အခန်း (၁၆၅-၁၆၇)
Vol. 12 Ch. 165-167
အပိုင်း(၁၆၅) ဟိုင်လန်ထျန်း နှင့် အချိန်-နေရာလွတ် ဓားသူတော်စင်
ကျယ်ပြောလှသော ဆီးနှင်းများ ဖုံးလွှမ်းနေသည့် ကွင်းပြင်ကြီးပေါ်တွင်။
မဟာကျင်းဘက်တွင် လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့ ရှိနေကြပြီး တုန်းဖန်လျူလီမှာမူ ကောင်းကင်ယံတွင် လွင့်မျောနေသော ဘုရင့်ရထားလုံးပေါ်တွင် ထိုင်နေသည်။
မုန့်ချင်ကျိုးက ပထမဆုံးအကြိမ် လူလုံးထွက်ပြလိုက်ပြီး မဟာမိတ်ခေါင်းဆောင် ဟိုင်လန်ထျန်းကို တိုက်ရိုက် စိန်ခေါ်လိုက်သည်။
"မင်းကို အကြံတစ်ခု ပေးပါရစေ။ ငါက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ခြေတစ်ဖက် လှမ်းထားပြီးသားသူ။ မဟာကျင်းမှာ တိုက်ခိုက်မယ့် စစ်သည် နည်းနည်းပဲ ရှိတဲ့ပုံပဲ။ သူတို့ရဲ့ အင်အားကို ချွေတာပြီး အားနည်းတဲ့သူတွေကိုပဲ အရင် ရွေးချယ်သင့်တယ်။" ဟိုင်လန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အဆင့်အတန်း ကွာခြားမှုကို သိမ်မွေ့စွာပင် ထင်ရှားစေလိုက်ခြင်းပင်။
နှစ်ဖက်စလုံး၏ စွမ်းအားကွာခြားမှုမှာ အလွန်ကြီးမားလွန်းသလို လူအင်အား အသာစီး ရရှိမှုကလည်း အလွန်ပင် သိသာလွန်းလှသည်။ မဟာကျင်းဘက်မှ လူတိုင်း စိတ်ပျက်အားငယ်နေသည်ကို မည်သူမဆို မြင်နိုင်သည်။
"ဟိုင်လန်ထျန်း... မင်းက အတွင်းစိတ်ထဲက ကြောက်စိတ်ကို ဖုံးကွယ်နေတာလား။" မုန့်ချင်ကျိုးက လက်ကိုင်တုတ်ကို မြေကြီးထဲသို့ စိုက်လိုက်ပြီး လက်ကို နောက်ပစ်ကာ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ရာပေါင်းများစွာကို တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့ ခေါင်းဆောင်ကနေ စလိုက်မယ်။ ဂိုဏ်းပေါင်းစုံမဟာမိတ်မှာ အယောက်(၅၀) ရှိတယ်။ ကျိဝူရွှမ်က နောက်ထပ် အယောက်(၅၀) ခေါ်လာတယ်။ စုစုပေါင်း (၁၀၀)ကျော်ပေါ့။ ငါ မင်းတို့ အားလုံးကို အနိုင်ယူပြမယ်။”
"အရင်ဆုံး မင်းကနေ စကြတာပေါ့။ ဟိုင်လန်ထျန်း..."
ထိုစကားကို ကြားသောအခါ မဟာကျင်းနှင့် ဂိုဏ်းပေါင်းစုံမဟာမိတ် နှစ်ဖက်စလုံး တိတ်ဆိတ်သွားကြ၏။
မဟာကျင်းမှ စစ်သည်တော်များမှာ ထိတ်လန့်သွားကြပြီး၊ ဓားသူတော်စင် မုန့်ချင်ကျိုး တစ်ဦးတည်းနှင့် နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကို ရင်ဆိုင်နိုင်မည် ဆိုသည်ကို မယုံနိုင်အောင် ဖြစ်နေကြသည်...
ဒါက ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ပြိုင်ဘက်ကင်း လုပ်ရပ်ပဲ…
တကယ့်ကို မောက်မာလွန်းတဲ့ လေသံပဲ။
နယ်ပယ်တစ်ခုလုံးကို တိုက်ကွက် တစ်ခုတည်းနဲ့ လူအယောက်(၁၀၀)ကို အပြတ် ရှင်းပစ်မယ့် ပုံစံမျိုး...
"ဓားသူတော်စင်က တကယ်ပဲ လုပ်နိုင်မှာလား။ မဟုတ်ဘူး။ ဒါက လူသားတစ်ယောက် အောင်မြင်နိုင်တဲ့ အရာမျိုးလားလို့ မေးရမယ်။”
"ငါ့အထင်တော့ ဓားသူတော်စင်က သေဖို့ အသင့်ပြင်ထားတဲ့ပုံပဲ။ သူ ဒီနေ့ ရင်ဆိုင်ရမယ့် ကံကြမ္မာကို သိနေလို့ပဲ ဒီလို ရဲရဲဝံ့ဝံ့ ပြောခဲ့တာ ဖြစ်မယ်။"
"တကယ်လို့ အချိန်-နေရာလွတ် ဓားသူတော်စင်တောင်မှ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ်ဆိုရင် ငါတို့လည်း သူ့နောက်ကို လိုက်ကြမယ်။ ငါတို့လက်ထဲက ဓားရဲ့ ဂုဏ်သိက္ခာကို အကျအန အပျက်မခံနိုင်ဘူး။"
"မှန်တယ်၊ ငါလည်း ဓားသူတော်စင်နောက်ကို သေချာပေါက် လိုက်မှာပဲ..."
…
...
သို့သော်လည်း ဂိုဏ်းပေါင်းစုံမဟာမိတ်ဘက်တွင်မူ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။
ဟိုင်လန်ထျန်း၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး၊ အံ့သြမှုနှင့် မရေရာမှုများ ရောယှက်နေသည်။
သူတို့ကို အံ့သြဆုံး ဖြစ်စေသည်မှာ မုန့်ချင်ကျိုးသည် သူ၏ ဓားအသိကို အသုံးပြု၍ ဂိုဏ်းပေါင်း စုံမဟာမိတ်နှင့် ကျိမိသားစု၏ နောက်လိုက် အရေအတွက်၊ နေရာချထားမှုများကို တိကျစွာ သိရှိနေခြင်းပင်။ ထို့အပြင် ကျိဝူရွှမ် ကိုယ်တိုင် ရောက်နေသည်ကိုပါ ခန့်မှန်းနိုင်ခဲ့သည်...
အရိပ်ထဲတွင် ပုန်းနေသော ကျိဝူရွှမ်က ဆက်ပြီး ပုန်းမနေတော့ဘဲ စင်မြင့်ရှေ့သို့ တိုက်ရိုက် လမ်းလျှောက်လာရင်း ရယ်မောလိုက်သည်။
"အချိန်-နေရာလွတ် ဓားသူတော်စင် ဆိုတဲ့အတိုင်းပါပဲ။ စပြီးတော့ နာမည်ကြီးလာစဥ်က သူတော်စင်လို့ လူသိများခဲ့သလို၊ မဟာကျင်း နန်းတွင်းသားတွေကလည်း သူ့ကို ပညာရှိ တစ်ဦးလို သတ်မှတ်ခဲ့ကြတာ မဆန်းပါဘူး။"
"တကယ်ကို အံ့သြဖို့ ကောင်းတာပဲ..."
ကျိဝူရွှမ်၏ ရန်လိုသော မျက်လုံးများက ကောင်းကင်ယံရှိ ဘုရင့်ရထားလုံးဆီသို့ စိုက်ကြည့်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မဟာကျင်း ဧကရီကို ထွက်လာပြီး ငါနဲ့ တွေ့ခိုင်းလို့ ရမလား။ ငါ မင်းနဲ့ သီးသန့် ပြောစရာ စကားအနည်းငယ် ရှိလို့ပါ။"
တုန်းဖန်လျူလီ ဘက်မှ စကားတစ်လုံးမျှ မဟရသေးမီမှာပင်။
မုန့်ချင်ကျိုးက ကြားဖြတ် ပြောလိုက်သည်။ "မလိုပါဘူး။ အရှင်မက မင်းကို ဘာမှပြောစရာ မရှိသလို မင်းဘာပြောမလဲ ဆိုတာကိုလည်း ကြိုပြီး ခန့်မှန်းနိုင်တယ်။ ခြိမ်းခြောက်တာ ဒါမှမဟုတ် ဒီတိုက်ပွဲရဲ့ ရလဒ်ကို အသုံးချပြီး အကျပ်ကိုင်တာမျိုးပဲ ဖြစ်မှာ။"
"ကံမကောင်းတာကတော့... ငါက အရှင်မနဲ့အတူ သေဖို့ပဲ ဆုံးဖြတ်ထားတာ..."
"ဒါပေမဲ့ ဒီနေ့မှာ သေမယ့်သူတွေက မင်းတို့ ဖြစ်ဖို့ ပိုများလိမ့်မယ်။"
ထိုစကားကို ကြားသောအခါ ကျိဝူရွှမ်၏ မျက်နှာမှာ အနည်းငယ် ပျက်သွား၏။ သူက ကောင်းကင်ရှိ ရထားလုံးကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။
"ဟိုင်လန်ထျန်း... မင်း ဘာကို စောင့်နေတာလဲ။ သူ့ကို သတ်လိုက်တော့..."
…
...
ဟိုင်လန်ထျန်းက သက်ပြင်းတစ်ချက်ကိုသာ ချနိုင်ပြီး အားကိုးရာမဲ့စွာဖြင့် ဆိုလိုက်သည်။ "မုန့်ချင်ကျိုး... မင်း ကျိဝူရွှမ်ရဲ့ နောက်ကြောင်းကို သိနေမှတော့ ဘာလို့ ထွက်မပြေး ခဲ့တာလဲ။"
"ခဏတာ သည်းခံလိုက်တာက အရှုံးပေးတာ မဟုတ်ပါဘူး။ တောင်စိမ်းကြီး ရှိနေသရွေ့ ထင်းအတွက် မပူရဘူး ဆိုတဲ့ စကားလည်း ရှိသားပဲ။"
မုန့်ချင်ကျိုးက အေးစက်စွာ ရယ်မောလိုက်သည်။
ငါက သူ့ရဲ့ စွမ်းအားကို ရှောင်ရှားပေးရမယ် ဟုတ်လား။
"ရယ်စရာပဲ..."
"ဒီနေ့... ကောင်းကင်အောက်မှာ အနှိုင်းမဲ့တယ်ဆိုတာ ဘာလဲဆိုတာကို ငါ မင်းတို့ကို ပြပေးမယ်..."
ပြောပြီးသည်နှင့် မုန့်ချင်ကျိုးက ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ပြန်ပေါ်လာသောအခါတွင် သူက ဟိုင်လန်ထျန်း၏ ရှေ့သို့ ရောက်နေလေပြီ။ ဟိုင်လန်ထျန်း၏ မျက်လုံးထဲတွင် ဝေဝါးမှုများနှင့်အတူ မုန့်ချင်ကျိုး၏ အစွမ်းထက်သော လက်သီးချက်မှာ သူ၏ မျက်စိရှေ့တွင် အဆမတန် ကြီးမားလာလေသည်။
ဘုန်း...
လက်သီးတစ်ချက်တည်းနှင့်ပင် မှောင်မိုက်သော တိမ်တိုက်များ နှစ်ခြမ်းကွဲသွားပြီး တောင်နှင့် မြစ်များမှာ လမ်းကြောင်း ပြောင်းပြန် စီးဆင်းကုန်ကာ ကြယ်များမှာလည်း တုန်လှုပ်ချောက်ချားသွားကြသည်။
ဟိုင်လန်ထျန်း မတုံ့ပြန်နိုင်ခင်မှာပင် လက်သီးချက်ကြောင့် မိုင်ပေါင်းထောင်ချီအထိ လွင့်ထွက်သွားပြီး လမ်းတစ်လျှောက်ရှိ တောင်ပေါင်းများစွာကို ရိုက်ခွဲသွားတော့သည်။ သူသည် ကြီးမားသော ကျင်းကြီးတစ်ခု၏ အလယ်တွင် လဲလျောင်းနေပြီး သူ၏ နဖူးပေါ်တွင် လက်သီးရာကြီး ထင်ကျန်နေလေသည်။
"အတော်လေး စွမ်းတာပဲ..."
"နံနက်ခင်းအလင်းနယ်ပယ်ရဲ့ နှောင်းပိုင်း ဖြစ်နေတာတောင် မင်းရဲ့ လက်သီးတစ်ချက်ကို ငါ မတောင့်ခံနိုင်ဘူး။" ဟိုင်လန်ထျန်းက ယိုင်တိယိုင်တိုင်ဖြင့် ထရပ်လိုက်ပြီး သူ၏ အသံမှာ အက်ရှရှ ဖြစ်နေသည်။
သူက ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ကာ မျက်လုံးများထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွားသည်။
"ဒါဆိုရင်တော့... ငါ့ဘက်က အစွမ်းကုန် ကြိုးစားပြီး အရိုအသေ ပေးရတာပေါ့။"
ဟိုင်လန်ထျန်း၏ မျက်လုံးများမှ တောက်ပသော အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးမှာ ဝေဝါးသော မြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်သွားပြီး၊ သူ မော့ကြည့်လိုက်သောအခါ သူ၏ ချီစွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နဂါးအုပ်ကြီးများ လူးလာတုံ့ခေါက်နေသကဲ့သို့ သန်မာပြီး စွမ်းအားကြီးမားသော နွယ်ပင်ကြီးများမှာ ဆီးနှင်းပြင်ရှိ ရေခဲလွှာများကို ဖောက်ထွက်လာကြသည်။ ထိုနွယ်ပင်များထဲမှ တစ်ခုမှာ ဟိုင်လန်ထျန်းကို မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာမှ စစ်မြေပြင်ဆီသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။
မိုးကြိုးတစ်စင်းကဲ့သို့ပင် မုန့်ချင်ကျိုးထံသို့ တိုက်ရိုက် ဦးတည်လာတော့သည်။
"ထာဝရ အစိမ်းရောင် မန္တန် - သစ်သားဖြင့် ကောင်းကင်ကို တည်ဆောက်ခြင်း..."
အချင်း မိုင်တစ်ထောင်နှင့် အကျယ် ပေတစ်ရာကျော်ရှိသော နွယ်ပင်ကြီးများမှာ လှံများ၊ မြှားများလို ဖြောင့်စင်းစွာ ဆန့်ထွက်လာပြီး အဝေးမှနေ၍ ပစ်ခတ်ဝင်ရောက်လာသည်။
ထိုဖျက်ဆီးအား ပြင်းထန်သော နွယ်ပင် ဒါဇင်ပေါင်းများစွာမှာ လမ်းတစ်လျှောက်ရှိ သစ်ပင်များ၊ ငှက်များနှင့် သားရဲတိရစ္ဆာန်များ၏ သက်စောင့်အားကို စုပ်ယူလိုက်သဖြင့် အဝေးမှ သတ္တဝါများပင် မသေဆုံးမီ ကြိုတင် သိရှိလိုက်ကြရသည်။
သစ်ပင်များ ညှိုးနွမ်းသွားပြီး သက်ရှိများ ပျောက်ကွယ်ကုန်ကာ လမ်းတစ်လျှောက် မြင်ကွင်းမှာ တကယ့်ကို ကြေကွဲဖွယ် ကောင်းလှသည်။
မိုင်ပေါင်းတစ်ထောင် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်လာခဲ့လေပြီ...
"ဒီလိုနတ်ဘုရားစွမ်းရည်မျိုးက သဘာဝတနဲ့ လူသားကျင့်ဝတ်ကို ဖောက်ဖျက်နေတာပဲ။ ဟိုင်လန်ထျန်း... မင်းရဲ့ ပြစ်မှုစာရင်းထဲမှာ ဒါကိုပါ ထပ်ဖြည့်လိုက်ပြီ။"
မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်ပြီးနောက် သူ၏ လက်ကို မြှောက်ကာ ဟင်းလင်းပြင်ကို ဖောက်ထွက်လာပြီး သူ၏ နဖူးနှင့် သုံးလက်မပင် မကွာတော့သည့် နွယ်ပင်ကို လှမ်းဖမ်းလိုက်သည်။
ဖျောက်...
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။" ဟိုင်လန်ထျန်းက အစွမ်းကုန် အသုံးပြုသော်လည်း ကျန့်မူ သစ်ပင်မှာ ကျော်ဖြတ်၍မရသော အတားအဆီးတစ်ခုနှင့် တွေ့နေရသကဲ့သို့ ဖြစ်နေသည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။
ကျန့်မူ နွယ်ပင် ဒါဇင်ပေါင်းများစွာမှာ နေရာလွတ် စည်းမျဉ်းများ၏ ထိန်းချုပ်မှု အောက်တွင် ငြိမ်သက်သွားသည်။
မုန့်ချင်ကျိုး မော့ကြည့်လိုက်ရာ ဟိန်းဟောက်နေသော နဂါးသစ်သားရုပ်ထုကြီးများကို မြင်လိုက်ရသည်။ သူသည် မြေကြီးကို အသာအယာ နင်းလိုက်ပြီး၊ ကောင်းကင်ပေါ်သို့ တစ်လှမ်းတည်းဖြင့် တက်သွားကာ ဟိုင်လန်ထျန်း၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။
"နေရာလွတ် ချုပ်နှောင်မှု..."
"အချိန် စီးဆင်းနှုန်း..."
ဟိုင်လန်ထျန်းက ရုန်းကန်ရန် ကြိုးစားသော်လည်း နေရာလွတ် စည်းမျဉ်းများ၏ ချုပ်နှောင်မှုကို ခံထားရသလို အချိန်စည်းမျဉ်းများကြောင့်လည်း သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားခဲ့သည်။ ဒီလို နှစ်ထပ်ကွမ်း ဖိနှိပ်မှုအောက်တွင် သူ၏ လှုပ်ရှားမှုတိုင်းမှာ ဆပ်ကပ်ပြသလိုမျိုး သို့မဟုတ် ရုပ်ရှင်ကို အနှေး ပြသနေသလိုမျိုး ဖြစ်နေသည်။
သို့သော်လည်း အခြားသူများနှင့်မတူဘဲ မုန့်ချင်ကျိုး၏ လက်သီးစီးဆင်းနှုန်းမှာ အဆပေါင်း ရာချီ၊ ထောင်ချီ၍ မြန်ဆန်နေသည်...
ထိုလက်သီးချက်မျိုးက တစ်ခါမှ မမြင်ဖူးသော အရာမျိုးပင်...
၎င်းက ဟိုင်လန်ထျန်း၏ ဦးခေါင်းကို တိုက်ရိုက် ဖောက်ထွက်သွားတော့သည်။ အဖြူရောင်နှင့် အနီရောင် ဦးနှောက်များမှာ နေရာအနှံ့သို့ လွင့်စင်သွားကာ မြင်ကွင်းမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။
ခေါင်းမပါတော့သော အလောင်းကြီးမှာ မြေပေါ်သို့ ဘုန်းဘုန်းလဲ ကျသွားတော့သည်။
လူတိုင်း သူတို့မြင်နေရသည်ကို မယုံနိုင်ဘဲ မျက်လုံးပြူးကာ ကြည့်နေကြသည်။
"မဟာမိတ်ခေါင်းဆောင်ဟိုင်က ဒီလိုပဲ သေသွားတာလား။ ကောင်းကင်ထောက်တိုင် နယ်ပယ်ကို ခြေတစ်ဖက် လှမ်းထားတဲ့ ကျွမ်းကျင်သူတစ်ယောက်က မုန့်ချင်ကျိုး ရှေ့မှာ ကြက်ကလေး ခွေးကလေး တစ်ကောင်လို ဘာလို့ ဒီလောက်တောင် အားနည်း နေရတာလဲ..."
"သူ မသေသေးဘူး။ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ခြေတစ်ဖက် လှမ်းထား တဲ့သူက သာမန် စည်းမျဉ်းတွေကို ကျော်လွန်နေပြီ။ ရုပ်ခန္ဓာ ဒါမှမဟုတ် ဝိညာဉ်ကို ဖျက်ဆီးရုံနဲ့ သတ်လို့ မရဘူး။ မဟာတာအိုကိုပါ အပြတ်ဖြတ်မှပဲ သူ သေဆုံးမှာ။ ဒါပေမဲ့ မုန့်ချင်ကျိုးကတော့ တကယ်ကို ပါရမီရှင်ပဲ... ကောင်းကင်ထောက်တိုင်နယ်ပယ် ကျွမ်းကျင်သူကို လက်သီးနှစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်..."
"ဒါဆိုရင်တော့... မုန့်ချင်ကျိုးက ကောင်းကင်အောက်မှာ တကယ်ပဲ အနှိုင်းမဲ့တာပေါ့။"
"အဟက်... အနှိုင်းမဲ့ ဟုတ်လား။ ငါတို့ ဂိုဏ်းပေါင်းစုံမဟာမိတ်ရဲ့ နံနက်ခင်းအလင်း နယ်ပယ် အယောက်(၁၀၀)သာ ဝိုင်းတိုက်ရင်တော့ သူလည်း အရှက်တကွဲ ရှုံးရမှာပဲ..."
...
အပိုင်း(၁၆၆) ကောင်းကင်ကိုဆန့်ကျင်သော အချိန်-နေရာလွတ် တာအို
ရွှီး...
ဟိုင်လန်ထျန်း၏ ဦးခေါင်း ပြန်လည်ဖြစ်ပေါ်လာပြီး ကြေမွသွားသော ဦးခေါင်းခွံ၊ အသားစများနှင့် အရည်များမှာ ပြန်လည်ပေါင်းစပ်သွားသည်။ သို့သော် ချီစွမ်းအင်မှာ ၁၀%ခန့် အားနည်းသွားလေပြီ။
ကျင့်ကြံသူတစ်ဦးက ကောင်းကင်ထောက်တိုင်နယ်ပယ်၏ အဆင့်အတန်းကို စတင် မြင်တွေ့လာရသည်နှင့် ရုပ်ခန္ဓာမှာ မသေမျိုးဖြစ်လာပြီး နတ်ဘုရားဝိညာဉ်မှာလည်း ကောင်းကင်နှင့် မြေပြင်ကြား တစ်သားတည်း ဖြစ်သွားသည်။ သူတို့ကို သတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ တာအိုချင်း တိုက်ခိုက်ပြီး သူတို့၏ တာအို စည်းမျဉ်းများကို အပြတ်ဖြတ်ကာ အတွင်းကမ္ဘာကို ပြိုလဲစေခြင်းပင်။
"ထာဝရအစိမ်းရောင်မန္တန် - ကျန့်မူသစ်ပင် ဖွင့်လှစ်ပေးတဲ့ နတ်ဘုရားလမ်းစဉ်..."
ဟိုင်လန်ထျန်း၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကျန်ရှိနေဆဲ ဖြစ်သည်။ သူ အပိုစကား တစ်လုံးမျှပင် မဟဝံ့တော့ဘဲ ကျန့်မူသစ်ပင် အရှိန်အဝါများကို မုန့်ချင်ကျိုးထံသို့ အစွမ်းကုန် စုစည်း ပစ်လွှတ်လိုက်သည်။
၎င်းတင်မကသေးဘဲ ဟင်းလင်းပြင်ထဲမှ ဓားတစ်စင်းကို ဆွဲထုတ်လိုက်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
"အနန္တ မူလပြန်ခြင်းဓား - ဝိညာဉ်ဖြတ် ဓားချက်..."
ဟိုင်လန်ထျန်း၏ အရှိန်အဝါမှာ ပို၍ပို၍ မြင့်တက်လာပြီး ရှင်သန်လာသော နတ်ဘုရား တစ်ပါးကဲ့သို့ ကောင်းကင်ယံသို့ တက်လှမ်းသွားကာ အပေါ်မှနေ၍ အောက်သို့ စိုက်ကြည့်လျက် ဓားရိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်ရာ ထူးဆန်းသော ဖြစ်စဉ်များ နေရာလွတ်ထဲတွင် ပေါ်ပေါက်လာသည်။
ဓားပိုင်နက်က ထူးဆန်းသော မြင်ကွင်းတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။ ရှေးဟောင်း စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးက ဓားကို မြှောက်ကာ မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်နေပြီး၊ ကမ္ဘာကြီး တစ်ခုလုံးကိုပင် ပျက်စီးသွားစေသည့် မြင်ကွင်းပင်။
ကမ္ဘာပျက်စေမည့် ဓားအလင်းတန်းကြီး၏ အနောက်တွင် ကျန့်မူသစ်ပင်ကြီးမှာ မုန့်ချင်ကျိုးထံသို့ တိုက်ရိုက် ဦးတည်နေ၏။
"မလုံလောက်သေးဘူး။ နတ်ဘုရားဝိညာဉ်... ဝိညာဉ်ထွက်ပေါ်ခြင်း..." ဟိုင်လန်ထျန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်လှုပ်သွားပြီး ဧကရာဇ်အဆင့် စွမ်းရည် သုံးခုကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ရာ သူ၏ အတွင်းကမ္ဘာမှာ ပြိုလဲလုနီးပါး ဖြစ်သွားသည်။
"နတ်ဘုရားဝိညာဉ် - အဆုံးစီရင်ခြင်း..."
အဖြူရောင် ကျောက်စိမ်းရုပ်လေး တစ်ရုပ်မှာ ဟိုင်လန်ထျန်း၏ ဦးခေါင်းပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး ကြာပန်းကဲ့သို့ ဖြူစင်သော လက်နှစ်ဖက်ဖြင့် တံဆိပ်တစ်ခု ခတ်လိုက်သည်။ ထို့နောက် အပြင်ဘက်သို့ အသာအယာ ဆွဲထုတ်လိုက်ရာ မုန့်ချင်ကျိုး၏ ဝိညာဉ်နှင့် မမြင်ရသော ကြိုးတစ်မျှင်ဖြင့် ချိတ်ဆက်သွားလေသည်။
"ထွီး..."
“မုန့်ချင်ကျိုး... ငါ့ကို အပြစ်မတင်နဲ့။ မတရားတဲ့ ကောင်းကင်တာအိုနဲ့ မမျှတတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်လိုက်။ ငါ့လက်ထက်မှာ ဂိုဏ်းပေါင်းစုံ မဟာမိတ်ကို အပျက်မခံနိုင်ဘူး...” ဟိုင်လန်ထျန်းက သွေးများ အဆက်မပြတ် စီးကျနေပြီး ပြင်းထန်သော တိုက်ကွက်ကို ထုတ်ဖော်ပြီးနောက် ပင်ပန်းနွမ်းနယ်နေလေပြီ။
မုန့်ချင်ကျိုးက လက်ကို နောက်ပစ်ကာ ရပ်နေပြီး ဓားကို ဆွဲထုတ်မည့် အမူအရာပင် မရှိပေ။ သူက ကျန့်မူနွယ်ပင်များက ပတ်ပတ်လည် ပိတ်ဆို့လာပြီး ကျန့်မူသစ်ပင်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ မမြင်ရသော ချုပ်နှောင်မှုပိုင်နက် တစ်ခု ဖြစ်ပေါ်လာသည် အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
ခဏချင်းမှာပင် မုန့်ချင်ကျိုးက မိမိ၏ စိတ်ဝိညာဉ်ချီစွမ်းအင်များ အကျဉ်းချခံထားရပြီး ရုပ်ခန္ဓာမှာလည်း ဖိနှိပ်ခံထားရကာ ဓားတာအိုကိုပင် အာရုံခံရန် ခက်ခဲသွားသည်ဟု ခံစားလိုက်ရသည်။
ကမ္ဘာပျက်စေမည့် ဓားအလင်းတန်းမှာ ပို၍ပို၍ နီးကပ်လာပြီး သူ၏ နဖူးအလယ်ရှိ ဝိညာဉ်နှင့် ချိတ်ဆက်ထားသော ကြိုးမျှင်မှာလည်း တင်းကျပ်လာကာ မုန့်ချင်ကျိုး၏ ဝိညာဉ်ကို အချိန်မရွေး ဆွဲဖြဲပစ်တော့မည့်သဏ္ဌာန် ရှိနေသည်။
"ပေါင်းစပ်တိုက်ကွက်လား။"
"ဂိုဏ်းပေါင်းစုံမဟာမိတ် ခေါင်းဆောင်ဆိုတဲ့အတိုင်းပဲ။ ဒီတိုက်ကွက်ကိုတော့ ဘယ်သူမှ လွတ်အောင် ရှောင်နိုင်မှာ မဟုတ်ဘူး။"
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူ၏ စကားအဆုံးတွင် ကမ္ဘာပျက်ဓားချက် ကျလာပြီး သူ၏ခန္ဓာကိုယ်ကို နှစ်ပိုင်း ခွဲပစ်လိုက်သည်။ ဝိညာဉ်ကြိုးမျှင်မှာလည်း တင်းသွားကာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်လိုက်တော့သည်။
ဟိုင်လန်ထျန်းက ထိုမြင်ကွင်းကို စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်စိတ်ဖြင့် ကြည့်နေ၏။
တကယ်လို့ အချိန်-နေရာလွတ် ဓားသူတော်စင်က ဒီလောက် သတ်ရလွယ်ရင် သူ့လက်ထဲမှာ ဒီလောက်လူအများကြီး ကျဆုံးမှာ မဟုတ်ဘူး။
သူတို့ရှေ့တွင် မလှုပ်မယှက် ရပ်နေသော ပုံရိပ်မှာ လေတိုက်သောအခါ မီးခိုးငွေ့များကဲ့သို့ လွင့်စင် ပျောက်ကွယ်သွားသည်။
…
...
ကျိဝူရွှမ်က ဒူးထောက်နေသော နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ကျောပေါ်တွင် ထိုင်နေပြီး ဝိုင်ခွက်ကို လှည့်ရင်း အေးချမ်းသော အပြုံးဖြင့် ရှိနေသည်။
"မဟာမိတ်ခေါင်းဆောင်ဟိုင်မှာ ဒီလို ဝှက်ဖဲ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ တကယ်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီတိုက်ကွက်ကို ငါ့အပေါ် သုံးခဲ့ရင်တောင် ငါ တောင့်ခံဖို့ ခက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်က နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းပဲ ရှိသေးတာကိုး။ အဘက်ဘက်က အရည်အချင်းတွေက ပုံမှန်ပါပဲ၊ ငါ့ရဲ့ မူလခန္ဓာကိုယ် စွမ်းအား တဝက်ပဲ အမွေရထားတာ။"
ထိုစကားကို ကြားသောအခါတွင် ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အကြီးအကဲများမှာ ဖားသည့် အပြုံးများဖြင့် မြှောက်ပင့် ပြောဆိုကြတော့သည်။
"သခင်လေးကျိက ထူးကဲတဲ့ ပါရမီရှင်ပဲ။ စွမ်းအားတဝက်နဲ့တောင် ဒီတောရိုင်းမြေကို သိမ်းပိုက်နိုင်တယ်။ အချိန်တန်ရင် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမယ့် ပုဂ္ဂိုလ်ကြီး ဖြစ်လာမှာ အသေအချာပဲ..."
"တကယ်လို့ သခင်လေးသာ ကိုယ်တိုင် တိုက်ခိုက်ရင် မုန့်ချင်ကျိုးက တစ်ချက်တည်းနဲ့ ပြတ်သွားမှာပေါ့။ ဟားဟားဟား..."
"ကျွန်တော်သာ မဟာမိတ်ခေါင်းဆောင် ဖြစ်လာရင် သခင်လေးကျိ လိုချင်တာ မှန်သမျှကို အစွမ်းကုန် ကူညီပေးပါ့မယ်..."
"ဟေ့... ဒီအဘိုးကြီးကတော့။ သခင်လေးကျိ၊ သူ့စကားကို နားမယောင်ပါနဲ့... ကျွန်တော်သာ ခေါင်းဆောင်ဖြစ်ရင် သခင်လေး လက်ညှိုးတောင် မထိုးစေရဘူး။ မဟာမိတ်အဖွဲ့ဝင်တွေ အကုန်လုံးကို စုစည်းပြီး သခင်လေးကို စိတ်ရောကိုယ်ပါ အလုပ်အကျွေး ပြုပါ့မယ်..."
"ကျွန်တော်လည်း အတူတူပါပဲ..."
...
ကျိဝူရွှမ်က ဝိုင်ခွက်ကို လှည့်ရင်း ပြုံးကာ ခေါင်းညိတ်ပြနေသည်။ သူက တကယ်ကို ကျေနပ်နေပုံရ၏။
ချက်ချင်းပင် သူ၏ လက်ညှိုးကို မြှောက်ကာ ကောင်းကင်ပေါ်ရှိ ဧကရီ၏ ရထားလုံးဆီသို့ ညွှန်ပြလျက် တည်ငြိမ်စွာ ပြောလိုက်သည်။ "မုန့်ချင်ကျိုး သေသွားပြီးရင် အဲဒီမိန်းမကို ငါ့ခြေရင်းမှာ ဝပ်စင်လာအောင် လုပ်ပေးနိုင်တဲ့သူက နောက်ထပ် မဟာမိတ်ခေါင်းဆောင် ဖြစ်လိမ့်မယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အဘိုးကြီးတစ်သိုက်မှာ မနာလိုမှုနှင့်အတူ မျက်လုံးများ စိမ်းလာကြသည်။
သူတို့၏ ဝံပုလွေမျက်လုံးများက ဧကရီ၏ ရထားလုံးဆီသို့ လှည့်သွားကြပြီး ရှေ့တန်းတွင် သွေးချောင်းစီး တိုက်ပွဲဝင်နေသော ဟိုင်လန်ထျန်းကို လုံးဝ မေ့လျော့ကာ သူတို့၏ သစ္စာခံမှုကို အပြိုင်အဆိုင် ဖော်ပြနေကြသည်။
မဟာမိတ်ခေါင်းဆောင် ရာထူးအတွက် ပြိုင်ဆိုင်မှုက တိတ်တဆိတ် စတင်နေလေပြီ။
"ဟားဟားဟား... မုန့်ချင်ကျိုး၊ မုန့်ချင်ကျိုး... မင်းက အချိန်-နေရာလွတ် ဓားသူတော်စင် ဖြစ်ဖြစ်၊ မဟာကျင်း ဧကရာဇ်ပဲ ဖြစ်ဖြစ်၊ ငါ့ရှေ့မှာတော့ မင်းက ပုရွက်ဆိတ် တစ်ကောင်ပါပဲ။" ကျိဝူရွှမ်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး ဝိုင်ကို တစ်ငုံတည်း ကုန်အောင်သောက်ကာ ကျေနပ်စွာ ညည်းတွားလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ ကျိဝူရွှမ်၏ အပြုံးမှာ အေးခဲသွားပြီး သူ၏ မျက်လုံးများက စစ်မြေပြင်ဆီသို့ စိုက်ကြည့်နေမိသည်။
မုန့်ချင်ကျိုး၏ ခန္ဓာကိုယ်မှာ ကမ္ဘာပျက် ဓားချက်ကြောင့် နှစ်ခြမ်း ကွဲသွားပြီး ဝိညာဉ်မှာလည်း လုံးဝ ပျက်စီးသွားကာ လေထဲတွင် မီးခိုးငွေ့မျာလို လွင့်စင်သွားခဲ့သည်။ သို့သော်လည်း လေဟာနယ် အတွင်းရှိ အချိန်-နေရာလွတ် မြစ်ကြီးမှာ ပျောက်ကွယ်မ သွားခဲ့ပေ။
ချက်ချင်းဆိုသလိုပင် မုန့်ချင်ကျိုးက ဟိုင်လန်ထျန်း၏ အနောက်တွင် ပေါ်လာသည်။ သူက ထိုနေရာတွင် အစကတည်းက ရှိနေခဲ့သလိုမျိုး သို့မဟုတ် ရုတ်တရက် ပေါ်လာသလိုမျိုးပင်...
ကိုယ်ပွားလား။
မဟုတ်ဘူး...
ဒါက အချိန်-နေရာလွတ်တာအိုရဲ့ ဖန်တီးမှုပဲ... မုန့်ချင်ကျိုးရဲ့ အချိန်-နေရာလွတ်ကို ထိန်းချုပ်နိုင်စွမ်းက ပိုပြီးတော့တောင် အနုစိတ်လာပြီ...
"မဖြစ်နိုင်တာ။ နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းက ဒီလောက်အထိ အချိန်-နေရာလွတ် တာအိုကို ဘယ်လို ပိုင်ဆိုင်နိုင်မှာလဲ။" ကျိဝူရွှမ်က ထိတ်လန့် ဒေါသထွက်စွာဖြင့် ဝိုင်ခွက်ကို ချေမွပစ်လိုက်ပြီး အလွန်ပင် တည်ကြည်လေးနက်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။
သူ့ရဲ့ အသက်က အချိန်-နေရာလွတ်တာအို ပေါင်းစပ်မှုနဲ့ ဆက်နွှယ်နေတာပဲ။ အတိတ်က အချိန်တိုင်း၊ သူရောက်ခဲ့တဲ့ နေရာတိုင်း၊ ဖြတ်သန်းခဲ့တဲ့ စက္ကန့်တိုင်းက သူ့ရဲ့ အနှစ်သာရ ဖြစ်နေတာ။
ခုနက အသတ်ခံလိုက်ရတဲ့ မုန့်ချင်ကျိုးက အတုမဟုတ်ဘူး။ တကယ့် အသွေးအသားနဲ့ မုန့်ချင်ကျိုးပဲ။ ဒါပေမဲ့ ဟိုင်လန်ထျန်း သတ်လိုက်တာက လွန်ခဲ့တဲ့ စက္ကန့်က မုန့်ချင်ကျိုး ကိုပဲ။ အဲဒီမတိုင်ခင် စက္ကန့်ပိုင်းက ဒါမှမဟုတ် မိနစ်အနည်းငယ်က မုန့်ချင်ကျိုးကတော့ အသက်ရှင်နေဆဲဖြစ်ပြီးတော့ အချိန်-နေရာလွတ်မြစ်ထဲမှာ အမှတ်အသား တစ်ခု ချန်ထားခဲ့တယ်...
ပြီးတော့ ဟိုင်လန်ထျန်းရဲ့ အနောက်မှာ ရပ်နေတဲ့ မုန့်ချင်ကျိုးကတော့ အဲဒီမှာ ရှိနှင့်နေပြီးသား။ သူက လွန်ခဲ့တဲ့ တစ်မိနစ်က၊ တစ်နာရီက၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဒီနေရာမှာ ရပ်နားခဲ့တာမျိုး ဖြစ်နိုင်တယ်...
ဒါဆိုရင်တော့... သူက မသေနိုင်၊ မပျက်စီးနိုင်တဲ့ သူပေါ့ ဟုတ်လား...
ကျိဝူရွှမ်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး မယုံနိုင်အောင် ဖြစ်နေသည်။
ဒီထိတ်လန့်စရာ စွမ်းအားက ငါပိုင်ဆိုင်တဲ့ မရေမတွက်နိုင်တဲ့ စွမ်းအားတွေထက် ကြီးမားနေတယ်။ တာအို စည်းမျဉ်းတွေထဲမှာ ဒါက အမြင့်ဆုံး အဆင့်ပဲ...
ကျိဝူရွှမ်၏ တစ်ကိုယ်တည်း ရေရွတ်နေသံကို ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အကြီးအကဲ များကလည်း ကြားလိုက်ရသည်။
လူတိုင်း ခေတ္တမျှ အသက်ရှူမှားသွားကြပြီး မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
အချိန်-နေရာလွတ်တာအိုကို နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းမှာ ဒီလောက်အထိ ကောင်းကင်ကို ဆန့်ကျင်နိုင်အောင် ကျင့်ကြံထားနိုင်တာလား...
ဒါဆိုရင် ဘယ်လို တိုက်ရတော့မှာလဲ...
သတ်လို့မရ အနိုင်ယူလို့မရတဲ့ အရာက တစ္ဆေတွေ၊ နတ်ဘုရားတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပြီ။
"အချိန်-နေရာလွတ်တာအိုကို ငါ ပိုင်ဆိုင်ရမှ ဖြစ်မယ်..."
"တကယ်လို့ ငါသာ မုန့်ချင်ကျိုးရဲ့ အချိန်-နေရာလွတ်တာအိုကို စုပ်ယူပြီး ဝါးမျိုနိုင်မယ် ဆိုရင်... ကောင်းကင်ကို ဖောက်ထွက်ပြီး ဒုတိယမြောက် လူသားဧကရာဇ် ဖြစ်လာလိမ့်မယ်..."
ကျိဝူရွှမ်၏ အသက်ရှူသံများ မြန်လာပြီး သူ အသည်းစွဲ ဖြစ်နေခဲ့သော တုန်းဖန်လျူလီကိုတောင် အာရုံမရတော့ပေ။ ထိုအစား သူက မုန့်ချင်ကျိုးကိုသာ လောဘတကြီးနှင့် ငမ်းငမ်းတက် တောင့်တနေသော မျက်ဝန်းများဖြင့် စိုက်ကြည့် နေတော့သည်။ အဖိုးတန် ကျောက်စိမ်းတစ်တုံး သို့မဟုတ် အနှိုင်းမဲ့ အလှပိုင်ရှင် အမျိုးသမီးတစ်ဦးကို ကြည့်နေသကဲ့သို့ပင်။
ထိုပြင်းထန်သော အကြည့်များကြောင့် မုန့်ချင်ကျိုး၏ ကျောရိုးထဲအထိ စိမ့်သွားသည်။ သူက ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။ "တောက်... ငါ့ကို လူစိတ်မရှိတဲ့ အကောင် တစ်ကောင်က စိုက်ကြည့်နေသလို ခံစားနေရတယ်။"
...
အပိုင်း(၁၆၇) “အနှိုင်းမဲ့”ဆိုတာ ဘာလဲ
မုန့်ချင်ကျိုးက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်တစ်ဖက်ကို ဟိုင်လန်ထျန်း၏ ဦးခေါင်းပေါ်တွင် တင်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"ကျိဝူရွှမ်ဆိုတာ အသုံးချခံ သက်သက်ပဲ။ မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ တိုက်ကွက်တွေ ရှိနေတာတောင် ဘာလို့ အသေအလဲ မတိုက်ရဲရတာလဲ။"
"မဟာကျင်းက တောရိုင်းမြေကို စည်းလုံးဖို့ ခြေလှမ်းပြင်တဲ့အခါ ဂိုဏ်းပေါင်း စုံမဟာမိတ်က အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်မယ့်အစား ကောင်းကင်ပြည်နယ် ကျိမိသားစုရဲ့ လက်ပါးစေ အဖြစ်ကိုပဲ ခံချင်ကြတာလာ။..."
"မဟာမိတ်ခေါင်းဆောင်ဟိုင်... ငါ့မေးတာဖြေ။"
သူ၏ စကားလုံးများမှာ ပုံမှန် စကားစမြည် ပြောနေသကဲ့သို့ တည်ငြိမ်အေးဆေး နေသော်လည်း ထိုအေးဆေးမှု အောက်တွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ စီးဆင်းနေသည်ကို ဟိုင်လန်ထျန်း ခံစားနေရ၏။
နှုတ်ခမ်းများ ဖြူဖျော့နေသော ဟိုင်လန်ထျန်းက မြေပြင်ပေါ်တွင် ဒူးထောက်လျက် သူ၏ ဦးခေါင်းကို ဖိနှိပ်ထားခြင်းကို ခံယူရင်း ခါးသီးစွာ ပြုံးလိုက်သည်။
"ငါတို့မှာ ရွေးချယ်စရာ မရှိလို့ပါ။"
“ကျိဝူရွှမ် ဆိုတာက ခန္ဓာကိုယ်အတုပဲ ရှိသေးတာ။ ငါ သူ့ကို အသေအလဲ တိုက်ပြီး သတ်နိုင်ခဲ့ရင်တောင် ဂိုဏ်းပေါင်း စုံမဟာမိတ်က အကုန်လုံး ပျက်စီးသွားလိမ့်မယ်။ တကယ်လို့ သူက ခန္ဓာကိုယ်အစစ်နဲ့ လာမယ်ဆိုရင်တော့ ငါ့အသက်နဲ့လဲပြီး သူ့ကို သတ်ဖို့ ကြိုးစားမှာပါ။ အဲဒီအခါကျမှ တခြား အင်အားစုတွေကို အပြစ်ပုံချလို့ ရမှာလေ။”
"နောင်အနာဂတ်မှာ ဂိုဏ်းပေါင်းစုံမဟာမိတ် ထွန်းကားမလား၊ ဆုတ်ယုတ်မလား ဆိုတာ ငါနဲ့ မဆိုင်တော့ဘူး။ ငါ့လက်ထက်မှာတော့ ဒီမဟာမိတ်အဖွဲ့ကြီး ပျက်စီးမသွားဖို့ပဲ ငါ လိုချင်တယ်။"
"ဘာလို့လဲဆိုတော့ ဒါက ငါ့အဖေ မကွယ်လွန်ခင် ငါ့ကို နောက်ဆုံး တောင်းဆိုခဲ့တဲ့ အရာ မို့လို့ပဲ..."
မုန့်ချင်ကျိုးက တည်ငြိမ်သော မျက်နှာထားဖြင့် တိတ်ဆိတ်နေသည်။
အတော်ကြာပြီးနောက်...
သူက နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ဖွင့်ကာ ဆိုလိုက်သည်။ "ငါက မဟာမိတ်ခေါင်းဆောင် ဟိုင်ကို ကြီးမြတ်တဲ့ တရားမျှတမှု ရှိတဲ့သူလို့ ထင်ထားခဲ့တာ။ ပုံစံနဲ့ နည်းလမ်းတွေက နည်းနည်း ရှေးရိုးစွဲ ဆန်ပေမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ် ရှိတယ်လို့ ထင်ခဲ့တာ။"
"အခုတော့ မင်းက စွမ်းအားပဲ ရှိပြီး စိတ်ဓာတ်မခိုင်မာတဲ့ လူဖျင်းတစ်ယောက်ပဲဆိုတာ သိလိုက်ရပြီ။ မင်းက ငါ့ရဲ့ လေးစားမှုကို ခံယူဖို့ မထိုက်တန်ဘူး။"
"မင်းအဖေ မှာခဲ့တဲ့ ကိစ္စတွေ ဂိုဏ်းပေါင်းစုံမဟာမိတ် ဆက်တည်တံ့ဖို့ ဆိုတာတွေက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါက မင်းကို သနားမယ် ဒါမှမဟုတ် ကိုယ်ချင်းစာမယ်လို့ မင်း ထင်နေတာလား..."
မုန့်ချင်ကျိုးက လက်ငါးချောင်းကို ဖြည်းဖြည်းချင်း အားထည့်လိုက်ရာ သူ၏ လက်ချောင်းထိပ်များမှ ချွန်ထက်သော ဓားအသိများ ထွက်ပေါ်လာပြီး ဟိုင်လန်ထျန်း၏ ပိုင်ဟွေး အပ်စိုက်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးဖောက်ကာ ဝိညာဉ်ပင်လယ်နှင့် ဝိညာဉ် ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးပစ်လိုက်တော့သည်။
ဟိုင်လန်ထျန်း၏နဖူးမှ သွေးများ စီးကျလာပြီး သူ၏ မျက်နှာထားမှာ နာကျင်မှုကြောင့် ရက်စက်ကြမ်းကြုတ်သော ပုံစံသို့ ပြောင်းလဲသွားသည်။ သူက အကြိမ်ကြိမ် ခုခံရန် ကြိုးစားသော်လည်း အချိန်-နေရာလွတ်စည်းမျဉ်းများ၏ ချုပ်နှောင်မှုကို ခံထားရသည်။
"မမေ့နဲ့ဦး။ မင်း ပြောခဲ့တယ်နော်။ ဂိုဏ်းပေါင်းစုံမဟာမိတ်က အနိုင်ရစေရမယ်လို့..." သေအံ့ဆဲဆဲ အချိန်တွင် ဟိုင်လန်ထျန်းက ကျိဝူရွှမ်ကို သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် ကြည့်ကာ အက်ရှရှ အသံဖြင့် ပြောလိုက်သည်။
ဂွက်...
အရိုးကျိုးသံ တစ်ချက်နှင့်အတူ ဟိုင်လန်ထျန်း၏ ဝိညာဉ်ခန္ဓာကိုယ်မှာ အက်ကွဲသွားပြီး သူ၏ သက်စောင့်အားမှာ လုံးဝ ပြတ်တောက်သွားတော့သည်။
တစ်ခေတ်တစ်ခါက ခေါင်းဆောင်တစ်ဦး၊ တောရိုင်းမြေကို စည်းလုံးရန် ရည်မှန်းချက် ကြီးမားခဲ့သော စွမ်းအားကြီး အုပ်ချုပ်သူတစ်ဦးမှာ ဒူးထောက်လျက် ကျဆုံးသွားလေပြီ။
မုန့်ချင်ကျိုးက လက်ချောင်းမှ သွေးများကို သုတ်လိုက်ကာ အေးစက်စွာ ဆိုလိုက်သည်။
"ဆက်တိုက်ကြတာပေါ့။ သတိပေးလိုက်မယ်။ ဒီတစ်ခါတော့ ငါ ဘယ်သူ့ကိုမှ မညှာဘူး။ လာသမျှ အကုန်လုံး အသေပဲ..."
"ဂိုဏ်းပေါင်းစုံမဟာမိတ်ရဲ့ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတွေ အကုန်လုံး ပြုတ်သွားတဲ့အထိ ငါ ရှင်းပစ်မယ်..."
"ဒါပေမဲ့ လက်နက်ချချင်တဲ့သူ ရှိရင်တော့ အချိန်မရွေး ကြိုဆိုတယ်။"
မုန့်ချင်ကျိုး တလျှောက်လုံး တည်ငြိမ်အေးဆေးနေပြီး ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ပိုင်း ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ရသည်မှာ ကြက်တစ်ကောင်ကို သတ်ရသလို လွယ်ကူနေပုံရသည်။
မျက်စိတစ်မှိတ်အတွင်း မြောက်ဘက် ဆီးနှင်းပြင် တစ်ခုလုံး တိတ်ဆိတ်သွားပြီး၊ လေပြင်းများနှင့် ဆီးနှင်းများ၏ အသံသာ ကျန်ရှိတော့သည်။
မျက်စိကို အနက်ရောင် ပိုးပုဝါဖြင့် စည်းထားသော လူငယ်လေးက နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀၀)ကျော်ကို ရင်ဆိုင်ကာ တိတ်ဆိတ်စွာ ရပ်နေသော်လည်း တစ်ဦးတစ်ယောက်မျှ ရှေ့ထွက်ကာ စိန်ခေါ်မှုကို လက်မခံဝံ့ကြပေ။
အနှိုင်းမဲ့ခြင်း...
တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ အနေအထားပဲ...
လူများစွာက စိတ်ထဲမှ ရေရွတ်နေမိကြသည်။ "ဒီလိုမျိုးမှ ငယ်ရွယ်တဲ့ ဧကရာဇ်တစ်ပါးမှာ ရှိသင့်တဲ့ သူရဲကောင်း အရှိန်အဝါမျိုး..."
မြောက်ဘက်ဒေသရှိ အင်အားစုအသီးသီးမှ အဆင့်မြင့် အရာရှိများမှာ ဆွံ့အကုန်သည်။ အချို့သော အစွမ်းထက် ပုဂ္ဂိုလ်များမှာ တိုးတိုးလေး ရေရွတ်နေကြသည်။ "ကောင်းကင်အောက် အနှိုင်းမဲ့ ဆိုတာ ကြွေးကြော်သံ သက်သက် မဟုတ်ဘဲ တကယ် ဖြစ်နေတာကိုး။"
"မောက်မာလှချေလား..."
အနက်ရောင် ဝတ်ရုံခြုံထားသော လူတစ်ဦးက ဟွန်ယွမ် တုတ်ကောက်ကို ပုခုံးပေါ် ထမ်းကာ ရှေ့သို့ တက်လာသည်။ သူ၏ မျက်လုံးများမှာ တစ်ဖက်က အမည်း၊ တစ်ဖက်က အဖြူရောင် ဖြစ်နေပြီး ပြင်းထန်သော အရှိန်အဝါများ တောက်လောင်နေသည်။
"ငါက ကောင်းကင်ပြည်နယ် ကျိမိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀)က တောရိုင်းမြေမှာ ပုန်းအောင်းနေခဲ့တဲ့ နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူပဲ။ တစ်ခါက တိုက်ပွဲတစ်ခုတည်းမှာပဲ တူညီတဲ့ နယ်ပယ်က ကျင့်ကြံသူ ဆယ်ယောက်ကို သတ်ခဲ့ဖူးတယ်..."
"ငါ့မှာ နောက်ထပ် ဘွဲ့နာမည်တစ်ခု ရှိသေးတယ်။ ကောင်းကင်ယံအလွန် ဗိုလ်ချုပ်ကြီး ဆိုတာပဲ။ မင်းသတ်လိုက်တဲ့ ယင်ယန်အကြီးအကဲဆိုတာ ဒု-ဗိုလ်ချုပ်ကြီးပဲ ရှိသေးတာ..."
ထိုလူ၏ အရှိန်အဝါမှာ အလွန်ပင် မောက်မာလွန်းလှပြီး ထိတ်လန့်ဖွယ် ကောင်းလှသည်။ သူ၏ အမည်းနှင့် အဖြူရောင် မျက်လုံးအစုံမှ ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခု ထွက်ပေါ်လာကာ တစ်လှည့်စီ အေးစက်လိုက်၊ ပူလောင်လိုက် ဖြစ်နေသဖြင့် တာအို စည်းမျဉ်းများပင် တုန်လှုပ်နေရသည်။
"သူက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက ထျန်းကျိုးမှာ နာမည်ကျော်ခဲ့တဲ့ လျန်ရှင်း မဟုတ်လား။ အဆင့်တူနယ်ပယ်ထဲမှာ အသန်မာဆုံးလို့ သိကြတဲ့သူလေ..." ဂိုဏ်းပေါင်းစုံမဟာမိတ်မှ တစ်ဦးက အော်ဟစ်လိုက်သည်။
"လျန်ရှင်း ဟုတ်လား။ ကမ္ဘာငယ်လေး နှစ်ခုကို ကျင့်ကြံပြီး သူ့မျက်လုံးထဲ ထည့်ထားတဲ့ သူလား။ သူ အသက်ရှင်နေသေးတာလား..."
"ဒါပေမဲ့ သူက ကောင်းကင်ကို ဖောက်ထွက်နိုင်မယ့် အခွင့်အရေးတွေ အများကြီး ရခဲ့တာကို ဘာလို့ နှစ်ပေါင်းရာချီ ကြာတဲ့အထိ နယ်ပယ်က မတိုးတက်တဲ့အပြင် ကျိမိသားစုရဲ့ အစေခံ ဖြစ်နေရတာလဲ။"
"ဘာပဲဖြစ်ဖြစ်... ဒီလူရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို ကြောက်စရာ ကောင်းတယ်။ ဟိုင်လန်ထျန်းထက် တစ်ဆင့်ပဲ နိမ့်တာ။"
…
...
လျန်ရှင်း ဟိန်းဟောက်လိုက်ရာ သူ၏ မျက်လုံးများမှ အနှိုင်းမဲ့ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်လာသည်။ သူက ဟွန်ယွမ် တုတ်ကောက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ မုန့်ချင်ကျိုး၏ ဦးခေါင်းကို ရက်စက်စွာ ရိုက်ချလိုက်သည်။
ကောင်းကင်ယံမှ ကြယ်တာရာများ မှေးမှိန်သွားပြီး တာအိုပေါင်း သုံးထောင်လုံးမှာ ဖိနှိပ်ခံလိုက်ရသလို ခံစားရသည်။
အချို့သော ကျွမ်းကျင်သူများမှာ တုတ်ကောက်၏ လေပွေဒဏ်ကို အနည်းငယ် ထိမိရုံနှင့်ပင် သူတို့၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်များမှာ ပြာအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့၏ တာအိုများပင် အပြတ်ဖြတ်ခံလိုက်ရ၏။
သို့သော်။
ထိုကမ္ဘာပျက်မည့် တိုက်ကွက်မှာ မုန့်ချင်ကျိုး၏ ဦးခေါင်းပေါ်သို့ ကျရောက်ခါနီးမှာပင်...
မုန့်ချင်ကျိုးက လက်ညှိုးကို ဖြည်းဖြည်းချင်းမြှောက်ကာ ဟင်းလင်းပြင်ကို အသာအယာ တို့လိုက်သည်။ ရေပြင်ပေါ်တွင် ပုစဉ်းရင်ကွဲလေး တစ်ကောင် နားလိုက်သကဲ့သို့ပင်။
ဝုန်း...
သူ၏ လက်ချောင်းထိပ်မှ မီးခိုးရောင် အလင်းတန်းများ ပျံ့နှံ့သွားရာ ရေထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်များမှာ အပြင်ဘက်သို့ စီးဆင်းသွားပြီး လျန်ရှင်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတော့သည်။
"အလကားပဲ..." လျန်ရှင်းက နောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ မိမိကိုယ်ကိုယ် ပြန်စစ်ဆေးကြည့်သော်လည်း ထူးခြားမှု မရှိသဖြင့် လှောင်ပြောင်လိုက်သည်။
သို့သော် လျန်ရှင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူ၏ ဒူးခေါင်းဆစ်များမှ ကျိုးပဲ့သံကြီး ထွက်ပေါ်လာသည်။ သူ၏ ခြေထောက်များမှာ ညှိုးနွမ်းနေသော အရိုးစုများအဖြစ် ပြောင်းလဲသွားပြီး လှုပ်ရှားလိုက်သည်နှင့် ကျိုးထွက်သွားတော့သည်။
လျန်ရှင်းက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ၏ ပါးစပ်မှာ လေများ ထွက်နေပြီး စကားပြောမရတော့ပေ။ လက်များကို ကြည့်လိုက်သော အခါတွင်လည်း အသားမရှိတော့ဘဲ ဖြူဆွတ်နေသော အရိုးများအဖြစ် ပြောင်းလဲနေလေပြီ။
သူ တစ်စုံတစ်ခု မတုံ့ပြန်နိုင်ခင်မှာပင် မြင်ကွင်းများ စောင်းသွားပြီး ဟန်ချက်ပျက်ကာ မြေပေါ်သို့ လဲကျသွားတော့သည်။
ဝုန်း...
အရိုးပုံကြီးအဖြစ် ကြေမွသွားသည်ကို လူတိုင်း ထိတ်လန့်စွာ ကြည့်နေကြသည်။
“နောက်တစ်ယောက်…” မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။
သူ၏ ပုစဉ်းရင်းကွဲတေတသံဓားမှာ မြေကြီးထဲတွင် စိုက်လျက်သား ရှိနေဆဲ ဖြစ်ပြီး လက်ကို နောက်ပစ်ကာ မတုန်မလှုပ် ရပ်နေဆဲပင်။ တကယ့်ကို အနှိုင်းမဲ့ စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင်။
မလှုပ်မယှက် ရပ်နေရုံနှင့်ပင် လူအုပ်ကြီးကို ထိတ်လန့်စေခဲ့ပြီး အစွမ်းထက်သော နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူများပင် တိတ်ဆိတ်ကုန်ကြသည်။
အနှိုင်းမဲ့ ဆိုတာ ဘာလဲ...
ဒါပဲ...
လက်ဝါးတစ်ချက်တည်းနဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်နီးပါး ကျွမ်းကျင်သူကို သတ်တယ်။ လက်ညှိုးတစ်ချောင်းနဲ့ နံနက်ခင်းအလင်းနယ်ပယ်ကို အပြတ်ရှင်းတယ်။ ဓားသမား တစ်ယောက်က ဓားမပါဘဲနဲ့တောင် အနှိုင်းမဲ့နေတယ်...
ထိုအချိန်တွင် ဂိုဏ်းပေါင်းစုံမဟာမိတ်မှ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာမှာ ဆက်လုပ်ရန် တုံ့ဆိုင်းသွားကြသည်။
မည်သူမှ မသေချင်ကြသလို အဓိပ္ပာယ်မဲ့စွာလည်း မသေချင်ကြပေ။ မုန့်ချင်ကျိုး၏ လက်ထဲတွင် အစွမ်းကုန် ကြိုးစားတိုက်ခိုက်သော်လည်း ဒဏ်ရာ အနည်းငယ်မျှပင် မပေးနိုင်ဘဲ သေဆုံးရခြင်းက အဓိပ္ပာယ်မဲ့လွန်းလှသည်။
“မုန့်ချင်ကျိုး......” ကျိဝူရွှမ်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ခါမှ မဖြစ်ဖူးအောင် ဟန်ပျက် နေလေပြီ။
"မုန့်ချင်ကျိုးကို သတ်နိုင်တဲ့သူက နောက်ထပ် မဟာမိတ်ခေါင်းဆောင် ဖြစ်လိမ့်မယ်။ ငါကိုယ်တိုင်လည်း သူ့ကို ရာထူးတက်ဖို့ ကူညီပေးမယ်..."
ကြီးမားသော ဆုလာဘ်ရှိရာတွင် ရဲရင့်သောသူများ ပေါ်လာမြဲပင်။
မကြာမီမှာပင် အစွမ်းထက်သော နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ အနည်းငယ် ထပ်မံ ပေါ်ထွက်လာသော်လည်း တိုက်ကွက် အနည်းငယ်အတွင်း အလောင်းများစွာ မြေပြင်ပေါ်တွင် ထပ်မံ လဲလျောင်းသွားပြန်သည်။
"နောက်တစ်ယောက်…" မုန့်ချင်ကျိုးမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ အနက်ရောင် ဝတ်စုံမှာ လေထဲတွင် လွင့်ဝဲနေကာ သူ၏ အပြုံးမှာ အေးစက်လွန်းလှ၏။
...