← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

101

ချင်ရန်သည် လက်ထဲမှစာရွက်ကို ယန်ရှုနှင့် တခြားသူများ ဖတ်ရှုနိုင်ရန် ကမ်းပေးလိုက်သည်။

ယန်ရှုတို့အဖွဲ့သည်လည်း စာထဲမှ အကြောင်းအရာများကို မြင်လိုက်ရသည့်အခါ အကြီးအကျယ် ဒေါသထွက်သွားကြတော့သည်။

ဤတရားခံမှာ တကယ့်ကို အတင့်ရဲလွန်းလှသည်။

သူသည် မည်သို့သော သတ္တိမျိုးဖြင့် ဤမျှအထိ မောက်မာရဲသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ထိုခဏတွင် ချင်ရန်သည် သူ၏စူးရှသော မျက်ဝန်းများဖြင့် လုံခြုံရေးစည်း အပြင်ဘက်ရှိ ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို ဖြည်းညှင်းစွာ ဝေ့ကြည့်လိုက်သည်။

တရားခံမှာ အလွန်ပင် ထောင်လွှားလွန်းသည်။

ရဲတပ်ဖွဲ့ဝင်များကို ဤနေရာသို့ မျှားခေါ်ပြီးမှ ပေါက်ကွဲမှုပျက်စီးခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့စေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဤသည်မှာ သူ၏အင်အားပြမှု သက်သက်သာဖြစ်ပြီး 'ကြိုဆိုလက်ဆောင်' တစ်ခုသာဖြစ်ကြောင်းလည်း စာထဲတွင် ရေးသားထားလေသည်။

သူသည် တိုက်ရိုက်ဖောက်ခွဲခြင်းမပြုဘဲ ရဲများကို ကြိုတင်အသိပေးကာ လူအုပ်ကြီးကို ဖယ်ရှားခွင့် ပေးခဲ့သည်။

၎င်းမှာ ရဲတပ်ဖွဲ့အပေါ် အဆုံးစွန်ထိ အထင်အမြင်သေးကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဤလူသည် အလွန်မာနကြီးသူဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် သူသည် သေချာပေါက် ထောင်ပေါင်းများစွာသော ထိုလူအုပ်ကြီးထဲတွင် ရောနှောပုန်းအောင်းကာ သူတို့အရှက်ရနေသည်ကို ကြည့်နေလိမ့်မည်ဟု ချင်ရန် တွက်ဆလိုက်သည်။

"စခန်းမှူး ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ၊ ပေါက်ကွဲမှုကို ဒီအတိုင်း ထိုင်စောင့်နေရမှာလား၊ ဘာမှလုပ်လို့ မရတော့ဘူးလား”

ကောင်းချောင်က ဝမ်ရှောင်ယီအနားသို့ကပ်ကာ ဒေါသတကြီးဖြင့် ခပ်တိုးတိုး မေးလိုက်သည်။

ဝမ်ရှောင်ယီမှာ မျက်မှောင်ကို တင်းတင်းကြုတ်ထားသော်လည်း သူ့မျက်နှာအမူအရာမှာ ကူကယ်ရာမဲ့နေပုံရသည်။

အခု သူတို့ ဘာလုပ်နိုင်ဦးမှာလဲ။

ဗုံးရှင်းလင်းရေးအဖွဲ့ကို အထဲပြန်လွှတ်ပြီး အသေးစိတ် ရှာခိုင်းရမလား။

ထိုသို့ရှာနေစဉ်မှာပင် ဗုံးက ပေါက်ကွဲသွားနိုင်သဖြင့် ဗုံးရှင်းလင်းရေးသမားများ၏ အသက်ကို အလဟဿ အဆုံးရှုံးမခံနိုင်ပေ။

သို့သော် ဘာမှမလုပ်ဘဲ နေမည်ဆိုလျှင်လည်း ဖုန်းကိုယ်စီကိုင်ထားသော ထောင်နှင့်ချီသည့် လူအုပ်ကြီးမှာ သူတို့ရှေ့တွင် ရှိနေသည်။

တကယ်လို့သာ ပေါက်ကွဲမှု ဖြစ်သွားခဲ့လျှင် လူအုပ်ကြီးက ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် တင်ကြလိမ့်မည် မဟုတ်ပါလား။

'ဗုံးပေါက်ကွဲချိန်မှာ ပါလီမြစ်ရဲစခန်းက ရဲတွေ အကုန်လုံး ရှိနေကြပါလျက်နဲ့ ဘာမှမတတ်နိုင်ခဲ့ဘူး' ဆိုသည့် သတင်းမျိုးသာ ထွက်လာခဲ့လျှင် ပြည်သူများက ရဲတပ်ဖွဲ့အပေါ် မည်သို့ ထင်မြင်သွားကြမည်နည်း။

အထက်လူကြီးများကသာ အပြစ်တင်လာလျှင် သူသည် စခန်းမှူးတစ်ယောက်အနေဖြင့် ရာထူးတွင် ဆက်ရှိနေနိုင်ပါဦးမလားဆိုသည်မှာ မသေချာတော့ချေ။

လူထောင်ပေါင်းများစွာ၏ ရှေ့မှောက်တွင် ဈေးဝယ်စင်တာကြီး တစ်ခုလုံး ပေါက်ကွဲသွားပြီး ဝမ်ရှောင်ယီနှင့် သူ့အဖွဲ့မှာ ဘာမှမတတ်နိုင်ခဲ့ဟု ဆိုလျှင် ဤသတင်းမှာ မြို့တော်အထိ ရောက်သွားပေလိမ့်မည်။

'တာရှမင်းဆက်' တွင် တာဝန်ယူမှု၊ တာဝန်ခံမှု ယန္တရားမှာ အလွန်အရေးပါလှသည်။

ဆိုလိုသည်မှာ မိမိအပိုင်နယ်မြေအတွင်း တစ်စုံတစ်ရာ မှားယွင်းသွားပါက မိမိအနေဖြင့် မည်သို့မျှ မတတ်နိုင်သည့် အခြေအနေမျိုးဖြစ်စေကာမူ ပြည်သူ့ဒေါသကို ဖြေသိမ့်ရန်အတွက် သေချာပေါက် အပြစ်ပေးခံရမည်သာ ဖြစ်သည်။

"ကောင်းပြီ လူအုပ်ကို ဆက်ပြီး ဖယ်ရှားကြ၊ နောက်ကို ပိုဆုတ်ခိုင်းလိုက်၊ ပေါက်ကွဲမှုက ဘယ်လောက်အထိ ပြင်းထန်မလဲဆိုတာ ငါတို့ မသိရသေးဘူး"

ဝမ်ရှောင်ယီက စိတ်ပျက်လက်ပျက်ဖြင့် အမိန့်ပေးလိုက်သည်။

ထိုအချိန်မှာပင် ဘေးမှစောင့်ကြည့်နေသော လူအုပ်ကြီးထဲတွင် အရပ် ၁.၆ မီတာခန့်သာရှိသော ပိန်ပိန်ပါးပါး လူတစ်ယောက်သည် ဝမ်ရှောင်ယီ၏ ကူကယ်ရာမဲ့နေသော မျက်နှာထားကို ကြည့်ကာ ကျေနပ်ပီတိဖြစ်နေသည်။

"ညံ့လိုက်တာ တကယ်ကို အသုံးမကျလိုက်တဲ့ကောင်တွေ"

ထိုလူပုလေးမှာ သူ့ဖုန်းကို အသင့်ထုတ်ထားပြီးသား ဖြစ်သည်။ သူ၏တွက်ချက်မှုအရဆိုလျှင် ပေါက်ကွဲရန် ၁၀ မိနစ်ခန့်သာ လိုတော့သည်။

သူသည် ထိုခမ်းနားသော ပေါက်ကွဲမှုမြင်ကွင်းကို ဗီဒီယိုရိုက်ကာ ဌာနချုပ်သို့ ပေးပို့ရန် ပြင်ထားပြီး ဖြစ်သည်။

ဤသို့သာ ဖြစ်သွားပါက ဖိန်လင်မြို့သည် တစ်ကမ္ဘာလုံးတွင် ဟိုးဟိုးကျော်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် တရုတ်ပြည်၏ ဂုဏ်သိက္ခာမှာလည်း ကမ္ဘာ့အလယ်တွင် မြေခသွားပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ချင်ရန်သည် လူအုပ်ကြီးအနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။

အပေါ်ယံကြည့်လျှင်တော့ လုံခြုံရေးစည်းကို စစ်ဆေးသည့် ရဲတစ်ဦးနှင့် တူသော်လည်း အမှန်တကယ်တွင်မူ သူသည် သူ၏ 'ရာဇဝတ်ကောင်ရှာဖွေရေး ရေဒါ' ကို အသုံးပြု၍ တရားခံကို ရှာဖွေနေခြင်း ဖြစ်သည်။

ချင်ရန်၏ တွက်ချက်မှုအရ ထိုရာဇဝတ်ကောင်မှာ အလွန်ပင် မောက်မာသူဖြစ်ရာ ပါလီမြစ်အဖွဲ့သားများ အရှက်ရနေသည်ကို အနီးကပ်ကြည့်ရှုနိုင်ရန် ရှေ့ဆုံးတန်းမှာပင် ရှိနေဖို့ များလှသည်။

"ဒင်! မစ်ရှင် စတင်ပါပြီ - ပထမအဆင့် ရာဇဝတ်ကောင်ကို ဖမ်းဆီးပါ၊ ဆုလာဘ် - အဆင့်မြင့် အာရုံခြောက်ပါး - မီတာ ၅၀ ပတ်လည်ရှိ အရာအားလုံးကို အာရုံခံနိုင်စွမ်း)”

ချင်ရန်၏ ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်သွားသည်။ တစ်ဆက်တည်းမှာပင် စနစ်၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ဒင်! ပထမဆင့်ရာဇဝတ်ကောင်ကို တွေ့ရှိပါပြီ၊ ပစ်မှတ်ရှိရာ အရပ်မျက်နှာကို ညွှန်ပြနေပါပြီ"

ချင်ရန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်ထွက်လာသည်။ သူအမျှော်လင့်ဆုံးအရာသည် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီဖြစ်သည်။

မကြာမီ သူ့အကြည့်မှာ လူအုပ်ထဲရှိ ပိန်ပိန်ပါးပါး လူတစ်ယောက်ဆီတွင် ရပ်တန့်သွားသည်။

ထိုသူမှာ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေပြီး သူတောင်းစားတစ်ယောက်နှင့်ပင် တူနေသော်လည်း သူ၏မျက်ဝန်းထဲတွင်တော့ အေးစက်လှောင်ပြောင်သော အပြုံးတစ်ခု ရှိနေသည်။

ချင်ရန်သည် ထိုသူ့ထံသို့ မသိမသာ ချဉ်းကပ်သွားလိုက်သည်။

ထိုလူပုလေးမှာ ရဲတစ်ယောက် သူ့ဆီလာနေသည်ကို မြင်သော်လည်း အစပိုင်းတွင် သတိမထားခဲ့ချေ။

သို့သော် နောက်ပိုင်းတွင် ထိုရဲမှာ မိမိအား ပစ်မှတ်ထားကာ တန်းတန်းမတ်မတ် လာနေသည်ကို သတိပြုမိသွားသည့်အခါ သူ၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း တည်တည်ငြိမ်ငြိမ်ပင် နေလိုက်၏။

'ဒီရဲက ငါ့ဆီ ဘာလို့ လာနေတာလဲ၊ ငါ့ကို ရိပ်မိသွားတာလား’

လူပုလေးသည် သူ ဗုံးထောင်စဉ်က တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့သလားဟု အမြန် ပြန်စဉ်းစားလိုက်သည်။

သူသည် ဗုံးထောင်စဉ်က အရပ်မြှင့်ဖိနပ်များကို ဝတ်ဆင်ခဲ့သလို၊ အဝတ်အစားများမှာလည်း လုံးဝကွဲပြားကာ ခန္ဓာကိုယ်ပုံစံမတူစေရန် အဝတ်ထဲတွင် ဖောင်းကြွပစ္စည်းများ ထည့်ထားခဲ့သေးသည်။

စီစီတီဗွီကင်မရာများကိုလည်း အလွန်သတိထားခဲ့သဖြင့် သူ့မျက်နှာကို မြင်တွေ့ရန် မဖြစ်နိုင်ဟု သူ ယူဆထားသည်။

ထိုစဉ်မှာပင် လူပုလေး၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။

အိတ်ကပ်ထဲတွင် 'ရှင်းဟွာ' ဈေးဝယ်စင်တာ၏ တည်ဆောက်ပုံမြေပုံ ထည့်ထားမိသည်ကို သတိရသွားသောကြောင့် ဖြစ်သည်။

သူသည် ဗုံးထောင်ရန် ၃ ရက်တိုင်တိုင် ဈေးဝယ်စင်တာကို စစ်ဆေးခဲ့ပြီး ဗုံးထောင်မည့်နေရာများကို မြေပုံထဲတွင် မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ရဲတွေက ထိုစာရွက်ကို တွေ့သွားလျှင် ငြင်းမရသောသက်သေ ခိုင်လုံသွားပြီ ဖြစ်သည်။

သူ့မျက်နှာချင်းဆိုင်ရှိ ရဲမှာလည်း မိမိထံသို့သာ ဦးတည်၍ တည့်တည့်လာနေသဖြင့် လူပုလေးမှာ အခြေအနေကို ရိပ်မိသွားတော့သည်။

ထိုအခိုက်တွင် သူ့ဦးနှောက်မှာ လျှပ်စစ်စီးသကဲ့သို့ အလုပ်လုပ်သွားပြီး အိတ်ကပ်ထဲမှ စာရွက်ကို အမြန်ဆွဲထုတ်ကာ ပါးစပ်ထဲသို့ ထိုးထည့်၍ အထောက်အထား ဖျောက်ဖျက်ရန် ကြိုးစားလိုက်သည်။

"အဲဒါ ဘာလဲ၊ သက်သေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာလား”

ချင်ရန်မှာ ထိုသူနှင့် ၅ မီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ထိုသူက တစ်ခုခုကို ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ဘာဖြစ်မည်ကို ချက်ချင်း သိလိုက်သည်။

ဝုန်း…

ချင်ရန်သည် ချက်ချင်းပင် ကျားသစ်တစ်ကောင်အလား လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ပြေးထွက်သွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်ရန်၏လက်မှာ ထိုလူပုလေး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီးသား ဖြစ်သည်။

ဂျွတ်!

ချင်ရန်မှာ လုံးဝ ညှာတာခြင်း မရှိပေ။

ဤသူမှာ ဗုံးထောင်သည့် တရားခံ ဟုတ်သည်မဟုတ်သည်ထက် သူသည် ကြီးလေးသော ပြစ်မှုကျူးလွန်ထားသည့် ပထမအဆင့် ရာဇဝတ်ကောင် ဖြစ်နေသည့်အတွက် ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်ခြင်းဖြစ်သည်။

"အား”

လူပုလေးမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရသည်။

စာရွက်မှာ ပါးစပ်ထဲရောက်ရန် ဆံခြည်မျှင်သာ လိုတော့သည့်အချိန်တွင် ချင်ရန်က သူ့လက်ကို ဖမ်းဆုပ်လိုက်ခြင်း ဖြစ်သည်။

"ပေးစမ်း”

ချင်ရန်က လက်ချောင်းနှစ်ချောင်းဖြင့် ထိုလူပုလေး၏ လက်ထဲမှ စာရွက်ကို ဆွဲယူလိုက်သည်။

"မလုပ်နဲ!”

လူပုလေးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားတော့သည်။

ထိုဖြစ်ရပ်ကြောင့် ဘေးမှာ ကြည့်နေကြသော ပြည်သူများသာမက အဝေးတွင်ရှိနေသော ဝမ်ရှောင်ယီ၊ ကောင်းချောင်နှင့် ချောင်ကျန့်ကျွင်းတို့ပါ အံ့အားသင့်သွားကြသည်။

"ဘာဖြစ်တာလဲ၊ ချင်ရန် ဘာလုပ်နေတာလဲ”

ဝမ်ရှောင်ယီနှင့် အဖွဲ့သားများ ချင်ရန်ရှိရာသို့ ချက်ချင်း ပြေးလာကြသည်။

"စခန်းမှူး၊ ဒီလူက ဗုံးထောင်တဲ့ တရားခံပဲ၊ ကျွန်တော့်လက်ထဲမှာ သက်သေရှိတယ်"

ချင်ရန်၏ မျက်နှာမှာ အလွန်အေးစက်နေသည်။

"လူအုပ်ထဲမှာ ဒီလူက မသင်္ကာစရာတွေ လုပ်နေတာကို တွေ့လို့ ကျွန်တော် သွားစစ်တာပါ၊ သူက ပျာယာခတ်ပြီး သက်သေဖျက်ဆီးဖို့ ကြိုးစားလိုက်ရာကနေ မိသွားတာပဲ၊ သူ့လက်ထဲက စာရွက်ကို ကျွန်တော် လုယူလိုက်တဲ့အခါ ဒါတွေအားလုံးကို သူလုပ်ခဲ့တယ်ဆိုတာ သေချာသွားပြီ”

ချင်ရန်က ခိုင်လုံသော အကြောင်းပြချက်ကို ချက်ချင်း ပေးလိုက်ပြီး စာရွက်ကို ဝမ်ရှောင်ယီထံ ကမ်းပေးလိုက်သည်။

ဝမ်ရှောင်ယီ ယူကြည့်လိုက်သည့်အခါ သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ထိုစာရွက်ပေါ်တွင် ရှင်းဟွာဈေးဝယ်စင်တာ၏ တည်ဆောက်ပုံကို အသေးစိတ် ဖော်ပြထားပြီး ဗုံးထောင်ထားသည့် နေရာများကိုလည်း အတိအကျ မှတ်သားထားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဝမ်ရှောင်ယီက ထိုမြေပုံကို ဗုံးရှင်းလင်းရေး ပညာရှင်ထံ ချက်ချင်း ပေးလိုက်ပြီး အရေးတကြီး ပြောလိုက်သည်။

"ငါတို့မှာ အချိန်လုံလောက်သေးတယ်၊ ဒီမြေပုံနဲ့ဆိုရင် ဗုံးတွေကို အမြန်သွားဖြုတ်လို့ ရနိုင်မလား”

102

ချင်ရန် သိမ်းဆည်းနိုင်ခဲ့သော စာရွက်ပေါ်တွင် ဗုံး ၁၀ လုံးရှိမည့် နေရာများကို အထင်အရှား မှတ်သားထားသည်။

၎င်းနေရာများမှာ လူသူအရောက်အပေါက်နည်းပြီး မည်သူမျှ ထင်မှတ်မထားမည့် အကွယ်အလပ် နေရာများသာ ဖြစ်သည်။

"အရင်သွားကြည့်ကြတာပေါ့၊ အခွင့်အရေးရှိတုန်း အမြန်ဆုံး ဖြုတ်နိုင်အောင် ကြိုးစားကြည့်မယ်”

ဗုံးရှင်းလင်းရေး အဖွဲ့ဝင်များက လေးနက်သော မျက်နှာထားများဖြင့် ပြောလိုက်ကြသည်။

ဗုံးပေါက်ကွဲရန် အချိန်ရေတွက်မှုမှာ အလွန်နီးကပ်နေပြီ ဖြစ်သော်လည်း သူတို့အနေဖြင့် မဖြစ်မနေ ကြိုးစားရမည်ဖြစ်သည်။

အချိန်ကြန့်ကြာသွား၍ ပေါက်ကွဲမှုဖြစ်ပွားပါက မည်မျှအထိ ရိုက်ခတ်မှုကြီးမားမည်ကို သူတို့ ကောင်းကောင်းသိထားသောကြောင့် ဖြစ်သည်။

မကြာမီ ဗုံးရှင်းလင်းရေးအဖွဲ့သည် ဈေးဝယ်စင်တာအတွင်းသို့ အလျင်အမြန် ပြန်ဝင်သွားကြသည်။

ထိုအခြေအနေကို မြင်လိုက်ရသော အနီးအနားရှိ ထောင်နှင့်ချီသော လူအုပ်ကြီးကြားတွင် ဝေဖန်သံများ ဆူညံလာတော့သည်။

"ဗုံးရှင်းလင်းရေးသမားတွေ ဘာလို့ အထဲပြန်ဝင်သွားတာလဲ မသိဘူး”

"စင်တာထဲမှာ ဗုံးတွေ ကျန်နေသေးလို့လား”

“ဒါဆိုရင်တော့ အရမ်းကြောက်စရာကောင်းမှာပဲ”

ပြည်သူများကြားတွင် စိုးရိမ်ထိတ်လန့်မှုများ ပြန်လည်မြင့်တက်လာပြန်သည်။

အကယ်၍ ဈေးဝယ်စင်တာထဲတွင် ဗုံးတစ်လုံးတည်းသာ ရှိခဲ့လျှင် ထိတ်လန့်မှုမှာ ဤမျှ မဆိုးရွားနိုင်ပေ။

သို့သော် ယခုမှာမူ ထိုစင်တာအထဲတွင် ဗုံးများစွာ ဝှက်ထားသေးသည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။

ချင်ရန်က ပိန်ပိန်ပါးပါး လူတစ်ယောက်ကို ဖမ်းဆီးပြီး စာရွက်တစ်ရွက် ရှာတွေ့ခဲ့ပုံ၊ ထိုစာရွက်ကို ဖတ်ပြီးနောက် ရဲများမှ ဗုံးရှင်းလင်းရေးအဖွဲ့ကို ချက်ချင်း ပြန်လွှတ်လိုက်ပုံတို့ကို လူတိုင်းက မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။

ထို့ကြောင့် ဤလူပုလေးသည်ပင် စင်တာကို ဗုံးထောင်သည့် နောက်ကွယ်မှ တရားခံ ဖြစ်နေမလားဆိုသည်မှာ အားလုံးအတွက် ငြင်းခုံစရာ ဖြစ်နေသည်။

ချောင်ကျန့်ကျွင်း၊ ကောင်းချောင်၊ ချင်ရန်နှင့် ဝမ်ရှောင်ယီတို့သည် လူမမြင်နိုင်သော ထောင့်တစ်နေရာသို့ ထိုလူပုလေးကို ခေါ်ဆောင်သွားကြသည်။

"မင်းနာမည် ဘယ်သူလဲ၊ မှတ်ပုံတင် ဒါမှမဟုတ် အထောက်အထား တစ်ခုခု ရှိလား”

ဝမ်ရှောင်ယီက တင်းမာစွာ မေးမြန်းလိုက်သည်။

ဖမ်းဆီးခံလိုက်ရသော်လည်း ထိုလူပုလေးမှာ စိုးရိမ်ထိတ်လန့်နေသည့် အရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိပေ။

သူသည် လက်ရှိအခြေအနေအရ ရှင်းဟွာဈေးဝယ်စင်တာအတွင်းရှိ ဗုံးများကို ထိုရဲများက အချိန်မီ ဖြုတ်ပစ်နိုင်တော့မည်ကို သိနေသည်။

အမှန်စင်စစ် သူတပ်ဆင်ထားသည့် ဗုံးများမှာ နည်းပညာမြင့်ဗုံးများ မဟုတ်ဘဲ အလွယ်တကူ ဖြုတ်နိုင်သည့် သာမန်ဗုံးများသာ ဖြစ်သောကြောင့် ဖြစ်သည်။

ဝမ်ရှောင်ယီ၏ မေးမြန်းမှုကို လူပုလေးက လှောင်ပြုံးပြုံးကာ မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်သည်။

"မပြောဘူးပေါ့လေ”

ဝမ်ရှောင်ယီမှာ ထိုလူပု၏ အပြုအမူကြောင့် ဒေါသထွက်သွားသော်လည်း လောလောဆယ်တွင်တော့ သူ့ဒေါသကို ထိန်းထားရသည်။

"မပြောချင်လည်း ရပါတယ်၊ စခန်းရောက်သွားရင်တော့ မင်း သေချာပေါက် ပြောလာရမှာပါ”

ထိုစကားကို ကြားသောအခါ လူပုလေးက မခန့်လေးစားဖြင့် အေးအေးလူလူပင် ပြန်ပြောလာသည်။

"စခန်းကို ဟုတ်လား ဒီမှာ အရာရှိကြီး ခင်ဗျားတို့ စခန်းမှာ တစ်နာရီ၊ နှစ်နာရီလောက်ပဲ ငါ့ကို စောင့်ကြည့်နေရမှာပါ၊ အချိန်ကုန်မခံပါနဲ့”

"ဘာကို ဆိုလိုတာလဲ”

ဝမ်ရှောင်ယီမှာ မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

"အဲဒီအချိန်ရောက်ရင် တခြားနေရာမှာ ထောင်ထားတဲ့ ငါ့ရဲ့ဗုံးတွေကလည်း ပေါက်ကွဲတော့မှာမို့လို့လေ"

လူပုလေးက တည်ငြိမ်လွန်းသော လေသံဖြင့် ခပ်အေးအေး ပြောလိုက်သည်။ ထိုစကားများမှာ ချင်ရန်၊ ဝမ်ရှောင်ယီနှင့် တခြားသူများကို ချက်ချင်း တုန်လှုပ်သွားစေသည်။

"ဘာ တခြားနေရာမှာလည်း မင်းဗုံး ထောင်ထားသေးတာလား”

ဝမ်ရှောင်ယီ၏ မျက်လုံးများ ပြူးကျယ်သွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ သူသည် ထိုလူပုကောင်ကို သတ်ပစ်ချင်စိတ် ပေါက်နေမိသည်။

"ပြောစမ်း ဘယ်နေရာလဲ၊ ဘယ်နေရာမှာ အတိအကျ ထောင်ထားတာလဲ ငါ့ကို အခုချက်ချင်း ပြောစမ်း”

ဝမ်ရှောင်ယီက လူပုလေး၏ ကော်လာကို ဆွဲကိုင်ကာ ဒေါသတကြီး မေးလိုက်သည်။

ထိုအခါ လူပုလေးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ငါ ပြောမယ်လို့ မင်း ထင်နေလား၊ ခင်ဗျားတို့ ဘယ်လောက်ပဲ တော်နေပါစေ၊ ငါ တစ်နာရီလောက် သည်းခံလိုက်ရုံပါပဲ၊ တစ်နာရီကြာပြီးသွားရင်တော့ အလိုအလျောက် ပေါက်ကွဲသွားမှာပဲဥစ္စာ၊ ငါက ဘာလို့ ပြောပြရမှာလဲ ဟုတ်ဘူးလား”

"တောက်”

ဘေးတွင် ရပ်နေသော ကောင်းချောင်နှင့် ချောင်ကျန့်ကျွင်းတို့လည်း ဒေါသများ အလိပ်လိပ် ထွက်နေကြသည်။

ဤလူသည် လူ့အသက်ကို ကစားစရာတစ်ခုလို သဘောထားနေခြင်းပင် ဖြစ်သည်။

သူ၏ ရူးမိုက်မှုကို ကြည့်ပြီး ရဲအရာရှိတိုင်း သူ့အား ပြင်းပြင်းထန်ထန် ဆုံးမချင်နေကြသော်လည်း အရေးကြီးဆုံးမှာ နောက်ထပ်ဗုံးများသည် မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို သိရှိရန်သာ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ချောင်ကျန့်ကျွင်း အလျင်အစလို ပြောလာသည်။

"စခန်းမှူး၊ အခု အရေးကြီးဆုံးက ဒီကောင့်ရဲ့ အထောက်အထားကို အရင်ရှာဖို့ပဲ ပြီးရင် စီစီတီဗွီ တွေကနေတစ်ဆင့် သူ သွားခဲ့တဲ့ ဒုတိယမြောက်နေရာကို အချိန်တိုအတွင်း ရှာတွေ့နိုင်မလား ဆိုတာကို ကြည့်ရမယ်"

ယခုအချိန်တွင် ချောင်ကျန့်ကျွင်းသည် သူ့အတွေ့အကြုံကို ကောင်းစွာ အသုံးချနေခြင်းဖြစ်သည်။

ဝမ်ရှောင်ယီ၏ မျက်နှာမှာ ခံပြင်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

တစ်နာရီတည်းနှင့် ဤအရာကို ရှာတွေ့ရန် ဖြစ်နိုင်ပါ့မလား ဆိုသည်ကို သူလည်း ကျိန်းသေမသိသေးချေ။

"အခုတော့ ဒီနည်းပဲ ရှိတော့တာပေါ့၊ ချောင်ကျန့်ကျွင်း၊ ကောင်းချောင်နဲ့ ချင်ရန် မင်းတို့ ဒီကောင့်ကို ပါလီမြစ်ကို ခေါ်သွားပြီး သေချာ စစ်ဆေးမေးမြန်းကြစမ်း”

"ဟုတ်ကဲ့ပါ”

ချင်ရန်နှင့် တခြားသူများက ပြိုင်တူ အမိန့်နာခံလိုက်ကြသည်။

ထိုစဉ်မှာပင် ရှောပင်းစင်တာအတွင်းသို့ ဝင်သွားသော ဗုံးရှင်းလင်းရေးအဖွဲ့ ပြန်လည်ထွက်ခွာလာကြသည်။

သူတို့သည် ဝမ်းသာအားရသော မျက်နှာထားများဖြင့် ဝမ်ရှောင်ယီထံ ပြေးလာကြသည်။

"စခန်းမှူးဝမ်၊ မြေပုံထဲကအတိုင်း ရှင်းဟွာဈေးဝယ်စင်တာထဲက ဗုံးအားလုံးကို ဖြုတ်ပြီးပါပြီ၊ တခြား ဗုံးတွေ ကျန်မနေတော့ဘူးလို့ ယူဆရပါတယ်”

"တကယ်လား”

ထိုအခါမှ ရင်ထဲက အပူမီးကြီး ငြိမ်ကျသွားသည့် ဝမ်ရှောင်ယီက ခေါင်းညိတ်ပြလိုက်သော်လည်း သူ့ မျက်နှာတွင်မူ ပျော်ရွှင်ခြင်းအရိပ်အယောင်များ လုံးဝ မပေါ်လာခဲ့ပေ။

ရှင်းဟွာဈေးဝယ်စင်တာ၏ ဘေးအန္တရာယ်မှာ ပြေလည်သွားပြီ ဖြစ်သော်လည်း ဒုတိယမြောက်နေရာက ဘယ်မှာလဲဆိုသည်ကို အခုထိ သူမသိသေးသောကြောင့် ဖြစ်သည်။

"ချင်ရန် မင်းကို တကယ် ကျေးဇူးတင်ပါတယ်၊ မင်း မျက်စိလျင်လို့သာ ဒီလူယုတ်မာကို မိခဲ့တာ"

ဝမ်ရှောင်ယီက ချင်ရန်ကို လေးလေးနက်နက် ပြောလိုက်သည်။

"ရပါတယ် စခန်းမှူး၊ နောက်ထပ် အရေးကြီးတာက ဒုတိယမြောက် ပေါက်ကွဲမယ့်နေရာကို သူ့ပါးစပ်ကနေ ထွက်လာအောင် ကျွန်တော်တို့ လုပ်ဖို့ပဲ"

ချင်ရန်က အဓိကကျသော အချက်ကို ထောက်ပြလိုက်သည်။

"ကဲ မင်းတို့ အရင်ပြန်ကြတော့၊ ငါ ဒီမှာ အခြေအနေတွေကို ဆက်ပြီး ထိန်းသိမ်းရဦးမယ်"

ဝမ်ရှောင်ယီက အခြေအနေ အရေးကြီးပုံကို နားလည်သဖြင့် ချင်ရန်တို့ကို အမြန် ပြန်ခိုင်းလိုက်သည်။

၅ မိနစ်ခန့်အကြာတွင် ပါလီမြစ်ရဲစခန်းသို့ ရောက်ရှိလာကြသော ချင်ရန်၊ ချောင်ကျန့်ကျွင်းနှင့် ကောင်းချောင်တို့သည် လူပုလေးကို ကားပေါ်မှ ဆွဲချကာ ရဲစခန်း၏ စစ်ဆေးမေးမြန်းခန်းထဲသို့ ပစ်ထည့်လိုက်ကြသည်။

ထိုစစ်ဆေးမေးမြန်းခန်းထဲတွင် သန်မာသော အမျိုးသားကြီး သုံးဦးမှာ ထိုလူပုလေးကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

ထိုစဉ်မှာပင် လူပုလေး၏ သွေး၊ လက်ဗွေနှင့် တခြားသော နမူနာများကို စစ်ဆေးရန် ယူဆောင်သွားခဲ့ကြပြီဖြစ်သည်။

နောက်ထပ် ၅ မိနစ်ခန့် ကုန်လွန်သွားသောအခါ ဓာတ်ခွဲခန်းပညာရှင်များမှာ သူ၏ အထောက်အထားအစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားကြပြီး ချင်ရန်တို့ထံသို့ အစီရင်ခံစာ လာရောက်ပေးပို့ကြသည်။

ချောင်ကျန့်ကျွင်း ထိုအစီရင်ခံစာကို ယူကြည့်ကာ အေးစက်စွာ ဖတ်ပြလိုက်သည်။

"ရန်ကျီဟူ၊ အသက် ၃၇ နှစ်၊ နွားနှစ်ဖွား၊ သွေးအမျိုးအစား A”

ထိုအခါ ရန်ကျီဟူက အသာအယာ ပြုံးလိုက်ပြီး သွေးအေးစွာ ပြောလာခဲ့သည်။

"ငါ့ အချက်အလက်တွေကို ရှာတွေ့တော့ကော ဘာထူးမှာလဲ၊ အကုန် အလကားပဲ၊ ကုန်ကုန်ပြောရရင် မင်းတို့ ငါ့ကို ဒုက္ခိတဖြစ်အောင် နှိပ်စက်ရင်တောင် ငါ့ပါးစပ်က စကားတစ်ခွန်းမှ ထွက်လာမှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ်ပါ ဖိန်လင်မြို့ရဲ့ လူစည်ကားတဲ့ နေရာတစ်ခုမှာ လှပတဲ့ မီးရှူးမီးပန်းတွေက တစ်နာရီအတွင်းမှာ ပေါက်ကွဲတော့မှာပဲလေ၊ သေချာတာ တစ်ခုက အဲဒီနေရာမှာရှိတဲ့ ဗုံးတွေက မင်းတို့ ရှာတွေ့ခဲ့တဲ့ ရှင်းဟွာစင်တာက ဗုံး ၁၀ လုံးထက်တောင် အများကြီး ပိုများတယ် အဟက် ဟားဟားဟား”

ကောင်းချောင်သည် စစ်ဆေးမေးမြန်းသည့် ခုံကို လက်သီးဖြင့်ထိုးပြီး မတ်တတ်ရပ်ကာ အော်ဟစ်လိုက်သည်။

"မင်းကို ငါ အခွင့်အရေး တစ်ခုထပ်ပေးမယ်၊ မင်းသာ အခု ဝန်ခံရင် အခြေအနေတွေ မဆိုးခင် မင်းအတွက် ငါ အသနားခံပေးမယ်၊ တရားရုံးမှာ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သေချာပေါက် ငါ ကူညီပေးမယ်၊ ဘယ်လိုလဲ ပြောမှာလား၊ မပြောဘူးလား”

"ဟက်"

ရန်ကျီဟူက ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် လျစ်လျူရှုမှုများ ပြည့်နှက်နေသည်။

"ငါက အဲဒီကပ်ဘေးကြီးကို ဖြစ်အောင် လုပ်မှာ၊ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးက ငါ့အပေါ် ကြွေးမြီတွေ ရှိနေလို့ပဲ၊ ဒီနိုင်ငံက ငါ့အပေါ် ကြွေးမြီတွေ ရှိနေလို့ပဲ၊ အဲဒါတွေကို ငါ အတိုးချပြီး ပြန်ပေးဆပ်ခိုင်းရလိမ့်မယ် ဟား ဟား ဟား”

အခြားတစ်ဖက်တွင်မူ ချင်ရန်သည် ရန်ကျီဟူ၏ ကိုယ်ရေးမှတ်တမ်း အစီရင်ခံစာ အကျဉ်းချုပ်ကို တည်ငြိမ်စွာဖြင့် သေသေချာချာ စစ်ဆေးနေ၏။

ထိုမှတ်တမ်း အပေါ်ဘက်တွင်ရှိသော ဆေးမှတ်တမ်းတစ်ခုသည် ချင်ရန်၏ အာရုံကို ဖမ်းစားလိုက်သည်။

'လွန်ခဲ့သော ၃၁ ရက်နေ့က ဖိန်လင်မြို့၏ ဒုတိယပြည်သူ့ဆေးရုံတွင် သူသည် အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူသည် ၂ ရက်တည်းနှင့် ဆေးရုံက ဆင်းသွားခဲ့သည်။'

ချောင်ကျန့်ကျွင်းမှာ စောစောက အလောတကြီး ဖြစ်နေသဖြင့် နာမည်ကိုသာ ကြည့်ပြီး အောက်ဘက်မှ ဆေးမှတ်တမ်းအား မကြည့်မိခဲ့ပေ။

‘သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံကို ကြည့်ရင် သူဟာ ဆင်းရဲတဲ့ မိသားစုက လာပုံရတယ်၊ ၂ ရက်တည်းနှင့် ဆေးရုံက ဆင်းသွားတယ်ဆိုတာ ဆက်ပြီး ကုသဖို့က သူ့မှာ ပိုက်ဆံမရှိလို့ ဖြစ်ဖို့ များတယ်’

ချင်ရန်က မျက်မှောင်ကြုတ်ကာ တွေးတောနေမိတော့သည်။

All Chapters