အခန်း (၆၇၇-၆၇၈)
Vol. 68 Ch. 677-678
အခန်း (၆၇၇) - ကံကြမ္မာလျှို့ဝှက်ချက်ကို ဖုံးကွယ်ခြင်း ၊ ပုံလိုင်နတ်တောင် ၊ နတ်ဘုရားအတတ် ၊ သန္ဓေပြောင်းလဲခြင်းအတတ်
"ဗိုက်ဝရဲ့လား" ဆိုင်ရှင်မက မေးလိုက်သည်။
"ဝပါပြီ၊ ခုနကတော့ နောက်ထပ် နှစ်လုံးလောက် ကျန်သေးတယ် ထင်နေတာ"
လီယန်ချူးက ပြုံး၍ နောက်ပြောင်လိုက်သည်။
ဆိုင်ရှင်မက လီယန်ချူးကို တစ်ချက်စောင်းကြည့်လိုက်ရာ ညှို့ဓာတ်ပြင်းလှသော အလှတရားများ လွင့်ပျံသွားတော့သည်။ သူမသည် အလုပ်ရှုပ်မခံတော့ဘဲ စားပွဲဘေးတွင် ကပ်ထိုင်ကာ လက်တစ်ဖက်ဖြင့် မေးထောက်လျက် စားပွဲပေါ်သို့ မှီချထားလိုက်သည်။
ဆိုင်ရှင်မက ဆို၏။
"မနေ့က ကောင်းကင်ယံအထိ ထိုးတက်သွားတဲ့ အလင်းတန်းကို ငါမြင်လိုက်တယ်၊ ဒါဟာ ကံကောင်းခြင်းတွေကို တိုးပွားစေတဲ့ ရှားပါးရတနာတစ်ခုပဲ မဟုတ်လား"
လီယန်ချူးက ရယ်မောကာ
"မင်းမျက်စိကို ဘာမှ ဖုံးကွယ်လို့မရပါလား၊ တကယ်ကို တော်တာပဲ"
"ဒါနဲ့... ဒီလောက်တောင် အစွမ်းထက်နေပြီဆိုမှတော့ အဲဒီမိန်းကလေးတွေကို တကယ့်ကို ပို့ဆောင်ပေးဖို့ လိုသေးလို့လား"
ဆိုင်ရှင်မက လေသံအေးအေးဖြင့် မေးလိုက်သည်။
"ဝေမြို့က အခြေအနေကို ငါကြည့်ရသလောက် ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတယ်။ နောင်မှာ တခြားသော နတ်ဘုရားနယ်မြေ တွေလည်း ထပ်ပြီး ပေါ်လာဦးမယ့်ပုံပဲ။ အဲဒီတော့ အစောကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားလိုက်တာက ပိုပြီး အေးချမ်းတာပေါ့"
လီယန်ချူးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
တည်းခိုးခန်းအတွင်း၌ ကြမ်းတိုက်နေသော စားပွဲထိုးလေးမှာ ရုတ်တရက် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ကြောင်အသွားသည်။
"ဟမ်... အဲဒီ အလှနတ်သမီးလေးတွေ ဘယ်ရောက်ကုန်ပါလိမ့်"
သူ့ဦးနှောက်ထဲတွင် လှပသော မျက်နှာလေးများ၊ ထူးခြားသော အရှိန်အဝါရှိသည့် မိန်းကလေးများ၏ ပုံရိပ်များ ပေါ်လာသော်လည်း ခဏအကြာတွင် ထိုမှတ်ဉာဏ်များမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ သူလည်း နက်နက်နဲနဲ ဆက်မတွေးတော့ဘဲ အလုပ်ကိုသာ ဆက်လုပ်နေမိသည်။ သို့သော် ယနေ့ အလုပ်က ပုံမှန်ထက် ပိုများနေသကဲ့သို့ ခံစားနေရသည်။
ထိုစဉ် ရိုးရှင်းသော တာအိုဝတ်စုံကို ဝတ်ဆင်ကာ ခေါင်းတွင် အနက်ရောင် သစ်သားဆံထိုး ထိုးထားသည့် ခန့်ညားသော လီယန်ချူးနှင့် သူတို့၏ ဆိုင်ရှင်မတို့ အတူတကွ ထွက်လာသည်ကို မြင်သောအခါ စားပွဲထိုးလေးက ပြုံး၍ နှုတ်ဆက်လိုက်သည်။
...
ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ
တည်းခိုးခန်းအတွင်းရှိ လူများနှင့် ဝေမြို့အနီးတစ်ဝိုက်မှ လူများ၏ မှတ်ဉာဏ်ထဲတွင် ယခင်က ရှိနေခဲ့သော ချောမောလှပသည့် အမျိုးသမီးများအကြောင်းမှာ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
စျေးသည်များ၊ သူဌေးမင်းများ၊ လူတန်းစားပေါင်းစုံတို့မှာ ထိုက်ဖင်တည်းခိုးခန်း သို့ ပုံမှန်အတိုင်း ပြန်လည် စည်ကားလာကြသည်။
တည်းခိုးခန်း၏ မီးဖိုချောင်တွင်လည်း အေးအေးဆေးဆေးနေတတ်သော လီချွေလျန် အမည်ရှိ စားဖိုမှူးအသစ် တစ်ယောက် ရောက်လာသည်။ သူသည် လီကျားကုကျေးရွာမှ တစ်ဦးတည်းသော သားဖြစ်ပြီး မြို့တော်ရှိ နာမည်ကြီးစားသောက်ဆိုင်များတွင် လက်ရာပြခဲ့ဖူးသူဟု ဆိုကြသည်။ သူက လူရိုးလေးဖြစ်သလို လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်ပြေလှသည်။
အမှန်စင်စစ် လုပ်ဖော်ကိုင်ဖက်များမှာ တစ်ခါတစ်ရံတွင် အပြာရောင်အဝတ်အစားကို ဝတ်ကာ ဆံပင်ထုံးထားသော ပုံရိပ်တစ်ခုကို သတိရတတ်သလို "ချွေလျန်" ဆိုသည့် အမည်ကို ကြားသောအခါတွင်လည်း တစ်စုံတစ်ခုကို ဝေဝေဝါးဝါး ခံစားမိတတ်ကြသည်။
ထိုနေ့က...
လီယန်ချူးသည် သူ၏ စွမ်းအားကို အသုံးပြု၍ မှော်လွန်းပျံ ဖြင့် ထိုအမျိုးသမီးများကို ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် အမှောင်ဖုံးကွယ်ခြင်း အတတ်ကို အသုံးပြု၍ သူတို့၏ ကံကြမ္မာလျှို့ဝှက်ချက် ကို ဖုံးကွယ်ပေးခဲ့သည်။
ပတ်သက်မှု နက်နက်ရှိုင်းရှိုင်း မရှိသူများမှာ မျက်စိတစ်မှိတ်အတွင်း မေ့လျော့သွားကြမည်သာ ဖြစ်သည်။
ခုနစ်ရက်၊ ရှစ်ရက်ခန့် ကုန်လွန်ပြီးနောက် လီယန်ချူးက ထိုကိစ္စကို မတော်တဆ ထုတ်ပြောမိသော်လည်း တည်းခိုးခန်းရှိ စားပွဲထိုးလေးမှာ လုံးဝ မမှတ်မိတော့ပေ။
ထို့အပြင် ယခင်က ယွန်းနျန်း ဆိုသည့် အမျိုးသမီး ရှိခဲ့ဖူးကြောင်းကိုပင် လုံးဝ မမှတ်မိတော့ဘဲ ထိုမှတ်ဉာဏ်မှာ သူ့အလိုလို ပြင်ဆင်ပြီးသား ဖြစ်နေတော့သည်။
"အမှောင်ဖုံးကွယ်ခြင်း... ကံကြမ္မာလျှို့ဝှက်ချက်ကို ဖုံးကွယ်တယ်ဆိုတာ ဒါကို ပြောတာလား"
လီယန်ချူးက ရေရွတ်လိုက်သည်။
သူသည် မိမိကိုယ်ကိုယ်လည်း ပြန်လည် တွေးတောမိသော်လည်း ထိုအတွေးမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ဟွမ်ထင်တာအိုကျမ်း ထဲက အတတ်ပညာများမှာ သူ ဆက်လက်၍ လေ့လာဆည်းပူးရန် ထိုက်တန်လှပေသည်။
ယခုအခါ ချင်းယွန်းကျောင်း မှာ မူလပုံစံအတိုင်း ပြန်လည် ပြုပြင်ပြီးစီးသွားပြီ ဖြစ်သည်။ အသစ်စက်စက် ဖြစ်နေသည်မှလွဲ၍ ကျန်သည်မှာ အားလုံး အတူတူပင်။ လီယန်ချူးသည် ကျောင်းတော်ကို ကြီးကြီးကျယ်ကျယ် တည်ဆောက်ပြီး လူစုဆောင်းကာ အလှူခံရန် စိတ်ကူးမရှိပေ။
သူသည် ကျောင်းတော်အတွင်းသို့ ဝင်လာကာ လက်ဖဝါးကို ဖြန့်လိုက်ရာ အလင်းတန်းများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ တစ်လံပတ်လည်ခန့်ရှိသော ကျောက်တုံးကြီး တစ်တုံး ကျလာသည်။ ထိုကျောက်တုံးမှာ ကြည့်ရသည်မှာ သာမန်ကျောက်တုံးကဲ့သို့ပင် ဖြစ်သော်လည်း ၎င်းအပေါ်၌ ဆန်းကြယ်သော အရှိန်အဝါများ ကိန်းဝပ်နေ၏။
ဒါက လက်သမားများ ချင်းယွန်းကျောင်းကို ပြန်လည်ပြုပြင်စဉ်က မြေကြီးထဲမှ မတော်တဆ တူးဖော်မိခဲ့ခြင်း ဖြစ်သည်။ ဤကျောက်တုံးကြီးအတွင်း၌ ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေကြောင်း လီယန်ချူး အာရုံခံမိပြီး ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားအရှိန်အဝါ တစ်ခုပင် ဖြစ်သည်။
ဤတွေ့ရှိမှုက သူ့ကို အံ့အားသင့်စေသည်။ သူသည် ထိုကျောင်းတော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း မိမိကျောင်းတော်၏ မြေအောက်၌ နတ်ဘုရားကျောက်တုံး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤကျောက်တုံးအနီးတွင် ကျင့်ကြံပါက ကျင့်စဉ်တိုးတက်မှုနှုန်းကို မြန်ဆန်စေသည်။
လီယန်ချူး၏ ဟွမ်ထင်တာအိုကျမ်း ကျင့်စဉ် လျင်မြန်စွာ တိုးတက်လာခြင်းမှာလည်း ဤကျောက်တုံးနှင့် မကင်းပေ။
တစ်ခါက သူ နက်နက်ရှိုင်းရှိုင်း တရားဝင်စားနေစဉ် တိမ်ထူထပ်သော တောင်တန်းကြီးတစ်ခုပေါ်ရှိ နတ်ဘုရားတောင် ကြီးကို မြင်လိုက်ရသည်။
ထိုတောင်၏ တံခါးဝတွင် "ပုံလိုင်" ဟု ရေးထိုးထားသည်ကို တွေ့ရ၏။ ထိုတစ်ကြိမ် တရားဝင်စားမှုက သူ၏ ဝိညာဉ်အနှစ်သာရ ကို တစ်နှစ်စာ ကျင့်ကြံမှုထက်ပင် ပို၍ တိုးတက်သွားစေခဲ့သည်။
ယခုအခါ လီယန်ချူးသည် ထိုနတ်ဘုရားကျောက်တုံးကို ဖြည်းညှိးစွာ ပွတ်သပ်ရင်း တွေးတောနေမိသည်။
"ပုံလိုင်လား..."
"ဆရာ... ကျောင်းတော်အောက်မှာ ပုံလိုင်ကလာတဲ့ နတ်ဘုရားကျောက်တုံးရှိနေတာကို ဆရာ သိခဲ့ရဲ့လား"
ဟု သူ တိုးတိုးလေး ရေရွတ်မိသည်။
သူ ကျင့်ကြံနေစဉ် ထိုကျောက်တုံးကို ဘေးနားတွင် ထားရှိလိုက်သည်။ ဟွမ်ထင်တာအိုကျမ်းကို လည်ပတ်လိုက်သောအခါ ခန္ဓာကိုယ်အတွင်းရှိ တာအိုစွမ်းအားများ ပိုမို အားကောင်းလာသလို တိုးတက်မှုနှုန်းမှာလည်း အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။
ထူးဆန်းသည်မှာ ယန်ဝိညာဉ် အဆင့်သို့ ရောက်ရှိပြီးနောက် ဟွမ်ထင်တာအိုကျမ်း၏ တတိယအဆင့် ကျင့်စဉ်များကို ပြန်ဖတ်ကြည့်သောအခါ နားလည်မှုအသစ်များစွာ ရရှိလာခြင်း ဖြစ်သည်။
သာမန် တာအိုကျင့်စဉ်များမှာ လူတစ်ယောက်ကို ဒုတိယအဆင့် ယင်ဝိညာဉ် အထိ ရောက်အောင် ပို့ဆောင်နိုင်လျှင်ပင် အလွန်မြင့်မြတ်သော ကျင့်စဉ်ဟု ခေါ်ဆိုနိုင်သော်လည်း၊ ဟွမ်ထင်တာအိုကျမ်းတွင်မူ ယန်ဝိညာဉ်ကျင့်စဉ်များကို အသေးစိတ် ဖော်ပြထားရုံတင်မကဘဲ စွမ်းအားနယ်ပယ် ကိုလည်း တိကျစွာ ရေးသားထားသည်။
ဤနေရာတွင် "တာအိုသက်တမ်း " ဟူသော အယူအဆတစ်ခု ပါဝင်လာသည်။ မူရင်းစာသားမှာ အလွန်ပင် နက်နဲခက်ခဲသော်လည်း လီယန်ချူးမှာ နှစ်ပေါင်းများစွာ တရားကျင့်ခဲ့သူဖြစ်သလို ယခုအခါ ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိကာ သဘာဝတရားနှင့် တစ်သားတည်း ဖြစ်နေသဖြင့် နက်နက်ရှိုင်းရှိုင်း နားလည်သွားသည်။
သူ၏ အယူအဆအရ ဤ "တာအိုသက်တမ်း" မှာ စွမ်းအားကို တိုင်းတာသည့် ယူနစ်တစ်ခု ဖြစ်သည်။ ဟွမ်ထင်တာအိုကျမ်း၏ မှတ်တမ်းအရ လက်ရှိတွင် သူသည် တာအိုသက်တမ်း (၈၀၀) ခန့် ရှိနေပြီး ၎င်းမှာ သာမန် ယန်ဝိညာဉ်အဆင့်သို့ စတင်ရောက်ရှိသူထက် နှစ်ပေါင်း (၃၀၀) ခန့် ပို၍ သာလွန်နေခြင်း ဖြစ်သည်။
ကျင့်စဉ်အလိုက် တစ်နှစ်ကျင့်ကြံလျှင် တိုးတက်မည့် တာအိုသက်တမ်းမှာ မတူညီကြပေ။ ၎င်းအပြင် ဆေးဝါးများ၊ ရတနာများ သုံးစွဲမှုနှင့် တရားထူးရရှိမှု အပေါ်တွင်လည်း မူတည်နေသည်။ ထို့အပြင် ဗုဒ္ဓဘာသာနှင့် တာအိုကျင့်ကြံသူများ၏ တာအိုသက်တမ်းမှာ မိစ္ဆာများထက် ပို၍ မြင့်မားသည်။
"မိစ္ဆာစွမ်းအား တစ်ထွာရှိလျှင် တာအိုစွမ်းအားက တစ်လံရှိသည်" ဆိုသည့်အတိုင်း တာအိုသက်တမ်း နှစ်တစ်ထောင်ရှိသော မိစ္ဆာကြီးမှာ တာအိုသက်တမ်း နှစ်ငါးရာရှိသော လူသားကျင့်ကြံသူကို အနိုင်ရရန် မလွယ်ကူခြင်းမှာ ဤသဘောပင် ဖြစ်သည်။
လီယန်ချူးသည် အဖိုးအိုဆံဖြူ ပေးအပ်ခဲ့သော နှစ်တစ်ထောင် စတော်ဘယ်ရီသီး ကို ထုတ်ယူကာ စားသုံးလိုက်သည်။ ချက်ချင်းပင် စစ်မှန်သော ယန်စွမ်းအား များမှာ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။ ထိုစွမ်းအားများကို သူ၏ကျင့်စဉ်က စုပ်ယူလိုက်ရာ စွမ်းအားများမှာ လျင်မြန်စွာ ကြီးထွားလာသည်။
လီယန်ချူးသည် တရားဝင်စားမှုအတွင်းသို့ နစ်ဝင်သွားကာ စွမ်းအားများကို အကြိမ်ကြိမ် လည်ပတ်စေပြီးနောက် မျက်လုံးများကို ဖြည်းညှိးစွာ ဖွင့်လိုက်သည်။
သူ၏ ဝိညာဉ်အနှစ်သာရမှာ ပိုမိုခိုင်မာလာသလို ၎င်းအတွင်းရှိ ယန်အရှိန်အဝါများမှာလည်း ပိုမို ထူထပ်လာသည်။ ခန္ဓာကိုယ်အတွင်းရှိ တာအိုစွမ်းအားများမှာလည်း အလွန်ပင် တိုးတက်သွားခဲ့ပြီ။
ဟွမ်ထင်တာအိုကျမ်း၏ တိုင်းတာမှုအရ သူ စစ်ဆေးကြည့်လိုက်သောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။
"နှစ်တစ်ထောင် တာအိုသက်တမ်း"
သူ ပြုံးပျော်သွားတော့သည်။ ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် တာအိုသက်တမ်း နှစ်ပေါင်း (၂၀၀) ခန့် တိုးတက်သွားခြင်း ဖြစ်ရာ ထိုအဖိုးအိုမှာ တကယ့်လူကောင်းတစ်ယောက် ဖြစ်ပေသည်။
ထို့နောက် လီယန်ချူးသည် နှစ်တစ်ထောင် သစ်ပင်မိစ္ဆာ ပေးအပ်ခဲ့သော မှတ်တမ်းကျောက်စိမ်း ကို ထုတ်ကြည့်လိုက်သည်။ ထိုထဲတွင် တာအိုအတတ် အချို့ကို ရေးသားထားသည်။
သာမန်မျက်စိဖြင့် ကြည့်လျှင် အလွန်ဆန်းကြယ်သော်လည်း လီယန်ချူးအတွက်မူ ဟွမ်ထင်တာအိုကျမ်းလောက် မမှန်ကန်ပေ။ ဟွမ်ထင်တာအိုကျမ်းပါ အတတ်ပညာများ၏ အမည်မှာ ထူးဆန်းနေတတ်သော်လည်း စွမ်းအားမှာမူ တကယ့်ကို အစစ်အမှန် ဖြစ်သည်။ လျှံထွက်နေသော အမည်နာမများ မရှိသော်လည်း အာနိသင်မှာ ထိရောက်လှသည်။
သူ သက်ပြင်းချလိုက်မိသည်။
ဤအတတ်များမှာ ကောင်းမွန်သော်လည်း သူ ကျင့်ထားပြီးသား အတတ်များနှင့် ထပ်နေသဖြင့် ကျင့်ရန် မလိုအပ်တော့ပေ။
သို့သော် သူ၏ အသိစိတ် ကို ပြန်ရုပ်သိမ်းရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဝိညာဉ်အတွင်းမှ ခရမ်းရွှေရောင် အရှိန်အဝါများ မှာ လှုပ်ခတ်လာပြီး သဘာဝအသိ တစ်ခု ပေါ်ပေါက်လာသည်။ သူ၏ အမှောင်ဖုံးကွယ်ခြင်း အတတ်မှာ ပိုမို မြင့်မားလာသည်နှင့်အမျှ ဝေဝါးနေသော ကံကြမ္မာလျှို့ဝှက်ချက်များကို အာရုံခံနိုင်စွမ်းမှာလည်း တိုးတက်လာခြင်း ဖြစ်သည်။
သူသည် သူ၏ ပြင်းထန်သော အသိစိတ်များကို ထိုကျောက်စိမ်းအတွင်းသို့ အဆက်မပြတ် ထည့်သွင်းလိုက်သည်။
ကျောက်စိမ်းမှာ အလင်းတန်းများ တောက်ပလာကာ လီယန်ချူး၏ အသိစိတ်များ ပြည့်လျှံသွားသောအခါ ကွဲအက် သံနှင့်အတူ ကျောက်စိမ်းမှာ ကြေမွသွားတော့သည်။ လီယန်ချူးမှာ နှမြောခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် နက်နဲလှသော တာအိုအတတ် တစ်ခုမှာ သူ၏ ဝိညာဉ်အနှစ်သာရအတွင်းသို့ စီးဝင်လာသောကြောင့် ဖြစ်၏။
"သန္ဓေပြောင်းလဲခြင်းအတတ် "
လီယန်ချူးသည် မျက်လုံးများကို ဖွင့်လိုက်ရာ ၎င်းအတွင်း၌ အလွန်အမင်း ဝမ်းသာနေသော အရိပ်အယောင်များ ပေါ်လာသည်။
ဤအတတ်မှာ ရုပ်ဖျက်အတတ် ဖြစ်ပြီး စွန်းဝူခုံး၏ ခုနစ်ဆယ့်နှစ်ပါးသော ပြောင်းလဲခြင်းအတတ် နှင့် ဆင်တူလှသည်။ အလွန်ပင် ဆန်းကြယ်လှသဖြင့် ဘေးဒုက္ခအပေါင်းကို ရှောင်ကွင်းနိုင်သလို၊ ဤအတတ်မှာ သူ့အား နတ်ဘုရားအဆင့်အထိ အဖော်ပြုပေးနိုင်မည့် အတတ်ကြီး ဖြစ်သည်။
ထိုအချိန်တွင်ပင် ဆိုင်ရှင်မမှာ ရုတ်တရက် ခေါင်းမော့ကာ ချင်းယွန်းကျောင်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ချင်းယွန်းကျောင်း၏ အထက် ကောင်းကင်ယံတွင် ဆန်းကြယ်သော အရှိန်အဝါများ ဖြာထွက်နေသည့် အလင်းကွက်ကြီးတစ်ခု ပေါ်နေ၏။ ထိုအလင်းကွက်ထဲမှ နတ်ဘုရားအလင်းတန်း တစ်ခုမှာ ကျောင်းတော်အတွင်းသို့ ကျဆင်းသွားသည်။ ၎င်းမှာ သာမန်လူသားများ မမြင်နိုင်သော်လည်း နတ်မျက်စိ ရရှိထားသော ကျင့်ကြံသူများသာ မြင်နိုင်သောအရာ ဖြစ်သည်။
"နတ်ဘုရားအတတ် လား"
ဆိုင်ရှင်မမှာ ခဏမျှ ကြောင်အသွားတော့သည်။
အခန်း (၆၇၈) - နတ်ဘုရားအတတ် အောင်မြင်ခြင်း ၊ နောင်တစ်ချိန်မှည ငါလည်း နတ်ဘုရားနယ်မြေတစ်ခုတည်ဆောက်မည် ၊ ရွှေအမြုတေ ဖြစ်တည်ခြင်း ၊ ငါ့ဇနီးကို ကယ်တင်ပေးပါဦး
သန္ဓေပြောင်းလဲခြင်းအတတ် ဆိုသည်မှာ ထိပ်တန်း တာအိုအတတ်တစ်ခုဖြစ်ပြီး သာမန် ရုပ်ဖျက်အတတ်များနှင့် လုံးဝမတူပေ။
မိစ္ဆာမျိုးနွယ်များတွင်လည်း ရုပ်သွင်ပြောင်းလဲနိုင်သော အတတ်များ ရှိသော်လည်း အသိစိတ် ပြင်းထန်သော ကျင့်ကြံသူများက အလွယ်တကူ ရိပ်မိနိုင်ကြသည်။ သို့သော် သန္ဓေပြောင်းလဲခြင်းအတတ်မှာမူ ဘေးဒုက္ခအပေါင်းမှ အမှန်တကယ် ပုန်းကွယ်နိုင်သော အတတ်ပညာကြီး ဖြစ်သည်။
သို့သော်လည်း လီယန်ချူးမှာ ထိုအဆင့်အထိ မရောက်သေးသဖြင့် ဤအစွမ်းကို အပြည့်အဝ မထုတ်ဖော်နိုင်သေးပေ။
ဤအတတ်၏ ကျင့်စဉ်များမှာ အလွန်ပင် နက်နဲခက်ခဲလှရာ နားလည်ရန်ပင် ခဲယဉ်းလှသဖြင့် အောင်မြင်အောင် ကျင့်ကြံရန်မှာ ပို၍ပင် မလွယ်ကူလှပေ။
သာမန် ရုပ်ဖျက်အတတ်တစ်ခုကို ကျွမ်းကျင်ရန်ပင် သုံးနှစ်၊ ငါးနှစ်ခန့် အချိန်ပေးရတတ်သည်။ သက်မဲ့ပစ္စည်းများအဖြစ် ပြောင်းလဲခြင်းမှ စတင်ကာ ပုံစံတူရုံမျှမကဘဲ ရုပ်ရော နာမ်ပါ တူညီလာအောင် ကျင့်ကြံရခြင်း ဖြစ်သည်။
လီယန်ချူးသည် ထိုတာအိုအတတ်ကို အာရုံခံစားရင်း တစ်ခေါက် အစအဆုံး ဖတ်ရှုလိုက်သည်။
သူ စိတ်ကူးလိုက်ရုံဖြင့်ပင် ကျောင်းတော်အတွင်း၌ ထွားကြိုင်းသန်မာသော မုတ်ဆိတ်ဗလပွနှင့် လူကြမ်းကြီးတစ်ဦး ပေါ်လာတော့သည်။
ထို့နောက် အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားပြီး ဆံပင်ဖြူဖွေးနေသော အဖိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားပြန်သည်။ စာဆိုတော်၊ သူဌေးကြီး၊ ကလေးငယ်... စသည်ဖြင့် မိမိအလိုရှိသလို စိတ်ကြိုက် ပြောင်းလဲနိုင်လေသည်။
လီယန်ချူး စိတ်ညွှတ်လိုက်ပြန်ရာ အခန်းအတွင်း၌ အစင်းကျားနှင့် ကျားသစ်ကြီးတစ်ကောင်၊ ကြောက်မက်ဖွယ်ကောင်းသော ငှက်ရဲကြီးတစ်ကောင်တို့အဖြစ် အစီအရီ ပေါ်လာတော့သည်။ သူသည် မူလကိုယ်ယောင်ကို ပြန်လည်ဖော်လိုက်ပြီး ဝမ်းသာအားရ ပြုံးလိုက်မိသည်။
"ဒီလောက်မြန်မြန် ကျင့်ကြံအောင်မြင်သွားတာလား"
ထိုသန္ဓေပြောင်းလဲခြင်း အတတ်မှာ သူယခင် ကျင့်ခဲ့ဖူးသော တာအိုအတတ်များထက် အဆပေါင်းများစွာ ပို၍ နက်နဲရှုပ်ထွေးလှသည်။ မူလက အချိန်အတော်ပေးရမည်ဟု ထင်ထားသော်လည်း ယခုမူ တာအိုအတတ်များ ကျင့်ကြံရာတွင် သူ၏ စံချိန်ဟောင်းကိုပင် ချိုးဖျက်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ကျေနပ်အားရစွာဖြင့် စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ဆိုင်ရှင်မ၏ ပုံစံသို့ ပြောင်းလဲလိုက်သည်။ ထိုအခါ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ညှို့ဓာတ်ပြင်းလှသော အမျိုးသမီးတစ်ဦး ပေါ်လာတော့သည်။ သူသည် ရှစ်ခွင်မှန် ကို ထုတ်ယူကာ မှန်ထဲသို့ ကြည့်လိုက်ရာ စစ်မှန်သော ဆိုင်ရှင်မနှင့် တစ်ထေရာတည်း တူညီနေပြီး လုံးဝ ခွဲခြား၍မရနိုင်ကြောင်း တွေ့လိုက်ရသည်။
"ကောင်းလှတဲ့ တာအိုအတတ်ပါလား "
လီယန်ချူး သဘောကျသွားတော့သည်။
ထို့နောက် သူသည် ကျောင်းတော်အတွင်း၌ အခြားသော အသွင်ပြောင်းလဲခြင်းများကို ဆက်လက် စမ်းသပ်ကြည့်သည်။
စားပွဲ၊ ထိုင်ခုံ၊ ကျန့်ကျောင်းဓား၊ ရှစ်ခွင်မှန်၊ ပျံလွှားပိုးကောင်... ရဟန်း၊ တာအိုဆရာ၊ စာဆိုတော်၊ လောကီလူသား... စသည်ဖြင့် တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်ရာ နတ်ဘုရားအလင်းတန်းများ ရှိသော ရှစ်ခွင်မှန်ပင်လျှင် သူ၏ ရုပ်ဖျက်အတတ်ကို ဖောက်ထွင်း၍ မမြင်နိုင်ပေ။ ယခုတစ်ကြိမ်တွင်မူ လီယန်ချူး အလွန်ပင် စိတ်ကျေနပ်သွားရသည်။
မျက်နှာချင်းဆိုင် တည်းခိုးခန်းအတွင်းရှိ ဆိုင်ရှင်မမှာမူ အနည်းငယ် အံ့အားသင့်သွားပြီး သူမ၏ နီမြန်းသော နှုတ်ခမ်းလေးမှာ ဟသွားတော့သည်။
ကောင်းကင်ယံရှိ အလင်းကွက်ကြီးမှာ အဆက်မပြတ် ပြောင်းလဲနေပြီး လျင်မြန်စွာပင် စပါးစေ့ပုံသဏ္ဌာန်အဖြစ် ကြီးမားလာသည်ကို သူမ မြင်တွေ့နေရသည်။
"ဒီလောက်တောင် မြန်မြန် ကျင့်ကြံအောင်မြင်သွားတာလား"
ဆိုင်ရှင်မ ခဏမျှ ကြောင်အသွားသည်။
နတ်ဘုရားအတတ် ကို ကျင့်ကြံရန် ခက်ခဲမှုမှာ မကြီးမားလှသော်လည်း ၎င်းမှာ နတ်ဘုရားများအတွက်သာ ဖြစ်သည်။ မြေပြင်နတ်ဘုရား အဆင့်သို့ မရောက်သေးသော ကျင့်ကြံသူများအတွက်မူ နတ်ဘုရားအတတ်တစ်ခုမှာ အစွမ်းထက်လှသော လျှို့ဝှက်လက်နက်တစ်ခုပင် ဖြစ်၏။
အခြေခံအဆင့်ကို နားလည်ရန်ပင် ခက်ခဲလှသော်လည်း လီယန်ချူးမှာမူ ကျွမ်းကျင်ပိုင်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပုံရသည်။ သူမသည် ခဏမျှ မှိုင်တွေသွားပြီးမှ ပြုံးယောင်သန်းကာ လှည့်ထွက်သွားတော့သည်။
လီယန်ချူးသည် သန္ဓေပြောင်းလဲခြင်းအတတ်ကို အောင်မြင်ပြီးနောက် အထူးတလည် အာရုံစိုက်ကာ အဆင့်မြင့်ဆုံး နယ်ပယ်သို့ ရောက်ရှိရန် ဆက်လက် ကျင့်ကြံသည်။
သုံးရက်အတွင်းမှာပင် သိသိသာသာ တိုးတက်လာခဲ့သည်။ သူ မြင်တွေ့ခဲ့ဖူးသော လူမှန်သမျှကို ပြောင်းလဲနိုင်စွမ်း ရှိလာသည်။ သူသည် ဆိုင်ရှင်မထံသို့သွားကာ အစမ်းသပ်ခံကြည့်ရာ အပြင်ပန်း အရှိန်အဝါအရ လုံးဝ ခွဲခြား၍ မရနိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သို့သော်လည်း ဆိုင်ရှင်မ၏ မျက်လုံးများကမူ သူ၏ ရုပ်ဖျက်မှုကို ဖောက်ထွင်းမြင်နိုင်ဆဲ ဖြစ်သည်။ ဤအချက်က လီယန်ချူးကို အံ့အားသင့်စေသည်။
ကုသိုလ်အမှတ် တစ်သိန်းတန် ရှစ်ခွင်မှန်ကပင် မမြင်နိုင်သော်လည်း ဆိုင်ရှင်မက မြင်နိုင်သည်ဆိုခြင်းမှာ စဉ်းစားစရာ ဖြစ်နေသည်။ ယခင်က ရွှေရောင်ဦးဆောင်း ကို သုံးစဉ်ကလည်း ထိုနည်းအတိုင်းပင် ဆိုင်ရှင်မက သူ၏ ကိုယ်ယောင်ဖျောက်အတတ်ကို မြင်နိုင်ခဲ့သည်။
ထိုစဉ်က ရွှေရောင်ဦးဆောင်း တွင် အကန့်အသတ် ရှိသည်ဟု သူ ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းကို ဆောင်း၍ အပြင်ထွက်သောအခါ ယန်ဝိညာဉ်အဆင့် ပညာရှင်များပင် သူ့ကို ရှာမတွေ့ဘဲ အသတ်ခံခဲ့ရသည် မဟုတ်ပါလား။
ထိုအတောအတွင်း သူသည် သန္ဓေပြောင်းလဲခြင်းအတတ်ကိုသာမက အခြားသော တာအိုအတတ်များကိုလည်း လျစ်လျူမရှုခဲ့ပေ။ အမှောင်ဖုံးကွယ်ခြင်း အတတ်မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ထို့အပြင် အထူးဖော်ပြရမည်မှာ သူ၏ ရွှေအမြုတေ မှာ နောက်ဆုံးတွင် ဖြစ်တည်အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ယန်ဝိညာဉ်ကို စုစည်းပြီးနောက် ဝိညာဉ်အနှစ်သာရအတွင်း ယန်အရှိန်အဝါများ အလွန်ထူထပ်လာသလို ရွှမ်းကျီကောင်းကင်မီး ကိုလည်း သူ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
"ရေနှင့်မီးဖြင့် ရွှေအမြုတေကို သန့်စင်ခြင်း" ဆိုသည့်အတိုင်း သူ၏ ရွှေအမြုတေမှာ အပြည့်အဝ ဖြစ်တည်သွားခဲ့ပြီ ဖြစ်သည်။
ဒန်ထျန်အတွင်းရှိ စွမ်းအားပင်လယ်ထဲတွင် ရွှေရောင်ဝင်းပနေသော ရွှေအမြုတေတစ်ခုမှာ ငြိမ်သက်စွာ မျောလွင့်နေ၏။ ရွှေအမြုတေ ဖြစ်တည်ပြီးနောက် လီယန်ချူး၏ တာအိုသက်တမ်းမှာ တိုးမလာသော်လည်း သူ၏ တာအိုအတတ်အားလုံး၏ စွမ်းအားမှာ နှစ်ဆ မြင့်တက်သွားကြောင်း တွေ့လိုက်ရသည်။
သူ၏ လက်ရှိအဆင့်အတန်းနှင့် စွမ်းအားနှစ်ဆ မြင့်တက်သွားခြင်းမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော ပမာဏ ဖြစ်ပေသည်။
...
ယနေ့တွင်...
လီယန်ချူးသည် ပုံမှန်အတိုင်း ထိုင်ကာ တရားမှတ်ခြင်း၊ လေကျင့်ခြင်းနှင့် ဝိညာဉ်ကိုသန့်စင်ခြင်းများ ပြုလုပ်သည်။ တာအိုအတတ်များကို ကျင့်ကြံပြီးနောက် ကျောင်းတော်အတွင်း၌ လက်ဝှေ့နှင့် ဓားသိုင်းများကို လေ့ကျင့်သည်။
သူအသစ် အဆင့်မြှင့်ထားသော ထျန်းကန်းလက်ဝါး၊ လျိုယန်ဓားကျမ်း နှင့် ဟွန့်ယွမ်ကျင့်စဉ် သုံးမျိုးစလုံးမှာ ပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ခြေလှမ်းတိုင်း၊ လက်သီးတိုင်းတွင် ပြင်းထန်သော စွမ်းအားများ ပါဝင်နေသော်လည်း ပြင်ပသို့ အရှိန်အဝါများ ယိုစိမ့်ထွက်ခြင်း မရှိပေ။ သို့သော် သေချာကြည့်မည်ဆိုပါက ထိုအထဲတွင် ပါဝင်သော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိနိုင်မည် ဖြစ်သည်။ သွေးချီစွမ်းအားများမှာလည်း အလွန်ပင် တိုးတက်လာခဲ့သည်။
လေ့ကျင့်ခန်းများ ပြီးစီးသွားသောအခါ သူသည် ထိုက်ဖင်တည်းခိုးခန်းသို့ မနက်စာစားရန် ပုံမှန်အတိုင်း သွားလိုက်သည်။
သို့သော် ဝေမြို့၏ တောင်တန်းများဆီမှ နတ်ဘုရားအလင်းတန်းတစ်ခုမှာ ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွားသည်။ ထိုအလင်းတန်းအတွင်း၌ တောင်တံခါးတစ်ခု၏ ပုံရိပ်မှာ ဝေဝေဝါးဝါး ပေါ်လာပြီး "လင်ရွှီ" ဆိုသည့် စာလုံးနှစ်လုံးကို မြင်တွေ့လိုက်ရသည်။
"လင်ရွှီနတ်ဘုရားနယ်မြေ ပွင့်သွားပြီ"
လီယန်ချူးက ဝေးလံသော နေရာမှ ထူးခြားသည့် နိမိတ်ကို ကြည့်ရင်း တိုးတက်စွာ ရေရွတ်လိုက်သည်။ ယခင်က ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေ ပွင့်စဉ်က လူများကို အတင်းအဓမ္မ ဆွဲခေါ်ခဲ့သော်လည်း ယခုတစ်ကြိမ် လင်ရွှီနတ်ဘုရားနယ်မြေမှာမူ ချင်းယွဲထန် နတ်ဘုရားနယ်မြေကဲ့သို့ပင် တံခါးပေါက်မှာ ထိုနေရာတွင် ရှိနေပြီး မိမိဘာသာ ဝင်ရောက်ရမည့် ပုံစံမျိုး ဖြစ်သည်။
"သုံးဆယ့်ခြောက်ခု နတ်ဘုရားနယ်မြေနဲ့ ခုနစ်ဆယ့်နှစ်ခု နတ်နယ်မြေတွေရဲ့ အဝင်ဝက ဝေမြို့နားမှာပဲ ရှိနေတာလား"
လီယန်ချူး စဉ်းစားမိသည်။ အကယ်၍ ထိုအတိုင်းသာဆိုလျှင် ဝေမြို့၏ တည်နေရာကို သူ ပြန်လည် သုံးသပ်ရပေမည်။ ထိုပုန်းကွယ်နေသော နတ်နယ်မြေများမှာ မြေပြင်နတ်ဘုရားများ၏ ကျင့်ကြံရာနေရာများ ဖြစ်သည်။ ထိုနေရာများ၏ ထွက်ပေါက်မှာ ဝေမြို့တွင် ရှိနေခြင်းမှာ သေချာစဉ်းစားကြည့်လျှင် ထိတ်လန့်စရာ ကောင်းလှသည်။
သူသည် တောင်ထဲသို့သွားကာ လူစုလူဝေးနှင့် ရောနှောရန် စိတ်မကူးဘဲ အေးအေးဆေးဆေးသာ ကျင့်ကြံလိုသည်။
သို့သော်လည်း လင်ရွှီနတ်ဘုရားနယ်မြေ ပွင့်သည့်သတင်းကို များစွာသော ကျင့်ကြံရေးမျိုးနွယ်စုများနှင့် ဂိုဏ်းကြီးများမှာ ကြိုတင်ရရှိထားကြပြီး ဖြစ်သည်။
ဝေမြို့အတွင်း၌ ကျင့်ကြံသူများစွာ ရောက်ရှိလာကြသည်။ ဝေမြို့အနီးအနားရှိ ခရိုင်များမှလည်း ကျင့်ကြံသူများစွာ ရောက်လာကြရာ လင်ရွှီနတ်ဘုရားနယ်မြေ ပွင့်သည့်သတင်းမှာ ခဏချင်းအတွင်း ပျံ့နှံ့သွားတော့သည်။
မကြာမီတွင် လေလွင့်ကျင့်ကြံသူ များစွာလည်း ရောက်လာကြပေလိမ့်မည်။ ဂိုဏ်းကြီးများနှင့် ယှဉ်လျှင် လေလွင့်ကျင့်ကြံသူများမှာ သတင်းရရှိမှု နောက်ကျတတ်ကြသည်။
လီယန်ချူး၏ ယခင် အတွေ့အကြုံများအရ ထိုနတ်ဘုရားနယ်မြေများမှာ သာမန်ကျင့်ကြံသူများအတွက် ကံကောင်းခြင်း မဟုတ်ဘဲ အလွန်ကြီးမားသော ဘေးအန္တရာယ် သာ ဖြစ်ပေလိမ့်မည်။
"လင်ရွှီနတ်ဘုရားနယ်မြေ ပွင့်နေတာကို မင်း သွားမကြည့်ဘူးလား"
ဆိုင်ရှင်မက လီယန်ချူးကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"မသွားတော့ပါဘူး၊ ဒီနတ်ဘုရားနယ်မြေတွေက မူလက နတ်ဘုရားတွေရဲ့ နေရာဖြစ်ပေမဲ့ အခုတော့ မိစ္ဆာတွေကြောင့် ပျက်စီးနေပြီ၊ အန္တရာယ်တွေက အရမ်းများလွန်းတယ်။ အိမ်မှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေတာက ပိုကောင်းပါတယ်"
လီယန်ချူးက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက အဲဒါတွေကို ဂရုစိုက်လို့လား"
ဆိုင်ရှင်မက အံ့သြသလို မေးသည်။
"ကိုယ်တိုင်ကျင့်ကြံမှုကမှ အခြေခံအုတ်မြစ်ပါ၊ ငါက ယန်ဝိညာဉ် အလယ်အလတ်အဆင့်ကို မြန်မြန်ရောက်အောင် ကြိုးစားရမယ်။ နောင်တစ်ချိန်မှာ ပြေပြင်နတ်ဘုရား ဖြစ်လာရင် ကိုယ်ပိုင် နတ်ဘုရားနယ်မြေတစ်ခု တည်ဆောက်ဦးမှာ"
လီယန်ချူးက ရယ်မောကာ ပြောလိုက်သည်။
ဆိုင်ရှင်မက သူ့ကို တစ်ချက် စောင်းကြည့်လိုက်ရာ ညှို့ဓာတ်များ ယှက်သန်းသွားပြန်သည်။
"ရည်မှန်းချက် မရှိလိုက်တာ"
လီယန်ချူးမှာ ခဏမျှ ကြောင်သွားပြီးမှ ဟားတိုက်ရယ်မောလိုက်သည်။ ငါပြောတာက အလွန်အမင်း အောက်ကျနောက်ကျ ဖြစ်နေလို့လား။
သူတို့နှစ်ဦးမှာ စကားတပြောပြောနှင့် အတူတူ မနက်စာ စားနေကြသည်။ ဝေမြို့၏ အတွင်းအပြင်နှင့် တောင်တောတောင်ခါးများတွင် လှုပ်ခတ်နေသော လှိုင်းလုံးကြီးများနှင့် ယှဉ်လျှင် သူတို့နှစ်ဦးမှာမူ ထူးခြားသော အေးချမ်းမှုတစ်ခုအတွင်း ရှိနေကြသည်။
...
နာရီဝက်ခန့်အတွင်းမှာပင် ဂိုဏ်းကြီးများနှင့် အင်အားကြီးအဖွဲ့အစည်းများစွာမှာ လင်ရွှီနတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။
ထိုနေရာတွင် ကြီးမားသော အန္တရာယ်များ ရှိနေသော်လည်း နတ်ဘုရားအခွင့်ရေး ကို ရရှိလိုသော သူတို့၏ လောဘကိုမူ မတားဆီးနိုင်ပေ။
အထူးသဖြင့် လေလွင့်ကျင့်ကြံသူများအတွက်မူ အစွမ်းထက်သော လက်နက်တစ်ခု သို့မဟုတ် ကျင့်စဉ်တစ်ခု ရရှိလိုက်ခြင်းကပင် သူတို့အတွက် အကြီးမားဆုံး ကံကောင်းခြင်း ဖြစ်ပေသည်။
ဂိုဏ်းကြီးများကမူ နတ်ဘုရားများ၏ အမွေအနှစ်ကိုသာ အဓိကထား ကြည့်ရှုကြသည်။
လီယန်ချူးမှာ စားသောက်ပြီးနောက် တည်းခိုးခန်းအတွင်း၌သာ ဆက်လက် ကျင့်ကြံနေသည်။ ထိုစဉ် ကျောင်းတော်နှင့် လမ်းနှစ်သွယ်ခန့် ဝေးသော ပိုးထည်ဆိုင်မှ စွန်းဆိုင်ရှင် မှာ အပြေးအလွှား ရောက်လာသည်။ မြင်မြင်ချင်းမှာပင် လီယန်ချူး၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး...
"အရှင်လီယန်ချူး... ကျေးဇူးပြုပြီး ကျွန်တော့်ဇနီးကို ကယ်တင်ပေးပါဦး "
"ဘာဖြစ်လို့လဲ" လီယန်ချူး ကြောင်သွားကာ မေးလိုက်သည်။
"သူမ... သူမမှာ ကိုယ်ဝန်ရှိနေပြီ"
"..." လီယန်ချူး