← Chapters

အခန်း (၆၇၁-၆၇၂)

Vol. 68 Ch. 671-672

အခန်း (၆၇၁-၆၇၂)

Vol. 68 Ch. 671-672

အခန်း (၆၇၁) - ခုနှစ်စင်ကြယ်ဓား မြင်ကွင်းပြု ကျင့်စဉ် ၊ တောင်ပိုင်းမီးနတ်ဘုရားရဲ့ သားအရင်းလား

ဝုန်း ဝုန်း ဂျိန်း ဂျိန်း

လီယန်ချူးသည် လက်ကို မြှောက်လိုက်ရာ သူ၏ လက်ထဲမှ ရွှမ်းကျီကောင်းကင်မီး များ ပေါက်ကွဲထွက်ပေါ်လာသည်။ သို့သော် ထိုအဖြူရောင်ဝတ် လူငယ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူသည် နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ ကောင်းကင်နဂါး၏ နောက်ကျောဘက်သို့ ရောက်ရှိနေသည်။

ကောင်းကင်နဂါးသည် အောက်သို့ ထိုးဆင်းလာပြီး တောင်ပိုင်းမီးနတ်ဘုရား၏ ခန္ဓာကိုယ်ကို ကိုက်ခဲရန် ပြင်တော့သည်။ တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ပေါ်တွင် မီးနဂါး ငါးကောင် ပေါ်ထွက်လာပြီး ထိုနဂါးငါးကောင်မှာ ကောင်းကင်နဂါးနှင့် အသည်းအသန် လုံးထွေးသတ်ပုတ်ကြတော့သည်။

ရှပ် ရှပ်

ဓားအလင်းနှစ်ချက် လက်ခနဲ ဖြစ်သွားပြီး မီးလျှံဓား က နဂါးခေါင်းနှစ်လုံးကို ဖြတ်တောက်ပစ်လိုက်သည်။ လီယန်ချူးသည် ခြေတစ်လှမ်း လှမ်းလိုက်၏။ သူ၏ ကိုယ်ပေါ်တွင် မီးလျှံများ ပေါက်ကွဲထွက်လာပြီး အဖြူရောင်ဝတ် လူငယ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။ အဖြူရောင်ဝတ် လူငယ်သည် အစီရင်ဂါထာများကို လှုံ့ဆော်လိုက်ရာ ကောင်းကင်နဂါး အများအပြား ထပ်မံ၍ ပြေးဝင်လာကြပြန်သည်။

"မင်းလိုကောင်က မိစ္ဆာတွေနဲ့ ပေါင်းလိမ့်မယ်လို့ မထင်ထားဘူး၊ တကယ်ကို ရွံစရာကောင်းလိုက်တာ"

လီယန်ချူးက အေးစက်စွာ ပြုံးရင်း အဆုံးစွန်ထိ လှောင်ပြောင်လိုက်သည်။

အဖြူရောင်ဝတ် လူငယ်မှာ ဒေါသချောင်းချောင်း ထွက်သွားသည်။

"မင်း ဘာသိလို့လဲ"

"ယင်ဝိညာဉ်အဆင့်မှာ တစ်သက်လုံး ပိတ်မိနေပြီး အဆင့်မတက်နိုင်တဲ့ ဒုက္ခကို မင်းသိလား အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ လူသားတစ်ယောက် ခံစားရတဲ့ ကြောက်ရွံ့မှုကိုကော မင်းသိလို့လား "

"ငါက ချင်းချန်တောင်မှာ နှစ်ပေါင်း ရာချီအောင် တရားကျင့်ခဲ့တာဟာ ထာဝရရှင်သန်ခြင်း တရားကို ရရှိဖို့ပဲ၊ မြေကြီးတစ်ဆုပ်အဖြစ် ပြောင်းလဲသွားဖို့ မဟုတ်ဘူး မင်းလို နောက်ပေါက်လေးက ဘာကို နားလည်မှာလဲ "

အဖြူရောင်ဝတ် လူငယ်မှာ ဒေါသတကြီး အော်ဟစ်နေတော့သည်။ သူ၏ လက်များမှာလည်း နတ်ဘုရားအလင်းတန်းများကို အဆက်မပြတ် ထုတ်လွှတ်နေ၏။

ကောင်းကင်နဂါးများသည် နတ်ဘုရားအရှိန်အဝါများဖြင့် လီယန်ချူးကို ဝိုင်းရံတိုက်ခိုက်ကြပြီး ထူးခြားသော အစီရင်တစ်ခု ဖြစ်ပေါ်လာသည်။

"ဩော်... မင်းက ချင်းချန်တောင်က လူကိုး၊ တကယ်ကို ချင်းချန်တောင်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာပဲ"

လီယန်ချူးက အခုမှ သဘောပေါက်သွားသကဲ့သို့ ပြောလိုက်သည်။

"..." အဖြူရောင်ဝတ် လူငယ်မှာ တစ်ချက် တောင့်ခဲသွားပြီး မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

သူသည် လက်နှစ်ဖက်ဖြင့် အစီရင်ဂါထာများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရာ ထောင်သောင်းချီသော ဓားချီများ ထပ်မံ ရောက်ရှိလာပြန်သည်။ သူ၏ အဝတ်အစားများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေပြီး ကမ္ဘာလောက၏ ဝိညာဉ်စွမ်းအားများမှာလည်း ပွက်လောရိုက်နေတော့သည်။

ဤနေရာ၏ ဝိညာဉ်စွမ်းအားများကို သူတစ်ယောက်တည်းကသာ စိုးမိုးထားပြီး နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ကို အစွမ်းကုန် လှုံ့ဆော်နေခြင်း ဖြစ်သည်။

တတိယအဆင့် အလယ်ပိုင်း ကျင့်ကြံသူများထဲတွင် သူသည် ပြိုင်ဘက်ကင်းသလောက်ပင် ရှိသည်။

"မင်းလို နောက်ပေါက်က ငါ့ကို လှည့်စားဝံ့တယ်ပေါ့၊ မင်း သေချင်နေပြီပဲ "

ထာဝရရှင်သန်ခြင်းအတွက် လမ်းမှန်ကို စွန့်လွှတ်ပြီး မိစ္ဆာလမ်းထဲသို့ ဝင်ရောက်ခဲ့ခြင်းမှာ သူ၏ တစ်သက်တာလုံး စိတ်အနာကျင်ရဆုံး အချက်ပင် ဖြစ်သည်။ ယခုအခါ သူ၏ မျက်လုံးအစုံမှာ နီရဲလာပြီး တကယ်ပင် ရူးသွပ်လုနီးပါး ဖြစ်နေသည်။

လီယန်ချူးမှာမူ တည်ငြိမ်နေဆဲပင်။ သူသည် လေးကို တင်လိုက်ပြီး မြှားကို ဆွဲလိုက်သည်။

မီးလျှံမြှား မှာ ထိတ်လန့်ဖွယ် မြှားအဖြစ် ပြောင်းလဲသွားကာ အဖြူရောင်ဝတ် လူငယ်ဆီသို့ ပျံသန်းသွားတော့သည်။

သူ၏ ကိုယ်တွင်းရှိ စွမ်းအားများမှာ နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ၏ ဖိနှိပ်ခြင်းကို ခံထားရသဖြင့် အမြောက်အမြား ကုန်ဆုံးနေပြီး သွေးချီစွမ်းအားများမှာလည်း အလွန်နိမ့်ကျသော အခြေအနေသို့ ရောက်ရှိနေသည်။ အကယ်၍ တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ကို ပင့်ဖိတ်မထားခဲ့ပါက အခြေအနေမှာ ယခုထက် ပို၍ အန္တရာယ်ရှိပေလိမည်။

ယခင်က သူသည် ဤအဖြူရောင်ဝတ် လူငယ်၏ ဓားအတတ်မှာ တာအိုဂိုဏ်း၏ စစ်မှန်သော အတတ်ဖြစ်ကြောင်း သိရှိခဲ့သည်။ ထိုအတတ်မှာ ယခင်က ဘိုင်မယ်တော်ကို သူ သတ်စဉ်က ပေါ်လာသည့် ဝတ်ရုံနက်ဝတ် လူနှင့် ဆင်တူနေသည်။

ထို့ကြောင့် သူက စကားနာထိုး၍ စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်၏။ မမျှော်လင့်ဘဲ ဤလူငယ်က ၎င်းကို အလွန်အမင်း ခံစားလွယ်ပြီး သူ၏ ဂိုဏ်းအမည်ကိုပါ ထုတ်ပြောလာခဲ့သည်။

"ထာဝရရှင်သန်ဖို့အတွက် မိစ္ဆာလမ်းကို လိုက်တယ်တဲ့၊ တကယ်ကို ရွံစရာကောင်းလိုက်တာ "

လီယန်ချူးက အေးစက်စွာ ရယ်မောရင်း နောက်ထပ် တစ်ချက် ထပ်မံ စော်ကားလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

ပတ်ဝန်းကျင် ဆယ်မိုင်အတွင်း၌ ထိတ်လန့်ဖွယ် အငွေ့အသက်များ ပြည့်နှက်နေပြီး မြေကြီးများ တုန်ခါကာ ကျောက်ခဲများ လွင့်စင်နေတော့သည်။

တောကောင်များမှာ အလန့်တကြား ပြေးလွှားနေကြပြီး အများစုမှာ ပြင်းထန်သော မီးလျှံများ၏ လောင်မြိုက်ခြင်းကို ခံရကာ ပြာအဖြစ် ပြောင်းလဲသွားကြသည်။

ယန်ဝိညာဉ်အဆင့် ပညာရှင်များ၏ တိုက်ပွဲမှာ သာမန်ကျင့်ကြံသူများအတွက်မူ အဝေးက ကြည့်ရုံနှင့်ပင် ထိုတိုက်ပွဲ၏ အရှိန်အဝါကြောင့် ခန္ဓာကိုယ် ပေါက်ကွဲပျက်စီးသွားနိုင်ပေသည်။

လီယန်ချူးသည် တောင်ပိုင်းမီးနတ်ဘုရားအမိန့်တော် ကို လှုံ့ဆော်လိုက်ပြီး ဝိညာဉ်ထဲရှိ မီးနတ်ဘုရားဂါထာတော် ကို ပေါက်ကွဲစေလိုက်သည်။ သူ၏ ကိုယ်ပေါ်မှ မီးလျှံများမှာ တစ်ခဏအတွင်းမှာပင် ပိုမို ပြင်းထန်လာတော့သည်။

"ဒီအစီရင်ပျက်နဲ့ ငါ့ကို ပိတ်လှောင်ထားချင်တာလား"

သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးမားလာပြီး မီးနဂါးကို ခြေဖြင့် နင်းလိုက်သည် ကောင်းကင်အပြည့် ထိတ်လန့်ဖွယ် တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဓားအလင်းတန်းများကို တစ်ခဏချင်းအတွင်း ဖျက်ဆီးပစ်လိုက်တော့သည်။

"နတ်ဘုရား အရှိန်အဝါ"

အဖြူရောင်ဝတ် လူငယ်မှာ စိတ်ထဲမှ ထိတ်လန့်သွားရသည်။

'ဒီတာအိုဆရာက တောင်ပိုင်းမီးနတ်ဘုရားနဲ့ ဘယ်လို ပတ်သက်မှုမျိုး ရှိနေတာလဲ ဘာလို့ သူပင့်ဖိတ်တဲ့ နတ်ဘုရားစွမ်းအားက တခြားလူတွေနဲ့ မတူရတာလဲ ဒီနတ်ဘုရားစွမ်းအားတွေက ပေးတာ များလွန်းနေတာ မဟုတ်ဘူးလား'

ဟင်းလင်းပြင်ထဲမှ တောင်ပိုင်းမီးနတ်ဘုရား၏ စွမ်းအားများမှာ အဆက်မပြတ် စီးဆင်းလာနေပြီး ထိတ်လန့်ဖွယ် နတ်ဘုရားမီးလျှံများက ကမ္ဘာတစ်ခုလုံးကို လင်းထိန်စေတော့သည်။

ရှုး ရှုး

ကောင်းကင်နဂါး နှစ်ကောင်မှာ လီယန်ချူး၏ ပစ်ခတ်မှုကြောင့် တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားရသည်။ နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ၏ ဖိနှိပ်မှုမှာလည်း အလွန်ပင် အားနည်းသွားတော့သည်။ အစီရင်၏ အငွေ့အသက်များမှာ ပရမ်းပတာ ဖြစ်သွားချေပြီ။

အဖြူရောင်ဝတ် လူငယ်သည် ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ဤတာအိုဆရာ လူငယ်၏ နတ်ဘုရားစွမ်းအားမှာ အဆက်မပြတ် မြင့်တက်နေဆဲပင်။ နတ်ဘုရားစွမ်းအားမှာ အလွန်ပင် လေးလံလှသဖြင့် သာမန်လူသား ခန္ဓာကိုယ်က အမြောက်အမြားကို လက်ခံနိုင်စွမ်း မရှိပေ။

သို့သော် ဤတာအိုဆရာ လူငယ်မှာမူ ထူးခြားနေပြီး စွမ်းအားများ ရလေလေ၊ ပိုကောင်းလေလေ ဖြစ်နေသကဲ့သို့ပင်။ တောင်ပိုင်းမီးနတ်ဘုရားကလည်း တကယ်ကြီးကို ရက်ရက်ရောရော ပေးနေခြင်း ဖြစ်သည်။

သူသည် လက်နှစ်ဖက်ဖြင့် အစီရင်ပုံဖော်လိုက်ရာ ရှည်လျားသော ဓားတစ်လက် ပေါ်ထွက်လာသည်။ ထို ခုနှစ်စင်ကြယ်ဓား မှာ ပေတစ်ရာခန့် ရှည်လျားပြီး ဓားအလင်းများ တဖျပ်ဖျပ် တောက်ပနေသည်။ ဓားသွားပေါ်တွင် မြောက်ဘက်ခုနှစ်စင်ကြယ်၏ ပုံရိပ်များ ထင်ဟပ်နေပြီး ထိတ်လန့်ဖွယ် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါဝင်နေသည်။

၎င်းမှာ အဖြူရောင်ဝတ် လူငယ်၏ ဝိညာဉ်ပုံရိပ် ပင် ဖြစ်သည်။ လီယန်ချူး၏ လက်ထဲ၌ ရတနာများကို ရိုက်ချနိုင်သည့် အစွမ်းရှိသည်ကို သူသိသဖြင့် ယခုအခါ ကြီးမားသော ခွန်အားဖြင့် ဖိနှိပ်ရန် ပြင်လိုက်ခြင်း ဖြစ်သည်။ တတိယအဆင့် ကျင့်ကြံသူများကြား၌ အဆင့်တစ်ခုချင်းစီ၏ ကွာခြားချက်မှာ ယင်ဝိညာဉ်မှ ယန်ဝိညာဉ်သို့ ကူးပြောင်းသကဲ့သို့ပင် ကြီးမားလှသည်။

သူသည် တတိယအဆင့် အလယ်ပိုင်းသို့ ရောက်ရှိနေသူ ဖြစ်ရာ မဟာရှပြည်ထောင်စု၏ စံနှုန်းအရဆိုလျှင် ဒုတိယအဆင့် ဖြစ်သည်။ ဒုတိယအဆင့်သည် တတိယအဆင့်အပေါ် အပြတ်အသတ် အသာစီး ရရှိထားသည်။ သူ မြင်ကွင်းပြုကျင့်ထားသော ခုနှစ်စင်ကြယ်ဓား မှာ မြောက်ဘက်ကြယ်စုများ၏ စွမ်းအားကို ငှားရမ်းကာ မိစ္ဆာများကို သတ်ဖြတ်ခြင်း ဖြစ်သည်။

ယခင်က သူသည် တတိယအဆင့် အစောပိုင်းတွင် ရှိစဉ်က သူ၏ ကျင့်စဉ်များကို ရှန်ရှန်းနန်းဆောင်၏ အမှောင်စွမ်းအားများအဖြစ် ပြောင်းလဲခဲ့ရသည်။

သို့သော် တတိယအဆင့် အလယ်ပိုင်းသို့ ရောက်ရှိပြီးနောက်တွင်မူ တာအိုဂိုဏ်း၏ စစ်မှန်သော အတတ်များကို ပြန်လည် အသုံးပြုနိုင်ခဲ့ပြီ ဖြစ်သည်။

သူသည် ခက်ခဲနက်နဲလှသော တာအိုဂါထာများကို ရွတ်ဖတ်လိုက်ရာ ခုနှစ်စင်ကြယ်ဓား ပေါ်မှ မြည်ဟိန်းသံများ ထွက်ပေါ်လာတော့သည်။

လီယန်ချူးသည် ထိုဓားပေါ်မှ နတ်ဘုရား အငွေ့အသက်ကို ခံစားမိသောအခါ အေးစက်စွာ ပြုံးလိုက်ရင်း...

"ဒါဆိုရင်လည်း ကြည့်ကြတာပေါ့၊ တောင်ပိုင်းမီးနတ်ဘုရားက ပိုစွမ်းသလား၊ မင်းရဲ့ မြောက်ဘက်ခုနှစ်စင်ကြယ်က ပိုစွမ်းသလားဆိုတာ "

လီယန်ချူး၏ စကားအဆုံး၌ပင် ဟင်းလင်းပြင်ထဲမှ နတ်ဘုရား အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာပြီး ယခင်ကထက် ဆယ်ဆမက ပိုမို မြန်ဆန်စွာ စီးဆင်းလာတော့သည်။

အကယ်၍သာ ရှုံးနိမ့်သွားခဲ့လျှင် မျက်နှာပျက်စရာ ကောင်းလှပေမည် တောင်ပိုင်းမီးနတ်ဘုရားသည် ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်ရာ ထိုကဲ့သို့သော အဖြစ်မျိုးကို လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

လီယန်ချူးတွင် မီးနတ်ဘုရားဂါထာတော် ရှိသလို တောင်ပိုင်းမီးနတ်ဘုရား အမိန့်ပေး အဆောင်တော် လည်း ရှိသဖြင့် သူသည် နတ်ဘုရား၏ လူရင်းတစ်ယောက် ဖြစ်နေချေပြီ။

သို့သော် အဖြူရောင်ဝတ် လူငယ်မှာမူ မြင်ကွင်းပြုကျင့်ခြင်းကိုသာ သုံးခြင်းဖြစ်သဖြင့် မြောက်ဘက်ကြယ်စုများနှင့် ဆက်သွယ်မှုမှာ အလွန်ပင် အားနည်းလှသည်။ သို့သော် သူ၏ တာအိုစိတ်ဓာတ်မှာ စင်ကြယ်ပြီး အတတ်ပညာမှာလည်း အစွမ်းထက်လှသည်။ ထို့ပြင် သူ၏ ကျင့်ကြံဆင့်မှာလည်း အသာစီး ရရှိထားဆဲပင်။

ဓားတစ်ချက် ထိုးလိုက်သည်နှင့် မိုးတိမ်များ အရောင်ပြောင်းသွားတော့သည်။ ထိတ်လန့်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါများမှာ ခုနှစ်စင်ကြယ်ဓား ပေါ်၌ စုစည်းသွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြေးဝင်သွားတော့သည်။

"လာစမ်း"

တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ထံမှ မိုးခြိမ်းသံအလား အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

တောင်ပိုင်းမီးနတ်ဘုရား၏ ကိုယ်ပေါ်မှ နတ်ဘုရားမီးလျှံများ ပေါက်ကွဲထွက်ပေါ်လာပြီး ထို ခုနှစ်စင်ကြယ်ဓား ကို တစ်ခဏချင်း ဝါးမြိုလိုက်တော့သည် ခုနှစ်စင်ကြယ်ဓား မှာ နတ်ဘုရားမီးလျှံများကြား၌ ခဏမျှသာ ခံနိုင်ပြီးနောက် ပျောက်ကွယ်သွားရတော့သည်။

အဖြူရောင်ဝတ် လူငယ်၏ ဝိညာဉ်ပုံရိပ်မှာ အတင်းအကျပ် ထွက်ပြေးရတော့သည်။ သူ၏ ဝိညာဉ်စစ်မှာ တာအိုဝတ်စုံ ဝတ်ဆင်ထားပြီး ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးရှိသည့် တာအိုအိုကြီး တစ်ဦး ဖြစ်နေသည်။ သူသည် ရှန်ရှန်းနန်းဆောင်၏ ထာဝရရှင်သန်ခြင်း နည်းလမ်းဖြင့် လူငယ်ပုံစံကို ထိန်းသိမ်းထားသော်လည်း သူ၏ ဝိညာဉ်မှာမူ မူလပုံစံအတိုင်း ရှိနေဆဲပင်။

"ငလူးပဲ ဒီကောင်က တောင်ပိုင်းမီးနတ်ဘုရားရဲ့ သားအရင်းများလား ဘာလို့ ဒီလောက်များပြားတဲ့ နတ်ဘုရားစွမ်းအားတွေကို ငှားရမ်းနိုင်ရတာလဲ"

သူ၏ တတိယအဆင့် အလယ်ပိုင်းမှ ကြီးမားလှသော ဓားချီများမှာ ခုနက ခန့်ညားလှသော နတ်ဘုရား အရှိန်အဝါ၏ ရှေ့မှောက်တွင် မည်သို့မျှ မခုခံနိုင်ဘဲ တစ်ခဏချင်း ချေဖျက်ခံလိုက်ရသည်။

နတ်ဘုရားမီးလျှံများက သူ၏ ဝိညာဉ်ပုံရိပ်ကို တစ်ခဏချင်းအတွင်း ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

'ဒီကောင်က ရှန်ရှန်းနန်းဆောင် လူ့ပြည်ကို ဝင်ရောက်ဖို့အတွက် အကြီးမားဆုံး အဟန့်အတားပဲ၊ ဒီနေရာမှာ ကြာကြာ မနေသင့်တော့ဘူး '

အဖြူရောင်ဝတ် လူငယ်၏ စိတ်ထဲ၌ လေးလံသွားရပြီး သူ၏ ခြေထောက်အောက်တွင် ဓားတစ်လက် ပေါ်ထွက်လာကာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ထွက်ပြေးတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မိုင်ပေါင်း ထောင်ချီ အကွာအဝေးသို့ ရောက်ရှိသွားသည်။

လောကအလယ်မှာ လွတ်လပ်ပေါ့ပါးတဲ့ ဓားရှင်နတ်အာဇာနည်

ဓားပျံစီးနင်းသည့် အတတ်မှာ အလွန်ပင် မြန်ဆန်လှရာ မြေကျုံ့အတတ် ကဲ့သို့သော တန်ခိုးစွမ်းအားအနည်းငယ်မှလွဲ၍ မည်သည့်အရာမျှ မမီနိုင်ပေ ဤသည်မှာလည်း ရှန်ရှန်းနန်းဆောင်က ထိုအဖြူရောင်ဝတ် လူငယ်ကို နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ကို ဦးဆောင်ရန် စေလွှတ်လိုက်သည့် အကြောင်းရင်း ဖြစ်သည်။ နိုင်လျှင် တိုက်မည်၊ မနိုင်လျှင် မည်သူမျှ လိုက်မမီအောင် ထွက်ပြေးမည်။

"ပြေးချင်တာလား"

လီယန်ချူး၏ မျက်လုံးများ အေးစက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ နီရဲသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်မှာ ဓားပျံစီးနေသော လူငယ်ကို မမီနိုင်ပေ။ နတ်ဘုရားခြေလှမ်းအတတ် မှာလည်း ခဏတာ အရှိန်မြှင့်ခြင်းသာ ဖြစ်သဖြင့် ထိုကဲ့သို့သော ခရီးရှည် လိုက်လံမှုကို အဖြူရောင်ဝတ် လူငယ်နှင့် မယှဉ်နိုင်ပေ။

သို့သော် လီယန်ချူးသည် တစ်ဖက်မှ ထိတ်လန့်ဖွယ် မီးလျှံတန်ခိုးများကို ပစ်လွှတ်ရင်း တစ်ဖက်မှလည်း ဓာတ်ငါးပါးမြေလျှိုးအတတ် ကို အသုံးပြုကာ အဖြူရောင်ဝတ် လူငယ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေတော့သည်။

အခန်း (၆၇၂) - ငါတို့ရဲ့ ငရဲတောင်က ရှန်ရှန်းနန်းဆောင်ကို ကြောက်မယ်မှတ်နေလား ၊ သွေးအဆီအနှစ်ကို လုယူခြင်း ၊ ရှေးဟောင်းဘုရားကျောင်းနှင့် နတ်ဘုရားတောင်

"ဒီကောင်က တကယ်ကို လက်ပေါက်ကပ်တာပဲ"

"တခြားလူသာဆိုရင် အစောကြီးကတည်းက အသက်ပျောက်နေလောက်ပြီ။ သူ ကျင့်ကြံလောကထဲ စဝင်ကတည်းက သူ့ကို ရန်မူတဲ့သူမှန်သမျှ ဘာလို့ အကုန်သေကုန်ကြသလဲဆိုတာ မဆန်းတော့ပါဘူး"

အဖြူရောင်ဝတ် လူငယ်သည် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

သူသည် ဓားပျံကို စီးနင်းကာ အလင်းတန်းတစ်ခုအလား ပျံသန်းနေပြီး ခဏချင်းအတွင်းမှာပင် မိုင်ပေါင်းထောင်ချီ ခရီးပေါက်သွားခဲ့သည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာတင် မိုင်ပေါင်း လေးငါးထောင်ခန့် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"နန်းဆောင်ထဲက ဟိုအကြီးအကဲတွေ ကိုယ်တိုင် ထွက်မလာသရွေ့တော့ ဒီကောင့်ကို ဘယ်သူမှ နှိမ်နင်းနိုင်မှာ မဟုတ်ဘူး "

အဖြူရောင်ဝတ် လူငယ်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

သို့သော် မမျှော်လင့်ဘဲ သူ၏ နောက်ကျောဘက်မှ ထိတ်လန့်ဖွယ် မီးလျှံအငွေ့အသက်များ ထပ်မံ ခံစားလိုက်ရသည်။ မီးအလင်းတန်းတစ်ခုက သူ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေသဖြင့် လှည့်ကြည့်လိုက်ရာ စိတ်ထဲမှ အကြီးအကျယ် တုန်လှုပ်သွားရတော့သည်။

"မီးလျှိုးအတတ် လား"

အဖြူရောင်ဝတ် လူငယ်မှာ တစ်ချက် ကြောင်အသွားသည်။

"မဖြစ်နိုင်တာ မီးလျှိုးအတတ်က ဒီလောက် မမြန်နိုင်ဘူး "

သူသည် ထိတ်လန့်သွားပြီး ခြေထောက်အောက်မှ ဓားပျံ၏ အရှိန်ကို သုံးဆခန့် ထပ်မံ မြှင့်လိုက်သည်။ တစ်ခဏချင်းမှာပင် သူနှင့် နောက်က လိုက်လာသော မီးအလင်းတန်းမှာ အကွာအဝေး တစ်ခု ပြတ်သွားခဲ့၏။ သို့သော် သူ၏ စိတ်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။

ဓာတ်ငါးပါးမြေလျှိုးအတတ်

ဓာတ်ငါးပါးမြေလျှိုးအတတ် နဲ့ မြေကျုံ့အတတ် ကလွဲလို့ ကျန်တဲ့ ဘယ်အတတ်ကမှ သူ့ကို လိုက်မမီနိုင်ပေ။

ရုတ်တရက်

နောက်ဘက်မှ မီးလျှံများက တစ်ဖန် ပြန်လည် နီးကပ်လာပြန်သည်။

ရှပ်

ဓားအလင်းတန်းတစ်ခုက ခုတ်ပိုင်းလိုက်သည်။ အဖြူရောင်ဝတ် လူငယ်သည် ထက်ရှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် လက်ကို ဝှေ့ယမ်းကာ ဓားချီတစ်ချက် ပြန်လည် ထုတ်လွှတ်လိုက်ရသည်။

ဝုန်း

လီယန်ချူး၏ လက်ထဲရှိ မီးလျှံဓား မှာ အသာစီး မရခဲ့သော်လည်း သူသည် ရတနာ၏ စွမ်းအားကို အားကိုးထားခြင်း ဖြစ်သည်။ အဖြူရောင်ဝတ် လူငယ်မှာမူ သူ၏ ကိုယ်တွင်းရှိ ဓားချီစစ်စစ်ကို အသုံးပြုခဲ့ရခြင်း ဖြစ်၏။ အလစ်အငိုက် အသည်းအသန် ခုခံလိုက်ရသဖြင့် သူ၏ လက်ချောင်းနှစ်ချောင်းမှာ သွေးချင်းချင်းနီသွားတော့သည်။

"အခုက ကမ္ဘာလောကကြီး အကြီးအကျယ် ပြောင်းလဲနေတဲ့ အချိန်၊ နတ်ဘုရားဖြစ်ဖို့ အခွင့်အရေးတွေ ရယူရမယ့် အချိန်ပဲ မင်းက တကယ်ပဲ ငါနဲ့ သေလူရှင်လူ မကွဲမချင်း တိုက်ချင်နေတာလား"

အဖြူရောင်ဝတ် လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခြေအောက်မှ ဓားချီကို သုံးဆခန့် ထပ်မံ တိုးမြှင့်လိုက်ပြန်သည်။

"တိုက်ချင်ရင် တိုက်မယ်၊ ရပ်ချင်ရင် ရပ်မယ်၊ မင်းကိုယ်မင်း နတ်ဘုရားလို့ ထင်နေတာလား "

လီယန်ချူးက အေးစက်စွာ ရယ်မောလိုက်သည်။

သူသည် လေးကို တင်လိုက်ပြီး မီးလျှံမြှား ကို ပစ်လွှတ်လိုက်ရာ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး အဖြူရောင်ဝတ် လူငယ်၏ နောက်ကျောသို့ တည့်တည့် ဦးတည်သွားတော့သည်။ ခေါင်းသုံးလုံး လက်ခြောက်ဖက် ပုံစံမှာ စကားပြောနေစဉ်မှာပင် မြှားပစ်ခြင်းကို မနှောင့်နှေးစေသဖြင့် အလွန်ပင် အသုံးဝင်လှသည်။

အဖြူရောင်ဝတ် လူငယ်သည် ဓားပျံစီးနင်းသည့် အတတ်တွင် ကျွမ်းကျင်သူ ဖြစ်သဖြင့် ကောင်းကင်ယံ၌ ဆန်းပြားစွာ ဝေ့ဝိုက်ပျံသန်းရင်း လီယန်ချူး၏ မီးလျှံမြှား ကို ရှောင်တိမ်းသွားနိုင်ခဲ့သည်။ ထိုကဲ့သို့သော လှုပ်ရှားမှုမှာ လီယန်ချူးကိုပင် အံ့အားသင့်သွားစေသည်။

"ငါတို့ ရှန်ရှန်းနန်းဆောင်က မင်း ရန်စလို့ရတဲ့ နေရာ မဟုတ်ဘူး ငါ့ကို သတ်လိုက်ရင် ရှန်ရှန်းနန်းဆောင်ရဲ့ ကလဲ့စားချေမှုကို မင်း သေချာပေါက် ခံရလိမ့်မယ် "

အဖြူရောင်ဝတ် လူငယ်က ခြိမ်းခြောက်လိုက်သည်။

"ဟာသပဲ ငါတို့ ငရဲတောင် က မင်းတို့ ရှန်ရှန်းနန်းဆောင်ကို ကြောက်မယ်မှတ်နေလား"

လီယန်ချူးက လှောင်ပြောင်လိုက်သည်။

"ငရဲတောင် "

"မင်းက ငရဲတောင်က လူလား"

အဖြူရောင်ဝတ် လူငယ်မှာ အကြီးအကျယ် အံ့အားသင့်သွားပြီး နောက်သို့ လှည့်ကြည့်မိသဖြင့် သူ၏ အရှိန်မှာလည်း ကျသွားတော့သည်။

"မင်းတို့ ရှန်ရှန်းနန်းဆောင်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ငါတို့ ငရဲတောင်ရဲ့ နယ်မြေကိုတော့ လာစွက်ဖက်လို့ မရဘူး ငရဲတောင်က ဒီနေရာမှာ စီစဉ်ထားတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ မင်းတို့ လက်ဝါးကြီးအုပ်ဖို့ ငါတို့ ခွင့်မပြုနိုင်ဘူး "

လီယန်ချူးက အော်ဟစ်လိုက်ရင်း မီးနဂါးစက်ဝိုင်းကို ပစ်လွှတ်လိုက်ရာ အေးစက်သော အလင်းတန်းများ ဖြာထွက်သွားတော့သည်။

ဖလပ်

အဖြူရောင်ဝတ် လူငယ်မှာ ထိုတိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အောက်သို့ ပြုတ်ကျသွားတော့သည်။ သူသည် စိတ်ထဲမှ ကြံစည်လိုက်ပြီး အောက်ဘက်သို့ ဆင်းသက်လိုက်၏။

အောက်တွင် လူဦးရေ ထူထပ်ပြီး စည်ကားလှသော မြို့ကြီးတစ်မြို့ ရှိနေသည်။ သူသည် ထိုမြို့ကြီးထဲသို့ ဝင်ရောက်ပုန်းအောင်းကာ နောက်က လိုက်လာသည့် တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ကို အားနာသွားအောင် (စိုးရိမ်စိတ်ဝင်သွားအောင်) လုပ်ဆောင်ရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။

ရုတ်တရက်

ရှေးဟောင်း မှန်တစ်ချပ် ပေါ်ထွက်လာသည်။

ဖြူစင်တောက်ပသော နတ်ဘုရား အလင်းတန်းက အဖြူရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်၏။

ရှစ်ခွင်မှန်

ကုသိုလ်အမှတ် တစ်သိန်းတန်ဖိုးရှိသော ဤရတနာသည် ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ခြင်း ဖြစ်သည်။ အဖြူရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီး သူ၏ ဝိညာဉ်မှာ မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူသည် တတိယအဆင့် ယန်ဝိညာဉ် အလယ်ပိုင်း ကျင့်ကြံသူ ဖြစ်သဖြင့် တစ်ခဏချင်းအတွင်း လောင်ကျွမ်းပျက်စီးမသွားခဲ့ပေ။

သို့သော် ယခင်က တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်က သူ၏ ဝိညာဉ်ပုံရိပ် ကို ဖျက်ဆီးပစ်ခဲ့သဖြင့် ယခုအခါ သူ၏ ကျင့်ကြံဆင့်မှာ အကြီးအကျယ် ကျဆင်းနေချေပြီ။ ထို့ကြောင့် အောက်သို့ ဆက်လက် လျှိုးဆင်းရန် ခွန်အား မရှိတော့ပေ။

ပြင်းထန်သော နတ်ဘုရားမီးလျှံများက သူ့ကို တစ်ခဏချင်း ဝန်းရံလိုက်ပြီး ယခုတစ်ကြိမ်တွင်မူ မီးနဂါး ငါးကောင်က မီးလျှံများ၏ ပတ်ပတ်လည်တွင် ဝဲပျံနေကြကာ အစွမ်းထက်သော အစီရင်တစ်ခုဖြင့် သူ့ကို ပိတ်လှောင်လိုက်တော့သည်။

"နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင်"

"မယုံနိုင်စရာပဲ... မင်းက နဂါးသွေး အဆီအနှစ် ကို လုယူသွားတာပဲ"

အဖြူရောင်ဝတ် လူငယ်က ဒေါသတကြီး ဟောက်လိုက်သည်။

ယခင်က ကောင်းကင်နဂါးများကို ရင်ဆိုင်စဉ်က လီယန်ချူး၏ ကိုယ်ပေါ်ရှိ နတ်ဘုရား အရှိန်အဝါမှာ အလွန်ပင် ထူထပ်လှသည်။

သူ၏ မျက်လုံးအစုံမှ ထွက်ပေါ်လာသော အလင်းတန်းမှာ အလွန်ပင် အစွမ်းထက်သဖြင့် ဤအစီရင်၏ နောက်ကွယ်မှ နက်နဲသော လျှို့ဝှက်ချက်များကို ဖောက်ထွင်းမြင်နိုင်ခဲ့သည်။ နတ်ဘုရားစွမ်းအား၏ အကူအညီဖြင့် ထိုအရာများကို နားလည်ရန်မှာ လီယန်ချူးအတွက် အလွန်ပင် လွယ်ကူလှ၏။

ထို့ကြောင့် သူသည် အစီရင်အတွင်းမှ နဂါးသွေး အဆီအနှစ် ကိုးစက်ကို တစ်ပါတည်း လုယူလိုက်ပြီး အဖြူရောင်ဝတ် လူငယ်၏ နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ကိုပါ ပုံတူကူးယူခဲ့ခြင်း ဖြစ်သည်။

လီယန်ချူး၏ အစီရင်မှာ အတုအယောင်မျှသာ ဖြစ်သဖြင့် စွမ်းအား သိပ်မကြီးမားသော်လည်း ယခုကဲ့သို့ ဒဏ်ရာအပြင်းအထန် ရနေသော လူငယ်အတွက်မူ စိတ်ဓာတ်ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

"ဟာသပဲ ငါ့ရဲ့ ငရဲတောင်က မင်းတို့ ရှန်ရှန်းနန်းဆောင်ထက် နိမ့်ကျတယ်လို့ ထင်နေတာလား"

လီယန်ချူးက အေးစက်စွာ ပြောလိုက်သည်။

"ကောင်းပြီ ကောင်းလှချေလား ငရဲတောင် မင်းတို့က နောက်ကွယ်ကနေ ဒီလောက်ကြီးမားတဲ့ အစီအစဉ်ကြီးကို ချထားတာကိုး "

အဖြူရောင်ဝတ် လူငယ်မှာ ဒေါသထွက်လွန်းသဖြင့် သွေးများပင် ထပ်မံ အန်ထုတ်ချင်လာတော့သည်။

သူသည် သူ၏ လက်ထဲမှ သတင်းပေး ကျောက်ပြား ကို ချက်ချင်းပင် ချေဖျက်လိုက်သည်။ ဤတာအိုဆရာ လူငယ်မှာ ငရဲတောင်က စေလွှတ်လိုက်သည့် စစ်တုရင်ရုပ်တစ်ခု ဖြစ်ကြောင်း သတင်းကို နန်းဆောင်သို့ ပေးပို့လိုက်ခြင်း ဖြစ်၏။

"ငိုးပဲ ငရဲတောင် ငါ မင်းတို့နဲ့ လုံးဝ အဆင်မပြေနိုင်ဘူး"

အဖြူရောင်ဝတ် လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထောင်သောင်းချီသော ဓားချီများကို ပေါက်ကွဲစေလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုကြယ်စင်မြစ် ဓားချီများမှာ အားနည်းပြီး ကျဲတောက်နေချေပြီ။ တစ်နည်းအားဖြင့် ပြောရလျှင် ယခင်ကကဲ့သို့ ခန့်ညားထည်ဝါမှု မရှိတော့ပေ။

လီယန်ချူးသည် နတ်ဘုရားစွမ်းအားက ပေးဆောင်သော အစွမ်းထက်သော အာရုံခံစားမှုဖြင့် တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ကို ထိန်းချုပ်နေရင်း အဖြူရောင်ဝတ် လူငယ်၏ ကျောက်ပြား ချေဖျက်လိုက်သော လှုပ်ရှားမှုကို အထင်အရှား မြင်လိုက်ရသည်။ သူသည် ကြီးမားသော လက်ဝါးကြီးကို ဆန့်ထုတ်လိုက်ပြီး အဖြူရောင်ဝတ် လူငယ်ကို လက်ဖဝါးထဲ၌ ဖမ်းဆုပ်လိုက်တော့သည်။

"ငါ ပြောတာကို မင်းက တကယ်ယုံသွားတာလား၊ မင်းက ကျင့်စဉ်တွေ ကျင့်လွန်းလို့ ဦးနှောက်များ ပျက်သွားပြီလား "

လီယန်ချူးက မချိပြုံး ပြုံးလိုက်မိသည်။

"မင်း..."

အဖြူရောင်ဝတ် လူငယ်မှာ ကြောင်အသွားပြီးနောက် မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည် သူ၏ လက်ထဲတွင် သတင်းပေး ကျောက်ပြားမှာ တစ်ခုတည်းသာ ရှိပြီး ခုနကပင် သူ ချေဖျက်လိုက်ပြီ ဖြစ်သည်။

လီယန်ချူး၏ လက်ထဲတွင် ရွှမ်းကျီကောင်းကင်မီး များ ထွက်ပေါ်လာပြီး ဤယန်ဝိညာဉ်၏ ဝိညာဉ်စွမ်းအားများကို လောင်ကျွမ်းဖျက်ဆီးရန် ပြင်တော့သည်။

အဖြူရောင်ဝတ် လူငယ်မှာ ထိတ်လန့်တကြား ဖြစ်သွား၏ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ပေါက်ကွဲစေလိုက်သည်။

ဝုန်း

ထိုစွမ်းအားမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း တောင်ပိုင်းမီးနတ်ဘုရား၏ လက်ဝါးကြီးကို အတင်းအကျပ် တွန်းဖယ်လိုက်နိုင်၏။ အလင်းတန်းတစ်ခုသည် လီယန်ချူး၏ လက်ထဲမှ လွတ်မြောက်ကာ ထွက်ပြေးသွားတော့သည်။

"ခုနက အငွေ့အသက်က..."

"နတ်ဘုရား အငွေ့အသက် လား"

လီယန်ချူးမှာ ခဏမျှ ကြောင်အသွားသည်။

သူသည် ကျန်းထင်ရှန်း သို့ ရောက်ခဲ့စဉ်က မာ နတ်မဘုရားက သူ့ကို ခရမ်းရွှေရောင် အငွေ့အသက် များ လက်ဆောင်ပေးခဲ့ဖူးသည်။

ထိုခရမ်းရွှေရောင် အငွေ့အသက်မှာ နတ်ဘုရား အငွေ့အသက် တစ်မျိုးဖြစ်ပြီး အလွန်ပင် မြင့်မြတ်လှသည်။ ခုနက အဖြူရောင်ဝတ် လူငယ် ထုတ်ဖော်လိုက်သော စွမ်းအားမှာ သူ၏ ခရမ်းရွှေရောင် အငွေ့အသက်နှင့် အလွန်ပင် ဆင်တူလှသည်။

သူသည် ထိုအလင်းတန်း၏ နောက်သို့ လိုက်လံ ဖမ်းဆီးရင်း အပြန်အလှန် လိုက်တမ်းပြေးတမ်း ကစားနေကြတော့သည်။ ထိုအလင်းတန်းမှာ အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားသော်လည်း လီယန်ချူး၏ ထိတ်လန့်ဖွယ် မီးလျှံတန်ခိုးများ၏ ဝိုင်းရံမှုကို ခံနေရသည်။ နောက်ဆုံးတွင် ထိုအလင်းတန်းမှာ တောနက်ကြီးတစ်ခုအတွင်းသို့ ကျဆင်းသွားတော့သည်။

လီယန်ချူးသည်လည်း ဓာတ်ငါးပါးမြေလျှိုးအတတ် ကို အသုံးပြုကာ နောက်မှ လိုက်ပါသွားခဲ့၏။

ထိုတောနက်ကြီးအတွင်း၌ ရှေးဟောင်း ဘုရားကျောင်းတစ်ခု ရှိနေသည်။ ၎င်းမှာ သာမန် တောင်စောင့်နတ်ကျောင်းများထက် အနည်းငယ် ပို၍ ကြီးမားလှသည်။

သို့သော် မြင်ရသည်မှာ အလွန်ပင် ရှေးကျလှပြီး ဗိသုကာ လက်ရာများမှာလည်း ကြမ်းတမ်းလှကာ ကန်နိုင်ငံတွင် ခေတ်စားနေသော ဘုရားကျောင်း လက်ရာမျိုးနှင့် မတူပေ။ ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပုံရသည်။

အဖြူရောင်ဝတ် လူငယ်သည် ထိုဘုရားကျောင်းအတွင်းမှ ထူးခြားသော အငွေ့အသက်တစ်ခုကို ခံစားမိလိုက်ရာ မျက်လုံးများ လင်းလက်သွားတော့သည်။

"မမျှော်လင့်ဘဲ ဒီနေရာမှာ အသက်ရှင်ဖို့ အခွင့်အရေး တစ်ခု ရှိနေပါလား "

သူသည် ဘာကိုမျှ မစဉ်းစားတော့ဘဲ အံကို တင်းတင်းကြိတ်ကာ ထိုဘုရားကျောင်းအတွင်းသို့ လျှိုးဝင်သွားတော့သည်။

လီယန်ချူးသည် အဖြူရောင်ဝတ် လူငယ်၏ အရှိန်အဝါကို အမြဲတမ်း ပစ်မှတ်ထားနေခဲ့သော်လည်း ထိုလူငယ် ဘုရားကျောင်းအတွင်းသို့ ဝင်သွားပြီးနောက်တွင်မူ ရုတ်တရက် အစပျောက်ကာ ပျောက်ကွယ်သွားတော့သည်။

"ဒီဘုရားကျောင်းက တစ်ခုခုတော့ မှားနေပြီ"

လီယန်ချူးက မျက်မှောင်ကြုတ်လိုက်မိသည်။ ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူသည်လည်း ထိုဘုရားကျောင်းအတွင်းသို့ လိုက်ပါသွားတော့သည်။

ထိုအဖြူရောင်ဝတ် လူငယ် ပိုင်ဆိုင်သည့် အတတ်ပညာများမှာ အလွန်ပင် အစွမ်းထက်လှပြီး တတိယအဆင့် အလယ်ပိုင်း ကျင့်ကြံသူလည်း ဖြစ်ရာ အကယ်၍သာ ထွက်ပြေး လွတ်မြောက်သွားခဲ့လျှင် နောက်ဆက်တွဲ ပြဿနာများမှာ မတွေးဝံ့စရာပင်။

သေချာပေါက် အမြစ်ပြတ် သတ်ပစ်ရမည်။

သူသည် ဘုရားကျောင်းအတွင်းသို့ ဝင်လိုက်သည်နှင့် သူ၏ မြင်ကွင်းမှာ တစ်ခဏချင်းအတွင်း လင်းထိန်သွားတော့သည်။ လီယန်ချူးက ခေါင်းမော့ကြည့်လိုက်ရာ...

မိမိကိုယ်မိမိ ကျယ်ပြောလှသော ကမ္ဘာတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

နတ်ဘုရားတောင် တစ်လုံးသည် ကောင်းကင်ယံ၌ လွင့်မျောနေ၏။ ကြီးမားသော ကျောက်တုံးကြီးများစွာမှာလည်း ထိုနတ်ဘုရားတောင်၏ ဘေးပတ်ပတ်လည်တွင် ကောင်းကင်ယံ၌ပင် လွင့်မျောနေကြသည်။

နားထဲတွင် ကျယ်လောင်လှသော တရားရွတ်ဖတ်သံကြီးကို ကြားနေရပြီး နတ်ဘုရားတောင် တစ်ခုလုံးမှာလည်း ငါးရောင်ခြည် အလင်းတန်းများ လွှမ်းခြုံကာ ခရမ်းရောင် အငွေ့အသက်များ ဝေဖြာနေတော့သည်။

"မမျှော်လင့်ဘဲ ဒီဘုရားကျောင်းထဲမှာ နောက်ထပ် ကမ္ဘာတစ်ခု ရှိနေပါလား "

လီယန်ချူးမှာ ခဏမျှ ကြောင်အသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ဘုရားကျောင်း တံခါးမှာ ရှိနေဆဲပင် ဖြစ်သည်။

ယခင်က သူ ဝင်လိုက်သည့် အခိုက်အတန့်တွင် ဘုရားကျောင်းအတွင်း၌ ရှေးဟောင်း နတ်ဘုရားရုပ်တု တစ်ခုကို တွေ့လိုက်ရပြီး ၎င်းမှာ သက်လတ်ပိုင်း တာအိုဆရာတစ်ဦးနှင့် တူလှသည်။

သို့သော် မမျှော်လင့်ဘဲ တံခါးဝသို့ ဝင်လိုက်သည်နှင့် နောက်ထပ် ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

သူသည် အဖြူရောင်ဝတ် လူငယ်၏ ဝိညာဉ်အလင်းတန်းမှာ ထိုနတ်ဘုရားတောင်ဆီသို့ ဦးတည်ပျံသန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

လီယန်ချူး၏ မျက်နှာမှာ အေးစက်သွားပြီး ခြေတစ်လှမ်း လှမ်းကာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

All Chapters