကျားကျားမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် အကြိမ်ကြိမ် ကြံစည်ခဲ့ဖူးသည်။
ရှကျဲသာ ရုတ်တရက် ရောက်မလာခဲ့လျှင် သူမ၏အသက်မှာ ယနေ့ညမှာပင် ကုန်ဆုံးသွားနိုင်ပေသည်။
"မဖြစ်ဘူး ဒီအတိုင်း ငြိမ်ကြည့်နေလို့ လုံးဝမဖြစ်ဘူး”
ရှကျဲ ခံပြင်းစွာ အံကြိတ်ရင်း မတ်တတ်ထရပ်ကာ ပြောလိုက်သည်။
"ချင်ရန် လာ၊ အခုချက်ချင်းသွားပြီး အဲဒီပထွေးဆိုတဲ့ တိရစ္ဆာန်ကောင်ကို သွားဖမ်းကြစို့”
"အခုက အချိန်မကျသေးဘူး ရှကျဲ၊ ငါတို့ ခေါင်းအေးအေးထားရမယ်"
ချင်ရန်က တည်ငြိမ်စွာ တားလိုက်သည်။
"ကျားကျားရဲ့ပထွေးကို ဖမ်းဖို့က သေချာပေါက် လုပ်ရမှာပါ ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး"
ထိုစဉ် ချန်ကျားကျားက အားနည်းသောလေသံဖြင့် ကြားဖြတ်မေးလာသည်။
"အတွင်းခံတွေ အခိုးခံရတာကို စုံစမ်းနေတာလို့ ပြောတာလား”
ချင်ရန်နှင့် ရှကျဲတို့ အံ့ဩသွားပြီး သူမကို ပြိုင်တူကြည့်လိုက်ကြသည်။
"ဟိုတစ်ခါက ညီမလေးကို သူ့စာကြည့်ခန်းထဲ ခေါ်သွားတုန်းက အမျိုးသမီးအတွင်းခံတွေ အများကြီးကို တွေ့လိုက်ရတယ်၊ အကုန်လုံးက ဝတ်ပြီးသား အဟောင်းတွေဆိုတာ သိသာတယ် ဒါပေမဲ့ နောက်ပိုင်းကျတော့ မရှိတော့ဘူး၊ တစ်နေရာရာမှာ ဝှက်ထားလိုက်သလိုပဲ"
ချန်ကျားကျား စကားကြောင့် ချင်ရန်၏ မျက်ဝန်းထဲ၌ အေးစက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။
တကယ်လို့သာ သူမပြောတာ မှန်ကန်နေလျှင် ‘မင်ယန်ဥယျာဉ်’ တစ်ဝိုက်တွင် အတွင်းခံများ ပျောက်ဆုံးနေမှုသည် ထိုပထွေး၏ လက်ချက်ဖြစ်ရန် သေချာသလောက် ရှိသွားပြီဖြစ်သည်။
"ကျားကျား ညီမလေးပြောတာ အမှန်ပဲလား”
ချင်ရန်က ထပ်မံအတည်ပြုသည်။
သူမက ခေါင်းညိမ့်ပြရင်း ထပ်ပြောပြန်သည်။
"ပြီးတော့ သူ ညဘက်တွေမှာ ရပ်ကွက်ထဲ လျှောက်သွားနေတာကိုလည်း ခဏခဏ တွေ့ဖူးတယ်"
ချင်ရန် အေးစက်စွာ ပြောလိုက်သည်။
“တကယ့်ကို အောက်တန်းကျတဲ့ လူယုတ်မာပဲ၊ ငါတို့ အခုလောလောဆယ် စိတ်မလောဘဲ သူ့ကို အမိအရဖမ်းဖို့ အချိန်ကို စောင့်ရမယ်၊ ညမိုးချုပ်တဲ့အထိ စောင့်ပြီး သူ့ကို လက်ရဖမ်းဆီးဖို့ပဲ၊ စိတ်လောသွားရင် အစီအစဉ် ပျက်သွားနိုင်တယ်”
ထိုစဉ် ချင်ရန်၏ဖုန်းမြည်လာသည်။
ဆရာချန်ဟောက်ဆီမှ ဖြစ်သည်။
"ချင်ရန် ငါ စီစီတီဗွီတွေကို စစ်ကြည့်ပေမဲ့ ဘယ်သူခိုးသွားလဲဆိုတာ အစအနတောင် မတွေ့ရဘူး၊ ဘယ်လိုနည်းနဲ့ ခိုးသွားလဲဆိုတာလည်း ဘယ်သူမှ မသိကြဘူး ဖြစ်နေတယ်"
ချင်ရန် အခြေအနေကို ရှင်းပြပြီးနောက် ချန်ကျားကျား၏ ပထွေးကို သံသယရှိကြောင်း ပြောလိုက်ရာ ချန်ဟောက် ချက်ချင်းဝင်ရှာရန် ပြောသော်လည်း၊ ချင်ရန်က လက်ရဖမ်းနိုင်ရန် ညအထိ စောင့်ဆိုင်းဖို့ အကြံပြုလိုက်သည်။
ညဉ့်နက်လာသည်နှင့်အမျှ အိမ်ရာဝင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ
"ဟိုမှာ ကြည့်လိုက်!”
ရှကျဲက မှောင်ရိပ်ကျနေသော လမ်းကြားတစ်ခုအတွင်းမှ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။
အနက်ရောင်ဝတ်စုံ၊ ဦးထုပ်နှင့် နှာခေါင်းစည်းတို့ကို လုံခြုံစွာ တပ်ထားသော လူတစ်ယောက် လမ်းလျှောက်လာသည်။
ချန်ကျားကျားမှာ ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားပြီး တိုးတိုးလေး ပြောရှာသည်။
"သူ့အရပ်အမောင်းက အဲဒီလူယုတ်မာနဲ့ တစ်ထေရာတည်းပဲ မမရှကျဲ”
"ငြိမ်ငြိမ်လေး စောင့်ကြည့်နေ၊ သူ ဘာဆက်လုပ်မလဲဆိုတာ ကြည့်ရအောင်"
ချင်ရန်က သတိပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံနှင့် လူသည် သူ့အိတ်ကပ်ထဲမှ လက်ဖဝါးခန့်ရှိသော အရာတစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းမှာ ဒရုန်းတစ်စီးနှင့် တူနေသည်။ ထို့နောက် သူက အဝေးထိန်းခလုတ်ကို ထုတ်ကာ ခလုတ်တစ်ခုကို အသာအယာ နှိပ်လိုက်သည့်အခါ ဒရုန်းမှာ လေပေါ်သို့ ပျံတက်သွားတော့သည်။
ထိုဒရုန်းမှာ အထူးပြုပြင်ထားသည်မှာ သိသာလှပြီး ခေါက်သိမ်းနိုင်သော စက်ရုပ်လက်တံ ချိတ်ကလေးတစ်ခုပင် ပါရှိနေသည်။
၎င်းကို မြင်လိုက်ရသည့်အခါ ချင်ရန်နှင့် ချန်ဟောက်တို့မှာ တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာ ကြည့်လိုက်မိကြသည်။
ဒီလူက အတွင်းခံခိုးဖို့အတွက် နည်းပညာအသစ်အဆန်းတွေကို သုံးနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
'အတွင်းခံခိုးဖို့ ဒရုန်းကို သုံးတယ်ပေါ့ စိတ်ဝင်စားဖို့ ကောင်းတာပဲ'
ချင်ရန်က သူ့ဖုန်းကို ထုတ်ပြီး ထိုမြင်ကွင်းအားလုံးကို သက်သေအဖြစ် ဗီဒီယိုရိုက်ထားလိုက်သည်။
သူတို့ ခန့်မှန်းထားသည့်အတိုင်းပင် အနက်ရောင်ဝတ်စုံနှင့်လူ ထိန်းချုပ်ထားသော ဒရုန်းသည် အဆောက်အအုံနံပါတ် (၈) ၏ ငါးထပ်မြောက် တိုက်ခန်းပြတင်းပေါက်ရှိရာသို့ ပျံသန်းသွားတော့သည်။
သူ၏ အဝေးထိန်းခလုတ်တွင်လည်း မော်နီတာတစ်ခု ပါရှိပုံရသည်။
အဆောက်အအုံနံပါတ် (၈) ၏ ငါးထပ်မြောက် ဝရန်တာတွင်မူ ပန်းရောင်အတွင်းခံဘောင်းဘီလေးတစ်ထည်ကို နေလှန်းထားသည်ကို တွေ့ရလေသည်။
98
ထိုဒရုန်းမှာ ဝေဟင်ထက်သို့ လျှင်မြန်စွာ ပျံသန်းသွားပြီးနောက် အနက်ရောင်ဝတ်ဆင်ထားသူသည် စက်ရုပ်လက်တံကို အဝေးထိန်းခလုတ်ဖြင့် ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်သည်။ ထို့နောက် ကြိုးတန်းပေါ်ရှိ ပန်းရောင်အတွင်းခံဘောင်းဘီကို အမိအရ ချိတ်ယူလိုက်တော့သည်။
ချင်ရန်နှင့် အဖွဲ့သားများသည် ဤမြင်ကွင်းတစ်ခုလုံးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
ထို့အပြင် ချင်ရန်က ထိုသူ၏ အဆင့်ဆင့်ကျူးလွန်ခဲ့သော ရာဇဝတ်မှု ဖြစ်စဉ်တစ်ခုလုံးကို အခိုင်အမာသက်သေအဖြစ် ဖုန်းဖြင့် မှတ်တမ်းတင်ထားပြီးဖြစ်သည်။
ယခု သူတို့လုပ်ဆောင်ရန် ကျန်ရှိသည်မှာ တရားခံကို ဖမ်းဆီးပြီး သူ့မျက်နှာဖုံးကို ခွာကာ သရုပ်မှန်ကို ဖော်ထုတ်ရန်သာ ဖြစ်သည်။
ချန်ကျားကျား၏ ပထွေးဖြစ်သူ ယွီတုန်းသည် ကုန်ထုတ်လုပ်ငန်းကုမ္ပဏီတစ်ခုတွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ရာ ရာထူးအဆင့်အတန်း အတော်အတန်ရှိသည်ဟု ဆိုနိုင်သည်။
အချိန်တန်၍ သူ့ကုမ္ပဏီကို ဤအကြောင်းများ အသိပေးလိုက်ပါက သူသည် သေချာပေါက် အလုပ်ပြုတ်မည်ဖြစ်သည်။
အလုပ်လက်မဲ့ဖြစ်သွားခြင်းကပင် သူ့ကဲ့သို့ လူစားမျိုးအတွက် ဘဝ၏အရသာကို ကောင်းကောင်းကြီး ခံစားသွားရစေမည့် ပြစ်ဒဏ်တစ်ခု ဖြစ်ပေလိမ့်မည်။
ထိုစဉ်မှာပင် ချန်ဟောက်သည် တရားခံကို ဖမ်းဆီးရန် စိတ်လောစွာဖြင့် ဝုန်းကနဲ ထရပ်လိုက်သည်။
သို့သော် ချင်ရန် သူ့ကို ပြန်ဆွဲထားပြီး လေသံတိုးတိုးဖြင့် တားလိုက်၏။
"ဆရာ အခုက အချိန်မကျသေးဘူး၊ ခဏလေး ထပ်စောင့်ကြည့်ရအောင်၊ ဒီလူ တစ်ခုခု ထပ်လုပ်ဦးမယ်လို့ ကျွန်တော့်စိတ်ထဲ ခံစားနေရတယ်"
ချင်ရန်က အနက်ရောင်ဝတ်စုံနှင့်လူကို မျက်ခြေမပျက် စောင့်ကြည့်နေစဉ် ထိုသူမှာ အတွင်းခံတစ်ထည် ခိုးယူပြီးနောက် ဆက်မခိုးတော့ဘဲ ပစ္စည်းကိရိယာများကို အဝတ်ထဲတွင် ဝှက်ကာ တခြားလမ်းကြားတစ်ခုထဲသို့ လျှောက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
"သွားကြစို့၊ သူ့နောက်ကို လိုက်မယ်"
ချင်ရန်က တိုးတိုးလေး ပြောလိုက်သည်။
မကြာမီမှာပင် ချင်ရန်တို့အဖွဲ့သည် ထိုသူ့နောက်သို့ လိုက်ပါသွားရာ လူသူကင်းမဲ့ပြီး အမှောင်ရိပ်ကျနေသော ထောင့်တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာမှာ အလွန်မှောင်မည်းနေသော်လည်း အနက်ရောင်ဝတ်စုံနှင့်လူမှာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံရပြီး ဖုန်းဖြင့် မက်ဆေ့ခ်ျပို့နေ၏။
ချင်ရန်တို့အဖွဲ့သည်လည်း အသက်ပင် ပြင်းပြင်းမရှူဝံ့ဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
နာရီဝက်ခန့် ကြာပြီးနောက် ဘေးလမ်းကြားမှ အမျိုးသားတစ်ဦး တိုးတိုးတိတ်တိတ် ထွက်ပေါ်လာခဲ့သည်။
"တစ်ယောက်ယောက် လာနေပြီ"
"ဒီကောင် ဒီနေရာကို ဘာလုပ်ဖို့ လာတာလဲ၊ အရောင်းအဝယ် လုပ်မလို့လား"
ချင်ရန်က ထိုလူနှစ်ယောက်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်လူက အိတ်ကပ်ထဲမှ ပန်းရောင်အတွင်းခံကို ထုတ်လိုက်ပြီး ဖုန်းကိုဖွင့်ကာ တစ်ခုခုကို ပြသနေသည်။
"အခုပဲ သူတို့ကို အမိအရ ဖမ်းကြစို့"
ချင်ရန်က ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
၎င်းတို့ အရောင်းအဝယ်လုပ်နေသည့် အချိန်မှာပင် ချင်ရန် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်သွားတော့သည်။
ချန်ဟောက်နှင့် ရှကျဲတို့ နောက်မှ လိုက်လာသော်လည်း ချင်ရန်၏ အရှိန်ကို မမီကြချေ။
သုံးလေးစက္ကန့်အတွင်းမှာပင် ချင်ရန်မှာ ထိုလူနှစ်ဦး၏ ရှေ့မှောက်သို့ ရောက်ရှိသွားသဖြင့် ၎င်းတို့နှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
"မင်း မင်းတို့ ဘယ်သူလဲ?"
"ပြေး မြန်မြန်ပြေး"
အနက်ရောင်ဝတ်စုံနှင့်လူမှာ အခြေအနေမဟန်မှန်း သိလိုက်သဖြင့် ထွက်ပြေးရန် ပြင်သော်လည်း ချင်ရန် သူ့ရှေ့သို့ ဖျတ်ခနဲ ရောက်သွားကာ လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူ့ကို ဖမ်းချုပ်ပြီး မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
ထို့ကြောင့် ထိုလူမှာ နဖူးနှင့် မြေပြင် ပြင်းထန်စွာ စောင့်မိပြီး သွေးများ စို့လာတော့သည်။
အခြားတစ်ဦးမှာလည်း ထွက်ပြေးရန် ကြိုးစားသော်လည်း ချင်ရန်၏ ခြေကန်ချက် တစ်ချက်အောက်မှာပင် လွင့်ထွက်သွားတော့သည်။
"အား နာလိုက်တာ"
နှစ်ယောက်လုံး နာကျင်လွန်းသဖြင့် အော်ဟစ်နေကြစဉ် ချင်ရန်က အနက်ရောင်ဝတ်စုံနှင့်လူ၏ ဖုန်းကို ချက်ချင်းပင် လုယူလိုက်သည်။
ဖုန်းထဲတွင် ညစ်ညမ်းဗွီဒီယိုများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့အားလုံးမှာ ရှုထောင့်အမျိုးမျိုးမှ ခိုးရိုက်ထားသည့် ဗွီဒီယိုများဖြစ်သည်။ ဤဖုန်းထဲရှိ သက်သေများသည် ခိုင်လုံလွန်းလှသဖြင့် ၎င်းတို့နှစ်ယောက်မှာ ပြေးမလွတ်နိုင်တော့ချေ။
ချန်ဟောက် ချက်ချင်းပင် လက်ထိပ်ထုတ်ကာ ၎င်းတို့ နှစ်ဦးလုံးကို တွဲလျက် ခတ်လိုက်သည်။
ရှကျဲက အနက်ရောင်ဝတ်စုံနှင့်လူ၏ ဦးထုပ်ကို ဆွဲချွတ်လိုက်ရာ ယုတ်ညံ့သော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရှကျဲ၏ တစ်ကိုယ်လုံး ရွံရှာမှုကြောင့် တုန်ရီသွားမိသည်။
အကြောင်းမှာ ထိုသူသည် ချန်ကျားကျား ပြခဲ့သော ဗွီဒီယိုထဲမှ တိရိစ္ဆာန်နှင့်တူသည့် ပထွေးနှင့် တစ်ထေရာတည်း တူနေသောကြောင့် ဖြစ်သည်။
"တကယ် ရှင်ပဲကိုး လူယုတ်မာကြီး"
ရှကျဲက ဒေါသတကြီး အော်ဟစ်လိုက်သောအခါ ယွီတုန်းမှာ ထိတ်လန့်သွားပြီး သူ၏ ရာဇဝတ်မှုများ လက်ပူးလက်ကြပ် မိသွားပြီဖြစ်ကြောင်း နားလည်သွားတော့သည်။
သူ့ဖုန်းသာ အသိမ်းမခံရလျှင် သူ ငြင်းဆန်နိုင်ပါသေးသည်။
သို့သော် ယခုမူ ချင်ရန်က ဖုန်းကို ရထားပြီဖြစ်ရာ သက်သေအားလုံး ပေါ်ထွက်သွားတော့မည်။
ယွီတုန်း၏ ဖုန်းထဲတွင် ခိုးရိုက်ထားသော ဗီဒီယို ၁၀၀ ဂျီဘီကျော် ရှိနေပြီး ၎င်းတို့မှာ ဒရုန်းဖြင့် ခိုးရိုက်ထားသော ရေချိုးနေသည့် ဗီဒီယိုများနှင့် ညစ်ညမ်းတိုက်ရိုက်ထုတ်လွှင့်မှု မှတ်တမ်းများ ဖြစ်ကြသည်။
ချင်ရန် အေးစက်စွာ ပြောလိုက်သည်။
"ဆရာ ဒီကောင်ရဲ့ ရာဇဝတ်မှု သက်သေအားလုံး ဒီဖုန်းထဲမှာ ရှိနေပါတယ်၊။ သူက ပြစ်မှုပေါင်းများစွာ ကျူးလွန်ထားတာပါ"
ချန်ဟောက်က ဖုန်းထဲရှိ ဓာတ်ပုံနှင့် ဗီဒီယိုများကို ကြည့်ရင်း ဒေါသများ အကြီးအကျယ် ထွက်လာသည်။
ယွီတုန်းသည် ခိုးယူထားသော အတွင်းခံများကို တစ်ထည်လျှင် ယွမ် ၅၀ ဖြင့် ပြန်လည်ရောင်းချနေသည်ကိုလည်း တွေ့လိုက်ရသည်။
"ကောင်းတယ် တော်တော်ကောင်းတဲ့ ကောင်ပဲ"
ချန်ဟောက်က ဒေါသတကြီး ပြောလိုက်သည်။
ထိုစဉ် ချန်ကျားကျားသည်လည်း ကြောက်ကြောက်လန့်လန့်နှင့် လမ်းလျှောက်လာခဲ့သည်။ ယွီတုန်းသည် သူမကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"ကျားကျား နင် ဒီမှာ ဘာလုပ်နေတာလဲ၊ ဒီရဲတွေကို နင် ခေါ်လာတာလား"
ယွီတုန်းက ဒေါသတကြီး မေးလိုက်၏။ အရင်က သူ အနိုင်ကျင့်စဉ်က သူ့ရဲ့ ခိုးရာပါပစ္စည်းတွေကို သူမကို ပြခဲ့မိသည်ကို သတိရသွားကာ နောင်တရနေတော့သည်။
"တောက်! ငါ အရမ်း ပေါ့ဆသွားတယ်"
သို့သော် သူ နောင်တရနေခြင်းမှာ သူကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် မဟုတ်ဘဲ ချန်ကျားကျားအား သက်သေများ ပြခဲ့မိခြင်းအတွက်သာ ဖြစ်သည်။
သူမကဲ့သို့ အေးဆေးသည့် ကောင်မလေးက သူ့အား ရဲတိုင်ရဲမည်ဟု သူ လုံးဝ မထင်ခဲ့ပေ။
"မင်းနာမည် ယွီတုန်း မဟုတ်လား"
ချင်ရန်က အေးစက်စွာ ပြောလိုက်သည်။
"မင်းကို ညစ်ညမ်းဗီဒီယို ရိုက်ကူးမှု၊ ဖြန့်ဖြူးရောင်းချမှု၊ ခိုးမှု၊ ပြီးတော့ မုဒိမ်းမှုတွေနဲ့ သံသယရှိတဲ့အတွက် ငါတို့က ဖမ်းဆီးလိုက်ပြီ၊ ဒီပြစ်မှုတွေက မင်းကို ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခိုင်းဖို့ လုံလောက်တယ်"
ခိုးမှုသက်သက်ဆိုလျှင် ပြစ်ဒဏ်က ဤမျှ မပြင်းထန်သော်လည်း ညစ်ညမ်းဗီဒီယို ဖြန့်ဖြူးမှုနှင့် မုဒိမ်းမှုတို့ ပေါင်းလိုက်လျှင် ယွီတုန်းသည် အနည်းဆုံး ၁၅ နှစ်မှ အနှစ် ၂၀ ကျော်အထိ ပြစ်ဒဏ်ကျခံရဖွယ် ရှိသည်။
ယွီတုန်းမှာ မှင်တက်သွားပြီး အသနားခံလာသည်။
"အရာရှိကြီး ကျွန်တော် ကျွန်တော် မုဒိမ်းမှု မကျူးလွန်ခဲ့ပါဘူး"
"မကျူးလွန်ခဲ့ဘူး ဟုတ်လား"
ချင်ရန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါတို့လက်ထဲမှာ သက်သေတွေ ရှိပြီးသား၊ ဆက်ပြီး ငြင်းဖို့ မကြိုးစားပါနဲ့၊ ဆရာ အခု သူ့အခန်းကို သွားရှာပြီး ကျန်တဲ့ သက်သေတွေကို သိမ်းကြရအောင်"
"အေး အဲဒါ ကောင်းတယ် ဒါပေမဲ့ ဒီလူတွေကိုတော့ စစ်ဆေးဖို့ စခန်းကို အရင် ခေါ်သွားရမယ်"
ချန်ဟောက်က ယွီတုန်းနှင့် အရောင်းအဝယ်လုပ်သည့် အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။
ထိုလူမှာ အသက် ၃၀ ခန့်ရှိပြီး ရွံရှာဖွယ်ကောင်းသော ပုံစံရှိကာ အဖမ်းခံရသည့်အခါ စကားတစ်ခွန်းမှ မပြောရဲတော့ဘဲ ခေါင်းငိုက်စိုက်ကျနေတော့သည်။
"ချင်ရန် မင်း ယွီတုန်းကို သူ့အိမ်ခေါ်သွားပြီး သက်သေရှာလိုက်၊ ငါ ဒီလူကို အရင် ပြန်ခေါ်သွားမယ်"
"စိတ်ချပါ ဆရာ ဒါကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ"
ချင်ရန်က ခေါင်းငြိမ့်ကာ အမိန့်ကို နာခံလိုက်တော့သည်။