အခန်း (၆၅၇-၆၅၈)
Vol. 33 Ch. 657-658
အပိုင်း(၆၅၇) လန်ယွဲ့ဟွာ၏ အဆိပ်ပြင်းသောအကြံ
"လင်းဆိုတဲ့ကောင် ကိုယ်တိုင်ရောက်လာတယ် ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ကျိလျန်က မနေနိုင်ဘဲ ပြောလိုက်သည်။
ချန်ယွင်တောက်က အေးစက်စက် အသံဖြင့် "အဲ့ဒီလူက အရင်တုန်းက ငါတို့ကျွန်းပေါ်က သွေးသလင်းကျောက်ကို အပိုင်စီးဖို့ ကြံစည်ခဲ့ကတည်းက သူ့ရဲ့ ဉာဏ်နီဉာဏ်နက် ဘယ်လောက်များလဲဆိုတာ သိသာတယ်"
"သူ ကိုယ်တိုင် ရောက်လာတယ်ဆိုတာ... ငါ့ရဲ့အကြံအစည်တွေကို ရိပ်မိသွားလို့ ဖြစ်နိုင်တယ်"
"ဒီအခြေအနေအရဆိုရင် အင်အားကို ဖြည်းဖြည်းချင်း တည်ဆောက်ဖို့ မဖြစ်နိုင်တော့ဘူး... ငါ့အမိန့်ကို ထုတ်ပြန်လိုက်... ကျွန်းပေါ်က လူအားလုံးကို စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ အကြောင်းကြားလိုက်"
ကျိလျန်က နှောင့်နှေးခြင်း မရှိဘဲ ချက်ချင်း မတ်တတ်ရပ်ကာ "ဟုတ်ကဲ့ပါ... အရှင်" ဟု ပြောလိုက်သည်။
"ပြီးတော့ ပေချန်ကျွန်းကိုလည်း အကြောင်းကြားလိုက်... လင်းဆိုတဲ့ကောင်ရဲ့ လူတွေ အလစ်ဝင်တိုက်ကို မခံရအောင် ဟယ်ကျွင်းကို အမြန်ဆုံး ပြင်ဆင်ထားဖို့ ပြောလိုက်"
"ကြေးစားတပ်ဖွဲ့ အသီးသီးက လူတွေကို သွားခေါ်လိုက်ဦး"
"နားလည်ပါပြီ"
ကျိလျန်က ကိစ္စရပ်များကို စီစဉ်ရန် အပြင်သို့ အလျင်အမြန် ထွက်သွားလေသည်။
မကြာမီမှာပင် ကြယ်နီ၊ နတ်မင်း၊ သံမဏိသွေးနှင့် အလှမယ် ကြေးစားတပ်ဖွဲ့တို့မှ တပ်ဖွဲ့မှူး လေးဦးစလုံး ရောက်ရှိလာကြသည်။
ထိုလူများအနက် အလှမယ်တပ်ဖွဲ့၏ တပ်ဖွဲ့မှူး လန်ယွဲ့ဟွာ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ နေရာယူထားပြီး အခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် မေးခွန်းထုတ်လေတော့သည်။
"အရှင်... လင်းဆိုတဲ့ကောင်က အသေခံဖို့ ကိုယ်တိုင် ရောက်လာတာလား"
လန်ယွဲ့ဟွာမှာ မည်သည့် ဟန်ဆောင်မှုမျှ မရှိဘဲ သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများနှင့် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည်။
အနောက်မှ လိုက်ဝင်လာသော ချိုးကုံရုံကမူ အကြည့်ကို အောက်သို့စိုက်ချထားပြီး သူ၏ မျက်လုံးအိမ်နက်နက်ထဲတွင် အရိပ်အယောင်အချို့ လက်ခနဲ ဖြတ်သန်းသွားသည်။
သူ ဘာတွေ တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။
သို့သော် သူ့ဘေးရှိ ကြယ်နီ ကြေးစားတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ဟုန်ဝေကော်နှင့် နတ်မင်း ကြေးစားတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ယန်ဇီချုံးတို့ နှစ်ဦးမှာမူ အနည်းငယ် တည်ငြိမ်သော အမူအရာ ရှိနေကြသည်။
ဟုန်ဝေကော်က "အရှင်... လင်းဆိုတဲ့ကောင် ရောက်လာရင်တောင် ဒီလောက်ကြီး ကြွေးကြော်နေဖို့ လိုလို့လား... အဲ့ဒီကောင် ဘယ်လောက်ပဲ စွမ်းစွမ်း ဖူဆန်းလဲ့ထက် ပိုပြီး ဖြေရှင်းရ ခက်နေလို့လား" ဟု မေးလိုက်သည်။
ယန်ဇီချုံးကလည်း "အရှင်... အရှင့်ဆီက အမိန့်တစ်ခွန်း ရတာနဲ့ ကျွန်တော် အခုချက်ချင်း လူခေါ်ပြီး ပေါင်ရှန်းတောင်ကို သွားပြီး အဲ့ဒီကောင်ရဲ့ ခေါင်းကို ဖြတ်ယူခဲ့ပါ့မယ်" ဟု ပြောလိုက်သည်။
ထိုလူစု၏ အနောက်မှ လိုက်ဝင်လာသော ကျိလျန်သည် ထိုစကားများကို ကြားသောအခါ သူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်လှောင်ရယ်ပြုလိုသည့် အရိပ်အယောင်တစ်ခု မနေနိုင်ဘဲ ဖြတ်သန်းသွားသည်။
ဤတက်သစ်စ တပ်ဖွဲ့မှူးအသစ်များ၏ စွမ်းရည်များသည် အဓိက အရည်အသွေး ၁၀၀ မှတ် နီးပါးသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သို့ရာတွင် သူတို့က ထိုလင်းဆိုသည့်ကောင်၏ အမှန်တကယ် စွမ်းရည်ကို သေချာ မသိကြသေးပေ။
ချန်ယွင်တောက်သည် ထိုသူများ အမှန်တရားကို သိရှိသွားပြီး မတိုက်ခိုက်မီ ထွက်ပြေးသွားကြမည်ကို စိုးရိမ်သောကြောင့် လင်းဆိုသည့်ကောင်၏ စွမ်းရည် သတင်းအချက်အလက်များကို အပြင်သို့ မပေါက်ကြားစေရန် စောစီးစွာကတည်းက ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။
သူ သိရှိထားသော သတင်းများအရ လင်းဆိုသည့်ကောင်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သူက လင်ကျန်းမြို့တွင် နာမည်ကျော်ကြားနေပြီ ဖြစ်သော်လည်း ဤလူစုကမူ အမြင်ကျဉ်းမြောင်းစွာဖြင့် ဘာမျှမသိဘဲ ဤနေရာတွင် လေလုံးထွားနေကြသည်မှာ ရယ်စရာပင်။
ချန်ယွင်တောက်ကလည်း မျက်မှောင်ကြုတ်လိုက်ပြီး ဤလူများကို ထိုက်ယန်တောင်၏ အမှန်တကယ် အခြေအနေများကို ဖုံးကွယ်ထားခဲ့မိသည့်အတွက် ရုတ်တရက် နောင်တရသလို ခံစားလိုက်ရသည်။
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "လင်းဆိုတဲ့ကောင်ရဲ့ အစွမ်းက မင်းတို့ တွေးထားသလောက် မရိုးရှင်းဘူး" ဟု ပြောလိုက်သည်။
"မကြာသေးခင်က ကွမ်ဖူဘက်ကို လွှတ်လိုက်တဲ့ လူတွေဆီက ရလာတဲ့ သတင်းတွေအရဆိုရင် လင်းဆိုတဲ့ကောင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကိုတောင် ရောက်သွားပြီ"
"သူ့ရဲ့ အစွမ်းအစက ဖူဆန်းလဲ့ထက် လျော့မှာ မဟုတ်ဘူး"
"မင်းတို့က ဒီလို စိတ်နေသဘောထားမျိုး ထားနေတုန်းပဲဆိုရင် အရှုံးကြီးရှုံးလိမ့်မယ်... မင်းတို့ရဲ့ မာနတွေကို သိမ်းထားလိုက်ကြ... နားလည်လား"
ထိုစကား ထွက်ပေါ်လာသည်နှင့် ဟုန်ဝေကော်နှင့် ယန်ဇီချုံးတို့မှာ ချက်ချင်းပင် မျက်နှာများ ပျက်ယွင်းသွားကြသည်။
"ဘာ... လင်းဆိုတဲ့ကောင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကိုတောင် ရောက်သွားပြီလား"
"ဒါပေမဲ့... ပြီးခဲ့တဲ့အကြိမ်က ရခဲ့တဲ့ သတင်းတွေအရဆိုရင် အဲ့ဒီလူက မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်လောက်ပဲ ရှိသေးတယ်ဆို"
ဘေးနားရှိ လန်ယွဲ့ဟွာက ထိုသူနှစ်ဦးကို လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် အထင်သေးဟန်ဖြင့် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ထိုနေရာတွင် ရှိနေသူများထဲ၌ သူမ တစ်ဦးတည်းသာ ထိုက်ယန်တောင်မှ လင်းယွမ်၏ လှုပ်ရှားမှုများကို အမြဲတစေ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က ဘာသာရေးဂိုဏ်းကြီး သုံးခုကို အနိုင်ယူလိုက်ကတည်းက လင်းဆိုသည့်ကောင်၏ စွမ်းရည်ကို သူမ ကောင်းစွာ နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့်ပင် သူမသည် ထိုက်ယန်တောင်သို့ ကလဲ့စားချေရန် မသွားရဲဘဲ ချန်ယွင်တောက်ကို ဝင်ပါရန် အမြဲတစေ မြှောက်ပင့်ပေးနေခဲ့ခြင်း ဖြစ်သည်။
"အရှင်... လင်းဆိုတဲ့ကောင်က ဘယ်လောက်ပဲ စွမ်းစွမ်း အရှင့်ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"
"အခု သူက ယန်ပေါင်မြို့မှာ ပေါ်လာတယ်ဆိုတော့ အင်အားအများကြီး ခေါ်လာနိုင်မှာ မဟုတ်ဘူး... ခန့်မှန်းရသလောက်ဆိုရင် သူ့နောက်မှာ အဆင့်မြင့် အစွမ်းပိုင်ရှင် နည်းနည်းပဲ ပါလာမှာ သေချာတယ်"
"ကျွန်မဆီမှာ အကြံတစ်ခု ရှိတယ်... အဲ့ဒီအကြံနဲ့ဆိုရင် တစ်ဖက်လူကို အသေအလဲ ထိခိုက်သွားအောင် လုပ်လို့ရနိုင်တယ်"
လန်ယွဲ့ဟွာက သူမ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားလိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။
အခြားသူများကလည်း လန်ယွဲ့ဟွာကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်ကြပြီး ချိုးကုံရုံပင်လျှင် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ချန်ယွင်တောက်သည် လန်ယွဲ့ဟွာက လင်းယွမ်အပေါ် မည်မျှအထိ အမုန်းတရား ကြီးမားနေသည်ကို သိထားသဖြင့် လန်ယွဲ့ဟွာ၏ စကားကို ကြားသောအခါ သူ အတော်လေး စိတ်ဝင်စားသွားလေသည်။
"ယွဲ့ဟွာ... မင်းဆီမှာ ဘယ်လို အကြံအစည်များ ရှိနေလို့လဲ... အားလုံး တိုင်ပင်လို့ရအောင် ပြောပြပါဦး"
လန်ယွဲ့ဟွာက ချက်ချင်းပင် "လင်းဆိုတဲ့ကောင်က ယန်ပေါင်မြို့ထဲကို ခိုးဝင်လာရဲတယ်ဆိုတော့ ထိုက်ယန်တောင်ဘက်မှာ အင်အားနည်းနေမှာ သေချာတယ်"
"ကျွန်မ အကြံပြုချင်တာကတော့ ကျွန်မတို့ရဲ့ တပ်ဖွဲ့တွေကို နှစ်စုခွဲလိုက်ဖို့ပါပဲ... တပ်ဖွဲ့တစ်စုက လင်းဆိုတဲ့ကောင်ရဲ့ လူတွေကို ထိန်းချုပ်ထားပြီး နောက်ထပ် တပ်ဖွဲ့တစ်စုကိုတော့ ထိုက်ယန်တောင်ကို အမြန်ဆုံး ဝင်စီးခိုင်းလိုက်ပါ"
"အဲ့ဒီအချိန်ကျရင် လင်းဆိုတဲ့ကောင်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို ဖမ်းဆီးပြီး စစ်မြေပြင်ကို တိုက်ရိုက် ဆွဲခေါ်လာခဲ့ရင် အဲ့ဒီကောင် သေချာပေါက် ရမ်းသန်းပြီး လှုပ်ရှားရဲတော့မှာ မဟုတ်ဘူး"
"အဲ့ဒီကျရင် လင်းဆိုတဲ့ကောင်ကို ကျွန်မတို့ စိတ်ကြိုက် ခြယ်လှယ်လို့ မရနိုင်ဘူးလား"
လန်ယွဲ့ဟွာက ထိုနေရာသို့ ရောက်သည်အထိ ပြောလိုက်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အဆိပ်ပြင်းသော အပြုံးတစ်ခု ပေါ်လာသည်။
ဤနေ့ရက်ကို စောင့်ဆိုင်းရန်အတွက် သူမ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။
အရင်တုန်းက ဘုရင်မသင်္ဘောပေါ်တွင် လင်းဆိုသည့်ကောင်က သူမကို မည်သို့မည်ပုံ အရှက်ခွဲကာ ပြင်းထန်သော ဒဏ်ရာများ ရရှိအောင် လုပ်ဆောင်ခဲ့သည်ကို သူမ ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။
ပို၍ မမေ့နိုင်သည်မှာ သူမ ချစ်မြတ်နိုးရသော အမျိုးသမီးလေးသည် ယခုအချိန်အထိ တစ်ဖက်လူ၏ လက်တွင်း၌ ကျရောက်နေဆဲ ဖြစ်ခြင်းကိုပင်။
လင်းယာကို တွေးမိသောအခါ သူမ၏ ရင်ထဲတွင် နာကျင်သွားရသည်။
လင်းယာတစ်ယောက် ထိုရွံစရာကောင်းသော ယောကျ်ားစုတ်၏ ဖိနှိပ်ခံရနိုင်ခြေကို တွေးမိသည်နှင့် တစ်ပြိုင်နက် သူမ၏ ရင်တွင်းမှ သတ်ဖြတ်လိုစိတ်များကို မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲထွက်လာလုမတတ် ဖြစ်သွားရသည်။
ယခု ဤအဆိပ်ပြင်းလှသော အကြံအစည်မှာ လင်းဆိုသည့်ကောင်၏ မိသားစုကို ပျက်စီးစေရုံသာမက ပို၍ အရေးကြီးသည်မှာ လင်းယာကို ပြန်လည် ကယ်တင်နိုင်ရန်အတွက် သူမတွင် အခွင့်အရေး ရရှိသွားခြင်းပင် ဖြစ်သည်။
ထိုက်ယန်တောင်သို့သာ ဝင်ရောက် တိုက်ခိုက်နိုင်မည်ဆိုလျှင် လင်းယာကို ပြန်ခေါ်လာနိုင်မည့် အခွင့်အရေး သေချာပေါက် ရရှိမည် ဖြစ်သည်။
အကယ်၍ လင်းဆိုသည့်ကောင်၏ မိသားစုဝင်များကို ဖမ်းမိခဲ့မည်ဆိုလျှင် ပို၍ပင် ကောင်းမွန်သွားလိမ့်မည်ဟု လန်ယွဲ့ဟွာ စိတ်ထဲမှ တွေးတောနေမိသည်။
ထိုအချိန်ရောက်လျှင် လင်းဆိုသည့်ကောင်ကို သူမရှေ့တွင် ဒူးထောက်ခိုင်းပြီး သူ၏ မိသားစုဝင်များနှင့် သူငယ်ချင်းများကို သူမ နှိပ်စက်နေသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေစေရမည်။
ထိုကောင်ကို သူမထံ တောင်းပန်ခိုင်းပြီး သေရသည်ထက်ပင် ဆိုးရွားသော အခြေအနေသို့ ရောက်အောင် လုပ်ပစ်မည်။
ချိုးကုံရုံနှင့် အခြားသူများကလည်း မျက်စိစောင်းကာ ဤအမျိုးသမီးကို မနေနိုင်ဘဲ စိုက်ကြည့်နေမိကြသည်။
သူမ မျက်နှာပေါ်ရှိ ရူးသွပ်နေသော အမူအရာကို မြင်သောအခါ လူတိုင်း၏ ရင်ထဲတွင် အေးစက်တုန်လှုပ်သွားကြသည်။
ဤအမျိုးသမီးက လင်းဆိုသည့်ကောင်ကို ဘယ်လောက်တောင်မှ မုန်းတီးနေရတာလဲ။
ချန်ယွင်တောက်သည် ဤအကြံအစည်ကို ကြားသောအခါ သူ၏ မျက်လုံးများကလည်း ရုတ်တရက် အရောင်လက်သွားသည်။
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီး "ဒီအကြံအစည်က တော်တော်လေး ကောင်းတယ်... ရှေးလူကြီးတွေ ပြောသလိုပဲ အပြင်ပန်းမှာတော့ တံတားဆောက်နေသယောင် ဟန်ဆောင်ပြီး တကယ်တမ်းကျတော့ လျှို့ဝှက်လမ်းကြောင်းကနေ ဝင်တိုက်တာမျိုးပေါ့... ငါတို့လည်း လင်းဆိုတဲ့ကောင်ကို အဲ့ဒီလိုမျိုး လုပ်လိုက်ကြတာပေါ့"
သူက လန်ယွဲ့ဟွာဘက်သို့ ကြည့်လိုက်ပြီး "ဒီအကြံကို မင်းက စပြီး အကြံပြုတာဆိုတော့ ထိုက်ယန်တောင်ကို သွားပြီး လင်းဆိုတဲ့ကောင်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို ဖမ်းဆီးမယ့် အစီအစဉ်ကို မင်းဆီကိုပဲ တိုက်ရိုက် လွှဲပေးလိုက်မယ်"
"ယွဲ့ဟွာ... မင်း ဒီကိစ္စကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ချက် ရှိရဲ့လား"
လန်ယွဲ့ဟွာက ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ဆုပ်လိုက်ပြီး "ရှိပါတယ်... အရှင် စိတ်ချပါ... အရင်တုန်းက ကျွန်မရဲ့ ဘုရင်မသင်္ဘောပေါ်က လူအတော်များများကို လင်းဆိုတဲ့ကောင်က ဖမ်းခေါ်သွားခဲ့တယ်"
"ကျွန်မ ကိုယ်တိုင် ထွက်လာပြီး အဲ့ဒီလူတွေနဲ့ အဆက်အသွယ် ရဖို့ပဲ လိုတယ်... သူတို့က ကျွန်မဘက်ကို ပြန်လည် ရပ်တည်လာမယ်ဆိုတာ ကျွန်မ ယုံကြည်တယ်... ထိုက်ယန်တောင်က လူတွေကို ဖမ်းဆီးပြီး လင်းဆိုတဲ့ကောင်ကို အံ့အားသင့်စရာကြီး တစ်ခု ပေးနိုင်မှာ သေချာပါတယ်"
ချန်ယွင်တောက်က "ဟားဟားဟား... ကောင်းတယ်... မင်းမှာ ဒီလို ယုံကြည်ချက်ရှိရင် ရပြီ... မနက်ဖြန်အထိ စောင့်နေစရာ မလိုတော့ဘူး... အခု ချက်ချင်းပဲ အလှမယ်တပ်ဖွဲ့ကို စီစဉ်ပြီး အခုချက်ချင်း ထွက်သွားလိုက်တော့" ဟု အသံကျယ်လောင်စွာဖြင့် ရယ်မောလိုက်သည်။
လန်ယွဲ့ဟွာက စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အရိုအသေပေးလိုက်ပြီး "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် သူမက လှည့်ကာ ဧည့်ခန်းမထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
ဟုန်ဝေကော်၊ ယန်ဇီချုံးနှင့် ချိုးကုံရုံတို့က သူမ၏ လျင်မြန်စွာ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်လိုက်ကြပြီး ချန်ယွင်တောက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဟုန်ဝေကော်က "အရှင်... အလှမယ်တပ်ဖွဲ့က မိန်းမတွေချည်းပဲ စုဖွဲ့ထားတာလေ... ဒီလောက် အရေးကြီးတဲ့ ကိစ္စကို သူတို့ဆီ လွှဲပေးလိုက်တာ စိတ်ချရပါ့မလား"
ချန်ယွင်တောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "မိန်းမတွေမှာ မွေးရာပါ ဟန်ဆောင်နိုင်စွမ်း အားသာချက်တွေ ရှိတယ်... သူတို့က ယောကျ်ားတွေထက် ရန်သူ့အင်အားစုထဲကို ရောနှော ဝင်ရောက်ဖို့ ပိုလွယ်ကူလိမ့်မယ်"
"ယွဲ့ဟွာက ငါ့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
"ကဲ... အခု ဆက်လုပ်ရမယ့် ကိစ္စတွေကို ဆွေးနွေးကြရအောင်"
"ပထမဆုံးအနေနဲ့ မင်းတို့တွေ အမြန်ဆုံး လူလွှတ်ပြီး လင်းဆိုတဲ့ကောင်က ဒီတစ်ကြိမ်မှာ လူဘယ်လောက် ခေါ်လာတယ်၊ အဆင့်မြင့် အစွမ်းပိုင်ရှင် ဘယ်လောက် ပါလာတယ်ဆိုတာကို စုံစမ်းဖို့ လိုတယ်"
"ဒုတိယအချက်အနေနဲ့ ပေါင်ရှန်းတောင်ကို စောင့်ကြည့်ထား... အဲ့ဒီဘက်ကနေ လူအင်အား အများကြီး ထွက်လာတာနဲ့ တစ်ပြိုင်နက် ပထမဆုံးအချိန်မှာ ငါ့ကို သတင်းပို့ရမယ်"
"မင်းတို့ရဲ့ လူတွေကို စီစဉ်ပြီး လက်နက်တိုက်ကနေ လက်နက်တွေ သွားယူကြ... ပြီးတော့ ပေချန်ကျွန်းက ဓားပြတွေကို မနက်ဖြန်ကျရင် ရှေ့တန်းကနေ တိုက်ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ... အရှင်"
အမိန့်များကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ထုတ်ပြန်လိုက်ပြီး တစ်ခုလုံးရှိ မြူခိုးမြို့တော်နှင့် ပေချန်ကျွန်းတို့သည် သတိပေးပြင်ဆင်မှု ကာလသို့ အလျင်အမြန် ဝင်ရောက်သွားကြသည်။
တစ်ညလုံး သူတို့တစ်တွေ အေးချမ်းစွာ မအိပ်စက်နိုင်ခဲ့ကြပေ။
လင်းယွမ်တို့ဘက်တွင်မူ ကင်းစောင့်သူများမှလွဲ၍ ကျန်သူများအားလုံး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြသည်။
ပေါင်ရှန်းတောင်ကို တိုက်ခိုက်ရာတွင် ကြီးမားသော အောင်ပွဲ ရရှိခဲ့သဖြင့် ယခုအချိန်သည် စိတ်ဓာတ်များ အမြင့်မားဆုံး အချိန်ပင် ဖြစ်သည်။
ဤသည်မှာ လူများ၏ စိတ်ဓာတ်ကို အသုံးချရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
ယခုအချိန်တွင် ပေါင်ရှန်းတောင်၏ ခေါင်းဆောင်အခန်းထဲ၌ လင်းယွမ်သည် ဤခေါင်းဆောင်အခန်းကို တစ်ပတ်လှည့်ပတ် ကြည့်ရှုလိုက်သည်။
ဤနေရာသည် မူလက ဖူဆန်းလဲ့ နေထိုင်ခဲ့သော နေရာဖြစ်သည်။
ယခုအခါ ဖူဆန်းလဲ့ ပျောက်ဆုံးသွားသဖြင့် ဤနေရာသည် သဘာဝကျစွာပင် ဖန်လျန်၏ ယခင်နေထိုင်ရာ နေရာ ဖြစ်လာခဲ့သည်။
လင်းယွမ်က တစ်ပတ်လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း မည်သည့် အရေးကြီးသော ပစ္စည်းများ သို့မဟုတ် ထူးခြားသော သင်္ကေတအရိုးများကိုမျှ မတွေ့ရှိရပေ။
အရေးကြီးသော ပစ္စည်းများ ရှိနေခဲ့လျှင်ပင် ဖန်လျန်တို့ လူစုက ယူဆောင်သွားခဲ့ပြီး ဖြစ်လောက်မည်ဟု သူ တွေးလိုက်သည်။
လင်းယွမ်က တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇ အစီအစဉ်များကို ခံစားကာ ကျင့်ကြံခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။
"စနစ်ရဲ့ အကူအညီ မပါဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်နှုန်းကို မြှင့်တင်ဖို့ဆိုတာ တကယ်ကို ခက်ခဲတာပဲ"
"ဖုန်းကျန့်ကုန်း၊ ဝူယောင်ပန်းနဲ့ အခြားလူတွေ ဘယ်လိုမျိုး ကျင့်ကြံခဲ့ကြလဲဆိုတာကို မသိရဘူး... ဒီလူတွေမှာ စနစ်တောင် မရှိဘဲနဲ့ ၁၀ ရာခိုင်နှုန်း တိုးတက်မှုအထိ ဒီလောက် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ခဲ့ကြတာပဲ"
"နေဦး... မဟုတ်သေးဘူး... လင်းကျင်းထောင် ပေးပို့လိုက်တဲ့ သတင်းအချက်အလက်တွေအရဆိုရင် မုန်ယာကုမ္ပဏီက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုအတွက် စက်ပစ္စည်းတွေ ထောက်ပံ့ပေးထားတာပဲ"
"ဒါကြောင့် ဝူယောင်ပန်းတို့က စွမ်းရည်တွေကို မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်ခဲ့တာ နည်းပညာရဲ့ အင်အားကြောင့်လည်း ပါဝင်နေတာပဲ"
ဤသည်မှာ လင်းယွမ် အနည်းငယ် တွေးတောမိသော အချက်ပင် ဖြစ်သည်။
သူကိုယ်တိုင်မှာ စနစ်၏ အကူအညီ ရှိနေသောကြောင့်သာ လျင်မြန်စွာ တိုးတက်လာနိုင်ခြင်း ဖြစ်သည်။
သို့သော် ကုန်းမြင့်သော ဒေသများရှိ လူများသည် အစပိုင်းတွင် စနစ် မရှိသော်လည်း သူတို့၌ နည်းပညာ စုဆောင်းမှု အခြေခံကောင်းများ ရှိနေပြီး ခေတ်မီ နည်းပညာများကို အသုံးပြုကာ ကျင့်ကြံမှုများကို အထောက်အကူ ပြုနိုင်ကြသည်။
ဒါကလည်း အခြားသော အကူအညီ တစ်မျိုး မဟုတ်ဘူးလား။
ဥပမာအားဖြင့် ကွမ်ဖူဘက်မှ လူများသည် အဘယ်ကြောင့် အစပိုင်း ကတည်းက ထိုက်ယန်တောင်မှ လူများထက် ပို၍ စွမ်းရည် ထက်မြက်နေရသနည်း။
သူတို့တွင် သီးသန့် သုတေသနခန်းများ ရှိကြပြီး ခေတ်မီ သိပ္ပံပညာဆိုင်ရာ စက်ပစ္စည်းများလည်း ရှိကြကာ အဆင့်မြင့် စစ်လက်နက် အင်ဂျင်နီယာ ပညာရှင်များလည်း ရှိနေကြသည်။
ထို့ကြောင့် သူတို့က စွမ်းအင်ကျောက်တုံးများအပေါ် သုတေသနပြုလုပ်ခြင်းနှင့် သင်္ကေတနည်းပညာ အသုံးပြုခြင်းများကို ဦးဆောင်ကာ အကောင်အထည် ဖော်နိုင်ခဲ့ကြသည်။
ထိုက်ယန်တောင်၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှာမူ လင်းယွမ် ခြေကုပ်ယူပြီးနောက်မှ ဖြည်းဖြည်းချင်း ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဖွဲ့စည်းစတွင် သိပ္ပံပညာရှင်များ လိုအပ်နေသည်သာမက အမျိုးမျိုးသော စက်ပစ္စည်း ကိရိယာများလည်း ချို့တဲ့နေခဲ့သည်။
ဤစက်ပစ္စည်း အများစုကို လင်းယွမ်က စနစ်ထဲမှ လဲလှယ်ယူခဲ့ခြင်း ဖြစ်ပြီး အနည်းငယ်ကိုသာ ရေအောက်မှ ဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အတိုချုပ်ဆိုရလျှင် လင်းယွမ်၏ အမှတ်များ သုံးမလောက်ဖြစ်ရခြင်းမှာ အကြောင်းရင်း ရှိနေခြင်းပင် ဖြစ်သည်။
ထိုက်ယန်တောင်၏ တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် နေရာတိုင်း၌ အမှတ်များကို အသုံးပြုနေရသည်။
ယခုအချိန်တွင် အခန်းထဲ၌ လင်းယွမ်က မျက်လုံးများကို မှိတ်ထားပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို အသက်သွင်းကာ တစ်ကိုယ်လုံးရှိ ဆဲလ်များအကြား လှည့်ပတ်စီးဆင်းစေလိုက်သည်။
သူက စွမ်းအင် အပြောင်းအလဲများကို သေချာစွာ ခံစားနေပြီး ထိုတူညီသော ပဲ့တင်ထပ်တုန်ခါမှုကို ကြိုးစားရှာဖွေနေသည်။
ဤသည်မှာ သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း စတင်ပြီးနောက် တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာသော ကျင့်ကြံရေး နည်းလမ်းပင် ဖြစ်သည်။
တူညီသော မျိုးရိုးဗီဇများတွင် မြင့်မားသော ပဲ့တင်ထပ်တုန်ခါမှု လက္ခဏာရပ်များ ရှိနေတတ်သည်။
သေချာသည်မှာ ထိုတုန်ခါမှု ခံစားချက်က အလွန်တရာ အားနည်းလှပေသည်။
အကယ်၍ လင်းယွမ်သည် လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ခြင်း မရှိဘဲ စိတ်စွမ်းအင်များ အဆမတန် မြင့်တက်လာခြင်း မရှိခဲ့လျှင် သူကိုယ်တိုင်ပင် ဤမျှ အားနည်းသော တုန်ခါမှု ခံစားချက်ကို ခံစားမိနိုင်မည် မဟုတ်ချေ။
ယခုအချိန်တွင် သူသည် ထိုတုန်ခါမှုလေးကို ခံစားနေပြီး တုန်ခါမှုရှိသော မျိုးရိုးဗီဇ ဆဲလ်များကို မှတ်သားကာ ၎င်းတို့ကို အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံအတိုင်း ပြန်လည်ဖွဲ့စည်းကာ ပေါင်းစပ်မှု စတင်လိုက်သည်။
ဤလုပ်ငန်းစဉ်သည် ပဟေဠိဆက်တမ်း ကစားခြင်းနှင့် ဆင်တူနေပြီး မျိုးရိုးဗီဇမြေပုံကို ပေးထားပြီး ဖြစ်သော်လည်း မရေမတွက်နိုင်သော လူ့ခန္ဓာကိုယ် မျိုးရိုးဗီဇများသည် အပိုင်းအစလေးများအဖြစ် ရှိနေသော ပဟေဠိရုပ်ပုံများ ကဲ့သို့ပင် ဖြစ်နေသည်။
ထိုအရာများကို ပြီးပြည့်စုံအောင် အဆက်မပြတ် တည်ဆောက်သွားရန် လိုအပ်ပြီး နောက်ဆုံးတွင်မှ မျိုးရိုးဗီဇမြေပုံပေါ်ရှိ ပုံသဏ္ဌာန်အတိုင်း ဖြစ်ပေါ်လာမည် ဖြစ်သည်။
မျိုးရိုးဗီဇ ပဟေဠိဆက်ခြင်း ပြီးပြည့်စုံလာသည်နှင့်အမျှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုသည်လည်း အဆက်မပြတ် မြင့်တက်လာမည် ဖြစ်သည်။
ယခု လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုသည် ၁၀ ရာခိုင်နှုန်းတွင် အမြဲတစေ ရပ်တန့်နေခဲ့ပြီး မကြာသေးမီက ကျင့်ကြံမှုများအရ ဆယ်ရာခိုင်နှုန်းတိုင်းသည် အတားအဆီးတစ်ခု ဖြစ်နေပုံရကြောင်း လင်းယွမ် တွေ့ရှိခဲ့သည်။
နောက်ပိုင်း ရောက်လေလေ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ အခက်အခဲသည် ပိုမို မြင့်မားလေလေ ဖြစ်သည်။
ဖုန်းကျန့်ကုန်းကို အစောဆုံး တွေ့ဆုံခဲ့ချိန်က တစ်ဖက်လူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုသည် ၁၀ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိနေခဲ့ပြီး ယခု လအနည်းငယ် ကြာမြင့်သွားသည့်တိုင်အောင် တစ်ဖက်လူသည် ၂၀ ရာခိုင်နှုန်းဝန်းကျင်တွင်သာ ရှိနေသေးပုံရကြောင်း လင်းယွမ် မှတ်မိနေသည်။
ဤသည်မှာ ဖုန်းကျန့်ကုန်း၏ သန္ဓေပြောင်းစွမ်းအင် ကျင့်ကြံရေး ပါရမီ အလွန်မြင့်မားနေသည့် အခြေအနေမျိုးတွင် ဖြစ်ပြီး စစ်တပ်၏ သယံဇာတ အများစုကို သူ့ထံသို့ လွှဲပြောင်းပေးထားခဲ့သည့်တိုင်အောင် ဖြစ်သည်။
သာမန်လူများဆိုလျှင် ဤအဆင့်တွင် အချိန်အတော်ကြာ ပိတ်မိနေပြီးမှသာ ချိုးဖောက်ကျော်လွန်နိုင်မည်မှာ သေချာသည်။
လင်းယွမ်က ပြင်ပအတွေးများကို ဖယ်ရှားလိုက်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပဟေဠိကို တိတ်ဆိတ်စွာ ပြီးမြောက်အောင် ဆောင်ရွက်နေလိုက်သည်။
အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးလင်းလာလေပြီ။
ဒုတိယနေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လင်းယွမ် မျက်လုံးဖွင့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။
"တစ်ညလုံး ကျင့်ကြံခဲ့ရတာ ပြန်လည်ဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်မှာ သုံးကြိမ်တောင် အမှားဖြစ်ခဲ့တယ်... ကံကောင်းလို့ ငါ ချက်ချင်း သတိထားမိပြီး ပထမဆုံးအချိန်မှာပဲ ပြန်လည်ဖွဲ့စည်းထားတဲ့ မျိုးရိုးဗီဇတွေကို ဖျက်သိမ်းလိုက်နိုင်လို့ပေါ့... မဟုတ်ရင်တော့ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်"
ပို၍ ကျင့်ကြံလေလေ လင်းယွမ်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ အခက်အခဲကို ပို၍ ခံစားလာရလေလေ ဖြစ်သည်။
မရေမတွက်နိုင်သော မျိုးရိုးဗီဇများထဲမှ တူညီသော မျိုးရိုးဗီဇများကို ရွေးချယ်ကာ ပြန်လည်ဖွဲ့စည်းရခြင်း ဖြစ်သည်။
တစ်ကြိမ် ရွေးချယ်မှု မှားယွင်းသွားသည်နှင့် မျိုးရိုးဗီဇ ပြိုကွဲမှုကို ဖြစ်ပေါ်စေနိုင်ပြီး မျိုးရိုးဗီဇမြေပုံ သန္ဓေပြောင်းလဲခြင်းကိုပင် ဖြစ်စေနိုင်သည်။
ထို့နောက် တစ်ခုလုံးရှိ မျိုးရိုးဗီဇမြေပုံကိုပါ ညစ်ညမ်းသွားစေနိုင်သည်။
ဤအချိန်တွင် တစ်ခုတည်းသော နည်းလမ်းမှာ ပြန်လည်ဖွဲ့စည်းထားသော မျိုးရိုးဗီဇများကို ချက်ချင်း ဖျက်သိမ်းပစ်ရန်ပင် ဖြစ်သည်။
သို့သော် ဤသည်မှာ ယခင်က ကြိုးပမ်းအားထုတ်မှုများနှင့် စမ်းသပ်မှုများ အားလုံး အချည်းနှီး ဖြစ်သွားမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ပြီးပြည့်စုံသော မျိုးရိုးဗီဇကွင်းဆက် တစ်ခုကို ဆက်စပ်နိုင်မှသာလျှင် အဆင့်အလိုက် အောင်မြင်မှုတစ်ခုကို ရရှိမည်ဟု ဆိုနိုင်ပေမည်။
ဤလုပ်ငန်းစဉ်၏ အလယ်တွင် ရပ်တန့်လိုက်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
ရပ်တန့်လိုက်ပါက ဤမပြီးပြည့်စုံသေးသော မျိုးရိုးဗီဇကွင်းဆက်သည် အလဟဿ ဖြစ်သွားမည်ဖြစ်ပြီး အစမှ ပြန်လည် စတင်ရမည် ဖြစ်သည်။
သစ်သားတုံးလေးများ ဆင့်ပွားဆောက်လုပ်ရသကဲ့သို့ပင် ပြိုကျသွားသည်နှင့် တစ်ပြိုင်နက် အစမှ ပြန်စရမည် ဖြစ်သည်။
ဤသည်မှာ အချိန်ယူ၍ ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး လောတကြီး လုပ်ဆောင်၍ မရနိုင်ကြောင်း အလွန် သိသာထင်ရှားလှသည်။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်အတွက် အထောက်အကူပြုနိုင်တဲ့ ပစ္စည်းတွေကို အမြန်ဆုံး လဲလှယ်ယူမှပဲ ဖြစ်တော့မယ်"
လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်စဉ် ထိုအချိန်တွင် အပြင်ဘက်မှ ဟန်ရှန်းမန်၏ အသံ ထွက်ပေါ်လာလေသည်။
"ကိုလင်းယွမ်... နိုးပြီလားရှင့်... မနက်စာ စားဖို့ အဆင်သင့်ဖြစ်ပါပြီ"
ဆက်ရန်...
အပိုင်း(၆၅၈) ချန်ယွင်တောက်၏ မျိုးရိုးဗီဇမြေပုံ
လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်ရာ ဟန်ရှန်းမန်ကို တွေ့လိုက်ရသည်။
"ဆန်ပြုတ် ပြုတ်ထားတယ်... ပေါက်စီက အရင်က ဟူဝေမင်အိမ်ကနေ ဝယ်ထားတာ... ကျွန်မ သုမာရု လက်စွပ်ထဲမှာ သိမ်းထားတာ"
ဟန်ရှန်းမန်က ဆန်ပြုတ်တစ်ပန်းကန်နှင့် ပေါက်စီတစ်ပန်းကန်ကို ကိုင်ဆောင်ထားပြီး ဟင်းခတ်အမွှေးအကြိုင်ဖြင့် ချက်ထားသော ဝက်သားနှင့် မုန်ညင်းချဉ်တို့ကိုလည်း သေချာစွာ လှီးဖြတ်ပြင်ဆင်ထားသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ဝင်ထိုင်လေ... ခင်ဗျားရော စားပြီးပြီလား" ဟု မေးလိုက်သည်။
ဟန်ရှန်းမန်က ပြုံး၍ ခေါင်းညိတ်ပြကာ "ကျွန်မ စားပြီးပါပြီ"
လင်းယွမ်က ဆန်ပြုတ်ကို လှမ်းယူလိုက်ပြီး တစ်ငုံသောက်ကာ "ကုချင်းဆန်းတို့အဖွဲ့ကို စစ်ဆေးပြီးပြီလား"
ဟန်ရှန်းမန်က ခေါင်းညိတ်လိုက်ပြီး "အားလုံး စစ်ဆေးပြီးသွားပါပြီ"
"အသုံးဝင်မယ့် သတင်းတစ်ခုခုများ ရသေးလား"
ဟန်ရှန်းမန်၏ မျက်နှာထားက ချက်ချင်း တည်ကြည်သွားပြီး "ချန်ယွင်တောက် လက်အောက်မှာ ကြေးစားတပ်ဖွဲ့ကြီး ငါးဖွဲ့ကို ပြန်ဖွဲ့စည်းထားတယ်... သန်လျက် ကြေးစားတပ်ဖွဲ့... နတ်မင်း ကြေးစားတပ်ဖွဲ့... ကြယ်နီ ကြေးစားတပ်ဖွဲ့တို့အပြင် သံမဏိသွေး ကြေးစားတပ်ဖွဲ့နဲ့ အလှမယ် တပ်ဖွဲ့ ဆိုပြီး နှစ်ဖွဲ့ ထပ်တိုးထားတယ်"
"သူ့ရဲ့ မူလလက်အောက်ခံဖြစ်တဲ့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ပါ ထပ်ပေါင်းလိုက်ရင် သူ့ဆီမှာ ထိပ်တန်းအစွမ်းပိုင်ရှင်တွေ အများကြီးရှိပြီး အင်အားတောင့်တင်းနေတယ်"
"ဒါပေမဲ့ ဒီအသစ်တိုးလာတဲ့ တပ်ဖွဲ့နှစ်ခုထဲက အလှမယ် တပ်ဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာ ရှင် လုံးဝထင်မှတ်ထားမှာ မဟုတ်ဘူး"
လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်ပြီး "ဘယ်သူမို့လို့လဲ"
"လန်ယွဲ့ဟွာ"
"ဘာ"
လင်းယွမ် အနည်းငယ် အံ့သြသွားပြီး သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လွင်သွားသည်။
"လန်ယွဲ့ဟွာ... သူက ခေါင်းဆောင်ဖြစ်နေတာလား"
ဟန်ရှန်းမန်က ခေါင်းညိတ်ပြကာ "အဲ့ဒီတုန်းက လင်းယာ သူ့ကို လွှတ်ပေးလိုက်တော့ ဒီလိုကျယ်ပြောလှတဲ့ ရေလွှမ်းမိုးမှုကြီးထဲမှာ သူ အသက်ရှင်နိုင်ဖို့ အခွင့်အရေးနည်းတယ်လို့ ကျွန်မလည်း ထင်ခဲ့တာ... အခုတော့ သူ အသက်ရှင်နေရုံတင်မကဘဲ ချန်ယွင်တောက်ရဲ့ ယုံကြည်ရတဲ့ လူယုံတစ်ယောက် ဖြစ်လာပြီး ကြေးစားတပ်ဖွဲ့သစ်တစ်ခုကိုတောင် ဖွဲ့စည်းနိုင်ခဲ့တယ်"
လင်းယွမ်၏ မျက်နှာထားက လေးနက်သွားသော်လည်း သူ တွေးတောနေသည်မှာ ထိုအချက် မဟုတ်ပေ။
ဟန်ရှန်းမန်က ထိုအချိန်က လန်ယွဲ့ဟွာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် အသက်ရှင်ရန် ခက်ခဲလိမ့်မည်ဟုသာ ထင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လန်ယွဲ့ဟွာသည် သူ့ထံမှ ကပ်ပါးမျိုးစေ့ ထည့်သွင်းခံထားရသူဖြစ်ကြောင်း လင်းယွမ်သာလျှင် အသိဆုံး ဖြစ်သည်။ သူမသည် ကပ်ပါးမျိုးစေ့၏ စုပ်ယူမှုကြောင့် စိတ်စွမ်းအင်နှင့် သွေးသားခွန်အားများ ခန်းခြောက်ကာ ကပ်ပါးမျိုးစေ့၏ အာဟာရအဖြစ် ပြောင်းလဲသွားသင့်သည်မှာ ကြာပြီဖြစ်သည်။
ယခု သူမ အသက်ရှင်နေဆဲ ဖြစ်နေခြင်းက ကပ်ပါးမျိုးစေ့ကို ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားခဲ့ပြီလား။
လင်းယွမ်၏ မျက်နှာက အနည်းငယ် မှောင်မိုက်သွားသည်။ လန်ယွဲ့ဟွာ၏ စရိုက်နှင့် သူ့အပေါ် မုန်းတီးမှု အတိုင်းအတာအရ ထိုမိန်းမသည် ဤကိစ္စကို အလွယ်တကူ လက်လွှတ်မည် မဟုတ်ပေ။
သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး "လန်ယွဲ့ဟွာက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေပြီလား"
ဟန်ရှန်းမန်က ခေါင်းခါပြလိုက်ပြီး "မရောက်သေးဘူး... ကုချင်းဆန်းတို့ရဲ့ ထွက်ဆိုချက်အရ မြူခိုးမြို့တော် တစ်ခုလုံးမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေသူဆိုလို့ ချန်ယွင်တောက် တစ်ယောက်တည်းပဲ ရှိတယ်တဲ့"
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာ အလွန် ခက်ခဲလှသဖြင့် ထိုအဆင့်သို့ ရောက်ရှိရန်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်မိသည်။
မြူခိုးမြို့တော်တွင် ချန်ယွင်တောက် တစ်ယောက်တည်းသာ ထိုအဆင့်သို့ ခြေချနိုင်ခြင်းမှာ သာမန်ပင် ဖြစ်သည်။
"လန်ယွဲ့ဟွာက ငါ့ကို အရိုးထဲထိ စွဲနေအောင် မုန်းတီးနေတာ... ဒီအခွင့်အရေးကို သူ သေချာပေါက် လက်လွှတ်မှာ မဟုတ်ဘူး"
"ငါတို့ ရောက်နေပြီ ဆိုတာကို သူတို့ သိသွားလောက်ပြီ ထင်တယ်"
"သူတို့ ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာကိုတော့ မသိရသေးဘူး"
ဟန်ရှန်းမန်က "မျက်နှာချင်းဆိုင် ရင်ဆိုင်တာကလွဲပြီး ဘာလုပ်လို့ရဦးမှာလဲ"
လင်းယွမ်က ခဏမျှ တွေးတောလိုက်ပြီး "ထိုက်ယန်တောင်ဘက်ကို သတင်းပို့ပြီး သတိထားဖို့ ပြောလိုက်... အခုတလော အပြင်ကလူတွေ ဝင်လာတာကို သတိထားစောင့်ကြည့်ခိုင်းထား"
ဟန်ရှန်းမန် အံ့သြသွားပြီး "မြူခိုးမြို့တော်က လူတွေက ထိုက်ယန်တောင်ကို အရင် စတင်တိုက်ခိုက်လာမယ်လို့ ရှင် ထင်နေတာလား"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒီလိုဖြစ်နိုင်ခြေ ရှိတယ်... အားလုံးကို အကြောင်းကြားလိုက်... မြူခိုးမြို့တော်ကို တိုက်ခိုက်ဖို့ အခုချက်ချင်း ထွက်မယ်... ငါ မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်တယ်"
"နားလည်ပါပြီ"
လင်းယွမ်က နောက်ဆုံးကျန်နေသည့် ဆန်ပြုတ်တစ်ငုံကို သောက်လိုက်ပြီး ပန်းကန်နှင့် တူကိုချကာ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
ဟန်ရှန်းမန်သည်လည်း အစီအစဉ်များ လုပ်ဆောင်ရန် အလျင်အမြန် ထွက်သွားတော့သည်။
အချိန်သိပ်မကြာလိုက်ပေ။ အစွမ်းပိုင်ရှင်များ အားလုံး အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ရာ လင်းယွမ်၏ ဦးဆောင်မှုအောက်တွင် မြူခိုးမြို့တော်ဆီသို့ တိုက်ရိုက် ထွက်ခွာသွားကြတော့သည်။
ဖြူဖွေးနေသော နှင်းများ ဖုံးလွှမ်းနေပြီး အဆုံးအစမဲ့ ကျယ်ပြန့်လှသော မြေပြင်ပေါ်တွင် ကျွန်းနှစ်ကျွန်းက နှင်းမြေပြင်ထက်၌ မားမားမတ်မတ် ရပ်တည်နေသည်။
ထိုကျွန်းများအနက်မှ ကျွန်းတစ်ကျွန်း၏ ပတ်လည်တွင်တော့ မြူခိုးများ ဖုံးလွှမ်းနေပြီး တဝဲဝဲ လွင့်ပျံနေသည်။
ထိုကျွန်းက အခြားကျွန်းတစ်ကျွန်းထက် သိသိသာသာကို ပို၍ မြင့်မားနေသည်။
လင်းယွမ်က သူ၏ရှေ့ရှိ မြူခိုးများ ဖုံးလွှမ်းနေသော ကျွန်းကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
"တော်တော်ကောင်းတဲ့ ရေပေါ်ကျွန်းပဲ... ဒီမြူခိုးအလွှာက သဘာဝ အကာအကွယ် သင်္ကေတ အစီအရင်တစ်ခုပဲ"
"နှမြောစရာပဲ... ပြီးခဲ့တဲ့တစ်ခေါက်က ခြေတစ်လှမ်း နောက်ကျသွားတော့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ နှစ်ခုလုံး ချန်ယွင်တောက်ဆီကို ရောက်သွားတယ်"
"ဆရာလင်း... ဒါက မြူခိုးမြို့တော်လား" ဟု ဝူယင်က ဘေးမှနေ၍ မေးလိုက်သည်။
ကျန်းဖန်က "သေချာတာပေါ့... ဒီမြူခိုးအလွှာကြီး ဖုံးလွှမ်းနေတာက မြူခိုးမြို့တော် ဆိုတဲ့ နာမည်နဲ့ အတိအကျ ကိုက်ညီနေတာပဲ"
"ဒါဆို မြူခိုးကျွန်းလို့ ခေါ်သင့်တာပေါ့... အထဲမှာ မြို့တစ်မြို့ ရှိနေလို့များလား"
"ဘာမြို့ရမှာလဲ... ခိုလှုံရေးစခန်း တစ်ခုပါ"
ဟန်ရှန်းမန်က ထိုအချိန်တွင် ဝင်ပြောလိုက်ပြီး "ဒီနေရာက အရင်တုန်းကနဲ့ ဘာမှမပြောင်းလဲသေးဘူး... ကိုလင်းယွမ်... ကျွန်မတို့ အပြင်ကနေ လှမ်းခေါ်လိုက်ရမလား"
လင်းယွမ်က "ချန်ယွင်တောက်က မြူခိုးမြို့တော်ရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ပိုင်ဆိုင်ထားတော့ ဘယ်သူပဲ ကျွန်းပေါ်တက်လာတက်လာ သူ့ကို လျှို့ဝှက်ထားဖို့ မဖြစ်နိုင်ဘူး... တိတ်တဆိတ် တက်သွားပြီး အလစ်အငိုက် တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါကြောင့် အပြင်ကနေ မျက်နှာချင်းဆိုင် လှမ်းခေါ်ပြီး တိုက်ရိုက် ရင်ဆိုင်လိုက်တာက ပိုကောင်းတယ်"
ကျန်းဖန်က ချက်ချင်းပင် "ဆရာလင်း... ဒီကိစ္စက လွယ်လွယ်လေးပါ... ကျွန်တော်တို့ကိုသာ လွှဲထားလိုက်ပါ"
ကျန်းဖန်က လှည့်လိုက်ပြီး ကောက်ယွီချန် အစရှိသူတို့ကို ခေါ်ကာ အရှေ့ဘက်သို့ ခပ်လှမ်းလှမ်းအထိ လျှောက်သွားလိုက်သည်။
ထို့နောက် သူက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ "ကျွန်းပေါ်ကလူတွေ နားထောင်ကြ... မင်းတို့ကို အချိန် စက္ကန့်သုံးဆယ် ပေးမယ်... အပြင်ထွက်ပြီး လက်နက်ချကြ"
"ချန်ယွင်တောက်... မင်းလို လူမိုက်ကများ ငါတို့ရဲ့ ဖန်ဆန်းကျွန်းကို သိမ်းဖို့ လူလွှတ်သေးတယ်... ပြီးတော့ တွင်းနက်အရိပ်ရေပေါ်ကျွန်းကိုတောင် ခိုးကြောင်ခိုးဝှက် လာတိုက်ခိုက်သေးတယ်... အခုတော့ မင်းရဲ့ လူတွေ အားလုံး ငါတို့ဖမ်းထားလိုက်ပြီ... ဟားဟားဟား"
"ဘာမြူခိုးမြို့တော်ရဲ့ သခင်လဲ... ငါကြည့်ရတာတော့ ခေါင်းဝှက်ထားတဲ့ လိပ်တစ်ကောင်နဲ့ ပိုတူနေတယ်"
မြူခိုးမြို့တော်အတွင်းမှ မြူခိုးများ လှိမ့်တက်လာပြီးနောက် ဧရာမ သင်္ဘောကြီးတစ်စင်း ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကျွန်းပေါ်မှ လူရိပ်အမြောက်အမြားက အလျင်အမြန် ပျံသန်းထွက်ပေါ်လာကြသည်။
"ဝုန်း"
ထိုလူများ ပျံသန်းထွက်ပေါ်လာသည်နှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာသည်။
၎င်းနောက် အမြောက်ဆန်များက သူတို့ရှိရာဘက်သို့ ကျဆင်းလာတော့သည်။
ကျန်းဖန်တို့ အဖွဲ့လည်း ထိုအခြေအနေကို မြင်သည်နှင့် ချက်ချင်းပင် အသီးသီး လူစုခွဲ၍ ရှောင်တိမ်းလိုက်ကြသည်။
ဟန်ရှန်းမန် အစရှိသူတို့က ချက်ချင်း လက်စွမ်းပြလိုက်ကြပြီး ဧရာမ ရေလှိုင်းလုံးကြီးများကို ဖန်တီးကာ အရှေ့ဘက်မှ ကာကွယ်လိုက်ကြသည်။
အမြောက်ဆန်များက ဟိန်းယံသော အသံကြီးများနှင့်အတူ ကျဆင်းလာပြီး ပြင်းထန်သော မီးတောက်မီးပွားများ ပေါက်ကွဲထွက်ပေါ်လာသည်။
ကောင်းကင်ထက်တွင် ကြီးမားသော သင်္ကေတများ ပေါက်ကွဲထွက်လာရာ ထိုအရာများက စွမ်းအင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော သင်္ကေတဗုံးများ ဖြစ်သည်။
ထိုစဉ် မျက်နှာချင်းဆိုင်ရှိ မြူခိုးများအတွင်းမှ သင်္ဘောကြီးပေါ်တွင် အမြောက်ကြီးများ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း ယင်းတို့က ယမ်းမှုန့်ဖြင့် ပြုလုပ်ထားသော အမြောက်များ မဟုတ်ဘဲ တစ်စုံတစ်ရာသော သင်္ကေတနည်းပညာကို အသုံးပြုထားသည့် အမြောက်ကြီးများ ဖြစ်နေသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ "ဒီအချိန်အတောအတွင်းမှာ ချန်ယွင်တောက်ကလည်း ဘာမှမလုပ်ဘဲ ထိုင်နေတာတော့ မဟုတ်ဘူးပဲ... သိပ္ပံနည်းကျ သုတေသနတွေတောင် လုပ်နေတာကိုး" ဟု ပြောလိုက်သည်။
ဘေးရှိ ဝူယင်က ရယ်မောလိုက်ပြီး "သူ့ရဲ့ ဒီလိုစွမ်းအင်နည်းပညာတွေက ဘယ်လိုလုပ် ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ အဆင့်အတန်းကို မီနိုင်မှာလဲ"
လင်းယွမ်က ခေါင်းခါပြလိုက်ပြီး "တခြားအဖွဲ့အစည်းတွေကို အထင်မသေးနဲ့... အခုက စွမ်းအင်ခေတ်ကြီး ရောက်နေပြီ... ကမ္ဘာကြီးပေါ်မှာ အံ့သြစရာကောင်းတဲ့ အစွမ်းတွေ အများကြီးရှိသလို ငါတို့ နားမလည်သေးတဲ့ သင်္ကေတတွေလည်း အများကြီး ရှိနေသေးတယ်"
"စွမ်းအင်ချိတ်ပိတ် သင်္ကေတ မပေါ်လာခင်တုန်းက ဒီကမ္ဘာပေါ်မှာ ဒီလိုသင်္ကေတမျိုး ရှိနေမယ်ဆိုတာကို ဘယ်သူကများ ထင်မှာလဲ"
ဝူယင်က ခေါင်းညိတ်လိုက်ပြီး "ဆရာလင်း ပြောတာ မှန်ပါတယ်"
"ဝူး"
မျက်နှာချင်းဆိုင်ရှိ မြူခိုးများအတွင်းမှ ဧရာမ သင်္ဘောကြီးပေါ်မှ ခပ်သြသြ ဥသြဆွဲသံများ ထွက်ပေါ်လာသည်။
ထို့နောက် ရေခဲပလ္လင်တစ်ခုက လေထဲသို့ ပျံတက်လာပြီး လူအမြောက်အမြားက ထိုရေခဲပလ္လင်၏ နောက်မှ လိုက်ပါပျံသန်းလာကြသည်။
ထိုပလ္လင်ပေါ်တွင် ထိပ်ပြောင်ပြောင်နှင့် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။
သူ၏ အကြည့်များက စူးရှနေပြီး လင်းယွမ်တို့ဘက်သို့ အကဲခတ် ကြည့်ရှုလိုက်ရာ လင်းယွမ်ကို ချက်ချင်းပင် မြင်တွေ့သွားတော့သည်။
ထိပ်တန်းအဆင့်များ အချင်းချင်းကြားတွင် ဖော်ပြ၍မရသော ခံစားသိရှိနိုင်စွမ်းများ ရှိနေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ရှေ့ရှိ လူသည် လင်းယွမ် ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
"မင်းက လင်းယွမ်လား"
လင်းယွမ်ကလည်း ချန်ယွင်တောက်ကို ကြည့်ကာ ပြုံးလိုက်ပြီး "ချန်ယွင်တောက်... မတွေ့ရတာ ကြာပြီပဲ"
ချန်ယွင်တောက်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး "မတွေ့ရတာ ကြာပြီပဲတဲ့လား... ဟက်... ကောင်းလိုက်တဲ့ မတွေ့ရတာ ကြာပြီပဲ... သေသေချာချာ ပြောရရင် ဒါက ငါ မင်းကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... လင်းယွမ်"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး "မှန်တယ်... မင်း ငါ့ကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ... ဒါပေမဲ့ ငါကတော့ မင်းကို အရင်ကတည်းက မြင်ဖူးထားတယ်... အရင်တုန်းက မင်းရဲ့ ဒီရေပေါ်ကျွန်း နှလုံးသားခန်းမဆောင်ထဲမှာ တိုက်ပွဲဖြစ်တုန်းက မြေမိခင်ဂိုဏ်းက ထိပ်တန်းအစွမ်းပိုင်ရှင်တွေ မင်းကို ဝိုင်းတိုက်ကြတော့ မင်းက မင်းရဲ့ အစွမ်းတွေကို ပြသခဲ့တာ အရမ်းကို အထင်ကြီးစရာ ကောင်းလှတယ်"
ချန်ယွင်တောက်၏ မျက်နှာက ချက်ချင်း မှောင်မိုက်သွားပြီး "အဲ့ဒီတုန်းက မင်းလည်း အဲ့ဒီနေရာမှာ ရှိနေတာကိုး... ကြည့်ရတာ ငါ ပျောက်သွားတဲ့ သွေးသလင်းကျောက်တွေကို မင်း ခိုးသွားတာပဲ ဖြစ်ရမယ်"
လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး "ရေပေါ်ကျွန်းဆိုတာ အရင်ကတည်းက အာကာသကနေ ကျလာတဲ့ အရာပဲ... ဘယ်အချိန်ကစပြီး မင်းပိုင်ဆိုင်တာ ဖြစ်သွားရတာလဲ"
"ငါက ဒီကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ပိုင်ဆိုင်ထားတယ်... ဒီကျွန်းတစ်ခုလုံးက ငါ့ဟာပဲ... မင်းက ငါ့ဟာမဟုတ်ဘူးလို့ ပြောရဲသေးတာလား"
လင်းယွမ်က ဟားဟားဟားဟု ရယ်မောလိုက်ပြီး "မင်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကိုတောင် ရောက်နေပြီကို ဘယ်လိုလုပ် ဒီလောက် ကလေးဆန်တဲ့ စကားကို ပြောထွက်ရတာလဲ"
"နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ပိုင်ဆိုင်ထားရုံနဲ့ ဒီကျွန်းက မင်းပိုင်သွားတာလား"
"ဒီကျွန်းရဲ့ အချုပ်အခြာအာဏာကို တကယ်တမ်း ထိန်းချုပ်နိုင်တာက ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေ မဟုတ်ဘူး... မင်းရဲ့ လက်သီးစွမ်းအားပဲ"
"ချန်ယွင်တောက်... အရင်တုန်းက မင်း မြေမိခင်ဂိုဏ်းက လူတွေလက်ထဲကနေ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ကာကွယ်နိုင်ခဲ့တာက မင်းရဲ့ အစွမ်းအစကြောင့်ပဲ"
"ငါ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို မရခဲ့တာက အဲ့ဒီတုန်းက ငါ့ရဲ့ စွမ်းအား မလုံလောက်ခဲ့လို့ပဲ... ဒါပေမဲ့ ငါ သွေးသလင်းကျောက်တွေကို ယူသွားနိုင်ခဲ့တာကတော့ ငါ့ရဲ့ အစွမ်းအစပဲ"
"အခု ငါ့လက်ထဲမှာလည်း ရေပေါ်ကျွန်း သုံးလေးကျွန်း ရှိနေတယ်... မင်းမှာ ကျွန်းပေါ်က သွေးသလင်းကျောက်တွေနဲ့ စွမ်းအင်ကျောက်တုံးတွေကို ခိုးယူသွားနိုင်တဲ့ အစွမ်းရှိရင်လည်း ငါ ဘာမှ ပြောစရာမရှိဘူး"
"အပြစ်တင်စရာ ရှိတယ်ဆိုရင်လည်း ငါ့ကိုယ်ငါ အစွမ်းအစမရှိလို့ ကိုယ့်ပိုင်ဆိုင်မှုကို မကာကွယ်နိုင်ခဲ့ဘူးလို့ပဲ အပြစ်တင်ရမှာပေါ့"
"ဟားဟားဟား... ခိုးတာကတော့ ခိုးတာပဲ... အဲ့ဒါကိုတောင် ဒီလောက် ဟိတ်ဟန်ကြီးကြီးနဲ့ ပြောနေသေးတယ်... လင်းယွမ်... ကြည့်ရတာ ငါ သံသယဝင်ခဲ့တဲ့လူ မမှားဘူးပဲ... မင်းက တကယ်ကို သေသင့်တဲ့ကောင်ပဲ"
ချန်ယွင်တောက်က ရေခဲပလ္လင်ပေါ်မှ မတ်တတ်ရပ်လိုက်ရာ သူ၏ ကိုယ်ရောင်ကိုယ်ဝါများက ပြင်းထန်စွာ တုန်ခါသွားပြီး လေပြင်းများ တိုက်ခတ်လာကာ သူ၏ ကိုယ်ပေါ်ရှိ ဝတ်ရုံကြီးကို လွင့်ဝဲသွားစေပြီး လေတိုက်သံများ ထွက်ပေါ်လာသည်။
သူက လင်းယွမ်ကို စူးရဲစွာ ကြည့်လိုက်ပြီး "ဒီနေ့ မင်းက ကိုယ့်သေတွင်း ကိုယ်တူးပြီး ရောက်လာမှတော့ ဒီမှာပဲ အပြီးတိုင် နေရစ်ခဲ့ပေတော့"
"ရွှစ်"
သူ့စကားသံဆုံးသည်နှင့် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံးတွင် ရေခဲမြူများ အလျင်အမြန် ပျံ့နှံ့လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေခဲမြူများက ပေထောင်ချီ ကျယ်ဝန်းသည့် ဧရိယာအထိ ပြန့်ကားသွားသည်။ ၎င်းနောက် ရေခဲမြူများ လှိမ့်တက်လာပြီး မိုးကြိုးထစ်ချုန်းသကဲ့သို့ အသက်ရှူသံများ၊ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ပေသုံးဆယ်ကျော် မြင့်မားလှသော ဧရာမ သတ္တဝါကြီးတစ်ကောင်က ထိုရေခဲမြူများကြားမှ ထွက်ပေါ်လာသည်။
၎င်းမှာ ဧရာမ ဝက်ဝံကြီးတစ်ကောင်နှင့် တူသော တိမ်တိုက်သဏ္ဌာန် သတ္တဝါကြီးတစ်ကောင် ဖြစ်ပြီး ၎င်း၏ တစ်ကိုယ်လုံး ပုံစံက လင်းယွမ်၏ ရေခဲမြေရိုင်းဝက်ဝံနှင့် အလွန် ဆင်တူနေသည်။
သို့သော် ကွာခြားချက်မှာ လင်းယွမ်၏ ရေခဲမြေရိုင်းဝက်ဝံသည် အသားစိုင် ခန္ဓာကိုယ် ပုံစံမျိုး ဖြစ်သည်။
တစ်ဖက်လူ၏ ဝက်ဝံကတော့ ရေခဲမြူပုံစံမျိုး ဖြစ်ပြီး ဒြပ်စင်အဖြစ် ပြောင်းလဲသွားပြီးနောက် ပုံစံမျိုးနှင့် တူညီနေသည်။
သို့သော် သိသာထင်ရှားသည်မှာ ၎င်းက ရေခဲဒြပ်စင်အဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ဘဲ ထိုအရာက မူလကတည်းက ဤပုံစံမျိုး ဖြစ်နေခြင်းပင် ဖြစ်သည်။
"လင်းယွမ်... မင်း ငါ့ဆီကနေ သွေးသလင်းကျောက်တွေ အများကြီး ခိုးယူသွားပြီးတော့ မင်းရဲ့ စွမ်းအားက ဘယ်အဆင့်အထိ တိုးတက်လာပြီလဲ ဆိုတာကို ငါ့ကို ပြစမ်းပါဦး"
"ငါ့ရဲ့ ရေခဲမြူ ပုံရိပ်ယောင်ဝက်ဝံ မျိုးရိုးဗီဇမြေပုံက သံကြိုးနှစ်ထပ် မျိုးရိုးဗီဇမြေပုံပဲ... မင်း ငါ့ကို အံ့သြသွားအောင် လုပ်နိုင်ဖို့ မျှော်လင့်တယ်... ငါ့ကို လုံးဝ စိတ်မပျက်စေနဲ့နော်"
ရေခဲမြူ ပုံရိပ်ယောင်ဝက်ဝံက ခေါင်းမော့လိုက်ပြီး ၎င်း၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာကာ "ဒါမှမဟုတ်ရင် ငါ မင်းရဲ့ ထိုက်ယန်တောင်ကို ဆုတ်ဖြဲပစ်ပြီး မင်း ချစ်ရတဲ့သူတွေရဲ့ ခေါင်းကို ကိုယ်တိုင် ဖြတ်ပစ်မယ်... ပြီးတော့ မင်း တည်ဆောက်ထားသမျှ အရာအားလုံးကို ဖျက်ဆီးပစ်မယ်"
လင်းယွမ်က ခေါင်းမော့လိုက်ပြီး ရေခဲမြူ ပုံရိပ်ယောင်ဝက်ဝံ ပုံစံ ဖြစ်နေသော ချန်ယွင်တောက်ကို တည်ငြိမ်စွာ စိုက်ကြည့်ကာ "မင်းက ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ယုံကြည်မှု ရှိနေတဲ့ပုံပဲ"
"ဝှစ်"
သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် သွေးမြူများ ပေါက်ကွဲထွက်လာပြီးနောက် သွေးမြူများ လှိမ့်တက်လာကာ ဧရာမ ရေခဲမြေရိုင်းဝက်ဝံကြီး တစ်ကောင်က သွေးမြူများထဲတွင် ထွက်ပေါ်လာတော့သည်။
ရေခဲမြေရိုင်းဝက်ဝံက ခြေလှမ်းကျဲကြီးဖြင့် ထွက်လာပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးကို ငုံ့ကြည့်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ ရေခဲမြူ ပုံရိပ်ယောင်ဝက်ဝံကို ကြည့်လိုက်ပြီး "မင်းတစ်ယောက်တည်း ရေခဲဓာတ်ကို သုံးနိုင်တယ်လို့ မထင်လိုက်နဲ့"
"ရေခဲမြေရိုင်းဝက်ဝံ... မင်း... မင်းက အမှောင်ဓာတ် မဟုတ်ဘူးလား"
ချန်ယွင်တောက် အလွန်အမင်း အံ့သြသွားပြီး ရေခဲမြူ ပုံရိပ်ယောင်ဝက်ဝံ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
လင်းယွမ်သည် တွင်းနက်အရိပ်ရေပေါ်ကျွန်းကို ပိုင်ဆိုင်ထားသဖြင့် သေချာပေါက် အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်လိမ့်မည်ဟု သူက အမြဲတမ်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်မှသာ အရင်တုန်းက လင်းယွမ်သည် သူ့မျက်စိအောက်မှနေ၍ သူ၏ အမြင်အာရုံကို လှည့်စားကာ သွေးသလင်းကျောက်များကို မည်သို့ ခိုးယူသွားခဲ့သနည်း ဆိုသည်ကို ရှင်းပြနိုင်မည် ဖြစ်သည်။
သို့သော် ယခု လင်းယွမ်က ရေခဲမြေရိုင်းဝက်ဝံ မျိုးရိုးဗီဇမြေပုံကို ရုတ်တရက် အသုံးပြုလိုက်ခြင်းက သူ့ကို အမှန်တကယ်ပင် အလွန်အမင်း အံ့သြတုန်လှုပ်သွားစေပြီး မယုံကြည်နိုင်အောင် ဖြစ်သွားစေသည်။
သတင်းအချက်အလက် မညီမျှမှုများကြောင့် အစကတည်းက သူ့ထင်မှတ်ထားသည်များနှင့် အနည်းငယ် လွဲချော်သွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း"
လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ရေခဲမြူများက စုစည်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ရေခဲတုံးများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော ရေခဲဘောလုံးကြီးတစ်ခု အသွင် ဖြစ်ပေါ်သွားသည်။
"ကြယ်ရေခဲဘောလုံး"
ခဏအကြာတွင် လင်းယွမ်က အေးခဲနေသော ဂြိုဟ်တစ်လုံးအလား မျက်နှာချင်းဆိုင်ရှိ ချန်ယွင်တောက်ဆီသို့ ပြင်းထန်သော အဟုန်ဖြင့် ဝင်တိုက်လိုက်တော့သည်။
ချန်ယွင်တောက်လည်း ထိုမြင်ကွင်းကို မြင်သည်နှင့် စိတ်ကို အလျင်အမြန် စုစည်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ကြီး တစ်ခုလုံးက ရုတ်တရက် ပြိုကွဲထွက်သွားသည်။
ထို့နောက် မရေမတွက်နိုင်သော ရေခဲမြူများအဖြစ် ပြောင်းလဲသွားပြီး အလွန် လျင်မြန်သော အလျင်ဖြင့် ပျံ့နှံ့သွားတော့သည်။
"ဒိုင်း"
သူတို့နှစ်ဦး အချင်းချင်း ဝင်တိုက်မိသွားကြသည်။ ရေခဲမြူများက ပုံသဏ္ဌာန် မရှိသည့်အလား တကယ့် မြူခိုးများကဲ့သို့ လှိုင်းထသွားပြီး ဧရာမ ရေခဲဘောလုံးကြီးကို အတွင်း၌ ရစ်ပတ်ဖုံးလွှမ်းသွားတော့သည်။
ချန်ယွင်တောက်၏ မျက်နှာတွင် အေးစက်စူးရှသော အရိပ်အယောင်များ ပေါ်လာပြီး "ဒါဆိုလည်း ရေခဲရဲ့ စွမ်းအားကို ဘယ်သူက ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိန်းချုပ်နိုင်လဲ ဆိုတာကို... ကြည့်ကြတာပေါ့"
"အာရုံကြော ရေခဲပေါက်ကွဲ"
ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ရေခဲမြူများကြားထဲမှနေ၍ ချန်ယွင်တောက်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤရေခဲမြူများက အလျင်အမြန် အပူချိန် ကျဆင်းသွားပြီး တစ်ချိန်တည်းမှာပင် ရေခဲမြူများ၏ အတွင်းဘက်မှ ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ရေခဲဘောလုံးအတွင်းရှိ လင်းယွမ်ဆီသို့ စိမ့်ဝင်သွားတော့သည်။
ဆက်ရန်...