← Chapters

အခန်း (၆၄၁-၆၄၂)

Vol. 33 Ch. 641-642

အခန်း (၆၄၁-၆၄၂)

Vol. 33 Ch. 641-642

အပိုင်း(၆၄၁) လင်းယွမ်... ဒီနေ့ မင်းသေကိုသေရမယ်

သို့သော် လင်းယွမ်က ချက်ချင်းပင် သဘောပေါက်သွားသည်။

ချီတောင်သည် ဧရာမရေကြီးမှုကြီးတွင် အနှေးနှင့်အမြန် နစ်မြုပ်သွားမည်ဖြစ်သော်လည်း သေချာပေါက် အတိုင်းအတာတစ်ခုအထိ ဖွဲ့စည်းနိုင်စွမ်း ရှိနေသေးသည်။

မျက်စိရှေ့ရှိ သံချပ်ကာ ယာဉ်တန်းများကို ကြည့်ခြင်းအားဖြင့် ဤမုန်ယာကုမ္ပဏီတွင် အလွန်မြင့်မားသော နည်းပညာအဆင့်အတန်းများ ရှိနေမည်မှာ သေချာလှသည်။

သန္ဓေပြောင်းစွမ်းအင်များနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းသော သိပ္ပံနည်းကျ သုတေသနပြုမှုများပင် ရှိနေနိုင်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို မြှင့်တင်ပေးနိုင်သည့် ဆက်စပ်ကိရိယာများကိုပင် တီထွင်ထားပြီးဖြစ်နိုင်ပေသည်။

ထို့ကြောင့်သာ ဤလူများက ဤမျှ လျင်မြန်စွာ ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။

သူကိုယ်တိုင်မှာမူ စနစ်ကိုသာ အားကိုးနေရပြီး လူအများအပြားကိုလည်း ကျွေးမွေးစောင့်ရှောက်နေရကာ ရန်သူအမျိုးမျိုး၏ နှောင့်ယှက်မှုများကိုပါ ဆက်တိုက် ခံနေရသဖြင့် တိုးတက်မှုအခြေအနေက တကယ်ကို နှေးကွေးလွန်းနေခဲ့သည်။

နည်းပညာများ တိုးတက်လာပြီးနောက်တွင် ဤပါရမီရှင်များ၏ ကျင့်ကြံမှုအရှိန်မှာ တကယ်ကို လျင်မြန်လွန်းလှသည်။

သေချာသည်မှာ... ဤအချက်က မျက်စိရှေ့ရှိ ဝူယောင်ပန်း၏ အစွမ်းနှင့်လည်း သက်ဆိုင်နေပေသည်။

ဤလူက သူ၏ ကိုယ်ပွားအစွမ်းကို အားကိုးကာ နေရာအနှံ့မှ အရင်းအမြစ်များကို စုဆောင်းပြီး မူလခန္ဓာကိုယ်၏ ကျင့်ကြံမှုအတွက် ထောက်ပံ့ပေးနေသဖြင့် အရှိန်က သဘာဝကျကျ မြန်ဆန်နေခြင်းပင် ဖြစ်သည်။

လင်းယွမ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုကောင်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က သူ့ထက်ပင် သာလွန်နေသည်မှာ သိသာထင်ရှားလှပြီး ပုံမှန်အခြေအနေတွင် မျက်နှာချင်းဆိုင် တိုက်ခိုက်ပါက ခွန်အားသက်သက်ဖြင့် သူက ဤလူ၏ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။

သို့သော် လင်းယွမ်၌လည်း ပုံမှန်မဟုတ်သော အခြေအနေ ရှိနေသေးသည် မဟုတ်ပါလော။

သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ခန္ဓာကိုယ်တွင်းရှိ သွေးသားများက ဟုန်းဟုန်းမြည်ကာ ပွက်လောရိုက်လာတော့သည်။

ယခုအချိန်အထိ သူ အသုံးပြုနေဆဲဖြစ်သော တစ်ခုတည်းသော အဖြူရောင်အဆင့် ပညာရပ်ကို သူ စတင် အသက်သွင်းလိုက်သည်။

"ကြွက်သားပေါက်ကွဲအစွမ်း"

ဤအစွမ်းမှာ လင်းယွမ် အားနည်းသည့်အချိန်မှစ၍ ယခုအချိန်အထိ လက်မလွှတ်ဘဲ အသုံးပြုနေသော အစွမ်းတစ်ခုဟု ဆိုနိုင်ပေသည်။

ကြွက်သားပေါက်ကွဲအားကို တိုက်ရိုက် နှစ်ဆတိုးစေသည့် အာနိသင်က အစောပိုင်းကာလများတွင် သိပ်မသိသာလှသော်လည်း နောက်ပိုင်းကာလများသို့ ရောက်လာလေလေ ပို၍ အစွမ်းထက်လာလေလေ ဖြစ်ပြီး နောက်ပိုင်းကာလများအတွက် နတ်ဘုရားအစွမ်းတစ်ရပ်ဟုပင် ဆိုနိုင်သည်။

မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းပြီးနောက်တွင် ဤအစွမ်းသည်လည်း အခြားအစွမ်းများနည်းတူ တဖြည်းဖြည်း နောက်ကောက်ကျလာပြီး နောက်ဆုံးတွင် အသုံးမဝင်ဖြစ်သွားမည်ဟု လင်းယွမ်က ထင်မှတ်ထားခဲ့သည်။

သို့သော် ထိုသို့မဟုတ်ခဲ့ဘဲ ဤအစွမ်းမှာ ယခုတိုင် ယုံကြည်ရလောက်အောင် ခိုင်မာနေဆဲပင် ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ပြီးနောက်တွင်ပင် တည်ငြိမ်သော ခွန်အား နှစ်ဆတိုးသည့် အာနိသင်ကို ပြသနေဆဲ ဖြစ်သည်။

တစ်ခါတစ်ရံတွင် ဤအရာက အဖြူရောင်အဆင့် အစွမ်းတစ်ခုတွင် ရှိသင့်သည့် အစွမ်းအာနိသင်မျိုး မဟုတ်နိုင်ဟုပင် လင်းယွမ် သံသယ ဝင်မိသေးသည်။

သို့သော် ယခုအချိန်တွင်မူ သူက ဤအစွမ်းကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

ခန္ဓာကိုယ်တွင်းရှိ အသက်ဓာတ်များက လှုပ်ရှားလာပြီး သွေးစီးဆင်းမှုများက ဟုန်းဟုန်းမြည်ကာ တုန်ခါလာတော့သည်။

အဖြူရောင် အမွေးအမျှင်များအောက်တွင် ကြွက်သားများက ဖောင်းကြွလာသည်။

မျက်နှာချင်းဆိုင်ရှိ မြွေခေါင်းဒိုင်နိုဆော၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူက တစ်ဖက်လူ၏ ပြောင်းလဲမှုကို ခံစားလိုက်ရသည်။

"မင်းက ဇွဲမလျှော့သေးဘူးပေါ့"

"ငါ ချီတောင်ကနေ ဒီအဝေးကြီးကို လာခဲ့တာက ငါ့ကိုယ်ပွားတွေအတွက် လက်စားချေဖို့ပဲ"

"ငါ့ရဲ့ ဟင်းလင်းပြင်အမျိုးအစား ရေပေါ်ကျွန်းကိုများ လုရဲတယ်... သွားသေလိုက်တော့"

"ရွှစ်"

မြွေခေါင်းဒိုင်နိုဆော၏ ကိုယ်ခန္ဓာက လက်ခနဲ ဖြစ်သွားပြီး လင်းယွမ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

ထိတ်လန့်ဖွယ်ရာ အမြီးရိုက်ချက်တစ်ခုက ရူးသွပ်စွာဖြင့် ရိုက်ချလာတော့သည်။

ဟင်းလင်းပြင်က တုန်ခါသွားပြီး ဟုန်းဟုန်းမြည်သော အသံများ ထွက်ပေါ်လာသည်။

လေထုကို ဆုတ်ဖြဲလိုက်သည့်အလား အသံများက နားစည်ကိုပင် ပေါက်ကွဲသွားစေနိုင်လောက်အောင် စူးရှလှသည်။

မြန်လွန်းသည်။

အရမ်းကို မြန်ဆန်လွန်းနေသည်။

လင်းယွမ်က လက်မောင်းကို မြှောက်လိုက်ရာ ဧရာမ အဖြူရောင် ဝက်ဝံလက်သည်းများပေါ်တွင် အပြာရောင် ရေခဲပြင်များ ဖုံးလွှမ်းသွားပြီး ကြီးမားထူထဲသော ရေခဲဒိုင်းကာတစ်ခု ဖြစ်ပေါ်လာသည်။

"ဝုန်း"

အမြီးရိုက်ချက်က အပြာရောင် လက်မောင်းဒိုင်းကာပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီး ဧရာမ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

"ချွမ်း"

ရေခဲဒိုင်းကာက ချက်ချင်း ပေါက်ကွဲထွက်သွားသော်လည်း ယခုတစ်ကြိမ်တွင်မူ လင်းယွမ်က တိုက်ရိုက် လွင့်စင်သွားခြင်း မရှိပေ။

လင်းယွမ်၏ ခွန်အားများ ရုတ်တရက် တိုးလာပြီးနောက်တွင် သူက ထိတ်တိုက်ျှ ရင်ဆိုင်နိုင်နေပြီ ဖြစ်ကြောင်း သိသာလှသည်။

သူ့ကျန်လက်တစ်ဖက်ရှိ ဝက်ဝံလက်သည်းက ထိုအမြီးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဘုန်း"

တုန်ခါသွားသော အသံတစ်ခုနှင့်အတူ ဧရာမ ခွန်အားကြီးက အမြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ချက်ချင်းပင် အမြီးပေါ်ရှိ အရေပြားနှင့် အသားများက ပေါက်ကွဲထွက်သွားတော့သည်။

ပြင်းထန်သော နာကျင်မှုက ဝင်ရောက်လာရာ မြွေခေါင်းက နာကျင်သည့် အရိပ်အယောင်များ ပေါ်လွင်လာပြီး ဝူယောင်ပန်း၏ အသံ ထွက်ပေါ်လာသည်။ "အား... မင်းရဲ့ ခွန်အားတွေက ဘယ်လိုလုပ် ဒီလောက်တောင် တိုးလာတာလဲ"

သူ၏ အသံထဲတွင် နာကျင်မှုနှင့်အတူ တုန်လှုပ်ချောက်ချားမှုများ ပါဝင်နေသည်။

သူက ခွန်အားပိုင်းတွင် လင်းယွမ်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြောင်း သိသာလှသည်။

လင်းယွမ်၏ ဝက်ဝံမျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ "မင်းမှာ ကိုယ်ပွား ဘယ်နှစ်ခု ကျန်သေးလဲဆိုတာ ငါ ကြည့်ဦးမယ်"

ပြောပြီးသည်နှင့် သူက လက်ကို ဆန့်ထုတ်ကာ ဆုပ်ကိုင်လိုက်ရာ ဧရာမ ရေခဲချွန်ကြီးတစ်ခု ပေါ်လာသည်။

သူက ရေခဲချွန်ကြီးကို ဆုပ်ကိုင်ကာ မြွေခေါင်းဒိုင်နိုဆောဆီသို့ ပြင်းထန်စွာ ထိုးချလိုက်သည်။

ဝူယောင်ပန်း၏ နာကျင်နေသော အရိပ်အယောင်များက ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ ဒေါင်လိုက် မျက်လုံးများထဲတွင် အေးစက်စက် အရိပ်အယောင်များ ပေါ်လွင်လာသည်။

"ရွှစ်"

မြွေခေါင်းဒိုင်နိုဆော၏ ခန္ဓာကိုယ်က ရုတ်တရက် အနည်းငယ် တုန်ခါသွားပြီး နောက်တစ်ခဏတွင် မြွေခေါင်းဒိုင်နိုဆော တစ်ကောင်လုံးက တုန်ခါမှုများကြားတွင် မော်နီတာ၏ အချက်ပြမှု ဝေဝါးသွားသကဲ့သို့ မျက်စိဖြင့် မြင်နိုင်သော ပုံရိပ်ယောင်များ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။

လင်းယွမ်၏ ရေခဲချွန်ကြီး ထိုးမချရသေးမီမှာပင် မြွေခေါင်းဒိုင်နိုဆော အသစ်တစ်ကောင်က ဘေးဘက်တွင် ပေါ်လာတော့သည်။

"ဘုန်း"

မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်စလုံးက တစ်ပြိုင်နက်တည်းနီးပါး လက်လှမ်းကာ ရေခဲချွန်ကြီးကို အတူတကွ ဖမ်းဆုပ်လိုက်ကြသည်။

တုန်ခါသွားသော အသံတစ်ခုနှင့်အတူ လင်းယွမ်၏ ဝက်ဝံလက်ဝါးက လေထဲတွင် ချက်ချင်း ရပ်တန့်သွားတော့သည်။

သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

"ကိုယ်ပွားလား"

ဝူယောင်ပန်း၏ ကိုယ်ပွားအစွမ်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက် ထပ်မံ၍ ကိုယ်ပွားဖန်တီးနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

လင်းယွမ်မှာ ယုံကြည်နိုင်စရာ မရှိတော့သလို ခံစားလိုက်ရသည်။

ထို့အပြင် ဤကိုယ်ပွားနှစ်ခုစလုံးက အတူတကွ လှုပ်ရှားနေခြင်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် အစွမ်းပိုင်ရှင် နှစ်ယောက်က သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေသည်နှင့် အတူတူပင် ဖြစ်သည်။

ထိုမျှမက ဤရန်သူနှစ်ယောက်က စိတ်ချင်းဆက်သွယ်ထားပြီး တွေးခေါ်မှုများပါ တူညီနေကြသေးသည်။

"ဝှစ်"

ထင်ထားသည့်အတိုင်းပင် ထိုမြွေခေါင်းဒိုင်နိုဆော နှစ်ကောင်အနက် တစ်ကောင်က သွေးစွန်းနေသော ဧရာမ ပါးစပ်ကြီးကို ဟကာ လင်းယွမ်၏ လက်မောင်းကို ပြင်းထန်စွာ ကိုက်ချလိုက်သည်။

အခြားတစ်ကောင်ကမူ သူ့ကို ရှောင်တိမ်းခွင့် မပေးဘဲ လင်းယွမ်၏ လက်မောင်းကို တင်းကြပ်စွာ ဖမ်းဆုပ်ထားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လင်းယွမ်ပင်လျှင် စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားရသည်။

"ရွှစ်"

သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး နေရာရွှေ့ပြောင်းကာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်စလုံးက လေဟာနယ်ကိုသာ ဖမ်းဆုပ်မိသွားပြီး ချက်ချင်း ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

"နေရာရွှေ့ပြောင်းတာလား"

"သူ့ဆီမှာ ဟင်းလင်းပြင်အမျိုးအစား ပင်ကိုယ်အစွမ်း ရှိနေသေးတာလား"

"အရင်တုန်းကလည်း သူက အမှောင်ဓာတ် အစွမ်းကို အသုံးပြုခဲ့သေးတယ်မလား"

"တစ်ခုခုတော့ မှားနေပြီ... လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ပင်ကိုယ်အစွမ်း မျိုးစုံကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားနိုင်မှာလဲ... သူက ကျင်းရှီရုံမှ မဟုတ်တာ"

မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်က အလျင်အမြန် စကားပြောလိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ယုံကြည်နိုင်စရာ မရှိလောက်အောင် တုန်လှုပ်ချောက်ချားသွားသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

လင်းယွမ် အသုံးပြုလိုက်သော နေရာရွှေ့ပြောင်းခြင်း အစွမ်းကြောင့် သူတို့ လန့်သွားခဲ့သည်မှာ သိသာလှသည်။

ယေဘုယျအားဖြင့် အစွမ်းပိုင်ရှင်များတွင် အစွမ်းတစ်မျိုးတည်းသာ ရှိနိုင်ခြေရှိသည်။

သို့သော် လင်းယွမ်ကမူ အစွမ်း သုံးမျိုးကို ဆက်တိုက် အသုံးပြုခဲ့ပြီး ဖြစ်သည်။

သူတို့၏ စိတ်ထဲတွင် မကောင်းသော နိမိတ်များက ချက်ချင်း ထွက်ပေါ်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် ဝူယောင်ပန်း၏ အသိပညာအရ ထိုသို့သော အစွမ်းအစမျိုး ရှိသူမှာ တစ်ယောက်တည်းသာ ရှိသောကြောင့်ပင်။

ထိုသူမှာ သူတို့ မုန်ယာကုမ္ပဏီ၏ သူဌေးပင် ဖြစ်သည်။

ကျင်းရှီရုံ ဟုခေါ်သော ထိုတဏှာရူးကြီးပင် ဖြစ်သည်။

လင်ကျန်းမြို့မှ ဤပြိုင်ဘက်က ကျင်းရှီရုံကဲ့သို့ပင် အစွမ်းမျိုးစုံကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ တစ်ခါမှ ထင်မှတ်မထားခဲ့ပေ။

ချက်ချင်းပင် သူ၏ စိတ်ထဲတွင် အချက်ပေး ခေါင်းလောင်းသံများ ပြင်းထန်စွာ မြည်ဟည်းလာတော့သည်။

သူက အနည်းငယ်မျှ တွေဝေမနေတော့ဘဲ စိတ်အလိုအရ ချက်ချင်းပင် ကိုယ်ပွားနှစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲ၌ မြွေခေါင်းဒိုင်နိုဆော လေးကောင် ပေါ်လာတော့သည်။

လင်းယွမ်က ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေကာ စိတ်စွမ်းအင်ဖြင့် အပြင်ဘက်ရှိ အရာအားလုံးကို အာရုံခံလိုက်ရာ သူ၏ မျက်နှာအမူအရာက ပို၍ လေးနက်တည်ကြည်လာတော့သည်။

"ကိုယ်ပွားနှစ်ခု ထပ်ခွဲထုတ်လိုက်ပြန်ပြီ"

"ဒီကိုယ်ပွားအစွမ်းက အရမ်းကို ယုတ်မာလွန်းတယ်... ဒီလိုမျိုး အဆုံးအစမရှိ ကိုယ်ပွားတွေ ထပ်ထုတ်နေရင် ဘယ်သူက သူ့ကိုရင်ဆိုင်နိုင်တော့မှာလဲ"

လင်းယွမ်က သုမာရု ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေပြီး အပြင်သို့ ထွက်ကာ ရမ်းသန်းမတိုက်ခိုက်ရဲသေးပေ။

အပြင်ဘက်ရှိ ဝူယောင်ပန်းသည်လည်း ပတ်ဝန်းကျင်ကို သတိထားကာ အခြေအနေကို မပြတ် အကဲခတ်နေသည်။

ရုတ်တရက် အောက်ဘက်ရှိ သံချပ်ကာကားထဲမှ ဟူဖေကန်း၏ အသံ ထွက်ပေါ်လာသည်။

"မန်နေဂျာဝူ... မန်နေဂျာဝူ... ခင်ဗျားရဲ့ အနောက်ဘက် ပေ ၆၀၀ လောက်မှာ ဟင်းလင်းပြင် လှိုင်းခတ်တဲ့ ထူးခြားချက်ကို ထောက်လှမ်းမိတယ်"

ထိုသတိပေးသံကြောင့် ဝူယောင်ပန်းက ချက်ချင်း လှည့်ကြည့်လိုက်သည်။

မြွေခေါင်းဒိုင်နိုဆော လေးကောင်စလုံးက ဟင်းလင်းပြင် ထူးခြားနေသည့်နေရာသို့ တစ်ပြိုင်နက်တည်း ခုန်အုပ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သုမာရု ဟင်းလင်းပြင်ထဲရှိ လင်းယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

"ဟင်းလင်းပြင် လှိုင်းခတ်တာကိုတောင် ထောက်လှမ်းနိုင်တယ်ပေါ့"

သူက သုမာရု ဟင်းလင်းပြင်ထဲမှ ချက်ချင်း ထွက်လာပြီး သူ၏ ခန္ဓာကိုယ်က လက်ခနဲ ပေါ်လာသည်။

ထိုအချိန်တွင် မြွေခေါင်းဒိုင်နိုဆော လေးကောင်က သူ့ကို ဝိုင်းရံထားပြီး ဖြစ်သည်။

"ဟက်ဟက်... ထွက်ပြေးချင်သေးတာလား"

"ပြေးလေ... မင်း ထပ်ပြေးကြည့်စမ်းပါ"

"လင်းဆိုတဲ့ကောင်... အရင်တုန်းက ငါ့ရဲ့ ကိုယ်ပွားကို သတ်ပြီး ငါ့ရဲ့ ဟင်းလင်းပြင်အမျိုးအစား ရေပေါ်ကျွန်းကို လုယူတုန်းက ဒီလိုနေ့မျိုး ရောက်လာမယ်လို့ မင်း တွေးမိခဲ့ရဲ့လား"

"ဟားဟားဟား... သူ့ကို သတ်လိုက်စမ်း"

"ရွှစ်... ရွှစ်... ရွှစ်... ရွှစ်"

မြွေခေါင်းဒိုင်နိုဆော လေးကောင်စလုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြပြီး နှစ်ကောင်က လင်းယွမ်၏ ခန္ဓာကိုယ် အထက်ပိုင်းကို ကိုက်ချလာကာ နောက်နှစ်ကောင်က အမြီးဖြင့် ခန္ဓာကိုယ် အောက်ပိုင်းကို ရိုက်ချလာသည်။

လင်းယွမ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လိမ်ကောက်သွားပြီး အရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ချက်ချင်းပင် တိုက်ခိုက်မှုအားလုံးက လေဟာနယ်ထဲသို့သာ သက်ဆင်းသွားတော့သည်။

နောက်တစ်ခဏတွင် လင်းယွမ်က ထိုအထဲမှ တစ်ကောင်ကို ဖမ်းဆုပ်လိုက်ပြီး တွင်းနက်အရိပ်နဂါးက ရစ်ပတ်ကာ တွင်းနက်အရိပ် ဧရာမ ပါးစပ်ကြီးထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်တော့သည်။

အခြားအကောင်များ သတိမထားမိမီမှာပင် ထိုမြွေခေါင်းဒိုင်နိုဆော တစ်ကောင်ကို တစ်ကိုက်တည်းနှင့် မျိုချလိုက်သည်။

"အမှောင်ဓာတ် အစွမ်းပဲ"

"ဟူဖေကန်း... အလင်းစွမ်းအင် အမြောက်တွေ ပစ်စမ်း"

"ဝုန်း... ဝုန်း... ဝုန်း"

အောက်ဘက်ရှိ သံချပ်ကာ ယာဉ်တန်းများက အဆက်မပြတ် အမြောက်ပစ်ခတ်လိုက်ရာ ချက်ချင်းပင် အမြောက်ပြောင်းဝများမှ ဟုန်းဟုန်းမြည်ကာ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။

ကောင်းကင်တစ်ခွင်လုံး လင်းထိန်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ အမှောင်ထုက ချက်ချင်း အရည်ပျော်သွားပြီး လင်းယွမ်က တွင်းနက်အရိပ်နဂါး အခြေအနေကို မဖြစ်မနေ ဖျက်သိမ်းလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်က လက်ခနဲ ဖြစ်သွားပြီးနောက် ဧရာမ အဖြူရောင် လိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လိပ်ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံးနှစ်လုံးက တောက်ပလာပြီး စိတ်စွမ်းအင်များက ရူးသွပ်စွာ ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲ၌ ကြီးမားလှသော စိတ်စွမ်းအင် လိပ်ခွံလှောင်အိမ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဝီ... ဝီ... ဝီ"

စိတ်စွမ်းအင် လိပ်ခွံက ရူးသွပ်စွာ တုန်ခါနေပြီး ပတ်ဝန်းကျင်မှ ဟုန်းဟုန်းမြည်သော အသံများက အဆက်မပြတ် ဝင်ရောက်လာသော်လည်း စိတ်စွမ်းအင် လိပ်ခွံလှောင်အိမ်က လွယ်ကူစွာပင် ဖျက်ဆီးပစ်လိုက်သည်။

"နောက်ထပ် အစွမ်းတစ်မျိုးလား"

ဝူယောင်ပန်းက ခေါင်းလှည့်ကာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက ထပ်မံ ကျဉ်းမြောင်းသွားပြန်သည်။

တစ်ဖက်လူက မျိုးရိုးဗီဇမြေပုံမှ သန္ဓေပြောင်းသားရဲ နောက်တစ်ကောင်ကို ထပ်မံ ဖန်တီးလိုက်ပြန်ပြီ ဖြစ်သည်။

၎င်းသည် စတုတ္ထမြောက် အစွမ်းပင် ဖြစ်နေချေပြီ။

"ဒီကောင်သာ မသေရင် နောင်တစ်ချိန်ကျရင် သေချာပေါက် အန္တရာယ်ကြီး ဖြစ်လာလိမ့်မယ်... ဒီနေ့ ဘာပဲရင်းရရင်းရ သူ့ကို သတ်ရမယ်"

"ဒီကိုယ်ပွားတချို့ကို စတေးရမယ်ဆိုရင်တောင် ဝန်လေးနေလို့မဖြစ်ဘူး"

ဝူယောင်ပန်း၏ မျက်လုံးများထဲတွင် ယခင်က မကြုံဖူးသော သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။

ကျင်းရှီရုံနှင့် ယှဉ်နိုင်သော အစွမ်းပိုင်ရှင်တစ်ယောက် လုံးဝ ထပ်ပေါ်လာခွင့် မပေးနိုင်ပေ။

"ဝှစ်"

မြွေခေါင်းဒိုင်နိုဆော လေးကောင်အနက်မှ နှစ်ကောင်က လင်းယွမ်ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

အခြားတစ်ကောင်က သံချပ်ကာ ယာဉ်တန်းဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။ "ကောင်းကင်ပိုက်ကွန်ကို အသက်သွင်းလိုက်... သူ့ကို လုံးဝ ထွက်ပြေးခွင့် မပေးနိုင်ဘူး"

သံချပ်ကာကားထဲရှိ ဟူဖေကန်းက ချက်ချင်း အော်ပြောလိုက်သည်။ "နားလည်ပါပြီ"

ထို့နောက် သံချပ်ကာကား တစ်စီးပြီးတစ်စီး အလျင်အမြန် လူစုခွဲလိုက်ကြပြီး အရပ်မျက်နှာ အသီးသီးမှနေ၍ လင်းယွမ်ကို ပိတ်ဆို့လိုက်ကြသည်။

ထိုအချိန်တွင် မြွေခေါင်းဒိုင်နိုဆော ကိုယ်ပွားနှစ်ခုက လင်းယွမ်၏ အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းယွမ်က ခေါင်းမော့ကာ ထိုမြွေခေါင်းဒိုင်နိုဆော နှစ်ကောင်ကို ကြည့်လိုက်ရာ သူ၏ အကြည့်များထဲတွင် အေးစက်စက် အရိပ်အယောင်များ ပေါ်လွင်လာသည်။

သူက စိတ်စွမ်းအင်ကို အသက်သွင်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် စိတ်စွမ်းအင် လှောင်အိမ်က ရုတ်တရက် ပြန့်ကျဲသွားတော့သည်။

နောက်တစ်ခဏတွင် တိုက်ခိုက်လာသော မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်စွမ်းအင် လှောင်အိမ် အသစ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

"ချိတ်ပိတ်"

"ဝီ"

လင်းယွမ်၏ ခပ်တိုးတိုး အော်ဟစ်သံနှင့်အတူ စိတ်စွမ်းအင် လှောင်အိမ်က အလျင်အမြန် စုစည်းသွားပြီး လိပ်ခွံပုံစံ ဖြစ်ပေါ်လာကာ မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်ကို တင်းကြပ်စွာ ချုပ်နှောင်လိုက်တော့သည်။

ထိုမြွေခေါင်းဒိုင်နိုဆော နှစ်ကောင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အလျင်အမြန် လူစုခွဲကာ စိတ်စွမ်းအင် လှောင်အိမ်ကို အစွမ်းကုန် တိုက်ခိုက်ကြတော့သည်။

သို့သော် ၎င်းက စိတ်အဝေးထိန်းစွမ်းအင် မဟုတ်ဘဲ ပုံသဏ္ဌာန်မဲ့ကာ ဒြပ်မဲ့သော စိတ်စွမ်းအင်များသာ ဖြစ်နေဆဲဖြစ်ပြီး အဆက်မပြတ် ကျုံ့ဝင်လာကာ ၎င်းတို့၏ စိတ်ပင်လယ်ထဲသို့ အလျင်အမြန် ကျုံ့ဝင်သွားခြင်းသာ ဖြစ်သည်။

စိတ်စွမ်းအင် လှောင်အိမ်ကို ကာကွယ်ရေး နည်းလမ်းအဖြစ် အသုံးပြုနိုင်သကဲ့သို့ ရန်သူကို ပိတ်လှောင်သည့် နည်းလမ်းအဖြစ်လည်း အသုံးပြုနိုင်သည်။

ထိုအခိုက်တွင် စိတ်စွမ်းအင် လှောင်အိမ်က မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်၏ ခန္ဓာကိုယ်ပေါ်သို့ ဖုံးလွှမ်းသွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင်။

ထိုမြွေခေါင်းဒိုင်နိုဆော နှစ်ကောင်၏ စိတ်ဝိညာဉ်အသိက နေရာမှာတင် ချက်ချင်း ပိတ်လှောင်ခံလိုက်ရပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားတော့သည်။

တစ်ချိန်တည်းမှာပင် လင်းယွမ်က စိတ်ထဲမှ ကြံစည်လိုက်ရာ ဟင်းလင်းပြင်အက်ကွဲကြောင်း တစ်ခုက ဟင်းလင်းပြင်ကို ပြင်းထန်စွာ ဆုတ်ဖြဲကာ ပျံ့နှံ့သွားတော့သည်။

"ဝှစ်... ဝှစ်"

ထူးခြားသော အသံနှစ်သံနှင့်အတူ ဟင်းလင်းပြင်အက်ကွဲကြောင်းက မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်ကို ချက်ချင်း ဖြတ်သန်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမြွေခေါင်းဒိုင်နိုဆော နှစ်ကောင်က ထက်ပိုင်းပြတ်သွားတော့သည်။

အသားတုံး အနည်းငယ်မျှကို ဟင်းလင်းပြင်အက်ကွဲကြောင်းက ဝါးမျိုသွားပြီး အများစုမှာ ရေခဲမြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။

မြေပြင်ပေါ်သို့ မကျမီမှာပင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပြီး မလှမ်းမကမ်းတွင် ကျန်ရစ်နေသော မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်ဆီသို့ လေချွန်သံနှင့်အတူ လွှမ်းခြုံသွားတော့သည်။

ကျန်ရစ်နေသော မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်၏ အကြည့်များက အလွန် မှောင်မိုက်နေသည်။

"ဟင်းလင်းပြင်အက်ကွဲကြောင်းလား"

"ဟူဖေကန်း... ကောင်းကင်ပိုက်ကွန်ကို အသက်သွင်း"

အောက်ဘက်ရှိ သံချပ်ကာကားများက နောက်ဆုံးတွင် နေရာချထားမှု ပြီးစီးသွားပြီဖြစ်ကာ ဟုန်းဟုန်းမြည်သော အသံများ ဆက်တိုက် ပေါက်ကွဲထွက်လာသည်။

သံချပ်ကာကားများပေါ်ရှိ အမြောက်ပြောင်းဝများမှ စွမ်းအင် အလင်းတန်းများ အဆက်မပြတ် ပစ်ခတ်လာသည်ကို မြင်တွေ့လိုက်ရသည်။

စွမ်းအင် အလင်းတန်းများက ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းကာ လေထဲတွင် ဧရာမ အလင်းကန့်လန့်ကာကြီးတစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ကြသည်။

ထိုအလင်းတန်းများက အမြောက်ဆံများ ပစ်ခတ်ပြီးသည်နှင့် ပျောက်ကွယ်သွားခြင်းမရှိဘဲ လေထဲတွင် ကြီးမားလှသော အလင်းကန့်လန့်ကာ အကာအရံတစ်ခုအဖြစ်သို့ စုစည်းသွားကြသည်။

လင်းယွမ်၏ အကြည့်များက အနည်းငယ် လက်ခနဲ ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ အကာအရံကို ကြည့်လိုက်သည်။

"ဘာလဲ... ငါ ထွက်ပြေးသွားမှာကို ကြောက်နေတာလား"

သူက ခေါင်းမော့ကာ မျက်နှာချင်းဆိုင်တွင် ကျန်ရစ်နေသော မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်ကို ကြည့်ရင်း အေးစက်စက် ရယ်မောလိုက်သည်။

ဘယ်ဘက်ရှိ မြွေခေါင်းဒိုင်နိုဆောက အေးစက်စက် ရယ်မောလိုက်သည်။ "ဒီနေ့ မင်း ထွက်ပြေးချင်တယ်ဆိုရင်တောင် မဖြစ်နိုင်တော့ဘူး"

ညာဘက်ရှိ မြွေခေါင်းဒိုင်နိုဆောကလည်း အေးစက်စက် ရယ်မောလိုက်သည်။ "လင်းယွမ်... ဒီနေ့ မင်းသေကိုသေရမယ်"

ဆက်ရန်...

အပိုင်း(၆၄၂) အကျပ်အတည်းမှ ဖောက်ထွက်မည့် နည်းလမ်း

လင်းယွမ်က မျက်နှာထား တင်းမာနေပြီး မျက်နှာချင်းဆိုင်တွင် ကျန်ရစ်နေသော မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်ကို စိုက်ကြည့်နေသည်။

ဤအချိန်တွင် ၎င်းတို့က ကျန်ရှိနေသည့် သွေးမြူများကို စုပ်ယူလိုက်သည်နှင့်အမျှ ခန္ဓာကိုယ်တွင်းရှိ အရှိန်အဝါက သိသိသာသာ အားကောင်းလာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

"သူတို့က သေသွားတဲ့ ကိုယ့်ကိုယ်ပွားတွေကိုတောင် ပြန်စုပ်ယူနိုင်တာလား"

"ပြီးတော့ စုပ်ယူပြီးသွားတာနဲ့ သူတို့ရဲ့ အရှိန်အဝါတွေက ပိုသန်မာလာတယ်"

"ဒါဆိုရင်..."

လင်းယွမ်က မျက်လုံးများ အရောင်လက်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။

သူက ချက်ချင်းပင် ကိုယ်ကိုလှုပ်ရှားလိုက်ပြီး ကျန်ရစ်နေသော မြွေခေါင်းဒိုင်နိုဆော ကိုယ်ပွားနှစ်ကောင်ထံသို့ လျှပ်တစ်ပြက် ပြေးဝင်တိုက်ခိုက်လိုက်သည်။

ဝူယောင်ပန်းကလည်း အေးစက်စက် ပြုံးလိုက်ပြီး မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်က ဘယ်နှင့်ညာ ခွဲကာ အလွန်လျင်မြန်သော အလျင်ဖြင့် ဝင်ရောက်တိုက်ခိုက်လာကြသည်။

သူ၏ ကိုယ်ပွားများသည် အသိစိတ်ကိုပါ တွဲလျက် ခွဲထုတ်ထားခြင်း ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ဆင့်ကဲပြောင်းလဲပြီးနောက် သူနိုးထလာသော ကိုင်းရပ်စ်မြွေနဂါး က သူ့အား အစွမ်းအသစ်တစ်ခုကို ပေးစွမ်းခဲ့သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ၁၀% တိုးလာတိုင်း သူသည် မူလကိုယ်ခန္ဓာနှင့် အစွမ်းတူညီသော စွမ်းအားကြီး ကိုယ်ပွားတစ်ကောင်ကို ခွဲထုတ်နိုင်သည်။

ထို့အပြင် ကိုယ်ပွားတစ်ခုစီသည် ကိုယ်ပိုင်စွမ်းအင်ကို လျှော့ချသည့် နည်းလမ်းဖြင့် နောက်ထပ် ကိုယ်ပွားများကိုပါ ထပ်မံခွဲထုတ်နိုင်သည်။

ဥပမာအားဖြင့် သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၂၀% သို့ ရောက်ရှိချိန်တွင် သူ၏ မူလခန္ဓာကိုယ်နှင့် အစွမ်းထက်မှု တစ်ထပ်တည်းတူညီသော ကိုယ်ပွားနှစ်ကောင်ကို ခွဲထုတ်နိုင်သည်။

သို့သော် ထိုကိုယ်ပွားနှစ်ကောင်ထဲမှ ကိုယ်ပွားတစ်ကောင်က ကိုယ်ပွားဖန်တီးခြင်း အစွမ်းကို ဆက်လက် အသုံးပြုလိုပါက မူလခန္ဓာကိုယ်၏ အစွမ်းသတ္တိအတိုင်း အပြည့်အဝ ပုံတူကူးယူနိုင်မည် မဟုတ်တော့ပေ။

ထိုအစား ဤခန္ဓာကိုယ်၏ အစွမ်းအဆင့်ကို အချိုးကျ ခွဲဝေပေးသွားမည် ဖြစ်သည်။

ဥပမာ ဒုတိယအကြိမ် ကိုယ်ပွား ထပ်ခွဲမည်ဆိုလျှင် အသစ်ထွက်ပေါ်လာမည့် ခန္ဓာကိုယ်သည် မူလကိုယ်ပွား၏ အစွမ်းထက်ဝက်သာ ရှိတော့မည် ဖြစ်ပြီး ၎င်းသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀% ၏ တိုက်ခိုက်ရေးစွမ်းအားပင် ဖြစ်သည်။

အကယ်၍ ထိုမျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀% ရှိသော ကိုယ်ပွားက ဆက်လက်၍ ကိုယ်ပွား ထပ်ခွဲချင်သေးပါက နောက်တစ်ကြိမ် ထွက်ပေါ်လာမည့် ကိုယ်ပွားသည် မျိုးရိုးဗီဇ အဆင့် ၅% ၏ တိုက်ခိုက်ရေးစွမ်းအားသာ ရှိတော့မည် ဖြစ်သည်။

ဤနည်းဖြင့် အဆင့်ဆင့် လျော့ကျသွားမည် ဖြစ်သည်။

သို့ရာတွင် သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အခြေအနေကို ရုပ်သိမ်းလိုက်ပြီး လူသားခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်နှင့် မူလခန္ဓာကိုယ်ကို ရာနှုန်းပြည့် ပုံတူကူးယူနိုင်သော ပင်ကိုယ်အစွမ်းသည် ပျောက်ကွယ်သွားမည် ဖြစ်သည်။

ထို့အပြင် ကိုယ်ပွားများကလည်း ကိုယ်ပွားထပ်ခွဲနိုင်စွမ်း ရှိတော့မည် မဟုတ်ဘဲ မူလခန္ဓာကိုယ်သာလျှင် ဤကဲ့သို့သော ကိုယ်ပွားခွဲသည့် အစွမ်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ယင်းက ယခင်က ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲရှိ သူ၏ ကိုယ်ပွားများသည် ကိုယ်ပွားများ ဆက်လက်ဖန်တီး၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကာ လင်းယွမ်အား ခြိမ်းခြောက်မှု မပေးနိုင်ခဲ့ခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

သို့သော် ယခုအခါတွင်တော့ မတူညီတော့ပေ။ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးနောက် သူက ကိုင်းရပ်စ်မြွေနဂါး အဖြစ် ပြောင်းလဲသွားချိန်တွင် ကိုယ်ပွားတိုင်းက ကိုယ်ပွားထပ်ခွဲနိုင်စွမ်းကို ပိုင်ဆိုင်လာကြသည်။

ယခုအချိန်မှသာ သူက အမှန်တကယ်ကို ကြောက်မခန်းလိလိ အစွမ်းထက်လာခြင်း ဖြစ်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

သူက လင်းယွမ်ထံသို့ ရူးသွပ်စွာ ပြေးဝင်လာချိန်တွင် မြွေခေါင်းဒိုင်နိုဆော နှစ်ကောင်က ရုတ်တရက် ထပ်မံကွဲထွက်သွားပြီး မြွေခေါင်းဒိုင်နိုဆော လေးကောင်အဖြစ် ပြန်လည်ဖွဲ့စည်းသွားသည်။

"ဘုန်း... ဘုန်း... ဘုန်း"

ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး မြွေခေါင်းဒိုင်နိုဆော လေးကောင်က လင်းယွမ်အား ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

တစ်လှမ်း နင်းချလိုက်တိုင်း လေထုက ပေါက်ကွဲထွက်သွားသည်။

အမြီးတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း အသံထက်မြန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

သို့သော် မြွေခေါင်းဒိုင်နိုဆော လေးကောင်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လင်းယွမ်က တွင်းနက်အရိပ်နဂါး သဏ္ဌာန်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။

ခန္ဓာကိုယ်က အရိပ်များထဲတွင် လျင်မြန်စွာ ကူးလူးသွားလာနေသည်။

နှစ်ဖက်စလုံး အဆက်မပြတ် တိုက်ခိုက်နေကြပြီး လင်းယွမ်က ၎င်းတို့ထဲမှ တစ်ကောင်အား တွင်းနက်အရိပ်ဝထဲသို့ ဆွဲသွင်းကာ အမှောင်ဓာတ် စွမ်းအင်ဖြင့် ဝါးမျိုပစ်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် လင်းယွမ်က ပို၍ ဉာဏ်နီဉာဏ်နက် များလာသည်။

"သူ့ရဲ့ ကိုယ်ပွားဖန်တီးတဲ့ အစွမ်းက... ကိုယ်ပွားတစ်ကြိမ် ခွဲပြီးတိုင်း အစွမ်းက ထက်ဝက် လျော့ကျသွားတဲ့ပုံပဲ"

"သေသွားတဲ့ ကိုယ်ပွားတွေကိုသာ ပြန်မစုပ်ယူဘူးဆိုရင်... ဒီအစွမ်းတွေ ပြန်ပြည့်ဖို့ အချိန်အတော်ကြာလိမ့်မယ်"

"သူ့ကိုယ်ပွားတွေကို သတ်ပြီး အလောင်းတွေကို သုမာရု ဟင်းလင်းပြင်ထဲ ပစ်ထည့်လိုက်ရင်... သူ စွမ်းအင်ပြန်ပြည့်လာမယ့်ကိစ္စကို ထိထိရောက်ရောက် တားဆီးနိုင်လောက်တယ်"

လင်းယွမ်က အမှောင်ထုထဲသို့ ဝင်ရောက်သတ်ဖြတ်ကာ မြွေခေါင်းဒိုင်နိုဆော ကိုယ်ပွားတစ်ကောင်ကို တိုက်ရိုက် ဝါးမျိုလိုက်ပြီး အလောင်းကို သုမာရု ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်သည်။

"ဝုန်း"

အောက်ဘက်ရှိ သံချပ်ကာ ယာဉ်တန်းက အလင်းစွမ်းအင် အမြောက်ဆန်များကို အဆက်မပြတ် ပစ်ခတ်ကာ တွင်းနက်အရိပ်ဝက ဖန်တီးထားသော အရိပ်ကမ္ဘာကို ဖြိုခွင်းဖယ်ရှားနေသည်။

လင်းယွမ်မှာ ရွေးချယ်စရာမရှိတော့ဘဲ တွင်းနက်အရိပ်နဂါး သဏ္ဌာန်မှ ရုပ်သိမ်းကာ ရေခဲမြေရိုင်းဝက်ဝံ သဏ္ဌာန်သို့ တစ်ဖန် ပြန်လည်ပြောင်းလဲလိုက်ရသည်။

ဤသဏ္ဌာန်ဖြင့်ဆိုပါက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်သာ ရှိတော့သည်။

လင်းယွမ်၏ ခန္ဓာကိုယ်မှာ ကျန်ရှိနေသည့် မြွေခေါင်းဒိုင်နိုဆော သုံးကောင်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို အဆက်မပြတ် ခံနေရသည်။

"ဟားဟားဟား... ရှောင်လေ... မင်း ရှောင်နိုင်ဦးမလား"

"လင်းဆိုတဲ့ကောင်... မင်းမှာ အစွမ်းတွေ အများကြီးရှိတော့ရော ဘာဖြစ်လဲ... အစွမ်းများတာက လူများတာကို မမီဘူးကွ... ငါက ကိုယ်ပွားတွေ မရေမတွက်နိုင်အောင် ခွဲနိုင်တဲ့အပြင် သံချပ်ကာ ယာဉ်တန်းရဲ့ အကူအညီပါ ရှိနေသေးတာ... မင်းက ဘာနဲ့များ ငါ့ကို လာယှဉ်ဦးမှာလဲ"

"ဝုန်း"

လင်းယွမ်က ဝက်ဝံလက်ဝါး နှစ်ဖက်ဖြင့် ရင်ဘတ်ကို ကာကွယ်လိုက်သော်လည်း သူ၏ ရေခဲချပ်ဝတ်မှာ တစ်ဖက်လူ၏ အမြီးဖြင့် ရိုက်ချခံလိုက်ရသဖြင့် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

ထိုခဏတွင် သူ၏ ခန္ဓာကိုယ်က အရှိန်အဟုန်ဖြင့် နောက်ဆုတ်သွားကာ မြေပြင်ဆီသို့ လွင့်စင်ကျသွားသည်။

"ဘုန်း"

မြေပြင်က အကြမ်းပတမ်း ရိုက်ချခံလိုက်ရသဖြင့် ဧရာမ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားသည်။

ဆီးနှင်းပြင်များ ပြိုကျသွားပြီး ရေခဲလွှာများ ပေါက်ကွဲထွက်သွားသည်။

အောက်ဘက်ရှိ ရေကြီးနေသော ရေပြင်ကြီးက ချက်ချင်းပင် ဆူပွက်လာပြီး ဟိန်းဟောက်သံများနှင့်အတူ လှိုင်းလုံးကြီးများ လိပ်တက်လာသည်။

လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာကာ သူက ဘာမျှ ထပ်မပြောတော့ဘဲ ဧရာမ လက်ဝါးကြီးဖြင့် ရေခဲလွှာကို အားကုန် ရိုက်ချလိုက်သည်။

"ခွမ်း"

ရေခဲလွှာက ပေါက်ကွဲ ကွဲအက်သွားပြီး ရေခဲမြေရိုင်းဝက်ဝံ၏ ဧရာမ ခန္ဓာကိုယ်ကြီးက ရေအောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မြွေခေါင်းဒိုင်နိုဆောအဖြစ် ပြောင်းလဲထားသော ဝူယောင်ပန်း၏ မျက်လုံးအိမ်က အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ရေအောက်ကနေ ထွက်ပြေးချင်နေတာလား... အလကား အိပ်မက်မက်နေတာပဲ"

ထိုခဏတွင် သူ၏ ကိုယ်ပွားသုံးကောင်က အရိုးတိုက်ခိုက်မတတ် အေးစက်နေသော ရေပြင်ကြီးထဲသို့ လျှပ်တစ်ပြက် ခုန်ဆင်းသွားကြသည်။

ရေအောက်သို့ ရောက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက်နေသည်။

သို့သော် ဤအရာက မြွေခေါင်းဒိုင်နိုဆော သဏ္ဌာန်ရှိနေသော ဝူယောင်ပန်းကို အခက်မတွေ့စေနိုင်ပေ။

သူ၏ သဏ္ဌာန်သည် မြွေခေါင်းဒိုင်နိုဆော ဖြစ်နေသဖြင့် သူ့တွင် ရေအောက်တိုက်ခိုက်ရေးစွမ်းရည် မွေးရာပါ ရှိနေပြီးသား ဖြစ်သည်။

သို့ရာတွင် ဝူယောင်ပန်းက သေရေးရှင်ရေး တမျှအရေးကြီးသော ချို့ယွင်းချက်တစ်ခုကို မေ့လျော့နေခဲ့သည်။

"မဟုတ်သေးဘူး... ရေအောက်မှာ အလင်းရောင်မှ မရှိတာ... သံချပ်ကာ ယာဉ်တန်းရဲ့ အလင်းဓာတ် စွမ်းအင်အမြောက်တွေက ရေအောက်ထိ ပစ်လို့ မရနိုင်ဘူး"

ဤအချက်ကို တွေးမိသောအခါ ဝူယောင်ပန်းက အခြေအနေမဟန်တော့မှန်း ချက်ချင်း သဘောပေါက်သွားသည်။

"ငါ အလိမ်ခံလိုက်ရပြီ"

သူက ချက်ချင်း လှည့်ကာ ရေမျက်နှာပြင်ဆီသို့ အသေအလဲ ကူးခတ်သွားသည်။

သို့သော် အချိန်နှောင်းသွားပြီ ဖြစ်သည်။ လင်းယွမ်က တွင်းနက်အရိပ်နဂါးအဖြစ် ပြောင်းလဲကာ တွင်းနက်အရိပ်ဝကို တိုက်ရိုက် အသုံးပြုလိုက်ပြီး သူ၏ ကိုယ်ပွားသုံးကောင်ကို အရိပ်ကမ္ဘာထဲသို့ လျှပ်တစ်ပြက် ဆွဲသွင်းကာ နေရာတင် သတ်ဖြတ်လိုက်သည်။

သို့သော် ဤကိုယ်ပွားသုံးကောင် သေဆုံးသွားသည့် အခိုက်အတန့်တွင် မည်သည့် အမှတ်ရရှိသည့် အသိပေးချက်မျှ ထွက်ပေါ်မလာခဲ့ပေ။

လင်းယွမ်မှာတော့ ရင်ထဲတွင် ရှင်းလင်းစွာ သိနေသည်။ ဤအရာများက ကိုယ်ပွားများသာ ဖြစ်ပြီး ဝူယောင်ပန်း၏ မူလခန္ဓာကိုယ် မသေသရွေ့ သူက ဝူယောင်ပန်းထံမှ မည်သည့်အမှတ်ကိုမျှ ရနိုင်မည် မဟုတ်ပေ။

လင်းယွမ်က ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး ရေခဲမြေရိုင်းဝက်ဝံ သဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။

သူက ရေမျက်နှာပြင်သို့ ပြန်မကူးတော့ဘဲ ရေအောက်ခြေ အနီးတစ်ဝိုက်သို့ လျင်မြန်စွာ ကူးခတ်သွားသည်။

ကိုက်ရာချီခန့် အကွာသို့ ရောက်ပြီးနောက် ရေခဲမြေရိုင်းဝက်ဝံက လက်မောင်းကို မြှောက်ကာ ခေါင်းပေါ်ရှိ အလွန်တရာ ထူထဲလှသော ရေခဲတုံးကြီးကို အားကုန် ထိုးနှက်လိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

အပြင်းအထန် ထိုးနှက်မှုများအောက်တွင် ခေါင်းပေါ်ရှိ ရေခဲတုံးများက တခွပ်ခွပ် အသံမြည်ကာ ကွဲအက်သွားကြသည်။

အချိန်တိုအတွင်းမှာပင် ခွမ်း ခနဲ အသံနှင့်အတူ ရေခဲတုံးကြီး တစ်ခုလုံး ပေါက်ကွဲ ကွဲအက်သွားတော့သည်။

ထိုခဏတွင် စုပုံနေသော ဆီးနှင်းမြောက်မြားစွာက ရေခဲတုံး ကွဲအက်သွားသည့် ဧရာမ အပေါက်ကြီးထဲမှနေ၍ လျင်မြန်စွာ လျှောကျလာသည်။

ထိုအရာများနှင့်အတူ ဧရာမ သံချပ်ကာယာဉ်ကြီး တစ်စီးပါ လျှောကျလာသည်။

လင်းယွမ်၏ ဝက်ဝံပါးစပ်ကြီးက ပြဲသွားပြီး ထူးဆန်းသော ရယ်သံကြီး ထွက်ပေါ်လာသည်။

"ဒီသံချပ်ကာ ယာဉ်တန်းတွေက ကုန်းပေါ်မှာ သိပ်စွမ်းနေတာ... ရေအောက်မှာရော မင်းတို့ စွမ်းနိုင်သေးလား ကြည့်ရသေးတာပေါ့"

သို့သော် နောက်တစ်စက္ကန့်တွင်တော့ လင်းယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ရေအောက်သို့ ကျလာသော သံချပ်ကာယာဉ်က လျင်မြန်စွာ ပုံပန်းသဏ္ဌာန် ပြောင်းလဲသွားသည်ကို သူ တွေ့လိုက်ရသည်။

အိပ်ဇောပိုက်များ အားလုံးက တစ်ခုပြီးတစ်ခု ပိတ်သွားကြပြီး သံချပ်ကာယာဉ် တစ်စီးလုံးပေါ်တွင် သင်္ကေတများ တဖျပ်ဖျပ် လင်းလက်လာကာ ရင်းနှီးနေသည့် အချိန်တိုအတွင်းမှာပင် ဧရာမ အကာအကွယ် အတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။

ဤအကာအကွယ် အတားအဆီးက ရေပြင်ကြီး တစ်ခုလုံးကို အပြင်ဘက်သို့ တိုက်ရိုက် တွန်းထုတ်ထားသည်။

ထို့အပြင် သံချပ်ကာယာဉ်ကလည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် ရေငုပ်သင်္ဘော သဏ္ဌာန်သို့ ပြောင်းလဲသွားတော့သည်။

"ကုန်းရော ရေပါ နှစ်မျိုးစလုံး မောင်းနှင်လို့ရတဲ့ ပုံစံလား"

"ဝီ"

လင်းယွမ် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ သံချပ်ကာယာဉ်မှ ပြောင်းလဲသွားသော ဤရေငုပ်သင်္ဘောကြီးက တောက်ပစူးရှလှသော အလင်းတန်းများကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ဧရာမ ရှာဖွေရေးမီးမောင်းကြီးများကဲ့သို့ တောက်ပသော အလင်းရောင်များက ပတ်ဝန်းကျင် တစ်ခုလုံးကို ပြင်းထန်စွာ ထိုးလင်းလာသည်ကို မြင်လိုက်ရသည်။

ထိုခဏတွင် ဤဧရာမ ရေငုပ်သင်္ဘောကြီးက ရေအောက် တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ရေအောက်တွင် နစ်မြုပ်နေခဲ့သော မိုးပျံတံတားများ၊ အဆောက်အအုံများနှင့် လမ်းမီးတိုင်များ အစရှိသဖြင့် အရာအားလုံးက မီးရောင်အောက်တွင် ရှင်းလင်းပြတ်သားစွာ ပေါ်လွင်လာသည်။

သန္ဓေပြောင်း ငါးအမြောက်အမြားပင်လျှင် အလင်းရောင်နောက်သို့ ရူးသွပ်စွာ လိုက်ပါလာကြပြီး ရေငုပ်သင်္ဘော၏ အကာအကွယ်အလွှာ အနီးသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြသည်။

ဤသည်ကို မြင်သောအခါ လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို ရေစီးကြောင်းများကြားတွင် လျင်မြန်စွာ ကူးခတ်သွားကာ တစ်ဖက်လူ၏ အကာအကွယ်အလွှာကို တိုက်ရိုက် သွားရောက် ရိုက်ခွဲပြီး ပုံစံပြောင်းနိုင်သော ဤရေငုပ်သင်္ဘောကို နေရာတင် ဖျက်ဆီးပစ်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

မိမိ၏ အနောက်တွင် နောက်ထပ် မြွေခေါင်းဒိုင်နိုဆော ပုံရိပ်အချို့ ထပ်မံပေါ်လာသည်ကို လင်းယွမ် ချက်ချင်း အာရုံခံမိလိုက်သည်။

ဝူယောင်ပန်းပဲ။

တကယ်ပဲ အပြင်မှာ သူ့ကိုယ်ပွားတွေ ကျန်နေသေးတာပဲ။

ယခုအချိန်တွင် ပြေးဝင်လာသော ဤကိုယ်ပွားများက အပိုစကားများ မပြောတော့ဘဲ လင်းယွမ်ထံသို့ တိုက်ရိုက် ပြေးဝင်လာကြသည်။

ပြင်းထန်သော အလင်းရောင်များအောက်တွင် ဧရာမ သားရဲကြီး နှစ်ကောင်က ရေအောက်၌ အကြိတ်အနယ် စတင် တိုက်ခိုက်ကြတော့သည်။

လင်းယွမ်၏ ရေခဲမြေရိုင်းဝက်ဝံက ရှေ့ရှိ ရေမျက်နှာပြင်ကို တစ်ချက် ရိုက်ချလိုက်ရာ ထိုခဏမှာပင် ရေစီးကြောင်းများက ပလုံ ပလုံ အသံမြည်ကာ လျင်မြန်စွာ အေးခဲသွားသည်။

သူ၏ လက်ဝါးပြင်မှ အစပြု၍ မျက်နှာချင်းဆိုင်ရှိ မြွေခေါင်းဒိုင်နိုဆောကို လျှပ်တစ်ပြက် အေးခဲသွားစေသည်။

မြွေခေါင်းဒိုင်နိုဆော၏ မျက်လုံးများထဲတွင် ဒေါသတကြီး ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။

ရေအောက် ပတ်ဝန်းကျင်တွင် လင်းယွမ်၏ ရေခဲမြေရိုင်းဝက်ဝံက အလွန်ကြီးမားသော အားသာချက်ကို ရရှိထားသည်။

လှုပ်ရှားမှုတိုင်းက အရာအားလုံးကို အချိန်မရွေး အေးခဲသွားစေနိုင်သည်။

ကုန်းပေါ်တွင် ရှိနေစဉ်က ရေခဲမြေရိုင်းဝက်ဝံသည် ရေခဲဓာတ်အမျိုးအစား တိုက်ခိုက်ရေးသမားတစ်ဦးမျှသာ ဖြစ်သည်ဟု ဆိုပါက ယခု ရေအောက်သို့ ရောက်လာချိန်တွင် ရေခဲမြေရိုင်းဝက်ဝံက ရေခဲဓာတ် မှော်ဆရာတစ်ဦးနှင့် ပိုတူနေလေသည်။

ရေခဲတုံး အများအပြားကို ထုတ်လွှတ်ကာ တိုက်ခိုက်နိုင်သဖြင့် အနီးကပ် သတ်ပုတ်ရန်ပင် မလိုအပ်တော့ပေ။

ဤသည်က ကိုယ်ပွားခွဲရန်လောက်သာ တတ်စွမ်းသော ဝူယောင်ပန်းကို မည်သို့မျှ မတတ်နိုင် ဖြစ်သွားစေသည်။

ကံကောင်းသည်မှာ သူ့တွင် ဝှက်ဖဲများ မရှိသည်တော့ မဟုတ်ပေ။

ဝူယောင်ပန်း၏ ကိုယ်ပွားများက အဆက်မပြတ် များပြားလာပြီး လင်းယွမ်ကို ချုပ်နှောင်ထားသည်။

ရေမျက်နှာပြင်ပေါ်မှလည်း ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ရေခဲပြင် ပေါက်ကွဲပွင့်ထွက်သွားပြီး အမြောက်ပြွန် တစ်ခုပြီးတစ်ခုက ရေအောက်သို့ ထိုးဆင်းလာသည်။

ထိုသံချပ်ကာ ယာဉ်တန်းများက ရေအောက်သို့ ရမ်းသန်း ပစ်ခတ်မှုများ စတင်ပြုလုပ်လာကြသည်။

"ဘုန်း... ဘုန်း... ဘုန်း"

ဤသို့ ရမ်းသန်း ပစ်ခတ်မှုတွင် ပထမဆုံး အထိနာမည်မှာ သေချာပေါက် ဝူယောင်ပန်း၏ မြွေခေါင်းဒိုင်နိုဆော ကိုယ်ပွားများပင် ဖြစ်သည်။

သို့သော် သူက အနည်းငယ်မျှ ဂရုမစိုက်ဘဲ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတစ်ခုကိုပင် တမင်တကာ တိုက်ရိုက် နှိပ်လိုက်သေးသည်။

နောက်တစ်စက္ကန့်တွင် ဤကိုယ်ပွားက ပြင်းထန်စွာ ဖောင်းကားလာသည်ကို တွေ့လိုက်ရသည်။

"ဝုန်း"

ကြောက်မခန်းလိလိ ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာပြီး လင်းယွမ် စုစည်းထားသော ရေခဲနံရံများ အားလုံး ချက်ချင်းပင် တစ်စစီ ပေါက်ကွဲထွက်သွားသည်။

သူက ခန္ဓာကိုယ်ထဲတွင် ဖောက်ခွဲရေး ကိရိယာ တစ်မျိုးမျိုးကို ကြိုတင် ထည့်သွင်းထားခြင်းပင် ဖြစ်သည်။

ယခုအချိန်တွင် တိုက်ရိုက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ပြီး သံချပ်ကာ ယာဉ်တန်း၏ ရမ်းသန်း တိုက်ခိုက်မှုနှင့် ပူးပေါင်းကာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ဤဗျူဟာက ယခင် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲတွင် အသုံးပြုခဲ့သည်နှင့် တစ်ထပ်တည်းပင် ဖြစ်သည်။

လင်းယွမ်၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသော်လည်း ဤကဲ့သို့သော ရူးသွပ်စွာ ဗုံးကြဲတိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် သူကိုယ်တိုင်ပင်လျှင် ယာယီ ရှောင်ရှားရုံမှတစ်ပါး အခြားမရှိတော့ပေ။

"ဝှစ်"

သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး သုမာရု ဟင်းလင်းပြင်ထဲသို့ လျင်မြန်စွာ ဝင်ရောက် ပုန်းအောင်းကာ ဤသို့သော ကျယ်ပြန့်သည့် ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။

သုမာရု ဟင်းလင်းပြင်ထဲမှ တစ်ဖန် ပြန်ထွက်လာချိန်တွင် သူက သံချပ်ကာရေငုပ်သင်္ဘော တစ်စီး၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အထဲရှိလူများ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ လင်းယွမ်က တွင်းနက်အရိပ်ဝကို တိုက်ရိုက် ဖွင့်ချလိုက်သည်။

"ဝှစ်"

တွင်းနက်အရိပ်ဝက ဤရေငုပ်သင်္ဘောကို လျှပ်တစ်ပြက် ဝါးမျိုပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရေငုပ်သင်္ဘော တစ်စီးလုံးက တွင်းနက်အရိပ်ဝထဲမှ ပြန်လည် ပြုတ်ကျလာသော်လည်း ရေငုပ်သင်္ဘော အတွင်းရှိ လူများအားလုံးကမူ ချွင်းချက်မရှိဘဲ တွင်းနက်အရိပ်ဝက ဖန်တီးထားသော အရိပ်ကမ္ဘာထဲတွင် ပိတ်မိသွားကြပြီ ဖြစ်သည်။

လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားကာ ဤရေငုပ်သင်္ဘောကို ပစ္စည်းသိုလှောင်ခန်းထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။

တွင်းနက်အရိပ်ဝသည် သုံးဖက်မြင် သက်ရှိသတ္တဝါမှန်သမျှကို ဝါးမျိုနိုင်ပြီး ၎င်းတို့ကို နှစ်ဖက်မြင် အရိပ်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။

သို့သော် အသက်မရှိသော ပစ္စည်းများအတွက်မူ တိုက်ရိုက် တွန်းထုတ်ပစ်သည်။

ဆိုလိုသည်မှာ သံချပ်ကာယာဉ်မှ ပြောင်းလဲသွားသော ဤရေငုပ်သင်္ဘောသည် တွင်းနက်အရိပ်ဝ၏ ဝါးမျိုခြင်းကို ခံရသည့်အခိုက်အတန့်တွင် အထဲရှိလူများက အရိပ်ကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရပြီ ဖြစ်သည်။

သို့သော် ရေငုပ်သင်္ဘောကမူ သုံးဖက်မြင်ကမ္ဘာထဲတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ဤအချိန်တွင် ပစ္စည်းသိုလှောင်ခန်းက ဤရေငုပ်သင်္ဘောကို တိုက်ရိုက် သိမ်းဆည်းနိုင်သွားပြီ ဖြစ်သည်။

ဤအရာများ အားလုံးသည် ပြောရလျှင် ကြာသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် မျက်စိတစ်မှိတ်အတွင်း၌ ပြီးစီးသွားသော ကိစ္စများသာ ဖြစ်သည်။

အခြား သံချပ်ကာယာဉ်များမှ ပြောင်းလဲသွားသော ရေငုပ်သင်္ဘောများ၏ အမြောက်ပြွန်များက လင်းယွမ် ယခင်က ရှိနေခဲ့သော နေရာကို စုပေါင်း ဗုံးကြဲနေဆဲ ဖြစ်သည်။

သူတို့က တစ်ခုခု မှားယွင်းနေကြောင်းကို သတိထားမိချိန်တွင် အမြောက်ပြွန်များကို ပြန်လည်လှည့်ချိန်ရွယ်လိုက်သော်လည်း လင်းယွမ်က ထပ်မံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ဒီသံချပ်ကာယာဉ်ရဲ့ လက်နက်တွေကို မဖျက်ဆီးပစ်ဘူးဆိုရင် အတော်လေး ပြဿနာတက်လိမ့်မယ်"

"ဝူယောင်ပန်းရဲ့ ကိုယ်ပွားခွဲတဲ့ အစွမ်းက သိပ်ပြောပလောက်တဲ့အရာ မဟုတ်ဘူး... တစ်ယောက်ချင်းဆိုရင် ငါက တွင်းနက်အရိပ်နဂါးနဲ့ တိုက်ခိုက်ရင် သူ့ကို အသာလေး အနိုင်ယူနိုင်တယ်"

"ဒါပေမဲ့ ဒီသံချပ်ကာ ယာဉ်တန်းတွေက သူနဲ့ပူးပေါင်းပြီး အလင်းဓာတ် စွမ်းအင်အမြောက်ဆန်တွေ ပစ်ခတ်နေတော့... ငါ့ရဲ့ တွင်းနက်အရိပ်ဝ အစွမ်းကို အသေအချာ ဖြိုခွင်းနိုင်နေတယ်"

"ဒီလိုဆိုမှတော့... ဒီသံချပ်ကာ ယာဉ်တန်းတွေကို အရင် ရှင်းပစ်ရတာပေါ့"

လင်းယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းများ ဖြတ်ပြေးသွားပြီး ဗျူဟာအသစ်တစ်ခုက စိတ်ထဲတွင် ပေါ်လာပြီ ဖြစ်သည်။

စစ်မြေပြင်ပေါ်တွင် မျက်စိတစ်မှိတ်အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်နိုင်ပြီး အလွန် ထူးချွန်သော တိုက်ခိုက်ရေးပါရမီ ရှိသူမှသာ တိုက်ပွဲ၏ အရှိန်အဟုန်နှင့် လျင်မြန်စွာ အသားကျနိုင်မည် ဖြစ်သည်။

လင်းယွမ်၏ ခန္ဓာကိုယ်က နေရာအနှံ့ အဆက်မပြတ် ရွှေ့ပြောင်း သွားလာနေသည်။

သုမာရု ဟင်းလင်းပြင်က သူ့ကို မရေမတွက်နိုင်သော အမြောက်ဆန်များကို ရှောင်ရှားနိုင်စေပြီး တစ်ဖက်လူထံသို့ သရဲတစ္ဆေတစ်ကောင်အလား အလွန်လျင်မြန်စွာ ချဉ်းကပ်နိုင်စေသည်။

တွင်းနက်အရိပ်ဝကို ဖွင့်ချလိုက်သည့် အခိုက်အတန့်တွင် ကားထဲရှိ လူအားလုံးကို အရိပ်ကမ္ဘာထဲသို့ ဆွဲသွင်းသွားနိုင်သည်။

ထို့နောက် သံချပ်ကာယာဉ်ကို ပစ္စည်းသိုလှောင်ခန်းထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

ဖြစ်စဉ်တစ်ခုလုံးက အဆင့်သုံးဆင့်သာ ရှိပြီး လုပ်ဆောင်ရသည်မှာ အလွန်တရာ ရိုးရှင်းလှသည်။

ယခုအချိန်တွင် ဤအရာအားလုံးကို အာရုံခံမိနေသော ဝူယောင်ပန်း၏ မျက်နှာက ပြာနှမ်းနေသည်။

သူနှင့် နောက်ဆုံးကျန်နေသော သံချပ်ကာယာဉ် တစ်စီးက ကုန်းပေါ်တွင် ရှိနေသေးပြီး ရေအောက်တိုက်ပွဲသို့ ဝင်ရောက်လာခြင်း မရှိသေးပေ။

"မန်နေဂျာဝူ... ကျွန်တော်တို့ ခေါင်းဆောင်ဟူတို့နဲ့ အဆက်အသွယ် ပြတ်သွားပြီ"

"မန်နေဂျာဝူ... နံပါတ် (၃) နဲ့ (၄) သံချပ်ကာယာဉ်တွေလည်း လိုင်းပျောက်သွားပြီ"

"မန်နေဂျာဝူ... နံပါတ် (၅) နဲ့ (၆) ကားက အရေးပေါ် အကူအညီတောင်းတဲ့ အချက်ပြမှု လွှင့်လာတယ်... ဒုက္ခပါပဲ... လိုင်းပြတ်သွားပြန်ပြီ"

ထိုအချိန်တွင် ဘေးနားရှိ မုန်ယာအဖွဲ့သားများထံမှ စိုးရိမ်တကြီး သတင်းပို့သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ဝူယောင်ပန်းက မျက်နှာထား တင်းမာစွာဖြင့် တစ်ချက်မျှ တုံ့ဆိုင်းမနေဘဲ အမိန့်ပေးလိုက်သည်။ "ပျံသန်းရေးစနစ်ကို ဖွင့်... အခုချက်ချင်း ထိုက်ယန်တောင်ကို သွားမယ်"

"ငါတို့ ယာဉ်တန်းကို သူက ရန်စရဲမှတော့ သူ့ရဲ့ အသိုက်ကို ငါ ဗုံးသွားကြဲပစ်မယ်"

ဆက်ရန်...

All Chapters