အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
99
ချင်ရန်သည် ယွီတုန်းကို ဖမ်းဆီးပြီးနောက် သူ့နေအိမ်သို့ ဦးဆောင်ကာ ဝင်ရောက်ရှာဖွေ စစ်ဆေးတော့သည်။
ရှကျဲနှင့် ချန်ကျားကျားတို့လည်း သူတို့နှင့်အတူ လိုက်ပါလာခဲ့ကြသည်။
ချန်ကျားကျားသည် သူမ၏မိခင်ကို တိုက်ရိုက်ရင်ဆိုင်ရန် တွန့်ဆုတ်နေမိသော်လည်း ရှကျဲ၏ အားပေးကူညီမှုကြောင့် ကြောက်ရွံ့မှုများကို ကျော်လွှားကာ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
ချင်ရန်သည် ယွီတုန်း၏အိမ်သို့ ရောက်သည်နှင့် သူ့စာကြည့်ခန်းထဲသို့ တန်းတန်းမတ်မတ် သွားရောက်ရှာဖွေရာ အမျိုးသမီးအတွင်းခံဘောင်းဘီ အမြောက်အမြားနှင့်အတူ ပင်ဟိုးကင်မရာများ အပါအဝင် ခိုးရိုက်ရေးကိရိယာမျိုးစုံကို ရှာဖွေတွေ့ရှိခဲ့သည်။
သူတို့အဖွဲ့ ရှာဖွေနေစဉ်အတွင်းမှာပင် ချန်ကျားကျား၏မိခင် ထွက်လာပြီး မေးမြန်းရာ ချင်ရန်က ယွီတုန်းသည် အောက်တန်းစား လူယုတ်မာတစ်ဦးဖြစ်ကြောင်းနှင့် သူကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ရှင်းပြလိုက်သည်။
သို့သော် ထူးဆန်းသည်မှာ ထိုစကားများကို ကြားပြီးနောက် မိခင်ဖြစ်သူသည် တိတ်ဆိတ်နေပြီး ထိတ်လန့်သွားပုံလည်း မရပေ။
ကြည့်ရသည်မှာ သူမသည် ယွီတုန်း၏ စရိုက်မှန်ကို စောစီးစွာကတည်းက သိထားပုံရသည်။
ချန်ကျားကျားမှာမူ သူမမိခင်၏ တုံ့ပြန်မှုကိုကြည့်ကာ အလွန်အမင်း စိတ်ပျက်သွားပြီး မိခင်အပေါ်ထားရှိသည့် သံယောဇဉ်များ အားလုံး ကုန်ဆုံးသွားခဲ့တော့သည်။
ငြင်းလို့မရသည့် သက်သေအထောက်အထားများ ရှိနေသည့်တိုင် သူမ မိခင်သည် ယွီတုန်း၏ ပြစ်မှုများအပေါ် တုန်လှုပ်ခြင်း အလျှင်းမရှိခဲ့ပေ။
ထိုအချိန်တွင် အခြေအနေကို အကဲခက်နေသည့် ယွီတုန်းက ဤကိစ္စတွေအားလုံးမှာ ချန်ကျားကျားကြောင့် ဖြစ်ရသည်ဟု လွှဲချကာ အပြစ်တင်လိုက်သည့်အခါ မိခင်ဖြစ်သူသည် ချန်ကျားကျားအပေါ် ဒေါသတကြီး ပေါက်ကွဲတော့သည်။
မိမိသမီးအရင်းမှာ သူမ၏ သာယာလှပနေသော ဘဝကို ဖျက်ဆီးပစ်လိုက်သည်ဟု ဆိုကာ ချန်ကျားကျားကို ကျိန်းမောင်းလေတော့သည်။
ထိုအခါတွင်တော့ ချန်ကျားကျားသည် သူမ၏မိခင်အပေါ် လုံးဝမျှော်လင့်ချက်မဲ့သွားရသည်။
ချင်ရန်သာ ကြားကမတားခဲ့လျှင် မိခင်ဖြစ်သူသည် ချန်ကျားကျားကို ရိုက်နှက်ရန်ပင် ကြိုးစားခဲ့ပေလိမ့်မည်။
နောက်ဆုံးတွင် မိခင်ဖြစ်သူက သူမနှင့် အဆက်အသွယ် ဖြတ်တောက်မည်ဖြစ်ပြီး နောင်တွင် ဘာမှပတ်သက်မည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်လေသည်။
ရဲစခန်းသို့ အပြန်လမ်းတွင် ချန်ကျားကျားသည် လမ်းတောက်လျှောက် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
"အခု ညီမ ဘယ်သူ့ကို အားကိုးရမလဲ မသိတော့ဘူး၊ ညီမအမေက ရာဇဝတ်ကောင်ကိုတောင် သည်းခံနိုင်ပေမဲ့ သူ့ရဲ့ကောင်းစားရေးအတွက်ဆိုရင် သမီးဖြစ်သူရဲ့ ဘဝကိုတောင် ဂရုမစိုက်တော့ဘူး"
ထိုစဉ် ချင်ရန်က ရုတ်တရက် အကြံပြုလိုက်သည်။
"ညီမလေး အဖေနဲ့ သွားနေရင်ရော"
ချင်ရန် သိထားသည်မှာ ချန်ရှင်းချန်သည် စကားပြောရာတွင် ခက်ထန်သယောင် ရှိသော်လည်း သမီးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာမှာ အစစ်အမှန်ဖြစ်သည်။
လွန်ခဲ့သည့်နှစ်များအတွင်း သမီးဖြစ်သူကို အဆက်အသွယ် မလုပ်ခဲ့ခြင်းမှာ သူမ၏ဘဝကို အနှောင့်အယှက် မဖြစ်စေချင်သောကြောင့်သာ ဖြစ်သည်။
ချန်ကျားကျားသည် ပျော်ရွှင်ပြည့်စုံသော ဘဝကို ပိုင်ဆိုင်ထားသည်ဟု သူက ထင်မှတ်မှားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် သမီးဖြစ်သူမှာ ငရဲကဲ့သို့ ဘဝမျိုးတွင် ပထွေးဖြစ်သူ၏ နှိပ်စက်မှုကို ခံနေရမှန်း သူ လုံးဝမသိခဲ့ပေ။
"ကျွန်မ အဖေလား၊ သူက ညီမကို အရမ်းမုန်းတာ၊ ဒီနေ့လည်း နိုက်ကလပ်မှာ သူ ညီမကို မြင်သွားပြီး ညီမအပေါ် အကြီးအကျယ် စိတ်ပျက်နေမှာ သေချာတယ်"
ချန်ကျားကျားက မျက်ရည်ဝဲရင်း အားငယ်စွာ ပြောရှာသည်။
ချင်ရန်က ချန်ကျားကျား၏ပုခုံးကို အသာအယာကိုင်ကာ နွေးထွေးစွာ နှစ်သိမ့်လိုက်သည်။
"ညီမလေး အဖေအပေါ် အဲဒီလို မတွေးပါနဲ့၊ ဒီနေ့ ညီမလေးအဖေနဲ့ စကားများထားလို့ စိတ်ထဲ အဆင်မပြေဖြစ်နေမှာကို အစ်ကို သိပါတယ် ဒါပေမဲ့ သူက ညီမလေးရဲ့ ဖခင်အရင်း ဖြစ်နေတုန်းပဲဆိုတာ မှတ်ထားပါ၊ ကျားကျား ညီမလေးက အဖေ့ကို နားမလည်ပေမဲ့ အစ်ကိုတို့က နားလည်တယ်၊ ဘာလို့ဆို အစ်ကိုတို့ အတူတူ အလုပ်လုပ်လာတာ မနည်းတော့ဘူးလေ"
ထို့နောက် ချင်ရန်က ဆက်ရှင်းပြသည်။
"ညီမလေးအဖေက အပြောသာ ဆိုးတာပါ၊ စိတ်ထားက အရမ်းနူးညံ့တယ်၊ သူ မကျေမနပ်ဖြစ်လို့ စကားပြောရာမှာ မာထန်တတ်ပေမဲ့ တကယ်တော့ သူဟာ ညီမလေးအတွက် ဘယ်သူ့ထက်မဆို ပိုပြီး ရင်နာနေမယ့်သူပါ၊ ညီမလေးဘက်ကသာ သူနဲ့ အတူနေချင်တယ်လို့ ပြောလိုက်စမ်းပါ၊ သူက သူပိုင်ဆိုင်တဲ့ အိုးခွက်ပန်းကန်တွေကိုရောင်း၊ သူ့ရဲ့ ကျောက်ကပ်ကိုတောင် ထုတ်ရောင်းပြီး ညီမလေးကို အကောင်းဆုံး ထားမှာပါ၊ ညီမလေးက ပညာသင်လို့တောင် မပြီးသေးဘူး မဟုတ်လား"
ထိုအခါ ချန်ကျားကျား ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
ဘေးမှာရှိနေသော ရှကျဲမှာမူ အနည်းငယ် ထူးဆန်းနေမိသည်။
ချင်ရန်သည် ချန်ရှင်းချန်အကြောင်းကို အတော်လေး သိနေသလိုပဲဟု သူမ ခံစားလိုက်ရသည်။
အမှန်ဆိုလျှင် ချန်ရှင်းချန်နှင့် ပိုပြီးခင်ရသူမှာ လီတဝေသာ ဖြစ်သင့်သော်လည်း ရှကျဲက ဤစကားများကို ချန်ကျားကျားအား နှစ်သိမ့်ရန် ပြောခြင်းသာ ဖြစ်မည်ဟု ယူဆလိုက်သည်။
ချင်ရန်၏ အားပေးနှစ်သိမ့်မှုများကြောင့် ချန်ကျားကျား စိတ်ကူးများ ပြောင်းလဲလာခဲ့သည်။
နောက်ဆုံးတွင် သူမက ခိုင်မာစွာ ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပါပြီ ဒါဆို ညီမအဖေနဲ့ စကားပြောကြည့်မယ်၊ သူ ညီမကို လက်ခံ၊ မခံ သိရတာပေါ့"
ချင်ရန်က ရယ်မောရင်း အားပေးလိုက်သည်။
"သူသာ ညီမလေးကို ပြန်စောင့်ရှောက်ခွင့်ရရင် အပျော်ကြီး ပျော်နေမှာပါ"
ယခင်ဘဝမှ မှတ်ဉာဏ်များအရ ချန်ရှင်းချန်သည် သမီးဖြစ်သူကို အလွန်ချစ်ကြောင်း ချင်ရန် သိနေသည်။
မကြာမီ ချင်ရန်နှင့် အဖွဲ့သားများသည် ယွီတုန်းကို ဖမ်းဆီးကာ ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။
ညဉ့်နက်နေပြီ ဖြစ်ရာ ချန်ရှင်းချန်မှာ အိမ်သို့ ပြန်သွားပြီ ဖြစ်သည်။ ထိုအခါ ချင်ရန်သည် ယွီတုန်းကို အချုပ်ခန်းထဲ ထည့်ထားပြီး အမှုကို ဆရာဖြစ်သူ ချန်ဟောက်၏ လက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
သူကိုယ်တိုင်မူ ချန်ကျားကျားကို ချန်ရှင်းချန်၏ နေအိမ်သို့ လိုက်ပို့ရန် ရှကျဲနှင့်အတူ ထွက်လာခဲ့သည်။
နာရီဝက်ခန့်အကြာတွင် ချန်ရှင်းချန်၏ အိမ်သို့ ရောက်ရှိသွားရာ ချန်ရှင်းချန်သည် သမီးဖြစ်သူကို မြင်လိုက်ရသည့်အခါ မှင်တက်သွားတော့သည်။
သမီးဖြစ်သူက သူ့ထံတွင် လာရောက်နေထိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားသဖြင့် သူ အတော်လေး ပျာယာခတ်သွားရသည်။
ချင်ရန်က ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်။
ပထွေးဖြစ်သူ ယွီတုန်းသည် ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်ခဲ့သဖြင့် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခံရတော့မည် ဖြစ်ကြောင်းနှင့် ကျားကျား၏ မိခင်မှာ သမီးနှင့် အဆက်အသွယ် ဖြတ်လိုက်သဖြင့် ချန်ရှင်းချန်ကို စောင့်ရှောက်စေလိုကြောင်း ပြောပြသည်။
သို့သော် ချင်ရန်သည် ယွီတုန်းက ချန်ကျားကျားကို စော်ကားခဲ့သည့် အရေးကြီးဆုံးအချက်ကိုတော့ ဖုံးကွယ်ထားခဲ့လေသည်။
တချို့အရာများသည် ဖခင်ဖြစ်သူကို အသိမပေးခြင်းက အကောင်းဆုံးပင် ဖြစ်ကြောင်း သူ နားလည်ထားသောကြောင့် ဖြစ်သည်။ ဖခင်တစ်ယောက်အနေဖြင့် ထိုအကြောင်းကို သိသွားလျှင် လက်စားချေမှုက မည်မျှအထိ ပြင်းထန်မည်ကို ခန့်မှန်းရန်ပင် ခက်ခဲလွန်းလှသည်။
ချန်ရှင်းချန်သည် ချန်ကျားကျားကို ပြန်လည်စောင့်ရှောက်ခွင့် ရသည့်အတွက် အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေမိသည်။
ပထွေးဖြစ်သူ ယွီတုန်းမှာ ထိုမျှအထိ အောက်တန်းကျသော လူယုတ်မာမှန်း သိရသည့်အခါတွင်တော့ သူ အလွန်ဒေါသထွက်မိတော့သည်။
မိမိ၏ ဇနီးဟောင်းမှာ ထိုလူ့စရိုက်ကို သိနေပါလျက်နှင့် ဆက်လက်ပေါင်းသင်းနေသည်မှာ အံ့သြစရာပင်။
စည်းစိမ်ဥစ္စာများမှာ လူတစ်ယောက်၏ အပြစ်များကို ဆေးကြောပေးနိုင်သလား။
ထို့ပြင် ထိုလူယုတ်မာလက်ထဲတွင် မိမိသမီးကို ကြာရှည်စွာ အုပ်ထိန်းခိုင်းခဲ့မိသည်မှာ ပို၍ပင် ရင်နာစရာ ကောင်းလှသည်။
မည်သို့ပင်ဖြစ်စေ သမီးဖြစ်သူသည် သူနှင့်အတူ ရှိနေပြီဖြစ်ရာ ချန်ရှင်းချန်သည် ချင်ရန်ကို အလွန်ကျေးဇူးတင်နေမိသည်။
ချင်ရန်သာ ယနေ့ည ယွီတုန်းကို မဖမ်းဆီးခဲ့လျှင် သူသည် သမီးကို ပြန်စောင့်ရှောက်ရန် အခွင့်အရေး ရလာမည် မဟုတ်ပေ။
နောက်တစ်နေ့ နံနက်ခင်းတွင် ချန်ရှင်းချန်သည် တက်ကြွလန်းဆန်းသော မျက်နှာထားဖြင့် ရှိနေသည်။ မနေ့ညက စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်ခဲ့သော်လည်း သမီးဖြစ်သူကို ပြန်လည်စောင့်ရှောက်ရတော့မည်ဟူသော အတွေးက သူ့ကို အတိုင်းမသိ ပျော်ရွှင်စေသည်။
ထိုအချိန်တွင် ပါလီမြစ်ရဲစခန်း၌ စခန်းမှူး ဝမ်ရှောင်ယီသည် အစည်းအဝေးတစ်ခုကို အရေးတကြီး ခေါ်ယူလိုက်သည်။
သူ့မျက်နှာအမူအရာမှာ ယခင်ကထက် ပို၍ပင် တည်ကြည်လေးနက်နေလေ၏။
ချင်ရန်သည်လည်း လူအုပ်အလယ်တွင် ရပ်နေပြီး မည်သို့သော ကိစ္စကြီး ပေါ်ပေါက်လာသနည်းဟု တွေးတောနေမိသည်။
ဘေးနားရှိ လီတဝေက တိုးတိုးလေး မေးလာသည်။
"အစ်ကိုကြီးချင် ဘာဖြစ်တာလဲ သိလား"
"မသိဘူး စခန်းမှူးရဲ့ မျက်နှာ ဒီလောက် တည်တင်းနေတာမျိုးက မြင်ရခဲတယ်"
ချင်ရန်က ပြန်ပြောလိုက်သည်။
ထိုစဉ် ဝမ်ရှောင်ယီက ရပ်နေသော လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ချောင်ကျန့်ကျွင်းလည်း ပြန်ရောက်လာပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
"ကျန့်ကျွင်း မင်းယောက္ခမ အခြေအနေ ဘယ်လိုလဲ"
"သက်သာပါတယ်"
ဝမ်ရှောင်ယီက ခေါင်းငြိမ့်ပြပြီးနောက် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"အခုလာမယ့် တစ်လအတွင်းမှာ ငါတို့ ဖိန်လင်မြို့ကို စစ်အုပ်ချုပ်ရေးသဘောမျိုး ညမထွက်ရအမိန့် ထုတ်ပြန်လိမ့်မယ်၊ ဒီအမိန့်က တစ်လတိတိ ကြာမြင့်မှာ ဖြစ်တယ်"
စခန်းမှူး၏ ထိုစကားကြောင့် ရဲအရာရှိများအားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
မြို့တစ်မြို့ကို တစ်လတိတိ ပိတ်ဆို့ထားခြင်းသည် သာမန်ကိစ္စမဟုတ်ဘဲ ကြီးမားသော အရေးပေါ်အခြေအနေမျိုးတွင်သာ ကျင့်သုံးလေ့ရှိသောကြောင့် ဖြစ်သည်။
ဝမ်ရှောင်ယီက ဆက်ပြော၏။
"မနေ့ညကပဲ ငါ အကြောင်းကြားစာ လက်ခံရရှိခဲ့တယ်၊ အဲဒီထဲမှာ ပါတာကတော့ ငါတို့ ဖိန်လင်မြို့မှာ 'နိုင်ငံတကာ လူငယ်အားကစားပြိုင်ပွဲ' ကို လက်ခံကျင်းပဖို့ အတည်ပြုလိုက်ပြီ၊။ အဲဒီအချိန်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်က အဆင့်မြင့်ခေါင်းဆောင်တွေ ငါတို့ဖိန်လင်မြို့ကို ရောက်ရှိလာကြလိမ့်မယ်၊ ဒါကြောင့် နိုင်ငံတကာခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူရမယ့် တာဝန် ငါတို့မှာ ရှိလာပြီ"
စခန်းမှူး၏ စကားကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ဂုဏ်ယူဝမ်းမြောက်မှုနှင့်အတူ ကြီးလေးသော တာဝန်အတွက် စိုးရိမ်စိတ်တို့ ဒွန်တွဲပေါ်ပေါက်လာသည်။
ဝမ်ရှောင်ယီက ထပ်ပြောပြန်သည်။
"ဒါက တော်တော်ခက်ခဲပင်ပန်းတဲ့ တာဝန်တစ်ခုပဲဆိုတာ ငါသိတယ် ဒါပေမယ့် အထက်က ပြင်းထန်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီး နောက်တစ်လအတွင်း မြို့တစ်မြို့လုံးကို ပိတ်ဆို့ဖို့ အမိန့်ပေးထားတယ်"
အောက်တွင်ရှိသော ချင်ရန်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။
နိုင်ငံတကာခေါင်းဆောင်များ လာရောက်ခြင်းမှာ အရေးကြီးသော်လည်း ဘာကြောင့် တစ်လတိတိ ပိတ်ဆို့ရသနည်း။
"ဘာကြောင့် တစ်လတိတိ ညမထွက်ရအမိန့် ထုတ်ပြန်ရသလဲဆိုတာ မင်းတို့ သိချင်နေကြမှာပါ၊ အဓိက အကြောင်းအရင်းကတော့ နိုင်ငံတကာ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေက ဒီကာလအတွင်းမှာ ဖိန်လင်မြို့တစ်ခွင်မှာ တိုက်ခိုက်မှုပေါင်း ၁၀ ကြိမ်ထက်မနည်း ပြုလုပ်မယ်လို့ ကြေညာထားလို့ပဲ"
ဗုံးတစ်လုံးကဲ့သို့ ပြင်းထန်လှသည့် ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း အေးစက်တောင့်တင်းသွားပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
100
ရုတ်တရက်ပင် မည်သူမျှ စကားမဆိုနိုင်ကြတော့ဘဲ အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ဝမ်ရှောင်ယီက လေးနက်တည်ကြည်သော လေသံဖြင့် ဆက်လက်ပြောကြားလာသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီသတင်းကို ကြားရတဲ့အချိန်မှာ အထက်လူကြီးတွေ အတော်လေး ဒေါသထွက်သွားကြတယ်၊ ဘာလို့လဲဆိုတော့ ဒီ 'လူငယ်အားကစားပြိုင်ပွဲ' ဟာ ငါတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တော်တော်လေး ကြိုးစားအားထုတ်ပြီးမှ ရရှိခဲ့တဲ့ အခွင့်အရေးတစ်ခု ဖြစ်လို့ပဲ ဒါပေမဲ့ တချို့လူတွေက ငါတို့ကို မနာလိုဖြစ်ပြီး ဒီပွဲကို ချောချောမွေ့မွေ့ မကျင်းပနိုင်အောင် နှောင့်ယှက်ချင်နေကြတယ်၊ ကဲ မင်းတို့ စဉ်းစားကြည့်ကြစမ်း အားကစားပြိုင်ပွဲအတွင်းမှာ တစ်စုံတစ်ယောက်က ပြဿနာရှာပြီး အရှုပ်အထွေးကြီးတစ်ခု ဖန်တီးလိုက်မယ်ဆိုရင် အားကစားပြိုင်ပွဲကို လက်ခံကျင်းပတဲ့ ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်မှာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားလိမ့်မယ်"
စခန်းမှူး ဝမ်ရှောင်ယီက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူသည် ရာထူးကြီးမြင့်သော အရာရှိကြီးတစ်ဦး မဟုတ်ဘဲ ပါလီမြစ်ရဲစခန်း၏ စခန်းမှူးတစ်ဦးသာ ဖြစ်သော်လည်း ဤဖြစ်ရပ်ကို အလွန်လေးနက်စွာ သဘောထားသည်။
ယခုတစ်ကြိမ် အခြေအနေမှာ ယခင်က ဖြစ်ရပ်များနှင့် လုံးဝမတူညီတော့ဘဲ အဆင့်အတန်းချင်း ကွာခြားလှသည်။
ဤအားကစားပြိုင်ပွဲအတွက် ဖိန်လင်မြို့ အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ မြို့ပေါ်ရှိ ရဲစခန်းပေါင်း ၁၄၄ ခုလုံးကို အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားပြီး အစွမ်းကုန် စုစည်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။
အချိန်တန်လျှင် လုံခြုံရေး အမှားအယွင်းမရှိစေရန် ဆောင်ရွက်ရမည့် တာဝန်မှာ ဤအောက်ခြေရဲအရာရှိများ၏ ပုခုံးပေါ်သို့ တိုက်ရိုက်ကျရောက်လာမည် ဖြစ်သည်။
တကယ်တော့ 'တာရှမင်းဆက်’ အနေဖြင့် ဤကဲ့သို့သော ဖျက်ဆီးသူများကို ကိုင်တွယ်ရန် စစ်တပ်ကို အသုံးပြုလိမ့်မည် မဟုတ်ပေ။
ထိုသို့လုပ်ဆောင်ခြင်းမှာ ပုရွက်ဆိတ်ကို အမြောက်နှင့်ပစ်သကဲ့သို့ ဖြစ်နေပြီး လူရယ်စရာသာ ဖြစ်ပေလိမ့်မည်။
ရန်သူက ကောလာဟလတစ်ခု ဖြန့်လိုက်ရုံနှင့် စစ်တပ်ကိုပါ ထုတ်သုံးရသလားဟု အလှောင်ခံရမည်မှာ မလွဲဧကန်ပင်။
ထို့ကြောင့်လည်း ဤကြီးလေးသော တာဝန်ကို အောက်ခြေအဆင့် ရဲတပ်ဖွဲ့များထံသို့သာ ယုံကြည်စိတ်ချစွာ လွှဲအပ်လိုက်ခြင်း ဖြစ်သည်။
ရဲစခန်းငယ်လေးတိုင်းတွင် ဤခက်ခဲပင်ပန်းလှသော တာဝန်ကို အသီးသီး ခွဲတမ်းရရှိခဲ့ကြသည်။
ပါလီမြစ်ရဲစခန်းသည်လည်း မြို့လယ်ခေါင်နှင့် နီးစပ်သော ရဲစခန်း ၁၀ ခုထဲမှ တစ်ခုအပါအဝင် ဖြစ်နေသည်။
အမျိုးသားလူငယ်အားကစားပြိုင်ပွဲ ကျင်းပမည့်နေရာမှာ ပါလီမြစ်နှင့် ၆ ကီလိုမီတာခန့်သာ ဝေးကွာသဖြင့် အလွန်နီးကပ်သည်ဟု ဆိုနိုင်သည်။
ဝမ်ရှောင်ယီ၏ မိန့်ခွန်းကြောင့် ပါလီမြစ်ရှိ ရဲအရာရှိအားလုံးမှာ တာဝန်အသိစိတ်ဖြင့် လေးနက်တည်ကြည်သွားကြသည်။
လီတဝေ၊ ယန်ရှု၊ ကျောက်ကျိဝေ့နှင့် တခြားသူများမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့သည် ပါလီမြစ်ရဲစခန်းသို့ ရောက်လာသည်မှာ တစ်လပင် မပြည့်သေးဘဲ ရက်ပေါင်း ၁၅ ရက်ခန့်သာ ရှိသေးသော်လည်း ဤကဲ့သို့ ကြီးမားသည့် တာဝန်ကို ထမ်းဆောင်ရတော့မည် ဖြစ်ရာ ၎င်းမှာ သူတို့အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။
ထိုစဉ်မှာပင် ချောင်ကျန့်ကျွင်းက ဝင်ပြောလာသည်။
"စခန်းမှူး ကျွန်တော်တို့က အခြေအနေကို ပုံကြီးချဲ့လွန်းနေတာများလား၊ တစ်ဖက်က ခြိမ်းခြောက်ရုံလေးကို ဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်နေဖို့ လိုလို့လား?"
ထိုစကားကို ကြားသည့်အခါ ဝမ်ရှောင်ယီက လေးနက်စွာ ပြန်တုံ့ပြန်လိုက်သည်။
"အနည်းငယ်သော ဖြစ်နိုင်ခြေရှိနေသရွေ့ ငါတို့ဘက်က လက်လွတ်စပယ် မနေသင့်ဘူး ချောင်ကျန့်ကျွင်း၊ ဒါကို မင်း အာမခံနိုင်လား"
"ဒါပေမဲ့"
ချောင်ကျန့်ကျွင်း တစ်ခုခု ထပ်မံပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ရှောင်ယီ၏ ဖုန်းက မြည်လာသည်။
ဖုန်းကို ကိုင်၍ နားထောင်လိုက်သည်နှင့် ဝမ်ရှောင်ယီ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ဆိုးရွားသော သတင်းတစ်ခုကို ကြားလိုက်ရသကဲ့သို့ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
"ဘာ ဟုတ်ကဲ့ နားလည်ပါပြီ၊ ကျွန်တော် အခုချက်ချင်း လူတွေကို ခေါ်ပြီး လာခဲ့ပါ့မယ်"
စကားအနည်းငယ် ပြောပြီးနောက် ဝမ်ရှောင်ယီ ဖုန်းချလိုက်သည်။
သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နဖူးပေါ်တွင် အေးစက်သော ချွေးစက်များ စီးကျနေသည်ကို ချင်ရန် မြင်လိုက်ရသည်။
'သူ ဘာသတင်းများ ကြားလိုက်ရလို့လဲ’
"အားလုံး နားထောင်ကြ တကယ့်ကို ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ"
ဝမ်ရှောင်ယီက ဂရုတစိုက် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ စခန်းမှူး"
ချောင်ကျန့်ကျွင်းက မေးလိုက်၏။
"ငါတို့နဲ့ ၂ ကီလိုမီတာလောက်ပဲ ဝေးတဲ့ 'ရှင်းဟွာ' ဈေးဝယ်စင်တာထဲမှာ ဗုံးတစ်လုံး ထောင်ထားတာကို တွေ့ရတယ်လို့ တိုင်ကြားချက် အခုပဲ ရောက်လာတယ်"
ထိုစကားမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
ဈေးဝယ်စင်တာထဲမှာ ဗုံးထောင်ထားတယ် ဆိုပါလား။
ချောင်ကျန့်ကျွင်းက အလောတကြီး မေးလိုက်၏။
"ဘာ ဗုံးထောင်ထားတယ်၊ ပေါက်ကွဲသွားပြီလား၊ လူတွေ ထိခိုက်မှုရော ရှိလား"
"မပေါက်ကွဲသေးဘူး၊ ကြည့်ရတာ ဒါက သတိပေးချက်တစ်ခုပဲ ထင်တယ်၊ ဗုံးပေါ်မှာလည်း စာတစ်စောင် ကပ်ထားတယ်တဲ့၊ ကဲ အခုချက်ချင်းပဲ အဲဒီကို သွားကြရမယ်၊ ဗုံးရှင်းလင်းရေး ကျွမ်းကျင်ပညာရှင်တွေကိုလည်း တစ်ခါတည်း ဆက်သွယ်ပြီး အတူသွားကြမယ်"
ဝမ်ရှောင်ယီသည် ပါလီမြစ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အများစုကို ခေါ်ဆောင်သွားတော့သည်။
ဈေးဝယ်စင်တာအတွင်းရှိ လူထောင်ပေါင်းများစွာကို အပြင်သို့ ရွှေ့ပြောင်းပေးရန်နှင့် လုံခြုံရေးစည်းများ တားဆီးရန်မှာ လူအင်အား အမြောက်အမြား လိုအပ်သောကြောင့် ဖြစ်သည်။
ချင်ရန်လည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။
၅ မိနစ်ခန့်အကြာတွင် ဝမ်ရှောင်ယီနှင့် ပါလီမြစ်ရဲတပ်ဖွဲ့ဝင် အုပ်စုကြီးသည် ရှင်းဟွာဈေးဝယ်စင်တာရှေ့သို့ အပြေးအလွှား ရောက်ရှိလာသည်။
ထိုအချိန်တွင် ဈေးဝယ်စင်တာအတွင်း၌ ဗုံးရှိနေကြောင်း သတင်းမှာ လူထုကြား ပျံ့နှံ့သွားပြီဖြစ်ရာ လူအများအပြားမှာ ထိတ်လန့်တကြားနှင့် အလောတကြီး တိုးဝှေ့ထွက်ပြေးနေကြသည်။
ဤသည်မှာ မြို့သူမြို့သားများအတွက် မယုံနိုင်စရာကောင်းလှသလို တကယ့်ကို ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ပင်။
"အားလုံး ဖယ်ပေးကြပါ၊ ကျွန်တော်တို့က ရဲတွေပါ၊ လူစုခွဲပြီး အနောက်ကို ဆုတ်ပေးကြပါ"
ကောင်းချောင်၊ ချောင်ကျန့်ကျွင်း၊ ချန်ဟောက်နှင့် တခြားသူများသည် လူအုပ်ကြီးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် တာဝန်ယူလိုက်ကြသည်။
နောက်ဆုံးတွင် ဈေးဝယ်စင်တာအတွင်းရှိ လူထောင်ပေါင်းများစွာကို အပြင်သို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။
သို့သော် ထိုလူအုပ်ကြီးမှာ အိမ်သို့မပြန်ကြဘဲ လုံခြုံရေးစည်း အပြင်ဘက်တွင် စုရုံးရပ်နားကာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
အင်တာနက်သတင်းများကြောင့် လူအများစုမှာ အားကစားပြိုင်ပွဲအတွင်း တစ်စုံတစ်ယောက်က ပြဿနာရှာရန် ကြံစည်နေသည်ကို သိထားကြပြီးသား ဖြစ်ရာ ယခုကဲ့သို့ လက်တွေ့ဖြစ်ရပ်နှင့် ကြုံလိုက်ရသောအခါ ဖိန်လင်မြို့သူမြို့သားများမှာ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။
ယခုလုပ်ရပ်မှာ ရန်သူ၏ ပထမဆုံးသော အင်အားပြမှုပင် ဖြစ်ပေလိမ့်မည်။
မကြာမီတွင် ဗုံးရှင်းလင်းရေးအဖွဲ့ ရောက်ရှိလာပြီး ဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်သွားကြသည်။
နာရီဝက်ခန့် ကြာပြီးနောက် ဗုံးရှင်းလင်းရေးအဖွဲ့ ပြန်လည်ထွက်ခွာလာသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှောင်ယီက အပြေးအလွှား သွားမေးလိုက်သည်။
“ဘယ်လိုလဲ ဗုံးကို ရှင်းလင်းပြီးပြီလား”
ဗုံးရှင်းလင်းရေး ပညာရှင်က သက်ပြင်းတစ်ချက်ချကာ သူ့ခေါင်းစွပ်ကို ချွတ်လိုက်သည်။
"ပြဿနာ မရှိပါဘူး၊ ဗုံးကို ဖြုတ်လိုက်နိုင်ပါပြီ၊ ဒါနဲ့ ဒါက ဗုံးပေါ်မှာ ကပ်ထားတဲ့ စာပါ"
ပညာရှင်က လိပ်ထားသော စာရွက်ကလေးတစ်ခုကို ဝမ်ရှောင်ယီထံ ကမ်းပေးလိုက်သည်။
ဝမ်ရှောင်ယီက စာရွက်ကိုယူကာ စူးစမ်းစွာ ဖွင့်ဖတ်လိုက်သည်။
ထို့နောက် စာထဲတွင် ရေးထားသည်များကို ဖတ်လိုက်ရသည့်အခါ ဝမ်ရှောင်ယီ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
စာရွက်ကို ကိုင်ထားသော သူ့လက်များမှာလည်း တစက်စက် တုန်ရီနေသည်။
"ဒါက မျက်လှည့်ပြတာပဲ တကယ်တော့ ရှင်းဟွာဈေးဝယ်စင်တာထဲမှာ နောက်ထပ် ဗုံး ၁၀ လုံးထက်မနည်း ဝှက်ထားသေးတယ်တဲ့"
ဝမ်ရှောင်ယီ၏ နှုတ်ခမ်းများ တုန်ရီနေသည်။
ထိုစကားကို ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း အနားတွင်ရှိနေသော ချောင်ကျန့်ကျွင်း၊ ကောင်းချောင်၊ ချင်ရန်နှင့် ယန်ရှုတို့က ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"စခန်းမှူး တကယ်ကြီးလား"
ကောင်းချောင်က အနားသို့ တိုးကြည့်လိုက်ရာ စာထဲတွင် ရေးထားသည်ကို တွေ့လိုက်ရသည်။
"ဒီဗုံးကို ဘာလို့ အခုလို အတိအလင်း အသိပေးရသလဲဆိုတာကို မင်းတို့ သိချင်လား၊ ရှင်းရှင်းလေးပါ လူတိုင်းကို ပေါက်ကွဲထွက်လာမယ့် အလှတရားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့စေချင်လို့ပဲ၊ ဘယ်လိုလဲ ရင်ခုန်သွားလား ဟားဟား၊ ရှင်းဟွာဈေးဝယ်စင်တာထဲမှာ နောက်ထပ် ဗုံး ၁၀ လုံး ဝှက်ထားသေးတယ်၊ အခု ဒီစာကို မင်းတို့ဖတ်ပြီး နောက် ၁၅ မိနစ်လောက် ကြာရင် အဲဒီဗုံးတွေ ပေါက်ကွဲသွားလိမ့်မယ်၊ ကဲ အားလုံးပဲ စောင့်ကြည့်နေလိုက်ကြပါဦး"
စာသားမှာ တိုတောင်းသော်လည်း ရဲတပ်ဖွဲ့ကို အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေလေသည်။
၎င်းတို့သည် ရဲတပ်ဖွဲ့ကို အရှက်ခွဲရန်နှင့် ပေါက်ကွဲမှုကို မျက်မြင်တွေ့စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းပင်။
ကောင်းချောင်တစ်ယောက် စာကိုဖတ်ပြီး တစ်ကိုယ်လုံး တုန်ရီသွားသည်။
သူတို့အဖွဲ့သည် ရည်ရွယ်ချက်ရှိရှိ ဤနေရာသို့ မျှားခေါ်ခံလိုက်ရပြီး ပေါက်ကွဲမှုကြီးကို အစွမ်းမဲ့စွာ ငေးကြည့်နေရမည့် အခြေအနေသို့ ရောက်သွားခြင်း ဖြစ်သည်။
ဤသည်မှာ ဖိန်လင်မြို့ ရဲတပ်ဖွဲ့တစ်ခုလုံးကို အကြီးအကျယ် စော်ကားလိုက်ခြင်းပင်။
ဝမ်ရှောင်ယီက စာရွက်ကို တင်းတင်းဆုပ်ထားမိပြီး အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်စိတ်များ ပေါက်နေသည်။
ထိုစဉ် ချင်ရန်က လေးနက်သောအသံဖြင့် ကြားဖြတ်ပြောလိုက်သည်။
"စခန်းမှူး ကျွန်တော်လည်း အဲဒီစာကို ကြည့်ပါရစေ"
ဝမ်ရှောင်ယီက စာရွက်ကို ချင်ရန်ထံ ကမ်းပေးလိုက်ပြီး ချောင်ကျန့်ကျွင်းဘက်သို့ လှည့်ကာ မေးလိုက်၏။
"ဈေးဝယ်စင်တာထဲက လူတွေ အကုန်အပြင်ကို ရောက်သွားကြပြီလား"
"အားလုံး အကုန် ထွက်သွားပါပြီ၊ ဈေးဝယ်သူတွေရော၊ ဝန်ထမ်းတွေရောပါ တစ်ယောက်မှ မကျန်တော့ပါဘူး"
ချောင်ကျန့်ကျွင်းက ပြန်ဖြေလိုက်သည်။
အခြားတစ်ဖက်တွင် ချင်ရန်သည် စာထဲမှ အကြောင်းအရာများကို ဖတ်ပြီးသွားသည်နှင့် မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်ထားမိသည်။
ရဲတပ်ဖွဲ့ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ထားသည့်အတွက် ရင်ထဲတွင် အရှက်ရမှုကို ခံစားလိုက်ရသည်။
ဤလူသည် ဗုံး ၁၀ လုံးရှိသည်ဟုသာ ပြောထားသော်လည်း သူ့အဓိက ရည်ရွယ်ချက်မှာ ဘာလဲ၊ ဘာကြောင့် ယခုလို လုပ်ဆောင်ရတာလဲ ဆိုသည်ကိုမူ လုံးဝ ထည့်သွင်းပြောဆိုထားခြင်း မရှိပေ။
ထို့အပြင် ဤသည်မှာ ခြိမ်းခြောက်ရုံ သက်သက်လား သို့မဟုတ် တကယ်ပင် ဗုံး ၁၀ လုံး ရှိနေလားဆိုသည်ကို အတည်ပြုရန် မဖြစ်နိုင်သေးပေ။
သို့သော် ခြိမ်းခြောက်ရုံဖြစ်စေ၊ တကယ်ရှိသည်ဖြစ်စေ ချင်ရန်ကတော့ ဤကိစ္စအား အတည်ဟု မှတ်ယူရန် ဆုံးဖြတ်ထားလိုက်၏။
ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးနှင့် ပတ်သက်လာလျှင် သူသည် မည်သည့်အခါမျှ ပေါ့ပေါ့တန်တန် သဘောမထားနိုင်သောကြောင့် ဖြစ်သည်။