← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

103

ချင်ရန်သည် အစီရင်ခံစာပေါ်ရှိ ဒုတိယပြည်သူ့ဆေးရုံ ဟူသော စာသားကို စိုက်ကြည့်ရင်း စဉ်းစားနေမိသည်။

ဤနေရာသည် ရန်ကျီဟူ ပြောခဲ့သည့် ဖိန်လင်မြို့၏ လူအစည်ကားဆုံးနေရာ၊ တစ်နည်းအားဖြင့် ဒုတိယမြောက် ဗုံးထောင်ထားသည့် နေရာ ဖြစ်နိုင်မလား။

"ကမ္ဘာကြီးက မင်းအပေါ် ဘာတွေအကြွေးရှိနေလို့လဲ ဟမ် ပြီးတော့ နိုင်ငံကရော မင်းအပေါ် ဘာတွေလုပ်ထားလို့ မင်းက ဒီလိုလူသတ်ပွဲကြီးကို ဖန်တီးနေရတာလဲ ပြောစမ်းပါ၊ ဖြေရှင်းလို့ရတာဆိုရင် ငါတို့ အစွမ်းကုန် ဖြေရှင်းပေးမယ်၊ အခု မင်း ဗုံးထောင်ပြီး ဖျက်ဆီးနေတာက မင်းနဲ့ ဘာမှမသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကွ”

ဘေးမှနေ၍ ကောင်းချောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဲဒီပြည်သူတွေ အပြစ်မဲ့တာ၊ မမဲ့တာက ငါနဲ့ ဘာဆိုင်နေလို့လဲ ဟမ့်”

ရန်ကျီဟူက ဂရုမစိုက်သလို ပြန်ပြောလိုက်သည်။

“ဒီကိုယ်ရေးမှတ်တမ်းကို ခင်ဗျားတို့ မကြည့်မိဘူးလား၊ ငါက အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်လို့ ရေးထားတယ် မဟုတ်ဘူးလား”

ထိုစကားကြောင့် ချောင်ကျန့်ကျွင်းနှင့် ကောင်းချောင်တို့မှာ အံ့အားသင့်သွားကြသည်။

ထိုအခါမှ ၎င်းတို့နှစ်ဦးသည် အစီရင်ခံစာ အကျဉ်းချုပ်ကို ဆွဲယူကာ အသေးစိတ် ပြန်ကြည့်လိုက်ကြသည်။

ရန်ကျီဟူသည် ဒုတိယပြည်သူ့ဆေးရုံ တွင် အမှန်တကယ် ကုသမှုခံယူခဲ့သည်ကို တွေ့လိုက်ရသည်။

"အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်"

ချောင်ကျန့်ကျွင်းက သက်ပြင်းအရှည်ကြီးကို ချလိုက်မိသည်။

"ကောင်းပြီ၊ ဒါက ကုလို့မရတဲ့ ရောဂါမှ မဟုတ်တာ မကြောက်ပါနဲ့၊ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေရင်တောင် စနစ်တကျ ကုသမယ်ဆိုရင် မင်းရဲ့ အသက်ကို ၅ နှစ်ထက်မက ပိုပြီး ဆွဲဆန့်ထားလို့ ရပါသေးတယ်၊ မင်းသာ ဗုံးရှိတဲ့နေရာကို ပြောပြရင် ငါတို့ မင်းကို အခမဲ့ ကုသပေးနိုင်အောင် စီစဉ်ပေးမယ် ဘယ်လိုလဲ”

ချောင်ကျန့်ကျွင်းက အကျိုးအမြတ်ဖြင့် ဆွဲဆောင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

သို့သော် ရန်ကျီဟူက ရုတ်တရက် ရယ်မောလိုက်ပြီး မထီမဲ့မြင်ပြုသည့် လေသံဖြင့် ပြောလိုက်သည်။

"ငါက ဗုံးထောင်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ငါ့မှာ အသက်ရှင်ချင်စိတ်ဆိုတာ မရှိတော့ဘူး၊ ဆေးရုံတက်တုန်းကတောင် ငါ့မှာ ကုသစရိတ် မလုံလောက်လို့ဆိုပြီး ဆရာဝန်ကတောင် အေးစက်စက် ဆက်ဆံပြီး ခနဲ့တဲ့တဲ့ စကားတွေကို ပြောခဲ့သေးတာပဲလေ၊ ဒါကြောင့် ငါက အသက်ရှင်ဖို့ကို လက်လျှော့လိုက်တာ ကြာလှပေါ့၊ အခု မသေခင် ငါ့ရဲ့ နောက်ဆုံးဆန္ဒက ငါနဲ့အတူ ဒီကမ္ဘာကြီးကိုပဲ ဖျက်ဆီးပစ်ချင်တာပဲ”

အေးအေးဆေးဆေး ပြောလိုက်သည့် ရန်ကျီဟူ၏ စကားကြောင့် ရဲအရာရှိနှစ်ဦးလုံး အကျပ်ရိုက်သွားကြသည်။

ဤလူမှာ ရူးသွပ်သွားပုံရပြီး မည်သို့ပင် ဖျောင်းဖျပါစေ တုန်လှုပ်ခြင်း အလျဉ်းမရှိတော့ချေ။

ထိုစဉ်မှာပင် ရန်ကျီဟူ၏ မိသားစုအခြေအနေနှင့် အတိတ်အတွေ့အကြုံများ ပါဝင်သော ဒုတိယမြောက် အစီရင်ခံစာ အသေးစိတ်မှာ ချင်ရန် လက်ထဲသို့ ရောက်ရှိလာသည်။

အစီရင်ခံစာအရ ရန်ကျီဟူ၏ မိဘနှစ်ပါးမှာ လွန်ခဲ့သော ၁၀ နှစ်က ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့ပြီး၊ သူ့အစ်ကိုမှာလည်း မိုးရွာသောနေ့တစ်နေ့တွင် ကရိန်းစင်ပေါ်တက်ရင်း ပြုတ်ကျသေဆုံးခဲ့သည်။

ရန်ကျီဟူသည် အရုပ်ဆိုးပြီး အရပ်အလွန် ပုသူဖြစ်သည်။

သူသည် အလွန်ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာသူဖြစ်ရာ မည်သူမျှ သူ့အား အလေးမထားခဲ့ကြချေ။

သူသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က သူသည် နိုင်ငံခြားသူတစ်ဦးကို ဇနီးအဖြစ် ရယူရန် ကြိုးစားခဲ့သော်လည်း သူ၏ စုဆောင်းငွေ ယွမ် ၂ သိန်းမှာ အလိမ်ခံလိုက်ရသည်။

ရန်ကျီဟူသည် ရဲစခန်းသို့ အကြောင်းကြား တိုင်ကြားခဲ့သော်လည်း လိမ်လည်သူများမှာ ပြည်ပတွင် ရှိနေသောကြောင့် အမှုမှာ လိုက်၍မရဘဲ ပျက်ပြယ်သွားပြီး သူ့ငွေများလည်း ဆုံးရှုံးသွားခဲ့သည်။

ဤအခါတွင် ရန်ကျီဟူသည် စိတ်ဓာတ်များ အလွန်ကျဆင်းသွားကာ ဆေးလိပ်ကို အလွန်အကျွံ သောက်ခဲ့ရာမှ အဆုတ်ကင်ဆာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဆေးရုံတွင် ဆေးစစ်ကြည့်ရာမှ အဆုတ်ကင်ဆာသည် နောက်ဆုံးအဆင့် ဖြစ်နေကြောင်း သိလိုက်ရသည့်နေ့၌ သူ့ကမ္ဘာကြီးမှာ ပြိုလဲသွားခဲ့ရတော့သည်။

သူ့တွင် ပြင်းထန်သောရောဂါ အာမခံလည်း မရှိ၊ ကျန်းမာရေး အာမခံလည်း မရှိသဖြင့် သူ့ဘဝအတွက် မည်သည့်အကာအကွယ်မှ မရရှိခဲ့ချေ။

‘ကံတရားရဲ့ မျက်နှာသာပေးမှုကို မရခဲ့တဲ့ နောက်ထပ် လူတစ်ယောက်ပါလား’

ချင်ရန်က မျက်မှောင်ကြုတ်ကာ တွေးနေမိလိုက်သည်။

ချောင်ကျန့်ကျွင်းနှင့် ကောင်းချောင်တို့လည်း ထိုအစီရင်ခံစာကို ဖတ်ကြည့်ပြီးနောက် အချင်းချင်း ကြည့်လိုက်မိကြသည်။

ဤသနားစရာကောင်းသော ရွှေ့ပြောင်းလုပ်သားလေးမှာ ထိုမျှအထိ ဘဝအခြေအနေ ဆိုးရွားခဲ့သည်တဲ့လား။

သို့သော် ရွှေ့ပြောင်းလုပ်သားများတွင် ဤမျှအထိ ဉာဏ်ကောင်းသည့် ဦးနှောက်မျိုး ရှိနိုင်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။

ဥပမာအားဖြင့် ရန်ကျီဟူသည် ဗုံးထောင်စဉ်က အဝတ်အစားလဲခြင်း၊ အရပ်မြှင့်ဖိနပ်စီးခြင်းဖြင့် သဲလွန်စ ဖျောက်ဖျက်ခဲ့ခြင်းမျိုး ဖြစ်သည်။

သူတို့မသိသည်မှာ ရန်ကျီဟူသည် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဇာတ်လမ်းများကို ကြည့်ရသည်ကို ဝါသနာပါပြီး ၎င်းတို့မှတစ်ဆင့် ရဲများကို ပြန်လည် တုံ့ပြန်သည့် နည်းစနစ်များကို သင်ယူထားခြင်း ဖြစ်သည်။

"မင်းဘဝက တကယ်ကို ခက်ခဲပါတယ်၊ ငါတို့လည်း မင်းကို ကိုယ်ချင်းစာပါတယ် ဒါပေမဲ့ "

ချောင်ကျန့်ကျွင်းက ဆက်လက် ဖျောင်းဖျနေစဉ် ချင်ရန် မတ်တတ်ရပ်ကာ ကြားဖြတ်ပြောလိုက်သည်။

"စီနီယာချောင်၊ စခန်းမှူးကောင်း အခုချိန်မှာ ဒီလူ့ကို မေးခွန်းတွေ ဆက်မေးနေလည်း အပိုပဲ၊ ရန်ကျီဟူက ဒုတိယမြောက် ပေါက်ကွဲမယ့်နေရာဟာ အရပ်သားတွေ အများဆုံး စုဝေးရာနေရာလို့ ပြောခဲ့တယ်မလား၊ အဲဒါက ဆေးရုံ ဖြစ်နေနိုင်တယ်လို့ ကျွန်တော်ထင်တယ်”

ချင်ရန် စကားကြောင့် ရဲအရာရှိနှစ်ဦး၏ ဦးနှောက်ထဲတွင် လျှပ်စစ်စီးသွားသကဲ့သို့ ဖြစ်သွားပြီး ချောင်ကျန့်ကျွင်း ချက်ချင်းပင် မေးလိုက်သည်။

"မင်းပြောချင်တာက ဒုတိယပြည်သူ့ဆေးရုံ လား”

"ဟုတ်တယ်”

ချင်ရန်က တိုက်ရိုက်ပင် ပြောလိုက်သည်။

ဆေးရုံအကြောင်း ကြားလိုက်ရသည့်အခါ ရန်ကျီဟူ၏ မျက်လုံးထဲတွင် ပြောင်းလဲမှု အနည်းငယ် ဖြစ်သွားသည်ကို သူ တွေ့လိုက်ရသည်။ ရန်ကျီဟူသည် သူ့စိတ်ခံစားမှုကို ဖုံးကွယ်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

"ဒါပေမဲ့ ဆေးရုံမှန်း သိရင်တောင် ဘယ်နေရာမှာ ထောင်ထားသလဲဆိုတာ အတိအကျ မသိရဘူးလေ”

ကောင်းချောင်က စိုးရိမ်တကြီး ပြောလာသည်။

"ကဲပါ၊ အရင်ဆုံး စခန်းမှူး ဝမ်ရှောင်ယီကို အကြောင်းကြားပြီး ဗုံးရှင်းလင်းရေးအဖွဲ့ကို ဆေးရုံဆီ အမြန်ဆုံး လွှတ်ပေးဖို့ ပြောရမယ်”

သူသည် ရန်ကျီဟူကို ဖမ်းဆီးခဲ့ခြင်းကြောင့် အဆင့်မြင့် အာရုံခြောက်ပါးစွမ်းရည်ကို ရရှိထားပြီး ဖြစ်သည်။ သူသာ ဆေးရုံကို ရောက်သွားလျှင် ဗုံးဝှက်ထားသည့် နေရာအားလုံးကို အလွယ်တကူ ရှာတွေ့နိုင်မည် ဖြစ်သည်။

ချောင်ကျန့်ကျွင်းက ရန်ကျီဟူကို ကြည့်ကာ ပြောလိုက်သည်။

"ရန်ကျီဟူ မင်းရဲ့ ခုနက မျက်နှာအမူအရာက မင်းကို သစ္စာဖောက်သွားပြီနော်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်း ဒုတိယမြောက် ပေါက်ကွဲမယ့်နေရာအဖြစ် ဆေးရုံကို ရွေးချယ်ခဲ့တာပေါ့ ဟုတ်တယ်မလား”

ရန်ကျီဟူမှာ ရွေးချယ်စရာမရှိတော့သဖြင့် လှောင်ပြုံးပြုံးရင်း တိတ်တိတ်ဆိတ်ဆိတ်သာ နေတော့သည်။

သူသည် ဝန်လည်းမခံသလို၊ ငြင်းလည်းမငြင်းချေ။

ချောင်ကျန့်ကျွင်းသည် ဝမ်ရှောင်ယီထံ ဖုန်းဆက် အကြောင်းကြားလိုက်ပြီး ဆေးရုံရှိ စီစီတီဗွီများကို စစ်ဆေးရန် လူလွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ရှောင်ယီသည် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်လိုက်ရပြီဖြစ်သည်။

ဆေးရုံအတွင်း၌ ဗုံးကို ရှာမတွေ့ခဲ့လျှင် အကျိုးဆက်က အလွန်ကြီးမားမည်။

လူနာတင် ခုတင်ပေါ်တွင် အသက်လုနေရသည့် လူနာများမှာ အသက်ရှူစက်များ၊ အသက်ကယ်ကိရိယာများနှင့် ကွာလိုက်သည်နှင့် သေသွားနိုင်သည့် အခြေအနေတွင် ရှိနေကြသည်။

ယခုအချိန်သည် ဆောင်းဦးရာသီဖြစ်၍ ရာသီဥတုက အေးမြနေသော်လည်း ဝမ်ရှောင်ယီ၏ ကျောပြင်မှာမူ ချွေးများဖြင့် ရွဲနစ်နေသည်။

ဆေးရုံကိစ္စမှာ ရှင်းဟွာဈေးဝယ်စင်တာထက် ပို၍ပင် ကြီးလေးနေသည်။

ဝမ်ရှောင်ယီသည် ဗုံးရှင်းလင်းရေးအဖွဲ့ကို ဆေးရုံဆီသို့ အမြန်ဆုံး စေလွှတ်လိုက်သည့်အခါတွင် ညွှန်ကြားရေးမှူးဆုန့်ကလည်း ထိုကိစ္စကို သတိပြုမိလိုက်သည်။

"ဝမ်ရှောင်ယီ၊ အခု အခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ၊ အခုထိ မဖြေရှင်းနိုင်သေးဘူးလား၊ ဌာနချုပ်ကလည်း ငါတို့ဆီကနေ တိကျတဲ့ ရှင်းလင်းချက်ကို လိုချင်နေကြတယ်”

ညွှန်ကြားရေးမှူးဆုန့်က စိုးရိမ်တကြီး မေးလိုက်သည်။

ဝမ်ရှောင်ယီက လက်ရှိ အခက်အခဲကို ရှင်းပြလိုက်ကာ သက်ပြင်းချရင်း မေးလိုက်သည်။

"ညွှန်ကြားရေးမှူးဆုန့်၊ ဒုတိယဆေးရုံက ဝန်ထမ်းတွေနဲ့ လူနာတွေ အားလုံးကို ဆေးရုံကနေ ဖယ်ထုတ်ပေးဖို့ အထက်လူကြီးတွေကို တင်ပြပေးလို့ ရမလားခင်ဗျာ”

"ဖယ်ထုတ်ရမယ်၊ မင်း လာနောက်နေတာလား ဝမ်ရှောင်ယီ၊ ဖိန်လင်မြို့မှာ အဲဒီလောက်အထိ ဆေးဘက်ဆိုင်ရာ လူအင်အား မရှိဘူးကွ၊”

ညွှန်ကြားရေးမှူးဆုန့်က ပိတ်ဟောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့သည် ဆေးရုံသို့ ကားကို အရှိန်အမြန်ဆုံးဖြင့် မောင်းနှင်သွားကြသည်။ ချောင်ကျန့်ကျွင်းသည် ကားမောင်းနေရင်း စိတ်မသက်သာစွာ သက်ပြင်းချလိုက်သည်။

"အခု ငါတို့ လုပ်နိုင်တာက ဆေးရုံကလူတွေကို ဖယ်ထုတ်ဖို့ပဲ ရှိတော့တယ်၊ ဗုံးရှိတဲ့နေရာကို ရှာဖို့ဆိုတာ ဗုံးရှင်းလင်းရေးအဖွဲ့တောင် စက်တွေကို သုံးပြီးမှပဲ ရှာနိုင်လိမ့်မယ်၊ အဲဒီ ရန်ကျီဟူက တကယ်ကို ပါးနပ်တာ၊ သူက ဒီစက်တွေ ရှာမတွေ့နိုင်တဲ့ နေရာမျိုးတွေမှာပဲ ဗုံးကို ဝှက်ထားရင် ငါတို့ ဘာလုပ်ကြမလဲ”

ဘေးခုံတွင် ထိုင်နေသော ချင်ရန်ကတော့ တည်ငြိမ်နေဆဲပင်။

သူသာ ဆေးရုံကို ရောက်သွားလျှင် အရာအားလုံး ပြေလည်သွားလိမ့်မည် မဟုတ်ပါလား။

104

ချောင်ကျန့်ကျွင်းသည် ကားမောင်းနေရင်း မျက်မှောင်ကြုတ်ကာ တစ်ယောက်တည်း ရေရွတ်နေမိသည်။

ထိုအချိန်တွင် ဘေးခုံမှ ချင်ရန်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်ကို သူ သတိပြုမိသွားသည်။

"ချင်ရန် မင်းရော နည်းနည်းမှ မစိုးရိမ်ဘူးလား”

ချောင်ကျန့်ကျွင်းမှာ အလွန်အမင်း ဂဏာမငြိမ် ဖြစ်နေသော်လည်း ချင်ရန်မှာမူ ထိုမျှ တည်ငြိမ်နေသည်ကို မြင်လိုက်ရ၍ သူ အံ့ဩနေမိသည်။

"ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရမှပဲ အတည်ပြုနိုင်မှာပါ"

ချင်ရန်က လေးနက်သောအသံဖြင့် ပြန်ဖြေသည်။

ချောင်ကျန့်ကျွင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏၊

"မင်းကတော့ တကယ့်ကောင်ပဲ"

ထိုစဉ် ရုတ်တရက် ချောင်ကျန့်ကျွင်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်သွားတော့သည်။

"ဒုက္ခပဲ ငါ့ယောက္ခမက အခု ဒုတိယဆေးရုံမှာ ရှိနေတာ၊ သူ ကားတိုက်ခံရလို့ ခုမှ သတိပြန်ရလာခါစပဲ ရှိသေးတယ်”

စောစောက သူ အလွန်အမင်း စိုးရိမ်နေသဖြင့် သူ့ယောက္ခမ မည်သည့်ဆေးရုံတွင် ရှိနေသည်ကိုပင် မေ့လျော့နေခဲ့ခြင်းဖြစ်သည်။

ယခု ကားမောင်းနေသည့်လမ်းကို ကြည့်လိုက်မှသာ သူ၏ယောက္ခမ ဒုတိယဆေးရုံတွင် ရှိနေသည်ကို သတိရသွားခြင်း ဖြစ်သည်။

"တောက် ငါ့ယောက္ခမလည်း ဓားစာခံတွေထဲ ပါသွားပြီပဲ"

ချောင်ကျန့်ကျွင်း၏ မျက်နှာမှာ ပို၍ပင် ညှိုးငယ်လာခဲ့သည်။

"သူ့ရဲ့ ကျန်းမာရေး အခြေအနေအရဆိုရင် ရွှေ့ပြောင်းဖို့က မလွယ်ဘူး ပြီးတော့ ဒုတိယဆေးရုံမှာက အရေးပေါ်လူနာတွေ အများကြီးပဲ၊ သူတို့ကို တစ်ယောက်ချင်းစီ ဘယ်လိုလုပ်ပြီး ရွှေ့ပြောင်းနိုင်မှာလဲ၊ ငါတို့မှာ လူအင်အားရော၊ ယာဉ်အင်အားရော အဲဒီလောက်ထိ ရှိတာမဟုတ်ဘူး၊ မရဘူး ငါ အမြန်ဆုံး မောင်းမှ ဖြစ်တော့မယ်”

ချောင်ကျန့်ကျွင်းသည် လီဗာကို အစွမ်းကုန်နင်းကာ မောင်းတော့သည်။

နာရီဝက်ခန့် အကြာတွင် ချောင်ကျန့်ကျွင်း၏ ကားသည် ဒုတိယပြည်သူ့ဆေးရုံ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် အနည်းဆုံး ရဲကား ၁၀ စီးခန့် ဆိုက်ရောက်နေသည်ကို တွေ့လိုက်ရသည်။

ပါလီမြစ်ရဲစခန်းမှ ရဲများသာမကဘဲ အနီးနားရှိ တခြားရဲစခန်း ၆ ခုမှ ရဲများကိုလည်း စေလွှတ်ထားသဖြင့် စုစုပေါင်း ရဲအင်အား ၂၀၀ ခန့်က ဆေးရုံကို ဝိုင်းရံထားကြသည်။

ညွှန်ကြားရေးမှူးဆုန့် ကိုယ်တိုင်လည်း ရောက်နေကာ သူသည် တည်ကြည်သော မျက်နှာထားဖြင့် ဆေးရုံအုပ်ကြီးနှင့် စကားပြောနေ၏။

ဝမ်ရှောင်ရီမှာမူ ညွှန်ကြားရေးမှူးဆုန့်၏ ဘေးနားတွင် စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်ကာ ရပ်နေသည်။

"ကျွန်တော်တို့မှာ လူနာတင်ယာဉ် မလုံလောက်ဘူး၊ အခု ဒုတိယဆေးရုံ တစ်ခုလုံးမှာ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ မပါဘဲ အသက်မရှင်နိုင်တဲ့ လူနာ ၂၇၃ ယောက် ရှိနေတယ်၊ တခြားဆေးရုံတွေကို အကူအညီတောင်းထားပေမဲ့ အခုထိတော့ မလုံလောက်သေးဘူး၊ အများဆုံး ရွှေ့ပြောင်းနိုင်ရင် လူနာ ၅၀ လောက်ပဲ ရွှေ့ပြောင်းနိုင်လိမ့်မယ်"

ဆေးရုံအုပ်ကြီးက ညွှန်ကြားရေးမှူးဆုန့်ကို သက်ပြင်းချရင်း ပြောနေသည်။ ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးဆုန့်သည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

လူနာ ၅၀ ပဲ ရွှေ့ပြောင်းနိုင်မည်ဆိုပါက ကျန်သည့် ၂၂၃ ယောက်ကို ဘယ်လိုလုပ်ကြမလဲ။

တကယ်လို့ ပေါက်ကွဲမှုသာ ဖြစ်သွားရင် လူဘယ်နှစ်ယောက်တောင် ထိခိုက်ပျက်စီးကုန်မလဲ။

"ညွှန်ကြားရေးမှူးဆုန့် အခု အရေးကြီးဆုံးက ဆေးရုံထဲမှာ ရှာဖွေရေးသမားတွေကို အသေးစိတ် ပိုက်စိပ်တိုက် ရှာဖွေခိုင်းဖို့ပဲ ရှိတော့တယ်၊ ကျွန်တော်တို့မှာ လူနာတွေကို အကုန်ရွှေ့ပြောင်းဖို့ဆိုတာက ဘယ်လိုမှ မတတ်နိုင်ဘူး”

ဆေးရုံအုပ်က အကြံပြုလေသည်။

"နားလည်ပါပြီ"

ညွှန်ကြားရေးမှူးဆုန့်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူ့ဘေးနားရှိ စခန်းမှူးများကို အမိန့်ပေးလိုက်သည်။

"မင်းတို့ရဲ့ လူတွေကို ဆေးရုံထဲလွှတ်ပြီး အသေးစိတ် ရှာဖွေခိုင်းလိုက်ပါ၊ အခန်းတိုင်း၊ လှေကားတိုင်း၊ ထောင့်တွေတိုင်း၊ လျှပ်စစ်ထိန်းချုပ်ခန်းတွေအထိ အကုန်ရှာခိုင်းပါ၊ ဘယ်နေရာမှ မကျန်စေနဲ့၊ မလွတ်စေနဲ့ ကြားလား!”

ညွှန်ကြားရေးမှူးဆုန့်၏ အမိန့်ကြောင့် ဝမ်ရှောင်ရီ အပါအဝင် စခန်းမှူး ၇ ဦးသည် သူတို့၏ လက်အောက်ငယ်သားများကို ချက်ချင်း ညွှန်ကြားလိုက်ကြသည်။ ရဲတပ်ဖွဲ့ဝင်အားလုံး ဆေးရုံအတွင်းသို့ ဝင်ကာ ရှာဖွေရန် ပြင်ဆင်ကြတော့သည်။ ထိုအချိန်တွင် ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့လည်း ဝမ်ရှောင်ရီ၏ ဘေးနားသို့ ရောက်ရှိလာကြသည်။

"စခန်းမှူးဝမ်”

ချင်ရန်၏ အသံကြောင့် ဝမ်ရှောင်ရီက လှည့်ကြည့်လာသည်။

"ချင်ရန် မင်းတို့ ဘာလို့ ရောက်လာတာလဲ၊ တရားခံဆီက တခြား အသုံးဝင်တဲ့ သတင်းတွေ ရလာသေးလို့လား”

"မရပါဘူး"

ချင်ရန်က ခေါင်းခါပြသည်။

ဝမ်ရှောင်ရီ သက်ပြင်းချရင်း ပြောလိုက်၏။

"တရားခံက ဆေးရုံမှာ ဗုံးထောင်ထားနိုင်တယ်ဆိုတာကို မင်းတို့ ကြိုသိခဲ့တာတောင် တော်တော်လေး ကောင်းနေပါပြီ၊ ဘယ်နေရာမှာ အတိအကျ ထောင်ထားသလဲဆိုတာကိုတော့ သူ ပြောမှာ မဟုတ်ဘူး ထင်တယ်"

"စခန်းမှူး ကျွန်တော့်ယောက္ခမက အထဲမှာ ရှိနေတာပါ၊ သူက ခုမှ နေပြန်ကောင်းခါစပဲ ရှိသေးတာ၊ သူ့ကို ရွှေ့လို့ ရနိုင်မလား”

ချောင်ကျန့်ကျွင်းက ချက်ချင်း ဝင်ပြောသည်။

ထိုအခါ ဝမ်ရှောင်ရီ၏ မျက်နှာမှာ ပျက်သွားသည်။

"ကျန့်ကျွင်း ဒီအကြောင်းကို ဆက်မပြောနဲ့တော့၊ လူနာတင်ယာဉ် ရောက်လာရင် သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ကလေးတွေကနေစပြီး လူကြီးတွေအထိ အစဉ်လိုက်ပဲ ရွှေ့ပေးရလိမ့်မယ်"

ချောင်ကျန့်ကျွင်း၏ ရည်ရွယ်ချက်မှာ အဆက်အသွယ်ကို အသုံးပြုပြီး သူ့ယောက္ခမကို အရင်ရွှေ့ပေးရန် ဖြစ်သော်လည်း ဝမ်ရှောင်ရီက ငြင်းပယ်လိုက်သောကြောင့် ဘာမှမတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရသည်။

"ကဲ မင်းတို့ ဒီမှာ ရပ်မနေနဲ့တော့၊ ချက်ချင်း အထဲဝင်ပြီး အဖွဲ့သားတွေနဲ့ ပူးပေါင်းပြီး ဗုံးကို ရှာကြတော့၊ ဘယ်ထောင့်မှ မလွတ်စေနဲ့၊ ဗုံးတွေ အကုန်လုံးကို ရှာတွေ့အောင် ရှာပါ”

ဝမ်ရှောင်ရီက အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့”

အမိန့်ရသည်နှင့် တစ်ပြိုင်နက် ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့ ဆေးရုံအတွင်းသို့ ပြေးဝင်သွားကြတော့သည်။

သို့သော် သူတို့နှစ်ဦး၏ စိတ်အခြေအနေမှာ ကွဲပြားနေသည်။

ချောင်ကျန့်ကျွင်းကတော့ သူ့ယောက္ခမအတွက် စိုးရိမ်ပူပန်ကာ အလောတကြီး ဖြစ်နေသော်လည်း ချင်ရန်မှာမူ ယုံကြည်ချက် အပြည့်ဖြင့် ရှိနေသည်။

ဆေးရုံထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ချင်ရန် မြင်လိုက်ရသည်မှာ အထပ်တိုင်း၌ ရဲများဖြင့် ပြည့်နှက်နေပြီး နေရာအနှံ့အပြားကို ရှာဖွေနေကြခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ဗုံးရှင်းလင်းရေး အဖွဲ့ဝင်များက ဗုံးရှာဖွေရေး ကိရိယာများဖြင့် အဆက်မပြတ် ရှာဖွေနေကြသည်။

သူတို့ ရှာနေသည်မှာ တော်တော်ကြာနေပြီ ဖြစ်သော်လည်း အခုထိ ဗုံးတစ်လုံးတည်းသာ တွေ့ရသေးသည်။

ထို့ပြင် တွေ့ရှိထားသော ဗုံးပေါ်တွင် စာတိုလေးတစ်စောင် ကပ်ထားသည်။

ဗုံးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်သည် ထိုစာကို ကိုင်ထားရင်း ဒေါသကြောင့် လက်များ တုန်ရီနေသည်။

ဒါကို မြင်လိုက်ရသည့်အခါ ချင်ရန် အနားသို့ သွားကာ မေးလိုက်သည်။

"ကျွန်တော် ဒီစာကို တစ်ချက်လောက် ကြည့်လို့ ရမလား”

ချင်ရန် စာကို ဖတ်ကြည့်လိုက်၏။

"မင်းတို့ဆီမှာ ဗုံးအာရုံခံစက်တွေ ရှိတာ ငါသိတယ် ဒါပေမဲ့ ငါထောင်ထားတဲ့ ဗုံးတွေကို မင်းတို့ ရှာမတွေ့နိုင်စေရဘူးလို့ ငါ အာမခံတယ်၊ ပေါက်ကွဲမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့ ပြီးတော့ စေတနာနဲ့ သတင်းပေးဦးမယ်၊ ဒီဆေးရုံမှာ ဗုံး စုစုပေါင်း ၂၀ ရှိတယ်"

လက်ရေးမှာ ရန်ကျီဟူ၏ လက်ရေးဖြစ်သည်မှာ ထင်ရှားလှသည်။

တွေ့ရှိထားသော ဗုံးမှာလည်း သူက ရည်ရွယ်ချက်ရှိရှိ အတွေ့ခံလိုက်ခြင်း ဖြစ်သည်။

ချင်ရန် မျက်မှောင်ကြုတ်လိုက်မိသည်။ ရန်ကျီဟူသည် အလွန်ပင် မောက်မာသော်လည်း တစ်ချိန်တည်းမှာပင် အလွန်ဉာဏ်ကောင်းသည်ဟု ဆိုရပေမည်။

ဘေးနားမှ ဗုံးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်မှာ အံကိုကြိတ်ရင်း ပြောသည်။

"သူက ဒီလောက် ယုံကြည်ချက် ရှိနေတာဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်၊ သူက ဗုံးတွေကို သံဇကာတွေနဲ့ အုပ်ထားတာပဲ ဖြစ်ရမယ်၊ အဲဒါက အချက်ပြမှုကို ပိတ်ဆို့ထားနိုင်တယ်၊ ငါတို့ရဲ့ စက်တွေနဲ့ဆိုရင် ဗုံးတွေကို ရှာဖို့ တော်တော်လေး ခက်လိမ့်မယ်၊ ဒါကြောင့် မင်းတို့ ရဲအရာရှိတွေကို ဆေးရုံထဲလွှတ်ပြီး ပိုက်စိပ်တိုက် ရှာခိုင်းရတာပဲ”

ထိုစကားကို ကြားသောအခါ ချင်ရန် ခေါင်းညိတ်လိုက်ပြီး ကတိပေးလိုက်သည်။

"စိတ်ချပါ၊ ကျွန်တော်တို့ အစွမ်းကုန် ရှာဖွေပါ့မယ်"

ထို့နောက် သူသည် လူအုပ်အလယ်သို့ ထွက်လာခဲ့သည်။

ရန်ကျီဟူအနေဖြင့် သံဇကာများမှာ စက်၏ အချက်ပြမှုကို ပိတ်ဆို့နိုင်သော်လည်း ချင်ရန်၏ လျှို့ဝှက်စွမ်းရည်ကိုတော့ မတားဆီးနိုင်မှန်း သူ ဘယ်သောအခါမှ သိလိမ့်မည် မဟုတ်ချေ။

ထိုအခိုက်အတန့်တွင် ချင်ရန်သည် သူ့စွမ်းရည်ဖြစ်သော အဆင့်မြင့် အာရုံခြောက်ပါးကို အသက်သွင်းလိုက်သည်။ မီတာ ၅၀ ပတ်လည်ရှိ အရာအားလုံးသည် ချင်ရန်၏ ဦးနှောက်ထဲသို့ အလိုအလျောက် ရောက်ရှိလာပြီး အလင်းအရှိန်နှုန်းဖြင့် စစ်ဆေးခြင်း ခံလိုက်ရသည်။

အချက်အလက် ပမာဏမှာ အလွန်များပြားလွန်းလှသဖြင့် ချင်ရန်၏ ဦးနှောက်မှာ ခဏချင်းမှာပင် တဆစ်ဆစ် နာကျင်လာရသည်။

၁၀ စက္ကန့်ခန့် ကြာပြီးနောက် ချင်ရန်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူသည် ဗုံး ၅ လုံး ဝှက်ထားသည့် နေရာများကို အာရုံခံမိသွားသောကြောင့် ဖြစ်သည်။

All Chapters