အခန်း (၁၆၈၉-၁၆၉၀)
Vol. 169 Ch. 1689-1690
အခန်း (၁၆၈၉) - သုံးလှမ်းတစ်ကင်း၊ ငါးလှမ်းတစ်စောင့်
ဖန့်ချန်သည် ကြယ်တာရာမြေပုံကို တစ်ချက်ကြည့်လိုက်သည်။ ဤနေရာသည် ကျွယ်မင်ကြယ်နှင့် လုံလောက်စွာ ဝေးကွာသော အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရှဲ့အာမန်တို့အနေဖြင့် ကြာနီနတ်မိမယ် မရှိတော့သည်ကို သတိထားမိသွားလျှင်ပင် လောလောဆယ်တွင် လိုက်လံဖမ်းဆီးရန် လက်လှမ်းမီနိုင်မည်မဟုတ်ပေ။
"စီနီယာအစ်မကြီးတို့က ထိုက်ဟောက် နတ်ဘုရားမှန်ကို ပင့်ဆောင်လာပြီးပြီ။ နိုးထလာတဲ့ မိစ္ဆာမျိုးနွယ်တွေအားလုံး ဘယ်လိုမှ ပုန်းကွယ်နေလို့ ရတော့မှာမဟုတ်ဘူး"
ဖန့်ချန်သည် ကြာနီနတ်မိမယ်ကို ကြည့်ကာ တိုးညင်းသောလေသံဖြင့် ဆိုလိုက်သည်။
"ကြာနီမိတ်ဆွေ.. မင်းမှာ နားခိုစရာနေရာ ရှိသင့်ပါတယ်၊ အမြန်သွားတော့"
"ဘာဖြစ်လို့လဲ"
ဖန့်ချန်က သူမ၏ အမှတ်အသားကို သိရှိနေပြီဖြစ်ကြောင်း ကြာနီနတ်မိမယ် အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ သူမ၏ မျက်နှာထက်တွင် ရှုပ်ထွေးမှုများနှင့်အတူ ဝေခွဲမရဖြစ်ခြင်း၊ တုံ့ဆိုင်းခြင်းနှင့် မျှော်လင့်ချက်အချို့ ရောယှက်နေလေသည်။
"ပထမအချက်က... ငါက နိုးထလာတဲ့ မိစ္ဆာမျိုးနွယ် မဟုတ်ဘူး"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ကြာနီနတ်မိမယ်၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်အရိပ်အယောင်လေးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
"ဒုတိယအချက်က... မင်းက မြင့်မြတ်တဲ့မိစ္ဆာမျိုးနွယ် ဖြစ်တဲ့အတွက် လူသားနဲ့ မိစ္ဆာကြားက ပြဿနာတွေကို အစွန်းရောက်တဲ့ဘက်က ကြည့်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ငါတို့နှစ်ယောက်ကြားမှာ မိတ်ဆွေတွေ ဖြစ်လာနိုင်တယ်လို့ ငါထင်တယ်၊ နောင်တစ်ချိန်မှာ သန့်စင်တဲ့ မိစ္ဆာမျိုးနွယ်စုဟာ လူသားတွေနဲ့ လက်တွဲနိုင်ကောင်း တက်နိုင်လိမ့်မယ်"
ဟု ဖန့်ချန်က ဆက်ပြောသည်။
"ငါက သန့်စင်တဲ့ မိစ္ဆာမျိုးနွယ် ဖြစ်နေရုံလေးနဲ့... ထိုက်ဟောက် နတ်ဘုရားမှန် ကျွယ်မင်နန်းတော်ကို ပြန်မရောက်ခင်မှာ မင်းက ငါ့ကို ရည်ရွယ်ချက်ရှိရှိ အပြင်ကို ပို့ပေးခဲ့တာလား "
(သန့်စင်တဲ့ မိစ္ဆာမျိုးနွယ်ဆိုတာ ကြားနေ မျိုးနွယ်ကို ဆိုလိုတာပါ )
ကြာနီနတ်မိမယ်က တစ်ဦးတည်း ရေရွတ်နေမိသည်။ သို့သော် ချက်ချင်းပင် သူမသည် အဓိကအချက်တစ်ခုကို သတိရသွားပြီး ဖန့်ချန်ကို လေးနက်စွာ ကြည့်ကာ
"ဖန့်မိတ်ဆွေ... ငါတစ်ခု နားမလည်ဘူး။ ငါက သန့်စင်တဲ့ မိစ္ဆာမျိုးနွယ်ဆိုတာ မင်းသိရင် စီနီယာအစ်မကြီးတို့လည်း မလွဲမသွေ သိမှာပဲ။ သူတို့က ဘယ်လိုလုပ်ပြီး ငါ့ကို လွှတ်ပေးဖို့ မင်းကို ခွင့်ပြုမှာလဲ သန့်စင်တဲ့ မိစ္ဆာမျိုးနွယ်က သန့်စင်သော ဆိုတဲ့ စကားလုံး ပါနေပေမဲ့ မိစ္ဆာမျိုးနွယ်ပဲလေ။ ငါ့ကို မသတ်ရင်တောင် အနည်းဆုံးတော့ ကျွယ်မင်ကြယ်မှာပဲ ချုပ်နှောင်ထားမှာပဲ၊ ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး"
"စီနီယာအစ်မကြီးတို့က ဘယ်လိုလုပ် သိမှာလဲ။ ထိုက်ဟောက် နတ်ဘုရားမှန် မပြန်လာခင်အထိ မင်းက သန့်စင်တဲ့ မိစ္ဆာမျိုးနွယ်ဆိုတာ ငါတစ်ယောက်ပဲ သိတာလေ"
ဖန့်ချန်က ပြုံးလျက် ခေါင်းခါပြသည်
"ဒါကြောင့် ငါတို့ ထွက်လာတဲ့အချိန်မှာ ဘယ်သူမှ တားဆီးတာမျိုး မရှိခဲ့တာပေါ့"
"မင်းတစ်ယောက်တည်း သိတာ..."
ကြာနီနတ်မိမယ်မှာ အတော်လေး တုန်လှုပ်သွားပြီး ထူးဆန်းသော အမူအရာဖြင့်
"ဒါဆိုရင်... ရှင်က သူတို့ကို ဘာမှ မတင်ပြဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ငါ့ကို လွှတ်ပေးလိုက်တာပေါ့ ဘာဖြစ်လို့လဲ ဒီကိစ္စကြောင့် ရှင့်မှာ ပြဿနာတက်မှာကို မကြောက်ဘူးလား "
"ငါ့မှာ အတ္တတစ်ခု ရှိလို့ပါပဲ။ အရင်က ငါ မသေမျိုးလောကငယ်ကို သွားတုန်းက မင်းလည်း အန္တရာယ်ရှိတယ်ဆိုတာ သိလို့ ငါ့ကို မသွားဖို့ တားခဲ့တယ် မဟုတ်လား "
ဖန့်ချန်က ပြုံးလိုက်သည်။
"..."
"ဒါဆိုရင်... အဲဒီတုန်းကတည်းက ငါဟာ မိစ္ဆာမျိုးနွယ်ဆိုတာ ရှင်သိနေခဲ့တာပေါ့။ ငါ တားခဲ့တာဟာ မသေမျိုးလောကငယ်မှာ... အန္တရာယ်ရှိနေတယ်ဆိုတာ ငါသိလို့ဆိုတာကိုလည်း ရှင်သိနေခဲ့တာပေါ့..."
ကြာနီနတ်မိမယ်က ခါးသီးစွာ ပြုံးလိုက်သည်
"ကျိထျန်းကျွင်းဟာ ရှင့်ရဲ့ လှည့်စားမှုကို ခံလိုက်ရတာတောင် ကိုယ့်ကိုယ်ကိုယ် မသိရှာဘူး၊ လူတိုင်းကို ရှင်က လှည့်စားထားနိုင်ခဲ့တာပဲ"
"ငါနဲ့ ကျိထျန်းကျွင်းက မိတ်ဆွေဟောင်းတွေပါ။ သူ ငါ့ရဲ့ လှည့်စားမှုကို ခံရတာ အဲဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး၊ အခု သူသိသွားရင်လည်း ဘာမှ အပိုပဲ"
ဖန့်ချန်က ရယ်မောကာ ဆိုသည်။
ကြာနီနတ်မိမယ်၏ မျက်နှာရိပ်က ရုတ်တရက် ပြောင်းလဲသွားပြီး
"ဒါဆို အရင်က ရှင် ပထမဆုံးအကြိမ် ဂိုဏ်းဝင်ခွင့်လာတုန်းက..."
"အဲဒီလောက်ကတည်းကပေါ့... အဲဒီတုန်းကတည်းက မင်းဟာ မိစ္ဆာမျိုးနွယ် ဖြစ်နိုင်တယ်လို့ ငါ သံသယရှိခဲ့တာ"
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ရှင် ကျွန်မကို ကျင့်ကြံဖော်အဖြစ် ပေါင်းဖက်ချင်တယ်လို့ ပြောခဲ့တာက ကျွန်မကို ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်ခဲ့တာပေါ့ "
ကြာနီနတ်မိမယ်က မျက်နှာထား တင်းတင်းဖြင့် ဆိုသည်။
ဖန့်ချန်က အော်ဟစ်ရယ်မောလိုက်ပြီး
"ငါက ဘာကိစ္စ မင်းကို လှောင်ပြောင်ရမှာလဲ၊ မင်းဆီကနေ မိစ္ဆာမျိုးနွယ်တွေရဲ့ သတင်းအချက်အလက်ကို ပိုပြီး သိချင်လို့ပါ"
"ရှင်ကတော့ ပွင့်လင်းလှချည်လား"
ကြာနီနတ်မိမယ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
"သူတို့တွေ အားလုံး အဖမ်းခံရလောက်ပြီ ထင်တယ်။ အဖမ်းမခံရသေးရင်တောင် ကျွယ်မင်ကြယ်ကနေ လွတ်အောင် ပြေးနိုင်မှာမဟုတ်ဘူး၊ တစ်နေ့နေ့တော့ အမိဖမ်းခံရမှာပဲ"
"ဖန့်မိတ်ဆွေ... ကျွန်မသွားတော့မယ်။ ကျွန်မတို့နှစ်ယောက် ပြန်ဆုံခွင့် ရဦးမယ်လို့ မျှော်လင့်ပါတယ်"
ပြောပြီးသည်နှင့် ကြာနီနတ်မိမယ်သည် သူမ၏ နဂါးနက်လှေကို ထုတ်လိုက်လေသည်။
"ကြာနီမိတ်ဆွေ.. မင်းတို့ သန့်စင်တဲ့ မိစ္ဆာမျိုးနွယ်တွေအနေနဲ့ အခြေအနေအရပ်ရပ်ကို သေသေချာချာ စဉ်းစားဖို့ ငါမျှော်လင့်ပါတယ်။ လူသားနဲ့ မိစ္ဆာဟာ တစ်ယောက်ကိုတစ်ယောက် အသေသတ်ဖို့ပဲ လိုတာမဟုတ်ဘူး။ အခုလက်ရှိ လူ့လောကနယ်မြေ ကိုးခုမှာတော့ ကျရှုံးမသေမျိုးတွေ နဲ့ နတ်ဆိုးမျိုးနွယ်တွေကမှ တကယ့် ပြဿနာအစစ်အမှန်တွေပါ"
ဟု ဖန့်ချန်က သတိပေးလိုက်သည်။
ကြာနီနတ်မိမယ်သည် ခေတ္တရပ်ကာ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြသည်။
"ကျွန်မလည်း လူ့လောကနယ်မြေ ကိုးခုမှာ နောက်ထပ် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်တာကို မမြင်ချင်ပါဘူး။ ဖန့်မိတ်ဆွေ ပြောတာကို ကျွန်မတို့ သေသေချာချာ ထည့်သွင်းစဉ်းစားပါ့မယ်၊ မကြာခင်မှာ ဆုံးဖြတ်ချက်တစ်ခု ထွက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်"
"ဒါဆိုရင်... ကောင်းကောင်းသွားပါဦး"
ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ကြာနီနတ်မိမယ်သည် ဖန့်ချန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် စိုက်ကြည့်ပြီးနောက်တွင်မှ သူမ၏ မသေမျိုးအရှိန်အဝါ များကို လှုံ့ဆော်ကာ နဂါးနက်လှေကို ကြယ်ကြွေတစ်ခုအကဲ့သို့ ဟင်းလင်းပြင်နက်ကြီးထဲသို့ မောင်းနှင်ထွက်ခွာသွားပါတော့သည်။
ကြာနီနတ်မိမယ်ကို ပို့ဆောင်ပြီးနောက် ဖန့်ချန်သည် ချက်ချင်းပင် ကျွယ်မင်ကြယ်သို့ ပြန်လှည့်လာခဲ့သည်။
ကျွယ်မင်ကြယ်၏ လေထုမှာ အနည်းငယ် ထူးဆန်းနေသည်။
နေရာအနှံ့တွင် အပြင်စည်းကျင့်ကြံသူများကို တွေ့မြင်နေရပြီး
"သုံးလှမ်းတစ်ကင်း၊ ငါးလှမ်းတစ်စောင့်" ဆိုသကဲ့သို့ လုံခြုံရေးမှာ အလွန်ပင် တင်းကျပ်နေသည်။
ဖန့်ချန်သည် ကျွယ်မင်နန်းတော်သို့ သွားရာလမ်းတစ်လျှောက်တွင် အကြိမ်ပေါင်း တစ်ရာကျော် စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။ ဤစစ်ဆေးနေသော အပြင်စည်းကျင့်ကြံသူများမှာ ဝါရင့်သူများသာ ဖြစ်ကြသည်။ သူတို့သည် ဖန့်ချန်က အမာခံတပည့် ဖြစ်ကြောင်း သိရလျှင်ပင် ယခင်ကကဲ့သို့ ရိုသေမှုမျိုး မပြဘဲ ပို၍ပင် သံသယစိတ်ဖြင့် ကြည့်နေကြသည်။
ဒါက ဘာကို ဆိုလိုသလဲဆိုလျှင် ရှဲ့အာမန်တို့သည် အမာခံတပည့်များထဲတွင် နိုးထလာသော မိစ္ဆာမျိုးနွယ်များစွာ ရှိနေသည်ကို ဖော်ထုတ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ထင်ရှားသည်။ အချို့လည်း လွတ်မြောက်သွားပုံရသည်။
ကျွယ်မင်နန်းတော်သို့ ရောက်ခါနီးတွင် တိုက်ပွဲတစ်ရာမသေမျိုး နှင့် ကျိကန်း တို့ အတူတူ ထွက်လာကြသည်။ အဆင့် ၆ ရှိသော ဤမသေမျိုးနှစ်ဦး၏ အရှိန်အဝါမှာ အလွန်ပြင်းထန်လှပြီး လူမရောက်ခင်မှာပင် လေထုထဲ၌ ကြောက်မက်ဖွယ် ဖိအားတစ်ခု ဖြစ်ပေါ်နေသည်။
"ဖန့်အမာခံ... စီနီယာအစ်မကြီးတို့က ကျွယ်မင်နန်းတော်ထဲမှာ မင်းကို စောင့်နေကြတယ်"
ကျိကန်းက ထူးဆန်းသော အမူအရာဖြင့် ဆိုသည်။
တိုက်ပွဲတစ်ရာမသေမျိုးမှာမူ ဘာမှမပြောဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ဘာကို တွေးနေမှန်း မသိနိုင်ပေ။
"ဘာဖြစ်နေသလဲဆိုတာ ငါ အကြမ်းဖျင်း သိပါတယ်။ ဘယ်သူတွေ ပြဿနာတက်ကုန်တာလဲ "
ဖန့်ချန်က အမှုမဲ့အမှတ်မဲ့ မေးလိုက်သည်။
ကျိကန်းက စကားပြောရန် ပြင်လိုက်သော်လည်း တိုက်ပွဲတစ်ရာမသေမျိုးက တားဆီးလိုက်ပြီးနောက် ဖန့်ချန်ကို လက်အုပ်ချီကာ
"ဖန့်အမာခံ... မိစ္ဆာဝင်တဲ့ကိစ္စကို နန်းတော်ထဲရောက်ရင် သိရပါလိမ့်မယ်။ ငါတို့အနေနဲ့ ဒီနေရာမှာ မင်းနဲ့ ဒီအကြောင်းတွေ ဆွေးနွေးဖို့ မသင့်တော်သေးဘူး၊ သတင်းတွေ အပြင်ကို ပေါက်ကြားသွားမှာ စိုးလို့ပါ"
မိစ္ဆာဝင်တာလား
ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။ ရှဲ့အာမန်တို့သည်လည်း လူအများ၏ အာဖျားလျှာဖျားကို ပိတ်ရန်အတွက် ဤကဲ့သို့သော အသုံးအနှုန်းကိုသာ သုံးရမည်မှာ သေချာသည်။ ထိုကိစ္စ၏ အမှန်တရားကို မည်သို့မျှ အပြင်ကို ပြောပြ၍ မရနိုင်ပေ။ မဟုတ်လျှင် တားမြစ်ပညာရပ် ၏ ပြင်းထန်သော တုံ့ပြန်မှုကို ခံရပေလိမ့်မည်။
ကျွယ်မင်နန်းတော်
ထိုနေရာသို့ ခြေချလိုက်သည်နှင့် ဖန့်ချန်သည် မိမိ၏ကိုယ်ပေါ်သို့ အေးမြသော အရှိန်အဝါတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။
ကျိကန်းနှင့် တိုက်ပွဲတစ်ရာမသေမျိုးတို့သည် ဖန့်ချန်ကို စိုက်ကြည့်နေကြပြီး ဖန့်ချန်၏ကိုယ်ပေါ်၌ ထူးခြားသော ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိသည်ကို တွေ့မှသာ သက်ပြင်းချကာ စိတ်အေးသွားပုံရသည်။
တိုက်ပွဲတစ်ရာမသေမျိုးက ယခင်ကကဲ့သို့ အပြုံးမျိုးဖြင့်
"ဖန့်အမာခံ... ခုနက စိတ်မရှိပါနဲ့။ မင်း မိစ္ဆာဝင်၊ မဝင် ဆိုတာကို ငါတို့ မဆုံးဖြတ်နိုင်လို့ပါ"
"အခုတော့ကော"
ဖန့်ချန်က ပြုံး၍ မေးသည်။
"မိစ္ဆာဝင်တဲ့သူဆိုရင် ဒီနေရာမှာ ထိုက်ဟောက် နတ်ဘုရားမှန်ကို မလှည့်စားနိုင်ပါဘူး၊ မိစ္ဆာဓာတ်တွေ အလိုအလျောက် ထွက်လာမှာပါ။ ဖန့်အမာခံကတော့ ငါတို့လိုပဲ မိစ္ဆာမဝင်တာ ထင်ရှားပါတယ်"
တိုက်ပွဲတစ်ရာမသေမျိုးက ရယ်မောကာ ဆိုသည်။
"ခုနက အရှိန်အဝါက... ထိုက်ဟောက် နတ်ဘုရားမှန်က ငါ့ကို စစ်ဆေးလိုက်တာပေါ့ "
ဖန့်ချန်က စဉ်းစားရင်း သူတို့နှစ်ဦးနှင့်အတူ အကြီးအကဲများခန်းမ ဆီသို့ အမြန်သွားခဲ့သည်။
ကျွယ်မင်နန်းတော်၌ ကြီးကျယ်သော ကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် အကြီးအကဲများခန်းမသည် "ဗဟိုစစ်ဌာနချုပ်" အဖြစ် တည်ရှိပြီး အမိန့်အားလုံးမှာ ထိုနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အကြီးအကဲများခန်းမထဲသို့ ဝင်လိုက်သည်နှင့် မျက်လုံးပေါင်း တစ်ရာခန့်မှာ ဖန့်ချန်ပေါ်သို့ တစ်ပြိုင်နက် ကျရောက်လာသည်။ အချို့မှာ အမာခံတပည့်များဖြစ်ပြီး အချို့မှာ အကြီးအကဲများ ဖြစ်ကြသည်။
ဖန့်ချန် သတိထားမိသည်မှာ နှစ်ပေါင်းများစွာ မတွေ့ရသော နံပါတ် ၂ (စီနီယာအစ်ကိုကြီး) လည်း ရောက်နေသည်။
နံပါတ် ၃ (စီနီယာအစ်မ) မရှိ၊ နံပါတ် ၄ မရှိ၊ နံပါတ် ၆ မရှိ၊ နံပါတ် ၇ မရှိ။
'နံပါတ် ၃ ကတော့ ယင်မသေမျိုး ဖြစ်သွားလို့ မရှိတာ ထားပါတော့။ နံပါတ် ၄၊ ၆၊ ၇... ဒီသုံးယောက် အကြီးအကဲခန်းမမှာ မရှိတာကတော့၊ မဟုတ်မှလွဲရော...'
ဖန့်ချန်သည် စိတ်ကို ထိန်းချုပ်ကာ ရှဲ့အာမန်၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး လက်အုပ်ချီလိုက်သည်။
"စီနီယာအစ်မကြီး"
"ကြာနီနတ်မိမယ်ကော မင်း သူမကို ဘယ်ကို ပို့လိုက်တာလဲ"
ရှဲ့အာမန်က အေးစက်စွာ မေးလိုက်သည်။
လူတိုင်း၏ အကြည့်များမှာ စူးရှသွားပြီး ဖန့်ချန်၏ အဖြေကို စောင့်ဆိုင်းနေကြပါတော့သည်။
အခန်း (၁၆၉၀) - အကြီးအကျယ် ရှာဖွေဖမ်းဆီးခြင်း
"စီနီယာအစ်မကြီး... ကြာနီမိတ်ဆွေက ကျွယ်မင်ကြယ်ကနေ ထွက်ခွာသွားပါပြီ။ ဘယ်ကို သွားတယ်ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး"
ဖန့်ချန်က အသာအယာ ခေါင်းခါပြလိုက်သည်။
လီရှမ်းဇီက သက်ပြင်းတစ်ချက်ချကာ ဆိုလာသည်။
"နံပါတ် ၉... မင်း တကယ်ပဲ ဝေခွဲရခက်အောင် မိုက်မဲခဲ့တာပဲ။ တကယ်လို့ ကြာနီအမာခံလည်း မိစ္ဆာဝင်နေတယ်ဆိုရင် ကျွယ်မင်နန်းတော်မှာပဲ ရှိနေမှ သူမကို ကယ်တင်ဖို့ အခွင့်အရေးရှိမှာပေါ့။ အခုတော့ မင်းက သူမကို ကြိုပြီး ပို့လိုက်တာဆိုတော့ ဒါဟာ သူမကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ကျရှုံးသွားအောင် လုပ်လိုက်တာ မဟုတ်ဘူးလား "
အခြားသော အမာခံတပည့် အများအပြားကလည်း ထိုသို့ပင် ယူဆကြပြီး သက်ပြင်းချလျက် ခေါင်းခါနေကြသည်။ သို့သော် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့၏ ဆက်ဆံရေးကိုလည်း လူတိုင်း သိကြပေသည်။
အားလုံး၏ အမြင်တွင် သူတို့နှစ်ဦးမှာ ကျင့်ကြံဖော် များ ဖြစ်ကြသည်။ အပြင်စည်းကျင့်ကြံသူ စစ်ဆေးမှု မတိုင်ခင်ကတည်းက သိကျွမ်းခဲ့ကြသူများ မဟုတ်ပါလား။ တားမြစ်နယ်မြေစူးစမ်းရေး ကိုလည်း အတူသွားခဲ့ကြသလို၊ ကျွယ်မင်နန်းတော်သို့လည်း အတူတူ ဝင်ရောက်ခဲ့ကြပြီး ရှေ့ဆင့်နောက်ဆင့် အမာခံတပည့်များ ဖြစ်လာခဲ့ကြသည်။
ဤမျှ နှစ်ပေါင်းများစွာအတွင်း အခက်အခဲပေါင်းစုံကို အတူတူ ဖြတ်သန်းခဲ့ကြသဖြင့် သံယောဇဉ် အလွန်ကြီးမားမည်မှာ အမှန်ပင်။ နားလည်ပေးနိုင်သည်မှာ မှန်သော်လည်း ဖန့်ချန်၏ ယခုလုပ်ရပ်သည် မှားယွင်းသည်ဟုသာ သူတို့ တသမတ်တည်း ထင်မြင်နေကြသည်။ ဤလုပ်ရပ်က ကြာနီနတ်မိမယ်ကိုပါ ဒုက္ခပေးသကဲ့သို့ ဖြစ်သွားနိုင်သည်ဟု တွေးနေကြသည်။
"မင်းကတော့ သံယောဇဉ် အတော်ကြီးတာပဲ"
ရှဲ့အာမန်က နှာခေါင်းတစ်ချက်ရှုံ့ပြီးနောက် အေးဆေးစွာ ဆိုလိုက်သည်။
"ဒီကိစ္စကိုတော့ ငါ တစ်ဖက်ပိတ် မျက်ကွယ်ပြုပေးထားမယ်။ ဒါပေမဲ့ နောင်မှာ ဒီလိုကိစ္စမျိုး ထပ်ရှိလာရင် ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲဖြစ်ဖြစ် ငါ့ကို အရင်မေးရမယ်... သိလား "
ဖန့်ချန် ရင်ထဲတွင် သက်ပြင်းချကာ စိတ်အေးသွားပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။
"နောက်တစ်ကြိမ် ဘယ်တော့မှ မဖြစ်စေရပါဘူး"
"ဒါဆိုရင် ပြီးတာပဲ"
ရှဲ့အာမန်က ပြောပြီးသည်နှင့် လူအုပ်ကြီးကို ဝေ့ကြည့်ကာ ဆိုလိုက်သည်။
"ဒီတစ်ခေါက်မှာ အမာခံတပည့် ၁၃ ယောက် အပြင်ကို ထွက်ပြေးသွားကြတယ်။ သူတို့ ကျွယ်မင်ကြယ်ကနေ လွတ်အောင် မပြေးနိုင်ပါဘူး၊ နေရာအသီးသီးမှာ ပုန်းအောင်းနေကြတာပဲ ဖြစ်ရမယ်။ မင်းတို့ လုပ်ရမှာက သူတို့ကို ပြန်ဖမ်းလာဖို့ပဲ။ ငါ မင်းတို့ကို ငါးနှစ် အချိန်ပေးမယ်"
နန်မင်ရုယွဲ့နှင့် အခြားသူများက ခေါင်းညိတ်ကြသည်။ ငါးနှစ်ဆိုသော အချိန်မှာ လုံလောက်လှပါသည်။ အမာခံတပည့် တစ်ယောက်ချင်းစီက မိမိတို့၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့ များကို ခေါ်ဆောင်ကာ အမာခံတပည့် ပေါင်းတစ်ထောင်ကျော်က တစ်ပြိုင်နက် ရှာဖွေကြမည်ဆိုလျှင် ငါးနှစ်အတွင်း ကျွယ်မင်ကြယ်တစ်ခုလုံးကို အတွင်းအပြင်မကျန် စစ်ဆေးရန် လုံလောက်ပေသည်။
ဖန့်ချန်သည်လည်း ဤရှာဖွေရေးတွင် ပါဝင်ရန် ညွှန်ကြားခံရသည်။ သို့သော် မထွက်ခွာမီ လက်ရှိ အခြေအနေ အသေးစိတ်ကို သူ မေးမြန်းကြည့်ခဲ့သည်။
"လက်ရှိ ကျွယ်မင်ကြယ်က အမာခံတပည့်တွေထဲမှာ ၄၇ ယောက် မိစ္ဆာဝင်နေပြီး ၁၃ ယောက်ကတော့ ထွက်ပြေးပုန်းအောင်းနေတယ်။ နံပါတ် ၄၊ ၆၊ ၇... ဒီသုံးယောက်လည်း မိစ္ဆာဝင်သွားလို့ နန်းတော်အနက်ပိုင်းက ဝမ်ယွီငရဲထောင် ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်"
ရှဲ့အာမန်က လေးနက်သောလေသံဖြင့် ဆက်ပြောသည်။
"အမာခံတပည့်တွေအပြင် အပြင်စည်းကျင့်ကြံသူတွေထဲမှာလည်း မိစ္ဆာဝင်နေသူ ၃,၄၈၂ ယောက် တွေ့ရှိရတယ်။ ၁၀၀ ကျော်လောက် ထွက်ပြေးသွားတာကလွဲရင် ကျန်တဲ့သူတွေကိုလည်း ဝမ်ယွီငရဲထောင်ထဲကို ထည့်ထားပြီးပြီ"
ခဏရပ်ပြီးနောက် သူမက သက်ပြင်းချကာ
"ဒီတစ်ခေါက်မှာ လူတိုင်းရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့တွေထဲမှာ အနည်းနဲ့အများတော့ မိစ္ဆာဝင်သူတွေ ပါနေကြတာပဲ။ နောက်မှ ဝင်လာတဲ့ အမာခံတပည့်တွေရဲ့ အဖွဲ့တွေပဲ သန့်ရှင်းတယ်"
ဖန့်ချန်၏ မျက်နှာရိပ်က လှုပ်ခတ်သွားသည်။ ရှဲ့အာမန်၏ စကားထဲတွင် နောက်ထပ် အဓိပ္ပာယ်တစ်လွှာ ပါနေသည်။ ၎င်းမှာ မိစ္ဆာမျိုးနွယ်များ၏ ရည်ရွယ်ချက်ကို ပြောပြနေခြင်းပင်။ နယ်မြေချဲ့ထွင်ရေးအဖွဲ့ တိုင်းမှာ မိစ္ဆာဝင်သူ ပါနေခြင်းက မိစ္ဆာမျိုးနွယ်တွေရဲ့ အဓိကရည်ရွယ်ချက်ဟာ ကျွယ်မင်နန်းတော်ကို တိုက်ရိုက် သိမ်းပိုက်ဖို့မဟုတ်ဘဲ ကျွယ်မင်နန်းတော်အတွင်းက သတင်းအချက်အလက်တွေကို တိတ်တဆိတ် ထိန်းချုပ်ဖို့ဖြစ်ကြောင်း ပြသနေသည်။
"သွားကြတော့... မင်းရဲ့ အဖွဲ့ဝင်တွေကို ခေါ်ပြီး အသေအချာ ရှာဖွေပါ။ အမာခံတပည့် တစ်ယောက်ချင်းစီရဲ့ ကျင့်စဉ်နယ်မြေတွေက ဟိုတစ်ကွက် ဒီတစ်ကွက် တည်ရှိနေတာဆိုတော့ မင်းတို့ ကိုယ့်ကျင့်စဉ်နယ်မြေ အနီးအနားက မြေပြင်တွေကို ရှာဖွေတာနဲ့တင် ကျွယ်မင်ကြယ်ရဲ့ နယ်မြေအားလုံးကို လွှမ်းခြုံသွားလိမ့်မယ်"
ရှဲ့အာမန်က လက်ကာပြလိုက်သည်။
ဖန့်ချန်သည် အမိန့်ကို နာခံကာ ထွက်ခွာခဲ့သည်။ အကြီးအကဲများခန်းမမှ ထွက်လာစဉ်တွင် တစ်ကြိမ်သာ ဆုံဖူးသော နံပါတ် ၂ (စီနီယာအစ်ကိုကြီး) နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိလေသည်။
သူက ဖန့်ချန်ကို ပြုံးပြရင်း
"နံပါတ် ၉... ပြီးခဲ့တဲ့အကြိမ် တွေ့တုန်းက မင်းက သာမန်အပြင်စည်းကျင့်ကြံသူလေးပဲ ရှိသေးတာ၊ မထင်မှတ်ဘဲ နှစ်ပေါင်း ရာဂဏန်းလေးအတွင်းမှာ အမာခံတပည့်တွေထဲက ထိပ်သီးတစ်ယောက် ဖြစ်လာပြီပဲ။ နောင်ကျရင် ငါ့ကို စီနီယာအစ်ကို ဒုတိယ လို့ ခေါ်ခေါ်၊ စီနီယာအစ်ကို ဝမ် လို့ပဲ ခေါ်ခေါ် ရပါတယ်"
"စီနီယာအစ်ကို ဒုတိယရဲ့ အမည်ကို မသိရသေးလို့ပါ"
ဖန့်ချန်၏ ရင်ထဲတွင် လှုပ်ခတ်သွားသော်လည်း မျက်နှာတွင် အပြုံးတစ်ခုဖြင့် လက်အုပ်ချီ မေးမြန်းလိုက်သည်။
"ဝမ်ယဲ့ ပါ... ကဲ ငါလည်း အလုပ်သွားလုပ်ဦးမှ၊ မဟုတ်ရင် စီနီယာအစ်မကြီး ဆူတာ ခံနေရဦးမယ်"
ဝမ်ယဲ့က ရယ်မောလျက် လက်ကာပြကာ နဂါးနက်လှေကို စီးနင်း၍ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည်။
"ဝမ်ယဲ့..."
ဖန့်ချန်က တိုးညင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် မိယွီမိတ်ဆွေ၊ ကျိကန်း၊ အကြီးအကဲ ချင် တို့ကို ရှာဖွေကာ လူသားဘိုးဘေးတောင်သို့ ပြန်လာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဖန့်ကျစ်ရွှယ်၊ ဖန့်ရှောင်ထျန်း၊ ဖန့်ရှောင်ပန်း၊ ဖန့်ထုံ၊ ကျန်းထျန်းအိုက်၊ ရှန့်ဝူ တို့သည်လည်း လူသားဘိုးဘေးတောင်၌ ကျင့်ကြံနေကြသည်။ သူတို့သည် ပြီးခဲ့သည့်အကြိမ် အပြင်မှ ပြန်လာစဉ်က ရရှိခဲ့သော အကျိုးအမြတ်များမှာ မနည်းလှသဖြင့် ယခုအခါ ၎င်းတို့ကို အစာချေဖျက် စုပ်ယူနေကြခြင်း ဖြစ်သည်။ ထိုအရာများကို ကုန်အောင် သုံးစွဲရန် နှစ်ပေါင်း ရာချီ ကြာဦးမည် ဖြစ်သည်။
"စီနီယာ ရှန့်... လူတွေကို ခေါ်လိုက်ပါဦး၊ ကိုးကမ္ဘာနယ်မြေချဲ့ထွင်ရေးအဖွဲ့ အလုပ်လုပ်ရတော့မယ်"
ဖန့်ချန်က ရှန့်နင်ကို ပြုံး၍ ဆိုလိုက်သည်။
ရှန့်နင်၏ ရင်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ကျွယ်မင်ကြယ်၏ အပြောင်းအလဲများကို သူသည် အဆင့် ၆ မသေမျိုးတစ်ဦးအနေဖြင့် သိမြင်နေခဲ့ပြီးသားပင်။ ယခု ကျိကန်းသည်လည်း ဖန့်ချန်နောက်သို့ လိုက်ပါလာသည်ကို တွေ့ရသဖြင့် သူ၏ ထင်မြင်ချက်မှာ ပို၍ သေချာသွားတော့သည်။
သူသည် ချက်ချင်းပင် လူအားလုံးကို ခေါ်ယူလိုက်သည်။
နဂါးနက်လှေပေါ်ရှိ ဝေခွဲမရဖြစ်နေသော၊ ဇဝေဇဝါ ဖြစ်နေသော မျက်နှာများကို ကြည့်ကာ ဖန့်ချန်က ဖြစ်ပျက်သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ရှဲ့အာမန် ပြောသကဲ့သို့ပင် "မိစ္ဆာမျိုးနွယ်" အစား "မိစ္ဆာဝင်နေသူများ" ဟူသော အသုံးအနှုန်းကိုသာ သုံးနှုန်းခဲ့သည်။
"ရှူး..."
လူတိုင်းက မယုံနိုင်စရာဖြစ်ကာ အသက်ရှူသံများ ပြင်းထန်သွားကြသည်။ ဤနေရာရှိ လူအားလုံးမှာ ကပ်ဘေးသုံးပါးနှင့် ဘေးဒုက္ခကိုးသွယ် ကို ဖြတ်သန်းလာခဲ့ကြသူများ ဖြစ်သဖြင့် မိစ္ဆာကပ်ဘေး အကြောင်းကို ရင်းနှီးကြသည်။
သို့သော် ကျွယ်မင်ကြယ်ကဲ့သို့ နေရာမျိုးတွင် မိစ္ဆာကပ်ဘေးက ဘာကြောင့် ရုတ်တရက် ပေါ်လာရသနည်း၊ အမာခံတပည့်များပင် အဘယ်ကြောင့် ထိခိုက်ကုန်ရသနည်း ဆိုသည်ကိုမူ သူတို့ နားမလည်နိုင်ကြပေ။ မသေမျိုးအဆင့်သို့ ရောက်နေပါလျက် မိစ္ဆာကပ်ဘေးနှင့် ထပ်မံ ကြုံတွေ့ရဦးမည်လား။
"အစ်ကို... အစ်ကိုပြောတဲ့ပုံစံအရဆိုရင် ကျွန်မတို့လည်း တစ်နေ့မှာ... မိစ္ဆာကပ်ဘေးနဲ့ ကြုံရနိုင်တာပေါ့ ဟုတ်လား"
ဖန့်ကျစ်ရွှယ်က ထူးဆန်းသော အမူအရာဖြင့် မေးသည်။
"မှန်တယ်... မင်းတို့လည်း တစ်နေ့မှာ မိစ္ဆာကပ်ဘေးနဲ့ ကြုံရလိမ့်မယ်၊ ဘယ်သူ့ရဲ့ ကံတရားက မကောင်းဘူးလဲဆိုတာပေါ်မှာပဲ မူတည်တာပေါ့"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ထိုစကားကို ကြားသော် လူတိုင်း၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ပို၍ တိုးလာကြသည်။
"ဒါပေမဲ့လည်း ကြောက်မနေကြပါနဲ့။ မိစ္ဆာကပ်ဘေးဆိုတာ အချိန်တန်ရင် ကိုယ့်ရဲ့ စိတ်ဓာတ်ကို ခိုင်မြဲအောင်ထားပြီး ကိုယ့်ရဲ့ ပန်းတိုင် က ဘာလဲဆိုတာကို သိနေဖို့ပဲ လိုတာပါ။ မင်းတို့ရဲ့ စိတ်ဓာတ်နဲ့ ပါရမီအရဆိုရင် အလွယ်တကူ မိစ္ဆာဝင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"
ဟု ဖန့်ချန်က အားပေးလိုက်သည်။
လူတိုင်း သဘောပေါက်သွားကြသည်။ ဪ... ကိုယ့်စိတ်ဓာတ်ကို ခိုင်မြဲအောင် ထားနိုင်ရင်တော့ အလွယ်တကူ မိစ္ဆာမဝင်နိုင်ဘူးပေါ့။ သူတို့ စိတ်သက်သာရာ ရသွားကြသည်။
နန်မင်ရှောင်ကျဲ သည်လည်း နဂါးနက်လှေပေါ်၌ ရှိနေပြီး ဤကိစ္စ၏ အသေးစိတ်အချို့ကို နန်မင်ရုယွဲ့ထံမှ ကြိုတင်သိရှိထားခဲ့ပြီး ဖြစ်သည်။ ဖန့်ချန်၏ အားပေးစကားကြောင့် သူ၏စိတ်မှာ လျော့ပါးမသွားဘဲ ပို၍ပင် လေးလံလာခဲ့သည်။ သူ၏ မျိုးရိုးနောက်ခံအရ သူ၏ အမြင်မှာ ဤနေရာရှိ အခြားသူများထက် ပို၍ မြင့်မားပေသည်။
ကျွယ်မင်နန်းတော်၏ အမာခံတပည့်များကိုပင် မိစ္ဆာဝင်စေနိုင်သော မိစ္ဆာကပ်ဘေးဆိုသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမျိုး ဖြစ်မည်ကို သူသည် နက်နက်ရှိုင်းရှိုင်း ခံစားမိနေသည်။
"ဖန့်အမာခံ... အမာခံတပည့် တစ်ယောက်ယောက်ဟာ လူသားဘိုးဘေးတောင် နယ်မြေထဲမှာ ပုန်းနေနိုင်တယ်လို့ မင်း ထင်လား "
ကျိကန်းက စဉ်းစားရင်း မေးလိုက်သည်။
"ဖြစ်နိုင်ခြေတော့ နည်းပါတယ်၊ တကယ်လို့ ရှိနေခဲ့ရင်လည်း သူ ကံဆိုးတာပဲပေါ့"
ဖန့်ချန်က ပြုံးလိုက်သည်။
ကျိကန်းနှင့် စီနီယာရှန့်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။ မိယွီမိတ်ဆွေကိုပါ ထည့်တွက်မည်ဆိုလျှင် ဤနေရာ၌ အဆင့် ၆ မသေမျိုး သုံးဦးတောင် ရှိနေသည် မဟုတ်ပါလား။ သာမန် နယ်မြေချဲ့ထွင်ရေးအဖွဲ့တစ်ခုတွင် ဤမျှ ကြောက်စရာကောင်းသော အင်အားစုမျိုး ဘယ်မှာ ရှိနိုင်ပါ့မည်နည်း။
ထို့နောက်တွင် လူတိုင်းသည် လူစုခွဲကာ အလုပ်စတင်ကြသည်။ ကျိကန်းက တစ်ဖွဲ့၊ စီနီယာရှန့်က တစ်ဖွဲ့၊ မိယွီက တစ်ဖွဲ့နှင့် ဖန့်ချန်က တစ်ဖွဲ့ ဖြစ်သည်။ လူသားဘိုးဘေးတောင်ကို ဗဟိုပြု၍ အရပ်လေးမျက်နှာသို့ ရှာဖွေကြသလို ရှာဖွေရေးနယ်မြေကိုလည်း ဖြည်းဖြည်းချင်း ချဲ့ထွင်သွားကြသည်။
လူသားဘိုးဘေးတောင်၏ မြောက်ဘက် မိုင်ပေါင်း ၅၀၀၀ ခန့်အကွာတွင် လှိုင်းတံပိုးများ ပြင်းထန်နေသော မြစ်ကြီးတစ်စင်း ရှိသည်။ ထိုမြစ်သည် အနည်းဆုံး မိုင်ပေါင်း ဆယ်ချီ ကျယ်ဝန်းပြီး အလျားမှာလည်း မိုင်ပေါင်း သောင်းချီ ရှည်လျားလှသည်။
ထိုမြစ်၏ အောက်ခြေတွင် လူရိပ်နှစ်ခု ရပ်နေကြသည်။ ပတ်ဝန်းကျင်မှ တိုးဝှေ့လာသော ကြောက်မက်ဖွယ် ရေဖိအားများကို သူတို့သည် ဂရုမစိုက်ဘဲ မလှုပ်မယှက် ရပ်နေကြကာ အပေါ်ဘက်သို့ မော့ကြည့်နေကြသည်။
"ဒီနေရာက လူသားဘိုးဘေးတောင် နယ်မြေပဲ။ ငါတို့ ဒီမှာ ပုန်းနေရင် တကယ်ပဲ ဖန့်အမာခံဆိုတဲ့လူကို စောင့်လို့ရပါ့မလား"
"ရမှာပါ။ သူက အစီရင်မသေမျိုးပညာရပ် နှစ်ခုလုံးကို တတ်မြောက်ထားတာဆိုတော့ ကျွယ်မင်နန်းတော်က သူ့ကို သေသေချာချာ အရေးပေးမှာပဲ"
"တကယ်လို့ သူ့ကို ဓားစာခံအဖြစ် ဖမ်းထားနိုင်ရင် ကျွယ်မင်ကြယ်ကနေ လွတ်အောင် ပြေးဖို့ဆိုတာ မခက်ခဲတော့ပါဘူး"
"ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ ထိုက်ဟောက် နတ်ဘုရားမှန်ကြီး ပြန်ပေါ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ငါတို့လည်း ကံဆိုးလွန်းပါတယ်..."
နှစ်ဦးသား တိုးညင်းစွာ စကားပြောနေကြသည်။ သို့သော် သူတို့နှင့် မလှမ်းမကမ်းတွင် ဝိညာဉ်ပုံရိပ်တစ်ခုက ရပ်နေပြီး သူတို့ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်ကိုမူ သူတို့ သတိမထားမိကြပေ။