အခန်း (၁၆၈၇-၁၆၈၈)
Vol. 169 Ch. 1687-1688
အခန်း (၁၆၈၇) - မလိုလားအပ်သော ရန်လိုမှုတစ်ခု
ထိုက်ယွဲ့ဂိုဏ်းချုပ်သည် ကြမ်းပြင်ပေါ်ရှိ နွေးထွေးမှုပင် မကုန်ဆုံးသေးသော အလောင်းနှစ်လောင်းကို ကြည့်နေမိသည်။
သူ့မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး ငိုရမလို ရယ်ရမလိုပင် ဖြစ်နေတော့သည်။
"ဂိုဏ်းချုပ်ကြီးနှစ်ပါးခင်ဗျာ... ဒါဆိုရင် ကျုပ်... အရင်ဆုံး ခွင့်ပြုပါဦး။ ရာထူးက ဆင်းတဲ့ကိစ္စအတွက် ကိုင်တွယ်ဖြေရှင်းရမှာတွေ အများကြီးရှိနေလို့ ကျုပ်ပြန်ပြီး ပြင်ဆင်ရပါဦးမယ်"
ကိုးဆက်မြောက်ဘုရင်သည် အလွန်အမင်း ရိုသေသမှုဖြင့် လျှောက်တင်လိုက်သည်။
"သွားတော့"
ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
ကိုးဆက်မြောက်ဘုရင်သည် ချက်ချင်းပင် လန်သခင်မကို ခေါ်ဆောင်ကာ လှည့်ထွက်သွားတော့သည်။ အစက လိုက်ပါလာခဲ့သော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများသည်လည်း တစ်ချက်ကလေးမျှ မတွန့်ဆုတ်ဘဲ လက်ဖက်ရည်ဆိုင်ထဲမှ အမြန်ဆုံး ဆုတ်ခွာသွားကြလေသည်။
ထိုက်ယွဲ့ဂိုဏ်းချုပ်မှာမူ ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ သတ္တိမွေးကာ အမျိုးသမီးကြီးနှင့် လီကျီတို့၏ အလောင်းများကို ကောက်ယူလိုက်သည်။ ဖန့်ချန်ဘက်မှ ဘာမှကန့်ကွက်ခြင်းမရှိသည်ကို တွေ့ရမှ သူသည်လည်း အရိုအသေပေးကာ လက်ဖက်ရည်ဆိုင်ထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွားပါတော့သည်။
လုံရှဲမှာမူ အစမှ အဆုံးထိ မြေပြင်ပေါ်တွင် ဝပ်စင်းနေဆဲပင်။
"မင်းရဲ့ ကျင့်ကြံဖော်ကို စားလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်"
ဖန့်ချန်က လုံရှဲကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
"မဝံ့ရဲပါဘူး၊ မဝံ့ရဲပါဘူးခင်ဗျာ... အဲဒီမြွေကြီးက ကျုပ်ရဲ့ ကျင့်ကြံဖော် မဟုတ်ပါဘူး၊ ဖန့်ဂိုဏ်းချုပ် အထင်လွဲနေတာပါ"
လုံရှဲသည် ထိုစကားကို ကြားသည်နှင့် အလန့်တကြား ဖြစ်သွားပြီး ဒူးထောက်လျက်ပင် စားပွဲဆီသို့ တိုးလာကာ မျက်နှာချိုသွေးလျက်
"တကယ်လို့ ဖန့်ဂိုဏ်းချုပ် ထပ်ပြီး သုံးဆောင်ချင်သေးတယ်ဆိုရင် ကျန်နေတဲ့ အသားတုံးတွေကို ကျုပ်ကိုယ်တိုင် အနှစ်နဲ့ပဲဖြစ်ဖြစ်၊ ကြော်လှော်ပြီးတော့ပဲဖြစ်ဖြစ် အမျိုးမျိုး ပြင်ဆင်ပေးပါရစေခင်ဗျာ"
"ထွက်သွားတော့"
"ဟုတ်ကဲ့ပါ"
လုံရှဲသည် လက်ဖက်ရည်ဆိုင်ထဲမှ မြေပြင်ပေါ် လူးလိမ့်ကာ အမြန်ဆုံး ထွက်ခွာသွားတော့သည်။ ဆိုင်အပြင်ဘက် ရောက်မှသာ သူ၏ တစ်ကိုယ်လုံးမှာ ချွေးအေးများဖြင့် စိုရွှဲနေသည်ကို သတိထားမိတော့သည်။
ကောင်းကင်ထက်မှ နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ ကျရောက်နေသည်ကို ကြည့်ကာ လုံရှဲတစ်ယောက် 'အသက်ရှင်နေရတာ တကယ့်ကို ကောင်းတာပဲ' ဟု ရင်ထဲတွင် ကျိတ်၍ ဝမ်းသာနေမိတော့သည်။
ထိုက်ယွဲ့မြို့ရှိ ကျင့်ကြံသူများမှာမူ ဘာမှ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ပထမဦးဆုံး ကိုးဆက်မြောက်ဘုရင်နှင့် နတ်စစ်သည်များ ရုတ်တရက် ထွက်ခွာသွားကြသည်။
အဲဒီနောက် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်စုက အရပ်မျက်နှာအသီးသီးသို့ လူစုခွဲကာ ထွက်သွားကြပြန်သည်။
နောက်တွင် ထိုက်ယွဲ့ဂိုဏ်းချုပ်က အလောင်းနှစ်လောင်းကို ပွေ့ပိုက်ကာ ထွက်လာသည်။
နောက်ဆုံးတွင်တော့ လုံရှဲက လူးလိမ့်ကာ ထွက်လာပြန်သည်။
လက်ဖက်ရည်ဆိုင်ထဲမှာ ဘာတွေများ ဖြစ်ပျက်ခဲ့သလဲ
ထိုအလောင်းနှစ်လောင်း၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ဝတ်ထားသည့် အဝတ်အစားများမှာ အမျိုးသမီးအဝတ်အစားများ ဖြစ်နေသည်။ ဆိုလိုသည်မှာ လက်ဖက်ရည်ဆိုင်ထဲက နဂါးနှစ်ကောင် (ဖန့်ချန်နှင့် ရှကျီ) မဟုတ်ကြပေ။
ဘာကြောင့် သေဆုံးသူက အမျိုးသမီးတွေ ဖြစ်နေရတာလဲ
လက်ဖက်ရည်ဆိုင်အတွင်း၌မူ...
လီကျီနှင့် သူမမိခင်၏ ဝိညာဉ်များမှာ ကြောင်စီစီဖြင့် ရပ်နေကြသည်။ သူတို့သည် ချင်းဟယ်သီလရှင်ကို မြင်ရရုံသာမက လက်ဖက်ရည်ဆိုင်ထဲတွင် လူတွေ အတော်လေး စည်ကားနေသည်ကိုလည်း တွေ့လိုက်ရသည်။
ယခင်က သူတို့ မမြင်နိုင်ခဲ့စဉ်ကတည်းက လက်ဖက်ရည်ဆိုင်ထဲတွင် ဝိညာဉ်ပုံရိပ်များစွာ ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုသူတိုင်းမှာ တူညီသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သူတို့ဆီက ထွက်နေသော အရှိန်အဝါမှာ ကိုးဆက်မြောက်ဘုရင် ယူဆောင်လာသည့် နတ်စစ်သည်များထက်ပင် ပိုမို ပြင်းထန်လှသည်။
"ရှကြီး... မင်း ဒီနှစ်ယောက်ကို ခေါ်ပြီး အရင်ပြန်နှင့်လိုက်ဦး"
ဖန့်ချန်က ရှကျီကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။
ရှကျီက ပြုံး၍ ခေါင်းညိတ်ပြလိုက်ရာ၊ သူ၏ အကြည့်တစ်ချက်အောက်မှာပင် လူအချို့ ရှေ့သို့ တိုးလာပြီး လီကျီနှင့် သူမမိခင်ကို ဖမ်းဆီးကာ ဆိုင်ပြင်သို့ ခေါ်ဆောင်သွားကြတော့သည်။
ဆိုင်အပြင်သို့ ရောက်သောအခါ လီကျီသားအမိမှာ ပို၍ ထိတ်လန့်သွားကြသည်။ ထိုက်ယွဲ့မြို့တစ်မြို့လုံး၏ လမ်းတိုင်း၊ လမ်းဆုံတိုင်းတွင် ယင်စစ်သည် များ ကင်းစောင့်နေကြသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
"မေမေ... သမီး ကြောက်တယ်..."
လီကျီသည် သူမမိခင်၏ ပခုံးကို တုန်တုန်ရီရီဖြင့် ဆုပ်ကိုင်လိုက်သည်။
မိခင်ဖြစ်သူမှာလည်း ဘယ်လို နှစ်သိမ့်ရမှန်း မသိတော့ပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် သံခြေကျင်းများ အခတ်ခံလိုက်ရပြီး မရဏလမ်းထဲသို့ တိုက်ရိုက် အဖမ်းဆီး ခံလိုက်ရပါတော့သည်။
ထိုစဉ်မှာပင် သတ္တိရှိသော လူငယ်ကျင့်ကြံသူတစ်စု ဆိုင်ထဲသို့ ပြေးဝင်လာကြသည်။
ခေါင်းဆောင်ဖြစ်သော အမျိုးသမီးကျင့်ကြံသူက ဒုတိယထပ်က မြင်ကွင်းကို အကဲခတ်ပြီးနောက် သတ္တိမွေးကာ ရှေ့သို့ တိုးသွားသည်။ သူမ၏ သူငယ်ချင်းများက တားဆီးချင်သော်လည်း နောက်ကျသွားသဖြင့် အံကြိတ်ကာ လိုက်သွားကြရသည်။
လူတိုင်း ရင်တုန်သွားကြသည်။
ထိုစားပွဲဝိုင်းတွင် လူတစ်ယောက် ထိုင်နေပြီး၊ အလောင်းတစ်လောင်းလည်း မှောက်လျက် ရှိနေသည်။
အလောင်းမှာ ချင်းဟယ်သီလရှင်ဖြစ်ပြီး အသက်ဓာတ် ကင်းမဲ့နေပြီဖြစ်သည်။
အခြားသော နဂါးတစ်ကောင် (ရှကျီ) မှာမူ ဘယ်အချိန်က ပျောက်ကွယ်သွားမှန်း မသိလိုက်ပေ။
ဒါပေမဲ့ ဒီလူ (ဖန့်ချန်) အသက်ရှင်နေသေးသရွေ့တော့ ခုနက အပြင်ကို သယ်သွားတဲ့ အလောင်းနှစ်လောင်းဟာ...
လီကျီနဲ့ သူမမိခင် ဖြစ်ဖို့က သေချာသလောက် ရှိနေသည်။
အမျိုးသမီးကျင့်ကြံသူလေးသည် ဖန့်ချန်၏ရှေ့သို့ ရောက်လာပြီး ချင်းဟယ်သီလရှင်ကို ကြည့်ကာ စကားပြောချင်သော်လည်း တွေဝေနေမိသည်။
"မင်းက သီလရှင်ငယ်လေးကို သိလို့လား"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
"စီနီယာ ချင်းဟယ်က လူကောင်းပါ၊ ဒါပေမဲ့ မထင်မှတ်ဘဲ..."
အမျိုးသမီးငယ်လေးက ခေါင်းငုံ့ကာ ဆိုလိုက်သည်။
ချင်းဟယ်သီလရှင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ချန်ကို ဆိုလိုက်သည်။
"ဖန့်စစ်သူကြီး... ဒီမိန်းကလေးကလည်း လူကောင်းလေးပါ၊ အရင်ကလည်း သူနဲ့ အကြိမ်အနည်းငယ် ဆုံဖူးတယ်။ ကျွန်မရဲ့ အသုဘကိစ္စတွေကို သူမကိုပဲ စီစဉ်ခိုင်းလိုက်ပါ၊ ကျွန်မဆီမှာ ရှိတဲ့ ပစ္စည်းတွေကိုလည်း သူမကိုပဲ ပေးလိုက်ပါတော့"
"မင်းက စီနီယာချင်းဟယ်ရဲ့ နောက်ဆုံးကိစ္စတွေကို စီစဉ်ပေးချင်လား သူမဆီမှာ ရှိတဲ့ ပစ္စည်းတွေလည်း မင်းယူနိုင်ပါတယ်"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
အမျိုးသမီးငယ်လေးမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ
"ကျွန်မ ကူညီပေးချင်ပါတယ်၊ ဒါပေမဲ့ သူမရဲ့ ပစ္စည်းတွေကိုတော့..."
ရုတ်တရက် ချင်းဟယ်သီလရှင်၏ မျက်နှာရိပ်က ပြောင်းလဲသွားပြီး၊ နောက်တစ်စက္ကန့်တွင် သူမ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုက ထိုက်ယွဲ့မြို့တစ်ခုလုံးကို ရိုက်ခတ်သွားပြီး အပြင်ကလာသူများ ချန်ထားခဲ့သော အရှိန်အဝါ အစအနအားလုံးကို ဖျောက်ပစ်လိုက်သည်။
ထို့နောက် သူမသည် ဖန့်ချန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားပါတော့သည်။
အမျိုးသမီးငယ်လေးမှာမူ ဟင်းလင်းပြင်ကို ကြည့်ကာ ကြောင်အလျက် ကျန်ရစ်ခဲ့တော့သည်။
တစ်ချိန်တည်းမှာပင်...
ဝေးကွာလှသော ကြယ်တာရာ ကမ္ဘာဟင်းလင်းပြင်ထဲ၌ ကြယ်တစ်လုံးနီးပါး ကြီးမားလှသော မျက်လုံးကြီးတစ်လုံး ရုတ်တရက် ပေါ်လာသည်။
၎င်း၏ အကြည့်သည် မြေဝက်ဝံကြယ် ပေါ်သို့ ကျရောက်လာပြီး ခဏမျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ထို့နောက် သံသယအရိပ်အယောင်အချို့ ဖြတ်ပြေးသွားပြီး ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ်သွားပါတော့သည်။
ယင်လောက (ဖူထူလောက)
ဖန့်ချန်နှင့် ချင်းဟယ်သီလရှင်တို့သည် ဟင်းလင်းပြင်ထဲတွင် ရပ်နေကြသည်။
"သီလရှင်ငယ်လေး... ခုနက ဘာဖြစ်တာလဲ"
ဖန့်ချန်က ထူးထူးဆန်းဆန်း ဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။
"ဖန့်စစ်သူကြီး... ခုနက ကျွန်မ မလိုလားအပ်တဲ့ ရန်လိုမှုတစ်ခုကို ခံစားလိုက်ရတယ်၊ တစ်ခုခု ဖြစ်လာမှာ စိုးရိမ်လို့ပါ။ ဒါကြောင့် ထိုက်ယွဲ့မြို့မှာ ရှိတဲ့ ကျွန်မတို့ရဲ့ အရှိန်အဝါတွေကို ဖျောက်ပစ်လိုက်ပြီး ဒီကို လာခဲ့တာပါ"
ချင်းဟယ်သီလရှင်က တိုးတိုးလေး ဆိုလိုက်သည်။
စကားပြောပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး စိတ်အေးသွားဟန်ဖြင့်
"ဒီနေရာကတော့ လုံခြုံမှာပါ"
"ရန်လိုမှုတစ်ခု"
ဖန့်ချန်က စဉ်းစားနေမိသည်။
တကယ်လို့ ချင်းဟယ်သီလရှင်သာ အဆင့် ၉ ကို တက်လှမ်းသွားလျှင် သူမ၏ အရှိန်အဝါကို အစွမ်းထက်သော ပုဂ္ဂိုလ်အချို့က သတိထားမိသွားနိုင်သည်။ ဒါပေမဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးက ရှေးဟောင်းနယ်မြေ ကို ဖြတ်သွားရင်း မြေဝက်ဝံကြယ်နားကို တိုက်တိုက်ဆိုင်ဆိုင် ရောက်နေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
"သီလရှင်ငယ်လေး... တကယ်လို့ အဲဒီရန်လိုမှုက လူကိုယ်တိုင် ထွက်လာရင် မင်း သူ့ကို အနိုင်တိုက်နိုင်မယ် ထင်လား "
ဖန့်ချန်က မေးလိုက်သည်။
ချင်းဟယ်သီလရှင်က သေချာ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
"အနိုင်တိုက်နိုင်မယ် မထင်ဘူး၊ အဲဒီရန်လိုမှုကို ခံစားလိုက်ရတဲ့အချိန်မှာ ကျွန်မ နည်းနည်းတောင် ကြောက်သွားမိတယ်"
"အဆင့် ၉ ကိုတောင် ကြောက်အောင် လုပ်နိုင်တယ်ဆိုရင်... နတ်ဘုရားတစ်ပိုင်း အဆင့်ပဲ ရှိတော့မှာပေါ့..."
ဖန့်ချန်၏ မျက်နှာမှာ လေးနက်သွားသည်။
အခု သူသိထားတဲ့ နတ်ဘုရားတစ်ပိုင်း အဆင့်ဆိုလို့ မော်ထျန်းတိကျန်း ပဲ ရှိသည်။
'ဒါမှမဟုတ် ချင်းဟယ်သီလရှင်ကိုယ်တိုင်က ထူးခြားနေပြီး နတ်ဘုရားဝိညာဥ် လမ်းစဉ်နဲ့ ဆင်တူနေလို့လား ဒါကြောင့် သူမ အဆင့် ၉ ကို တက်တဲ့အချိန်မှာ ဝိညာဉ်လမ်းစဉ်နဲ့ တာအိုပေါက်မြောက်ထားတဲ့ ဒီမိစ္ဆာနတ်ဘုရားကို ဆွဲဆောင်မိသွားတာလား'
ဖန့်ချန်က စိတ်ထဲတွင် တွေးတောနေမိသည်။
"ဖန့်စစ်သူကြီး... ဒါက ဒဏ္ဍာရီထဲက ယင်လောက (ဖူထူလောက) လားရှင်"
ချင်းဟယ်သီလရှင်က စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသည်။
"အရင်က ကျွန်မ ဝိညာဉ်ခရီးသွား စဉ်က ယင်လောကမှာ ဖူထူလောကအကြောင်း ကြားဖူးတယ်၊ ကျင့်စဉ်အဆင့် တစ်ခုအထိ ရောက်မှသာ ဒီကို လာလို့ရတယ်လို့ ဆိုကြတယ်"
"အဲဒီလောက်လည်း မဟုတ်ပါဘူး၊ တံတားတစ်စင်းကို ဖြတ်လိုက်ရင် ရောက်ပါပြီ။ ဒါပေမဲ့ လူ့လောကကနေ ယင်လောကကို သွားမယ်ဆိုရင် မသေမျိုးအဆင့်တွေက ယင်လောကငယ် ကို သွားလို့မရဘဲ ဖူထူလောကကိုပဲ ရောက်လာမှာပါ"
ဖန့်ချန်က ရှင်းပြလိုက်သည်။
ခဏအကြာတွင်
"သီလရှင်ငယ်လေး... မင်း နားခိုဖို့ နေရာတစ်ခုကို ငါ ခေါ်သွားပေးမယ်။ မင်းရဲ့ ကျင့်စဉ်က ရုတ်တရက် မြင့်တက်လာပေမဲ့ အတွေ့အကြုံကတော့ အဲဒီလောက် မရှိသေးဘူးဆိုတော့ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့ဦး။ လမ်းမှားသွားမှာကို ငါစိုးရိမ်လို့ပါ၊ ဒီနေရာက မြေဝက်ဝံကြယ်လို မဟုတ်ဘူး၊ တစ်ခါ လမ်းမှားသွားရင် နောက်တစ်ခါ ပြန်ရှာဖို့က တကယ့်ကို ခက်ခဲလိမ့်မယ်"
ချင်းဟယ်သီလရှင်က ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။
ဖန့်ချန်က သူမကို ကျန်းကွမ်မြို့ သို့ ခေါ်ဆောင်သွားသည်။
ထို့နောက် မယ်တော်စီ တို့နှင့် မိတ်ဆက်ပေးလိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ဖန့်ချန်သည် ရွှေဝိညာဉ်ပန်း ကို သွားရောက်ယူရန် ပြင်ဆင်တော့သည်။
"သီလရှင်ငယ်လေး... နောက်ပိုင်းမှာ ဒီနေရာမှာပဲ အခြေချနေထိုင်ရင် ဘယ်လိုလဲ မင်းလို အဆင့် ၉ တစ်ယောက် ဒီမှာ ရှိနေမှ ငါလည်း စိတ်အေးရမှာ"
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
ချင်းဟယ်သီလရှင်က ချက်ချင်းပင် ခေါင်းညိတ်ပြသည်။
"ကောင်းတာပေါ့၊ နောက်ပိုင်း အားရင် ဒီမှာပဲ နေပါ့မယ်။ တကယ်လို့ အပြင်သွားစရာရှိရင်လည်း မယ်တော်စီကို ခေါ်သွားမယ်လေ၊ သူမက ဒီနေရာကို ရင်းနှီးပြီးသားဆိုတော့ ကျွန်မ လမ်းမမှားတော့ဘူးပေါ့"
ဖန့်ချန် ရင်ထဲတွင် သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
ဒီတစ်ခေါက်မှာ မထင်မှတ်ဘဲ အဆင့် ၉ မဟာမိတ်တစ်ယောက် ရလိုက်တာကတော့ စဉ်းစားကြည့်ရုံနဲ့တင် ရင်ခုန်စရာပါပဲ။
အခန်း (၁၆၈၈) - ဖန့်မိတ်ဆွေ... မင်း အကုန်သိနေပြီလား
ဖန့်ချန်သည် ရှကျီ၏ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ထံမှ ရရှိသော သတင်းအချက်အလက်များအရ ဓာတ်ငါးပါးနယ်မြေ ရှိ အရပ်ဒေသတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
တစ်ရက်ပင် မပြည့်တတ်သော အချိန်အတွင်းမှာပင် ရွှေဝိညာဉ်ပန်းကို ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးထံမှ ဝယ်ယူနိုင်ခဲ့သည်။ ထိုကျင့်ကြံသူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀ ရရှိလိုက်သဖြင့် အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေပြီး ထိုအရောင်းအဝယ်အပေါ် အလွန်ကျေနပ်နေပုံရသည်။
ကျွယ်မင်နန်းတော်သို့ ပြန်ရောက်သော် ဖန့်ချန်သည် လူသားဘိုးဘေးကျင့်စဉ်နယ်မြေနေရာ၌ ရွှေဝိညာဉ်ပန်းကို သုံးဆောင်လိုက်သည်။
ယခုတစ်ကြိမ် အဆင့် ၄ မသေမျိုး အဖြစ် တက်လှမ်းခြင်းသည် ယခင်ကကဲ့သို့ နှစ်ပေါင်းရာချီ ကြာမြင့်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း မထင်မှတ်ဘဲ အလွန်ပင် ချောမွေ့နေခဲ့သည်။ တက်လှမ်းနေစဉ်အတွင်း သူ၏ ဝိညာဉ်စွမ်းအားမှာလည်း တစ်ဖန် ပြန်လည်အားကောင်းလာပုံရသည်။
ရှေ့နောက် ငါးနှစ်ခန့်သာ ကြာမြင့်ပြီးနောက် သူ၏ကျင့်စဉ်နယ်ပယ်သည် အဆင့် ၃ မှ အဆင့် ၄ မသေမျိုးအရှင် အဆင့်သို့ လုံးဝဥဿုံ ကူးပြောင်းရောက်ရှိသွားခဲ့သည်။
အချိန်အတော်ကြာ တိုးတက်မှုမရှိခဲ့သော အဆင့်ကိုးဝိညာဉ်သန္ဓေသား သည်လည်း ဤတက်လှမ်းမှုအတွင်း၌ ဆယ်ဆမက အစွမ်းထက်လာခဲ့သည်။
"ဒါကြောင့် အဆင့် ၄ မသေမျိုးကို မသေမျိုးအရှင် လို့ ခေါ်တာကိုး... ဒီအဆင့်မှာ ဝိညာဉ်သန္ဓေသား စွမ်းအားတွေကို မြှင့်တင်ပေးနိုင်လို့ပဲ"
ဖန့်ချန် သဘောပေါက်သွားတော့သည်။
ထို့နောက် သူသည် တောက်ပသောနတ်ဘုရားမျက်လုံး၏ စတုတ္ထအဆင့်ကို ဖွင့်လိုက်ပြီး ထိုဟင်းလင်းပြင်ထဲသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။ သူ၏ရှေ့မှောက်တွင် ရောင်စုံတောက်ပနေသော ခေတ်အဆက်ဆက်မှ ကောင်းကင်ယံအလွှာများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ယခုတစ်ကြိမ်တွင် သူသည် ကောင်းကင်ယံအလွှာပေါင်း ၃၀ ကျော်ကို ကြည့်ရှုပြီးမှသာ ဝိညာဉ်စွမ်းအားမှာ မခံနိုင်တော့ဘဲ ထိုဟင်းလင်းပြင်ထဲမှ အလိုအလျောက် အထုတ်ခံလိုက်ရသည်။
ကျင့်ကြံရာ အခန်းငယ်ထဲမှ ထွက်လာသောအခါ ကြာနီနတ်မိမယ် နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိလေသည်။ နှစ်ယောက်သား ခဏမျှ စကားစမြည်ပြောဖြစ်ကြရာတွင် ကြာနီနတ်မိမယ် က ရုတ်တရက် သက်ပြင်းချလျက် ဆိုလာသည်။
"ဖန့်မိတ်ဆွေ... မင်းရဲ့ ယွမ်သံလိုက် ဓာတ်ငါးပါး နတ်ဘုရားဓား က တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာပဲ"
"ဟမ်"
ဖန့်ချန်က ကြာနီနတ်မိမယ် ကို တစ်ချက်ကြည့်လိုက်သည်။
ကြာနီနတ်မိမယ်က အံ့သြစွာဖြင့်
"ရှင် သတိမထားမိဘူးလား ဝိညာဥ်လက်နက်အဆင့်သတ်မှတ်ချက် မှာ ရှင့်ရဲ့ဓားက အဆင့်တွေ အတော်လေး တက်လာတယ်လေ"
'ဒါကြောင့်ကိုး...'
ဖန့်ချန် ရင်ထဲတွင် သဘောပေါက်သွားသည်။ ဤတစ်ခေါက် အဆင့် ၄ သို့ တက်လှမ်းရာတွင် ဓားငယ်လေးသည်လည်း သူ၏ဝိညာဉ်သန္ဓေသားကဲ့သို့ပင် အားကောင်းလာခြင်း ဖြစ်သည်။ အနည်းဆုံး ဆယ်ဆမက ပိုသန်မာလာခဲ့သည်။
သူက စူးစမ်းမေးမြန်းကြည့်ရာ ဓားငယ်လေးသည် ယခုအခါ အဆင့် ၂၂၆ ၌ ရှိနေကြောင်း သိရသဖြင့် ရင်ထဲတွင် 'ဒိုင်း' ကနဲ ဖြစ်သွားသည်။
အစက ဓားငယ်လေး ဝိညာဥ်လက်နက်စာရင်းထဲ စဝင်ခါစကပင် အစွမ်းက မသေးလှပေ။ ယခုအခါ အကြိမ်ကြိမ် အားဖြည့်ခြင်းခံထားရပြီး အဆင့် ၃ မှ အဆင့် ၄ တက်လှမ်းမှုအတွင်း ဆယ်ဆမက ပိုသန်မာလာသော်လည်း အဆင့် ၂၂၆ ၌သာ ရှိနေသေးသည်။
"တကယ်ပဲ... ဝိညာဥ်လက်နက်စာရင်းရဲ့ ထိပ်တန်းအဆင့် ၃၀၀ ထဲက ပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု သိပ်မကွာဘူးလို့ ထင်လို့မရဘူးပဲ။ အဆင့်တစ်ခုချင်းစီမှာ ကွာခြားချက်က အကြီးကြီး ရှိနေတာပဲ"
"ဓားငယ်လေးတောင် အဆင့် ၂၂၆ မှာပဲ ရှိသေးတာဆိုတော့... ထိပ်ဆုံးက လက်နက်တွေကို စီနီယာအစ်မကြီးတို့ ဒီလောက် ဘာလို့ ကြောက်နေကြသလဲဆိုတာ နားလည်သွားပြီ"
ထိုသို့တွေးရင်း ဖန့်ချန်က စူးစမ်းစွာ မေးလိုက်သည်
"ကြာနီမိတ်ဆွေ.. ပြီးခဲ့တဲ့ရက်ပိုင်းက မင်း ကျင့်စဉ်နေရာမှာ မရှိဘူးလို့ ကြားတယ်၊ ရှေးဟောင်းတားမြစ်နယ်မြေ ကို သွားနေတာလား "
"ရှေးဟောင်းတားမြစ်နယ်မြေ သွားတာဆိုရင် ဒီလောက်အမြန် ပြန်ရောက်ပါ့မလား။ အဓိကကတော့ အမာခံ အချို့နဲ့အတူ စီနီယာအစ်ကို လေး နောက်ကို လိုက်သွားခဲ့တာပါ"
ကြာနီနတ်မိမယ်က ပြုံး၍ ခေါင်းခါပြပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
တစ်နာရီခန့်အကြာတွင် သူမသည် နှုတ်ဆက်ကာ ပြန်သွားတော့သည်။
ဖန့်ချန် ရင်ထဲတွင် သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။ မလွဲနိုင်သည်မှာ ထိုစတုတ္ထမြောက် စီနီယာအစ်ကိုသည် မိစ္ဆာမျိုးနွယ် ဖြစ်ပေလိမ့်မည်။ သူတို့နှင့်အတူ လိုက်ပါသွားသော အမာခံတပည့်များသည်လည်း မိစ္ဆာမျိုးနွယ်များ ဖြစ်နိုင်ခြေရှိသည်။
'ကြာနီနတ်မိမယ် ရခဲ့တဲ့ အစီရင်ဗဟိုချက် ဟာလည်း အဲဒီ စီနီယာအစ်ကို ကြိုတင် မြှုပ်နှံထားခဲ့တာပဲ ဖြစ်ရမယ်'
ခဏမျှ ရပ်တန့်စဉ်းစားပြီးနောက် ဖန့်ချန်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တုန်းရှန့်နိုင်ငံ ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။
နောင်လာမည့် နှစ်ကာလများတွင် သူသည် တုန်းရှန့်နိုင်ငံ၌ နတ်မိမယ်ယွီ နှင့်အတူ နေထိုင်လိုက်၊ တစ်ခါတစ်ရံ ကျင့်စဉ်နေရာသို့ ပြန်လိုက်နှင့် အချိန်ကုန်လွန်စေခဲ့သည်။ ထိုအတောအတွင်း ဖန့်ကျစ်ရွှယ်တို့နှင့်လည်း အကြိမ်အနည်းငယ် ဆုံတွေ့ခဲ့သည်။
ဆယ်စုနှစ်တစ်ခုကျော်တိုင်းတွင်လည်း ကျွယ်မင်နန်းတော်ဘက်သို့ သွား၍ ရှဲ့အာမန်နှင့် တွေ့ဆုံခြင်း သို့မဟုတ် ယင်လောကသို့ သွားကာ ချန်အင်းရွှယ်၊ ဝမ်ချုံစန်း တို့နှင့် တွေ့ဆုံခြင်းများကို လုပ်ဆောင်ခဲ့သည်။
မသိမသာဖြင့် နှစ်ပေါင်း ၃၀၀ ခန့်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့လေပြီ။
သူသည် နတ်မိမယ်ယွီကို သံသရာထဲသို့ လေးကြိမ်တိုင်တိုင် ဆက်တိုက် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ယခုနှစ်တွင် နတ်မိမယ်ယွီကို သံသရာထဲ ပို့ဆောင်ပေးပြီးစ၌ပင် အကြောင်းကြားစာ ရရှိခဲ့သဖြင့် ယင်စစ်သည်ဌာန ၌ ရှဲ့အာမန်နှင့် ချန်အင်းရွှယ်တို့ကို သွားရောက်တွေ့ဆုံခဲ့သည်။
"နောက်ထပ် သုံးနှစ်လောက်နေရင် ထိုက်ဟောက် နတ်ဘုရားမှန် ပြန်ရောက်လာတော့မယ်"
ရှဲ့အာမန်က ပြုံး၍ ပြောလိုက်သည်။
ထိုက်ဟောက် နတ်ဘုရားမှန် ပြန်ရောက်လာတော့မည်လား။
ဒါဆိုရင် ကျွယ်မင်နန်းတော်အတွင်းရှိ နိုးထလာသော မိစ္ဆာမျိုးနွယ်များသည် ပုန်းကွယ်စရာ နေရာမရှိတော့ဘူးပေါ့။
ဖန့်ချန်၏ မျက်နှာရိပ်က လှုပ်ခတ်သွားသည်။
"ပြန်လာတာ ကောင်းတာပေါ့၊ မင်း ဒီတစ်ခေါက်တော့ ပိုးမွှားတွေကို သေချာ ဖမ်းလို့ရပြီ"
ချန်အင်းရွှယ်က ရယ်မောလျက်
"ဒါပေမဲ့ ဒီတစ်ခေါက် ပိုးမွှားတွေ ဘယ်လောက်တောင် များမလဲဆိုတာပဲ မသိတာ"
"နည်းတာ များတာ အရေးမကြီးပါဘူး။ ဒီတစ်ခေါက် ပိုးမွှားဖမ်းပြီးတာနဲ့ ငါတို့ ထိုက်ချန်းနယ်မြေ ဘက်ကို သွားကြရမယ်။ အဲဒီမှာ နတ်ဆိုးကျင့်စဉ် လမ်းစဉ်ရဲ့ အစအနတွေ တွေ့နေရတယ်လို့ ကြားတယ်။
နတ်လမ်းစဥ်ဂိုဏ်း က တကယ်ပဲ နတ်ဆိုးကျင့်စဉ် လမ်းစဉ်ကို လေ့လာပြီး ပိုမိုအားကောင်းတဲ့ နည်းလမ်းတွေ ရဖို့ ကြိုးစားနေတာပဲ"
ရှဲ့အာမန်က ခပ်အေးအေးပင် နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
"ဒီတစ်ခေါက် ဘယ်ဂိုဏ်းတွေ သွားကြမှာလဲ"
ချန်အင်းရွှယ်က စူးစမ်းစွာ မေးသည်
"ငါကတော့ ဘယ်လိုမှ လိုက်လို့မရဘူး"
"စိတ်ဝိညာ်နယ်မြေ၊ နတ်ဘုရားဘုရင်နယ်မြေ... ငါတို့လို အဆင့်မျိုးတွေ အားလုံး သွားကြရမယ်။ ရှဲ့ကျစ်ဌာန ဘက်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသား၊ ဘယ်ဂိုဏ်းမဆို မသွားဘူးဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် တင်ပြရမယ်၊ ပြီးရင် စစ်ဆေးမှုကို ခံယူရမယ်"
ရှဲ့အာမန်က ပြုံးလျက်
"ငါတို့အပြင် ကျန်တဲ့ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေလည်း တစ်စိတ်တစ်ပိုင်း သွားကြရလိမ့်မယ်။ ငါတို့ စိတ်ဝိညာဥ်နယ်မြေကနေ ထိုက်ချန်းနယ်မြေကို သွားမယ့်သူ ဂိုဏ်းပေါင်း ရာနဲ့ချီ ရှိလိမ့်မယ်"
"မသေမျိုးလောကငယ် ဘက်ကရော ဘာပြောလဲ"
ချန်အင်းရွှယ်က မေးသည်။
"အစစ်အမှန်ဘုရင်မျိုးနွယ်၊ ကောင်းကင်မသေမျိုးမျိုးနွယ်၊ ဝိညာဥ်ခွဲမသေမျိုးမျိုးနွယ်၊ လက်နက်ခွဲမသေမျိုးမျိုးနွယ်နဲ့ မြေမသေမျိုးမျိုးနွယ်... အကုန်လုံး လူလွှတ်လိမ့်မယ်"
"ဒါပေမဲ့ သူတို့ရဲ့ အခန်းကဏ္ဍက တိုက်ရိုက်ပါဝင်ဖို့ မဟုတ်ဘဲ စောင့်ကြည့်ဖို့ပဲ"
ရှဲ့အာမန်က လှောင်ပြောင်သရော်သော လေသံဖြင့် ဆိုသည်။
"မသေမျိုးလောကငယ်ရဲ့ အဓိပ္ပာယ်ကတော့ ထိုက်ချန်းနယ်မြေက အခု အရမ်းရှုပ်ထွေးနေလို့ ဒီလို ရှုပ်ထွေးမှုတွေကို အမြန်ဆုံး အဆုံးသတ်စေချင်တာတဲ့။ ဒါကြောင့် ငါတို့ နှစ်ဖက်စလုံးကို စောင့်ကြည့်ပြီး ထိုက်ချန်းနယ်မြေကြီး ပျက်စီးသွားလောက်တဲ့အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမျိုး မဖြစ်အောင် တားဆီးမှာတဲ့လေ"
"အမြဲတမ်း အထက်စီးက ပုံစံအတိုင်းပါပဲလား"
ချန်အင်းရွှယ်က ရယ်မောလိုက်သည်။
"နံပါတ် ၉... မင်းက အစီရင်မသေမျိုးပညာရပ် နှစ်ခုလုံးကို တတ်ထားတာဆိုတော့ မင်းရဲ့ အခန်းကဏ္ဍက သာမန်အမာခံတပည့်တွေထက် အများကြီး ပိုအရေးကြီးတယ်။ မင်း လုပ်ဆောင်ရမယ့် တာဝန်တွေကလည်း မလွယ်ကူလှဘူး၊ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပါ"
ရှဲ့အာမန်က ဖန့်ချန်ကို ကြည့်ကာ ရုတ်တရက် ဆိုလိုက်သည်။
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ဤအရာအတွက် သူ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ယနေ့ ရှဲ့အာမန်က သူ့ကို အထူးတလည် ခေါ်ယူပြီး မှာကြားနေခြင်းမှာ ရှဲ့အာမန်တို့သည် ထိုက်ချန်းနယ်မြေ၏ အခြေအနေကို အတော်လေး သိရှိနေပြီဖြစ်ကြောင်းနှင့် သူ့ကို မည်သည့်နေရာသို့ စေလွှတ်မည်ကိုပင် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ထင်ရှားနေပေသည်။
နာရီဝက်ခန့်အကြာတွင် ဖန့်ချန်နှင့် ရှဲ့အာမန်တို့ နှစ်ဦးသား ထွက်ခွာခဲ့ကြသည်။
ကျွယ်မင်ကြယ် သို့ ပြန်ရောက်သော် ဖန့်ချန်သည် မိမိ၏ ကျင့်စဉ်နေရာသို့ မသွားဘဲ ကြာနီနတ်မိမယ် ၏ ကျင့်စဉ်နေရာသို့ ဦးတည်သွားခဲ့သည်။
ဖန့်ချန် ရောက်လာခြင်းကို ကြာနီနတ်မိမယ်က အတော်လေး ဝမ်းသာနေပုံရသည်။ သူမသည် ဖန့်ချန်ကို မြင့်မားသော တောင်ထိပ်တစ်ခုသို့ ခေါ်ဆောင်သွားပြီး လက်ဖက်ရည်ကြမ်း သောက်လျက် တာအိုတရားများကို ဆွေးနွေးခဲ့ကြသည်။ သူတို့နှစ်ဦးသည် ငါးရက်နှင့် လေးညတိုင်တိုင် စကားပြောခဲ့ကြလေသည်။
"ကြာနီမိတ်ဆွေ.. ငါတို့ အပြင်မှာ သွားလည်ကြမလား ကျွယ်မင်ကြယ်မှာပဲ တစ်နေ့ကုန် အောင်းနေရတာကလည်း ပျင်းစရာကြီး"
ဖန့်ချန်က ရုတ်တရက် အဆိုပြုလိုက်သည်။
ကြာနီနတ်မိမယ် ကလည်း ဝမ်းသာအားရ သဘောတူလေသည်။ ဖန့်ချန်သည် နဂါးနက်လှေ ကို ထုတ်ယူကာ ကြာနီနတ်မိမယ်ကို ခေါ်ဆောင်၍ ကျွယ်မင်ကြယ်မှ ထွက်ခွာခဲ့သည်။
ထိုအတောအတွင်းမှာပင် အမာခံတပည့်များ အားလုံးကို ပြန်လည် ဆင့်ခေါ်လိုက်ကြသည်။ ရှေးဟောင်းတားမြစ်နယ်မြေကို စောင့်ကြပ်နေရသူများ သို့မဟုတ် အလွန်ဝေးကွာနေသဖြင့် ချက်ချင်း ပြန်မလာနိုင်သူများမှလွဲ၍ ကျန်ရှိသူအားလုံးကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ကျွယ်မင်ကြယ်သို့ ပြန်လာစေခဲ့သည်။
မည်းမှောင်သော ဟင်းလင်းပြင်ထဲ၌ ကြာနီနတ်မိမယ်၏ မျက်နှာရိပ်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူမသည် တစ်စုံတစ်ရာသော သတင်းစကားကို ရရှိလိုက်ပုံရသည်။
သူမသည် ကြယ်တာရာမြေပုံရှေ့တွင် ရပ်နေသော ဖန့်ချန်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်ကာ ဆိုလိုက်သည်။
"ဖန့်မိတ်ဆွေ... မင်း အကုန်သိနေပြီလား"