← Chapters

အခန်း (၆၅၁-၆၅၂)

Vol. 33 Ch. 651-652

အခန်း (၆၅၁-၆၅၂)

Vol. 33 Ch. 651-652

အပိုင်း(၆၅၁) မူလ ရေလူသား

အမှောင်ထုဖုံးလွှမ်းနေသော အေးစက်စက် ရေအောက်ကြမ်းပြင်တွင် လင်းယွမ်က သံသယဖြစ်ဖွယ် အမူအရာဖြင့် ရှိနေသည်။

ဤစက္ကန့်အနည်းငယ်မျှသော အချိန်တိုအတွင်း သူချန်ထားခဲ့သည့် စိတ်ဝိညာဉ်အမှတ်အသားက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ဖက်လူကများ ရိပ်မိသွားတာလား။

"မဖြစ်နိုင်ဘူး"

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

ကုကျန့်ယဲ့က သူ့ကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားပြီးပြီ ဖြစ်ရာ စေတစ်လုံးအစွမ်း ကို ထပ်မံအသုံးပြုရန်ဆိုသည်မှာ အင်အားကုန်ခန်းနေသည့် အခြေအနေမျိုးသာ ဖြစ်သင့်ပေသည်။

သူ့မှာ ကျန်နေသေးသည့် စွမ်းအင်လေးကို အသက်လု ထွက်ပြေးဖို့ အသုံးမပြုဘူးလား။

ထိုအကြောင်းကို တွေးမိရင်း လင်းယွမ်က ရှေ့သို့ ဆက်လက်ကူးခတ်သွားလိုက်သည်။

ရှေ့သို့ ပေတစ်ရာခန့် ကူးခတ်သွားပြီးနောက် သူ၏ မျက်နှာအမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။

သူ့ရှေ့ရှိ အမှောင်ထုဖုံးလွှမ်းနေသော ရေအောက်ကြမ်းပြင်တွင် သပ်ရပ်စွာ တန်းစီ၍ ရှေ့သို့ချီတက်လာသော ကင်းလှည့်တပ်ဖွဲ့တစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ထိုတပ်ဖွဲ့ထဲရှိ လူတိုင်းက အရိုးခက်ရင်းခွ ကဲ့သို့သော လက်နက်များကို ကိုင်ဆောင်ထားကြသည်။

လင်းယွမ်က စိတ်ထဲတွင် အံ့ဩသွားမိသည်။ "ရေလွှမ်းမိုးခံထားရတဲ့ ဒီပင်လယ်ရေနက်ပိုင်းထဲမှာ ဘယ်လိုလုပ်ပြီး တပ်ဖွဲ့တစ်ခု ရှိနေရတာလဲ"

သူ့စိတ်ထဲတွင် လှုပ်ရှားသွားပြီး ကုကျန့်ယဲ့အား ဆက်လက်လိုက်လံရှာဖွေရန် သတိမရတော့ဘဲ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ပတ်လိုက်ရာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရေမြုပ်နေသော အဆောက်အအုံတစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းလိုက်သည်။

ထို့နောက် တဖြည်းဖြည်း နီးကပ်လာသော ထိုတပ်ဖွဲ့ကို သေချာစွာ စောင့်ကြည့်နေလိုက်သည်။

ထိုတပ်ဖွဲ့ထဲတွင် လူပုံစံ သက်ရှိ ဆယ့်နှစ်ကောင်ခန့် ရှိသည်ကို တွေ့လိုက်ရသည်။

ထိုလူပုံစံ သက်ရှိများ၏ ခန္ဓာကိုယ်အနှံ့အပြားတွင် အကြေးခွံများ ဖုံးလွှမ်းနေပြီး လက်ဝါးနှင့် ခြေဝါးများတွင်လည်း ဘဲခြေထောက်ကဲ့သို့ အရေပြားဆက်ဖွဲ့စည်းမှုများ ရှိနေသည်။

သူတို့၏ မျက်နှာများက ကြောက်မက်ဖွယ်ကောင်းပြီး ချွန်ထက်သော ပါးစပ်နှင့် အစွယ်များ ရှိကြသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းယွမ်က ၎င်းတို့သည် ရေလူသား တပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

"ရေလူသား အစွမ်းပိုင်ရှင်တွေလား"

လင်းယွမ် ချက်ချင်း ခန့်မှန်းမိလိုက်သည်။ ထိုကဲ့သို့သောအခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်း မဟုတ်ပေ။

ယခင်က ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲသို့ စတင်ရောက်ရှိချိန်တွင် ဂျိရှောင်ယွီတို့က ရေအောက်တွင် ရေသူမနှင့် ရေလူသား ခိုလှုံရေးစခန်းများကို တည်ဆောက်ခဲ့ကြသည်။

သူတို့က အသွင်ပြောင်းပြီးနောက် ခန္ဓာကိုယ်၏ ထူးခြားချက်များကြောင့် ရေအောက် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်သဖြင့် ရေထဲတွင်ပင် အပြီးအပိုင် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့လုပ်မှသာ ဧဒင်ဥယျာဉ်၏ လိုက်လံသတ်ဖြတ်မှုမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် လင်းယွမ်က ဤတပ်ဖွဲ့သည်လည်း ဂျိရှောင်ယွီတို့ကဲ့သို့ပင် ရေလူသား အသွင်ပြောင်းအစွမ်း ပိုင်ဆိုင်ထားသော အစွမ်းပိုင်ရှင်များ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်ကြောင်း သံသယဖြစ်မိသည်။

သူ့အကြည့်များက ဝေ့ဝဲသွားပြီးနောက် အလယ်ရှိ ရေလူသားနှစ်ကောင်က သူတို့လက်ထဲတွင် လူတစ်ယောက်ကို ဖမ်းဆွဲထားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ထိုသူက တခြားသူမဟုတ်ဘဲ ကုကျန့်ယဲ့ပင် ဖြစ်သည်။

ယခုအခါ ကုကျန့်ယဲ့၏ တစ်ကိုယ်လုံးကို အပြာရောင် စွမ်းအင်အကာအကွယ်တစ်ခုက ဖုံးအုပ်ကာကွယ်ပေးထားပြီး ရေစီးကြောင်းများကို တားဆီးပေးရုံသာမက သူ့အတွက် အောက်ဆီဂျင် အထိုက်အလျောက်ကိုပါ ထောက်ပံ့ပေးနေသည်။

ကြည့်ရသည်မှာ တစ်စုံတစ်ရာသော သင်္ကေတ အာနိသင် ဖြစ်ပုံရသည်။

ကုကျန့်ယဲ့က ယခုအခါ သတိလစ်နေပုံရပြီး ရေလူသားနှစ်ကောင်၏ တုပ်နှောင်ခြင်းကို ခံထားရကာ သူတို့၏ လက်ထဲတွင် အဖမ်းခံထားရလျက် ရှေ့သို့ ပါသွားလေသည်။

သူတို့တတွေ အရှေ့ဘက်ရှိ အဆောက်အအုံကို ဖြတ်သန်းသွားသည်ကို လင်းယွမ်က ကြည့်နေရင်း စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

ထို့နောက် သူက အသံမထွက်စေဘဲ ချက်ချင်း နောက်မှ လိုက်သွားလိုက်သည်။

ရေအောက် ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး မြင်ကွင်းကလည်း အလွန် မှုန်ဝါးနေသည်။

အမှောင်အတိ ကျနေသည်ဟုပင် ပြော၍ရသည်။

လင်းယွမ်က ညကြည့်အမြင်အာရုံကို အားကိုး၍ ဤရေလူသားတပ်ဖွဲ့၏ နောက်မှ တကောက်ကောက် လိုက်ပါသွားခဲ့သည်။

တစ်လျှောက်လုံး ကူးခတ်သွားပြီးနောက် မကြာမီတွင် ဤတပ်ဖွဲ့က ရုတ်တရက် ဦးတည်ရာ ပြောင်းသွားပြီး ပိုမိုနက်ရှိုင်းသော နေရာသို့ ဆင်းသက်သွားလေသည်။

ယင်းမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က စိတ်ထဲတွင် ထူးဆန်းနေမိသည်။

ပို၍ နက်ရှိုင်းစွာ ဆင်းလေလေ၊ ရေဖိအားက ပို၍ ကြီးမားလေလေ ဖြစ်ရာ ရေလူသားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင်လျှင် အလွန်နက်ရှိုင်းသောနေရာအထိ ကူးခတ်နိုင်ရန် ခက်ခဲသင့်သည် မဟုတ်ပါလား။

လင်းယွမ်က တွေဝေမနေပေ။ အရိပ်အခြေအနေတွင် သူက ရေဖိအားကဲ့သို့သော ပြဿနာများကို စိုးရိမ်ရန် မလိုပေ။

သူက လျင်မြန်စွာ နောက်မှ လိုက်သွားပြီး တစ်လျှောက်လုံး အောက်သို့ ငုပ်ဆင်းသွားသည်။

ရေလွှမ်းမိုးခံထားရသည်မှာ ကြာမြင့်နေပြီဖြစ်သော အဆောက်အအုံများက သူ၏ ဘေးဘက်တွင် တစ်လုံးပြီးတစ်လုံး ပေါ်လာသည်။

ထိုအဆောက်အအုံများထဲမှ အချို့မှာ ပြိုကျပျက်စီးနေပြီး အချို့မှာမူ ရေညှိများ ဖုံးလွှမ်းနေကာ မူလပုံစံကိုပင် မခွဲခြားနိုင်တော့ပေ။

အချို့သော အဆောက်အအုံများပေါ်တွင်မူ ခရုခွံအမျိုးမျိုးက အပြည့်ကပ်တွယ်နေပြီး ခရုခွံ၊ ကမာခွံ စသည့် သက်ရှိအမြောက်အမြားက ဤနေရာတွင် စုဝေးနေကြသည်။

သန္ဓေပြောင်း ပုစွန်ထုပ်ကြီးများနှင့် သန္ဓေပြောင်း ငါးအချို့ကလည်း အဆောက်အအုံထဲတွင် ဟိုဟိုဒီဒီ ကူးခတ်သွားလာနေကြသည်။

လင်းယွမ်က သူ့ဘေးဘက်ရှိ အဆောက်အအုံများ၏ အခြေအနေကို ဂရုမစိုက်တော့ဘဲ ရေလူသားတပ်ဖွဲ့၏ နောက်မှသာ ဆက်လက် လိုက်ပါသွားခဲ့သည်။

မကြာမီမှာပင် ရေလူသားတပ်ဖွဲ့က အပျက်အစီးပုံတစ်ခု ရှေ့သို့ ရောက်ရှိသွားသည်။

ထိုအပျက်အစီးပုံ အပြင်ဘက်တွင်မူ ရေလူသား အမြောက်အမြား ပေါ်လာပြီး အပျက်အစီးပုံ၏ ပတ်ပတ်လည်တွင် ကင်းလှည့်နေကာ တစ်စုံတစ်ရာကို စောင့်ကြပ်နေသည့်ပုံ ပေါက်နေသည်။

ထိုအရာက လင်းယွမ်ကို စပ်စုချင်စိတ် ဖြစ်ပေါ်လာစေသည်။

ဒီအပျက်အစီးပုံထဲမှာ ဘာတွေများရှိနေလို့ ရေလူသား ဒီလောက်များများ စုဝေးပြီး စောင့်ကြပ်နေရတာလဲ။

ဤနယ်မြေကလည်း ထူးဆန်းနေပြီး ယခင်က မြို့တစ်မြို့၏ အပျက်အစီးပုံနှင့် မတူပေ။

ထိုအပျက်အစီးပုံထဲတွင် နန်းတော်နှင့်တူသော ရှေးဟောင်းအမွေအနှစ် နေရာများစွာ ရှိနေပြီး ပြတိုက်ကဲ့သို့သော ရှေးဟောင်းအဆောက်အအုံမျိုးနှင့် ခပ်ဆင်ဆင် တူနေသည်။

လင်းယွမ်က တွေဝေမနေဘဲ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ လျင်မြန်စွာ ကပ်သွားလိုက်သည်။

မကြာမီမှာပင် အရိပ်၏ ကွယ်ဝှက်ပေးသည့် အကူအညီဖြင့် လင်းယွမ်က အပျက်အစီးပုံအနီးသို့ ရောက်ရှိသွားသည်။

ပတ်ဝန်းကျင်ရှိ ရေလူသားများက သူရှိနေသည်ကို လုံးဝ မသိရှိကြပေ။

လင်းယွမ်က အပျက်အစီးပုံထဲသို့ လျင်မြန်စွာ ခိုးဝင်သွားလိုက်သည်။

ဝင်ဝင်ချင်းမှာပင် သူက စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကျက်လိုက်ပြီး ပတ်ပတ်လည်ရှိ အပျက်အစီးများကို စူးစမ်းလိုက်သည်။

ထိုသို့ ကြည့်လိုက်မိသောအခါ သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် ထပ်မံ အံ့အားသင့်သွားရပြန်သည်။

ဤနေရာရှိ အဆောက်အအုံများက အပြင်ဘက်ပိုင်းတွင် ပြတိုက်နှင့် အနည်းငယ် တူသော်လည်း အတွင်းဘက်တွင်မူ ကျောက်ခေတ်လက်နက်၊ အရိုးလက်နက် ကဲ့သို့သော ရှေးဟောင်းပစ္စည်း အမြောက်အမြား ရှိနေသည်။

"ဒါက ကျောက်ခေတ် ပြတိုက်တစ်ခုခုများလား"

"ဒီရေလူသား အစွမ်းပိုင်ရှင်တွေက ဒီနေရာမှာ စုဝေးပြီး ဘာလုပ်နေကြတာလဲ"

လင်းယွမ် စိတ်ထဲတွင် သံသယဖြစ်သွားသည်။ ကျောက်ခေတ် ပြတိုက်ထဲတွင် ဤရေလူသားများ ဤမျှလောက် အာရုံစိုက်နေရမည့် အရာများ ရှိနေလို့လား။

သူက အပျက်အစီးပုံ အတွင်းဘက်သို့ ဆက်လျှောက်သွားလိုက်သည်။

အတွင်းပိုင်းသို့ ပိုမို ရောက်ရှိလေလေ၊ အတွင်းဘက်ရှိ အဆောက်အအုံများက ပို၍ ပကတိအတိုင်း ရှိနေသေးသည်ကို လင်းယွမ် သတိပြုမိလေလေ ဖြစ်သည်။

စင်္ကြံလမ်းတစ်ခုကို ဖြတ်သန်းသွားပြီးနောက် အတွင်းဘက်ရှိ ပြတိုက်ခန်းမဆောင်က အလွန် သပ်ရပ်စနစ်ကျလာသည်။

ပတ်ပတ်လည်ရှိ အခန်းများက ဟိုတစ်ခန်း သည်တစ်ခန်း သပ်ရပ်စွာ ရှိနေပြီး ပစ္စည်းအမြောက်အမြားကို ဤနေရာတွင် ပုံထားသဖြင့် တစ်စုံတစ်ရာက ဤနေရာတွင် နေထိုင်နေသည့်ပုံ ပေါက်နေသည်။

သို့သော် ဤနေရာတွင် ပုံထားသည့် အရာအများစုမှာ အရိုးများသာ ဖြစ်ပြီး လူသားများ နေထိုင်သည့်နေရာနှင့် မတူဘဲ သားရဲများ နေထိုင်သည့်နေရာနှင့် ပိုတူနေသည်။

လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ "ဒီရေလူသားတွေက ပုံမှန်ဆိုရင် ဒီပြတိုက်ထဲမှာပဲ နေထိုင်ကြတာလား"

သူက စိတ်ထဲတွင် သံသယဝင်လျက် အတွင်းပိုင်းသို့ ဆက်လျှောက်သွားလိုက်သည်။

မကြာမီမှာပင် ရေလူသား အနည်းငယ်က ခန်းမဆောင်တစ်ခု၏ တံခါးဝတွင် စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။

ခန်းမဆောင် အတွင်းဘက်တွင်မူ အမျိုးမျိုးသော သင်္ကေတ အလင်းရောင်များက ရေးတေးတေး တောက်ပနေသည်။

လင်းယွမ်က အနည်းငယ် အာရုံခံကြည့်လိုက်ရာ ဤရေလူသားများ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်က မအားနည်းကြောင်း တွေ့လိုက်ရသည်။

သူက စွမ်းအင်တိုင်းမျက်မှန်ကို ချက်ချင်း ထုတ်ယူကာ ထိုသူတို့၏ အင်အားကို စမ်းသပ်ကြည့်လိုက်သည်။

ထိုသို့ ကြည့်လိုက်ပြီးနောက် သူက မသိမသာ မျက်ခုံးပင့်သွားမိသည်။

"အကုန်လုံးက အမှတ် ၉၀ အထက်မှာ ရှိတဲ့ ရေလူသားတွေချည်းပဲလား... ဒါတောင် တံခါးစောင့်တွေပဲ ရှိသေးတယ်"

လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားသည်။ ဤနေရာတွင် စောင့်ကြပ်နေသည့် အရာက သာမန် ပစ္စည်းမျိုး မဟုတ်နိုင်မည်ကို စိုးရိမ်ရသည်။

ထိုအကြောင်းကို တွေးမိရင်း သူ၏ ခန္ဓာကိုယ်က အရိပ်အဖြစ် ပြောင်းလဲသွားကာ အတွင်းဘက်သို့ ဆက်လက် ကပ်သွားလိုက်သည်။

ထိုရေလူသားများ၏ အမြင်အာရုံကို လွယ်ကူစွာ ရှောင်ကွင်းပြီးနောက် လင်းယွမ်က ဤခန်းမဆောင်ထဲသို့ ဝင်ရောက်သွားသည်။

ခန်းမဆောင်ထဲတွင် ပြကွက်များစွာ ရှိနေပြီး ပြကွက်များအပေါ်ရှိ အရာအများစုမှာ လိပ်ခွံနှင့် အရိုးအမျိုးမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလိပ်ခွံနှင့် အရိုးများအပေါ်တွင်မူ ရှေးဟောင်း လိပ်ခွံစာများကဲ့သို့သော သင်္ကေတ အမြောက်အမြား ရှိနေသည်။

ယခုအခါ ထိုသင်္ကေတများက ထူးဆန်းသော အလင်းရောင်များ တောက်ပနေသည်။

လင်းယွမ်က အနီးသို့ ကပ်၍ ကြည့်လိုက်သည်။

ထိုအခါ ရှေးဟောင်း လိပ်ခွံစာ ကျောက်စာချပ် တစ်ခုအောက်တွင် စတီးပြားဖြင့် ရေးသားထားသော မိတ်ဆက်စာ ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဤဇယားကွက်သည် ယဇ်ပူဇော်ရာတွင် ဗေဒင်တွက်ရန် အသုံးပြုသော မူလလိပ်ခွံစာ ဖြစ်ပြီး ၁၈၉၉ ခုနှစ်တွင် လင်ကျန်းရှိ ယင်မင်းဆက် အပျက်အစီးနေရာမှ တူးဖော်ရရှိခဲ့သည်။ လိပ်ခွံမျက်နှာပြင်ပေါ်တွင် အပြည့်ရှိနေသော စာလုံးများသည် တရုတ်စာလုံးများ၏ မူလအစ ပုံစံဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၃၀၀ ခန့်က တရုတ်စာလုံးများ၏ အံ့မခန်း ပေါက်ဖွားလာမှုကို သက်သေပြနေသည်..."

လင်းယွမ်က ထိုအပေါ်ရှိ မိတ်ဆက်စာကို ကြည့်ရင်း တိတ်ဆိတ်သွားမိသည်။

သူ၏ ယခုလက်ရှိ ဗဟုသုတဖြင့်ဆိုလျှင် သူ၏ ရှေ့မှောက်ရှိ ရှေးဟောင်း လိပ်ခွံစာများသည် အစွမ်း သင်္ကေတများ ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သဘာဝကျကျ ခွဲခြားသိမြင်နိုင်သည်။

"သမိုင်းမှာ တွေ့ရှိခဲ့တဲ့ လိပ်ခွံစာတွေက တကယ့်လက်တွေ့မှာ အစွမ်း သင်္ကေတတွေ ဖြစ်နေတာများလား"

"နေဦး... အဲ့ဒီလိုဆိုရင် အလွန် ရှေးကျတဲ့ အချိန်ကာလတုန်းကတည်းက အစွမ်းတွေ ရှိခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"

လင်းယွမ်က ဤရေလွှမ်းမိုးမှုကြီးအကြောင်းကို ရုတ်တရက် တွေးမိသွားသည်။ သမိုင်းတွင်လည်း လူသားများသည် ဤကဲ့သို့ပင် ကမ္ဘာပျက်မတတ် ရေလွှမ်းမိုးမှုမျိုးကို ကြုံတွေ့ခဲ့ရဖူးပုံ ရသည်။

ဒီအရာအားလုံးက တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ပြောချင်တာများလား။

"သမိုင်းဆိုတာ သံသရာလည်နေတာများလား"

လင်းယွမ်၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်ပေါက်နေပြီး သူက အမှန်တရား တစ်ခုခုကို ထိတွေ့မိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်က အရိပ်ထဲမှ ထွက်ပေါ်လာပြီး ဤလိပ်ခွံ သင်္ကေတနှင့် ယခုလက်ရှိ အစွမ်း သင်္ကေတတို့ အကြား မည်သို့သော ကွာခြားချက်များ ရှိနေသည်ကို လေ့လာရန် ထိုလိပ်ခွံ သင်္ကေတကို လက်လှမ်း၍ ယူလိုက်သည်။

သင်္ကေတကို လက်လှမ်းယူလိုက်သည်နှင့် တစ်ပြိုင်နက် ရေစီးကြောင်း၏ လှုပ်ရှားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။

လင်းယွမ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး လိပ်ခွံ သင်္ကေတကို လက်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်ကာ ခန္ဓာကိုယ်ကို အမှောင်ရိပ်ထဲသို့ လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။

ထိုအခါ ပြခန်း၏ နောက်ကွယ်မှ ရေလူသားနှစ်ကောင် ကူးခတ်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူတို့က ပြခန်းကို ဖြတ်သန်းကာ အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး မကြာမီမှာပင် တုပ်နှောင်ခံထားရသော ကုကျန့်ယဲ့ကို ခေါ်ဆောင်လာသည်။

ယင်းမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ လင်းယွမ်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး အသံမထွက်စေဘဲ ချက်ချင်း နောက်မှ လိုက်သွားလိုက်သည်။

ဤလုပ်ငန်းစဉ်အတွင်း ထိုရေလူသားနှစ်ကောင် စကားပြောဆို ဆက်သွယ်နေသည်ကို သူ ကြားလိုက်ရသည်။

သို့သော် ထူးဆန်းသည်မှာ ဤရေလူသားနှစ်ကောင် ပြောဆိုနေသည့် အကြောင်းအရာကို လင်းယွမ်က လုံးဝ နားမလည်ခြင်းပင် ဖြစ်သည်။

"ဘာဖြစ်တာလဲ... ရေလူသားအဖြစ် အသွင်ပြောင်းသွားတာတောင် စကားပြောတဲ့ ပုံစံက ပြောင်းသွားသေးတာလား"

လင်းယွမ်က ရေလူသားကို မမြင်ဖူးသည်တော့ မဟုတ်ပေ။ ကျန်းဖန်၊ ဂျိရှောင်ယွီတို့သည် ရေလူသား အခြေအနေပဲဖြစ်ဖြစ်၊ ရေသူမ အခြေအနေပဲဖြစ်ဖြစ် စကားပြောသည့် ပုံစံက လူသားတို့၏ ဘာသာစကားသာ ဖြစ်သည်။

သူတို့အချင်းချင်းကြားတွင် သီးသန့် ဆက်သွယ်သည့်နည်းလမ်း ရှိသည်ဟုလည်း မကြားဖူးချေ။

"ဒီရေလူသား အစွမ်းပိုင်ရှင် နှစ်ယောက်က ဒီဒေသက မဟုတ်လို့များလား"

လင်းယွမ်က ထူးဆန်းသော မျက်နှာအမူအရာဖြင့် သူတို့နှစ်ယောက် နောက်မှ တစ်လျှောက်လုံး လိုက်ပါသွားခဲ့သည်။

မကြာမီမှာပင် ဤပြခန်းကို ဖြတ်သန်းသွားပြီးနောက် ရှေ့ဘက်ရှိ မြေပြင်က ရုတ်တရက် အောက်သို့ နိမ့်ဆင်းသွားသည်။

မြေပြင်ပေါ်တွင် ဧရာမ ဂူပေါက်ကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုရေလူသားနှစ်ကောင်က ကုကျန့်ယဲ့ကို ဆွဲမလျက် ဂူပေါက်ကြီးထဲသို့ တိုက်ရိုက် ကူးခတ်သွားကြသည်။

လင်းယွမ်က ဤမြင်ကွင်းကို ကြည့်ရင်း အကြည့်များက အနည်းငယ် တောက်ပသွားကာ နောက်မှ လိုက်သွားလိုက်သည်။

ဂူပေါက်ကြီး၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားသောအခါမှသာ ဤဂူပေါက်ကြီးထဲတွင် လမ်းများက ဖြာထွက်နေပြီး မြေအောက် ရှေးဟောင်းသင်္ချိုင်းဂူ တစ်ခုနှင့်ပင် တူနေကြောင်း လင်းယွမ် သတိပြုမိသွားသည်။

"ဒါက ဘယ်လို ပြတိုက်မျိုးလဲ... ရှေးဟောင်းသင်္ချိုင်းဂူ အပေါ်မှာ တည်ဆောက်ထားတာလား"

လင်းယွမ်က စိတ်ထဲတွင် အံ့အားသင့်သွားပြီး ရှေ့မှ ရေလူသားနှစ်ကောင် နောက်မှ တကောက်ကောက် လိုက်ပါလျက် သင်္ချိုင်းဂူ လမ်းမများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်။

မကြာမီမှာပင် အနည်းငယ် ပိုကြီးသော သင်္ချိုင်းဂူ အခန်းတစ်ခုသို့ ရောက်ရှိသွားသည်။

ဤသင်္ချိုင်းဂူ အခန်းထဲတွင် မြေအောက်အကျဉ်းထောင် အများအပြား ရှိနေပြီး ယခုအခါ မြေအောက်အကျဉ်းထောင်ထဲတွင် လူလေးငါးယောက်ကို ဖမ်းဆီးချုပ်နှောင်ထားသည်။

ရေလူသားနှစ်ကောင်က ကုကျန့်ယဲ့ကို မြေအောက်အကျဉ်းထောင်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် လှည့်ထွက်ကာ စကားအချို့ကို ဗလုံးဗထွေး ပြောဆိုပြီး ထွက်ခွာသွားကြသည်။

လင်းယွမ်က မြေအောက်အကျဉ်းထောင်ထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်ရာ ချက်ချင်းပင် ကြောင်အမ်းသွားသည်။

"ကျန်းဖန်..."

ထိုမြေအောက်အကျဉ်းထောင်ထဲတွင် ကျန်းဖန် အမှန်တကယ် ပါဝင်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

လင်းယွမ်က အလွန် အံ့အားသင့်သွားသည်။ ကျန်းဖန်က ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ။

သူက ဒါက တကယ်တမ်း ဘာတွေဖြစ်နေသနည်း ဆိုသည်ကို ခဏတာမျှ နားမလည်နိုင် ဖြစ်သွားသော်လည်း ဤနေရာတွင် မသင်္ကာစရာ တစ်ခုခု ရှိနေမည်မှာ သေချာကြောင်းကိုမူ သူ အလွန် ရှင်းလင်းစွာ သိနေသည်။

ထိုအကြောင်းကို တွေးမိရင်း လင်းယွမ်က လူကို ကယ်တင်ရန် ချက်ချင်း ထွက်မလာသေးဘဲ ထိုရေလူသားနှစ်ကောင် နောက်မှ လျင်မြန်စွာ လိုက်သွားလိုက်သည်။

ရေလူသားနှစ်ကောင်က မြေအောက်အကျဉ်းထောင် အပြင်ဘက်သို့ ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် လင်းယွမ်က မြေအောက်အကျဉ်းထောင်ထဲတွင် စိတ်ဝိညာဉ် အမှတ်အသား ချန်ထားခဲ့ပြီးနောက် တစ်ဖက်လူ၏ နောက်မှ လျင်မြန်စွာ လိုက်သွားလိုက်သည်။

မကြာမီမှာပင် ရေလူသားနှစ်ကောင်က အခြား ဂူခန်းမတစ်ခု၏ ဝင်ပေါက်တွင် ပေါ်လာသည်။

ဂူခန်းမကို ဖြတ်သန်းသွားပြီးနောက် ရှေ့ဘက်တွင် ရုတ်တရက် ကျယ်ဝန်းလင်းထိန်သွားသည်။

ဒါက ဧရာမ သင်္ချိုင်းဂူ အခန်းကြီးတစ်ခု ဖြစ်ပြီး ဧရာမ အားကစားရုံကြီး တစ်ခုကဲ့သို့ ကျယ်ဝန်းလှသည်။

ထိုသင်္ချိုင်းဂူ အခန်းကြီး၏ အလယ်တွင် ယဇ်ပလ္လင်ကဲ့သို့သော အဆောက်အအုံတစ်ခု ရှိနေပြီး ၎င်းအပေါ်တွင် ကျောက်ခေါင်းတလား တစ်ခုကို ထားရှိထားသည်။

ထိုကျောက်ခေါင်းတလား အနီးတွင်မူ စက်ဝိုင်းပုံစံ ဥကြီးများက သပ်ရပ်စွာ တန်းစီနေကြသည်။

ထိုအထဲမှ ဥကြီး အချို့မှာမူ ကွဲအက်နေပြီး အတွင်းမှ တစ်စုံတစ်ရာ တွားသွား၍ ထွက်ခွာသွားပုံ ရသည်။

ဥကြီး အချို့မှာမူ ပကတိအတိုင်း အကောင်းပကတိ ရှိနေဆဲဖြစ်ကာ ဖြည်းညင်းစွာ လှုပ်ရှားနေသဖြင့် အတွင်းပိုင်းတွင် တစ်စုံတစ်ရာကို မွေးဖွားပေးနေသည့်ပုံ ပေါက်နေသည်။

လင်းယွမ်က စိတ်ထဲတွင် အံ့အားသင့်သွားပြီး ဘယ်ညာ ဝဲယာသို့ ကြည့်လိုက်ရာ ပတ်ပတ်လည်တွင် စောင့်ကြပ်နေသော ရေလူသား မရှိသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူက လက်ချောင်းကို ကွေး၍ တစ်ချက် ခေါက်လိုက်သည်။

"ဝှစ်"

လေကို ခွင်းသွားသော အသံတိုးတိုးတစ်ခု ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော လေပြင်းက ဥကြီးတစ်လုံးကို ဆွဲဆုတ်လိုက်သည်။

"ဖူး"

ဥကြီးက ကွဲအက်သွားပြီးနောက် ချက်ချင်းပင် အရည်တစ်အိုင်က ပတ်ပတ်လည်ရှိ ရေစီးကြောင်းများကြောင့် လွင့်ပါသွားကာ နောက်ကျိစွာ ပြန့်ကျဲသွားလေသည်။

ထိုဥကြီး အတွင်းမှ ရေလူသား ကလေးငယ်လေး တစ်ကောင်က လွင့်မျောထွက်လာသည်။

ယင်းမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်၏ သူငယ်အိမ်က ချက်ချင်း ကျုံ့ဝင်သွားတော့သည်။

"ဒါ... ရေလူသားပဲ"

"ဒီရေလူသားတွေက ဒီဥကြီးတွေထဲကနေ ပေါက်ဖွားလာကြတာလား"

"သူတို့တွေက လူသား အစွမ်းပိုင်ရှင်တွေ မဟုတ်ဘူးပေါ့"

ယခုအချိန်ရောက်မှသာ အပြင်ဘက်ရှိ ထိုရေလူသားများက လူသားများ လုံးဝ မဟုတ်ကြောင်းကို လင်းယွမ်က အလွန် ထိတ်လန့်စွာ တွေ့ရှိလိုက်ရတော့သည်။

ထို့အပြင် မွေးလာကတည်းက ရေလူသား ဖြစ်နေကြခြင်းပင်တည်း။

တစ်နည်းအားဖြင့် ပြောရလျှင် ဤရေလူသားများသည် အခြေခံအားဖြင့် သန္ဓေပြောင်း သတ္တဝါများပင် ဖြစ်ပေတော့သည်။

ဆက်ရန်...

အပိုင်း(၆၅၂) အကြွင်းအကျန်နယ်မြေမှ လွတ်မြောက်ခြင်း

ကပ်ကမ္ဘာရေလွှမ်းမိုးမှုကြီး ဖြစ်ပေါ်လာပြီးချိန်မှစ၍ ယနေ့အထိ အစွမ်းများက များစွာ ဖွံ့ဖြိုးတိုးတက် အားကောင်းလာခဲ့ပြီ ဖြစ်သည်။

လင်းယွမ်ကလည်း အရင်တုန်းကလို ဘာမှနားမလည်သည့် လူသစ်လေး မဟုတ်တော့ပေ။

အစွမ်းများနှင့် ပတ်သက်၍လည်း သူက သူ့ကိုယ်ပိုင် နားလည်သဘောပေါက်မှုများ ရှိလာခဲ့သည်။

အစွမ်းဆိုသည်မှာ အမှန်တကယ်တော့ ခန္ဓာကိုယ်အတွင်းရှိ ပိုမို အားကောင်းသော မျိုးရိုးဗီဇများကို လှုံ့ဆော်ပေးခြင်း ဖြစ်ပြီး လူသားများအား စွမ်းအားကြီးမားသည့် သန္ဓေပြောင်း သတ္တဝါများကို အတုခိုးစေကာ ၎င်းတို့၏ စွမ်းရည်များကို ရယူနိုင်စေခြင်းပင် ဖြစ်သည်။

ရေလူသားပဲဖြစ်ဖြစ် အခြားသော အသွင်ပြောင်းသည့် အစွမ်းမျိုးပဲဖြစ်ဖြစ် အခြေခံ မျိုးရိုးဗီဇ အရကြည့်လျှင် သန္ဓေပြောင်း သတ္တဝါများ၏ မျိုးရိုးဗီဇဟုပင် ဆိုနိုင်ပေသည်။

သို့သော်လည်း ဤသန္ဓေပြောင်း သတ္တဝါများ၏ မျိုးရိုးဗီဇက လူသားများ၏ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုအောက်တွင် ပြောင်းလဲမှုများကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

သို့သော် အစွမ်းနိုးထမှု ကျရှုံးသွားသူများကမူ ဤမျိုးရိုးဗီဇ၏ ထိန်းချုပ်မှုကို ခံရပြီး ဘီလူးသတ္တဝါများအဖြစ်သို့ ကျဆင်းသွားကြခြင်း ဖြစ်သည်။

သူ၏ မျက်စိရှေ့ရှိ ဧရာမ ဥကြီးများထဲမှ ပေါက်ဖွားလာသော ရေလူသားများက အစစ်အမှန် ရေလူသား သက်ရှိများပင် ဖြစ်ရပေမည်။

သို့သော်လည်း လင်းယွမ်က မည်သို့မျှ တွေး၍မရသည်မှာ ဤရေလူသား သက်ရှိများက တကယ်တမ်း မည်သည့်နေရာမှ ရောက်လာသနည်း ဆိုသည်ကိုပင်။

"သန္ဓေပြောင်း ငါးတွေထဲကနေ ရေလူသား မျိုးရိုးဗီဇ နိုးထလာတဲ့ သန္ဓေပြောင်း သတ္တဝါတွေက တစ်ဆင့်ပြီးတစ်ဆင့် ဆင့်ကဲပြောင်းလဲလာတာများလား... ပြီးတော့ ရေလူသား မျိုးနွယ်စုကို တိုက်ရိုက် မျိုးပွားလာကြတာလား"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ယဇ်ပလ္လင်ပေါ်ရှိ ကျောက်ခေါင်းတလားဆီသို့ အကြည့်လွှဲလိုက်သည်။

ထိုကျောက်ခေါင်းတလားက အတော်လေး ရှေးကျဟောင်းနွမ်းနေပုံရပြီး ဤနေရာတွင် ထားရှိရခြင်း၌ အကြောင်းအရင်း တစ်ခုခု ရှိရပေမည်။

"ဒီကျောက်ခေါင်းတလားထဲမှာ ဘာတွေများ ရှိနေမလဲ... ဒီရေလူသားဥတွေနဲ့များ ပတ်သက်နေမလား"

လင်းယွမ်က စိတ်ဝင်စားသွားပြီး သူ၏ စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကြက်ကာ ထိုကျောက်ခေါင်းတလားကို အလျင်အမြန် စူးစမ်းရှာဖွေလိုက်သည်။

သို့သော် လင်းယွမ်၏ စိတ်စွမ်းအင်က ကျောက်ခေါင်းတလားနှင့် ထိတွေ့သွားသည်နှင့် တပြိုင်နက် အားကောင်းသော ခုခံမှုစွမ်းအားတစ်ခု ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဤကျောက်ခေါင်းတလားက သူ၏ စိတ်စွမ်းအင် ဝင်ရောက်လာမှုကို အမှန်တကယ်ပင် ကာကွယ်နိုင်စွမ်း ရှိနေသည်။

ဤသို့ တွေ့ရှိလိုက်ရသဖြင့် လင်းယွမ်၏ မျက်ခုံးများ ချက်ချင်း ပင့်တက်သွားရသည်။

သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျောက်ခေါင်းတလားရှိရာသို့ အသံမထွက်စေဘဲ တိတ်တဆိတ် ကူးခတ်သွားလေသည်။

အချိန်မကြာမီမှာပင် သူက ကျောက်ခေါင်းတလား အထက်သို့ ရောက်ရှိသွားပြီး ပတ်ဝန်းကျင်၌ မည်သူမျှ မရှိသည်ကို တွေ့ရသဖြင့် လက်ကို ဆန့်ထုတ်ကာ ခေါင်းတလားကို အားကုန်သုံး၍ တွန်းဖွင့်လိုက်သည်။

"ဝုန်း"

ချက်ချင်းပင် ကျောက်ခေါင်းတလား၏ အဖုံးက လင်းယွမ်၏ အားကုန်တွန်းဖွင့်မှုကြောင့် ပွင့်ထွက်သွားပြီး တုန်ခါမြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။

"ပလုံ... ပလုံ"

ရေထဲတွင် ပူဖောင်းများ ပလုံစီထကာ ကျောက်ခေါင်းတလား အတွင်းမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

လင်းယွမ်က ခေါင်းငုံ့ကာ ကြည့်လိုက်သောအခါ ချက်ချင်းပင် သူ၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားရလေသည်။

ကျောက်ခေါင်းတလား အတွင်း၌ ဧရာမ အရိုးစုကြီး တစ်ခု ရှိနေသည်ကို မြင်လိုက်ရခြင်းပင် ဖြစ်သည်။

ဤဧရာမ ကျောက်ခေါင်းတလားကြီး အတွင်းရှိ အရိုးစုကြီးကလည်း အလားတူ ကြီးမားလှပြီး တစ်ကိုယ်လုံး အရှည်မှာ ပေ ၃၀ ကျော်ရှိကာ မျက်မှန်းတန်း ကြည့်ရုံဖြင့် ပေ ၄၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။

အပေါ်ပိုင်းက လူသားတို့၏ ဦးခေါင်းခွံ ပုံစံမျိုး သိသိသာသာ ဖြစ်နေသော်လည်း ရင်အုပ်ပိုင်းရှိ အရိုးများက လူသားများနှင့် လုံးဝကွာခြားနေကာ ၎င်း၏ အရိုးများက သေးငယ်စိပ်ကျဲနေပြီး လူသားများထက် များစွာ ပိုမို ပါဝင်နေသည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ၎င်း၏ အောက်ပိုင်းက ခြေထောက်နှစ်ချောင်း မဟုတ်ဘဲ ငါးအမြီးရိုး ပုံစံမျိုး ဖြစ်နေခြင်းပင် ဖြစ်သည်။

လင်းယွမ်၏ စိတ်ထဲတွင် ဂျိရှောင်ယွီ အသွင်ပြောင်းပြီးနောက် မြင်ရသည့် ပုံစံကို ချက်ချင်း ပြေးမြင်သွားမိသည်။

"ဒါက ငါးလူသားလား"

လင်းယွမ်က ရင်ထဲတွင် အံ့သြတုန်လှုပ်သွားသည်။

ဤကျောက်ခေါင်းတလား အတွင်းရှိ ငါးလူသား အရိုးစုက ဘယ်အချိန်ကတည်းက ရှိနေခဲ့တာလဲ။

ကျောက်ခေတ်ကတည်းကလား။

လင်းယွမ်က ခေါင်းတလား အတွင်းပိုင်းကို အကြည့်ဝေ့ဝဲလိုက်ရာ ခေါင်းတလား အတွင်းပိုင်း၌ သင်္ကေတ အမြောက်အမြား ထွင်းထုထားသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။

သို့သော်လည်း အချိန်ကာလများ ကြာမြင့်လာသည်နှင့်အမျှ ဤခေါင်းတလား အတွင်းပိုင်းရှိ သင်္ကေတများက အနည်းငယ် မှေးမှိန်ကာ ပျက်ပြယ်နေပြီ ဖြစ်သည်။

ဤမြင်ကွင်းကြောင့် လင်းယွမ်က ပို၍ပင် အံ့သြသွားရတော့သည်။

ကျောက်တုံးများပင် အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျက်စီးဆွေးမြေ့နေရသော်လည်း ဤအရိုးစုကမူ မဆွေးမြေ့သေးဘူးလား။

သူက အရိုးစုကို ထိတွေ့ရန် လက်ဆန့်ထုတ်လိုက်ပြီး ၎င်း၏ အမျိုးအစားကို စစ်ဆေးကြည့်ရန် ရည်ရွယ်လိုက်သည်။

သို့သော် ဤအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော စိတ်သန္ဓေတစ်ခုက ရုတ်တရက် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေသည်။

လင်းယွမ်က ထိတ်လန့်တုန်လှုပ်သွားသည်။

"သတ္တိကောင်းလှချည်လား"

ထိုစိတ်သန္ဓေ အတွင်း၌ ကြောက်မက်ဖွယ် ဒေါသတကြီး အော်ဟစ်သံများ ပါဝင်နေပြီး လင်းယွမ် နားလည်နိုင်သော စိတ်ခံစားမှု ဖော်ပြချက် တစ်မျိုး ဖြစ်နေသည်။

လင်းယွမ်က ဘာမျှဆက်မပြောတော့ဘဲ အရိုးစုကို တိုက်ရိုက် ဆွဲကိုင်လိုက်ကာ အရိပ်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ပုန်းခိုဝင်ရောက်သွားတော့သည်။

သို့သော် ထိုကြောက်မက်ဖွယ် အသိစိတ်က အရိပ်ကို တိုက်ရိုက် ဖြတ်သန်းကာ လင်းယွမ်ကို ချက်ချင်း စိုက်ကြည့်လာလေသည်။

လင်းယွမ်က ရင်ထဲတွင် ထိတ်လန့်သွားပြီး "သူ ငါ့ကို မြင်နိုင်တာပဲ"

လင်းယွမ်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လင်းလက်သွားစေကာ သုမာရု ဟင်းလင်းပြင် အတွင်းသို့ ပုန်းခိုဝင်ရောက်သွားတော့သည်။

"ဒိုင်း"

သို့သော် သင်္ချိုင်းဂူ အပြင်ဘက်မှ ဧရာမ ငါးလူသား တစ်ကောင်က အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။

ထိုငါးလူသားက လူ့ခန္ဓာကိုယ်နှင့် ငါးအမြီးကို ပိုင်ဆိုင်ထားပြီး ခေါင်းတစ်လုံးလုံးတွင် ဆံပင်ဖြူများ ဖုံးလွှမ်းနေသည်။

၎င်းက အဘွားအိုပုံစံ ငါးလူသား တစ်ကောင် ဖြစ်နေခြင်းပင်။

အဘွားအိုက ခန်းမအတွင်းသို့ ပြေးဝင်လာပြီး လင်းယွမ် ပျောက်ကွယ်သွားသည့် နေရာဆီသို့ မျက်စိတစ်မှိတ်အတွင်း အကြည့်ပို့လိုက်သည်။

သူမက ပါးစပ်မှ ထူးဆန်းသော စကားလုံးများကို အလျင်အမြန် ရွတ်ဆိုလိုက်ရာ ထိုနေရာတစ်ဝိုက်တွင် သက်တန့်ရောင် အလင်းတန်းများ ရုတ်တရက် လင်းလက်လာလေသည်။

ထို့နောက်တွင်တော့ အရိပ်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။

သို့သော် သူမက လင်းယွမ်ကို မတွေ့ရသဖြင့် မျက်မှောင်ကြုတ်သွားမိသည်။

ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားကာ သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ကျောက်ခေါင်းတလားဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်သွားလေသည်။

သူမက ကျောက်ခေါင်းတလားကို ငုံ့ကြည့်လိုက်ရာ မျက်နှာအမူအရာက ချက်ချင်း ကြီးမားစွာ ပြောင်းလဲသွားတော့သည်။

"အား"

သူမ၏ ပါးစပ်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားလေသည်။

ဤဘက်မှ လှုပ်ရှားမှုများက အပြင်ဘက်ရှိ ရေလူသား အများအပြားကို ချက်ချင်း ဆွဲဆောင်သွားသည်။

ဤရေလူသားများက ကျောက်ခန်းမ အတွင်းသို့ တစ်ပြုံတစ်ခေါင်းကြီး အလျင်အမြန် ဝင်ရောက်လာကြပြီး နားမလည်နိုင်သော စကားသံများဖြင့် အော်ဟစ်နေကြသည်။

ထိုငါးလူသား အဘွားအိုက ချက်ချင်း ခေါင်းလှည့်ကာ ဤရေလူသားများကို အကျယ်ကြီး အော်ဟစ်လိုက်ပြီးနောက် အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ရေလူသားများအားလုံး ဒေါသထွက်နေသော အမူအရာများ ပေါ်လွင်လာကြပြီး ချက်ချင်းပင် လှည့်ကာ အပြင်သို့ ပြေးထွက်သွားကြသည်။

ထို့နောက် ငါးလူသား အဘွားအိုက စွမ်းအင်ကျောက်တုံး အမြောက်အမြားကို လက်လှမ်းယူလိုက်ပြီး ကျောက်ခေါင်းတလား အတွင်း၌ အလျင်အမြန် နေရာချထားလိုက်သည်။

ဤစွမ်းအင်ကျောက်တုံးများကို တပ်ဆင်ပြီးသွားသောအခါ ချက်ချင်းပင် ကျောက်ခေါင်းတလား တစ်ခုလုံး ရုတ်တရက် တုန်ခါလာတော့သည်။

ဖုန်မှုန့် အမြောက်အမြား ကျဆင်းလာပြီး ကျောက်ခေါင်းတလား အတွင်းပိုင်းရှိ သင်္ကေတများက အားကောင်းသော အလင်းရောင်များကို အလျင်အမြန် ထုတ်လွှတ်ကာ အရပ်လေးမျက်နှာဆီသို့ လွှမ်းခြုံသွားလေသည်။

ကျောက်ခေါင်းတလား လင်းလက်လာသည်နှင့်အမျှ ယဇ်ပလ္လင် တစ်ခုလုံးကလည်း အသက်ဝင်လာသကဲ့သို့ ဖြစ်လာသည်။

ယဇ်ပလ္လင် အပြင်ဘက်ရှိ ကျောက်တုံးများ တစ်ခုပြီးတစ်ခု အက်ကွဲလာပြီး အတွင်းဘက်ရှိ သတ္တုကြိုးကြောင်းများကို ဖော်ပြလာသည်။

အက်ကွဲကြောင်းများကြားမှ အလင်းတန်းများ ဖြာထွက်လာကာ သင်္ချိုင်းဂူ တစ်ခုလုံးကပါ လိုက်လံတုန်ခါလာတော့သည်။

ဤအချိန်တွင်တော့ လင်းယွမ်က မြေအောက်အကျဉ်းထောင်ရှိရာဆီသို့ နေရာရွှေ့ပြောင်းရောက်ရှိနေပြီ ဖြစ်သည်။

သူက ဘာမျှမပြောတော့ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ မြေအောက်အကျဉ်းထောင် အတွင်းရှိ လူအနည်းငယ်ကို သုမာရု ဟင်းလင်းပြင် အတွင်းသို့ အားလုံး ဆွဲသွင်းလိုက်သည်။

ထို့နောက် လှည့်ကာ နေရာရွှေ့ပြောင်း၍ ထွက်ခွာရန် ပြင်လိုက်သည်။

"ဒိုင်း"

လင်းယွမ်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ဤမြေအောက်အကျဉ်းထောင်မှ နေရာရွှေ့ပြောင်းထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် သူ၏ ရှေ့ရှိ ဟင်းလင်းပြင်က ကြေးနီတံတိုင်းနှင့် သံမဏိနံရံများကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

သူ ဖွင့်သင့်သော ဟင်းလင်းပြင် အကာအရံကို ယခုအချိန်၌ လုံးဝ တုန်လှုပ်အောင် မလုပ်နိုင်တော့ပေ။

လင်းယွမ်က အံ့သြသွားသော အမူအရာကို ပြသလိုက်ပြီး "ဒါက ဘာနည်းလမ်းလဲ... ဟင်းလင်းပြင် အကာအရံကိုတောင် အားဖြည့်ထားတာလား"

ဤအချိန်မှာပင် အပြင်ဘက်မှ ရေလှိုင်းများနှင့် ရေအောက်ရေစီးကြောင်းများ လှုပ်ရှားသွားလာနေသည့် အသံများကို ကြားလိုက်ရသည်။

လင်းယွမ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ကာ ခန္ဓာကိုယ်ကို တစ်ချက် လင်းလက်သွားစေပြီး အရိပ်ထဲသို့ အလျင်အမြန် ပုန်းခိုဝင်ရောက်သွားကာ သင်္ချိုင်းဂူ အပြင်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ကူးခတ်သွားလေသည်။

"ရွှီး"

လင်းယွမ်က အလျင်အမြန် ထွက်ခွာသွားသည်နှင့်အမျှ သူက အရိပ်ထဲတွင် ရှိနေသောကြောင့် မည်သည့် ရေအောက်ရေစီးကြောင်းများကိုမျှ မဖြစ်ပေါ်စေခဲ့ပေ။

သို့ဖြစ်၍ လိုက်လံဖမ်းဆီးနေသော ရေလူသားများက လင်းယွမ် ရှိနေသည်ကို လုံးဝ မတွေ့ရှိနိုင်ခဲ့ကြပေ။

အချိန်မကြာမီမှာပင် လင်းယွမ်က ပြတိုက် အကြွင်းအကျန်နယ်မြေရှိရာဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သို့သော် ယခုအချိန်တွင် ပြတိုက် အတွင်းရှိ သင်္ကေတများအားလုံးက တုန်ခါနေကာ အလင်းရောင်များ ဖြာထွက်နေကြသည်။

အပျက်အစီးများ အထက်တွင်တော့ အကာအရံလွှာ တစ်ထပ် လွှမ်းခြုံထားသည်ကို အံ့သြဖွယ် တွေ့ရသည်။

လင်းယွမ်က တိုက်ရိုက် လျှောက်သွားကာ သူ၏ ခန္ဓာကိုယ်ကို ထင်ရှားစေပြီးနောက် အကာအရံပေါ်သို့ လက်သီးတစ်လုံးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

"ဘုန်း"

ထိုအကာအရံက အံ့သြဖွယ်ကောင်းလောက်အောင် အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။

ဤလှုပ်ရှားမှုက အရပ်မျက်နှာ အနှံ့အပြား၌ ရှာဖွေနေကြသော ရေလူသားများကို ချက်ချင်း လန့်ဖြန့်သွားစေသည်။

ရေလူသား အမြောက်အမြားက အလျင်အမြန် ပြေးဝင်လာကြသည်။

လင်းယွမ်က ထိုအရာကို မြင်လိုက်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမျိုးစေ့ကို ချက်ချင်း အသက်သွင်းလိုက်ကာ မြွေဖြူကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားလေသည်။

သူ၏ မျက်ခုံးနှစ်ခုကြား၌ အကြေးခွံတစ်ခုက ထူးဆန်းသော အလင်းရောင်များ ဖြာထွက်လာသည်။

စိတ်စွမ်းအင် ပဲ့တင်ရိုက်ခတ်မှုကို လှုံ့ဆော်လိုက်သည်။

ပဲ့တင်ရိုက်ခတ်မှု ကြိမ်နှုန်း တစ်ခုပြီးတစ်ခု လင်းလက်လာကာ အကာအရံကို ရူးသွပ်စွာ တိုက်ခိုက်ပြီး ဤအကာအရံ၏ ကြိမ်နှုန်းကို ရှာဖွေနေလေသည်။

အချိန်မကြာမီမှာပင် လင်းယွမ်က ပဲ့တင်ရိုက်ခတ်မှု ကြိမ်နှုန်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး နောက်တစ်စက္ကန့်တွင်တော့ ရှေ့ရှိ အကာအရံက အလျင်အမြန် အရည်ပျော်သွားကာ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာလေသည်။

လင်းယွမ်က ထိုအရာကို မြင်လိုက်သောအခါ ဘာမျှမပြောတော့ဘဲ အပေါက်ထဲမှ တိုက်ရိုက် ကူးခတ်ထွက်ခွာသွားတော့သည်။

သူ၏ ခန္ဓာကိုယ်က အရှိန်အဟုန်ဖြင့် ကူးခတ်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ ၃၀၀ ကျော် ရောက်ရှိသွားပြီး ဤနေရာမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

"အား"

နောက်ကျောဘက်မှ ကောင်းကင်တုန်မတတ် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံက အိုမင်းနေသော အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံပင် ဖြစ်သည်။

၎င်းက သာမန် အသံမျိုး မဟုတ်ဘဲ အလွန်မြင့်မားသော ကြိမ်နှုန်းတစ်ခုခု ပါဝင်သည့် အသံလှိုင်းမျိုး ဖြစ်နေသည်။

လင်းယွမ်၏ စိတ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာပြီး တိုက်ခိုက်လာလေသည်။

လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ စိတ်စွမ်းအင်ကို မျက်စိတစ်မှိတ်အတွင်း အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်ကာ လိပ်ခွံစွမ်းအင်အကာအကွယ်အဖြစ် ပြောင်းလဲပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းလိုက်သည်။

ချက်ချင်းပင် အသံလှိုင်း ကြိမ်နှုန်းမြင့် တိုက်ခိုက်မှုများ အားလုံးက အပြင်ဘက်တွင် တားဆီးခံလိုက်ရသည်။

လိပ်ခွံစွမ်းအင်အကာအကွယ် တစ်ခုလုံးကပါ လိုက်ပါတုန်ခါလာပြီး ရန်သူ၏ အသံလှိုင်း တိုက်ခိုက်မှု အင်အားက အလွန်ပြင်းထန်ကြောင်း ထင်ရှားနေသည်။

လင်းယွမ်က အရှိန်အဟုန်ဖြင့် ထွက်ခွာသွားသည်နှင့်အမျှ ထိုအပျက်အစီး နေရာနှင့် ပို၍ ပို၍ ဝေးကွာသွားလေသည်။

ထိုကြိမ်နှုန်းမြင့် အသံလှိုင်းက နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွားခဲ့သည်။

လင်းယွမ်က ထိုအပျက်အစီးများဆီသို့ လှည့်ကြည့်လိုက်သည်။

သို့သော် အပျက်အစီးများ အထက်တွင် အလင်းရောင်များ လွှမ်းခြုံနေပြီး ထိုအကာအရံလွှာက ဖုံးအုပ်ထားကာ အတွင်းဘက်ရှိ အကြွင်းအကျန်နယ်မြေကို ဖုံးကွယ်ထားသည်ကို မြင်လိုက်ရသည်။

ရေလူသားများ၏ ခန္ဓာကိုယ်များက တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် ထွက်ပေါ်လာကြပြီး သူ့ထံသို့ အရှိန်အဟုန်ဖြင့် လိုက်လံဖမ်းဆီးနေကြသည်။

လင်းယွမ်က ဤရေလူသားများနှင့် ရစ်ပတ်မနေတော့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေကန်အောက်ခြေမှ ပျောက်ကွယ်သွားတော့သည်။

ပြန်လည်ပေါ်လာသောအခါ ရေမျက်နှာပြင် အထက်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

လေထဲသို့ ပျံသန်းသွားကာ လင်းယွမ်၏ ခန္ဓာကိုယ်က ကောင်းကင်ယံသို့ အရှိန်ဖြင့် တက်သွားပြီး အောက်ဘက်ရှိ နှင်းပြင်ကို ငုံ့ကြည့်လိုက်သည်။

"ဝုန်း"

နှင်းပြင်က တုန်ခါသွားပြီး ရေခဲတုံး အမြောက်အမြား ပေါက်ကွဲထွက်သွားသည်။

ထိုရေလူသားများက ရေခဲပြင်ကို ဝင်တိုက်ကာ ခွဲပစ်လိုက်ကြပြီး ရေထဲတွင် ဒေါသတကြီး အော်ဟစ်နေကြသည်ကို တွေ့လိုက်ရသည်။

အချို့က ငါးဖမ်းခက်ရင်းများကို ကိုင်ဆောင်ထားကြပြီး လေဟာပြင်ဆီသို့ ချိန်ရွယ် ပစ်ပေါက်နေကြသည်။

လင်းယွမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လက်တစ်ဖက်ဖြင့် အောက်ဘက်သို့ အားကုန် ဖိချလိုက်သည်။

ချက်ချင်းပင် အအေးဓာတ် အမြောက်အမြားက မိုးမွှန်မတတ် ဖိဆင်းသွားလေသည်။

ရေခဲအအေးစွမ်းအားများ လှုပ်ရှားသွားလာကာ ချက်ချင်းပင် အောက်ဘက်ရှိ ရေမျက်နှာပြင်က ထပ်မံ၍ ရေခဲသွားတော့သည်။

ရေလူသား အများအပြားက မျက်စိတစ်မှိတ်အတွင်းမှာပင် အေးခဲတောင့်တင်းသွားကြပြီး ရေခဲတုံးများဖြင့် ချိတ်ပိတ်ခံလိုက်ရသည်။

လင်းယွမ်က ဆက်ကြည့်မနေတော့ဘဲ ခန္ဓာကိုယ်ကို တစ်ချက် လင်းလက်သွားစေကာ လေထဲမှ ပျံသန်းထွက်ခွာသွားလေသည်။

ဤနေရာနှင့် လုံးဝ ဝေးကွာသွားပြီးနောက်မှသာ သူက ရပ်တန့်လိုက်တော့သည်။

ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သုမာရု ဟင်းလင်းပြင်က ပွင့်ဟလာပြီး သူက အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

သုမာရု ဟင်းလင်းပြင် အတွင်း၌ ကျန်းဖန်၊ ကူကျန့်ယဲ့နှင့် လူအနည်းငယ်က မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။

ကူကျန့်ယဲ့က ယခုအချိန်အထိ သတိလစ်နေဆဲ ဖြစ်သော်လည်း အခြားလူအနည်းငယ်ကမူ သတိရနေကြပြီ ဖြစ်သည်။

ကျန်းဖန်က လင်းယွမ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် အသံများ ထွက်ပေါ်လာအောင် အော်ဟစ်နေလေသည်။

သူတို့၏ ပါးစပ်များကို တစ်စုံတစ်ခုဖြင့် ပိတ်ဆို့ထားသဖြင့် စကားမပြောနိုင်ကြဘဲ လက်နှင့် ခြေထောက်များကိုလည်း ကြိုးတုပ်ခံထားရသည်။

လင်းယွမ်က ရှေ့သို့ လျှောက်သွားကာ ကျန်းဖန်၏ ပါးစပ်ထဲမှ ပစ္စည်းများနှင့် ခန္ဓာကိုယ်ပေါ်ရှိ ကြိုးများကို ဖြည်ပေးလိုက်ရင်း ပါးစပ်မှ "ကျန်းဖန်... ဘာတွေဖြစ်ခဲ့တာလဲ... မင်းက ဘယ်လိုလုပ် အဲဒီနေရာကို ရောက်နေရတာလဲ" ဟု မေးလိုက်သည်။

"ဟိုရေလူသားအုပ်စုကရော ဘာတွေလဲ"

ကျန်းဖန်၏ မျက်လုံးအိမ်များက အနည်းငယ် နီရဲသွားပြီး စိတ်လှုပ်ရှားစွာဖြင့် "ဆရာလင်း... ဆရာလင်းကို ပြန်တွေဖို့ အခွင့်အရေး ရှိလိမ့်ဦးမယ်လို့ ကျွန်တော် မထင်ထားဘူး" ဟု ပြောလိုက်သည်။

"ဒီတစ်ခါတော့ ဟိုဘီလူးတွေ လက်ထဲမှာ သေရတော့မယ်လို့တောင် ထင်နေခဲ့တာ"

လင်းယွမ်က အံ့သြသွားပြီး "မင်းကိုယ်တိုင်ကလည်း ရေလူသားအမျိုးအစား အစွမ်းပိုင်ရှင်ပဲလေ... ဘာလို့ အဲဒီရေလူသားတွေကို ဒီလို ပြောရတာလဲ" ဟု မေးလိုက်သည်။

ကျန်းဖန်က ခေါင်းခါလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် "သူတို့က အစွမ်းပိုင်ရှင်တွေ မဟုတ်ဘူး... သူတို့က လူသားတွေတောင် မဟုတ်ဘူးဗျ... တကယ့်ကို အစစ်အမှန် ရေလူသားတွေပဲ" ဟု ပြောလိုက်သည်။

"ဆရာလင်း... သူတို့က မြေအောက်အကျဉ်းထောင်ထဲက လူတွေကို ဖမ်းသွားပြီး ရက်ရက်စက်စက် နှိပ်စက်တာ၊ သတ်ပစ်တာတွေကို ကျွန်တော့်မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတယ်"

"သူတို့က လူသားတွေရဲ့ စကားကို လုံးဝ နားမလည်ကြဘူး... သူတို့မှာ ကိုယ်ပိုင် ဘာသာစကား ရှိတယ်"

လင်းယွမ်က ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ ခန့်မှန်းချက်များနှင့် တကယ်ပင် တူညီနေကြောင်း သိလိုက်ရသည်။

လင်းယွမ်က ချက်ချင်းပင် "ဒီရေလူသားတွေနဲ့ ပတ်သက်ပြီး မင်း ဘယ်လောက် သိထားလဲ" ဟု မေးလိုက်သည်။

ကျန်းဖန်က "ကျွန်တော်လည်း သိပ်နားမလည်ပါဘူး... ကျွန်တော်က သူတို့ဖမ်းတာ ခံလိုက်ရခါစပဲ ရှိသေးတာ" ဟု ပြောလိုက်သည်။

"အရင် တွင်းနက်အရိပ်ရေပေါ်ကျွန်းမှာ ရှိနေတုန်းက... ကျွန်တော်တို့ရဲ့ အမြင်အာရုံ၊ အကြားအာရုံနဲ့ တခြား အာရုံခံနိုင်စွမ်းတွေကို လူတစ်ယောက်က ရုတ်တရက် ပိတ်ဆို့လိုက်တယ်လေ... အခြေအနေမကောင်းဘူးဆိုတာကို ကျွန်တော် ချက်ချင်း သတိထားမိလိုက်လို့ ရေခဲပြင်ကို ခွဲပြီး ရေအောက်ကို ထွက်ပြေးခဲ့တာ"

"အမြင်အာရုံနဲ့ အကြားအာရုံတွေ ပျောက်ဆုံးသွားလို့ ကျွန်တော်လည်း ရေအောက်ရေစီးကြောင်းနောက်ကို လိုက်ပြီး အလျင်စလို ထွက်ပြေးခဲ့ရတယ်"

"ဒါပေမဲ့ ရေလူသားအုပ်စုတစ်စုရဲ့ ဖမ်းဆီးတာကို ရုတ်တရက် ခံလိုက်ရမယ်လို့ မထင်ထားခဲ့ဘူး... ကျွန်တော့်ရဲ့ အမြင်အာရုံနဲ့ အကြားအာရုံတွေ ပြန်ကောင်းလာတော့ မြေအောက်အကျဉ်းထောင်ထဲကို ရောက်နေပြီ"

"ဒါနဲ့ ဆရာလင်း... သူတို့လူတွေလည်း ဟိုရေလူသားအုပ်စု ဖမ်းဆီးတာကို ခံခဲ့ရတာပဲ... သူတို့က ကျွန်တော့်ထက် ပိုသိနေလောက်တယ်"

ကျန်းဖန်က သူ၏ ဘေးနားရှိ လူအနည်းငယ်ကို ချက်ချင်း လက်ညှိုးထိုးပြလိုက်သည်။

လင်းယွမ်က ထိုလူအနည်းငယ်ကို ကြည့်လိုက်ရာ ထိုသူများက အလွန် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် သူ့ကို ကြည့်နေကြပြီး တစ်စုံတစ်ခုကို ပြောချင်နေပုံရကာ အသံများ ထွက်ပေါ်အောင် အော်ဟစ်နေကြသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က ထူးဆန်းသည်ဟု ထင်လိုက်သဖြင့် သူတို့၏ ပါးစပ်ထဲရှိ အရာများကို ချက်ချင်း ဖယ်ရှားပေးလိုက်သည်။

ထိုအထဲမှ လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် "ဆရာလင်း... တကယ်ပဲ ဆရာလား... ဆရာလင်း" ဟု အော်ဟစ်လိုက်သည်။

အခြားလူတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာဖြင့် "ထိုက်ယန်တောင်က ဆရာလင်းလား... ဆရာ ကျွန်တော့်ကို မှတ်မိသေးလား... ကျွန်တော် ယဲ့နန်လေ" ဟု ပြောလိုက်သည်။

လင်းယွမ်က ကြောင်သွားပြီး ဤလူအနည်းငယ်ကို မည်သည့်နေရာ၌ တွေ့ခဲ့ဖူးသည်ကို ချက်ချင်း စဉ်းစား၍မရဖြစ်သွားသည်။

"မင်းတို့က..."

ယဲ့နန်ဟုခေါ်သော လူငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် "ဆရာလင်း... ကျွန်တော်တို့က လင်းယွီကျွန်းကပါ" ဟု ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ လင်းယွမ်က ချက်ချင်းပင် အံ့သြသွားသော အမူအရာကို ပြသလိုက်မိသည်။

လင်းယွီကျွန်းက လူတွေ။

ပျောက်ဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သော လင်းယွီကျွန်း... သူ လူလွှတ်ကာ အချိန်အကြာကြီး ရှာဖွေခဲ့သော်လည်း သတင်းအစအနမျှ မရခဲ့သော လင်းယွီကျွန်း။

သူ့အနေဖြင့် ဤနေရာ၌ လာတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဆက်ရန်...

All Chapters