← Chapters

အခန်း (၁၆၈-၁၇၀)

Vol. 12 Ch. 168-170

အခန်း (၁၆၈-၁၇၀)

Vol. 12 Ch. 168-170

အပိုင်း(၁၆၈) အသက်နှင့်လဲသောဓားချက်ဖြင့် ဓားသူတော်စင်ထံမှ လမ်းညွှန်မှု တောင်းခံခြင်း

နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းသို့ တက်လှမ်းနိုင်ခဲ့ခြင်းက မုန့်ချင်ကျိုးအတွက် အကြီးမားဆုံးသော ရလဒ်မှာ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာခြင်း မဟုတ်ဘဲ၊ အချိန်-နေရာလွတ်တာအိုအပေါ် ပိုမိုနက်ရှိုင်းစွာ နားလည် သဘောပေါက်လာခြင်းပင် ဖြစ်သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ကျော်လွန်သွားသော ကျင့်ကြံသူတစ်ဦး၏ အထင်ရှားဆုံးသော လက္ခဏာမှာ စွမ်းအင်များကို အတွင်းသို့ စီးဆင်းစေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တာအိုက ကောင်းကင်နှင့် မြေကြီးကြားမှ မိမိကိုယ်ကို ပွေ့ဖက်ထားကာ ပြင်ပရှိ စိတ်ဝိညာဉ်ချီစွမ်းအင်များကို ဆွဲယူပြီး အတွင်းကမ္ဘာကို ပျိုးထောင်ပေးခြင်းဖြင့် ကိုယ်ပိုင်ကမ္ဘာငယ်လေး တစ်ခုကို တည်ဆောက်ကာ အတွင်းပိုင်း သံသရာအဖြစ် ပြောင်းလဲသွားစေသည်။

မုန့်ချင်ကျိုး၏ အချိန်-နေရာလွတ်တာအိုမှာ ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သမိုင်းတစ်လျှောက်တွင်လည်း သူတစ်ဦးတည်းသာ ဤတာအိုကို ကိုင်စွဲထားနိုင်သဖြင့် အခြားသော တာအိုကြီးများ၏ ကောင်းကင်ထောက်တိုင်နယ်ပယ်နီးပါး အဆင့်နှင့် နှိုင်းယှဉ်နိုင်၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ယခုအချိန်၌ မုန့်ချင်ကျိုးသည် နံနက်ခင်းအလင်းနယ်ပယ် အဆင့်မြင့်အဆင့်သာ ရှိပုံရသော်လည်း လက်တွေ့တွင်မူ ကောင်းကင်ထောက်တိုင် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် စံနှုန်းမျိုး ရှိနေခြင်းပင်။

အချိန်-နေရာလွတ်တာအိုကို အသုံးပြုပုံမှာလည်း တာအိုစွမ်းအင်ကို ပြင်ပသို့ ထုတ်လွှတ်ခြင်းမှ မိမိကိုယ်ကို ပြန်လည်ပျိုးထောင်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ ဥပမာ [ အချိန်-နေရာလွတ် - သမုဒ္ဒရာလှိုင်း ] သည် အချိန်-နေရာလွတ်မြစ်၏ အစိတ်အပိုင်းတစ်ခုကို ဓားအဖြစ် တိုက်ရိုက်အသုံးပြုကာ ရန်သူကို ချေမှုန်းခြင်း ဖြစ်သည်။ အတွင်းပိုင်းကို ပျိုးထောင်ပြီးနောက်တွင်မူ အချိန်-နေရာလွတ်တာအိုကို မိမိကိုယ်ကိုယ်၌ အသုံးချကာ ခန္ဓာကိုယ်ကို အချိန်-နေရာလွတ်မြစ်နှင့် တဖြည်းဖြည်း တစ်သားတည်း ဖြစ်သွားစေသည်။

ဒါပေမဲ့ နောက်ဆုံးတော့ ဒါက တကယ့် အမာခံ မဟုတ်သေးဘူး။ အားနည်းချက်တွေ များလွန်းတယ်။ ဒီလိုပဲ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတွေရဲ့ အသက်တွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ဖြည့်ဆည်းနေရရင်... မကြာခင် ကျိဝူရွှမ်က ဟာကွက်ကို ရှာတွေ့သွားလိမ့်မယ်။

အခု အခြေအနေက မသေနိုင်၊ မပျက်စီးနိုင်ဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ဒါက မှန်ထဲကပန်း၊ ရေထဲကလ လိုမျိုးပဲ။ လှပပေမဲ့ တကယ့်အစစ်အမှန် မဟုတ်ဘဲ ဝေဝါးနေတုန်းပဲ။

တကယ်လို့ အကြိမ်ပေါင်းများစွာ အသတ်ခံရရင် ဒါမှမဟုတ် ပေးဆပ်ရတဲ့ တန်ဖိုးက များလွန်းသွားရင် [ အချိန်-နေရာလွတ် - တာအိုအစုံ အစအဆုံး ] ကို ဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။”

ကျိဝူရွှမ်သာ ဉာဏ်ကောင်းမယ်ဆိုရင် ငါနဲ့ အချိန်-နေရာလွတ် တာအိုစည်းမျဉ်းတွေ ကြားက ချိတ်ဆက်မှုကို ဖြတ်တောက်ဖို့ နည်းလမ်း ရှာတွေ့သွားနိုင်တယ်။ အဲဒါဆို ငါ့ရဲ့ မသေနိုင်တဲ့ အစွမ်းက ပျက်စီးသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါက တကယ့် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျွမ်းကျင်သူ မဟုတ်သေးသလို အချိန်-နေရာလွတ် တာအိုကိုလည်း ငါ့ကိုယ်ထဲမှာ အပြည့်အဝ ပေါင်းစပ်နိုင်ခြင်း မရှိသေးဘူးလေ။

မုန့်ချင်ကျိုးက လက်နှစ်ဖက်ကို ဘေးသို့ချကာ ရပ်နေပြီး သူ၏ ခန္ဓာကိုယ်မှာ နတ်ဘုရားလှံ တစ်စင်းကဲ့သို့ မတ်မတ်ရှိနေသည်။ သူ၏ ရှည်လျားသော အနက်ရောင် ဆံပင်ကြီးများမှာ လေထဲတွင် လွင့်ဝဲနေပြီး ဝတ်စုံမှာလည်း တဖျပ်ဖျပ် လှုပ်ခတ်နေကာ ရောက်ရှိနေသော သူရဲကောင်းအားလုံးကို အထင်သေးနေသည့် အနှိုင်းမဲ့ အရှိန်အဝါမျိုး ထွက်ပေါ်နေ၏။

သို့သော် ကောင်းကင်အောက် အနှိုင်းမဲ့ ဆိုသည်မှာ တစ်ဦးချင်း တိုက်ခိုက်ခြင်းကို ဆိုလိုခြင်းဖြစ်ပြီး အခုလို နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀၀)ကို တစ်ဦးတည်း ရင်ဆိုင်ရမည့် အခြေအနေမျိုး မဟုတ်သည်ကို သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။

ငါ လုပ်နိုင်ပါ့မလား။

ရှေးခေတ်ကနေ ဒဏ္ဍာရီခေတ်၊ နတ်ဘုရားခေတ်တွေအထိ... ဘယ်သူမဆို ဒီလိုမျိုး အောင်မြင်မှုကို ရယူနိုင်ခဲ့ဖူးလား...

ပထမဆုံး လူသားဧကရာဇ်၊ ကောင်းကင်ကြည့်ဆောင် တည်ထောင်သူ၊ ကောင်းကင်ပြည်နယ် ကျိမိသားစုရဲ့ ဘိုးဘေးတွေ၊ ဒါမှမဟုတ် သေသွားပြီဖြစ်တဲ့ ကျောက်ကော်တောင်မှ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး...”

“မဟုတ်ဘူး... ပထမဆုံးလူသားဧကရာဇ် ဆိုရင်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်လိမ့်မယ်။”

မုန့်ချင်ကျိုး၏ အသက်ရှူသံမှာ တည်ငြိမ်နေသည်။ သူ၏ လက်ညှိုးနှစ်ချောင်းတွင် ယခင် စိန်ခေါ်သူ၏ ဦးခေါင်းခွံကို ထိုးဖောက်စဉ်က စွန်းထင်ခဲ့သော သွေးများ စီးကျနေဆဲ ဖြစ်သည်။

ထိုစဉ်…

မြောက်ဘက် ဆီးနှင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အကြီးအကဲများမှာ မျက်လုံးအပြူးသားဖြင့် တံတွေးကို ခက်ခက်ခဲခဲ မျိုချနေကြပြီး နေ့ခင်းကြောင်တောင် သရဲမြင်လိုက်ရသကဲ့သို့ မယုံနိုင်အောင် ဖြစ်နေကြသည်။

နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀၀) ရောက်ရှိလာခြင်းက အစပိုင်းတွင် အောင်ပွဲရမည်ဟု ယုံကြည်ချက် ပေးခဲ့သော်လည်း၊ ယခုမူ ထိုယုံကြည်ချက်များမှာ ပျောက်ကွယ်သွားလေပြီ။

မရေမတွက်နိုင်သော မျက်လုံးများမှာ ကွင်းလယ်ရှိ လျှို့ဝှက်ဆန်းပြားသော လူငယ်လေး ထံသို့ စိုက်ကြည့်နေကြသည်။ သူ၏ အနက်ရောင် ဝတ်စုံမှာ လွင့်ဝဲနေပြီး သတ်ဖြတ်လိုသော အရှိန်အဝါများမှာလည်း သိသာလွန်းလှသည်။ ထိုဓားသမားက ဓားမပါဘဲနှင့်ပင် အနှိုင်းမဲ့နေ၏။

ထိုအနက်ရောင်ဝတ် လူငယ်လေး၏ ခြေရင်းတွင် အလောင်း ဒါဇင်ဝက်ခန့် လဲလျောင်းနေပြီး ထိုသူများမှာ တောရိုင်းမြေတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူကြီးများ ဖြစ်ကြသည်။

"သူက ကောင်းကင်ကို ဖောက်ထွက်နိုင်ခဲ့တာ အသိအသာပဲ။ ဒါပေမဲ့ ဘာလို့ အင်အားကြီးတဲ့ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတွေက သူ့လက်ထဲမှာ ကြက်ကလေး၊ ခွေးကလေးတွေလို ဖြစ်နေရတာလဲ။ မဟာမိတ်ခေါင်းဆောင်ဟိုင်က လွဲပြီးတော့ ကျန်တဲ့သူတွေက တိုက်ကွက် သုံးကွက်တောင် မခံဘူး..."

"ကောင်းကင်ထောက်တိုင်နယ်ပယ် ... ဒီနယ်ပယ်ကို တောရိုင်းမြေမှာ မရောက်ရှိနိုင်ခဲ့တာ နှစ်ပေါင်း(၈၀၀) ရှိနေပြီ။ မုန့်ချင်ကျိုးက ပထမဆုံးလူ ဖြစ်လာတော့မှာလာ။..."

"ဘယ်သူက သူ့ကို အနိုင်ယူနိုင်မှာလဲ။ အဲဒီပေါ်ကို တက်သွားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ..."

"မုန့်ချင်ကျိုးရဲ့ အနှိုင်းမဲ့ အရှိန်အဝါက ခိုင်မာနေပြီ။ ဘယ်သူမှ သူ့ကို တားလို့ မရတော့ဘူး။ ဒီတိုက်ပွဲမှာ သူရှုံးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလား။ ဂိုဏ်းပေါင်းစုံ မဟာမိတ်က ရှိသမျှအကုန် ပုံအောထားပြီး ကောင်းကင်ပြည်နယ် ကျိမိသားစုနဲ့ ပူးပေါင်းထားတာတောင်... နောက်ဆုံးတော့ ဆိုးဆိုးရွားရွား ရှုံးနိမ့်ဖို့ပဲ ကံပါလာတာလား။"

“မဟာကျင်းကတော့ တကယ် ကံကောင်းတာပဲ။ ဒီလိုမျိုး ရှားပါးပါရမီရှင် တစ်ယောက်က သူ့ကို အလုပ်အကျွေးပြုဖို့ လိုလိုလားလား ရှိနေတာကိုး။”

ကျိဝူရွှမ်၏ အကြည့်များမှာ တည်ကြည်သွားပြီး အထင်သေးသော အမူအရာများ မရှိတော့ပေ။ သူက သူ့အနားမှ လူတစ်ယောက်ကို ခြေထောက်နှင့် ကန်ထုတ်ကာ မတ်တတ်ရပ်လိုက်ပြီး မုန့်ချင်ကျိုးကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

ကျိဝူရွှမ်က ဆိုသည်။

"မုန့်ချင်ကျိုး... မင်းက ငါတွေ့ဖူးသမျှထဲမှာ ပါရမီအရှိဆုံး လူငယ်တစ်ယောက်ဆိုတာ ငါ ဝန်ခံရပါမယ်။ မင်းရဲ့ ရွယ်တူတွေထဲမှာ တောရိုင်းမြေမှာပဲဖြစ်ဖြစ်၊ ကောင်းကင်ပြည်နယ် မှာပဲဖြစ်ဖြစ် မင်းကို ကျော်ဖြတ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။"

"ဒါပေမဲ့ အဲဒီထဲမှာ ငါတော့ မပါဘူး။ ဘာလို့လဲဆိုတော့ ငါက ပြိုင်ဘက်ကင်းတဲ့ ဒဏ္ဍာရီ တစ်ခုကို တည်ဆောက်မယ့်သူမို့လို့ပဲ။"

"မင်းကို ငါ့နောက် လိုက်ဖို့ အခွင့်အရေး ပေးမယ်။ မင်း တခြားလူတွေဆီက ငါ့အကြောင်း ကြားဖူးကောင်း ကြားဖူးလိမ့်မယ်၊ ငါက ငါ့နောက်လိုက်တွေကို အမြတ်ထုတ် တတ်တယ်လို့ ထင်နေမှာပဲ။ ဒါပေမဲ့ ငါ အာမခံနိုင်တာကတော့..."

"မင်းသာ ငါ့နောက် လိုက်မယ်ဆိုရင် မင်းရဲ့ ရပိုင်ခွင့်တွေကို ငါ လုံးဝ မထိဘူး။ လာပါ။ ငါတို့ အတူတူ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုကို ဖန်တီးကြတာပေါ့။"

ကျိဝူရွှမ်က အနာဂတ်ကို စိတ်ကူးယဉ်ရင်း အသံမှာ ပို၍ပို၍ ကျယ်လောင်လာကာ သူ၏ မျက်နှာမှာ ရူးသွပ်မှုကြောင့် တွန့်ကွေးသွားကာ ရူးရူးမူးမူး ရယ်မောလိုက်တော့သည်။

သူနှင့်အတူ လိုက်ပါလာသော နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ဒါဇင်ပေါင်း များစွာမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့က ကျိဝူရွှမ် အနောက်ကို လိုက်ပါလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် သူ၏ စရိုက်ကို ကောင်းကောင်း သိကြသည်။ သူက သူ့ရွယ်တူတစ်ယောက်အပေါ် ပထမဆုံးအကြိမ် စေတနာထားပြခြင်း ဖြစ်ပြီး အလေးအနက်ထား ဆက်ဆံကာ စကားလုံးများထဲတွင်ပင် အပြန်အလှန် လေးစားမှု အရိပ်အယောင်များ ပါဝင်နေ၏။

ဒါက တကယ့်ကို မယုံနိုင်စရာပဲ…

တကယ်လို့ ကျိဝူရွှမ်ရဲ့ ဒီစကားတွေသာ ကောင်းကင်ပြည်နယ်ကို ပျံ့သွားမယ်ဆိုရင် လှုပ်ခတ်မှုတွေ အကြီးကြီး ဖြစ်သွားမှာပဲ။ အဲဒီက ပါရမီရှင်တွေတော့ ဒါကို ရယ်စရာ တစ်ခုလို့ပဲ ထင်ကြလိမ့်မှာ။

မုန့်ချင်ကျိုးက သူ့ကို ဂရုမစိုက်ဘဲ အေးစက်စွာ ဆိုလိုက်သည်။ "ထပ်လာခဲ့။ နောက်ထပ် ဘယ်သူက သေဖို့ ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာဦးမလဲ။"

ထိုစကားကို ကြားသောအခါ ကျိဝူရွှမ်၏ ရယ်သံမှာ ရပ်တန့်သွားပြီး သူ၏ အကြည့်များ အေးစက်သွားကာ ဆိုသည်။

"မင်းက တကယ်ပဲ ငါ့ရဲ့ စေတနာကို ဆန့်ကျင်မှာလား။"

"သတိပေးလိုက်မယ်။ မင်းက ငါ့ဘဝမှာ ငါနဲ့အတူ လျှောက်လှမ်းဖို့ အရည်အချင်း ရှိတယ်လို့ ငါခံစားရတဲ့ တစ်ဦးတည်းသောသူပဲ။"

"တကယ်လို့ ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် နောင်ကျရင် ငါတို့က ရန်သူတွေပဲ ဖြစ်လိမ့်မယ်။"

မုန့်ချင်ကျိုး၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူက တည်ငြိမ်စွာပင် ဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ။"

"ပြီးတော့ မင်း စကားတွေ အရမ်းများနေပြီ။ ဘယ်သူမှ စင်ပေါ် တက်မလာရဲဘူးဆိုရင် မင်းကိုယ်တိုင်ပဲ လာလိုက်ပါလား။"

ကျိဝူရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ချက်ချင်းဆိုသလိုပင် သူ၏ အနောက်တွင် ရပ်နေသော နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူများ၏ မျက်လုံးများတွင် သေချင်စိတ်များ ပြည့်နှက်သွားသည်။ သူတို့က ကျိဝူရွှမ်ထံမှ အမိန့်ရရှိထားပြီး ဖြစ်သည်။ မိမိတို့၏ အသက်နှင့်လဲ၍ မုန့်ချင်ကျိုး၏ အင်အားကို လျှော့ချရန်ပင်။

လက်ရှိ အခြေအနေအရ သူ၏ မူလခန္ဓာကိုယ် မရှိဘဲ ခန္ဓာကိုယ်အတုနှင့်သာ ဆိုလျှင် ကျိဝူရွှမ်က မုန့်ချင်ကျိုးကို အနိုင်ယူနိုင်ရန် ရာနှုန်းပြည့် ယုံကြည်ချက် မရှိပေ။

ရာနှုန်းပြည့်တော့ မဟုတ်ပေ။ ၉၈%ခန့်သာ။

သို့သော် ကျိဝူရွှမ်က မိမိကိုယ်မိမိ တစ်ကြိမ်တစ်ခါမျှ အရှုံးမခံနိုင်သဖြင့် အလွန်ပင် သတိကြီးစွာ ထားနေခြင်း ဖြစ်သည်။

"ကောင်းကင်ပြည်နယ် ကျိမိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲ၊ လီချီဟန်၊ နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်း ဓားသမားတစ်ယောက်က အချိန်-နေရာလွတ် ဓားသူတော်စင်ကို ဂါရဝပြုပါတယ်။" လူငယ်တစ်ဦး ရှေ့သို့ တိုးလာကာ ရိုသေစွာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ "လမ်းညွှန်ပေးပါဦး ဓားသူတော်စင်။"

ပြောနေစဉ်မှာပင် လီချီဟန်က ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး၊ သူ၏ ဗလာလက်နှစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ပြင်းထန်စွာ ဆွဲယူလိုက်ရာ ကောင်းကင် တစ်ခုလုံးမှာ တွန့်လိမ် ရှုပ်ထွေးသွားတော့သည်။

ပေပေါင်း သောင်းနှင့်ချီ ရှည်လျားသော ဧရာမ ဓားကြီးတစ်စင်းမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ဆင်းသက်လာသည်။ ထိုဓားကြီး၏ အရိပ်တစ်ခုတည်းကပင် မြောက်ဘက်ဒေသ၏ တဝက်ခန့်ကို ဖုံးလွှမ်းသွားစေသည်...

"ကျွန်တော့်ဘဝရဲ့ အသန်မာဆုံး တိုက်ကွက်နဲ့ ဒီခေတ်ရဲ့ အသန်မာဆုံး ဓားသမားကို စိန်ခေါ်ပါရစေ..."

လီချီဟန်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီးနောက် သူ၏ အနှစ်သာရနှင့် သွေးအားလုံးကို လောင်မြိုက်စေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ တစ်ကိုယ်လုံး အရေပြားနှင့် အရိုးသာ ကျန်တော့သည်အထိ ခန်းခြောက် သွားတော့သည်။ သူ၏ ဝိညာဉ်ကိုပင် စတေးလိုက်သဖြင့် ဝိညာဉ် အလင်းရောင်မှာ မှေးမှိန်သွားခဲ့သည်။

ဘုန်း...

ကောင်းကင်ယံရှိ ဧရာမ ဓားကြီးမှာ နှစ်စင်း၊ သုံးစင်း၊ လေးစင်း... ၁၀စင်း... အစင်း ၁၀၀... အဖြစ် ကွဲထွက်သွားတော့သည်။

ပေပေါင်း တစ်သောင်းစီ ရှည်လျားသော ဧရာမ ဓားကြီး (၃၀၀)မှာ ကမ္ဘာပျက်မည့် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ ဤထိတ်လန့်ဖွယ် မြင်ကွင်းကို မိုင်ပေါင်းများစွာ ဝေးကွာသော မဟာကျင်းရှိ လူများပင် မြင်တွေ့နေရပြီး အကြောင်းပြချက်မရှိဘဲ ထိတ်လန့်တုန်လှုပ်နေကြသည်။

"အသက်ကို ရင်းပြီး တိုက်ခိုက်တဲ့ ဓားချက်လား။"

မုန့်ချင်ကျိုး မော့ကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။ "ဓားသမား လီချီဟန်... မင်းက ငါ့ရဲ့ ဓားကို ဆွဲထုတ်ဖို့ ထိုက်တန်တဲ့သူပဲ။"

ပြောပြီးသည်နှင့် ပုစဉ်းရင်ကွဲတေးသံဓားက ဓားအိမ်ထဲမှ သူ့အလိုလို ထွက်ပေါ်လာပြီး ဘေးတိုက် တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ရိုးရှင်းသော ဝှေ့ယမ်းမှု တစ်ချက်တည်းနှင့်ပင် ဟင်းလင်းပြင်ကြီးမှာ အေးခဲသွားပြီး ထို့နောက် ပေပေါင်း တစ်သောင်းစီ ရှည်လျားသော ဧရာမ ဓားကြီး (၃၀၀)မှာလည်း တစ်စင်းပြီးတစ်စင်း ကြေမွပျက်စီးကာ မီးခိုးငွေ့များအဖြစ် ပြန့်လွင့်သွားတော့သည်။

ပုစဉ်းရင်ကွဲတေးသံဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည့် ခဏမှာပင် ဓားသမား လီချီဟန်က မြေပြင်ပေါ် တင်ပလ္လင်ခွေ ထိုင်လျက် ပြုံးကာ ခေါင်းညွှတ်လိုက်ပြီးနောက် သူ၏အသက် ပြတ်တောက်သွားတော့သည်။

...

အပိုင်း(၁၆၉) ပိုးကောင်ဘဝ အခင်းအကျင်း

“မုန့်ချင်ကျိုး။ မဟာကျင်းက မင်းကို ဘယ်လိုပဲ ပေးပေး၊ ငါတို့ ဂိုဏ်းပေါင်းစုံမဟာမိတ်က (၁၀)ဆပေးမယ်။ မင်းလုပ်ရမှာက ဒီစိန်ခေါ်မှုကနေ နောက်ဆုတ်ပေးဖို့ပဲ...”

“ဂိုဏ်းပေါင်းစုံမဟာမိတ်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်နိုင်တဲ့ လမ်းဖြတ် တစ်ခု ရှိတယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒါကို နှစ်ပေါင်းထောင်ချီတဲ့အထိ ဘယ်သူမှ အဓိပ္ပာယ် မဖော်နိုင်ခဲ့ကြဘူး။ တကယ်လို့ မင်းသာ မဟာမိတ်ထဲ ဝင်မယ်ဆိုရင် အဲဒါကို ဖတ်ခွင့်ပေးမယ်...”

“အဲဒါတင်မကသေးဘူး။ မင်းက ဒု-မဟာမိတ်ခေါင်းဆောင် ရာထူးကို ယူရုံပဲ၊ ရပိုင်ခွင့်တွေ ကတော့ ခေါင်းဆောင်နဲ့ တန်းတူ ခံစားခွင့် ရှိမှာပါ။ မဟာမိတ်ရဲ့ အရင်းအမြစ် ဆယ်ပုံ တစ်ပုံကိုလည်း နှစ်တိုင်း ထောက်ပံ့ပေးမယ်...”

“ငါ့မှာ မဟာမိတ်ရဲ့ပန်းကလေးလို့ တင်စားရတဲ့ သမီးတစ်ယောက် ရှိတယ်။ မြောက်ဘက် ဒေသရဲ့ အလှဆုံး ပါရမီရှင်မလေးပေါ့။ သူ့ကို မင်းရဲ့ အစေခံအဖြစ် ထားပေးမယ်။ ဘယ်လိုလဲ...”

လီချီဟန် ကျဆုံးသွားပြီးနောက် ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အကြီးအကဲများမှာ ထိတ်လန့် တုန်လှုပ်ကုန်ကြပြီး သူ့ကို စည်းရုံးသိမ်းသွင်းရန် အပြိုင်အဆိုင် စကားဆိုလာ ကြတော့သည်။

ထိုဓားသမားသည် တစ်ခါက ကောင်းကင်ပြည်နယ်၏ လူငယ်မျိုးဆက်များကြားတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ကျိဝူရွှမ် မမွေးဖွားခင်က သူသည် ခေတ်တဝက် နီးပါးကို ဦးဆောင်ခဲ့သည့် စံပြပုဂ္ဂိုလ်တစ်ဦးပင်။

သို့သော်လည်း... သူက အသက်ကို လောင်မြိုက်စေပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့သည့်တိုင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ကာ သေဆုံးသွားခဲ့ရသည်။

ဤရလဒ်က ဂိုဏ်းပေါင်းစုံမဟာမိတ် ခေါင်းဆောင်ပိုင်း၏ စိတ်ဓာတ်ကို လုံးဝ ရိုက်ချိုးလိုက်ခြင်းပင်။

ထိုစကားများကို ကြားသောအခါ မဟာကျင်းနန်းတော်မှ အရာရှိများမှာ မငြိမ်မသက် ဖြစ်ကုန်ကြသည်။ အချို့သော အခြေအနေမှန်ကို မသိသည့် အရာရှိများမှာ... မုန့်ချင်ကျိုး၏ သရုပ်မှန်ကို သိထားကြသူများကတော့ ပို၍ပင် ဒေါသထွက်နေကြသည်။ ဝူရှန်းဖျင် ဆိုလျှင် သူ၏ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဆဲဆိုကြိမ်းမောင်းတော့သည်။

"ထွီး... မင်းတို့က မနိုင်တော့လို့ လှည့်ကွက်တွေ သုံးဖို့ ကြိုးစားနေတာလား။"

ထိုအနှိုင်းမဲ့ ပုံရိပ်ကို ကြည့်ရင်း မဟာကျင်း စစ်သည်တော်များမှာ လုံခြုံမှုကို ခံစားနေရသည်။ သူ၏ ကျောပြင်မှာ အလွန်အမင်း ကျယ်ပြန့်ခြင်း မရှိသော်လည်း မဟာကျင်း၏ ကောင်းကင်တစ်ခုလုံးကို ထမ်းပိုးထားနိုင်သည့်ပုံမျိုးပင်။

ယခုမူ တစ်စုံတစ်ယောက်က သူတို့၏ စိတ်ဓာတ်ကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်လာသဖြင့် စစ်သည်တော် သိန်းပေါင်းများစွာမှာ သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပြည့်နှက် သွားတော့သည်။

မဟာကျင်း ဧကရီက တလျှောက်လုံး လူလုံးထွက်မပြပေ။ ရထားလုံး၏ ကန့်လန့်ကာများနှင့် ပိုးသားလွှာများ နောက်ကွယ်မှနေ၍ နှာခေါင်းတစ်ချက် ရှုံ့ကာ တကိုယ်တည်း ရေရွတ်လိုက်သည်။

"ဟွန့်... တကယ်လို့ နင်တို့မှာ အစွမ်းရှိတယ်ဆိုရင် ငါ့လောက်လှ၊ ငါ့လောက်တော်ပြီး ငါ့လိုမျိုး အာဏာရှိတဲ့ မိန်းမတစ်ယောက်ကို ရှာပြလိုက်လေ။ မဟုတ်ရင်တော့ ငါနဲ့ ဘာလာယှဉ်ချင်တာလဲ။"

"ငါက ဧကရာဇ်ရဲ့ ဇနီးအနေနဲ့ ဓားသူတော်စင်နဲ့အတူ..."

တုန်းဖန်လျူလီ စကားရပ်သွားသည်။ သူ၏ လှပသော မျက်နှာထက်တွင် ရှက်သွေးဖြ န်းသွားပြီး လွန်ခဲ့သည့် နှစ်ရက်က သူတို့နှစ်ဦး၏ ရူးသွပ်မှုများကို အလိုလို ပြန်လည် မြင်ယောင်လာမိ၏။

၎င်းက သူ့ဘဝ ပထမပိုင်း၏ အထီးကျန်မှုများ တကိုယ်တည်း ဖြတ်သန်းခဲ့ရသည်များကို အကုန်လုံး အစားထိုးပေးလိုက်သလိုပင်။

သူ ထီးနန်းတက်ပြီး တစ်တိုင်းပြည်လုံးကို သိမ်းပိုက်ရန် အချိန်အကြာကြီး အလုပ်ရှုပ်ခဲ့ ရတာက မုန့်ချင်ကျိုး ပေါ်လာရန်ကို စောင့်ဆိုင်းနေခဲ့ရသလိုပင်။ အခက်အခဲများ အကုန်လုံးကို ဖြတ်ကျော်ပြီးမှ ရရှိလာသော ဤချိုမြိန်မှုက တစ်သက်လုံး စံစား၍ မကုန်နိုင်ပေ။

"မဟုတ်သေးပါဘူး။ ဒီလိုပဲ ဆက်သွားနေရင်တော့ ငါ စွဲလမ်းသွားလိမ့်မယ်။ ဒီလိုမျိုး အဖြစ်မခံနိုင်ဘူး..."

တုန်းဖန်လျူလီက ခေါင်းကို ခါယမ်းကာ စိတ်ကို ကြည်လင်အောင် လုပ်လိုက်ပြီးနောက် အကြည့်တစ်ချက်ကို တစ်စုံတစ်ရာဆီသို့ အေးစက်စွာ ပို့လွှတ်လိုက်သည်။

"နေမင်းအရှင်သခင်။ အချိန်မရွေး ချိပ်ပိတ်ကို ဖွင့်ဖို့ ပြင်ထားပါ။ ပြီးရင် ဧကရာဇ်နေရာ တာဝန်ယူရမယ်။"

"အရင်တုန်းက ရှင် ကောင်းကင်ထောက်တိုင်နယ်ပယ် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ကံဆိုးစွာနဲ့ပဲ တက်လှမ်းနေတုန်းမှာ လျှို့ဝှက်ဆန်းပြားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ တိုက်ခိုက်တာကို ခံရလို့ ကျရှုံးခဲ့တာလေ။ အဲဒီတုန်းက တည်ထောင်သူ ဧကရာဇ်က ရှင့်ရဲ့နယ်ပယ်ကို အမြန်ဆုံး ချိပ်ပိတ်ပေးခဲ့ပြီး ကောင်းကင်ကို ဆန့်ကျင်တဲ့ လျှို့ဝှက်အတတ်ကို သုံးခဲ့လို့ ရှင့်ရဲ့ စွမ်းအားတွေ သိပ်မကျသွားအောင် လုပ်ပေးခဲ့တာ။"

"ဒါပေမဲ့ ရှင်က အဲဒီ အမြင့်ကို ရောက်ဖူးခဲ့တဲ့သူပဲ။ အဲဒါကြောင့် အပြတ်အသတ် အနိုင်ရရမယ်။ နားလည်လာ။..."

မြေပြင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသော နေမင်းအရှင်သခင်က ထိုစကားကို ကြားသောအခါ မျက်လုံးကို အသာဟကြည့်ပြီး အသံခပ်တိုးတိုးဖြင့် တုံ့ပြန်လိုက်သည်။

ကောင်မလေး... နင်က လူတွေကို အမိန့်ပေးရတာ တော်လှချည်လား။ ဟိုမျက်မမြင်က ငါ့ကို ခွေးစာ ကျွေးနေတာ ကြာပြီ။ သူတောင် ငါ့ကို ဘာမှ ခိုင်းဖူးတာ မဟုတ်ဘူး။

တည်ထောင်သူ ဧကရာဇ် အကြောင်း ပြောလိုက်သည်နှင့် နေမင်းအရှင်သခင်၏ မျက်နှာမှာ ချက်ချင်း ပျက်သွား၏။

နယ်ပယ်ကို ချိပ်ပိတ်တာလည်း ပိတ်တာပေါ့။ ဘာလို့ အရင်က သတ်ဖြတ်တာတွေ များလွန်းလို့ ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ လုပ်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်တွေ ပေးနေရတာလဲ။ ပြီးတော့ သူ အဆင်ပြေသလိုပဲ ငါ့ရဲ့ စကားပြောနိုင်တဲ့ စွမ်းရည်နဲ့ အာရုံခံ စွမ်းရည်တွေကိုပါ ပိတ်ပစ်ခဲ့တာလေ...

အဲဒီ သောက်ကျိုးနည်း တည်ထောင်သူ ဧကရာဇ်က ငါ့ကို တမင် လက်စားချေတာပဲ ဖြစ်ရမယ်...

"မုန့်ချင်ကျိုး... မင်း ဆက်တောင့်ခံနိုင်သေးရဲ့လား။ တကယ်လို့ မနိုင်ရင် ငါ တက်လာခဲ့မယ်။" တုန်းဖန်လျူလီက နေမင်းအရှင်သခင်ကို ဂရုမစိုက်တော့ဘဲ မုန့်ချင်ကျိုးထံ အာရုံဖြင့် စကားပါးလိုက်သည်။

မုန့်ချင်ကျိုးက တိတ်ဆိတ်စွာ ခေါင်ညိတ်ပြပြီး ခေါင်းမလှည့်ဘဲ လက်မထောင် ပြလိုက်သည်။

“နောက်ထပ် (၈၆)ယောက် ကျန်သေးတယ်...”

“အဲဒီထဲမှာ နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်း (၁၀)ယောက်၊ အလယ်အဆင့် (၃၅)ယောက်နဲ့ အစောပိုင်းအဆင့် (၄၁)ယောက်။”

“ [ အချိန်-နေရာလွတ် - တာအိုအစုံ အစအဆုံး ] က ကြာလေလေ၊ ကုန်ဆုံးမှု များလေလေပဲ။ ဒါ မပြီးဆုံးခင်မှာ တတ်နိုင်သမျှ များများ သတ်ရမယ်။”

ဓားအသိပိုင်နက်ကို အသုံးချကာ ကျန်ရှိနေသော နံနက်ခင်းအလင်းနယ်ပယ် စွမ်းအင်များကို တစ်ဦးချင်း စစ်ဆေးလိုက်သည်။

မုန့်ချင်ကျိုးက စိတ်ထဲမှ အကြံထုတ်ပြီး အသက်ပြင်းပြင်းရှူကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"ငါ... ငါ တစ်ခါတည်း (၁၀)ယောက်နဲ့ တိုက်မယ်..."

သူက လက်ညှိုးတစ်ချောင်း မြှောက်ကာ ရှေ့တွင်ရှိသော လူ (၁၀)ယောက်ကို ဆက်တိုက် ညွှန်ပြလိုက်သည်။ သူတို့အားလုံး နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းများ ဖြစ်သည်။

ထိုစကားကို ကြားရာတွင် ဂိုဏ်းပေါင်းစုံမဟာမိတ်မှ သာမန်အဖွဲ့ဝင်များမှာ ဒေါသထွက်လွန်းသဖြင့် တုန်လှုပ်ကုန်ကြသည်။ ထိုလူများမှာ အလယ်အလတ်နှင့် အောက်ခြေအဆင့်များ ဖြစ်ကြသဖြင့် အကြီးအကဲများ၏ ဆုံးဖြတ်ချက်များ နောက်ကွယ်မှ အကျိုးအမြတ်များကို နားမလည်ကြပေ။ သူတို့ ခံစားရသည်မှာ အလွန်အမင်း အရှက်ရပြီး နာကျည်းစရာကောင်းနေခြင်းပင်...

အင်အားကြီးတဲ့ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀၀)တောင် လာတာကို၊ အချိန်-နေရာလွတ် ဓားသူတော်စင် တစ်ယောက်တည်းကို ကြောက်ပြီး စိန်ခေါ်မှုကို မခံရဲကြဘူးတဲ့လား။ ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ...

"ဒါကတော့ လွန်လွန်းပြီ။ သူက ကြောက်ဖို့ နေနေသာသာ ပိုတောင် မောက်မာ လာသေးတယ်။ (၁၀)ယောက်နဲ့ တစ်ခါတည်း တိုက်မယ်လို့ ကြွေးကြော်နေတာလေ..."

"ငါ့ရဲ့ ကျင့်ကြံခြင်းက နိမ့်ပါးနေတာ နှမြောဖို့ ကောင်းလိုက်တာ။ မဟုတ်ရင် ငါ အသေအလဲ တိုက်ပစ်မှာ။ ဒီကျွမ်းကျင်သူကြီးတွေက ပိုပိုပြီး ညံ့လာတာလား။ သူတို့က ငါတို့အပေါ်မှာပဲ အနိုင်ကျင့်တတ်ကြတာလား၊ နည်းနည်းလေးတောင် မာန်မနာ မရှိကြတော့ဘူးလား။"

"ကျွမ်းကျင်သူကြီးတို့... ဒီမိစ္ဆာကောင်ကို သတ်ပေးကြပါလို့ တောင်းဆိုပါတယ်..."

ဂိုဏ်းပေါင်းစုံမဟာမိတ် အဖွဲ့ဝင်များ၏ စိတ်ဓာတ်မှာ တဖြည်းဖြည်း ကျဆင်းလာပြီး၊ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ အချို့ပင် ကြောက်ရွံ့လာကြသည်ကို မြင်သောအခါ မဟာမိတ် အကြီးအကဲများမှာ ငြိမ်နေ၍ မရတော့ပေ။

တကယ်လို့ ဒီကျွမ်းကျင်သူကြီးတွေက တကယ်ပဲ ကြောက်ပြီး လက်နက်ချ သွားကြရင်တော့ ဒါက ရယ်စရာကြီး ဖြစ်သွားလိမ့်မှာ။

“သူက စကားနဲ့ ပြောလို့ မရဘူးဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားပါစေ။ သူ့ကို လွှတ်ပေးလိုက်တော့…”

ကျိဝူရွှမ်က အနောက်သို့ အေးစက်စွာ လှည့်ကြည့်ကာ ရွေးချယ်ခံထားရသော နံနက်ခင်းအလင်းနယ်ပယ် အဆင့်မြင့်အဆင့် (၁၀)ယောက်ကို စစ်ဆေးလိုက်ပြီး ဆိုသည်။ "သွားကြတော့။"

"မင်းတို့ရဲ့ စွမ်းအားတွေကို မဖုံးကွယ်ထားနဲ့။ မင်းတို့ ဘယ်သူ့ကို ရင်ဆိုင်နေရတာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားကြ။ ဘာကိုမှ မမျှော်လင့်ထားနဲ့။"

ဤအခြေအနေသို့ ရောက်လာသောအခါ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀)ယောက်မှာ မတုံ့ဆိုင်းတော့ပေ။ စိတ်ပျက်အားငယ်မှုနှင့်အတူ ရက်စက်သော မျက်နှာထားများဖြင့် သူတို့က ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မုန့်ချင်ကျိုးကို ဝိုင်းရံလိုက်ကြသည်။

ထိုမြင်ကွင်းက ငရဲမင်းရဲ့ ရွေးချယ်မှုကို ခံလိုက်ရသလိုပင်။ တစ်စုံတစ်ယောက်က သေရန် ရွေးချယ်ခံလိုက်ရခြင်းဖြစ်ပြီး ဘယ်လိုကြည့်ကြည့် အဓိပ္ပာယ် မရှိလှပေ။

"တန်းစီကြ။ မင်းတို့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ အကုန်လုံး ငါ့ဆီ လွှဲပေး။ ငါ သူ့ကို ရင်ဆိုင်မယ်..."

အဘိုးကြီးတစ်ဦး ရှေ့သို့ တက်လာကာ ဝမ်းနည်းနေသော သူ၏ ရဲဘော်များကို ကြည့်ပြီး တည်ကြည်စွာ ဆိုလိုက်သည်။ "သွားကြစို့။"

ဤသည်မှာ ပိုးကောင်ဘဝ အခင်းအကျင်းပင်။ အရိုးရှင်းဆုံး ပြောရလျှင် မိမိ၏ ကျင့်ကြံခြင်း စွမ်းအားအားလုံးကို လူတစ်ယောက်တည်းထံသို့ အတင်းအကြပ် လွှဲပြောင်းပေးသည့် ရက်စက်ပြီး မိုက်မဲသော နည်းလမ်းတစ်ခု ဖြစ်သည်။

အကယ်၍ လက်ခံတဲ့သူ၏ ရုပ်ခန္ဓာကသာ လုံလောက်အောင် သန်မာလျှင် မိမိထက် အဆင့်မြင့်သော ပြိုင်ဘက်များကိုပင် တိုက်ခိုက်နိုင်သည်။ သို့သော် အခြေအနေ အတော်များများတွင်တော့ ထိုစွမ်းအားများကို တောင့်မခံနိုင်ဘဲ နေရာမှာတင် သွေးမြူတိမ်အဖြစ် ပေါက်ကွဲသွားတတ်ကြသည်။

"ကုယွဲ့... အခုတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်။"

ကျန်ရှိနေသော နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၉)ယောက်မှာ အခင်းအကျင်း တစ်ခု တည်ဆောက်လိုက်ပြီး ကျင့်စဉ်စွမ်းအားများကို အတင်းအကြပ် ထည့်သွင်း ပေးတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကုယွဲ့ အဘိုးကြီး၏ ခန္ဓာကိုယ်မှာ ဖောင်းကားလာပြီး၊ ပေါက်ကွဲတော့မည့်ဆဲဆဲ မသေမျိုးဖြစ်စေသည့် နတ်ဘုရားစွမ်းရည် တစ်ခုကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။

အလွန်အမင်း ကုန်ဆုံးမှုများသော ထိုတားမြစ် စွမ်းရည်က လူ(၉)ယောက်၏ ပေါင်းစပ်စွမ်းအားမှပေးသော ဝန်ထုပ်ဝန်ပိုးကို ကောင်းကောင်း ထိန်းညှိပေး လိုက်နိုင်သည်။

"ဒါက... ပိုးကောင် တစ်ကောင်လား။" မုန့်ချင်ကျိုးက ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်၏။

...

အပိုင်း(၁၇၀) လောကကြီးကို ထိတ်လန့်စေခြင်း

ဂိုဏ်းပေါင်းစုံမဟာမိတ်၏ ဘိုးဘေးတစ်ဦးဖြစ်သူ ကုယွဲ့က နှစ်ပေါင်းနှစ်ထောင်တိုင် အသက်ရှင်ခဲ့သည့် သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းကြီး တစ်ဦးပင်။

"ငါက ပထမဆုံး လူသားဧကရာဇ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပူပန်မှုကင်းကင်းနဲ့ အေးအေးလူလူ နေထိုင်ခဲ့ဖူးတယ်။ ငါ မွေးဖွားချိန်မှာ ဧကရာဇ်က မရှိတော့ပေမဲ့ သူ့ရဲ့ ဂုဏ်သတင်းကတော့ ကျန်ရှိနေတုန်းပဲ။"

"သူကိုယ်တိုင် လူလုံးထွက်ပြစရာ ဒါမှမဟုတ် တိုက်ခိုက်စရာ မလိုဘူး။ လူသားဧကရာဇ် ဆိုတဲ့ ဘွဲ့နာမည် တစ်ခုတည်းနဲ့တင် သူပျောက်ကွယ်နေတဲ့ နှစ်ပေါင်းထောင်ချီအတွင်း နယ်မြေနှစ်ခုစလုံးက ဘယ်ပင်လယ်နက်ဘီလူးနဲ့ ဘယ်လက်မည်းကြီးမှ မိုက်မဲတဲ့ ခြေလှမ်းတွေ မလှမ်းရဲခဲ့ကြဘူး။"

"ပထမဆုံး လူသားဧကရာဇ်က တစ်နေ့မှာ ပြန်လာပြီးတော့ ပြဿနာရှာတဲ့သူတွေကို စာရင်းရှင်းမှာကို အားလုံးက ကြောက်နေခဲ့ကြတာ။ အဲဒီအချိန်တုန်းက မမေ့နိုင်စရာ ကောင်းလောက်အောင် ငြိမ်းချမ်းခဲ့တဲ့ ကာလတစ်ခုပဲ။"

"ဒါကြောင့် ငါက ပထမဆုံး လူသားဧကရာဇ်ရဲ့ [ လေငြိမ် ] ဆိုတဲ့ တိုက်ကွက်ကို အမြဲတမ်း အတုယူ ကျင့်ကြံနေခဲ့တာ။"

"ကောင်းကင်ထောက်တိုင်နယ်ပယ် ကျွမ်းကျင်သူတွေတောင် မနည်းအသုံးပြုရတဲ့ ဒီတားမြစ်ထားတဲ့ နတ်ဘုရားစွမ်းအင်ကို ငါက နှစ်ပေါင်းထောင်ချီ တရားမှတ်ပြီး ကံကောင်းထောက်မစွာနဲ့ အလားတူတစ်ခုကို တီထွင်နိုင်ခဲ့တယ်။"

"အချိန်-နေရာလွတ် ဓားသူတော်စင်... ကျေးဇူးပြုပြီး ဒါကို စမ်းသပ်ကြည့်ပေးပါဦး။"

ကုယွဲ့က တောင်တန်းကြီးများကို ပုခုံးပေါ် ထမ်းထားရသလို ခံစားနေရပြီး မတ်တတ်ရပ်ရန်ပင် အလွန်ခက်ခဲနေသည်။ သူ၏ ခြေထောက်များအောက်မှ အေးခဲနေသော မြေပြင်မှာ အက်ကွဲသွားပြီး ကြွပ်ဆတ်သော အခွံတစ်ခုကဲ့သို့ မြေပြင်ကြီးမှာ အက်ကြောင်းကြီး တစ်ခုဖြစ်ကာ ချောက်ကမ္ဘာကြီးအဖြစ် ပြောင်းလဲ သွားတော့သည်။

ကုယွဲ့ မျက်လုံးမှိတ်လိုက်ရာ ကမ္ဘာပေါ်ရှိ လေများအားလုံး ရပ်တန့်သွားပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ ပျံသန်းရန် ကြိုးစားနေသော ငှက်များပင် အတောင်ပံများကို ခတ်နေသော်လည်း ပျံတက်၍မရဘဲ မြေပြင်ပေါ်သို့ ပျက်ကျကာ အသားစိုင်များအဖြစ် ကြေမွကုန်ကြသည်။

"လေပြည်တစ်ချက်က သင့်ကို ငရဲပြည်ဆီ ခေါ်ဆောင်သွားလိမ့်မယ်..."

ကုယွဲ့၏ အသံမှာ အက်ရှရှဖြစ်နေပြီး မျက်နှာပေါ်တွင် သွေးရောင်အက်ကြောင်းများ ပေါ်လာသည်။ အတွင်းကမ္ဘာကို မတည်ဆောက်နိုင်သေးသော ဒန်တျန် အလင်းရောင်မှာ တဖြည်းဖြည်း အက်ကွဲပျက်စီးသွားသော်လည်း ကျင့်ကြံခြင်းအဆင့်မှာ ကျမသွားဘဲ ပို၍ပင် လျင်မြန်စွာ မြင့်တက်လာတော့သည်...

သူ၏အနောက်မှ ပိုးကောင်ဘဝ အခင်းအကျင်းကို တည်ဆောက်ထားသော နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်း ကျင့်ကြံသူ (၉)ယောက်မှာ ယိုင်နဲ့လာပြီး အားအင်ကုန်ခမ်းလာကြသည်။

ကုယွဲ့မှာ ဧရာမ တွင်းနက်ကြီးတစ်ခုကဲ့သို့ ကျန်(၉)ယောက်၏ ကျင့်ကြံခြင်းစွမ်း အားများကို ရူးရူးမူးမူး ဝါးမျိုကာ တားမြစ်ထားသော နတ်ဘုရားစွမ်းအင် အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ဘုန်း...

ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားပြီး မိုင်တစ်ထောင်အတွင်းရှိ နယ်မြေတစ်ခုလုံးမှာ ဧရာမ ကမ္ဘာကြီးတစ်ခု ပြိုကျလာသလို ခံစားလိုက်ရသည်။ ဟိုက်ဒရောလစ် စက်ကြီးတစ်လုံးက အလယ်ရှိ သက်ရှိအားလုံးနှင့် ကုန်းမြေအားလုံးကို ဖုန်မှုန့်ဖြစ်အောင် ချေဖျက်ပစ်ရန် ကြိုးစားနေသကဲ့သို့ပင်။

"ထွီး..." ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူအချို့မှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ နေရာမှာတင် သွေးမြူတိမ်အဖြစ် ပေါက်ကွဲကုန်ကြသည်။

ဝူရှန်းဖျင်၏ အမိန့်အောက်တွင် မဟာကျင်း စစ်သည်တော် သိန်းပေါင်းများစွာမှာ ဤ [လေငြိမ်] ၏ ဖိနှိပ်မှုကို ခုခံရန်အတွက် စနစ်တကျဖြင့် ဧကရာဇ်အဆင့် စစ်တပ် အခင်းအကျင်းကို တည်ဆောက်လိုက်ကြသည်။ ဝူရှန်းဖျန်က အလျင်အမြန် တုံ့ပြန်နိုင်ခဲ့သော်လည်း စစ်သည် ၅၀၀၀၀ခန့်မှာ မျက်စိတစ်မှိတ်အတွင်း ကျဆုံး သွားခဲ့ရသည်။

ထို့ပြင် မဟာကျင်းနှင့် ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အစွမ်းထက် ကျွမ်းကျင်သူများလည်း ကောင်းကင်ပေါ်သို့ ပျံတက်ကာ အားနည်းသော သာမန်ကျင့်ကြံသူများကို ကာကွယ် ပေးလိုက်ကြသည်။

"ကြောက်စရာကောင်းတဲ့ တားမြစ်နတ်ဘုရားစွမ်းအင်ပဲ။ မိုင်ပေါင်းထောင်ချီတဲ့ နယ်မြေကို လွှမ်းခြုံပြီး အဲဒီထဲက ရှိသမျှအရာအားလုံးကို ချေမှုန်းပစ်နိုင်တယ်။" ဝူရှန်းဖျင်က တည်ကြည်စွာ ဆိုလိုက်သည်။

ဝန်ထမ်းရေးရာဝန်ကြီး ဖန့်ချန်မှာ သွေးအချို့ အန်ထုတ်လိုက်ပြီး မျက်နှာမှာ ဖြူဖျော့သွား၏။

"ငါတို့က အနားသတ်လေးမှာတင် ရှိနေပြီး နောက်ဆက်တွဲ ဂယက်လေးပဲ ထိတာတောင် အသေအပျောက် များလှပြီ။ သာမန် လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူ တစ်ယောက်သာ ဒီဂယက်ကို ထိရင်တောင် ဒဏ်ရာရမှာပဲ။ ဒါဆို..."

"ဓားသူတော်စင် ခံစားနေရတဲ့ ဖိအားက ဘယ်လောက်တောင် ရှိမလဲ..."

ဝူရှန်းဖျင်က အသက်ပြင်းပြင်းရှူကာ ဆိုသည်။ "ဒါက ကောင်းကင်ထောက်တိုင်နယ်ပယ် နဲ့ လုံးဝနီးပါး နီးစပ်နေပြီလို့ ငါ ထင်တယ်။ စိတ်ဝိညာဉ်နဲ့ အနှစ်သာရပိုင်းမှာ လိုအပ်နေသေးပေမဲ့ ဒီဖိအားနဲ့ စွမ်းအားကတော့ ကောင်းကင်ထောက်တိုင်နယ်ပယ် အဆင့်ကို ရောက်နေလောက်ပြီ။"

နံနက်ခင်းအလင်းနယ်ပယ် အဆင့်မြင့်အဆင့် (၁၀)ယောက်၏ အသက်ဝိညာဉ်များကို ရင်းနှီးထားရခြင်း၊ ပထမဆုံး လူသားဧကရာဇ်၏ အမှတ်အသား တိုက်ကွက်ကို အတုယူထားခြင်းတို့ကြောင့် ထိုမျှ ကြောက်မက်ဖွယ် စွမ်းအားကို ရရှိလာခြင်းပင်။

လူတိုင်း ရှေ့သို့ လှည့်ကြည့်လိုက်ကြ၏။

မုန့်ချင်ကျိုးကို ဗဟိုပြုကာ မိုင်ပေါင်းထောင်ချီအတွင်းရှိ တောင်တန်းများနှင့် ကုန်းမြေများမှာ ပြိုကျပျက်စီးနေလေပြီ။ နတ်ဘုရားတောင်တန်းများနှင့် ထူးဆန်းသော မြစ်ရေပြင်များမှာ အပိုင်းပိုင်းအစစ ကြေမွကုန်ပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲ သွားခဲ့သည်။

မူလက မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်သော ကုန်းပြင်မြင့်ကြီးမှာ ယခုမူ နိမ့်ဆင်းသွားပြီး တဖြည်းဖြည်းနှင့် ချိုင့်ဝှမ်းကြီးတစ်ခုအဖြစ် ဖိသိပ်ခံလိုက်ရသည်။

လူအများမှာ ထိတ်လန့်နေသော အကြည့်များဖြင့် ချိုင့်ဝှမ်းအလယ်သို့ ငုံ့ကြည့် လိုက်ကြသည်။ နတ်ဘုရားအားရုံဖြင့် ကြည့်လျှင်ပင် ချိုင့်ဝှမ်းအလယ်တွင် ရပ်နေသော အနက်ရောင်ဝတ် လူငယ်လေးကို သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခက်ခဲလှ၏။

သူတို့ကြားက ဒေါင်လိုက် အကွာအဝေးမှာ တိမ်တိုက်ပေါ်က ချောက်ကမ်းပါးယံနှင့် နက်ရှိုင်းသော ချောက်ကြီး၏ အောက်ခြေကဲ့သို့ ကွာခြားနေသည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်။ မင်း ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ ဘယ်လောက်ပဲ ကောင်းကင်ကို ဆန့်ကျင်နိုင်ပါစေ၊ နောက်ဆုံးတော့ ကျဆုံးရမှာပဲ..." ကုယွဲ့က ရူးသွပ်စွာ ရယ်မောလိုက်သည်။

သို့သော်လည်း ချိုင့်ဝှမ်းအလယ်ရှိ ပြာများနှင့် ဖုန်မှုန့်များ လွင့်စင်သွားသောအခါ... ဝတ်စုံများ စုတ်ပြတ်နေပြီး အပေါ်ပိုင်း ဗလာကျင်းနေသော ပုံရိပ်တစ်ခုမှာ ချောက်ကမ်းပါးစွန်းက ဝါးပင်တစ်ပင်ကဲ့သို့ မတ်မတ်ရပ်နေသည်။ သူ၏ ခြေထောက်များမှာ မြေပြင်ပေါ်တွင် မြဲမြံစွာ ရှိနေပြီး ဘာဒဏ်ရာမှ မရရှိထားသည့်ပုံပင်။

“စိတ်ဝင်စားစရာ ကောင်းသားပဲ။” မုန့်ချင်ကျိုး၏ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာသော်လည်း သူ၏ အပြုံးမှာ ပြောင်းလဲမသွားပေ။ သူက ခန္ဓာကိုယ်ကို ဖုန်မှုန့်များအဖြစ် တဖြည်းဖြည်း ပျောက်ကွယ်သွားစေလိုက်သည်။

စကားပြောပြီးသည်နှင့် မုန့်ချင်ကျိုးသည် ခုနက သေဆုံးသွားသော နေရာမှပင် ပြန်လည် ထွက်ပေါ်လာပြန်သည်...

“ဒါကို ရှောင်လို့မရဘူး၊ တိုက်ရိုက် ရင်ဆိုင်ရုံပဲ ရှိတယ်။ ဒါက တကယ့် လူသားဧကရာဇ်ရဲ့ ပညာရပ်ပဲ။ အတုယူထားတာက သိပ်မကောင်းပေမဲ့ စွမ်းအားကိုတော့ လျှော့တွက်လို့ မရဘူး။”

“အင်း... အားနည်းချက်တွေ များလွန်းသလို ဒီပညာရပ်ကို သုံးဖို့ လိုအပ်ချက်တွေလည်း အရမ်းမြင့်မားတယ်။ ဒီကမ္ဘာပေါ်မှာ နယ်ပယ်တူတဲ့လူတွေ အဲဒီလောက်အများကြီး ဘယ်မှာရှိမှာလဲ။”

“ငါက မင်းအတွက် ကျင့်ကြံသူတွေကို အသုံးအဆောင်ပစ္စည်းတွေလို သဘောထားပြီး ရှင်းပေးလိုက်မယ်။ မဟုတ်ရင် ဒါကို ဘယ်လိုသုံးရမလဲဆိုတာ တကယ် သင်ချင်မိမှာ။”

မုန့်ချင်ကျိုးက သိုလှောင်လက်စွပ်ထဲမှ ဝတ်ရုံတစ်ထည် ထုတ်လိုက်ပြီး ပုခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ခြုံလိုက်ကာ အေးဆေးစွာ ဆိုလိုက်သည်။

"ဒါက မင်းရဲ့ အကန့်အသတ်ပဲ ဆိုရင်တော့ မင်း သေလို့ရပါပြီ။"

"ငါ့ရဲ့ အသက်ကို ယူနိုင်ခဲ့တဲ့အတွက် မင်း တကယ့်ကို ဂုဏ်ယူသင့်ပါတယ်။"

ပြောပြီးသည်နှင့် မုန့်ချင်ကျိုးက သူ၏ လက်ချောင်းကို တောက်ခေါက်လိုက်ရာ၊ လက်ချောင်းထိပ်များမှ ဓားအလင်းတန်းများ ကခုန်လာပြီး ထို(၉)ယောက်၏ နဖူးကို တိုက်ရိုက် ထိုးဖောက်လိုက်ကာ သူတို့၏ ဝိညာဉ်အမြုတေများကို တစ်ခါတည်း ချေမှုန်းပစ်လိုက်တော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကုယွဲ့ တစ်ယောက်တည်းသာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် အမောတကော အသက်ရှူရင်း ကျန်ရစ်ခဲ့သည်။ သူက အနက်ရောင် ဝတ်ရုံခြုံထားသော လူငယ်လေးက သူ့ထံသို့ အေးအေးလူလူ လျှောက်လာသည်ကို ကြည့်နေမိသည်။ ထိုခြေသံများမှာ ငရဲမင်း၏ သံကြိုးများကဲ့သို့ပင် သူ၏ နှလုံးသားကို ထပ်ခါတလဲလဲ ရိုက်ခတ်နေ၏။

"မသေနိုင်၊ မပျက်စီးနိုင်ဘူးတဲ့လား။ ဒီလိုဆိုရင် ငါတို့ ဘယ်လို တိုက်ရမှာလဲ။" ကုယွဲ့က ခါးသီးစွာ ခေါင်းနေငုံ့လိုက်သည်။

နှစ်ပေါင်းထောင်ချီ လေ့လာခဲ့သော ကောင်းကင်ထောက်တိုင်နယ်ပယ်အောက်ရှိ မည်သည့် သက်ရှိကိုမဆို ချက်ချင်း သတ်နိုင်သော ထိုတားမြစ်နတ်ဘုရားစွမ်းရည်က မုန့်ချင်ကျိုးကို အနည်းငယ်မျှပင် ဒဏ်ရာမပေးနိုင်ခဲ့။ သူ မည်မျှ စိတ်ပျက်နေမည်နည်း။

ဂျောက်...

ကုယွဲ့၏ ဒန်တျန် အတွင်းရှိ တောက်ပသော အလင်းရောင်မှာ ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ အပိုင်းပိုင်းအစစ ကွဲအက်သွားသည်။ သူ၏ နံနက်ခင်း အလင်းနယ်ပယ် အဆင့်မြင့်အဆင့် ကျင့်ကြံခြင်းမှာ ချက်ချင်းပင် သာမန်လူအဆင့်သို့ ထိုးကျသွားတော့သည်။

ကျင့်ကြံခြင်းစွမ်းအား မရှိတော့သောအခါ နှစ်ပေါင်းနှစ်ထောင်တိုင် အသက်ရှင်ခဲ့သော သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းကြီးမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွား၏။

"ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပါစေ။"

မုန့်ချင်ကျိုးက လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာတွင် ပြာများက ကောင်းကင်ပေါ်သို့ လွင့်စင်သွားတော့သည်။ ထို့နောက် သူ၏ လက်ငါးချောင်းကို ဖြန့်လိုက်ကာ သူတို့၏ သိုလှောင်လက်စွပ်များကို သူ၏ လက်ဖဝါးထဲသို့ ဆွဲယူလိုက်သည်။

ခုနက သေဆုံးသွားသူ ဒါဇင်ဝက်ခန့် အပါအဝင် စုစုပေါင်း နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၂၈)ယောက်၏ သိုလှောင်လက်စွပ်များကို မုန့်ချင်ကျိုးက သံကြိုး တစ်ချောင်းဖြင့် သီလိုက်ကာ လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သည်။

"ထပ်လာခဲ့။ ဒီနေ့ ငါ မင်းတို့ရဲ့ မျိုးဆက်ကို သတ်ဖြတ်ပြီး မင်းတို့ရဲ့ ကျောရိုးတွေကို တစ်လက်မချင်းစီ ချိုးပစ်မယ်။"

"ငါ့ရှေ့မှာ မာန်တက်မနေကြနဲ့။ ဘယ်သူ့ကိုမှ သက်ညှာမှာ မဟုတ်ဘူး။"

မုန့်ချင်ကျိုးက တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်ပြီး ယခုအထိ ပုစဉ်းရင်ကွဲတေးသံဓားမှာ ချိုင့်ဝှမ်းအလယ်တွင် စိုက်လျက်သား ရှိနေကာ တစ်ကြိမ်သာ ဆွဲထုတ်ခြင်း ခံရသေးသည်။

အေးစက်သော လေပြည်တစ်ချက် တိုက်ခတ်လာပြီး အနက်ရောင် ဝတ်ရုံခြုံထားသော လူငယ်လေးသည် ငြိမ်သက်စွာ ရပ်နေ၏။

အခြားတစ်ဖက်တွင်မူ ဂိုဏ်းပေါင်းစုံမဟာမိတ် အဖွဲ့ဝင်အားလုံးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြလေပြီ...

"အားလုံးပဲ... ဆက်သွားကြ။ မသေနိုင်တဲ့ အစွမ်းဆိုတာ ရှိတယ်ဆိုတာ ငါ မယုံဘူး..." ကျိဝူရွှမ် ဟိန်းဟောက်လိုက်သည်။ သူက တည်ငြိမ်မှုကို တဖြည်းဖြည်း ဆုံးရှုံးလာပြီး စိတ်မထိန်းနိုင် ဖြစ်လာပုံရသည်။

သို့သော်လည်း သူ့ကို ပြန်လည် တုံ့ပြန်လိုက်သည်မှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုသာ။

ကျိဝူရွှမ်က ဒေါသကြောင့် မျက်လုံးအပြူးသား ဖြစ်သွားသည်။ သူ ခေါင်းလှည့် ကြည့်လိုက်သောအခါ အားလုံး ခေါင်းငုံ့ထားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း မသိမသာ တုန်ယင်နေကြသည်ကို တွေ့လိုက်ရသည်။

သူ့နောက်ကို အမြဲတမ်း လိုက်ပါလာခဲ့သူများပင် ဤအချိန်တွင် တုံ့ဆိုင်းနေကြလေပြီ။

"သခင်လေးကျိ။ ကျေးဇူးပြုပြီး ကူညီပါဦး။ ကျွန်တော်တို့ တကယ် မတိုက်နိုင်တော့ဘူး။ အသက်တွေ ထပ်ရင်းနေတာက အလကား သေဖို့အတွက် လွှတ်နေသလိုပဲ ဖြစ်နေမှာ။" ဂိုဏ်းပေါင်းစုံမဟာမိတ် အကြီးအကဲ တစ်ဦးမှာ ဒူးထောက်ကျလာပြီး ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

ကျိဝူရွှမ်က ဒေါသကို ထိန်းချုပ်လိုက်ကာ စိတ်အေးအေးထားပြီး ထိုလူများကို အသေအချာ ကြည့်လိုက်သည်။

ကျန်ရှိနေသော နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူများ အပါအဝင် အားလုံးမှာ အသည်းတုန်အောင် ကြောက်နေကြောင်း သူ သိလိုက်သည်။ သူတို့အား အတင်းအကြပ် သေခိုင်းလျှင်ပင် သူတို့၏အစွမ်း ဆယ်ပုံတစ်ပုံကိုတောင် ထုတ်ပြနိုင်ကြလိမ့်မည်မဟုတ်။

မည်သူမှ အလကား သေချင်သည် မဟုတ်သလို အဓိပ္ပာယ်မဲ့သော ဇာတ်ပို့နေရာ၌လည်း သေမသွားချင်ကြပေ။

သူတို့ကလည်း... လူသားများပင်။

ကျိဝူရွှမ် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ကာ အနက်ရောင်ဝတ်ရုံခြုံထားသော လူငယ်လေးကို လှမ်းကြည့်ပြီး အေးဆေးစွာ ဆိုလိုက်သည်။

"ထားတော့။"

"ငါကိုယ်တိုင်ပဲ မင်းကို ဇာတ်သိမ်းပေးလိုက်မယ်။"

...

All Chapters