အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
109
ထိုစကားကို ကြားလိုက်ရသည့်အခါ ညွှန်ကြားရေးမှူးဆုန့်၏ နှုတ်ခမ်းများမှာ တုန်ရီသွားပြီး မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။
“ဦးစီးချုပ်ကြီး ဒီနေ့ ဆေးရုံမှာဖြစ်ခဲ့တဲ့ ကိစ္စမှာ ကျွန်တော့်လူနှစ်ယောက်ဟာ တကယ်ကို အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ၊ တကယ်လို့သာ သူတို့မရှိရင်"
ဆုန့်ဝေမှာ ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့၏ စွမ်းဆောင်ရည်မှတ်တမ်းများ ပယ်ဖျက်ခံရမည်ကို စိုးရိမ်သဖြင့် ရှေ့နေလိုက်ပေးခြင်းဖြစ်သည်။
အကယ်၍ ၎င်းနှစ်ဦးသာ မရှိခဲ့လျှင် ဆေးရုံတွင် မည်မျှအထိ တုန်လှုပ်ဖွယ်ရာ အမှုကြီး ဖြစ်ပွားသွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
သို့သော် လူတိုင်း အံ့သြသွားရသည်မှာ ဆုန့်ဝေ၏ စကားမဆုံးခင်မှာပင် ရဲဦးစီးချုပ်ကြီးမှာ စားပွဲကို ဝုန်းကနဲ မြည်အောင် ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ခြင်းပင်ဖြစ်သည်။
“ဆုန့်ဝေ၊ ဒါဟာ ငါတို့နိုင်ငံအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ မင်းသိရဲ့လား၊ ဖိန်လင်မြို့အပေါ်မှာရော ဘယ်လောက်အထိ ရိုက်ခတ်မှုရှိသွားမလဲဆိုတာ မင်းတွေးမိရဲ့လား၊ အဲဒီအဖွဲ့အစည်းတွေကသာ တကယ် ဒုက္ခပေးလာရင် ဖိန်လင်မြို့ဟာ သွားပြီပဲ၊ ဒီမှာရှိနေတဲ့ မင်းတို့ တစ်ယောက်ချင်းစီတိုင်း တာဝန်ခံရလိမ့်မယ်၊ ဒီလို အခြေအနေမျိုးမှာ မင်းရဲ့ လက်အောက်ငယ်သားတွေဟာ အရေးကြီးဆုံး သက်သေတစ်ယောက်ကိုတောင် ကာကွယ်မပေးနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခွင့် ပေးလိုက်ရတယ် ဟုတ်လား၊ ပြောစမ်းပါ ဒီလို အခြေအနေမျိုးမှာ ငါက သူတို့ကို ဘယ်လိုလုပ်ပြီး ဂုဏ်ပြုဆုပေးရမှာလဲ ဟမ်”
ရဲချုပ်ကြီး၏ ဒေါသတကြီး မေးခွန်းထုတ်မှုများကြောင့် ဆုန့်ဝေမှာ မည်သည့်စကားမျှ ပြန်မပြောနိုင်တော့ဘဲ စိတ်မလုံမလဲ ဖြစ်သွားရသည်။
“မနက်ဖြန်ကျရင် ပါရှားဒေသက နိုင်ငံသုံးနိုင်ငံရဲ့ အဆင့်မြင့် အရာရှိကြီးတွေ ဖိန်လင်မြို့ လေဆိပ်ကို ရောက်လာလိမ့်မယ်၊ မင်းနဲ့ စခန်းမှူး လီကျန်းယီတို့ဟာ လေဆိပ်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ်၊ ဒါဟာ ပထမဆုံး ရောက်လာမယ့် နိုင်ငံခြား အရာရှိကြီးတွေရဲ့ အဖွဲ့ဖြစ်လို့ ဘယ်လို အမှားအယွင်းမျိုးမှ ငါ အဖြစ်မခံနိုင်ဘူး၊ နားလည်လား”
"နားလည်ပါပြီ"
ညွန်ကြားရေးမှူးဆုန့်ဝေက ခေါင်းငြိမ့်လက်ခံလိုက်သည်။
သူ့ရင်ထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်နေပြီး ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့အတွက်လည်း အလွန်ပင် စိတ်မကောင်းဖြစ်မိသည်။
မနေ့က ၎င်းတို့နှစ်ဦးမှာ မိမိအတွက် များစွာ အကူအညီ ဖြစ်ခဲ့သော်လည်း၊ ရန်ကျီဟူကို သေချာ မစောင့်ကြည့်နိုင်ခဲ့သဖြင့် ၎င်းတို့၏ စွမ်းဆောင်ရည် မှတ်တမ်းများမှာ ပယ်ဖျက်ခံလိုက်ရပြီဖြစ်သည်။
ထိုသတင်းကိုသာ ၎င်းတို့နှစ်ယောက် သိသွားလျှင် အလွန်ပင် ဝမ်းနည်းကြပေလိမ့်မည်။
‘ဒီကိစ္စကို သူတို့ကို ပြောပြသင့်လား၊ တကယ်လို့ ပြောလိုက်ရင် သူတို့ အလုပ်လုပ်ရတာ စိတ်ဓာတ်ကျသွားနိုင်မလား’ ဟု တွေးမိရင်း ဆုန့်ဝေ သက်ပြင်းချလိုက်မိသည်။
နောက်တစ်နေ့တွင် ညွှန်ကြားရေးမှူးဆုန့်သည် ပါလီမြစ်ရဲစခန်းသို့ ကိုယ်တိုင်လာရောက်ကာ စခန်းမှူးဝမ်ရှောင်ရီနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ပါလီမြစ်ရဲစခန်းရှိ ရဲအင်အား ထက်ဝက်ကို ဖိန်လင်မြို့ လေဆိပ်သို့ လုံခြုံရေးတာဝန်ယူရန် စေလွှတ်လိုက်သည်။
ဖိန်လင်မြို့လေဆိပ်သည် တရုတ်နိုင်ငံတွင် ခရီးသည်စီးဆင်းမှု ပဉ္စမမြောက် အများဆုံးဖြစ်ပြီး နိုင်ငံတကာတွင်လည်း ကျော်ကြားလှသည်။
နေ့စဉ် ခရီးသည် ၁ သိန်းကျော်၊ တစ်နှစ်လျှင် ၃၆ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသည့် ထိပ်တန်းလေဆိပ်ကြီးဖြစ်သည်။
ယနေ့တွင် ပါရှားဒေသမှ ရေနံသူဌေးကြီးများ ရောက်ရှိလာမည်ဖြစ်ရာ လုံခြုံရေးအတွက် အပြည့်အဝ ပြင်ဆင်ထားရမည်ဖြစ်သည်။
ချင်ရန်နှင့် လီတဝေတို့ ပါဝင်သော်လည်း ရှကျဲမှာမူ အမျိုးသမီးဖြစ်သည့်အပြင် ကိုယ်ကာယ ကြံ့ခိုင်မှု ကန့်သတ်ချက်များကြောင့် လိုက်ပါခွင့်မရချေ။
ညွှန်ကြားရေးမှူးဆုန့်သည် စွမ်းဆောင်ရည်မှတ်တမ်းများ ပယ်ဖျက်ခံရသည့်အကြောင်းကို ချင်ရန်တို့ထံ တိုက်ရိုက်မပြောဘဲ ဝမ်ရှောင်ရီကိုသာ အသိပေးခဲ့သည်။
ထိုသတင်းကြောင့် ဝမ်ရှောင်ရီမှာ ချောင်ကျန့်ကျွင်းကို အားနာသလို ကြည့်လိုက်မိသည်။
ချောင်ကျန့်ကျွင်းမှာ ဆုရပြီးကတည်းက အလွန်မော်ကြွားနေခဲ့သူ မဟုတ်ပါလား။
ဤသတင်းကို သိသွားပါက သူ သေရတာထက် ပို၍ ခံစားရပေလိမ့်မည်။
ဝမ်ရှောင်ရီသည် ထိုအကြောင်းကို ချန်ဟောက်အား ပြောပြခဲ့ပြီး ကားပေါ်တွင် လူရှင်းသည့်အချိန်မှသာ ၎င်းတို့အား အသိပေးရန် ညွှန်ကြားလိုက်သည်။
မကြာမီ ချင်ရန်တို့အဖွဲ့သည် လေဆိပ်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
ကားထဲတွင်မူ ချောင်ကျန့်ကျွင်းမှာ တက်ကြွစွာဖြင့် စကားများ မနားတမ်း ပြောနေဆဲဖြစ်ပြီး ချန်ဟောက်မှာမူ တစ်ခုခုကို ပြောချင်သော်လည်း စိတ်ကို ပြန်ထိန်းထားရသည်။
ချင်ရန်က ချန်ဟောက်၏ အမူအရာကို ရိပ်မိသွားပြီး မေးလိုက်သည်။
"ဆရာ ဘာဖြစ်လို့လဲ"
ချန်ဟောက်က သက်ပြင်းချလိုက်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
"ချင်ရန် စီနီယာချောင် မင်းတို့ကို ပြောပြစရာ တစ်ခုရှိတယ်"
"ဘာဖြစ်လို့လဲ"
ချောင်ကျန့်ကျွင်းက စပ်စုသော မျက်လုံးများဖြင့် မေးလိုက်သည်။
"အင်း ရန်ကျီဟူက စစ်ဆေးရေးအခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာဟာ စောင့်ကြပ်နေတဲ့သူတွေရဲ့ တာဝန်ပျက်ကွက်မှုလို့ အထက်က သတ်မှတ်လိုက်တယ်၊ အဲဒါကြောင့် မင်းတို့ရမယ့် ဒုတိယအဆင့် စွမ်းဆောင်ရည်ဆု တွေကို ပယ်ဖျက်လိုက်ပြီလို့ အခုပဲ အကြောင်းကြားလာတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်ရန်မှာ ဘာမှမဖြစ်သကဲ့သို့ ရှိနေသော်လည်း ချောင်ကျန့်ကျွင်းမှာမူ ကားပေါ်မှ ခုန်ချတော့မတတ် တုန်လှုပ်သွားသည်။
"ဘာ၊ ကျွန်တော့်ရဲ့ ဒုတိယအဆင့်ဆုကြီးကို ပယ်ဖျက်လိုက်တယ် ဟုတ်လား"
ချောင်ကျန့်ကျွင်းမှာ ဆွံ့အကာ ဆောက်တည်ရာမရ ဖြစ်သွားသည်။ သူ အလွန်မျှော်လင့်နေသည့် ဆုကြီးမှာ မျက်စိရှေ့တင် ပျောက်ကွယ်သွားခဲ့လေပြီ။
"ရန်ကျီဟူ သေဆုံးသွားတာက အရေးကြီးတဲ့ ဆုံးရှုံးမှုဖြစ်လို့ ငါတို့ ဘာမှမတတ်နိုင်ဘူး"
ချန်ဟောက်က သက်ပြင်းချကာ နှစ်သိမ့်သည်။
ချောင်ကျန့်ကျွင်း၏ မျက်နှာမှာ ရဲတက်လာပြီး မကျေမနပ် ရေရွတ်လိုက်သည်။
"ဒုတိယအဆင့်ဆုကြီးဗျာ၊ တောက်"
စောစောကမှ စိတ်ဓာတ်တက်ကြွနေသော ချောင်ကျန့်ကျွင်းမှာ ချက်ချင်းပင် မှိုင်တွေသွားတော့သည်။
ချင်ရန်ကမူ မျက်ခုံးတစ်ချက် ပင့်လိုက်ရုံသာ။
သူ့အတွက် ဒုတိယအဆင့်ဆုတစ်ခု ဆုံးရှုံးသွားလျှင် နောက်ထပ် တစ်ခု ထပ်ရှာယူ၍ ရသော်လည်း၊ ချောင်ကျန့်ကျွင်းအတွက်မူ ဤသည်မှာ ၁၀ နှစ်ကျော်အတွင်း ပထမဆုံးရဖူးသည့် ဆုဖြစ်သဖြင့် အလွန်ခံစားနေရရှာသည်။
ချင်ရန်က ချောင်ကျန့်ကျွင်း၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်၏။
"စီနီယာချောင် အများကြီး မတွေးပါနဲ့၊ နောင်မှာ အခွင့်အရေးတွေ ရှိပါသေးတယ်"
"မင်းကတော့ ပြောနိုင်တာပေါ့၊ မင်းမှာက တစ်ခုဆုံးရှုံးလည်း နောက်ထပ် ၃ ခု ကျန်သေးတယ် ဒါပေမဲ့ ငါ့မှာတော့ ဒီတစ်ခါပဲ ရဖူးတာကို အသိမ်းခံလိုက်ရပြီကွ"
ချောင်ကျန့်ကျွင်းက ငိုတော့မည့်လေသံဖြင့် ပြောလိုက်သည်။
၂ နာရီခန့် ကြာပြီးနောက် ကားသည် အလွန်ကျယ်ဝန်းသော ဖိန်လင်မြို့ လေဆိပ်သို့ ဆိုက်ရောက်လာသည်။
လေဆိပ်၌ ရဲအရာရှိ ၂၀၀ ကျော် ရောက်ရှိနေပြီဖြစ်ကာ ရဲကားများမှာလည်း တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာကြသည်။
ပါရှားဒေသမှ အဆင့်မြင့်အရာရှိကြီးများသည် အားကစားပွဲတော်အတွက်သာမက ရေနံစီးပွားရေး ဆွေးနွေးရန်ပါ လာရောက်ကြခြင်းဖြစ်သဖြင့် အလွန်အရေးကြီးလှသည်။
"ချင်ရန် ဌာနချုပ်က ငါတို့ကို အရပ်ဝတ်ရဲတွေ စေလွှတ်ဖို့ တောင်းဆိုထားတယ်၊ မင်းက အဲဒီအတွက် အသင့်တော်ဆုံးပဲ၊ ယူနီဖောင်းကို ချွတ်ပြီး အရပ်ဝတ်လဲကာ လူအုပ်ထဲမှာ လျှို့ဝှက်အေးဂျင့်အဖြစ် ဝင်သွားလိုက်၊ မင်းရဲ့ ထက်မြက်တဲ့ အာရုံနဲ့ဆိုရင် ဘယ်ရာဇဝတ်ကောင်မဆို မင်းရဲ့ မျက်စိအောက်က လွတ်မှာမဟုတ်ဘူး"
ချန်ဟောက်က ပြောလိုက်သည်။
ချင်ရန်က ပြုံးလိုက်မိသည်။
အရပ်ဝတ်နှင့်ဆိုလျှင် အလွယ်တကူ ကိုယ်ယောင်ဖျောက်လို့ရသည်။
လေဆိပ်ထဲသို့ ရောက်သည်နှင့် သူ၏ ရာဇဝတ်ကောင် ရှာဖွေရေး အာရုံခံစနစ် ကို ဖွင့်လိုက်လျှင် မည်သည့်ရာဇဝတ်ကောင်မျှ သူ့စစ်ဆေးမှုအောက်မှ လွတ်ကင်းနိုင်မည် မဟုတ်တော့ပေ။
110
နောက်ဆုံးတွင် ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့သည် အရပ်ဝတ်လဲကာ လျှို့ဝှက်အေးဂျင့်များအသွင်ဖြင့် စတင်လှုပ်ရှားကြတော့သည်။
အခြားတစ်ဖက်တွင်မူ လီတဝေနှင့် အဖွဲ့သားများမှာ ရဲယူနီဖောင်းများ ဝတ်ဆင်ထားသဖြင့် လူအုပ်ကြီးထဲတွင် အလွန်ပင် ထင်ရှားနေ၏။
အမှန်အတိုင်းဆိုရလျှင် ချောင်ကျန့်ကျွင်းမှာ ဝါရင့်ရဲအရာရှိပီပီ အရည်အချင်းရှိသူတစ်ဦး ဖြစ်သဖြင့် ယခုကဲ့သို့ လျှို့ဝှက်အေးဂျင့်အဖြစ် အသွင်ယူရခြင်းမှာ သူနှင့် အလွန်လိုက်ဖက်ပြီး သဘာဝကျလှသည်။
သူတို့ရှေ့ရှိ ခန့်ညားထည်ဝါလှသော လေဆိပ်ကြီးကို ကြည့်ရင်း ချောင်ကျန့်ကျွင်းက သက်ပြင်းတစ်ချက်ချကာ ညည်းတွားလိုက်သည်။
"ဒီနေ့ လူတွေကတော့ တော်တော်များတာပဲ၊ ခြေချစရာတောင် မရှိဘူး၊ တော်တော်လေး ကျပ်နေပြီ"
လေဆိပ်ရှေ့ လမ်းဘေးတွင် အငှားတက္ကစီများစွာ ဆိုက်ရပ်နေပြီး ခရီးသည်များမှာ တသီတတန်းကြီး ဆင်းလာကြသည်ကို မြင်တွေ့နေရသည်။
ယနေ့မှာ အားလပ်ရက်ဖြစ်သဖြင့် လေဆိပ်တွင် လူအစည်ကားဆုံး အချိန်လည်း ဖြစ်၏။
လေဆိပ်အဝင်ဝ၌ လူတန်းရှည်ကြီးများ ဖြစ်ပေါ်နေပြီး၊ ရဲအရာရှိ ၂၀၀ ကျော် ထပ်တိုးချထားသဖြင့် လေဆိပ်ကြီးမှာ ပို၍ပင် ပြည့်ကျပ်မွန်းကျပ်နေတော့သည်။
ယနေ့ ပါရှားဒေသမှ အဆင့်မြင့်အရာရှိကြီးများ ရောက်ရှိလာမည်ကို လူအများက သိထားကြသော်လည်း ဤမျှအထိ ခမ်းနားကြီးကျယ်သော လုံခြုံရေးမြင်ကွင်းမျိုးကို မမြင်ဖူးကြသဖြင့် လူတိုင်းက စပ်စုနေကြသည်။
ယခင်ကလည်း အရေးကြီးပုဂ္ဂိုလ်များ ဖိန်လင်လေဆိပ်သို့ ရောက်ဖူးသော်လည်း ယခုကဲ့သို့ လူအင်အား အလုံးအရင်းသုံးခြင်းမှာ တစ်စုံတစ်ခုကို ကြိုတင်ကာကွယ်နေခြင်းလားဟု တွေးတောဖွယ် စည်ကားလွန်းနေသည်။
ထိုအချိန်တွင် အရပ်ဝတ်လဲထားသော ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့ လေဆိပ်အဝင်ဝသို့ ရောက်ရှိလာကြသည်။
လူအုပ်ကြီးကို မြင်သောအခါ ချောင်ကျန့်ကျွင်းမှာ အလွန်အမင်း သတိဝီရိယရှိလာပြီး သံသယဖြစ်ဖွယ်လူများကို ရှာဖွေရန် လူတိုင်းကို လိုက်လံအကဲခတ်နေတော့သည်။
ချင်ရန်မှာမူ တည်တည်ငြိမ်ငြိမ်နှင့်ပင် လူအုပ်ကြီးကို ကြည့်ကာ လေဆိပ်အထဲသို့ တိုးဝင်ရန် ဆုံးဖြတ်လိုက်သည်။
ဤသည်ကို မြင်လိုက်ရသည့်အခါ ချောင်ကျန့်ကျွင်းက ချက်ချင်းပင် လေသံတိုးတိုးဖြင့် မေးလေသည်။
"ချင်ရန် မင်း ဘာလုပ်မလို့လဲ"
"စီနီယာချောင် ဒီမှာပဲ ရပ်စောင့်နေလို့ ဘာမှထူးလာမှာ မဟုတ်ဘူး၊ ရာဇဝတ်ကောင်တွေက ကျွန်တော်တို့ကို ရိပ်မိသွားရင် မကောင်းဘူး၊ လူအုပ်ထဲကို ရောဝင်သွားပြီး သံသယဖြစ်စရာလူ ရှိ၊ မရှိ လိုက်ကြည့်ရအောင်"
ချင်ရန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ထိုအခါ ချောင်ကျန့်ကျွင်းက တိုးတိုးလေး ထပ်ပြောလာသည်။
"ငါတို့ရဲ့ အဓိကတာဝန်က လေဆိပ်အဝင်ဝ ပတ်ပတ်လည်မှာ ပြဿနာရှာမယ့်သူ ရှိ၊ မရှိ စောင့်ကြည့်ဖို့ပဲလေ၊ ရာဇဝတ်ကောင် ဖမ်းဖို့ မဟုတ်ဘူး"
"ဟုတ်လား"
ချင်ရန် ချောင်ကျန့်ကျွင်းကို ဝေ့ကြည့်လိုက်ပြီး မေးလိုက်၏။
"စီနီယာချောင် ခင်ဗျားရဲ့ ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆုကြီး ပယ်ဖျက်ခံလိုက်ရတာကို တကယ်ပဲ ဒီအတိုင်း လက်ခံနိုင်လို့လား"
ထိုစကားကြောင့် ချောင်ကျန့်ကျွင်း၏ မျက်နှာမှာ အေးခဲသွားတော့သည်။
အမှန်အတိုင်းပြောရလျှင် သူ အလွန်ပင် မကျေမနပ် ဖြစ်နေရခြင်း ဖြစ်၏။
"အဲဒီအဖွဲ့အစည်းကလူတွေက လူအုပ်ထဲမှာ ရောနှောနေပြီး အခွင့်အရေးကို စောင့်နေကြမှာပဲ၊ တကယ်လို့ ကျွန်တော်တို့သာ သူတို့ထဲက တစ်ယောက်စ၊ နှစ်ယောက်စလောက်ကို မိအောင်ဖမ်းနိုင်ရင် ရန်ကျီဟူ သေသွားတဲ့ကိစ္စက အလိုလို အစားထိုးပြီးသား ဖြစ်သွားမှာလေ၊ ဒါဆိုရင် ခင်ဗျားရဲ့ ဒုတိယအဆင့်ဆုလည်း သဘာဝကျကျ ပြန်ရလာမှာပေါ့၊ ဘယ်လိုလဲ သူတို့ဆီက ဆီနဲ့ သူတို့ကို ပြန်ကြော်ကြမလား"
ထိုစကားသည် ချောင်ကျန့်ကျွင်းကို အကြီးအကျယ် ဆွဲဆောင်သွားလေသည်။
သူသည် မိသားစုတစ်ခုလုံးကို ဒုတိယအဆင့်ဆု ရမည်ဟု ကြွားထားခဲ့ခြင်း ဖြစ်သည်။
အရင်က မိမိအား အထင်သေးခဲ့သော ယောက္ခမမှာပင် ယခုအခါတွင် သူ့အား အကြီးအကျယ် ချီးမွမ်းနေလေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် နတ်ဘုံနတ်နန်း ရောက်နေသကဲ့သို့ ပျော်ရွှင်ခဲ့ရသော်လည်း ယခု ထိုဆုကြီး ပယ်ဖျက်ခံလိုက်ရပြီဖြစ်ရာ သူ့မိသားစုသာ သိသွားပါက မည်မျှအထိ လှောင်ပြောင်သရော်မှု ခံရမည်နည်းဟု တွေးမိကာ စိတ်ပျက်သွားမိသည်။
"သေချာတာပေါ့ ငါ ဖမ်းချင်တာပေါ့"
ချောင်ကျန့်ကျွင်းက ချင်ရန်၏ သွေးဆောင်မှုကို အံကြိတ်ပြီး လက်ခံလိုက်သည်။
"ဒါဆိုရင် ပွဲပြီးပြီလေ"
"ကြည့်လေ ရဲအရာရှိတွေ ဒီလောက်များတာ၊ ကျွန်တော်တို့နှစ်ယောက် လူအုပ်ထဲ ပျောက်သွားလည်း ဘာမှမဖြစ်ပါဘူး၊ တကယ်လို့ ဒီနေ့ ဘာမှမထူးခြားဘဲ ပြီးသွားရင် ကျွန်တော်တို့မှာ စွမ်းဆောင်ရည်မှတ်တမ်း ဘာမှကျန်မှာ မဟုတ်ဘူး ဒါပေမဲ့ အဲဒီအဖွဲ့အစည်းကလူတွေကိုသာ မိရင်တော့ ဒါဟာ အကြီးမားဆုံး အောင်မြင်မှုပဲ"
ချောင်ကျန့်ကျွင်းမှာ ပို၍ပင် တက်ကြွသွားတော့သည်။
"သွားကြစို့ စီနီယာချောင် လူအုပ်ထဲ ဝင်ရအောင်"
ချင်ရန်က တိုးတိုးလေး ပြောလိုက်ရာ ချောင်ကျန့်ကျွင်း သဘောတူ ခေါင်းငြိမ့်ပြပြီးနောက် ၎င်းတို့နှစ်ဦးမှာ လူအုပ်ကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြတော့သည်။
အခြားတစ်ဖက်တွင်မူ လူအုပ်ထဲ၌ လွန်ခဲ့သောညက မြေအောက်ခန်းတွင် ရှိနေခဲ့သည့် လူ ၆ ဦးမှာ ရဲအရာရှိ ၃၀၀ ကျော် ရှိနေသည့် မြင်ကွင်းကို ကြည့်ကာ မျက်နှာများ အေးစက်နေကြသည်။
ယနေ့ ပါရှားမှ အဆင့်မြင့်အရာရှိများကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ကြောင်း သူတို့ သိလိုက်ရသည်။
သို့သော် ၎င်းမှာ သူတို့၏ ပင်မရည်ရွယ်ချက် မဟုတ်ချေ။
ပါရှားအရာရှိကြီးများ ရှိနေသဖြင့် လုံခြုံရေးမှာ အထူးတင်းကျပ်နေမည်မှာ သေချာသည်။
သူတို့က လူအနည်းငယ်သာ ရှိသည့်အပြင် ကြီးမားသော လက်နက်ကိရိယာများလည်း မပါသဖြင့် အရာရှိကြီးများကို လုပ်ကြံရန်မှာ မဖြစ်နိုင်ပေ။
သူတို့ထံ၌ သာမန် ပစ္စတိုများသာ ပါလာကြပြီး ဤမျှဝေးသော အကွာအဝေးမှနေ၍ ပါရှားအရာရှိများကို လုပ်ကြံရန်မှာ မဖြစ်နိုင်ချေ။
သို့သော်လည်း အရာရှိများကို မလုပ်ကြံနိုင်သော်ငြား ဤနေရာရှိ လူအုပ်ကြီးမှာမူ သူတို့အတွက် သတ်ဖြတ်ရန် စောင့်နေသည့် သိုးသူငယ်များကဲ့သို့ပင် ဖြစ်နေသည်။
"ပါရှားအရာရှိတွေ ထွက်လာတာနဲ့ ဒီမှာရှိတဲ့ လူအုပ်ထဲကို ကျည်ဆန်တွေ အကုန်ပစ်ထည့်မယ်"
ထို ၆ ဦးထဲမှ တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။
သူတို့လုပ်ချင်သည်မှာ သရုပ်ပြခြိမ်းခြောက်ခြင်းမျိုး ဖြစ်သည်။
ပါရှားအရာရှိကြီးများ၏ ရှေ့မှောက်တွင် သာမန်ပြည်သူ အမြောက်အမြား လဲကျသေဆုံးသွားပါက မည်မျှအထိ ရိုက်ခတ်မှု ရှိသွားမည်နည်း။
ထိုအခါ ပါရှားအရာရှိများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး တရုတ်ပြည်မှ စောစောစီးစီး ပြန်သွားကြရပေလိမ့်မည်။
ထို ၆ ဦးစလုံး သူတို့ရင်ဘတ်ထဲမှ ပစ္စတိုသေနတ်များကို စမ်းလိုက်ကြသည်။
မကြာမီ ထိုအရာများမှာ သူတို့၏ ရက်စက်မှုကို ပြသတော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လေဆိပ်အဝင်ဝမှာ ရုတ်တရက် ဆူညံလာသည်။
ရဲအရာရှိ ၃၀၀ ကျော်မှာ အဆင့်မြင့် အရာရှိကြီးများ ရောက်တော့မည့်အလား အလွန်အမင်း သတိရှိနေကြသည်။
လီတဝေတို့ ရှိသည့်ဘက်တွင် ချန်ဟောက်က လေးနက်သောအသံဖြင့် မှာကြားလာသည်။
"ပါရှားအရာရှိကြီးတွေ လေဆိပ်ထဲကနေ မကြာခင် ထွက်လာတော့မယ်၊ အားလုံး သတိရှိကြ၊ သံသယဖြစ်စရာ လူတွေကို အနားမကပ်စေနဲ့"
"ဟုတ်ကဲ့"
လီတဝေ၊ ယန်ရှုနှင့် တခြားသူများက ပြန်ဖြေလိုက်ကြသည်။
သို့သော် သူတို့ လုံးဝ မသိလိုက်သည်မှာ ထိုလူယုတ်မာများ၏ ပစ်မှတ်မှာ ပါရှားအရာရှိကြီးများ မဟုတ်ဘဲ အကာအကွယ်မဲ့နေသော တရုတ်ပြည်သူ အမြောက်အမြားသာ ဖြစ်သည်ဟူသောအချက်ပင် ဖြစ်သည်။
ထိုအချိန်မှာပင် လူအုပ်ထဲ၌ လျှောက်သွားနေသော ချင်ရန်၏ အာရုံထဲ၌ စနစ်ထံမှ သတိပေးချက်များ ပေါ်ထွက်လာတော့သည်။
“ဒင်!! ပထမအဆင့် ရာဇဝတ်ကောင်ကို ရှာတွေ့ပါသည်၊ လမ်းကြောင်းမှာ အရှေ့ဘက်တည့်တည့်ဖြစ်သည်”
“ဒင်!! ပထမအဆင့် ရာဇဝတ်ကောင်ကို ရှာတွေ့သည်”
သတိပေးသံမှာ စုစုပေါင်း ၆ ကြိမ် ဆက်တိုက် ထွက်ပေါ်လာသည်။
ထိုအသံသည် ချင်ရန်အား မျက်မှောင်ကြုတ်သွားစေသည်။
'ရာဇဝတ်ကောင် ၆ ယောက်တောင်လား ဒီအခြေအနေမျိုးမှာ သူတို့က လေဆိပ်အဝင်ဝနဲ့ အရမ်းဝေးနေသေးတယ်၊ လက်နက်ပါလာရင်တောင် လေဆိပ်အဝင်ဝမှာရှိတဲ့ လူတွေကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး'
'ပြီးတော့ လူတွေက ဒီလောက်ကျပ်နေတာ၊ သူတို့ တိုးဝင်လို့လည်း မရဘူး၊ ဒါဆို သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ'
ရုတ်တရက် ချင်ရန်၏ မျက်စိထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
'သူတို့ရဲ့ ပစ်မှတ်က ပါရှားအရာရှိတွေ မဟုတ်ဘူး၊ ပါရှားအရာရှိတွေ ထွက်လာတဲ့အချိန်မှာ အကာအကွယ်မဲ့နေတဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့လား'
ချင်ရန်သည် ထိုအတွေးကြောင့် ရင်ထဲတွင် အေးစိမ့်သွားရသည်။
အကယ်၍ ထို ၆ ဦးသာ လက်မရွံ့ဘဲ တကယ်လုပ်ခဲ့မည်ဆိုလျှင် အလွန်အန္တရာယ်ကြီးလှသည်။
ပါရှားအရာရှိကြီးများက ဤကဲ့သို့သော အဖြစ်ဆိုးကို မြင်သွားပါက တရုတ်ပြည်၏ လုံခြုံရေးအပေါ် အထင်အမြင် အလွန်သေးသွားပေလိမ့်မည်။
၎င်းမှာ ထိုအဖွဲ့အစည်း၏ ပင်မရည်ရွယ်ချက်ပင်။
ထိုစဉ် ဘေးနားတွင် ရပ်နေသော ချောင်ကျန့်ကျွင်းက ရုတ်တရက် ပြောသည်။
"ချင်ရန် ဟိုဘက်က လူတွေကို ကြည့်စမ်း၊ သူတို့ တစ်ခုခု မှားနေသလိုပဲ၊ နေကာမျက်မှန်တွေ တပ်ထားကြတယ်၊ မျက်မမြင်ယောင် ဆောင်နေတာလား"
ချင်ရန်သည် ချောင်ကျန့်ကျွင်း ညွှန်ပြသည့်ဘက်ကို ကြည့်လိုက်ရာ နေကာမျက်မှန်တပ်ပြီး လက်ကောက်တုတ်များ ကိုင်ထားသည့် မျက်မမြင် ၄ ဦးကို တွေ့လိုက်ရသည်။
သို့သော် စနစ်မှ မည်သည့်သတိပေးချက်မှ မပေးသဖြင့် သူတို့မှာ သာမန်လူများသာ ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအခါ ချင်ရန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"စီနီယာချောင် နေကာမျက်မှန် တပ်ထားရုံနဲ့တော့ လူတစ်ယောက်ကို မှားနေတယ်လို့ သတ်မှတ်လို့ မရဘူးလေ၊ ဟိုဘက်က လူ ၆ ယောက်ကို ကြည့်လိုက် သူတို့ကမှ အမှန်တကယ်ကို တစ်ခုခု မှားနေတာ"
ချင်ရန် ညွှန်ပြသည့်ဘက်ကို ချောင်ကျန့်ကျွင်း ကြည့်လိုက်မိသည်။
ထိုအခါ လူ ၆ ဦးမှာ ပျင်းရိစွာ ထိုင်နေကြသော်လည်း သူတို့၏ ကိုယ်အထက်ပိုင်းမှာ ရှေ့သို့ ကိုင်းနေပြီး လက်များမှာ ဒူးပေါ်တွင် တင်ထားလျက် ရင်ဘတ်နှင့် နီးကပ်နေသည်။
သူတို့အားလုံးမှာ အရောင်မျိုးစုံပါသော ခေါင်းစွပ်အင်္ကျီ များကို ဝတ်ထားကြသည်။
ယခုကဲ့သို့ ရာသီဥတုမျိုးတွင် ထိုအင်္ကျီများ ဝတ်ခြင်းမှာ ထူးဆန်းသည်မဟုတ်သော်လည်း သူတို့ ၆ ဦးစလုံး အတူတူ ဝတ်ထားပြီး တစ်စုံတစ်ခုကို ဝှက်ထားသည့်အလား ပြုမူနေကြခြင်းမှာ အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းလှပေသည်။