အခန်း (၁၆၈၃-၁၆၈၄)
Vol. 169 Ch. 1683-1684
အခန်း (၁၆၈၃) - သူမ လမ်းပျောက်သွားလို့ပါ
လက်ဖက်ရည်ဆိုင် အပြင်ဘက်တွင် အဘွားအိုသည် ဖန့်ချန်တို့ တစ်စုကို စူးစိုက်ကြည့်နေပါသည်။ လီကျီတွင် လောလောဆယ် ဘာအန္တရာယ်မှ မရှိသေးသည်ကို မြင်ရသဖြင့် သူမ ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။
"မားဘွားဘွား... သခင်မလေးက အခု..."
သက်လတ်ပိုင်း ကျင့်ကြံသူ၏ မျက်နှာမှာ ထိတ်လန့်မှုတွေ ပြည့်နှက်နေပါသည်။
ဒီနေ့သာ လီကျီ တစ်ခုခုဖြစ်သွားရင် သူပါ အသေခံရမှာ သေချာပါသည်။
"ဘာမှမဖြစ်ဘူး"
အဘွားအိုက ရုတ်တရက် ခပ်ဟဟ ရယ်လိုက်ပြီး
"သူတို့က သခင်မလေးကို ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး။ အပေးအယူလုပ်ဖို့ ဓားစာခံအဖြစ် သုံးချင်ရုံတင်ပါ။ ထိုက်ယွဲ့ဂိုဏ်းက လူကိုယ်တိုင် ထွက်လာပြီး ဒီကိစ္စကို ဖြေရှင်းပေးစေချင်တာနေမှာ"
အဲဒီလိုလား
သက်လတ်ပိုင်း ကျင့်ကြံသူလည်း စိတ်သက်သာရာ ရသွားပါသည်။ အဲဒီနောက် အဘွားအို၏ ခိုင်းစေချက်အရ သတင်းပို့ရန် ဂိုဏ်းသို့ အမြန်ပြန်သွားပါတော့သည်။
အဘွားအိုကတော့ လက်ဖက်ရည်ဆိုင် အပြင်ဘက်ကနေပဲ အကဲခတ်နေပြီး စိတ်လိုက်မာန်ပါ မလှုပ်ရှားရဲသေးပေ။
ထိုက်ယွဲ့ဂိုဏ်း
ဤနေရာတွင် စောင်းသံများက သာယာငြိမ့်ညောင်းနေပြီး အရပ်မျက်နှာ အသီးသီးမှ လာကြသော ကျင့်ကြံသူတစ်စုသည် စောင်းတီးရင်း၊ စကားပြောရင်း မိတ်ဆွေဖွဲ့ကာ လောကီတရားများကို ဆွေးနွေးနေကြပါသည်။
ခန္ဓာကိုယ်တွင် မြွေကြီးတစ်ကောင် ပတ်ထားသည့် လူသန်ကြီးတစ်ဦးမှာ နားထောင်ရင်းနှင့် အိပ်ပျော်လုနီးပါး ဖြစ်နေရာမှ ရုတ်တရက် လန့်နိုးလာပြီး အကျယ်ကြီး အော်ဟစ်ချီးမွမ်းလိုက်သည်။
"ကောင်းတယ်"
"လုံရှဲ မိတ်ဆွေကတောင် အနုပညာ အတတ်ပညာတွေကို နားလည်နေပါလား၊ ငါတို့ကို တကယ် အံ့သြစေတာပဲ"
လူအများက ဝိုင်းဝန်းရယ်မောကြပါသည်။
စောင်းတီးနေသူမှာ အလှပဂေး အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး သူမ၏ အရှိန်အဝါမှာ အလွန်ပင် ထည်ဝါလှပါသည်။ သူမသည် ဝိညာဉ်သန္ဓေသားအဆင့်၏ ထိပ်ဆုံး သို့ ရောက်ရှိနေသူ ဖြစ်သည်။
လုံရှဲသည် သူတစ်ပါး၏ နောက်ပြောင်မှုကို စိတ်မဆိုးဘဲ ချက်ချင်း ထရပ်ကာ အမျိုးသမီးကြီးကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"သခင်မကြီးရဲ့ စောင်းတီးတဲ့ အတတ်ပညာက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ၊ ကျုပ် တကယ်ကို အထင်ကြီး လေးစားမိပါတယ်"
အမျိုးသမီးကြီး၏ မျက်နှာပေါ်တွင် ခပ်ယောင်ယောင် အပြုံးလေး ရှိနေပြီး ကြည့်ရသည်မှာ ဖော်ရွေပုံရသော်လည်း သူမ၏ အမူအရာထဲတွင် နှစ်ပေါင်းများစွာ အာဏာရှိသူတို့၌သာ ရှိတတ်သည့် ခန့်ညားထည်ဝါမှုမျိုး ကိန်းအောင်းနေပါသည်။
သူမသည် သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦး၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီးမှ နှုတ်ခမ်းလေးကို အသာဟကာ ဆိုလိုက်သည်။
"လုံရှဲမိတ်ဆွေ... မြှောက်ပင့်နေတာတွေ ရပ်လိုက်ပါတော့။ ပြောစမ်းပါဦး၊ ဒီတစ်ခါရော ငါ့ကို ဘာကူညီခိုင်းဖို့ ရှိပြန်ပြီလဲ"
လုံရှဲမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး လေသံနှိမ့်ကာ ပြောလိုက်သည်။
"တခြားတော့ မဟုတ်ပါဘူး၊ ကျုပ်ရဲ့ သားလေးက ကိုးဆက်မြောက်ဘုရင် နန်းတော်မှာ အလုပ်တစ်ခုလောက် ရချင်လို့ပါ။ နန်းတော်က ဝင်ရခက်တာ လူတိုင်းသိတာပဲလေ၊ ဒါကြောင့် သခင်မကြီးအနေနဲ့ စကားလေး တစ်ခွန်းလောက် ကူပြောပေးစေချင်လို့ပါ"
"ဒါဆိုရင်တော့ သခင်မကြီးကို လာရှာတာ မှန်တာပေါ့"
"သခင်မကြီးရဲ့ အဆင့်အတန်းက ဘယ်လိုမျိုးလဲ၊ သူမ စကားတစ်ခွန်း ပြောလိုက်တာနဲ့ မင်းသားလေးက ချက်ချင်း နန်းတော်ထဲ ဝင်ခွင့်ရမှာပဲ"
လူအများက ဝိုင်းဝန်း ထောက်ခံကြပါသည်။
ထိုက်ယွဲ့ဂိုဏ်းချုပ်ကိုတော့ သူတို့ သိပ်ဂရုမစိုက်ကြသော်လည်း ဤအမျိုးသမီးကြီးကိုမူ ဆယ်ခွန်းပြောလျှင် ကိုးခွန်းမှာ မြှောက်ပင့်စကားများသာ ဖြစ်နေပါသည်။
ထိုက်ယွဲ့ဂိုဏ်းချုပ်ကတော့ ပြုံးပြုံးလေးနှင့်ပင် နေသားကျနေပုံရပါသည်။ အမျိုးသမီးကြီးသည် ဝိညာဉ်သီးနှံ တစ်လုံးကို ယူကာ အသာအယာ ကိုက်လိုက်ပြီး ခပ်အေးအေးပင် ဆိုလိုက်သည်။
"နန်းတော်မှာ အလုပ်လုပ်ချင်တာလား ဒါက မခက်ပါဘူး။ ငါ လန်သခင်မ ဆီကို စာတစ်စောင် ရေးပေးလိုက်ပါ့မယ်"
လူတိုင်းသည် လန်သခင်မ ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် မျက်လုံးထဲတွင် ရိုသေလေးစားမှုများ ပေါ်လာကြသည်။
ဤသူမှာ ကိုးဆက်မြောက်ဘုရင်၏ ကိုယ်လုပ်တော် တစ်ဦးဖြစ်ပြီး သူမ၏ အဆင့်အတန်းမှာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများအတွက် လုံးဝ အလှမ်းဝေးလှသော တည်ရှိမှုမျိုး ဖြစ်ပါသည်။
ယခု မြင်နေရသည့် အမျိုးသမီးကြီးမှာ ငယ်စဉ်က လန်သခင်မ၏ အနီးကပ် ယုံကြည်ရသော အစေခံမလေး ဖြစ်ခဲ့ဖူးသဖြင့် သူမကိုယ်တိုင်ကလည်း အရှိန်အဝါကြီးသည့် ပုဂ္ဂိုလ်တစ်ဦးပင်။
"သခင်မကြီးကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ နောင်မှာ တစ်ခုခု လိုအပ်တာရှိရင် ကျုပ်ကို အချိန်မရွေး ခိုင်းစေနိုင်ပါတယ်၊ ကျုပ် အသက်ပေးပြီး ဆောင်ရွက်ပေးပါ့မယ် "
လုံရှဲမှာ ဝမ်းသာအားရ ဖြစ်သွားသည်။
ဝန်းကျင်တစ်ခုလုံးမှာ စည်ကားတက်ကြွသွားပါသည်။ တကယ်တော့ ဤပွဲမှာ အချင်းချင်း အရင်းအမြစ်များ ဖလှယ်ကြသည့် ပွဲတစ်ခုသာ ဖြစ်ပါသည်။
မကြာမီမှာပင် သက်လတ်ပိုင်း ကျင့်ကြံသူ အလျင်စလို ရောက်လာသဖြင့် ပွဲ၏ ငြိမ်းချမ်းသော အငွေ့အသက်မှာ ပျက်ပြားသွားရပါသည်။ မိမိ၏ သမီးဖြစ်သူ ဖမ်းချုပ်ခံထားရကြောင်း ကြားလိုက်ရသောအခါ အမျိုးသမီးကြီး၏ မျက်နှာမှာ တည်ငြိမ်မှု မရှိတော့ပေ။
သူမ၏ ဘေးရှိ သက်လတ်ပိုင်း ဂိုဏ်းချုပ်မှာလည်း ဒေါသနှင့် ထိတ်လန့်မှု ရောယှက်ကာ ရုတ်တရက် ထရပ်လိုက်ရာ၊ ခန္ဓာကိုယ်မှ ပြင်းထန်သော ဝိညာဉ်စွမ်းအား လှိုင်းများ ထွက်ပေါ်လာပါသည်။
သူတို့နှင့်အတူ ဒေါသထွက်လာသူများမှာ လုံရှဲနှင့် အခြားသူများပင် ဖြစ်ပါသည်။ အခင်းအဖြစ်တွင် ရှိနေသည့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ တစ်ပြိုင်နက် ထရပ်လိုက်ကြပြီး မျက်ဝန်းထဲတွင် အေးစက်သော အကြည့်များဖြင့် ပြည့်နှက်သွားပါသည်။
"သခင်မကြီး... ဒီကိစ္စကို ကျုပ်တို့ကပဲ ကိုင်တွယ်ပေးပါ့မယ်"
လုံရှဲက ခပ်ဟဟ ရယ်လိုက်ပြီး သက်လတ်ပိုင်း ကျင့်ကြံသူကို ဟိန်းဟောက်လိုက်သည်။
"သူတို့ ဘယ်မှာလဲ၊ လမ်းပြစမ်း"
သက်လတ်ပိုင်း ကျင့်ကြံသူမှာ ဆုံးဖြတ်ချက် မချရဲဘဲ အမျိုးသမီးကြီးကို လှမ်းကြည့်လိုက်သည်။
"အတူတူ သွားကြတာပေါ့"
အမျိုးသမီးကြီးက ခပ်အေးအေးပင် ဆိုလိုက်သည်။
အဲဒီနောက် ထိုက်ယွဲ့ဂိုဏ်းချုပ်ကို တစ်ချက်ကြည့်ကာ
"မောင်ကြီး... မောင်ကြီးကတော့ ဒီမှာပဲ စောင့်နေပါ။ ကျွန်မ ပြောဖို့ မေ့နေတာ၊ လန်သခင်မက ကျွန်မဆီ လာလည်မယ်လို့ ပြောထားတယ်၊ အခု လမ်းမှာ ရောက်နေလောက်ပြီ"
လန်သခင်မ ဟုတ်လား
လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး လုံရှဲကတော့ မစောင့်နိုင်တော့ဘဲ လက်ဝါးချင်း ပွတ်နေပါတော့သည်။
ထိုက်ယွဲ့ဂိုဏ်းချုပ်သည် သမီးဖြစ်သူအတွက် စိုးရိမ်စိတ်ကို ဖိနှိပ်ကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ၊ ငါ ဒီမှာပဲ လန်သခင်မကို စောင့်နေပါ့မယ်"
လူတိုင်း၏ ခြေထောက်အောက်တွင် ဝိညာဉ်တိမ်တိုက်များ ပေါ်လာပြီး ထိုက်ယွဲ့မြို့ဆီသို့ ခဏချင်းမှာပင် ပျံသန်းရောက်ရှိသွားကြပါသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့် အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများမှာ လန့်ဖျပ်သွားကြရသည်။
"ဟိုဟာ လုံရှဲတောင်ကြားက လုံရှဲ မဟုတ်လား "
လူအများ အံ့သြကုန်ကြသည်။
လုံရှဲ တင်မကဘဲ ဤဒေသတွင် နာမည်ကြီးသည့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အားလုံးနီးပါး ယနေ့ ဤနေရာတွင် စုဝေးနေကြခြင်း ဖြစ်သည်။
လုံရှဲသည် ဖန့်ချန်တို့ ရှိနေသည့် လက်ဖက်ရည်ဆိုင်ကို သိလိုက်ရသောအခါ အမျိုးသမီးကြီးကို လေးနက်စွာ လျှောက်တင်လိုက်သည်။
"သခင်မကြီး... ကျုပ် သွားလိုက်ပါ့မယ်၊ သခင်မလေးရဲ့ အမွေးတစ်မျှင်တောင် မထိခိုက်စေရဘူးလို့ အာမခံပါတယ်"
စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများ တောက်လောင်လာပြီး အလင်းတန်းတစ်ခုအဖြစ် လက်ဖက်ရည်ဆိုင် တံခါးဝဆီသို့ ဆင်းသက်လိုက်ပါသည်။
အဘွားအိုမှာ ဒါကိုမြင်တော့ အနည်းငယ် အံ့သြသွားပြီး အမျိုးသမီးကြီး၏ ဘေးနားသို့ ကပ်ကာ
"သခင်မကြီး... သူက..."
"ကိစ္စမရှိဘူး၊ တစ်ဖက်လူက အပေးအယူလုပ်ဖို့ ရည်ရွယ်ထားတာဆိုရင် ရှောင်ကျီကိုတော့ ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ဘူး"
အမျိုးသမီးကြီးက အေးဆေးပင် ဆိုလိုက်သည်။
လက်ဖက်ရည်ဆိုင်မှ ဆိုင်ရှင်နှင့် အစေခံများမှာ မြွေကြီးပတ်ထားသည့် ဤလူသန်ကြီးကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ပြည့်နှက်သွားပါသည်။
အဲဒီမြွေမှာ လူတစ်ယောက်၏ လက်မောင်းခန့် ထူပြီး၊ တစ်ကိုယ်လုံးမှာ အနီရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေကာ ဦးခေါင်းတွင် ဦးချိုများ ပေါက်နေသဖြင့် သာမန်သတ္တဝါ မဟုတ်မှန်း သိသာလှသည်။
လုံရှဲသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာပြီး၊ ဒုတိယထပ်တွင် လက်ဖက်ရည်သောက်နေသည့် ဖန့်ချန်တို့ တစ်စုနှင့် ကျောက်ရုပ်လို ဖြစ်နေသည့် လီကျီကို မြင်လိုက်ရသည်။
"ဦးလေးလုံရှဲ"
လီကျီ၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ပေါ်လာပါသည်။ ဒါပေမဲ့ သူမ အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်နေ၏။ ဘာလို့ လုံရှဲ တစ်ယောက်တည်း ဖြစ်နေတာလဲ တခြားလူတွေကော
အဲဒီနောက်မှ သူမ၏ အကြည့်က ပြတင်းပေါက် အပြင်ဘက်က အမျိုးသမီးကြီးတို့ဆီသို့ ရောက်သွားကာ ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာသွားပါတော့သည်။
"ရှောင်ကျီ... သိပ်မစိုးရိမ်နဲ့"
လုံရှဲက အားရပါးရ ရယ်မောလိုက်ပြီးနောက်၊ ဖန့်ချန်တို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် လျှောက်လာသည်။
"မိတ်ဆွေတို့... ငါ့မျက်နှာကို ထောက်ပြီး ဒီမိန်းကလေးကို လွှတ်ပေးလိုက်ပါ။ တစ်ခုခုရှိရင် ငါတို့ လူကြီးချင်းပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့၊ ဘယ်လိုလဲ"
ချင်းဟယ်သီလရှင်မှာလည်း လွန်ခဲ့သော နှစ်ပေါင်းရာချီက သူမ၏ အတွေ့အကြုံများကို ပြောပြ၍ ပြီးခါနီးနေပါပြီ။
ဖန့်ချန်ကတော့ စိတ်မကောင်းဖြစ်ရပါသည်။ ဒီသီလရှင်ငယ်လေးမှာ လူတွေကိုကော၊ ဝိညာဉ်တွေကိုပါ ကူညီရင်းနဲ့ ကျုန်းကျိုးနိုင်ငံအထိ ရောက်လာခဲ့တာကိုး။
ဘာလို့ အိမ်မပြန်တာလဲ
အဖြေကတော့... သူမ လမ်းပျောက်သွားလို့ပါ။
"ဖန့်စစ်သူကြီး... ဆရာမကြီးကော နေကောင်းရဲ့လားဟင်"
ချင်းဟယ်သီလရှင်က တိုးတိုးလေး မေးလိုက်သည်။
"မင်းရဲ့ ဆရာမကြီးက အခုဆို စိတ်ဝိညာဥ်ခွဲထွက်ခြင်း အဆင့် ကျင့်ကြံသူ ဖြစ်နေပါပြီ၊ သူမအတွက် စိုးရိမ်စရာ မလိုပါဘူး။ မင်းကိုယ်မင်းသာ စိုးရိမ်စမ်းပါ"
ဖန့်ချန်က ရယ်မောရင်း ခေါင်းခါလိုက်သည်။
စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ ဟုတ်လား
လီကျီ ဆွံ့အသွားသည်။
ချင်းဟယ်သီလရှင်မှာ ဒီလို နောက်ခံမျိုး ရှိနေတာလား
ခုနက ချင်းဟယ်သီလရှင် ပြောပြနေတဲ့ အတွေ့အကြုံတွေကို ကြားရသလောက်တော့ သူမဟာ သေးငယ်တဲ့ နေရာတစ်ခုက လာတာလို့ ထင်ခဲ့ပေမဲ့၊ သူမရဲ့ ဆရာက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်အထိ ရောက်နေလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။
"ဒါပေမဲ့လည်း... ဘာဖြစ်လဲ ငါ့အမေက ကိုးဆက်မြောက်ဘုရင် နန်းတော်က လန်သခင်မရဲ့ အရင်းနှီးဆုံး အစေခံပဲ "
ဤသို့ တွေးလိုက်မိမှ လီကျီ၏ ရင်ထဲက စိုးရိမ်စိတ်များ အနည်းငယ် လျော့ပါးသွားပါသည်။
လုံရှဲမှာ ဖန့်ချန်တို့က သူ့ကို ဂရုမစိုက်သဖြင့် တစ်ခုခု ပြောဖို့ ပြင်လိုက်သော်လည်း၊ ချင်းဟယ်သီလရှင်၏ ဆရာမှာ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဆွံ့အသွားရသည်။
"ဟို... မိတ်ဆွေတို့... တစ်ခုခုရှိရင် ငါတို့ အေးအေးဆေးဆေး တိုင်ပင်လို့ ရပါတယ်။ လူငယ်လေးတွေကိုတော့ ဆွဲမထည့်ပါနဲ့"
လုံရှဲက ထပ်ပြီး စကားပြောလာသော်လည်း ဤတစ်ကြိမ်တွင်မူ သူ၏ အသံမှာ သိသိသာသာ တိုးဝင်သွားပါသည်။
စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ဆိုသည်မှာ အလယ်အလတ်အဆင့် ကျင့်ကြံသူများ ဖြစ်ပြီး သူ ရန်စရဲသည့် အဆင့်မျိုး မဟုတ်ပေ။ အကယ်၍ နောက်ကွယ်တွင် ကိုးဆက်မြောက်ဘုရင် နန်းတော်သာ မရှိလျှင် သူ အခုချက်ချင်းပင် လှည့်ထွက်သွားမိမည် ဖြစ်သည်။
"မင်းဆီက ဒီမြွေက တော်တော်အားရှိမယ့် ပုံပဲ၊ ချက်စားလိုက်ရမလား"
ဖန့်ချန်က လုံရှဲကို တစ်ချက်ဝေ့ကြည့်ကာ အေးဆေးပင် ဆိုလိုက်သည်။
လုံရှဲနှင့် သူ၏ ကိုယ်ရံတော်မြွေကြီးမှာ ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားပါတော့သည်။
အခန်း (၁၆၈၄) - ခွင့်လွှတ်သင့်လျှင် ခွင့်လွှတ်ပေးလိုက်ပါ
လုံရှဲ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားသည်မှာ အတော်လေး ကြာမြင့်သွားပြီ ဖြစ်သည်။ အတွင်း၌ အပေးအယူ လုပ်နေကြဆဲ ဖြစ်ပုံရသော်လည်း တခြား လှုပ်ရှားသံများ ထွက်မလာဘဲ ခဏအကြာတွင် ထူးခြားသော မွှေးရနံ့တစ်ခုသာ လက်ဖက်ရည်ဆိုင်ထဲမှ လွင့်ပျံ့ထွက်လာပါသည်။
အလှပဂေး အမျိုးသမီးကြီး (လီကျီ၏မိခင်) မှာ မျက်မှောင်ကြုတ်သွားပြီး အဘွားအိုကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အဘွားအိုကလည်း သဘောပေါက်စွာဖြင့် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်သွားပါတော့သည်။
သို့သော် သူမ မြင်လိုက်ရသည့် မြင်ကွင်းမှာ လုံရှဲသည် မျက်နှာတစ်ခုလုံး ပြာနှမ်းနေလျက် အိုးတစ်လုံးကို ကိုင်ထားခြင်းပင်။ သူ၏ ကိုယ်ပေါ်တွင် ပတ်ထားသော မြွေထူးမြွေဆန်းကြီးမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လုံရှဲသည် လူတိုင်းအတွက် ပန်းကန်နှင့် တူများကို ပြင်ဆင်ပေးပြီးနောက် တစ်ယောက်လျှင် ဟင်းရည်တစ်ပန်းကန်နှင့် မြွေသားတစ်တုံးစီ ခပ်ပေးနေပါသည်။
"ဒါဆိုရင်... ဖြစ်နိုင်ပါ့မလား..."
အဘွားအို၏ မျက်ဝန်းထဲတွင် မယုံနိုင်စရာ အံ့သြမှုများ ဖြတ်ပြေးသွားပြီးနောက် လက်ဖက်ရည်ဆိုင်ထဲမှ ဖြည်းဖြည်းချင်း ပြန်ဆုတ်လာခဲ့သည်။
"သခင်မကြီး... လုံရှဲကတော့... တစ်ဖက်လူရဲ့ လက်ခုပ်ထဲမှာ အပိုင်ကိုင်ခံထားရပြီ ထင်တယ်"
အဘွားအိုက တိုးတိုးလေး လျှောက်တင်လိုက်သည်။
လက်ခုပ်ထဲမှာ အပိုင်ကိုင်ခံထားရတယ် ဟုတ်လား
ဒါဆို ဘာလို့ ဘာသံမှ မထွက်လာတာလဲ
အတူတူ လိုက်လာကြသော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
အမျိုးသမီးကြီးမှာလည်း မျက်မှောင်ကြုတ်လျက်
"ဘာကို ဆိုလိုတာလဲ"
"လုံရှဲရဲ့ ကိုယ်ပေါ်က မြွေထူးကြီးကို... သူကိုယ်တိုင်ပဲ ဟင်းရည်ချက်ပြီး ဟိုလူတွေကို ခပ်ကျွေးနေတာပါ"
အဘွားအိုက ဆိုသည်။
ဤစကားကို ပြောနေစဉ်မှာပင် သူမကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေရပါသည်။
"လုံရှဲက သူ့ရဲ့မြွေကြီးကို ဟင်းချက်လိုက်တယ် ဟုတ်လား "
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
တစ်ဖက်လူ၏ ကျင့်စဉ်အဆင့်မှာ သူတို့ ခန့်မှန်းထားသည်ထက် ပိုမိုမြင့်မားနေနိုင်ပါသည်။ အဲဒီလို မဟုတ်ရင် လုံရှဲကို ဒီလောက်အထိ လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ်ပြီး အကျပ်ကိုင်နိုင်ပါ့မလဲ သူတို့ ခုနက ဝိညာဉ်စွမ်းအား လှိုင်းတွေ ထွက်ပေါ်လာတာကိုတောင် မခံစားမိလိုက်ပါဘူး။
"သခင်မကြီး... ဒီကိစ္စကတော့ ကိုင်တွယ်ရ ခက်လိမ့်မယ် ထင်တယ်"
အဘွားအို၏ အမူအရာမှာ အလွန်လေးနက်နေပါသည်။
တကယ်လို့ တစ်ဖက်လူရဲ့ အစွမ်းက ဝိညာဉ်သန္ဓေသားအဆင့်ထက် ယာယီအားဖြင့် ကျော်လွန်နေမယ်ဆိုရင် သူတို့ အလောတကြီး မလှုပ်ရှားရဲပေ။ တစ်ဖက်လူကသာ ဂရုမစိုက်ဘူးဆိုရင် နောက်ခံ ဘယ်လောက်တောင့်တောင့် သတ်စရာရှိရင် သတ်သွားမှာပါပဲ။
"ငါကိုယ်တိုင်ပဲ သွားပြောကြည့်မယ်"
အမျိုးသမီးကြီးက ခဏစဉ်းစားပြီးနောက် လက်ဖက်ရည်ဆိုင်ဆီသို့ ပျံသန်းသွားပါတော့သည်။
လူတိုင်းမှာ ထိတ်လန့်သွားပြီး တားဆီးဖို့ ပြင်လိုက်သော်လည်း အမျိုးသမီးကြီးမှာ ဆိုင်ထဲသို့ ရောက်သွားပြီ ဖြစ်သဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အတူတူ လိုက်သွားကြရပါသည်။
"မေမေ"
လီကျီသည် သူမ၏မိခင်ကို မြင်လိုက်ရသောအခါ ရင်ထဲကနေ အော်ဟစ်လိုက်မိသည်။ သူမမှာ မလှုပ်မယှက်နိုင်ဘဲ ထိုစွမ်းအား၏ ဖိနှိပ်မှုကို ခံနေရသည်မှာ အလွန်ပင် ခံရခက်လှသည်။
အမျိုးသမီးကြီးသည် ဖန့်ချန်၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ဖန့်ချန်နှင့် ရှကျီကို အကဲခတ်လိုက်သည်။ အဲဒီနောက် ချင်းဟယ်သီလရှင်ကိုပါ တစ်ချက်ကြည့်ပြီးနောက် ပြုံးလျက် ဆိုလိုက်သည်။
"ကျွန်မသမီးက နည်းနည်း အသိတရား နည်းသွားလို့ မိတ်ဆွေချင်းဟယ်ရဲ့ ရုပ်ခန္ဓာကို ထိခိုက်အောင် လုပ်မိသွားတယ်။ အမေတစ်ယောက်အနေနဲ့ သူမကိုယ်စား ဒီမှာပဲ တောင်းပန်ပါတယ်ရှင်"
"မင်းသမီးက ငါ့ကို ခုထိ မပြောရသေးဘူး၊ ဘာလို့ သီလရှင်ငယ်လေးကို အခုလို ဆက်ဆံရတာလဲဆိုတာ"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
အမျိုးသမီးကြီး၏ နောက်ကွယ်မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများမှာမူ ဖန့်ချန်နှင့် ရှကျီကို အကဲခတ်လိုက်၊ လုံရှဲကို အကဲခတ်လိုက် လုပ်နေကြသည်။ လုံရှဲက ဘာလို့ သူ့မြွေကြီးကို ကိုယ်တိုင် ချက်ကျွေးနေတာလဲဆိုတာကိုပဲ သိချင်နေကြခြင်း ဖြစ်သည်။
ဒါပေမဲ့ အကြာကြီး ကြည့်နေသော်လည်း လုံရှဲဆီက ဘာသဲလွန်စမှ ရှာမတွေ့ပေ။ လုံရှဲ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်ကိုသာ တွေ့ရသည်။
ဒါက ဘာကို ဆိုလိုသလဲဆိုတော့... လုံရှဲဟာ တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ကိစ္စနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ရမယ်
အမျိုးသမီးကြီးမှာ ဖန့်ချန် စကားပြောလာသည်ကို မြင်သောအခါ မျက်နှာထက်မှ အပြုံးက ပိုမိုတောက်ပလာပြီး
"ကျွန်မ ကြားတာကတော့... မိတ်ဆွေချင်းဟယ်က ကျွန်မသမီးဆီကနေ ထိုက်ယွဲ့ဂိုဏ်းက နှင်ထုတ်ခံလိုက်ရတဲ့ ကျင့်ကြံသူတစ်ယောက်ကို လက်ခံစောင့်ရှောက်ထားလို့ပါတဲ့"
"အော်"
ဖန့်ချန်က နားလည်သွားဟန် ဖြင့်
"အဲဒီကျင့်ကြံသူကလည်း မျက်လုံးတွေ အဖောက်ခံရ၊ နားရွက်တွေ အဖြတ်ခံရပြီး ထိုက်ယွဲ့မြို့ထဲမှာ လူတကာရဲ့ လှောင်ပြောင် နှိပ်စက်မှုကို ခံနေရတဲ့သူလား"
အမျိုးသမီးကြီးမှာ ခဏမျှ စဉ်းစားဟန်ပြုပြီးနောက် ပြုံးလျက်
"ဒီမိတ်ဆွေက ဘယ်ဂိုဏ်း၊ ဘယ်ကလန်ကလဲဟင် ကျွန်မရဲ့ အစေခံအိုကြီးက မိတ်ဆွေကို ပြောပြပြီးပြီလား မသိဘူး၊ ကျွန်မက ဘယ်လို မျိုးရိုးက ဆင်းသက်လာတာလဲဆိုတာကိုလေ"
ဖန့်ချန်က အဘွားအိုကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ညိတ်ပြသည်။
"သူမ ပြောပြီးပြီ၊ မင်းက ကိုးဆက်မြောက်ဘုရင်ရဲ့ ကိုယ်လုပ်တော် တစ်ယောက်ဆီက အစေခံမလေး ဆိုတာလေ"
စကားကို ခဏရပ်ပြီးနောက် သူက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
"တကယ်ကို မထင်ထားမိဘူး၊ ကိုယ်လုပ်တော်တစ်ယောက်ရဲ့ အစေခံမလေး ဖြစ်ရုံနဲ့ အပြင်လောကမှာ ဒီလောက်တောင် ဥပဒေမဲ့ လုပ်ရဲတယ်ပေါ့၊ ကိုယ့်သမီးကို ဒီလောက်အထိ ရက်စက်တဲ့ ကိစ္စတွေ လုပ်ဖို့ ခွင့်ပြုထားတယ်လား။
ပြောရမယ်ဆိုရင် မင်းသမီးက အစေခံမလေးရဲ့ သမီးပဲ မဟုတ်လား အစေခံတစ်ယောက်ရဲ့ သားသမီးကတောင် ဒီလောက်အထိ ထင်တိုင်းကြဲနေမှတော့ ကိုးဆက်မြောက်ဘုရင်ရဲ့ တရားဝင် သားတော်၊ သမီးတော်တွေထက်တောင် ပိုပြီး ရက်စက်ကြမ်းကြုတ်နေဦးမှာပဲ"
လူတိုင်းမှာ အံ့သြတုန်လှုပ်သွားကြသည်။ ဤစကားထဲတွင် အလွန်ပင် နှိမ်ချသော အဓိပ္ပာယ်များ ပါဝင်နေသည်။ အစေခံမလေး၊ ကျွန် ဆိုသည့် စကားလုံးများကို တတွတ်တွတ် သုံးနှုန်းနေခြင်းမှာ ဤသခင်မကြီး၏ မျိုးရိုးကို လုံးဝ အထင်မကြီးကြောင်း ပြသနေခြင်းပင်။
သို့သော် ဤသခင်မကြီး၏ နောက်ခံမှာ ကျုန်းကျိုးနယ်မြေ တစ်ခုလုံးတွင် လက်ညှိုးထိုးမလွဲ အရှိန်အဝါကြီးလှပါသည်။ အစေခံဆိုဦးတော့၊ ဘယ်သူ့ရဲ့ အစေခံလဲဆိုတာက အရေးကြီးတာ မဟုတ်လား...
အမျိုးသမီးကြီး၏ မျက်နှာထက်မှ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ သူမဘေးမှ အဘွားအို၏ မျက်ဝန်းထဲတွင်လည်း ဒေါသများ ဝေစီလာပါတော့သည်။ သို့သော် သူတို့မှာ ထိန်းချုပ်နေကြဆဲ ဖြစ်သည်။
"မိတ်ဆွေ... မိတ်ဆွေရဲ့ စကားတွေကို ကြည့်ရတာ ကျွန်မရဲ့ အဆင့်အတန်းကို တော်တော်လေး အထင်မကြီးတဲ့ ပုံပဲနော်"
အမျိုးသမီးကြီးက ခပ်ယောင်ယောင် ပြုံးလျက်
"ကျွန်မက သမီးကိုယ်စား တောင်းပန်ပြီးပြီပဲ၊ မိတ်ဆွေက ဘာကို လိုချင်သေးတာလဲ ခွင့်လွှတ်သင့်လျှင် ခွင့်လွှတ်ပေးလိုက်ပါ ဆိုတဲ့ စကားကို မိတ်ဆွေ ကြားဖူးမှာပေါ့။ လူငယ်တွေ အသိတရား မရှိတာကို ငါတို့လို လူကြီးတွေက ပြန်သွားရင် ကိုယ့်ဘာသာ ဆုံးမပါ့မယ်၊ မိတ်ဆွေ ဝင်စွက်ဖက်ဖို့ မလိုပါဘူး"
"သီလရှင်ငယ်လေး... ဒီဟင်းရည်က သောက်လို့ ကောင်းရဲ့လား နောက်တစ်ပန်းကန် ထပ်သောက်မလား"
ဖန့်ချန်က အမျိုးသမီးကြီးကို လုံးဝ ဂရုမစိုက်ဘဲ ချင်းဟယ်သီလရှင်ကိုသာ လှည့်မေးလိုက်သည်။
သူမ၏ အင်အားများမှာ တဖြည်းဖြည်း ဆုတ်ယုတ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် သေအံ့ဆဲဆဲ လူတစ်ယောက်၌သာ ရှိတတ်သည့် သေမင်းအငွေ့အသက်များ ရံခါရံခါ ပေါ်လာနေပါသည်။
အမျိုးသမီးကြီးမှာ ဒါကိုမြင်သောအခါ မျက်နှာပေါ်က အပြုံးမှာ ထပ်မံ၍ တောင့်တင်းသွားပြန်သည်။
အတိအကျ ထိုအချိန်မှာပင် အပြင်ဘက်မှ ထိုက်ယွဲ့ဂိုဏ်းချုပ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
"သခင်မကြီး... လန်သခင်မ ရောက်လာပြီ၊ မြန်မြန်ထွက်ပြီး နှုတ်ဆက်ပါဦး"
လန်သခင်မ ရောက်လာပြီ ဟုတ်လား
အမျိုးသမီးကြီးမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ရင်ထဲက မကောင်းစိတ်ကို ဖုံးကွယ်မထားတော့ဘဲ ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ကျွန်မ လန်သခင်မကို အရင်သွားတွေ့လိုက်ဦးမယ်၊ ပြီးရင်တော့ ဒီကိစ္စကို သူမကပဲ ကိုင်တွယ် ဖြေရှင်းပေးပါလိမ့်မယ်"
စကားဆုံးသည်နှင့် သူမသည် လှည့်ထွက်သွားပါတော့သည်။ အဘွားအိုနှင့် အခြားသူများမှာလည်း အမြန်လိုက်သွားကြသည်။
တစ်ချိန်တည်းမှာပင် ကျယ်ပြောလှသော ထိုက်ယွဲ့မြို့ ကောင်းကင်ယံထက်တွင် အဆုံးအစမရှိသည့် တိမ်တိုက်များ ပေါ်ထွက်လာပါသည်။ အဆိုပါ ငါးရောင်ခြယ် တိမ်တိုက်များပေါ်တွင် နက်မှောင်သော သံချပ်ကာ ဝတ်ဆင်ထားသည့် ကျင့်ကြံသူများစွာ ရပ်နေကြသလို၊ ထူးဆန်းသော သားရဲကြီးများ ဆွဲလာသည့် ရထားလုံးများစွာလည်း ပါဝင်ပါသည်။
သံချပ်ကာဝတ် ကျင့်ကြံသူများ တင်မကဘဲ လူပေါင်း သောင်းချီမျှ ရှိနေပါသည်။
"ဒါတွေက နတ်စစ်သည် တွေ မဟုတ်လား "
"ဒီလောက် အရှိန်အဝါကြီးတဲ့ အခင်းအကျင်းမျိုးဆိုရင် ကိုးဆက်မြောက်ဘုရင် ကိုယ်တိုင် ရောက်လာတာများလား "
ထိုက်ယွဲ့မြို့ရှိ ကျင့်ကြံသူ အားလုံးမှာ အံ့သြမှင်သက်နေကြရသည်။
အမျိုးသမီးကြီးနှင့် အခြားသူများ လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာချိန်တွင်လည်း ကောင်းကင်ယံမှ မြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ ထိုက်ယွဲ့ဂိုဏ်းချုပ်သည် အမြင့်မြတ်ဆုံးသော ရထားလုံးရှေ့တွင် ရပ်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကို တွေ့ရသည်။
သူ့ဇနီးသည် ပေါ်လာသည်ကို မြင်သောအခါ သူက မျက်ရိပ်ပြလိုက်သည်။
"ဒါဆိုရင်... ကိုးဆက်မြောက်ဘုရင် ကိုယ်တိုင် ကြွလာတာလား "
အမျိုးသမီးကြီးမှာ အံ့သြဝမ်းသာ ဖြစ်သွားပြီး ပါးပြင်ပေါ်တွင် မသိမသာ ရှက်သွေးဖြန်းသွားပါသည်။
သူမသည် လူအများအား ဦးဆောင်ကာ ကောင်းကင်ယံဆီသို့ ဒူးထောက် အလေးပြုလိုက်ပါသည်။ အခင်းဖြစ်တွင်ရှိနေသည့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများမှာလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး၊ ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့်သာ အနည်းငယ်မျှ ထိတွေ့ခွင့်ရလျှင် တစ်သက်လုံး အကျိုးရှိတော့မည်ဟု တွေးနေကြသည်။
"အရှင်မင်းကြီး... ဒီမိန်းကလေးက အရင်က ကျွန်မရဲ့ အနီးကပ် အစေခံမလေးပါ၊ အခု သူမရဲ့ သမီးက လူမိုက်တွေရဲ့ ဖမ်းဆီးခြင်းကို ခံနေရလို့ အရှင်မင်းကြီးအနေနဲ့ သူမအတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါဦး"
အဆင့်မြင့် ရထားလုံးအတွင်းမှ ချိုသာအေးမြသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
"အင်း"
သြဇာအာဏာ ပြည့်ဝသော အသံကြီးတစ်ခုက ခပ်အေးအေးပင် ပြန်ထူးလိုက်သည်။
နောက်တစ်ခဏတွင် နတ်စစ်သည် သောင်းချီမှာ ကောင်းကင်မှ ဆင်းသက်လာပြီး ထိုက်ယွဲ့မြို့ တစ်မြို့လုံးကို ဝိုင်းရံလိုက်ပါတော့သည်။ လမ်းတိုင်း၊ လမ်းဆုံတိုင်းတွင် နတ်စစ်သည်များ စောင့်ကြပ်နေကြသည်။ သူတို့ထံမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားများကြောင့် မြို့ထဲရှိ ကျင့်ကြံသူများမှာ ဖိအားဒဏ်ကို အပြင်းအထန် ခံစားနေရပါသည်။
ဆက်လက်၍ ရထားလုံးများ တစ်စီးပြီးတစ်စီး မြေပြင်သို့ ဆင်းသက်လာသည်။ ရထားလုံးထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လမ်းလျှောက်ထွက်လာသည်။ လူတိုင်းက ထိုအမျိုးသား၏ ဝတ်စားဆင်ယင်မှုကို ကြည့်လိုက်ရုံနှင့် အံ့သြတုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ရိုသေခြင်းများသာ ကျန်ရှိပါတော့သည်။
" ကျုပ်မျိုးနွယ်စုက ကိုးဆက်မြောက်ဘုရင်ကို ဂါရဝပြုပါတယ်၊ လန်သခင်မကိုလည်း ဂါရဝပြုပါတယ် "
အမျိုးသမီးကြီးမှာ အလွန်ပင် ရိုသေစွာဖြင့် ခေါင်းငုံ့လိုက်သည်။
"ထကြပါ"
ကိုးဆက်မြောက်ဘုရင်က အသာအယာ ခေါင်းညိတ်ပြသော်လည်း အမျိုးသမီးကြီးကို တစ်ချက်မျှ မကြည့်ဘဲ လက်ဖက်ရည်ဆိုင်ဆီသို့သာ လျှောက်လှမ်းသွားပါသည်။ သူ့ဘေးမှ လန်သခင်မမှာမူ ပြုံးရွှင်သော မျက်နှာဖြင့် အတူတူ လိုက်ပါသွားပါသည်။
"တကယ်ကြီး ကိုးဆက်မြောက်ဘုရင်ပဲ..."
ရှိနေသော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများမှာ အတိုင်းမသိ စိတ်လှုပ်ရှားနေကြသည်။
ထိုက်ယွဲ့ဂိုဏ်းချုပ်သည်လည်း အမျိုးသမီးကြီး၏ ဘေးသို့ ကပ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အသံလွှင့်ကာ ပြောလိုက်သည်။
"မိန်းမ... ဒီတစ်ခါတော့ ကိုးဆက်မြောက်ဘုရင် ကိုယ်တိုင် ကြွလာတာပဲ၊ ကိုယ်လည်း ဒီလို ပုဂ္ဂိုလ်ကြီးကို ဖူးတွေ့ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "
အမျိုးသမီးကြီးမှာမူ ထိုစကားကို မကြားသလိုပင်၊ အနည်းငယ် စိတ်ပျက်အားငယ်နေပုံရပါသည်။
အကြောင်းမှာ ကိုးဆက်မြောက်ဘုရင်သည် သူမကို တစ်ချက်မျှ လှည့်မကြည့်ခဲ့သောကြောင့်ပင်...