← Chapters

အခန်း (၆၄၉-၆၅၀)

Vol. 33 Ch. 649-650

အခန်း (၆၄၉-၆၅၀)

Vol. 33 Ch. 649-650

အပိုင်း(၆၄၉) ဖမ်းဆီးခံရခြင်းနှင့် အညံ့ခံရန် ဖျောင်းဖျခြင်း

ယင်ကျိုးယွဲ့က "ခေါင်းဆောင်ဝူ... ကျွန်မ ခုနလေးတင် ကြည့်ပြီးပြီ... ဟိုဘက်ကလူတွေ ဆုတ်မသွားသေးဘူး... အပြင်ဘက်မှာ စောင့်နေကြတုန်းပဲ... ဒါက ကျွန်မတို့ကို လှောင်ပိတ်သတ်ချင်နေတာပဲ" ဟု ပြောလိုက်သည်။

ဝူယင်ကတော့ စိုးရိမ်ပူပန်ခြင်းမရှိဘဲ "ဟိုဘက်ကလူတွေ အရိပ်နဂါးကို လန့်သွားကြပြီ... ကြည့်ရတာ ဒီထဲကို အလွယ်တကူ ဝင်မလာရဲကြတော့ဘူးထင်တယ်" ဟု ပြောလိုက်သည်။

"ငါတို့ကို အသေအလဲ ပိတ်ဆို့ထားချင်တာကတော့ အချည်းနှီးပါပဲ"

"ငါတို့လို အမှောင်ဓာတ် အစွမ်းပိုင်ရှင်တွေ ရှိနေမှတော့ မြစ်ကြောင်းကနေ ထွက်သွားစရာ မလိုပါဘူး... ကြုံရာ လမ်းကြောင်းတစ်ခုရှာပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းကနေ ထွက်သွားလို့ရတယ်"

"ဒါဆို... ကျိုးယွဲ့... မင်းကို တာဝန်တစ်ခု ပေးမယ်... မင်း တခြားလမ်းကြောင်းကနေ အမြန်ဖောက်ထွက်ပြီး ထိုက်ယန်တောင်ကို သတင်းပို့... ဒီက အခြေအနေတွေကို လင်းယွမ်ဆီ မဖြစ်မနေ ပြောပြလိုက်"

"အထူးသဖြင့် ဒီကုကျန့်ယဲ့ရဲ့ အစွမ်းအကြောင်းပဲ... ငါ စာထဲမှာ သေသေချာချာ ရေးပေးလိုက်မယ်"

ဝူယင်က အကျပ်အတည်းမှ ရုန်းထွက်နိုင်မည့် နည်းလမ်းကို လျင်မြန်စွာ စဉ်းစားမိလိုက်သည်၊ လတ်တလောတွင် ထိုက်ယန်တောင်ဘက်မှ ဝင်ပါပေးရန် အကူအညီတောင်းရုံသာ ရှိတော့သည်။

ယင်ကျိုးယွဲ့က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ပါ... ခေါင်းဆောင်" ဟု ပြန်ဖြေလိုက်သည်။

ဟန်ရှန်းမန်က "အဲ့ဒီ ကုကျန့်ယဲ့ရဲ့ စေတစ်လုံး အစွမ်းက တော်တော်လေး ထူးဆန်းတယ်... သူက ကျွန်မတို့ ကျွန်းပေါ်က ထွက်သွားတာကို ထောက်လှမ်းနိုင်တဲ့ နည်းလမ်းတွေများ ရှိနေမလား" ဟု ချက်ချင်း ဝင်ပြောလိုက်သည်။

ထိုစကား ထွက်လာသည်နှင့် ဘေးနားရှိ လော်ဟုန်မြန်ကလည်း "ဟုတ်တယ်... တကယ်လို့ သူက ဒီရေပေါ်ကျွန်းကနေ ဘယ်သူထွက်ထွက် ငါ့အမြင်ကနေ လွတ်မှာမဟုတ်ဘူးလို့ ပြောလိုက်ရင် အဲ့ဒါက ထောက်လှမ်းရေး နည်းလမ်းနဲ့ အတူတူပဲ ဖြစ်မသွားဘူးလား" ဟု ထောက်ခံလိုက်သည်။

"အဲ့ဒီလိုလည်း ရတာလား" ဟု ဘေးနားရှိ ချန်ကွမ်းမင်က မနေနိုင်ဘဲ မေးလိုက်သည်။

လူအားလုံး၏ မျက်နှာများက လေးနက်သွားကြသည်၊ ဝူယင်က "တကယ် ရနိုင်လောက်တယ်... ဒီလူ့ရဲ့ အစွမ်းက အရမ်း ထူးဆန်းလွန်းတယ်... ခုနက သူ ကျွန်းပေါ်ဝင်လာပြီး အရိပ်နဂါးနဲ့ တိုက်ခိုက်တုန်းက ပတ်ဝန်းကျင်က အမှောင်ဓာတ် စွမ်းအင်တွေ အားလုံးကို ဖယ်ရှားလိုက်တာကို ငါ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပဲ... အရိပ်နဂါးတောင် သူ့အနားကို မကပ်နိုင်ခဲ့ဘူး" ဟု ပြောလိုက်သည်။

"ဒီလိုမျိုး အစွမ်းကတော့ တကယ်ကို ယုံနိုင်စရာမရှိအောင် ဆန်းကြယ်လွန်းတယ်"

ယင်ကျိုးယွဲ့က "ခေါင်းဆောင်... ဘာပဲဖြစ်ဖြစ် စမ်းကြည့်မှပဲ သိရမှာပေါ့" ဟု ပြောလိုက်သည်။

ဝူယင်က မျက်မှောင်ကြုတ်လိုက်စဉ် ဘေးနားရှိ ဟန်ရှန်းမန်က "ကျွန်မဆီမှာ အကြံတစ်ခုရှိတယ်... ရမရတော့ မသိဘူး" ဟု ရုတ်တရက် ဝင်ပြောလိုက်သည်။

"ခေါင်းဆောင်ဟန်... မြန်မြန် ပြောပြပါဦး" ဟု ဝူယင်က ခေါင်းမော့ကာ အလျင်စလို မေးလိုက်သည်။

ဟန်ရှန်းမန်က "ရေပေါ်ကနေ သွားလို့မရရင် ကျွန်မတို့ ရေအောက်ကနေ သွားကြည့်လို့ ရနိုင်တယ်လေ" ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အခု ရေပြင်ကြီးက အေးခဲနေပြီဆိုတော့ ရေအောက်ကမ္ဘာက မှောင်မည်းနေတာပဲ... အဲ့ဒါက တခြားပုံစံတစ်မျိုးနဲ့ တွင်းနက်အရိပ်ရေပေါ်ကျွန်းလို ဖြစ်နေမှာပဲ"

"ရေအောက်ကမ္ဘာမှာ ရှင်တို့က အရိပ်အသွင်ကို ပြောင်းလိုက်ရင် ထွက်သွားဖို့ ပိုလွယ်ကူမနေဘူးလား"

"အဓိကက ရေအောက်ကမ္ဘာမှာ လမ်းပြအမှတ်အသား အဆောက်အအုံတွေ ရှိနေသေးတော့ လမ်းလည်း မှားမှာ မဟုတ်ဘူး"

ထိုစကားကို ကြားသည်နှင့် လူအားလုံး၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားကြပြီး ဝမ်းသာအားရ ဖြစ်သွားကြသည်။

ဝူယင်က သူ့ပေါင်သူ ပုတ်လိုက်ပြီး "ငါ ဘယ်လိုလုပ်ပြီး ဒါကို မတွေးမိပါလိမ့်" ဟု စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်သည်။

သူက ယင်ကျိုးယွဲ့ကို ချက်ချင်း လှမ်းကြည့်ကာ "ကျိုးယွဲ့... မင်း... နေဦး... ခေါင်းဆောင်ဟန်... ဒီကိစ္စကို ငါကိုယ်တိုင်ပဲ သွားလုပ်လိုက်မယ်" ဟု ပြောလိုက်သည်။

ယင်ကျိုးယွဲ့က "ခေါင်းဆောင်... ကျွန်မ သွားလို့ ရပါတယ်" ဟု အလျင်စလို ဝင်ပြောလိုက်သည်။

ဝူယင်က ခေါင်းခါလိုက်ပြီး "ရေအောက်ကမ္ဘာက အခြေအနေတွေ ရှုပ်ထွေးတယ်... သန္ဓေပြောင်း သတ္တဝါတွေကလည်း အရမ်းများလွန်းတယ်... မင်းရဲ့ အဓိက အရည်အသွေးတွေက နိမ့်နေသေးတော့ ငါ စိတ်မချဘူး" ဟု ပြန်ပြောလိုက်သည်။

"ခေါင်းဆောင်ဟန်... ကျွန်တော် ထွက်သွားပြီးတာနဲ့ ဒီကျွန်းပေါ်က ကိစ္စအဝဝကို ခင်ဗျားပဲ တာဝန်ယူ စီစဉ်ပေးပါ... သေချာပေါက် သည်းခံထားရမယ်နော်... အပြင်ဘက်မှာ ဘယ်လိုလှုပ်ရှားမှုမျိုးတွေပဲ ရှိနေပါစေ ခင်ဗျားတို့ လုံးဝ ထွက်မသွားကြနဲ့"

"ဒီကျွန်းကို အရိပ်နဂါးက ကာကွယ်ပေးထားလို့ ခင်ဗျားတို့ ဘာမှဖြစ်မှာ မဟုတ်ဘူး... ဒါပေမဲ့ အပြင်ထွက်သွားရင်တော့ ဒုက္ခရောက်လိမ့်မယ်"

ဟန်ရှန်းမန်က ခေါင်းညိတ်လိုက်ပြီး "စိတ်ချပါ... ကျွန်မ နားလည်တယ်" ဟု ပြန်ဖြေလိုက်သည်။

ဝူယင်က ချက်ချင်းပင် လူအားလုံးကို နှုတ်ဆက်လိုက်ပြီးနောက် ဟန်ရှန်းမန်နှင့် ယင်ကျိုးယွဲ့တို့က သူ့ကို လျှိုမြောင်အထိ လိုက်ပို့ပေးကြသည်။

ထိုလျှိုမြောင်အောက်တွင် မူလက ဒုန်းစိုင်းစီးဆင်းနေသော မြစ်ကျယ်ကြီးတစ်စင်း ရှိခဲ့သော်လည်း ယခု ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ စောစောစီးစီးပင် ရေခဲပြင်အဖြစ် အေးခဲသွားခဲ့ပြီး ထူထဲသော နှင်းဖြူများ ဖုံးလွှမ်းနေသည်။

သူတို့အဖွဲ့ လျှိုမြောင်တစ်လျှောက် ဆင်းလာကြရာ တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အပြင်ဘက်အနီးသို့ ရောက်ရှိလာသောအခါ ရေခဲများကို စတင် ခွဲကြတော့သည်။

သိပ်မကြာမီမှာပင် သုံးပေခန့် ကျယ်ဝန်းသော အပေါက်တစ်ပေါက် ပွင့်သွားခဲ့သည်၊ ဝူယင်က "ဒီလောက်ဆို ရပြီ... ငါ အရင်ထွက်သွားလိုက်မယ်... ဟိုဘက်ကလူတွေကို ရှောင်ကွင်းပြီးတာနဲ့ သတင်းပို့ဖို့ နည်းလမ်းရှာလိုက်မယ်... မင်းတို့ စိတ်မပူကြနဲ့" ဟု ပြောလိုက်သည်။

ဟန်ရှန်းမန်က "ရေအောက်မှာ လေမရှိဘူးလေ... ရှင် အသက်ရှူဖို့ကို ဘယ်လို ဖြေရှင်းမလဲ" ဟု မေးလိုက်သည်။

"ရေကွင်းသင်္ကေတ ရှိနေတာပဲ... ကျွန်တော့်ကို ခရီးအဝေးကြီး ရောက်တဲ့အထိ ထောက်ပံ့ပေးဖို့ လုံလောက်ပါတယ်"

"ဒါဆိုလည်း တော်သေးတာပေါ့... ဂရုစိုက်သွားပါ"

အပြန်အလှန် နှုတ်ဆက်ပြီးနောက် ဝူယင်က နောက်ထပ် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ရေကန်ထဲသို့ တိုက်ရိုက် ခုန်ချသွားကာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ရေပြင်ကြီးက အေးစက်ခဲယဉ်းနေသည်၊ ဝူယင်က ရေကွင်းသင်္ကေတကို အလျင်အမြန် ထုတ်ယူကာ အသက်သွင်းလိုက်ပြီးနောက် ရေအောက်တွင် လျင်မြန်စွာ ကူးခတ်သွားတော့သည်။

ကံကောင်းသည်မှာ သူက အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေသဖြင့် အမှောင်ထုထဲတွင် ကောင်းစွာ မြင်နိုင်စွမ်း ရှိနေသောကြောင့် ရေအောက် သန္ဓေပြောင်း သတ္တဝါများ၏ ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာ မလိုချေ။

သူက လျှိုမြောင်တစ်လျှောက် ရေကူးလာရင်း တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ အပြင်သို့ ထွက်လာခဲ့သည်။

သူ အပေါ်သို့ မော့ကြည့်လိုက်ရာ ရေခဲပြင်ကြီးက ပေပေါင်းများစွာ အေးခဲနေပြီး နှင်းဖြူများက ရေခဲပြင်ကို သိပ်သည်းစွာ ဖုံးလွှမ်းထားသဖြင့် ဤရေအောက်တွင် အလင်းရောင် လုံးဝ မရှိသလောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဤနေရာသည် တွင်းနက်အရိပ်ရေပေါ်ကျွန်းနှင့် သိပ်မကွာခြားလှဟုပင် ဆိုနိုင်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဤနေရာ၌ အလင်းရောင် မရှိခြင်းမှာ အမှောင်ဓာတ် စွမ်းအင်များ ပျံ့နှံ့နေမှုကြောင့် မဟုတ်ခြင်းပင် ဖြစ်သည်။

ဝူယင်က ရေအောက်တွင် လျင်မြန်စွာ ကူးခတ်သွားရင်း အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ အမှောင်ထုက သူ၏ အမြင်အာရုံကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

ရေညှိပင်များ ပေါက်ရောက်နေပြီး ခရုခွံစသည့် ရေသတ္တဝါများ ပြည့်နှက်နေသော အဆောက်အအုံများစွာသည် ရေအောက်ကမ္ဘာတွင် မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်သည်ကို သူ မြင်တွေ့နိုင်နေသည်။

ယင်းတို့သည် တိတ်ဆိတ်ငြိမ်သက်နေပြီး ချောက်နက်ကြီးထဲမှ သူ့ကို စိုက်ကြည့်နေသော အေးစက်စက် အလောင်းကောင်များအလား ထင်မှတ်ရသည်။

ဝူယင်၏ ရင်ထဲတွင် အေးစိမ့်သွားကာ ထိုအဆောက်အအုံများထဲမှ အချိန်မရွေး ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာနိုင်သည်ဟု အမြဲတမ်း ခံစားနေရသည်။

သူက အနီးနားရှိ မိုးပျံတံတားတစ်ခုပေါ်သို့ လျင်မြန်စွာ ကူးသွားလိုက်သည်၊ ရွှံ့နွံများ ပြည့်နှက်နေသော ကားများကို ရေညှိများက ဖုံးလွှမ်းထားပြီး ထိုအထဲတွင် အရိုးခြောက်များကို မြင်တွေ့နေရဆဲ ဖြစ်သည်။

ဝူယင်က အနီးအနားရှိ လမ်းညွှန်ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်သော်လည်း ထိုအပေါ်ရှိ စာလုံးများက အတော်လေး ဆွေးမြေ့နေပြီဖြစ်ရာ ခွဲခြားဖတ်ရှု၍ မရတော့ချေ။

သူက ရှေ့သို့ ဆက်လက် ကူးခတ်သွားသည်၊ သိပ်မကြာမီမှာပင် အရှေ့ဘက်ရှိ အဆောက်အအုံတစ်ခုပေါ်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရပြီး ထိုအပေါ်၌ လုကျစ် စားသောက်ဆိုင် ဟူသော စာတန်းကို ရေးသားထားသည်။

လုကျစ်ဆိုသည်မှာ လင်ကျန်းမြို့ စက်မှုဇုန်နယ်မြေရှိ မြို့ငယ်လေးတစ်ခု ဖြစ်သဖြင့် ဝူယင်က သူရောက်ရှိနေသော နေရာအတိအကျကို ချက်ချင်း သိလိုက်သည်။

သူ့မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း ရှေ့သို့ ဆက်လက် ကူးခတ်သွားလိုက်သည်။

တစ်လမ်းလုံး ဆက်လက် သွားလာရင်း သိပ်မကြာမီမှာပင် သူ့မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားကာ အရိပ်အသွင်သို့ အလျင်အမြန် ပြောင်းလဲလိုက်ပြီး လျင်မြန်စွာ ပုန်းကွယ်လိုက်သည်။

သူ ပုန်းကွယ်သွားသည်နှင့် တစ်ပြိုင်နက် အရှေ့ဘက်မှ လျင်မြန်စွာ ကူးခတ်လာသော အဖွဲ့တစ်ဖွဲ့ကို မြင်လိုက်ရသည်။

အရိပ်အသွင်ဖြင့် ဝူယင်က မျက်လုံးပြူးသွားကာ သူ့ရှေ့မှ အဖွဲ့ကို မယုံနိုင်လောက်အောင် ကြည့်နေမိသည်။

ထိုအဖွဲ့ထဲရှိ လူတိုင်းက ငါးလူသားပုံစံများဖြစ်ပြီး အရိုးခက်ရင်းခွစသည့် လက်နက်များကို ကိုင်ဆောင်ထားကြသည်။

ထို့အပြင် ထိုအဖွဲ့က တန်းစီထားမှုမှာ စနစ်ကျနပြီး တစ်ဦးနှင့်တစ်ဦး ရံဖန်ရံခါ စကားပြောဆို ဆက်သွယ်နေကြသေးသည်။

ဤသည်က ငါးလူသား ကင်းလှည့်တပ်ဖွဲ့တစ်ခု ဖြစ်နေသည်။

"ဒီရေနက်ပိုင်းမှာ ငါးလူသား ကင်းလှည့်တပ်ဖွဲ့က ဘယ်လိုလုပ် ပေါ်လာရတာလဲ"

"သူတို့က သန္ဓေပြောင်း လူသားတွေလား"

ဝူယင်၏ ရင်ထဲတွင် သံသယဖြစ်သွားသော်လည်း ယခုအချိန်တွင် သူ့၌ အရေးကြီးသော ကိစ္စရှိနေသဖြင့် စူးစမ်းလေ့လာရန် အချိန်မရှိတော့ချေ။

ထို့ကြောင့် ကင်းလှည့်နေသော ငါးလူသားများကို ရှောင်ကွင်းကာ ထိုက်ယန်တောင်ရှိရာ လမ်းကြောင်းသို့ အရှိန်အဟုန်ဖြင့် ကူးခတ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် တွင်းနက်အရိပ်ရေပေါ်ကျွန်း အပြင်ဘက်၌...

အပြင်ဘက်တွင် အမြဲ စောင့်ကြပ်နေသော ကုကျန့်ယဲ့က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ့အကြည့်များက စူးရှသွားကာ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း "အထဲကနေ တစ်ယောက်ယောက် ထွက်လာပြီ" ဟု ပြောလိုက်သည်။

"ဟင်... မဖြစ်နိုင်တာ... ကျွန်တော်တို့ ကြည့်နေတာ ကြာလှပြီ... ဘယ်သူမှ ထွက်လာတာ မတွေပါဘူး"

လက်အောက်ငယ်သားများက မတွေ့ကြောင်း ပြသသည့်အနေဖြင့် ခေါင်းများကို အလျင်အမြန် ခါရမ်းလိုက်ကြသည်။

ကုကျန့်ယဲ့က သူတို့ကို ဂရုမစိုက်တော့ဘဲ လျင်မြန်စွာ မတ်တတ်ထရပ်လိုက်ပြီးနောက် "မင်း ဘယ်မှာရှိနေလဲဆိုတာ ငါ သိတယ်" ဟု ပါးစပ်မှ ရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများထဲ၌ စူးရှသောအလင်းများ လက်ခနဲဖြစ်သွားပြီး အကြောင်းအကျိုး မျဉ်းကြောင်းများ လည်ပတ်သွားသည်။

သူ့မျက်လုံးထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။

မှောင်မည်းနေသော ရေအောက်ကြမ်းပြင်တွင် လူတစ်ယောက်က အရှိန်အဟုန်ဖြင့် ကူးခတ်နေသည်။

"ရေအောက်မှာ"

ကုကျန့်ယဲ့က ရုတ်တရက် သဘောပေါက်သွားပြီးနောက် ခန္ဓာကိုယ်ကို အပေါ်သို့ ခုန်တက်လိုက်ကာ ထိုအကြောင်းအကျိုး မျဉ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် လိုက်သွားတော့သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် သူက မိုင်အနည်းငယ်ခန့် ပြေးလွှားသွားခဲ့ပြီး အကြောင်းအကျိုး မျဉ်းကြောင်း၏ အခြားတစ်ဖက်ရှိ ဝူယင်ကို အာရုံခံမိသွားပြီ ဖြစ်သည်။

ထူထဲသော နှင်းလွှာကြီးကို ကြည့်ကာ ကုကျန့်ယဲ့က အေးစက်စက် ပြုံးလိုက်ပြီး ထိုနှင်းလွှာကြီးဆီသို့ လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။

"ဝုန်း"

နှင်းပွင့်များ ပေါက်ကွဲထွက်သွားပြီး အောက်ဘက်ရှိ ရေခဲပြင်ကြီးလည်း တအုန်းအုန်းမြည်ကာ ကွဲအက်သွားတော့သည်။

ရေအောက်ကြမ်းပြင်တွင် ခေါင်းငုံ့ကာ အရှိန်အဟုန်ဖြင့် ကူးခတ်နေသော ဝူယင် ရုတ်တရက် လန့်သွားပြီး သူ့ခေါင်းအထက်ရှိ ရေခဲပြင်ကြီး အုန်းခနဲ ကွဲအက်သွားသည်ကို မြင်လိုက်ရသည်။

နှင်းပွင့်များနှင့် ရေခဲတုံးများ အမြောက်အမြား ပြုတ်ကျလာပြီး ဝေါခနဲ ပြိုကျလာချိန်တွင် ရေပွက်ပေါင်းများစွာက ဗလုံစီကာ ထကြွလာတော့သည်။

တစ်ချိန်တည်းမှာပင် အလင်းတန်းတစ်ခု ကျဆင်းလာကာ အေးစက်မှောင်မည်းနေသော ရေအောက်ကြမ်းပြင်ကို အနည်းငယ် လင်းထိန်သွားစေသည်။

ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်း ငါးများမှာ ဤအလင်းရောင်ကြောင့် ချက်ချင်း ဆွဲဆောင်ခံလိုက်ရပြီး ရူးသွပ်သွားသည့်အလား ရေခဲတွင်းဆီသို့ အရှိန်အဟုန်ဖြင့် ကူးလာကြတော့သည်။

ဝူယင်က ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ့ခန္ဓာကိုယ်က ထိန်းချုပ်၍မရဘဲ ငါးအုပ်ကြီး၏ ဖိညှပ်မှုကို ခံလိုက်ရပြီး တစ်ကိုယ်လုံး ရေခဲတွင်းရှိရာဘက်သို့ လွင့်စဉ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"သေစမ်း"

ဝူယင်က ဒေါသတကြီးဖြင့် သူ၏ အစွမ်းကို အလျင်အမြန် ထုတ်ဖော်လိုက်ကာ အရိပ်အဖြစ် ပြောင်းလဲ၍ ပုန်းကွယ်ရန် ပြင်လိုက်သည်။

သို့သော် ဤအချိန်မှာပင် ငါးအုပ်ကြီးထဲမှ တစ်ကိုယ်လုံး စူးရှသော အလင်းတန်းများ တောက်ပနေသည့် ရေခူတစ်ကောင်က ရုတ်တရက် လင်းထိန်လာခဲ့သည်။

ထိုလုပ်ရပ်က ဝူယင်၏ အရိပ်ဝင်ရောက်ခြင်း အစွမ်းကို ပြတ်တောက်သွားစေခဲ့ပြီး သူက ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ရေခဲတွင်းထဲမှ တွန်းထုတ်ခံလိုက်ရသည်။

ရေထဲမှ ထွက်လာသည်နှင့် ဝူယင်က အအေးဒဏ်ကြောင့် တဆတ်ဆတ် တုန်ယင်သွားပြီး ကျိန်ဆဲရန် ပြင်လိုက်စဉ် ရုတ်တရက် သူ့ဂုတ်ကို တစ်ယောက်ယောက်က ဆွဲကိုင်လိုက်သည်။

"ဟားဟား... ကောင်လေး... မင်းက ရေအောက်ကနေ ထွက်ပြေးရုံနဲ့ ငါ့လက်ကနေ လွတ်သွားလိမ့်မယ်လို့ ထင်နေတာလား"

ဝူယင်က လှည့်ကြည့်လိုက်ရာ သူ့မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည် "ခင်ဗျား..."

တိုက်ခိုက်လိုက်သူမှာ ကုကျန့်ယဲ့ပင် ဖြစ်သည်။

တစ်ဖက်လူက သူ့ကို မည်သို့ ရှာတွေ့သွားပြီး ရေအောက်ကြမ်းပြင်မှ မည်သို့ ဆွဲတင်လိုက်သလဲ ဆိုသည်ကို ဝူယင် နားမလည်နိုင်အောင် ဖြစ်နေသည်။

ယခုအချိန်တွင် သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း တိုက်ခိုက်ရန် ပြင်လိုက်သည်။

ကုကျန့်ယဲ့က "ငါ့ခန္ဓာကိုယ် ပတ်လည် ပေတစ်ထောင်အတွင်း ဒြပ်စင်အသွင်ပြောင်းခြင်းတွေ ခွင့်မပြုဘူး" ဟု အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း ဝူယင်၏ ခန္ဓာကိုယ်က တုန်ခနဲဖြစ်သွားပြီး အရိပ်အသွင်သို့ ပြောင်းလဲတော့မည့် ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားတော့သည်။

သူ၏ အရိပ်ဝင်ရောက်ခြင်း အစွမ်းသည် အမှန်တကယ်တော့ တစ်နည်းအားဖြင့် ဒြပ်စင်အသွင်ပြောင်းခြင်းပင် ဖြစ်သည်။

ယခု ကုကျန့်ယဲ့၏ ပြင်းထန်သော အော်ဟစ်သံက ဒြပ်စင်အသွင်ပြောင်းခြင်းကို တိုက်ရိုက် တားမြစ်လိုက်ခြင်းပင် ဖြစ်သည်။

ဤသည်က ဝူယင်၏ အစွမ်းများ အားလုံးကို တိုက်ရိုက် ဖျက်ဆီးလိုက်သကဲ့သို့ပင်။

သူ့၏ အစွမ်းထက်ဆုံး အချက်မှာ အရိပ်ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ပြီး အရိပ်များနှင့် တစ်သားတည်း ပေါင်းစပ်သွားနိုင်ခြင်း ဖြစ်သည်။

ယခု ဒြပ်စင်အသွင် ပြောင်းလဲ၍မရတော့သဖြင့် အရိပ်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့သည်မှာ သဘာဝပင် ဖြစ်သည်။

ခဏချင်းမှာပင် သူ့မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားသည် "ခင်ဗျား..."

ကုကျန့်ယဲ့က သူ့လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဖမ်းညှစ်ထားရာ ဧရာမ ခွန်အားကြီးအောက်တွင် ဝူယင်က ခုခံရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။

ကုကျန့်ယဲ့က အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လည်ပင်းသို့ လည်ပတ်တစ်ခု စွပ်ရန် ပြင်လိုက်သည်ကို တွေ့လိုက်ရသည်။

"အမှောင်ဓာတ် အစွမ်းပိုင်ရှင်... ကြည့်ရတာ မင်းက တွင်းနက်အရိပ်ရေပေါ်ကျွန်းရဲ့ တာဝန်ခံ ဖြစ်ပုံရတယ်... မင်း ရှိနေပြီဆိုတော့ ငါ ဒီရေပေါ်ကျွန်းပေါ်ကို ဝင်လို့မရမှာကို စိတ်ပူစရာ မလိုတော့ဘူး... ဟီးဟီးဟီး"

"ဂျောက်"

လည်ပတ်က ဝူယင်၏ လည်ပင်းသို့ တိုက်ရိုက် စွပ်ခံလိုက်ရသည်။

ဝူယင် တစ်ကိုယ်လုံးရှိ အစွမ်းများက မျက်စိတစ်မှိတ်အတွင်း ရပ်တန့်သွားသည်ဟု ခံစားလိုက်ရပြီး ဆက်လက် လည်ပတ်၍ မရတော့ချေ။

သူက အံ့သြဒေါသထွက်စွာဖြင့် "စွမ်းအင်ချိတ်ပိတ် သင်္ကေတလား" ဟု မေးလိုက်သည်။

ကုကျန့်ယဲ့က မျက်မှောင်ပင့်လိုက်ပြီး "အော်... မင်းက ဒီစွမ်းအင်ချိတ်ပိတ် သင်္ကေတကိုတောင် သိနေလိမ့်မယ်လို့ မထင်ထားဘူး... ဟင်း... ငါက မြူခိုးမြို့တော်မှာပဲ ဒီလို သင်္ကေတမျိုး ရှိမယ်ထင်နေတာ"

ဝူယင်၏ မျက်နှာက အလွန် ကြည့်ရဆိုးနေသည်၊ ယခု အစွမ်းများ ချိတ်ပိတ်ခံထားရသဖြင့် သူ့၌ မည်သည့် ခုခံနိုင်စွမ်းမှ မရှိတော့ချေ။

သူက လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး "ကုကျန့်ယဲ့... ဒီလို လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား... ကျုပ်တို့ကြားမှာ သေမလောက် ရန်ငြိုးရန်စတွေ ရှိတာလည်းမဟုတ်ဘူး" ဟု ပြောလိုက်သည်။

"ခင်ဗျား မသိသေးတာ ဖြစ်လိမ့်မယ်... ကျွန်တော်တို့ ထိုက်ယန်တောင်ခေါင်းဆောင် လင်းယွမ်မှာ ရေပေါ်ကျွန်း လေးကျွန်းတောင် ရှိနေပြီ... ကျွန်တော်တို့က မြေဝါနတ်ဘုရားကျွန်းနဲ့ မီယွမ်မိုးသစ်တောကျွန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ရုံတင်မကဘူး... ရေနတ်ဘုရားဂိုဏ်း၊ မြေမိခင်ဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့ကိုပါ ရှင်းလင်းပစ်ခဲ့ပြီးပြီ... အခုဆိုရင် လင်းယွမ်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကိုတောင် ရောက်နေပြီ"

"ခင်ဗျားက ကျွန်တော်တို့ ထိုက်ယန်တောင်ကို ရန်သူလုပ်ပြီး ဘာအကျိုးအမြတ်တွေ ရလာမှာမို့လို့လဲ"

"ချန်ယွင်တောက်က ခင်ဗျားကို ဘာအကျိုးအမြတ်တွေ ပေးထားလို့လဲ... ခင်ဗျား ပြောပြကြည့်လေ... လင်းယွမ်ကလည်း အဲ့ဒီလို အကျိုးအမြတ်တွေ ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်... ချန်ယွင်တောက် ပေးထားတာထက် ဆယ်ဆလောက်တောင် ပိုပေးနိုင်သေးတယ်"

ထိုစကားကို ကြားသောအခါ ကုကျန့်ယဲ့က ခေါင်းအနည်းငယ် ခါရမ်းလိုက်ပြီး "ကျွတ်ကျွတ်ကျွတ်... မင်းက တော်တော်လေး အစွမ်းအစရှိတဲ့ လူတစ်ယောက်ပဲ... ဒီလို အခြေအနေမျိုးမှာတောင် ငါ့ကို အသနားမခံဘဲ ငါ့ကိုပါ အညံ့ခံဖို့ ပြန်ပြီး ဖျောင်းဖျနေသေးတယ်ပေါ့လေ"

ဝူယင်က ပြုံးလိုက်ကာ "ဘာလို့လဲဆိုတော့ ကျွန်တော့်နောက်မှာ ကျောထောက်နောက်ခံပြုပေးနေတဲ့သူက ခင်ဗျားနောက်က လူထက် အများကြီး ပိုအစွမ်းထက်နေလို့လေ... ခင်ဗျား ကျွန်တော့်ကို ဖမ်းမိသွားရင်တောင် ခင်ဗျားရဲ့ နောက်ဆုံး ဇာတ်သိမ်းက ကျွန်တော့်ထက် ပိုပြီး ကောင်းလာမှာ မဟုတ်ဘူး"

ကုကျန့်ယဲ့က စုတ်သပ်လိုက်ပြီး "ဟားဟား... ငါက မင်းကို ဘာလို့ ယုံရမှာလဲ... မင်းက မြူခိုးမြို့တော်သခင်ကို သိလို့လား... မင်းနောက်က လင်းယွမ်က မြူခိုးမြို့တော်သခင်ထက် ပိုအစွမ်းထက်တယ်ဆိုတာ ဘယ်လိုလုပ် သေချာနေရတာလဲ"

ဝူယင်က "ကျွန်တော် သေချာပေါက် ယုံကြည်တာပေါ့... အခု ချန်ယွင်တောက်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေပြီလား" ဟု ပြန်မေးလိုက်သည်။

ကုကျန့်ယဲ့က ပြုံးလိုက်ကာ "သေချာတာပေါ့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းဆိုတာ ရိုးရိုး လူသားတွေ မဟုတ်တော့ဘူး... သူတို့က လူသားတွေရဲ့ ဇီဝကန့်သတ်ချက်ကို ချိုးဖျက်ပြီး တခြား နယ်ပယ်တစ်ခုကို ရောက်နေကြပြီ" ဟု ဖြေလိုက်သည်။

"မင်းပြောတဲ့ လင်းယွမ်ဆိုတာကရော အဲ့ဒီအဆင့်ကို ရောက်နေပြီလား"

"ဟုတ်တယ်"

ကုကျန့်ယဲ့က ခေါင်းခါလိုက်ပြီး "ငါ မယုံဘူး... တကယ်လို့ သူက မင်းပြောသလောက် တကယ် အစွမ်းထက်နေရင် ချန်ယွင်တောက်နဲ့ ရန်ငြိုးရှိနေမှတော့ သူ့ကို ဘာလို့ သွားမသတ်တာလဲ... အဲ့ဒီအစား သူ့ကို မြူခိုးမြို့တော်ကို သန့်စင်ခွင့် ပြုထားတယ်ပေါ့လေ" ဟု ပြန်ပြောလိုက်သည်။

"ဟားဟား... သူ မလုပ်ချင်လို့ မဟုတ်ဘူး... သူ မလုပ်နိုင်လို့ မဟုတ်လား"

ဆက်ရန်...

အပိုင်း (၆၅၀) အကြောင်းအကျိုး အားပြိုင်ခြင်း

ထိုသူ၏ ဉာဏ်ကောင်းမှုကို ဝူယင်က စိတ်ထဲမှ ချီးကျူးလိုက်သည်။

တကယ်တော့ လင်းယွမ်က မြူခိုးမြို့တော်မှ ပြန်လာစဉ်က သူ၏စွမ်းဆောင်ရည်မှာ သူတစ်ပါးလောက် မစွမ်းဆောင်နိုင်ခဲ့သဖြင့် မြူခိုးမြို့တော်၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို သန့်စင်ထားသော ချန်ယွင်တောက်ကို မယှဉ်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာတော့ အရင်ကနဲ့ မတူတော့ပေ။ ဆရာလင်း၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ တစ်နေ့တခြား အလွန်တရာ မြန်ဆန်လွန်းနေပြီ ဖြစ်သည်။

ယခုအချိန်၌ ချန်ယွင်တောက်ဆိုလျှင်တောင်မှ ဆရာလင်း၏ ပြိုင်ဘက် လုံးဝ ဖြစ်လာမည် မဟုတ်ကြောင်း ဝူယင်က ခန့်မှန်းမိသည်။

ထို့နောက် သူက "ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးက အဆုံးအစမရှိ ကျယ်ပြောလွန်းတယ်... လူတစ်ယောက်ကို ရှာဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

"ချန်ယွင်တောက်က ပေါက်ဆန်းမြို့မှာ ပုန်းနေမယ်လို့ ဘယ်သူက ထင်မှာလဲ"

ကုကျန့်ယဲ့က လှောင်ပြောင်လိုက်ပြီး "ဟားဟား... မင်းက စကားပြောတော့ ကောင်းသားပဲ... ဒါပေမဲ့ အပိုတွေ ပြောမနေနဲ့တော့... ငါက စတင်လှုပ်ရှားပြီး မင်းတို့လူတွေကို သတ်ပစ်လိုက်ပြီဆိုကတည်းက မင်းတို့ဘက်ကို ပူးပေါင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး... ကောင်လေး... တွင်းနက်အရိပ်ရေပေါ်ကျွန်းကို သိမ်းပိုက်နိုင်ဖို့ ငါနဲ့ အေးအေးဆေးဆေး ပူးပေါင်းစမ်းပါ... အဲဒီလိုမှမဟုတ်ရင်..."

သူ၏စကားသံ ဆုံးသွားသည်နှင့် လေထဲမှ အေးစက်စက် လှောင်ရယ်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ "မဟုတ်ရင် ဘာဖြစ်မှာလဲ"

ကုကျန့်ယဲ့က ထိတ်လန့်သွားပြီး နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝူယင်ကလည်း လေဟာပြင်သို့ မော့ကြည့်လိုက်ရာ ချက်ချင်းပင် အံ့သြဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လွင်သွားသည်။

"ဆရာလင်း"

ရောက်လာသူမှာ ထိုက်ယန်တောင်မှ အလျင်စလို ထွက်လာခဲ့သည့် လင်းယွမ်ပင် ဖြစ်နေသည်။

သူက လမ်းတစ်လျှောက်လုံး ပျံသန်းလာခဲ့ရာ စုစုပေါင်း အချိန် (၂၀) မိနစ်တောင် မကြာခဲ့ပေ။

သို့သော်လည်း ဤနေရာသို့ ဖြတ်သန်းလာစဉ် ဝူယင်တစ်ယောက် ဖမ်းဆီးခံထားရသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရခြင်း ဖြစ်သည်။

အမှန်တော့ သူ ဤနေရာသို့ ရောက်နေသည်မှာ အတန်ကြာပြီ ဖြစ်ပြီး ဤသူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ချန်ယွင်တောက်၏ သတင်းကို နားထောင်ချင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူက လုံးဝ ပူးပေါင်းလာခြင်းမရှိသဖြင့် ယခုလို ကိုယ်ထင်ပြလိုက်ရတော့သည်။

ကုကျန့်ယဲ့က ဝူယင်၏ ခေါ်ဝေါ်သံကို ကြားလိုက်ရသောအခါ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။

"မင်းက လင်းယွမ်ပဲ"

လင်းယွမ်၏ မျက်နှာထားက တည်ငြိမ်နေပြီး ကုကျန့်ယဲ့ကို ကြည့်ကာ "ခင်ဗျားရဲ့ အစွမ်းက စေတစ်လုံးအစွမ်းလို့ ကြားတယ်... လာစမ်းပါ... ကျုပ်ကို တစ်ချက်လောက် ပြစမ်းပါ" ဟု ပြောလိုက်သည်။

ကုကျန့်ယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ဤမျှ မောက်မာလွန်းသောလူကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။

သူက ဘေးရှိ ဝူယင်ကို ဖမ်းဆွဲလိုက်ပြီး အသံကိုနှိမ့်ကာ "မင်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်ဆိုတာ ငါ သိတယ်... မင်း အနားကို လာကြည့်လိုက်... သူ့ကို ဒီနေရာမှာတင် သတ်ပစ်လိုက်မယ်ဆိုတာ မင်းယုံလား" ဟု ပြောလိုက်သည်။

သူက ကိုယ်တိုင် ဝင်တိုက်ရန် ရည်ရွယ်မထားဘဲ ဝူယင်၏ အသက်ကို အသုံးပြုကာ ခြိမ်းခြောက်နေခြင်းပင် ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသော အစွမ်းပိုင်ရှင်များသည် ၎င်းတို့၏ အဓိက အရည်အသွေး အမျိုးအစား မည်သို့ပင်ဖြစ်စေကာမူ မွေးရာပါ ပါရမီထူးချွန်သူများသာ ဖြစ်ကြောင်းကို ကုကျန့်ယဲ့က စိတ်ထဲတွင် ရှင်းလင်းစွာ သိထားသည်။

သူ၏ စေတစ်လုံးအစွမ်းက အမှန်တကယ်ပင် အစွမ်းထက်သော်လည်း သူကိုယ်တိုင်ကတော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ မရောက်သေးပေ။

ထို့ကြောင့် လင်းယွမ်ကို ရင်ဆိုင်ရန်အတွက် ကျိန်းသေ အနိုင်ရမည်ဟူသော ယုံကြည်ချက် သူ့ထံတွင် မရှိပေ။

လင်းယွမ်နှင့် စွန့်စား၍ တိုက်ခိုက်မည့်အစား ဝူယင်၏ အသက်ကို အသုံးပြု၍ ခြိမ်းခြောက်ကာ လင်းယွမ်ကို အရှုံးပေးလာစေရန် ဖိအားပေးခြင်းက ပိုကောင်းပေလိမ့်မည်။

ဝူယင်က မနေနိုင်တော့ဘဲ "ကုဆိုတဲ့ကောင်... ခင်ဗျား အရမ်းခေါင်းမာမနေနဲ့... ဆရာလင်း ရောက်လာပြီဆိုမှတော့ ခင်ဗျား လုံးဝ ထွက်ပြေးလို့ လွတ်မှာ မဟုတ်တော့ဘူး" ဟု အော်ပြောလိုက်သည်။

"ဒီနေ့ ခင်ဗျား ကျုပ်ကို သတ်လိုက်ရင်တောင်... ခင်ဗျား လုံးဝ လွတ်မှာ မဟုတ်ဘူး"

သူက လင်းယွမ်ဘက်သို့ ထပ်ကြည့်ကာ "ဆရာလင်း... ကျွန်တော့်အတွက် စိတ်မပူပါနဲ့... သူ့ကို ဖမ်းလိုက်ပါ" ဟု အော်ပြောလိုက်သည်။

ကုကျန့်ယဲ့က ဒေါသတကြီးဖြင့် သူ၏လည်ပင်းကို တစ်ချက်တည်း ညှစ်လိုက်ပြီး ပါးစပ်ပိတ်သွားစေရန် အတင်းအကျပ် ပြုလုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက လင်းယွမ်ကို ကြည့်ကာ "မင်းက သူ့ကို တွင်းနက်အရိပ်ရေပေါ်ကျွန်းမှာ အစောင့်ချထားတာဆိုတော့ သူက မင်းရဲ့ လူယုံ ဖြစ်ရမယ်" ဟု အသံကိုနှိမ့်ကာ ပြောလိုက်သည်။

"သေချာ စဉ်းစားနော်"

လင်းယွမ်က ကုကျန့်ယဲ့ကို ကြည့်ရင်း ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ကျုပ်က ခင်ဗျားရဲ့ အစွမ်းကို စိတ်ဝင်စားလို့ ခင်ဗျားကို လှုပ်ရှားဖို့ အခွင့်အရေး ပေးနေတာ" ဟု ပြောလိုက်သည်။

"ကျုပ် သုံးအထိ ရေမယ်... ခင်ဗျား မလှုပ်ရှားဘူးဆိုရင် ကျုပ် စပြီပဲ"

ကုကျန့်ယဲ့၏ မျက်နှာက ပျက်ယွင်းသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။ "မင်း..."

"တစ်"

"နေဦး... မင်းက သူ့အသက်ကို တကယ် ဂရုမစိုက်ဘူးလား"

"နှစ်"

"ခွေးကောင်"

"သုံး"

"ငါ မင်းနဲ့ အသေခံတိုက်မယ်"

လင်းယွမ်က သုံးအထိ တကယ် ရေလိုက်သည်ကို မြင်သောအခါ ကုကျန့်ယဲ့၏ မျက်နှာက ပျက်ယွင်းသွားပြီး ချက်ချင်းပင် ငြိမ်မနေနိုင်တော့ဘဲ ဝူယင်ကို အရင်ဆုံး အသေညှစ်သတ်ပြီး လင်းယွမ်ကို ရင်ဆိုင်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ၏ လက်မောင်းမှ အားယူလိုက်စဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်တစ်ခုက ရုတ်တရက် လွှမ်းခြုံဝင်ရောက်လာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကုကျန့်ယဲ့၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ "စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ပဲ"

သူက တုံ့ဆိုင်းနေခြင်းမရှိဘဲ အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ပြီး သူ၏ လက်မောင်းကို ချက်ချင်း ပြန်ရုပ်လိုက်သည်။

သူ လက်မောင်းကို ပြန်ရုပ်လိုက်သည့်အချိန်မှာပင် သူနှင့် ဝူယင် ကြားတွင် စိတ်ဝိညာဉ်မီးတောက် တစ်ခုက ရုတ်တရက် လောင်ကျွမ်းလာသည်။

လင်းယွမ်၏ မျက်ခုံးနှစ်ခုကြားတွင် အဖြူရောင် မြွေအကြေးခွံတစ်ခု ပေါ်လာသည်။

သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို မပြုလုပ်ရသေးသော်လည်း လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ ၏ မျိုးရိုးဗီဇမျိုးစေ့ကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

ဤအချိန်တွင် သူ၏ စိတ်စွမ်းအင် အရည်အသွေးက တိုက်ရိုက် မြင့်တက်သွားပြီး လူသားများ၏ ကန့်သတ်ချက်ဘောင်ကို ကျော်လွန်သွားတော့သည်။

"ဝီ"

မျက်စိတစ်မှိတ်အတွင်းမှာပင် လေဟာပြင်ထဲတွင် အလွန်အားကောင်းသော စိတ်စွမ်းအင်များက လက်တွေ့ကမ္ဘာကို နှောင့်ယှက်လိုက်ပြီး ကြိမ်နှုန်းမြင့် တုန်ခါမှုများကို အဆက်မပြတ် ဖြစ်ပေါ်လာစေသည်။

ကုကျန့်ယဲ့က သူ၏ စိတ်ပင်လယ် တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်သည်လည်း ထိုတုန်ခါမှုနှင့်အတူ လိုက်ပါတုန်ခါလာတော့သည်။

သူ၏ မျက်စိရှေ့တွင် ပုံရိပ်ယောင်အမျိုးမျိုး ပေါ်လာပြီး မျက်လုံးထဲတွင် ကြယ်မီးပွားများ လွင့်စင်လာသဖြင့် သူက အလျင်အမြန်ပင် "စိတ်စွမ်းအင် တိုက်ခိုက်မှုက ငါ့အပေါ် အရာမထင်စေရဘူး" ဟု အော်ဟစ်လိုက်သည်။

သူ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော လှိုင်းတစ်ခုက ချက်ချင်း ပျံ့နှံ့သွားသည်။

ဤလှိုင်းက အလွန်လျင်မြန်သော အလျင်ဖြင့် ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်များကို ချက်ချင်း ရှင်းလင်းပစ်လိုက်သည်။

မလှမ်းမကမ်းတွင် ရှိနေသော လင်းယွမ်၏ အကြည့်များက ချက်ချင်း စူးရှသွားသည်။

ထူးဆန်းသော စွမ်းအားတစ်ခုက သူ၏ စိတ်စွမ်းအင် ရိုက်ခတ်မှု စွမ်းအားကို အစွမ်းကုန် ဆွဲငင်ဖြိုခွဲနေပြီး သူ၏ မျက်စိရှေ့ရှိ ကုကျန့်ယဲ့၏ နယ်ပယ်မှ လမ်းလွှဲသွားစေရန် ပြုလုပ်နေသည်ကို သူ ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် လင်းယွမ်က စိတ်ဝင်တစား ဖြစ်သွားသည်။

"နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ"

သူ၏ ခန္ဓာကိုယ်အတွင်းမှ သန္ဓေပြောင်းစွမ်းအင်များ လည်ပတ်သွားပြီး မျက်လုံးနှစ်လုံးထဲတွင်လည်း ထူးဆန်းသော သင်္ကေတများ စုစည်းလာတော့သည်။

"ကံကောင်း ကျောက်ဆူး"

လင်းယွမ်က သူပိုင်ဆိုင်ထားသော အစိမ်းရောင်အဆင့် စွမ်းရည်တစ်ခုကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ယင်းက သူပိုင်ဆိုင်ထားသည့် အကြောင်းအကျိုး အမျိုးအစား စွမ်းရည်နှစ်ခုအနက်မှ တစ်ခုပင် ဖြစ်သည်။

ကံကောင်း ကျောက်ဆူး - စိတ်စွမ်းအင်ဖြင့် အကြောင်းအကျိုး ချည်နှောင်ကြိုးကို အာရုံခံ ဆွဲငင်ကာ ရန်သူကို ပစ်မှတ်ထားလိုက်ပြီးနောက် သင်၏ တိုက်ခိုက်မှုက ကျိန်းသေ ထိမှန်စေမည့် အာနိသင်ကို ဖြစ်ပေါ်စေသည်။

လင်းယွမ်၏ စိတ်စွမ်းအင်က ကြီးမားကျယ်ပြန့်လွန်းလှပြီး လေဟာပြင်ထဲတွင် ရေတွက်၍မရနိုင်သော အကြောင်းအကျိုး ချည်နှောင်ကြိုးများ ရှုပ်ထွေးစွာ ရစ်ပတ်နေသည်ကို အာရုံခံမိလိုက်သည်။

သူ၏ အကြည့်များက မျက်နှာချင်းဆိုင်ရှိ ကုကျန့်ယဲ့အပေါ်သို့ ကျရောက်သွားသည်။

ထိုအခါ ကုကျန့်ယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော အကြောင်းအကျိုးများ ရစ်ပတ်နေပြီး အကြောင်းအကျိုး ချည်နှောင်ကြိုး အမြောက်အမြား ရှုပ်ယှက်ခတ်နေသည်ကို တွေ့လိုက်ရသည်။

ဤအချိန်တွင် ကုကျန့်ယဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ အကြောင်းအကျိုး ချည်နှောင်ကြိုးတစ်ခုက ပြင်းထန်စွာ တုန်ခါနေပြီး အဖြူရောင် အကြောင်းအကျိုး ချည်နှောင်ကြိုး တစ်ချောင်းကို ကာကွယ် တားဆီးထားသည်။

ထိုအဖြူရောင် အကြောင်းအကျိုး ချည်နှောင်ကြိုးမှာ သူ၏ စိတ်စွမ်းအင် ရိုက်ခတ်မှု တိုက်ခိုက်ခြင်း၏ အကြောင်းအကျိုးပင် ဖြစ်ကြောင်းကို လင်းယွမ် ချက်ချင်း နားလည်သွားသည်။

ထိုအဖြူရောင် အကြောင်းအကျိုး ချည်နှောင်ကြိုးကို တားဆီးထားသည်မှာ ကုကျန့်ယဲ့ ထုတ်လွှတ်လိုက်သော စေတစ်လုံးအစွမ်း၏ အကြောင်းအကျိုး ချည်နှောင်ကြိုးပင် ဖြစ်သည်။

လင်းယွမ်က သဘောပေါက်သွားသည်။ "သူ့ရဲ့အစွမ်းက တကယ်ပဲ အကြောင်းအကျိုး အမျိုးအစား အစွမ်းပဲ"

"အကြောင်းအကျိုးကို ဆွဲငင်တာကို အားကိုးပြီး တိုက်ခိုက်မှုကို တားဆီးတာ... ဒါမှမဟုတ် တိုက်ခိုက်မှုအပေါ် အားဖြည့်ပေးတာ... ဒါမှမဟုတ် ပြိုင်ဘက်ကို ကန့်သတ်တာမျိုး လုပ်နိုင်တယ်"

"ဒါဆိုရင် ငါ့ ကံကောင်း ကျောက်ဆူး ရဲ့ အားဖြည့်မှုအောက်မှာ သူရဲ့ စေတစ်လုံးအစွမ်းက ပိုစွမ်းသလား... ငါ့ရဲ့ တိုက်ခိုက်မှုက ပိုစွမ်းသလားဆိုတာ ကြည့်ရသေးတာပေါ့"

လင်းယွမ်က စိတ်ဝင်စားသွားပြီး ကံကောင်း ကျောက်ဆူး ကို ဆက်လက် အသုံးပြုလိုက်ရာ လေဟာပြင်ထဲတွင် အစိမ်းရောင် စွမ်းအင် အားဖြည့်မှုများက အဖြူရောင် အကြောင်းအကျိုး ချည်နှောင်ကြိုးပေါ်သို့ ကျဆင်းလာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအကြောင်းအကျိုး ချည်နှောင်ကြိုးပေါ်မှ အခွဲတစ်ခု ထွက်ပေါ်လာပြီး ကုကျန့်ယဲ့ထံသို့ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်သွားသည်။

ကုကျန့်ယဲ့၏ စေတစ်လုံးအစွမ်း အကြောင်းအကျိုး ချည်နှောင်ကြိုးမှ တားဆီးခြင်းကိုပင် မစောင့်တော့ဘဲ ထိုစေတစ်လုံးအစွမ်း ချည်နှောင်ကြိုးကို အကြမ်းပတမ်း ဖြတ်တောက်လိုက်ပြီး ကုကျန့်ယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားတော့သည်။

ဤအစိမ်းရောင် ကံကောင်း ကျောက်ဆူး အကြောင်းအကျိုး ချည်နှောင်ကြိုးထံမှ အဆက်မပြတ် ဆွဲငင်မှုများ ပေါ်ထွက်လာသည်။

လင်းယွမ်၏ စိတ်စွမ်းအင် ရိုက်ခတ်မှု အကြောင်းအကျိုး ချည်နှောင်ကြိုးက ကုကျန့်ယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ရစ်ပတ်သွားတော့သည်။

ထိုအခါ ကျိန်းသေ ထိမှန်စေမည့် အာနိသင်က ချက်ချင်း ထွက်ပေါ်လာတော့သည်။

ဤကျိန်းသေ ထိမှန်စေမည့် အာနိသင် ထွက်ပေါ်မလာမီမှာပင် ကုကျန့်ယဲ့မှာ စေတစ်လုံးအစွမ်း ကျရှုံးသွားမှုမှ ဖြစ်ပေါ်လာသော ပြန်ကန်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။

"ဖူး"

ကုကျန့်ယဲ့ တစ်ယောက်လုံး ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး အနောက်သို့ ယိုင်နဲ့သွားသည်ကို တွေ့လိုက်ရသည်။

သူ၏ မျက်နှာက ဖြူဖျော့သွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်ဒေါသထွက်မှုများ ပြည့်နှက်နေသည်။

"စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ပဲ... ငါ့ရဲ့ စေတစ်လုံးအစွမ်းက သူ့အပေါ် ဘာအာနိသင်မှ မရှိဘူး"

"ဒုက္ခပဲ... ဒီလူကို အင်အားသုံးပြီး ယှဉ်လို့မရဘူး... မြန်မြန် ပြေးမှ"

သူက ဘာစကားမှ ထပ်မပြောတော့ဘဲ မြေကြီးကို ခြေထောက်ဖြင့် အားကုန် ဆောင့်နင်းလိုက်သည်။

"ဝုန်း" ဟူသောအသံနှင့်အတူ နှင်းလွှာများ ပြိုကျသွားပြီး ရေခဲတုံးများ ပေါက်ကွဲထွက်သွားသည်။

အစကတည်းက ဝူယင်ကြောင့် ပျက်စီးနေခဲ့သော ရေခဲလွှာများက ဧရိယာအကျယ်အပြန့်အထိ တိုက်ရိုက် ပြိုကျသွားတော့သည်။

ကုကျန့်ယဲ့က ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို အတင်းအကျပ် အားတင်းထားပြီး "ဒီလူ့လက်ထဲကနေ ငါ ကျိန်းသေ လွတ်မြောက်ရမယ်" ဟု အော်ဟစ်လိုက်သည်။

"ဝုန်း"

သူ တစ်ကိုယ်လုံးက ရေခဲတုံးများနှင့်အတူ ဒီရေလွှမ်းမိုးနေသော ရေထဲသို့ နစ်မြုပ်သွားတော့သည်။

"ဘုန်း" ဟူသောအသံနှင့်အတူ လင်းယွမ်၏ စိတ်စွမ်းအင် ရိုက်ခတ်မှုက သူ၏ ခေါင်းကို ထိမှန်သွားပြီ ဖြစ်သည်။

ထိုအခါ ရေအောက်မှ စူးရှသော အော်ဟစ်သံတစ်သံကို သဲ့သဲ့လေး ကြားလိုက်ရသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး "ပြေးချင်သေးတာလား" ဟု ပြောလိုက်သည်။

သူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ "ဖောင်း" ဟူသောအသံနှင့်အတူ ဝူယင်၏ လည်ပင်းရှိ လည်ပတ်ကို ရိုက်ချိုးပေးလိုက်ပြီး "မင်း အရင် ပြန်သွားလိုက်... ငါ သူ့နောက်ကို လိုက်သွားလိုက်ဦးမယ်" ဟု အလျင်အမြန် ပြောလိုက်သည်။

"ဗွမ်း"

သူ၏ ခန္ဓာကိုယ်က ရေအောက်သို့ တိုက်ရိုက် ခုန်ဆင်းသွားပြီး ရေလှိုင်းလေးများ ပက်ဖြန်းသွားစေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ဝူယင်ကလည်း ကြောင်အသွားကာ ချက်ချင်း သတိပြန်ဝင်လာပြီး လည်ပတ်ကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ ထို့နောက် တစ်ချက် စဉ်းစားလိုက်ပြီး အနောက်သို့ အမြန် ပြန်သွားလိုက်သည်။

"ဆရာလင်း ရောက်လာပြီဆိုတော့ ကုကျန့်ယဲ့က သူ့ကိုယ်သူတောင် မကယ်နိုင်တော့ဘဲ ထွက်ပြေးရတော့မှာ ကျိန်းသေတယ်"

"အခုက တန်ပြန်တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

"ဆရာလင်း ပြန်မလာခင် လူတွေကို ဦးဆောင်ပြီး ဖန်ဆန်းကျွန်းကို တန်ပြန်တိုက်ခိုက်ပြီး သိမ်းယူရမယ်"

"ဒါမှသာ ဆရာလင်း ရှေ့မှာ ငါ့မျက်နှာကို ပြန်ဆယ်နိုင်မှာ"

ဝူယင်က စိတ်ထဲတွင် ဤအရာများကို စဉ်းစားနေပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းဆီသို့ ချက်ချင်း အရှိန်တင်၍ ပြန်သွားလိုက်သည်။

အချိန်သိပ်မကြာလိုက်ဘဲ သူက တွင်းနက်အရိပ်ရေပေါ်ကျွန်းသို့ ရောက်ရှိသွားသော်လည်း ကုချင်းဆန်းနှင့် သူ၏လူများက ပင်လယ်ဝရှိ မြစ်ကြမ်းပြင်ဘက်တွင် စုရုံးနေကြဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

သူက ချက်ချင်း မလှုပ်ရှားသေးပေ။ ဤအချိန်တွင် သူက တစ်ယောက်တည်း ဖြစ်နေသဖြင့် တကယ်တမ်း တိုက်ခိုက်ရမည်ဆိုလျှင် အသာစီး ရနိုင်မည် မဟုတ်ပေ။

"ပြန်သွားပြီး ခေါင်းဆောင်ဟန်တို့ကို အပြင်ထွက်လာခိုင်းပြီး အတူတူ လှုပ်ရှားရမယ်"

ဝူယင်က စိတ်ထဲမှ စဉ်းစားလိုက်ပြီး ဦးတည်ရာ လမ်းကြောင်းကို ပြောင်းကာ တွင်းနက်အရိပ်ရေပေါ်ကျွန်းဆီသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

ဤနေရာရှိ အမှောင်ဓာတ် စွမ်းအင်များက သူ့ကို ရေထဲက ငါးလို သွက်လက်ကျင်လည်စေပြီး အချိန်တိုအတွင်းမှာပင် ဖန်ဆန်းမြို့ဆီသို့ ပြန်ရောက်သွားတော့သည်။

"ခေါင်းဆောင်ဝူ... ရှင် ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ"

ကင်းလှည့်နေသော ဟန်ရှန်းမန်က ချက်ချင်း အံ့ဩသွားပြီး ဝူယင်ကို အလျင်အမြန် မေးမြန်းလိုက်သည်။

ဝူယင်က ရှင်းပြချိန် မရတော့ဘဲ "ကျွန်တော် လမ်းတစ်ဝက်မှာ ဆရာလင်းနဲ့ တွေ့ခဲ့တယ်" ဟု အလျင်အမြန် ပြောလိုက်သည်။

"ကိုလင်းယွမ်... သူ ရောက်လာပြီလား" ဟန်ရှန်းမန်က အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။

ဝူယင်က ခေါင်းညိတ်လိုက်ပြီး "သူက ကုကျန့်ယဲ့နောက်ကို လိုက်သတ်နေတယ်... ကျွန်တော့်ကို အရင် ပြန်လွှတ်လိုက်တာ" ဟု အလျင်စလို ပြောလိုက်သည်။

"ခေါင်းဆောင်ဟန်... အခုက ကျွန်တော်တို့ အပြင်ထွက်ပြီး တန်ပြန်တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ... ဟိုလူစုတွေက ကုကျန့်ယဲ့ဆိုတဲ့ ခေါင်းဆောင် မရှိတော့လို့ အင်အား တော်တော်လေး ကျဆင်းနေပြီ"

"ကျွန်တော်တို့ အခုပဲ လူတွေကို ခေါ်ပြီး အပြင်ထွက် တိုက်ကြမယ်... ဖန်ဆန်းကျွန်းကို သိမ်းပိုက်ပြီး ဆရာလင်း ပြန်မလာခင် ပြည့်စုံတဲ့ ရလဒ်တစ်ခုကို ပြသနိုင်မှသာ ဆရာလင်း ရှေ့မှာ မျက်နှာပန်း လှနိုင်မှာ"

ဝူယင်၏ စကားများကြောင့် ဟန်ရှန်းမန်က ချက်ချင်း မျက်ခုံးပင့်လိုက်ပြီး ဤအခွင့်အရေးကို ချက်ချင်း သဘောပေါက်သွားသည်။

သူမက လင်းယွမ်၏ စေလွှတ်ခြင်းကို ခံခဲ့ရပြီး ကြီးမားသော တာဝန်ကို ပေးအပ်ခံခဲ့ရသည်။

သို့သော်လည်း ဤတစ်ကြိမ် ရောက်လာချိန်တွင် မည်သည့်အကူအညီမှ မပေးနိုင်ခဲ့သည့်အပြင် သူမကိုယ်တိုင်တောင် ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ရသည်။

တကယ်ကို လင်းယွမ်ကို တွေ့ရန် မျက်နှာ မရှိတော့ပေ။

ဝူယင်၏ စကားက သူမကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ယခု အချိန်လုပြီး ဆရာလင်းက ကုကျန့်ယဲ့ကို မဖမ်းမိခင် အတားအဆီးများကို ရှင်းလင်းကာ ဖန်ဆန်းကျွန်းကို ပြန်ယူနိုင်မှသာ မျက်နှာ အနည်းငယ် ပြန်ဆယ်နိုင်မည် ဖြစ်သည်။

ဤနေရာအထိ စဉ်းစားမိသွားသောအခါ သူမက "ကျွန်မ အခုပဲ လူသွားခေါ်လိုက်မယ်" ဟု ချက်ချင်း ပြောလိုက်သည်။

ဝူယင်ကလည်း ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်တို့ ထုံးစံအတိုင်း လူနှစ်စုခွဲပြီး အမြန်တိုက်၊ ပွဲအမြန်ဖြတ်ကြမယ်" ဟု ပြောလိုက်သည်။

"သိပြီ"

"ဒါနဲ့... ဟို ကုချင်းဆန်းကို အရင် မသတ်နဲ့ဦး... အဲဒီလူက ကုကျန့်ယဲ့ရဲ့ သားဆိုတော့ ဆရာလင်းအတွက် အသုံးဝင်မလားဆိုတာ မသိရသေးဘူး" ဝူယင်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သတိပေးလိုက်သည်။

ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "ရတယ်" ဟု ပြောလိုက်သည်။

နှစ်ဖက်လုံးက အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် အဖွဲ့နှစ်ဖွဲ့က တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ တစ်ဖက်တစ်ချက်စီမှ အသီးသီး ထွက်လာကြပြီး ကုချင်းဆန်းတို့ကို အလျင်အမြန် ပိတ်ဆို့ဝိုင်းရံ တိုက်ခိုက်ကြတော့သည်။

တစ်ဖက်လူများက အပြင်ထွက်လာရဲမည်ဟု ကုချင်းဆန်းတို့က ထင်မှတ်မထားခဲ့ကြသဖြင့် ချက်ချင်းပင် နှစ်ဖက်ကြားတွင် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားသွားတော့သည်။

သို့သော်လည်း ကုကျန့်ယဲ့ ကြီးကြပ်ကွပ်ကဲရန် မရှိသောအခါ ကုချင်းဆန်းတို့က ဟန်ရှန်းမန်နှင့် ဝူယင်တို့အဖွဲ့၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ပေ။

မိနစ်အနည်းငယ်မျှသာ ကြာသောအခါ ကုချင်းဆန်းတို့အဖွဲ့က တပ်ပျက်သွားပြီး ချက်ချင်းပင် လူစုခွဲကာ ထွက်ပြေးကြတော့သည်။

ဟန်ရှန်းမန်တို့က ကျန်ရစ်သူ အမြောက်အမြားကို ဖမ်းဆီးလိုက်ပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။

ထိုနေရာအတွင်းတွင် နေရောင်ခြည် လုံးဝ မရှိသဖြင့် ဤလူများက ထိုနေရာ၌ ပိတ်မိသွားသောအခါ သူတို့ ထွက်ပြေးမည်ကို လုံးဝ စိုးရိမ်စရာ မလိုတော့ပေ။

လွတ်သွားသူ အနည်းငယ် ရှိနေသေးသော်လည်း ဟန်ရှန်းမန်နှင့် ဝူယင်တို့က ဂရုမစိုက်နိုင်ကြတော့ပေ။

သူတို့က သံပူတုန်း ရိုက်နှက်သည့်အနေဖြင့် လူများကို ဦးဆောင်ကာ ဖန်ဆန်းကျွန်းဆီသို့ တိုက်ရိုက် ချီတက်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ဒီရေလွှမ်းမိုးနေသော ရေအောက်၌။

လင်းယွမ်က ရေထဲသို့ ခုန်ချလိုက်ပြီး ရေရှောင် သင်္ကေတကို ချက်ချင်း အသက်သွင်းလိုက်ကာ ဘေးပတ်ဝန်းကျင်သို့ အကဲခတ်လိုက်သည်။

နေရာတိုင်းတွင် ရေခဲတုံးများနှင့် နှင်းတုံးများ ရှိနေသဖြင့် ရေအောက်တွင် အလွန် ရှုပ်ယှက်ခတ်နေတော့သည်။

သူက ညဘက်တွင် မြင်နိုင်စွမ်း ရှိသော်လည်း ကုကျန့်ယဲ့ ထွက်ပြေးသွားသည့် ဦးတည်ရာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။

ကံကောင်းသည်မှာ စောစောက စိတ်စွမ်းအင် ရိုက်ခတ်မှုအောက်တွင် သူ၏ ကျန်ရစ်နေသော စိတ်စွမ်းအင် အငွေ့အသက်များက တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေဆဲ ဖြစ်သည်။

လင်းယွမ်က အနည်းငယ် အာရုံခံလိုက်ပြီးနောက် တစ်နေရာဆီသို့ အလျင်အမြန် လိုက်သွားတော့သည်။

"ရွှစ်"

ဒီရေများက အရိုးကွဲမတတ် အေးစက်နေသော်လည်း ရေရှောင် သင်္ကေတအောက်တွင် ဤရေစီးကြောင်းများက သူ၏ ခန္ဓာကိုယ်အနားသို့ မကပ်နိုင်ကြပေ။

လင်းယွမ်က စိတ်ထဲတွင် စဉ်းစားလိုက်သည်။ "ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းဖို့လည်း အချိန်ဇယားဆွဲရတော့မယ်"

အရင်က သူ မီယွမ်မိုးသစ်တောကျွန်းကို မသိမ်းပိုက်နိုင်သေးသဖြင့် ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့များက အကန့်အသတ် ရှိနေပြီး ထိုက်ယန်တောင်ရှိ ရေဓာတ် အစွမ်းပိုင်ရှင်များကို ဦးစားပေး အသုံးပြုစေခဲ့သည်။

ယခုအချိန်တွင် မီယွမ်မိုးသစ်တောကျွန်းကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ ရေဓာတ် သွေးသလင်းကျောက်များ လုံလုံလောက်လောက် ရရှိနေပြီဖြစ်ပြီး သူ၏ လက်ထဲတွင်လည်း ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်ပုံတစ်ပင် စုဆောင်းထားပြီး ဖြစ်သည်။

ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့များ သာမက မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့များလည်း အများအပြား ရှိနေသေးသည်။

ဤမျိုးရိုးဗီဇမျိုးစေ့ နှစ်ခုကို လောလောဆယ်တွင် သူ လုံးဝ စုစည်းထားခြင်း မရှိသေးပေ။

အဘယ်ကြောင့်ဆိုသော် အစားကြီးလွန်းလျှင် အစာမကြေဖြစ်တတ်သည်ဟူသော သဘောတရားကို သူ ကောင်းကောင်း သိထားသဖြင့် အချိန်တိုင်းလိုလို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို မြှင့်တင်နိုင်ရန်အတွက်သာ အမြဲတမ်း အားထုတ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ဒီရေအောက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာသောအခါ အကယ်၍ သူကိုယ်တိုင် ရေဓာတ်အဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် ဤရေအောက်တွင် ပို၍ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

လင်းယွမ်က ငါးလူသား အသွင်အဖြစ်ပင် ပြောင်းလဲနိုင်သဖြင့် တကယ်တော့ ရေအောက် တိုက်ပွဲအတွက် အလွန် သင့်လျော်ပေသည်။

"ဟင်"

သူ စဉ်းစားနေရင်း ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ပျောက်သွားတာလား"

ကုကျန့်ယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် သူ ချန်ထားခဲ့သော စိတ်စွမ်းအင် အငွေ့အသက် အရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters