အခန်း (၆၇၉-၆၈၀)
Vol. 68 Ch. 679-680
အခန်း (၆၇၉) - ဖုန်းရွှေဆရာ ၊ ကိုယ်ဝန် ၊အကြောင်းအကျိုး ၊ အိပ်မက်ဆိုး
"ကျွန်တော်က အပြင်မှာပဲ လှည့်လည်ပြီး စီးပွားရှာနေရတာဆိုတော့ ဇနီးသည်နဲ့ မတွေ့ရတာ ကြာပါပြီ၊ ဒါပေမဲ့ အခု သူမမှာ... ကိုယ်ဝန်ရှိနေပြီ"
ဟု စွန်းဆိုင်ရှင်က ပြောပြလေသည်။
လီယန်ချူးသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဂရုတစိုက်ဖြင့် ဆိုလိုက်သည်။
"ဒီကိစ္စက... ရုံးတော်ကို အကြောင်းကြားပြီး ဖြေရှင်းသင့်တာ မဟုတ်လား"
သို့သော် စွန်းဆိုင်ရှင်က ခေါင်းယမ်းလိုက်ပြီး
"အရှင်လီယန်ချူးပဲ ကျွန်တော့်ဇနီးကို ကယ်နိုင်မှာပါ အရှင်.. ကျွန်တော့်ကလေးကိုလည်း ကယ်ပေးပါဦး "
"တကယ်တမ်း ဘာတွေဖြစ်နေတာလဲ"
လီယန်ချူးက မေးလိုက်သည်။
စွန်းဆိုင်ရှင်က အကြောင်းစုံကို အစအဆုံး အသေးစိတ် ပြောပြလာမှသာ လီယန်ချူးလည်း အာရုံစိုက်မိတော့သည်။ သူကတော့ မိသားစုရေးရာ အရှုပ်တော်ပုံ ဇာတ်လမ်းကြီး မှတ်နေမိတာ ဖြစ်သည်။
စွန်းဆိုင်ရှင် ပြောပြချက်အရ
သူသည် ငယ်စဉ်က စွန်းကျားကျေးရွာမှ အလွန်ဆင်းရဲသော မိသားစုမှ ကလေးတစ်ဦး ဖြစ်သည်။ အသက် ၂၇၊ ၂၈ နှစ်အထိ မိန်းမ မရနိုင်ခဲ့ဘဲ အိမ်ခြေယာခြေလည်း မရှိ၊ ဆင်းရဲလွန်းသဖြင့် အာဟာရပြတ်ကာ ဆီးထဲသွေးပါသည့်အထိ ဒုက္ခရောက်ခဲ့ရသည်။
သူ့အသက် ၂၈ နှစ်အရွယ်တွင် အဘိုးအို တစ်ဦးနှင့် တွေ့ခဲ့သည်။ ထိုအဘိုးအို၏ အမည်မှာ ချန် ဖြစ်ပြီး လောကီအရေးနှင့် ဖုန်းရွှေ ကို ကျွမ်းကျင်သူဟု ဆိုကြသည်။ ထိုအဘိုးအိုက စွန်းဆိုင်ရှင်၏ ဘိုးဘေးများမှာ တောပုန်းကြီးများဖြစ်ခဲ့ပြီး လူသတ်မှုများစွာ ပြုလုပ်ခဲ့သဖြင့် အကုသိုလ်အကျိုးကြောင့် သားစဉ်မြေးဆက် ဆင်းရဲရခြင်း ဖြစ်ကြောင်း တွက်ချက်ပေးခဲ့သည်။
သို့သော် ထိုအဘိုးအိုက စွန်းဆိုင်ရှင်အား စီးပွားလာဘ်လာဘများ ရရှိစေရန် လမ်းညွှန်ပေးနိုင်ကြောင်း၊ ၎င်းအတွက် အပြန်အလှန်အနေဖြင့် စွန်းဆိုင်ရှင်၏ ဦးဦးဖျားဖျား ပထမဆုံးရမည့်ကလေး ကို ပေးရမည်ဟု တောင်းဆိုခဲ့သည်။
ထိုစဉ်က စွန်းဆိုင်ရှင်မှာ ထိုစကားကို အလေးမထားခဲ့ပေ။
အိမ်ခြေယာခြေမရှိ၊ ဆင်းရဲလွန်း၍ မိန်းမပင် မရနိုင်သေးသော သူ့အတွက် ကလေးဆိုသည်မှာ ဘယ်က ရောက်လာပါမည်နည်း။ ထို့ကြောင့် သူက ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့သည်။
နောက်ပိုင်းတွင် ထိုအဘိုးအို ချန်က သူ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည်။
မူလက စွန်းဆိုင်ရှင်မှာ မထူးတော့သဖြင့် စမ်းကြည့်ခြင်း ဖြစ်သော်လည်း ထိုအချိန်မှစ၍ အရာရာမှာ ချောမွေ့အောင်မြင်လာခဲ့သည်။
ဆယ်နှစ်အတွင်းမှာပင် ပစ္စည်းဥစ္စာအမြောက်အမြား စုဆောင်းနိုင်ခဲ့ပြီး မြို့ပေါ်ရှိ သူဌေးကြီးများလောက် မချမ်းသာသော်လည်း အခြေအနေကောင်းသော သူဌေးတစ်ဦး ဖြစ်လာခဲ့သည်။
သူ၏ လက်ရှိဇနီးမှာ သူ ကံကြမ္မာပြောင်းလဲပြီးနောက် ပထမဆုံးတွေ့ခဲ့သည့် ကျေးဇူးရှင် ဖြစ်သည်။ သူ စီးပွားမတက်သေးခင်ကတည်းက သူ့ကို လက်ထပ်ခဲ့သူ ဖြစ်၏။
ယောက္ခမ မိသားစုကလည်း သူ့အပေါ် အလွန်ကောင်းမွန်ကြပြီး ဘယ်သောအခါမှ နှိမ်ချဆက်ဆံခြင်း မရှိခဲ့ပေ။ စွန်းဆိုင်ရှင် စီးပွားရေးလုပ်ရန် အရင်းအနှီးကိုလည်း လက်ရှိဇနီးကပင် ပေးခဲ့ခြင်း ဖြစ်သည်။ ဆယ်နှစ်အတွင်း သူတို့ဇနီးမောင်နှံမှာ သံယောဇဉ် အလွန်ကြီးမားခဲ့ပြီး သူသည် မယားငယ်ပင် မယူခဲ့ပေ။
သို့သော် ဇနီးမောင်နှံနှစ်ဦးမှာ ကလေး မရနိုင်ခဲ့ကြပေ။ ချင်းယီနတ်မိမယ်ကျောင်းတော် တွင် သွားရောက် ဆုတောင်းသော်လည်း မထူးခြားခဲ့ပေ။ ယမန်နှစ်က စွန်းဆိုင်ရှင်သည် အပြင်မှ အကြွေးများ သိမ်းပြီး ပြန်လာကာ အိမ်တွင် နှစ်လခန့် နေထိုင်ခဲ့သည်။ မထင်မှတ်ဘဲ ဇနီးသည်မှာ ကိုယ်ဝန်ရသွားခဲ့ရာ ယခုဆိုလျှင် အတိအကျ ဆယ်နှစ်ပင် ရှိပြီ ဖြစ်သည်။
ထိုအခါမှ စွန်းဆိုင်ရှင်သည် လွန်ခဲ့သော ဆယ်နှစ်က ဖုန်းရွှေဆရာကြီးကို သတိရမိတော့သည်။
စိတ်ထဲတွင် ပိုပိုပြီး ထိတ်လန့်လာသဖြင့် လီယန်ချူးကို ရှာဖွေရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
လီယန်ချူးသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း စွန်းဆိုင်ရှင်နှင့် အလွန်နီးကပ်နေသည့်အပြင် ဤကိစ္စမှာ စွန်းဆိုင်ရှင်၏ စိတ်ထဲတွင် အလွန်ကြီးမားသော ကိစ္စဖြစ်နေသဖြင့် ကျောင်းတော်ပေါင်းများစွာတွင် လိုက်ရှာပြီးနောက် နောက်ဆုံးတွင် လီယန်ချူးကို တွေ့သွားခြင်း ဖြစ်သည်။
လီယန်ချူးသည် အကြောင်းစုံကို နားထောင်ပြီးနောက် တိတ်ဆိတ်သွားသည်။
"ဒီကိစ္စက..."
"အရှင်လီယန်ချူး... ကျွန်တော့်ကလေးကို ကယ်ပေးပါဦး"
စွန်းဆိုင်ရှင်က ထိတ်လန့်တကြား ဆိုရှာသည်။
"ဒီကိစ္စက မင်းနဲ့ သူ့ကြားက အကြောင်းအကျိုး ပဲ၊ ပြီးတော့ မင်းကိုယ်တိုင်လည်း သူ့ကို ကတိပေးခဲ့တာ။ အခု ငါက ကြားကနေ ဝင်စွက်ဖက်မယ်ဆိုရင်..."
လီယန်ချူးက စဉ်းစားနေမိသည်။ သူကတော့ တစ္ဆေခြောက်နေတာမှတ်လို့၊ တကယ်တော့ ရှေးဟောင်းနောက်ကြောင်း ကိစ္စကြီး ဖြစ်နေသည်။
"အရှင်ရယ်... ကလေးက အပြစ်မရှိပါဘူး။ မကြာသေးခင်က ကျွန်တော့်ဇနီးက ခဏခဏ အိပ်မက်မက်နေတယ်၊ ကလေး ခုနစ်ယောက်၊ ရှစ်ယောက်လောက်က သူမကို ဝိုင်းပြီး လက်ညှိုးထိုးနေကြတာတဲ့။
အိပ်မက်ဆိုးကနေ လန့်နိုးလာတိုင်း သူမက မျက်ရည်တွေနဲ့ ကလေးလေးကို မထိန်းထားနိုင်တော့ဘူးလို့ပဲ ပြောနေတာ ကျွန်တော် တကယ်ကို မရက်စက်နိုင်ပါဘူး အရှင် ကျွန်တော် ကတိဖျက်ခဲ့တာ မှန်ပေမဲ့ ဘယ်လိုလုပ်ပြီး ရက်စက်နိုင်မှာလဲ ကျွန်တော့်ကလေးကို ကယ်တင်ပေးဖို့ မျှော်လင့်ပါတယ် "
ယောက်ျားရင့်မကြီး စွန်းဆိုင်ရှင်သည် ယခုအခါ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။ လီယန်ချူးသည် သူ့ကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"အရင်ဆုံး မင်းရဲ့ဇနီးသည်ဆီ လိုက်ကြည့်ပေးမယ်"
စွန်းဆိုင်ရှင်မှာ ပုံမှန်အားဖြင့် နာမည်ကောင်းရှိသူ ဖြစ်သည်။ စိတ်ထားကောင်းပြီး ရိုးသားဖြောင့်မတ်သလို ဆင်းရဲနွမ်းပါးသော အိမ်နီးနားချင်းများကိုလည်း အမြဲကူညီတတ်သည်။
တံတားခင်း၊ လမ်းပြင်သည့် အလုပ်မျိုးကိုလည်း များစွာ လုပ်ဆောင်ဖူးသည်။ သို့သော် ဤကိစ္စမှာမူ သူကိုယ်တိုင် ဖုန်းရွှေဆရာနှင့် ကတိကဝတ် ပြုခဲ့ခြင်း ဖြစ်ရာ မိမိက ဇွတ်ဝင်စွက်ဖက်ရန်မှာ မသင့်တော်ပေ။
သူသည် စွန်းဆိုင်ရှင်နှင့်အတူ အိမ်သို့ လိုက်လာခဲ့ပြီး စွန်းဆိုင်ရှင်၏ ဇနီးကို တွေ့လိုက်ရသည်။
စွန်းဆိုင်ရှင်မှာ ယခုနှစ်တွင် ၃၈ နှစ်ရှိပြီး ဇနီးသည်မှာ သူ့ထက် ၃ နှစ်ငယ်သော ၃၅ နှစ်အရွယ် အမျိုးသမီး ဖြစ်သည်။
သူမမှာ ရုပ်ရည်ကို သေချာဂရုစိုက်ထားသော်လည်း ယခုမူ ဝမ်းဗိုက်မှာ မြင့်မားစွာ ပူထွက်နေပြီး မီးဖွားရန် လပိုင်းသာ လိုတော့သည့် ပုံစံမျိုး ဖြစ်သည်။ သို့သော် သူမ၏ ပုံပန်းမှာ အလွန်ပင် နွမ်းနယ်နေပြီး မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့ကာ လူကြောက်နေသည့် ပုံစံ ဖြစ်နေသည်။
လီယန်ချူးသည် သူ၏ မျက်လုံးထဲသို့ တာအိုစွမ်းအားများ ထည့်သွင်းလိုက်ပြီး ဝိညာဥ်မျက်စိအတတ် နှင့် အရှိန်အဝါကြည့်အတတ် တို့ဖြင့် ကြည့်လိုက်သည်။
စွန်းကတော် ၏ ခန္ဓာကိုယ်အတွင်း၌ ယင်အရှိန်အဝါ သို့မဟုတ် မိစ္ဆာအရှိန်အဝါများ မရှိပေ။ ယန်အရှိန်အဝါများ အနည်းငယ် နည်းနေသည်မှလွဲ၍ ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားမှာလည်း ကျန်းကျန်းမာမာ ရှိနေပြီး ပြဿနာ မရှိပေ။
"မိန်းမ... ဒါက ချင်းယွန်းကျောင်းက တာအိုဆရာလီယန်ချူးပဲ၊ မင်းကို တစ်ချက်ကြည့်ပေးဖို့ ငါ ပင့်လာတာ"
စွန်းဆိုင်ရှင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
စွန်းကတော်၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ရောက်နေပြီး အလွန်အမင်း ထိတ်လန့်နေပုံရသည်။ စွန်းဆိုင်ရှင်မှာ ကြည့်ရင်း ရင်နာနေမိသည်။ ရက်ဆက်ဆိုသလို အိပ်မက်ဆိုးများ မက်နေရသဖြင့် မိမိ၏ဇနီး ဤမျှ ဒုက္ခရောက်နေသည်ကို သူ မကြည့်ရက်တော့ပေ။
"စွန်းကတော်... ကျန်းမာရေးကို ဂရုစိုက်ပါ၊ မကြောက်ပါနဲ့"
လီယန်ချူးက ညင်သာစွာ ပြောလိုက်သည်။
ထူးဆန်းသည်မှာ အစက မျက်လုံးများ အရောင်မှိန်နေသော စွန်းကတော်သည် လီယန်ချူး၏ စကားကို ကြားလိုက်ရုံဖြင့် တဖြည်းဖြည်း စိတ်တည်ငြိမ်လာပြီး သတိပြန်ဝင်လာခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် တာအိုဆရာ၊ ဒုက္ခပေးမိပါပြီ"
စွန်းကတော်က အားနည်းသော လေသံဖြင့် ဆိုသည်။
ဤအပြောင်းအလဲကို မြင်လိုက်ရသော စွန်းဆိုင်ရှင်မှာ မျက်ရည်ဝဲသွားရသည်။ သူ၏ ဇနီးသည် ရက်ပေါင်းများစွာ ထိတ်လန့်တုန်လှုပ်ကာ နေ့မအိပ် ညမအိပ် ဖြစ်နေခဲ့ရသည် မဟုတ်ပါလား။ ဤလီယန်ချူးမှာ တကယ့်ကို အစွမ်းထက်သော ပညာရှင်ကြီး ဖြစ်ပေသည်။
"စွန်းဆိုင်ရှင်... ကျွန်တော် ကြည့်ရသလောက်တော့ စွန်းကတော်မှာ မိစ္ဆာပူးတာမျိုး မရှိပါဘူး၊ ဝမ်းဗိုက်ထဲက ကလေးကလည်း အားလုံး ပုံမှန်ပါပဲ"
လီယန်ချူးက လှည့်ပြောလိုက်သည်။
ခုနက လီယန်ချူးသည် စွန်းကတော်ထံသို့ တာအိုဝိညာဉ်စွမ်းအား တစ်ခုကို ပို့လွှတ်ပေးခဲ့သည်။ တာအိုဝိညာဉ်စွမ်းအားမှာ လူ၏ အသက်စွမ်းအားကို နိုးကြွစေနိုင်သည်။
လီယန်ချူး၏ ဖြောင့်မတ်သော အရှိန်အဝါက လူကို စိတ်အေးချမ်းစေသည့်အတွက် စွန်းကတော် တဖြည်းဖြည်း တည်ငြိမ်လာခြင်း ဖြစ်သည်။
စွန်းဆိုင်ရှင်သည် သူ၏ ဇနီးကို ကောင်းကောင်းအနားယူရန် မှာကြားပြီးနောက် လီယန်ချူးနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ ဝပ်စင်းလိုက်ပြီး...
"အရှင် ကျွန်တော့်ကလေးကို ကယ်ပေးပါဦး။ အကယ်၍ ဒီကလေးသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော့်ဇနီး ဒီဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး "
သူ၏ အသံမှာ ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။
လီယန်ချူးက သူ့ကို စိုက်ကြည့်ကာ
"ကျင့်ကြံသူတွေဟာ အကြောင်းအကျိုး ကို အလေးထားကြတယ်၊ အဲဒီဖုန်းရွှေဆရာက မင်းနဲ့ ရေစက်ဆုံပြီး မင်းကို ချမ်းသာအောင် လုပ်ပေးခဲ့တယ်၊ အခု မင်းဘက်က ကတိတည်ရမယ့်အချိန်ပဲ။ ကျုပ်က ပြင်ပလူတစ်ယောက်အနေနဲ့ ဒီကိစ္စကို..."
စွန်းဆိုင်ရှင်က မြေကြီးပေါ်သို့ ဦးတိုက်ချလိုက်သည်။
"ဂွပ် ဂွပ် ဂွပ်"
ဦးခေါင်းမှ သွေးထွက်လာသည်အထိ ဦးတိုက်နေသော်လည်း ဘာမှ ပြန်မပြောပေ။ လီယန်ချူးက သက်ပြင်းတစ်ချက်ချကာ လက်ဖဝါးမှ စွမ်းအားကို အသုံးပြု၍ စွန်းဆိုင်ရှင်ကို ပြန်ထူပေးလိုက်သည်။
"ကျုပ် ကြည့်ရသလောက်တော့ မီးဖွားဖို့က ဒီတစ်ရက်၊ နှစ်ရက်အတွင်းပဲ။ စွန်းကတော် အိပ်မက်ဆိုးတွေ မမက်အောင် ကျုပ် စောင့်ရှောက်ပေးပါ့မယ်။ အဲဒီဖုန်းရွှေဆရာနဲ့ ပတ်သက်လို့တော့ တစ်ခုခု ထူးခြားလာရင် အရင်ဆုံး အသေအချာ သိအောင် လုပ်ရမယ်"
လီယန်ချူးက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒီလိုဆိုရင်တော့ ကျေးဇူးတင်လှပါတယ် အရှင် လီယန်ချူး"
စွန်းဆိုင်ရှင်က ကျေးဇူးတင်စွာ ပြောရှာသည်။
ဤကိစ္စက လီယန်ချူးကို ခေါင်းခဲစေသည်။ လောလောဆယ်တွင် ထိုဖုန်းရွှေဆရာက ကလေးကို ယူပြီး ဘာလုပ်မည်ကို သူ မသိသေးပေ။
ဇွတ်အတင်း ဝင်စွက်ဖက်ရန် မသင့်သလို၊ ဤသည်မှာ စွန်းဆိုင်ရှင်တစ်ဦးတည်း၏ ပြောစကားသာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ ကွယ်ဝှက်ထားမှု ရှိနေပါက မိမိ ဝင်စွက်ဖက်ခြင်းမှာ မကောင်းပေ။ သို့သော် လူကို ဒုက္ခပေးမည့် မိစ္ဆာအတတ်မျိုးသာ ဖြစ်ပါက သူ လုံးဝ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ထို့နောက် သူသည် စွန်းဆိုင်ရှင်၏ အိမ်တွင် ခဏနေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
စွန်းကတော်၏ အခန်းတံခါးတွင်လည်း အိမ်စောင့်အဆောင် တစ်ခုကို ကပ်ပေးထားလိုက်သည်။ ၎င်းအဆောင်မှာ အိမ်တွင်း အေးချမ်းစေရန်နှင့် ပြင်ပမိစ္ဆာများ မနှောင့်ယှက်နိုင်ရန် ကာကွယ်ပေးနိုင်သည်။
လီယန်ချူးမှာ ယခုအခါ ယန်ဝိညာဉ်အဆင့် ပညာရှင်ကြီး ဖြစ်နေသဖြင့် သူ လက်တန်းဆွဲလိုက်သော အဆောင်ပင်လျှင် ကြီးမားသော စွမ်းအား ရှိသည်။ တစ္ဆေရဲကြီးများပင်လျှင် ဝင်လာနိုင်မည် မဟုတ်ပေ။
ဆိုင်ရှင်မက ဤကိစ္စကို ကြားသောအခါ ရယ်မောလျက် ဆို၏။
"နတ်ဘုရားအခွင့်အရေးတွေ ရှိနေတဲ့ လင်ရွှီနတ်ဘုရားနယ်မြေကိုတော့ မသွားဘူး၊ သာမန်ကိစ္စလေး တစ်ခုအတွက်တော့ နှစ်ရက်လောက် အချိန်ဖြုန်းချင်နေတာလား"
လီယန်ချူးက ပြုံးကာ
"ပိုက်ဆံရှာတာပဲ၊ မရှက်ပါဘူး"
ဆိုင်ရှင်မက ရယ်မောကာ
"အခု ငါတို့မှာ ပိုက်ဆံ လိုသေးလို့လား"
"ကျင့်ကြံသူဆိုတာ စိတ်တိုင်းကျ နေထိုင်ရသလို... လူကိုလည်း လူလိုပဲ သဘောထားရမယ် မဟုတ်လား"
လီယန်ချူးက တည်ကြည်စွာ ပြန်ပြောလိုက်သည်။
အခန်း (၆၈၀) - အိပ်မက်ဆိုးများ ကျရောက်လာခြင်း ၊ ကလေးတစ္ဆေ ၊ အာရုံခံစားမှုကို ပိတ်ပင်ထားခြင်း ၊ အိပ်မက်ထဲသို့ ဝင်ရောက်ခြင်း ၊ အစွမ်းထက်သော တားမြစ်ချက်
သန်းခေါင်ယံအချိန်။
စွန်းကတော် အိပ်ပျော်နေသည့်ဟန်မှာ အလွန်ပင် တည်ငြိမ်အေးချမ်းလှသည်။ ဤရက်ပိုင်းအတွင်း သူမအနေဖြင့် ဤမျှ နှစ်နှစ်ခြိုက်ခြိုက်နှင့် ချိုမြိန်စွာ မအိပ်စက်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
သို့သော်လည်း...
ညဉ့်နက်သန်းခေါင်ယံသို့ ရောက်သောအခါ
သူမ၏ ခုတင်ဘေးနားမှ တရှပ်ရှပ်နှင့် အသံအနည်းငယ် ထွက်ပေါ်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။ တစ်စုံတစ်ယောက် လမ်းလျှောက်နေသည့်အလား။
စွန်းကတော်မှာ ချက်ချင်းပင် လက်ဖျားခြေဖျားများ အေးစက်သွားတော့သည်။
"ပြန်လာပြန်ပြီ"
ယခင်ရက်များကလည်း သူမသည် ဤကဲ့သို့ အသံမျိုးကို ကြားခဲ့ရခြင်း ဖြစ်သည်။ နိုးလာလျှင်လည်း ဝေဝေဝါးဝါးနှင့် မျက်လုံးဖွင့်မရဘဲ နောက်ဆုံးမှ အားယူကာ အနည်းငယ်သာ မြင်နိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ စွန်းကတော်မှာ ပုံမှန်ထက် ပို၍မြန်မြန် မျက်လုံးပွင့်လာခဲ့သည်။
သူမသည် အသက်ပင် မရှူရဲတော့ဘဲ မှင်တက်သွားရသည်။ အခန်းထဲတွင် ကလေးငယ် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က သူမကို ဝိုင်းအုံကြည့်နေကြသည် မဟုတ်ပါလား။
"သူတို့... သူတို့တွေပဲ"
စွန်းကတော်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ရေခဲတိုက်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။
မနေ့ညကမူ ထိုကလေးများ၏ ရုပ်သွင်ကို သူမ သေချာမမြင်ရသေးပေ။ ယောကျ်ားလေးလား၊ မိန်းကလေးလားဆိုသည်ကိုပင် ခွဲခြား၍ မရခဲ့။ သူမနှင့်လည်း နှစ်မီတာခန့် အကွာအဝေးတွင် ရှိနေခဲ့ကာ သူမကို ဝိုင်းကြည့်ရင်း ရယ်မောကာ လက်ညှိုးထိုးနေကြရုံသာ။
သို့သော် ယနေ့တွင်မူ ထိုကလေးများမှာ သူမနှင့် တစ်မီတာခန့်သာ ဝေးတော့သည်ကို စွန်းကတော် ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။
ထို့အပြင် ၎င်းတို့၏ ရုပ်သွင်ကိုလည်း သူမ အထင်အရှား မြင်နေရပြီ ဖြစ်သည်။
တစ်ဦးချင်းစီ၏ မျက်နှာမှာ ညိုပုပ်ပုပ်နှင့် သံချေးတက်နေသည့်အလား ရှိနေပြီး အေးစက်တင်းမာသော အပြုံးများ ရှိနေကြသည်။ ထိုအထဲမှ မိန်းကလေးငယ် နှစ်ဦးမှာ ဆံပင်ကို အပေါ်သို့ ထောင်၍ စည်းနှောင်ထားသည်။
ကြီးမားသော ကြောက်ရွံ့မှုတစ်ခုက သူမကို ဝါးမြိုသွားသလို စွန်းကတော် ခံစားလိုက်ရသည်။ သူမ လှုပ်ရှားချင်သော်လည်း လက်ခြေများမှာ လုံးဝ ထိန်းချုပ်၍မရတော့ပေ။ အော်ဟစ်ချင်သဖြင့် ပါးစပ်ကို အစွမ်းကုန် ဟလိုက်သော်လည်း အသံတစ်ချက်ပင် ထွက်မလာခဲ့။
သူမသည် အသက်ကို အောင့်ထားပြီး အားယူကာ ထထိုင်ရန် ကြိုးစားနေမိသည်။ သို့သော် ထိုကလေးငယ် ခုနစ်ယောက်၊ ရှစ်ယောက်မှာ သူမနားသို့ ပို၍ တိုးကပ်လာကြသည်။ ၎င်းတို့သည် သူမ၏ အနီးအနားသို့ တရွေ့ရွေ့ ချဉ်းကပ်လာနေသည့် ပုံစံမျိုး ဖြစ်သည်။
ဤအပြောင်းအလဲက စွန်းကတော်ကို ပို၍ အံ့အားသင့် ထိတ်လန့်စေသည်။ သူမ၏ ကျောရိုးတစ်လျှောက်မှ အအေးဓာတ်မှာ ဦးခေါင်းခွံအထိ စိမ့်တက်သွားတော့သည်။
"မလုပ်ပါနဲ့ မလုပ်ပါနဲ့ ငါ့ကလေးကို မထိခိုက်ပါနဲ့"
စွန်းကတော်မှာ မျက်ရည်များ တဖြိုင်ဖြိုင် ကျနေသော်လည်း အသံထွက်မလာပေ။ ဤခံစားချက်မှာ သူမကို အလွန်ပင် စိတ်ပျက်အားငယ်စေသည်။
ထိုအထဲမှ ယောကျ်ားလေးငယ်တစ်ဦးမှာ သူမနှင့် အလွန်နီးကပ်နေပြီး ခုတင်ဘေးနားသို့ တဖြည်းဖြည်း ရောက်လာသည်။ သူသည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ စွန်းကတော်၏ ဝမ်းဗိုက်ကို ထိုးပြရင်း တင်းမာသောအပြုံးဖြင့် လက်ခုပ်တီးကာ ဝမ်းသာနေသည်။ ကျန်သောကလေးများကလည်း အနားသို့ တိုးကပ်လာကြသည်။
စွန်းကတော်မှာ ကြီးမားသော ထိတ်လန့်မှုအတွင်းသို့ ကျရောက်သွားရသည်။
သို့သော် တစ္ဆေဖိ ထားသကဲ့သို့ သူမ လှုပ်ရှား၍ မရပေ။ အိပ်မက်ဆိုး မက်နေချိန်တွင် လူမှာ ဤကဲ့သို့ အခြေအနေမျိုး၌ အော်ချင်သော်လည်း အသံထွက်မလာတတ်ပေ။ သူမသည် အိပ်မက်မှ နိုးလာရန် အစွမ်းကုန် ကြိုးစားသော်လည်း မည်သို့ပင်လုပ်စေကာမူ ထိုကလေးငယ်များမှာ သူမ၏ မျက်စိရှေ့တွင် ရှိနေဆဲ ဖြစ်သည်။
သူမ၏ ခုတင်ခေါင်းရင်းတွင် အိမ်စောင့်အဆောင် တစ်ခု ကပ်ထားသဖြင့် သာမန် လေလွင့်သရဲများ နှောင့်ယှက်ခြင်းမှ ကာကွယ်ပေးနိုင်ရမည်။ သို့သော် ယခုအချိန်တွင်မူ စွန်းကတော်အတွက် ထိုအဆောင်မှာ မည်သည့်အကျိုးသက်ရောက်မှုမှ ရှိပုံမရပေ။
စွန်းကတော်သည် သူမနှင့် အနီးဆုံးရှိနေသော ကလေးငယ်၏ လက်ချောင်းမှာ သူမ၏ ဝမ်းဗိုက်ဆီသို့ ဦးတည်လာသည်ကို မြင်နေရသည်။ သူမ အတင်းအော်ဟစ်ရန် ကြိုးစားသော်လည်း ထိုကလေးကို မတားဆီးနိုင်ခဲ့ပေ။
မူလက စွန်းဆိုင်ရှင်မှာ သူမ စိတ်အေးစေရန် အခန်းထဲတွင် အတူအိပ်နေခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် စွန်းဆိုင်ရှင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အခန်းထဲ၌ ကလေးငယ် ခုနစ်ယောက်၊ ရှစ်ယောက် ရောက်နေသည်ကို လုံးဝ သတိမပြုမိပေ။
ကြီးမားသော ကြောက်ရွံ့မှုမှာ လှိုင်းလုံးကြီးများကဲ့သို့ စွန်းကတော်ကို ဝါးမြိုသွားပြီး နက်ရှိုင်းသော အားကိုးရာမဲ့မှုကို ခံစားလိုက်ရသည်။
"ဟင်း"
ပြင်းထန်သော အသံတစ်ချက်နှင့်အတူ အေးစက်သော အရှိန်အဝါတစ်ခု ဖြတ်သန်းသွားရာ ထိုကလေးများမှာ လန့်ဖျန့်သွားပြီး လွင့်စင်သွားကြသည်။
စွန်းကတော် မျက်လုံးပွင့်လာသောအခါ တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေပြီး အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရတော့သည်။ သူမ၏ ထူးခြားသော အမူအရာကြောင့် အိပ်ရာနိုးလွယ်သော စွန်းဆိုင်ရှင်မှာ ချက်ချင်း နိုးလာတော့သည်။
"မိန်းမ ဘာဖြစ်လို့လဲ အိပ်မက်ဆိုး ပြန်မက်ပြန်ပြီလား"
ဟု သူက စိုးရိမ်တကြီး မေးလိုက်သည်။
စွန်းကတော်မှာ စွန်းဆိုင်ရှင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။ လီယန်ချူးသည်လည်း ယခုအချိန်တွင် အားနာမနေတော့ဘဲ အပြင်မှ တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
"တာအိုဆရာ... ကျွန်တော့်ဇနီးက..."
စွန်းဆိုင်ရှင်က ပျာပျာသလဲ ဆိုသည်။
လီယန်ချူးက လေထဲမှနေ၍ လက်ညှိုးဖြင့် တစ်ချက် ညွှန်လိုက်ရာ ဝိညာဉ်စွမ်းအား တစ်ခု စွန်းကတော်ထံ စီးဝင်သွားသည်။
တာအိုဝိညာဉ်စွမ်းအားက စွန်းကတော်၏ ကိုယ်တွင်း အင်္ဂါငါးပါးမှ အရှိန်အဝါများကို လှုံ့ဆော်ပေးလိုက်သည်။ ပြင်းထန်သော စွမ်းအားများ ခန္ဓာကိုယ်အတွင်း လှည့်ပတ်သွားမှသာ စွန်းကတော်မှာ တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။
"တာအိုဆရာ ကျွန်မကို ကယ်ပါဦး တာအိုဆရာ"
စွန်းကတော်က ရှိုက်ငိုရင်း တောင်းပန်ရှာသည်။
စွန်းဆိုင်ရှင်သည်လည်း လီယန်ချူး၏ ရှေ့တွင် ဒူးထောက်ကာ အသနားခံနေပြန်သည်။
လီယန်ချူး မျက်မှောင်ကြုတ်လိုက်မိသည်။ ခုနက သူသည် မည်သည့် မိစ္ဆာအရှိန်အဝါ သို့မဟုတ် ယင်အရှိန်အဝါကိုမှ မခံစားမိခဲ့ပေ။ သို့သော် သူ၏ အာရုံငါးပါးမှာ အလွန်ထက်မြက်သဖြင့် စွန်းကတော် အသက်ရှူ မြန်လာကာ အိပ်မက်ဆိုးအတွင်း ပိတ်မိနေသည်ကို သိရှိလိုက်ခြင်း ဖြစ်သည်။
သူသည် ဝိညာဉ်မျက်စိအတတ်ဖြင့် ကြည့်သော်လည်း မည်သည့် ထူးခြားမှုကိုမှ မတွေ့ရဘဲ အလွန်သေးငယ်သော ထူးဆန်းသည့် အရှိန်အဝါတစ်ခုကိုသာ ခံစားလိုက်ရသည်။ ထို့ကြောင့် သူက အသံဖြင့် ဟန့်တားလိုက်ခြင်း ဖြစ်၏။ ထိုအခါမှသာ စွန်းကတော်မှာ အိပ်မက်ဆိုးမှ နိုးထလာခြင်း ဖြစ်သည်။
"နှစ်ယောက်စလုံး စိတ်အေးအေးထားပါ၊ ဒီကိစ္စကို ကျုပ် လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"
လီယန်ချူးက တည်ငြိမ်စွာ ဆိုလိုက်သည်။
မူလက စွန်းဆိုင်ရှင်နှင့် ထိုဖုန်းရွှေဆရာတို့ကြားမှ ကတိကဝတ်တစ်ခုမျှသာဟု သူ ထင်ခဲ့သည်။ ကလေးမွေးပြီးမှ ထိုဆရာ ရောက်လာကာ ကလေးကို လာခေါ်မည်ဟု ယူဆထားသဖြင့် ထိုဆရာပေါ်လာမှ အကျိုးအကြောင်း သိရအောင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ စွန်းကတော် အိပ်မက်ဆိုး မက်နေသည့် ကိစ္စမှာ အလွန်ပင် စိုးရိမ်စရာ ကောင်းနေပြီ ဖြစ်သည်။ သူမ ပြောပြချက်အရ အိပ်မက်ထဲတွင် ကလေးငယ် ခုနစ်ယောက်က သူမကို ဝိုင်းအုံထားသည်ဆိုခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။
ထို့အပြင် ခုနက သူကိုယ်တိုင် ဘေးခန်းတွင် ရှိနေပါလျက် စွန်းကတော်မှာ အိပ်မက်ဆိုး ပြန်မက်နေခြင်း ဖြစ်သည်။ အိပ်မက်အကြောင်းအရာများကို မေးမြန်းပြီးနောက် လီယန်ချူးမှာ စဉ်းစားခန်း ဝင်သွားရသည်။
"မနက်ဖြန်ကျရင်တော့... အဲဒီကလေးရဲ့ လက်က ကျွန်မကို ထိတော့မှာ သေချာတယ် မဟုတ်ဘူး... ဒီနေ့သာ တာအိုဆရာရဲ့ ဟန့်တားသံ မကြားရရင် ကျွန်မကို ထိမိသွားလောက်ပြီ "
စွန်းကတော်က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် အားနည်းစွာ ပြောရှာသည်။
လီယန်ချူး၏ မျက်နှာမှာ တည်တင်းသွားသည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ
တစ္ဆေဘုရင် တစ်ပါးပင် ဖြစ်ပါစေ၊ သူ၏ ရှေ့မှောက်တွင် စွန်းကတော်ကို အသံတိတ် ဒုက္ခပေးရန်မှာ မဖြစ်နိုင်ပေ။
သူ၏ အာရုံခံစားမှုကို လုံးဝ ဖုံးကွယ်၍ မရနိုင်သလို၊ ခုနကပင် သူသည် စွမ်းအားများကို လှုံ့ဆော်ကာ ဝိညာဉ်မျက်စိ၊ အရှိန်အဝါကြည့်အတတ်နှင့် ရှစ်ခွင်မှန်တို့ကိုပါ အသုံးပြုနေခဲ့သည် မဟုတ်ပါလား။ သို့သော်လည်း စွန်းကတော်မှာ အိပ်မက်ဆိုး မက်နေဆဲ ဖြစ်ခြင်းက လီယန်ချူးကို ဇဝေဇဝါ ဖြစ်စေသည်။
သူသည် စိတ်ထဲမှ တွေးတောနေမိသည်။
"ဒါက သာမန် မိစ္ဆာပူးတာမျိုး မဟုတ်ဘူး၊ ဒါက... အိပ်မက်ထဲသို့ ဝင်ရောက်ခြင်း နဲ့ ပိုတူတယ်"
လီယန်ချူး၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ လူတို့၏ အိပ်မက်ဆိုသည်မှာ အလွန်ပင် ရှုပ်ထွေးလှသည်။ တစ်ခါတစ်ရံတွင် နေ့ဘက်၌ တွေးတောမိသဖြင့် ညဘက်တွင် အိပ်မက်မက်ခြင်း ဖြစ်တတ်သလို၊ တစ်ခါတစ်ရံတွင်မူ ပြောရန် ခက်ခဲလှသည်။ သေဆုံးသွားသော ဘိုးဘေးများက အိပ်မက်ပေးခြင်းမျိုးလည်း ရှိတတ်သည်။
သို့သော် ဤအိပ်မက်၏ ရှုပ်ထွေးမှုမှာ သာမန် ကျင့်ကြံသူတစ်ဦး ရှင်းပြနိုင်သည့် အရာ မဟုတ်ပေ။
တစ်ခါတစ်ရံ ဘိုးဘေးများက အိပ်မက်ပေးသည်ဟု ထင်ရသော်လည်း ၎င်းမှာ စစ်မှန်သော ဘိုးဘေးများ မဟုတ်ဘဲ လေလွင့်သရဲများက သင့်ကို လမ်းမှားအောင် မြှူဆွယ်နေခြင်းလည်း ဖြစ်နိုင်သည်။
အချို့သော လေလွင့်သရဲများမှာ လူကို တိုက်ရိုက် ဒုက္ခပေးနိုင်လောက်အောင် စွမ်းအား မရှိသဖြင့် အိပ်မက်မှတစ်ဆင့် တဖြည်းဖြည်း မြှူဆွယ်ကာ နောက်ဆုံးမှ သင်၏ ကိုယ်တွင်းအင်္ဂါများကို စားသောက်ပြီး သင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက် တတ်ကြသည်။
လီယန်ချူးသည် ယန်ဝိညာဉ်ကို စုစည်းထားသဖြင့် အလွန်ပင် အစွမ်းထက်သည်။ အနီးအနားတွင် မိစ္ဆာ သို့မဟုတ် တစ္ဆေများ ရှိနေပါက သူ ဧကန်မုချ သိရှိနိုင်သည်။ ဝိညာဉ်အပြင်ထွက် ထားသော ကျင့်ကြံသူများ ရှိနေပါကလည်း သူ ခံစားနိုင်သည်။
သို့သော် အစမှ အဆုံးအထိ သူ ခံစားမိသည်မှာ ထူးဆန်းသော အရှိန်အဝါ အစအနလေး တစ်ခုသာဖြစ်ပြီး ၎င်းမှာလည်း ခဏချင်း ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ သူ၏ အာရုံခံစားမှုမှာ ယခုကဲ့သို့ မထက်မြက်ပါက မည်သည့်အရာကိုမျှ သိရှိလိုက်မည် မဟုတ်ပေ။
"အရင်က ဆရာဦးလေး ရှိတုန်းကတော့ မေးလို့ရသေးတယ်၊ အခုတော့ ဆရာဦးလေး ကလည်း မရှိဘူး..."
လီယန်ချူး စဉ်းစားနေရင်း ရုတ်တရက် ရပ်တန့်သွားသည်။
သူသည် လူတစ်ယောက်ကို သတိရသွားသည်
"စွန်းဆိုင်ရှင်... စိတ်မပူနဲ့၊ ကျုပ် ခဏသွားပြီး ပြန်လာခဲ့မယ်"
သူသည် အစွမ်းထက်သော လှုပ်ရှားမှုအတတ်ကို အသုံးပြုကာ ထိုက်ဖင်တည်းခိုးခန်းသို့ ပြေးသွားတော့သည်။ ယခုမှာ သန်းခေါင်ယံအချိန် ဖြစ်သဖြင့် လမ်းပေါ်တွင် ကင်းလှည့်နေသော ရဲမက်များ ရှိသော်လည်း လီယန်ချူးကို မည်သူမျှ သတိမပြုမိကြပေ။
သူသည် လက်ညှိုးဖြင့် အသာအယာ ညွှန်ကာ နံရံဖောက်အတတ်ကို အသုံးပြုလိုက်သည်။ လမ်းနှစ်သွယ်ခန့် ဝေးသော်လည်း ခဏချင်းမှာပင် ထိုက်ဖင်တည်းခိုးခန်းသို့ ပြန်ရောက်သွားသည်။ သို့သော် သူသည် ဆိုင်ရှင်မ၏ အခန်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အလင်းတန်းတစ်ခုက သူ့ကို တားဆီးလိုက်သည်။
"ဟင်"
လီယန်ချူး ခဏမျှ ကြောင်သွားသည်။
သူသည် စွမ်းအားများကို မျက်လုံးထဲသို့ ထည့်သွင်းကြည့်လိုက်ရာ ဆိုင်ရှင်မ၏ အခန်းအတွင်း၌ အလင်းတန်းများ စီးဆင်းနေပြီး မြင်မရသော ကာကွယ်ရေး အတားအဆီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
သူသည် အင်အားအနည်းငယ် သုံး၍ စမ်းကြည့်သော်လည်း ဆိုင်ရှင်မ၏ ကာကွယ်ရေးကို ဖောက်ထွင်း၍ မရကြောင်း တွေ့လိုက်ရသည်။
သူသည် တတိယအဆင့် ယန်ဝိညာဉ်ပညာရှင် ဖြစ်ပါလျက်နှင့် ဖောက်ထွင်း၍ မရသည်မှာ ထူးဆန်းလှသည်။ သို့သော် ထိုအခြေအနေကို သူသည် ဝမ်းသာအားရ ဖြစ်မိသွားသည်။
သူ ရှာနေသည့် လူမှန်ကို တွေ့လိုက်ရပြီ ဖြစ်ပုံရသည်။