အခန်း (၄၇၈-၄၇၉)
Vol. 44 Ch. 478-479
အပိုင်း (၄၇၈)
သူတို့အထဲမှ တစ်ယောက်က ဒေါသတကြီးဖြင့် ပြန်လည်ချေပလေသည် - "အဓိပ္ပာယ်မရှိတာ... မင်းတို့က တစ်ယောက်တည်းဆိုတာ ရှင်းနေတာပဲကို"
လက်ဗလာနှစ်ဖက် ကမူ တည်ငြိမ်အေးဆေးစွာပင် - "ကျွန်တော်တို့က ရုပ်ချင်းပဲ ဆင်တာပါ။ ဘဝရဲ့ ကျင့်ဝတ် စည်းကမ်းတွေကတော့ လုံးဝကို ကွာခြားပါတယ်။ သူ (လက်ဗလာဆရာကြီး) ကတော့ လူ့ကျင့်ဝတ်ကို မသိဘဲ ခိုးယူရတာကို ဝါသနာပါသူပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့လိုမဟုတ်ပါဘူး။ ခိုးယူရတာကို စက်ဆုပ်ပြီး တစ်ကိုယ်တည်း အေးအေးဆေးဆေး နေရတာကိုပဲ နှစ်သက်တာပါ။ ဒါကြောင့်လည်း သိုင်းလောကမှာ ကျွန်တော့်အကြောင်းကို သိသူ နည်းပါးတာပေါ့။ ခင်ဗျားတို့ မှားသွားတာကတော့ နားလည်ပေးလို့ ရပါတယ်"
ဆရာကြီး ထိုက်ယီက ဒေါသကို မျိုသိပ်ရင်း လှောင်ပြုံးပြုံးကာ - "မင်းက တစ်ကိုယ်တည်း အေးအေးဆေးဆေး နေရတာကို ကြိုက်တဲ့ 'လက်ဗလာနှစ်ဖက်' ဆိုရင် ဘာလို့ မဟာရှဧကရာဇ်ဆီမှာ လာပြီး အမှုထမ်းနေရတာလဲ။ မင်းတို့နှစ်ယောက်ကြားမှာ ဘယ်လို မသမာတဲ့ အကြံအစည်တွေ ရှိနေကြတာလဲ"
လက်ဗလာနှစ်ဖက်က လင်းပိုင်ဖန်ကို အလွန်အမင်း ကြည်ညိုလေးစားဟန်ဖြင့် ဦးညွတ်လိုက်ပြီး - "အရှင်မင်းကြီးက ပညာရှိပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသလို အရည်အချင်းနဲ့ အကျင့်စာရိတ္တမှာလည်း အပြစ်ပြောစရာ မရှိပါဘူး။ လူတော်တွေကို နေရာပေးတတ်သလို လက်အောက်ငယ်သားတွေအပေါ်မှာလည်း ကြင်နာသနားပြီး ပြည်သူတွေကိုလည်း အရမ်းဂရုစိုက်ပါတယ်... (ဂုဏ်ပြုချီးမွမ်းစကားများစွာကို ချန်လှပ်ထားပါသည်)..."
"ဒါပေမဲ့ ကျွန်တော့်အစ်ကိုကတော့ ပညာရှိတဲ့ အရှင်သခင်ကို မသိမှတ်ဘဲ မှောင်မိုက်တဲ့လမ်းကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော်တောင် ကြည့်မနေနိုင်လောက်တဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့တာပါ။ အစ်ကိုဖြစ်သူရဲ့ အကြွေးကို ညီဖြစ်သူက ဆပ်ရမယ်ဆိုတဲ့အတိုင်း ကျွန်တော်လည်း တောထွက်ရာကနေ ပြန်လာပြီး အရှင်မင်းကြီးကို အမှုထမ်းပြီး ကျေးဇူးဆပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ"
လင်းပိုင်ဖန်ကလည်း ခေါင်းကို တဆက်ဆက်ညိတ်ရင်း - "ဒီအမတ် ပြောတာတွေက တကယ့်ကို အမှန်တရားတွေပါပဲ။ ဒီအမတ်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ သစ္စာရှိမှုကို ငါကိုယ်တော်က သဘောကျလို့ လက်အောက်မှာ ခေါ်ထားတာ။ သူက သစ္စာရှိပြီး တရားမျှတမှုကို မြတ်နိုးတဲ့သူပဲ။ သူ့ကို ဟိုယုတ်မာပြီး သစ္စာမရှိတဲ့ လက်ဗလာဆရာကြီးနဲ့ မနှိုင်းယှဉ်ဖို့ မျှော်လင့်ပါတယ်။ အဲဒီလူ (လက်ဗလာဆရာကြီး) က ဒီလိုနှိုင်းယှဉ်ခံရဖို့တောင် မတန်ပါဘူး"
'လက်ဗလာနှစ်ဖက်' ၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်သွားတော့သည်။
ရောက်ရှိနေသူအားလုံးမှာ ထိုစကားဝိုင်းကို ကြားပြီး အလွန်အမင်း ရွံရှာစက်ဆုပ်သွားကြသည်။
ဧကရာဇ်နှင့် အမတ်ဖြစ်သူတို့မှာ မျက်စိနှစ်လုံး အပြူးသားနဲ့ မဟုတ်မမှန်တာတွေကို ပြောနေကြကာ အမှားအမှန်ကို ပြောင်းပြန်လှန်ပြီး အဖြူကို အမည်းဖြစ်အောင် လုပ်နေကြခြင်းပင် ဖြစ်လေ၏။
လူကိုယ်တိုင်က ဒီမှာရပ်နေတာတောင် နောက်ထပ် ကိုယ်ပိုင်လက္ခဏာတစ်ခုကို အရှက်မရှိ လုပ်ကြံဖန်တီးလိုက်ကြသည်မှာ တကယ်ကို မယုံနိုင်စရာပင်။
"ဒါဆို လက်ဗလာဆရာကြီးက ဘယ်ရောက်သွားပြီလဲ" တစ်ယောက်က မေးလိုက်သည်။
လက်ဗလာနှစ်ဖက် က ဝမ်းနည်းကြေကွဲဟန်ဖြင့် - "သူ ဆုံးသွားပါပြီ။ ဟိုဧရာမ လက်ဝါးရာကြီးအောက်မှာ သေသွားတာပါ။ တကယ်လည်း ထိုက်တန်တဲ့ အကျိုးပေးပါပဲ။ လူသေရင် မီးစာဆီကုန်ခမ်းသွားသလိုမျိုး အားလုံးကလည်း သူ့ကို အေးအေးချမ်းချမ်း အနားယူခွင့်ပေးလိုက်ကြဖို့ မျှော်လင့်ပါတယ်"
တစ်ယောက်က စိတ်မရှည်တော့ဘဲ - "မင်းက လက်ဗလာဆရာကြီး ဖြစ်ဖြစ်၊ လက်ဗလာနှစ်ဖက် ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ့မိသားစုရဲ့ ရတနာကို အခုချက်ချင်း ပြန်ပေး"
လက်ဗလာနှစ်ဖက်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး - "ခင်ဗျား လူမှားနေပြီ။ လက်ဗလာဆရာကြီး လုပ်ခဲ့တာတွေက ကျွန်တော်… လက်ဗလာနှစ်ဖက် နဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျားရဲ့ ရတနာတွေကို ပြန်လိုချင်ရင် ငရဲပြည်အထိ လိုက်သွားပြီး သူ့ဆီမှာ တောင်းလိုက်။ ကျွန်တော့်ဆီ လာမရှုပ်နဲ့"
"မင်း... မင်းတို့က တကယ်ကို အရှက်မရှိကြတာပဲ….!!!" လူအုပ်ကြီးမှာ သွေးအန်မတတ် ဒေါသထွက်သွားကြသည်။
"ဒါက အရှင်မင်းကြီးရဲ့ သဘောထားပဲလား" ဆရာကြီး ထိုက်ယီက သူ၏ဒေါသကို လင်းပိုင်ဖန်ထံသို့ လှည့်လိုက်သည်။
လင်းပိုင်ဖန်က ပြုံးလျက် - "လက်ဗလာနှစ်ဖက် ပြောတာ မှန်ပါတယ်။ လက်ဗလာဆရာကြီးနဲ့ စာရင်းရှင်းချင်ရင် ငရဲပြည်မှာ သွားရှာလိုက်ပါ။ လက်ဗလာဆရာကြီးက လက်ဗလာဆရာကြီးပဲ၊ လက်ဗလာနှစ်ဖက်က လက်ဗလာနှစ်ဖက်ပဲ။ သွေးသားတော်စပ်တာနဲ့ ရုပ်ချင်းတူတာကလွဲရင် သူတို့မှာ ဘာမှမပတ်သက်ဘူး။ အပြစ်မရှိတဲ့သူကို မစွပ်စွဲပါနဲ့"
အားလုံးမှာ ဒေါသထွက်လွန်းသဖြင့် အသံများပင် တုန်ယင်နေတော့သည်။
ဘယ်လိုတောင် ယုတ်မာလိုက်တဲ့ စကားတွေကို ပြောနေကြတာလဲ။
လက်ဗလာဆရာကြီးက အရှက်မရှိသော်လည်း မဟာရှဧကရာဇ်ကမူ ထိုထက်ပင် ပို၍ အရှက်မရှိပေ။
မည်သို့မျှ တရားမျှတမှု မရနိုင်တော့ကြောင်း သိလိုက်သဖြင့် ဆရာကြီး ထိုက်ယီက ဒေါသကို မြိုသိပ်ကာ - "အရှင်မင်းကြီး... မတရားမှုတွေ အများကြီး လုပ်တဲ့သူဟာ တစ်နေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီးမိလိမ့်မယ်။ ဒီနေ့မှာ အရှင်က သိုင်းလောကရဲ့ ကျင့်ဝတ်တွေကို လျစ်လျူရှုပြီး လက်ဗလာဆရာကြီးကို ကာကွယ်ပေးထားတယ်။ တစ်နေ့ကျရင် အရှင်ကိုယ်တိုင် ဒုက္ခရောက်ပြီး အရှင်ပိုင်စိုးတဲ့ နိုင်ငံကိုပါ ဆုံးရှုံးရလိမ့်မယ်"
"ဒါက ငါကိုယ်တော်က ခင်ဗျားတို့ကို ပြန်ပြောရမယ့် စကားပဲ"
လင်းပိုင်ဖန်က အပြုံးဖြင့် - "ခင်ဗျားတို့က ငါကိုယ်တော်ကို ဆန့်ကျင်ဖို့ မဟာလော့ကို အားပေးအားမြှောက်လုပ်ပြီး နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေတာကမှ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီးနေတာပဲ။ ငါကိုယ်တော် ဘာမှတောင် မလုပ်ရသေးဘဲနဲ့ မဟာလော့က ပျက်စီးနေပြီလေ။ ကောင်းကင်ဘုံကိုယ်စား ပညာရှိတဲ့ အုပ်ချုပ်သူကို ရွေးချယ်ပေးမယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ တာအိုဂိုဏ်းက တကယ်ကော အရည်အချင်းရှိလို့လား"
ဆရာကြီး ထိုက်ယီမှာ အနာပေါ် ဆားဖြင့် ပက်ခံလိုက်ရသလို ဖြစ်သွားပြီး ဒေါသများ ထပ်မံ ပေါက်ကွဲသွားပြန်သည်။ ဒါက သူတို့အတွက် တကယ်ကို အထိနာစေသည့် အချက်ပင် ဖြစ်လေ၏ ။
တာအိုဂိုဏ်းအတွက် မဟာလော့ မင်းဆက်မှာ မဖျက်နိုင်သော အမည်းစက်တစ်ခု ဖြစ်နေသည်။ အခြားသော မင်းဆက်များမှာ သူတို့၏ အကူအညီဖြင့် အင်အားတောင့်တင်းလာသော်လည်း မဟာလော့မှာမူ တဖြည်းဖြည်း အားနည်းလာခဲ့သည်။
ယခုအခါတွင်လည်း အဘက်ဘက်က ပျက်စီးနေပြီး တာအိုဂိုဏ်း၏ ဂုဏ်သတင်းကိုပါ ဆွဲချနေတော့သည်။ အကယ်၍ ရွေးချယ်ခွင့်သာ ရှိမည်ဆိုလျှင် ထိုဧကရာဇ်ကို ဖယ်ရှားပစ်ချင်နေကြပြီ ဖြစ်သည်။ သို့သော် အမှန်တကယ် လုပ်ဆောင်လိုက်လျှင် ဖြစ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို... သူတို့ လုံးဝ တောင့်ခံနိုင်မည် မဟုတ်ပေ။ နှစ်ပေါင်းထောင်ချီ တည်ဆောက်ခဲ့သော ကောင်းကင်အရှင်ကို ရွေးချယ်ပေးသည့် သူတို့၏ မြင့်မြတ်သော အစဉ်အလာမှာလည်း အတူတူ ပျက်စီးသွားပေလိမ့်မည်။
"ဟန့်... သွားကြစို့" ဆရာကြီး ထိုက်ယီမှာ ဝတ်ရုံလက်ကို ခါယမ်းပြီး ထွက်ခွာသွားတော့သည်။
အားလုံး ထွက်ခွာသွားသည်ကို ကြည့်ပြီးမှ လက်ဗလာဆရာကြီးမှာ သက်ပြင်း ချနိုင်တော့သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ အရှင်သာ ကာကွယ်မပေးရင် ကျွန်တော်မျိုး အသက်ပျောက်နေလောက်ပြီ"
လင်းပိုင်ဖန်က သတိပေးလိုက်သည် - "နောင်ကို အပြင် သိပ်မထွက်နဲ့တော့။ အပြင်လောကက မင်းအတွက် မလုံခြုံတော့ဘူး။ ဗုဒ္ဓဂိုဏ်းပဲဖြစ်ဖြစ်၊ တာအိုဂိုဏ်းပဲဖြစ်ဖြစ်၊ ဝတ်ရုံစိမ်းမျှော်စင်ပဲဖြစ်ဖြစ် အားလုံးက မင်းနဲ့ စာရင်းရှင်းချင်နေကြတာ။ သူတို့လက်ထဲ မိသွားရင် မင်း လွတ်ဖို့ ခက်လိမ့်မယ်"
လက်ဗလာဆရာကြီးက ခေါင်းကို တဆက်ဆက် ညိတ်ပြီး - "နောင်ကို ဘယ်မှ မသွားရဲတော့ပါဘူး။ မဟာရှမှာပဲ အမြဲ နေပါတော့မယ်"
နဂါးလှေကြီးမှာ မြစ်ကြောင်းအတိုင်း အရှိန် မှန်မှန်ဖြင့် ဆက်လက် ထွက်ခွာလာခဲ့သည်။
နှစ်ရက်အကြာတွင် လေးလနီးပါး ကြာမြင့်ခဲ့သော မြောက်ပိုင်းခရီးစဉ်မှာ ပြီးဆုံးသွားခဲ့ပြီး မဟာရှနိုင်ငံ၏ မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
အပိုင်း (၄၇၉)
လေးလကြာြမင့်ခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး သွေးချောင်းစီး နှိမ်နင်းမှုကြီးအပြီးတွင် မဟာရှ၏ နန်းတွင်းမှာတော့ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လူအများအပြား နန်းတွင်းသို့ ရောက်ရှိလာခဲ့သလို၊ လူအများအပြားလည်း ရာထူးမှ ပြုတ်ကျကာ နိဂုံးချုပ်သွားခဲ့ကြသည်။
ယခု ကျန်ရစ်ခဲ့သူများမှာ အကျင့်စာရိတ္တ စင်ကြယ်သည့် အမတ်များ ဖြစ်ကြသလို၊ လောကကြီးကို နားလည်သဘောပေါက်သည့် လူလိမ္မာများလည်း ဖြစ်ကြသည်။ အကယ်၍ မင်းကသာ မလိမ္မာဘူးဆိုလျှင် ဤနေရာတွင် လုံးဝ ဆက်ရှင်သန်နိုင်မည် မဟုတ်ပေ။ အနည်းငယ်မျှသော မျှော်လင့်ချက်ကလေးဖြင့် အပျော်အပါးမက်ပြီး ဟန်ဆောင်နေထိုင်မည်ဆိုပါက လင်းပိုင်ဖန်၏ လက်ချက်ဖြင့် ချက်ချင်း အဆုံးသတ်သွားရလိမ့်မည်။
သိုင်းလောကမှ ကောင်းကင်အဆင့် သိုင်းပညာရှင် အချို့ပင် လင်းပိုင်ဖန်၏ လက်ထဲတွင် အသက်ပျောက်ခဲ့ရသည်ဆိုလျှင် ပြန်လည်ခုခံနိုင်စွမ်းမရှိသည့် အဂတိလိုက်စားသော အမတ်လေးများမှာ ပြောနေစရာပင် လိုမည်မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် မဟာရှနိုင်ငံ၏ ဘဏ္ဍာတိုက်အတွင်းသို့ ငွေတေးပေါင်း သန်း ၃၀ ခန့် ထပ်မံ တိုးပွားလာခဲ့သည်။ အဂတိလိုက်စားသူများ ပြုတ်ကျလေလေ၊ လင်းပိုင်ဖန်အတွက် ပို၍ အကျိုးအမြတ်ရှိလေလေပင် ဖြစ်၏။ ဤလုပ်ရပ်ကြောင့် နန်းတွင်းကို သန့်စင်နိုင်ခဲ့သလို နိုင်ငံတော်ဘဏ္ဍာကိုလည်း တိုးပွားစေခဲ့ကာ တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုကိုပါ ရရှိခဲ့သည်။ လင်းပိုင်ဖန်၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ပြည်သူများက သူ့ကို "ပညာရှိမင်းမြတ်" ဟုပင် တင်စားခေါ်ဝေါ်လာကြသည်။
"လေးလကြာ နှိမ်နင်းမှုကတော့ ပြီးဆုံးသွားပြီ။ အခု နန်းတွင်းမှာ ဆက်ရှိနေတဲ့သူတွေက ငါကိုယ်တော်ရဲ့ ယုံကြည်ရတဲ့ အမတ်တွေ၊ ငါ့ရဲ့ လက်ရုံးတွေပဲ ဖြစ်တယ်"
"စကားပုံ ရှိတယ်မဟုတ်လား... အဟောင်းကို ပယ်ပြီး အသစ်ကို လဲလှယ်ရမယ်ဆိုတာ။ ဒီနှိမ်နင်းမှုကြီးအပြီးမှာ မဟာရှဟာ ဖွံ့ဖြိုးတိုးတက်မှုအသစ်တွေနဲ့ ခေတ်သစ်တစ်ခုကို စတင်ဦးတည်တော့မယ်။ အမတ်မင်းတို့အနေနဲ့ ငါကိုယ်တော်နဲ့ နိုင်ငံတော်အပေါ် ဆက်လက် သစ္စာရှိကြဖို့ မျှော်လင့်တယ်"
"ဂုဏ်သိက္ခာရှိရှိ နေထိုင်ကြစမ်းပါ။ အကျင့်ပျက်ခြစားမဲ့ လက်တွေကို မဆန့်ထုတ်ကြနဲ့။ အကယ်၍ မောင်မင်းတို့ လက်ဆန့်ထုတ်လိုက်တာနဲ့ ငါကိုယ်တော် ဖမ်းမိမှာပဲ"
လင်းပိုင်ဖန်က နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ စုံညီတက်ရောက်လာသော စစ်ဘက်၊ အရပ်ဘက် အရာရှိအားလုံးကို မိန့်ကြားလိုက်သည်။
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" အမတ်အားလုံးမှာ သက်ပြင်းတစ်ချက်ကို အတူတူ ချလိုက်ကြသည်။
နောက်ဆုံးတော့ သူတို့လည်း ဒီငရဲခန်းကြီးကနေ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် လေးလတာကာလမှာ သူတို့အတွက် ရေခဲပြင်ပါးပါးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ ထိုကဲ့သို့ အတွေ့အကြုံမျိုးကို တစ်သက်တွင် တစ်ခါမျှ ထပ်မကြုံချင်တော့ပေ။ သူတို့သည် မိမိကိုယ်ကိုယ် အမြဲသတိပေးနေကြရသည်— လောဘမကြီးဖို့၊ လက်မဆန့်ထုတ်ဖို့နှင့် မိုက်မဲစွာ မပြုမူမိဖို့ပင်။ မဟုတ်လျှင် ဧကရာဇ်က သူတို့ကို အမှန်တကယ် ကိုင်တွယ်တော့မည် ဖြစ်သည်။
နန်းတွင်းကိစ္စများကို ကိုင်တွယ်ပြီးနောက် လင်းပိုင်ဖန်က ဟန်ဒွမ်တောင်တန်း တောင်ဘက်ခြမ်းရှိ နယ်မြေများဆီသို့ အာရုံလှည့်လိုက်သည်။ ယခုအခါ လဝက်ကျော် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပြီးနောက်တွင် ထိုနယ်မြေများမှာ မဟာရှနှင့် တစ်သားတည်း ဖြစ်နေပြီဖြစ်သည်။ ထိုနေရာရှိ ပြည်သူများမှာလည်း မိမိကိုယ်ကိုယ် မဟာရှနိုင်ငံသားများအဖြစ် ဂုဏ်ယူစွာ ခံယူထားကြသည်။
မကြာသေးမီက သိမ်းပိုက်လိုက်သော မဟာဟုန်မင်းဆက်၏ နယ်မြေများတွင်လည်း ထိုနည်းတူပင်။ မဟာရှထဲသို့ ဝင်ရောက်လာသည်မှာ ငါးလပင် မပြည့်သေးသော်လည်း သူတို့၏ ဘဝများမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ပြောင်းလဲသွားခဲ့လေသည်။ ပြည်သူအများစုမှာ အလုပ်အကိုင်များ ရရှိလာကြပြီး ငွေရှာနိုင်ကာ ဝဝလင်လင် စားသောက်နေကြရသည်။ ကြိုးစားလျှင် နေစရာအိမ်ကောင်းကောင်း၊ မျိုးဆက်ဆက်ခံမည့် ဇနီးကောင်းနှင့် သားသမီးများကို ပညာသင်ကြားပေးနိုင်သည့် အခွင့်အရေးများ ရရှိလာသည်။ ဘဝက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေ၏။
သူတို့သည် ဤကဲ့သို့ ဘဝမျိုးကို ထာဝရ တည်မြဲစေချင်ကြသည်။ ယခင်က မဟာဟုန်မင်းဆက်ဟူသည်ကိုလည်း သူတို့ လုံးဝ မေ့ပျောက်သွားကြပြီ ဖြစ်သည်။ တကယ်တော့ ပြည်သူတွေရဲ့ တောင်းဆိုချက်က အရမ်းကို ရိုးရှင်းလှသည်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့ကို ထမင်းကျွေးနိုင်မယ်၊ ငွေရှာဖို့ အခွင့်အလမ်းပေးနိုင်မယ်၊ ပိုကောင်းတဲ့ ဘဝကို လမ်းပြပေးနိုင်မယ်ဆိုရင် သူတို့က ထိုလူ့နောက်ကို လိုက်ကြမှာပင်။ သူတို့ကို မျိုးချစ်စိတ်တွေ၊ နိုင်ငံတော် အရေးတွေအကြောင်း သွားမပြောလိုက်နှင့်။ သူတို့ နားလည်းမလည်သလို နားလည်း မထောင်ချင်ကြပေ။ အဲဒါတွေသည် အချိန်ပိုတွေ အများကြီးရှိတဲ့ လူတွေရဲ့ ကိစ္စသာ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် အိမ်နီးချင်း မဟာယန်မင်းဆက်နှင့် မဟာလျန်မင်းဆက်တို့မှာ ဒုက္ခတွင်းထဲသို့ နက်နက်ရှိုင်းရှိုင်း ကျဆင်းနေခဲ့ရသည်။ လင်းပိုင်ဖန်သည် မြောက်ပိုင်းခရီးစဉ် ထွက်နေသော်လည်း ထိုနိုင်ငံနှစ်ခုကို မေ့မထားခဲ့ပေ။
သူသည် မဟာရှနယ်မြေအတွင်းမှ မြွေ၊ ပိုးမွှား၊ ကြွက်နှင့် ပုရွက်ဆိတ်များကဲ့သို့ ဖျက်ဆီးတတ်သည့် သတ္တဝါများကို ထိုနိုင်ငံနှစ်ခုအတွင်းသို့ ကျူးကျော်ဝင်ရောက်စေခဲ့သည်။ ထိုသတ္တဝါလေးများမှာ သေးငယ်သော်လည်း အုပ်စုလိုက် စုဖွဲ့ကာ ဘေးအန္တရာယ်တစ်ခုကို ဖန်တီးလိုက်လျှင် ပျက်စီးဆုံးရှုံးမှုက အလွန်ကြီးမားလှသည်။ ဥပမာအားဖြင့် ကျိုင်းကောင်ဘေးသည် ရှေးခေတ်ဘေးဒုက္ခကြီး ၃ ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ထိုဘေးဆိုက်တိုင်း သီးနှံများ ပျက်စီးကာ နိုင်ငံတော်ကို ပြဿနာများစွာ ဆင့်ကဲဖြစ်ပေါ်စေသည်။ ကြွက်ဘေးနှင့် ပုရွက်ဆိတ်ဘေးတို့မှာလည်း ထိုနည်းတူပင်။
ထိုကဲ့သို့သော ဘေးအန္တရာယ်များအောက်တွင် နိုင်ငံသားတို့၏ ဘဝမှာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့ပြီး အသုံးမကျသော အစိုးရအပေါ် မကျေနပ်မှုများ များပြားလာကာ နေရာအနှံ့တွင် ဆူပူမှုများ ဖြစ်ပွားလာတော့သည်။
အမှန်တော့ အစိုးရသည်လည်း မတရား အပြစ်တင်ခံရခြင်းပင်။ ဤကဲ့သို့ ဘေးဆိုးများကို သူတို့လည်း ဘာတတ်နိုင်မှာပါလိမ့်။ ခေတ်သစ် လူ့အဖွဲ့အစည်းမှာပင် ပိုးမွှားနှိမ်နင်းရေးကို နွေဦးနှင့် နွေရာသီများတွင် အထူးအလေးထား လုပ်ဆောင်ရသည် မဟုတ်ပါလား။ ရှေးခေတ်မှာတော့ ထိုအရာတွေကို လုပ်ဆောင်ဖို့ နည်းလမ်းမရှိခဲ့ကြပေ။
အသက်မွေးဝမ်းကျောင်းရန် ခက်ခဲလာသောကြောင့် လူအများအပြားမှာ မဟာရှနယ်မြေအတွင်းသို့ ဝင်ရောက်ကာ အသက်မွေးကြရပြီး တဖြည်းဖြည်းနှင့် မဟာရှအတွင်းသို့ ပေါင်းစည်းသွားကြတော့သည်။
ဤအခြေအနေသို့ ရောက်သောအခါ အချိန်အခါကောင်းဟု လင်းပိုင်ဖန်က ယူဆလိုက်ပြီး တောင်ပိုင်းတွင် တပ်စွဲထားသော မဟာရှတပ်မတော်ကို မဟာယန်မင်းဆက်သို့ ချီတက်သိမ်းပိုက်ရန် အမိန့်ပေးလိုက်သည်။ အမိန့်ရသည်နှင့် မဟာရှ၏ သန်းချီသော စစ်သည်တော်ကြီးများမှာ ခန့်ညားထည်ဝါစွာဖြင့် စတင်ချီတက်ကြလေတော့သည်။
……
မဟာယန်မင်းဆက်၏ နန်းတော်အတွင်း၌...
ယခုအချိန်တွင် မဟာယန်ဧကရာဇ်မှာ နန်းပလ္လင်ပေါ်တွင် စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်လျက် ထိုင်နေသည်။ သူ၏ ခေါင်းပေါ်တွင် ဆံပင်ဖြူများ ပိုမိုများပြားလာကာ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ထင်ကျန်နေပြီး ခန္ဓာကိုယ်မှာလည်း ပိန်ချောင်ကာ အရင်ကထက် အိုမင်းရင့်ရော်သွားပုံရသည်။
ဒါတွေအားလုံးက သူတို့ မဟာယန်မင်းဆက်ရဲ့ ကောင်းကင်အဆင့် 'စီနီယာမုရုံ' ပျောက်ဆုံးသွားလို့ပင် ဖြစ်ပေသည်။ လွန်ခဲ့တဲ့ လေးလက မဟာရှက မဟာဟုန်ကို ကျူးကျော်ပြီး မဟာယန်ကို ခြိမ်းခြောက်လာတဲ့အတွက် သူက စီနီယာမုရုံကို မဟာရှရဲ့ စစ်ဗိုလ်ချုပ်တွေကို သွားရောက်လုပ်ကြံဖို့ ခိုင်းစေခဲ့သည်။ ဒါပေမဲ့ အဲဒီအချိန်ကတည်းက စီနီယာမုရုံဟာ ဘာသတင်းအစအနမရှိပဲ ပျောက်ကွယ်သွားခဲ့တာ အခုဆို လေးလကျော်ပြီ ဖြစ်သည်။
ဒါက သူ့ကို အကြီးအကျယ် စိုးရိမ်စေသည်။ ကောင်းကင်အဆင့် သိုင်းပညာရှင် မရှိဘဲနဲ့ သူကတော့ နေ့ရောညပါ မအေးချမ်းနိုင်တော့ပေ။ ထိုစဉ် စစ်သည်တစ်ဦး အပြေးအလွှား ဝင်လာလေသည်။
"အရှင်မင်းကြီး... သတင်းဆိုးပါ။ မဟာရှရဲ့ သန်းချီတဲ့ စစ်တပ်ကြီးက နယ်စပ်ကို ဖြတ်ကျော်ပြီး ကျွန်တော်မျိုးတို့ မဟာယန်မင်းဆက်ဆီကို ချီတက်လာနေပါပြီ"
မဟာယန်ဧကရာဇ်မှာ ထိတ်လန့်သွားကာ - "ဘာ... သူတို့က ငါတို့ကို တိုက်ခိုက်နေပြီလား"
မဟာရှက တစ်နေ့မှာ တိုက်လာလိမ့်မယ်ဆိုတာ သူသိသော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မဟာဟုန်ကို သိမ်းပိုက်ပြီး သိပ်မကြာသေးခင်မှာပဲ သူတို့ကိုပါ ထပ်တိုက်ဖို့ မစောင့်နိုင်ကြတော့ဘူးလား။
စိုးရိမ်ပူပန်စိတ်များဖြင့် မဟာယန်ဧကရာဇ်သည် ချက်ချင်းပင် အမတ်များကို ဆင့်ခေါ်ကာ တန်ပြန်ကာကွယ်ရေးအတွက် ဆွေးနွေးတော့သည်။ သူသည် စစ်တိုက်ရာတွင် နာမည်ကျော်သည့် စစ်ဗိုလ်ချုပ်တစ်ဦးကို သေနာပတိအဖြစ် ခန့်အပ်ကာ နိုင်ငံတော်စစ်တပ်ကို ဦးဆောင်ပြီး ကာကွယ်ရန် တာဝန်ပေးလိုက်လေသည်။