← Chapters

အခန်း (၄၁၉-၄၂၀)

Vol. 27 Ch. 419-420

အခန်း (၄၁၉-၄၂၀)

Vol. 27 Ch. 419-420

အခန်း ၄၁၉ ။ ခေါင်းငုံ့ခြင်း

ကျောက်ချွန်းနန်းဆောင်။

ယဲ့ယွင်သည် ချုံယန်ပွဲတော်အတွက် အစီအစဉ်စာရင်းများကို စစ်ဆေးနေသည်။ ဟင်းလျာများမှာ နန်းတွင်းထုံးစံအတိုင်း သတ်မှတ်ပြီးသားဖြစ်သော်လည်း၊ ယဲ့ယွင်မှာ အစားအသောက်နှင့် ပတ်သက်လျှင် အမြင်ရှိသူဖြစ်ရာ အချို့ကို ပြင်ဆင်ပြီး အသစ်အချို့ကိုလည်း ထည့်သွင်းလိုက်သည်။

ဥပမာအားဖြင့် ဂဏန်းဟင်းလျာများပင်။ ချုံယန်ပွဲတော်အချိန်တွင် ဂဏန်းများမှာ အသားပြည့်ဝပြီး အရသာအရှိဆုံးဖြစ်ရာ ဟင်းပွဲအမျိုးအစား ပို၍ စုံလင်အောင် ပြင်ခိုင်းလိုက်သည်။ ဝိုင်နှင့် မုန့်ပဲသရေစာများကို ကြည့်ရှုချိန်တွင် သူမ တစ်စုံတစ်ခုကို သတိရသွားသည်။

“နန်းတွင်းချက် ကွေ့ဟွားပန်းဝိုင်တွေကို အရေအတွက် သေသေချာချာ စစ်ဆေးပြီးပြီလား။ ပွဲမတိုင်ခင် ရက်အနည်းငယ်ကြိုပြီး ဝိုင်မြေအောက်ခန်းထဲကနေ ထုတ်ထားဖို့ မမေ့နဲ့ဦး။ နန်းတွင်းပွဲတော်မှာ ဝိုင်မလောက်တာမျိုး လုံးဝမဖြစ်စေနဲ့”

“မယ်မယ် စိတ်ချပါ။ ကျွန်တော်မျိုးမ မှာကြားထားပြီးပါပြီ။ ဟိုဘက်ကလူတွေ အကြောင်းပြန်တာကတော့ ဒီနှစ်ဝိုင်က ထူးထူးခြားခြား ပိုပြီး မွှေးကြိုင်နေတယ်လို့ ဆိုပါတယ်” ဟု ဟွေယွဲ့က ပြုံးလျက် ဆိုသည်။

ယဲ့ယွင်က ခေါင်းညိတ်သည် - “ဒါဆိုရင်တော့ ကောင်းတာပေါ့။ ချုံယန်ပွဲတော်မှာ ကွေ့ဟွားပန်းဝိုင် သောက်ရတာ ထုံးစံပဲ။ အရှင်မင်းကြီးက နှစ်တိုင်း ဆွေတော်မျိုးတော်တွေနဲ့ အမတ်ကြီးတွေကို ဝိုင်လက်ဆောင် ပေးသနားလေ့ရှိတာဆိုတော့ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး”

‘ကိုး’ (၉) ဆိုသည်မှာ မင်္ဂလာရှိသော ဂဏန်းဖြစ်ပြီး၊ ချုံယန်ပွဲတော် (ကိုးလပိုင်း ကိုးရက်နေ့) မှာ အင်မတန် ထူးခြားသော နေ့ကြီးရက်ကြီးဖြစ်သည်။ နန်းတွင်းချက် ကွေ့ဟွားပန်းဝိုင်မှာ ဘိုးဘွားစဉ်ဆက်ကတည်းက ဤပွဲတော်တွင် မပါမဖြစ်သော အရာဖြစ်သည်။ ဧကရာဇ်နှင့် အမတ်များ အတူတကွ ဝိုင်သောက်ခြင်းမှာ မင်းနှင့်အမတ် အတူတကွ ပျော်ရွှင်ချမ်းမြေ့ခြင်းကို အဓိပ္ပာယ်ဆောင်သည်။ ဤဝိုင်ကို လွန်ခဲ့သောနှစ် ပွဲတော်အချိန်ကတည်းက စတင်ချက်လုပ်ကာ တစ်နှစ်တိတိ သိမ်းဆည်းထားပြီးမှ နောက်တစ်နှစ် ပွဲတော်တွင် ထုတ်သောက်ရခြင်းဖြစ်ရာ အရသာမှာ အင်မတန် ချိုမြိန်ပြီး ဆေးဖက်လည်း ဝင်လှပေသည်။

အစီအစဉ်စာရင်းကို ကြည့်ပြီးနောက်၊ ယဲ့ယွင်သည် ဟွေ့ဖေးကို ခေါ်ယူကာ ပွဲကျင်းပမည့် ‘ချုံဟွာဆောင်’၏ ပြင်ဆင်မှုများကို အတူတူ သွားရောက် စစ်ဆေးကြသည်။ ဟွေယွဲ့ကတော့ အတူမလိုက်ဘဲ အားလပ်ချိန်တွင် ဝိုင်မြေအောက်ခန်းသို့ လူကိုယ်တိုင် တစ်ခေါက် သွားရောက်ခဲ့သည်။ ကွေ့ဖေးမယ်မယ်က အလေးထားနေသဖြင့် သူမအနေဖြင့် လူကိုယ်တိုင် သွားကြည့်မှသာ စိတ်အေးရမည် မဟုတ်လား။

…..

လမ်းတွင် ရှန်ဖေး၏ အနီးကပ်လူ နျန့်ကျူးနှင့် ဆုံသည်။ သခင်နှစ်ဦးမှာ မသင့်မြတ်သဖြင့် အစေခံများလည်း စကားမပြောဘဲ မျက်နှာလွှဲ၍သာ ဖြတ်ကျော်သွားကြတော့သည်။ နျန့်ကျူးမှာ ဒုတိယမင်းသားရှိရာ ရူယီဆောင်သို့ အဝတ်အစားများ သွားပို့ပြီး ပြန်လာခြင်း ဖြစ်သည်။ သူမသည် ချုံချွေ့နန်းဆောင် (ရှန်ဖေး၏အဆောင်) သို့ ပြန်ရောက်သည်နှင့် ဒုတိယမင်းသား၏ အကြောင်းများကို အစီရင်ခံပြီးနောက် မကျေမနပ် ဆိုလာသည် -

“ကျွန်တော်မျိုးမ ဒီနေ့ ပြန်လာတော့ ကျောက်ချွန်းနန်းဆောင်က ဟွေယွဲ့ အနောက်ဘက်ကို သွားနေတာ တွေ့ခဲ့တယ်။ တကယ်ကို မာနကြီးလိုက်တာ... နှာခေါင်းကို မော့ထားတာ ကောင်းကင်တောင် ထိတော့မယ်။ ကြည့်ရတာ တကယ်ကို မျက်စိစပါးစပ်စရာပါပဲ!”

ရှန်ဖေးသည် ဗုဒ္ဓကျမ်းစာများကို ကူးရေးနေသည်။ ဒီရက်ပိုင်း သူမကိုယ်တိုင်လည်း စိတ်တိုလွယ်နေမှန်း သိသဖြင့် ကျမ်းစာကူးခြင်းဖြင့် စိတ်ကို ငြိမ်အောင် ထိန်းနေခြင်းဖြစ်၏။ ယခုမူ သူမ၏မျက်နှာမှာ အေးဆေးနေဆဲပင်။

“မျက်စိစပါးစပ်စရာ ဖြစ်နေလို့ကော ဘာထူးမှာလဲ။ အခု ယဲ့ရှီ (ယဲ့ယွင်) က အရှိန်အဝါ တက်နေတဲ့ အချိန်လေ။ ငါ့အနေနဲ့ သည်းခံဖို့ လိုအပ်သလို၊ မင်းတို့လည်း အတူတူပဲ”

“ဟုတ်ကဲ့ပါ... ကျွန်တော်မျိုးမ မှတ်ထားပါပြီ” ဟု နျန့်ကျူးက ခေါင်းငုံ့ကာ လေသံနှိမ့်၍ ဆိုရှာသည်။

သို့သော် ရှန်ဖေး တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် လက်ထဲမှ စုတ်တံကို ရပ်လိုက်သည် - “ဟွေယွဲ့က မင်ကွေ့ဖေးရဲ့ အရင်းနှီးဆုံး နန်းတွင်းသူလေ။ သူမ ကိုယ်တိုင် သွားလုပ်ရတဲ့ ကိစ္စဆိုရင်တော့ အရေးကြီးတဲ့ ကိစ္စပဲ ဖြစ်ရမယ်။ အနောက်ဘက်မှာ ဘာရှိလို့လဲ...”

သူမ ခန စဉ်းစားပြီးနောက် မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည် - “ချုံယန်ပွဲတော် နီးနေပြီပဲ။ အနောက်ဘက်မှာ ဝိုင်မြေအောက်ခန်း ရှိတယ်လေ။ နန်းတွင်းချက် ကွေ့ဟွားပန်းဝိုင်တွေကို သွားစစ်တာ ဖြစ်လိမ့်မယ်”

“အချိန်အရဆိုရင်တော့ ဟုတ်နိုင်ပါတယ်” ဟု နျန့်ကျူးက ခေါင်းညိတ်သည်။

ရှန်ဖေးက မျက်လွှာချလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ လက်ဖက်ရည်တစ်ခွက်စာ အချိန်အကြာတွင် နောက်ဆုံးစာမျက်နှာကို ကူးရေးပြီးစီးသွားသည်။ စုတ်တံကို ချကာ ပြတင်းပေါက်ဘေးသို့ သွား၍ လေညင်းခံလိုက်သည်။

“ချီရှိုးရုန် ဒီရက်ပိုင်း ဘယ်လိုလဲ။ ဗိုက်က ခုနစ်လနီးပါး ရှိနေပြီ မဟုတ်လား”

နျန့်ကျူးက လက်ဖက်ရည် ကမ်းပေးရင်း - “ကျွန်တော်မျိုးမ ကြားတာတော့ မျက်နှာလေး နည်းနည်း ပြန်ကြည်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သွေးခုန်နှုန်းကတော့ အားနည်းနေတုန်းပါပဲတဲ့”

ရှန်ဖေးက လက်ဖက်ရည်ကို တစ်ငုံ ငုံလိုက်ရင်း အကြည့်များ အေးစက်သွားသည် - “အရှင်မင်းကြီးကသာ အချိန်စောပြီး နန်းတော် ပြန်မလာခဲ့ရင်၊ ယဲ့ရှီကလည်း သူမဆီ သွားမကြည့်ခဲ့ရင်... ငါ စိုးရိမ်လို့ လက်ပြန်ရုပ်လိုက်ရတာ။ မဟုတ်ရင် သူမရဲ့ ကိုယ်ဝန်က အခုလောက်ဆို ပျက်နေပြီ!”

“မယ်မယ် စိတ်လျှော့ပါဦး။ မွေးတဲ့အထိ တောင့်ခံနိုင်ရင်တောင် ဘာထူးမှာလဲ။ အဲဒီပစ္စည်းတွေကို လပေါင်းများစွာ စားခဲ့ရတာဆိုတော့ ကလေးရဲ့ အခြေခံက ပျက်စီးနေပြီလေ။ မွေးလာရင်တောင် ကိုယ်ခံအားမရှိလို့ အသက်ရှင်ဖို့ ခက်မှာပါ” ဟု နျန့်ကျူးက လှောင်ပြုံးဖြင့် ဆိုသည်။

ဤစကားက ရှန်ဖေး၏နားထဲတွင် သာယာသွားသဖြင့် သူမ၏မျက်နှာထား အနည်းငယ် ပြေလျော့သွားသည်။ သူမသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ချလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည် -

“ချီရှီရေ... မင်း ငါ့ကို အပြစ်မတင်နဲ့နော်။ အပြစ်တင်ချင်ရင် ယဲ့ရှီကိုပဲ သွားတင်ပါ။ ငါ့အနေနဲ့ မိသားစု နောက်ခံ ဒီလောက်ကောင်းတဲ့ အမျိုးသမီးမျိုးက မင်းသား ထပ်မွေးလာမှာကို လုံးဝ ခွင့်မပြုနိုင်ဘူး”

ဒုတိယမင်းသားမှာ သားကြီးလည်း မဟုတ်၊ မိဖုရားခေါင်ကြီးမှ မွေးသော သားလည်း မဟုတ်ပေ။ သူမ၏ မိသားစုနောက်ခံကလည်း အင်အားမကြီးလှသဖြင့်၊ အခြားသော မင်းသားများကို ဖျက်ဆီးခြင်းဖြင့်သာ သူမ၏ သားတော်အတွက် အိမ်ရှေ့စံနေရာကိုရရှိရန် အခွင့်အရေး ပိုများလာမည် မဟုတ်လား။

သားသမီးရှိသော ကိုယ်လုပ်တော်များက ထိုသို့ ကြံစည်နေကြချိန်တွင်၊ သားသမီး မရှိသေးသော သူများကတော့ ကိုယ်ဝန်ရရန်သာ မျှော်လင့်နေကြရသည်။

……..

ကျင်းလန်ဆောင်။

အနီးကပ် နန်းတွင်းသူ လုကျန့်က ဆေးတစ်ခွက်ကို တိတ်တဆိတ် သယ်ဆောင်လာသည်။

“ဝမ်ရုန်... ဆေးရပါပြီ။ သုံးဆောင်လိုက်ပါဦး”

မည်းနက်လှသော ဆေးရည်များကို ကြည့်ရင်း ယင်းဝမ်ရုန်သည် တစ်စက်ကလေးမျှ မတွန့်ဆုတ်ဘဲ မော့သောက်လိုက်သည်။

“ဒီဆေးက တကယ် အစွမ်းထက်ပါ့မလား မသိဘူး။ ငါက နန်းတော်ထဲ ဝင်တာ နောက်ကျသလို၊ အရှင်မင်းကြီးရဲ့အချစ်ကိုလည်း သိပ်မရဘူး။ အခုလို အခွင့်အရေးလေးရတုန်းမှာ ကလေးလေး တစ်ယောက်တော့ အမြန်ရမှ ဖြစ်မယ်” ဟု ယင်းဝမ်ရုန်က စိုးရိမ်တကြီး ဆိုသည်။

ယခုအခါ နန်းတွင်းရှိ အမျိုးသမီးများအားလုံး အရှင်မင်းကြီးနှင့် တွေ့ရသည့် အကြိမ်ပေါင်းမှာ မင်ကွေ့ဖေး (ယဲ့ယွင်) တစ်ဦးတည်းနှင့် တွေ့ရသည်လောက်ပင် မရှိကြပေ။ သူမကဲ့သို့ နုပျိုလှပချိန်တွင် နန်းတော်ဝင်လာပြီးမှ မျက်နှာသာမရဘဲ အချိန်ကုန်သွားမည်ကို သူမ မလိုလားပေ။

ကျူပိုင်က ဆီးသီးယို ယူလာပေးရင်း - “ဒီဆေးနည်းက ကျွန်တော်မျိုးမ နည်းမျိုးစုံနဲ့ ရှာထားတာပါ။ မင်ကွေ့ဖေးကို ကြည့်ပါဦး... ဆက်တိုက်ဆိုသလို ကလေး သုံးယောက်တောင် ရခဲ့တာ ဒီဆေးနည်းကြောင့် ဖြစ်မှာပါ။ အရှင်မင်းကြီးကိုယ်တိုင်ပေးတဲ့ ဆေးလို့တောင် ကြားမိတယ်”

“အစွမ်းရှိပါစေလို့ပဲ ဆုတောင်းရမှာပေါ့။ ငါက ငယ်သေးတယ်... ဒီအတိုင်းတော့ အရှုံးမပေးနိုင်ဘူး” ယင်းဝမ်ရုန်က မျက်လွှာချလိုက်ရင်း သူမ၏ရင်ထဲမှ မကျေနပ်မှုများကို ဝှက်ထားလိုက်သည်။

အမှန်တကယ်တော့ သူမ နည်းနည်း နောင်တရနေမိသည်။ အကယ်၍သာ လင်ရှီးဥယျာဉ်မှာတုန်းက လက်သည်နှင့် ချင်ကျယ်ယွီ၏ အစေခံတို့ ပတ်သက်နေသည်ကို တွေ့တွေ့ချင်းသာ တင်ပြခဲ့လျှင်၊ အရှင်မင်းကြီးက သူမ၏ကုသိုလ်ကို ထောက်ထားပြီး ပို၍ ချစ်ခင်ပေးမလားဟူ၍ပင်။ သို့သော် ‘အကယ်၍’ ဆိုသည်မှာ မရှိတော့ပေ။ ထိုစဉ်က သူမသည် ကွေ့ဖေးသာ ကွယ်လွန်သွားလျှင် မိမိအတွက် ပြိုင်ဘက် လျော့သွားမည်ဟုသာ တွေးမိခဲ့သည် မဟုတ်လား။

ယခုမူ ကွေ့ဖေးက အမြွှာမောင်နှမကို မွေးဖွားလိုက်ပြီဖြစ်ရာ၊ နောင်တွင် မျက်နှာသာ မရတော့လျှင်ပင် သူမအား မည်သူကမှ ယှဉ်နိုင်တော့မည် မဟုတ်ပေ။

ဟုတ်ပါသည်... ယင်းဝမ်ရုန်မှာ ယခုအခါ မာနများ ကျိုးသွားခဲ့ပြီ ဖြစ်သည်။ နန်းတွင်း၏ အေးစက်လှသော အခြေအနေများက သူမအား ‘ခေါင်းငုံ့ခြင်း’ ကို သင်ကြားပေးလိုက်ပြီ ဖြစ်တော့လေသည်။

…..

အခြားတစ်ဖက်တွင်၊ ယဲ့ယွင်နှင့် ဟွေ့ဖေးတို့သည် ပွဲပြင်ဆင်မှုများကို ကြည့်ရှုပြီးနောက် ကျောက်ချွန်းနန်းဆောင်သို့ ပြန်လာကြသည်။ ယဲ့ယွင်က ဟွေ့ဖေးအား နေ့လည်စာ အတူစားရန် ဖိတ်ခေါ်လိုက်သည်။ နှစ်ဦးသား အေးဆေးစွာ ထိုင်နေချိန်တွင် ဟွေ့ဖေးက ကိစ္စတစ်ခုကို စကားစလိုက်သည်။

“ညီမလေး သိလား... ယိကျောင်းယွမ်က သူမရဲ့ အစ်ကိုအရင်းရဲ့ သားကို နန်းတော်ထဲခေါ်ပြီး တတိယမင်းသားရဲ့ ‘စာသင်ဖော်’ အဖြစ် ထားဖို့ အရှင်မင်းကြီးဆီမှာ တောင်းဆိုလိုက်တယ်တဲ့”

“အင်း... လွန်ခဲ့တဲ့ ရက်ပိုင်းက ကြားလိုက်ပါတယ်။ ယိကျောင်းယွမ်ကလည်း သူမရဲ့ မိသားစုကို မြှောက်စားပေးဖို့ပဲ စိတ်အားထက်သန်နေတာပဲနော်” ယဲ့ယွင်က ဂရုမစိုက်သလို ပြုံးလျက် ဆိုသည်။

ဟွေ့ဖေးက ဆက်ပြောသည် - “ပုံမှန်ဆိုရင် စာသင်ဖော်က နှစ်ယောက် ရှိရတာလေ။ ငါ စုံစမ်းကြည့်သလောက်ဆိုရင် နောက်တစ်ယောက်အတွက် ယိကျောင်းယွမ်က လီမိန်ရန်ရဲ့ တူကို မျက်စိကျနေတယ်လို့ ကြားတယ်”

“လီမိသားစုလား?” ယဲ့ယွင်က လက်ဖက်ရည်ခွက်ကို ချလိုက်ရင်း မျက်ဝန်းများကို မှေးစင်းလိုက်သည် - “လီမိန်ရန်က မျက်နှာသာ မရပေမဲ့၊ သူမရဲ့ ဖခင်ကတော့ တော်တော် တော်တဲ့သူပဲ။ ကျင့်ကျောက်ယင်ရာထူးနဲ့ စစ်ဘက်ဆိုင်ရာ အာဏာအချို့ကိုလည်း ဆုပ်ကိုင်ထားသေးတယ်။ ကြားတာတော့ လီရှီရဲ့ အမေဘက်က မိသားစုကလည်း အဆင့် ၃ စစ်သူကြီး မိသားစုပဲတဲ့။ ယိကျောင်းယွမ်က တကယ်ကို ရွေးတတ်တာပဲနော်”

ဟွေ့ဖေးက ယပ်တောင်ကို အသာခတ်ရင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည် - “ဒါပေါ့... စာပေရော စစ်ဘက်ပါ ကျွမ်းကျင်တဲ့ အဖော်တွေကို ထားပေးခြင်းအားဖြင့် မိသားစုက လူငယ်တွေကို နေရာပေးရုံတင်မက၊ လီမိသားစုရဲ့ထောက်ခံမှုကိုပါ ရယူဖို့ ကြိုးစားနေတာပဲ”

“သူမ သဘောရှိ လုပ်ပါစေဦး။ ဝူမိသားစုမှာလည်း ဒီလောက် ဂုဏ်ဒြပ် ရှိနေတာပဲ၊ သူမ အဆင့်မြင့်တဲ့ အဖော်တွေ ရှာတာ မဆန်းပါဘူး။ ကျွန်မလည်း ဝင်တားနေမှာ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားကတော့ ပေါ်လာမှာပဲလေ” ဟု ယဲ့ယွင်က အေးဆေးစွာ ဆိုလိုက်လေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 420

အခန်း ၄၂၀ ။ အိမ်ရှေ့စံ

ဟွေ့ဖေးသည် ယဲ့ယွင်၏ဆိုလိုရင်းကို သေချာပေါက်ပင် နားလည်လေသည်။

အမှန်တော့ သူမသည် ယဲ့ယွင်အား တစ်စုံတစ်ခုကို သတိထားရန် လာပြောခြင်းထက်၊ မိမိသည် နေ့စဉ်နှင့်အမျှ နေရာအနှံ့ကို ယဲ့ယွင်ကိုယ်စား မျက်စိဒေါက်ထောက် ကြည့်ပေးနေသည်ဟု ဖော်ပြခြင်းသာဖြစ်၏။ ကိုယ်တိုင် ဘာမှမလုပ်ဘဲ အကျိုးအမြတ်ကိုပဲ ခံစားနေလျှင် မည်သူကမှ မိမိအား အကာအကွယ်ပေးမည် မဟုတ်သည်မှာ အမှန်တရားပင်။

ခြုံငုံကြည့်လျှင် ယခုအခါ ယိကျောင်းယွမ်၏ မိသားစုနောက်ခံမှာ ယဲ့ယွင်နှင့်ယှဉ်လျှင် ပြောပလောက်စရာ မရှိတော့ပေ။ စစ်ဘက်တွင် ယဲ့ယွင်၏ အစ်ကိုအရင်းမှာ ယခုအခါ စစ်သည်တော် နှစ်သိန်းကို အုပ်ချုပ်ကာ နန်ချီ၏ နယ်စပ်ဒေသကို စောင့်ရှောက်နေသည်။ စာပေဘက်တွင်မူ ယဲ့ယွင်၏ ဝမ်းကွဲအစ်ကို နှစ်ဦးဖြစ်သော ချူယွင်ဟွိုက် နှင့် ချူယွင်ဟုန်တို့သည် အစိုးရအဖွဲ့အတွင်း အခိုင်အမာ ခြေကုပ်ရယူပြီး ဖြစ်သည်။ အထူးသဖြင့် ချူယွင်ဟွိုက်မှာ လန်ကျိုးဒေသတွင် တာဝန်ထမ်းဆောင်စဉ်က အောင်မြင်မှုများစွာ ရရှိခဲ့သဖြင့် ဧကရာဇ်၏ အားကိုးခြင်းခံရသော အမတ်တစ်ဦး ဖြစ်နေပေပြီ။

ကိုယ်လုပ်တော်တစ်ဦး၏ အားကိုးရာမှာ အဓိက အချက်သုံးချက် ဖြစ်သည့် - ဧကရာဇ်၏အချစ်၊ မိသားစု အရှိန်အဝါနှင့် သားသမီး ရရှိမှုတို့ပင် ဖြစ်ရာ၊ ယဲ့ယွင်မှာ ထိုသုံးမျိုးစလုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ဖြစ်သည်။ ယခုအခါ မင်းသားများမှာ ငယ်ရွယ်နေသေးသဖြင့် မည်သူမှ ထုတ်မပြောကြသော်လည်း၊ တစ်နေ့တွင် အာဏာလုပွဲ စတင်လာပါက စတုတ္ထမင်းသားလေး၏ အသာစီးရမှုမှာ အင်မတန် ကြီးမားလှပေသည်။

……

နေ့လည်စာ စားပြီးနောက် ဟွေ့ဖေး ပြန်သွားခဲ့သည်။ ဟွေယွဲ့က ဆေးကြောပြီးသား စပျစ်သီးတစ်ပန်းကန်ကို ယူလာကာ၊ နန်ကျစ်နှင့်အတူ ခြေတင်ခုံပေါ်တွင် ထိုင်၍ လက်ကိုင်ပဝါများကို ပန်းထိုးနေကြသည်။

“မင်းတို့ အကုန် အဆင်သင့်ဖြစ်ပြီလား။ ကိုးလပိုင်း နောက်ဆုံးပတ်မှာ မင်္ဂလာဆောင်ရမှာနော်။ ချုံယန်ပွဲတော်ပွဲပြီးရင် မင်းတို့ နန်းတော်ကနေ အိမ်တော်ကိုပြန်ပြီး သေသေချာချာ အိမ်ထောင်ပြုဖို့ ပြင်ကြတော့”

ယဲ့ယွင်က ပြုံးလျက် စပျစ်သီးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ အင်မတန် ချိုမြိန်လှပေသည်။ အစေခံမလေး နှစ်ဦးမှာလည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြကြရှာသည်။

ယဲ့ယွင်က ဆက်ပြောသည် - “အိမ်ထောင်ပြုပြီးရင်လည်း ကောင်းကောင်း အနားယူကြဦး။ တစ်လတိတိ အားလပ်ရက်ပေးမယ်။ စောစောပြန်လာဖို့ မစဉ်းစားနဲ့ဦး၊ ပျားရည်ဆမ်းခရီးကို အေးအေးဆေးဆေး ကုန်ဆုံးပြီးမှ ပြန်လာပြီး အလုပ်အကျွေး ပြုစုကြပေါ့”

“ကျွန်တော်မျိုးမတို့ သိပါတယ်။ မယ်မယ်လည်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်ရမယ်နော်၊ မဟုတ်ရင် ကျွန်တော်မျိုးမတို့ စိတ်မအေးနိုင်လို့ပါ” ဟု ဟွေယွဲ့က မျက်နှာလေး ရဲလျက် ဆိုသည်။

ယဲ့ယွင်က ရယ်မောကာ - “စိတ်ချလက်ချ သွားပြီး အိမ်ထောင်ပြုကြပါ။ လုကျစ်တို့ကလည်း အလုပ်အကျွေးပြု ကောင်းကြပါတယ်။ မင်းတို့ကိုယ်တိုင် သင်ပေးထားတဲ့သူတွေကို မယုံဘူးလား”

“ဟုတ်ပါ့... ဟုတ်ပါ့... အစ်မဟွေယွဲ့နဲ့ အစ်မနန်ကျစ်တို့ စိတ်အေးလက်အေးနဲ့ သတို့သမီး အလှလေးတွေ သွားလုပ်ကြပါ” ဟု လုကျစ်က ပြုံးစိစိဖြင့် ဝင်နောက်သည်။

နန်ကျစ်က သူမအား အရှက်သည်းစွာ ဆွဲဆိတ်လိုက်သည် - “ဒီပါးစပ်လေးကတော့... နင်ကော တစ်နေ့ကျရင် အိမ်ထောင်မပြုရဘူး ကျနေတာပဲ”

အခန်းထဲတွင် သခင်နှင့် အစေခံများ၏ ရယ်မောသံများဖြင့် စည်ကားနေစဉ်၊ အပြင်ဘက်မှ စတုတ္ထမင်းသားလေး၏ ဟိန်းထွက်နေသော အသံကို ကြားလိုက်ရသည်။

“မေမေ... သားတော် ပြန်လာပြီ!”

စကားအဆုံးတွင် ‘ကျည်ဆန်လေး’ နှစ်ခုမှာ အခန်းထဲသို့ ပြေးဝင်လာခဲ့သည်။ အခြား တစ်ကောင်မှာမူ ညန်ကောင်း ပင် ဖြစ်၏။ ယခုအခါ ညန်ကောင်းမှာ ခွေးတစ်ကောင်တည်းကို နှစ်ကောင်စာ သုံးနေရသည်။ မနက်ခင်းတွင် စတုတ္ထမင်းသားအား စာသင်ကျောင်းသို့ လိုက်ပို့ရသလို၊ မင်းသားလေး စာသင်နေချိန်တွင် အမြွှာမောင်နှမကို ပြန်စောင့်ပေးရသည်။ မင်းသားလေး ကျောင်းဆင်းခါနီးလျှင်တော့ ပြန်သွားကြိုရပြန်သည်။ မည်သို့ပင်ဖြစ်စေ ခွေးကြီးမှာတော့ အတော်လေး ပင်ပန်းနေရှာသည်။

“ဖြည်းဖြည်းပြေးစမ်းပါ... ကြည့်ပါဦး နဖူးမှာ ချွေးတွေနဲ့။ လက်အရင်ဆေးပြီး ရေနွေးလေး သောက်လိုက်ဦး” ယဲ့ယွင်က လက်ကိုင်ပဝါဖြင့် သားဖြစ်သူ၏ ချွေးများကို သုတ်ပေးလိုက်သည်။

စတုတ္ထမင်းသားလေးမှာ ဟေးခနဲ ရယ်နေသော်လည်း၊ လူကြီးလေး ဖြစ်လာပြီဖြစ်ရာ အနည်းငယ်တော့ ရှက်တတ်လာပြီဖြစ်၏။ နန်ကျစ်က ရေတိုက်ကာ၊ လုမေ့အား ညန်ကောင်းအတွက်လည်း ရေတစ်ခွက် ချပေးခိုင်းလိုက်သည်။ ရေသောက်ပြီးမှ စတုတ္ထမင်းသားလေးသည် ယဲ့ယွင်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

“မေမေ... ဒီနေ့ ဘေးက စာကြည့်ဆောင်မှာ အစ်ကိုကြီး၊ အစ်ကို (၂)နဲ့ အစ်ကို (၃)တို့ ‘အိမ်ရှေ့စံ’ (太子) အကြောင်း ပြောနေကြတာ ကြားခဲ့တယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် မတော်သေးလို့ အိမ်ရှေ့စံ မလုပ်နိုင်ဘူးလို့ ပြောကြတယ်လေ။ မေမေ... အိမ်ရှေ့စံဆိုတာ ဘာလဲဟင်? ဆရာတွေက အစ်ကို (၃) စာတော်တယ်၊ အစ်ကို (၂) စာစီစာကုံး တော်တယ်လို့ ခဏခဏ ချီးမွမ်းကြတာတောင် သူတို့က မလုပ်နိုင်ဘူးဆိုတော့... အဲဒါက တော်တော် ခက်တာလားဟင်”

စတုတ္ထမင်းသားလေးဆီမှ ဤမေးခွန်း ထွက်လာလိမ့်မည်ဟု ယဲ့ယွင် မထင်ထားခဲ့သဖြင့် အနည်းငယ် အံ့သြသွားရသည်။ သူမသည် မျက်လွှာကို အသာပင့်ကာ ဘေးမှလူများကို အချက်ပြလိုက်သည်။ ဟွေယွဲ့က ဆိုလိုရင်းကို နားလည်သဖြင့် အစေခံအားလုံးကိုခေါ်၍ အပြင်သို့ ထွက်သွားခဲ့သည်။ အခန်းထဲတွင် သားအမိ နှစ်ဦးတည်း ကျန်ရှိချိန်မှ ယဲ့ယွင်က လေသံကို နှိမ့်၍ ရှင်းပြတော့သည်။

“ကျင့်အာ့ရဲ့ ခမည်းတော်က ဒီတစ်လောကလုံးရဲ့ ဧကရာဇ် (မင်း) လေ။ အိမ်ရှေ့စံဆိုတာကတော့ နောင်တစ်ချိန်မှာ ဒီကမ္ဘာကြီးကို အုပ်ချုပ်မယ့်သူ၊ ဒုတိယမင်း ပေါ့။ အိမ်ရှေ့စံ ဖြစ်မယ့်သူဟာ ခမည်းတော်လို တော်ရမယ်၊ ဒါမှမဟုတ် ခမည်းတော်ထက်တောင် ပိုတော်ဖို့ လိုအပ်တယ်။ အဲဒီ အိမ်ရှေ့စံနေရာကို ကျင့်အာနဲ့ ကျင့်အာ့ရဲ့ အစ်ကိုတွေ၊ ညီတွေထဲက အတော်ဆုံး၊ အထူးချွန်ဆုံး တစ်ယောက်ပဲ ရမှာပါ။ ကိုကိုတွေက သူတို့ ကိုယ့်ကိုယ်ကိုယ် မတော်သေးဘူး ပြောတာက - တစ်အချက်က သူတို့ ငယ်သေးလို့ လေ့ကျင့်ဖို့ လိုသေးတာကြောင့် ဖြစ်သလို၊ ဒုတိယအချက်ကတော့ သူတို့ နှိမ့်ချပြောဆိုတာ”

ဤသို့ ရှင်းပြလိုက်မှ စတုတ္ထမင်းသားလေးမှာ အကြမ်းဖျင်း သဘောပေါက်သွားသည်။ အိမ်ရှေ့စံဆိုသည်မှာ နောင်လာမည့် ဧကရာဇ် ဖြစ်ပြီး၊ ဧကရာဇ်မှာ တစ်ဦးတည်းသာ ရှိနိုင်သဖြင့် အတော်ဆုံးသူကိုသာ ရွေးချယ်ရမည် မဟုတ်လား။

“ဒါဆို သားတော်လည်း အိမ်ရှေ့စံ ဖြစ်ချင်တယ်! သားတော်က အစ်ကို (၃)ထက် မညံ့ပါဘူး!” ဟု စတုတ္ထမင်းသားလေးက ရင်ဘတ်ကို ပုတ်ကာ ရဲရဲဝံ့ဝံ့ ဆိုလိုက်သည်။

ယခု ညီအစ်ကိုတွေထဲတွင် သူ အမုန်းဆုံးမှာ တတိယမင်းသား ဖြစ်၏။ အရင်က ရန်ဖြစ်ခဲ့ဖူး၍လား၊ သို့မဟုတ် တတိယမင်းသား၏ ဟန်ဆောင်ကောင်းလှသော အမူအရာများကို မကြိုက်၍လားတော့ မသိပေ။ ယဲ့ယွင်ကတော့ ကလေး၏တက်ကြွမှုကို ဘယ်သောအခါမှ မဖျက်ဆီးပေ။ ဤအသက်အရွယ် ရောက်လာလျှင် သိသင့်သိထိုက်သည်များကို သိထားရမည် ဖြစ်၏။

ထို့ကြောင့် သူမသည် စတုတ္ထမင်းသားလေး၏ ခေါင်းကို ပွတ်သပ်ကာ - “ကောင်းပြီ... ကျင့်အာကလည်း တော်တဲ့သူပဲဆိုတော့ ကြိုးစားကြည့်တာပေါ့။ ဒါပေမဲ့ မေမေ ခုနက ပြောတဲ့ ‘နှိမ့်ချခြင်း’ ဆိုတဲ့ စကားလုံးကိုတော့ အမြဲ မှတ်ထားရမယ်နော်”

“သားတော် နားလည်ပါပြီ” စတုတ္ထမင်းသားလေးက ပြုံးလိုက်သည်။ ကိုကိုတွေ လုပ်သလို နှိမ့်ချနေရမည် မဟုတ်လား။

ရှေ့မှ ကလေးငယ်ကို ကြည့်ရင်း နင်ချန်နှင့် ပို၍ ပို၍ တူလာသည်ကို မြင်ရသောအခါ ယဲ့ယွင်၏ ရင်ထဲတွင် သက်ပြင်းချမိသည်။ နင်ချန်၏ ပုံစံငယ်လေးအတိုင်းပင်။

စတုတ္ထမင်းသားလေးတွင် ဆရာပေးထားသော စာကျက်ရန် ရှိသေးသဖြင့် ခဏထိုင်ပြီးနောက် မိမိအဆောင်သို့ ပြန်သွားခဲ့သည်။ သူသည် အဆောင်အပြန်လမ်းတွင် ပိုင်ရှုအား - သူ အိမ်ရှေ့စံ ဖြစ်အောင် စာကို ကြိုးစားသင်မည်ဖြစ်ကြောင်း၊ အစ်ကို (၃)ကို အရှုံးမပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

….

ဤစကားကို ဘေးမှ တံမြက်လှည်းနေသော နန်းတွင်းသူလေးတစ်ဦးက ကြားသွားခဲ့ပြီး၊ ညနေပိုင်းတွင် ချုံချွေ့နန်းဆောင် (ရှန်ဖေး၏အဆောင်) သို့ ရောက်ရှိသွားကာ၊ နောက်တစ်နေ့တွင် ယိကျောင်းယွမ်၏ နားထဲသို့ ရောက်သွားတော့သည်။

“ယဲ့ရှီ (ယဲ့ယွင်)... မင်း တော်တော် ဟုတ်နေပါလား။ ငါက တတိယမင်းသားကို ဘာမှ မသင်ရသေးခင်မှာတင်၊ မင်းက စတုတ္ထမင်းသားကို ဒီလိုတွေ သင်ထားလိုက်တာပေါ့” ယိကျောင်းယွမ်၏ လေသံတွင် ဒေါသများ ပြည့်နှက်နေသည် - “ငါ့ရဲ့ သားတော်ကို နင်းပြီး တက်ချင်နေတယ်ပေါ့... မင်းမှာ အဲဒီလောက် အစွမ်းရှိ၊ မရှိ ကြည့်ကြသေးတာပေါ့!”

ပြောပြီးသည်နှင့် သူမသည် ယွမ်ရှုအား ရူယီဆောင်သို့ လွှတ်ကာ၊ တတိယမင်းသားအား ညစာလာစားရန် ခေါ်ခိုင်းလိုက်တော့သည်။

ယဲ့ယွင်ကတော့ ဤကိစ္စများကို စိတ်မဝင်စားပေ။ စတုတ္ထမင်းသား၏ စကားမှာ ကလေးပီပီ သိချင်စိတ်ဖြင့် ပြောခြင်းသာ ဖြစ်သည်ဟု သူမ ယူဆသည်။ ယခု သူမအတွက် ပို၍ အရေးကြီးသည်မှာ ချုံယန်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရန်ပင် ဖြစ်၏။ အရာအားလုံးမှာ စနစ်တကျ ပြင်ဆင်ပြီး ဖြစ်ကာ ပွဲစမည့်အချိန်ကိုသာ စောင့်နေတော့သည်။

သို့သော် ပွဲမတိုင်မီ တစ်ရက်အလိုတွင် မိန်းမစိုးလေး တစ်ဦးသည် ကျောက်ချွန်းနန်းဆောင်သို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြေးဝင်လာခဲ့သည်။

“ကွေ့ဖေးမယ်မယ်... မကောင်းတော့ပါဘူး! နန်းတွင်းချက် ကွေ့ဟွားပန်းဝိုင်တွေ သယ်လာတဲ့ လှည်းက မှောက်သွားလို့၊ ဝိုင်အိုးတွေ အကုန်နီးပါး ကွဲကုန်ပါပြီ! ငါးအိုးပဲ ကျန်ပါတော့တယ်!”

“ဘာ!” ဟွေယွဲ့သည် အံ့သြလွန်းသဖြင့် စည်းကမ်းကိုပင် မေ့ကာ အရင် အော်လိုက်မိသည် - “အကောင်းအတိုင်းရှိနေတာကို ဘာလို့ လှည်းက မှောက်ရတာလဲ! လှည်းဆွဲတဲ့သူတွေက ဘာလုပ်နေကြတာလဲ!”

မိန်းမစိုးလေးမှာ မျက်နှာပျက်ကာ အသံများ တုန်ရီလျက် ဒူးထောက်ငိုယိုတော့သည် - “ဒီနေ့ ဝိုင်မြေအောက်ခန်းက ထွက်လာတော့ သိပ်မဝေးသေးပါဘူး... ရုတ်တရက် ဘယ်က ရောက်လာမှန်းမသိတဲ့ တောကြောင် နှစ်ကောင်က လှည်းဆွဲတဲ့သူရဲ့ မျက်နှာကို ကုတ်ခြစ်လိုက်တာပါ။ အဲဒီမှာ လူက လန့်ပြီး ဟန်ချက်ပျက်သွားတာနဲ့ လှည်းပါ တိမ်းမှောက်သွားတာပါ။ ကွေ့ဖေးမယ်မယ် ခွင့်လွှတ်ပေးပါ! ကျွန်တော်မျိုးတို့ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး!”

နန်းတွင်းချက် ကွေ့ဟွားပန်းဝိုင်များကို ခွဲမိသည်မှာ သေဒဏ်နှင့် ထိုက်တန်သော အပြစ်ဖြစ်ရာ၊ ထိုလူအုပ်စုမှာ ကြောက်လန့်တကြား ငိုယိုနေကြတော့သည်။ ယဲ့ယွင်၏မျက်ဝန်းများမှာ အေးစက်သွားကာ သူမ ချက်ချင်း ထရပ်လိုက်သည်။

“ဒီမှာ ငိုနေလို့ ဘာထူးမှာလဲ! အခုချက်ချင်း ငါ့ကို လိုက်ပို့စမ်း! မကွဲသေးတဲ့ ဝိုင်ငါးအိုးကိုလည်း သေသေချာချာ သိမ်းထားခိုင်းလိုက်!”

မိန်းမစိုးလေးသည် လူးလဲထကာ သူမအား ဦးဆောင်ခေါ်သွားခဲ့သည်။ ယဲ့ယွင်၏ စိတ်ထဲတွင်တော့ ၎င်းမှာ မတော်တဆမှုမဟုတ်ဘဲ လုပ်ကြံမှုသာဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်လေသည်။

***

All Chapters