အခန်း (၆၅၅-၆၅၆)
Vol. 33 Ch. 655-656
အပိုင်း (၆၅၅) ပုစဉ်းရင်ကွဲ အသွင်ပြောင်းခြင်း အစွမ်းပိုင်ရှင်
အမှောင်ထုထဲတွင် ဝူယင်က ချန်ကွမ်းမင်နှင့် ယင်ကျိုးယွဲ့တို့ကို ခေါ်ဆောင်ကာ အရိပ်များကို အကာအကွယ်ယူ၍ ပေါင်ရှန်းတောင်ပေါ်သို့ တိတ်တဆိတ် တက်လာခဲ့ကြသည်။
တောင်ပေါ်တွင် မီးရောင်များ ထိန်လင်းနေပြီး ဆူညံအော်ဟစ် ရယ်မောသံများနှင့်အတူ အမျိုးသမီးတချို့၏ ငိုယိုအော်ဟစ်သံများကိုပါ ကြားနေရသည်။
ဝူယင်က တောင်ခြေရှိ စခန်းချရာနေရာသို့ လှမ်းကြည့်လိုက်ရာ လူသန်ကြီးအချို့က မိန်းကလေးငယ်နှစ်ဦးကို အတင်းအဓမ္မ စော်ကားနေကြသည်ကို မြင်လိုက်ရသည်။
မီးပုံဘေးတွင်လည်း ကြိုးတုပ်ခံထားရသော အမျိုးသားအချို့ ရှိနေသည်။
ထိုအထဲမှ တစ်ယောက်ဆိုလျှင် ခေါင်းဖြတ်သတ်ခံထားရပြီး နှင်းဖြူဖြူများပေါ်တွင် ဖိတ်စင်နေသော သွေးများက သွေးခဲများအဖြစ်ပင် အေးခဲနေပြီ ဖြစ်သည်။
ဘေးရှိ အမျိုးသားများက ဒေါသတကြီး အော်ဟစ်နေကြသော်လည်း ပါးစပ်များ ပိတ်ဆို့ခံထားရသဖြင့် လည်ချောင်းထဲမှ မကျေမချမ်း ဒေါသတကြီး ငြီးတွားသံများကိုသာ ပြုလုပ်နိုင်ကြသည်။
သူတို့ထဲမှ တစ်ယောက်က ထိုလူရမ်းကားများ မိန်းကလေးကို စော်ကားနေသည်ကို တားဆီးရန် ရုန်းကန်နေသော်လည်း နောက်ကျောဘက်မှ လူသန်ကြီးတစ်ယောက်က ခြေထောက်ဖြင့် ကန်ချလိုက်သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားရသည်။
လူသန်ကြီးက ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ ခေါင်းကို ခြေဖဝါးဖြင့် နင်းထားရင်း "ဟားဟား... ပေါင်ရှန်းတောင်ရဲ့ အကြွင်းအကျန်ကောင်တွေ... မင်းတို့က ညဘက် လာတိုက်ခိုက်ချင်သေးတယ်ပေါ့လေ... မင်းတို့ခေါင်းဆောင် ဖူဆန်းလဲ့တောင် သေလား ရှင်လား မသိတော့တာကို မင်းတို့က လက်မလျှော့ချင်သေးဘူးလား" ဟု ဆဲရေးတိုင်းထွာလိုက်သည်။
"ဟေး... ညီလေးကော... သူတို့သာ လက်မလျှော့ဘူးဆိုရင် ဒီလိုလှပတဲ့ ကောင်မလေးနှစ်ယောက်ကို ငါတို့ဆီ လာပို့ပေးပါ့မလား... ဟားဟားဟား"
ချက်ချင်းပင် လူသန်ကြီးများက ရမ္မက်ပြင်းပြစွာ ရယ်မောလိုက်ကြသည်။
ထိုအထဲမှ တစ်ယောက်က "သောက်ကျိုးနည်း... အချိန်ဆွဲမနေကြနဲ့... ငါ မရတော့ဘူး... ကောင်းကောင်းမွန်မွန် မနေရတာ လေးငါးရက်လောက် ရှိနေပြီ" ဟု အော်ပြောလိုက်သည်။
ထိုသို့ပြောရင်း ထိုသူက မိန်းကလေးတစ်ယောက်၏ အင်္ကျီကို ဆွဲဖြဲလိုက်ရာ ဖြူဖွေးသော အသားအရေများ ချက်ချင်း ပေါ်လွင်လာတော့သည်။
နောက်တစ်ယောက်က "ဟေ့ကောင်... ချီသုံး... မင်းက ဒီနှင်းတောထဲမှာပဲ လုပ်တော့မလို့လား" ဟု ရယ်မောကာ ပြောလိုက်သည်။
ချီသုံးဟု ခေါ်သော ထိုသူက "နှင်းတောထဲမှာလည်း ရတာပဲလေ... ငါ နှင်းတောထဲမှာ တစ်ခါမှ မလုပ်ဖူးသေးဘူး... ဟားဟားဟား" ဟု အော်ရယ်လိုက်သည်။
"မင်းက အအေးမိမှာ မကြောက်ဘူးလား" ဟု ကောအမည်ရှိ လူသန်ကြီးက ရယ်မောလိုက်သည်။
အရိပ်ထဲတွင် ယင်ကျိုးယွဲ့က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံကြိတ်လိုက်မိပြီး မျက်လုံးများမှ ဒေါသမီးတောက်များ ထွက်ပေါ်လာကာ "ဒီတိရစ္ဆာန်ကောင်တွေ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝူယင်၏ မျက်လုံးများထဲတွင်လည်း သနားကြင်နာသည့် အရိပ်အယောင်များ ပေါ်လွင်လာပြီး "ဒါက ကိုယ့်အိမ်ကိုယ့်ယာကို မကာကွယ်နိုင်တဲ့သူတွေရဲ့ အဆုံးသတ်ပဲ" ဟု ပြောလိုက်သည်။
"တစ်နေ့ အနိုင်မယူနိုင်တဲ့ ရန်သူတွေ ရောက်လာခဲ့ရင်... ငါသေရမယ်ဆိုရင်တောင် တစ်လှမ်းမှ နောက်ဆုတ်မှာ မဟုတ်ဘူး"
"ဘာလို့လဲဆိုတော့ ငါတို့သာ နောက်ဆုတ်လိုက်ရင်... ငါတို့နောက်က မိသားစုတွေနဲ့ ချစ်ရတဲ့သူတွေက ဒီလိုမျိုး မျှော်လင့်ချက်မဲ့ပြီး နာကျင်စရာတွေကို ကြုံတွေ့ရမှာမလို့ပဲ"
ဘေးရှိ ချန်ကွမ်းမင်ကလည်း လေးနက်သော မျက်နှာထားဖြင့် "ခေါင်းဆောင်ပြောတာ မှန်တယ်... သေချင်သေပါစေ... ငါ့မိသားစုကိုတော့ ဒီလိုအခြေအနေမျိုး အရောက်ခံမှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။
"ခေါင်းဆောင်... စကြတော့မလား" ယင်ကျိုးယွဲ့က မနေနိုင်တော့ဘဲ မေးလိုက်သည်။
ဝူယင် ခေတ္တမျှ စဉ်းစားလိုက်ပြီး "စမယ်" ဟု အမိန့်ပေးလိုက်သည်။
လူကယ်ရန်မှာ အကြောင်းပြချက် တစ်ခုသာဖြစ်ပြီး သူက ပေါင်ရှန်းတောင်၏ မြေပြင်အနေအထားကို ရင်းနှီးကျွမ်းဝင်သူ အချို့ လမ်းပြပေးရန် လိုအပ်နေသည်။
ယင်ကျိုးယွဲ့နှင့် ချန်ကွမ်းမင်တို့၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ချက်ချင်း ပေါ်လာပြီး လက်ကာပြလိုက်ကာ နောက်ပါလူများကို ခေါ်ဆောင်၍ မီးပုံအနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားကြသည်။
"သတ်"
ပြတ်သားသော အော်ဟစ်သံတစ်သံနှင့်အတူ လူအားလုံး ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။
အရိပ်များကြားတွင် ချုံခိုတိုက်ခိုက်မှုက မျက်စိတစ်မှိတ်အတွင်း စတင်သွားခဲ့သည်။
"စွပ်"
ထိုချီသုံး ဘောင်းဘီချွတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အောက်ပိုင်းမှာ ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသည်။
ချက်ချင်းပင် လည်ချောင်းထဲမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
သို့သော် သူ အသံကုန် အော်ဟစ်ရန် အချိန်မရလိုက်မီ ယင်ကျိုးယွဲ့က အရိပ်ထဲမှ ထွက်လာပြီး လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်ရာ အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားတော့သည်။
ချန်ကွမ်းမင်တို့ကလည်း လျင်မြန်စွာ လက်စွမ်းပြလိုက်ကြပြီး ထိုသူများ၏ အစွမ်းများမှာ မြင့်မားခြင်း မရှိပေ။
ညကြီးမင်းကြီး ဤနေရာတွင် ကင်းစောင့်ရန်နှင့် လမ်းကြောင်းကို စောင့်ကြပ်ရန် တာဝန်ပေးခံရသူများ ဖြစ်သဖြင့် အစွမ်းမြင့်မားသူများ မဟုတ်သည်မှာ သေချာလှသည်။
ဝူယင်တို့လူစုက ထိုသူများကို ခဏလေးအတွင်း ရှင်းလင်းလိုက်ကြသည်။
ထို့နောက် ထိုမိန်းကလေးနှစ်ဦးနှင့် မြေပြင်ပေါ်တွင် ကြိုးတုပ်ခံထားရသော ပေါင်ရှန်းတောင်မှ အသက်ရှင်ကျန်ရစ်သူများကို အလျင်အမြန် ကယ်တင်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်ဗျာ... ခင်ဗျားတို့က ဘယ်သူတွေလဲ"
လူလတ်ပိုင်းတစ်ယောက်က မျက်ရည်များ ဝဲတက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အဆက်မပြတ် ကျေးဇူးတင်နေသည်။
ဝူယင်က "ငါတို့က ထိုက်ယန်တောင်က လူတွေပဲ... ပေါင်ရှန်းတောင်က အကူအညီတောင်းတာကို လက်ခံရရှိလို့ ကူညီဖို့ ရောက်လာတာ... အခု တောင်ပေါ်မှာ အခြေအနေ ဘယ်လိုရှိလဲ" ဟု လေးနက်စွာ မေးလိုက်သည်။
ဝူယင်တို့က ထိုက်ယန်တောင်မှ ကူညီရန် လာသူများဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် ထိုနေရာရှိ ပေါင်ရှန်းတောင်မှ လူများအားလုံး ချက်ချင်း မျက်ရည်များ ဝဲတက်သွားကြသည်။
"ထိုက်ယန်တောင်... ခင်ဗျားတို့က ထိုက်ယန်တောင်က လူတွေလား"
"အီးဟီးဟီး... ခင်ဗျားတို့ ဘာလို့ အခုမှ လာရတာလဲ... ဘာလို့ အခုအချိန်ထိ နေမှ လာရတာလဲဗျာ... နောက်ကျသွားပြီ... အရမ်း နောက်ကျသွားပါပြီ... အီးဟီးဟီး"
ငယ်ရွယ်သူအချို့ဆိုလျှင် ထိုနေရာတွင်ပင် အလွန် ဝမ်းနည်းပက်လက် ငိုယိုတော့သည်။
ဝူယင် သက်ပြင်းချလိုက်ပြီး "တောင်ပေါ်က အခြေအနေလေး ပြောပြလို့ ရမလား... အခု ပေါင်ရှန်းတောင်မှာ ဘယ်သူ ဦးဆောင်နေသေးလဲ" ဟု မေးလိုက်သည်။
လူလတ်ပိုင်းအမျိုးသားက မျက်ရည်များကို သုတ်ရင်း "ကျွန်တော်တို့ လုံးဝ ရှုံးနိမ့်သွားပါပြီ... ခေါင်းဆောင်လည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး... ခေါင်းဆောင် ရွှီဟောင်ယန်တို့ကိုတော့ မြူခိုးမြို့တော်ဆီ ဖမ်းခေါ်သွားကြပြီ" ဟု ပြန်ဖြေသည်။
"အခု တောင်ပေါ်မှာ ဖမ်းဆီးခံထားရသူ တချို့ပဲ ကျန်တော့တယ်... ပေချန်ကျွန်းက ဓားပြတွေ တောင်ကို သိမ်းပိုက်သွားကြပြီ"
ဝူယင်က "ခင်ဗျားတို့ မိသားစုတွေကို ဘယ်မှာ ဖမ်းထားလဲ" ဟု ချက်ချင်း မေးလိုက်သည်။
"မြေအောက်ထောင်ထဲမှာပါ"
"ကျွန်တော်တို့ကို အဲ့ဒီကို ခေါ်သွား... သူတို့ကို ကယ်တင်ပြီး ဒီပေချန်ကျွန်းက ဓားပြတွေကို အတူတူ ပြန်တိုက်ခိုက်ကြတာပေါ့"
"တကယ်လား... ခင်ဗျားတို့က ကျွန်တော်တို့ မိသားစုတွေကို ကယ်ဖို့ ကူညီပေးမှာလား" လူလတ်ပိုင်းအမျိုးသားက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဝူယင်က "ဦးလေး... ကျွန်တော်တို့ ဒီတစ်ခေါက် လာတာ ခင်ဗျားတို့ကို ကယ်ဖို့ပဲ... စိတ်ချပါ... ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေ တောင်အောက်မှာ ရှိတယ်... ကျွန်တော်တို့ စပြီး လှုပ်ရှားလိုက်တာနဲ့ သူတို့လည်း တက်လာလိမ့်မယ်... တောင်ပေါ်က ဓားပြလောက်ကတော့ ကျွန်တော်တို့ကို လုံးဝ တားဆီးနိုင်မှာ မဟုတ်ဘူး" ဟု လေးနက်စွာ ပြောလိုက်သည်။
လူလတ်ပိုင်းအမျိုးသား ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် အလွန် ဝမ်းသာသွားပြီး အခြားသူများကို အလျင်အမြန် ခေါ်ယူလိုက်သည်။
ထို့နောက် သူက ဝူယင်တို့ကို တောင်ပေါ်တက်သည့် လမ်းကျဉ်းလေးအတိုင်း ဦးဆောင်ခေါ်သွားတော့သည်။
ယင်းက ဝူယင်တို့အတွက် ရှာဖွေရမည့်အချိန်များကို အများကြီး သက်သာစေခဲ့သည်။
မကြာမီ တောင်အောက်ရှိ လင်းယွမ် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ တောင်ပေါ်မှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
လေထဲတွင် မီးရှူးမီးပန်းတစ်ခု ပေါက်ကွဲသွားသည်။
၎င်းမှာ ပေါက်ကွဲမြှားပင် ဖြစ်သည်။
လင်းယွမ်က ဘာမျှဆက်မပြောတော့ဘဲ ချက်ချင်း လက်ကာပြကာ "တက်" ဟု အော်ဟစ်လိုက်သည်။
ဟန်ရှန်းမန်၊ ကျန်းဖန်တို့ကလည်း ချက်ချင်း အော်ဟစ်လိုက်ကြသည်။
"တက်ကြ"
လူအုပ်ကြီးက ပေါင်ရှန်းတောင်ဆီသို့ တိုက်ရိုက် ပြေးတက်သွားကြတော့သည်။
လင်းယွမ်က ခုန်တက်လိုက်ပြီး လေထဲတွင် ပျံသန်းကာ တောင်ထွတ်ပေါ်သို့ အရင်ဆုံး ရောက်ရှိသွားပြီး ပေါင်ရှန်းတောင် တစ်ခုလုံးကို အပေါ်မှ စီးမိုးကြည့်လိုက်သည်။
ထိုစဉ် တောင်ပေါ်ရှိ လူစုလူဝေးနေရာမှ လူရိပ်အချို့ လျင်မြန်စွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
"ဟားဟားဟား... ပေါင်ရှန်းတောင်က အကြွင်းအကျန်ကောင်တွေ... ပြန်လာရဲသေးတယ်ပေါ့လေ"
"သေချင်နေတာပဲ"
ရောက်လာသူက ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီး ကြီးမားလှသော အရှိန်အဝါကြီးက ပြင်းထန်စွာ ဖြတ်သန်းသွားသည်။
သူက အဓိက အရည်အသွေး အမှတ် (၁၀၀) နီးပါးအထိ ရှိသော အစွမ်းမြင့် ပညာရှင်တစ်ဦး ဖြစ်နေသည်။
သို့သော် ထိုအသံကို ကြားလိုက်ရသောအခါ လင်းယွမ်မှာ အကြောင်းရင်းမရှိဘဲ ရင်းနှီးနေသလို ခံစားလိုက်ရသည်။
လင်းယွမ် ခေါင်းမော့ကြည့်လိုက်ရာ ရောက်လာသူ၏ ကျောဘက်တွင် အတောင်ပံလေးခု ရှိနေပြီး အလွန် လျင်မြန်လှသည်ကို တွေ့လိုက်ရသည်။
ထိုအတောင်ပံများက ပုစဉ်းရင်ကွဲ အတောင်ပံများကဲ့သို့ ပါးလွှာနေပြီး တဝီဝီ မြည်သံများနှင့်အတူ ပတ်ဝန်းကျင်ရှိ လေထုကိုပါ လျင်မြန်စွာ တုန်ခါသွားစေသည်။
သူဖြတ်သန်းသွားသော နေရာတိုင်းတွင် တဝီဝီ မြည်သံများနှင့် ဆုတ်ဖြဲသံများ ထွက်ပေါ်လာသည်။
ထိုသူ၏ ရုပ်ရည်ကို သေချာကြည့်လိုက်သောအခါ အသက် (၂၀) ကျော်အရွယ်ခန့်သာ ရှိသေးပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်ကာ မျက်လုံးများကလည်း အေးစက်နေသည်။
လင်းယွမ်က ထိုသူကို သေချာကြည့်လိုက်ရာ အတော်လေး ရင်းနှီးနေသော်လည်း ကောင်းကောင်း မှတ်မိခြင်း မရှိပေ။
ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါက မအားနည်းသော်လည်း အဓိက အရည်အသွေးက အမှတ် (၁၀၀) သို့ အပြည့်အဝ မရောက်သေးပေ။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များကို ကြည့်ခြင်းအားဖြင့် လူအများအပြားကို သတ်ဖြတ်ထားခဲ့ပုံရသည်။
ထိုသူက တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီး ထိုက်ယန်တောင်၏ တပ်ဖွဲ့များကို ဖြတ်တောက် တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ် ဆက်ပြီး လက်ပိုက်ကြည့်မနေတော့ဘဲ ကိုယ်ကို တစ်ချက်ယိမ်းလိုက်ကာ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းဖြင့် ထိုသူ့ထံသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
"ဝီ"
"အား"
ထိုသူ၏ ခေါင်းထဲတွင် ပြင်းထန်စွာ တုန်ခါသွားပြီး အသိစိတ်များ ချက်ချင်း ဝေဝါးသွားတော့သည်။
လင်းယွမ်၏ လက်ရှိ စိတ်စွမ်းအင် အရည်အသွေးအရ အမှတ် (၁၀၀) အောက် ပြိုင်ဘက်များအနေဖြင့် လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ဟု ဆိုနိုင်သည်။
ရောက်လာသူက ခေါင်းကို ကိုင်ထားရင်း ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး လင်းယွမ်ကို ခေါင်းမော့ကြည့်လိုက်သည်။
ထိုသို့ ကြည့်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်များ ချက်ချင်း ပျောက်ကွယ်သွားပြီး အလွန်အမင်း ကြောက်လန့်သွားသည့် မျက်နှာထားသို့ ပြောင်းလဲသွားတော့သည်။
"လင်း... လင်းယွမ်"
သူက လင်းယွမ်၏ အမည်ကို တစ်ခွန်းတည်းဖြင့် ခေါ်လိုက်သည်။
လင်းယွမ် အနည်းငယ် အံ့အားသင့်သွားပြီး ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းကာ ထိုသူ၏ လည်ပင်းကို ဖမ်းဆွဲပြီး မ,တင်လိုက်သည်။
"မင်း ငါ့ကို သိနေတာလား"
ပုစဉ်းရင်ကွဲ အတောင်ပံနှင့် အမျိုးသားက မျက်နှာ ဖြူရော်သွားပြီး "သိ... သိပါတယ်... ကျွန်တော်က သန်လျက် ကြေးစားတပ်ဖွဲ့က လူပါ... အရင်တုန်းက ခေါင်းဆောင် လီခွန်း နောက်ကနေ လိုက်ရင်း ခင်ဗျားကို မြင်ဖူးပါတယ်... ကျွန်တော့်နာမည် ဖန်လျန် ပါ" ဟု ပြန်ဖြေသည်။
လင်းယွမ် ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်း သဘောပေါက်သွားသည်။
သန်လျက် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် လီခွန်း၏ လက်အောက်တွင် သတင်းပေးပို့ရန် သီးသန့်တာဝန်ယူထားသော အသွင်ပြောင်း အမျိုးအစား အစွမ်းပိုင်ရှင်တစ်ဦး ရှိခဲ့သည်ကို သူ အမှန်တကယ် မှတ်မိနေသည်။
ထိုသူကနွေဦး ပုစဉ်းရင်ကွဲအဖြစ် အသွင်ပြောင်းနိုင်သည့် အစွမ်းပိုင်ရှင် ဖြစ်ပြီး သူ့ရှေ့မှ ဖန်လျန်ဆိုသော ကောင်ပင် ဖြစ်နေသည်။
"စိတ်ဝင်စားစရာပဲ... ခဏလောက် မတွေ့ရတဲ့အချိန်အတွင်းမှာ မင်းရဲ့အစွမ်းက ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ မထင်ထားဘူး"
ဖန်လျန်၏ တိုးတက်မှုက သံသယဖြစ်စရာ မလိုအောင် ကြီးမားလှသည်။ လင်းယွမ်က လီခွန်းကို သတ်ဖြတ်ခဲ့စဉ်က ဖန်လျန်သည် အစေခံတစ်ယောက်မျှသာ ဖြစ်ပြီး မျိုးရိုးဗီဇမျိုးစေ့ကိုပင် မဖွဲ့စည်းနိုင်ခဲ့သေးပေ။
သို့သော် ယခုအချိန်တွင် ဖန်လျန်က မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့ရုံသာမက အဓိက အရည်အသွေးကလည်း အမှတ် (၁၀၀) နီးပါးအထိ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ ပုံစံကို ကြည့်ခြင်းအားဖြင့် ဆယ်ပုံကိုးပုံမှာ ပေါင်ရှန်းတောင်ဘက်ရှိ တာဝန်ခံ ဖြစ်ပေလိမ့်မည်။
ဖန်လျန်က "ခင်ဗျား ဘာလုပ်ချင်လို့လဲ" ဟု တုန်ရီသော အသံဖြင့် မေးလိုက်သည်။
လင်းယွမ်က "ချန်ယွင်တောက် ဘယ်မှာလဲ" ဟု မေးလိုက်သည်။
ဖန်လျန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး "မင်းက ဘုရင်မင်းမြတ်ရဲ့ နာမည်ကို တိုက်ရိုက် ခေါ်ရဲတယ်ပေါ့... လင်းယွမ်... ငါ့ကို လွှတ်ပေးပြီး ငါနဲ့အတူ ဘုရင်မင်းမြတ်ဆီ သွားတွေ့ဖို့ အကြံပေးချင်တယ်" ဟု ပြောလိုက်သည်။
"မင်း မြူခိုးမြို့တော်က သွေးသလင်းကျောက်တွေကို ခိုးယူသွားတဲ့ကိစ္စကို ဘုရင်မင်းမြတ် သိပြီးသွားပြီ... သူ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
လင်းယွမ် မနေနိုင်ဘဲ ရယ်မောလိုက်ပြီး "ဟုတ်လား... သူ ဘယ်တုန်းက သိသွားတာလဲ" ဟု မေးလိုက်သည်။
"အစကတည်းက သိထားတာ... လန်ယွဲ့ဟွာတို့ ဘုရင်မင်းမြတ်ဆီ ခိုလှုံပြီးကတည်းက ဘုရင်မင်းမြတ် သိသွားခဲ့တာ... မင်း ပြေးလို့ မလွတ်တော့ဘူး"
"ဘုရင်မင်းမြတ်ရဲ့ လက်ရှိအစွမ်းက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်း လုံးဝ မသိပါဘူး... မင်းတင် မကဘူး... မင်းတို့အားလုံး ပေါင်းရင်တောင် ဘုရင်မင်းမြတ်ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"
လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး "လန်ယွဲ့ဟွာ... လန်ယွဲ့ဟွာ မသေသေးဘူးလား" ဟု အံ့အားသင့်စွာ မေးလိုက်သည်။
ဖန်လျန်က ချက်ချင်းပင် "ဟားဟား... မင်း ထားခဲ့တဲ့ လျှို့ဝှက်လက်ချက်ကြောင့် လန်ယွဲ့ဟွာ သေသွားပြီလို့ မင်း ထင်နေတာမလား"
"အလကားပဲ... ဘုရင်မင်းမြတ် ကိုယ်တိုင် ဝင်ပါခဲ့လို့ သူ မသေတာ"
"လင်းယွမ်... မင်းက အရမ်း တော်ပေမဲ့ ဘုရင်မင်းမြတ်နဲ့ ယှဉ်လိုက်ရင် အများကြီး ကွာသေးတယ်"
"ဒီပေါင်ရှန်းတောင်ရဲ့ ခေါင်းဆောင်က ဖူဆန်းလဲ့လို့ ခေါ်တယ်... မင်းလည်း ကြားဖူးမှာပေါ့... ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း သားရဲကြီးအဖြစ် အသွင်ပြောင်းနိုင်တဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် အစွမ်းပိုင်ရှင် တစ်ယောက်လေ"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းဆိုတာ ဘာလဲ မင်းသိလား... အဲ့ဒါက မျိုးရိုးဗီဇမျိုးစေ့အဆင့်ထက် ပိုမြင့်မားတဲ့ အဆင့်တစ်ခုပဲ"
"အဲ့ဒီအဆင့်က ဘယ်လောက်စွမ်းလဲဆိုတာကို မင်း လုံးဝ နားလည်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ အဲ့ဒီလောက် အစွမ်းထက်တဲ့သူတောင် ဘုရင်မင်းမြတ်ရဲ့ လက်ထဲမှာ သေသွားခဲ့ရတာပဲ"
"လင်းယွမ်... မင်းက ဘယ်လောက်ကံကောင်းနိုင်မှာမို့လို့လဲ... လက်နက်ချလိုက်ပါတော့"
"ငါ မင်းအတွက် ဘုရင်မင်းမြတ်ဆီမှာ အသနားခံပေးပြီး မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပေးနိုင်တယ်"
"အခုက ရေလွှမ်းမိုးတဲ့ ကပ်ဘေးကာလကြီးပဲ... မင်းရဲ့အစွမ်းကလည်း အားမနည်းပါဘူး... ဘုရင်မင်းမြတ်ရဲ့ လက်အောက်ကို ဝင်လိုက်မယ်ဆိုရင် မင်းအတွက်လည်း နေရာတစ်နေရာ ရနိုင်လောက်ပါတယ်"
"မင်းနဲ့ငါ အတူတူ ဘုရင်မင်းမြတ်ကို ကူညီပေးပြီး ဒီကပ်ဘေးကာလကြီးထဲမှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေကြရင် ဘယ်လိုလဲ"
ဖန်လျန်က လင်းယွမ်ကို ဆက်လက် သွေးထိုးလှုံ့ဆော်ကာ လက်နက်ချရန် တိုက်တွန်းနေသည်။
လင်းယွမ်က သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည်။
သိသာထင်ရှားစွာပင် ဤဖန်လျန်က သူ၏ အစွမ်းကို လုံးဝ မသိရှိထားပေ။
တစ်ချိန်တည်းမှာပင် လင်းယွမ်က ဖန်လျန်က သူ၏ အစွမ်းအစစ်အမှန်ကို မသိထားလျှင် ချန်ယွင်တောက်ကရော သိနေမလားဟု တွေးလိုက်မိသည်။
နောက်တစ်စက္ကန့်တွင် သူ ခေါင်းခါလိုက်ပြီး ချန်ယွင်တောက်ကတော့ သေချာပေါက် သိထားမည်ဟု မှတ်ယူလိုက်သည်။
ထိုသို့မဟုတ်လျှင် ချန်ယွင်တောက်၏ လက်ရှိအစွမ်းဖြင့် အဘယ်ကြောင့် ထိုက်ယန်တောင်သို့ တိုက်ရိုက် လာရောက် မတိုက်ခိုက်ရသနည်း။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် ချန်ယွင်တောက်က သူ၏အစွမ်းကို သိနေလျက်နှင့် သူ၏ လက်အောက်ခံများက မသိရသနည်း။
ဤဖန်လျန်ကို ချန်ယွင်တောက်က ပေါင်ရှန်းတောင်ကို စောင့်ကြပ်ရန် စီစဉ်ထားခြင်းဖြစ်ရာ သူက ချန်ယွင်တောက်၏ ယုံကြည်မှုကို ရရှိထားသည်မှာ သေချာလှသည်။
ဤမျှ အရေးကြီးသော သတင်းအချက်အလက်ကို သူ့အား အဘယ်ကြောင့် မပြောပြခဲ့ရသနည်း။
ထို့နောက် လင်းယွမ်က ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားသည်။
"သူ့လက်အောက်ငယ်သားတွေရဲ့ စိတ်ဓာတ်ကျသွားမှာကို သူ ကြောက်နေတာများလား... ငါ့အစွမ်းက ပိုအားကောင်းလေ... သူ့လက်အောက်က လူတွေက ငါ့ကို ပိုကြောက်လေ ဖြစ်ပြီး ငါတို့ ထိုက်ယန်တောင်က လူတွေနဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်ရဲမှာကို စိုးရိမ်နေတာလား"
"သူက တမင်သက်သက် သတင်းအချက်အလက်တွေကို ဖုံးကွယ်ထားပြီး သူ့လူတွေ ငါ့ကို မြင်တာနဲ့ သေရမှာကို မကြောက်ဘဲ တိုက်ခိုက်လာအောင် လုပ်ချင်နေတာများလား... မတိုက်ဘဲ ထွက်ပြေးသွားမယ့်အဖြစ်ကို တားဆီးချင်လို့လား"
လင်းယွမ် စိတ်ထဲမှ ခန့်မှန်းတွေးတောနေရင်း ဖန်လျန်ကို စိတ်ဝင်တစားဖြင့် "ဒါဆို ငါက သူ့ဆီ သွားပူးပေါင်းချင်ရင် သူ့ကို ဘယ်မှာ သွားရှာရမလဲ" ဟု မေးလိုက်သည်။
လင်းယွမ် ဤမျှ လျင်မြန်စွာ အရှုံးပေးလိုက်မည်ဟု မထင်ထားသဖြင့် ဖန်လျန် အံ့အားသင့်သွားသည်။
သူ၏ စိတ်ထဲတွင် ချက်ချင်း အလွန် ဝမ်းသာသွားပြီး သူ့ရှေ့မှ ဤထိုက်ယန်တောင် ခေါင်းဆောင်ကိုသာ တိုက်ရိုက် လက်နက်ချခိုင်းနိုင်မည်ဆိုလျှင် သူ့အတွက်တော့ အလွန်ကြီးမားသော အကျိုးဆောင်မှုကြီး တစ်ခုပင် ဖြစ်လာပေမည်။
သူက "မြူခိုးမြို့တော်... ဘုရင်မင်းမြတ်က မြူခိုးမြို့တော်မှာ အထိုင်ချထားတယ်... အခု ပေချန်ကျွန်းဘေးမှာ ရှိနေတယ်... မင်းက တကယ် သစ္စာရှိတယ်ဆိုရင် ငါ့ကို အရင်လွှတ်ပေး... ငါ မင်းကို ခေါ်သွားပေးမယ်" ဟု ချက်ချင်း ပြောလိုက်သည်။
လင်းယွမ် ရယ်မောလိုက်ပြီး "ဟားဟား... ကောင်းပြီလေ... ဒါဆို မင်း ငါ့ကို ခေါ်သွားပေး" ဟု ပြောလိုက်သည်။
ဆက်ရန်...
အပိုင်း (၆၅၆) ထန်ရှင်းအန်
ဖန်လျန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး လင်းယွမ်က ဤမျှ စကားပြောရ လွယ်ကူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ အနည်းငယ်တောင် မယုံနိုင်အောင် ဖြစ်သွားမိသည်။
အရင်တုန်းက ဒီလူ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် သုံးယောက်ကို သတ်ဖြတ်ခဲ့ချိန်တုန်းက အလွန် ရက်စက်ကြမ်းကြုတ်ခဲ့သည် မဟုတ်ပါလား။
အခုတော့ သူ့ကို ဒီလောက် လွယ်လွယ်ကူကူနဲ့များ ဖျောင်းဖျနိုင်ခဲ့ပြီလား။
"အရှင်မင်းမြတ်ရဲ့ နာမည်က တော်တော်ဩဇာညောင်းတာပဲ" ဖန်လျန်က စိတ်ထဲမှ ကောက်ချက်ချလိုက်သည်။
လင်းယွမ်က မြူခိုးမြို့တော်သခင်၏ နာမည်ကို ကြားပြီး ကြောက်လန့်သွားခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ထို့ကြောင့် သူက စိတ်ထဲတွင် ကျေနပ်ဂုဏ်ယူသွားကာ "မင်းက ဒီလောက် အခြေအနေကို နားလည်လိမ့်မယ်လို့ မထင်ထားဘူး... မင်းလူတွေကို မြန်မြန်ရပ်ခိုင်းလိုက်တော့လေ"
အောက်ဘက်တွင် အပြင်းအထန် တိုက်ခိုက်နေကြဆဲ ဖြစ်သော လူနှစ်စုကို လှမ်းကြည့်ရင်း သူက ချက်ချင်း ပြောလိုက်ခြင်း ဖြစ်သည်။
လင်းယွမ်က ပြုံးယောင်သန်းသွားပြီး "မလောပါနဲ့... ချန်ယွင်တောက်နဲ့ မတွေ့ခင် ငါ့လူတွေမှာ ဘယ်လောက် အစွမ်းအစရှိလဲဆိုတာ သူ့ကို သိအောင် ပြရဦးမယ်လေ... ဒါမှ ငါ့အတွက် ဘယ်လို ရာထူးနေရာမျိုး ပေးသင့်လဲဆိုတာ ဆွေးနွေးလို့ ကောင်းမှာပေါ့... မဟုတ်ဘူးလား"
ဖန်လျန် မျက်နှာပျက်သွားကာ "မင်းက ဘာသဘောနဲ့ ပြောတာလဲ"
"ဟားဟား... ငါ ပေါင်ရှန်းတောင်ကို သိမ်းပိုက်ပြီးမှ ချန်ယွင်တောက်ဆီ သွားပူးပေါင်းရင် သူ ငါ့ကို ပိုပြီး အထင်ကြီးမသွားနိုင်ဘူးလား"
"မင်း... ခွေးကောင်"
ဖန်လျန် အကြီးအကျယ် ဒေါသထွက်သွားသည်။ တစ်ဖက်လူ၏ ဤလုပ်ရပ်က သူ့ကို ခုတုံးအဖြစ် အသုံးချနေခြင်း မဟုတ်ပါလား။
ယခု ပေါင်ရှန်းတောင်ကို သူက စောင့်ကြပ်နေရခြင်း ဖြစ်ပြီး ယခုအချိန်၌ လင်းယွမ်ကို သိမ်းပိုက်ခွင့် ပေးလိုက်မည်ဆိုပါက ချန်ယွင်တောက်၏ စိတ်ထဲတွင် လင်းယွမ်အပေါ် အထင်ကြီးမှုများ သေချာပေါက် တိုးလာပေလိမ့်မည်။
ထိုသို့ဆိုလျှင် ချန်ယွင်တောက်၏ အမြင်တွင် သူ ဖန်လျန်က အသုံးမကျသူ ဖြစ်သွားမည် မဟုတ်လား။
ဖန်လျန်က ချက်ချင်း ခြိမ်းခြောက်လိုက်သည်။ "မင်း မမေ့နဲ့နော်... ငါကမှ မင်းကို လမ်းပြခေါ်ဆောင်ပေးမယ့်သူပဲ"
လင်းယွမ်က ရယ်မောလိုက်ပြီး "ဟားဟား... မင်းကို မစတော့ဘူး... ချန်ယွင်တောက်က မြူခိုးမြို့တော်မှာ ရှိနေသေးတာဆိုတော့ ငါ ကိုယ်တိုင် သူ့ဆီ သွားရှာလိုက်ရုံပဲလေ... မင်း လမ်းပြပေးဖို့ လိုသေးလို့လား"
ပြောပြီးသည်နှင့် လင်းယွမ်က လက်ညှိုးကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ကပ်ပါးမျိုးစေ့ တစ်စေ့က သူ့၏ စိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ကျဆင်းသွားတော့သည်။
ဖန်လျန်က ပုံမှန်မဟုတ်သည်ကို ခံစားလိုက်ရပြီး မျက်နှာ ချက်ချင်း ပျက်ယွင်းသွားကာ "မင်း... မင်း ဘယ်လို လုပ်ရဲတာလဲ"
လင်းယွမ်က ခေါင်းခါရင်း ပြုံးလိုက်ပြီး သူ့ကို ဆွဲမကာ "မင်းက တော်တော်ကို တုံးတာပဲ... ချန်ယွင်တောက်က အဲ့ဒီလောက်စွမ်းပြီး ငါ့ကို လွယ်လွယ်လေး သတ်နိုင်တယ်ဆိုရင် ဘာလို့ ထိုက်ယန်တောင်ကို တိုက်ရိုက် လာမရှာတာလဲ"
"အဲ့ဒီအစား ဘာလို့ ဒီပေါက်ဆန်းမြို့မှာ အချိန်ဖြုန်းပြီး အကြံအစည်တွေ ကြံစည်နေရတာလဲ... သူက ငါ့ကို မသတ်ချင်လို့လား"
ဖန်လျန် အံ့အားသင့်သွားပြီး သူ၏ ဦးနှောက်က တစ်ခဏမျှ အလုပ်မလုပ်နိုင်တော့ပေ။
သူက အစကတည်းက ဤအချက်ကို တကယ်ကို စဉ်းစားမထားခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။
လင်းယွမ်က သူ့ကို ဆွဲခေါ်ကာ တိုက်ပွဲဖြစ်ပွားနေသည့် ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွားပြီး အော်ဟစ်လိုက်သည်။ "ဖန်လျန် အဖမ်းခံလိုက်ရပြီ... ဘယ်သူ ထပ်ပြီး ခုခံရဲသေးလဲ"
ထိုပြင်းထန်သော အော်ဟစ်သံက မိုးကြိုးသံအလား ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ချက်ချင်းပင် အောက်ဘက်ရှိ သန်လျက် ကြေးစားတပ်ဖွဲ့မှ လူများအားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။
ဖန်လျန်က လင်းယွမ်၏ လက်ထဲတွင် ဖမ်းဆီးခံထားရပြီး မည်သို့မျှ ခုခံနိုင်စွမ်း မရှိတော့သည်ကို တကယ်ပင် တွေ့လိုက်ရသည်။
ချက်ချင်းပင် လူတိုင်း မျက်နှာပျက်သွားကြပြီး မူလကတည်းက အခြေအနေ မကောင်းလှသော သူတို့၏ စိတ်ဓာတ်များက ချက်ချင်း ကျဆင်းသွားတော့သည်။
ဝူယင်က လူများကို ခေါ်ဆောင်ကာ ထိုသူများကို ချက်ချင်း ဝင်ရောက် နှိမ်နင်းလိုက်ပြီး အခြေအနေကို ထိန်းချုပ်လိုက်သည်။
လင်းယွမ်က "ဝူယင်... အားလုံးကို ခဏ နားခိုင်းလိုက်ပါ... ပေါင်ရှန်းတောင်က မိတ်ဆွေတွေကို အရင်ဆုံး ဒဏ်ရာတွေ ကုသပေးလိုက်ဦး" ဟု ပြောလိုက်သည်။
"မိုးလင်းတာနဲ့ မြူခိုးမြို့တော်ကို ဝင်တိုက်မယ်"
"ဟုတ်ကဲ့ပါ ဆရာလင်း"
မကြာမီ ဝူယင်က လူများကို ခေါ်ဆောင်ကာ ဖမ်းဆီးခံထားရသော ပေါင်ရှန်းတောင်မှ လူအမြောက်အများကို ပြန်လွှတ်ပေးလိုက်သည်။
ထိုသူများထဲမှ ခေါင်းဆောင်ဖြစ်သူက မကြာမီ ထွက်ပေါ်လာသည်။
သူက အလယ်အလတ် အရွယ်ရှိသော အမျိုးသားတစ်ဦး ဖြစ်ပြီး ထန်ရှင်းအန် ဟု အမည်ရသည်။
ထန်ရှင်းအန်က ပေါင်ရှန်းတောင်၏ စီမံခန့်ခွဲရေးဝန်ထမ်း ဖြစ်ပြီး ထိုက်ယန်တောင်ရှိ ရန်မေ တာဝန်ယူထားသော ရာထူးမျိုးနှင့် ဆင်တူသည်။
သူက အစွမ်းအစ မမြင့်မားသော်လည်း စီမံခန့်ခွဲမှု စွမ်းရည် ထူးချွန်သောကြောင့် ဖူဆန်းလဲ့၏ အားထားမှုကို ရရှိထားပြီး ပေါင်ရှန်းတောင်၏ စီမံခန့်ခွဲရေး လုပ်ငန်းများကို တာဝန်ယူရသည်။
သို့သော် အစွမ်းအစ မမြင့်မားသောကြောင့် ချန်ယွင်တောက်၏ လူများက သူ့ကို ဖမ်းမသွားခဲ့ခြင်း ဖြစ်သည်။
ယခု လင်းယွမ်ကို မြင်တွေ့လိုက်ရသောအခါ ထန်ရှင်းအန်က ရှေ့သို့တိုးလာပြီး အရိုအသေပေးလိုက်သည်။ "ကျွန်တော်ထန်ရှင်းအန်... ဆရာလင်းကို ဂါရဝပြုပါတယ်"
လင်းယွမ်က "ဆရာထန်က ဒီက စီမံခန့်ခွဲရေး အရာရှိလား" ဟု မေးလိုက်သည်။
"ဟုတ်ပါတယ်... ဒီတစ်ကြိမ် ဆရာလင်းက ရက်ရက်ရောရော ကူညီပေးပြီး ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ပေါင်ရှန်းတောင်က အသက်ရှင်ကျန်ရစ်သူတွေကို ကိုယ်စားပြုပြီး ဆရာ့ကို ဦးညွှတ် ကန်တော့ပါတယ်"
သူက မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ချလိုက်ပြီး မျက်ရည်များကို သုတ်ကာ လင်းယွမ်ကို ဦးညွှတ် ကန်တော့လိုက်သည်။
လင်းယွမ်က ချက်ချင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စိတ်အဝေးထိန်းအစွမ်းက သူ့ကို တိုက်ရိုက် ဆွဲထူလိုက်ပြီး "ဒီလို လုပ်စရာ မလိုပါဘူး... မြန်မြန် ထပါ" ဟု ဂရုဏာသက်စွာဖြင့် ပြောလိုက်သည်။
ထန်ရှင်းအန်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် "ဆရာလင်း... အဲ့ဒီ ချန်ယွင်တောက်က အစွမ်းအစ မသေးဘူး... ဒါပေမဲ့ တကယ် ကြောက်စရာကောင်းတာက သူ့ရဲ့ အကြံအစည်တွေပဲ"
"ဒီလူက ကျွန်တော်တို့ရဲ့ ပေါင်ရှန်းတောင်ကို ရင်ဆိုင်ဖို့အတွက် ကူကျန့်ယဲ့ကို အရင်ဆုံး သွေးခွဲစည်းရုံးခဲ့တယ်... အဲ့ဒီနောက် ကျွန်တော်တို့ ခေါင်းဆောင် ဖူဆန်းလဲ့နဲ့ တိုက်ခိုက်နေချိန်မှာ ကူကျန့်ယဲ့ကို အခွင့်ကောင်းယူပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခိုင်းလို့ သူက အနိုင်ရသွားတာ"
"ဆရာလင်းအနေနဲ့ ဒီလူရဲ့ ညစ်ပတ်တဲ့ နည်းလမ်းတွေကို သေချာပေါက် သတိထားရပါမယ်"
လင်းယွမ်က ခေါင်းဆတ်ပြလိုက်ပြီး ပြုံးကာ "ဒီမြူခိုးမြို့တော်သခင်က ဒီလို အကြံအစည်မျိုးတွေကိုတောင် အသုံးပြုလိမ့်မယ်လို့ မထင်ထားဘူး... ဒါနဲ့ ဆရာထန်... ခင်ဗျားတို့ ခေါင်းဆောင် ဖူဆန်းလဲ့ အခု ဘယ်လို အခြေအနေ ရှိနေလဲ"
ထန်ရှင်းအန်က မျက်ရည်ဝဲလာပြီး "ခေါင်းဆောင်က ကျွန်တော်တို့ကို အသက်ရှင်ဖို့ လမ်းစတစ်ခု ဖန်တီးပေးဖို့အတွက် ချန်ယွင်တောက်ကို ဒီနေရာကနေ တမင်သက်သက် မျှားခေါ်သွားခဲ့တာပါ"
"နောက်ပိုင်း ချန်ယွင်တောက် ပြန်ရောက်လာပေမယ့် ကျွန်တော်တို့ ခေါင်းဆောင်ကတော့ အခုထိ ပြန်မလာသေးဘူး... သေချာပေါက် အသက်အန္တရာယ် ကြုံတွေ့သွားရလောက်ပြီ"
ထန်ရှင်းအန်က မျက်ရည်များကို သုတ်လိုက်သည်။ သူကိုယ်တိုင်လည်း ဖူဆန်းလဲ့ အမှန်တကယ် သေမသေ သေချာ မသိကြောင်း ထင်ရှားလှသည်။
သို့သော် သူ၏ ပြောပြချက်များအရ ဖူဆန်းလဲ့က အမှန်တကယ်ပင် အသက်အန္တရာယ်နှင့် ကြုံတွေ့သွားရပုံပေါ်သည်။
ချန်ယွင်တောက်က အကြံအစည်များတွင် ကျွမ်းကျင်သူ ဖြစ်ရာ ဤကဲ့သို့သော ရန်သူကို မည်သို့လျှင် အလွတ်ပေးထားမည်နည်း။
လင်းယွမ်က "ပေါင်ရှန်းတောင်မှာ လူဦးရေ ဘယ်လောက် ကျန်သေးလဲ" ဟု မေးလိုက်သည်။
ထန်ရှင်းအန်က "ချန်ယွင်တောက်တို့နဲ့ မတိုက်ခိုက်ခင်တုန်းက စုစုပေါင်း လူဦးရေက ခုနစ်ထောင်ကျော်အထိ ရှိခဲ့ပါတယ်" ဟု ဖြေလိုက်သည်။
"အဲ့ဒီအထဲမှာ တိုက်ခိုက်ရေးသမားတွေက ငါးထောင်ကျော်အထိ ရှိတယ်... လူနည်းစုလေးကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံးက အစွမ်းတွေ နိုးထလာခဲ့ကြတာချည်းပါပဲ"
"တချို့လူတွေက ထောက်ပံ့ရေး အမျိုးအစား အစွမ်းတွေ နိုးထလာကြလို့ တိုက်ပွဲမှာ မပါဝင်နိုင်ခဲ့ကြဘူး... အခုတော့ သူတို့ အားလုံးကို ချန်ယွင်တောက်က ဖမ်းသွားပါပြီ"
လင်းယွမ်က အလွန် အံ့အားသင့်သွားပြီး "ခင်ဗျားတို့ ပေါင်ရှန်းတောင်က လူ ခုနစ်ထောင်ကျော်တောင် ဆံ့လို့လား"
ထန်ရှင်းအန်က ခါးသက်စွာ ပြုံးလိုက်ပြီး "မတတ်နိုင်ဘူးလေ... ပေါက်ဆန်းမြို့ တစ်မြို့လုံး ရေလွှမ်းခံရတော့ ပေါင်ရှန်းတောင်နဲ့ ပေချန်တောင်က ရှားရှားပါးပါး ကျန်နေတဲ့ တောင်မြင့်တွေလေ... ဒါကြောင့် လူတိုင်းက ဒီနေရာ နှစ်ခုဆီကိုပဲ တိုးဝှေ့ပြီး လာနေကြတာပါ"
"ပေချန်တောင်က အခုတော့ ပေချန်ကျွန်း ဖြစ်သွားပြီ... အဲ့ဒီမှာက အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တဲ့ ဥပဒေသအတိုင်း အလွန် ရက်စက်ကြမ်းကြုတ်တယ်... ကျွန်တော်တို့ဘက်မှာက ခေါင်းဆောင်က စည်းကမ်းချက်တွေ သတ်မှတ်ပေးထားလို့ စည်းစနစ်ကျပြီး လူ့ယဉ်ကျေးမှု ရှိသေးတယ်... ဒါကြောင့် အသက်ရှင်ကျန်ရစ်သူ အများစုက ကျွန်တော်တို့ဆီကိုပဲ လာချင်ကြတာပါ"
"ဒီလိုနဲ့ ကျွန်တော်တို့ဆီက အသက်ရှင်ကျန်ရစ်သူတွေက တဖြည်းဖြည်း များလာပြီး ခုနစ်ထောင်ကျော်ဆိုတော့ တကယ်ကို မဆံ့တော့ပါဘူး"
"ဒါပေမဲ့ ကံကောင်းတာက အခု ဆောင်းရာသီ ဖြစ်နေလို့ နှင်းပြင်ပေါ်မှာလည်း လူတွေ နေလို့ရနေတာပါ"
"ဒါပေမဲ့ ဒီတိုက်ပွဲအပြီးမှာ ဘယ်လောက် ကျန်ဦးမလဲဆိုတာတော့ ပြောရခက်တယ်"
ထန်ရှင်းအန်၏ မျက်နှာက ခါးသီးနေပြီး "ဒီလို ခေတ်ပျက်ကြီးထဲမှာ လူတိုင်း အသက်ရှင်ဖို့တောင် မလွယ်တော့တာကို... ဘာလို့ လူအချင်းချင်း ပြန်ပြီး တိုက်ခိုက်သတ်ဖြတ်နေကြရတာလဲ ဆိုတာကို ကျွန်တော် တကယ် နားမလည်နိုင်တော့ဘူး" ဟု ပြောလိုက်သည်။
လင်းယွမ်ကလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး "လူဆိုတဲ့ မျိုးနွယ်ရဲ့ မွေးရာပါဗီဇကိုက ဒီလိုပါပဲ" ဟု ပြောလိုက်သည်။
"အကြွင်းမဲ့ အင်အားကြီးမားတဲ့ အုပ်ချုပ်သူ ဒါမှမဟုတ် စနစ်တစ်ခု ပေါ်ထွက်လာပြီး စည်းကမ်းတွေကို ကောင်းကောင်း သတ်မှတ်ပေးမှသာ... လူတိုင်းက အဲ့ဒီ စည်းကမ်းတွေကို လိုက်နာပြီး စည်းကမ်းအတွင်းမှာပဲ လှုပ်ရှားကြမှ ဒီလို မငြိမ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ"
"ဒါပေမဲ့ ဒီလိုလူမျိုးက ဘယ်မှာ ရှိနေမလဲ ဆိုတာကိုတော့ မသိနိုင်သေးဘူး" ထန်ရှင်းအန်က လင်းယွမ်ကို ကြည့်ရင်း ပြောလိုက်သည်။
သူက လင်းယွမ်သည် ထိုသူမျိုး ဟုတ်မဟုတ်ကို မေးချင်စိတ် ရှိနေသော်လည်း စကားလုံးများက နှုတ်ခမ်းဖျားသို့ ရောက်လာမှ ပြန်မျိုချလိုက်မိသည်။
ခဏလေးသာ ရင်းနှီးသေးသူနှင့် လေးနက်သော စကားများကို ပြောဆိုရန် လုံးဝ မသင့်တော်ပေ။
လင်းယွမ်က "အနှေးနဲ့အမြန် ပေါ်လာမှာပါ... ဆရာထန်... ခင်ဗျား အရင် ပြန်နားလိုက်ပါဦး... မနက်ဖြန် မနက်စောစောကျရင် ကျွန်တော် လူတွေကို ခေါ်ပြီး မြူခိုးမြို့တော်ဆီ သွားကာ ချန်ယွင်တောက်နဲ့ ကိုယ်တိုင် တွေ့ဆုံရမယ်"
ထန်ရှင်းအန်၏ မျက်နှာက ချက်ချင်း လေးနက်သွားပြီး "ဘယ်လိုပဲဖြစ်ဖြစ် ဆရာလင်း ကျွန်တော့်ကိုလည်း ခေါ်သွားပေးပါ"
"ခင်ဗျားကိုလား"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ထန်ရှင်းအန်သည် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့သည်မှာ မကြာသေးပုံရသည်။
ထိုသို့သော အစွမ်းအစဖြင့် ဤတိုက်ပွဲတွင် ပါဝင်ခြင်းက အလွန် ကြီးမားသော အန္တရာယ် ရှိသည်ဟု ပြောနိုင်သည်။
ထန်ရှင်းအန်က "ခေါင်းဆောင်က ကျွန်တော့်အပေါ် သိပ်ကောင်းခဲ့တာပါ... ချန်ယွင်တောက်ရဲ့ ဇာတ်သိမ်းကို ကျွန်တော့် မျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့ရမှ ဖြစ်မယ်" ဟု ပြောလိုက်သည်။
ဤသူသည် အမှန်တကယ်ပင် သစ္စာရှိပြီး ရဲရင့်သူတစ်ယောက် ဖြစ်ကြောင်း လင်းယွမ် သိမြင်လိုက်သည်။
သူက ခေါင်းဆတ်ပြလိုက်ပြီး "ကောင်းပြီ... အဲ့ဒီအချိန်ကျရင် ခင်ဗျား ကျွန်တော့်လူတွေနဲ့ အတူ လိုက်ခဲ့လိုက်ပါ"
ထန်ရှင်းအန်က လင်းယွမ်ကို ကျေးဇူးတင်စကား ဆိုပြီးမှ ထွက်ခွာသွားသည်။
ထိုအချိန်တွင် ဟန်ရှန်းမန်က လျှောက်လာပြီး "ကိုလင်းယွမ်... ဘာလို့ ညတွင်းချင်း မြူခိုးမြို့တော်ကို ဝင်မတိုက်တာလဲ... အခုလိုမျိုး အလစ် ဝင်တိုက်တာက ပိုမကောင်းဘူးလားရှင့်" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး "ကျွန်တော်တို့ ပေါင်ရှန်းတောင်ကို ဝင်တိုက်တာ အသံမသေးဘူးလေ... လွတ်သွားတဲ့ကောင်တွေလည်း စောစောကတည်းက ထွက်ပြေးသွားလောက်ပြီ"
"မြူခိုးမြို့တော်ဘက်ကလည်း သတင်းရသွားလောက်ပြီဆိုတော့ သွားပြီး အလစ်တိုက်ဖို့ အောင်မြင်နိုင်ခြေ သိပ်မရှိတော့ဘူး... တစ်ဖက်လူရဲ့ ထောင်ချောက်ထဲကိုတောင် ရောက်သွားနိုင်ခြေ များတယ်"
"ဒီလိုမှတော့ မနက်ဖြန်ကျမှ အင်တိုက်အားတိုက် မျက်နှာချင်းဆိုင် သွားစိန်ခေါ်တာက ပိုကောင်းလိမ့်မယ်"
"ဒါဆို ကျွန်မတို့ လူအင်အား လုံလောက်ပါ့မလား... မြူခိုးမြို့တော်က သူတို့ရဲ့ အဓိက ဌာနချုပ်လေ... ပြီးတော့ ပေချန်ကျွန်းဘေးမှာ ကပ်လျက် ရှိနေတာ"
"ပေချန်ကျွန်းပေါ်မှာက ဓားပြတွေလည်း အများကြီး ရှိသေးတယ်နော်"
လင်းယွမ်က ပြုံးလိုက်ပြီး "မနက်ဖြန် တိုက်ပွဲရဲ့ အဓိက သော့ချက်က မင်းတို့အပေါ်မှာ မူတည်နေတာ မဟုတ်ဘူး... ငါနဲ့ ချန်ယွင်တောက် အပေါ်မှာပဲ မူတည်နေတာ"
ဟန်ရှန်းမန် အံ့အားသင့်သွားပြီး ချက်ချင်းပင် သဘောပေါက်သွားသည်။
အမှန်ပင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်၏ တိုက်ခိုက်နိုင်စွမ်းကသာ ဤတိုက်ပွဲ၏ ဦးတည်ရာကို ဆုံးဖြတ်ပေးမည့် အဓိက သော့ချက် ဖြစ်သည်။
အကယ်၍ လင်းယွမ်က ချန်ယွင်တောက်ကို သတ်နိုင်ခဲ့လျှင် မြူခိုးမြို့တော်က အလိုအလျောက် ပျက်စီးသွားမည်သာ ဖြစ်သည်။
လင်းယွမ် ရှုံးနိမ့်သွားမည် ဆိုလျှင်တော့...
သူမ၏ အတွေးများက ဤနေရာအထိ ရောက်လာသောအခါ ဆက်ပြီး မတွေးတောရဲတော့ပေ။
သူက ရှုံးနိမ့်မည် မဟုတ်ပေ။
မြူခိုးမြို့တော်။
သနားစရာကောင်းလောက်အောင် ဖရိုဖရဲ ဖြစ်နေသော လူတစ်စုက အနီးအနားတွင် ပေါ်လာသည်။
အနီးသို့ ကပ်သွားသည်နှင့် ရေပေါ်ကျွန်း အပြင်ဘက်ရှိ မြူခိုးများ ဖုံးလွှမ်းနေသော နေရာမှ ပြင်းထန်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူလဲ... မြူခိုးမြို့တော်ထဲကို ရမ်းကားပြီး ဝင်လာရဲတာ ဘယ်သူလဲ"
မြူခိုးများထဲတွင် ဧရာမ သင်္ဘောအရိပ်ကြီး တစ်ခုက ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
အသံက အပေါ်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဖရိုဖရဲ ဖြစ်နေသော လူအုပ်ထဲမှ လူတစ်ယောက်က အော်ဟစ် ငိုယိုလိုက်သည်။
"လက်အောက်ငယ်သား လီယိုချွမ်ပါ... အရေးပေါ် တိုက်ပွဲသတင်း ရှိလို့ပါ"
သင်္ဘောပေါ်မှ လူက "ဘယ်က လီယိုချွမ်လဲ" ဟု အော်မေးလိုက်သည်။
"သန်လျက် ကြေးစားတပ်ဖွဲ့က လီယိုချွမ်ပါ... ကျွန်တော်တို့ ခေါင်းဆောင်က ဖန်လျန်ပါ"
သင်္ဘောပေါ်မှ လူများက အံ့အားသင့်သွားပြီး "သန်လျက် ကြေးစားတပ်ဖွဲ့လား... မင်းတို့က ပေါင်ရှန်းတောင်မှာ အစောင့်ချထားဖို့ အမိန့်ပေးခံထားရတာ မဟုတ်ဘူးလား"
"လူတစ်စုက ပေါင်ရှန်းတောင်ကို ဝင်တိုက်သွားလို့ ခေါင်းဆောင် ဖန်လျန် ဖမ်းခံလိုက်ရပြီ... ကျွန်တော်တို့က သတင်းလာပေးဖို့အတွက် အသေအလဲ ထွက်ပြေးလာခဲ့ရတာပါ"
ထိုစကားကို ကြားသောအခါ သင်္ဘောပေါ်မှ လူများ ချက်ချင်း အံ့အားသင့် မှင်တက်သွားကြသည်။
"ဘယ်လိုဖြစ်တာလဲ... ဖန်လျန်ရဲ့ သန်လျက် ကြေးစားတပ်ဖွဲ့ကို ဝင်တိုက်တဲ့သူ ရှိတယ်ပေါ့"
"ပေါင်ရှန်းတောင်က ကျန်နေတဲ့သူတွေများလား"
"မဖြစ်နိုင်တာ... ပေါင်ရှန်းတောင်က အကြွင်းအကျန်တွေ အစောကြီးကတည်းက အဖမ်းခံလိုက်ရပြီလေ... ဘယ်လိုလုပ် အစွမ်းထက်တဲ့သူတွေ ကျန်နေဦးမှာလဲ"
"မြန်မြန်... သူတို့ကို တက်လာခိုင်းလိုက်"
ပြောနေရင်းဖြင့် သင်္ဘောကြီးပေါ်မှ လှေကားကို ချပေးလိုက်ရာ သန်လျက် ကြေးစားတပ်ဖွဲ့မှ လူအချို့က အလျင်အမြန် လှေကားပေါ်သို့ တွယ်တက်သွားပြီး မြူခိုးများထဲသို့ ဝင်ရောက်သွားကြသည်။
ခဏအကြာတွင် သင်္ဘောကြီးက ရေဆန်ကို ဆန်တက်သွားပြီး မြူခိုးတောအုပ်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
ထိုလူအချို့သည် ချန်ယွင်တောက်၏ ရှေ့မှောက်သို့ တောက်လျှောက် ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။
ထိုအချိန်တွင် ချန်ယွင်တောက်က ထိုလူအချို့ကို စူးစိုက်ကြည့်ရင်း ဖြစ်စဉ်ကို မေးမြန်းလိုက်သည်။
ထိုလူအချို့ကလည်း ပေါင်ရှန်းတောင်တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို အလျင်အမြန်ပင် အသေးစိတ် ရှင်းပြလိုက်ကြသည်။
ချန်ယွင်တောက်၏ မျက်နှာက တဖြည်းဖြည်း လေးနက်လာတော့သည်။
"အဲ့ဒီလူတွေထဲမှာ အမှောင်ဓာတ် အစွမ်းကို ကျွမ်းကျင်တဲ့သူတွေ ပါတယ်ပေါ့"
"ဟုတ်ပါတယ်... ခေါင်းဆောင်တဲ့ လူအချို့က အမှောင်ဓာတ် အစွမ်းပိုင်ရှင်တွေချည်းပါပဲ"
"ဖန်လျန်ရော"
"ခေါင်းဆောင်က စပြီး တိုက်ခိုက်လိုက်တာနဲ့ လူငယ်တစ်ယောက်ရဲ့ တားဆီးတာကို ခံလိုက်ရတယ်... တစ်ချက်တည်းနဲ့တင် အဲ့ဒီလူက ကျွန်တော်တို့ ခေါင်းဆောင်ကို ဖမ်းချုပ်လိုက်တာပါ"
ချန်ယွင်တောက်က ချက်ချင်း မေးလိုက်သည်။ "အဲ့ဒီလူ ရုပ်ရည်က ဘယ်လိုမျိုးလဲ"
"အရပ်က ခြောက်ပေလောက် ရှိမယ်... အသက်က သုံးဆယ်တောင် မပြည့်သေးတဲ့ပုံပဲ... ရုပ်ရည်သန့်သန့်နဲ့ ခန္ဓာကိုယ် ကြံ့ကြံ့ခိုင်ခိုင်ပဲ... မျက်နှာသွင်ပြင်ကတော့... မျက်နှာသွင်ပြင်ကတော့..."
လီယိုချွမ်က ဆက်၍ မဖော်ပြနိုင်တော့ဘဲ "အဲ့ဒီအချိန်က အရမ်းမှောင်နေလို့ အဲ့ဒီလူရဲ့ ရုပ်ရည်ကို ကျွန်တော် သေသေချာချာ မမြင်လိုက်ရဘူး" ဟုသာ ပြောနိုင်တော့သည်။
ချန်ယွင်တောက်၏ မျက်နှာက အနည်းငယ် မှုန်ကုပ်သွားပြီး "ရန်သူတွေ ညဘက် ဝင်တိုက်တာကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်ဖို့ ချက်ချင်း ပြင်ဆင်ထားကြဖို့ အမိန့်ပေးလိုက်"
"အရှင်မင်းမြတ်... ဒီလူတွေက ဘယ်သူတွေလဲ" ဘေးတွင်ရှိနေသော ကျိလျန်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
ယခင်က ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ လက်ဝဲခေါင်းဆောင် ဖြစ်ခဲ့ဖူးသော ဤသူသည် ယခုအခါတွင် ချန်ယွင်တောက်၏ ယုံကြည်ရသော လူယုံ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ချန်ယွင်တောက် ကိုယ်တိုင် ပေါင်ရှန်းတောင်သို့ သွားရောက် တိုက်ခိုက်ခဲ့စဉ်က ကျိလျန်ကို မြူခိုးမြို့တော်တွင် အစောင့်အဖြစ် ချန်ထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ချန်ယွင်တောက်က သူ့အပေါ် မည်မျှ ယုံကြည်ကြောင်းကို တွေ့မြင်နိုင်သည်။
ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ အခြား ခေါင်းဆောင်တစ်ဦး ဖြစ်သော ဟယ်ကျွင်းကမူ ယခုအချိန်တွင် ချန်ယွင်တောက်၏ ကိုယ်စား ပေချန်ကျွန်းကို အုပ်စိုးရန် အထိုင်ချနေလေသည်။
ကြေးစားတပ်ဖွဲ့ အသီးသီးမှလွဲ၍ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကသာ ချန်ယွင်တောက် အယုံကြည်ရဆုံးသော စစ်ရေးအင်အား ဖြစ်သည်။
သာမန် တိုက်ပွဲများတွင် သူသည် အမြဲတမ်း ကြေးစားတပ်ဖွဲ့များကို အရင် လွှတ်လေ့ရှိပြီး ရန်သူ၏ အင်အားများကို ကုန်ခမ်းသွားစေပြီးမှသာ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကို နောက်ဆုံး အဆုံးသတ်ရန် စေလွှတ်လေ့ရှိသည်။
ချန်ယွင်တောက်၏ အကြည့်များက အေးစက်နေပြီး "အမှောင်ဓာတ်ကို ခေါင်းဆောင်တဲ့သူဆိုတော့ မထူးဆန်းပါဘူး... တွင်းနက်အရိပ်ရေပေါ်ကျွန်းက လူတွေ ရောက်လာတာ သေချာတယ်"
"တွင်းနက်အရိပ်ရေပေါ်ကျွန်းက လူတွေ... ဝူယင်ဆိုတဲ့ ကောင်လား" ကျိလျန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ထို့နောက် သူက ချက်ချင်း ခေါင်းခါလိုက်ပြီး "မဖြစ်နိုင်ဘူး... ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရ အဲ့ဒီလူရဲ့ အဓိက အရည်အသွေးက ၁၀၀ မှတ်တောင် မပြည့်သေးဘူးလေ... ဖန်လျန်ကို ဒီလောက် လွယ်လွယ်ကူကူ အနိုင်ယူနိုင်စရာ အကြောင်းမရှိပါဘူး"
ချန်ယွင်တောက်က အေးစက်သော လေသံဖြင့် "ဝူယင် မဟုတ်လောက်ဘူး... လင်း ဆိုတဲ့ကောင် ကိုယ်တိုင် ရောက်လာတာပဲ ဖြစ်ရမယ်"
ထိုစကားကို ကြားသည်နှင့် ကျိလျန်၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားတော့သည်။
"လင်းယွမ် ရောက်လာတာလား"
ဆက်ရန်...