အခန်း (၄၃၁-၄၃၂)
Vol. 27 Ch. 431-432
အခန်း ၄၃၁ ။ ကိုယ်ဝန်တားဆေး
ချုံချွေ့နန်းဆောင်။
ကျင်းရှန်ဖေးသည် နောက်တစ်ကြိမ် ဗုဒ္ဓကျမ်းစာများကို ကူးရေးနေပြန်သည်။ ယခုအခါ သူမသည် ဤအလုပ်ကို အတော်လေး ဝါသနာပါနေပြီဖြစ်ရာ၊ ယခင်နှစ်မှ ယခုနှစ်အထိ ကျမ်းစာအုပ်ပေါင်းများစွာကို ကူးရေးပြီးစီးခဲ့ပြီဖြသည်၏။ ဒါတင်မကဘဲ သူမသည် နန်းတွင်းရှိ ဘုရားကျောင်းဆောင်သို့လည်း မကြာခဏ သွားရောက်ကာ ပရိတ်တရားတော်များကို ရွတ်ဖတ်လေ့ရှိသည်။ အပြင်ပန်းတွင်မူ သူမသည် လောကီရေးရာများကို စိတ်မဝင်စားတော့သည့် ပုံစံမျိုးပင်။
သို့သော် သူမကိုယ်တိုင်လည်း အသိဆုံး ဖြစ်သည်မှာ - သူမ၏လက်တွင် သွေးများ စွန်းထင်းနေခဲ့လေပြီ။ အမွှေးနံ့သာများစွာ ပူဇော်ခြင်းဖြင့် နောင်ဘဝအတွက် အပြစ်များကို ဆေးကြောနိုင်မည်ဟု မျှော်လင့်နေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဘုရားသခင်က သူမ၏ပူဇော်မှုကို လက်ခံပါ့မလား ဆိုသည်ကိုတော့ သူမ မသိပေ။
“မယ်မယ်... ကျွန်တော်မျိုးမ ခုနတင် ကျင်းလန်ဆောင်ဘက်ကို နန်းပြင်ကလူတွေ ဝင်သွားတာ တွေ့ခဲ့ရပါတယ်” ဟု နျန့်ကျူးက ပျိုနီပန်းမုန့် တစ်ပန်းကန်ကို သယ်ဆောင်လာရင်း ဆိုသည်။
ရှန်ဖေးက စုတ်တံကို ချလိုက်ကာ ထန်ရှန်း၏ အကူအညီဖြင့် လက်ဆေးလိုက်သည်။
“ကျင်းလန်ဆောင်ဆိုတော့... အဲဒီမှာနေတာ ယင်းဝမ်ရုန် မဟုတ်လား။ သူမရဲ့မိသားစုက စူးကျိုးမှာ အဝေးကြီးရှိနေတာလေ။ ခဲအိုနဲ့ မရီးတို့ ခဲခဲယဉ်းယဉ်း ရောက်လာတာဆိုတော့ တွေ့ခွင့်ပြုရမှာပေါ့။ ဒါက ထူးဆန်းလို့လား”
နျန့်ကျူးက ဆက်ပြောသည် - “ကျန့်စွန်းမိသားစုဝင်တွေတင် မကပါဘူး။ ဒီတစ်ခေါက်မှာ ယင်းဝမ်ရုန် မရီးရဲ့ ဝမ်းကွဲညီမ တစ်ယောက်လည်း ပါလာပါတယ်။ ကျွန်တော်မျိုးမ စုံစမ်းကြည့်တော့ အဲဒီအမျိုးသမီးက စူးကျိုးက ‘ရွမ်’ မိသားစုက ဖြစ်ပြီး၊ သူတို့မိသားစုက မျိုးရိုးစဉ်ဆက် သမားတော်တွေ ဖြစ်ကြတယ်လို့ ပြောပါတယ်”
၎င်းမှာ အဓိပ္ပာယ် ပြောင်းလဲသွားခဲ့ပြီ။ စူးကျိုးမှ နန်းတော်အထိ ခရီးဝေးနှင်၍ ဤကဲ့သို့သော အမျိုးသမီးကို ခေါ်လာခြင်းမှာ သာမန် ဆွေမျိုးသတိရခြင်းဟု မဆိုနိုင်တော့ပေ။ မရီးဘက်မှ အမျိုးမှာ သူမနှင့် ဘာမှမသက်ဆိုင်သည် မဟုတ်လား။ တစ်ခုခုအတွက် ရည်ရွယ်ချက်ရှိနေသည်မှာ သေချာလှသည်။
ယခုအခါ ယင်းဝမ်ရုန်မှာ သူမ၏ မိသားစု အရှိန်အဝါကြောင့် တစ်လ၊ နှစ်လလျှင် တစ်ကြိမ်ခန့် ဧကရာဇ်အား အလုပ်အကျွေးပြုခွင့် ရနေဆဲပင်။ သို့သော် နန်းတော်ဝင်လာသည်မှာ ကြာပြီဖြစ်သော်လည်း ကိုယ်ဝန်မရသေးသဖြင့် သူမ အတော်လေး စိုးရိမ်နေမည်မှာ သေချာသည်။
ရှန်ဖေးသည် ယင်းဝမ်ရုန်အား အရေးပါသူ တစ်ဦးဟု မယူဆသဖြင့် - “စောင့်ကြည့်ထားလိုက်ပါ” ဟုသာ မှာကြားလိုက်သည်။ ယခုအခါ သူမ၏ အာရုံအားလုံးမှာ ဒုတိယမင်းသားအပေါ်၌သာ ရှိနေပြီး၊ သားဖြစ်သူ၏ ကြိုးစားမှုဖြင့် ဧကရာဇ်၏ဂရုစိုက်မှုကို ပြန်လည်ရယူရန်သာ မျှော်လင့်နေတော့သည်။
…..
ထိုအချိန်တွင် ကျင်းလန်ဆောင် အတွင်း၌မူ - ယင်းဝမ်ရုန်၏ မျက်နှာမှာ တောင့်တင်းနေပြီး၊ လူတစ်ကိုယ်လုံး ရေခဲတိုက်ထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။ သူမ အချိန်အတော်ကြာ သောက်သုံးခဲ့သော ‘လျှို့ဝှက်ဆေးနည်း’ မှာ အမှန်တကယ်တော့ ကိုယ်ဝန်ရဆေး မဟုတ်ဘဲ ကိုယ်ဝန်တားဆေးသာ ဖြစ်နေခြင်းကြောင့်ပင်။
“မမရွမ်... သေသေချာချာ ကြည့်ပြီးပြီလား။ ဒါက ကျွန်မ နည်းမျိုးစုံနဲ့ မင်ကွေ့ဖေး (ယဲ့ယွင်) ဆီကနေ စုံစမ်းထားတဲ့ ဆေးနည်းပါ။ အရှင်မင်းကြီးကိုယ်တိုင် ပေးထားတာလို့လည်း သိရတယ်လေ။ အဲဒါက ဘယ်လိုလုပ် ကိုယ်ဝန်တားဆေး ဖြစ်နေရတာလဲ”
“ကျွန်မ ဆေးပညာ လိုက်စားလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ အထူးသဖြင့် အမျိုးသမီးရောဂါတွေကို ကျွမ်းကျင်တာမို့ လုံးဝ မမှားနိုင်ပါဘူး။ ဒါပေမဲ့ ဝမ်ရုန် စိတ်အေးအေးထားပါ။ ဒီဆေးနည်းက အင်မတန် ကောင်းမွန်ပါတယ်။ ကိုယ်ဝန်တားပေးတာ မှန်ပေမဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး။ ဆေးကို တစ်လ၊ နှစ်လလောက် ဖြတ်လိုက်ရင် ပုံမှန်အတိုင်း ကိုယ်ဝန် ပြန်ရနိုင်ပါတယ်” ဟု ရွမ်ရှီက ဆိုသည်။
ဤစကားကြောင့် ယင်းဝမ်ရုန်မှာ အသက်ရှူ ချောင်သွားခဲ့သည်။ တစ်ဖက်တွင်လည်း သူမ အတော်လေး အရှက်ရကာ ဒေါသထွက်မိသည်။ ဤမျှအထိ ကြာမြင့်စွာ ဘာအကျိုးမှမရှိသည့် အလုပ်ကို သူမ လုပ်ခဲ့မိသည် မဟုတ်လား။ နေ့တိုင်းမပြတ် သောက်ခဲ့သလို၊ ဧကရာဇ်နှင့် အတူအိပ်ပြီးတိုင်းလည်း ပို၍ပင် သောက်ခဲ့မိသေးသည်။
“မရီးက မမရွမ်ကို ခေါ်လာပေးတာ တကယ်ကို ကံကောင်းတာပဲ။ မဟုတ်ရင် ကျွန်မ နန်းတွင်းမှာ ကလေးအတွက် ဘယ်လောက်တောင် သောကရောက်နေရဦးမလဲ မသိဘူး” ဟု ယင်းဝမ်ရုန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
“သားသမီးဆိုတာ ကံတရားပါပဲ။ အချိန်မတိုင်သေးလို့ ဖြစ်မှာပါ။ ဝမ်ရုန်လည်း အရမ်း စိတ်မပူပါနဲ့တော့”
ယင်းဝမ်ရုန် ခေါင်းညိတ်ကာ၊ သူမအတွက် အားရှိစေမည့် အခြားဆေးနည်းတစ်ခုကို တောင်းခံပြီးနောက်မှ ဧည့်သည်များကို ပြန်လည် ပို့ဆောင်လိုက်တော့သည်။ လူရှင်းသွားမှ သူမသည် သူမ၏ အနီးကပ်လူများနှင့် စကားပြောဖြစ်ခဲ့သည်။
“ငါက စိုးရိမ်လွန်းလို့ အမှားလုပ်မိတာပဲ။ ဒါပေမဲ့ ကွေ့ဖေးက မျက်နှာသာ ဒီလောက်ရနေတာကို ဘာလို့ ဒီဆေးမျိုး သောက်နေရတာလဲ။ ကလေးတွေ အများကြီး မွေးလေ ကံကောင်းလေပဲ မဟုတ်လား”
ကျူပိုင်က စောင်လေးကို ခြုံပေးရင်း - “ကျွန်တော်မျိုးမ ခန့်မှန်းရတာတော့... ကွေ့ဖေးက အမြွှာမောင်နှမကို မွေးတုန်းက အသက်ဘေးနဲ့ ရင်ဆိုင်ခဲ့ရတာဆိုတော့ ခန္ဓာကိုယ် အရမ်းထိခိုက်သွားလို့ နေမှာပါ။ အဲဒါကြောင့် ကိုယ်ဝန်ထပ်မရအောင် သောက်တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီဆေးနည်းက အရှင်မင်းကြီး ကိုယ်တိုင် စီစဉ်ပေးတာလို့ ပြောတယ်နော်”
“ဟုတ်တယ်... အရှင်မင်းကြီးက မင်ကွေ့ဖေးကို နှစ်ပေါင်းများစွာ ချစ်မြတ်နိုးလာတာပဲ။ သူမကို ကလေး ထပ်မွေးစေချင်မှာပေါ့။ ဘာလို့ ကိုယ်ဝန်တားဆေး ပေးရမှာလဲ။ ဒါမှမဟုတ်... ကွေ့ဖေးက ကိုယ်တိုင်ပဲ အားဆေးနဲ့ လဲသောက်နေတာလား” ဟု လုကျန့်က တိုးတိုးလေး ခန့်မှန်းသည်။
ယင်းဝမ်ရုန် မျက်မှောင်ကြုတ်သွားသည် - “မင်းတို့ပြောချင်တာက... ကွေ့ဖေးက အရှင်မင်းကြီးအတွက် ကလေး ထပ်မမွေးပေးချင်တော့ဘူးလို့ ဆိုလိုတာလား”
နန်းတွင်းသူ နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းညိတ်ပြကြသည်။ လုကျန့်က ထပ်ဖြည့်ပြောသည် - “အရှင်မင်းကြီးက ကွေ့ဖေးကို ချစ်တာမှန်ပေမဲ့၊ ကွေ့ဖေးက မွေးဖွားရတာ နှစ်ခါစလုံး အင်မတန် ခက်ခဲခဲ့တာလေ။ သူမကိုယ်တိုင်က ထပ်မမွေးချင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အခုဆိုရင် သူမရဲ့ လက်အောက်မှာ ကလေး သုံးယောက်တောင် ရှိနေပြီပဲ၊ ဘယ်သူကမှ သူမကို ကျော်တက်နိုင်မှာ မဟုတ်တော့ဘူးလေ”
အစေခံများ၏ ဆန်းစစ်ချက်ကို နားထောင်ပြီးနောက် ယင်းဝမ်ရုန်၏စိတ်ထဲတွင် ရှုပ်ထွေးသွားရသည်။ ကွေ့ဖေး ကလေးထပ်မွေး၊ မမွေးသည် သူမအတွက် အရေးမကြီးပေ၊ အဓိကမှာ သူမကိုယ်တိုင် ကလေးရရန်ဖြစ်၏။ ထို့ပြင် ကွေ့ဖေး တိတ်တဆိတ် ကိုယ်ဝန်တားဆေး သောက်နေသည်ကို သူမ သိသွားခဲ့လျှင်ပင် ဘာမှလုပ်၍ မရပေ။ သူမကဲ့သို့ မျက်နှာသာမရသော ဝမ်ရုန်တစ်ဦးအနေနှင့် ကွေ့ဖေးအား ရန်စမိပါက ချက်ချင်းပင် ဖိသတ်ခံရမည် မဟုတ်လား။
ထို့ကြောင့် ဤကိစ္စကို ဘာမှမသိသလို ဟန်ဆောင်နေရန်သာ သူမ ဆုံးဖြတ်လိုက်တော့သည်။ သူမသည် ယခုအခါ ‘တစ်ဦးတည်းသော အချစ်’ ဆိုသည်ကို မျှော်လင့်ရဲသူ မဟုတ်တော့ပေ။
သို့သော်လည်း နန်းတွင်းတွင် သင်က ရှေ့ဆက်မတိုးချင်လျှင်ပင်၊ တစ်စုံတစ်ယောက်က သင့်အား နောက်မှ တွန်းအားပေးလာတတ်စမြဲပင်။
ကျင်းလန်ဆောင်ကို တိတ်တဆိတ် စောင့်ကြည့်နေသော ရှန်ဖေးသည် - ယင်းဝမ်ရုန်မှာ မိသားစုနှင့် တွေ့ပြီးနောက်တွင် ပို၍ ငြိမ်သက်သွားသည်ကို သတိပြုမိလိုက်သည်။ ထို့ပြင် ယင်းဝမ်ရုန် အမြဲသောက်နေသော ‘အားဆေး’ များကို ရုတ်တရက် ဖြတ်လိုက်ခြင်းမှာလည်း ထူးဆန်းနေသည်။ သူမသည် ဆေးတွင် ပြဿနာရှိသည်ဟု မထင်ဘဲ - ယင်းဝမ်ရုန်မှာ ကိုယ်ဝန်ရှိနေပြီဖြစ်၍ ဆေးဖြတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု လွဲမှားစွာ ခန့်မှန်းလိုက်မိသည်။
ဤသို့ တွေးမိသည်နှင့် သူမ၏ရင်ထဲတွင် အကြံတစ်ခု ပေါ်လာခဲ့သည်။ အမှန်တော့ သူမသည် ယင်းဝမ်ရုန်ကဲ့သို့ မိသားစုနောက်ခံ ကောင်းသူမျိုး ကလေးမွေးလာသည်ကို မလိုလားပေ။ သို့သော် အကယ်၍ ယင်းဝမ်ရုန်တွင် ကိုယ်ဝန်ရှိနေပြီး သူမ၏ ဘက်တော်သား ဖြစ်လာပါက၊ ယဲ့ယွင်၏ ကျောက်ချွန်းနန်းဆောင်အပေါ် ဧကရာဇ်၏အာရုံစိုက်မှုကို ခွဲထုတ်နိုင်မည် မဟုတ်လား။ ခုနစ်လပိုင်းတွင် သတ္တမမင်းသား ဆုံးရှုံးထားသဖြင့်၊ ယခုအချိန်တွင် ကိုယ်လုပ်တော်တစ်ဦးဦး ကိုယ်ဝန်ရှိလာပါက ဧကရာဇ်မှာ အင်မတန် ပျော်ရွှင်သွားမည်မှာ သေချာလှပေသည်။
“ထန်ရှန်း... ငါလည်း အိုပါပြီ။ ဘဏ္ဍာတိုက်ထဲက တောက်ပတဲ့ အထည်အလိပ်တွေက ငါနဲ့ မလိုက်ဖက်တော့ဘူး။ မင်း အဲဒီထဲက အကောင်းစားလေးတွေကို ရွေးထုတ်ပြီး၊ နန်းတွင်းက ရာထူးနိမ့် ကိုယ်လုပ်တော်တွေကို သွားဝေပေးလိုက်ပါ။ အလကား ပစ်ထားရတာ နှမြောစရာကြီး”
“ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုးမ အခုပဲ သွားလိုက်ပါ့မယ်” ဟု ထန်ရှန်းက ဂါဝရပြုသည်။
သူမ မထွက်သွားမီ ရှန်ဖေးက အနားသို့ခေါ်ကာ တိုးတိုးလေး မှာကြားလိုက်ပြန်သည်။ ထန်ရှန်း ခေါင်းညိတ်ပြပြီးမှ ထွက်သွားခဲ့သည်။ မကြာမီမှာပင် ရာထူးနိမ့် ကိုယ်လုပ်တော်များ အားလုံးမှာ ရှန်ဖေး၏ လက်ဆောင်များကို ရရှိကြတော့သည်။ သို့သော် ယင်းဝမ်ရုန်၏ အဆောင်သို့မူ အခြားသူများထက် ပို၍ တန်ဖိုးကြီးသော ခေါင်းဆင်ရတနာ နှစ်စုံကိုပါ တိတ်တဆိတ် ထည့်ပေးလိုက်ခြင်း ဖြစ်၏။
ယင်းဝမ်ရုန်သည် မိသားစုကြီးမှ လာသူဖြစ်သဖြင့် ငွေစမရှားသော်လည်း၊ နန်းတွင်း၌ မျက်နှာသာ မရသည်မှာ ကြာပြီဖြစ်ရာ ဤကဲ့သို့သော အဆင့်မြင့် ပစ္စည်းများမှာ အင်မတန် တန်ဖိုးရှိလှပေသည်။ အကြောင်းမဲ့ ဆုလာဘ် မရှိနိုင်မှန်း သိသောကြောင့်၊ ယင်းဝမ်ရုန်သည် ရှန်ဖေး၏ဆိုလိုရင်းကို ရိပ်မိလိုက်သည်။
လက်ဆောင်လာပို့သော ထန်ရှန်းက - ရှန်ဖေးမယ်မယ်သည် သူမအား အင်မတန် ခင်မင်မြတ်နိုးသဖြင့် ရင်းနှီးချင်ကြောင်း ပြောဆိုလာသောအခါ၊ ယင်းဝမ်ရုန်သည် ခန တွန့်ဆုတ်နေပြီးမှ လက်ခံလိုက်တော့သည်။ လက်ရှိအခြေအနေတွင် သူမဘာသာ တဖြည်းဖြည်း တက်လှမ်းရန်မှာ အင်မတန် နှေးကွေးလွန်းလှသဖြင့်၊ တစ်စုံတစ်ဦး၏ မြှောက်ပင့်မှုကိုယူရန် လိုအပ်သည် မဟုတ်လား။
ရှန်ဖေးသည် မျက်နှာသာ မရတော့သည်မှာ မှန်သော်လည်း၊ သူမ၏ ဝါရင့်မှု၊ ရာထူးနှင့် ဧကရာဇ်အပေါ် ထားရှိခဲ့သည့် နှစ်ပေါင်းများစွာသော သံယောဇဉ်များမှာ ရှိနေဆဲဖြစ်၏။ သူမ အလိုရှိလျှင် ယင်းဝမ်ရုန်အား ဧကရာဇ်၏မျက်နှာသာ ပြန်လည်ရရှိအောင် ကူညီပေးနိုင်စွမ်းရှိသည်မှာ သေချာသည်။
တကယ်တော့ ယင်းဝမ်ရုန်သည် ယဲ့ယွင် (မင်ကွေ့ဖေး) ထံ ခိုလှုံရန် စဉ်းစားခဲ့ဖူးသော်လည်း၊ ယဲ့ယွင်က သူမအား ကြည့်မရသဖြင့် ဗြောင်ကျကျ ငြင်းပယ်ခဲ့ခြင်းဖြစ်၏။ အကြောင်းကတော့ ယင်းဝမ်ရုန်သည် မျက်နှာသာ ပြန်ရချင်နေသူဖြစ်ပြီး၊ ယဲ့ယွင်၏ စည်းကမ်းမှာ - သူမနောက်ကို လိုက်မည့်သူသည် ဧကရာဇ်၏အချစ်ကို မျှော်လင့်ခြင်း ‘အမြစ်ပြတ်’ ဖြတ်တောက်ထားရမည် ဖြစ်သောကြောင့်ပင်။ ယဲ့ယွင်သည် ရန်သူနှင့် အာဏာလုရန် သည်းခံနိုင်သော်လည်း၊ မိမိ၏ အုပ်စုထဲမှလူက မိမိ၏ ‘ဝေစု’ ကို လာရောက် ခွဲယူမည်ကိုတော့ လုံးဝ ခွင့်မပြုနိုင်ပေ။
ထို့ပြင် ယဲ့ယွင်သည် သူမအတွက် အချစ်ကို ထိန်းသိမ်းပေးမည့် ‘အရန်လူ’ မျိုးလည်း မလိုအပ်ဘူး မဟုတ်လား။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 432
အခန်း ၄၃၂ ။ အားနည်းချက်
နောက်တစ်နေ့တွင် ယင်းဝမ်ရုန်သည် သူမကိုယ်တိုင် ထိုးထားသော အိတ်လေးကို ကိုင်ဆောင်ကာ ကျေးဇူးတင်စကားဆိုရန် ချုံချွေ့နန်းဆောင်သို့ သွားရောက်ခဲ့သည်။
ကျင်းရှန်ဖေးက ပြုံးရွှင်စွာ ကြိုဆိုပြီး ထိုင်ခုံငယ်လေး ပြင်ပေးစေကာ သူမကို ထိုင်ခိုင်းလိုက်သည်။
"ဒီလက်ဖက်ရည်က မဆိုးဘူး၊ မြည်းကြည့်ပါဦး... ကြိုက်ရဲ့လားလို့"
ယင်းဝမ်ရုန်က ခေါင်းညိတ်ကာ လက်ဖက်ရည်ခွက်ကို မကာ ကြည့်လိုက်သည် - "ဘယ်လိုလက်ဖက်ရည်လဲတော့ မသိပေမဲ့ အရောင်ကို ကြည့်ရတာ ‘လက်ဖက်ရည်အနီ’ ဖြစ်မယ် ထင်တယ်နော်"
ပြောပြီးနောက် သူမသည် တစ်ငုံ သောက်လိုက်ကာ ချီးမွမ်းစကား ဆိုပြန်သည်။
သူမ၏ ထိုပုံစံကို ကြည့်ပြီး ရှန်ဖေး၏မျက်ဝန်းထဲမှ အရောင်များမှာ အနည်းငယ် မှိန်ကျသွားခဲ့သည်။ အကြောင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် လက်ဖက်ရည် မသောက်သင့်သလို၊ အထူးသဖြင့် လက်ဖက်ရည်အနီကို ရှောင်ကြဉ်ရမည် ဖြစ်သဖြင့် - ယင်းဝမ်ရုန်တွင် ကိုယ်ဝန်ရှိမနေနိုင်ကြောင်း သူမ အတပ်သိလိုက်ရခြင်းဖြစ်၏။
သို့သော် ပစ္စည်းများကလည်း ပေးပြီးသား၊ လူကလည်း ရောက်နေပြီဖြစ်ရာ၊ ယခုအခါ ယင်းဝမ်ရုန်မှာ ရံဖန်ရံခါ မျက်နှာသာရနေသေးသူဖြစ်သဖြင့် သူမကို မိမိအုပ်စုထဲသို့ ဆွဲသွင်းထားခြင်းမှာလည်း မဆိုးလှပေ။
"မိသားစုကြီးက လာတဲ့ မိန်းကလေးဆိုတော့ အမြင်နဲ့ ဗဟုသုတက တကယ်ကျယ်ပြန့်တာပဲ။ အခု နန်းတွင်းမှာ မင်းက အနုပျိုဆုံးဖြစ်သလို၊ ရုပ်ရည်ကလည်း ထိပ်တန်းကပဲ။ တို့ကြည့်ရတာ ကွေ့ဖေးရဲ့အောက်မှာ မင်းက အောင်မြင်ဖို့ အလားအလာ အရှိဆုံးပဲ"
ရှန်ဖေးက ဤမျှအထိ ပွင့်ပွင့်လင်းလင်း ပြောလာသဖြင့် ယင်းဝမ်ရုန်မှာ အနည်းငယ် အံ့သြသွားသည်။ သူမက အသာအယာ ပြုံးလိုက်ကာ နှိမ့်ချစွာ ဆိုသည် - "မယ်မယ်က မြှောက်ပင့်လွန်းနေပါပြီ။ ချန်းချဲ့က ကွေ့ဖေးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
"ဘာလို့ မယှဉ်နိုင်ရမှာလဲ။ တို့က ကွေ့ဖေးကို မျက်နှာသာမရတဲ့ ဝမ်ရုန် ဘဝကနေ အဆင့်ဆင့် တက်လာတာကို မြင်တွေ့ခဲ့သူပါ။ သူမရဲ့ အဲဒီတုန်းက အခြေအနေနဲ့ယှဉ်ရင် မင်းက အခု အများကြီး ပိုသာပါတယ်။ အဲဒီတုန်းက နန်းတွင်းမှာ မျက်နှာသာ အရမ်းရတဲ့ ‘ဝမ်းဖေး’ ဆိုတာ ရှိခဲ့သေးတာလေ"
ရှန်ဖေးသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို လှည့်ရင်း သူမအား အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေသည်။ ထိုစူးရှသော အကြည့်များမှာ တစ်ဖက်လူ၏ ရည်မှန်းချက်ကို ဆွပေးနေသကဲ့သို့ ရှိနေသဖြင့်၊ လူကို စိတ်ကူးယဉ်စေရန် တွန်းအားပေးနေတော့သည်။ သူမသည် လူတို့၏စိတ်ကို ဖမ်းစားရာတွင် အင်မတန် ကျွမ်းကျင်လှသူ မဟုတ်လား။
ယင်းဝမ်ရုန်သည် မိသားစုကြီးမှ လာသူပီပီ မိမိ၏ မာနရှိနေသော်လည်း၊ တစ်ဖက်တွင်တော့ နန်းတွင်း၌ နေရာရရန် အင်မတန် တောင့်တနေသူ ဖြစ်သည်။ ထို့ကြောင့် ယနေ့ ချုံချွေ့နန်းဆောင်သို့ လာရောက်ခြင်းကပင် သူမ၏ ဆုံးဖြတ်ချက်ကို သက်သေပြနေခဲ့ပြီ။ အမှန်တကယ်ပင် သူမ၏ရင်ထဲမှ လောဘစိတ်များ နှိုးကြွလာကာ နောက်ဆုံးတွင် တွန့်ဆုတ်မနေတော့ဘဲ -
သူမသည် ထိုင်နေရာမှ ထကာ ရှန်ဖေး၏ ရှေ့မှောက်၌ ဒူးထောက်၍ ဦးတိုက်လိုက်တော့သည် - "ချန်းချဲ့ အစွမ်းအစ မရှိတာမို့... မယ်မယ် လမ်းညွှန်ပေးပါဦး”
"မြန်မြန်ထပါ... အားလုံးက နန်းတော်ထဲက ညီအစ်မတွေပဲဟာ၊ အားနာနေစရာ မလိုပါဘူး" ရှန်ဖေးက နှုတ်ခမ်းတွန့်ကာ ပြုံးလျက် သူမအား လူကိုယ်တိုင် တွဲထူလိုက်သည် - "တို့လည်း မင်းကို အများကြီး မကူညီနိုင်ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားပါ... အခု ကွေ့ဖေးရှိနေသရွေ့ မင်း နေရာရဖို့ မလွယ်ဘူးဆိုတာပဲ။ တို့ ဆိုလိုတာကို မင်း နားလည်တယ် မဟုတ်လား"
ယင်းဝမ်ရုန်၏ မျက်ဝန်းထဲတွင် အမှောင်ရိပ်တစ်ခု လက်ခနဲ ဖြတ်သွားကာ ခပ်တိုးတိုး ခေါင်းညိတ်ပြလိုက်သည်။ သူမ အကွက်ထဲ ဝင်လာသည်ကို မြင်ရသဖြင့် ရှန်ဖေး၏မျက်ဝန်းထဲမှ အပြုံးများမှာ ပိုမို တောက်ပလာခဲ့သည်။
သို့သော် ရှန်ဖေး မထင်မှတ်ထားသော အံ့သြစရာများမှာ ဤမျှနှင့် မပြီးသေးပေ။ ယင်းဝမ်ရုန်သည် ပြန်ထိုင်လိုက်ပြီးနောက်၊ ခုနက ရှန်ဖေး ပြောခဲ့သော စကားများကို ပြန်လည် စဉ်းစားကာ - ‘ကိုယ်ဝန်တားဆေး’ ကိစ္စကို ထုတ်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။
"မယ်မယ်... ချန်းချဲ့မှာ ကိစ္စတစ်ခု ရှိပါတယ်။ အဲဒါက မယ်မယ့်ကို တစ်ဖက်တစ်လမ်းက ကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်”
ရှန်ဖေးမှာ လိမ္မော်သီး ခွာနေရင်းမှ မော့ကြည့်လိုက်သည် - "အော်... ဘာကိစ္စလဲ၊ ပြောပြပါဦး"
"ချန်းချဲ့ နန်းတော်ဝင်လာတာ ကြာပေမဲ့ ကိုယ်ဝန်မရနိုင်လို့... နည်းလမ်းရှာပြီး ကျောက်ချွန်းနန်းဆောင် (ယဲ့ယွင်ဆောင်) က ဆေးအကြွင်းအကျန်တွေကို သိမ်းဆည်းတဲ့ မိန်းမစိုးကို လာဘ်ထိုးခဲ့ပါတယ်။ အဲဒီကနေ ကွေ့ဖေး သောက်နေတဲ့ ဆေးအဖတ်တွေကို ရခဲ့ပြီး၊ နန်းပြင်ကနေ ထပ်တူညီတဲ့ ဆေးတွေကို မှာယူ သောက်ခဲ့မိပါတယ်။ ဒါပေမဲ့ ‘ပါးနပ်လွန်းရင်လည်း အမှားပါတတ်တယ်’ ဆိုသလိုပါပဲ... မနေ့က မိသားစုဝင်တွေ လာမှပဲ ကျွန်မ သိလိုက်ရတာက... အဲဒီဆေးနည်းဟာ အားဆေး မဟုတ်ဘဲ ကိုယ်ဝန်တားဆေးဖြစ်နေတာပါပဲ”
ယင်းဝမ်ရုန်သည် သူမ ကြုံတွေ့ခဲ့ရသမျှကို အသေးစိတ် ရှင်းပြလိုက်သည်။ တစ်ခဏချင်းမှာပင် ရှန်ဖေး၏ လိမ္မော်သီးခွာနေသော လက်များမှာ တန့်သွားကာ၊ သံသယများဖြင့် မော့ကြည့်လာတော့သည်။
"တကယ်လား? တို့ ကြားတာတော့ ကွေ့ဖေးက မွေးပြီးစမှာ ကျန်းမာရေး ထိခိုက်လို့ အရှင်မင်းကြီးက အထူးစီမံထားတဲ့ အားဆေးတွေကို သောက်နေတာလို့ သိထားတာလေ။ အဲဒါတွေက ကိုယ်ဝန်ရဖို့ ကူညီပေးတဲ့ ဆေးတွေ မဟုတ်ဘူးလား"
ယင်းဝမ်ရုန်၏ မျက်နှာမှာ တည်ကြည်သွားသည် - "ချန်းချဲ့ မယ်မယ့်ကို မလိမ်ဝံ့ပါဘူး။ အဲဒီဆေးနည်းက အခုထိ ချန်းချဲ့ဆီမှာ ရှိပါသေးတယ်။ မယ်မယ်က ဆေးပညာ ကျွမ်းကျင်တဲ့သူကို စစ်ခိုင်းလိုက်ရင် အမှန်တရားကို သိရမှာပါ"
သို့သော် ထိုသို့ ပြောလိုက်လျှင်ပင် ရှန်ဖေးမှာ လုံးဝ မယုံကြည်နိုင်သေးပေ။ တစ်အချက်မှာ - နန်းတွင်းရှိ ကိုယ်လုပ်တော်တစ်ဦးအနေနှင့် မိမိဘာသာ ကိုယ်ဝန်တားဆေး သောက်လိမ့်မည်ဟု မထင်ခြင်း ဖြစ်သလို၊ ဒုတိယအချက်မှာ - အရှင်မင်းကြီးက ယဲ့ယွင်အား ဤမျှအထိ ချစ်မြတ်နိုးနေပါလျက်နှင့် ကိုယ်ဝန်တားဆေး တိုက်လိမ့်မည်ဟု မယုံကြည်ခြင်းဖြစ်၏။ တကယ်သာ ယဲ့ယွင်အား ကလေး ထပ်မရစေချင်လျှင် စတုတ္ထမင်းသားလေးကို မွေးပြီးကတည်းက လုပ်ခဲ့မည် မဟုတ်လား။ ဘာကြောင့် အမြွှာမွေးပြီးမှ၊ ကွေ့ဖေးရာထူးအထိ ပေးပြီးမှ ဒီလို လုပ်ရမလဲ။
သူမသည် မျက်ဝန်းများကို မှေးစင်းလိုက်ပြီး - "မင်းက ကွေ့ဖေးရဲ့အကွက်ထဲ ဝင်သွားတာများလား။ သူမက တမင် ဆေးအဖတ်တွေကို လဲထားပြီး၊ မင်းကို သောက်ခိုင်းပြီး ခန္ဓာကိုယ် ပျက်စီးအောင်၊ ကိုယ်ဝန်ထပ်မရအောင် လုပ်လိုက်တာ မဟုတ်ဘူးလား"
ယင်းဝမ်ရုန်ကတော့ ခေါင်းခါသည် - "မယ်မယ့်ရဲ့ သံသယကို ကျွန်မလည်း တွေးမိပါတယ်။ ဒါပေမဲ့ ချန်းချဲ့ရဲ့ ဆွေမျိုးတွေ ကြည့်ပြီးတာတော့... အဲဒီဆေးက ကိုယ်ဝန်တားတာ မှန်ပေမဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူးတဲ့။ ဆေးဖြတ်လိုက်ရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။ အကယ်၍ ကွေ့ဖေးက ချန်းချဲ့ကို ဒုက္ခပေးချင်တာဆိုရင် ဒီလောက်အထိ အေးဆေးတဲ့ နည်းလမ်းကို သုံးမှာ မဟုတ်ပါဘူး"
သူမက အနားသို့ တိုးကပ်ကာ လေသံကို နှိမ့်လိုက်သည် - "ချန်းချဲ့ ထင်တာတော့... ကွေ့ဖေးကိုယ်တိုင်က အခုချိန်မှာ ကိုယ်ဝန် ထပ်မရချင်တာ ဖြစ်လိမ့်မယ်။ ကလေးမွေးရတာ အန္တရာယ်များလွန်းလို့... အရှင်မင်းကြီးကို ကွယ်ရာမှာ ဆေးတွေကိုလဲပြီး တိတ်တဆိတ် သောက်နေတာ ဖြစ်နိုင်ပါတယ်”
ဤဆန်းစစ်ချက်ကတော့ ယုတ္တိရှိလှသဖြင့် ရှန်ဖေး၏စိတ်ကို အနည်းငယ် လှုပ်ခတ်သွားစေသည်။
"တကယ်လို့သာ ဒါက အမှန်ဆိုရင်တော့... တို့ရဲ့ လက်ထဲမှာ ကွေ့ဖေးရဲ့ အကြီးမားဆုံး ‘အားနည်းချက်’ တစ်ခု ရလိုက်တာပဲ။ အရှင်မင်းကြီးက သူမကို ဒီလောက် ချစ်နေတာကို... သူမက အရှင့်အတွက် ကလေး ထပ်မမွေးပေးချင်ဘဲ ခိုးပြီး ဆေးသောက်နေတယ်ဆိုတာကို အရှင် သိသွားရင်တော့... အင်မတန် ဒေါသထွက်မှာ သေချာတယ်"
ရှန်ဖေး၏မျက်ဝန်းထဲတွင် အေးစက်သော အရိပ်များ ဖြတ်ပြေးသွားကာ၊ နှုတ်ခမ်းထောင့်များမှာလည်း အနည်းငယ် တွန့်တက်သွားတော့သည်။
"မယ်မယ် ပြောတာ မှန်ပါတယ်။ ဒီကိစ္စကိုသာ သက်သေပြနိုင်ရင်... အရှင်မင်းကြီးရဲ့ သူမအပေါ် ထားရှိတဲ့ သံယောဇဉ်တွေကို အကြီးအကျယ် ထိခိုက်သွားစေမှာပါ" ဟု ယင်းဝမ်ရုန်က ဆိုသည်။
"အင်း... မင်း အရင်ပြန်ပါဦး။ ဒီကိစ္စကို တို့ သေသေချာချာ ပြန်စဉ်းစားလိုက်ဦးမယ်" ရှန်ဖေးက လက်ယမ်းပြလိုက်သည်။
…..
ယင်းဝမ်ရုန်သည် ဂါရဝပြုကာ ထွက်သွားခဲ့သည်။ ကျင်းလန်ဆောင်မှာ ဝေးလှသဖြင့် အပြန်လမ်းတွင် ဥယျာဉ်ထဲမှ ဖြတ်လာရာ - ဧကရာဇ်နှင့် ယဲ့ယွင်တို့မှာ ကန်ဘေးတွင် ငါးစာကျွေးနေကြသည်ကို တွေ့လိုက်ရသည်။
နင်ချန်သည် ငါးစာသေတ္တာကို ကိုင်ထားပေးပြီး၊ ယဲ့ယွင်က လက်တစ်ဆုပ်စာ ယူ၍ ကျဲချရင်း ကလေးတစ်ယောက်ကဲ့သို့ ရွှင်မြူးစွာ ရယ်မောနေသည်။ နင်ချန်၏အကြည့်အားလုံးမှာ ယဲ့ယွင်ပေါ်၌သာ ရှိနေပြီး၊ သူ၏ မျက်ဝန်းထဲတွင် ကြယ်တာရာများကဲ့သို့ နူးညံ့လှသော အလင်းတန်းများ ပြည့်နှက်နေသည်။
ဤမြင်ကွင်းမှာ ယင်းဝမ်ရုန် အမြဲတမ်း မျှော်လင့်တောင့်တခဲ့ရသော အရာပင်။ ဧကရာဇ်၏နှလုံးသားကို တစ်ဦးတည်း ပိုင်ဆိုင်ရခြင်းမှာ အင်မတန် ဆွဲဆောင်မှု ရှိလှပေသည်။
“ဝမ်ရုန်... ကျွန်တော်မျိုးမတို့ သွားပြီး ဂါရဝပြုကြရမလား” ဟု ကျူပိုင်က တိုးတိုးလေး မေးသည်။
"မလိုပါဘူး။ အရှင်မင်းကြီးနဲ့ ကွေ့ဖေးတို့ ပျော်နေကြတာကို ငါတို့ သွားပြီး အနှောင့်အယှက် ပေးမနေပါနဲ့တော့" ယင်းဝမ်ရုန်က အကြည့်ကို လွှဲလိုက်သည်။
သူမ၏ ရင်ထဲ၌မူ ရှန်ဖေးသည် သူမ ပေးလိုက်သော ‘ဓား’ ကို အသုံးပြုပြီး၊ ကွေ့ဖေးအား မကြာမီမှာပင် ငိုကြွေးသွားအောင် လုပ်နိုင်ပါစေဟုသာ ဆုတောင်းနေတော့သည်။
ရှန်ဖေးသည်လည်း အလုပ်မြန်လှသည်။ သူမသည် ဆေးအဖတ်များကိုရရှိရန် နည်းလမ်းရှာရန် ချက်ချင်း အမိန့်ပေးလိုက်ပြီဖြစ်၏။ သို့သော် ယခင်က ယင်းဝမ်ရုန် ဆေးအဖတ်များ ရခဲ့ချိန်မှာ ယဲ့ယွင် နန်းတော်ပြန်ရောက်ကာစဖြစ်ပြီး၊ ပွဲလမ်းသဘင်များဖြင့် အလုပ်များနေသဖြင့် လုံခြုံရေး လျော့ရဲခဲ့သော အချိန်ဖြစ်၏။ ယခုအခါ ကျောက်ချွန်းနန်းဆောင်မှာ သံမဏိခံတပ်ကဲ့သို့ လုံခြုံနေပြီဖြစ်ရာ၊ ဆေးအဖတ်များကို ထပ်မံရရှိရန်မှာ အင်မတန် ခက်ခဲလှပေသည်။ သို့သော် သူမသည် အလျော့မပေးဘဲ အခွင့်အရေးကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
…
ယခုအချိန်တွင် ယဲ့ယွင်မှာ ထိုအန္တရာယ်များကို သတိမထားမိသေးပေ။ သူမသည် ရုတ်တရက် ‘စွန်’ လုပ်ချင်စိတ် ပေါ်လာခဲ့သည်။ ဥယျာဉ်တွင် ငါးစာကျွေးပြီးနောက် နင်ချန်အား ကျောက်ချွန်းနန်းဆောင်သို့ ဆွဲခေါ်လာကာ စွန်လုပ်ရန် ပြင်ဆင်ကြတော့သည်။
နန်ချီ၏ မြို့တော်မှာ မြောက်ဘက်နှင့် နီးကပ်သဖြင့် ၅လပိုင်း၊ ၇လပိုင်းများမှာ စွန်လွှတ်ရန် အကောင်းဆုံး အချိန်ဖြစ်၏။ ယဲ့ယွင်၏ တက်ကြွလှသော ပုံစံကြောင့် နင်ချန်မှာလည်း ကလေးတစ်ယောက်ကဲ့သို့ စိတ်ပါလက်ပါ ကူညီတော့သည်။ သူတို့နှစ်ဦးအတူတူ စွန်တစ်ခုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ အမှားမရှိစေရန်အတွက် ရိုးရှင်းသော ‘လင်းယုန်’ ပုံစံကို ရွေးချယ်လိုက်ကြသည်။
"မင်းရဲ့ လက်တွေက နုနယ်တာမို့ အလုပ်ကြမ်းတွေကို ကျန်းပဲ လုပ်ပါ့မယ်။ မင်းကတော့ လင်းယုန်ပုံပဲ ဆွဲလိုက်တော့" နင်ချန်သည် ယဲ့ယွင်၏ လက်ကလေးကို ဆုပ်ကိုင်ကာ အသာအယာ ပွတ်သပ်ရင်း ဆိုလိုက်သည်။
ယဲ့ယွင်သည် မျက်ဝန်းများကို ပင့်ကာ ပြုံးလျက် ခြေဖျားထောက်ပြီး နင်ချန်၏မေးစေ့ကို အသာအယာ နမ်းလိုက်သည် - "ချန်းချဲ့က အဲဒီလောက်အထိတော့ မအားနည်းပါဘူး။ ဒါပေမဲ့ အရှင်က ဒီလောက်အထိ ဂရုစိုက်ပေးတာကိုတော့ ချန်းချဲ့ အရမ်းပျော်တာပဲ"
***