← Chapters

အခန်း (၄၇၄-၄၇၅)

Vol. 44 Ch. 474-475

အခန်း (၄၇၄-၄၇၅)

Vol. 44 Ch. 474-475

အပိုင်း (၄၇၄)

လက်ဗလာဆရာကြီးသည် ဤအခြေအနေကို အံ့သြခြင်းမရှိပေ။

“နတ်ဘုရားလက်နက် ‘ချင်း’ က တာအိုဂိုဏ်းလက်ထဲ ရောက်နေတယ်ဆိုပေမဲ့ သူတို့ ဘယ်မှာဝှက်ထားမှန်း ငါ မသိဘူး။ ပြီးတော့ အခုအခြေအနေအရ ဒီလက်နက်ကို ကောင်းကင်အဆင့် ဆရာကြီးတစ်ယောက်က စောင့်ကြပ်နေမှာ အသေအချာပဲ။ ငါက ကိုယ်ဖော့သိုင်းပညာမှာ ထူးချွန်တယ်ဆိုပေမဲ့ ခွန်အားချင်းကျတော့ မယှဉ်နိုင်ဘူး။ အဲဒီတော့ ကောင်းကင်အဆင့် ဆရာကြီးတစ်ယောက်ရဲ့ လက်ထဲကနေ နတ်ဘုရားလက်နက်ကို ခိုးယူဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး”

“မစိုးရိမ်ပါနဲ့... ရှင်စဉ်းစားနေတဲ့ ပြဿနာတွေကို ကျွန်မ ကြိုတင်တွက်ဆထားပြီးသားပါ”

အသက်ခြွေရက်ရှာဆာက ဆက်ပြောသည် - “အခု ‘ချင်း’ လက်နက်ကို ဝူတန်တောင်ပေါ်မှာ ဝှက်ထားပြီး ဝူတန်ရဲ့ တာအိုအရှင်သခင် ထိုက်ယီကိုယ်တိုင် စောင့်ကြပ်နေတယ်လို့ သတင်းရထားတယ်။ ကျွန်မတို့ရဲ့ အစီအစဉ်ကတော့... ကျွန်မက ဝူတန်ရဲ့ ထိုက်ယီကို အလစ်အငိုက် တိုက်ခိုက်ပြီး သူတို့ရဲ့ အာရုံကို လွှဲထားမယ်၊ အဲဒီအချိန်ကျရင် ရှင်က အခွင့်ကောင်းယူပြီး နတ်ဘုရားလက်နက်ကို ခိုးရုံပဲ”

လက်ဗလာဆရာကြီးက အသေအချာ စဉ်းစားလိုက်ပြီး - “စမ်းကြည့်ရတာ တန်ပါတယ်၊ ဒါပေမဲ့ အရင်ဆုံး အခြေအနေသွားကြည့်ဖို့တော့ လိုလိမ့်မယ်”

ထို့နောက် လက်ဗလာဆရာကြီးသည် အသက်ခြွေရက်ရှာဆာနှင့်အတူ ထွက်ခွာသွားတော့သည်။

သူတို့နှစ်ဦးသည် ဝူတန်တောင်ထဲသို့ တိတ်တဆိတ် ခိုးဝင်ခဲ့ကြသည်။

နတ်ဘုရားလက်နက် ‘ချင်း’ မှာ ဝူတန်တောင်တွင် တကယ်ရှိနေပြီး တာအိုအရှင်သခင် ထိုက်ယီကိုယ်တိုင် တစ်ဖဝါးမခွာ ဆောင်ထားသည်ကို တွေ့လိုက်ရသည်။

“ဒီအတိုင်းဆိုရင်တော့ နတ်ဘုရားလက်နက်ကို ခိုးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု လက်ဗလာဆရာကြီးက ကောက်ချက်ချလိုက်သည်။

“ဒါပေါ့... သာမန်နည်းလမ်းနဲ့တော့ မရနိုင်ဘူး၊ ဒါပေမဲ့ ကျွန်မက ဘယ်တော့မှ လမ်းဟောင်းအတိုင်း မလျှောက်ဘူးလေ” အသက်ခြွေရက်ရှာဆာက အေးစက်စွာ ရယ်မောရင်း ပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။

လက်ဗလာဆရာကြီးမှာ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး - “အဲဒါ ဘာလဲ”

“ဒါက ငါတို့ ဝတ်ရုံစိမ်းမျှော်စင်က ဖော်စပ်ထားတဲ့ ‘အူဖောက်အဆိပ်’ ပဲ။ အရောင်လည်းမရှိ၊ အနံ့လည်းမရှိဘူး။ တစ်ခါသောက်မိတာနဲ့ အူတွေပြတ်ထွက်ပြီး သုံးရက်အတွင်း သေရမှာပဲ။ ဖြေဆေးမရှိရင်တော့ မလွယ်ဘူးပေါ့”

လက်ဗလာဆရာကြီးမှာ ကြောက်စိတ်ဖြင့် ကျောချမ်းသွားရသည်။

တစ်ဖက်တွင်လည်း စိတ်သက်သာရာရသွားမိသည်။

တော်သေးသည်မှာ သူသည် လက်ရှိတွင် ‘အရိုးတွယ် အင်းဆက်ခုနစ်မျိုး’ အဆိပ်မိနေပြီးသားဖြစ်၍ ဖြေဆေးရှိနေခြင်းပင်။

အကယ်၍ တစ်ဖက်လူကသာ သူ့ကို ရိပ်မိသွားခဲ့လျှင် ဤအူဖောက်အဆိပ်ဖြင့် ခတ်လိုက်ပါက သူ အသက်ရှင်နိုင်ပါဦးမည်လော။

ထို့နောက် အသက်ခြွေရက်ရှာဆာသည် ဝူတန်ဂိုဏ်းသားများ သောက်မည့် ဆန်ပြုတ်ထဲသို့ ထိုအဆိပ်များကို တိတ်တဆိတ် ခတ်လိုက်လေသည်။

အဆိပ်ခတ်ထားသော ဆန်ပြုတ်ကို သောက်ပြီးသည့်နောက် ထိုညမှာပင် ဝူတန်ဂိုဏ်းသား တစ်ထောင်ကျော်တို့မှာ ဗိုက်အောင့်ဗိုက်နာဖြစ်ကာ ပြင်းထန်စွာ ဝမ်းလျှောတော့သည်။

ဝူတန်ဂိုဏ်း၏ အကြီးအကဲများမှာ ထိတ်လန့်သွားကြပြီး -

“ဘာတွေဖြစ်ကုန်တာလဲ”

“ဘယ်သူက ငါတို့ကို အဆိပ်ခတ်တာလဲ”

ထိုအချိန်တွင် အသက်ခြွေရက်ရှာဆာမှာ ကျော့ရှင်းစွာ ပေါ်လာပြီး - “ကျွန်မက ဝတ်ရုံစိမ်းမျှော်စင်ရဲ့ တတိယခေါင်းဆောင် အသက်ခြွေရက်ရှာဆာပဲ။ နတ်ဘုရားလက်နက် ‘ချင်း’ ကိုသာ အပ်လိုက်စမ်းပါ၊ အဲဒါဆိုရင် ငါ မင်းတို့ကို ဖြေဆေးပေးမယ်”

“မဖြစ်နိုင်တာ” တာအိုအရှင်သခင် ထိုက်ယီက မဆိုင်းမတွ ငြင်းဆန်လိုက်သည်။

“ဒီနတ်ဘုရားလက်နက်သာ မင်းတို့လက်ထဲ ပြန်ရောက်သွားရင် လောကကြီးကို ဘေးဒုက္ခပေးပြီး အပြစ်မဲ့သူတွေကို သတ်ဦးမှာပဲ”

အသက်ခြွေရက်ရှာဆာက ပြုံးလျက် - “ဒါဆိုရင်လည်း ရှင့်ရဲ့ တပည့်တွေ သေသွားတာကို မျက်စိဖွင့်ပြီး ကြည့်နေလိုက်ပေါ့”

“မိစ္ဆာမ... သေဖို့သာ ပြင်ထားတော့”

တိုက်ပွဲကြီးမှာ စတင်တော့သည်၊ အသက်ခြွေရက်ရှာဆာမှာ အင်အားချင်း မယှဉ်နိုင်ဘဲ အနည်းငယ် အရေးနိမ့်လာသည်။

ထိုအချိန်တွင် တာအိုဂိုဏ်းမှ ကောင်းကင်အဆင့်တစ်ဦး ထပ်မံထွက်ပေါ်လာပြီး အသက်ခြွေရက်ရှာဆာကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

အင်အားမမျှတော့သဖြင့် အသက်ခြွေရက်ရှာဆာမှာ ထွက်ပြေးသွားရလေသည်။

သို့သော်လည်း အဆိပ်မိနေသော ဝူတန်ဂိုဏ်းသားများကို ကယ်တင်ဖို့ကား လိုအပ်နေသေးသည်။

ထို့ကြောင့် ဝူတန်ဂိုဏ်းသည် အရပ်ရပ်မှ နာမည်ကြီး ဆရာဝန်များကို ဖိတ်ခေါ်၍ ကုသစေသော်လည်း မည်သူမျှ မအောင်မြင်ကြချေ။

ထိုဆရာဝန်များထဲတွင် ကျေးလက်တောရွာမှ နိမ့်ပါးသော တောသမားတော်အိုကြီး တစ်ဦးလည်း ပါဝင်သည်။ သူသည် အသက်ကြီးသော်လည်း လူသိမများလှပေ၊ သို့သော် သူ၏ လက်စွမ်းမှာ လူသေကို ပြန်ရှင်စေနိုင်လောက်သည်။ သူ ဖော်စပ်ပေးသော ဆေးရည် နှစ်ခွက်တည်းနှင့်ပင် ဂိုဏ်းသားများ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ယာယီ ထိန်းချုပ်ပေးနိုင်ခဲ့သည်။

မျှော်လင့်ချက်ကို မြင်လိုက်ရသဖြင့် ဝူတန်ဂိုဏ်းသားများက ဆုလာဘ်များစွာ ပေးမည်ဟု ကတိပေးကာ အမြစ်ပြတ်ကုသပေးရန် တောင်းဆိုကြသည်။

သို့သော် သမားတော်အိုကြီးက ခေါင်းခါလျက် သက်ပြင်းချကာ - “ခက်တယ်... တကယ်ကို ခက်ခဲ့တယ်၊ ဒီအဆိပ်က သိပ်ကို ယုတ်မာကြမ်းတမ်းလွန်းတယ်။ အကယ်၍သာ...”

“အကယ်၍ ဘာဖြစ်လို့လဲခင်ဗျာ” တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“အကယ်၍သာ ဒီအဆိပ်နဲ့ အဆင့်အတန်းတူတဲ့ အဆိပ်မျိုးကို ရှာနိုင်ရင်တော့ ‘အဆိပ်ကို အဆိပ်နဲ့ နှိမ်’ တဲ့ နည်းလမ်းကို သုံးပြီး သူတို့ကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်မှာပါ။ မဟုတ်ရင်တော့ ကျွန်တော့်ရဲ့ ပညာကလည်း ဒီလောက်ပါပဲ”

“အဆင့်တူတဲ့ အဆိပ်မျိုးလား” လူအုပ်ကြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အကြံအိုက်သွားကြသည်။

သူတို့မှာ သူတော်စင်ဂိုဏ်းသားများ ဖြစ်ကြရာ ထိုကဲ့သို့သော အရာမျိုးကို ဘယ်မှာ သွားရှာရပါမည်နည်း။ ရှိနေလျှင်တောင်မှ လူပုံအလယ်သို့ ထုတ်ပြရန် မဝံ့ကြချေ။

ထိုအချိန်တွင် တာအိုအရှင်သခင် ထိုက်ယီက တစ်စုံတစ်ခုကို စဉ်းစားမိပြီး ‘ချင်း’ လက်နက်ကို ထုတ်ကာ - “ဆရာကြီး... ဒီဓားမြှောင်ကို ကြည့်ပေးပါဦး။ ဒီထဲမှာ သွေးနဲ့ ထိတာနဲ့ သေစေနိုင်တဲ့ အဆိပ်ပြင်းတွေ ပါပါတယ်။ ဒါကများ အသုံးတည့်မလား”

“ကျွန်တော့်ကို ပေးကြည့်ပါဦး” သမားတော်အိုကြီးမှာ တုန်တုန်ရင်ရင်ဖြင့် လက်ကို ဆန့်လိုက်ပြီး ‘ချင်း’ လက်နက်ကို လှမ်းယူလိုက်သည်။

ထိုအခိုက်အတန့်မှာပင် အခြေအနေမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

သမားတော်အိုကြီးမှာ ‘ချင်း’ လက်နက်ကို လက်ထဲ ရောက်သည်နှင့် တစ်ခဏအတွင်းမှာပင် ပေတစ်ထောင်ခန့် အကွာအဝေးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားသည်။

“တောက်!... မဟုတ်မှလွဲရော...” တာအိုအရှင်သခင် ထိုက်ယီမှာ တစ်စုံတစ်ခု မှားနေပြီမှန်း သိလိုက်သဖြင့် ချက်ချင်း လိုက်ဖမ်းသော်လည်း မည်သို့မျှ မမှီတော့ချေ။ တစ်ဖက်လူ၏ ကျောပြင်မှာ ဝေးသထက် ဝေးသွားသည်ကိုသာ မျက်စိအောက်တွင် ကြည့်နေရတော့သည်။

လျှို့ဝှက်တောင်ကြားမှ ထွက်လာပြီးနောက် လက်ဗလာဆရာကြီးသည် နတ်ဘုရားလက်နက် ‘ချင်း’ ကို အသက်ခြွေရက်ရှာဆာထံ အပ်နှံလိုက်သည်။

အသက်ခြွေရက်ရှာဆာမှာ အလွန်ပင် ကျေနပ်သွားပြီး - “လက်ဗလာဆရာကြီး... ရှင့်ရဲ့ နာမည်ကျော် ကမ္ဘာ့နံပါတ်တစ် သူခိုးဆိုတဲ့ ဂုဏ်ပုဒ်က တကယ်ကို မမှားဘူးပဲ၊ ကျွန်မ ဘယ်လိုမှ မရနိုင်တဲ့အရာကို ရှင်က လှည့်ကွက်လေး တစ်ခုတည်းနဲ့ ရအောင် ယူနိုင်ခဲ့တယ်။ ဒီအကြောင်းကို ကျွန်မ အထက်ကို သတင်းပို့လိုက်ရင် ခေါင်းဆောင်ကြီးက ရှင့်ကို ဆုလာဘ်တွေ အများကြီး ပေးမှာ သေချာတယ်”

လက်ဗလာဆရာကြီးမှာ မျက်နှာပျက်ပျက်ဖြင့် - “ငါတို့ရဲ့ ကတိကိုသာ မမေ့ဖို့ သတိရပါ”

“ဒါပေါ့... မှတ်မိပါတယ်။ ရှင့်အနေနဲ့ နောက်ထပ် စွမ်းဆောင်မှုတချို့ ပြုလုပ်ပေးပြီးရင် ဖြေဆေးကို သေချာပေါက် ပေးမှာပါ။ ဒါနဲ့...”

အသက်ခြွေရက်ရှာဆာ၏ လေသံမှာ ပြောင်းလဲသွားပြီး - “ရှင့်အနေနဲ့ ကျွန်မတို့ ဝတ်ရုံစိမ်းမျှော်စင်ထဲ ဝင်လာတဲ့ သတင်းက အမှတ်မထင် ပေါက်ကြားသွားပြီနော်။ နောက်နောင် လောကအလယ်မှာ သွားလာတဲ့အခါ သတိထားဦးမှပေါ့”

လက်ဗလာဆရာကြီးမှာ ဒေါသကြောင့် တုန်ရီသွားပြီး - “မင်းတို့တွေ... တကယ်ကို ယုတ်မာကြတာပဲ”

အသက်ခြွေရက်ရှာဆာက ပြုံးလျက်ပင် - “လက်ဗလာဆရာကြီး... ရှင်က အခု ဝတ်ရုံစိမ်းမျှော်စင်ထဲ ရောက်နေပြီဆိုတော့ တခြား စိတ်ကူးယဉ်မနေတော့ဘဲ ငြိမ်ငြိမ်လေး နေစမ်းပါ။ ဟိုဘက် ဒီဘက် ခြေနှစ်ဖက် နင်းချင်တဲ့သူတွေကို ဘယ်သူမှ သဘောမကျကြဘူး၊ ဟုတ်ပြီလား”

“ဟန့်” လက်ဗလာဆရာကြီး၏ မျက်နှာမှာ ပို၍ပင် အကြည့်ရဆိုးလာခဲ့သည်။

အပိုင်း (၄၇၅)

ဤအချိန်တွင် လက်ဗလာဆရာကြီး ဝတ်ရုံစိမ်းမျှော်စင်ထဲ ဝင်ရောက်သွားသည့် သတင်းမှာ တစ်လောကလုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ ဖြစ်သည်။

“လက်ဗလာဆရာကြီးက တကယ်ပဲ ဝတ်ရုံစိမ်းမျှော်စင်ထဲ ဝင်သွားတာလား”

“သူက အသက်ရှင်ရတာ ငြီးငွေ့နေလို့ ဒီလောက်တောင် အတင့်ရဲနေတာလား”

“ဘယ်သူသိမှာလဲ... မဟာရှနိုင်ငံမှာ နေရတာ ကောင်းနေရက်သားနဲ့ အခုတော့ လမ်းဟောင်းအတိုင်း ပြန်လျှောက်ပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဝတ်ရုံစိမ်းမျှော်စင်ထဲ ရောက်သွားပြန်ပြီ”

“နတ်ဘုရားလက်နက် ‘ချင်း’ ကိုလည်း သူပဲ ခိုးသွားတာ ဖြစ်ရမယ်”

အချို့သူများကလည်း မဟာရှနိုင်ငံကို စတင် လှောင်ပြောင်ကြတော့သည်။ အကြောင်းမှာ လက်ဗလာဆရာကြီးသည် မဟာရှနိုင်ငံမှ လာသူဖြစ်သော်လည်း ယခုမူ ဝတ်ရုံစိမ်းမျှော်စင်က ဆွဲဆောင်သိမ်းသွင်းခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။

လင်းပိုင်ဖန်သည်လည်း ထိုသတင်းကြောင့် အလွန်ဒေါသထွက်ဟန်ပြကာ လက်ဗလာဆရာကြီးကို ဖမ်းဆီးရန် ဝရမ်းထုတ်လိုက်သည်။ သို့သော်လည်း လက်တွေ့တွင်မူ မည်သည့်အရေးယူဆောင်ရွက်မှုမျှ ပြုလုပ်ခြင်းမရှိပေ။

တိတ်တဆိတ်တွင်မူ သူသည် လက်ဗလာဆရာကြီးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်။

လင်းပိုင်ဖန်ကို မြင်သည်နှင့် လက်ဗလာဆရာကြီးမှာ သူ၏ခြေထောက်ကို ဖက်တွယ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုးကို ဝတ်ရုံစိမ်းမျှော်စင်က ခြိမ်းခြောက်ပြီး ဓားပြသင်္ဘောပေါ် တင်လိုက်တာပါ။ အခုတော့ ဆင်းလို့မရတော့ဘူး၊ အရှင်မင်းကြီးပဲ ကျွန်တော်မျိုးကို ကယ်တင်ပေးပါတော့”

လင်းပိုင်ဖန်က ပြုံးလျက် - “မငိုပါနဲ့တော့၊ ဒါက ဘယ်လောက်ကြီးတဲ့ ကိစ္စမို့လို့လဲ”

“ဒါက ကိစ္စကြီး မဟုတ်ဘူးလား…”

လက်ဗလာဆရာကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ထခုန်လိုက်ပြီး - “ဒီတစ်ခါတော့ ကျွန်တော်မျိုး တစ်လောကလုံးကို ရန်သူလုပ်မိပြီ၊ လူတိုင်းက ကျွန်တော်မျိုးကို အပိုင်းပိုင်းဖြတ်ချင်နေကြတာ။ လောကကြီးက ကျယ်ပြောလှပါတယ်ဆိုပေမဲ့ လက်ဗလာဆရာကြီးအတွက်တော့ ခြေချစရာ နေရာတောင် မရှိတော့ဘူး”

လင်းပိုင်ဖန်က စိတ်မရှည်သလို လက်ကာပြလိုက်ပြီး - “ဒီလောက် အသေးအဖွဲကိစ္စကို ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ။ ငါတို့ ဝတ်ရုံစိမ်းမျှော်စင်ကို အမြစ်ပြတ်ချေမှုန်းပြီးရင် မင်းရဲ့ နာမည်က ပြန်လည် သန့်ရှင်းသွားမှာပဲပေါ့။ ခဏလောက်ပဲ ထပ်အောင့်အည်းထားစမ်းပါ၊ မကြာခင် ပြီးသွားတော့မှာပါ”

လက်ဗလာဆရာကြီးမှာ စိတ်ထဲတွင် တတွတ်တွတ် ရေရွတ်မိသည် - ‘ဝတ်ရုံစိမ်းမျှော်စင်ကို ဖြိုဖျက်ဖို့ဆိုတာ ပြောသလောက် မလွယ်ဘူးလေ၊ အဲဒီလောက်သာ လွယ်ရင် သူတို့တွေ နှစ်ပေါင်းတစ်ထောင်လောက် ရပ်တည်နိုင်ပါ့မလား’

“အရှင်မင်းကြီး... အဲဒီတော့ ကျွန်တော်မျိုး နောက်ထပ် ဘာဆက်လုပ်ရမလဲ”

“ဒါပေါ့... မင်းက စွမ်းဆောင်ရည်တွေ အများကြီးပြပြီး ရာထူးတက်နိုင်သမျှ တက်အောင် လုပ်ရမယ်။ မင်း ရာထူးကြီးကြီး ရလာမှ ငါတို့အတွက် အသုံးဝင်မှာ”

လက်ဗလာဆရာကြီးသည် လင်းပိုင်ဖန်၏ အစီအစဉ်ကို ရင်ဝယ်ပိုက်ကာ ထွက်ခွာသွားတော့သည်။

နောက်ရက်များတွင် သူသည် ဝတ်ရုံစိမ်းမျှော်စင်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်လေတော့သည်။ သူသည် လူမသတ်ဘဲ ပစ္စည်းကိုသာ ခိုးယူသည်။ ခိုးယူသည့် အခါတွင်လည်း နတ်ဘုရားလက်နက်များ၊ နတ်ဆေးရည်များကဲ့သို့ တန်ဖိုးအကြီးဆုံး အရာများကိုသာ ရွေးချယ်သည်။

သူသည် မကြာခဏ လက်စွမ်းပြလေ့ရှိပြီး ပြတိုင်းလည်း အမြဲအောင်မြင်သည်။ သူ၏ ကြိုးပမ်းမှုကြောင့် ဝတ်ရုံစိမ်းမျှော်စင်မှာ အချိန်တိုအတွင်း ချမ်းသာကြွယ်ဝလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ဂုဏ်သတင်းမှာလည်း လုံးဝပျက်စီးသွားကာ တစ်လောကလုံး၏ ကျိန်ဆဲခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းကို ခံရတော့သည်။

သို့သော်လည်း အသက်ခြွေရက်ရှာဆာမှာမူ အလွန်ပင် ကျေနပ်နေသည်။ ဤလူသစ်သည် ရောက်လာသည်မှာ တစ်လပင်မပြည့်သေးသော်လည်း ဝတ်ရုံစိမ်းမျှော်စင်အတွက် နှစ်ပေါင်းများစွာစာ ဝင်ငွေများကို ရှာဖွေပေးခဲ့သည်။ လက်ဗလာဆရာကြီးကို ခေါ်လာခဲ့ရသည်မှာ တကယ်ကို တန်လှပေသည်။

ထို့ပြင် ယခုအခါ သူသည် ဝတ်ရုံစိမ်းမျှော်စင်နှင့် တစ်သားတည်းဖြစ်နေပြီဖြစ်ရာ အရေးကြီးသော တာဝန်များကို ပေးအပ်နိုင်ပြီဟု ယူဆကာ လက်ဗလာဆရာကြီးကို ခေါ်ယူလိုက်သည်။

“လက်ဗလာဆရာကြီး... ဒီရက်ပိုင်းမှာ ရှင် တော်တော်လေး စွမ်းဆောင်နိုင်ခဲ့လို့ ကျွန်မ အများကြီး ကျေနပ်မိတယ်။ ဒီနေ့ကစပြီး ရှင်က ကျွန်မတို့ ဝတ်ရုံစိမ်းမျှော်စင်ရဲ့ ‘ကောင်းကင်အဆင့်’ လုပ်ကြံသတ်ဖြတ်သူ ဖြစ်သွားပြီ။ ခံစားခွင့်တွေ အားလုံးကလည်း ကောင်းကင်အဆင့်အတိုင်း ရလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် တတိယခေါင်းဆောင်” ဟု လက်ဗလာဆရာကြီးက မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။

ဝတ်ရုံစိမ်းမျှော်စင်သည် လုပ်ကြံသတ်ဖြတ်သူများကို ကောင်းကင်၊ မြေပြင်၊ လျှို့ဝှက်ဆန်းကြယ် နှင့် အဝါရောင် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။

ကောင်းကင်အဆင့်: အင်ပါယာချီအဆင့် ရှိရမည့်အပြင် ဝတ်ရုံစိမ်းမျှော်စင်အတွက် ငွေတေး ၁၀ သန်းကျော် တန်ဖိုးရှိသော စွမ်းဆောင်ရည် ပြသထားနိုင်ရမည်။

မြေပြင်အဆင့်: ကြယ်တာရာချီအဆင့် ဖြစ်ရပြီး ငွေတေး ၃ သန်းကျော် တန်ဖိုးရှိသော စွမ်းဆောင်ရည် ရှိရမည်။

လျှိူ့ဝှက်ဆန်းကြယ်အဆင့်: အစစ်အမှန်ချီအဆင့် သိုင်းပညာရှင် ဖြစ်ရပြီး ငွေတေး ၁ သန်းကျော် တန်ဖိုးရှိသော စွမ်းဆောင်ရည် ရှိရမည်။

အဝါရောင်အဆင့်: ပထမတန်းစားအဆင့်ဖြစ်ကာ ငွေတေး ၃ သိန်းကျော် တန်ဖိုးရှိသော စွမ်းဆောင်ရည် ရှိရမည်။

လက်ဗလာဆရာကြီးသည် ငွေတေး ၁၀ သန်းထက်မကသော တန်ဖိုးကို ရှာဖွေပေးခဲ့သော်လည်း သူ၏ သိုင်းအဆင့်မှာ ကြယ်တာရာချီအဆင့်သာ ရှိသေးသဖြင့် ပုံမှန်ဆိုလျှင် ‘ကောင်းကင်အဆင့်’ ရရန် မဖြစ်နိုင်ပေ။ သို့သော် ဝတ်ရုံစိမ်းမျှော်စင်မှာ ထူးချွန်သူများ လိုအပ်နေသဖြင့် အထူးခြွင်းချက်အနေဖြင့် ရာထူးတိုးပေးလိုက်ခြင်းဖြစ်သည်။

ကောင်းကင်အဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ ခံစားခွင့်များမှာ အခကြေးငွေ ပိုရခြင်း၊ ဂိုဏ်း၏ အဓိက သိုင်းကျမ်းများနှင့် နတ်ဆေးများ သုံးစွဲခွင့်ရခြင်းနှင့် နှစ်စဉ် ဂိုဏ်းချုပ်ကြီး၏ လမ်းညွှန်မှုကို ခံယူခွင့်ရခြင်းတို့ ဖြစ်သည်။

အကျိုးကျေးဇူးများမှာ များပြားလှသော်လည်း လက်ဗလာဆရာကြီးကမူ အရေးမစိုက်ပေ။ သူ ယခု အလိုချင်ဆုံးအရာမှာ ဝတ်ရုံစိမ်းမျှော်စင်ကို အမြန်ဆုံး ဖြိုဖျက်ပြီး လွတ်လပ်ခွင့် ရရှိရန်သာ ဖြစ်သည်။

“လက်ဗလာဆရာကြီး... ကျွန်မ သတိထားမိသလောက်တော့ ဒီရက်ပိုင်းမှာ ရှင်က ဂိုဏ်းပေါင်းစုံကို လိုက်ခိုးနေပေမဲ့ မဟာရှနိုင်ငံကိုတော့ တစ်ခါမှ မထိခဲ့ဖူးဘူးနော်” အသက်ခြွေရက်ရှာဆာက ပြုံးလျက် မေးလိုက်သော်လည်း သူမ၏ မျက်ဝန်းများမှာ စူးရှနေပြီး တစ်ခုခုကို အကဲခတ်နေဟန် ရှိသည်။

လက်ဗလာဆရာကြီးက မတုန်မလှုပ်ဘဲ ပြန်ဖြေသည် - “သူတို့က ငါ့ရဲ့ သခင်ဟောင်းတွေဖြစ်သလို ငါ့အပေါ်မှာလည်း ကောင်းခဲ့ဖူးတယ်။ ဒါကြောင့် ငါ့အနေနဲ့ သူတို့ကို သစ္စာဖောက်ခဲ့ပေမဲ့ သူတို့အပေါ်တော့ ဘယ်တော့မှ လက်မပါနိုင်ဘူး”

“တကယ်ကို သစ္စာရှိလှတဲ့ လက်ဗလာဆရာကြီးပါလား”

အသက်ခြွေရက်ရှာဆာက လက်ခုပ်တီးလျက် ချီးကျူးလိုက်သည်။ “ဒါပေမဲ့ ရှင်က အခု ဝတ်ရုံစိမ်းမျှော်စင်ရဲ့ လူဖြစ်နေပြီဆိုတော့ ကျွန်မတို့ရဲ့ အကျိုးစီးပွားကိုပဲ ပထမဦးစားပေးရမယ်။ မဟာရှနိုင်ငံမှာ ရတနာတွေ အများကြီးရှိတယ်၊ ဥပမာ - အနှိုင်းမဲ့ နတ်ဘုရားလက်နက် ‘ရွှမ်ရှောင်’ နတ်ဓားပေါ့။ အဲဒါကို ရှင် ကျွန်မတို့အတွက် ခိုးပေးနိုင်မလား”

လက်ဗလာဆရာကြီး၏ မျက်ဆန်းများ ကျုံ့သွားကာ ချက်ချင်းပင် ပြောလိုက်သည် - “မဖြစ်နိုင်ဘူး”

“မဖြစ်နိုင်တာလား၊ မလုပ်နိုင်တာလား ဒါမှမဟုတ် မလုပ်ချင်တာလား” အသက်ခြွေရက်ရှာဆာက မြွေဆိုးတစ်ကောင်ကဲ့သို့ အေးစက်စူးရှသော အကြည့်များဖြင့် ဖိအားပေးကာ မေးလိုက်လေသည်။

All Chapters