အခန်း (၁၅၄)
Vol. 16 Ch. 154
"အမှန်တော့ ဒါက ခင်ဗျားတို့ မျိုးစေ့စရောင်းတဲ့ ပထမဆုံးနှစ်ပဲလေ။ ပြဿနာရှိတယ်ဆိုတဲ့ သတင်းသာ ထွက်သွားရင် ခင်ဗျားတို့ရဲ့ စမ်းသပ်စိုက်ပျိုးရေး စီမံကိန်း နာမည်ပျက်သွားနိုင်တယ်"
ထိုစကားများမှာ စာနာသလိုရှိသော်လည်း သေချာစဉ်းစားကြည့်လျှင် စိုးရိမ်ခြင်းထက် ခြိမ်းခြောက်ခြင်း အငွေ့အသက်က ပိုကဲနေသည်။ ယန်ရွှယ် ပြန်မဖြေပေ။ ထိုအစား သူမ အိုးများကို စစ်ဆေးရန် ပြန်ပြီး ဒူးထောက်လိုက်သည်။ ၎င်းကို မြင်သောအခါ တာဝန်ခံက ပြန်စဉ်းစားပြီး ပြောလိုက်သည်။
"ဒီလိုလုပ်ရင်ရော—ခင်ဗျားတို့ဆီမှာ မျိုးစေ့အပိုတွေ ရှိဦးမှာပဲ မဟုတ်လား"
ယန်ရွှယ် တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း သူက ဆက်ပြောခဲ့သည်။"ရှိတယ်ဆိုရင် ကျွန်တော်တို့ကို နောက်ထပ် အိုး နှစ်ရာ၊ သုံးရာလောက်ပဲ ပေးလိုက်ပါ။ အဲဒီထက် ပိုပြီး မတောင်းဆိုပါဘူး"
၎င်းသည် လွန်ကဲသော တောင်းဆိုမှု မဟုတ်သော်လည်း ရန်တွေ့သည့် အခန်းက သရုပ်ဆောင်နေသော ချင်းလင်က စကားမပြောရသေးပေ။ မျှော်လင့်ထားသည့်အတိုင်း သူ ပြောပြီးသည်နှင့် ချင်းလင်က ကြားဖြတ်ပြောခဲ့သည်။
"မဖြစ်ဘူး! သူတို့က ပစ္စည်းအပုပ်တွေ ထပ်ပေးရင် ဘယ်လိုလုပ်မလဲ"
တာဝန်ခံက တန့်သွားသော်လည်း ချင်းလင်က ဆက်ပြောခဲ့သည်။ "ကျွန်မ ထင်တာကတော့ အကောင်းဆုံးက သူတို့ရဲ့ နည်းလမ်းကို ကျွန်မတို့ကို သင်ပေးလိုက်ဖို့ပဲ၊ အဲဒါမှ ကျွန်မတို့ဘာသာ စိုက်လို့ရမှာ"
ယန်ရွှယ် အိုးများကို စစ်ဆေးနေစဉ်ကတည်းက တိတ်ဆိတ်နေသော ကောချန်အန်းက နောက်ဆုံးတွင် ထိုအုပ်စုကို လှည့်ကြည့်လိုက်သည်။ ဒါကြောင့် သူတို့ရဲ့ တကယ့်ပန်းတိုင်က စိုက်ပျိုးရေး နည်းပညာကို ရဖို့ပေါ့။ ဘယ်လောက်တောင် ရဲတင်းတဲ့ တောင်းဆိုမှုလဲ။ ယခုမှ သူ တွေးမိသည်—ဒီလောက်များပြားတဲ့ မျိုးစေ့တွေ ပိုးဝင်ညစ်ညမ်းသွားတာက တမင်တကာ လုပ်ထားတာလား။
၎င်းသည် တကယ်ပင် ခက်ခဲသော အခြေအနေ ဖြစ်သည်။ အကယ်၍ ဟုန်ရှီး သစ်တောစခန်းက ကျင်းချွမ်သည် ပစ္စည်းအညံ့များ ရောင်းသည်ဟု ကောလာဟလ ဖြန့်လိုက်လျှင် သူတို့၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေမည်ဖြစ်ကာ အထက်လူကြီးများ၏ ပြစ်တင်ဝေဖန်မှုကိုပင် ခံရနိုင်သည်။ ကောချန်အန်း မျက်မှောင်ကြုတ်သွားမိသည်။ ထိုအတောအတွင်း ယန်ရွှယ်သည် လက်ထဲက သစ်သားမှုန့်များကို ခါထုတ်ရင်း မတ်တတ်ထရပ်လိုက်သည်။
"သစ်တောစခန်းမှာ အတွင်းရေးမှူးကျောက် ရှိလား"
သူမ တာဝန်ခံကို တည့်တည့်ကြည့်လိုက်သည်။ "ဒီလောက် ပြင်းထန်တဲ့ ကိစ္စမျိုးကို ခေါင်းဆောင်တစ်ယောက်ယောက် ရှေ့မှာပဲ ဖြေရှင်းသင့်တယ် မဟုတ်လား"
ခဏစဉ်းစားပြီးနောက် တာဝန်ခံသည် အတွင်းရေးမှူးကျောက်ကို သွားခေါ်သည်။ ယန်ရွှယ်ကတော့ သူတို့ကို လိုက်ပို့ပေးသည့် လူကို ခေါ်ခိုင်းလိုက်သည်။ ယန်ရွှယ်နှင့် ကောချန်အန်းတို့သည် အိုးများကို အလင်းရောင်ရသော ကွင်းပြင်သို့ ထုတ်လာကြသည်။ အားလုံး ရောက်လာကြသောအခါ သူတို့ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
"ဒါဆို ရှင်တို့က ကျွန်မတို့ရောင်းတဲ့ မျိုးစေ့တွေက အစကတည်းက အပုပ်တွေဖြစ်နေတယ်လို့ သေချာပေါက် ပြောချင်တာပေါ့၊ ပြီးတော့ အခု ဖြေရှင်းချက်အနေနဲ့ စိုက်ပျိုးနည်းကို တောင်းနေတာ—ဒါ ဟုတ်လား"
ယန်ရွှယ်က ချင်းလင်နှင့် အခြားသူများကို ကြည့်လိုက်သည်။ သက်သေအဖြစ် ခေါ်ထားသော သုံးဘီး မောင်းဆရာက ချက်ချင်း ကန့်ကွက်သည်။
"ဒါက ဘာတွေလဲ။ ကျွန်တော်တို့ သစ်တောစခန်းရဲ့ စမ်းသပ်စိုက်ပျိုးရေးက မျိုးစေ့တွေက ဘယ်လိုလုပ် အပုပ်တွေ ဖြစ်မှာလဲ"
သို့သော် ဟုန်ရှီး သစ်တောစခန်း အုပ်စုကတော့ အခုမှ ရောက်လာသော အတွင်းရေးမှူးကျောက် အပါအဝင် တိတ်ဆိတ်နေကြသည်။ ယန်ရွှယ်က ဘာမှမဖြစ်သကဲ့သို့ပင် အိုးတစ်လုံးထဲသို့ လက်နှိုက်ကာ (အထဲက အစာ) တစ်ဆုပ်ကို ထုတ်ယူလိုက်သည်။
"ဒါဆို ရှင်တို့ရဲ့ စိုက်ပျိုးမြေထဲမှာ ဘာတွေ လိုနေလဲဆိုတာရော သိလား"
အဖွဲ့ခေါင်းဆောင်နှင့် ချင်းလင်တို့၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းကို ကြားသောအခါ ကောချန်အန်းက အမြန် ငုံ့ကြည့်လိုက်သည်။
"သူတို့ရဲ့ စိုက်ပျိုးမြေလား"
သူသည်လည်း တစ်ဆုပ်ကို ယူကာ လက်ချောင်းများကြားတွင် ပွတ်ကြည့်လိုက်သည်။ "ဒါ ကျွန်တော်တို့ဆီက မျိုးစေ့ မဟုတ်ဘူး။"
"ဒါက ရှင့်ဟာမဟုတ်ရင် ဘယ်သူ့ဟာ ဖြစ်ရမှာလဲ။ ဒီပစ္စည်းကို ဘယ်လိုလုပ်ရမလဲဆိုတာ တခြားဘယ်သူ သိဦးမှာမို့လို့လဲ"
ချင်းလင်မှာ ငယ်ရွယ်ပြီး စိတ်မရှည်သူဖြစ်ရာ အောင့်မထားနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်သည်။
သို့သော် ကောချန်အန်းကတော့ သေချာနေသည်။ "ဒါ ကျွန်တော်တို့ဟာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ စိုက်ပျိုးမြေထဲမှာ အဓိကပါဝင်ပစ္စည်းတစ်ခု လိုနေတယ်။"
မူရင်းနှင့် စိုက်ပျိုးပြီးသား မျိုးစေ့များ၏ အစာတွင် ဂျစ်ပဆမ် (gypsum) ၁% သာ ပါဝင်သော်လည်း ၎င်းမှာ အလွန်အရေးပါသည်။ ပထမအချက်မှာ ၎င်းသည် pH ပမာဏကို ထိန်းညှိပေးပြီး မှိုမျှင်များ ကြီးထွားရန် တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။
ဒုတိယအချက်မှာ ၎င်းသည် သစ်သားမှုန့်များကြားရှိ လဟာပြင်များကို ဖြည့်ဆည်းပေးကာ လေဝင်လေထွက်နှင့် စိုထိုင်းဆကို ထိန်းညှိပေးသဖြင့် သစ်သားမှုန့်များ ကျပ်သိပ်သွားပြီး ရေဓာတ်ခန်းခြောက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်းကို ကာကွယ်ပေးသည်။
သို့သော် ဤဖန်အိုးများထဲရှိ အစာတွင် ဂျစ်ပဆမ် လုံးဝမပါဝင်ပေ။ ဤအလုပ်ကို သုံးနှစ်ပတ်လုံး လုပ်ကိုင်လာသော ကောချန်အန်းသည် ကိုင်ကြည့်ရုံဖြင့် သိနိုင်သည်။ မည်သူမျှ ပြန်မဖြေသောအခါ သူက အစာများကို မြေကြီးပေါ်သို့ ခါချလိုက်သည်။
"မှိုမျှင်တွေ အပြည့်ပေါက်နေရင်တောင် ဒီလောက်အထိ ပွမနေသင့်ဘူး။ ဒါက အတုံးလိုက် အခဲလိုက် ရှိနေရမှာ။"
"ရှင်တို့ ရောင်းတုန်းက မှိုမျှင်တွေ အပြည့်ပေါက်နေတယ်ဆိုတာ ကျွန်မတို့ ဘယ်လိုသိမှာလဲ"
ချင်းလင်က အလျှော့မပေးဘဲ ပြောလိုက်သည်။ "ကျွန်မတို့ သိတာကတော့ ရှင်တို့က မျိုးစေ့အပုပ်တွေ ရောင်းလိုက်တာပဲ"
ဒါကတော့ အတင်းအဓမ္မ ငြင်းဆိုနေခြင်းပင်။ ကောချန်အန်း၏ မျက်နှာ မဲမှောင်သွားသော်လည်း ယန်ရွှယ်ကတော့ တိတ်ဆိတ်စွာပင် အိုးထဲမှ အပိုင်းအစ အချို့ကို ထပ်၍ထုတ်ယူလိုက်သည်။
"ဒါကမှ ကျွန်မတို့ရဲ့ မျိုးစေ့"
သူမက ဆိုကာ သူမ၏ လက်ဖဝါးကို ဖြန့်ပြလိုက်ရာ ပိုကျစ်လျစ်သော အသားရှိသည့် မျိုးစေ့အတုံးအခဲများကို တွေ့လိုက်ရသည်။
ယခုမှ ကောချန်အန်း နားလည်သွားသည်။ "ခင်ဗျားတို့က ကျွန်တော်တို့ဆီက မျိုးစေ့ကိုယူပြီး ကိုယ့်ဘာသာ စမ်းစိုက်ကြည့်တယ်၊ ပြီးတော့ ရှုံးသွားတော့မှ နည်းပညာကို အလကားရချင်လို့ ကျွန်တော်တို့ကို လာအပြစ်ပုံချနေတာပေါ့။"
ထိုလူငယ်မှာ ခါးသီးစွာ ရယ်မောမိတော့သည်။ "ကျွန်တော်တို့ကို ဘယ်လိုလူအတွေလို့ ထင်နေတာလဲ။ ခင်ဗျားတို့ရဲ့ ဒီလိုလှည့်ကွက်ထဲ ကျွန်တော်တို့ ကျဆင်းသွားလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား"
ပတ်ဝန်းကျင်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။ အသံအကျယ်ဆုံး အော်ဟစ်နေခဲ့သော ချင်းလင်ပင် စကားစစရာ မရှိတော့ပေ။ ယန်ရွှယ်မှာလည်း အချိန်ဆွဲရန် စိတ်မပါတော့သဖြင့် မတ်တတ်ထရပ်ကာ လက်ဆေးလိုက်သည်။
"ချန်အန်း၊ သွားကြစို့။"
သူတို့ရဲ့ အကြံစည်က အောင်မြင်သွားရင်တော့ တစ်မျိုးပေါ့—အခုတော့ ရှုံးလည်းရှုံး၊ ရန်လည်း စမိသွားပြီ မဟုတ်လား။
ဟုန်ရှီးသစ်တောစခန်းမှ အဖွဲ့ခေါင်းဆောင်က သူမနောက်သို့ အပြေးလိုက်လာသည်။"နည်းပညာရှင် ယန်၊ စိတ်မဆိုးပါနဲ့ဦး။ ဒါက နားလည်မှုလွဲတာ ဖြစ်မှာပါ"
'ပစ္စည်းအပုပ်တွေ ပါသွားတာလည်း နားလည်မှုလွဲတာ၊ အခု ဖမ်းမိသွားတော့လည်း နားလည်မှုလွဲတာပဲတဲ့လား'
ယန်ရွှယ်က သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "အိုးတိုင်းကို တစ်လုံးချင်း စစ်ဆေးပြီး ပုံမှန်ရှိတဲ့ အိုးတစ်လုံးကို နှိုင်းယှဉ်ဖို့အတွက် ပြန်သယ်သွားစေချင်တာလား"
အဖွဲ့ခေါင်းဆောင်မှာ ဘာဖြစ်ခဲ့သည်ကို ကောင်းကောင်းသိနေသဖြင့် ဆွံ့အသွားရသည်။
အခြေအနေများ တင်းမာနေစဉ် အတွင်းရေးမှူးကျောက် က ကြားဝင်ဖျန်ဖြေခဲ့သည်။ "နည်းပညာရှင်ယန်၊ စိတ်ဆိုးပြီး မပြန်ပါနဲ့ဦး။ ကောင်းကောင်း ဆွေးနွေးကြတာပေါ့"
ထို့နောက် သူက ပြဿနာရှာသူများကို တင်းမာသော မျက်နှာဖြင့် ကြည့်ကာ ကတိပေးခဲ့သည်။ "တကယ်လို့ မင်းတို့ပြောသလိုသာဆိုရင် ငါသေချာ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်။ ခင်ဗျားတို့အတွက် ကျေနပ်စရာ အဖြေတစ်ခု ရစေရမယ်"
အကယ်၍ ယန်ရွှယ်သာ စိတ်ဆိုးပြီး ပြန်သွားလျှင် နောင်တွင် ပြဿနာတက်ပါက မည်သူ့ကို အားကိုးရတော့မည်နည်း။ နောက်နှစ်တွင်ရော မျိုးစေ့များ ဝယ်ယူနိုင်ပါဦးမည်လော။ အတွင်းရေးမှူး ကျောက်မှာ ပြဿနာရှာသူများကို ဒေါသတကြီး ကြည့်မိတော့သည်။
အတွင်းရေးမှူး ကျောက်နှင့် ထိပ်တိုက်တွေ့နေသဖြင့် ယန်ရွှယ်လည်း တိုက်ရိုက်မငြင်းတော့ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒါဆိုရင်တော့ ရှင်တို့ရဲ့ အဖြေကို ကျွန်မ စောင့်နေပါ့မယ်။"
သူမ နာရီကို ကြည့်ကာ ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ဒီနေ့ ကျွန်မ အလျင်စလို ထွက်လာရလို့ ဘာမှမစားရသေးဘူး။ အိမ်မှာလည်း နို့တိုက်ဖို့ စောင့်နေတဲ့ ကလေးရှိသေးတယ်"
ထိုသို့ပြောလာမှတော့ သူတို့က ဘယ်လိုလုပ် ဆက်ထားနိုင်ပါမည်နည်း။ သူမကို ထမင်းကျွေးနိုင်သော်လည်း သူမ၏ ကလေးကိုတော့ သူတို့ ကျွေး၍မရပေ။ ထို့ကြောင့် သူတို့လုပ်နိုင်သည်မှာ ယန်ရွှယ်တို့ကို အကြိမ်ကြိမ် တောင်းပန်ကာ လိုက်လံပို့ဆောင်ပေးခြင်းသာ ဖြစ်သည်။
သို့သော် ကောချန်အန်း၏ မျက်နှာမှာ တိမ်ထူနေဆဲဖြစ်ကာ သုံးဘီးဆရာမှာလည်း အလွန်ဒေါသထွက်နေသည်။ "သူတို့က ဘယ်လိုလူတွေလဲ? ဒီလိုကိစ္စမျိုးကို ဘယ်လိုတောင် လုပ်ရဲတာလဲ"
ယန်ရွှယ် တစ်ယောက်သာ တည်ငြိမ်နေသည်။ "ရပါတယ်။ သူတို့ ကျွန်မတို့ကို အဖြေတစ်ခု ပေးရလိမ့်မယ်—ဒီနှစ်မှာ အကြီးအကျယ် အရှုံးမခံချင်ဘူးဆိုရင်ပေါ့"
သုံးဘီးဆရာက နားမလည်ဘဲ မေးခဲဘသည်။"မျိုးစေ့ အိုးအနည်းငယ်ပဲလေ၊ ဘယ်လောက်တောင် ရှုံးမှာမို့လို့လဲ"
မူရင်းမျိုးစေ့ တစ်အိုးသည် စိုက်ပျိုးမျိုးစေ့ အိုးပေါင်း ဒါဇင်များစွာကို ပြန့်ပွားစေနိုင်ပြီး ဟုန်ရှီး သစ်တောစခန်းသည်လည်း ဤမျှများပြားသော မျိုးစေ့များကို စမ်းသပ်ချက်များတွင် အလဟဿ အဖြုန်းခံရဲမည် မဟုတ်ပေ။
သို့သော် ကောချန်အန်းကတော့ အကျိုးဆက်ကို နားလည်သည်—မှိုစိမ်းပုပ်ခြင်းကဲ့သို့သော ပိုးဝင်ညစ်ညမ်းမှုများသည် အပူချိန်နှင့် စိုထိုင်းဆကြောင့်သာမက ကိုင်တွယ်ပုံ မှားယွင်းခြင်းနှင့် ပိုးသတ်မှု အားနည်းခြင်းတို့ကြောင့်လည်း ဖြစ်တတ်သည်။
ယန်ရွှယ် စောစောက လက်ဆေးချိန်တွင် အယ်လ်ကိုဟောကို ရှာဖွေခဲ့ရသည်။ အကယ်၍ ဟုန်ရှီး စခန်းတွင် မျိုးစေ့သွင်းစဉ်ကလည်း ပိုးသတ်ခြင်းကို ဤကဲ့သို့ပင် လျစ်လျူရှုခဲ့လျှင် မှိုစပိုးများသည် အလုပ်သမားများ၏ လက်တွင် အလွယ်တကူ ကပ်ငြိသွားနိုင်သည်။
ကျင်းချွမ် သစ်တောစခန်းသို့ ပြန်ရောက်သောအခါ အဖွဲ့သားများသည် အတွင်းရေးမှူးလျန်ထံ ချက်ချင်း အစီရင်ခံသည်။ သူ အလွန်ဒေါသထွက်ကာ ချူမင်လီထံ ချက်ချင်း ဖုန်းဆက်တော့သည်။ ချူမင်လီသည်လည်း ဟုန်ရှီး၏ မဆင်မခြင် လုပ်ရပ်ကြောင့် အံ့အားသင့်သွားပြီး အတွင်းရေးမှူးကျောက်ကို ဖုန်းထဲမှတစ်ဆင့် အပြစ်တင်ပြောဆိုခဲ့သည်။
"ခင်ဗျား ဘာတွေ တွေးနေတာလဲ။ ကျင်းချွမ်ကသာ သူတို့ရဲ့ အရင်းအမြစ်တွေကို မမျှဝေပေးခဲ့ရင် ခင်ဗျားတို့ တကယ်ပဲ အောင်မြင်နိုင်မယ် ထင်နေလို့လား"
အချို့လူများမှာ သူတစ်ပါးကို မြှင့်တင်ပေးနိုင်သော စွမ်းရည်ရှိသော်လည်း အချို့မှာမူ အားလုံးကို ဆွဲချရန်သာ သိကြသည်။
အတွင်းရေးမှူးကျောက်က မိမိကိုယ်ကို အမြန်ကာကွယ်ပြီး သူ ဘာမှမသိကြောင်းနှင့် လက်အောက်ငယ်သားများက ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများကို နှစ်လစာ လစာဖြတ်ကာ အပြစ်ပေးလိုက်ပြီဖြစ်ကြောင်း ပြောသည်။ ဤမျှ ပြင်းထန်သော ကိစ္စအတွက် နှစ်လစာ လစာဖြတ်ခြင်းမှာ ရယ်စရာပင်။ ချူမင်လီ ဆက်ပြီး ငြင်းခုံမနေတော့ဘဲ မေးလိုက်သည်။
"ဒါနဲ့တင် ကျင်းချွမ် သစ်တောစခန်းက ကျေနပ်သွားမယ်လို့ ခင်ဗျား တကယ် ထင်နေတာလား"
"ကျွန်တော်တို့အားလုံးက မြို့နယ် သစ်တောဦးစီးဌာန တစ်ခုတည်းအောက်မှာပဲလေ။ ကျွန်တော် တကယ်ပဲ ဒါကို မသိခဲ့တာပါ။ ပြီးတော့ သူတို့ကလည်း နည်းပညာကို ဖုံးကွယ်မထားရင် ကျွန်တော်တို့လည်း ကိုယ့်ဘာသာ နည်းလမ်းရှာနေစရာ မလိုပါဘူး"
အတွင်းရေးမှူး ကျောက်က အပြစ်ကို လွှဲချရန် ကြိုးစားသည်။ ချူမင်လီက သူ့ကို ဂရုမစိုက်တော့ဘဲ ဟုန်ရှီး သစ်တောစခန်းအနေဖြင့် ကျင်းချွမ်ထံ နောက်တစ်ခါ အကူအညီ လာမတောင်းရပါစေနဲ့ဟုသာ ဆုတောင်းနေတော့သည်။
ဒီလောက် စိတ်ဓာတ်ကျဉ်းမြောင်းပြီး အရည်အချင်း မရှိတဲ့သူတွေကိုတော့ ပါးစပ်ထဲအထိ ခွံ့ကျွေးရင်တောင် သီးနေဦးမှာပင်။
အတွင်းရေးမှူးလျန်သည် ထိုဖြေရှင်းချက်ကို ကြားသောအခါ မကျေနပ်သော်လည်း ရာထူးတူချင်း ဖြစ်သဖြင့် ဗြောင်ကျကျ ဝေဖန်၍မရပေ။ ထို့ပြင် ယန်ရွှယ်ကလည်း အကျိုးဆက်ကို အရိပ်အမြွက် ပြောထားပြီးသားဖြစ်ရာ ဘာမှပြောနေစရာ မလိုတော့ဘဲ စောင့်ကြည့်ရုံသာ ရှိတော့သည်။
ဟုန်ရှီး သစ်တောစခန်းဘက်ကတော့ ထိုကိစ္စ ငြိမ်သွားသဖြင့် စိတ်အေးသွားကြသည်။ သူတို့က ယန်ရွှယ်ကို ကျေနပ်အောင် ပိုပြီး ပေးဆပ်ရလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ ကြည့်ရသည်မှာ ထိုနည်းပညာရှင်မလေးမှာ ကိစ္စကို အရမ်းမချဲ့သင့်မှန်း သိပုံရသည်—အမှန်တော့ ရန်သူဖြစ်သွားလျှင် ဘယ်သူမှ အကျိုးမရှိပေ။
သို့သော် သစ်ခေါက်ဖုံးများအောက်တွင် မှိုမျှင်များ ပေါက်၊ မပေါက် စစ်ဆေးနေစဉ် ဟုန်ရှီး အလုပ်သမားများသည် ဖြူဖျော့ဖျော့ မှိုမျှင်တန်းများကို တွေ့ရှိခဲ့ကြသည်။ တစ်ခုခုတော့ လွဲနေပြီဟု သူတို့ ခံစားမိသည်—အမှန်တော့ စားသုံးမှိုမျှင်များသည် အကြည်ရောင် ဖြစ်သင့်သည် မဟုတ်လား—သို့သော် သေချာမသိသဖြင့် ရက်အနည်းငယ် ထပ်စောင့်ကြည့်ကြသည်။
ထိုအတောအတွင်း ရာသီဥတု ကောင်းမွန်လာသဖြင့် သစ်တုံးအပေါက်အချို့မှ မှိုဖတ်ဖြူဖြူများ ထွက်လာသည်—အရင်က ပိုးဝင်ခဲ့သော အရာများနှင့် တထပ်တည်းပင်။ ထိတ်လန့်သွားသော ဟုန်ရှီး သစ်တောစခန်းသည် ကျင်းချွမ်ထံ အကူအညီတောင်းရန် ဖုန်းဆက်သော်လည်း ယန်ရွှယ်မှာ အားလပ်ခြင်း မရှိကြောင်းသာ အကြောင်းပြန်ခံရသည်။
"နည်းပညာရှင်ယန် မအားရင်လည်း လေ့လာစောင့်ကြည့်ရေးမှူးကောကို လွှတ်ပေးလို့ မရဘူးလား။ သူမ မရှိရင် သူ့ကို မေးလို့ရတယ်လို့ ပြောခဲ့တယ် မဟုတ်လား"
အတွင်းရေးမှူးလျန်က သက်ပြင်းချကာ ပြောလိုက်သည်။ "လေ့လာစောင့်ကြည့်ရေးမှူးကောမှာက ခြေထောက်ဒဏ်ရာရှိတော့ သွားလာရ ခက်ခဲတာ ခင်ဗျားတို့ သိမှာပါ"
ရက်များ ကုန်လွန်လာသည်နှင့်အမျှ မှိုတက်နေသော အပေါက်များမှ ပုပ်စော်နံလာပြီး သစ်တုံး အများအပြားမှာလည်း အလားတူ လက္ခဏာများ ပြလာသည်။ မှိုစိမ်းများ ပြန့်နှံ့နေပြီ ဖြစ်သည်။ အခြားနည်းလမ်း မရှိတော့သဖြင့် ဟုန်ရှီး သစ်တောစခန်းသည် ချင်းလင်နှင့် အဖွဲ့ခေါင်းဆောင်ကို အလုပ်ထုတ်ပစ်လိုက်သည်။ အထက်လူကြီးများ ပါဝင်ပတ်သက်သည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့နှစ်ဦးမှာ ဓားစာခံဖြစ်သွားကြပြီး မကျေနပ်ချက်များကို မြိုသိပ်လိုက်ရတော့သည်။
ဤလုပ်ရပ်သည် ဟုန်ရှီးဘက်မှ ကျင်းချွမ်ထံ အရှုံးပေးလိုက်ခြင်းဖြစ်ပြီး အတွင်းရေးမှူး ကျောက်အတွက် အလွန်အရှက်ရစရာ ဖြစ်ခဲ့သည်။ ကျင်းချွမ်သို့ သတင်းရောက်လာသောအခါ "အရမ်းအလုပ်များနေပါသည်" ဆိုသော ယန်ရွှယ်မှာ ရုတ်တရက် အားလပ်သွားပြီး ကောချန်အန်းနှင့်အတူ ဟုန်ရှီးသို့ ပြန်သွားခဲ့သည်။
ယခုတစ်ခါတွင်တော့ မှိုစိုက်ပျိုးရေး တာဝန်ခံ ကိုယ်တိုင် သူတို့ကို ကြိုဆိုကာ အရင်က ဖြစ်ရပ်အတွက် အလေးအနက် တောင်းပန်ပြီး အတိုင်ပင်ခံကြေး အမြောက်အမြား ပေးမည်ဟု ကတိပြုသည်။ ယန်ရွှယ် စကားအများကြီး မပြောဘဲ အလုပ်ကိုသာ တန်းလုပ်သည်။ ပိုးအဝင်ဆုံး သစ်တုံးများကို ရွေးထုတ်ကာ ပြောလိုက်သည်။
"ဒါတွေကို မီးရှို့ပစ်ရမယ်"
"မီးရှို့ရမယ် ဟုတ်လား"
တာဝန်ခံမှာ မှင်သက်သွားသလို ဘေးကကြည့်နေသူများလည်း အံ့သြသွားကြသည်။ သူတို့က ဒီသစ်တုံးတွေအတွက် အချိန်နဲ့ ငွေတွေ အများကြီး ရင်းနှီးထားရတာ မဟုတ်လား။
"မှိုစပိုးတွေက လေထဲကနေ ပြန့်တာ။ အခု ဒါတွေကို မီးမရှို့ရင် ကျန်တဲ့ သစ်တုံးတွေပါ ကူးကုန်လိမ့်မယ်။"
ဘယ်သူမှ ထိုစွန့်စားမှုကို မလုပ်ရဲကြပေ။ သစ်တုံးအများအပြား ပိုးဝင်နေပြီဖြစ်ရာ အများစုကို ကယ်တင်နိုင်ဖို့ကသာ ပဓာနဖြစ်သည်။ သူတို့သည် မကျေမနပ်ဖြင့်ပင် သစ်တုံးများကို ကွင်းပြင်သို့ သယ်ထုတ်ကာ မီးရှို့ပစ်လိုက်ကြသည်။ ယန်ရွှယ်နှင့် ကောချန်အန်းတို့သည် ကျန်ရှိသော သစ်တုံးများကို စစ်ဆေးကာ ပိုးဝင်နေသည်များနှင့် ကောင်းသည်များကို ခွဲခြားပေးသည်။
ပိုးအနည်းငယ်သာ ဝင်နေသော သစ်တုံးများကိုတော့ ပိုးဝင်နေသည့် မှိုမျှင်များကို သစ်သား အသားအထိ ခြစ်ထုတ်ပစ်ရပြီး အပေါက်များကို ထုံးရေဖြင့် ဆေးကာ မှိုဆက်မတက်အောင် လုပ်ဆောင်ရသည်။ ထိုသန့်ရှင်းရေးလုပ်ငန်းမှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။
နောက်ထပ် ပြဿနာမတက်လျှင်ပင် သူတို့၏ အရှုံးကတော့ ရှောင်လွှဲ၍မရပေ—မီးရှို့လိုက်ရသော သစ်တုံးများ၊ ပျက်စီးသွားသော စိုက်ကျင်းများနှင့် မှိုမျှင်ကြီးထွားမှု နှောင့်နှေးခြင်းတို့ ဖြစ်သည်။ အတွင်းရေးမှူးကျောက် အစီရင်ခံစာ ရရှိသောအခါ ထိုလူအနှစ်ယောက်ကို ပေးတဲ့ အပြစ်ဒဏ်က နည်းတောင် နည်းသေးတယ်လို့ ခံစားလိုက်ရသည်။ ဘယ်လိုတောင် မိုက်မဲတဲ့ အကြံအစည်လဲ။ စိုက်ပျိုးနည်းကိုလည်း မရလိုက်ဘဲ လုပ်ငန်းတစ်ခုလုံးကိုပါ မှိုတွေနဲ့ ဖျက်ဆီးလိုက်သလို ဖြစ်သွားသည်။
ထိုသတင်းမှာ အခြား သစ်တောစခန်းများသို့ ပြန့်သွားပြီး ကိုယ့်ဘာသာ နည်းပညာ ခိုးယူချင်သည့် စိတ်ကူးများလည်း ပျောက်ကွယ်သွားတော့သည်။ ၎င်းသည် မည်သူမဆို တတ်မြောက်နိုင်သည့် အရာမဟုတ်မှန်း သိသာလှပြီး ဟုန်ရှီးလို အဖြစ်မျိုးကိုလည်း ဘယ်သူမှ မကြုံချင်ကြပေ။ ကျင်းချွမ်သည်သာ ယုံကြည်စိတ်ချရသော မျိုးစေ့အရင်းအမြစ် ဖြစ်လာသဖြင့် စခန်းတိုင်းက သူတို့၏ သဘောထားများကို ပြင်ဆင်လိုက်ကြသည်။
ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းက အရေးကြီးဆုံး ဖြစ်လာသည်။ အနည်းဆုံးတော့ ရန်သူမဖြစ်အောင် နေရမည်—ပေးဆပ်ရမည့် တန်ဖိုးက အရမ်းကြီးလွန်း၍ ဖြစ်သည်။
မြို့ပေါ်မှ ပြန်လာသော ချီဖန့်ပင် ရထားပေါ်တွင် မှတ်မိခြင်း ခံရသည်။"ခင်ဗျားက နည်းပညာရှင်ယန်ရဲ့ ခင်ပွန်း မဟုတ်လား။ ကျွန်တော် ခင်ဗျားကို စမ်းသပ်စိုက်ပျိုးရေး လုပ်ငန်းခွင်မှာ တွေ့ဖူးပါတယ်။ ခင်ဗျားဇနီးက တကယ်ကို တော်တာပဲ။"
ထိုခရီးသည်မှာ လမ်းတစ်လျှောက်လုံး သူ့ကို ချီးကျူးစကားများ ပြောခဲ့ပြီး သူတို့သစ်တောစခန်း၏ လေးစားမှုကိုပါ ယန်ရွှယ်ထံသို့ ပြောပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ယန်ရွှယ် အိမ်ပြန်ရောက်သောအခါ သူမ၏ ခင်ပွန်းမှာ သူ့မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ရင်း စောင့်နေသည်ကို တွေ့ရသည်။
သူတို့၏ သားလေးမှာလည်း ထူးထူးခြားခြား လိမ်မာနေကာ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ငြိမ်နေပြီး သူမကို မြင်သည်နှင့် ဝမ်းသာအားရ လက်လှမ်းတော့သည်။ ယန်ရွှယ် သားလေးကို ချီလိုက်စဉ် ခင်ပွန်းဖြစ်သူက ခရီးစဉ်အကြောင်း ပြောပြခဲ့သည်။
"အခုတော့ ကိုယ်က 'နည်းပညာရှင် ယန်ရဲ့ ခင်ပွန်း' အဖြစ် နာမည်ကြီးနေပြီ။"
"အဲဒါက ဘာဖြစ်လို့လဲ"
သူမက သူ့ကို တစ်ချက်စောင်းကြည့်လိုက်ရာ သူက ချက်ချင်း ငြင်းဆိုခဲ့သည်။"ဘာမှမဖြစ်ပါဘူး။ ဒါက အကောင်းဆုံးပဲလို့ ထင်ပါတယ်"
ချီဖန့်သည် တံခါးဘက်ကို တစ်ချက်ကြည့်ပြီးနောက် အိတ်ကပ်ထဲမှ စက္ကူထုပ်လေးတစ်ခုကို ထုတ်ပေးလိုက်သည်။ "နှစ်ခုပဲ ရခဲ့တယ်"
ပထမတော့ ယန်ရွှယ် နားမလည်သော်လည်း ထိုအထုပ်လေးကို ကိုင်ကြည့်လိုက်ပြီး အပေါ်က စာသားများကို မြင်လိုက်ရချိန်တွင် သဘောပေါက်သွားကာ အသံကို တိုးတိုးလေး နှိမ့်ပြောလိုက်သည်။"ဒါတွေကို ဘယ်ကရတာလဲ"
"ပြီးခဲ့တဲ့တစ်ခါ အတွင်းရေးမှူး ချူဆီကို အစီရင်ခံစာ သွားတင်တုန်းက သူ့ကို အကူအညီ တောင်းခဲ့တာ။" ထိုအမျိုးသား၏ လေသံမှာ တည်ငြိမ်နေသည်။
"ရှင်ကပဲ သူ့ဆီက အကူအညီ သေးသေးမွှားမွှားလေးတွေ တောင်းတာက ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်လား"
သို့သော် ဤကဲ့သို့သော ပစ္စည်းမျိုးကို လိုက်မေးနေရခြင်းမှာ သူ့အတွက် အနေခက်ပုံရသဖြင့် စကားကို အမြန်လွှဲလိုက်သည်။
"အတွင်းရေးမှူးချူက မင်းကို ပြောပြခိုင်းလိုက်တာ တစ်ခုရှိသေးတယ်"
လက်ထဲက အထုပ်လေးထက် ယန်ရွှယ်က အရေးကြီးကိစ္စများကို ပိုပြီး ဆွေးနွေးလိုသဖြင့် သူမ ကိုယ်ကို မတ်လိုက်ကာ ဘာလဲဟု မေးရန် ပြင်စဉ်တွင် လက်ထဲက အထုပ်လေး အဆွဲခံလိုက်ရသည်။
သူမ ငုံ့ကြည့်လိုက်ရာ—ပေါင်ပေါ်တွင် ထိုင်နေသော ကလေးမှာ အထုပ်လေးကို တင်းတင်းဆုပ်ကိုင်ကာ ပါးစပ်ထဲ ထည့်ရန် ကြိုးစားနေပြီ ဖြစ်သည်။