အခန်း (၄၁၇-၄၁၈)
Vol. 27 Ch. 417-418
အခန်း ၄၁၇ ။ သလဲသီးနှင့် သားသမီးရတနာ
ညက စကားပြောပြီး နောက်တစ်နေ့တွင်ပင် နန်းတွင်းရေးရာဌာနမှလူများက ကွေ့ဖေးဝတ်စုံကို ပို့ဆောင်လာကြသည်။
ဟွေယွဲ့နှင့် နန်ကျစ် နှစ်ဦးတည်း သယ်ယူရန် မလုံလောက်သဖြင့် လုဟယ်နှင့် လုကျစ်တို့ကိုပါ ခေါ်ယူကာ လေးဦးသား အတူတူ ဝတ်စုံတစ်စုံလုံးကို ပင့်ဆောင်လာခဲ့ကြသည်။ လူတိုင်းမှာ ဝတ်စုံကို မြင်သည်နှင့် မှင်တက်သွားကြရသည်။
နန်ချီတွင် ဟွမ်ကွေ့ဖေးရာထူးမရှိသဖြင့် ကွေ့ဖေးသည် ကိုယ်လုပ်တော်များထဲတွင် အမြင့်ဆုံးဖြစ်၏။ ထို့ကြောင့် ကွေ့ဖေးဝတ်စုံမှာ မိဖုရားခေါင်ကြီး၏ ဝတ်စုံနှင့် အလွန်အမင်း မကွာခြားလှဘဲ အရောင်မှာလည်း ဧကရာဇ်တို့သာ ဝတ်ဆင်ခွင့်ရှိသော ရွှေဝါရောင်နှင့် အလွန်နီးကပ်လှသည်။ ဝတ်စုံပေါ်တွင် ရွှေရောင်ဖီးနစ်ငှက် ခုနစ်ကောင်ကို ထိုးထားပြီး မိဖုရားခေါင်ဝတ်စုံနှင့် ကွာခြားချက်မှာ ပျိုနီပန်း မပါဝင်ခြင်းသာဖြစ်၏။
“ကျွန်တော်မျိုးမတို့ မယ်မယ့်ကို ဝတ်ဆင်ကြည့်ဖို့ ကူညီပေးပါရစေ” ဟု ဟွေယွဲ့က မျက်ဝန်းများ တောက်ပလျက် ဆိုသည်။ ကျန်သောအစေခံများမှာလည်း မျှော်လင့်တကြီး ကြည့်နေကြသည်။
ယဲ့ယွင်က ပြုံးလျက် ခေါင်းညိတ်ပြရာ အစေခံမလေးများ ဝိုင်းအုံ၍ အတွင်းခန်းထဲသို့ ခေါ်ဆောင်သွားကြတော့သည်။ သို့သော် ဝတ်ဆင်ပြီးချိန်တွင်မူ လှပသည်မှာ မှန်သော်လည်း အင်မတန် လေးလံလှသဖြင့် တစ်ကိုယ်လုံး နေရထိုင်ရ ခက်ခဲလှပေသည်။
“ဒီဝတ်စုံက ကြည့်ဖို့ပဲ ကောင်းတာ၊ ဝတ်တဲ့သူကတော့ တကယ် ဒုက္ခရောက်တာပဲ” ယဲ့ယွင်သည် အစေခံများ၏ အကူအညီဖြင့် မတ်တပ်ရပ်ရင်း ရယ်လည်းရယ်ချင်၊ ငိုလည်းငိုချင် ဖြစ်နေရှာသည်။ ၎င်းမှာ ဘုန်းကံကြီးခြင်းလား၊ ဒုက္ခခံရခြင်းလားပင် မသေချာတော့ပေ။
လုကျစ်က ဂါဝန်စကို ပြင်ပေးရင်း ပြုံးစိစိနှင့် ဆိုသည် - “ဒီဒုက္ခမျိုးကို ခံစားချင်လွန်းလို့ မနာလိုဖြစ်နေတဲ့သူတွေ ဘယ်လောက်တောင် များမလဲ”
“အခုက ရာသီဥတုက ပူသေးတော့ သခင်မ ဘိသိက်ပွဲမှာ နည်းနည်း ပင်ပန်းရပါလိမ့်မယ်။ ဝတ်စုံပေါ်မှာက ရွှေချည်၊ ငွေချည်တွေအပြင် ပုလဲ၊ မာလာကျောက်၊ ကျောက်စိမ်းတွေနဲ့ စီခြယ်ထားတာဆိုတော့ အလေးချိန်က မနည်းလှဘူးလေ” ဟု ဟွေယွဲ့က ဆိုသည်။
ယဲ့ယွင် ရင်ထဲတွင် သက်ပြင်းချမိသည်။ အခမ်းအနား မတိုင်မီ ကြိုတင်ဝတ်ဆင်ခိုင်းသည်မှာ အကြောင်းရှိပေသည်။ အကယ်၍သာ ကြိုတင်မကျင့်ထားဘဲ ဘိသိက်ပွဲတွင် မခံနိုင်၍ လဲကျသွားပါက အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
မူလက ဟွေ့ဖေးသည်လည်း သူမနှင့်အတူ ဘိသိက်ခံယူရမည် ဖြစ်သော်လည်း၊ နင်ချန်က ယဲ့ယွင်အား သီးသန့် ဘိသိက်မြှောက်လိုသဖြင့် ဟွေ့ဖေး၏အခမ်းအနားကို နှစ်ရက်စော၍ ကျင်းပပေးခဲ့သည်။ ထို့ကြောင့် ယဲ့ယွင်အနေနှင့် သူတစ်ပါး လုပ်ဆောင်သည်ကို ကြိုတင်ကြည့်ရှုခွင့်ရခဲ့ခြင်းဖြစ်၏။
…..
သူမ၏ ဘိသိက်ပွဲနေ့သို့ ရောက်သောအခါ။
နင်ချန်သည် ယဲ့ယွင် ခန္ဓာကိုယ် အားနည်းနေချိန်၌ အပူရှိန်ဒဏ် မခံနိုင်မည်စိုးသဖြင့် အခမ်းအနားကို နာရီဝက် စော၍ ကျင်းပစေခဲ့သည်။ နေပူထဲတွင် လုပ်ဆောင်ရမည့် အစီအစဉ်များ ပြီးဆုံးချိန်၌ နေမှာ အတော်လေး ပြင်းထန်ကာစသာ ရှိသေးသည်။ ထိုအခါမှသာ ကိုယ်လုပ်တော်များနှင့် အရာရှိများအားလုံးသည် ဧကရာဇ်က အခမ်းအနား အချိန်ပြောင်းလိုက်ရခြင်း၏ အဓိပ္ပာယ်ကို နားလည်သွားကြတော့သည်။ ဤမျှအထိ သိမ်မွေ့သော ဂရုစိုက်မှုမှာ အားလုံးအား မနာလိုဖြစ်စေရန် လုံလောက်လှပေသည်။
ဘိသိက်ပွဲအပြီးတွင် နင်ချန်သည် အရာရှိများနှင့်အတူ ရှေ့ဆောင်၌ ညစာသုံးဆောင်ပြီး၊ ယဲ့ယွင်ကတော့ ကိုယ်လုပ်တော်များကို ဦးဆောင်ကာ ကျောက်ချွန်းနန်းဆောင်၌ အောင်ပွဲခံ တည်ခင်းဧည့်ခံသည်။
ကျောက်ချွန်းနန်းဆောင်သို့ ပြန်ရောက်သည်နှင့် ယဲ့ယွင်သည် သက်သောင့်သက်သာရှိသော အဝတ်အစားသို့ အရင်လဲလိုက်သည်။ အနီရဲရဲ ဟိုင်ထန်ပန်းပုံ အင်္ကျီနှင့် ရုယီဂါဝန်ကို ဝတ်ဆင်ကာ၊ ဆံပင်ကို ဟယ်ယွဲ့ပုံစံ ထုံးထားပြီး၊ ဦးခေါင်းပေါ်တွင် ကွေ့ဖေးများသာ ဝတ်ဆင်ခွင့်ရှိသော ရွှေစင်ကျောက် ဖီးနစ်ဆံထိုး ခုနစ်ချောင်းပါသော ဆံထိုးကို ဆင်ယင်ထားသည်မှာ လူအများအား မျက်စိကျစရာ ဖြစ်နေတော့သည်။
ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေမှာ အနီရောင်ဝတ်စုံကြောင့် ပိုမို ဝင်းပနေကာ၊ ညှို့ဓာတ်ပြင်းသော မျက်ဝန်းများနှင့် နှုတ်ခမ်းလေးတွန့်ကာ ပြုံးနေသည့် ပုံစံမှာ ကလေးသုံးယောက် မိခင်နှင့် လုံးဝ မတူပေ။
“အားလုံး ထိုင်ကြပါဦး။ ဒီနေ့ ပန်ကုန်း ရာထူးတိုးတာမို့လို့၊ နောင်ကျရင် နန်းတွင်းကိစ္စတွေ စီမံတဲ့အခါ ညီမလေးတို့အားလုံးရဲ့ ကူညီမှုကို လိုအပ်ပါလိမ့်မယ်” ယဲ့ယွင်က တည်ငြိမ်စွာ ထိုင်လိုက်ရင်း လက်ယမ်းပြလိုက်သည်။
ဟွေ့ဖေးက အရင်ဆုံး ဝင်ရောက်ထောက်ခံသည် - “ချန်းချဲ့တို့ ကွေ့ဖေးမယ်မယ်ရဲ့ အပူအပင်တွေကို ကူညီဖြေဖျောက်ပေးဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်”
သူမက အစပြုလိုက်သဖြင့် အခြားသူများလည်း စိတ်ထဲက မပါသော်လည်း လိုက်လံ ပြောဆိုကြရတော့သည်။ အားလုံး ထိုင်ပြီးသောအခါ ယဲ့ယွင်က အစေခံများအား ဗန်းအချို့ သယ်လာခိုင်းလိုက်သည်။
“ဒီနေ့ ပန်ကုန်းရဲ့ မင်္ဂလာရှိတဲ့နေ့မှာ ညီမလေးတို့အတွက် အဖိုးတန် လက်ဆောင်တွေ မရှိပေမဲ့၊ ဒီလက်ဝတ်ရတနာလေးတွေကတော့ ပန်ကုန်းရဲ့ စေတနာအဖြစ် လက်ခံပေးကြပါဦး”
ပြောပြီးသည်နှင့် နန်းတွင်းသူလေးများက တစ်ဦးချင်းစီ၏ ထိုင်ခုံရှေ့သို့ လက်ဆောင်များကို သွားရောက် ပေးအပ်ကြသည်။ အဆင့်မြင့်သူမှ အနိမ့်ဆုံးသူအထိ လူတိုင်းရရှိကြသလို တစ်ဦးနှင့်တစ်ဦးလည်း မတူညီကြပေ၊ တန်ဖိုးမှာလည်း ရာထူးအလိုက် သင့်တင့်မျှတလှသည်။
ယိကျောင်းယွမ်မှာ မျက်စိကျနေသော်လည်း ရင်ထဲတွင်တော့ မကျေမနပ် ဖြစ်နေမိသည်။ သူမ၏ မိသားစုမှာ ယဲ့ယွင်ကဲ့သို့ ရက်ရက်ရောရော ပေးကမ်းနိုင်လောက်အောင် မချမ်းသာသည်မှာ အမှန်ပင်။ သို့သော် ယဲ့ယွင် ပေးကမ်းသမျှမှာ မိသားစုထံမှ ငွေစများ မဟုတ်ဘဲ နင်ချန်၏ဆုလာဘ်များဖြစ်၏။ သူမသည် နှစ်ပေါင်းများစွာ မျက်နှာသာရခဲ့သဖြင့် သူမ၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်မှာ ပစ္စည်းများ လျှံထွက်နေခဲ့ပြီ ဖြစ်သည်။ ယခု အဆောင်ပြောင်းရွှေ့စဉ်က ၎င်းတို့ကို ပြန်လည်စီစစ်ရာတွင် ရာထူးနိမ့်စဉ်ကရရှိခဲ့သော ပစ္စည်းသစ်များကို အသုံးမပြုဖြစ်တော့သဖြင့် ၎င်းတို့ကို ပေးကမ်းခြင်းဖြင့် လူစုဆောင်းလိုက်ခြင်းဖြစ်၏။
အမှန်တကယ်ပင် လက်ဆောင်ရရှိသော ကိုယ်လုပ်တော် အများစုမှာ (ယဲ့ယွင်နှင့် ဗြောင်ရန်ဘက်ဖြစ်သူများမှလွဲ၍) အားလုံးမှာ ဝမ်းမြောက်နေကြသည်။
ထိုစဉ် ရှန်ဖေး၏ဘေးတွင် ထိုင်နေသော ရုန်ရှူးဖေးက တစ်စုံတစ်ခုကို သတိထားမိသွားပြီး စကားစလိုက်သည် - “အို... ရှန်ဖေးရဲ့ ဗန်းထဲမှာ သေတ္တာငယ်လေးတစ်လုံး ပိုပါနေပါလား။ ဒါက ဘာထူးခြားတဲ့ ပစ္စည်းမို့ ငါတို့မှာ မပါရတာလဲဟင်”
သူမ စကားပြောလိုက်သည်နှင့် ရှန်ဖေး၏မျက်ဝန်းများ အေးစက်သွားကာ ထိုပါးစပ်ကို ချုပ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။ သို့သော် ရှန်ဖေး မဖြေကြားရသေးမီမှာပင် ယဲ့ယွင်က အားနာဟန်ဖြင့် အရင် စကားဟလိုက်သည် -
“ရှူးဖေး စိတ်ထဲမထားပါနဲ့။ ဒါက ပန်ကုန်း အစ်မတော်ရှန်ဖေးကို သီးသန့်ပေးတဲ့ အလျော်အစားလေးပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှင်မင်းကြီး ချုံချွေ့နန်းဆောင် (ရှန်ဖေးဆောင်) ကို ညစာသွားစားဖို့ ပြင်ပေမဲ့၊ ပန်ကုန်း နေမကောင်းဖြစ်လို့ အရှင်က တံခါးဝရောက်မှ ပန်ကုန်းဆီ ပြန်လှည့်လာခဲ့ရတယ်။ အစ်မတော်ရှန်ဖေး ခဲခဲယဉ်းယဉ်း ပြင်ဆင်ထားတာကို အရှင့်မျက်နှာ မဖူးတွေ့လိုက်ရတော့ ပန်ကုန်း ရင်ထဲမှာ မအေးလို့လေ။ ဒါကြောင့် ပန်ကုန်း အမြဲတမ်း မြတ်နိုးတဲ့ ‘မာလာကျောက် သလဲသီး’ ရုပ်တုလေးကို ရှန်ဖေးကို ပေးလိုက်တာပါ”
အတိတ်က အရှက်ရစရာကို ပြန်ဖော်ထုတ်ရုံတင်မက၊ သားသမီး ရတနာ ထွန်းကားခြင်းကို ကိုယ်စားပြုသော ‘သလဲသီး’ ကို လက်ဆောင်ပေးခြင်းမှာ ရှန်ဖေးအတွက်တော့ အဆိပ်ပင် ဖြစ်၏။ ရှန်ဖေးမှာ ကလေးမရနိုင်သူဖြစ်ရာ သားသမီးများစွာ ရစေချင်သော သလဲသီးကို ပေးခြင်းမှာ အကြီးအကျယ် သရော်လိုက်ခြင်းပင်။ ရှန်ဖေးကဲ့သို့ သည်းခံနိုင်သူပင်လျှင် ဤတစ်ကြိမ်တွင် မျက်နှာ ပျက်သွားရသည်။
“ရှန်ဖေးက မကြိုက်လို့လား?” ယဲ့ယွင်က မျက်ခုံးပင့်ကာ လက်ဖက်ရည်ကို အသာငုံလိုက်သည် - “မျက်နှာကြီး ညိုးနွမ်းနေတာ... ပန်ကုန်း ကလေးမွေးရခက်တုန်းက ပုံစံနဲ့တောင် ဆင်နေသလိုပဲနော်”
ဤစကားကြောင့် ရှန်ဖေး၏ သူငယ်အိမ်မှာ ကျုံ့ဝင်သွားကာ ချက်ချင်းပင် ထရပ်လိုက်ရတော့သည်။
“မယ်မယ် နားလည်မှု လွဲနေပါပြီ။ ချန်းချဲ့က ဝမ်းသာအားရ ဖြစ်လွန်းလို့ အံ့သြသွားတာပါ။ မကြိုက်တာမျိုး မရှိပါဘူး။ မယ်မယ်ကတော့ နောက်ပြောင်တတ်လိုက်တာ”
ယဲ့ယွင်က ဘာမှမပြောဘဲ အေးစက်သော အကြည့်ဖြင့်သာ သူမအား ကြည့်နေသည်။ ဤကဲ့သို့သော ထူးဆန်းသော အခြေအနေအောက်တွင် ရှန်ဖေးမှာ ရင်ထဲ၌ ထိတ်လန့်လာကာ လက်ဖဝါးများတွင် ချွေးစေးများ ထွက်လာခဲ့သည်။ အခြားသော ကိုယ်လုပ်တော်များလည်း အခြေအနေကို ရိပ်မိကြသော်လည်း မည်သူမျှ ဝင်မပြောဝံ့ကြပေ။ နောက်ဆုံးတွင် ယဲ့ယွင်ကပင် စနောက်သယောင်နှင့် စကားဖြတ်လိုက်သည်။
“ပန်ကုန်းက နောက်ပြောင်တတ်တာပါပဲ။ ရှန်ဖေးကမှ ကလေးမမွေးဖူးတာ... ဒီ ‘မွေးရခက်တာ’ ဘယ်လိုပုံစံလဲ ဆိုတာ ဘယ်သိပါ့မလဲ။ ကဲ... ဒီနေ့က မင်္ဂလာရှိတဲ့နေ့ဆိုတော့ မကောင်းတာတွေ မပြောကြရအောင်။ ရှန်ဖေး ထိုင်ပါဦး”
“ဟုတ်ကဲ့ပါ” ရှန်ဖေးက မျက်လွှာချကာ အံကြိတ်လျက် မကျေမနပ် ထိုင်လိုက်ရတော့သည်။
ညစာစားပွဲတစ်ခုလုံးတွင် သူမသည် ဘာအရသာမှ မခံစားရဘဲ လူတိုင်းက သူမအား လှောင်ပြောင်နေကြသည်ဟုသာ ခံစားနေရသည်။ ယဲ့ယွင်၏ မရေမရာ စကားလုံးများမှာ ရှန်ဖေး၏ ဟန်ဆောင်မှုကို ခွာချလိုက်သကဲ့သို့ပင်။ မျက်နှာသာရနေသော ကွေ့ဖေးက ဘာကြောင့် ရာထူးနိမ့်ပြီး အိုမင်းနေသော ရှန်ဖေးကို နှိပ်ကွပ်နေရတာလဲ၊ ၎င်းမှာ ‘မွေးရခက်ခြင်း’ နှင့် ဆက်စပ်နေသလို၊ ထိုကိစ္စတွင် လက်ပါခဲ့သော ချင်ရှီမှာလည်း ရှန်ဖေး၏ လူဖြစ်နေခဲ့သည် မဟုတ်လား။
ဤသည်မှာ ရှန်ဖေးသည် အပြင်ပန်းကဲ့သို့ အေးဆေးသူမဟုတ်ကြောင်း လူတိုင်း သတိပြုမိသွားစေရန် ယဲ့ယွင်က အကွက်ဆင်လိုက်ခြင်းပင်။
ပွဲအပြီးတွင် ကိုယ်လုပ်တော်များ ပြန်သွားကြသည်။ သို့သော် ရှန်ဖေး၏ဝေါယာဉ် ထွက်ခွာပြီး မကြာမီမှာပင် နန်ကျစ်က လိုက်မီကာ တားလိုက်သည်။
“ကွေ့ဖေးမယ်မယ်က ကျွန်တော်မျိုးမကို စကားပါးလိုက်ပါတယ်။ ဒီမာလာကျောက်က ရှားပါးသလို သလဲသီးပုံ ထွင်းထုထားတာကလည်း ပိုပြီး တန်ဖိုးကြီးပါတယ်။ နန်းတွင်းရဲ့ ချစ်ကြည်မှုကို ပြသတဲ့အနေနဲ့၊ ရှန်ဖေးအနေနဲ့ ဒီရုပ်တုကို အဆောင်ရဲ့ အထင်ရှားဆုံး နေရာမှာ ထားပြီး နေ့တိုင်း ကြည့်ရှုပေးပါဦးတဲ့”
ရှန်ဖေး၏ရင်ထဲတွင် ဒေါသမီးများ ဟုန်းဟုန်းတောက်နေသော်လည်း အပြင်ပန်းတွင်မူ ရိုသေဟန်ဆောင်လျက် - “ချန်းချဲ့ မှတ်သားထားပါ့မယ်” ဟုသာ ပြန်ပြောလိုက်ရတော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 418
အခန်း ၄၁၈ ။ မူးယစ်ခြင်း
၈လပိုင်း ၁၅ ရက်၊ ဆောင်းဦးလယ်ပွဲတော်။
ဆက်တိုက်ထွက်ပေါ်လာသော သတင်းကောင်း နှစ်ခုကြောင့် နင်ချန်တစ်ယောက် အလွန်အမင်း ဝမ်းမြောက်နေရသည်။
ပထမသတင်းမှာ လူသိရှင်ကြား ထုတ်ပြော၍ရသော သတင်းဖြစ်ပြီး၊ ယဲ့ယွင်၏ အဖိုးဘက်မှ မိသားစုဖြစ်သော တော်ဝင်ကုန်သည် ချူမိသားစုသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းသစ် တစ်ခုကို ဖောက်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ် ဆောင်းဦးလယ်ပွဲတော်တွင် စတင်အသုံးပြုခဲ့ရာ၊ ယခုနှစ်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီး ရရှိသော အမြတ်အစွန်းမှာ ကုန်းကြောင်းကုန်သွယ်ရေးထက် နှစ်ဆနီးပါး ရှိခဲ့သည်။
ယခုအခါ နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ပိုမိုပြည့်စုံလာခဲ့ရာ ချူမိသားစု၏ ကုသိုလ်မှာ မနည်းလှပေ။ ထို့ထက် ပို၍ အဖိုးတန်သည်မှာ ချူမိသားစုသည် အင်မတန် နှိမ့်ချစွာနေထိုင်တတ်ပြီး ကုသိုလ်ကိုလည်း ထုတ်မကြွားသလို၊ တစ်ပြားတစ်ချပ်မှလည်း မခိုးဝှက်ခြင်းပင်။ နင်ချန်သည် မည်သို့ ဆုချရမည်ကို စဉ်းစားပြီးနောက်၊ ‘ဧကရာဇ်၏ ကျေးဇူးတော်’ ကို ပြသသည့်အနေဖြင့် ပျန့်ကျိုးရှိ ချူအိမ်တော်သို့ သူကိုယ်တိုင် ရေးထိုးထားသော ကဗျည်းပြားကို ပေးသနားလိုက်သည်။
သူ၏ ဤလုပ်ရပ်ကြောင့် နန်ချီရှိ ကုန်သည်များ၏ အဆင့်အတန်းမှာလည်း များစွာ မြင့်တက်သွားခဲ့သည်။ မူလက ‘ပညာရှင်၊ လယ်သမား၊ အလုပ်သမား၊ ကုန်သည်’ ဟူသော အစဉ်အလိုက်အရ ကုန်သည်မှာ အနိမ့်ဆုံးဖြစ်ပြီး ချမ်းသာသော်လည်း အနှိမ်ခံရလေ့ရှိသည်။ ယခုမူ ချူမိသားစုက ကုန်သည်တို့၏တန်ဖိုးကို သက်သေပြနိုင်ခဲ့သဖြင့် နန်ချီလူမျိုးများမှာ ကုန်သည်တို့ကို အထင်မသေးဝံ့ကြတော့ပေ။ ဤသည်မှာ ယဲ့ယွင်ပင် မထင်မှတ်ထားသော အချက်ဖြစ်သော်လည်း၊ သူမ၏ အကြံပြုချက်ကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများပင်ဖြစ်၏။
အခြားသတင်း တစ်ခုကတော့ ထုတ်ပြော၍ မရသေးပေ။ ၎င်းမှာ ယင်းကော်ကုန်းအိမ်တော်နှင့် ပတ်သက်နေသည်။
ယခုအခါ အတူတူ ထိုင်နေကြသော ယင်းကော်ကုန်းနှင့် သူ၏သား ချန်ရှန်ယိတို့မှာ စိတ်ဝမ်းကွဲနေကြပြီ ဖြစ်သည်။ ချန်ရှန်ယိသည် သူ၏ မရီးအရင်း မေရှီ၏ လုပ်ကြံမှုကြောင့် တူဖြစ်သူကို အဆိပ်ခတ်ရန် ကြံစည်သူအဖြစ် အစွပ်စွဲခံခဲ့ရသည်။ ဖခင်ဖြစ်သူက မိမိကို ယုံကြည်လိမ့်မည်ဟု ချန်ရှန်ယိ မျှော်လင့်ခဲ့သော်လည်း၊ ဘိုးဘေးခန်းမတွင် ဆယ့်ငါးရက်ကြာ အကျဉ်းချခံထားရစဉ်အတွင်း သူ့ယောက်ဖ လျန်ချန်စစ်တစ်ဦးတည်းသာ တိတ်တဆိတ် လာတွေ့ခဲ့သည်။ ထိုအခါမှ သူ သဘောပေါက်သွားသည်မှာ - မိမိသည် မယားငယ်သားဖြစ်နေသဖြင့် ဖခင်သည် မိမိအား ဘွဲ့ထူးဆက်ခံခွင့်ပေးရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးကြောင်းပင်။
မျှော်လင့်ချက် ပျက်သုဉ်းသွားချိန်တွင် မုန်းတီးမှုများ ပေါက်ဖွားလာခဲ့သည်။ ယင်းကော်ကုန်းမှာ အင်မတန် သတိကြီးသူဖြစ်ရာ၊ ချန်ရှန်ယိအနေဖြင့် လျှို့ဝှက်စာရင်းဇယားများမှာ ယင်းကော်ကုန်း၏ ဝင်းထဲရှိ ဘုရားကျောင်းဆောင်ငယ်လေးတွင် ရှိနိုင်ကြောင်းသာ ခန့်မှန်းနိုင်ပြီး အသေးစိတ်ကိုတော့ မသိရသေးပေ။ သို့သော် နေရာအတိအကျကို သိလိုက်ရသဖြင့် ရှာဖွေရန် ပို၍ လွယ်ကူသွားခဲ့ပြီ။
ဤသတင်းကောင်းများကြောင့် ဆောင်းဦးလယ်ပွဲတော်တွင် နင်ချန်မှာ အလွန်ပျော်ရွှင်နေပြီး ဝိုင်များကို အလွန်အကျွံ သောက်မိခဲ့သည်။ ထို့ကြောင့် သူ အနည်းငယ် မူးယစ်သွားခဲ့သည်။
ပွဲအပြီးတွင် သူသည် ကျိုချန်နန်းဆောင်သို့ ပြန်မည်ဖြစ်ရာ ယဲ့ယွင်အား အတူလိုက်ပါရန် အမိန့်ပေးလိုက်သည်။ ထို့ကြောင့် ယဲ့ယွင်သည် နင်ချန်နှင့်အတူ ကျိုချန်နန်းဆောင်သို့ လိုက်ပါလာခဲ့ရသည်။ ဤနေရာမှာ ယဲ့ယွင်အတွက်တော့ လာခဲသော နေရာဖြစ်၏၊ ပုံမှန်ဆိုလျှင် နင်ချန်ကသာ သူမ၏အဆောင်သို့ လာလေ့ရှိသည် မဟုတ်လား။
နန်းဆောင်သို့ ရောက်ချိန်တွင် နင်ချန်မှာ အတော်လေး မူးနေပြီး ယိုင်တိုင်တိုင်ပင် ဖြစ်နေတော့သည်။ ယဲ့ယွင်က သူ၏ အမူးပြေစေရန် ‘အမူးပြေဟင်းရည်’ တစ်ခွက် တိုက်ကျွေးသော်လည်း၊ သူက သူမကို ဆွဲကာ ရွှမ်ယန်ရေကန်တွင် ရေချိုးရန် ဇွတ်ခေါ်နေတော့သည်။
“အရှင်မင်းကြီးရဲ့ အဝတ်အစားတွေ အမြန်သွားပြင်ကြစမ်း၊ အိပ်ရာကိုလည်း ပြင်ထားဦး။ အမူးပြေဟင်းရည် နောက်တစ်ခွက် ထပ်လိုလိမ့်မယ်... အား!”
ယဲ့ယွင်မှာ နင်ချန်၏ ဆွဲခေါ်မှုကို ခံနေရစဉ် အစေခံများကို စိုးရိမ်တကြီး မှာကြားနေရသည်။ နင်ချန်မှာ သူမ၏ခြေလှမ်းများ နှေးနေသဖြင့် စိတ်မရှည်တော့ဘဲ သူမအား ရုတ်တရက် ပွေ့ချီလိုက်တော့သည်။
“ချင်းချင်းရဲ့ ဒီခြေလှမ်းလေးတွေနဲ့ဆိုရင် မိုးလင်းရင်တောင် ရောက်မှာ မဟုတ်ဘူး။ ကျန်းပဲ ပွေ့သွားမယ်”
ဘေးမှ အစေခံများမှာ စိုးရိမ်နေကြသဖြင့် ယွမ်ကျိုက ဇွတ်တိုး၍ - “အရှင်မင်းကြီး... အရှင် မူးနေတာလေ၊ ဒီလို မလုပ်သင့်ပါဘူး။ ကွေ့ဖေးလေးသာ ချော်ကျသွားရင် ဘယ်လိုလုပ်မလဲ!”
“ဖယ်စမ်း... ငါမမူးဘူး! မင်းတို့ အပြင်မှာပဲ စောင့်နေကြ။ ငါက ငါ့ရဲ့ ကွေ့ဖေးကိုတောင် မချီနိုင်တော့ဘူးလို့ ထင်နေတာလား!” နင်ချန်က စိတ်မရှည်စွာဖြင့် မျက်စောင်းထိုးလိုက်သည်။
ယဲ့ယွင်မှာ သူ့ပုံစံကို ကြည့်ပြီး ဘေးကင်းရန်အတွက် သူ့လည်ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်ရသည်။ နင်ချန်မှာ ခြေလှမ်းများ ယိုင်နေသော်လည်း လက်မောင်းများကတော့ တောင့်တင်းခိုင်မာနေဆဲ ဖြစ်၏။ သူမအား ချော်ကျစေမည် မဟုတ်မှန်း သူမ သိသည်။
ရေပူစမ်းနန်းဆောင်ထဲသို့ ရောက်သောအခါ၊ ကန်ဘေးသို့ ရောက်ခါနီးအထိ နင်ချန်က ရပ်တန့်မည့်ပုံ မရှိပေ။ ယဲ့ယွင်မှာ အလောတကြီးဖြင့် - “အရှင်မင်းကြီး... အဝတ်အစားတွေ၊ ဖိနပ်တွေ မချွတ်ရသေးဘူးလေ” ဟု တားလိုက်ရသည်။
နင်ချန်က ငုံ့ကြည့်ကာ သူ့ဖိနပ်များကို အေးအေးဆေးဆေး ကန်ထုတ်လိုက်ပြီး၊ ကန်ဘေးတွင် ထိုင်ကာ ယဲ့ယွင်၏ ဖိနပ်များကိုပါ ချွတ်ပေးလိုက်သည်။ သို့သော် ဖိနပ်ချွတ်ပြီးသည်နှင့် သူသည် ယဲ့ယွင်၏ခါးကို ဖက်ကာ ကန်ထဲသို့ တစ်ပါတည်း ခုန်ဆင်းလိုက်တော့သည်။
နွေးထွေးလှသော ရေပူစမ်းရေများက အဝတ်အစားများကို ချက်ချင်း စိုရွှဲသွားစေသည်။ ယဲ့ယွင်မှာ သူမ၏ ဂါဝန်စကို နင်းမိကာ ဟန်ချက်ပျက်ပြီး နောက်သို့ လဲကျသွားရာ ရေထဲသို့ မြုပ်သွားခဲ့သည်။ နင်ချန်မှာ မူးနေသော်လည်း အချိန်ကိုက်ပင် သူမအား ဆွဲတင်ကာ သူ့ရင်ခွင်ထဲသို့ ထည့်လိုက်သည်။
၈လပိုင်း၏ ရာသီဥတုတွင် အဝတ်အစားများမှာ ပါးလွှာလှရာ၊ ရေစိုသွားချိန်တွင် နှစ်ဦးသား ဖက်ထားကြသည်မှာ ရေပူစမ်းက ပိုပူသလား၊ သို့မဟုတ် အသားချင်း ထိတွေ့မှုက ပိုပူသလားပင် မခွဲခြားနိုင်တော့ပေ။ မြူခိုးဝေဝါးနေသော ရေပူစမ်းထဲ၌ ရင်ခွင်ထဲမှ အလှလေး၏မျက်နှာကို ကြည့်ရင်း နင်ချန်မှာ နောက်ဆုံးတွင် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။
ရွှမ်ယန်ရေကန်ထဲတွင် အဝတ်အစားများ ဖရိုဖရဲ လွင့်မျောနေပြီး၊ ယဲ့ယွင်၏ခေါင်းပေါ်မှ တန်ဖိုးကြီး လက်ဝတ်ရတနာများမှာလည်း ကန်ခြေသို့ တစ်ခုပြီးတစ်ခု နစ်မြုပ်သွားခဲ့ကြတော့သည်။
နင်ချန်သည် ယဲ့ယွင်အား ဝတ်ရုံဖြင့် ပတ်ကာ အိပ်ဆောင်သို့ ပွေ့ချီသွားခဲ့သည်။
……
နောက်တစ်နေ့ နိုးလာချိန်တွင် နင်ချန်မှာ ဘေး၌ ရှိနေဆဲ ဖြစ်ရာ၊ ယနေ့မှာ ညီလာခံနားရက်ဖြစ်မှန်း ယဲ့ယွင် ခန့်မှန်းမိလိုက်သည်။ ရင်ထဲတွင်လည်း အနည်းငယ် အရှက်သည်းသွားရသည်။ ယခုအခါ ယဲ့ယွင်မှာ နင်ချန်အား ကျောပေးထားခြင်းဖြစ်၏။ သူမ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူမအား ဖက်ထားသောသူမှာ နိုးလာခဲ့သည်။
ခါးပေါ်မှ လက်ကြီးက တင်းကျပ်သွားချိန်မှ ယဲ့ယွင်သည် မိမိ၏ကိုယ်ပေါ်တွင် အဝတ်တစ်စမျှ မရှိသည်ကို သတိပြုမိလိုက်သည်။ တစ်ဖက်လူမှာလည်း အမူးမပြေသေးသဖြင့် အစေခံများမှာ အထဲဝင်၍ အလုပ်အကျွေး ပြုရဲကြမည် မဟုတ်ပေ။ သူမ စဉ်းစားနေစဉ်မှာပင် လည်ပင်းနား၌ ယားကျိကျိ ခံစားလိုက်ရသည်။ နင်ချန်က အနားသို့ တိုးကပ်ကာ ပွတ်သပ်နေခြင်းဖြစ်၏။
“ချင်းချင်းရဲ့အသားအရေက ပိုးသားထက်တောင် ပိုပြီး ချောမွတ်နေတာပဲ”
“အရှင်မင်းကြီး... ချန်းချဲ့ကို လွှတ်ပါတော့” ယဲ့ယွင်က ချွဲနွဲ့သော လေသံဖြင့် ရှောင်ရန် ကြိုးစားရှာသည်။ သို့သော် ကြာမြင့်စွာ အသားဟင်း မစားရသေးသော တစ်ဖက်လူမှာ ဘယ်မှာ သည်းခံနိုင်ပါမလဲ။ နောက်ဆုံးတွင် ယဲ့ယွင်၏ စိတ်ကောက်နေသော အကြည့်များအောက်တွင် နင်ချန်သည် စိတ်ကြည်လင်စွာဖြင့် သူမအား ကိုယ်တိုင် အဝတ်အစား လဲပေးခဲ့လေသည်။
မနက်စာ စားပွဲသို့ ရောက်သောအခါ ယဲ့ယွင်မှာ စိတ်ဆိုးနေဆဲ ဖြစ်၏။ နင်ချန်က ပြုံးလျက် သူမအား ကော်ပြန့်စိမ်းလိပ်ခု ခပ်ပေးသည် - “ဒါလေး မြည်းကြည့်ပါဦး၊ စားဖိုဆောင်က အဆာသစ်နဲ့ လုပ်ထားတာတဲ့”
သို့သော် ယဲ့ယွင်က တစ်ကိုက် ကိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည် - “စားမကောင်းဘူး၊ အရှင်မင်းကြီးပဲ စားလိုက်ပါ” ဟု ဆိုကာ ထိုတစ်ဝက်ကိုက်ထားသော ကော်ပြန့်ကို နင်ချန်၏ ပန်းကန်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
တစ်ခဏချင်းမှာပင် နန်းဆောင်အတွင်းရှိ လေထုမှာ အေးခဲသွားတော့သည်။ ဧကရာဇ်အား မိမိစားလက်စကို ကျွေးသည်မှာ စည်းကမ်းမဲ့လွန်းလှသည် မဟုတ်လား။ မည်မျှပင် မျက်နှာသာရပါစေ ဤသို့ မလုပ်သင့်ပေ။ အစေခံများသာမက နင်ချန်ပင် ခနမျှ ကြောင်သွားရသည်။
အမှန်တကယ်ပင် ယဲ့ယွင် သောက်လက်စ လက်ဖက်ရည်ကို သူ သောက်ဖူးသော်လည်း၊ ၎င်းမှာ သူကိုယ်တိုင် အလိုရှိ၍ သောက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ အတင်းအကျပ် ကျွေးခြင်းကို ခံရသည်မှာ ပထမဆုံးအကြိမ်ပင်။ သူ မော့ကြည့်လိုက်ရာ ယဲ့ယွင်မှာ ပါးလေးဖောင်းပြီး စိတ်ဆိုးနေသည်ကို တွေ့ရသဖြင့်၊ ခန တွန့်ဆုတ်နေပြီးမှ ထိုကော်ပြန့်ကို ယူ၍ စားလိုက်တော့သည်။
သူက ဆက်ပြောသည် - “နောင်ကျရင် စားဖိုဆောင်ကို ဒီအဆာနဲ့ ကော်ပြန့် မလုပ်ခိုင်းနဲ့တော့”
“ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုပဲ သွားဖယ်ခိုင်းလိုက်ပါ့မယ်” ယွမ်ကျိုမှာ ချွေးစေးများ သုတ်ရင်း အလျင်အမြန်ပင် ထိုကော်ပြန့်ပန်းကန်ကို သယ်ယူသွားတော့သည်။
နင်ချန်သည် စားပွဲပေါ်မှ ဖက်ထုပ်ပေါင်းတစ်ခုကို ထပ်ယူကာ ချော့မြူပြန်သည် - “ဒါလေး ထပ်မြည်းကြည့်ပါဦး၊ မင်း ခံတွင်းနဲ့ တွေ့မလားလို့”
သူ၏ ထိုပုံစံကို မင်မှ ယဲ့ယွင်မှာ မအောင့်နိုင်တော့ဘဲ ‘ခိ’ ခနဲ ရယ်မောလိုက်တော့သည်။ သူမသည် ဖက်ထုပ်ပေါင်းကို ယူ၍ နင်ချန်၏ ပါးစပ်နားသို့ ကမ်းပေးလိုက်သည် - “အရှင်မင်းကြီး အရင် မြည်းကြည့်ပါဦး”
နင်ချန်က သူမ အလိုကျ တစ်ကိုက် ကိုက်လိုက်သည်။ ယဲ့ယွင်က ကျန်သော တစ်ဝက်ကို သူမဘာသာ စားလိုက်ရင်း - “ဒီမုန့်ကတော့ မဆိုးဘူး” ဟု တိုးတိုးလေး ဆိုသည်။
စားပွဲပေါ်မှ လေထုမှာ ပြန်လည် လန်းဆန်းသွားခဲ့ပြီ။ နင်ချန်သည်လည်း နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်မိပြီး၊ မျက်ဝန်းထဲတွင်တော့ အလိုလိုက်မှုနှင့် ကြင်နာမှုများ ပြည့်နှက်နေတော့သည်။
မနက်စာ စားပြီးနောက် နင်ချန်သည် စာလွှာများကို စစ်ဆေးရန် ထွက်သွားရသည်။ ရုံးပိတ်ရက် ဖြစ်သော်လည်း အဝေးမှ အရာရှိများ ပေးပို့သော စာများကိုတော့ ဖတ်ရမည် မဟုတ်လား။ ယဲ့ယွင်မှာမူ ယနေ့ သူ့နောက်သို့ မလိုက်နိုင်ပေ။ အကြောင်းကတော့ ရှန်ဖေးသည် ဆောင်းဦးလယ်ပွဲတော်မတိုင်မီ နန်းတွင်းအာဏာအားလုံးကို လွှဲပြောင်းပေးခဲ့ပြီဖြစ်ရာ၊ မကြာမီ ကျင်းပမည့် ချုံယန်ပွဲတော်အတွက် သူမ ပြင်ဆင်စရာများစွာ ရှိနေသောကြောင့် ဖြစ်လေသည်။
***