အခန်း (၄၇၂-၄၇၃)
Vol. 44 Ch. 472-473
အပိုင်း (၄၇၂)
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးက လက်ခုပ်တီးကာ ထပ်မံရယ်မောလိုက်ပြီး - “ကမ္ဘာ့နံပါတ်တစ် သူခိုးကြီး လက်ဗလာဆရာကြီးဆိုတာ တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်၊ ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာကို တစ်ချက်ကြည့်ရုံနဲ့ သိလိုက်တာပဲကိုး”
“လောကမှာ ကောင်းကင်အဆင့် အမျိုးသမီး သိုင်းပညာရှင်ဆိုတာ လက်ချိုးရေလို့ရသလောက် နည်းပါးလှတယ်၊ အဲဒီထဲက အများစုကလည်း ငါနဲ့ ရင်းနှီးပြီးသား။ ဒါကြောင့် တစ်ယောက်ချင်းစီကို ဖယ်ထုတ်ကြည့်လိုက်ရင် မင်းက ဘယ်သူလဲဆိုတာ ခန့်မှန်းရတာ မခက်ပါဘူး”
လက်ဗလာဆရာကြီးက သတိကြီးစွာဖြင့် မေးလိုက်သည်။ “မင်း ငါ့နောက်ကို လိုက်လာတာ ဘာကိစ္စရှိလို့လဲ”
“ဝတ်ရုံစိမ်းမျှော်စင်ထဲကို ဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ” ဟု အသက်ခြွေရက်ရှာဆာဖြစ်သူ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြောလိုက်သည်။
လက်ဗလာဆရာကြီးမှာ မှင်တက်သွားပြီး - “ငါ့ကို ဝတ်ရုံစိမ်းမျှော်စင်ထဲ ဝင်ဖို့ ဖိတ်ခေါ်တယ် ဟုတ်လား”
“မှန်တာပေါ့”
အသက်ခြွေရက်ရှာဆာက ပြုံးရွှင်စွာဖြင့် ဆက်ပြောသည်။ “လက်ဗလာဆရာကြီး... ရှင်က ကိုယ်ဖော့ပညာမှာ ထူးချွန်သလို ကမ္ဘာ့အကောင်းဆုံး ခိုးယူခြင်း အတတ်ပညာကိုလည်း ပိုင်ဆိုင်ထားသူပဲ။ ဒါဟာ ကျွန်မတို့ ဝတ်ရုံစိမ်းမျှော်စင်အတွက် အလိုအပ်ဆုံး အရည်အချင်းပဲ။ အကယ်၍ ရှင်သာ ကျွန်မတို့နဲ့ ပူးပေါင်းမယ်ဆိုရင် စည်းစိမ်ဥစ္စာ၊ အာဏာနဲ့ အဆင့်မြင့် သိုင်းကျမ်းတွေအားလုံးကို ပိုင်ဆိုင်ရလိမ့်မယ်။ ဒါတင်မကသေးဘူး... ရှင်သာ စွမ်းဆောင်နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ ခေါင်းဆောင်ကြီးဆီကနေ တိုက်ရိုက် လမ်းညွှန်မှုတောင် ရနိုင်ပါသေးတယ်”
“ကျွန်မတို့ ခေါင်းဆောင်ကြီးရဲ့ သိုင်းပညာက ကောင်းကင်အဆင့် သိုင်းသမားတွေကြားမှာ ပြိုင်ဖက်မရှိလောက်အောင် ထိပ်တန်းကို ရောက်ရှိနေတာ။ သူ့ဆီက လမ်းညွှန်မှုရမယ်ဆိုရင် ရှင့်အနေနဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်လာမယ်လို့ အာမမခံနိုင်ပေမဲ့ ‘ကောင်းကင်အဆင့်တစ်ဝက်’ ကိုတော့ သေချာပေါက် ရောက်နိုင်မှာပါ”
လက်ဗလာဆရာကြီးက သူမ၏ ကမ်းလှမ်းချက်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
စည်းစိမ်ဥစ္စာနဲ့ အာဏာ…
အဆင့်မြင့်သိုင်းကျမ်းတွေ…
ဒါတွေအားလုံးက သူ့မှာ ရှိပြီးသားပင် ဖြစ်သည်။
သူသည် လင်းပိုင်ဖန်၏ အစောဆုံး နောက်လိုက် တစ်ဦးဖြစ်ပြီး မဟာရှနိုင်ငံအတွက် အကျိုးပြုခဲ့သမျှကြောင့် သူအလိုရှိသမျှကို ရရှိပြီးသားဖြစ်သည်။ စျေးကွက်တွင် ရှာရခက်သော နတ်ဆေးဝါးများနှင့် လက်နက်ကောင်းများကိုပင် သူပိုင်ဆိုင်ထားသည်။ ထို့အပြင် ကောင်းကင်အဆင့် သိုင်းပညာရှင် အချို့ထံမှလည်း မကြာခဏ လမ်းညွှန်မှု ခံယူနေရသူ ဖြစ်သည်။ သူ၏ ဘဝသက်တမ်းအတွင်း 'ကောင်းကင်အဆင့်တစ်ဝက်' သို့ ရောက်နိုင်မည်ဟုလည်း သူယုံကြည်ထားသည်။
အတိုချုပ်ပြောရလျှင် မဟာရှနိုင်ငံတွင် သူ့အတွက် လိုလေသေးမရှိ အရာအားလုံး ပြည့်စုံနေသည်။ သို့ဖြစ်ပါက အဘယ်ကြောင့် ဝတ်ရုံစိမ်းမျှော်စင်သို့ ဝင်ရမည်နည်း။ ဝတ်ရုံစိမ်းမျှော်စင်ကဲ့သို့ အမှောင်အဖွဲ့အစည်းတစ်ခုက မဟာရှနိုင်ငံထက် ပို၍ ပေးနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ထို့အပြင် ယခုအချိန်တွင် ဝတ်ရုံစိမ်းမျှော်စင်သည် တစ်လောကလုံးရှိ အင်အားစုများ၏ လိုက်လံနှိမ်နင်းခြင်းကို ခံနေရသည့် 'လမ်းဘေးဖြတ်ပြေးနေရသော ကြွက်' ကဲ့သို့ ဖြစ်နေသည်။ ယခုအချိန်တွင် သူတို့နှင့် ပူးပေါင်းခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းပင် ဖြစ်သည်။ ပြီးခဲ့သည့် စစ်ဆင်ရေးတွင် ဝတ်ရုံစိမ်းမျှော်စင် အထိနာသွားသဖြင့် သူ့ကို အသုံးချရန် လာရောက်စည်းရုံးခြင်းဖြစ်မည်ဟု သူ သံသယဝင်လိုက်သည်။
“မင်းရဲ့ ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါက မဟာရှအင်ပါယာရဲ့ အရှင်မင်းကြီးအပေါ်မှာ သစ္စာခံထားပြီးသားပါ။ တခြားတစ်ဖက်ကို ကူးပြောင်းဖို့ဆိုတာ... ငါ တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါကြောင့် ပြန်လိုက်ပါတော့” ဟု လက်ဗလာဆရာကြီးက ငြင်းပယ်လိုက်သည်။
“လက်ဗလာဆရာကြီး... ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့ဦး”
အသက်ခြွေရက်ရှာဆာက ပြုံးမြဲပြုံးလျက်ပင် ဆက်ပြောသည်။ “ရှင့်ရဲ့ ကျောရိုးထဲကို တစ်ချက်လောက် ပြန်စစ်ကြည့်ပါဦး”
လက်ဗလာဆရာကြီးသည် မယုံတဝက် ယုံတဝက်ဖြင့် သူမပြောသကဲ့သို့ စစ်ဆေးကြည့်လိုက်ရာ သူ၏ ကျောရိုးပေါ်တွင် မည်းနက်သော အမှတ်အသားတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အစစ်အမှန် ချီကို စီးဆင်းစေလိုက်သည့်အခါတွင်လည်း ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
လက်ဗလာဆရာကြီး၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး - “မင်း... ငါ့ကို ဘာလုပ်လိုက်တာလဲ”
“ဒါက ‘အရိုးတွယ်အင်းဆက်ခုနစ်မျိုး’ အဆိပ်လို့ ခေါ်တယ်။ ကမ္ဘာပေါ်မှာ အပြင်းဆုံး အင်းဆက်ခုနစ်မျိုးကနေ ထုတ်ထားတာ။ အနံ့အသက်မရှိ၊ အရောင်အဆင်းမရှိသလို အရေပြားနဲ့ ထိတွေ့ရုံနဲ့ အဆိပ်သင့်စေတာ။ ခုနက ကျွန်မ ဖြန်းလိုက်တဲ့ အဆိပ်မှုန့်တွေနဲ့ ရှင့်ရဲ့ အရေပြား ထိတွေ့သွားခဲ့ပြီလေ”
“တစ်ခါ အဆိပ်သင့်ပြီဆိုရင် အဆိပ်က ကျောရိုးနဲ့ ရိုးတွင်းခြင်ဆီတွေဆီ အလျင်အမြန် ပျံ့နှံ့သွားလိမ့်မယ်။ ခုနစ်ရက်တစ်ကြိမ် အရိုးကို ခြစ်နေသလိုမျိုး ခံရခက်တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ့။ ကျွန်မတို့ ဝတ်ရုံစိမ်းမျှော်စင်က အဆိပ်ဖြေဆေး မရရင်တော့ ရှင်ဟာ အလွန်နာကျင်စွာနဲ့ သေဆုံးရမှာပဲ”
လက်ဗလာဆရာကြီးက ဒေါသတကြီး စိုက်ကြည့်ရင်း - “မင်း တကယ်ကို ရက်စက်တာပဲ”
“ချီးမွမ်းတာ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဝတ်ရုံစိမ်းမျှော်စင်က အမြဲတမ်း ဒီလိုပါပဲ။ ဒီအဆိပ်အတွက် ဖြေဆေးက ကျွန်မတို့ဆီမှာပဲ ရှိတာ။ တစ်လောကလုံးမှာ ဘယ်သူမှ မကုနိုင်ဘူး”
ယုံကြည်ချက်အပြည့်ရှိနေသော အသက်ခြွေရက်ရှာဆာက ရယ်မောကာ - “မယုံရင် စမ်းကြည့်လို့ ရပါတယ်။ ရှင့်ကို ခုနစ်ရက် အချိန်ပေးမယ်။ ခုနစ်ရက်ပြည့်ရင် ကျွန်မ ဒီနေရာကနေပဲ စောင့်နေမယ်။ ရှင် ရှင်မလား သေမလားဆိုတာ ရှင့်ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်”
ပြောပြီးသည်နှင့် သူမ၏ ပုံရိပ်မှာ လေထဲသို့ ပျောက်ကွယ်သွားကာ၊ မျက်နှာပျက်နေသော လက်ဗလာဆရာကြီး တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
လက်ဗလာဆရာကြီးသည် ထိုင်ပြီး အသေခံမည့်သူ မဟုတ်ချေ။ သူသည် ချက်ချင်းပင် ‘လေးရာသီချိုင့်ဝှမ်း’ ဆီသို့ အပြေးအလွှား သွားခဲ့သည်။ အကြောင်းမှာ ထိုနေရာတွင် အဆိပ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သလို၊ အဆိပ်ဖြင့် အဆိပ်ကို ပြန်လည်နှိမ်နင်းကာ ရောဂါကုသရာတွင် ဆရာကျသည့် အဆိပ်ဆရာဝန်ကြီးတစ်ဦး ရှိနေသောကြောင့် ဖြစ်သည်။
သေချာစမ်းသပ်ပြီးနောက် လျိုဝမ်ချင်း၏ အမေက ပြောလိုက်သည်။ “ဒီအဆိပ်က ကုဖို့ တော်တော်ခက်တယ်။ အဆိပ်ရှိတဲ့ အင်းဆက်ခုနစ်မျိုးနဲ့ ဖော်စပ်ထားတာဖြစ်ပြီး အဆိပ်တစ်ခုချင်းစီက အပြန်အလှန် ချိတ်ဆက် ထိန်းကျောင်းနေကြတာ။ ကုထုံးအနည်းငယ် မှားသွားတာနဲ့တင် ချက်ချင်း အဆိပ်တက်ပြီး သေသွားနိုင်တယ်။ ကျွန်မလည်း ဒီလိုအဆိပ်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ ကုသနိုင်ခြေက ဆယ်ပုံတစ်ပုံတောင် မရှိဘူး။ ခုနစ်ရက်အတွင်း ကုဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ ရှင် ဘယ်လိုဖြစ်ပြီး အဆိပ်မိလာတာလဲ”
လက်ဗလာဆရာကြီးက သက်ပြင်းချလိုက်ပြီး - “ဟင်း... ပြောရရင်တော့ ရှည်လိမ့်မယ်…”
သူသည် မဟာရှနိုင်ငံတွင် အေးအေးဆေးဆေး နေထိုင်နေရင်းနှင့်မှ ဝတ်ရုံစိမ်းမျှော်စင်မှ ရက်စက်သော အမျိုးသမီး၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရကာ အဆိပ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဤကိစ္စအတွက် သူ မည်သူ့ကို သွားတိုင်ရပါမည်နည်း။ သူ၏ ဘဝအစောပိုင်းတွင် သူခိုးအဖြစ် အများကြီး ခိုးခဲ့မိသဖြင့် ဝဋ်ပြန်လည်နေခြင်းလောဟုပင် သူ တွေးမိတော့သည်။
မိခင်လျိုကလည်း လူနာ၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်နိုင်သဖြင့် ထပ်မမေးတော့ချေ။
“ဒီအဆိပ်ကို ကုဖို့ တခြားနည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား” လက်ဗလာဆရာကြီးက မျှော်လင့်ချက်အပြည့်ဖြင့် ထပ်မေးလိုက်သည်။
သူ သိသမျှ ဆရာဝန်များထဲတွင် ရှေ့က အမျိုးသမီးမှာ အတော်ဆုံး ဖြစ်သည်။ အကယ်၍ သူမပင် ဘာမှ မတတ်နိုင်ပါက သူ သေဖို့သာ ပြင်ထားရတော့မည်။ ဝတ်ရုံစိမ်းမျှော်စင်အတွက် အလုပ်အကျွေးပြုပြီး ဖြေဆေးတောင်းရန်မှာလည်း သူ့အသက်အရွယ်နှင့် မဖြစ်နိုင်တော့ချေ။ သူတို့အတွက် အလုပ်လုပ်ပေးလျှင်ပင် ဖြေဆေးပေးလိမ့်မည် မဟုတ်ဘဲ၊ ထိုအဆိပ်ဖြင့်ပင် သူ့ကို ထိန်းချုပ်ကာ ခိုင်းစေနေမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ အသုံးမလိုတော့သည့်အခါတွင်မူ သူ့ကို သတ်ပစ်ကြမည်သာ ဖြစ်သည်။ ထို့ကြောင့် ဝတ်ရုံစိမ်းမျှော်စင်အပေါ် သူ မျှော်လင့်ချက် မထားခဲ့ပေ။
မိခင်လျိုက သက်ပြင်းချကာ - “ကျွန်မမှာတော့ တကယ်ကို နည်းလမ်းမရှိတော့ဘူး။ ဒါပေမဲ့ ကျွန်မသမီး လျိုဝမ်ချင်းကို သွားရှာကြည့်ပါ။ သူမရဲ့ ဆေးပညာက ကျွန်မထက်တောင် သာသေးတယ်။ သူမဆိုရင် ဒီအဆိပ်ကို ကုပေးနိုင်လိမ့်မယ်”
“ဆရာမရဲ့ သမီးက အခု ဘယ်မှာလဲဗျ” လက်ဗလာဆရာကြီးက မေးလိုက်သည်။
“သူမက အခု အရှင်မင်းကြီးရဲ့ မြောက်ပိုင်းခရီးစဉ်မှာ လိုက်ပါသွားတယ်၊ အခု ပြန်လာနေတဲ့ လမ်းမှာပါ” ဟု မိခင်လျိုက ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာမကြီး။ ကျွန်တော် အခုချက်ချင်း သွားရှာလိုက်ပါ့မယ်” ပြောပြောဆိုဆိုနှင့်ပင် လက်ဗလာဆရာကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။
အပိုင်း (၄၇၃)
တစ်ရက်ခွဲခန့်အကြာတွင် သူသည် လင်းပိုင်ဖန်၏ နဂါးလှေသို့ မှီသွားပြီး လှေပေါ်သို့ အပြေးအလွှား တက်ကာ လင်းပိုင်ဖန်၏ ခြေထောက်ကို ဖက်တွယ်၍ မျက်ရည်စက်လက်ဖြင့် ငိုယိုကာ အသနားခံတော့သည်။
“အရှင်မင်းကြီး... ဒီတစ်ခါတော့ ကျွန်တော်မျိုးကို ကယ်မှဖြစ်တော့မယ်၊ ကျွန်တော်မျိုးအသက်က အရှင်မင်းကြီးအပေါ်မှာပဲ မူတည်ပါတော့တယ်”
လင်းပိုင်ဖန်က သူ့ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး -
“ထွက်သွားစမ်း... မင်း အသက်ဘယ်လောက်ရှိပြီလဲ၊ ငါ့ခြေထောက်ကို ဖက်ပြီး ကလေးလို ငိုယိုနေတာ ရှက်ဖို့မကောင်းဘူးလား။ မိန်းမပျိုလေး တစ်ယောက်ဆိုရင်တော့ တစ်မျိုးပေါ့၊ အခုတော့ မင်းလို အဘိုးကြီးတစ်ယောက်က ဒီလိုလုပ်နေတာ ရွံစရာကြီး”
“ရွံစရာကောင်းတာက သေတာထက်စာရင် တော်ပါသေးတယ်”
ထို့နောက် လက်ဗလာဆရာကြီးသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ရှင်းပြလိုက်သည်။
“အရှင်မင်းကြီး... ဝတ်ရုံစိမ်းမျှော်စင်က အသက်ခြွေရက်ရှာဆာဆိုတဲ့ မိန်းမက တကယ်ကို ယုတ်မာတာပဲ။ ကျွန်တော်မျိုးကို သူတို့အဖွဲ့ထဲဝင်ဖို့ အဆိပ်ခတ်ပြီး စည်းရုံးတယ်။ အကယ်၍ ဖြေဆေးမရရင် နောက် ၅ ရက်အတွင်း ကျွန်တော်မျိုး သေရပါတော့မယ်။ အရှင်မင်းကြီး... ကျွန်တော်မျိုး သေသွားရင် အရှင်မင်းကြီးအတွက် ဘယ်သူက အလုပ်အကျွေးပြုတော့မှာလဲ၊ ကျွန်တော်မျိုး အရှင်မင်းကြီးကို ခွဲမသွားနိုင်သေးဘူး...” လက်ဗလာဆရာကြီးမှာ ဆက်လက်၍ အော်ဟစ်ငိုယိုနေတော့သည်။
“တော်စမ်း... တော်စမ်း... မင်းရဲ့ သရုပ်ဆောင်ချက်တွေကို ရပ်လိုက်တော့။ ဝမ်ချင်းကို ကုခိုင်းချင်တာ မဟုတ်လား။ ငါကုခိုင်းလိုက်ရင် ရပြီမလား” လင်းပိုင်ဖန်က လျိုဝမ်ချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
လက်ဗလာဆရာကြီးကို စစ်ဆေးကြည့်ပြီးနောက် လျိုဝမ်ချင်းက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒီအဆိပ်က ကုဖို့ တော်တော်ခက်တယ်၊ ကျွန်မမှာ အောင်မြင်နိုင်ခြေ ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်။ အကယ်၍ ကုထုံးမှားသွားရင်တော့ အဆိပ်တက်ပြီး ချက်ချင်း သေသွားနိုင်တယ်၊ အဲဒီအခါကျရင် နတ်ဘုရားတွေတောင် ရှင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး”
လက်ဗလာဆရာကြီး၏ မျက်နှာမှာ ချက်ချင်း ဝင်းပသွားပြီး -
“၃၀ ရာခိုင်နှုန်းဆိုတာ မရှိတာထက်စာရင် အများကြီး တော်ပါသေးတယ်…”
တစ်ရက်အကြာတွင် လျိုဝမ်ချင်းသည် သူမ၏အခန်းထဲမှ ပင်ပန်းနွမ်းနယ်သော ပုံစံဖြင့် ထွက်လာခဲ့သည်။ သူမ၏ လက်ထဲတွင် ဆေးလုံး ၃ လုံး ရှိနေပြီး -
“ဒါက အခုလေးတင် ဖော်စပ်ထားတဲ့ အဆိပ်ဖြေဆေးတွေပဲ။ ဒီဆေးကို သောက်ပြီးရင် ရှင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေ ပျောက်ကင်းသွားဖို့ ၃၀ ရာခိုင်နှုန်း သေချာတယ်”
“ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် ဆရာမလေးလျို။ ဒီဘေးဒုက္ခကနေ ကျွန်တော် လွတ်မြောက်သွားရင် ဆရာမလေးရဲ့ ကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူး” လက်ဗလာဆရာကြီးက ဆေးလုံးများကို လှမ်းယူလိုက်သည်။
သူသည် ဆေးတစ်လုံးကို ချက်ချင်းပင် ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ထိုအချိန်တွင် လင်းပိုင်ဖန်က စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည် - “အဆင့်မြှင့်တင်စမ်း”
ဆေးလုံးမှာ တစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် လက်ဗလာဆရာကြီး၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသည်။
ခဏအကြာတွင် လက်ဗလာဆရာကြီး၏ မျက်နှာမှာ မည်းနက်လာပြီး ‘ဝေါ့’ ခနဲ အန်လိုက်ရာ အနက်ရောင် သွေးအန်ဖတ်များ ထွက်လာတော့သည်။
အနက်ရောင်သွေးများ ထွက်သွားသည်နှင့် သူ၏မျက်နှာမှာ ချက်ချင်း ပြန်လည် ဝင်းပလာပြီး ပို၍ လန်းဆန်းတက်ကြွလာသည်။
“ပျောက်သွားပြီ... အဆိပ်တွေ ပျောက်ကုန်ပြီ၊ ဟားဟား..” လက်ဗလာဆရာကြီးမှာ ဝမ်းသာအားရ အော်ဟစ်တော့သည်။
သူသည် သေရတော့မည်ဟု ထင်ထားခဲ့သော်လည်း ယခုအခါ ‘အမှောင်ထဲမှာ အလင်းကို မြင်လိုက်ရသလို’ အသက်ဘေးမှ လွတ်မြောက်သွားသဖြင့် ကောင်းကင်ဘုံကို ကျေးဇူးတင်မဆုံး ဖြစ်နေတော့သည်။
သူသည် နောင်တွင် ကောင်းကင်ဘုံကို ကျေးဇူးတင်သောအားဖြင့် အမွှေးတိုင် ၃ တိုင် အမြဲ ထွန်းညှိပူဇော်မည်ဟုပင် ဆုံးဖြတ်လိုက်သည်။
လျိုဝမ်ချင်းပင်လျှင် အံ့အားသင့်သွားပြီး -
“ဒီလောက် မြန်မြန် ပျောက်ကင်းသွားတာလား။ ကျွန်မသိသလောက်ဆိုရင် အဆိပ်ပြေဖို့ အနည်းဆုံး တစ်ရက်နဲ့ တစ်ည ကြာရမှာ၊ ပြီးတော့ ဒီလောက်လည်း လွယ်ကူမှာ မဟုတ်ဘူး”
“ဒါက အံ့သြစရာမှ မဟုတ်တာ”
လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည် - “မင်းရဲ့ အဆိပ်ဖြေတဲ့ နည်းလမ်းက တိုက်ဆိုင်စွာပဲ မှန်သွားတာ ဖြစ်နိုင်သလို၊ ‘အရိုးတွယ်အင်းဆက်ခုနစ်မျိုး’ အဆိပ်ကလည်း ဒဏ္ဍာရီထဲကလောက် မပြင်းထန်တာလည်း ဖြစ်နိုင်တာပဲ”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်” လက်ဗလာဆရာကြီးကလည်း ထပ်တလဲလဲ ခေါင်းညိတ် ထောက်ခံနေတော့သည်။
ထိုအချိန်တွင် လင်းပိုင်ဖန်က သူ၏ ယပ်တောင်ကို လက်ဗလာဆရာကြီး အန်ထားသည့် အနက်ရောင်သွေးများထဲသို့ နှစ်လိုက်ပြီး လက်ဗလာဆရာကြီး၏ အရေပြားပေါ်သို့ ထိလိုက်သည်။
ချက်ချင်းပင် လက်ဗလာဆရာကြီးမှာ နောက်တစ်ကြိမ် အဆိပ်ပြန်တက်သွားပြန်သည်။
လက်ဗလာဆရာကြီးမှာ ကြောင်အသွားပြီး - “အရှင်မင်းကြီး... ဘာလုပ်တာလဲ…”
လင်းပိုင်ဖန်က ပြုံးလျက်ပင် - “အဆိပ်က မင်းအတွက် အန္တရာယ်မရှိတော့ဘူးဆိုမှတော့၊ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဝတ်ရုံစိမ်းမျှော်စင်ထဲကို ဝင်လိုက်ပါလား။ အဲဒီလိုလုပ်ရင် ဝတ်ရုံစိမ်းမျှော်စင်ရဲ့ အခြေအနေကို စုံစမ်းလို့ရသလို၊ မင်းကို အဆိပ်ခတ်တဲ့သူကိုလည်း ကလဲ့စားချေလို့ ရတာပေါ့။ မကောင်းဘူးလား”
“ဒါပေမဲ့ အဲဒါက တကယ် အန္တရာယ်များတယ်လေ။ အရှင်မင်းကြီး... ကျွန်တော်မျိုး ဒီတာဝန်ကို မယူလို့ မရဘူးလား...” လက်ဗလာဆရာကြီးက ဝေခွဲမရဖြစ်နေသည်။
“မင်း သူတို့ထဲ မဝင်ရင်ကော အန္တရာယ်မရှိဘူးလို့ ထင်လို့လား”
လင်းပိုင်ဖန်က ဆက်ပြောသည် - “အဲဒီ အသက်ခြွေရက်ရှာဆာက မင်း အဆိပ်ပျောက်သွားတာကို သိရင် မင်းနောက်ကို ထပ်လိုက်လာမှာပဲ။ အဲဒီအချိန်ကျရင် သူ ဘယ်လိုနည်းလမ်းတွေ သုံးဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ မင်းက သူခိုးဟောင်းတစ်ယောက်ပဲ... သူခိုးက ရက်တစ်ထောင်လုံးခိုးနိုင်ပေမဲ့၊ အခိုးခံရမယ့်သူက ရက်တစ်ထောင်ပတ်လုံး မစောင့်ကြပ်နိုင်ဘူးဆိုတာ မင်းသိမှာပါ”
လက်ဗလာဆရာကြီး၏ မျက်နှာတွင် အမျိုးမျိုးသော ခံစားချက်များ ဖြတ်သန်းသွားသည်။
လင်းပိုင်ဖန် ပြောသည့်စကားမှာ အလွန်ပင် ယုတ္တိရှိကြောင်း သူ ဝန်ခံရပေလိမ့်မည်။
ရန်သူက သူ့နောက်ကို ထပ်လိုက်လာလျှင် သူ ခံစစ်အနေအထားနှင့်သာ နေရမည်ဖြစ်သည်။
ထို့ထက်စာလျှင် ကိုယ်တိုင်က အသာစီးရနေစဉ်မှာပဲ အခွင့်အရေးကို အရယူလိုက်ခြင်းက ပို၍ အသက်ရှင်သန်နိုင်ခြေ ရှိပေသည်။
ဘာပဲဖြစ်ဖြစ် သူ့မှာ ဖြေဆေးရှိနေပြီးသားမို့လို့ အချိန်မရွေး ထွက်ပြေးနိုင်သည် မဟုတ်ပါလား။
“ကောင်းပါပြီ... ကျွန်တော်မျိုး ဒီတာဝန်ကို လက်ခံပါတယ်” လက်ဗလာဆရာကြီးက အံကို တင်းတင်းစေ့ကာ ပြောလိုက်သည်။
……
ခုနစ်ရက်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
လက်ဗလာဆရာကြီးသည် ကတိပေးထားသည့်အတိုင်း ရောက်ရှိလာခဲ့ပြီး၊ ယုံကြည်ချက်အပြည့် ရှိနေသော အသက်ခြွေရက်ရှာဆာကို ‘နေမကောင်းသော’ ပုံစံဖြင့် ကြည့်ကာ - “ငါ ဝတ်ရုံစိမ်းမျှော်စင်ထဲ ဝင်ဖို့ သဘောတူတယ်၊ ဖြေဆေး ဘယ်မှာလဲ”
“မစိုးရိမ်ပါနဲ့... ရှင့်အနေနဲ့ ဝတ်ရုံစိမ်းမျှော်စင်အတွက် စွမ်းဆောင်မှုတချို့ ပြုလုပ်ပြီးတဲ့အခါကျရင် ဖြေဆေးကို ကျွန်မတို့ သေချာပေါက် ပေးမှာပါ”
လက်ဗလာဆရာကြီးမှာ စိုးရိမ်ပူပန်သွားဟန်ဖြင့် - “ဒါပေမဲ့ ဖြေဆေးမရှိရင် ငါ မနက်ဖြန်အထိ ဘယ်လို အသက်ရှင်နိုင်မှာလဲ”
“ဒါကို ယူထားလိုက်”
အသက်ခြွေရက်ရှာဆာက ပုလင်းလေးတစ်ပုလင်းကို ထုတ်ပေးလိုက်ပြီး - “ဒါက ရှင့်ခန္ဓာကိုယ်ထဲက အဆိပ်ကို ထိန်းချုပ်ပေးနိုင်တဲ့ အင်းဆက်ဆေးလုံးတွေပဲ။ တစ်လုံးသောက်ရင် တစ်ပတ်ခံတယ်၊ ဒီပုလင်းထဲမှာ သုံးလစာအတွက် လုံလောက်တဲ့ ဆေးလုံးတွေ ပါတယ်”
လက်ဗလာဆရာကြီးက ထိုပုလင်းကို လှမ်းယူလိုက်သည်။ သူသည် ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်သဖြင့် ‘နေမကောင်းသော’ ပုံစံကို ဆက်လက် ဟန်ဆောင်ကာ - “မင်း ငါ့ကို ဘာလုပ်ခိုင်းချင်တာလဲ”
“ငါတို့ ဝတ်ရုံစိမ်းမျှော်စင်အတွက် တာအိုဂိုဏ်းဆီကနေ ‘ချင်း’ ဆိုတဲ့ နတ်ဘုရားလက်နက်ကို သွားခိုးပေးစေချင်တယ်” ဟု အသက်ခြွေရက်ရှာဆာက ပြောလိုက်သည်။