အခန်း (၆၅၃-၆၅၄)
Vol. 33 Ch. 653-654
အပိုင်း(၆၅၃) လင်းယွီကျွန်း၏ သတင်းများ
"လင်းယွီကျွန်း... မင်းတို့က လင်းယွီကျွန်းက လူတွေလား"
လင်းယွမ် အံ့ဩဝမ်းသာဖြစ်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "ဝမ်လင်းအာနဲ့ ဝမ်ယွိအာတို့ရော ဘယ်မှာလဲ... မင်းတို့က ဘယ်လိုလုပ် အဲ့ဒီမြေအောက်အကျဉ်းထောင်ထဲ ရောက်နေရတာလဲ"
ယဲ့နန်ဆိုသည့် လူငယ်လေးက ရှိုက်ကြီးတငင်ဖြင့် ပြောလာသည်။ "ဆရာလင်း... ကျွန်တော်တို့ ကျွန်းသခင်မတို့ကို ကယ်ပါဦးဗျာ"
"သူတို့ အခု ချောက်နက်ထဲမှာ ပိတ်မိနေကြပြီ"
လင်းယွမ် လန့်သွားသည်။ "ဘာ... ချောက်နက်ဟုတ်လား"
ချောက်နက်ဆိုသည့် စကားလုံးကို လင်းယွမ်က စစ်တပ်ဘက်မှ ကြားသိခဲ့ရခြင်း ဖြစ်သည်။
ချောက်နက်သည် ကောင်းကင်ချောက်နက်နည်းတူ ကောင်းကင်ပေါ်တွင် မျောလွင့်နေသော ဧရာမ အလောင်းကောင်ကျွန်းကြီးများ ရေအောက်သို့ နစ်မြုပ်သွားပြီးနောက် ဖြစ်ပေါ်လာသည့် ထူးခြားသော နယ်မြေတစ်ခု ဖြစ်သည်။
ထိုနယ်မြေများအတွင်းရှိ လေပေါ်ကျွန်းများတွင် မှီခိုနေထိုင်ကြသော သက်ရှိများသည် ပြင်ပပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်ရန် လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာကြပြီး ထူးခြားသော ကပ်ပါးသားရဲများ ဖြစ်လာကြသည်။
ယင်းသက်ရှိများသည် မူလကတည်းက အလွန် စွမ်းအားကြီးမားကြရာ ပင်လယ်ရေအောက် ပတ်ဝန်းကျင်နှင့်သာ အသားကျသွားပါက ကြောက်မက်ဖွယ် ဧရာမသားရဲကြီးများ ဖြစ်လာကြပေမည်။
ကောင်းကင်ပေါ်ရှိ လေပေါ်ကျွန်းမှ ဧရာမသားရဲကြီးများထက် အနည်းငယ်မျှပင် အားနည်းမည် မဟုတ်ပေ။
သို့သော် တွင်းနက်အရိပ်ရေပေါ်ကျွန်း အနီးတစ်ဝိုက်တွင် ချောက်နက် တစ်ခု ရှိနေလိမ့်မည်ဟု လင်းယွမ် လုံးဝ ထင်မှတ်မထားခဲ့ပေ။
"မင်းတို့ ထိုက်ယန်တောင်ကနေ ထွက်လာပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ငါ့ကို အစအဆုံး သေချာ ရှင်းပြစမ်း" လင်းယွမ်က ယဲ့နန်ကို ချက်ချင်း မေးလိုက်သည်။
ယဲ့နန် မျက်ရည်ဝဲသွားပြီး ပြောလာသည်။ "ကျွန်တော်တို့ ထိုက်ယန်တောင်ကနေ ထွက်လာပြီးတော့ လင်ကျန်းမြစ်ဝဘက်ကို တိုက်ရိုက် ထွက်လာခဲ့ကြတယ်"
"ဒါပေမဲ့ လိပ်ဝိညာဉ်က လမ်းတစ်ဝက်ရောက်တော့ ရေအောက်မှာ တစ်ခုခု ရှိနေတာကို ရုတ်တရက် အာရုံခံမိသွားပြီး ကျွန်းသခင်မရဲ့ ထိန်းချုပ်မှုကနေ လွတ်ထွက်သွားကာ ရေအောက်ကို ငုပ်ဆင်းသွားခဲ့တယ်"
"ရေအောက်ရောက်တာနဲ့ ကျွန်းသခင်မက ရေဖိအားကို ကာကွယ်ဖို့ ကျွန်တော်တို့ကို အကာအကွယ် ဖွင့်ခိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပဲ လိပ်ဝိညာဉ်ကို ရေပေါ်ပြန်တက်ဖို့ အဆက်မပြတ် ဖိအားပေးခဲ့တယ်"
"ဒါပေမဲ့ လိပ်ဝိညာဉ်က ရူးသွားတဲ့အတိုင်းပဲ... ကျွန်းသခင်မရဲ့ ထိန်းချုပ်မှုကို လုံးဝ လက်မခံဘဲ ဆက်တိုက် ငုပ်ဆင်းသွားလိုက်တာ ရေအောက်ကျွန်း နယ်မြေတစ်ခုဆီကို ရောက်သွားခဲ့တယ်"
"အဲ့ဒီရေအောက်ကျွန်းကို အကာအကွယ် တစ်ခုက ဖုံးလွှမ်းထားတယ်... အထဲမှာ စွမ်းအားကြီးတဲ့ သန္ဓေပြောင်း သားရဲ အမျိုးမျိုး ရှိတဲ့အပြင် သန္ဓေပြောင်း အသီးတွေလိုမျိုး တန်ဖိုးကြီး အရင်းအမြစ်တွေ အများကြီး ရှိနေခဲ့တယ်"
"ဒါဟာ ရေအောက်ကို နစ်မြုပ်သွားတဲ့ လေပေါ်ကျွန်း တစ်ကျွန်း ဖြစ်နိုင်တယ်လို့ ကျွန်းသခင်မက သံသယဝင်ခဲ့တယ်"
"ကျွန်းပေါ်က ပေါများလှတဲ့ အရင်းအမြစ်တွေကို မြင်တော့ အားလုံးက စိတ်ဝင်စားသွားကြပြီး အဲ့ဒီလေပေါ်ကျွန်းပေါ်ကို ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်"
"ဒါပေမဲ့ အဲ့ဒီကျွန်းပေါ်မှာ အလွန် ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း သားရဲအုပ်ကြီး နေရာယူထားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး... လိပ်ဝိညာဉ်က အကာအကွယ်ထဲ ဝင်သွားတာနဲ့ ချက်ချင်း တိုက်ခိုက်ခံလိုက်ရတယ်"
"နောက်ဆုံးတော့ လိပ်ဝိညာဉ် အပြင်းအထန် ဒဏ်ရာရသွားပြီး ကျွန်းသခင်မလည်း ကျွန်တော်တို့ကို ခေါ်ကာ အဲ့ဒီချောက်နက် အတွင်းပိုင်းကို မဖြစ်မနေ ပြောင်းရွှေ့လိုက်ရတယ်"
"အဲ့ဒီချောက်နက် အတွင်းပိုင်းမှာ ကျွန်တော်တို့က ငါးလူသား အမြောက်အမြားရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်... သူတို့က အရမ်းကို စွမ်းအားကြီးကြတယ်... လွန်လွန်းတယ်လို့တောင် ပြောလို့ရတယ်... ငါးလူသား တစ်ကောင်စီတိုင်းက မျိုးရိုးဗီဇမျိုးစေ့ အဆင့်လောက်ရှိတဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိကြတယ်"
"ကျွန်တော်တို့လည်း ချောက်နက်ထဲက ကျွန်းပေါ်ကို အလောတကြီး ပုန်းအောင်းခဲ့ရတယ်... ဒါပေမဲ့ ချောက်နက်ထဲမှာ မိစ္ဆာကောင်တွေ အရမ်းများလွန်းတော့ ကျွန်တော်တို့ အထဲမှာပဲ ဆက်တိုက် ပိတ်မိနေပြီး ထွက်လာလို့ မရတော့ဘူး"
"ကံကောင်းတာက ကျွန်းသခင်မလေးက မြေဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေလို့ ကျွန်တော်တို့ကို ခေါ်ပြီး မြေအောက်မှာ ပုန်းအောင်းနိုင်ခဲ့တယ်"
"ဒါပေမဲ့ အဲ့ဒီလို ပုန်းနေရက်နဲ့တောင်မှ ကျွန်တော်တို့ အစားအစာ ထွက်ရှာတဲ့အချိန်မှာ အဲ့ဒီငါးလူသားတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပဲ"
"အဲ့ဒီနောက်မှာတော့ အဲ့ဒီမြေအောက် ရှေးဟောင်းသင်္ချိုင်းထဲမှာ အကျဉ်းချခံလိုက်ရတာပါပဲ"
လင်းယွမ်က မျက်နှာတည်တည်ဖြင့် မေးလိုက်သည်။ "အဲ့ဒီရှေးဟောင်းသင်္ချိုင်းက ဘယ်လိုဖြစ်တာလဲ... မင်းတို့ သိကြလား"
ယဲ့နန်က အလျင်အမြန် ရှင်းပြသည်။ "အဲ့ဒီရှေးဟောင်းသင်္ချိုင်း အကြောင်းတော့ ကျွန်တော်တို့လည်း ဘယ်လိုဖြစ်တယ်ဆိုတာ မသိဘူး... ဒါပေမဲ့ အဲ့ဒီပြတိုက် အကြောင်းတော့ ကျွန်တော် သိတယ်... အဲ့ဒါက မူလက ပန်းခြံထဲက ပြတိုက်တစ်ခုလေ... အထဲက ပြကွက်အများစုက ကျောက်ခေတ်က ပစ္စည်းတွေနဲ့ လိပ်ခွံစာ အပိုင်းအစတွေလိုမျိုးတွေပဲ ရှိတာ"
"ကပ်ဘေးဆိုးကြီး မတိုင်ခင်က အဲ့ဒီပြတိုက်က သိပ်နာမည်မကြီးတော့ သွားလည်တဲ့လူ နည်းတယ်လေ... အဲ့ဒါကြောင့် ဒီပြတိုက်ကို အခမဲ့ ဖွင့်ပေးလိုက်ရတဲ့အထိပဲ"
"ကျွန်တော်တို့ အဲ့ဒီငါးလူသားတွေရဲ့ ဖမ်းဆီးတာကို ခံရပြီးမှ အဲ့ဒီပြတိုက်အောက်မှာ ရှေးဟောင်းသင်္ချိုင်း တစ်ခု ရှိနေမှန်း သိရတာ"
"အရင်က ကျွန်တော်တို့ စုစုပေါင်း လူဆယ်ယောက်ကျော် ရှိခဲ့တာ... ဒီအတောအတွင်းမှာ အဲ့ဒီငါးလူသားတွေက အချိန်တစ်ခုရောက်တိုင်း ကျွန်တော်တို့ထဲက တစ်ယောက်ကို ခေါ်သွားကြတယ်... ဘာသွားလုပ်မှန်းလည်း မသိရဘူး"
"အဲ့ဒီငါးလူသားတွေက လူသား အစွမ်းပိုင်ရှင်တွေ အသွင်ပြောင်းထားတာ မဟုတ်ဘူးလား" ကျန်းဖုန်က ယဲ့နန်၏ စကားကို ဖြတ်ကာ မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
ယဲ့နန်က ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်သည်။ "မဟုတ်ဘူး... မဟုတ်ဘူး... ဒီငါးလူသားတွေက လူသားတွေ မဟုတ်ဘူး... သေချာပေါက် လူသားတွေ မဟုတ်ဘူး"
"သူတို့က လူစကားကို လုံးဝ နားမလည်ကြဘူး... သူတို့အချင်းချင်းတောင် ကိုယ်ပိုင် ဘာသာစကား ရှိကြတယ်... ကျွန်တော်တို့ သူတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ခဲ့ပေမဲ့ သူတို့က ကျွန်တော်တို့ကို တိရစ္ဆာန်တွေလို၊ မျိုးနွယ်ခြားတွေလိုပဲ လုံးဝ သဘောထားကြတယ်"
"ဒါကြောင့် သူတို့က လူသားတွေ မဟုတ်ဘူးလို့ ကျွန်တော် ရဲရဲကြီး အာမခံရဲတယ်... သူတို့က စစ်မှန်တဲ့ ငါးလူသားတွေပဲ... တကယ့် လူသားမဟုတ်တဲ့ သက်ရှိတွေပဲ"
ကျန်းဖုန် မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး ပြောလိုက်သည်။ "စစ်မှန်တဲ့ ငါးလူသားတွေ ဟုတ်လား... ဒါ... ဒါဆို ဘာလို့ ငါတို့ရဲ့ နိုးထလာတဲ့ အစွမ်းတွေက ဒီလို လူသားမဟုတ်တဲ့ သက်ရှိတွေရဲ့ အသွင်အပြင်ဘက်ကို ပြောင်းလဲသွားရတာလဲ"
"ငါတို့ရဲ့ မျိုးရိုးဗီဇထဲမှာ ဘယ်လိုလုပ်ပြီး ဒီလို လူသားမဟုတ်တဲ့ သက်ရှိတွေရဲ့ မျိုးရိုးဗီဇတွေ ရှိနေရတာလဲ"
ယဲ့နန် ပြောစရာ စကားမရှိတော့ဘဲ ခေါင်းခါလိုက်သည်။ "ကျွန်တော်လည်း မသိဘူးဗျ"
ထိုအခါ လင်းယွမ်က အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ဒီကမ္ဘာဂြိုဟ်ပေါ်က ဆင့်ကဲပြောင်းလဲလာတဲ့ သက်ရှိတွေကို ဇာစ်မြစ် ပြန်လိုက်ကြည့်မယ်ဆိုရင် အားလုံးက မူလ ဆဲလ်တစ်ခုတည်းရှိတဲ့ သက်ရှိတွေကနေ ဆင့်ကဲပြောင်းလဲလာကြတာ ဖြစ်သင့်တယ်"
"မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ဆင့်ကဲပြောင်းလဲ မျိုးပွားလာတဲ့ လုပ်ငန်းစဉ်တစ်လျှောက်မှာ ရှင်သန်နိုင်ဖို့အတွက် မတူညီတဲ့ ပုံပန်းသဏ္ဌာန်တွေနဲ့ မျိုးနွယ်စုတွေအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့ကြတာပဲ"
"ဒါကြောင့် မျိုးရိုးဗီဇတွေမှာ ဆင်တူတဲ့ အစိတ်အပိုင်းတွေ ရှိနေတာက နားလည်ရခက်တဲ့ ကိစ္စတော့ မဟုတ်ဘူး"
ယခင်က သိပ္ပံဆိုင်ရာ ရှင်းလင်းချက်တစ်ခုကို ဖတ်ဖူးသည်ကို လင်းယွမ် မှတ်မိနေသေးသည်။ ရှေးပဝေသဏီခေတ်က ကမ္ဘာဂြိုဟ်တစ်ခုလုံးသည် အမှန်တကယ်တော့ သမုဒ္ဒရာပြင်ကြီးသာ ဖြစ်သည်ဟု ဆိုကြသည်။
သက်ရှိအားလုံးသည်လည်း သမုဒ္ဒရာထဲမှသာ မြစ်ဖျားခံ ပေါ်ပေါက်လာခဲ့ကြခြင်း ဖြစ်သည်။
အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသည့် လုပ်ငန်းစဉ်တစ်လျှောက်တွင် သက်ရှိအချို့က ရှင်သန် မျိုးပွားနိုင်ရန်အတွက် သမုဒ္ဒရာထဲမှ ခွဲထွက်ကာ ကုန်းမြေပေါ်သို့ တက်ရန် ကိုယ်တိုင် ရွေးချယ်ခဲ့ကြခြင်းသာ ဖြစ်သည်။
သမုဒ္ဒရာ သက်ရှိများမှနေ၍ ကုန်းနေရေနေ သက်ရှိများအဖြစ်သို့ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာပြီး ထိုမှတစ်ဆင့် ကုန်းသတ္တဝါများအဖြစ်သို့ တဖြည်းဖြည်း အသွင်ကူးပြောင်းလာခဲ့ကြသည်။
လူသားတို့၏ ဘိုးဘေးများသည် ငါးမျိုးနွယ်များ ဖြစ်နိုင်ခြေ အလွန်များကြောင်း လေ့လာတွေ့ရှိထားသည့် သိပ္ပံပညာရှင်များလည်း ရှိသေးသည်။
ဤအဆိုအမိန့်များအားလုံးအတွက် သက်ဆိုင်ရာ သက်သေပြချက်များနှင့် ယူဆချက်များလည်း ရှိထားပြီးဖြစ်သည်။
ဤသီအိုရီများက အမှန်လား၊ အမှားလားဆိုသည်ကို လင်းယွမ် သေချာ မသိသော်လည်း လက်ရှိအခြေအနေအရ ကြည့်လျှင် လူသားတို့၏ ခန္ဓာကိုယ်ထဲတွင် အခြားသက်ရှိများ၌လည်း ရှိတတ်သည့် မျိုးရိုးဗီဇ အစိတ်အပိုင်း အများအပြား အမှန်တကယ်ပင် တည်ရှိနေသည်။
အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် လူသားများသည် ဤမျိုးရိုးဗီဇ အစိတ်အပိုင်းများကို နိုးထလာစေပြီး ယင်းမှတစ်ဆင့် အစွမ်းများကို ရရှိကာ ဤအန္တရာယ်များ ပြည့်နှက်နေသော ခေတ်ကာလနှင့် တဖြည်းဖြည်း အသားကျလာရန် စတင်လာကြခြင်း ဖြစ်သည်။
သို့သော် ဤငါးလူသားများက ဘယ်ကနေ ရောက်လာသနည်း ဆိုသည်ကိုတော့ လင်းယွမ်လည်း ထိုနည်းတူပင် နားမလည်နိုင်ဖြစ်နေသည်။
ငါးလူသား သို့မဟုတ် ရေသူမ ကဲ့သို့သော ဒဏ္ဍာရီလာ ဇာတ်လမ်းများသည် ရှေးခေတ်ကတည်းက အမှန်တကယ် ရှိခဲ့သည်။
သို့သော် ဒဏ္ဍာရီက ဒဏ္ဍာရီသာ ဖြစ်ပြီး ကပ်ဘေးဆိုးကြီး မတိုင်မီက ငါးလူသား သို့မဟုတ် ရေသူမများ ရှိနေကြောင်းကို တကယ်တမ်း တွေ့ရှိခဲ့ဖူးသူ တစ်ယောက်မျှ မရှိခဲ့ပေ။
သက်ဆိုင်ရာ ခြေရာလက်ရာများကိုပင် ရှာမတွေ့ခဲ့ကြချေ။
သေချာပေါက် သက်ဆိုင်ရာ အရိုးကြွင်းကျန် ရုပ်ကြွင်းများ ရှိနေနိုင်ခြေ ရှိသော်လည်း နိုင်ငံတော်က ထုတ်ပြန်ကြေညာခြင်း မရှိခဲ့သည်လည်း ဖြစ်နိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ကပ်ဘေးဆိုးကြီး မတိုင်မီက ဤဒဏ္ဍာရီပုံပြင်များထဲမှ သက်ရှိများသည် စောစောစီးစီးကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခု ကပ်ဘေးဆိုးကြီး ရောက်လာပြီး အစွမ်းများ ပေါ်ပေါက်လာချိန်တွင် ဤမိစ္ဆာကောင်များက ဘယ်လိုလုပ်ပြီး ထပ်ချပ်မကွာ ပေါ်လာရတာလဲ။
သူတို့က တကယ်တော့ ဘယ်လို နည်းလမ်းမျိုးနဲ့ ပေါ်လာကြတာလဲ။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒီမိစ္ဆာကောင်တွေ အားလုံးက ချောက်နက်ထဲကနေ ထွက်လာကြတာများလား"
"အဲ့ဒီချောက်နက်ကျွန်းက လေပေါ်ကျွန်း ပြုတ်ကျလာတာကနေ ဖြစ်လာတာ... ဒါပေမဲ့ ဒီလေပေါ်ကျွန်းတွေကရော ဘယ်ကနေ ရောက်လာတာလဲ"
ဤသံသယများ အားလုံးက ကောင်းကင်ပေါ်ရှိ မိုးကြိုးမုန်တိုင်း တိမ်မည်းကြီးများ အထက်မှ ကမ္ဘာလောကဆီသို့၊ ရေကြီးမှုကြီးက ဘယ်ကနေ ရောက်လာသနည်း ဆိုသည့် ပြဿနာဆီသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။
ယခုအချိန်တွင် လင်းယွမ်၌ နောက်ထပ် အရေးကြီးသော မေးခွန်းတစ်ခု ရှိနေသေးသည်။ ထိုရှေးဟောင်းသင်္ချိုင်းသည် ချောက်နက်က သယ်ဆောင်လာသည့် အဆောက်အအုံ လုံးဝ မဖြစ်နိုင်ပေ။
ဤရှေးဟောင်းသင်္ချိုင်းသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ကမ္ဘာ့ယဉ်ကျေးမှုက တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
ထိုယဇ်ပလ္လင်ပေါ်ရှိ ကျောက်ခေါင်းတလားကလည်း ဤရှေးဟောင်းသင်္ချိုင်းသည် လူသားတို့ တည်ဆောက်ထားခြင်း ဖြစ်ကြောင်းကို အခြေခံအားဖြင့် သက်သေပြနေသည်။
ဒီငါးလူသားတွေက အဲ့ဒီမှာ စုဝေးပြီး ဘာလုပ်နေကြတာလဲ။
ပြီးတော့ ကျောက်ခေါင်းတလားထဲက ဒီရေသူမ အရိုးစုကရော တကယ်တော့ ဘယ်လိုဖြစ်ရတာလဲ။
လင်းယွမ်၏ စိတ်ထဲတွင် သံသယပေါင်းများစွာ ပေါ်ထွက်လာသော်လည်း ဤအရာအားလုံးကို ရှင်းပြနိုင်မည့်သူ တစ်ယောက်မျှ မရှိပေ။
ထိုစဉ် ကျန်းဖုန်က မနေနိုင်တော့ဘဲ ပြောလာသည်။ "ဆရာလင်း... ငါးလူသားနဲ့ ရေသူမလိုမျိုး မျိုးနွယ်ခြားတွေတောင် ပေါ်လာပြီဆိုတော့ ရှေးခေတ် ဒဏ္ဍာရီထဲက နဂါးတွေ၊ ဖီးနစ်ငှက်တွေကရော တကယ်ပဲ ရှိနေနိုင်မလားလို့ ဆရာ ထင်လဲ"
"တောင်ပင်လယ် ကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်း နတ်သားရဲတွေက အမှန်တကယ်တော့ သန္ဓေပြောင်း သားရဲတွေ ဖြစ်နေနိုင်မလား"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး ကျန်းဖုန်ကို လှမ်းကြည့်လိုက်သည်။ "မင်းမှာလည်း ဒီလိုအတွေးမျိုး ရှိနေတာလား"
"လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်ဗျ... ဘာပဲဖြစ်ဖြစ် သမိုင်းမှာလည်း ရေကြီးမှုကြီးတွေ ဖြစ်ခဲ့ဖူးတာပဲလေ"
"သမိုင်းမှာလည်း ကျွန်တော်တို့ အခု ရောက်နေတဲ့ ခေတ်ကာလလိုမျိုး ရေကြီးမှုကြီးတွေ ဖြစ်ပြီး သန္ဓေပြောင်း သားရဲ အမျိုးမျိုး ထွက်ပေါ်လာတာမျိုး ဖြစ်ခဲ့ဖူးတာများလား"
"နောင်လာနောက်သားတွေက ဒီသန္ဓေပြောင်း သားရဲတွေကို မှတ်တမ်းတင်ခဲ့ကြပြီး ဒဏ္ဍာရီ အမျိုးမျိုး ဖြစ်လာတာပေါ့"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "မင်းရဲ့ ဒီခန့်မှန်းချက်ကို အရင်က ငါလည်း တွေးမိခဲ့ဖူးတယ်... ဒါပေမဲ့ ငါ အာမတော့ မခံရဲဘူး"
"ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ကျွန်တော် ထင်တယ်ဗျ"
"ကောင်းကင်ပေါ်က အဲ့ဒီမိုးကြိုးမုန်တိုင်း တိမ်မည်းကြီးတွေကို ဆရာလင်း ကြည့်ကြည့်ပါလား... ရှေးလူကြီးတွေ ပြောတဲ့ မိုးကြိုးကပ်ဘေးနဲ့ မတူဘူးလား"
"ကောင်းကင်ပေါ်က အဲ့ဒီလေပေါ်ကျွန်းတွေကရော ရှေးလူကြီးတွေ စိတ်ကူးယဉ်ဖန်တီးထားတဲ့ ကောင်းကင်နန်းတော်များ ဖြစ်နေမလား"
"ဒါ့အပြင် ရေကြီးနေတဲ့ထဲက ရေပေါ်ကျွန်းတွေဆိုတာက ရှေးလူကြီးတွေ ထင်မှတ်ထားကြတဲ့ ပင်လယ်ရပ်ခြားက နတ်ကျွန်းတွေ မဟုတ်ဘူးလား... ကျွန်းပေါ်က နတ်ဆေးတွေ၊ အစွမ်းထက် ဆေးဝါးတွေ၊ ဝိညာဉ်သစ်သီးတွေ ဆိုတာတွေက အမှန်တကယ်တော့ သန္ဓေပြောင်း အသီးတွေပဲလေ"
"နတ်ဝိဇ္ဇာဆိုတာတွေကရော အစွမ်းပိုင်ရှင်တွေများ ဖြစ်နေမလား"
ကျန်းဖုန်က မနေနိုင်ဘဲ အတွေးနယ်ချဲ့ကာ အဆက်မပြတ် ပြောဆိုနေတော့သည်။
သူ ပြောလေလေ သူ၏ ခန့်မှန်းချက်က အမှန်ဖြစ်နိုင်ခြေ အလွန်များလေလေဟု ထင်လာတော့သည်။
လင်းယွမ်က သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ "စိတ်မလှုပ်ရှားနဲ့... ဒါတွေက ငါတို့ရဲ့ ခန့်မှန်းချက်တွေ သက်သက်ပါပဲ"
"လောလောဆယ် လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်... လင်းယွီကျွန်းက လူတွေကို ကယ်ဆယ်ဖို့က အချိန်ဆွဲနေလို့ မရဘူး... ဒါ့အပြင် ဖန်ဆန်းကျွန်းက ကိစ္စတွေကိုလည်း ဖြေရှင်းရဦးမယ်"
"ချန်ယွင်ထောင်းက ပေါက်ဆန်းမြို့မှာ ငါတို့ကို ချောင်းမြောင်း ကြည့်ရှုနေတာမို့လို့ မကာကွယ်ဘဲ နေလို့မဖြစ်ဘူး"
"ကမ္ဘာကြီးရဲ့ အမှန်တရားက ဘယ်လိုလဲ ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ ငါတို့မှာ အခု အခွင့်အရေး မရှိသေးဘူး"
"ငါတို့ရဲ့ စွမ်းအားတွေ တိုးတက်လာတဲ့အခါ အနှေးနဲ့အမြန် ဒါတွေကို ရှင်းရှင်းလင်းလင်း သိလာရမှာပါ"
လင်းယွမ်က ယဲ့နန်ဘက်သို့ ထပ်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်း အရင်ဆုံး ချောက်နက်ရဲ့ အခြေအနေနဲ့ မင်းတို့ ကျွန်းသခင်မတို့ရဲ့ လက်ရှိ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ငါ့ကို ပြောပြဦး"
"ငါတို့ အရင်ဆုံး တွင်းနက်အရိပ်ရေပေါ်ကျွန်းကို ပြန်ကြမယ်... ဒီဘက်က ကိစ္စတွေ ဖြေရှင်းပြီးတာနဲ့ လင်းယွီကျွန်းက မိတ်ဆွေတွေကို သွားကယ်ဖို့ နည်းလမ်း ရှာကြတာပေါ့"
ယဲ့နန် အလွန် ကျေးဇူးတင်သွားကာ ချောက်နက်၏ အခြေအနေများကို အလျင်အမြန် ရှင်းပြလိုက်သည်။
ဤချောက်နက်သည် လင်ကျန်းမြစ် အောက်ပိုင်းတွင် တည်ရှိပြီး ဤနေရာနှင့် သိပ်မဝေးလှပေ။
သူ ရှင်းပြသည့် တည်နေရာကို ကြားပြီးနောက် လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု တဖြည်းဖြည်း ပေါ်လွင်လာသည်။
အဲ့ဒီနေရာက နားထောင်ကြည့်ရတာ အရင်တုန်းက တွင်းနက်အရိပ်ရေပေါ်ကျွန်း ရှိခဲ့တဲ့ အရပ်မျက်နှာနဲ့ ဘယ်လိုလုပ် ဆင်တူနေရတာလဲ။
ဖုန်းကျန့်ကုန်းနဲ့ ကျန်းယွီကျန်းတို့ ပြောခဲ့သလို ရေပေါ်ကျွန်း အနီးတစ်ဝိုက်မှာ ကောင်းကင်ချောက်နက်နဲ့ ချောက်နက်တွေ အလွယ်တကူ ပေါ်လာတတ်တာ တကယ်ပဲလား။
"ကျွန်းသခင်မတို့ရဲ့ အခုအခြေအနေက သိပ်မဟန်ဘူးဗျ... အခု အားလုံးက ချောက်နက်ကျွန်းရဲ့ အတွင်းပိုင်းမှာ ပုန်းအောင်းနေပြီး မြေအောက်နေရာလွတ်မှာ ရိုးရှင်းတဲ့ နေအိမ်လေး ဆောက်ထားကြတယ်"
"စားစရာအတွက်လည်း အားလုံးက တိတ်တဆိတ် ထွက်သွားပြီး ချောက်နက်ထဲက သန္ဓေပြောင်း သားရဲတွေကို အမဲလိုက်ပြီး သူတို့ရဲ့ သွေးသားတွေကို မှီခို အသက်ဆက်နေရတယ်"
"သောက်ရေအတွက်ကတော့ ကိစ္စမရှိပါဘူး... ရေဓာတ် အစွမ်းပိုင်ရှင် ရှိနေတော့ အချိန်မရွေး ရေ ဖန်တီးလို့ ရတယ်လေ"
"ဒါဆို မင်းတို့ ဘယ်လို အသက်ရှူကြလဲ... ရေအောက်မှာ ရေတွေချည်းပဲ မဟုတ်ဘူးလား" ဟု ကျန်းဖုန်က မေးလိုက်သည်။
ယဲ့နန်က ပြောလိုက်သည်။ "ချောက်နက်ရဲ့ အနှစ်သာရက အမှန်တကယ်တော့ ရေပေါ်ကျွန်းပါပဲ... ရေပေါ်ကျွန်း အတွင်းပိုင်းက အခြေအနေကို ခင်ဗျားတို့လည်း သိလောက်မှာပါ"
"သူ့ရဲ့ အတွင်းပိုင်းက အခဲကြီး မဟုတ်ဘဲ သက်ရှိတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ ဆင်တူတဲ့ တည်ရှိမှုမျိုးပါ... သွေးကြောလမ်းကြောင်းတွေ ရှိတဲ့အပြင် နှလုံး၊ အဆုတ် စတဲ့ ဆင်တူတဲ့ ဧရာမ ကိုယ်တွင်းအင်္ဂါကြီးတွေလည်း ရှိတယ်လေ"
"ကျွန်တော်တို့က အဆုတ် အင်္ဂါရပ်ထဲမှာ နေထိုင်ကြတာပါ... အထဲမှာ အသေးစား ဂေဟစနစ် လည်ပတ်မှု ရှိနေပြီမို့လို့ ရှင်သန်နိုင်တာပါ"
"တကယ်တော့ သန္ဓေပြောင်း သားရဲတွေရဲ့ ခြိမ်းခြောက်မှုကလွဲရင် အထဲမှာ အရင်းအမြစ်တွေက အရမ်းကို ပေါများပါတယ်... သွေးသလင်းကျောက်တွေ အများကြီး ရှိနေတော့ ကျွန်တော်တို့ရဲ့ စွမ်းအားတွေကို စိတ်ကြိုက် မြှင့်တင်လို့ ရတယ်"
"ကျွန်းသခင်မ နှစ်ယောက်က အခုဆိုရင် ကျင့်ကြံမှုတွေ အဟုန်နဲ့ တိုးတက်နေပြီး အဓိက အရည်အသွေး ၁၀၀ မှတ် အထိတောင် ရောက်ရှိနေကြပါပြီ"
"ဒါပေမဲ့ လောလောဆယ် ဆက်ပြီး မြှင့်တင်လို့ မရတော့ဘူး... ကျွန်းသခင်မ ပြောတာက နောက်ပိုင်းကျရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ဖို့ လိုအပ်တယ်တဲ့"
"သူတို့က သန္ဓေပြောင်း သားရဲတွေရဲ့ သွေးသားတွေကို အများကြီး စားထားတော့ အရောအနှော မျိုးရိုးဗီဇတွေ အရမ်းများနေပြီး အဆင့်တက်ဖို့ လုံးဝ မစမ်းသပ်ရဲကြဘူး"
လင်းယွမ် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ချောက်နက်၏ အခြေအနေကို အကြမ်းဖျင်း သိသွားတော့သည်။
၎င်းသည် နစ်မြုပ်သွားသော လေပေါ်ကျွန်း တစ်ကျွန်းနှင့် ညီမျှပြီး ကျွန်းပေါ်တွင် အရင်းအမြစ်များ အတော်အသင့် ပေါများသည့်အပြင် ကပ်ပါးသားရဲ အမျိုးအစား သန္ဓေပြောင်း သားရဲ အမြောက်အမြား ပေါက်ဖွားနေသည်။
ထိုသန္ဓေပြောင်း သားရဲများသည် စွမ်းအားကြီးမားကြပြီး လင်းယွီကျွန်းမှ လူတိုင်း၏ လုံခြုံရေးကိုပင် ခြိမ်းခြောက်နိုင်နေပြီ ဖြစ်သည်။
ဒါကမှ အသေအပျောက် အများဆုံးဖြစ်နိုင်သည့် အန္တရာယ်ဖြစ်သည်။
"ဒီလိုလုပ်... မင်းတို့ အရင်ဆုံး ငါ့နောက် လိုက်ခဲ့... ငါ ဖန်ဆန်းကျွန်းက ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ မင်းတို့ ကျွန်းသခင်မကို ကယ်ဖို့ ချောက်နက်ဆီ ချက်ချင်း ကိုယ်တိုင် သွားမယ်"
လင်းယွမ်က ယဲ့နန်တို့ကို ပြောလိုက်သည်။
ယဲ့နန်တို့လည်း ချက်ချင်း အလွန် ကျေးဇူးတင်သွားကာ လင်းယွမ်ကို အလျင်အမြန် ဒူးထောက် ရှိခိုးကြတော့သည်။
လင်းယွမ်က သူတို့ကို အလျင်အမြန် ဆွဲထူလိုက်ပြီး ပြောလိုက်သည်။ "အချိန်ဆွဲနေလို့ မဖြစ်ဘူး... ဖန်ဆန်းကျွန်းက ကိစ္စတွေကို ဖြေရှင်းဖို့ ငါတို့ ချက်ချင်း ပြန်ကြမယ်"
ချက်ချင်းပင် ထိုလူများက လင်းယွမ်နောက်သို့ အလျင်အမြန် လိုက်ပါသွားပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းဆီသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။
မကြာမီမှာပင် ထိုလူများက တွင်းနက်အရိပ်ရေပေါ်ကျွန်းသို့ ပြန်လည်ရောက်ရှိသွားကြသည်။
သို့သော် တွင်းနက်အရိပ်ရေပေါ်ကျွန်းသို့ ပြန်ရောက်ရောက်ချင်းမှာပင် သတင်းကောင်းတစ်ခု ရောက်ရှိလာတော့သည်။
ဆက်ရန်...
အပိုင်း(၆၅၄) ပေါင်ရှန်းတောင် ကျဆုံးခြင်း
"ဖန်ဆန်းကျွန်းကို ပြန်လုယူနိုင်ခဲ့ပြီလား"
လင်းယွမ်က အနည်းငယ် အံ့သြသွားပြီး ဝူယင်နှင့် ဟန်ရှန်းမန်တို့ကို ကြည့်လိုက်သည်။
သူ ဒီဘက်ကို ပြန်ရောက်ရောက်ချင်းမှာပင် ဝူယင်နှင့် ဟန်ရှန်းမန်တို့က ဖန်ဆန်းကျွန်းကိစ္စကို ဖြေရှင်းပြီးဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဟန်ရှန်းမန်က "ပြန်ယူနိုင်ခဲ့ပြီ... အဲ့ဒီဖန်ဆန်းကျွန်းမှာ ကုကျန့်ယဲ့ တစ်ယောက်လောက်ပဲ ကိုင်တွယ်ရခက်တာပါ... ကျန်တဲ့သူတွေထဲမှာ သိပ်အစွမ်းထက်တဲ့သူ မရှိဘူး"
"ဒါနဲ့ ကုကျန့်ယဲ့ရဲ့သား ကုချင်းဆန်းကိုလည်း ကျွန်မတို့ ဖမ်းမိထားတယ်... အခု တွင်းနက်အရိပ်ရေပေါ်ကျွန်းရဲ့ ကျောက်တိုင်တောထဲမှာ ဖမ်းချုပ်ထားတယ်"
လင်းယွမ်က အားရပါးရ ရယ်မောလိုက်ပြီး "ကောင်းတယ်... မင်းတို့ အလုပ်လုပ်တာ သေသပ်လှချည်လား"
"ဖန်ဆန်းကျွန်းကို ပြန်ယူနိုင်ခဲ့ပြီဆိုတော့ ငါတို့ နောက်ထပ်လုပ်ရမှာက ပေါင်ရှန်းမြို့ကို သွားပြီး ပေါင်ရှန်းတောင်ပေါ်ကို တစ်ခေါက် တက်ဖို့ပဲ"
"ကိုလင်းယွမ် ပေါင်ရှန်းတောင်ကို သွားမလို့လား" ဟန်ရှန်းမန်က မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲလေ... ချန်ယွင်တောက်က ဖူဆန်းလဲ့ကို သတ်ချင်နေမှတော့ ဒီဖူဆန်းလဲ့ကို မိတ်ဆွေဖွဲ့လို့ ရတာပေါ့"
"ဒါပေမဲ့ ပူးပေါင်းတယ်ဆိုတာ ပူးပေါင်းရုံသက်သက်ပဲ... ငါတို့ ထိုက်ယန်တောင်ဘက်က လိုချင်တာက ပကတိ ထိန်းချုပ်ပိုင်ခွင့်ပဲ"
"ဒါတွေက ပေါင်ရှန်းတောင်ကို ရောက်မှ ဟိုဘက်က အခြေအနေကို ကြည့်ပြီးမှ ဆက်ပြောကြတာပေါ့"
လင်းယွမ်က ထိုဘက်ရှိ တိုက်ပွဲအခြေအနေကို ကြည့်ရှုရန်အတွက် ပေါင်ရှန်းတောင်သို့ သွားရန် အစီအစဉ်ချလိုက်သည်။
"ဆရာလင်း... ကျွန်တော် ဟိုဘက်ကို စုံစမ်းဖို့ လူလွှတ်ထားပါတယ်... သိပ်မကြာခင် ပြန်ရောက်လာလောက်ပါတယ်" ဝူယင်က ချက်ချင်း ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်သည်။ ဝူယင်က အမှန်တကယ်ပင် ရင့်ကျက်လာခဲ့ပြီ ဖြစ်၏။ စွမ်းရည်များ အလျင်အမြန် တိုးတက်လာရုံသာမကဘဲ အလုပ်လုပ်ရာတွင်လည်း အစစအရာရာ တွေးတောစဉ်းစားတတ်လာသည်။
ဖန်ဆန်းကျွန်းကို ကြိုတင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ပေါင်ရှန်းတောင်၏ အခြေအနေကိုပါ လူလွှတ်၍ ကြိုတင် စုံစမ်းထားသေးသည်။
"ဒါဆိုလည်း မလောပါဘူး... ဖန်ဆန်းမြို့လေးမှာ အရင် နားကြတာပေါ့"
ဝူယင်က အလျင်စလိုဖြင့် "ဆရာလင်းကို ဖန်ဆန်းမြို့လေးထဲ လိုက်ပြပေးပါ့မယ်... ဒီဘက် ဆောက်လုပ်ပြီးကတည်းက ဆရာလင်းလည်း လာကြည့်ဖို့ အချိန်မရခဲ့ဘူးလေ"
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ကောင်းသားပဲ"
ထို့နောက် ဝူယင်နှင့် အခြားသူများက လင်းယွမ်ကို ဖန်ဆန်းမြို့လေးထဲသို့ လိုက်လံ ပြသကြတော့သည်။
ဖန်ဆန်းမြို့လေးကို တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ ကျောက်တိုင်တော အနီးတွင် တည်ဆောက်ထားပြီး စုစုပေါင်း ဧရိယာမှာ (၁၀) ဧကခန့် ကျယ်ဝန်းသည်။ ထိုဧရိယာအတွင်း လူတစ်ရာကျော် နေထိုင်ကြရာ လုံးဝ ပြည့်ကျပ်နေခြင်းမရှိဘဲ အလွန် ကျယ်ဝန်းဟောင်းလောင်းဖြစ်နေသည်ဟုပင် ထင်ရသည်။
မြို့တစ်ခုလုံးကို အဆောက်အအုံပိုင်းဆိုင်ရာ ဝန်ထမ်းများက အထူးတလည် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး လူနေရပ်ကွက်၊ ဂိုဒေါင်ဇုန်၊ အပန်းဖြေဇုန်၊ လေ့ကျင့်ရေးကွင်း၊ ဈေးစင်တာ စသည်ဖြင့် ခွဲခြားထားသည်။
ဖန်ဆန်းမြို့လေး တစ်ခုလုံးကို အကာအကွယ်နယ်ပယ်တစ်ခုဖြင့် ဖုံးလွှမ်းထားကာ အမှောင်ဓာတ် စွမ်းအင်များကိုလည်း မြို့လေး၏ အကာအကွယ်နယ်ပယ် အပြင်ဘက်တွင်သာ ရပ်တန့်သွားစေသည်။
အကာအကွယ်နယ်ပယ် အတွင်းတွင် သန္ဓေပြောင်း နေကြာပန်း အမြောက်အမြားကို စိုက်ပျိုးထားသဖြင့် မြို့လေးမှာ လင်းထိန်ကျယ်ဝန်းနေသည်။
ထို့အပြင် အကာအကွယ်နယ်ပယ် ရှိနေခြင်းကြောင့် ဤနေရာတွင် ဆီးနှင်းများ၊ မိုးရေများ စုပုံနေသည့် ဒုက္ခမျိုး မရှိတော့ပေ။ ယေဘုယျအားဖြင့် ဆိုရလျှင် ဤဖန်ဆန်းမြို့လေး၏ တည်ဆောက်မှုက အတော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။
လင်းယွမ်က ဖန်ဆန်းမြို့လေး၏ အခြေခံ အဆောက်အအုံများကို ကြည့်ရှုပြီးနောက် ချီးကျူးလိုက်သည်။ "ဒီမြို့လေး တည်ဆောက်ထားတာ တော်တော်ကောင်းတာပဲ... မကြီးပေမဲ့လည်း လိုအပ်တာတွေ အကုန် ပြည့်စုံနေတာပဲ... ဘယ်သူကများ ဒီဇိုင်းဆွဲပေးတာလဲ"
ဝူယင်က အလျင်အမြန် ပြုံးကာ "ဦးလေးမာတို့ ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာပါ... မြို့လေး တစ်ခုလုံးကလည်း ထိုက်ယန်တောင်ဘက်က ဆောက်လုပ်ရေးဇုန်ကို အတုယူထားတာလေ... နောက်ပိုင်းကျရင် အုပ်ချုပ်ရေးရုံးခန်း ဧရိယာတွေပါ ထပ်တိုးဖို့ ရှိသေးတယ်လို့ သူတို့ ပြောပါတယ်"
လင်းယွမ်က ပြုံးလိုက်ပြီး "မဆိုးဘူး... နောက်ပိုင်းကျရင် ဦးလေးမာတို့ကို နည်းလမ်းရှာခိုင်းပြီး လုပ်ငန်းသုံး ဧရိယာတွေကို ထပ်တိုးခိုင်းရမယ်... ဒီကလူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာအောင်လို့ပေါ့"
"ဆောင်းရာသီကုန်လို့ ရေခဲတွေ အရည်ပျော်သွားတဲ့အခါ တွင်းနက်အရိပ်ရေပေါ်ကျွန်းကလည်း ထိုက်ယန်တောင် အနီးတစ်ဝိုက်မှာပဲ ရှိနေတော့မှာ... အဲ့ဒီအချိန်ကျရင် အားလုံး ပိုပြီး နီးနီးကပ်ကပ် ဖြစ်သွားပြီး လူနေမှု အဆောက်အအုံတွေလည်း ပိုအဆင်ပြေသွားမှာပါ"
ဝူယင်၏ မျက်နှာတွင်လည်း မျှော်လင့်တကြီး ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။ ထိုက်ယန်တောင်နှင့် စောစောစီးစီး ပေါင်းဆုံနိုင်ပါက တွင်းနက်အရိပ်ရေပေါ်ကျွန်းလည်း အပြင်ဘက်တွင် အမြဲတမ်း လေလွင့်နေရတော့မည် မဟုတ်ပေ။
"စစ်ရေး ခံတပ် တည်ဆောက်တာကရော ဘယ်လိုနေလဲ" လင်းယွမ်က ပတ်ဝန်းကျင်ရှိ အကာအကွယ်နယ်ပယ် အနီးမှ စစ်ရေးခံတပ်များကို ကြည့်ကာ မေးလိုက်သည်။
ဝူယင်က အလျင်အမြန်ပင် "လောလောဆယ် စစ်ရေးခံတပ် လေးခု တည်ဆောက်ထားပါတယ်... မြို့လေးရဲ့ ထောင့်လေးထောင့်မှာပါ"
အမှန်တကယ်တွင် ဧက (၁၀) ဧကခန့်ရှိသော မြို့လေးသည် စတုရန်းပေ လေးသိန်းခန့်နှင့် ညီမျှပြီး အလျားနှင့် အနံ ပေ (၆၀၀) ခန့်စီရှိသော စတုရန်းပုံ မြေကွက်နှင့် ဆင်တူကာ စံချိန်မီ ဘောလုံးကွင်း ငါးကွင်း၊ ခြောက်ကွင်းစာခန့် အရွယ်အစားရှိသည်။
ဤဧရိယာ အကျယ်အဝန်းအတွင်းရှိ ခံတပ်လေးခုက မြို့လေးကို ကာကွယ်ရန်အတွက် လုံလောက်နေပေပြီ။
လူတစ်ရာကျော် ဤနေရာတွင် နေထိုင်ရသည်မှာ အပြည့်အဝ လုံခြုံမှုရှိသည်ဟု ဆိုနိုင်ပေသည်။
အထူးသဖြင့် ဤနေရာက တွင်းနက်အရိပ်ရေပေါ်ကျွန်း ဖြစ်နေခြင်းကြောင့်ပင်။ အပြင်လောကတွင် အမှောင်ဓာတ် စွမ်းအင်များ ပြန့်ကျဲနေပြီး သဘာဝ အတားအဆီးတစ်ခုသဖွယ် ဖြစ်နေသည်။
ထို့အပြင် နဂါးနက်ကလည်း ကြီးကြပ်ပေးနေသေးရာ ရန်သူများ အကြီးအကျယ် ဝင်ရောက်ကျူးကျော်လာနိုင်မည့် အလားအလာ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
ခံတပ်သို့ ရောက်ရှိလာချိန်တွင် ရင်းနှီးနေသော လူရိပ်တစ်ခုက သူတို့ဆီသို့ လျှောက်လာသည်။
ထိုသူ၏ ခန္ဓာကိုယ်ထက်တွင် လေဓာတ်စွမ်းအင်များ ရစ်ပတ်နေပြီး သူမကို သယ်ဆောင်ကာ စစ်ရေးခံတပ်ပေါ်မှနေ၍ လျင်မြန်စွာ ပျံသန်းလာစေသည်။
"မင်္ဂလာပါ ဆရာလင်း... ကျွန်မကို မှတ်မိသေးရဲ့လားဟင်"
နဲ့ရှင်းက လင်းယွမ်ကို ကြည့်နေရင်း သူမ၏ လှပသော မျက်လုံးများထဲတွင် ဝမ်းသာကြည်နူးမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
လင်းယွမ် ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့သည်မှာ သိသာလှသည်။
ပြီးခဲ့သည့်အကြိမ် ဖန်ဆန်းကျွန်းတွင် လမ်းခွဲပြီးကတည်းက သူမ လင်းယွမ်ကို ထပ်မတွေ့ခဲ့ရတော့ပေ။
သူမကို အန္တရာယ်ကြားမှ ကယ်တင်ပေးခဲ့သော ဤထိုက်ယန်တောင် ခေါင်းဆောင်အပေါ် သူမ၏ ရင်တွင်း၌ ပြောပြ၍မရသော သဘောကျမှုတစ်မျိုး ရှိနေခဲ့သည်။
လင်းယွမ်က သူမကို မြင်လိုက်ရသောအခါ ပြုံးလိုက်မိပြီး "နဲ့ရှင်းပဲ... သေချာပေါက် မှတ်မိတာပေါ့... ငါ ဖန်ဆန်းကျွန်းကို လာတုန်းက ပထမဆုံး တွေ့ခဲ့ရတဲ့လူက နင်လေ... တော်တော်လေးကို မှတ်မှတ်ရရ ဖြစ်နေတာ"
နဲ့ရှင်း၏ မျက်နှာလေးမှာ ချက်ချင်းပင် အပြုံးပန်းများ ဝေဆာသွားပြီး အတိုင်းမသိ ဝမ်းသာသွားတော့သည်။
သူမက အလျင်စလိုပင် "ကျွန်မကို မှတ်မိနေသေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်"
"နင်နဲ့ နင့်ရဲ့ မိသားစုက အခု ဒီမှာ နေနေတာဆိုတော့ နင်တို့ကို အနိုင်ကျင့်တဲ့သူ မရှိတော့ဘူးမလား" လင်းယွမ်က ပြုံးကာ မေးလိုက်သည်။
နဲ့ရှင်းက ပြုံးရွှင်စွာဖြင့် "မရှိတော့ပါဘူး... ခေါင်းဆောင်ဝူတို့ ရှိနေတော့ မကောင်းကြံချင်တဲ့ သူတွေ အကုန်လုံး တိတ်တိတ်လေး ထွက်ပြေးသွားကြပြီလေ... တချို့ကျတော့လည်း အရင်တိုက်ပွဲတွေတုန်းက ကျွန်မတို့ကို သစ္စာဖောက်ခဲ့လို့ ကွပ်မျက်ခံလိုက်ရပါပြီ"
လင်းယွမ်က ပြုံးလိုက်ပြီး "ဒါဆိုလည်း ကောင်းတာပေါ့... နေထိုင်စားသောက်ရေးမှာ အခက်အခဲ တစ်ခုခုရှိရင် ငါ့ကို ပြော... ငါ မရှိရင်လည်း ဝူယင်တို့ကို ပြောပြလိုက်"
ထိုသို့ပြောရင်း လင်းယွမ်က ဝူယင်ဘက်သို့ လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ "ဒီကောင်မလေးက အရင်တုန်းက ငါ့ကို လမ်းပြပေးခဲ့တာဆိုတော့ ငါ သူ့အပေါ် ကျေးဇူးရှိနေတယ်... နောက်ကျရင် မင်း သူ့ကို သေချာလေး ဂရုစိုက်ပေးလိုက်ဦး"
ဝူယင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး နဲ့ရှင်းကို ကြည့်ကာ "ဟုတ်ကဲ့ပါ ဆရာလင်း"
"နဲ့ရှင်း... မင်းမှာ အခက်အခဲရှိရင် ငါ့ကို တိုက်ရိုက်သာ လာပြောပါ... လုံးဝ အားနာမနေနဲ့"
နဲ့ရှင်းက အလျင်အမြန် လက်ကာပြလိုက်ပြီး ပြုံးလျက် "မရှိပါဘူး... အခက်အခဲ ဘာမှမရှိပါဘူးရှင်... အခုဆိုရင် ရေပေါ်ကျွန်းမှာ နေရပြီး ဒီလို အိမ်မျိုးလေးနဲ့ နေ့တိုင်းလည်း အသားတွေ ဆန်တွေ စားနေရတာဆိုတော့လေ အိပ်မက်မက်နေသလိုပဲ... ကျွန်မတို့ အရင်က ဖန်ဆန်းကျွန်းမှာ နေခဲ့ရတုန်းကထက် အဆတစ်ရာလောက်ကို ပိုပြီး သက်တောင့်သက်သာ ရှိနေပါပြီ"
ဖန်ဆန်းကျွန်းတွင် နေထိုင်ခဲ့ရစဉ်က ဆောင်းရာသီ ရောက်လာချိန်၌ သန္ဓေပြောင်း သတ္တဝါများပင် ပုန်းအောင်းသွားကြရာ အသားစားရရန် မဆိုထားနှင့်၊ သစ်ခေါက်များကိုပင် ခွာ၍ စားခဲ့ရသည်ကို သူမ မှတ်မိနေသေးသည်။
ယခု တွင်းနက်အရိပ်ရေပေါ်ကျွန်းသို့ ဝင်ရောက်ပြီးနောက်တွင် အသား စားရုံသာမက ဆန်ထမင်းကိုပါ စားရလိမ့်မည်ဟု မည်သူက တွေးထင်ထားခဲ့မည်နည်း။
ဤနေ့ရက်များက တကယ့်ကို ကောင်းကင်ဘုံသို့ ခြေလှမ်းတစ်လှမ်း လှမ်းဝင်လိုက်ရသကဲ့သို့ပင် ဖြစ်သည်။
ဖန်ဆန်းမြို့လေးရှိ ရိက္ခာများကို လင်းယွမ်က ထိုက်ယန်တောင်ဘက်မှ တိုက်ရိုက် သယ်ဆောင်လာခိုင်းခြင်း ဖြစ်သည်။
ဤဘက်တွင် လတ်တလော စိုက်ပျိုးရေး လုပ်နိုင်မည့် အခြေအနေ မရှိသေးသဖြင့် အခြားနေရာမှ ရိက္ခာများ ပို့ဆောင်ထောက်ပံ့ပေးခြင်းကိုသာ အားကိုးနေရသည်။
ကံကောင်းစွာဖြင့် သုမာရု လက်စွပ် ရှိနေသဖြင့် ရိက္ခာများ သယ်ဆောင်ရေး ပြဿနာအတွက် ပူပန်စရာ မလိုတော့ပေ။
ထို့အပြင် ဤဘက်တွင် လူဦးရေကလည်း သိပ်မများလှသဖြင့် တစ်ခေါက် သယ်ဆောင်လာပါက အချိန်အကြာကြီး စားသုံးနိုင်သည်။
တစ်ပတ် လှည့်ပတ် ကြည့်ရှုပြီးနောက် ဖန်ဆန်းမြို့လေးပေါ်သို့ ပြန်ရောက်လာကြသည်။
လင်းယွမ်က သူ၏ လက်ပတ်နာရီကို ကြည့်လိုက်ရာ ညရှစ်နာရီကျော်နေပြီ ဖြစ်သည်။
သို့သော် ဖန်ဆန်းမြို့လေးထဲတွင် သန္ဓေပြောင်း နေကြာပန်းများက အလင်းရောင် ပေးစွမ်းထားသဖြင့် တစ်နေကုန် နေ့အချိန်လို ဖြစ်နေပြီး ညဘက်ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
ထို့ကြောင့် လူတိုင်းက ညရောက်နေပြီဖြစ်ကြောင်းကိုပင် သတိမထားမိကြပေ။
လင်းယွမ် ဤနေရာတွင် ထမင်းစားသောက်ပြီးချိန် ကိုးနာရီဝန်းကျင်ခန့်တွင် ချန်ကွမ်းမင်က ကမန်းကတန်းဖြင့် ပြန်လည်ရောက်ရှိလာသည်။
ဝူယင်က ထိုအခြေအနေကို မြင်သောအခါ သူ့ကို အလျင်အမြန် ခေါ်လိုက်ပြီး "ပေါင်ရှန်းတောင်ဘက်က အခြေအနေ ဘယ်လိုနေလဲ" ဟု မေးလိုက်သည်။
ချန်ကွမ်းမင်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် "ခေါင်းဆောင်... ဆရာလင်း... ပေါင်ရှန်းတောင်က ကျရှုံးသွားပြီ... အခု ပေါင်ရှန်းတောင်ကို ပေချန်ကျွန်းက အပြီးအပိုင် သိမ်းပိုက်လိုက်ပြီး မြူခိုးမြို့တော်ကြီးလည်း ပေါ်ထွက်လာပြီ"
"ကြားရသလောက်တော့ မြူခိုးမြို့တော်သခင် ချန်ယွင်တောက်က ကိုယ်တိုင် ဝင်ပါပြီး ပေါင်ရှန်းတောင်ရဲ့ ခေါင်းဆောင် ဖူဆန်းလဲ့ကို အနိုင်ယူသွားတယ်လို့ ဆိုတယ်"
"ဖူဆန်းလဲ့က ဒဏ်ရာအပြင်းအထန် ရသွားပြီး ဘယ်ကိုရောက်သွားမှန်း မသိတော့ဘူး"
"တချို့ကတော့ သူ သေသွားပြီလို့ ပြောကြပြီး တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောကြတယ်... တိတိကျကျ ဘယ်ရောက်သွားလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး"
ဝူယင်နှင့် လင်းယွမ်တို့ နှစ်ဦးစလုံး အံ့သြသွားကြသည်။
လင်းယွမ်က ချက်ချင်းပင် "ပေါင်ရှန်းတောင်က လူတွေ အကုန်လုံး သေကုန်တာလား... ရွှီဟောင်ယန်ရော ဘယ်လိုနေလဲ"
ချန်ကွမ်းမင်က ခေါင်းခါလိုက်ပြီး "ကျွန်တော် ကြားတာကတော့ ပေါင်ရှန်းတောင်က လူတော်တော်များများက သေတဲ့အထိ အရှုံးမပေးကြဘူးတဲ့... အဲ့ဒါကြောင့် ချန်ယွင်တောက်က သူတို့ကို ဖမ်းထားတယ်လို့ ဆိုတယ်... ရွှီဟောင်ယန်လည်း ဖမ်းခံလိုက်ရလောက်တယ်"
"ဟိုဘက်မှာ စိတ်စွမ်းအင် အဆင့်မြင့်တဲ့သူတွေ ပါလာတော့ ကျွန်တော် အနီးကပ် သွားပြီး မစုံစမ်းနိုင်ခဲ့ဘူး... တောင်းပန်ပါတယ် ဆရာလင်း"
ချန်ကွမ်းမင်၏ မျက်နှာပေါ်တွင် အပြစ်မကင်းသလို ခံစားနေရသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
လင်းယွမ်က လက်ကာပြလိုက်ပြီး "ကိစ္စမရှိဘူး... ဒီသတင်းတွေနဲ့တင် လုံလောက်နေပါပြီ... မင်းလည်း အသက်စွန့်ပြီး ထပ်စုံစမ်းနေစရာ မလိုတော့ပါဘူး"
"ချန်ယွင်တောက် နိုင်သွားပြီဆိုတော့ နောက်ထပ် ငါတို့ကို လာတိုက်ခိုက်ဖို့ပဲ ရှိတော့မှာ"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "ရှန်းမန်... ဝူယင်... ဖန်ဆန်းကျွန်းဘက်မှာ လူကျန်သေးလား"
"ကျန်သေးတယ်... ကျွန်တော် ဟုန်မြန်နဲ့ ယင်ကျိုးယွဲ့တို့ကို ဟိုဘက်မှာ စောင့်ခိုင်းထားပါတယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "သူတို့ကို လတ်တလော သတိထားနေဖို့ ပြောထားလိုက်... ဘာမှ အလွဲအချော် မရှိဘူးဆိုရင် ချန်ယွင်တောက်က ကုကျန့်ယဲ့နဲ့ ဆက်သွယ်ဖို့ လူလွှတ်လာတော့မှာပဲ"
"အခုချိန်မှာ ကုကျန့်ယဲ့ကို ငါ ဖမ်းထားတယ်ဆိုတာ သူသိမှာ မဟုတ်သေးဘူး"
ထိုအချိန်တွင် ဝူယင်က အလျင်စလို ဝင်ပြောလိုက်သည်။ "ဆရာလင်း... အဲ့ဒီလို မသေချာဘူး... ဆရာလင်း ကုကျန့်ယဲ့ကို လိုက်သတ်နေတုန်း ကျွန်တော်တို့က အခွင့်အရေးယူပြီး ထွက်တိုက်ခဲ့တာလေ... ဖန်ဆန်းကျွန်းကို ပြန်လုယူတဲ့ လုပ်ငန်းစဉ်မှာ လွတ်သွားတဲ့ ငါးတစ်ချို့ ထွက်ပြေးသွားကြတယ်"
"အဲ့ဒီလူတွေ ချန်ယွင်တောက်ဆီ သွားပြီး သတင်းပို့လိုက်ပြီလား မသိဘူး"
လင်းယွမ်က ထိုစကားကို ကြားသောအခါ စဉ်းစားလိုက်ပြီး "ဒါဆိုရင် ချုံခိုတိုက်မယ့် အစီအစဉ်က အလုပ်မဖြစ်လောက်တော့ဘူး"
"ဒီလိုမှတော့ အကြမ်းပတမ်း ဝင်တိုက်ရုံပဲ ရှိတော့တယ်"
"ကိုလင်းယွမ်... ဘယ်လို အစီအစဉ်တွေများ ရှိလို့လဲ" ဟန်ရှန်းမန်က မနေနိုင်ဘဲ မေးလိုက်သည်။
"စစ်ပရိယာယ်ဆိုတာ လှည့်စားခြင်းပဲ... ရန်သူ ထင်မှတ်မထားတဲ့ အချိန်မှာ ဝင်တိုက်ရမှာပဲ"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး "ငါတို့ဘက်က ဖန်ဆန်းကျွန်းကို အခုလေးတင် သိမ်းပိုက်လိုက်တာဆိုတော့ ကုကျန့်ယဲ့ကလည်း ငါ့လက်ထဲ ရောက်နေပြီ"
"ချန်ယွင်တောက်က ငါ တွင်းနက်အရိပ်ရေပေါ်ကျွန်းကို ရောက်နေပြီဆိုတာ တွေးတောင် တွေးမိမှာ မဟုတ်ဘူး"
"ဒီလိုမှတော့ နေ့ကောင်းရက်သာ ရွေးနေမယ့်အစား ဒီနေ့ပဲ အကောင်းဆုံးပေါ့... ငါတို့ ဒီညပဲ ပေါင်ရှန်းမြို့ကို အရောက်သွားပြီး သူ့ကို ညဘက် ဝင်စီးကြတာပေါ့"
ဤစကားကို ကြားလိုက်ရသဖြင့် လူအားလုံး စိတ်အားထက်သန်သွားကြသည်။
ဝူယင်က ချက်ချင်းပင် "ဆရာလင်း... ကျွန်တော့်ကို ရှေ့တန်းကနေ သွားခွင့်ပြုပါ"
လင်းယွမ်က တဟားဟား ရယ်မောလိုက်ပြီး "မင်းက အမှောင်ဓာတ် အစွမ်းပိုင်ရှင်ဆိုတော့ ရှေ့တန်းကသွားဖို့ အပိုတောင် ဖြစ်နေသေးတယ်"
သူတို့အနည်းငယ်က ချက်ချင်းပင် စစ်ရေးတိုက်ခိုက်မှု အစီအစဉ်များကို စတင် တိုင်ပင်ကြတော့သည်။
ဝူယင်က ယင်ကျိုးယွဲ့၊ ချန်ကွမ်းမင်တို့နှင့်အတူ ရှေ့တန်းတပ် အနေဖြင့် ပေါင်ရှန်းတောင်ပေါ်သို့ ခိုးဝင်ကာ ဖမ်းဆီးခံထားရသော ယခင် ပေါင်ရှန်းတောင်မှ လူများကို ရှာဖွေနိုင်မည့် နည်းလမ်း ရှိမရှိ ကြည့်ရှုရမည် ဖြစ်သည်။
အချိန်တန်ပါက ထိုလူများကို ပြန်လွှတ်ပေးပြီး တောင်ပေါ်တွင် ပရမ်းပတာ ဖြစ်သွားစေရန် လုပ်ဆောင်နိုင်ပေမည်။
ဟန်ရှန်းမန်နှင့် ကျန်းဖန်တို့က လူများကို ခေါ်ဆောင်ကာ မျက်နှာချင်းဆိုင်မှ အကြမ်းပတမ်း ဝင်တိုက်မည် ဖြစ်သည်။
လင်းယွမ်ကမူ တိုက်ပွဲကို အနောက်မှ ကွပ်ကဲပြီး ရန်သူ့ဘက်မှ ထိပ်တန်း အစွမ်းပိုင်ရှင်များကို ဖြေရှင်းပေးရန် တာဝန်ယူမည် ဖြစ်သည်။
အရာအားလုံး စီစဉ်ပြီးစီးသွားသောအခါ လင်းယွမ်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ "ထွက်ကြမယ်"
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်ဆန်းမြို့လေးမှ လူတစ်ရာနီးပါးခန့်က အသီးသီး ထွက်ခွာလာကြသည်။
သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ကျန်ရစ်ခဲ့သည်မှလွဲ၍ အခြားသူများအားလုံးက တပ်ရင်းတစ်ခုလုံး အနေဖြင့် ထွက်ခွာလာကြပြီး လင်းယွမ်တို့နှင့်အတူ တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ ထွက်ခွာလာကြသည်။
ညအမှောင်ထုအောက်တွင် ငန်းမွေးကဲ့သို့ ဖြူဖွေးနေသော ဆီးနှင်းများက ဆက်လက် ကျဆင်းနေဆဲ ဖြစ်သည်။
အရိုးခိုက်မတတ် အေးစိမ့်နေသော လေပြင်းများ တိုက်ခတ်နေသော်လည်း ဤမှောင်မိုက်နေသော ညသန်းခေါင်ယံအချိန်တွင် လူတစ်ရာကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့က ညအမှောင်ထုထဲမှနေ၍ အလျင်အမြန် ခရီးနှင်ကာ ပေါင်ရှန်းတောင်ဆီသို့ ဦးတည်သွားနေကြသည်ကို မြင်တွေ့နိုင်သည်။
ဤအထဲရှိ လူတစ်ရာကျော်လုံးက အစွမ်းပိုင်ရှင်များချည်းသာ ဖြစ်ကြသည်။
လူတိုင်းက မျိုးရိုးဗီဇမျိုးစေ့ကို မစုစည်းနိုင်သေးသော်လည်း မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်များက အချိုးအစားအားဖြင့် ငါးပုံတစ်ပုံခန့် ပါဝင်နေသည်။
လူအုပ်ကြီးက အစွမ်းကုန် ခရီးနှင်လာကြပြီး မူလက လင်ကျန်းမြို့ပိုင်ဖြစ်ခဲ့သော မြစ်ကြောင်းကို ဖြတ်ကျော်ကာ သိပ်မကြာခင်မှာပင် တစ်ဖက်ကမ်းရှိ ပေါင်ရှန်းမြို့သို့ ရောက်ရှိသွားကြတော့သည်။
နာရီဝက် ကြာပြီးနောက်။
ညအမှောင်ထုထဲတွင် အဝေးဆီမှ မီးရောင်စက်လေးများက လူတိုင်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
ပြောစရာပင် မလိုဘဲ ထိုနေရာက ပေါင်ရှန်းတောင်ပင် ဖြစ်တော့သည်။
ညအချိန်ဖြစ်နေသဖြင့် တောင်ကြီး၏ ပုံပန်းသဏ္ဌာန်ကို မမြင်ရသော်လည်း ညအမှောင်ထုထဲမှ ထင်ရှားနေသော ထိုမီးရောင်များကို ကြည့်လိုက်သည်နှင့် လူများ စုဝေးနေသည့်နေရာမှန်း သိသာလှသည်။
လင်းယွမ်က ကောင်းကင်ယံတွင် ရှိနေပြီး ညကြည့်အမြင်အာရုံဖြင့် ကြည့်လိုက်ရာ ပေါင်ရှန်းတောင်ကြီးက ဆီးနှင်းပြင်ထက်တွင် မားမားမတ်မတ် ရပ်တည်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုတောင်ကြီး၏ ပတ်ပတ်လည်တွင်လည်း ကောင်းကင်ယံမှ ကင်းလှည့်နေသူများ ပျံသန်းနေပုံရသည်။
လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး "အားလုံးပဲ... ငါတို့ ရောက်ပြီ"
ဝူယင်က ချက်ချင်းပင် "ဆရာလင်းတို့ ဒီမှာခဏစောင့်နော်... ကျွန်တော် လူတွေကို ခေါ်ပြီး ရှေ့တန်းကနေ သွားတိုက်မယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ကိစ္စပြီးတာနဲ့ ချက်ချင်း အချက်ပြလိုက်"
"နားလည်ပါပြီ"
ဆက်ရန်...