အခန်း (၁၇၁-၁၇၃)
Vol. 12 Ch. 171-173
အပိုင်း(၁၇၁) ဓားသူတော်စင်၏ သွေးစွန်းမှု၊ ဧကရီကိုယ်တိုင် စစ်ချီတက်ခြင်း
မြောက်ဘက် ဆီးနှင်းပြင်ပေါ်ဝယ်။
အခွန်ဝန်ကြီးသည် ဧကရီ၏ အမိန့်အရ လေဟာနယ် ပုံရိပ်ယောင် စက်ကိရိယာကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဤတိုက်ပွဲသည် မဟာကျင်းအတွက် သေရေးရှင်ရေး ကိစ္စတစ်ခု ဖြစ်သည်။ စစ်သည်တော် သိန်းပေါင်းများစွာက အသက်ကို ရင်းနှီးထားကြပြီး အရာရှိများမှာလည်း သေရန် ဆုံးဖြတ်ထားကြကာ အုပ်ချုပ်သူကိုယ်တိုင်ကပင် ကောင်းကင်သားတော်အဖြစ် တိုင်းပြည်၏ တံခါးဝကို စောင့်ကြပ်ရင်း ရှေ့တန်းမှ ဦးဆောင်နေ၏။ အချိန်-နေရာလွတ် ဓားသူတော်စင်ကလည်း ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေပြီး ဤလုပ်ရပ်များကို ဘယ်သောအခါမှ မေ့ပျောက်မသွားသင့်ပေ။
ဧကရီ၏ အတွေးမှာ ရိုးရှင်းသည်။ လူတိုင်းကို တိုင်းပြည်နှင့် လူမျိုးအတွက် အလုပ်အကျွေး ပြုစေချင်ပြီး နှလုံးသားထဲတွင် တရားမျှတမှုဆိုင်ရာ စိတ်ဓာတ်များ နိုးကြားလာစေရန်ဖြစ်သည်။ သူကိုယ်တိုင်က စံပြအဖြစ် ပြသရပေမည်။
ဒီတိုက်ပွဲက အကောင်းဆုံး အခွင့်အရေးပဲ။ ငါတို့ ရှုံးနိမ့်ခဲ့ရင်တောင်မှ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက် မျိုးစေ့ကို ချထားနိုင်သရွေ့ မဟာကျင်းက ပျက်စီးသွားမှာ မဟုတ်ဘူး။ တကယ်လို့ အောင်နိုင်ခဲ့ရင်တော့ အိပ်ပျော်နေတဲ့ သားရဲကြီးကို လုံးဝ နိုးကြားသွားစေလိမ့်မယ်။
ယခုအချိန်၌။
မဟာကျင်း၏ ကျယ်ပြန့်လှသော နယ်မြေအတွင်းရှိ သန်းပေါင်းများစွာသော ပြည်သူများနှင့် ဂိုဏ်းဝင်များမှာ တောင်တန်းများ၊ ချိုင့်ဝှမ်းများ၊ မြို့ပြများ၊ သို့မဟုတ် မြို့တော်၏ ကောင်းကင်ယံကို မော့ကြည့်နေကြသည်။
ဝေဝါးနေသော ပုံရိပ်များကြားတွင် ရှင်းလင်းသော ပုံရိပ်တစ်ခုမှာ မြောက်ဘက် ဆီးနှင်းပြင်ပင်။
လူများ အလွန်အမင်း ထိတ်လန့်သွားကြသည်။ သူတို့က မဟာကျင်း၏ စစ်တပ်ကြီး၊ နန်းတော်မှ အဆင့်မြင့် အရာရှိကြီးများ၊ ဧကရီ၏ ရထားလုံးနှင့် အနက်ရောင်ဝတ် ဓားသမားကို မြင်တွေ့လိုက်ရသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ။ မြို့တော်ကို စောင့်ရှောက်ရမယ့် နန်းတွင်းစောင့်တပ်တွေ မဟုတ်ဘူးလား။ ဝန်ကြီးတွေ အကုန်လုံး၊ ဧကရီကိုယ်တိုင်တောင် မြောက်ဘက်ကို ရောက်နေတာလား။ ဒါတွေက ဘယ်တုန်းက ဖြစ်သွားတာလဲ။ ငါတို့ ဘာဖြစ်လို့ လုံးဝ မသိလိုက်ရတာလဲ..."
"စစ်ပွဲကြီးပဲ။ ဧကရီက စစ်တပ်ကြီးကို ဦးဆောင်ပြီး ဂိုဏ်းပေါင်းစုံမဟာမိတ်ကို အလစ် သွားတိုက်နေတာပဲ။ ငါတို့ကတော့... ဘာမှ မသိဘဲနေနေခဲ့တာ..."
"ဘုရားရေ... အရှင်မကိုယ်တိုင် စစ်တပ်ကို ဦးဆောင်နေတာပဲ။ စစ်သည် သိန်းပေါင်းများစွာကလည်း နဖူးမှာ အဖြူရောင် အဝတ်စတွေ စည်းထားကြတယ်။ သေဖို့ ပြင်ဆင်ထားကြတာ သိသာနေတယ်။ ငါတို့ကတော့ အနောက်မှာ ဘာမှမသိဘဲ ပုန်းနေခဲ့ကြတာ..."
မဟာကျင်း၏ သန်းပေါင်းများစွာသော ပြည်သူများ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံး ပွက်လောရိုက်ကုန်ကြသည်။
မငြိမ်မသက်မှုများ နီးကပ်နေသော်လည်း၊ မဟာကျင်း ပြည်သူများသည် ချမ်းသာ ကြွယ်ဝခြင်း မရှိသော်လည်း ငြိမ်းချမ်းပြီး တည်ငြိမ်သော ဘဝကို ပိုင်ဆိုင်ထားကြကာ ပြင်ပမှ နှောင့်ယှက်မှုများ ကင်းဝေးလျက် အမြဲတမ်း ကာကွယ်စောင့်ရှောက်ခြင်း ခံခဲ့ရသည်။
အချိန်အတော်ကြာအောင် ပြည်သူများက စစ်ပွဲ၏ မှောင်မိုက်သော ကာလတစ်ခုထက်၊ ငြိမ်းချမ်းပြီး သာယာဝပြောသော ခေတ်တစ်ခုတွင် နေထိုင်နေရသည်ဟု အထင်မှား နေခဲ့ကြသည်။
ယခုမူ တိုင်းပြည်၏ တံခါးဝကို စောင့်ကြပ်နေသော အုပ်ချုပ်သူ၊ တိုင်းပြည်အတွက် သေရန် ဆုံးဖြတ်ထားသော ဝန်ကြီးများနှင့် အသက်ဖြင့် မြို့ရိုးများကို ဆောက်နေသော စစ်သည်တော်များကို မြင်တွေ့ရသောအခါ သန်းပေါင်းများစွာသော ပြည်သူများမှာ နောက်ဆုံးတွင် နိုးကြားလာခဲ့ကြလေပြီ။
“အရှင်မ...” မသန်စွမ်း စစ်ပြန်ကြီး တစ်ဦးမှာ ဒူးထောက်ကျသွားသည်။ စိတ်တိုတတ်ပြီး အိမ်နီးနားချင်းများနှင့် ဆက်ဆံရေး အလွန်ဆိုးရွားလှသော ထိုအဘိုးကြီးမှာ ယခုမူ ကလေးတစ်ယောက်ကဲ့သို့ မြေပြင်ပေါ်တွင် ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
အချိန် ကုန်ဆုံးလာသည်နှင့်အမျှ။
လူအများ ပိုမို အာရုံစိုက်လာကြပြီး နောက်ဆုံးတွင် မဟာကျင်း နယ်မြေတစ်ခုလုံးရှိ လူတိုင်းနီးပါးမှာ ကောင်းကင်ယံမှ ပုံရိပ်ယောင်ကို မော့ကြည့်နေကြသည်။ နှစ်ပေါင်းများစွာ အထီးကျန် ကျင့်ကြံနေခဲ့သော တကိုယ်တည်း ကျင့်ကြံသူများပင် ဂူထဲမှ ထွက်လာကြပြီး ကုန်သည်ကြီးများ အားလုံးလည်း ဆိုင်များကို ပိတ်ကာ ထွက်ကြည့် နေကြသည်။
မဟာကျင်း တစ်ခုလုံး ငှက်မြည်သံနှင့် တိရစ္ဆာန်ဟောက်သံများမှလွဲ၍ တိတ်ဆိတ် သွားပုံရသည်။
"အဲဒါ... အချိန်-နေရာလွတ် ဓားသူတော်စင် မဟုတ်လား။"
"သူ ဘာလုပ်နေတာလဲ။ နံနက်ခင်းအလင်းနယ်ပယ် (၁၀၀)ကို တစ်ဦးတည်း ရင်ဆိုင်နေတာလား။" တကိုယ်တည်း ကျင့်ကြံသူတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ဟိုင်လန့်ထျန်း တိုက်ပွဲထဲ ဝင်ရောက်လာပြီး နောက်ဆုံး အသက်ဓာတ်ကို အသုံးချကာ မုန့်ချင်ကျိုးကို သေကြောင်းကြံချိန်တွင် မရေမတွက်နိုင်သော နှလုံးသားများမှာ တင်းကျပ်သွားကြပြီး လူတိုင်းမှာ ရင်တမမနှင့် အသက်ရှူအောင့်ထားခဲ့ကြရသည်။
"ဓားသူတော်စင်က အသက်ရှင်နေသေးတယ်။ သူက ကောင်းကင်ကို ဆန့်ကျင်ပြီး ပြန်လာခဲ့ပြီ..." ပြည်သူများက အောင်ပွဲခံ ကြွေးကြော်ကြသည်။
မကြာမီမှာပင် ထိုစိတ်လှုပ်ရှားမှုမှာ ရေအေးတစ်ပုံးနှင့် ပက်လိုက်သကဲ့သို့ ငြိမ်းသတ်ခြင်း ခံလိုက်ရ၏။
ဟိုင်လန့်ထျန်း သေဆုံးသွားသော်လည်း သူ၏ အနောက်တွင် နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀၀)မှာ အမဲလိုက်ရန် စောင့်နေသော ဝံပုလွေများကဲ့သို့ စောင့်ကြို နေကြသည်။
တဖြည်းဖြည်းနှင့် လူများ တိတ်ဆိတ်သွားကြ၏။
အနှိုင်းမဲ့နေပုံရသော ထိုအနက်ရောင်ဝတ် ပုံရိပ်မှာ လူသူမဲ့သည့် နေရာတစ်ခုကဲ့သို့ လိုသလို သတ်ဖြတ်နေသည်ကို ကြည့်နေကြရသည်။
သို့သော် ဘယ်သူမှ မရယ်နိုင်ကြ။
"ဓားသူတော်စင်က နောက်ဆုံးတော့ နံနက်ခင်းအလင်းနယ်ပယ်ပဲ ရှိသေးတာ။ သမိုင်းတစ်လျှောက်မှာ ဘယ်သူက နယ်ပယ်တူ ကျွမ်းကျင်သူ (၁၀၀)ကို တစ်ဦးတည်း ယှဉ်နိုင်ခဲ့လို့လဲ။" လူတစ်ဦးက မှိုင်တွေသော မျက်နှာထားဖြင့် ဆို၏။ "ဓားသူတော်စင်... ဘယ်လောက်ကြာအောင် တောင့်ခံနိုင်ပါ့မလဲ။"
မှန်ပေသည်။
မုန့်ချင်ကျိုး၏ အနှိုင်းမဲ့ခြင်းမှာ အချိန်ကန့်သတ်ချက် ရှိသည်ကို မည်သူမဆို မြင်နိုင်သည်။ မဟုတ်လျှင် သူက အကျိုးဆက်ကို ဂရုမစိုက်ဘဲ သတ်ဖြတ်မှုများကို စတင်နေလောက်ပြီ ဖြစ်သည်။
ကုယွဲ့နှင့် နံနက်ခင်းအလင်းနယ်ပယ် ကိုးယောက် ပေါ်ထွက်လာပြီး တားမြစ် နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်ကာ ကုန်းပြင်မြင့်ကြီးကို ချိုင့်ဝှမ်းဖြစ်အောင် ချေဖျက်လိုက်ချိန်တွင် အချိန်-နေရာလွတ် ဓားသူတော်စင်မှာ နောက်ဆုံးတွင် အကာအကွယ် ကျိုးပျက်ကာ သေဆုံးသွားခဲ့ပြီးမှ တစ်ဖန် ပြန်လည် ရှင်သန် လာခဲ့ရသည်။
သို့သော် သူက တစ်လက်မမျှ နောက်မဆုတ်ဘဲ တင့်တယ်သော အမူအရာဖြင့် လူအုပ်ကြီးကို ရင်ဆိုင်နေဆဲပင်။
စကားပင် ကောင်းကောင်း မပြောတတ်သေးသော ကလေးငယ်လေးတစ်ဦးက လေထဲမှ အနက်ရောင်ဝတ် လူငယ်လေးကို လက်ညှိုးထိုးကာ ကလေးသဘာဝ စကားလုံးများဖြင့် ဆိုသည်။
"ဖေဖေ... သူက ဘယ်သူလဲ။ ဒဏ်ရာတွေ အများကြီး ရထားပုံပဲ။ လူတွေ အများကြီးက သူ့ကို ဝိုင်းရိုက်နေကြတာ။"
ဘဝ၏ အနိမ့်ပါးဆုံး အချိန်များနှင့် အခြားသူများ၏ အထင်သေးမှုများကို ကြုံတွေ့ ရချိန်တွင်ပင် တစ်ခါမျှ စိတ်မလျှော့ခဲ့ဖူးသော သန်မာသည့် အလယ်အလတ်အရွယ် အမျိုးသားကြီးမှာ ယခုမူ မျက်ရည်များ ကျနေရှာသည်။ သို့သော် သူ၏ အသံမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ကလေး၏ ခေါင်းကို ပွတ်သပ်ကာ ရယ်လည်းရယ် ငိုလည်းငိုရင်း ဆိုလိုက်သည်။
"သားလေး။ ဒီနေ့ သားမြင်ခဲ့တာတွေ အကုန်လုံးကို မှတ်ထားပါ၊ နှလုံးသားထဲမှာ မြဲမြဲစွဲအောင် မှတ်ထား။ သူ့နာမည်က မုန့်ချင်ကျိုး၊ အချိန်-နေရာလွတ် ဓားသူတော်စင် လို့လည်း ခေါ်တယ်။ သူက မဟာကျင်းအတွက် တိုက်ပွဲဝင်နေတာ။ သူ့မှာ ရန်သူတွေ အများကြီး အများကြီး ရှိတယ်။ ရေတွက်လို့တောင် မရဘူး၊ တစ်ယောက်ချင်းစီကလည်း အရမ်း အစွမ်းထက်ကြတယ်..."
"ဒါကြောင့် သား စာကို ကြိုးစားသင်ယူရမယ်။ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို သန်မာအောင် လုပ်ရမယ်။ နောင်ကျရင် မဟာကျင်းကို ထောက်မပေးနိုင်ဖို့နဲ့ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ကြိုးကြိုးစားစား ကျင့်ကြံရမယ်။ နားလည်လား။"
ကလေးငယ်က ကြောင်တောင်တောင်လေးနှင့် မျက်တောင်ခတ်ရင်း ဆိုလိုက်သည်။ "ဟုတ်..."
သူက ခေါင်းလှည့်ကြည့်ကာ ပြုံးလိုက်ပြန်သည်။ "ဖေဖေ ကြည့်ဦး။ ဟိုအစ်ကိုကြီးက တကယ့်ကို တော်တာပဲ။"
…
...
တစ်ချိန်တည်းမှာပင်။
တောင်တန်းကြီးများအတွင်းရှိ နှစ်ပေါင်းရာချီ သက်တမ်းရှိသော အသူရာဂိုဏ်း၏ ဗဟိုရင်ပြင်တွင် ခေါင်းလောင်းသံနှင့် ဗုံသံများ ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွား၏။
မရေမတွက်နိုင်သော တောင်ထိပ်များပေါ်တွင် တပည့်များမှာ ခေါင်းလောင်းသံနှင့် ဗုံသံများကို တုံ့ပြန်သောအားဖြင့် ကြယ်ပျံများကဲ့သို့ မြေပြင်မှ ထပျံလာကြပြီး ဗဟိုရင်ပြင်သို့ အပြေးအလွှား လာကြသည်။
အသူရာဂိုဏ်းချုပ်၏ အသံမှာ ဟိန်းထွက်လာ၏။
"မင်းတို့ ကျင့်စဉ်ကျင့်နေတာပဲ ဖြစ်ဖြစ်၊ အဆင့်တက်ခါနီးတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒဏ်ရာရနေတာပဲ ဖြစ်ဖြစ် အားလုံး ဗဟိုရင်ပြင်မှာ စုဝေးကြ..."
"အခု ဒီအချိန်မှာ အချိန်-နေရာလွတ် ဓားသူတော်စင်က တစ်ဦးတည်းနဲ့ ဂိုဏ်းပေါင်း စုံမဟာမိတ် တစ်ခုလုံးကို ရင်ဆိုင်နေတယ်။ ဓားသူတော်စင်က အသက်ကို ရင်းနေရသလို၊ ဧကရီ ကိုယ်တိုင်လည်း ရှေ့တန်းက ဦးဆောင်နေတယ်။ ငါတို့ ကျင့်ကြံသူတွေက ဒီမီးတောက်ကို ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေကြမှာလား။"
"တိမ်တက်နယ်ပယ် အထက်မှာ ရှိတဲ့သူတွေ အားလုံး ငါနဲ့အတူ စစ်ချီဖို့ လိုက်ခဲ့ကြ..."
"အကြီးအကဲချုပ်။ တယ်လီပို့အခင်းအကျင်းကို ဖွင့်လိုက်။ ဝိညာဉ်ကျောက်တုံးတွေကို မနှမြောနဲ့။ မြန်မြန်လုပ်ဖို့က အဓိကပဲ..."
သူ့ကို ပြန်လည် တုံ့ပြန်လိုက်သည်မှာ ပြင်းထန်သော ဟစ်ကြွေးသံများပင်။ "ဟုတ်ကဲ့..."
…
...
မြို့တော်ပြင်ပဝယ်။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀ မြင့်သော ချင်းလျန်တောင်ထိပ်မှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ပုံရိပ်တစ်ခု လေထဲသို့ ပျံတက်လာကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား..."
"ဒီအဘိုးကြီး ချင်းဖုန်းဟော်က နောက်ဆုံးတော့ အဆင့်တက်နိုင်ခဲ့ပြီဟေ့။"
ချင်းဖုန်းဟော်၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မုတ်ဆိတ်မွှေးများက ပါးပြင်ကို ဖုံးလွှမ်းနေသော်လည်း မျက်လုံးများကတော့ ထူးထူးခြားခြား တောက်ပနေ၏။
"နေပါဦး..."
"မြို့တော်ကြီးက ဘာလို့ ဒီလောက်တောင် လူသူကင်းမဲ့နေရတာလဲ။"
ချင်းဖုန်းဟော်၏ မျက်နှာထားမှာ ရုတ်တရက် အေးခဲသွားပြီး သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ မျက်နှာပျက်သွားတော့သည်။
သူတို့ ဘယ်ရောက်ကုန်ကြတာလဲ...
ချက်ချင်းပင် တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ ချင်းဖုန်းဟော်က ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ လေဟာနယ်အတွင်း ထင်ဟပ်နေသော မြင်ကွင်းကို မြင်လိုက်ရပြီး... အနက်ရောင်ဝတ် လူငယ်လေးမှာ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀၀)ကို ရင်ဆိုင်နေကာ သေခြင်းတရား၏ အစွန်းမှ ပြန်လာသည်ကို မြင်လိုက်ရသောအခါ သူ လုံးဝ တုန်လှုပ်သွားတော့သည်။
"ဧကရာဇ်…" ချင်းဖုန်းဟော်၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
မဟာကျင်းရဲ့ အမြင့်မြတ်ဆုံးသော ဧကရာဇ်က ဂိုဏ်းပေါင်းစုံမဟာမိတ် တစ်ခုလုံးကို တိုက်ခိုက်ဖို့ ရှေ့တန်းက ဦးဆောင်နေတာလာ။...
"ဧကရာဇ်... ကျွန်တော့်ကို စောင့်ပါဦး... ကျွန်တော် ကူညီဖို့ လာနေပါပြီ။"
ကုန်ခမ်းသွားသော ဒန်တျန် အလင်းရောင်ကို ပြန်မဖြည့်နိုင်သေးဘဲ ချင်းဖုန်းဟော်က မြောက်ဘက်နယ်စပ်သို့ အပြေးအလွှား သွားရောက်ရန် သူ၏ အသက်အနှစ်သာရများကို ရမ်းသမ်း လောင်မြိုက်စေလိုက်တော့သည်။
...
အပိုင်း(၁၇၂) တရားခံက ငါကိုယ်တိုင် ဖြစ်နေတာပဲ
မြောက်ဘက် ဆီးနှင်းပြင်ပေါ်တွင် မုန့်ချင်ကျိုးသည် တစ်ကိုယ်လုံးမှ ပူပြင်းသော ရေငွေ့များ ထွက်ပေါ်နေပြီး တိုက်ပွဲပေါင်း ဒါဇင်ဝက်ခန့်ကို အေးအေးလူလူ ဖြတ်ကျော်လာခဲ့ပုံရသည်။
သို့သော်လည်း အမှန်တကယ် ကုန်ဆုံးသွားသည့် စွမ်းအင်မှာ အလွန်အမင်း များပြားလှသည်။ သူ၏ တိုက်ကွက်တိုင်းကို အားအင်အပြည့်ဖြင့် ထုတ်ဖော်နေရပြီး၊ ဂိုဏ်းပေါင်းစုံမဟာမိတ်မှ လူများ ကြောက်ရွံ့သွားစေရန်နှင့် စစ်ပွဲကို လက်လျှော့ သွားစေရန် ရည်ရွယ်ချက်ရှိရှိ ဖိအားပေးနေရခြင်းဖြစ်သည်။ မဟုတ်လျှင် တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် တိုက်ခိုက်နေရပါက ဟုန်းမုန့်ဖန်ဆင်းခြင်း သွေးမျိုးဆက် ရှိနေလျှင်ပင် တောင့်ခံရန် အလွန်ခက်ခဲပေလိမ့်မည်။
နောက်ဆုံးတွင် ဤလူများမှာ သာမန်လူများ မဟုတ်ကြ။ ဤနယ်ပယ်ထိ ရောက်အောင် ကျင့်ကြံနိုင်သူများဖြစ်ရာ တစ်ဦးချင်းစီမှာ ပါရမီရှင်များ ဖြစ်ကြသည်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လျှင် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတိုင်းမှာ ကိုယ်ပိုင်ထူးခြားသော တာအိုများကို တည်ဆောက်ထားကြသည်ကို တွေ့ရသည်။
ဟိုင်လန့်ထျန်း၏ ကျန့်မူသစ်ပင်၊ လီချီဟန်၏ သေမင်းတမျှ ဓားကွက်၊ ကုယွဲ့၏ လေငြိမ်။
[ အချိန်-နေရာလွတ် - တာအိုအစုံ အစအဆုံး ] ကို ငါ တဖြည်းဖြည်းနဲ့ မထိန်းချုပ်နိုင်တော့ဘူး။ အများဆုံး နောက်တစ်ကြိမ် ပြန်ရှင်သန်လာဖို့ပဲ တောင့်ခံ နိုင်တော့မယ်။”
မုန့်ချင်ကျိုးက အသေအချာ အာရုံစိုက်လိုက်သည်။ ဓားအသိပိုင်နက် အတွင်း၌ ပြင်းထန်ပြီး မြည်ဟည်းနေသော ခြေသံများကို ရှင်းလင်းစွာ ခံစားနေရသည်။ ခြေတစ်လှမ်းချင်းစီမှာ စည်တီးနေသည့် ဧရာမ တူကြီးတစ်လက်ကဲ့သို့ မြေပြင်ကို အနည်းငယ် တုန်ခါစေသည်။
“မင်း ငါ့ရဲ့ ဂုဏ်သတင်းကို ကြားဖူးမှာပဲ။ ငါ့ကို ဆန့်ကျင်တဲ့သူတွေက ကောင်းကောင်း အဆုံးသတ်လေ့မရှိဘူး ဆိုတာကို မင်းသိသင့်တယ်။”
“ဒါပေမဲ့...”
ကျိဝူရွှမ်က ပြုံးလိုက်သည်။ သူ၏ အကြည့်မှာ လေထဲမှ ဧကရီ၏ ရထားလုံးထံတွင် စွဲထင်နေပြီး အေးဆေးစွာ ဆိုလိုက်သည်။
“မင်းက သေဖို့ အတင်း ကြိုးစားနေမှတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။”
“မသေနိုင်၊ မပျက်စီးနိုင်တဲ့ အစွမ်းဆိုတာလား။”
“ရယ်စရာပဲ။ မင်းက အချိန်မြစ်ထဲမှာ တည်နေရာတွေကို မှတ်ထားပြီးတော့ ချိတ်ထားရုံပဲ ရှိသေးတာ။ ကောင်းကင်တာအိုရဲ့ အနှစ်သာရကို နားလည်သွားပြီဆိုတော့ မင်းက အချိန်မြစ်နဲ့ တစ်သားတည်း ဖြစ်နေတာပေါ့။ ဒါကြောင့် သေသွားတာက မင်းရဲ့ အတိတ် ဒါမှမဟုတ် အနာဂတ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်။”
“ဒါပေမဲ့ မင်းက တကယ့် ကောင်းကင်ထောက်တိုင်နယ်ပယ်မှ မဟုတ်တာ။ ငါက ခန္ဓာကိုယ်အတုနဲ့ တိုက်ခိုက်နေတာ ဆိုရင်တောင် မင်းရဲ့ မသေနိုင်တဲ့ အစွမ်းကို ငါ ချိုးဖျက်နိုင်တယ်။”
ကျိဝူရွှမ် ထိုစကားကို ပြောလိုက်ချိန်တွင် သူ၏ အကြည့်မှာ အလွန် ရိုင်းစိုင်းလှသည်။ ဧကရီ၏ ရထားလုံးကို ဖောက်ထွက်ကြည့်ပြီး မဟာကျင်း ဧကရီ၏ ဝတ်ပြုကိုးကွယ်သည့် ပုံစံကို မြင်တွေ့လိုနေပုံရသည်။
ထိုမိန်းမက တကယ့်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှသည်...
ကျယ်ပြန့်သော တိုငးပြည်ကြီးကို ပိုင်ဆိုင်ထားပြီး လှပသော အမျိုးသမီး တစ်ယောက် မရှိခြင်းက ဝမ်းနည်းစရာ အခြေအနေ မဟုတ်ပါလား။
တုန်းဖန်လျူလီကဲ့သို့ ရှားပါးလှသော အမျိုးသမီးမျိုးမှသာ နောင်တွင် ဖြစ်လာမည့် ဧကရာဇ်နှင့် ထိုက်တန်သည်...
ကံမကောင်းစွာဖြင့် တုန်းဖန်လျူလီက ဘာမှ ပြန်မတုံ့ပြန်သဖြင့် ကျိဝူရွှမ်မှာ အနည်းငယ် စိတ်ပျက်သွားသည်။
“မိန်းမတွေက ခွန်အားကို အားကျတတ်ကြတာပဲ။ ငါသာ မဟာကျင်းရဲ့ စစ်နတ်ဘုရား ဖြစ်ခါနီး ဖြစ်နေတဲ့ အချိန်-နေရာလွတ် ဓားသူတော်စင်ကို ချေမှုန်းပြနိုင်ရင် တုန်းဖန်လျူလီတောင် ငါ့ကို အထင်ကြီးသွားမှာပါ။”
ထိုသို့ တွေးရင်း ကျိဝူရွှမ်သည် သူ၏ တာအိုကို မဖုံးကွယ်တော့ပေ။
[ ကမ္ဘာအလုံးစုံ တာအို ]
သမိုင်းတစ်လျှောက် အင်အားအကောင်းဆုံး တာအိုကို ဖန်တီးရန် လောကရှိ နိယာမနဲ့ လမ်းစဉ်အားလုံးကို လုယူတာ…
ဒါက လူသားဧကရာဇ် လမ်းစဉ်။ အနှိုင်းမဲ့တဲ့ လမ်းစဉ်ပဲ...
“မုန့်ချင်ကျိုး။ မင်းရဲ့ လမ်းကတော့ အဆုံးသတ်သွားပြီ။”
ကျိဝူရွှမ်၏ မျက်ဆန်းများမှာ ထူးဆန်းသော ရွှေရောင်အလင်းများ တောက်ပလာပြီး လေထဲသို့ လက်ညှိုးတစ်ချောင်း ထိုးလိုက်သည်။
“မျက်ဝန်းတစ်စုံ ပညာရပ် - လှည့်စားမှုများကို ဖောက်ထွက်ခြင်း”
ဖြိုခွဲလိုက်စမ်း...
ကောင်းကင်ယံတွင် အက်ကြောင်းတစ်ခု ပွင့်လာပြီး နေနှင့် လနှင့် နှိုင်းယှဉ်နိုင်သော မျက်လုံးကြီးတစ်လုံးက ကမ္ဘာမြေကို ငုံ့ကြည့်လာသည်။ ကောင်းကင်ကြီး၏ မျက်လုံး ကဲ့သို့ပင် မုန့်ချင်ကျိုးကို စိုက်ကြည့်လိုက်ရာ နက်ရှိုင်းသော စွမ်းအင်လှိုင်းများမှာ တဖြည်းဖြည်း ရှင်းလင်းလာတော့သည်။
မုန့်ချင်ကျိုးက မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ဓားကိုဆွဲကာ ကောင်းကင်မျက်လုံးကို ဖျက်ဆီးပြီး မျက်ဝန်းတစ်စုံ ပညာရပ်ကို ချိုးဖျက်ရန် ပြင်လိုက်သည်။
“လိမ္မာလိမ္မာနဲ့ ငြိမ်ငြိမ်လေး နေစမ်းပါ။” ကျိဝူရွှမ်က လက်နှစ်ဖက်ကို အနောက်ပစ်ကာ လက်ချောင်းများဖြင့် ကျော့ကွင်းတစ်ခု ပြုလုပ်လိုက်သည်။ ထို့နောက် အဝေးမှနေ၍ ထိုစက်ဝိုင်းဖြင့် မုန့်ချင်ကျိုးကို ချိန်ရွယ်ကာ ဆိုသည်။ “နတ်ဘုရား တားမြစ်ချက် - မြေပြင်ပေါ်တွင် စက်ဝိုင်းဆွဲခြင်း”
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွား၏။ သူ၏ တံတောင်ဆစ်မှာ တောင့်တင်းပြီး လေးလံနေကာ သံချေးတက်နေသော စပရိန် တစ်ခုနှင့် ပတ်ထားသကဲ့သို့ ခံစားလိုက်ရသည်။
ခန္ဓာကိုယ်အတွင်းသို့ ပြန်ကြည့်လိုက်သောအခါ လူသားခန္ဓာကိုယ်၏ အရေးကြီးသော အမှတ် ၃၀၀၀ စလုံးမှာ မှေးမှိန်ပြီး အသက်မဲ့နေပုံရသည်။ အချိန်-နေရာလွတ်တာအိုနှင့် နှင့် ဆက်သွယ်မှုမှာပင် ဝေးကွာသွားသကဲ့သို့ ခံစားရသည်။
"ဒါက..."
မျက်ဝန်းတစ်စုံ ပညာရပ်က သူ၏ အချိန်-နေရာလွတ်တာအိုကို အတင်းအကြပ် ပေါ်ထွက်လာအောင် ဖိအားပေးနေကြောင်းကို သူ သိလိုက်သည်။
ကျိဝူရွှမ်က အစီအစဉ်ကို မြင်သွားပြီး အချိန်မြစ်ပေါ်ရှိ တည်နေရာ အမှတ်အသားများကို ဖျက်ဆီးကာ [ အချိန်-နေရာလွတ် - တာအိုအစုံ အစအဆုံး ] ကို အခြေခံကျကျ ဖြိုခွဲလိုနေခြင်းပင်။
“အထင်ကြီးစရာပဲ။ ဟိုလူမိုက် ကျောက်ကော်က မင်းကို သတ်နိုင်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပဲ။” မုန့်ချင်ကျိုးက ချုပ်နှောင်မှုမှ ရုန်းထွက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ခုနကက စွမ်းအင် အလွန်အမင်း သုံးထားရသဖြင့် ခဏချင်းအတွင်း မလုပ်နိုင်သေးပေ။
ထိုစကားကို ကြားသောအခါ ကျိဝူရွှမ်က နားမလည်စွာ မေးလိုက်သည်။ “ကျောက်ကော် ဟုတ်လား။ အဲဒါ ဘယ်သူလဲ။”
“အနာဂတ်မှာ ကျောက်ကော်ဆိုတဲ့ကောင်က ငါ့ကို သတ်လိမ့်မယ်လို့ မင်း ကြိုမြင်နေတာလား...”
မုန့်ချင်ကျိုးက ခေါင်းခါယမ်းကာ အေးဆေးစွာ ပြုံးလိုက်သည်။
“အဲဒီလိုပါပဲ။ ဒါပေမဲ့ အဲဒီလူကတော့ သေသွားပါပြီ။ သူ့ရဲ့ ကိုယ်ပိုင် မိုက်မဲမှုကြောင့်ပဲ သေသွားတာ...”
နေပါဦး...
ဤနေရာတွင် မုန့်ချင်ကျိုး၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သလို ဖြစ်သွားကာ အခြေအနေအားလုံးကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
အရင်က ဖြစ်ခဲ့တာအားလုံးကို ပြန်စဉ်းစားကြည့်ရင် ကျောက်ကော် မြို့တော်ထဲ ရောက်တာနဲ့ အကြောင်းပြချက်မရှိ အဖမ်းခံရတာ၊ ရှုနယ်မြေက ပုန်ကန်မယ့် အစီအစဉ်တစ်ခုလုံး ပေါက်ကြားသွားတာ၊ ကျောက်ယွီဟွမ်က ဧကရာဇ်ကို ပြစ်တင်တာ၊ ဧကရာဇ်က ဒေါသတကြီး မေးခွန်းထုတ်တာနဲ့ သူ့ကို သတ်ဖို့ ဆုံးဖြတ်ချက်ချတာတွေ...
ဒါဆို ဒီပြဿနာအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ငါကိုယ်တိုင် ဖြစ်နေတာပေါ့။
မုန့်ချင်ကျိုး၏ မျက်ခုံးများ တွန့်သွား၏။ အရင်တုန်းက ပြဿနာရှာသူများကို သူ ဆဲဆိုခဲ့မိသည်ကို ပြန်သတိရသွား၍ ဖြစ်သည်။
“ညီအစ်ကို ကျောက်ကော်... မင်းကတော့ တကယ် ထိုက်ထိုက်တန်တန် သေသွားတာပဲ။”
ကျိဝူရွှမ်က မုန့်ချင်ကျိုး၏ မျက်နှာအမူအရာ ခဏချင်း ပြောင်းလဲသွားသည်ကို ကြည့်ပြီး တဟားဟား ရယ်လိုက်သည်။
“မင်း ဘာတွေ ရောင်ရမ်းပြောနေတာလဲ။ သေခါနီး လူမမည် တစ်ယောက်က ငါ့ကို သတ်ရဲမယ် ဟုတ်လား...”
မုန့်ချင်ကျိုးက ထိုကိစ္စကို ထပ်မစဉ်းစားတော့ဘဲ တာအိုချုပ်နှောင်ခြင်း ဥပဒေသနှင့် မျက်ဝန်းတစ်စုံ ပညာရပ်ကို စတင်လေ့လာရင်း မေးလိုက်သည်။
"ဒါတွေကိုလည်း တခြားသူတွေဆီကနေ မင်း ခိုးယူထားတာလား။"
အန္တရာယ်ကြီးသော အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း မုန့်ချင်ကျိုးမှာ ဝါရင့်မုဆိုး တစ်ဦးကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သည်။
ကျိဝူရွှမ်က ရှင်းပြသည်။
“မှန်တယ်။”
“မျက်ဝန်းတစ်စုံ ပညာရပ်ကို ကောင်းကင်ထောက်တိုင်နယ်ပယ် ရောက်ခါနီး မျက်ဝန်း ပိုင်ရှင် တစ်ယောက်ဆီကနေ ယူခဲ့တာ။ ပြောရရင် အဲဒီလူက မင်းတို့ တောရိုင်းမြေက ကျင့်ကြံသူပဲ။ ကံဆိုးတာက သူက အဲဒီတုန်းက ငယ်ရွယ်ပြီး မောက်မာနေခဲ့တာ။ ငါက သူ့ရဲ့ တာအိုကို လုယူပြီး သူ့မျက်လုံးနှစ်လုံးကို လွှင့်ပစ်လိုက်တာ။ အခုထိ ဘယ်ရောက်သွားလဲ မသိဘူး။”
“ဒီ [ နတ်ဘုရား တားမြစ်နယ်မြေ ] ကျတော့ ကျိမျိုးနွယ်စုက မွေးထားတဲ့ လူသားပုံစံ ပိုးကောင်တွေဆီက ရတာ။ သူတို့ကို တာအိုကို နားလည်အောင် လုပ်ခိုင်းတယ်။ အချင်းချင်း တိုက်ခိုက်စားသုံးခိုင်းပြီး နောက်ဆုံးမှာတော့ အောင်နိုင်သူက ငါ့အတွက် အားဖြည့်စရာ ဖြစ်လာတာပေါ့။”
မုန့်ချင်ကျိုးက သက်ပြင်းသာသာ ချလိုက်သည်။ “ရက်စက်လိုက်တာ... ကျိမျိုးနွယ်စုက တကယ်ကို ပျက်စီးသင့်တာပဲ။”
ကျိဝူရွှမ်က အေးဆေးစွာ ဆိုသည်။ “ဧကရာဇ် ဖြစ်ဖို့ဆိုတာ အလောင်းတွေပေါ်မှာ နန်းတက်ဖို့ ကံပါလာပြီးသားပဲ။ မင်းက ခွန်အားမရှိတဲ့ လူရမ်းကား တစ်ယောက်မို့လို့ ဒါတွေကို နားမလည်တာ သဘာဝပါပဲ။” ၏
သူတို့နှစ်ဦးသည် အပြန်အလှန် စကားပြောနေကြသည်မှာ အလွန်ပင် ပြေပြစ်လှသဖြင့် ကြည့်ရှုနေသူများမှာပင် ဆွံ့အကုန်ကြသည်။
မဟာကျင်း ဘက်တွင်မူ ဝန်ကြီးများမှာ တိတ်ဆိတ်နေကြပြီး သူတို့၏ မျက်နှာထားများမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်။ မျက်စိရှိသူ မည်သူမဆို ဓားသူတော်စင်မှာ အခြေအနေမဟန်တော့သည်ကို မြင်နိုင်သည်။
မုန့်ချင်ကျိုးမှာ တိုက်ခိုက်မှု၏ အစွမ်းအောက်တွင် နစ်မြုပ်နေရပြီး၊ ကျိဝူရွှမ်၏ [ ကမ္ဘာအလုံးစုံ တာအို ] က အလွန်အမင်း စွမ်းအားကြီးလှသည်။ ထို့ပြင် မုန့်ချင်ကျိုး၏ အားနည်းချက်များကိုလည်း ရှာတွေ့သွားပြီ ဖြစ်ရာ ဤအချက်များအားလုံးက မုန့်ချင်ကျိုးကို သတ်ဖြတ်ခံရတော့မည့် သိုးသူငယ်လေး တစ်ကောင်ကဲ့သို့ ခံစားရစေသည်။
မဟာကျင်း နယ်မြေတစ်ခုလုံးတွင် မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ကြည့်ရင်း တိတ်တဆိတ် ဆုတောင်းပေးနေကြသည်။
“အချိန်-နေရာလွတ် ဓားသူတော်စင်။ မင်း အနိုင်ရရမယ်နော်...”
“တကယ်လို့ မနိုင်ဘူးဆိုရင်လည်း ထွက်သွားလိုက်တော့။ အနောက်ကို လှည့်မကြည့်နဲ့။ မင်း မဟာကျင်းအတွက် လုပ်ပေးခဲ့တာတွေ လုံလောက်နေပါပြီ။ ဘယ်လိုမျိုး ရလဒ်ပဲ ထွက်လာပါစေ ငါတို့ လက်ခံနိုင်ပါတယ်။”
“မင်း အသက်ရှင်နေရမယ်... မဟာကျင်း ပျက်စီးသွားရင်တောင်မှ မင်း အသက်ရှင်နေ သရွေ့တော့ မီးတောက်က ဆက်ရှိနေဦးမှာပဲ...”
…
...
မရေမတွက်နိုင်သော လူများ၏ ဆုတောင်းသံများမှာ အမွှေးတိုင် မီးခိုးငွေ့များအဖြစ် စုစည်းလာကာ အဆုံးမဲ့သော နယ်မြေများကို ဖြတ်ကျော်၍ မုန့်ချင်ကျိုး၏ ပတ်ပတ်လည်တွင် ဝဲပျံနေသကဲ့သို့ပင်။
မှန်ပေသည်။ ဤပူဇော်မှု စွမ်းအားများမှာ အလွန်ပင် အားနည်းနေသေးသဖြင့် မုန့်ချင်ကျိုး ကိုယ်တိုင်မှလွဲ၍ အခြားမည်သူမှ သတိမထားမိကြပေ။
“အမွှေးတိုင်မီးခိုးနဲ့ ရွှေရောင်ကိုယ်ထည်။ ဒါ... ဒါက လူသားဧကရာဇ်ရဲ့တာအို မဟုတ်လား။” မုန့်ချင်ကျိုးက သူ၏ ဝိညာဉ်အသိပင်လယ် အတွင်းသို့ ပြန်ကြည့်လိုက်ရာ၊ နတ်ဘုရားအသိကိုယ်ထည်ပေါ်တွင် ရွှေဝါရောင် အလင်းတန်းလေးများ ထင်ဟပ် နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။
...
အပိုင်း(၁၇၃) ငါက အစွမ်းပြန်ပြည့်ဖို့ စောင့်နေတာ၊ မင်းက ဘာကို စောင့်နေတာလဲ
"ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ အချိန်မရွေး စစ်ဆင်ရေးအတွက် ပြင်ဆင်ထားကြ။ စစ်သည်အားလုံး လေ့ကျင့်ထားတဲ့အတိုင်း အစီအစဉ်အတိုင်း ဆက်သွားမယ်။"
"တကယ်လို့ အချိန်-နေရာလွတ် ဓားသူတော်စင်သာ ဒဏ်ရာရခဲ့ရင် လရောင်ထွန်းလင်းနယ်ပယ် အထက်မှာရှိတဲ့ ကျင့်ကြံသူအားလုံး ဘယ်လိုပဲ ပေးဆပ်ရပါစေ သူ့ကို သွားကူညီရမယ်..."
"မင်းတို့က ဓားသူတော်စင်ရဲ့ ဘေးကင်းရေးကိုပဲ ကာကွယ်ပေးဖို့ လိုတယ်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်နဲ့ ကျိမျိုးနွယ်စုရဲ့ နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတွေကိုတော့ ငါကိုယ်တိုင် အစွမ်းကုန် တောင့်ခံထားပြီး မင်းတို့ ဆုတ်ခွာနိုင်အောင် အကာအကွယ် ပေးမယ်။"
…
...
တုန်းဖန်လျူလီ၏ အသံမှာ စုဝေးနေသော အရာရှိများ၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ၏ အေးစက်သော သတ်ဖြတ်လိုစိတ်မှာ အထင်အရှား ပေါ်လွင်နေ၏။
ဝန်ကြီးများအားလုံး၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေကြပြီး လက်သီးများကို တင်းတင်းဆုပ်ထားကြသည်။
တောရိုင်းမြေ၏ နောက်ဆုံးတိုက်ပွဲမှာ ဤအခြေအနေအထိ ရောက်လာခဲ့ရလေပြီ။ မဟာကျင်း ဧကရီကိုယ်တိုင် အနောက်မှ အကာအကွယ်ပေးရပြီး ဓားသူတော်စင်က ရှေ့တန်းမှ ဦးဆောင်တိုက်ပွဲဝင်ရသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
"ကျွန်တော်မျိုးတို့ အစွမ်းကုန် ကြိုးစားပါ့မယ်..." ဝန်ကြီးများက တိတ်ဆိတ်စွာ ပြန်လည် ဖြေကြားလိုက်ကြသည်။
စိတ်ထဲတွင် အလွန်တရာ မလိုလားသော်လည်း လက်ရှိအခြေအနေအရ ဤသည်မှာ တစ်ခုတည်းသော ထွက်ပေါက်ပင်။
"ဓားသူတော်စင်သာ အနှိုင်းမဲ့အစွမ်းနဲ့ ကျိဝူရွှမ်ကို အပြတ်အသတ် အနိုင်ယူနိုင်မယ် ဆိုရင်တော့ ဂိုဏ်းပေါင်းစုံမဟာမိတ်ရဲ့ ဝိုင်းရံပိတ်ဆို့မှုက အလိုလို ပြိုကွဲသွားမှာပဲ။"
"ဓားသူတော်စင် (ဧကရာဇ်)... ခင်ဗျားရဲ့ သေခြင်း ရှင်ခြင်းက ခင်ဗျားရဲ့လက်ထဲမှာပဲ ရှိပါတယ်..."
ဝန်ကြီးများက စိတ်ထဲမှ တိတ်တဆိတ် တွေးတောရင်း ရှေ့တန်းမှ တိုက်ပွဲအခြေအနေကို စိုက်ကြည့်နေကြသည်။
…
...
"မင်း တော်တော်လေး ဖုံးကွယ်ထားတာပဲ။ အခု ထွက်လာခဲ့စမ်း..."
ကျိဝူရွှမ်က အသံခပ်တိုးတိုးဖြင့် ဟိန်းဟောက်လိုက်ကာ မျက်ဝန်းတစ်စုံ ပညာရပ်ကို အစွမ်းကုန် မြှင့်တင်လိုက်သည်။ သူ၏ မျက်တွင်းမှ သွေးမျက်ရည်တစ်စက် စီးကျလာပြီး ကောင်းကင်ယံ အက်ကြောင်းထဲရှိ မျက်လုံးကြီးမှ သွေးများ ယိုစီးကျလာတော့သည်။
ကောင်းကင်ယံမှ သွေးမျက်ရည်များ ကျလာလေပြီ...
ဘုန်း…
သည်းထန်စွာ သွေးမိုးများ ရွာချလာသည်နှင့်အမျှ ကြည်လင်နေသော ကောင်းကင်ယံတွင် မိုးကြိုးသံများ ပဲ့တင်ထပ်သွားပြီး၊ လျှပ်စီးအလင်းများက ကမ္ဘာကြီးကို တစ်ချက်တစ်ချက် မှောင်လိုက်လင်းလိုက် ဖြစ်သွားစေသည်။ လျှပ်စီးများ ပျောက်ကွယ်သွားသောအခါ လူတိုင်းက ထိုမြင်ကွင်းကို အသေအချာ စိုက်ကြည့် လိုက်ကြသည်။
မုန့်ချင်ကျိုး၏ ဦးခေါင်းအထက်မှနေ၍ ကျယ်ပြန့်ပြီး ကွေ့ကောက်နေသော မြစ်ကြီး တစ်စင်း ဆန့်ထွက်နေသည်။ ထိုအရာမှာ အချိန်-နေရာလွတ်တာအို၏ အနှစ်သာရပင်။
၎င်းကို မြင်လိုက်ရသောအခါ ကျိဝူရွှမ်က ဖြီးပြုံးလိုက်သည်။
"တွေ့ပြီ..."
"ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ။ မင်းက တကယ့်ကို နံနက်ခင်းအလင်းနယ်ပယ်ပဲ။" သူက ကျင့်ကြံခြင်း၏ နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ခန္ဓာကိုယ်မှာ တာအိုကို လွှမ်းခြုံထားပြီး စကြဝဠာကို ပိုင်ဆိုင်ထားသည့် တာအိုကျင့်ကြံသူ ဖြစ်ရန် လမ်းကြောင်း အပေါ်သို့ စတင်တက်လှမ်းနေပြီဖြစ်သည်။
မုန့်ချင်ကျိုးက တိတ်ဆိတ်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားခြင်းကို ဘာမှ မတုံ့ပြန်ဘဲ ကျိဝူရွှမ်၏ လုပ်ရပ်များကိုလည်း လျစ်လျူရှုထား၏။ ကံကြမ္မာကို လက်လျှော့ လိုက်သကဲ့သို့ သူ၏ လက်နှစ်ဖက်မှာ ဘေးတွင် အားပျော့စွာ တွဲလောင်းကျနေသည်။
မဟာကျင်းမှ ဝန်ကြီးများမှာ သိသိသာသာ ထိတ်လန့်သွားကြသော်လည်း၊ ဂိုဏ်းပေါင်း စုံမဟာမိတ်မှ အကြီးအကဲများမှာမူ မျက်နှာများ ဝင်းပလာပြီး သက်ပြင်းအရှည်ကြီး ချလိုက်ကြသည်။
"သူက ဘာကောင်မို့လို့ အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုတဲ့ ဘွဲ့ကို ယူထားတာလဲ။ သခင်လေးကျိရဲ့ ရှေ့မှာ သူက ရွှံ့နဲ့လုပ်ထားတဲ့ ကြက်တစ်ကောင် ခွေးတစ်ကောင်လိုပဲ အားနည်းနေတယ်။"
"မုန့်ချင်ကျိုးက သူကိုယ်သူ ကောင်းကင်အောက်မှာ အနှိုင်းမဲ့လို့ တကယ် ထင်နေတာလား။ အဲဒါ အပြောသက်သက်ပါ။ လေတိုက်ရင် သွားကျိုးမှာတောင် သူ မကြောက်ဘူး ထင်တယ်နော်။"
"ဒီလို ဖြစ်မယ်မှန်း သိရင် သခင်လေးကျိ အစောကြီးကတည်းက တိုက်ခိုက်ခဲ့သင့်တာ။ ဒါဆို လူတွေ အများကြီး အလကား သေမှာ မဟုတ်ဘူး။"
ဂိုဏ်းပေါင်းစုံမဟာမိတ် အကြီးအကဲများက အပြန်အလှန် စကားပြောကာ ရယ်မော နေကြသည်။ အသံများကို ဖုံးကွယ်ထားခြင်း မရှိဘဲ အခြားတစ်ဖက်မှ မဟာကျင်း တပ်စခန်းမှ ရှင်းရှင်းလင်းလင်း ကြားရစေရန် တမင်တကာ အော်ပြောနေကြခြင်းပင်။
မဟာကျင်း ဝန်ကြီးများမှာ အံကြိတ်နေကြပြီး အချို့မှာ ဧကရီ၏ အမိန့်ရသည်နှင့် သတ်ဖြတ်မှုများ စတင်ရန် သူတို့၏ ဓားများကိုပင် သွေးနေကြလေပြီ။
ထိုစဉ်မှာပင်။
ကျိဝူရွှမ်က စတင်လှုပ်ရှားလိုက်သည်။ သူ၏ လက်ချောင်းများကို တောက်လိုက်ရာ အနက်ရောင် မြူခိုးများမှာ စပါးကြိတ်ဆုံ အရွယ်အစားရှိသော မာကျောသည့် ပိုးကောင်ကြီးအဖြစ် စုစည်းသွားသည်။ ၎င်း၏ ပုံပန်းသဏ္ဍာန်မှာ အရမ်းရုပ်ဆိုးလှပြီး ပဲနောက်စိ အရွယ်အစားရှိသော နီရဲသည့် မျက်လုံးများ ရှိနေ၏။
"ကူပိုးကောင်တာအို - ကပ်ပါးတွယ်ကပ်ခြင်း"
ထို ကူပိုးကောင်သည် အတောင်ပံများကို ခတ်ကာ ပျံတက်သွားပြီး မုန့်ချင်ကျိုး၏ ဦးခေါင်းအထက်တွင် ဝဲပျံနေသည်။ ထို့နောက် ၎င်း၏ အစွယ်များကို ဖွင့်လိုက်ကာ ခြေချောင်းရှစ်ချောင်းဖြင့် အချိန်-နေရာလွတ်တာအို မြစ်ကြီးကို ကုပ်တွယ်လိုက်ပြီး ၎င်း၏ နှုတ်သီးဖြင့် လမ်းစဉ်အတွင်းသို့ ထိုးဖောက်လိုက်တော့သည်။
အချိန်-နေရာလွတ်မြစ်မှာ တုန်ခါသွားပြီး ဘာမှမရှိသည့် ဟင်းလင်းပြင်ထဲ ပျောက်ကွယ် သွားတော့မည့်အလား တဖြည်းဖြည်း အားနည်းလာသည်။
"ကူပိုးကောင်တာအိုရဲ့ နောက်ဆုံး အမွေအနှစ်ဖြစ်သလို အောင်မြင်မှု အဆင့်ကို ရရှိထားသူ တစ်ဦးက တခြားသူတွေရဲ့ တာအိုတွေကို ဝါးမျိုပြီး သူ့ရဲ့ ကူပိုးကောင် ပုံစံကို သန်မာအောင် လုပ်နိုင်တဲ့ အနှိုင်းမဲ့ စွမ်းရည်တွေ ရှိတယ်။"
"မုန့်ချင်ကျိုး။ မင်း ဘာလို့ မရုန်းကန်တာလဲ။"
"ငါက သားကောင်တွေ သေခါနီး ရုန်းကန်တာကို သဘောကျတယ်။ သူတို့ မသေခင် မျက်လုံးထဲက နာကျည်းတဲ့ အကြည့်တွေက မုဆိုးတစ်ယောက်ရဲ့ အကြီးမားဆုံး ဝါသနာပဲ။"
"ငါ့ဘဝမှာ ပါရမီရှင်တွေနဲ့ အစွမ်းထက် ကျွမ်းကျင်သူ ထောင်သောင်းချီကို ငါ အမဲလိုက်ခဲ့ဖူးတယ်။ သူတို့ တစ်ယောက်ချင်းစီက မျိုးဆက်တစ်ခုရဲ့ ထိပ်တန်း ပါရမီရှင်တွေပဲ။ သူတို့သာ ရှင်သန်မယ်ဆိုရင် နယ်ပယ်တစ်ခုရဲ့ ထိပ်သီးတွေ ဖြစ်လာကြမှာ။ ဒါပေမဲ့ သူတို့အားလုံး ငါ့အတွက် အားဖြည့်စာတွေ ဖြစ်သွားကြတာပဲ။ သူတို့ မသေခင် အကြည့်တွေကို ငါ အရမ်း ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။"
“မုန့်ချင်ကျိုး။ မင်းကရော ဘယ်လိုလုပ်ပြီး ချွင်းချက် ဖြစ်နိုင်မှာလဲ။” ကျိဝူရွှမ်က ရယ်မောလိုက်သည်။
သို့သော်လည်း မုန့်ချင်ကျိုး၏ အချိန်-နေရာလွတ်တာအိုမှာ မည်သည်မှ မတုံ့ပြန်ဘဲ တရားမှတ်နေသကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်။
၎င်းကို မြင်သောအခါ ကျိဝူရွှမ်က နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်သွား၏။
"ဒါက ကံကြမ္မာကို လက်လျှော့လိုက်တာလား။"
ထိုသို့ တွေးမိသောအခါ ကျိဝူရွှမ် ရုတ်တရက် စိတ်မပါတော့သလို ခံစားလိုက်ရသည်။
"ဒါဆိုရင်တော့... မင်းရဲ့ နောက်ဆုံးခရီးကို ငါပဲ ပို့ပေးလိုက်ပါ့မယ်။"
[ နတ်ဆရာသခင် တာအို - နတ်ဘုရားများ၏ ျစီရင်ချက်ချခြင်း... ]
မျက်စိတစ်မှိတ်အတွင်းမှာပင် မြောက်ဘက်ရှိ အလယ်အလတ်နှင့် အသေးစား တိုင်းပြည် အချို့မှ လူများထံမှ လုယူထားသော ခရမ်းရောင် ယုံကြည်မှု စွမ်းအားများမှာ တာအိုတစ်ခု အဖြစ်သို့ ပေါ်ထွက်လာသည်။
တဖြည်းဖြည်းနှင့် ထိုယုံကြည်မှု စွမ်းအားများက သာမန်မျက်စိဖြင့် မြင်နိုင်သော ကျယ်ပြန့်သည့် သမုဒ္ဒရာကြီးအဖြစ် စုစည်းလာကာ မြောက်ဘက် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ခန့်ညားထည်ဝါပြီး ကြောက်ရွံ့အားကျဖွယ် ပုံစံအဖြစ် ပေါ်ထွက်လာသည်။
"နတ်ဆရာသခင်တာအို။ ဒါကလည်း ဒီကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ မျိုးဆက်ပဲ။ ဒီတာအိုကို ဆက်ခံခဲ့တဲ့ နတ်ဆရာသခင်က သူ မသေခင်မှာ ဒီတာအိုကို ဆက်လက် လက်ဆင့်ကမ်းပေးဖို့ ငါ့ကို တောင်းပန်ခဲ့တယ်..."
"နှမြောဖို့ ကောင်းတာကတော့ ဒီအမွေအနှစ်က ပျက်သုဉ်းသွားတော့မှာပဲ..."
"ဟားဟားဟား..."
ကျိဝူရွှမ်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ လက်ချောင်းငါးချောင်းကို ဖြည်းဖြည်းချင်း ဆုပ်လိုက်ရာ ခရမ်းရောင် ယုံကြည်မှု စွမ်းအားများမှာ အောက်သို့ စီးကျလာပြီး သူ၏ လက်ဖဝါးထဲတွင် စုစည်းသွား၏။
၎င်းမှာ တဖြည်းဖြည်းနှင့် ခရမ်းရောင် ကျောက်သလင်းရောင်ရှိသော ဓားရှည်ကြီး တစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
နတ်ဆရာသခင်တာအိုသည် ဖြောင့်မတ်သော တာအိုကို မြှင့်တင်ပေးပြီး၊ ပြည်သူများ အားလုံးအတွက် ရှေ့ဆောင်ပေးကာ သက်ရှိအားလုံးအတွက် လမ်းကြောင်းသစ်တစ်ခု ဖွင့်ပေးခြင်း ဖြစ်သည်။
နတ်ဘုရာခေတ်တုန်းက လူသားမျိုးနွယ်မှာ အားနည်းလှပြီး နတ်ဘုရားများ၏ ထင်းစာအဖြစ် အသုံးချခံခဲ့ရသည်။ နတ်ဆရာသခင် အဘိုးအိုတစ်ဦးက ဤတာအိုကို တည်ထောင်ခဲ့ပြီး သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားကို နတ်ဘုရားများကို သတ်ဖြတ်ရန် သားသတ်ဓား အဖြစ် အသုံးချခဲ့ခြင်းပင်။
ဤဓားသည် ရုပ်ခန္ဓာကို ဒဏ်ရာမပေးသလို ဝိညာဉ်ကိုလည်း မဖြတ်တောက်ဘဲ ကျင့်ကြံခြင်းကိုလည်း ဖျက်ဆီးခြင်း မရှိပေ။
သို့သော်လည်း တစ်ချက်ထိလိုက်သည်နှင့်... အတိတ်နှင့် အနာဂတ်ရှိ ကံတရား အားလုံး၊ သတ်မှတ်ပြီးသားနှင့် မရှာဖွေရသေးသော အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်။ ထိုသူက မသေမရှင် ထူးဆန်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။
"သွားကြတာပေါ့။ မင်းက ငါ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းဖို့အတွက် နောက်ဆုံး သားကောင်ပဲ။ မင်းဆီကရတဲ့ စွမ်းအားတွေက ငါ့ကို ကောင်းကင်နယ်ပယ် အထိ တွန်းပို့ပေးလိမ့်မယ်။ ငါ ကျိမျိုးနွယ်စုရဲ့ အကြီးအကဲ ရာထူးကို ဆက်ခံရမယ်..."
ကျိဝူရွှမ်က ဟိန်းဟောက်လိုက်ပြီး စီရင်ချက်ဓားမှ ခရမ်းရောင် အလင်းတန်းများမှာ ကောင်းကင်ယံမှ ပြုတ်ကျလာသော ကြယ်စင်စု တစ်ခုကဲ့သို့ မုန့်ချင်ကျိုးထံသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ထိုစဉ်မှာပင်။
လေထဲတွင် ဝဲပျံနေသော ဧကရီ၏ ရထားလုံးအတွင်းမှ သွယ်လျသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လရောင်အောက်တွင် အလွန်ပင် မြင့်မြတ်သန့်စင်သော ပုံစံဖြင့် ပေါ်ထွက်လာသည်။
"ငါ့ရဲ့ အမိန့်အတိုင်း... စစ်ဆင်ရေးကို စတင်လိုက်ကြ။"
မဟာကျင်း ဝန်ကြီးများ ချက်ချင်းပင် ပေါက်ကွဲထွက်လာကြပြီး မြေပြင်မှ ထပျံကာ ကျိဝူရွှမ်ထံသို့ အပြေးအလွှား တိုက်ခိုက်ကြတော့သည်။
"သတ်…"
စစ်သည်တော် သိန်းပေါင်းများစွာက စနစ်တကျ တန်းစီလိုက်ကြပြီး ဧကရာဇ်အဆင့် အခင်းအကျင်းကို အသက်သွင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်လာတော့သည်။
တုန်းဖန်လျူလီက အခြားတစ်ဖက်ရှိ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ၇၀… ၈၀ခန့်ကို အဝေးမှ လှမ်းကြည့်လိုက်သည်။ သူ၏ အေးစက်သော မျက်ဝန်းများတွင် ဘာလှိုင်းကြက်ခွပ်မျှ မရှိပေ။ သူက ဆိုလိုက်သည်။
"လှုပ်ရဲတဲ့သူ မှန်သမျှ သေရမယ်။"
ထိုစကားကို ပြောပြီးနောက် တုန်းဖန်လျူလီက အမှန်တရားကို မဖုံးကွယ်တော့ဘဲ သူ၏ နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်း ကျင့်ကြံခြင်း စွမ်းအားများကို ဖြန့်ကျက်လိုက်ရာ လွင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ၏ သတ်ဖြတ်လိုစိတ်မှာ တစ်ဖက်ကမ်းရှိ လူတိုင်းကို ပစ်မှတ်ထားလိုက်တော့သည်။
မုန့်ချင်ကျိုး၏ ထူးခြားသော ကုသခြင်း အကျိုးသက်ရောက်မှုများကို သိရှိပြီးကတည်းက တုန်းဖန်လျူလီသည် ကုသမှုများကို အကြိမ်ကြိမ် ခံယူခဲ့သည်။ ဤသည်မှာ သူ၏ နီးကပ်နေသော သေခြင်းတရားကို နှောင့်နှေးစေရုံသာမက သူ၏ ခန္ဓာကိုယ်ကိုလည်း လုံးဝ သန့်စင်ပေးလိုက်ကာ အသွင်ပြောင်းလဲစေခဲ့သည်။ သူ၏ အကြောများထဲတွင်ပင် ဟုန်းမုန့် ခရမ်းရောင် စွမ်းအင်များ စီးဆင်းနေသည်။ သူက တစ်မနက်တွင် နိုးလာသောအခါ အလိုလိုနေရင်း အဆင့်တက်သွားခဲ့ခြင်းပင်။
"မောက်မာလှချေလား။ မဟာကျင်းက သဘောတူညီချက်ကို ဖောက်ဖျက်နေတာပဲ၊ ဧကရီ... မင်း သေချင်နေတာလား..." ဂိုဏ်းပေါင်းစုံမဟာမိတ် အကြီးအကဲများမှာ ဒေါသ ထွက်ကုန်ကြသည်။
နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာက တုန်းဖန်လျူလီကို ဝိုင်းကြည့်ကာ သူ့ကို သတ်ဖြတ်ရန် ကြံစည်နေကြသည်။
ရုတ်တရက်။
စစ်မြေပြင်၏ အလယ်ဗဟိုမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ... ထူးဆန်းစွာ ရင်းနှီးနေ၏။
၎င်းမှာ ကျိဝူရွှမ်ထံမှပင်…
တိုက်ပွဲက ယခုလေးတင် စတင်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်ရပ်တန့်သွား၏။ လူတိုင်းက ထိုအသံထွက်ပေါ်လာရာ အရပ်သို့ လှည့်ကြည့်လိုက်ကြသည်။
ထို့နောက် မြင်လိုက်ရသည်မှာ အံ့သြမှင်သက်စရာ ကောင်းလှသော မြင်ကွင်းတစ်ခုပင်။
ခုနကအထိ မလှုပ်မယှက် ရှိနေခဲ့သော မုန့်ချင်ကျိုးက တစ်နည်းနည်းဖြင့် သူ၏ ချုပ်နှောင်မှုများကို ချိုးဖျက်လိုက်ပြီ ဖြစ်သည်။ သူက ကျိဝူရွှမ်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး လေထဲတွင် တွဲလောင်း ဆွဲထားကာ အေးစက်စွာ ပြောလိုက်သည်။
"မင်းက စကား တော်တော်လေး များတာပဲ…"
...