အခန်း (၁၆၈၅-၁၆၈၆)
Vol. 169 Ch. 1685-1686
အခန်း (၁၆၈၅) -ဒီနေရာက ထိုက်ယွဲ့မြို့လား
"အရှင်မင်းကြီး ကြွချီလာတာ... တကယ့်ကို နတ်စစ်သည် နတ်ရဲမက်တွေ ခြံရံလိုက်ပါလာတာပဲ..."
"ဒီလို ခမ်းနားတဲ့ မြင်ကွင်းမျိုးကို ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မြင်ဖူးတော့မှာ ထင်တယ်..."
"တချို့ နတ်စစ်သည်တွေရဲ့ ကျင့်စဉ်အဆင့်က အတော်လေး နက်ရှိုင်းတယ်၊ တချို့ကျတော့လည်း ငါတို့လိုပဲ ရွှေအမြုတေအဆင့်ပဲရှိတာ။ ဒါပေမဲ့ သူတို့ဆီက ထွက်နေတဲ့ အရှိန်အဝါနဲ့ တည်ကြည်မှုကတော့ ငါတို့ထက် အဆပေါင်းများစွာ သာလွန်နေတယ်"
"ဒါက အရှင်မင်းမြတ်ရဲ့ အနားမှာ နှစ်ရှည်လများ ခစားနေရင်းနဲ့ ပေါ်ထွက်လာတဲ့ သြဇာ ပဲ "
မရေတွက်နိုင်သော မျက်ဝန်းများစွာသည် ရိုသေခြင်း၊ တောင့်တခြင်း၊ ကြည်ညိုခြင်းများဖြင့် ကိုးဆက်မြောက်ဘုရင်နှင့် ဘေးနားရှိ အမျိုးသမီးတို့ လက်ဖက်ရည်ဆိုင်ထဲသို့ အတူတူ ဝင်သွားသည်ကို စောင့်ကြည့်နေကြပါသည်။
ဤအခိုက်အတန့်တွင် ထိုနေရာ၌ရှိနေသည့် နဂါးနှစ်ကောင် (ဖန့်ချန်နှင့် ရှကျီ) ၏ နိဂုံးကို သူတို့ စိတ်ကူးကြည့်နေကြပြီ ဖြစ်သည်။
"နယ်ခံမြွေကို တိုက်စစ်ဆင်တဲ့ နဂါးဆိုတာ မလွယ်ဘူးလေ"
"ထိုက်ယွဲ့ဂိုဏ်းချုပ်ရဲ့ ဇနီးက ကိုးဆက်မြောက်ဘုရင် နန်းတော်နဲ့ ဘယ်လောက် ပတ်သက်လဲဆိုတာ သိသိကြီးနဲ့၊ အဲဒီလူနှစ်ယောက်က သူမသမီးကို ဖမ်းထားရဲတယ်ဆိုတာ... ဒါက သေမင်းတံခါးဝကို ခြေတစ်ဖက် လှမ်းထားသလိုပဲ..."
လူအများက သက်ပြင်းချရင်း ရေရွတ်နေကြသည်။ လက်ဖက်ရည်ဆိုင်ထဲက အခြေအနေကို သွားကြည့်ချင်သော်လည်း မရေမတွက်နိုင်သော နတ်စစ်သည်များက အထင်လွဲပြီး ချက်ချင်း သုတ်သင်ပစ်မည်ကို စိုးရိမ်သဖြင့် မလှုပ်ရှားရဲကြပေ။
လက်ဖက်ရည်ဆိုင်အတွင်း၊ ပြတင်းပေါက်ဘက်ကို မျက်နှာမူထားသည့် လုံရှဲသည် အကြောင်းရင်းမရှိဘဲ စိတ်လှုပ်ရှားလာပါသည်။
သူသည် အိုးထဲတွင် ကျန်နေသေးသော ဟင်းရည်များနှင့် ထူးခြားသော မွှေးရနံ့များ ထွက်နေသည့် မိမိ၏မြွေသားတုံးများကို တစ်ချက်ကြည့်လိုက်သည်။ အဲဒီနောက် မျက်ဝန်းထဲတွင် နာကျည်းမှုများ ဖြတ်ပြေးသွားပြီး ဖန့်ချန်ကို အေးစက်စွာ ဆိုလိုက်သည်။
"မိတ်ဆွေ... ကျုပ်ရဲ့ ဒီဟင်းရည်က သောက်လို့ကောင်းပေမဲ့ အခုတော့ ကိုးဆက်မြောက်ဘုရင် ကိုယ်တိုင် ကြွလာပြီ။ မိတ်ဆွေ ဘယ်လို ရင်ဆိုင်မလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်"
လီကျီ၏ မျက်ဝန်းထဲတွင်လည်း အလွန်အမင်း စိတ်လှုပ်ရှားမှုနှင့် တောက်ပမှုများ ပြည့်နှက်နေသည်။ သူမသည် ဖန့်ချန်ကို အလွန်နာကျည်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး၊ စိတ်ထဲတွင်တော့ သူမကို စော်ကားခဲ့သူတွေကို ဘယ်လို ပြန်လည် လက်စားချေရမလဲဆိုတာ တွက်ချက်နေပါတော့သည်။
ချင်းဟယ်သီလရှင်မှာမူ အပြင်ဘက်က အခြေအနေကို မမြင်ရပေ။ သူမ၏ စိတ်အာရုံမှာလည်း တဖြည်းဖြည်း မှေးမှိန်လာနေပြီး တစ်ခုခု ပြောချင်သော်လည်း အားမရှိသဖြင့် နှုတ်ခမ်းလေးကိုသာ ဟလိုက်ရုံဖြင့် ဘာအသံမှ ထွက်မလာပေ။
ထိုစဉ်မှာပင် ကိုးဆက်မြောက်ဘုရင်သည် သူ၏ကိုယ်လုပ်တော် လန်သခင်မနှင့် နောက်လိုက်များကို ဦးဆောင်ကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာပါသည်။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အစေခံများမှာ ကြမ်းပြင်ပေါ်တွင် ဝပ်စင်းနေကြပြီး တစ်ကိုယ်လုံး တုန်ရီနေကြသည်။ သူတို့မှာ ကြောက်လို့တုန်နေခြင်း မဟုတ်ဘဲ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် တုန်နေခြင်းပင်။
ကိုးဆက်မြောက်ဘုရင်က ပေါ့ပေါ့ပါးပါးပင် ဝေ့ကြည့်လိုက်ရာ၊ သူ၏အကြည့်မှာ ဟင်းလင်းပြင်အလွှာလွှာကို ဖြတ်ကျော်ပြီး ဖန့်ချန်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
ချက်ချင်းပင် သူ၏မျက်ဝန်းများ တောင့်တင်းသွားပါတော့သည်။
လူတိုင်း ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် ကိုးဆက်မြောက်ဘုရင်သည် လက်ဖက်ရည်ဆိုင်ထဲမှ ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားပါသည်။
နောက်လိုက်များလည်း ဘာလုပ်ရမှန်းမသိဘဲ အတူတူ လိုက်ဆုတ်သွားကြရသည်။ လန်သခင်မမှာ အံ့သြသွားသော်လည်း ဘာမှ မမေးရဲပေ။
ကိုးဆက်မြောက်ဘုရင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဤနေရာက ဘယ်နေရာလဲဆိုတာကို အတည်ပြုနေပုံရသည်။
"ဒီနေရာက... ထိုက်ယွဲ့မြို့လား"
သူက ရုတ်တရက် မေးလိုက်သည်။
လန်သခင်မက အမြန်ပြန်ဖြေသည်
"အရှင်... ဒီနေရာက တကယ့်ကို ထိုက်ယွဲ့မြို့ပါပဲ"
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ တစ်ဦးတည်းသော ကိုးဆက်မြောက်ဘုရင်ကြီးက သူကိုယ်တိုင် အုပ်ချုပ်တဲ့ ထိုက်ယွဲ့မြို့ကိုတောင် မသိဘူးလား။
ကိုးဆက်မြောက်ဘုရင်က ဘာမှ ထပ်မပြောတော့ဘဲ လူအများကို ဦးဆောင်ကာ လက်ဖက်ရည်ဆိုင်ထဲသို့ ပြန်ဝင်ပြီး ဒုတိယထပ်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားပါသည်။
" ကိုးဆက်မြောက်ဘုရင်ကို ဂါရဝပြုပါတယ် "
လုံရှဲသည် ဟင်းအိုးကို ချက်ချင်း ချလိုက်ပြီး မြေပြင်ပေါ်တွင် ဝပ်စင်းကာ ဦးတိုက် နှုတ်ဆက်လိုက်သည်။
လီကျီ၏ မျက်လုံးများမှာလည်း အလွန်အမင်း တုန်ရီနေပါသည်။
"တကယ့်ကို မွှေးတဲ့ရနံ့ပဲ"
လန်သခင်မက ဟင်းအိုးကို ကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့်
"ဒီထဲမှာ ချက်ထားတာက ဘာလဲဟင်"
ထိုအခါ အမျိုးသမီးကြီး (လီကျီမိခင်) က ရှေ့သို့ အမြန်တိုးလာပြီး ရိုသေသမှုဖြင့် လျှောက်တင်လိုက်သည်။
"လန်သခင်မ... ရှောင်ကျီကို ဖမ်းထားတဲ့ အဲဒီကျင့်ကြံသူနှစ်ယောက်က လုံရှဲကို အဓမ္မစေခိုင်းပြီး သူငယ်စဉ်ကတည်းက မွေးထားတဲ့ မြွေကြီးကို ဟင်းချက်ခိုင်းလိုက်တာပါ"
လုံရှဲသည်လည်း အားကိုးရာ ရှာတွေ့သွားသကဲ့သို့ ဝမ်းနည်းပူဆွေးဟန်ဖြင့်
"ကိုးဆက်မြောက်ဘုရင်... ကျုပ်အတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါဦး ကျုပ်ကျင့်ကြံစကတည်းက ဒီမြွေကြီးက ကျုပ်ဘေးမှာ အမြဲရှိခဲ့တာပါ။ နှစ်ပေါင်းများစွာ သံယောဇဉ် ကြီးခဲ့ရသလို ကျုပ်ရဲ့ ကျင့်ကြံဖော် တစ်ယောက်လိုတောင် သတ်မှတ်ထားတာပါ။
ဒါကို အခု ဒီလူနှစ်ယောက်က ကျုပ်ကို ခြိမ်းခြောက်ပြီး ကိုယ်တိုင် ချက်စားခိုင်းတယ်၊ ကျုပ်ရင်ထဲမှာ တကယ့်ကို ပူဆွေးရပါတယ်၊ အရှင်မင်းကြီးက တရားမျှတအောင် လုပ်ပေးပါဦး "
နောက်ကွယ်မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာမူ မျက်နှာပျက်နေကြသည်။
ထိုက်ယွဲ့ဂိုဏ်းချုပ်ကတော့ အကြီးအကျယ် ဒေါသထွက်နေပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ
"မင်းတို့ ဒီလိုလုပ်တာက တကယ့်ကို ရက်စက်လွန်းရာ ရောက်တယ် "
"မင်းတို့ စိတ်မပူကြနဲ့၊ အရှင်မင်းကြီး ရောက်လာပြီဆိုတော့ မင်းတို့အတွက် တရားမျှတအောင် လုပ်ပေးမှာပဲ"
လန်သခင်မက ခပ်ဖွဖွ ပြုံးလိုက်ပြီး လီကျီကို တစ်ချက်ကြည့်ကာ ကိုးဆက်မြောက်ဘုရင်ကို ပြောလိုက်သည်။
"အရှင်... အရင်ဆုံး ကလေးမလေးကို အရင်ကယ်လိုက်ကြရအောင်လား "
လီကျီ၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်ရိပ်များ ပေါ်လာသည်။
ကိုးဆက်မြောက်ဘုရင်က ဘာမှ ပြန်မပြောဘဲ ဖန့်ချန်နှင့် ရှကျီကိုသာ ကြည့်နေပါသည်။ အဲဒီနောက် သူက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး၊ မျက်နှာထက်တွင် ရိုသေမှုများ ပြည့်နှက်လျက် လက်အုပ်ချီကာ နှုတ်ဆက်လိုက်ပါတော့သည်။
"ကျုပ်... ဖန့်ဂိုဏ်းခိုပ် နဲ့ ရှဂိုဏ်းချုပ် တို့ကို ဂါရဝပြုပါတယ်"
ဖန့်ဂိုဏ်းချုပ်
ရှဂိုဏ်းချုပ်
လက်ဖက်ရည်ဆိုင်အတွင်းရှိ လူတိုင်း၏ မျက်နှာများမှာ ချက်ချင်း တောင့်တင်းသွားပါတော့သည်။
လန်သခင်မ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ပေါ်လာပြီး ခန္ဓာကိုယ်လေးမှာလည်း တုန်ရီလာပါသည်။
အမျိုးသမီးကြီး၊ ထိုက်ယွဲ့ဂိုဏ်းချုပ်နှင့် လုံရှဲတို့မှာ ခဏမျှ ကြောင်အသွားပြီးနောက်မှ အရှင် ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို သဘောပေါက်သွားကြကာ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားပါတော့သည်။
"သူတို့က ဂိုဏ်းချုပ်အဆင့် တွေလား"
အမျိုးသမီးကြီး၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော်သွားပြီး ဖန့်ချန်နှင့် ရှကျီကို ကြောင်စီစီကြည့်ရင်း ဤအမှန်တရားကို မယုံနိုင်အောင် ဖြစ်နေပါသည်။
ကြီးမြတ်လှတဲ့ ဂိုဏ်းချုပ် အဆင့်ရှိသူတွေက ဘာလို့ ဒီလို နေရာသေးသေးလေးကို လာရတာလဲ၊ လာရင်တောင် ဘာလို့ နှစ်ယောက်တောင် လာရတာလဲ
ပြီးတော့ ဒီလို ပုဂ္ဂိုလ်ကြီးတွေက ဘာလို့ ချင်းဟယ်သီလရှင်လို အားကိုးရာမရှိတဲ့ သူနဲ့ သိနေကြတာလဲ။
"သူတို့က ဂိုဏ်းချုပ်အဆင့်တွေလား"
လီကျီမှာမူ သူမ၏ ဦးနှောက်ကို အလေးတစ်ခုခုနှင့် အရှိန်ပြင်းပြင်း အထုခံလိုက်ရသလို ခံစားလိုက်ရပြီး ခေါင်းထဲမှာ ဗလာကျင်းသွားပါတော့သည်။
အမျိုးသမီးကြီးဘေးမှ အဘွားအိုမှာမူ ဖန့်ချန်၏ မျက်နှာကို ဘာကြောင့် ရင်းနှီးနေရသလဲဆိုတာကို အခုမှ သတိရသွားပါသည်။
သူမ၏ တွန့်ရှုံ့နေသော မျက်နှာပြင်မှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမနှင့် အမျိုးသမီးကြီးတို့သည် နန်းတော်တွင် အလုပ်လုပ်နေစဉ်၊ လန်သခင်မနှင့်အတူ တာအိုသုံးထောင်ဂိုဏ်း သို့ ဘုရားဖူး လိုက်သွားခဲ့ဖူးသည်။
ကျုန်းကျိုးနိုင်ငံတွင် တာအိုသုံးထောင် ဂိုဏ်း ၏ အဆင့်အတန်းမှာ တောရိုင်းကျောင်းတော်ထက်တောင် သာလွန်နေပြီး နံပါတ် (၁) လမ်းစဉ်နန်းတော် အဖြစ် သတ်မှတ်ထားခြင်း ခံရသည်။
ထိုစဉ်က သူမသည် တာအိုသုံးထောင်လမ်းဂိုဏ်းရှိ လမ်းစဉ်ဘိုးဘေး ၏ ပုံတူပန်းချီကားကို မြင်ခဲ့ဖူးသည်။ အဲဒီပုံထဲကလူဟာ အခု သူမရှေ့မှာ ရှိနေတဲ့သူ မဟုတ်ပါလား။
အဘွားအိုသည် ရင်ထဲတွင် ခါးသီးသော ဝေဒနာကို ခံစားလိုက်ရသည်။ ထိုက်ယွဲ့မြို့လို နေရာသေးသေးလေးမှာ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ အန္တရာယ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ခဲ့ဖူးပေ။
"ဒီကလေးမလေးက မင်းရဲ့ သွေးသားလား"
ဖန့်ချန်က လီကျီကို တစ်ချက်ဝေ့ကြည့်ကာ ကိုးဆက်မြောက်ဘုရင်ကို ပြုံးလျက် မေးလိုက်သည်။
လူတိုင်းမှာ ထပ်မံ၍ အံ့သြသွားကြရသော်လည်း အရှေ့က အမှန်တရားကြီးက ပိုကြီးမားလွန်းသဖြင့် ဤသတင်းမှာ သူတို့ကို ထပ်ပြီး မတုန်လှုပ်စေတော့ပေ။
ထိုက်ယွဲ့ဂိုဏ်းချုပ်၏ မျက်နှာမှာသာ အမျိုးမျိုး ပြောင်းလဲနေပါသည်။
အမျိုးသမီးကြီး၏ မျက်ဝန်းထဲတွင်မူ မျှော်လင့်ချက်အလင်းအချို့ ပေါ်လာပြီး ကိုးဆက်မြောက်ဘုရင်ကို လှမ်းကြည့်လိုက်သည်။ တကယ်လို့ ဒီနေ့မှာ ကိုးဆက်မြောက်ဘုရင်က သူမနဲ့ သူမသမီးအတွက် အသနားခံပေးမယ်ဆိုရင် အရာအားလုံးက မူလအတိုင်း ပြန်ဖြစ်သွားနိုင်ပါသေးသည်။
"ဟုတ်ကဲ့ပါ"
ကိုးဆက်မြောက်ဘုရင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
ထိုက်ယွဲ့ဂိုဏ်းချုပ်မှာ မျက်နှာပျက်သွားသော်လည်း ဘာမှ ဒေါသမထွက်ရဲဘဲ ခေါင်းငုံ့ကာ ငြိမ်နေပါတော့သည်။
လီကျီမှာတော့ အကြီးအကျယ် အံ့သြသွားရသည်။ သူမ၏ ဖခင်ရင်းမှာ ကိုးဆက်မြောက်ဘုရင် ဖြစ်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ အံ့သြမှုပြီးနောက်တွင်တော့ အတိုင်းမသိ ဝမ်းသာသွားပါတော့သည်။
သူမ၏ဖခင်က အရှင်မင်းကြီး ဖြစ်နေမှတော့ နောင်ကျရင် သူမ နန်းတော်မှာ သွားနေလို့ ရပြီပေါ့ သူမ၏ မျက်လုံးများမှာ တောက်ပလာပါသည်။
"မင်းသမီးက ဒီနေရာမှာ အနိုင်ကျင့် ဗိုလ်ကျနေတာကို မင်း သိရဲ့လား "
ဖန့်ချန်က ခပ်အေးအေးပင် ဆိုလိုက်သည်။
ကိုးဆက်မြောက်ဘုရင်သည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြီးနောက် ခါးသီးစွာ ပြုံးလျက်
"ဖန့်ဂိုဏ်းချုပ်... သူမက အသက်ငယ်သေးလို့ပါ၊ အလုပ်လုပ်တဲ့အခါ သေချာ မစဉ်းစားမိတာ..."
"အသက်ငယ်တာက ဆင်ခြေတစ်ခု မဟုတ်ဘူး"
ဖန့်ချန်က ခေါင်းကို အသာအယာ ခါလိုက်ပြီး ချင်းဟယ်သီလရှင်ကို ကြည့်ကာ
"သီလရှင်ငယ်လေးနဲ့ ငါ စတင်သိကျွမ်းခဲ့တဲ့နှစ်က သူမဟာလည်း အသက်ငယ်ပါသေးတယ်။ ဒါပေမဲ့ သူမရဲ့ စိတ်နှလုံးကတော့ အလွန်ပဲ ကြင်နာတတ်တယ်၊ လူတိုင်းထက် ပိုပြီး မေတ္တာတရား ကြီးမားခဲ့တယ်"
ကိုးဆက်မြောက်ဘုရင်သည် ချင်းဟယ်သီလရှင်၏ ပုံစံကို မြင်လိုက်ရသောအခါ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို တဖြည်းဖြည်း သဘောပေါက်လာပါသည်။
အစက တည်ငြိမ်နေသော သူ၏ မျက်နှာပေါ်တွင် အံ့သြထိတ်လန့်မှုများ လွှမ်းမိုးသွားပြီး
"ဒီသီလရှင်က... ဖန့်ဂိုဏ်းချုပ်ရဲ့ မိတ်ဆွေဟောင်းလား"
လုံရှဲနှင့် အခြားသော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာမူ ထိုစကားကို ကြားလိုက်ရသည်နှင့် ခေါင်းကို ပို၍ နက်နက်နှိမ့်ကာ ဝပ်စင်းလိုက်ကြပါတော့သည်။
တကယ်လို့ ချင်းဟယ်သီလရှင်ဟာ ဂိုဏ်းချုပ် အဆင့်ရဲ့ မိတ်ဆွေဟောင်း ဖြစ်နေမယ်ဆိုရင် ဒီနေ့ လီကျီ ဘာဖြစ်မလဲဆိုတာ သူတို့ ခန့်မှန်းလို့ ရနေပါပြီ။
ကိုးဆက်မြောက်ဘုရင် ဖြစ်နေရင်ကော ဘာဖြစ်လဲ
ဂိုဏ်းချုပ်အဆင့်ရဲ့ ရှေ့မှာတော့ အရှင်မင်းမြတ် ဆိုတာ ဘာမှ မဟုတ်ပါဘူး။
အခန်း (၁၆၈၆) - အဆင့် ၉
အချိန်တိုလေးအတွင်းမှာပဲ ကိုးဆက်မြောက်ဘုရင်ဟာ သူ့ရင်ထဲမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။
သူ့ရှေ့က ဖန့်ဂိုဏ်းချုပ်ဟာ အခုထက်ထိ ပြုံးပြုံးလေး ရှိနေသေးပေမဲ့ ဒီပုဂ္ဂိုလ်ကြီးရဲ့ စိတ်ထဲမှာတော့ အတိုင်းအထက်အလွန် ဒေါသထွက်နေပြီဆိုတာ သူသိပါတယ်။ အဲဒီလိုသာမဟုတ်ရင် ဘာလို့ ဒီနေရာမှာ သူ့ကို စောင့်နေပါ့မလဲ။
ဒါပေမဲ့ ကိုးဆက်မြောက်ဘုရင် နားမလည်နိုင်တာက သူနဲ့ လီကျီကြားက ဒီလျှို့ဝှက်ချက်ကို တစ်ဖက်လူက ဘယ်လိုလုပ် သိသွားတာလဲဆိုတာပါပဲ။
ဂိုဏ်းချုပ် အဆင့်ရှိသူတွေရဲ့ နည်းလမ်းတွေဟာ သူ့အဆင့်လောက်နဲ့တော့ ဘယ်လိုမှ မှန်းဆလို့မရဘူးလို့ပဲ ဆိုရမှာပါ။
"ဖန့်ဂိုဏ်းချုပ်... လီကျီက အမှားလုပ်မိတာဆိုတော့ အပြစ်ဒဏ်ကို ခံယူရမှာပါ။ ကျုပ်ကိုယ်တိုင်ပဲ သူမကို စီရင်ခွင့်ပြုပါ၊ ကျုပ်ကို အခွင့်အရေးတစ်ခု ပေးပါဦး"
ကိုးဆက်မြောက်ဘုရင်က လက်အုပ်ချီ အရိုအသေပေးလိုက်ပါတယ်။
အလှပဂေး အမျိုးသမီးကြီး (လီကျီမိခင်) ကတော့ ချက်ချင်းပဲ မြေပြင်ပေါ် ခွေခေါက်လဲကျသွားပြီး မျက်နှာတစ်ခုလုံး မှိုင်တွေ သေလူလို ဖြစ်သွားပါတော့တယ်။
လန်သခင်မကတော့ သူမကို လှောင်ပြောင်သရော်တဲ့ အကြည့်နဲ့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရင်ထဲမှာ တိတ်တဆိတ် ဝမ်းသာနေပေမဲ့ မျက်နှာပြင်မှာတော့ ဝမ်းနည်းဟန်ဆောင်ကာ ခေါင်းငုံ့ပြီး ငြိမ်နေပါတယ်။
ထိုက်ယွဲ့ဂိုဏ်းချုပ်ရဲ့ မျက်နှာကတော့ အလွန်ရှုပ်ထွေးနေပြီး လီကျီကိုတစ်လှည့်၊ ဇနီးသည်ကိုတစ်လှည့် ကြည့်ကာ နောက်ဆုံးမှာတော့ ဘာမှမပြောဘဲ နှုတ်ဆိတ်နေပါတော့တယ်။
လီကျီကတော့ ကိုးဆက်မြောက်ဘုရင်ကို ကြောင်စီစီ ကြည့်နေမိတယ်။ ဒီကိစ္စက သူမရဲ့ဖခင်အရင်းတောင် သူမကို မကာကွယ်နိုင်လောက်အောင် ကြီးကျယ်နေတာလား သူမက မျက်လုံးတစ်စုံ ဖောက်ထုတ်ပြီး နားရွက်တစ်စုံ ဖြတ်လိုက်ရုံတင် မဟုတ်လား၊ အဲဒီလောက်ကြီးတဲ့ မကောင်းမှုကြီးလည်း မဟုတ်ဘဲနဲ့...။
အတိအကျ ထိုအချိန်မှာပဲ ချင်းဟယ်သီလရှင်ရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာပါတယ်။
"ဖန့်စစ်သူကြီး... ကျွန်မ နည်းနည်း အိပ်ငိုက်လာပြီ"
"ငိုက်ရင်လည်း အိပ်လိုက်လေ"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်ပါတယ်။
ချင်းဟယ်သီလရှင်ဟာ စားပွဲပေါ်မှာ မှောက်ရက်လေးလဲပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့တယ်။ ဒါပေမဲ့ ရှိနေသူအားလုံး မြင်ကြတာကတော့ သူမဟာ အိပ်ပျော်သွားတာမဟုတ်ဘဲ အသက်ဓာတ် ကုန်ဆုံးပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
ထိုစဉ်မှာပဲ ချင်းဟယ်သီလရှင်ရဲ့ ရုပ်အလောင်းထဲကနေ ဝိညာဉ်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထထိုင်လာပါတယ်။ သူမရဲ့ မျက်နှာလေးက စင်ကြယ်ပြီး မျက်ဝန်းတွေက ကြည်လင်နေပါတယ်။ ဒါဟာ ချင်းဟယ်သီလရှင် ငယ်ရွယ်စဉ်က ပုံစံလေးပါပဲ။
ဖန့်ချန်နဲ့ ရှကျီတို့ဟာ ချင်းဟယ်သီလရှင်ကို ကြည့်ကာ မျက်နှာထက်မှာ ပြုံးရိပ်လေးတွေ ပေါ်လာကြပါတယ်။
"ဖန့်စစ်သူကြီး... ကျွန်မ အခုတော့ ဝိညာဉ် ဖြစ်သွားပြီ။ နောက်ဆိုရင်တော့ ကျွန်မကို အကူအညီလာတောင်းမယ့် ဝိညာဉ်တွေ ရှိတော့မှာ မဟုတ်ဘူးပေါ့နော်"
ချင်းဟယ်သီလရှင်က ဖန့်ချန်ကို ကြည့်ပြီး ပြုံးလျက် ပြောပါတယ်။
ဖန့်ချန် စကားမပြောရသေးခင်မှာပဲ ဟင်းလင်းပြင်ထဲကနေ စူးရှတောက်ပတဲ့ အလင်းတန်းတစ်ခု ရုတ်တရက် ကျရောက်လာပါတယ်။
ချင်းဟယ်သီလရှင်ဟာ အဲဒီအလင်းတိုင်ကြီးရဲ့ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး သူမကိုယ်ပေါ်က အရှိန်အဝါတွေဟာ အလွှာလိုက် တိုးတက်လာပါတော့တယ်။
စိတ်ဝိညာဥ်ထွက်ခွာခြင်း ၊ ဝိညာဉ်ခွဲဖြာခြင်း ၊ ပေါင်းစပ်ခြင်း
တာအိုပေါင်းစပ်ခြင်း ၊ ဘေးဒုက္ခဖြတ်ကျော်ခြင်း၊ တက်လှမ်းခြင်း
သူမရဲ့ ကျင့်စဉ်အဆင့်ဟာ အလယ်သုံးဆင့်၊ အထက်သုံးဆင့်ကို တစ်ခဏချင်း ကျော်ဖြတ်သွားပြီး အဆင့် ၁ကို တိုက်ရိုက် ရောက်ရှိသွားပါတယ်။ အလင်းတိုင်ကြီး မပျောက်ကွယ်သေးသရွေ့ သူမရဲ့ ကျင့်စဉ်က ဆက်လက် မြင့်တက်နေဆဲပါပဲ။
အဆင့် ၁ အဆင့် ၂ အဆင့် ၃ အဆင့် ၄ အဆင့် ၅ အဆင့် ၆ အဆင့် ၇ အဆင့် ၈
ဖန့်ချန်ရဲ့ မျက်ဝန်းတွေဟာ အလွန်လေးနက်သွားပါတယ်။ ရှကျီကတော့ ပါးစပ်အဟောင်းသားနဲ့ အံ့သြမှင်သက်နေပါတော့တယ်။
"ဒါက... ကောင်းမှုကုသိုလ် စွမ်းအား လား"
ဖန့်ချန်ဟာ သန့်ရှင်းစင်ကြယ်တဲ့ အလင်းဖြူတွေ ဖြာထွက်နေတဲ့ ချင်းဟယ်သီလရှင်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိပါတယ်။
သူကိုယ်တိုင်လည်း တစ်ကြိမ် ကောင်းမှုကုသိုလ် စွမ်းအားကို ရရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ချင်းဟယ်သီလရှင် ရရှိတာနဲ့ ယှဉ်ရင်တော့ သူရခဲ့တာက ဘာမှမဟုတ်ပါဘူး။ အထူးသဖြင့် သူဟာ "ကောင်းကင်ဘုံ လှည့်စားခြင်း ပညာရပ်"ကို ကျင့်ကြံပြီးနောက်ပိုင်းမှာတော့ ကောင်းမှုကုသိုလ် စွမ်းအားတွေက သူ့ကို လုံးဝ လစ်လျူရှုထားတာ ဖြစ်ပါတယ်။
ချင်းဟယ်သီလရှင် အဆင့် ၈ ကို ရောက်ပြီးနောက်မှာတော့ အလင်းရောင်တွေက တဖြည်းဖြည်း မှိန်သွားပါတယ်။ ချင်းဟယ်သီလရှင်ရဲ့ အဆင့်တက်မှုက ဒီမှာတင် ရပ်သွားပြီလို့ ဖန့်ချန် ထင်ခဲ့ပေမဲ့...
မမျှော်လင့်ဘဲ ခဏအကြာမှာတော့ အလင်းရောင်တွေဟာ အရင်ကထက် အဆပေါင်း ရာချီပြီး ပိုမို ပြင်းထန်လာပါတော့တယ်။ ချင်းဟယ်သီလရှင်ရဲ့ အရှိန်အဝါဟာ ဖန့်ချန်တောင် ထိုးဖောက် မမြင်နိုင်တဲ့ အခြေအနေကို တစ်ခဏချင်း ရောက်ရှိသွားပါတယ်။
"အဆင့် ၉ လား အဆင့် ၉ နတ်ဘုရားဝိညာဥ် လား"
ဖန့်ချန်ရဲ့ အမူအရာက ပိုမို လေးနက်သွားပါတယ်။
ပုံမှန်ဆိုရင် ချင်းဟယ်သီလရှင် သေဆုံးသွားတာဟာ သာမန်ဝိညာဉ်တစ်ခု ဖြစ်လာတာပါပဲ။ တကယ်လို့ နတ်ဘုရားဝိညာဥ် လမ်းစဉ်ကို လျှောက်ချင်ရင် ဘွဲ့နှင်းခြင်းခံရဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ယင်မိစ္ဆာ လမ်းစဉ်ကိုပဲ လျှောက်ရမှာပါ။
ဒါပေမဲ့ အခု ချင်းဟယ်သီလရှင်ဆီက ထွက်နေတဲ့ အရှိန်အဝါက နတ်ဘုရားဝိညာဥ်နဲ့လည်း မတူ၊ ယင်မသေမျိုး နဲ့လည်း မတူသလို ယင်မိစ္ဆာနဲ့လည်း မတူပါဘူး။ ဖန့်ချန်အတွက်တော့ ဒါဟာ နားလည်ရ ခက်ခဲနေပါတယ်။
နောက်ဆုံးမှာတော့ ချင်းဟယ်သီလရှင်ဆီက အလင်းတွေ အားလုံး ငြိမ်သက်သွားပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားပါတယ်။
ရှကျီဟာ ချင်းဟယ်သီလရှင်ရဲ့ ကျင့်စဉ်ကို လုံးဝ ထိုးဖောက်မမြင်နိုင်တော့တာကြောင့် တိုးတိုးလေး မေးလိုက်ပါတယ်။
"ဖန့်ကြီး... ဒါက ဘာဖြစ်သွားတာလဲ"
"သီလရှင်ငယ်လေး အဆင့် ၉ ကို ရောက်သွားပြီ"
ဖန့်ချန်က လေးနက်တဲ့ လေသံနဲ့ ပြန်ဖြေပါတယ်။
ဒီလောက်များပြားတဲ့ ကောင်းမှုကုသိုလ်တွေက သာမန်ဝိညာဉ်တစ်ခုကို အဆင့် ၉ အထိ တိုက်ရိုက် ရောက်သွားစေနိုင်တာလား အဲဒီစွမ်းအားတွေက အရင်က ကောင်းကင်ဘုံရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တာလား တကယ်လို့ ကောင်းကင်ဘုံက ဒီလောက်တောင် အစွမ်းထက်တယ်ဆိုရင် သုံးလောက ပရမ်းပတာ ဖြစ်ချိန်မှာ ဘာလို့ ပျက်စီးသွားရတာလဲ။
ဖန့်ချန်ဟာ အရေးကြီးတဲ့ ကိစ္စတချို့ကို ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ ခံစားနေရပါတယ်။ နောက်တစ်ကြိမ် ယွမ်ချွဲ ဆရာကြီးနဲ့ တွေ့ရင်တော့ မေးကြည့်ရပါမယ်။
"အဆင့် ၉ ကို ရောက်သွားတာလား..."
ရှကျီကတော့ ရင်ထဲမှာ အံ့သြနေမိတယ်
"ဖန့်ကြီးက ဒီသီလရှင်လေးကို ရှာခိုင်းတာ အကြောင်းမဲ့ မဟုတ်ဘူးပဲ။ သူမက ဘယ်လို နောက်ခံမျိုးမို့လို့ သေပြီးတာနဲ့ အဆင့် ၉ ကို တန်းရောက်သွားတာလဲ..."
"သီလရှင်ငယ်လေး... မင်း အခု ဘယ်လို ခံစားရလဲ"
ဖန့်ချန်က ရုတ်တရက် မေးလိုက်ပါတယ်။
ချင်းဟယ်သီလရှင်ရဲ့ မျက်ဝန်းတွေကတော့ အရင်လိုပဲ ဖြူစင် ရိုးသားနေဆဲပါပဲ။ သူမက ခေါင်းငုံ့စဉ်းစားပြီးနောက် ခေါင်းခါပြတယ်။
"ကျွန်မလည်း ဘယ်လို ခံစားရလဲ မသိဘူး၊ ဒါပေမဲ့ အရင်ကနဲ့တော့ လုံးဝ မတူတော့သလိုပဲ"
"ဒါကတော့ သဘာဝပါပဲ။ ဒီကိစ္စတွေ အားလုံး ပြီးသွားရင် မင်း ငါနဲ့အတူ ယင်လောက ကို တစ်ခေါက် လိုက်ခဲ့ဦး"
ချင်းဟယ်သီလရှင်ရဲ့ စိတ်နေစိတ်ထားက အရင်အတိုင်း မပြောင်းလဲသေးတာကို တွေ့ရတော့မှ ဖန့်ချန် စိတ်သက်သာရာ ရသွားပါတယ်။ ကျင့်စဉ်တွေ ဒီလောက် ရုတ်တရက် မြင့်တက်သွားတာက သူမရဲ့ ပင်ကိုယ်စိတ်ကို မပြောင်းလဲစေခဲ့တာပဲ။
ကိုးဆက်မြောက်ဘုရင်နဲ့ အခြားသူတွေကတော့ ဘာသံမှ မထွက်ရဲကြပါဘူး။ ခုနကတည်းက ဖန့်ချန်နဲ့ ရှကျီတို့ဟာ လေဟာနယ်ကို ကြည့်ပြီး စကားပြောနေတာကို သူတို့ သတိထားမိကြပါတယ်။
"ချင်းဟယ်သီလရှင်" ဆိုတဲ့ နာမည်ကိုပါ ကြားလိုက်ရတော့ ကိုးဆက်မြောက်ဘုရင်ကတော့ ဒီဂိုဏ်းချုပ်နှစ်ယောက်ဟာ လူ့လောကမှာရှိတဲ့ ဝိညာဉ်တွေကို မြင်နိုင်တယ်ဆိုတာကို အပိုင်တွက်လိုက်ပါတော့တယ်။
"ကိုးဆက်မြောက်ဘုရင်"
ဖန့်ချန်ရဲ့ အကြည့်က ကိုးဆက်မြောက်ဘုရင်ဆီ ကျရောက်သွားပါတယ်။
"ရှိပါတယ်"
ကိုးဆက်မြောက်ဘုရင်က ရှေ့သို့ တစ်လှမ်းတိုးလာပါတယ်။
"မင်း ဘုရင်ရာထူးကနေ ဆင်းလိုက်တော့"
ဖန့်ချန်က ခပ်အေးအေးပင် ဆိုလိုက်ပါတယ်။
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး မယုံနိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေကြပါတယ်။
ဒီလို ကိစ္စလေးတစ်ခုကြောင့်နဲ့... ကိုးဆက်မြောက်ဘုရင်က ရာထူးက ဆင်းပေးရမယ် ဟုတ်လား
ဒီအခိုက်အတန့်မှာတော့ လန်သခင်မလည်း ငြိမ်မနေနိုင်တော့ပါဘူး။ သူမဟာ ဖန့်ချန်ရဲ့ ရှေ့မှာ 'ဖုန်း' ကနဲ ဒူးထောက်ကျလိုက်ပြီး အသနားခံပါတော့တယ်။
"ဖန့်ဂိုဏ်းချုပ်... ဒီကိစ္စက အရှင်မင်းကြီးနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒီတုန်းက ကျွန်မက မနာလိုစိတ် ပြင်းထန်ပြီး အနားက အစေခံမလေးမှာ အရှင်မင်းကြီးရဲ့ သွေးသား ပါသွားတာ သိတော့မှ ဒီကို နှင်ထုတ်လိုက်တာပါ။
ကျွန်မသာ အဲဒီလို မလုပ်ခဲ့ရင် လီကျီဟာ နန်းတော်မှာပဲ နေရမှာ ဖြစ်သလို အပြင်မှာလည်း အခုလို မကောင်းမှုတွေ လုပ်မှာ မဟုတ်ပါဘူး။ ဖန့်ဂိုဏ်းချုပ် အနေနဲ့ သေချာ စဉ်းစားပေးပါ၊ ကျွန်မ တစ်ယောက်တည်းကိုပဲ အပြစ်ပေးပါ၊ အရှင်မင်းကြီးကိုတော့ အမျက်မထွက်ပါနဲ့ရှင်"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရင်ထဲမှာ အေးစိမ့်သွားကြပါတယ်။ သူတို့က ထိုက်ယွဲ့ဂိုဏ်းချုပ်ရဲ့ ဇနီးနဲ့ လန်သခင်မတို့ဟာ ရင်းနှီးလွန်းလို့ လန်သခင်မက အမြဲ ကာကွယ်ပေးနေတာလို့ ထင်ခဲ့ကြတာပါ။ အခုတော့ သူတို့ကြားက ပတ်သက်မှုက ဒီလို ဖြစ်နေတာလား။
လီကျီ အခုလို အနိုင်ကျင့် ဗိုလ်ကျနေတာ၊ သူမမိခင် ထိုက်ယွဲ့ဂိုဏ်းမှာ မောက်မာနေတာတွေဟာ လန်သခင်မက အမြဲတမ်း လွှတ်ပေးထားခဲ့လို့ပဲဆိုတာကိုလည်း လူတိုင်း ချက်ချင်း သဘောပေါက်သွားကြပါတယ်။ တစ်ခါနှစ်ခါဆိုရင် အကြောင်းမဟုတ်ပေမဲ့ ကြာလာတဲ့အခါမှာတော့ ဒီနေ့လို အဖြစ်အပျက်မျိုးနဲ့ ကြုံရဖို့က သေချာပေါက် ဖြစ်လာတော့တာပါပဲ။
အလှပဂေး အမျိုးသမီးကြီးရဲ့ မျက်နှာကတော့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး လန်သခင်မကို နာကျည်းမှုတွေ ပြည့်နှက်နေတဲ့ အကြည့်နဲ့ စိုက်ကြည့်နေပါတယ်။ အဲဒီအကြည့်က လန်သခင်မကို ဓားနဲ့မွှန်းပြီး တစ်စစီ လုပ်ပစ်ချင်နေတဲ့ပုံပါပဲ။
"အရှင်ကို ကယ်ဖို့အတွက် အစေခံကို စတေးတာလား"
ဖန့်ချန်က လန်သခင်မကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးလျက် ဆိုလိုက်သည်။
"ထလိုက်ပါ၊ ငါ့ရှေ့မှာ မင်းရဲ့ အဲဒီလို ဉာဏ်နီဉာဏ်နက်တွေကို လာမသုံးနဲ့"
လန်သခင်မရဲ့ ခန္ဓာကိုယ်လေး တောင့်တင်းသွားပြီး ခေါင်းငုံ့ကာ ထရပ်လိုက်ရပါတယ်။ နောက်ထပ် ဘာမှ မပြောရဲတော့ပါဘူး။
"ဖန့်ဂိုဏ်းချုပ်... ကျုပ် နားလည်ပါပြီ။ ဒီနေ့ ပြန်ရောက်တာနဲ့ ကျုပ် ရာထူးက ဆင်းပေးမယ်လို့ ကြေညာလိုက်ပါ့မယ်"
ကိုးဆက်မြောက်ဘုရင်က တိုးတိုးလေး ဆိုလိုက်ပါတယ်။
သူ့လို မျိုးရိုးကွဲ ဘုရင်တစ်ပါးအတွက်တော့ ရာထူးက ဆင်းလိုက်ပြီဆိုတာနဲ့ တကယ့်ကို ပြီးဆုံးသွားတာပါပဲ။ ဘယ်သူမှ သူ့ရာထူးကို ဆက်ခံမှာ မဟုတ်တော့ဘဲ တခြား မသေမျိုးဘုရင် တစ်ယောက်ကပဲ ဒီနေရာကို လာရောက် အစားထိုးပါလိမ့်မယ်။
"ဒီအမေနဲ့ သမီးကိုတော့... အောက်ကို သွားပြီး အပြစ်ပေးဆပ်ခိုင်းလိုက်တော့"
ဖန့်ချန်က လီကျီနဲ့ သူမရဲ့ မိခင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပါတယ်။
ကိုးဆက်မြောက်ဘုရင်ဟာ အခြေအနေကို မြင်တာနဲ့ လက်ညှိုးလေးနဲ့ အသာအယာ ဝှေ့ယမ်းလိုက်ရာ လေထုထဲကနေ ဝိညာဉ်စွမ်းအား အမျှင်တန်းလေးတွေက သူတို့နှစ်ယောက်ရဲ့ လည်ပင်းကို ရစ်ပတ်သွားပါတော့တယ်။
ဗြိ... ဗြိ...
ဦးခေါင်းနှစ်လုံးဟာ မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း ပြတ်ကျသွားပါတော့တယ်။