အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
105
ချင်ရန်သည် သူ့အာရုံထဲတွင် ပေါ်လာသော ပထမထပ်ရှိ လျှပ်စစ်ထိန်းချုပ်ခန်းဆီသို့ ချက်ချင်းဦးတည်သွားလိုက်သည်။
အခြားရဲအရာရှိများကလည်း လျှပ်စစ်ထိန်းချုပ်ခန်းသည် ဗုံးဖောက်ခွဲခံရရန် အလားအလာအရှိဆုံးနေရာဟု သတ်မှတ်ထားသဖြင့် ထိုနေရာတွင် လူအင်အား အမြောက်အမြား ချထားကြသည်။
ရဲအရာရှိ ၁၀ ဦးခန့်က ထိုထိန်းချုပ်ခန်းအတွင်း ပိုက်စိပ်တိုက် ရှာဖွေပြီးနောက် အချိန်ကိုက်ဗုံး နှစ်လုံးကို ရှာတွေ့ထားပြီးဖြစ်သည်။
ထိုအခါမှ အရာရှိအားလုံး သက်ပြင်းချကာ စိတ်အေးသွားကြပြီး အခြားနေရာများသို့ ဆက်လက်ရှာဖွေရန် ထွက်ခွာဖို့ ပြင်ဆင်နေကြသည်။ ထိုစဉ်မှာပင် ချင်ရန် ရောက်ရှိလာခဲ့သည်။
"ရဲဘော် ဒီနေရာကို ရှာမယ်ဆိုရင်တော့ အပင်ပန်းမခံနဲ့တော့၊ ငါတို့ ဒီအခန်းကို ၁၀ ကြိမ်ထက်မက စစ်ပြီး၊ ဗုံးအာရုံခံစက်နဲ့လည်း သေချာစစ်ပြီးသွားပြီ”
အရာရှိတစ်ဦးက လှမ်းပြောလိုက်သည်။
"ဒါဆို ဗုံးဘယ်နှလုံး ရှာတွေ့ခဲ့လဲဗျ”
ချင်ရန်က မေးလိုက်သည်။
"နှစ်လုံးလေ"
ထိုအရာရှိက သူတို့တွေ့ထားသည့် ဗုံးများကို ပြလိုက်သည်။
ချင်ရန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဒီတရားခံကို ကျွန်တော်ကိုယ်တိုင် ဖမ်းခဲ့တာပါ၊ သူက အလွန်ပါးနပ်သလို လူကို လှည့်စားတဲ့နေရာမှာလည်း အတော်ကို ကျွမ်းကျင်တယ်၊ ဒီဗုံးနှစ်လုံးက ခင်ဗျားတို့ တွေ့အောင်လို့ သူက တမင်လုပ်ထားတာ ဖြစ်နိုင်တယ်၊ ဒါမှ ခင်ဗျားတို့က ဗုံးတွေအကုန်တွေ့ပြီလို့ အထင်မှားသွားမှာလေ”
"ဟမ်”
ထိုစကားကို ကြားသောအခါ ရဲအရာရှိများမှာ အနည်းငယ် ဆွံအသွားကြသည်။
"ရဲဘော် မင်းပြောတာက ဘာအဓိပ္ပာယ်လဲကွ၊ ဒီအခန်းထဲကို ငါတို့ ဘယ်လောက်အထိ အသေးစိတ် စစ်ထားသလဲဆိုတာ မင်းသိလို့လား၊ ငါတို့က တာဝန်သိစိတ်အပြည့်နဲ့ သေချာပေါက် ဂရုတစိုက် စစ်ဆေးထားပြီးသားပါ”
၎င်းတို့သည် ချင်ရန်၏ ပခုံးပေါ်မှ အဆင့်အတန်းကို ကြည့်ကာ ဝါနုသေးသည့် အောက်ခြေရဲအရာရှိလေးတစ်ဦးမှန်း သိသွားကြသည်။
ဤကဲ့သို့သော လက်သစ်လေးက သူတို့အလုပ်ကို သံသယဝင်နေသဖြင့် အရာရှိများမှာ ဒေါသထွက်သွားကြသည်။
သို့သော် ချင်ရန်က အလျှော့မပေးဘဲ ပြောလိုက်ပြီး လူအုပ်အား ဖြတ်ကျော်၍ အထဲသို့ဝင်သွားသည်။
"ဒုတိယတစ်ခေါက် ပြန်စစ်ကြည့်တာကတော့ ဘာမှမမှားနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်"
၎င်းအား မြင်လိုက်ရသည့်အခါ အရာရှိ ၁၀ ဦးစလုံး မျက်မှောင်ကြုတ်သွားကြသည်။
"ဒီကောင်က အလုပ်မရှိ အလုပ်ရှာနေတာလား၊ ငါတို့ ဒီလောက် ပိုက်စိပ်တိုက် စစ်ထားတာကို သူက လာပြီး ထပ်စစ်မယ် ဟုတ်လား၊ ဆေးရုံကြီးက ဒီလောက်ကျယ်တာ၊ သူ့မှာ အချိန်တွေ ပေါပေမဲ့ ငါတို့မှာ အဲလောက်ထိ အချိန်မရှိဘူး၊ အဲဒီကောင်ကို သွားတားစမ်း”
သူတို့ စကားပြောနေစဉ်မှာပင် ချင်ရန် ထိန်းချုပ်ခန်းထဲ၌ ထောင့်စေ့အောင် လိုက်ကြည့်နေ၏။
“ဘုန်း”
ရဲအရာရှိများသည် အခန်းထဲသို့ ပြေးဝင်လာစဉ်မှာပင် ကျယ်လောင်သော အသံကြီးတစ်ခုကို ကြားလိုက်ရသဖြင့် အသံလာရာဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
သူတို့ မြင်လိုက်ရသည်မှာ ချင်ရန်က နံရံတစ်ခုကို ကန်လိုက်ခြင်း ဖြစ်ပြီး ထိုနံရံကြီးမှာ အပေါက်ကြီး ဖြစ်သွားသည်။
၎င်းနံရံအတွင်း၌ အချိန်ရေတွက်ကိရိယာများ ပြသနေသည့် ဗုံး ၅ လုံးမှာ ထင်ရှားစွာ ရှိနေသည်ကို အားလုံး မျက်ဝါးထင်ထင် မြင်လိုက်ရတော့သည်။
"ဗုံးက ဒီထဲမှာ ရှိနေတာလား၊ တော်တော်လေး ကြံရည်ဖန်ရည် ရှိတာပဲ၊ နံရံထဲမှာ မြှုပ်ထားဖို့ သူ ဘယ်လိုများ စိတ်ကူးရတာလဲမသိဘူး”
ချင်ရန်သည် နံရံထဲမှ ဗုံးများကို အရင်ဆုံး ထုတ်ယူလိုက်သည်။
ဘေးနားရှိ အရာရှိ ၁၀ ဦးမှာမူ ထိုမြင်ကွင်းကြောင့် ဆွံအကုန်ကြသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီနံရံက အကောင်းကြီးကို၊ ဘာမှလည်း ထိထားတဲ့ပုံ မပေါက်ဘူးလေ၊ ဗုံးက ဘာလို့ အထဲမှာ ရှိနေရတာလဲ”
ချင်ရန်က ဗုံးများကို ကိုင်ထားရင်း လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
"တရားခံက ဆောက်လုပ်ရေး အလုပ်သမားဟောင်း တစ်ယောက်လေ၊ အဲဒါကြောင့် သူက အဆောက်အအုံ တည်ဆောက်ပုံကို ကောင်းကောင်းကြီး နားလည်ထားတာ”
"ဒါဆို မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ”
အရာရှိတစ်ဦးက မမေးဘဲ မနေနိုင်တော့ချေ။
"သူက ဆောက်လုပ်ရေးသမား ဖြစ်နေလို့ ကျွန်တော် နံရံတွေကို လိုက်ခေါက်ကြည့်လိုက်တာ၊ အဲဒါ ဒီနေရာက အခေါင်းပေါက် ဖြစ်နေလို့ ကန်ဖွင့်ကြည့်လိုက်တော့ ဗုံးတွေကို တွေ့တာပဲ"
ချင်ရန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
ထိုအခါမှ ရဲအရာရှိများအားလုံး ယုံကြည်သွားကြပြီး ရှက်စိတ်ကြောင့် မျက်နှာများ နီရဲလာကြသည်။
လွန်ခဲ့သော မိနစ်ပိုင်းကပင် သူတို့သည် အသေးစိတ် စစ်ဆေးပြီးပြီဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောခဲ့ကြသည် မဟုတ်ပါလား။
သာမန်လူတစ်ယောက်က နံရံထဲတွင် ဗုံးဝှက်ထားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
"ဒီဗုံး ၅ လုံးစလုံးမှာ သံဇကာတွေ အုပ်ထားတယ်၊ ဒါကြောင့် ခင်ဗျားတို့ရဲ့ ဗုံးအာရုံခံစက်တွေက ရှာမတွေ့တာပါ"
ချင်ရန်က ဗုံးကို ပတ်ထားသော သံဇကာကို ညွှန်ပြလိုက်သည်။
"တော်သေးတာပေါ့ မင်းသာ ရှာမတွေ့ရင် ငါတို့ လွတ်သွားတော့မှာပဲ၊ တကယ်ကို ကျေးဇူးတင်ပါတယ်"
အရာရှိတစ်ဦးက အလွန်အမင်း ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
အကယ်၍ ချင်ရန်သာ မရှိခဲ့လျှင် ဗုံးမပေါက်မချင်း ဤနေရာတွင် ဗုံးရှိနေသည်ကို မည်သူမျှ သံသယဝင်မိကြမည် မဟုတ်ချေ။
"ရပါတယ်ဗျာ၊ ကျေးဇူးတင်စရာ မလိုပါဘူး၊ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပဲ ဥစ္စာ"
ချင်ရန်က ပြန်ပြောကာ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ချောင်ကျန့်ကျွင်းက ချင်ရန်ကို လာရှာခဲ့သည်။
သူသည် ချင်ရန်နှင့်အတူ လှုပ်ရှားချင်သော်လည်း ချင်ရန်က ရုတ်တရက် ပျောက်သွားသောကြောင့် ဖြစ်သည်။
ယခု ချင်ရန်ကို ပြန်တွေ့သည့်အခါ လက်ထဲ၌ ဗုံး ၅ လုံးကို မြင်လိုက်ရသဖြင့် ချောင်ကျန့်ကျွင်းမှာ မျက်လုံးပြူးသွားရသည်။
"ဗုံး ၅ လုံးတောင်လား၊ ချင်ရန် မင်း ဒါတွေကို ဘယ်လိုရှာတွေ့တာလဲ”
"စီနီယာချောင် ကျွန်တော့်ကို ကူညီပါဦး၊ ဒီဗုံးတွေကို ဗုံးရှင်းလင်းရေးအဖွဲ့ဆီ သွားအပ်ပေးပါဦး”
ချင်ရန်က ဗုံးများကို ကမ်းပေးလိုက်သည်။
"မင်းက ဘာလုပ်ဦးမလို့လဲ"
"ဆက်ရှာရဦးမှာပေါ့"
ချင်ရန်က ပုခုံးတွန့်ပြကာ ပြောလိုက်သည်။ စကားပြောနေစဉ်မှာပင် သူသည် အခြားနေရာရှိ ဗုံးများကို ထပ်မံ အာရုံခံမိနေပြန်သည်။
ချောင်ကျန့်ကျွင်း ဗုံးများကို သွားအပ်သည့်အခါ ဗုံးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်မှာ ဗုံးပေါ်မှ သံဇကာကို မြင်ပြီး အံ့ဩသွားသည်။
"ငါ ထင်တဲ့အတိုင်းပဲ၊ ဒီရာဇဝတ်ကောင်က တော်တော်လေး ဗဟုသုတ ရှိတာပဲ၊ ငါတို့စက်ရဲ့ အချက်ပြမှုကို ဘယ်လိုပိတ်ရမလဲဆိုတာ သူ သိနေတယ်၊ ကျန်တဲ့ဗုံးတွေလည်း သံဇကာ အုပ်ထားမှာ သေချာတယ်”
ချင်ရန်သည် သူရှာတွေ့သမျှ ဗုံးအားလုံးကို သူတစ်ယောက်တည်း ရှာတွေ့သည်ဟု မဖြစ်စေရန် ချောင်ကျန့်ကျွင်းနှင့် ဝေမျှယူဖို့ တမင်စောင့်နေခြင်းဖြစ်သည်။
သူတစ်ယောက်တည်း အကုန်ရှာတွေ့နေပါက လူအများ၏ အာရုံစိုက်မှုကို အလွန်အမင်း ခံရနိုင်သောကြောင့် အလုပ်ခွဲဝေပေးရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။
ချင်ရန်က ချောင်ကျန့်ကျွင်းကို ဗီဒိုတစ်ခု၏ အောက်ခြေဆီ ခေါ်သွားရာ ထိုနေရာတွင် ဗုံး ၂ လုံးအား ထပ်မံ ရှာတွေ့ခဲ့ပြန်သည်။
နာရီဝက်ခန့် အကြာတွင် ဆေးရုံထဲ၌ ဗုံးများ မရှိတော့ကြောင်း ချင်ရန် အာရုံခံမိသွားပြီးနောက်တွင်မှ သူသည် သက်ပြင်းချနိုင်တော့သည်။
ဗုံးအန္တရာယ် ကင်းစင်သွားပြီဖြစ်ရာ ဆေးရုံမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်တော့မည် ဖြစ်သည်။
ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့၏ အိတ်ထဲတွင် ဗုံးများ ပြည့်နှက်နေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆေးရုံအပြင်ဘက်၌ ညွှန်ကြားရေးမှူးဆုန့်သည် စိတ်မသက်မသာ ဖြစ်နေသည်။
ပါလီမြစ်နှင့် ချီကျားကျွမ်း ရဲစခန်းတို့မှလွဲ၍ ကျန်သည့်စခန်းများမှာ-= ဗုံးရှာမတွေ့ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။
ဗုံး ၈ လုံးသာ ရှာတွေ့သေးပြီး ကျန်ရှိနေသော ဗုံး ၁၂ လုံးကို မည်သို့ရှာဖွေရမည်ကို သူ အကြံအိုက်နေရသည်။
ပေါက်ကွဲမည့်အချိန်ကလည်း နီးကပ်လာပြီ ဖြစ်သည်။
ညွှန်ကြားရေးမှူးဆုန့်သည် ဆေးရုံရှေ့ရှိ လူနာတင်ယာဉ် ဒါဇင်ပေါင်းများစွာကို ကြည့်ရင်း၊ အကယ်၍သာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါက ထိုလူနာများမှာ လွတ်လမ်းမရှိဘဲ သေဆုံးသွားနိုင်သောကြောင့် အရေးပေါ်လူနာများကို အသက်စွန့်ပြီး ပြောင်းရွှေ့ရန် ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။
106
ညွှန်ကြားရေးမှူးဆုန့်သည် ဆေးရုံအပြင်ဘက်တွင် စီတန်းရပ်ထားသော လူနာတင်ယာဉ်များကို ကြည့်ကာ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"အရေးပေါ်လူနာတွေကို အရင်ဖယ်ထုတ်ဖို့ ပြင်ဆင်ကြ၊ ငါတို့ တတ်နိုင်သလောက် လူနာတွေကို ကယ်ထုတ်ရမယ်"
ညွှန်ကြားရေးမှူးဆုန့်သည် နောက်ထပ် အမိန့်များကို ပေးရန် ပြင်လိုက်စဉ်မှာပင် ဗုံးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်သည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသော မျက်နှာဖြင့် ပြေးထွက်လာကာ အော်ခေါ်လိုက်သည်။
"ညွှန်ကြားရေးမှူးဆုန့်၊ လူကြီးမင်းဆုန့်”
"အမ်”
ညွှန်ကြားရေးမှူးဆုန့်မှာ အံ့အားသင့်သွားသည်။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဗုံးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်က ဘာကြောင့် ထိုမျှအထိ စိတ်လှုပ်ရှားနေရပြီး သူ့အား အော်ခေါ်နေရသည်ကို စဉ်းစားမရ ဖြစ်နေ၏။
"ညွှန်ကြားရေးမှူးဆုန့် ဗုံးတွေအကုန် ရှာတွေ့ပြီဗျ၊ ရှာတွေ့ပြီ အဟားဟား”
ဗုံးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်သည် အနားသို့ရောက်သည်နှင့် အံ့အားသင့်ဖွယ် သတင်းအား ဝမ်းသာအားရဖြင့် ပြောလိုက်၏။
ညွှန်ကြားရေးမှူးဆုန့်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ နားကြားမှားသလားပင် ထင်မှတ်သွားမိသည်။
လွန်ခဲ့သော မိနစ်ပိုင်းကပင် ထိုအဖွဲ့ခေါင်းဆောင်သည် ဗုံးရှာဖွေမှု အလွန်နှေးကွေးနေသဖြင့် စိတ်ပျက်အားလျော့နေပြီး လူနာများကို အမြန်ဆုံး ဖယ်ထုတ်ရန် သူ့ကိုပင် တိုက်တွန်းခဲ့သေးသည် မဟုတ်ပါလား။
"မင်း အတည်ပြောနေတာလား”
ညွှန်ကြားရေးမှူးဆုန့်က မယုံကြည်နိုင်ဘဲ မေးလိုက်သည်။
"အမှန်ပဲ ညွှန်ကြားရေးမှူးဆုန့်၊ ပါလီမြစ်ရဲစခန်းက ရဲအရာရှိနှစ်ယောက်လေ၊ သူတို့မှာ ထူးခြားတဲ့ အစွမ်းတစ်ခုခု ရှိနေသလိုပဲဗျ၊ ကျန်တဲ့ဗုံးတွေ အကုန်လုံးကို သူတို့ဘာသာသူတို့ မြန်မြန်ဆန်ဆန်ပဲ ရှာတွေ့သွားတာ၊ တရားခံ ရန်ကျီဟူ ပေးထားတဲ့ စာအရဆိုရင် ဗုံးအလုံး ၂၀ စလုံးကို အခု ရှာတွေ့သွားပြီမို့ ကျွန်တော်တို့ ဘေးအန္တရာယ် ကင်းသွားပြီ အဟားဟား”
"ရန်ကျီဟူက အလွန်ဉာဏ်များလှတဲ့သူဆိုတော့ ကျွန်တော်တို့ လူတွေကတော့ ဆေးရုံထဲမှာ နောက်ထပ် ၂၁ လုံးမြောက် ဗုံးများ ရှိနေမလားဆိုပြီး ဆက်ရှာနေတုန်းပါပဲ ညွှန်ကြားရေးမှူး”
အဖွဲ့ခေါင်းဆောင်၏ တရစပ်ပြောလာသည့် စကားများမှာ ညွှန်ကြားရေးမှူးဆုန့်အတွက် အကောင်းဆုံးသတင်းပင် ဖြစ်သည်။
စောစောကမူ လူနာများကို စွန့်စားပြီး ကယ်ထုတ်ဖို့ ပြင်နေခဲ့သော်လည်း မထင်မှတ်ဘဲ အကျပ်အတည်းမှာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။
ညွှန်ကြားရေးမှူးဆုန့်သည် သူ့ရာထူးအဆင့်အတန်းကိုပင် ဂရုမစိုက်ဘဲ ဆေးရုံအတွင်းသို့ အပြေးဝင်သွားတော့သည်။
ထိုအခါ သူ မြင်လိုက်ရသည်မှာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေသော ချောင်ကျန့်ကျွင်းနှင့် သူ့ဘေးတွင် တည်တည်ငြိမ်ငြိမ် ရပ်နေသော ချင်ရန်တို့ ဖြစ်သည်။
ဗုံးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင် ပြောခဲ့သည့် ပါလီမြစ်မှ ရဲအရာရှိနှစ်ဦးမှာ ဤသူများပင် ဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်သည်။
"မင်္ဂလာပါ ညွှန်ကြားရေးမှူးချုပ်”
ချောင်ကျန့်ကျွင်းသည် ညွှန်ကြားရေးမှူးဆုန့် ရောက်လာသည်ကို မြင်သောအခါ အပြုံးကို ထိန်းလိုက်ပြီး အမြန်ပင် အလေးပြုလိုက်သည်။
ချောင်ကျန့်ကျွင်းမှာ ချင်ရန်နှင့်အတူ ဗုံးရှာနေစဉ်က စိတ်ဓာတ်များ အလွန်တက်ကြွနေခဲ့သည်။
ကံကောင်းလွန်း၍လားတော့ မသိ၊ သူတို့ ရှာသည့်နေရာတိုင်းတွင် ဗုံးများကို တွေ့နေရသဖြင့် မိမိ၏ ကံကောင်းမှုကိုပင် မယုံနိုင် ဖြစ်နေရသည်။
ဤတစ်ကြိမ်တွင် သူက ဗုံး ၇ လုံး ရှာတွေ့ခဲ့ပြီး ချင်ရန်က ၈ လုံး ရှာတွေ့ခဲ့သည်။
မိမိတို့နှစ်ဦး ပေါင်းလိုက်လျှင် ဗုံး ၁၅ လုံးပင် ရှိနေသည်။
ရန်ကျီဟူ၏ မောက်မာသော စာအရ ဗုံးအလုံး ၂၀ ရှိသည်ဟု ဆိုသည့်အထဲမှ သူတို့နှစ်ဦးက အများစုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ဝါရင့်ရဲတစ်ယောက် ဖြစ်သည့် ချောင်ကျန့်ကျွင်းသည် ထိုစွမ်းဆောင်ရည်မှာ အနည်းဆုံး ဒုတိယအဆင့် စွမ်းဆောင်ရည်ဆုနှင့် ထိုက်တန်ပေသည်ဟု တွေးကာ ကြိတ်ပျော်နေမိသည်။
"မင်း မင်းနဲ့ ချင်ရန်က ဗုံး ၁၅ လုံးတောင် ရှာတွေ့ခဲ့တာ တကယ်လား”
ညွှန်ကြားရေးမှူးဆုန့်က သူတို့၏ ရှာဖွေရေးရလဒ်ကို မြင်လိုက်ရသောအခါ မိမိမျက်လုံးကိုပင် မယုံနိုင် ဖြစ်သွားရသည်။
"ဟုတ်ပါတယ် ညွှန်ကြားရေးမှူး”
ချောင်ကျန့်ကျွင်းက သူ၏ အောင်မြင်မှုကို တစ်စုံတစ်ယောက် လုယူသွားမည် စိုးသည့်အလား ပြုံးဖြီးရင်း အမြန်ပြန်ဖြေလိုက်သည်။
ဘေးနားတွင် ရပ်နေသော ချင်ရန်မူ တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်ပြလိုက်သည်။
အကယ်၍ သူတစ်ယောက်တည်းက ၁၅ လုံးစလုံး ရှာတွေ့ခဲ့သည်ဆိုလျှင် လူအများ၏ အာရုံစိုက်မှုကို အလွန်အမင်း ရရှိသွားမည် ဖြစ်ရာ ၎င်းမှာ ချင်ရန် မလိုချင်ဆုံးသောအရာ ဖြစ်နေသည်။
ကံကောင်းထောက်မစွာဖြင့် ချောင်ကျန့်ကျွင်းက သူနှင့်အတူ ရှာဖွေပေးခဲ့သဖြင့် ဂုဏ်ပြုမှုကို တစ်ဝက်ခွဲယူလိုက်ခြင်းမှာ ချင်ရန်အပေါ်သို့ ကျရောက်လာမည့် အာရုံစိုက်မှုကို လျော့နည်းသွားစေခဲ့သည်။
ထိုအချိန်တွင် အခြားတစ်ဖက်ရှိ ရဲအရာရှိ ၂၀၀ ကျော်မှာမူ ဖော်ပြမရနိုင်သော မျက်နှာထားများ ရှိနေကြသည်။
လူ ၂၀၀ ကျော် ရှာရာတွင် ဗုံး ၄ လုံးသာ တွေ့ခဲ့ပြီး ထိုအထဲမှ တစ်လုံးမှာ တရားခံက တမင် အတွေ့ခံထားခြင်း ဖြစ်သည်။
ထို့ကြောင့် လူ ၂၀၀ နှင့် လူ ၂ ဦးကို နှိုင်းယှဉ်လိုက်လျှင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။
ညွှန်ကြားရေးမှူးဆုန့်၏ မျက်နှာမှာ မဲမှောင်သွားပြီး ကျန်ရှိနေသော ရဲအရာရှိ ၂၀၀ ခန့်ကို အော်ငေါက်လိုက်သည်။
"ပါလီမြစ်က ရဲအရာရှိနှစ်ယောက်က သူတို့ရဲ့ ထူးချွန်တဲ့ အရည်အချင်းနဲ့ ဗုံး ၁၅ လုံးကို ရှာတွေ့ခဲ့တယ်၊ မင်းတို့ လူ ၂၀၀ ကတော့ ဗုံး ၄ လုံးပဲ ရှာတွေ့တယ် ဟုတ်လား၊ မင်းတို့ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ”
ထိုမေးခွန်းမှာ ရဲအရာရှိများစွာကို တိတ်ဆိတ်သွားစေခဲ့သည်။
ထိုလူ ၂၀၀ ထဲတွင် ဝမ်ရှောင်ရီ၊ လီတဝေ၊ ယန်ရှုနှင့် ရှကျဲတို့လည်း ပါဝင်သည်။
သူတို့သည် ချောင်ကျန့်ကျွင်းနှင့် ချင်ရန်တို့ ဗုံး ၁၅ လုံး ရှာတွေ့ခဲ့သည်ကို မြင်ရသောအခါ ဆွံ့အကုန်ကြသော်လည်း မနာလိုစိတ် မရှိကြဘဲ အားကျစိတ်သာ ရှိကြသည်။
ညွှန်ကြားရေးမှူးဆုန့်က လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်ပြန်သည်။
"ကဲ ဒီမှာ ရပ်မနေကြနဲ့တော့၊ တရားခံက စာထဲမှာ ဗုံး ၂၀ ပဲ ရှိတယ်လို့ ရေးထားပေမဲ့ နောက်ထပ် ထပ်ရှိနေဦးမလားဆိုတာက ပြောမရဘူး ဒါကြောင့် ဗုံးရှာတာကို မရပ်တန့်ဘဲ အားလုံး ဆက်ရှာကြပါ”
ထိုရှာဖွေမှုသည် ည ၁၁ နာရီအထိ ကြာမြင့်ခဲ့သည်။
ရဲအရာရှိ ၂၀၀ ကျော်မှာ ဆေးရုံကို တစ်စစီ ဆွဲဖြုတ်တော့မတတ် စေ့စေ့ပေါက်ပေါက် ရှာဖွေခဲ့ကြရာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
ချင်ရန်က နံရံထဲတွင် ဗုံးရှာတွေ့ခဲ့ဖူးသဖြင့် ၎င်းတို့သည် ဆေးရုံ၏ နံရံတိုင်းကိုပင် လက်ဖြင့် လိုက်နှက်စစ်ဆေးခဲ့ကြသေးသည်။
နောက်ဆုံးတွင် ဆေးရုံ၌ ဗုံးများ လုံးဝမရှိတော့ကြောင်း သေချာမှသာ ရှာဖွေမှုကို အဆုံးသတ်လိုက်ကြသည်။
ဤအတောအတွင်း ညွှန်ကြားရေးမှူးဆုန့်မှာ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ပြီး ရှေ့ဆုံးမှ ပါဝင်ခဲ့ရာ အဝတ်အစားများပင် ချွေးများဖြင့် စိုရွဲနေခဲ့သည်။
ရဲဌာနချုပ်မှ ၁၀ မိနစ်တစ်ကြိမ် ဖုန်းဆက်ကာ အခြေအနေကို မေးမြန်းနေခဲ့သဖြင့် ညွှန်ကြားရေးမှူးဆုန့်အတွက် ဖိအားကြီးမားခဲ့သော်လည်း နောက်ထပ် ဗုံးများ ထပ်မတွေ့တော့သဖြင့် ရင်ထဲမှ အပူလုံးကြီးမှာ ငြိမ်းအေးသွားခဲ့ရသည်။
ညွှန်ကြားရေးမှူးဆုန့်သည် ရန်ကျီဟူအား သူကိုယ်တိုင် တွေ့ဆုံမေးမြန်းချင်သောကြောင့် ပါလီမြစ်ရဲစခန်းသို့ ထွက်ခွာလာခဲ့သည်။
ချင်ရန်နှင့် တခြားသူများလည်း ကားဖြင့် ပြန်လာကြသည်။
"ရန်ကျီဟူ ဗုံးထောင်ထားတဲ့ နေရာတွေက တကယ်ကို ပါးနပ်တယ်လို့ပဲ ပြောရမယ်၊ ငါ့မျက်စိသာ မလျင်ရင်တော့ ဒါတွေကို ရှာတွေ့ဖို့ မလွယ်ဘူးဟေ့”
ချောင်ကျန့်ကျွင်းမှာ ကားပေါ်တွင် တောက်လျှောက် ကြွားဝါနေတော့သည်။
ချင်ရန်မှာမူ ထိုစကားကို ကြားကာ ပြုံးနေမိသည်။ ချောင်ကျန့်ကျွင်း ဤသို့လုပ်လေလေ၊ အာရုံစိုက်မှုများမှာ သူ့ထံတွင်သာ ရှိနေလေလေ ဖြစ်သောကြောင့်ပင်။
“ဖြောင်း”
ထိုစဉ် ချောင်ကျန့်ကျွင်းက ချင်ရန်၏ ပုခုံးကို ရုတ်တရက် ပုတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ချင်ရန် ငါတို့ ဒီတစ်ခါတော့ တကယ်ကို အကြီးအကျယ် စွမ်းဆောင်နိုင်ခဲ့တာပဲ၊ ငါတို့ နှစ်ယောက် ဒုတိယအဆင့် စွမ်းဆောင်ရည်ဆု ကို သေချာပေါက် ရတော့မှာကွ ဟားဟား”