အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
107
ချင်ရန် ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။
"ဒုတိယအဆင့် စွမ်းဆောင်ရည်ဆုလား"
သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် သူရရှိထားသည့် ဒုတိယအဆင့် စွမ်းဆောင်ရည်ဆုမှာ နှစ်ခုရှိနေပြီဖြစ်ပြီး ယခုနောက်ထပ်တစ်ခု ထပ်တိုးလာတော့မည်ဖြစ်သည်။
ချင်ရန်အတွက်မူ ဒုတိယအဆင့်ဆုများမှာ ရိုးအီနေပြီဟုပင် ဆိုရမည်။
ယခုရရှိမည့်ဆုပါ ထည့်တွက်လျှင် သူ့လက်ထဲ၌ စုစုပေါင်း ဆုတံဆိပ် ၄ ခု ရှိလာတော့မည်ဖြစ်သည်။
ထို့ကြောင့် သူ့စိတ်ထဲတွင် ပထမအဆင့် စွမ်းဆောင်ရည်ဆုကို ဘယ်တော့ ရနိုင်မလဲ' ဟူသည့် အတွေးသာ ရှိနေမိသည်။
အေးချမ်းသာယာသော ကာလမျိုးတွင် ပထမအဆင့်ဆု ရရှိရန်မှာ အလွန်ခက်ခဲလှ၏။
ထိုဆုမျိုး ရရှိရန်မှာ အလွန်ကြီးလေးသော အမှုကြီးများကို ဖြေရှင်းနိုင်ရုံသာမက ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးရခြင်း သို့မဟုတ် အသက်ပေးလိုက်ရခြင်းမျိုးအထိ ဖြစ်မှသာ ချီးမြှင့်လေ့ရှိသည့် ဆုတံဆိပ်မျိုးဖြစ်သည်။
အတိအကျဆိုရလျှင် ချင်ရန်မှာ အလုပ်သင်ရဲဝန်ထမ်း ဖြစ်နေသဖြင့် ထိုဆုအတွက် အလှမ်းဝေးနေသေးသည်။
အကယ်၍သာ သူသည် ဝါရင့်ရဲအရာရှိတစ်ဦး ဖြစ်နေပါက ဤစွမ်းဆောင်ချက်မျိုးဖြင့် ပထမအဆင့်ဆုတံဆိပ်ကို သေချာပေါက် ရရှိမည်ဖြစ်သည်။
"မင်းက ဘာလို့ နည်းနည်းလေးမှ စိတ်မလှုပ်ရှားရတာလဲ ချင်ရန်”
ချင်ရန်ကို ဤမျှအထိ တည်ငြိမ်နေသည်ကို မြင်ရသောအခါ ချောင်ကျန့်ကျွင်းမှာ မအံ့ဩဘဲ မနေနိုင်တော့ချေ။
သူ၏ရဲသက်တမ်း ၁၀ နှစ်အတွင်း ယနေ့သည် စိတ်အလှုပ်ရှားရဆုံးနေ့ ဖြစ်ပြီး သူ့စွမ်းဆောင်ချက်များကို တွေ့သမျှလူတိုင်းကို လိုက်ကြွားချင်နေမိသည်။
ယုတ္တိဗေဒအရဆိုလျှင် ချင်ရန်သည် သူ့ထက် ဗုံးတစ်လုံး ပိုရှာတွေ့ခဲ့သဖြင့် မိမိထက်ပင် ပို၍ စိတ်လှုပ်ရှားသင့်သည် မဟုတ်ပါလား။
ထိုစဉ် ချောင်ကျန့်ကျွင်း၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသလို တစ်စုံတစ်ရာကို သတိပြုမိသွားသည်။
သူ ပြန်စဉ်းစားကြည့်ရာတွင် ဗုံးရှာရန် နေရာအသစ်တစ်ခုသို့ ရောက်တိုင်း ချင်ရန်က သူ့အား အတိအကျနေရာညွှန်ပြပြီး ဗုံးကို ရှာခိုင်းခဲ့ခြင်း ဖြစ်သည်။
စောစောကမူ သူသည် ယောက္ခမအတွက် စိုးရိမ်စိတ်ဖြင့် ဗျာများနေခဲ့သဖြင့် သေသေချာချာ မတွေးတောနိုင်ဘဲ ချင်ရန်ညွှန်ပြသမျှ နောက်သို့သာ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။
ယခု သေသေချာချာ ပြန်စဉ်းစားကြည့်တော့မှ ဤဖြစ်စဉ်သည် တော်တော်လေး သံသယဖြစ်စရာ ကောင်းနေသည်ဟု သူတွေးမိလိုက်သည်။
ဘေးတွင် ထိုင်နေသော လီတဝေက တောက်လျှောက် စကားပြောနေသည့် ချောင်ကျန့်ကျွင်းကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။
"စီနီယာချောင် အစ်ကို ဒီစကားကို အကြိမ် ၁၀၀ မက ပြောပြီးပြီနော်၊ ကားပေါ်မှာလည်း ဒါကြီးပဲ ခဏခဏ ပြောနေတော့ ကျွန်တော့်နားတွေတောင် ထုံနေပြီဗျ"
ထိုစကားကြောင့် ယန်ရှု၊ ကျောက်ကျိဝေ့နှင့် ရှကျဲတို့အားလုံး ပြုံးမိလိုက်ကြသည်။
လီတဝေ၏ လေသံထဲတွင် အားကျစိတ် အနည်းငယ် ပါဝင်နေသည်။
အကြောင်းမှာ သူသာ ချောင်ကျန့်ကျွင်းနေရာတွင်ဆိုလျှင်လည်း ဤသို့ပင် ဖြစ်နေမည်ဖြစ်သောကြောင့်ပင်။
ချောင်ကျန့်ကျွင်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်မိသည်။
ချင်ရန် ညွှန်ပြသည့်နေရာတိုင်းတွင် ဗုံးတွေ့ရခြင်းမှာ တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်မှန်း သူရိပ်မိသွားသည်။
သို့သော် သူသည် အလွန်အမင်း ကြွားဝါထားခဲ့ပြီးမှ ယခုမှ ချင်ရန်၏ကျေးဇူးကြောင့်ဟု ပြန်ပြောလိုက်ပါက မိမိကိုယ်ကို ပြန်ဆန့်ကျင်သလို ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ချောင်ကျန့်ကျွင်းမှာ စကားတစ်ခွန်းမှ မပြောတော့ဘဲ အိန္ဒြေမပျက် နေလိုက်တော့၏။
နာရီဝက်ခန့်အကြာတွင် ချင်ရန်တို့အဖွဲ့ ပါလီမြစ်ရဲစခန်းသို့ ပြန်ရောက်လာချိန်၌ ညွှန်ကြားရေးမှူးဆုန့်၏ ကားသည်လည်း ရဲစခန်းရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။
"ငါ့ကို ရန်ကျီဟူဆီ ခေါ်သွားပေး”
ကားပေါ်မှ ဆင်းသည်နှင့် ညွှန်ကြားရေးမှူးဆုန့်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
ဝမ်ရှောင်ရီက ညွှန်ကြားရေးမှူးဆုန့်ကို ရန်ကျီဟူအား ထိန်းသိမ်းထားသည့် အချုပ်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။
အချုပ်ခန်းအတွင်း၌ ရန်ကျီဟူသည် ကျေနပ်နေသော မျက်နှာထားဖြင့် အေးစက်စက်ပြုံးကာ စိတ်ကူးယဉ်နေလျက်ရှိ၏။
သူသည် ဆေးရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရာနှင့်ချီသော လူနာများ၊ ဆရာဝန်နှင့် သူနာပြုများ သေဆုံးသွားမည့် မြင်ကွင်းကို မြင်ယောင်နေခြင်း ဖြစ်သည်။
သူ ဆေးရုံတက်စဉ်က မိမိကို အထင်အမြင်သေးစွာ ဆက်ဆံခဲ့သော သူနာပြုများလည်း အပါအဝင်ဖြစ်သည်။ ရန်ကျီဟူ၏ မျက်လုံးထဲတွင် နာကျည်းမှုအရိပ်အယောင်များ တောက်ပလို့နေသည်။
သို့သော် အခန်းထဲသို့ တစ်စုံတစ်ယောက် ရောက်လာသဖြင့် သူ့စိတ်ကူးယဉ်မှုများ ပျက်စီးသွားသည်။
ရောက်လာသူ၏ ရဲအဆင့်အတန်းအရ ရာထူးမြင့်သူတစ်ဦးမှန်း သူ ချက်ချင်းသိလိုက်သော်လည်း လှောင်ပြုံးပြုံးရင်း မောက်မာစွာ ဆက်နေနေသည်။
"မင်းနာမည် ရန်ကျီဟူ မဟုတ်လား၊ ဒုတိယပြည်သူ့ဆေးရုံနဲ့ ရှင်းဟွာဈေးဝယ်စင်တာမှာ ဗုံးထောင်ခဲ့တဲ့ နောက်ကွယ်က တရားခံက မင်းလား”
ညွှန်ကြားရေးမှူးဆုန့်က မျက်နှာသေဖြင့် မေးလိုက်သည်။
"ငါ မင်းကို မေးနေတယ် ဘယ်သူက မင်းကို ဗုံးထောင်ဖို့ ခိုင်းတာလဲ ပြီးတော့ အဲဒီဗုံးတွေကို ဘယ်သူက မင်းကို ပေးတာလဲ"
ရန်ကျီဟူက ဂရုမစိုက်သည့်အပြင် ညွှန်ကြားရေးမှူးဆုန့်၏ မျက်နှာကို တံတွေးဖြင့် လှမ်းထွေးလိုက်သေးသည်။
ကံကောင်းထောက်မစွာဖြင့် ညွှန်ကြားရေးမှူးဆုန့်က အချိန်မီ ရှောင်လိုက်နိုင်သဖြင့် လွတ်သွားသည်။
"ငါ ထင်တာ မမှားရင် ခင်ဗျားက ဒီနယ်မြေကို တာဝန်ယူရတဲ့ ညွှန်ကြားရေးမှူးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”
ရန်ကျီဟူက အေးအေးလူလူပင် ပြောသည်။
"ဆေးရုံကတော့ ဗုံးပေါက်သွားပြီး လူရာနဲ့ချီ သေကုန်ပြီ မဟုတ်လား၊ ဒါဆို ခင်ဗျားရဲ့ ရာထူးကို ဆက်ထိန်းထားနိုင်ဦးမယ်လို့ ထင်နေတာလား၊ ရာထူးပြုတ်တော့မှာမို့လို့ ငါ့လိုလူအပေါ်မှာ လာပြီး ဒေါသပုံချနေတာလား အဟက်”
ညွှန်ကြားရေးမှူးဆုန့်က ခနဲ့ပြုံး ပြုံးလိုက်၏။
"ပေါက်ကွဲသွားတယ် ဟုတ်လား၊ ဆောရီးပဲ ဘာလို့ဆို မင်းဆန္ဒအတိုင်း ဖြစ်မလာခဲ့လို့ပဲ"
"မင်း မျှော်လင့်နေသလို ဒုတိယဆေးရုံက ဗုံးမပေါက်တဲ့အပြင် မင်းထောင်ထားတဲ့ ဗုံးအလုံး ၂၀ စလုံးကိုပါ ငါ့လူတွေက အကုန် ရှာတွေ့သွားပြီ၊ ဘယ်လိုလဲ စိတ်တော်တော်မှ ပျက်သွားရဲ့လား”
ရန်ကျီဟူမှာ သူ့နားကိုပင် မယုံနိုင် ဖြစ်သွားသည်။
သူသည် ချက်ချင်းပင် မတ်တတ်ထရပ်ကာ ညွှန်ကြားရေးမှူးဆုန့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။
ထို့နောက် ခေါင်းကို တရစပ်ခါယမ်းရင်း ပြောလိုက်၏။
"ငါ မယုံဘူး၊ ခင်ဗျား ငါ့ကို လာလိမ်နေတာ၊ ရဲတွေက စိတ်ဓာတ်ရေးရာအရ အနိုင်ယူဖို့ လိမ်ပြောတတ်တယ်ဆိုတာ ငါ သိတာပေါ့”
"ငါ့ရဲ့ အဆင့်အတန်းနဲ့ မင်းကို လိမ်ပြောနေစရာ မလိုဘူး"
ညွှန်ကြားရေးမှူးဆုန့်က လေးနက်စွာ ပြောသည်။
"ငါ အခု ဒီကို လာတာက မင်းကို ဘယ်သူ ခိုင်းသလဲဆိုတာ သိချင်လို့ပဲ”
ရန်ကျီဟူ၏ မျက်နှာအမူအရာ ပျက်သွားတော့သည်။
ညွှန်ကြားရေးမှူးဆုန့်၏ ပြတ်သားလွန်းသော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ဗုံးများမှာ သူ ရည်ရွယ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ကြောင်း သိလိုက်ရသည်။
သို့သော် သူတို့ မည်သို့ ရှာတွေ့သွားရသနည်းဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။
သူသည် ဗုံးအချက်ပြမှုကို ပိတ်ဆို့ရန် သံဆန်ခါများဖြင့် သေသေချာချာ ပြင်ဆင်ခဲ့သည် မဟုတ်ပါလား။
ရန်ကျီဟူ၏ မျက်နှာမှာ ရှုံးနိမ့်မှုများဖြင့် ပြည့်နှက်သွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ် သိသွားတာလဲ၊ ငါ အကုန်လုံး သေသေချာချာ ပြင်ဆင်ခဲ့တာပါ၊ ခင်ဗျားတို့ရဲ့ မဖြစ်စလောက် အရည်အချင်းနဲ့ဆိုရင် အချိန်တိုအတွင်းမှာ ဗုံးအကုန်လုံးကို ရှာတွေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
မိမိသည် အသက်ကို ရင်းခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ရသဖြင့် ရန်ကျီဟူမှာ လုံးဝ စိတ်ဓာတ်ကျသွားသည်။
ညွှန်ကြားရေးမှူးဆုန့်က ဝမ်ရှောင်ရီဘက်သို့ လှည့်ကာ ပြောလိုက်၏၊
"ဒီလူကို သေသေချာချာ စုံစမ်းဖို့ လိုမယ်၊ သူထောင်ထားတဲ့ ဗုံးတွေက သူကိုယ်တိုင် လုပ်ထားတာ မဟုတ်ဘူး၊ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ထောက်ပံ့နေတာ ဖြစ်ရမယ်၊ ဝမ်ရှောင်ရီ ဒီရက်ပိုင်းအတွင်း ရန်ကျီဟူနဲ့ ဘယ်သူတွေ ဆက်သွယ်ခဲ့သလဲဆိုတာကို အမြန်ဆုံး ရှာဖွေဖို့ ငါ အမိန့်ပေးတယ်”
"ဟုတ်ကဲ့ပါ”
ဝမ်ရှောင်ရီက အလေးပြုလိုက်သည်။
ထို့နောက် ညွှန်ကြားရေးမှူးဆုန့်သည် ဌာနချုပ်သို့ အစီရင်ခံတင်ပြရန် ပြန်သွားခဲ့သည်။
‘လူငယ်အားကစားပွဲတော်’ စတင်ရန် ၅ ရက်သာ လိုတော့ပြီး နိုင်ငံတကာမှ အရာရှိကြီးများ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ရာ မည်သည့် အမှားအယွင်းမျှ ရှိ၍ မရချေ။
ညွှန်ကြားရေးမှူးဆုန့် ထွက်ခွာသွားပြီးနောက် ဝမ်ရှောင်ရီက ချောင်ကျန့်ကျွင်း၊ ကောင်းချောင်နှင့် ချန်ဟောက်တို့ကို ပြောလိုက်သည်။
"စစ်ဆေးမေးမြန်းတာကိုတော့ မင်းတို့ သုံးယောက် တာဝန်ယူလိုက်ကြ၊ ရန်ကျီဟူနဲ့ ဘယ်သူတွေ ဆက်သွယ်ခဲ့သလဲဆိုတာကိုတော့ ငါ တခြားလူတွေကို စုံစမ်းခိုင်းလိုက်မယ်၊ ဒီကိစ္စက ငါတို့ ပါလီမြစ်ရဲစခန်း တစ်ခုတည်းနဲ့တင် ပြီးမှာ မဟုတ်ဘူး၊ တခြား အင်အားစုတွေလည်း ပါဝင်လာလိမ့်မယ်"
ဝမ်ရှောင်ရီသည် သက်ပြင်းချလိုက်မိသည်။
အကယ်၍ ချောင်ကျန့်ကျွင်းနှင့် ချင်ရန်တို့၏ ထူးခြားသော ကံကောင်းမှုသာ မရှိခဲ့လျှင် ဤကိစ္စမှာ ပြေလည်ရန် အလွန်ခက်ခဲပေလိမ့်မည်။
ချန်ဟောက်က ချင်ရန်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ဤစစ်ဆေးမေးမြန်းမှုတွင် ချင်ရန် ပါဝင်သင့်သည်ဟု သူ ခံစားလိုက်ရသည်။
အတိတ်တုန်းက ချင်ရန်သည် ခက်ခဲသော တရားခံများထံမှ သတင်းအချက်အလက်များကို ရယူနိုင်ခဲ့သည် မဟုတ်ပါလား။
ယခုလည်း ချင်ရန်သည် သူ့စွမ်းရည်ဖြင့် ရန်ကျီဟူထံမှ သတင်းများကို ရယူနိုင်လိမ့်မည်ဟု ချန်ဟောက်က ယုံကြည်နေမိတော့သည်။
108
ချင်ရန်၊ ချန်ဟောက်နှင့် အဖွဲ့သားများသည် အနားမယူနိုင်ကြသေးဘဲ ရန်ကျီဟူကို စတင်စစ်ဆေးမေးမြန်းကြတော့သည်။
သို့သော် ရန်ကျီဟူမှာ စိတ်ဓာတ်ကျနေသည့်အလား ခေါင်းငိုက်စိုက်ချထားကာ မည်သည့်စကားမျှ မပြောဘဲ တိတ်ဆိတ်စွာ နေမြဲတိုင်း နေနေသည်။
ချင်ရန်က သူ့ကို နည်းမျိုးစုံဖြင့် ဖျောင်းဖျပြောဆိုသော်လည်း သူသည် တုန့်ပြန်မှု လုံးဝမရှိဘဲ အလွန်ခေါင်းမာနေသဖြင့် ကိုင်တွယ်ရခက်လှသည်။
ချင်ရန်သည် ရန်ကျီဟူ၏ ကိုယ်ရေးမှတ်တမ်းကို ကြည့်ရင်း ပြန်လည်စဉ်းစားမိသွားသည်။
ရန်ကျီဟူ၏ မိဘများ သေဆုံးပြီးပြီ၊ ဆွေမျိုးလည်းမရှိ၊ သားသမီးလည်းမရှိသည့်အပြင် ယခုလည်း အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်သည်။
ဤကဲ့သို့သော ဘဝတွင် ဆုံးရှုံးစရာ ဘာမှမရှိတော့သူတစ်ဦးကို သံယောဇဉ်ဖြင့် ဆွဲဆောင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ချင်ရန်က နည်းဗျူဟာပြောင်းလိုက်ပြီး သူ၏ ကင်ဆာရောဂါကို ကုသပေးမည်ဟု ကမ်းလှမ်းကာ စည်းရုံးကြည့်ပြန်သည်။
သို့သော်လည်း ရန်ကျီဟူ၏ မျက်လုံးထဲတွင် ရှင်သန်လိုသည့်ဆန္ဒများ လုံးဝကွယ်ပျောက်နေပြီဖြစ်ရာ မည်သို့မျှ တုန်လှုပ်ခြင်းမရှိချေ။
ရန်ကျီဟူက ဆက်လက် တိတ်ဆိတ်နေသဖြင့် ချင်ရန်၊ ချန်ဟောက်နှင့် ချောင်ကျန့်ကျွင်းတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး စစ်ဆေးရေးအခန်းထဲမှ အတူတူ ထွက်လာခဲ့ကြသည်။
"ဒီလူက စကားတစ်ခွန်းမှ မဟဘူး၊ ဒီပုံတိုင်းသာဆိုရင် သူ့ဆီကနေ သတင်းရဖို့ဆိုတာ တကယ်ခက်နေပြီ"
ချင်ရန်က ခေါင်းခါရင်း ပြောလိုက်သည်။
ချောင်ကျန့်ကျွင်း ခဏတာမျှ စဉ်းစားပြီးနောက် ဆက်ပြောလေသည်။
"အခြေအနေကို သိရဖို့ဆိုရင် ရန်ကျီဟူနဲ့ ပတ်သက်ခဲ့တဲ့ လူတွေကိုပဲ စတင်ပြီး စုံစမ်းရတော့မယ်၊ သူ့ဘာသာသူ ထုတ်ပြောလာဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ"
ချန်ဟောက်မှာ ဝါရင့်ရဲတစ်ယောက် ဖြစ်သည့်အလျောက် ထိုအချက်အား ရိပ်မိပြီးသားဖြစ်သည်။
ဤကဲ့သို့သော လူမျိုးမှာ လောကဓံတရားမျိုးစုံကို ခံစားခဲ့ရပြီး ဖြစ်သဖြင့် အလွန်သတိကြီးကြရာ စုံစမ်းစစ်ဆေးမှုမှာ ရေရှည်တိုက်ပွဲ ဆင်နွှဲရမည့်သဘော ရှိနေသည်။
“ဗုန်း”
ထိုစဉ်မှာပင် စစ်ဆေးရေးအခန်းထဲမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကို ကြားလိုက်ရသည်နှင့် ချင်ရန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
သုံးဦးစလုံး ထိတ်လန့်သွားကြပြီး စစ်ဆေးရေးအခန်းတံခါးကို အမြန်ပင် တွန်းဖွင့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် အခန်းတွင်းရှိ နံရံပေါ်၌ စီးကျနေသော သွေးကွက်ကြီးကို မြင်လိုက်ရသည်။
“ဘုတ်”
ရန်ကျီဟူသည် နံရံကို ခေါင်းဖြင့်တိုက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်သဖြင့် ကြမ်းပြင်ပေါ်သို့ ခန္ဓာကိုယ်ကြီးမှာ ပျော့ခွေကာ ကျသွားတော့သည်။
ချောင်ကျန့်ကျွင်းက အနားသို့ အမြန်ပြေးသွားပြီး စမ်းသပ်ကြည့်ရာ ရန်ကျီဟူမှာ အသက်ရှူရပ်ကာ သေဆုံးသွားပြီဖြစ်သည်။
"ဒါ ငါတို့ရဲ့ အမှားပဲ၊ တရားခံကို မျက်ခြေမပြတ် စောင့်ကြည့်ရမှာကို သတိပေါ့သွားလို့ အခုလို ဖြစ်ရတာ၊ ညွှန်ကြားရေးမှူးဆုန့်ဆီကို အမြန်ဆုံး အကြောင်းကြားလိုက်ပါ"
ချန်ဟောက်က သက်ပြင်းချရင်း ပြောသည်။
ချင်ရန်ကမူ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"ရန်ကျီဟူရဲ့ ပါးစပ်က သံလိုမာတာပါ၊ အချိန်ဘယ်လောက်ပေးပေး သူ့ဆီက သတင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ရန်ကျီဟူသည် အဆုံးစွန်သော မျှော်လင့်ချက်မဲ့မှုမျိုးကို ခံစားနေရသည်ကို ချင်ရန် အာရုံခံမိသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဖိန်လင်မြို့ရှိ လူနေရပ်ကွက်ဟောင်းတစ်ခု၏ မြေအောက်ခန်းအတွင်း၌ အရှေ့တောင်အာရှသား ရုပ်သွင်ရှိသော လူ ၁၃ ဦး ရှိနေသည်။
၎င်းတို့သည် အသားညိုညို၊ အေးစက်သော မျက်ဝန်းများနှင့် သာမန်အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
ထိုမြေအောက်ခန်းသည် အလွန်လျှို့ဝှက်ကာ လူသူအရောက်အပေါက် နည်းလှသည့်အပြင် ရပ်ကွက်အတွင်း နေထိုင်သူအများစုမှာလည်း အသက် ၇၀၊ ၈၀ အရွယ် သက်ကြီးရွယ်အိုများသာ ဖြစ်သည်။
"မစ်ရှင် ကျရှုံးသွားပြီ၊ ငါတို့ရှာထားတဲ့လူက တကယ့် အသုံးမကျတဲ့ကောင်ပဲ၊ ဆေးရုံလည်း မပေါက်ကွဲဘူး၊ ဈေးဝယ်စင်တာလည်း မပေါက်ဘူး၊ ငါတို့ ဗုံး ၃၀ ကျော်ကို အလဟဿ ဖြုန်းလိုက်မိပြီ"
ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်ဟန်တူသော၊ လည်ပင်း၌ ကျားသစ်ခေါင်း တက်တူးရှိသည့် ခေါင်းတုံးနှင့်အမျိုးသားက ပြောလိုက်သည်။
"ကျားသစ် ငါတို့ အဲဒီကောင်ကို သွားရှာကြမလား၊ တကယ်လို့ အဖမ်းမခံရသေးရင် ပါးစပ်ပိတ်ပစ်လို့ရတာပေါ့ ဒါပေမဲ့ အဖမ်းခံလိုက်ရပြီဆိုရင်"
အခြားတစ်ဦးမှ မေးရာ ကျားသစ်က နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြောသည်။
"မလိုဘူး၊ အဲဒီအသုံးမကျတဲ့ကောင်ကတော့ တရုတ်အစိုးရလက်ထဲ ရောက်သွားလောက်ပြီ၊ အခုသွားရှာနေလည်း အချိန်ကုန်တာပဲ ရှိလိမ့်မယ်"
"ဒါဆို ဘာဆက်လုပ်မလဲ"
"ငါတို့ရဲ့ မစ်ရှင်တွေကို မြန်မြန်လုပ်ရမယ်၊ တရုတ်ရဲတွေရဲ့ စုံစမ်းစစ်ဆေးနိုင်စွမ်းက မြင့်တယ်၊ ငါတို့ ရန်ကျီဟူနဲ့ ဆက်သွယ်ခဲ့တာကို သူတို့ မကြာခင်မှာ သိသွားပြီး ငါတို့ကို တစ်ရက် နှစ်ရက်အတွင်း ရှာတွေ့သွားနိုင်တယ်၊ ဒါကြောင့် ငါတို့ကို သူတို့ ရှာမတွေ့ခင်မှာ ကိစ္စကြီးကြီးမားမားတစ်ခုခု လုပ်ရမယ်"
သူတို့အားလုံးသည် တရုတ်ပြည်ထဲသို့ ဝင်လာစဉ်ကပင် အသက်ရှင်လျက် ပြန်ရန် ရည်ရွယ်ချက်မရှိသည့် သေမင်းတမန်များ ဖြစ်ကြသည်။
တရုတ်ရဲများ၏ တင်းကျပ်လှသော စောင့်ကြည့်မှုကြောင့် သူတို့မှောင်ခိုလုပ်ငန်းများမှာ လုံးဝ လုပ်ဆောင်၍ မရတော့သည့်အပြင်၊ အာဖရိကနှင့် ပါရှားဒေသများတွင် တရုတ်ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များကြောင့် သူတို့၏ လက်နက်မှောင်ခို၊ ဘိန်းဖြူနှင့် လူကုန်ကူးမှု လုပ်ငန်းများမှာလည်း အကြီးအကျယ် ထိခိုက်နေရသည်။
ဤဗုံးခွဲမှုမှာ ကလဲ့စားချေခြင်းဖြစ်သလို၊ တရုတ်ပြည်အနေဖြင့် ပါရှားနှင့် အာဖရိကကိစ္စများတွင် ဆက်လက်ဝင်ရောက် မစွက်ဖက်ရန် ခြိမ်းခြောက်ခြင်းလည်း ဖြစ်သည်။
"မနက်ဖြန် မင်းတို့ ၆ ယောက် လက်နက်တွေယူပြီး ဖိန်လင်မြို့ လေဆိပ်ကို သွားကြ၊ တခြားနိုင်ငံက အဆင့်မြင့် အရာရှိကြီးတွေ ရောက်လာလိမ့်မယ်၊ ဘာလုပ်ရမလဲဆိုတာ မင်းတို့ သိတယ်မဟုတ်လား"
ကျားသစ် စေခိုင်းလိုက်သော လူ ၆ ဦးမှာ ခေါင်းငြိမ့်ပြလိုက်ကြသည်။
မနက်ဖြန်သည် သူတို့၏ သေနေ့ဖြစ်လာမည်ကို သူတို့ သိနေသော်လည်း မျက်နှာများမှာ အေးစက်မြဲ အေးစက်နေကြသည်။
"ကျန်တဲ့ ၇ ယောက်ကတော့ နေရာပြောင်းမယ်၊ 'လူငယ်အားကစားပွဲတော်' မစခင်အထိ ငါတို့ ပုန်းနေရမယ်၊ အခု ငါတို့ရဲ့ ပင်မအင်အားစုတွေ ရောက်နေပြီ၊ ငါတို့အပြင် နောက်ထပ် လူ ၄၀ ရှိသေးတယ်၊ အဲဒီထဲမှာ နိုင်ငံခြားကနေ ပြန်လာတဲ့ ထူးချွန်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ အငြိမ်းစား ကြေးစားစစ်သားတွေ ပါဝင်တယ်၊ သူတို့ရဲ့ အထောက်အထားတွေက အားကစားပွဲတော်ကို လာကြည့်တဲ့ ပရိသတ်တွေအဖြစ်နဲ့ ဝင်ရောက်ဖို့ လုံလောက်တယ်၊ အခုက ငါတို့က အမြည်းပဲ ရှိသေးတာ၊ သူတို့ကမှ အဖွဲ့အစည်းရဲ့ အဆုံးစွန်သော လက်နက်တွေပဲ"
ကျားသစ်၏ ယုတ်မာသော အပြုံးကို ကြည့်ရင်း ကျန်သူများကလည်း ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့တွေးနေသည်မှာ သူတို့သေပြီးနောက် အဖွဲ့အစည်းက ပစ်မထားမည့် သူတို့မိသားစုများအတွက်သာ ဖြစ်သည်။
ဖိန်လင်မြို့ ရဲဌာနတွင် ညွှန်ကြားရေးမှူးဆုန့်သည် ညနက်ပိုင်း ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတစ်ခု တက်ရောက်နေရသည်။
ရဲချုပ်ကြီးက တင်းမာသော မျက်နှာထားဖြင့် ပြင်းထန်စွာ အပြစ်တင်လိုက်သည်။
"ဆုန့်ဝေ မင်းဖမ်းထားတဲ့ တရားခံ ရန်ကျီဟူက စစ်ဆေးရေးအခန်းထဲမှာ သေသွားတယ်ဆိုတာ မင်းရဲ့ တာဝန်ပျက်ကွက်မှုပဲ၊ မင်းတို့လူတွေ ပေါ့ဆလို့ အရေးကြီးတဲ့ သက်သေကို သေခွင့်ပေးလိုက်မိတာပဲ"
"ဆေးရုံဗုံးကိစ္စမှာ ပါဝင်ခဲ့တဲ့ ပါလီမြစ်က လူနှစ်ယောက်ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းအားလုံးကိုလည်း ပယ်ဖျက်ပစ်ရမယ်၊ ဒီကိစ္စသာ အဆင်မပြေရင် မင်းတင်မကဘူး၊ ငါပါ ပြဿနာတက်လိမ့်မယ်"
ရဲချုပ်ကြီးက ရာဇသံပေးလိုက်ရာ အခြားသော ဌာနခွဲမှူးများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။