အခန်း (၆၄၇-၆၄၈)
Vol. 33 Ch. 647-648
အပိုင်း(၆၄၇) စေတစ်လုံးပိုင်ရှင် ကုကျန့်ယဲ့
"ဟမ်... မင်းက ငါ့ကို သိနေတာပဲ"
ကုကျန့်ယဲ့က အံ့သြသွားသည့်ဟန် ပေါ်လာပြီး သူ့ရှေ့မှ တိန့်ကျဲက သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို တစ်ခွန်းတည်းနှင့် ဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။
တိန့်ကျဲ၏ မျက်နှာက တည်တင်းသွားပြီး ရေလေးဒြပ်စင်များဖြင့် စုစည်းထားသော သူ၏ခန္ဓာကိုယ်က ပုံစံအမျိုးမျိုး အဆက်မပြတ် ပြောင်းလဲနေ၏။
သူ့ထံမှ အသံထွက်ပေါ်လာသည်။ "စေတစ်လုံး အစွမ်းပိုင်ရှင်... အဓိက အရည်အသွေး အမှတ် ၁၀၀ ရှိတဲ့ အစွမ်းပိုင်ရှင်... ပေါင်ရှန်းတောင်ရဲ့ ဒုတိယခေါင်းဆောင်ဟောင်း... ပေချန်ကျွန်းရဲ့ သိမ်းသွင်းတာကို ခံခဲ့ရပြီး ပေါင်ရှန်းတောင်နဲ့ ပေချန်ကျွန်းတို့ တိုက်ပွဲဖြစ်တဲ့အချိန် ပေါင်ရှန်းတောင်ရဲ့ ခေါင်းဆောင်ကြီး ဖူဆန်းလဲ့ကို နောက်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တဲ့သူ"
"ခင်ဗျား ကုကျန့်ယဲ့ရဲ့ နာမည်က ဒီတစ်ဝိုက်မှာတော့ မိုးခြိမ်းသံလို ဟိုးဟိုးကျော်နေတာပဲ"
ကုကျန့်ယဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း "မင်းက ငါ့အကြောင်းကို သေချာ စုံစမ်းထားပုံရတယ်... ငါလည်း သိချင်လာပြီ... မင်းကရော ဘယ်သူလဲ" ဟု မေးလိုက်သည်။
"ငါ့လက်အောက်ငယ်သားတွေ ပြောတာတော့ တွင်းနက်အရိပ်ရေပေါ်ကျွန်းမှာ အဓိက အရည်အသွေး အမှတ် ၁၀၀ ရှိတဲ့ အစွမ်းပိုင်ရှင်တစ်ယောက် အပြင်ဘက်မှာ အမြဲတမ်း ပုန်းကွယ်နေတတ်တယ်တဲ့... တွင်းနက်အရိပ်ရေပေါ်ကျွန်းက ဒီအမှိုက်ကောင်တွေကို ငါတို့ ရှင်းလင်းပစ်တော့မယ့် အချိန်တိုင်း မင်းက ထွက်ထွက်လာတတ်တယ်ဆိုပဲ"
"ဘာလဲ... မင်းက ငါ့လူတွေကို ခုတုံးလို သဘောထားပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းက ဒီအမှိုက်တွေကို လေ့ကျင့်ပေးနေတာလား"
တိန့်ကျဲက "ဒီတစ်ခါတော့ ခင်ဗျားကိုယ်တိုင် ဝင်ပါလိမ့်မယ်လို့ မထင်ထားဘူး" ဟု ပြန်ပြောလိုက်သည်။
ကုကျန့်ယဲ့က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ "ဒီမှာ အချိန်ဆွဲနေတာ ကြာလွန်းနေပြီလေ... အခုမှ မလှုပ်ရှားရင် ချန်ယွင်တောက်တောင် ငါ့အပေါ် အမြင်စောင်းသွားနိုင်တယ်"
"မင်းတို့ရဲ့ ခေါင်းတွေကို ယူပြီး ချန်ယွင်တောက်ဆီ သွားအပ်လိုက်တာအကောင်းဆုံးပဲ"
ထိုသို့ပြောရင်း သူက မည်သည့် အရိပ်အယောင်မျှ မပြဘဲ လေဟာနယ်ကို ရုတ်တရက် လက်ညှိုးဖြင့် ထိုးလိုက်ကာ "ပေတစ်ထောင် ပတ်လည်အတွင်း ဒြပ်စင်အသွင်ပြောင်းခြင်း မပြုရ" ဟု ပြောလိုက်သည်။
"ဝမ်"
အလွန် ဆန်းကြယ်သော စွမ်းအားတစ်ရပ်က ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။
တိန့်ကျဲသည် မိမိ၏ အစွမ်းက ချက်ချင်း တန်ပြန် ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးက ဒြပ်စင်အသွင်ပြောင်းထားသည့် အခြေအနေမှ လျင်မြန်စွာ ရပ်တန့်သွားကာ သာမန် အသွေးအသား ခန္ဓာကိုယ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ဤမြင်ကွင်းက တိန့်ကျဲကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေ၏။
သူ သူတစ်ပါးနှင့် သေရေးရှင်ရေး တိုက်ခိုက်ခဲ့ဖူးသော်လည်း ဤမျှ ဆန်းကြယ်လှသော တိုက်ခိုက်မှု နည်းလမ်းကို ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
စကားတစ်ခွန်းတည်းနှင့်ပင် သူ့ကို ဒြပ်စင်အသွင်ပြောင်းထားသည့် အခြေအနေမှ အတင်းအဓမ္မ ထွက်ပေါ်လာစေခဲ့သည် မဟုတ်ပါလား။
ဒီသောက်ကျိုးနည်းကိစ္စက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ အလျင်အမြန် နောက်ဆုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ရေလေးဒြပ်စင်များက တစ်ခုပြီးတစ်ခု ပြင်းထန်စွာ ပစ်ပေါက်သွားတော့သည်။
သို့သော်လည်း ကုကျန့်ယဲ့က တည်ငြိမ်သော မျက်နှာထားဖြင့် "မင်းရဲ့ တိုက်ခိုက်မှုတွေက ငါ့ကို မထိစေရဘူး" ဟု ပြောလိုက်သည်ကို တွေ့လိုက်ရ၏။
"ဝမ်"
ထူးဆန်းသော မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ထူးခြားသည့် စွမ်းအင်တစ်ရပ် လည်ပတ်နေသကဲ့သို့ ဖြစ်သွားသည်။
ထိုရေလေးဒြပ်စင်များဖြင့် စုစည်းထားသော ဓားများက အမှန်တကယ်ပင် ကွေးကောက်သွားပြီး လွဲချော်သွားကြတော့သည်။
အချို့ကလည်း အချင်းချင်း ဝင်တိုက်မိကြပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကြသည်။
သရဲတစ္ဆေ ခြောက်လှန့်နေသကဲ့သို့ ဖြစ်နေသော ဤမြင်ကွင်းက တိန့်ကျဲ၏ ဦးရေပြားကို ထုံကျင်သွားစေ၏။
သူ ဘာစကားမှ ဆက်မပြောတော့ဘဲ ခေါင်းလှည့်ကာ ချက်ချင်း ထွက်ပြေးတော့သည်။
ပြိုင်ဘက်၏ စွမ်းရည်က တကယ်ကို လွန်လွန်းကျူးကျူး ဆန်းကြယ်လွန်းနေသည်။
ယင်းကို မည်သို့ ဖြေရှင်းရမည်ကို သူ လုံးဝ မသိတော့ပေ။
လောလောဆယ်တွင် အရင်ဆုံး ထွက်ပြေးမှသာ မိမိအတွက် အချိန်ရနိုင်မည် ဖြစ်သည်။
"ဒီလမ်းက သွားလို့မရဘူး"
ပေါ့ပေါ့ပါးပါး ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း"
တိန့်ကျဲ တစ်ကိုယ်လုံးက လေထုနံရံကြီးတစ်ခုပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်မိသွားပြီး ထိုနေရာတွင် မျက်စိဖြင့် မမြင်နိုင်သော အကာအကွယ်တံတိုင်းကြီး တစ်ခု အမှန်တကယ် ရှိနေသည့်အလား သူ့ကို နောက်သို့ ပြန်လည် လွင့်ထွက်သွားစေ၏။
တိန့်ကျဲ၏ မျက်နှာက ထိတ်လန့်သွားပြီး ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်သွားသည်။
ထိုအချိန်မှာပင် သူ၏ ကျောဘက်မှ လက်ဝါးတစ်ဖက် ရိုက်ချလာလေသည်။
တိန့်ကျဲ ကြက်သီးမွေးညင်း ထသွားပြီး ရုတ်တရက် လှည့်ကာ ကျောဘက်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။
"မင်း ငါ့ကို ထိုးလို့ မထိစေရဘူး"
"မင်း ငါ့ရိုက်ချက်ကြောင့် မေ့လဲသွားစေရမယ်"
ပေါ့ပေါ့ပါးပါး ရယ်မောသံ နှစ်ခု ဆက်တိုက် ထွက်ပေါ်လာပြီးနောက် တိန့်ကျဲသည် သူ၏ နဖူးပေါ်သို့ လက်ဝါးတစ်ဖက် ရိုက်ချခံလိုက်ရသည်ကိုသာ ခံစားလိုက်ရတော့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ မျက်စိရှေ့၌ အမှောင်ကျသွားပြီး အမှန်တကယ်ပင် သတိလစ်သွားတော့သည်။
ကုကျန့်ယဲ့က အစမှအဆုံးတိုင်အောင် ထိုမျှ ပေါ့ပေါ့ပါးပါးပင် ဖြစ်နေပြီး သူ မည်မျှ အထင်ကြီးစရာကောင်းသော အစွမ်းကို အသုံးပြုသွားသည်ကိုပင် မတွေ့လိုက်ရချေ။
ဤသို့ စကားအနည်းငယ်နှင့် လှုပ်ရှားမှု အနည်းငယ်ဖြင့်ပင် တစ်ချိန်က ရေနတ်ဘုရားဂိုဏ်း၏ ယဇ်ပုရောဟိတ်ကြီး လေးပါး အဆင့်အတန်းတွင် ရှိခဲ့ဖူးသော တိန့်ကျဲကို ရှင်းလင်းပစ်နိုင်ခဲ့သည်။
သူ တိန့်ကျဲကို လက်တစ်ဖက်တည်းဖြင့် မ,ချီလိုက်ပြီး ရင်ခွင်ထဲမှ လည်ပတ်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုလည်ပတ်ကို တိန့်ကျဲ၏ လည်ပင်းတွင် စွပ်ပေးလိုက်၏။
ထို့နောက် ခပ်ဖွဖွလေး ဖိနှိပ်လိုက်ရာ ချက်ချင်းပင် လည်ပတ်အတွင်းရှိ သင်္ကေတများက မှိန်ဖျော့ဖျော့ လင်းလက်သွားသည်။
၎င်းက စွမ်းအင်ချိတ်ပိတ် သင်္ကေတ လည်ပတ်တစ်ခု ဖြစ်နေသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူ ခေါင်းငုံ့ကာ အောက်ဘက်ရှိ စစ်မြေပြင်ကို ကြည့်လိုက်သည်။
မိမိလက်အောက်ရှိ လူတစ်စု အရေးနိမ့်နေသည်ကို မြင်သောအခါ ကုကျန့်ယဲ့က မျက်မှန်ကို ချွတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။
"အမှိုက်ကောင်တွေချည်းပဲ"
သူ အောက်ဘက်သို့ လက်လှမ်းကာ ဖိချလိုက်သည်ကို တွေ့လိုက်ရပြီး သူ၏ ပါးစပ်မှ "ငါ့ရဲ့ ရန်သူတွေ... မမြင်နိုင်စေရ... မကြားနိုင်စေရ... မလှုပ်ရှားနိုင်စေရ" ဟု ရေရွတ်လိုက်သည်။
"ဝမ်"
ပြင်းထန်သော မြည်ဟည်းသံက တစ်ဖန် ထွက်ပေါ်လာပြန်ပြီး မျက်စိဖြင့် မမြင်နိုင်သော လှိုင်းလုံးကြီးများက မျက်စိတစ်မှိတ်အတွင်းမှာပင် အောက်ဘက်ရှိ ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ချက်ချင်းပင် အောက်ဘက်ရှိ ဟန်ရှန်းမန်နှင့် အခြားသူများက တစ်ကိုယ်လုံး အပြင်းအထန် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ရပ်က သူတို့ကို အတင်းအဓမ္မ ဖိနှိပ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက မျက်စိတစ်မှိတ်အတွင်းမှာပင် ဟန်ရှန်းမန်တို့ကို မျက်စိရှေ့၌ အမှောင်ကျသွားစေပြီး အမြင်အာရုံများ၊ အကြားအာရုံများ ဆုံးရှုံးသွားရုံသာမက လှုပ်ရှားနိုင်စွမ်းပါ ဆုံးရှုံးသွားစေခဲ့သည်။
သူတို့ အမြင်အာရုံ မဆုံးရှုံးမီ နောက်ဆုံး မြင်လိုက်ရသည့် မြင်ကွင်းမှာ ရန်သူက ဓားဖြင့် ခုတ်ပိုင်းလာသည်ကိုပင် ဖြစ်သည်။
ဟန်ရှန်းမန်၏ နှလုံးသားက ချက်ချင်းပင် အပြင်းအထန် ခုန်ပေါက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သေရေးရှင်ရေး အကျပ်အတည်းတစ်ခုက သူမအပေါ် ဖုံးလွှမ်းလာသည်။
၎င်းက သူမကို လက်ပေါ်ရှိ ထိုလက်စွပ်ကို တုံ့ဆိုင်းခြင်း အလျဉ်းမရှိ အသက်သွင်းရန် တွန်းအားပေးလိုက်၏။
"ဝှစ်"
နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင်က ရုတ်တရက် လင်းလက်သွားပြီး သူမ၏ ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
တစ်ဖက်ရန်သူက ဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း လေဟာနယ်ကိုသာ ခုတ်မိသွားတော့သည်။
ဟန်ရှန်းမန်က ဘေးအန္တရာယ်မှ လွတ်မြောက်သွားသော်လည်း အခြားသူများကတော့ ဒုက္ခရောက်သွားကြသည်။
ဖန်ဆန်းမြို့နယ်မှ လူအများအပြား ဓားဖြင့် အခုတ်ခံလိုက်ရပြီး အချို့မှာ ပွဲချင်းပြီး သေဆုံးသွားကာ ကံကောင်းသူ အချို့မှာတော့ ပခုံးကိုသာ အခုတ်ခံလိုက်ရသည်။
ဝူယင်၊ ကျန်းဖန်တို့ကဲ့သို့ အစွမ်းမညံ့သူများကမူ ပထမဆုံး အချိန်မှာပင် ကာကွယ်ရေး အနေအထားကို စတင် ပြင်ဆင်လိုက်ကြသည်။
ကျန်းဖန် တစ်ကိုယ်လုံးကို အကြေးခွံများက ဖုံးလွှမ်းသွားပြီး သေစေနိုင်လောက်သည့် တိုက်ခိုက်မှုကို ကာကွယ်ပြီးနောက် အသံကုန် အော်ဟစ်ကာ ဘေးနားရှိ ရန်သူများကို မောင်းထုတ်ရန် လက်သီးများကို ရမ်းသမ်း ထိုးကြိတ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူ မူလနေရာ၌ ရေခဲပိတ်လှောင်ခြင်းကို ခံလိုက်ရတော့သည်။
ဝူယင်ကမူ အလွန် သတိရှိပြီး ပထမဆုံး အချိန်မှာပင် အရိပ်ထဲသို့ ဝင်ရောက်သွားကာ လျင်မြန်စွာ ထွက်ပြေး ပျောက်ကွယ်သွားခဲ့သည်။
ဤသို့ဖြင့် ထိုနေရာရှိ လူများထဲတွင် လူအနည်းစုသာ အသက်လွတ် ထွက်ပြေးနိုင်ခဲ့ပြီး ကျန်သူများအားလုံးမှာ ကုကျန့်ယဲ့၏ လက်အောက်ငယ်သားများ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ကုကျန့်ယဲ့၏ ခန္ဓာကိုယ်က အောက်သို့ ပျံသန်းဆင်းသက်လာရာ လူငယ်တစ်ယောက်က အပြေးအလွှား ရောက်လာပြီး "အဖေ... အဖေ ရောက်လာပြီကိုး" ဟု အော်ဟစ်လိုက်သည်။
"အဖေသာ ထပ်ပြီး မလာဘူးဆိုရင် ကျွန်တော်တို့ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"
ကုကျန့်ယဲ့က နှာခေါင်းရှုံ့လိုက်ပြီး "မင်းတို့မှာ ဒီလောက်ပဲ အရည်အချင်းရှိတာလား" ဟု မေးလိုက်သည်။
ကုချင်းဆန်းက မနေနိုင်တော့ဘဲ "အဖေ... ဒီလူတွေက အဓိက အရည်အသွေး အမှတ် တစ်ရာနီးပါး ရှိတဲ့ အစွမ်းပိုင်ရှင်တွေလေ... အဖေ့အဆင့်နီးပါးလောက် ရောက်နေတဲ့ အစွမ်းထက်တဲ့သူတွေပဲဟာ... ဦးလေးဟွမ်နဲ့ ဦးလေးလီတို့ အသတ်ခံရပြီးတဲ့နောက် ကျွန်တော်တို့ ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ" ဟု ပြောလိုက်သည်။
သူပြောသော ဦးလေးဟွမ်နှင့် ဦးလေးလီတို့မှာ ယခင်က တိန့်ကျဲ သတ်ဖြတ်ခြင်းခံလိုက်ရသည့် အစွမ်းပိုင်ရှင်များပင် ဖြစ်သည်။
ကုကျန့်ယဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး "တော်တော့... တခြားသူတွေက မင်းကို ဘယ်လောက် ကူညီနိုင်မလဲဆိုတာကို မျှော်လင့်မနေဖို့ ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ... ဒီကမ္ဘာပေါ်မှာ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတယ်" ဟု ပြောလိုက်သည်။
ကုချင်းဆန်းက တဟီးဟီး ရယ်မောလိုက်ပြီး "ဒါက အဖေ ရှိနေသေးလို့လေ" ဟု ပြန်ပြောသည်။
ကုကျန့်ယဲ့က သားဖြစ်သူ၏ နောက်စေ့ကို ရိုက်လိုက်ကာ "ငါက မင်းကို တစ်သက်လုံး စောင့်ရှောက်ပေးနိုင်မှာမို့လို့လား" ဟု အော်ငေါက်လိုက်သည်။
"ငါလည်း ပြိုင်ဘက်ကင်း မဟုတ်ဘူး... ငါ့ထက် စိတ်စွမ်းအင် ပိုများတဲ့ အစွမ်းပိုင်ရှင်နဲ့ တွေ့ရင် ငါ့ရဲ့ စေတစ်လုံး အစွမ်းက တစ်ဖက်လူကို လုံးဝ ကန့်သတ်နိုင်မှာ မဟုတ်ဘူး... အဲ့ဒီအချိန်ကျရင် မင်း ဘယ်လိုလုပ်မလဲ"
ကုချင်းဆန်း လန့်သွားပြီး "ကျွန်တော်တို့ ထွက်ပြေးရုံပေါ့" ဟု တီးတိုးရေရွတ်လိုက်သည်။
ကုကျန့်ယဲ့ စကားစပျောက်သွားသည်။ ပြောမရ ဆိုမရသည့် မိမိ၏ ဤသားအတွက် သူ အလွန် စိတ်ပူပန်ရသော်လည်း အမြဲတမ်း ဘာမှမတတ်နိုင် ဖြစ်နေရသည်။
သူသည် မိမိကိုယ်တိုင် အလွန်အမင်း ပင်ပန်းဆင်းရဲခံကာ ဖူဆန်းလဲ့ကိုပင် သစ္စာဖောက်ပြီး ချန်ယွင်တောက်၏ လက်အောက်သို့ ဝင်ရောက်ခဲ့ကာ ဤသားဖြစ်သူအတွက် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ရရှိအောင် ကူညီပေးခဲ့သည်။
သို့သော် သုံးလေးလ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဤသားမိုက်က စွမ်းရည်ကို အမှတ် ၁၀၀ အထိ မမြှင့်တင်နိုင်သေးပေ။
သူ့လက်ထဲရှိ သယံဇာတ အရင်းအမြစ် အများစုကို ဤသားမိုက်အပေါ်တွင် ပုံအောသုံးစွဲထားခဲ့ရသည်ကို သိထားသင့်သည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ဒေါသထွက်လာကာ "ရေဘေးကြီး မဖြစ်ခင်ကဆို တစ်မိသားစုလုံး ချွေချွေတာတာ စားသောက်ပြီး မင်းအတွက် အိမ်ဝယ်ပေးဖို့ ကြိုးစားခဲ့ကြတာ" ဟု ဆဲရေးတိုင်းထွာတော့သည်။
"မင်းက အဲ့ဒီအချိန်တုန်းက နေ့တိုင်း ငွေဖြုန်းပြီး စားသောက်တာ၊ မိန်းမလိုက်စားတာ၊ လောင်းကစားလုပ်တာတွေပဲ သိတယ်"
"အိမ်ဝယ်ဖို့ စရန်ငွေကို ငါနဲ့ မင်းအမေက ပေးခဲ့ရတာ... လစဉ်ကြေးကိုလည်း ငါတို့နဲ့ မင်းအမက ဆပ်ပေးခဲ့ရတာ... မင်း ပြောစမ်းပါဦး... မင်း ဒီနှစ်တွေထဲမှာ ဘာတွေ လုပ်ခဲ့လို့လဲ"
"အခု ရေဘေးကြီး ကပ်ဆိုး ရောက်လာတော့ ငါတို့ မိသားစု တစ်ခေတ်ဆန်းဖို့ အခွင့်အရေးကို မနည်း ရခဲ့တာ"
"မင်းအမက အရင်တုန်းက စားစရာ တစ်လုတ်အတွက်နဲ့ အဲ့ဒီ တိရစ္ဆာန်ကောင်တွေရဲ့ စော်ကားတာကို ခံခဲ့ရတာ... မင်းမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တဲ့ စိတ်ဓာတ်လေးတောင် မရှိဘူးလား"
ကုကျန့်ယဲ့က ကုချင်းဆန်းကို မနေနိုင်တော့ဘဲ တစ်ဝကြီး ဆဲဆိုလိုက်တော့သည်။
ကုချင်းဆန်းကမူ အနည်းငယ် စိတ်မရှည်သလို ဖြစ်သွားပြီး "တော်ပါတော့... အဖေက ကျွန်တော့်ကို ဆဲဖို့လောက်ပဲ သိတာ... အရင်တုန်းက အမ လဲလာတဲ့ စားစရာတွေကို ကျွန်တော်တစ်ယောက်တည်း စားခဲ့တာမှ မဟုတ်တာ... အဖေနဲ့ အမေရော မစားခဲ့ကြဘူးလား" ဟု ပြန်ပြောလိုက်သည်။
"ပြီးတော့ အဖေက ကျွန်တော့်ကို အသုံးမကျဘူးလို့ အမြဲပြောတယ်... ကျွန်တော် နိုးထလာတဲ့ အစွမ်းက ရေခဲဓာတ်လေ... အဖေ နိုးထလာတဲ့ စေတစ်လုံး အစွမ်းလိုမျိုး အထင်ကြီးစရာမှ မကောင်းတာ... ကျွန်တော်မှာ ဘာတတ်နိုင်မှာလဲ"
"အဖေက ကျွန်တော်ကို ပြောဖို့လောက်ပဲ သိတယ်... ကျွန်တော် ဘယ်လိုလုပ်မှ အဖေ ကျေနပ်မှာလဲ"
သူ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အသံကို အနည်းငယ် မြှင့်လိုက်သည်။
ဤမြင်ကွင်းက ကုကျန့်ယဲ့ကို အလွန်အမင်း ဒေါသထွက်သွားစေပြီး ကုချင်းဆန်း၏ ပါးကို ရိုက်ချလိုက်ကာ "မင်းက နာကြည်းနေသေးတာလား... ငါ ဘယ်လိုလုပ်ပြီး မင်းလို အသုံးမကျတဲ့ကောင်ကို မွေးမိပါလိမ့်" ဟု ဆဲဆိုလိုက်သည်။
ကုချင်းဆန်းလည်း ဒေါသထွက်သွားပြီး "ကျွန်တော်က အသုံးမကျဘူးဟုတ်လား... ကျွန်တော်က အဖေ့အတွက် မြေးအယောက်ပေါင်းများစွာ မွေးပေးထားတာကိုကျတော့ ဘာလို့ မပြောတာလဲ... ကျွန်တော်သာ မရှိရင် အဖေတို့ ကုမိသားစုက စောစောစီးစီး မျိုးဆက်ပြတ်နေလောက်ပြီ" ဟု ပြန်ပြောလိုက်သည်။
ကုချင်းဆန်း၏ စကားများက ကုကျန့်ယဲ့ကို ဤမိဘကျေးဇူးကန်းသော သားအား လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်ချင်စိတ် ပေါက်သွားစေလောက်အောင် အမှန်တကယ် ဒေါသထွက်စေခဲ့သည်။
"မင်း အိမ်ထောင်ရှိ အမျိုးသမီး ဘယ်နှစ်ယောက်ကို ဖမ်းဆီးခဲ့လဲ... မိန်းမ ဘယ်နှစ်ယောက်ကို စော်ကားခဲ့လဲ... မင်းက ဒီစကားကို ပြောရဲသေးတယ်ပေါ့လေ... မင်းက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ပြောရဲသေးတယ်ပေါ့လေ"
ကုချင်းဆန်းက ချက်ချင်းပင် လည်ပင်းကို မတ်ထားကာ "ဒီလောကကြီးက ဒီလိုမျိုး ပျက်စီးနေပြီပဲဟာ... ကျွန်တော်က မိန်းမအနည်းငယ်နဲ့ ပျော်ပါးတာ ဘာဖြစ်လို့လဲ" ဟု ပြန်လည် ချေပလိုက်သည်။
"နောက်ပြီးတော့... ကျွန်တော် မပျော်ပါးရင်လည်း သူတို့က အဲ့ဒီလောက် ထန်နေတာဆိုတော့ တခြားသူတွေနဲ့ ပျော်ပါးခံရမှာပဲလေ"
"ကျွန်တော် သူတို့နဲ့ ပျော်ပါးတယ်ဆိုတာက သူတို့ ကံကောင်းတာပဲ... အနည်းဆုံးတော့ ကျွန်တော့်နောက်ကို လိုက်ရင် စားစရာ၊ သောက်စရာ ရှိသေးတယ်လေ"
"အဖေလည်း ကျွန်တော်ကို မပြောပါနဲ့... ကျွန်တော် မသိဘူးလို့ မထင်နဲ့... အမေ သေသွားပြီးတဲ့နောက် အဖေ့ဘေးနားက အစေခံကောင်မလေးတွေကိုရော အဖေ လက်မလွန်ခဲ့ဘူးလား"
"မင်း ဒီခွေးကောင်လေး... မင်းကို ငါ ရိုက်သတ်ပစ်မယ်"
ကုကျန့်ယဲ့ ဒေါသတကြီး လက်ကို မြှောက်လိုက်ပြီး ဤခွေးကောင်လေးကို အရှင်လတ်လတ် ရိုက်သတ်ပစ်ချင်သွားသည်။
ကုချင်းဆန်းက လည်ပင်းကို မတ်ထားပြီး မျက်လုံးကို ပြူးကာ "လာလေ... ကျွန်တော်ကို ရိုက်သတ်လိုက်... ကျွန်တော်ကို ရိုက်သတ်လိုက်ပါ... ဘာပဲဖြစ်ဖြစ် ဒီအမှိုက်လို လောကကြီးမှာ ကျွန်တော် ဆက်ပြီး အသက်မရှင်ချင်တော့ဘူး... အမေနဲ့ အမဆီ စောစောစီးစီး လိုက်သွားချင်နေတာ" ဟု ပြောလိုက်သည်။
"ကျွန်တော်ကို သတ်လိုက်ပါတော့... ကျွန်တော်ကို သတ်ပြီး စကားနားထောင်တဲ့ သားတစ်ယောက်ကို ထပ်မွေးလိုက်ပေါ့"
ထိုစကားကို ကြားလိုက်ရသောအခါ ကုကျန့်ယဲ့က မြှောက်ထားသော လက်ဝါးကို လေထဲတွင် မလွှဲမရှောင်သာ ရပ်တန့်လိုက်ရသည်။
သူ၏ တစ်သက်တာတွင် အားနာစရာ အကောင်းဆုံးမှာ သူ၏ ဇနီးနှင့် သမီးပင် ဖြစ်သည်။
အရင်တုန်းက အသက်ရှင်သန်နိုင်ရန်အတွက် သူ၏ ဇနီးနှင့် သမီးတို့သည် ထိုစဉ်က အဆောက်အအုံထဲရှိ လူမိုက်များထံသို့ မိမိကိုယ်ကို ဆန္ဒအလျောက် ရောင်းစားခဲ့ကြသည်။
ထိုအချိန်က သူသည် အစွမ်း နိုးထလာခြင်း မရှိသေးဘဲ အသက်ရှင်သန်ရန်အတွက် မိမိ၏ ဇနီးနှင့် သမီးတို့ စော်ကားခံရသည်ကို မျက်စိသူငယ်ဖြင့်သာ ကြည့်နေခဲ့ရသည်။
နောက်ပိုင်းတွင် သူ အစွမ်း နိုးထလာပြီး ထိုအဆောက်အအုံထဲရှိ လူမိုက်ကို သတ်ပစ်ခဲ့သော်လည်း သူ၏ ဇနီးနှင့် သမီးကိုတော့ ကယ်တင်နိုင်ခဲ့ခြင်း မရှိပေ။
မူလက စားစရာများ လဲလှယ်ရရှိပြီးနောက် သမီးနှင့် ဇနီးတို့သည် စော်ကားမခံလိုသဖြင့် မြစ်ထဲသို့ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ သူ့အတွက် ဤအသုံးမကျသော သားတစ်ယောက်သာ ကျန်ရှိတော့သည်။
တစ်ခါတစ်ရံတွင် သူ အမှန်တကယ် သေစေချင်သည်မှာ ဤအသုံးမကျသော သားပင် ဖြစ်သည်။
သို့သော် ဇနီးဖြစ်သူ မထွက်ခွာမီ ပြောခဲ့သော စကားများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
"ကိုကုရေ... တို့မိသားစုမှာ ဒီသားယောက်ျားလေး တစ်ယောက်ပဲ ရှိတာ... ရှင် ဘာပဲဖြစ်ဖြစ် သူ့ကို ကာကွယ်ပေးရမယ်နော်"
"ကျွန်မ သေသွားရင် ကိစ္စမရှိပေမဲ့ သားလေးကတော့ မဖြစ်မနေ အသက်ရှင်ရမယ်နော်"
ကုကျန့်ယဲ့က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဒေါသကို မြိုသိပ်ကာ "ထွက်သွားစမ်း" ဟု ဆဲဆိုလိုက်သည်။
ကုချင်းဆန်းကမူ ထွက်မသွားဘဲ မျက်လုံးများကို ကလည်ကလည် လုပ်ကာ "အဖေ... ခုနက ထွက်ပြေးသွားတဲ့ လူတချို့ ရှိတယ်လေ... အဖေ့မှာ သူတို့ကို လိုက်သတ်ဖို့ နည်းလမ်း မရှိဘူးလား" ဟု မေးလိုက်သည်။
"ခုနက ရေဓာတ် အစွမ်းပိုင်ရှင် အမျိုးသမီးက စွမ်းရည်ထက်မြက်ရုံတင်မကဘူး... လူကလည်း အရမ်း လှတယ်... တကယ်လို့ သူ့ကိုသာ ဖမ်းပြီး ချန်ယွင်တောက်ဆီ ပို့ပေးလိုက်ရင် ချန်ယွင်တောက်ရှေ့မှာ ကျွန်တော်တို့ အဆင့်တက်သွားနိုင်တယ်"
ကုကျန့်ယဲ့က အေးစက်စက် ပြုံးလိုက်ပြီး ဤအသုံးမကျသော သားဖြစ်သူကို ကြည့်ကာ "မင်းရဲ့ အကြံအစည်ကို ငါ မသိဘူးလို့ မထင်နဲ့... မင်းက အဲ့ဒါကို ချန်ယွင်တောက်ဆီ ဆက်သချင်တာသေချာလို့လား" ဟု မေးလိုက်သည်။
"မင်းကိုယ်တိုင် မိန်းမလှလှလေး မြင်လို့ စိတ်ဖောက်ပြန်နေတာ မဟုတ်ဘူးလား... ထွက်သွားစမ်း"
သူ ကုချင်းဆန်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
ကုချင်းဆန်းက မျက်နှာပျက်သွားပြီး အခြား မိန်းမများကို ဖမ်းဆီးရန် လှည့်ထွက်သွားတော့သည်။
ကုကျန့်ယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ခုနက ဟန်ရှန်းမန် ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် သတိဝင်လာသည်။
"ဟင်းလင်းပြင် အမျိုးအစား အစွမ်း... ဒီတွင်းနက်အရိပ်ရေပေါ်ကျွန်း နောက်ကွယ်က အင်အားစုဆီမှာ ဟင်းလင်းပြင် အမျိုးအစား အစွမ်းပိုင်ရှင် ရှိနေတာ သေချာတယ်"
ဆက်ရန်...
အပိုင်း(၆၄၈) စေတစ်လုံးအစွမ်းနှင့် အရိပ်နဂါး
သူက ဟင်းလင်းပြင်အမျိုးအစား အစွမ်းပိုင်ရှင်များအကြောင်းကို သိပ်မသိလှပေ။
သို့သော်လည်း စောစောက ဟန်ရှန်းမန် ပျောက်ကွယ်သွားသည့် အခြေအနေအရ ကြည့်မည်ဆိုလျှင်...
အကယ်၍များ ဟင်းလင်းပြင်အမျိုးအစား အစွမ်းပိုင်ရှင်နှင့် တကယ်ဆုံတွေ့လာပါက သူ၏ စေတစ်လုံးအစွမ်းက တစ်ဖက်လူကို ရင်ဆိုင်နိုင်မည်လားဆိုတာ သူမသိပေ။
ဤအကြောင်းကို တွေးမိသောအခါ သူက ရုတ်တရက် အကြံတစ်ခု ရသွားသည်။
"စေတစ်လုံးအစွမ်းကို သုံးပြီး... ဒီမိန်းမကို ရှာတွေ့နိုင်မလား စမ်းကြည့်ရမယ်"
ဤသို့တွေးလိုက်ရင်း သူက ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များ လည်ပတ်သွားပြီး မျက်လုံးများထဲတွင် မရေမတွက်နိုင်သော ကြိုးမျှင်ရောင်ပြန်ဟပ်မှုများ ရေးရေးမျှ ဖြတ်သန်းသွားသည်။
"ဘာမှ ပုန်းကွယ်နေလို့ မရစေရ"
သူ့အကြည့်များထဲတွင် မရေမတွက်နိုင်သော ကြိုးမျှင်များ လှည့်ပတ်နေပြီး ပစ်မှတ်ကို ရှာဖွေလိုနေသည်။
သို့ရာတွင် ကြိုးမျှင်များ ဖြတ်သန်းသွားသော်လည်း နောက်ဆုံးတွင်တော့ တစ်ခုပြီးတစ်ခု လွဲချော်သွားလေသည်။
ကုကျန့်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "မရဘူး... ပစ်မှတ်ကို အသေအချာ မမှတ်နိုင်ရင် တစ်ဖက်လူကိုယ်ပေါ်က အကြောင်းအကျိုးကြိုးမျှင်ကို သုံးလို့ မရဘူး"
"ဒီလူ ပြေးတာ အရမ်းမြန်လွန်းတယ်"
ကုကျန့်ယဲ့က ခေါင်းယမ်းလိုက်ပြီး နောက်ဆုံးတွင်တော့ လိုက်လံသတ်ဖြတ်ရန် လက်လျှော့လိုက်တော့သည်။
သူက ဖမ်းမိထားသော လူများကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီလူတွေကို ဓားစာခံလုပ်ပြီး... ဖန်ဆန်းမြို့လေးကို ဝင်စီးကြစမ်း"
"ဟုတ်ကဲ့ပါ"
လူအားလုံးက အသီးသီး ပြန်ဖြေလိုက်ကြပြီး ထိုသူများကို ဖမ်းဆီးခေါ်ဆောင်ကာ မြစ်ကြမ်းပြင်တစ်လျှောက် တွင်းနက်အရိပ်ရေပေါ်ကျွန်းဆီသို့ စတင် ဝင်ရောက်သွားကြသည်။
တွင်းနက်အရိပ်ရေပေါ်ကျွန်းထဲသို့ ဝင်ဝင်ချင်းပင် ကုကျန့်ယဲ့က မျက်မှောင်ကြုတ်သွားသည်။
"ဒီမှာက အမှောင်ဓာတ် စွမ်းအင်တွေ ပြည့်နှက်နေတာပဲ... အလင်းရောင်က လုံးဝ ဖြတ်မဝင်နိုင်ဘူး"
"ဒီနေရာမှာ အမြင်အာရုံက လုံးဝ အသုံးမဝင်ဘူးပဲ"
ချက်ချင်းပင် သူက ပြုံးလိုက်သည်။ "ဒါပေမဲ့ ဒီနေရာက ငါ့ကိုတော့ အခက်မတွေ့စေနိုင်ပါဘူး"
သူ့ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားပြီး ပိုးဖဲကြိုးတစ်ချောင်းကို ဆွဲထုတ်ကာ မျက်လုံးပေါ်တွင် တိုက်ရိုက် စည်းနှောင်လိုက်သည်။
ထို့နောက် သူ့ပါးစပ်မှ ရေရွတ်လိုက်သည်။ "ငါ ပတ်ဝန်းကျင် ပေတစ်ထောင် အကွာအဝေးကို အာရုံခံနိုင်ရမယ်"
ချက်ချင်းပင် သူ့ခေါင်းထဲတွင် ပတ်ဝန်းကျင် ပေတစ်ထောင် အကွာအဝေးအတွင်းရှိ မြင်ကွင်းအားလုံး အမှန်တကယ် ပေါ်လာလေသည်။
ဤမြင်ကွင်းသည် အမြင်အာရုံစနစ်မှ ယူဆောင်လာခြင်း မဟုတ်ဘဲ သူ၏ ဦးနှောက်ထဲတွင် တိုက်ရိုက် ထင်ဟပ်နေခြင်း ဖြစ်သည်။
စေတစ်လုံးအစွမ်း၏ စွမ်းရည်က အမှန်တကယ်ပင် အလွန် စွမ်းအားကြီးမားလှပေသည်။
သူက လေဟာပြင်ထဲတွင် အလွန် လျင်မြန်စွာ ပျံသန်းနေပြီး အောက်ဘက်ရှိ မြစ်ကြမ်းပြင်တစ်လျှောက် ရှေ့သို့ ဆက်တိုက် ပျံသန်းသွားသည်။
သို့သော် သိပ်မကြာခင်မှာပင် သူက ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။
လေဟာပြင်အထက်တွင် အလွန် ဧရာမကြီးမားလှသော နဂါးနက်ကြီးတစ်ကောင်က မှောင်မိုက်နေသော ကောင်းကင်ယံထဲတွင် လူးလာခေါက်တုံ့ သွားလာနေသည်။
"အဲ့ဒါက..."
ကုကျန့်ယဲ့က ထူးဆန်းသည်ဟု ခံစားနေရစဉ် ထိုနဂါးနက်ကြီးက ရုတ်တရက် ခန္ဓာကိုယ်ကို လိမ်ခေါက်ကာ သူ့ထံသို့ အကြမ်းပတမ်း ခုန်အုပ်လာသည်ကို မြင်လိုက်ရသည်။
ကုကျန့်ယဲ့က မျက်နှာပျက်သွားပြီး ပါးစပ်မှ အော်ဟစ်လိုက်သည်။ "ရပ်"
"ဝီ"
ခဏချင်းမှာပင် လေဟာပြင်ထဲတွင် မြည်ဟည်းသံများ ဆက်တိုက် တုန်ခါသွားသည်။
မျက်မြင်မရသော အကြောင်းအကျိုးကြိုးမျှင်များက ဆွဲငင်ကာ ထိုမှောင်မိုက်နေသော လေဟာပြင်ကို ချိတ်ပိတ်လိုက်သည်။
နဂါးနက်ကြီး၏ ခန္ဓာကိုယ်က လေဟာပြင်ထဲတွင် အမှန်တကယ်ပင် ရပ်တန့်သွားလေသည်။
သို့သော် ၎င်း၏ ဧရာမ မျက်လုံးကြီးနှစ်လုံးကတော့ အပြင်းအထန် တုန်ခါနေဆဲဖြစ်ပြီး အထက်အောက် လှိမ့်နေကာ ၎င်းတွင် ရုန်းကန်ရန် ခွန်အား အကြွင်းအကျန် ရှိနေသေးသည်မှာ သိသာထင်ရှားနေသည်။
တိန့်ကျဲနှင့် နှိုင်းယှဉ်လျှင် ဤနဂါးနက်ကြီးကလည်း အဓိက အရည်အသွေး ၁၀၀ မှတ် ရှိသော သက်ရှိပင် ဖြစ်သည်။
ထိုမျှမက ၎င်းက ဤနေရာရှိ နှလုံးအမြူတေကို သန့်စင်ထားသဖြင့် စွမ်းအားက ဤအဆင့်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
အဓိက အရည်အသွေး တစ်ရာမှတ် တူညီသော ကုကျန့်ယဲ့နှင့် ရင်ဆိုင်ရချိန်တွင် ၎င်း၌ ခုခံရန် ခွန်အား ရှိနေသည်မှာ သဘာဝပင် ဖြစ်သည်။
၎င်း၏ အပြင်းအထန် ရုန်းကန်မှုနှင့်အတူ လေဟာပြင်တစ်ခုလုံး အနည်းငယ် တုန်ခါနေသည်ကို တွေ့လိုက်ရသည်။
ကုကျန့်ယဲ့က အံကို တင်းတင်းကြိတ်ထားလိုက်ပြီး စိတ်စွမ်းအင် အာရုံခံမှုထဲတွင် မရေမတွက်နိုင်သော အကြောင်းအကျိုးကြိုးမျှင်များ ဆက်တိုက် တုန်ခါနေကာ မူလနေရာသို့ ပြန်လည်ရောက်ရှိလိုနေကြသည်။
သူက ဤအကြောင်းအကျိုးကြိုးမျှင်များကို အစွမ်းကုန် ဆွဲငင်ထားပြီး စေတစ်လုံးအစွမ်း ၏ အာနိသင်ကို ထိန်းသိမ်းထားလိုက်သည်။
စေတစ်လုံးအစွမ်း ဟူသည်က အမှန်တကယ်တော့ လင်းယွမ် ခန့်မှန်းထားသည်နှင့် တစ်ထပ်တည်းပင် ဖြစ်သည်။
၎င်းက အကြောင်းအကျိုး အမျိုးအစား သန္ဓေပြောင်းအစွမ်း တစ်မျိုးပင် ဖြစ်သည်။
ထိုအစွမ်းသည် အကြောင်းအကျိုးကြိုးမျှင်များကို ထိန်းချုပ်ခြင်းဖြင့် စေတစ်လုံးအစွမ်း အာနိသင်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
သို့ရာတွင် အကြောင်းအကျိုးကြိုးမျှင်များကို ထိန်းချုပ်ရန်မှာ သဘာဝအားဖြင့် စေတစ်လုံးအစွမ်း ကို အသုံးပြုသူ၏ စိတ်စွမ်းအင်ကို အားကိုးရမည် ဖြစ်သည်။
အကယ်၍ စိတ်စွမ်းအင်က နိမ့်ကျလွန်းနေပါက အကြောင်းအကျိုးကြိုးမျှင်များကို မရွှေ့ပြောင်းနိုင်ဘဲ အကြောင်းအကျိုး၏ တန်ပြန်ရိုက်ခတ်မှုကို ခံရလိမ့်မည် ဖြစ်သည်။
ယခုအချိန်တွင် ကုကျန့်ယဲ့က အခြေအနေ မကောင်းသည်ကို ရိပ်မိနေပြီဖြစ်ပြီး သူ့ရှေ့ရှိ ဤနဂါးနက်ကြီး၏ စိတ်စွမ်းအင် ပြင်းအားက သူ့ထက် မနိမ့်ကျသည်မှာ သေချာနေသည်။
ယခု သူက စေတစ်လုံးအစွမ်း ကို အသက်သွင်းလိုက်ရာ တန်ပြန်ရိုက်ခတ်ခံရမည့် လက္ခဏာများ ခပ်ရေးရေး ပေါ်လွင်နေသည်။
သူ ထိတ်လန့်သွားသည့် တစ်ချိန်တည်းမှာပင် တုံ့ဆိုင်းနေခြင်း မရှိဘဲ စည်သွတ်ဘူးကဲ့သို့ အရာတစ်ခုကို ဆွဲထုတ်လိုက်သည်။
ထို့နောက် နဂါးနက်ကြီးထံသို့ အားကုန်သုံးကာ အကြမ်းပတမ်း ပစ်ပေါက်လိုက်သည်။
"ဝုန်း"
စည်သွတ်ဘူးက နဂါးနက်ကြီး၏ အရှေ့သို့ ဝုန်းခနဲ ကျရောက်သွားပြီးနောက် ဘူးက ခဏချင်းမှာပင် ပေါက်ကွဲထွက်သွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များက တိုက်ရိုက် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
လေဟာပြင်ထဲတွင် ရေခိုးရေငွေ့များ အေးခဲသွားပြီး ရေခဲမှုန် အမြောက်အမြား ထွက်ပေါ်လာသည်။
ဤဘူးထဲတွင် ရေခဲချိတ်ပိတ် ကျောက်တုံးများ အပြည့်ထည့်ထားပြီး တစ်ကြိမ် ပစ်ပေါက်လိုက်သည်နှင့် အနည်းဆုံး စတုရန်းပေ တစ်ထောင် အကွာအဝေးအတွင်းရှိ သက်ရှိများကို ချက်ချင်း အေးခဲသွားစေနိုင်သည်။
ဤအရာသည် မြူခိုးမြို့တော်မှ ထွက်ရှိခြင်းဖြစ်ပြီး လူများက ရေခဲချိတ်ပိတ် ဗုံးဟု ခေါ်ဆိုကြကာ စွမ်းအားက အတော်လေး အံ့မခန်းပင် ဖြစ်သည်။
ယခင်က သူသည် ဤအရာကို အားကိုးကာ ဖူဆန်းလဲ့ကို မမျှော်လင့်ဘဲ အေးခဲစေခဲ့ပြီး ဖူဆန်းလဲ့၏ ကျောဘက်မှ တိုက်ခိုက်ကာ တစ်ချိန်တည်းမှာပင် အေးအေးဆေးဆေး ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဖူဆန်းလဲ့ကို မသတ်နိုင်ခဲ့သဖြင့် ယခု သူက ဖန်ဆန်းကျွန်းဘက်သို့ ရှေ့တန်းကင်းအဖြစ် စေလွှတ်ခံလိုက်ရခြင်း ဖြစ်သည်။
ကုကျန့်ယဲ့က တွေးတောနေရင်း ဆက်လက်၍ ဤနဂါးနက်ကြီးကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
သို့ရာတွင် နောက်တစ်စက္ကန့်မှာပင် သူ၏ မျက်နှာက ရုတ်တရက် အပြင်းအထန် ပြောင်းလဲသွားသည်။
နဂါးနက်ကြီး၏ ခန္ဓာကိုယ်က ရုတ်ခြည်း ဝေဝါးသွားလေသည်။
ပတ်ဝန်းကျင်ရှိ အအေးဓာတ်များက ၎င်းကို အေးခဲအောင် မလုပ်နိုင်ခဲ့ပေ။
ထိုမျှမက ကုကျန့်ယဲ့က စေတစ်လုံးအစွမ်း၏ အာနိသင် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သူ ကိုယ်တိုင် ထိန်းချုပ်ထားသော အကြောင်းအကျိုးကြိုးမျှင်များက ဝုန်းခနဲ ပြတ်တောက်သွားတော့သည်။
"ဝေါ့"
အကြောင်းအကျိုးကြိုးမျှင်များ ပြတ်တောက်သွားသည်နှင့်အမျှ ကုကျန့်ယဲ့က ချက်ချင်းပင် အကြောင်းအကျိုး၏ တန်ပြန်ရိုက်ခတ်မှုကို ခံလိုက်ရပြီး သွေးတစ်လုတ်ကို ရုတ်တရက် အန်ချလိုက်သည်။
သူ့မျက်နှာတွင် အလွန်ဒေါသထွက်သွားသည့် အမူအရာ ပေါ်လာပြီး ခေါင်းမော့ကြည့်လိုက်ရာ ထိုနဂါးနက်ကြီးက လေထဲတွင် အလိုလို ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သည်။
ချက်ချင်းပင် အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု ဝင်ရောက်လာပြီး ကုကျန့်ယဲ့က အလျင်အမြန် သတိဝင်လာသည်။
"ဒါက အမှောင်ဓာတ် သန္ဓေပြောင်း သတ္တဝါပဲ... အမှောင်ရိပ်ထဲမှာ သူ ပုန်းနေနိုင်တယ်"
ဤအချက်ကို တွေးမိသောအခါ ကုကျန့်ယဲ့က အကြီးအကျယ် မျက်နှာပျက်သွားပြီး အလျင်အမြန် နောက်သို့ ဆုတ်လိုက်ကာ ပါးစပ်မှ အော်ဟစ်လိုက်သည်။ "အရိပ်တွေ ပျောက်ကွယ်စေ... အရိပ်တွေ ပျောက်ကွယ်စေ"
သူက ဆက်တိုက် အော်ဟစ်လိုက်ရာ သူ့ဘေးရှိ အမှောင်ဓာတ် စွမ်းအင်များက အမှန်တကယ်ပင် သူ့ထံမှ ဖယ်ရှားခံလိုက်ရပြီး ပတ်ဝန်းကျင်တွင် စွမ်းအင်ကင်းမဲ့ဇုန် တစ်ခု ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ဧရာမ အရိပ်မည်းကြီးတစ်ခုက ဝင်ရောက်လာသော်လည်း ဤဧရိယာထဲသို့ အမှန်တကယ်ပင် ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိပေ။
ကုကျန့်ယဲ့က အာရုံခံကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ အရိပ်များထဲတွင် ဧရာမ အရိပ်မည်းကြီးတစ်ခုက အရိပ်ကမ္ဘာထဲ၌ သွားလာနေသည်ကို အမှန်တကယ် မြင်လိုက်ရသည်။
၎င်းက သုံးဘက်မြင် သက်ရှိတစ်ကောင်က နှစ်ဘက်မြင် မျက်နှာပြင်ကို ငုံ့ကြည့်နေသည်နှင့် တူနေသည်။
ထိုနဂါးနက်ကြီးက သူ့ပတ်ဝန်းကျင်တွင် အလွန် လျင်မြန်စွာ ကူးခတ်နေပြီး အကြိမ်ကြိမ် ဝင်တိုက်ရန် ကြိုးစားသော်လည်း အရိပ်များက ဤဘက်သို့ မရောက်ရှိနိုင်သောကြောင့် သူ့ကို ဝါးမျိုနိုင်ခြင်း မရှိသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ကုကျန့်ယဲ့က မျက်နှာပျက်သွားပြီး ဤကဲ့သို့သော ဧရိယာအကွာအဝေးအတွင်း စေတစ်လုံးအစွမ်းကို အသုံးပြုခြင်းက သူ၏ သန္ဓေပြောင်းစွမ်းအင် အမြောက်အမြားကို ကုန်ဆုံးစေလိမ့်မည် ဖြစ်သည်။
ဒီနေရာမှာ ဒီတိရစ္ဆာန်နဲ့ ဆက်ပြီး ရင်ဆိုင်နေလို့ လုံးဝ မဖြစ်ပေ၊ ဒီလို ဆက်ပြီး အချိန်ဆွဲနေလျှင် သူပဲနစ်နာပေလိမ့်မည်။
ဤသို့တွေးမိသောအခါ ကုကျန့်ယဲ့က ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး လာရာလမ်းဘက်သို့ အလွန် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
"ကယ်ကြပါဦး... ကယ်ကြပါဦးဗျ"
သိပ်မဝေးလှသော နေရာသို့ ပျံသန်းသွားပြီးသည်နှင့် အောက်ဘက်ရှိ သူ့တပည့်များ၏ အကူအညီတောင်းသံကို ကြားလိုက်ရသည်။
သူက ခေါင်းငုံ့ကြည့်လိုက်ရာ ထိုနဂါးနက်ကြီးက လိုက်လာပြီဖြစ်ပြီး ၎င်းရောက်ရှိသွားသော နေရာတိုင်းက အရိပ်ကမ္ဘာအဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
သူ၏ ဤတပည့်များက အရိပ်ကမ္ဘာထဲသို့ လျင်မြန်စွာ ဝါးမျိုခံလိုက်ရလေသည်။
ကုကျန့်ယဲ့က အလွန် ဒေါသထွက်သွားပြီး ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားကာ အလွန် လျင်မြန်စွာ ဆင်းသက်လိုက်သည်။
သူ ဖြတ်သန်းသွားသော နေရာများရှိ အရိပ်များက ချက်ချင်းပင် ဖယ်ရှားခံလိုက်ရပြီး ပြန့်ပြူးနေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ကျသွားသည်နှင့် တူနေသည်။
ချက်ချင်းပင် လှိုင်းဂယက်များ ထလာကာ အရိပ်များ ပြန့်ကျဲသွားပြီး အထဲရှိ လူရိပ်များက ကယ်တင်ခံလိုက်ရသည်။
ကုကျန့်ယဲ့က အော်ဟစ်လိုက်သည်။ "မြန်မြန် သွားကြ"
ပြောပြီးသည်နှင့် သူက ဤတပည့်တစ်စုကို ခေါ်ဆောင်ကာ ဤရေပေါ်ကျွန်းမှ အလွန် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
ဤတပည့်များသည် သူ ပေါင်ရှန်းတောင်တွင် ရှိစဉ်က ပြုစုပျိုးထောင်ခဲ့သော သစ္စာရှိသည့် အဖွဲ့သားများ ဖြစ်သဖြင့် လုံးဝ အဆုံးရှုံးခံ၍ မရပေ။
၎င်းက နောင်တစ်ချိန် ချန်ယွင်တောက်၏ လက်အောက်တွင် အလုပ်လုပ်ရမည့် သူ့အဖွဲ့သားများလည်း ဖြစ်သောကြောင့် အရေးပါမှုက ပြောစရာပင် မလိုပေ။
ထို့ကြောင့်သာ သူက အချိန်အနည်းငယ် ကြန့်ကြာခံပြီး သန္ဓေပြောင်းစွမ်းအင် အမြောက်အမြားကို အလဟဿ အကုန်ခံကာ သူတို့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
သူ ရောက်လာသည်နှင့်အမျှ ဤလူများက သူ့နောက်သို့ အလျင်အမြန် လိုက်ပါသွားကြပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အပြင်ဘက်သို့ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
သိပ်မကြာခင်မှာပင် ဤလူစုက တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ ထွက်လာနိုင်ခဲ့ကြသည်။
အပြင်ဘက်ရှိ လင်းထိန်နေသော ကမ္ဘာကြီးကို ပြန်မြင်လိုက်ရသောအခါ ဤလူစုမှာ အလွန် စိတ်လှုပ်ရှားလွန်းသဖြင့် အော်ငိုချင်လုမတတ် ဖြစ်သွားကြသည်။
လူသားများ၏ အမှောင်ကို ကြောက်ရွံ့တတ်သော မွေးရာပါ စရိုက်က သူတို့ တွင်းနက်အရိပ်ရေပေါ်ကျွန်း အထဲတွင် ရှိနေစဉ် ကြောက်ရွံ့မှုကို အမြင့်ဆုံးအထိ ကြီးထွားသွားစေခဲ့သည်။
ကုချင်းဆန်းက လူများကို ခေါ်ဆောင်ကာ ကြိုဆိုလိုက်ပြီး အလျင်အမြန် မေးလိုက်သည်။ "အဖေ... ဘာဖြစ်လာတာလဲ... အထဲမှာ ဘာတွေ ဖြစ်ခဲ့လို့လဲ"
ကုကျန့်ယဲ့က မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။ "အထဲမှာ အမှောင်ဓာတ် သန္ဓေပြောင်း သတ္တဝါ တစ်ကောင် ရှိတယ်... အဓိက အရည်အသွေးက မှတ် ၁၀၀ အထိတောင် ရှိတယ်... အတင်း ဝင်တိုက်လို့ မရဘူး"
သူက မိမိ ခေါ်ထုတ်လာသော လူများကို တစ်ချက် ဝေ့ကြည့်လိုက်ရာ မျက်နှာက ပို၍ပင် ပျက်ယွင်းသွားလေသည်။
အကြောင်းမှာ ယခုတစ်ကြိမ် ထွက်ပြေးလာနိုင်သူက လူတစ်ဝက်သာ ကျန်တော့သောကြောင့် ဖြစ်သည်။
စောစောက သူ အချိန်မီ ကယ်တင်နိုင်ခဲ့သော်လည်း ထိုနဂါးနက်ကြီးက လူတစ်ဝက်နီးပါးကို ဝါးမျိုသွားခဲ့ပြီ ဖြစ်သည်။
ကုချင်းဆန်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "အဖေ... ဘယ်လိုလုပ် နဂါးနက်ကြီးက အဲ့ဒီလောက်တောင် အစွမ်းထက်နေတာလဲ... အဖေတောင် သူ့ကို မယှဉ်နိုင်ဘူးလား"
ကုကျန့်ယဲ့က ခေါင်းယမ်းလိုက်သည်။ "ဒီကျွန်းပေါ်မှာ နေရာတိုင်းက အမှောင်ဓာတ် စွမ်းအင်တွေချည်းပဲ... အလင်းရောင်က ဖြတ်မဝင်နိုင်ဘူး... အဲ့ဒီ တိရစ္ဆာန်က နေရာအသာစီးရနေတော့ ငါဆိုရင်တောင် သူ့ကို သတ်ဖို့ အရမ်း ခက်တယ်"
ကုချင်းဆန်းက အလျင်အမြန် မေးလိုက်သည်။ "ဒါဆို ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ"
ကုကျန့်ယဲ့က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဒီကျွန်းကို ဝိုင်းထားလိုက်... ဒီကျွန်းပေါ်မှာ နေရောင် လုံးဝ မရှိဘူးဆိုတော့ စိုက်ပျိုးလို့ ရမှာ မဟုတ်ဘူး... စားစရာ အလုံအလောက်လည်း ရှိမှာ မဟုတ်ဘူး"
"သူတို့ အနှေးနဲ့အမြန် စားစရာ ထွက်ရှာကြမှာပဲ... တစ်ယောက်ထွက်လာရင် တစ်ယောက်သတ်မယ်... နှစ်ယောက်ထွက်လာရင် နှစ်ယောက်သတ်မယ်"
"ဒါပေမဲ့ ဒီလိုဆိုလည်း မရဘူးလေ... မြူခိုးမြို့တော်ဘုရင်က ကျွန်တော်တို့ကို ပေးထားတဲ့ အမိန့်က ဒီရေပေါ်ကျွန်းကို တိုက်ယူဖို့လေ" ကုချင်းဆန်းက မနေနိုင်ဘဲ ပြောလိုက်သည်။
ကုကျန့်ယဲ့က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်း ဘာသိလို့လဲ... ဒီကျွန်းမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်လောက် တိုက်ခိုက်နိုင်စွမ်း မရှိဘဲနဲ့ ဘယ်သူက တိုက်ယူနိုင်မှာလဲ"
"အဲ့ဒီ လင်း ဆိုတဲ့ကောင်က ဒီဘက်က အခြေအနေကို အစောကတည်းက ကြိုတွေးထားလို့ ဒီရေပေါ်ကျွန်းကနေ ဒီလောက်တောင် စိတ်ချလက်ချ ထွက်သွားပြီး ထိုက်ယန်တောင်ကို ပြန်ပြီး အေးအေးဆေးဆေး နေနေတာပေါ့"
"ဒီကျွန်းက ဘာမှသိပ်ပြီး အသုံးမဝင်ဘူး... အမှောင်ဓာတ် အစွမ်းပိုင်ရှင် မဟုတ်ဘူးဆိုရင် တိုက်ယူလို့လည်း ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး"
"ချန်ယွင်တောက်က ဒီကျွန်းကို လိုချင်တာ မျက်နှာချင်းဆိုင် စစ်ကြေညာချင်ရုံ သက်သက်ပဲ"
"ဖန်ဆန်းကျွန်း ရှိနေသရွေ့ သူက အဲ့ဒါကို ခံတပ်လုပ်ပြီး အဲ့ဒီမှာ တပ်စွဲထားပြီး... ဖန်ဆန်းကျွန်းကနေ ထိုက်ယန်တောင်ကို သွားတိုက်လို့ ရတယ်လေ"
ကုချင်းဆန်းက ဤစကားကို ကြားသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ထို မြူခိုးမြို့တော်သခင်ကိုသာ ဖြေရှင်းနိုင်မည် ဆိုပါက အားလုံးက အဆင်ပြေသွားမည် ဖြစ်သည်။
ကုကျန့်ယဲ့က သူ၏ ဤသားဖြစ်သူကို ကြည့်လိုက်ရာ ရင်ထဲတွင် မီးဟုန်းဟုန်း တောက်သွားမိသည်။
သူ၏ ဤအသုံးမကျသော သားက စံပြ အိမ်ကျယ် တစ်ယောက်ပင် ဖြစ်သည်။
သူ့အပေါ်တွင်မူ အော်ဟစ်ဆဲဆိုပြီး ဒေါသထွက်ရဲသော်လည်း ချန်ယွင်တောက်၏ အရှေ့တွင်တော့ ဘာအသံမှတောင် မထွက်ရဲပေ။
ချန်ယွင်တောက်ကို အလွန်အမင်း ကြောက်ရွံ့လွန်းသဖြင့် ကွယ်ရာမှာတောင်မှ တစ်ဖက်လူကို မြူခိုးမြို့တော်သခင်ဟု ခေါ်ဆိုရဲပြီး သို့မဟုတ် မြူခိုးမြို့တော်မှ လူများကို အတုခိုးကာ ဘုရင်မင်းမြတ်ဟုပင် ခေါ်ဆိုနေလေသည်။
ကုကျန့်ယဲ့က ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး သူ၏ ဤသားအပေါ်တွင် အမှန်တကယ်ပင် ဘာမှ မတတ်နိုင်တော့ပေ။
...
အမှောင်ထုထဲတွင် ဟန်ရှန်းမန်က တွင်းနက်အရိပ်ရေပေါ်ကျွန်း၌ လမ်းပျောက်နေလေသည်။
သူမက မြေပြင်ကို စမ်းသပ်ကာ အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။
ကုကျန့်ယဲ့တို့ လူစုက တွင်းနက်အရိပ်ရေပေါ်ကျွန်းထဲသို့ ဝင်ရောက်သွားပြီးနောက် သူမက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းထဲသို့ ပြန်လည် ပြေးဝင်သွားခဲ့သည်။
အပြင်ဘက်တွင် သူမ မည်သို့ပင် ထွက်ပြေးစေကာမူ တစ်ဖက်လူ၏ ထိုထူးဆန်းသော စွမ်းရည်များမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူမ နားလည်ထားသည်။
လောလောဆယ်တွင် တွင်းနက်အရိပ်ရေပေါ်ကျွန်းသို့ ပြန်သွားပြီး ယာယီ ရှောင်တိမ်းနေမှသာ အဆင်ပြေမည် ဖြစ်သည်။
"ထိုက်ယန်တောင်ဘက်ကို အမြန်ဆုံး ဆက်သွယ်ပြီး... ကိုလင်းယွမ်ကို ဝင်ပါပေးဖို့ တောင်းဆိုရမယ်"
"ဒီလူရဲ့ အစွမ်းက အရမ်းကို ထူးဆန်းလွန်းတယ်"
ဟန်ရှန်းမန်က ရင်ထဲတွင် အလွန် စိုးရိမ်ပူပန်နေပြီး ဖမ်းဆီးခံလိုက်ရသော ထိုအဖော်များကို တွေးမိသောအခါ ရင်ထဲတွင် ဝမ်းနည်းဒေါသထွက်မိသည်။
"ခေါင်းဆောင်ဟန်"
သူမက အမှောင်ထဲတွင် လမ်းကြောင်းကို အသေအချာ မခွဲခြားနိုင်ဖြစ်နေစဉ် မိန်းကလေးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
ဟန်ရှန်းမန်က ချက်ချင်း လန့်သွားပြီးနောက် အလျင်အမြန် သတိဝင်လာသည်။ "ကျိုးယွဲ့လား"
ယင်ကျိုးယွဲ့က သူမအနီးသို့ လျင်မြန်စွာ ရောက်လာပြီး ပြောလိုက်သည်။ "ခေါင်းဆောင်ဟန်... အမလည်း လွတ်လာတာလား"
ဟန်ရှန်းမန်က ဝမ်းသာအံ့သြဖြစ်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "ငါတို့လူတွေ ဘယ်နှစ်ယောက် ပြန်ရောက်လာကြလဲ"
ယင်ကျိုးယွဲ့က သက်ပြင်းချလိုက်သည်။ "ဘယ်နှစ်ယောက်မှ မပါဘူး... ကျွန်မရယ်၊ ချန်ကွမ်းမင်ရယ်၊ ခေါင်းဆောင်ဝူတို့ရယ်ပဲ ပါတယ်... တခြားလူတွေ အားလုံးကတော့ တစ်ဖက်လူ ဖမ်းဆီးတာကို ခံလိုက်ရတယ်"
ဟန်ရှန်းမန်က အလွန် ဒေါသထွက်သွားသော်လည်း သူမက လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းလိုက်ပြီး မေးလိုက်သည်။ "ဝူယင်ရော"
"ဖန်ဆန်းမြို့လေးထဲမှာပါ... အခြေအနေ ထွက်ကြည့်ဖို့ သူ ကျွန်မကို လွှတ်လိုက်တာ... အစ်မနဲ့ လာဆုံမယ်လို့ မထင်ထားဘူး"
ဟန်ရှန်းမန်က ပြောလိုက်သည်။ "အခု အခြေအနေအရ ငါတို့ အပြင်ထွက်လို့ မရလောက်တော့ဘူး... တစ်ဖက်လူတွေရော ဝင်တိုက်သေးလား"
ယင်ကျိုးယွဲ့က ပြောလိုက်သည်။ "တစ်ခါတော့ ဝင်တိုက်တယ်... သူတို့က ကျွန်မတို့လူတွေကို ဓားစာခံ လုပ်ပြီး ပင်လယ်ထွက်ပေါက်ဘက်က မြစ်ကြမ်းပြင်ကနေ ဆန်တက်လာတာလေ... အဲ့ဒါ အစောင့်အရှောက် အရိပ်နဂါးကို သွားအနှောင့်အယှက်ပေးမိသွားတယ်"
"ကုကျန့်ယဲ့က အရိပ်နဂါးရဲ့ ပြိုင်ဘက် မဟုတ်တော့ လူတွေကို ခေါ်ပြီး ထွက်ပြေးသွားတယ်... အခွင့်အရေးရှာ အပြင်ထွက်ပြီး ထိုက်ယန်တောင်ကို သတင်းသွားပေးလို့ ရမလားဆိုတာ ထွက်ကြည့်ဖို့ ခေါင်းဆောင်ဝူက ကျွန်မကို လွှတ်လိုက်တာ"
ဤစကားကို ကြားသောအခါ ဟန်ရှန်းမန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"သူတို့ ဝင်လာလို့ မရဘူးဆိုတော့... တော်သေးတာပေါ့... တော်သေးတာပေါ့"
ယင်ကျိုးယွဲ့က ဟန်ရှန်းမန်ကို ခေါ်ဆောင်ကာ ဖန်ဆန်းမြို့လေးသို့ လျင်မြန်စွာ ပြန်ရောက်သွားပြီး ဝူယင်တို့ကို တွေ့လိုက်ရသည်။
ဝူယင်သာမက စောစောက နဂါးနက်ကြီးနှင့် ကုကျန့်ယဲ့တို့ တိုက်ခိုက်နေစဉ် လော်ဟုန်မြန်တို့ကလည်း အခွင့်ကောင်းယူကာ ထွက်ပြေးလာနိုင်ခဲ့ပြီး ယခု ချန်ကွမ်းမင်က ရှာတွေ့သွားကာ ဖန်ဆန်းမြို့လေးသို့ အတူတကွ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
ဟန်ရှန်းမန်က မေးလိုက်သည်။ "ခေါင်းဆောင်ဝူ... အခုတစ်ခေါက် ငါတို့ လူဘယ်လောက် ဆုံးရှုံးသွားလဲ"
ဝူယင်က သက်ပြင်းချလိုက်သည်။ "လူတစ်ဝက်နီးပါးလောက်က တစ်ဖက်လူရဲ့ လက်ထဲမှာ အဖမ်းခံလိုက်ရတယ်"
ဟန်ရှန်းမန်က မျက်နှာထား တင်းမာသွားပြီး ကိုလင်းယွမ် ပေးအပ်ထားသော တာဝန်ကို ဤကဲ့သို့ ဖြစ်သွားအောင် လုပ်မိသဖြင့် မိမိ၏ အစွမ်း နိမ့်ကျမှုကိုသာ တိတ်တဆိတ် အပြစ်တင်နေမိတော့သည်။
ဆက်ရန်...