အခန်း (၄၇၀-၄၇၁)
Vol. 44 Ch. 470-471
အပိုင်း (၄၇၀)
“ဘာကြောင့်လဲ ဒကာကြီး” ဆရာတော် ကျဲချန်က မေးမြန်းလိုက်သည်။
ဓားအဖိုးအိုက ပြုံးလိုက်ပြီး - “ဒီနေရာမှာ ရှိနေတဲ့သူ အားလုံးက ဝတ်ရုံစိမ်းမျှော်စင်နဲ့ ရန်ငြိုးကိုယ်စီ ရှိကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ မဟာရှနိုင်ငံက တည်ထောင်တာ မကြာသေးသလို ဝတ်ရုံစိမ်းမျှော်စင်နဲ့လည်း ဘာရန်ငြိုးမှ မရှိဘူး။ ဒါကြောင့် ဒီလို ရှုပ်ထွေးလှတဲ့ အရေးကိစ္စတွေထဲမှာ ကျွန်ုပ်တို့ မပါဝင်ချင်ဘူး”
“ဒကာကြီးရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တော် နားလည်ပါတယ်” ဆရာတော် ကျဲချန်က ပြန်လည် ပြောလိုက်သည်။ “ဒါပေမဲ့ ဝတ်ရုံစိမ်းမျှော်စင်နဲ့ ရန်ငြိုးမရှိဘူးဆိုတာကတော့ မဟုတ်နိုင်ပါဘူး။ ကိုယ်တော် သိသလောက်ဆိုရင် တစ်စုံတစ်ယောက်က ဝတ်ရုံစိမ်းမျှော်စင်ဆီမှာ မဟာရှနိုင်ငံကို ပစ်မှတ်ထားဖို့ ငွေတေး သန်း ၃၀ နဲ့ အသေသတ်အမိန့် ထုတ်ထားတယ်လို့ ကြားသိထားပါတယ်”
“ဒါကြောင့် သူတို့ရဲ့ နောက်ဆုံးလှုပ်ရှားမှုဟာ မဟာရှနိုင်ငံကို ဦးတည်ထားတာ ဖြစ်နိုင်ပါတယ်။ ကံကောင်းချင်တော့ စီနီယာကြီးတစ်ဦးက သူတို့ကို ကြိုတင်တွေ့ရှိပြီး နှိမ်နင်းပေးလိုက်လို့သာ မဟာရှနိုင်ငံဟာ ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတာပါ။ မဟုတ်ရင်တော့ ကောင်းကင်အဆင့် သိုင်းပညာရှင်မရှိတဲ့ မဟာရှနိုင်ငံဟာ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကိုယ်တော် အထူးပြောနေစရာ လိုမယ်မထင်ပါဘူး”
“ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး အားလုံး စုစည်းညီညွတ်စွာနဲ့ တရားသောလမ်းကို ကာကွယ်သင့်ပါတယ်”
ထိုစကားကို ကြားရသောအခါ လူတိုင်းက မသိမသာ ခေါင်းငြိမ့်လိုက်ကြသည်။ သို့သော်လည်း ဓားအဖိုးအိုကတော့ တုန်လှုပ်ခြင်းမရှိဘဲ - “ဆရာတော် ပြောကြားသလိုပါပဲ... အဲ့ဒီစီနီယာကြီးသာ ကြားဖြတ်မကူညီခဲ့ရင် မဟာရှနိုင်ငံဟာ ဘေးဒုက္ခနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ။ ကျွန်ုပ်တို့ အရှင်မင်းကြီးက အဖွဲ့ကို ဦးဆောင်ပြီး ထွက်ခွာသွားရဲတာဟာ ကြိုတင်ပြင်ဆင်မှုတွေ ရှိထားပြီးသားမို့လို့ပါ” ဟု ပြောလိုက်သည်။
“ဘာပြင်ဆင်မှုမျိုးလဲ” တစ်စုံတစ်ယောက်က ကြားဖြတ်မေးမြန်းလိုက်သည်။
“ဒါကတော့ မဟာရှနိုင်ငံရဲ့ လျှို့ဝှက်ချက်ဖြစ်လို့ ပြင်ပလူတွေကို ထုတ်ဖော်မပြောနိုင်ပါဘူး” ဓားအဖိုးအိုက အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။
သူတို့၏ ကောင်းကင်အဆင့် ပညာရှင် ထွက်ခွာသွားသော်လည်း ‘ရွှမ်ရှောင်’ နတ်ဓားကတော့ ရှိနေဆဲဖြစ်သည်။ ဤနတ်ဘုရားဓားသည် အခြားသော ကောင်းကင်အဆင့် ပညာရှင်များထက်ပင် ပိုမိုပြင်းထန်စွာ ရန်သူကို အလိုအလျောက် တိုက်ခိုက်သတ်ဖြတ်နိုင်သည်။ ထို့အပြင် ‘ရွှမ်ရှောင်’ ဓားအသေးများမှတစ်ဆင့် စွမ်းအားများကို စုပ်ယူနိုင်သေးသည်။ စွမ်းအားများ ပိုမိုစုပ်ယူလေလေ၊ ၎င်း၏ စွမ်းရည်မှာ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ စွမ်းရည်နှင့် ပိုမိုနီးစပ်လာလေလေ ဖြစ်သည်။ သို့သော်လည်း ထိုဓားကို အသုံးမပြုရသေးသဖြင့် ပြင်ပလူများက ၎င်း၏စွမ်းအားကို မသိကြခြင်းသာ ဖြစ်သည်။
“ဒါကြောင့် နှိုင်းယှဉ်ကြည့်ရင် ကျွန်ုပ်တို့ မဟာရှနိုင်ငံက ဝတ်ရုံစိမ်းမျှော်စင်ထက် ဒီငွေတေး သန်း ၃၀ နောက်ကွယ်က လူကိုပဲ ပိုပြီး အာရုံစိုက်တယ်”
ဓားအဖိုးအိုက ခန်းမအတွင်းရှိ လူများကို ဝေ့ဝဲကြည့်လိုက်ပြီး - “ငွေတေး သန်း ၃၀ ဆိုတာ တိုင်းနိုင်ငံတစ်ခုရဲ့ တစ်နှစ်စာ ဘဏ္ဍာငွေနဲ့ ညီမျှပါတယ်။ အင်ပါယာကြီးတစ်ခုတောင် ဒီလောက်စရိတ်မျိုးကို သုံးဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ မဟာရှနိုင်ငံကို ပျက်စီးစေချင်တဲ့သူဟာ ဘယ်သူလဲဆိုတာ သိချင်မိတယ်။ ပြီးတော့ ဒီနောက်ကွယ်မှာ တစ်ယောက်ထက်မက ရှိနေမှာကတော့ သေချာတယ်။ ဒါကြောင့် ဝတ်ရုံစိမ်းမျှော်စင်က ယုတ်မာတယ်ဆိုရင် သူတို့နောက်ကွယ်က လူတွေက ပိုပြီးတော့တောင် ယုတ်မာသေးတယ်”
ဓားအဖိုးအို၏ ထက်ရှသော အကြည့်များအောက်တွင် အချို့သောသူများမှာ မျက်လုံးချင်း မဆုံဝံ့ဘဲ အကြည့်လွှဲသွားကြသည်။
“ဒါကြောင့် ကျွန်ုပ်တို့ မဟာရှနိုင်ငံကတော့ ဒီနောက်ကွယ်က လူတွေကို ရှာဖွေဖို့ပဲ ပိုစိတ်ဝင်စားတယ်။ ဝတ်ရုံစိမ်းမျှော်စင်ကို နှိမ်နင်းတဲ့အရေးမှာတော့ မဟာရှနိုင်ငံက ပါဝင်မှာ မဟုတ်ပါဘူး။ အားလုံးပဲ ခွင့်လွှတ်ပေးကြပါ”
........
နောက်ဆုံးတွင် အားလုံးစုပေါင်းကာ ဝတ်ရုံစိမ်းမျှော်စင်ကို ရင်ဆိုင်ရန် ‘မိစ္ဆာနှိမ်နင်းရေး မဟာမိတ်’ ကို ဖွဲ့စည်းလိုက်ကြသည်။ မဟာရှနိုင်ငံ ပါဝင်ခြင်း မရှိသော်လည်း ၎င်းတို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထူးခြားမှု မရှိသကဲ့သို့ ဖြစ်နေသဖြင့် မည်သူကမျှ အရေးတယူ မရှိလှပေ။
ထို့နောက် မိစ္ဆာနှိမ်နင်းရေး မဟာမိတ်အဖွဲ့သည် အင်အားသုံး၍ ဝတ်ရုံစိမ်းမျှော်စင်၏ စခန်းအမြောက်အမြားကို ဖော်ထုတ်ကာ ချေမှုန်းလေတော့သည်။ သို့သော်လည်း ဝတ်ရုံစိမ်းမျှော်စင်ဘက်မှ ကြိုတင်ပြင်ဆင်ထားပုံရသည်။ အဖိုးတန်ပစ္စည်းများနှင့် အရေးပါသူများမှာ ပြောင်းရွှေ့သွားကြပြီဖြစ်ပြီး အကြွင်းအကျန် အဆင့်နိမ့် လူငယ်အချို့သာ ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝတ်ရုံစိမ်းမျှော်စင်ကလည်း တန်ပြန်ကလဲ့စားချေလာရာ ဗုဒ္ဓဂိုဏ်း၏ ကျောင်းတော်များမှာ တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရသည်။ အခြားသော ဂိုဏ်းအသီးသီးမှာလည်း အထိနာနေကြသည်။ အင်အားစုအားလုံးမှာ အလွန်အမင်း ဒေါသထွက်နေကြသော်လည်း အမျက်အထွက်ဆုံးမှာ မဟာလော့ ဧကရာဇ်ပင် ဖြစ်သည်။ ဝတ်ရုံစိမ်းမျှော်စင်ကြောင့် မဟုတ်ဘဲ အခြားအကြောင်းကြောင့်.....
“နတ်မိမယ် ယွီဖေး... နောက်ထပ် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးလောက်ကို ထပ်လွှတ်ပေးလို့ တကယ်ပဲ မရတော့ဘူးလား”
မဟာလော့ဧကရာဇ်က အလေးအနက် တောင်းပန်လိုက်သည်။ “ကြည့်ပါဦး... အဲ့ဒီမိစ္ဆာမက တစ်ခါပြန်လာပြီး ကျုပ်ရဲ့ အရာရှိတွေကို သတ်ဖြတ်နေပြန်ပြီ။ တာအိုဂိုဏ်းက အကြီးအကဲတွေသာ အရေးမယူပေးရင် မဟာလော့နိုင်ငံတော့ ပျက်စီးရပါတော့မယ်”
ပင်လယ်ရပ်ခြားမှ ပြန်ရောက်လာပြီးနောက် ခွန်အားများ သိသိသာသာ တိုးတက်လာသော မိုယုယန် သည် မဟာလော့နိုင်ငံအတွင်းသို့ တစ်ဖန် ပြန်လည် ကျူးကျော်လာခဲ့သည်။ ထိုအချိန်တွင် တာအိုဂိုဏ်းသည် အခြားအင်အားစုများနှင့်ပေါင်းကာ ဝတ်ရုံစိမ်းမျှော်စင်ကို နှိမ်နင်းနေသဖြင့် မဟာလော့နိုင်ငံရှိ ကျွမ်းကျင်သူ အများစုကို ပြန်လည်ခေါ်ယူထားသည်။ ထို့ကြောင့် ဧကရာဇ်နှင့် နန်းတော်ကို ကာကွယ်ရန် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ချီဖွဲ့တည်ခြင်းအဆင့် အနည်းငယ်သာ ကျန်ရှိတော့သည်။
သူမကို တားဆီးမည့်သူ မရှိသဖြင့် မိုယုယန်သည် တစ်ဖန် သတ်ပွဲများ ဆင်နွှဲခဲ့ပြန်သည်။
မဟာလော့ဧကရာဇ်၏ တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းများကို ကြည့်ကာ စုန့်ယွီဖေးက စိတ်မကောင်းစွာဖြင့် - “အရှင်မင်းကြီး... စိတ်မကောင်းပါဘူး။ ကျွန်မတို့ တာအိုဂိုဏ်းဟာ ဝတ်ရုံစိမ်းမျှော်စင်ကို နှိမ်နင်းဖို့ အင်အားအပြည့် အသုံးချနေရတဲ့အတွက် လူထပ်လွှတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကိစ္စပြီးသွားရင်တော့ ကျွန်မတို့ အစွမ်းကုန် ကူညီပေးပါ့မယ်”
“ဒီကိစ္စ ပြီးသွားရင်...” မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။
ဤအရေးကိစ္စမှာ ဘယ်တော့မှ ပြီးဆုံးမည်နည်း။ သူသည် သမိုင်းကြောင်းကို မသိနားမလည်သူ မဟုတ်ပေ။ သမိုင်းမှတ်တမ်းများအရ ဝတ်ရုံစိမ်းမျှော်စင်ကို ဤကဲ့သို့ အကြီးအကျယ် နှိမ်နင်းမှုများသည် အတိုဆုံး ခြောက်လမှ အရှည်ဆုံး ရှစ်နှစ်အထိ ကြာမြင့်ခဲ့ဖူးသည်။
သူ့ကို လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ စောင့်ခိုင်းနေခြင်းမှာ ထိုအချိန်ကျလျှင် တိုင်းပြည်မှာ ကုစရာဆေး မရှိတော့ချေ။
“နတ်မိမယ်... ကျွန်တော် တောင်းပန်ပါတယ်။ မဟာလော့နိုင်ငံက အခု အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာပါ။ ကျွန်တော်တို့ သေတာကို ဘေးကနေ ထိုင်မကြည့်ပါနဲ့ဦး” ဟု ပြောရင်း မဟာလော့ဧကရာဇ်က ဒူးထောက်လိုက်တော့သည်။
စုန့်ယွီဖေးမှာ လန့်သွားပြီး သူ့ကို အမြန်ထူမလိုက်ကာ - “အရှင်မင်းကြီး... ကျေးဇူးပြုပြီး ထပါဦး။ အရှင်က မြင့်မြတ်တဲ့ အဆင့်အတန်းရှိတဲ့ တိုင်းပြည်ရဲ့ အရှင်သခင်တစ်ပါးပဲလေ။ ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူ ဒူးထောက်နိုင်ရတာလဲ”
မဟာလော့ဧကရာဇ်က ခါးသီးစွာ ပြုံးလိုက်ပြီး - “တိုင်းပြည်ပျက်တဲ့ မင်းတစ်ယောက်လည်း မဖြစ်ချင်ဘူး၊ အသေလည်း မခံနိုင်ဘူး။ ဒါကြောင့် ဒူးထောက်ဖို့ကလွဲလို့ ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိပါဘူး”
စုန့်ယွီဖေးက သက်ပြင်းချကာ - “အရှင်မင်းကြီး... ဒါက ကျွန်မတစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်မ တတ်နိုင်သလောက်တော့ ကြိုးစားပေးမယ်လို့ ကတိပေးပါတယ်”
မဟာလော့ဧကရာဇ်က ဦးညွှတ်လိုက်ပြီး - “နတ်မိမယ်ရဲ့ ကြိုးစားမှုကို ကျေးဇူးတင်ပါတယ်”
စုန့်ယွီဖေးသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။ မထွက်ခွာမီ သူမသည် မဟာလော့ဧကရာဇ်ကို နောက်လှည့်ကြည့်ကာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေတော့သည်။
သူမ မဟာလော့ဧကရာဇ်ကို စတင်တွေ့ရှိစဉ်က သူသည် တက်ကြွပြီး အင်ပါယာကို ချဲ့ထွင်ကာ နယ်မြေအားလုံးကို စုစည်းလိုသော သတ္တိနှင့် ပြတ်သားမှုရှိသည့် ထူးခြားသော ဘုရင်တစ်ပါး ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်မူ သူသည် ဖောက်ပြန်ပျက်စီးလာပြီး အေးစက်ရက်စက်ကာ လူမဆန်သူတစ်ဦး ဖြစ်လာခဲ့သည်။ တိုင်းပြည်သက်တမ်း ရှည်ကြာစေရန်နှင့် နယ်မြေချဲ့ထွင်ရန်အတွက် ပြည်သူတို့၏ အသက်ကို ဂရုမစိုက်ဘဲ စစ်ပွဲများကို ဆင်နွှဲခဲ့သည်။
ယခုမူ သူသည် အသက်ရှင်သန်နိုင်ရန်အတွက် သူ၏ ဧကရာဇ်ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ သူမ၏ရှေ့တွင် ဦးညွှတ်နေခဲ့ပြီ ဖြစ်သည်။ အမြီးကို ကြားညှပ်ပြီး တောင်းပန်နေသော ခွေးတစ်ကောင်ကဲ့သို့ သနားစရာကောင်းပြီး နိမ့်ကျလှပေသည်။
ဤကဲ့သို့သော ဧကရာဇ်မျိုးက ဘာအတွက် အသုံးကျမှာပါလိမ့်…။
“ဟင်း... သူ့ကို နောက်ဆုံးအကြိမ်အဖြစ် ငါ ကူညီပေးလိုက်ပါ့မယ်”
အပိုင်း (၄၇၁)
ထို့နောက် စုန့်ယွီဖေးသည် ဤအရေးကိစ္စကို အစီရင်ခံတင်ပြခဲ့သော်လည်း တာအိုဂိုဏ်း၏ ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရသည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ၎င်းတို့သည် မဟာလော့ဧကရာဇ်အတွက် ကိစ္စရပ်ပေါင်းများစွာကို ကူညီဆောင်ရွက်ပေးခဲ့သော်လည်း မဟာလော့နိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ်လာခဲ့ပြီး ယခုအခါတွင်မူ သာမန်တိုင်းနိုင်ငံတစ်ခုထက်ပင် ပို၍ နိမ့်ကျသွားခဲ့ပြီ ဖြစ်သည်။ နှစ်ရှည်လများ ရင်းနှီးမြှုပ်နှံခဲ့သမျှသည်လည်း ရေစုန်မျောခဲ့ရသဖြင့် တာအိုဂိုဏ်းသည် မဟာလော့ဧကရာဇ်အပေါ် အလုံးစုံ စိတ်ပျက်သွားလေပြီဖြစ်သည်။
အကယ်၍ တာအိုဂိုဏ်း၏ ဂုဏ်သိက္ခာကိုသာ ငဲ့ကွက်ခြင်း မရှိပါက သူတို့သည် မဟာလော့ဧကရာဇ်ကို စွန့်ခွာသွားသည်မှာ ကြာလှပြီဖြစ်သည်။ ယခုမူ သူတို့သည် ဝတ်ရုံစိမ်းမျှော်စင်ကို နှိမ်နင်းရန် အာရုံစိုက်နေရသဖြင့် သူ့ကို ဂရုစိုက်နေရန် အချိန်မရှိတော့ချေ။
စုန့်ယွီဖေးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ခါးသီးစွာ ပြုံးရင်း ရေရွတ်လိုက်မိသည်။ “ဟင်း... ဒီလိုဖြစ်လာမယ်ဆိုတာ ငါ ကြိုသိနေသားပဲ”
အဆုံးစွန်တွင်မူ တာအိုဂိုဏ်းဆိုသည်မှာလည်း အကျိုးစီးပွားကို အခြေခံသည့် အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ အကျိုးအမြတ်မရှိဘဲ မည်သူက အားစိုက်ထုတ်ပါမည်နည်း။ မဟာလော့ဧကရာဇ်သည်ကား ဤဘေးဒုက္ခကို ကျော်လွှားနိုင်တော့မည် မဟုတ်ချေ။
စုန့်ယွီဖေးသည် နောင်တရခြင်းအပြင် စိတ်ထဲတွင် တစ်မျိုးတစ်ဖုံ ပေါ့ပါးသွားသကဲ့သို့လည်း ခံစားလိုက်ရသည်။ လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း သူမသည် တာအိုဂိုဏ်း၏ အကျိုးစီးပွားအတွက် ဟိုဟိုဒီဒီ ပြေးလွှားရင်း မိမိကိုယ်ကို လိပ်ပြာမလုံသော ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့ရသဖြင့် စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ ယခုမူ သူမအတွက် လွတ်မြောက်ရာလမ်းကို ရှာတွေ့နိုင်ကောင်းပါရဲ့။
ရုတ်တရက်ဆိုသလို ခန့်ညားထည်ဝါသော လူငယ်လေးတစ်ဦး၏ ပုံရိပ်က သူမ၏ စိတ်အာရုံထဲတွင် ပေါ်လာသည်။
“ငါလည်း သူ့လိုပဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပြီး၊ လုပ်ချင်တာတွေလုပ်ကာ ဘာကိုမှ ပူပန်စရာမလိုဘဲ အေးအေးလူလူ နေချင်လိုက်တာ”
..........
သိုင်းလောကတစ်ခုလုံး ရှုပ်ထွေးပွေလီနေသော်လည်း မဟာရှနိုင်ငံကတော့ အေးချမ်းသာယာလျက် ရှိနေသည်။
လင်းပိုင်ဖန်သည် နဂါးလှေထက်တွင် အရက်သောက်ရင်း၊ အပေါင်းအသင်းများနှင့်အတူ မြစ်တစ်ဖက်တစ်ချက်ရှိ ရှုခင်းများကို ကြည့်ရှုခံစားနေသည်။ တစ်ချိန်တည်းမှာပင် သူသည် ‘မိစ္ဆာနှိမ်နင်းရေး မဟာမိတ်’ အတွင်းရှိ အခြေအနေများကိုလည်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
မဟာရှနိုင်ငံက ဤအရေးတွင် ပါဝင်ခြင်းမရှိသော်လည်း ‘သူဖုန်းစားဂိုဏ်း’ ကမူ ပါဝင်နေသဖြင့် လင်းပိုင်ဖန်သည် ၎င်းတို့မှတစ်ဆင့် သတင်းအချက်အလက်များကို ရရှိနေခြင်းဖြစ်သည်။ ထိုမိစ္ဆာနှိမ်နင်းရေး လုပ်ငန်းစဉ်မှာ ချောမွေ့ခြင်းမရှိဟု ဆိုနိုင်သည်။
ပထမအချက်မှာ ဝတ်ရုံစိမ်းမျှော်စင်သည် အလွန်ကောက်ကျစ်ပြီး ပုန်းခိုရာ စခန်းများစွာ ရှိနေသဖြင့် ၎င်းတို့ကို အမြစ်ပြတ်ချေမှုန်းရန် ခက်ခဲခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ မိစ္ဆာနှိမ်နင်းရေး မဟာမိတ်အဖွဲ့သည် လောကရှိ အင်အားစုပေါင်းများစွာနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် အကျိုးစီးပွား ပဋိပက္ခများစွာ ရှိနေခြင်းဖြစ်သည်။
လူတိုင်းက အခြားသူကိုသာ ရှေ့တန်းက ထွက်တိုက်စေချင်ပြီး မိမိတို့ကတော့ နောက်ကနေ အကျိုးအမြတ် နှိုက်ချင်ကြသည်။ အခြားသူတွေ အထိနာပြီး မိမိတို့ဘက်က အထိအခိုက်နည်းကာ နောင်တစ်ချိန်တွင် ပြိုင်ဘက်များကို ကျော်တက်နိုင်ရန်သာ ကြံစည်နေကြသည်။ ထို့ကြောင့် မည်သူမျှ အစွမ်းကုန် အားထုတ်ခြင်း မရှိကြချေ။ အမှန်စင်စစ် သမိုင်းတစ်လျှောက် ဖွဲ့စည်းခဲ့ဖူးသော မိစ္ဆာနှိမ်နင်းရေး မဟာမိတ်များမှာလည်း ဤအတိုင်းသာ ဖြစ်ခဲ့သည်။ အကယ်၍သာ လူတိုင်း စည်းလုံးညီညွတ်ကြပါက ဝတ်ရုံစိမ်းမျှော်စင်မှာ ပျက်စီးသွားသည်မှာ ကြာလှပြီ ဖြစ်သည်။
“ကြည့်ရတာတော့ အသံသာကျယ်ပြီး တကယ်တမ်းတော့ ဘာမှမယ်မယ်ရရ ဖြစ်မလာမယ့် ပုံပဲ” လင်းပိုင်ဖန်က ခေါင်းယမ်းပြီး ရယ်မောလိုက်သည်။
“မှန်တာပေါ့” ဟု ပန်းချီဆရာကြီးက ပန်းချီဆွဲရင်း ပြောလိုက်သည်။ “ကျွန်တော် ငယ်ငယ်တုန်းကလည်း အခုလို မိစ္ဆာနှိမ်နင်းရေး အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက အင်အားက အခုထက်တောင် မနည်းဘူး။ ကျွန်တော်ကတော့ ငယ်သွေးကြွပြီး အားတက်သရော ပါဝင်ခဲ့တာပေါ့။ ဒါပေမဲ့ မဟာမိတ်ထဲမှာတော့ တာဝန်တွေကို တစ်ယောက်ပေါ်တစ်ယောက် ပုံချနေကြတာပဲ ရှိတယ်”
“အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါကျရင် လူတိုင်းက အခြားသူကိုပဲ တွန်းပို့ကြပြီး ဘယ်သူမှ ကိုယ်တိုင် အပင်ပန်းမခံချင်ကြဘူး။ အဲ့ဒါနဲ့ ကျွန်တော်လည်း စိတ်ကုန်သွားတာနဲ့ မဟာမိတ်ထဲက ထွက်လာပြီး ပန်းချီပဲ ဆွဲနေတော့တာ”
“ဆရာ... အဲ့ဒီနောက်ပိုင်း ဘာဖြစ်သွားလဲဟင်” ဟု မိန်းကလေးငယ် လီရှီဟွာက စပ်စုလိုက်သည်။
“ဘာဖြစ်ရမှာလဲ... ဒီလိုပဲ ပြီးသွားတာပေါ့” ပန်းချီဆရာကြီးက သက်ပြင်းချရင်း ခေါင်းယမ်းလိုက်သည်။ “အခုဆို နှစ်ပေါင်း ၁၀၀ ကျော်သွားပြီ၊ သိုင်းလောကကတော့ အရင်အတိုင်းပဲ။ ဒါကြောင့် ရှီဟွာ... နောင်ကျရင် ဒီလိုကိစ္စတွေနဲ့ ကြုံလာရင် ဝေးဝေးကပဲ ရှောင်ပါ။ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ မဟုတ်ရင် သူတစ်ပါးရဲ့ အသုံးချတာကို ခံရလိမ့်မယ်”
“နားလည်ပါပြီ ဆရာ” လီရှီဟွာက အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။
လင်းပိုင်ဖန်က သူမကို လက်ဟန်ပြခေါ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။ “ရှီဟွာ... နားမလည်တာရှိရင် ငါကိုယ်တော်ကို မေးလို့ရတယ်။ ငါကိုယ်တော်က မင်းထက် အသက်အနည်းငယ်ပဲ ကြီးပေမယ့် ကြုံတွေ့ခဲ့ရတာတွေကတော့ အများကြီးပဲ။ မင်းကို သေချာပေါက် လမ်းညွှန်ပေးနိုင်တယ်”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” လီရှီဟွာက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။
သူမ၏ ဘေးတွင် ပန်းသီးစားနေသော ယောင်ယောင်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး - “ဟုတ်တယ်... သူ့ကို ယုံလိုက်စမ်းပါ။ အရှင်မင်းကြီးက နင့်ကို ဒုက္ခမပေးပါဘူး၊ နင့်ရဲ့ ခန္ဓာကိုယ်ကိုပဲ မက်မောနေတာပါ”
လင်းပိုင်ဖန် - “...”
လူတိုင်းက ဝိုင်းရယ်ကြတော့သည်။ ထိုအချိန်တွင် လင်းပိုင်ဖန်သည် အင်ပါယာမြေပုံမှတစ်ဆင့် မဟာရှနိုင်ငံအတွင်းသို့ တိတ်တဆိတ် ချဉ်းကပ်လာသော သူစိမ်း ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးကို သတိပြုမိလိုက်သည်။
သူမသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး မျက်နှာမှာ တည်တင်းနေသည်။ သို့သော် သူမ၏ ကိုယ်ဖော့ပညာမှာ ထူးခြားလှပြီး မျက်စိတစ်မှိတ်အတွင်း ပေပေါင်းများစွာကို အသံမထွက်စေဘဲ တစ္ဆေတစ်ကောင်ကဲ့သို့ ကူးဖြတ်နိုင်သည်။
ခဏချင်းတွင်ပင် သူမသည် ရှေ့မှသွားနေသော ‘လက်ဗလာ ဆရာကြီး’ ကို မီသွားလေသည်။ ထို့နောက် သူမသည် ဆရာကြီး၏ နောက်ကျောကို လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။ ဤလက်ဝါးရိုက်ချက်မှာ တိတ်ဆိတ်လွန်းသော်လည်း ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးပင် ထိမှန်ပါက အပြင်းအထန် ဒဏ်ရာရရှိစေနိုင်သည်။
“ဘယ်သူလဲ”
လက်ဗလာ ဆရာကြီးက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ပေတစ်ရာခန့် အကွာအဝေးသို့ ချက်ချင်း ရှောင်တိမ်းကာ နောက်ကလူကို သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်သည်။
အခြားတစ်ဖက်မှလူက လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး - “ကမ္ဘာ့နံပါတ်တစ် သူခိုးကြီး လက်ဗလာ ဆရာကြီး ဆိုတာ တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်”
“မင်းက ဘယ်သူလဲ၊ ငါ့ဆီက ဘာလိုချင်တာလဲ” လက်ဗလာ ဆရာကြီးသည် တစ်ဖက်လူကို အကဲခတ်ရင်း ရှေ့မှ ကောင်းကင်အဆင့် သိုင်းပညာရှင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို စဉ်းစားနေသည်။
နောက်ဆုံးတွင် အလွန်စိမ်းသက်လှသော သတင်းအချက်အလက်တစ်ခုကို သူ သတိရသွားသည်။
“မင်းက ဝတ်ရုံစိမ်းမျှော်စင်ရဲ့ ဒုတိယခေါင်းဆောင်... အသက်ခြွေရက်ရှာဆာလား..?”