← Chapters

အခန်း (၄၂၅-၄၂၆)

Vol. 27 Ch. 425-426

အခန်း (၄၂၅-၄၂၆)

Vol. 27 Ch. 425-426

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 425

အခန်း ၄၂၅ ။ ပြုတ်ကျဒဏ်ရာ

ဖခင်တစ်ဦးအနေဖြင့် မိမိ၏ကလေးမှာ အသက်ရှင်ရန်ခက်ခဲလိမ့်မည်ဟု သမားတော်ထံမှ ကြားရခြင်းမှာ နင်ချန်အတွက် ရင်နာစရာပင်။ သို့သော် ချီရှိုးရီမှာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကျန်းမာရေးမကောင်းခဲ့သလို၊ ဆေးမြစ်များဖြင့် မှိုင်းတိုက်၍ အတင်းထိန်းထားခဲ့ရသည်ဖြစ်ရာ နင်ချန်၏စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးသားလည်း ဖြစ်နေသည်။

“အရှင်မင်းကြီး အရမ်းလည်း မစိုးရိမ်ပါနဲ့ဦး။ သမားတော်ဆောင်ကလူတွေ အစွမ်းကုန် ကြိုးစားပေးကြမှာပါ” ဟု ယဲ့ယွင်က တိုးတိုးလေး နှစ်သိမ့်ပေးရှာသည်။

မွေးလာသည့်ကလေး၏ ပုံစံကို မြင်ရသောအခါ မိခင်တစ်ဦးဖြစ်နေပြီဖြစ်သော ယဲ့ယွင်၏ရင်ထဲတွင်လည်း သနားဂရုဏာများ ပြည့်နှက်သွားခဲ့သည်။

နင်ချန်က ခေါင်းညိတ်ပြသည် - “ကျန်း သိပါတယ်။ အရာအားလုံးက ကံတရားအပေါ်မှာပဲ မူတည်နေတော့တာပဲ။ ကျန်း ကြည့်ရတာ ဒီရက်ပိုင်း မင်းလည်း တော်တော် ပိန်သွားသလိုပဲ၊ မွေးပြီးစမှာ ခန္ဓာကိုယ် ထိခိုက်ထားတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြန်ဂရုစိုက်ရမယ်နော်။ ၁၁လပိုင်းထဲ ရောက်ပြီဆိုတော့ အေးလာပြီ... အဆောင်မှာ ကြမ်းပြင်အပူပေးစနစ်ကို အမြဲဖွင့်ထားခိုင်းလိုက်။ မင်းက အအေးကြောက်တတ်မှန်း ကျန်း သိတယ်”

“အရှင် စိတ်ချပါ။ အစေခံတွေက သေသေချာချာ ပြုစုပေးကြပါတယ်” ယဲ့ယွင်က ဆက်ပြောသည် - “ချန်းချဲ့ ကြည့်ရတာတော့ အရှင်လည်း မျက်ကွင်းတွေ ညိုနေတာပဲ၊ ဒီရက်ပိုင်း အိပ်ရေးပျက်ထားပုံရတယ်။ ဒီနေ့ နေ့လည်စာလည်း မစားရသေးဘူး မဟုတ်လား။ အရသာစုံတာလေးတွေ စားပြီး ခဏလောက် အတူတူ လှဲနားကြရအောင်”

“ကောင်းပြီ... မင်းပြောသမျှ ကျန်း နားထောင်ပါ့မယ်။ ကျန်းနဲ့အတူ လိုက်နားပေးဦး” နင်ချန်က ယဲ့ယွင်၏လက်ကိုဆွဲကာ ကျောက်ချွန်းနန်းဆောင်သို့ အတူပြန်ခဲ့ကြသည်။

…..

သို့သော် မမျှော်လင့်ဘဲ ထိုခဏတာ အိပ်စက်နားနေချိန်အတွင်းမှာပင် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ စတုတ္ထမင်းသားလေး၏ အပါးတော်မြဲ မိန်းမစိုးလေးမှာ မျက်နှာဖြူလျော်လျက် အဆောင်ဝင်းထဲသို့ အော်ဟစ်ပြေးဝင်လာတော့သည်။

“မကောင်းတော့ပါဘူး... မယ်မယ်! မကောင်းတော့ပါဘူး! စတုတ္ထမင်းသားလေး ဥယျာဉ်ထဲက စင်မြင့်ပေါ်ကနေ ပြုတ်ကျပြီး ခေါင်းနဲ့ ဆောင့်မိလို့ သတိလစ်သွားပါပြီ!”

ဟွေယွဲ့နှင့် နန်ကျစ်တို့ မင်္ဂလာဆောင်ရန် ခွင့်ရက်ယူထားချိန်ဖြစ်ရာ၊ ယခု အနီးကပ်ပြုစုနေသော လုကျစ်တို့အုပ်စုမှာလည်း သတင်းကြားသည်နှင့် မျက်နှာများ ပျက်ကုန်ကြသည်။ သူမတို့သည် အိပ်ခန်းတံခါးကို အမြန်သွားခေါက်ကာ ဘေးဆောင်တွင် နားနေသော ယွမ်ကျိုကိုပါ သွားခေါ်ခိုင်းလိုက်ကြသည်။

အပြင်ဘက်မှ ဆူညံသံများကြောင့် နင်ချန် အရင်နိုးလာသလို၊ ယဲ့ယွင်လည်း လိုက်နိုးလာခဲ့သည်။ စတုတ္ထမင်းသားလေး စင်မြင့်ပေါ်မှ ပြုတ်ကျသည်ဟု ကြားလိုက်ရချိန်တွင် သူမ၏ဦးနှောက်ထဲတွင် ‘ဝုန်း’ ခနဲ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ကုတင်ပေါ်မှ လူးလဲထကာ အတွင်းခံအင်္ကျီများကိုပင် အချိန်မီမဝတ်နိုင်ဘဲ၊ အပေါ်ဝတ်ရုံကို ကောက်စွပ်၊ ဖိနပ်ကို ဇွတ်ထိုးစီးကာ အပြင်သို့ အရူးတစ်ယောက်ကဲ့သို့ ပြေးထွက်သွားတော့သည်။ ဆံပင်များမှာလည်း ဖရိုဖရဲနှင့်ပင်။

နင်ချန် သတိဝင်လာချိန်တွင်လည်း အမြန်လိုက်ဆင်းကာ - “ဘာရပ်ကြည့်နေကြတာလဲ! ကွေ့ဖေးနောက်ကို အမြန်လိုက်ကြစမ်း!” ဟု အမိန့်ပေးလိုက်ရသည်။

ယဲ့ယွင်သည် သူမ၏ တစ်သက်တာတွင် ဤမျှအထိ မြန်မြန် မပြေးဖူးပေ။ ဂါဝန်စကိုမကာ အသားကုန် ပြေးလွှားနေသည့် သူမ၏ပုံစံမှာ ကိုယ်လုပ်တော် စည်းကမ်းများကို လုံးဝ မေ့လျော့ထားခဲ့ပြီဖြစ်၏။ အနောက်မှ လိုက်လာသော အစေခံများပင် သူမကို မမီချင်တော့ပေ။

အခင်းဖြစ်ရာသို့ ရောက်ရှိချိန်တွင် - စတုတ္ထမင်းသားလေးမှာ ပိုင်ရှု၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး၊ မျက်နှာလေး ဖြူလျော်ကာ မျက်လုံးများ တင်းကျပ်စွာ ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သမားတော် ရှန်ဖိန်ကျစ်မှာ အရင်ရောက်ရှိနေပြီး၊ မင်းသားလေး၏ နောက်စေ့ဒဏ်ရာကို ဆေးထည့်ကာ ပတ်တီးစည်းပေးထားပြီးဖြစ်၏။

ယဲ့ယွင်သည် အသက်ကို လုရှူနေရပြီး လည်ချောင်းနှင့် အဆုတ်များမှာ အေးစက်ကာ အပ်နှင့် ထိုးသကဲ့သို့ နာကျင်နေသော်လည်း၊ သူမ၏ ကလေးအနားသို့ ရောက်ချိန်တွင် ခြေပစ်လက်ပစ် ဒူးထောက်ကျသွားတော့သည်။

“မယ်မယ်!”

အစေခံများက ဝိုင်းတွဲကြသော်လည်း ယဲ့ယွင်၏စိတ်ထဲတွင် ကလေးတစ်ဦးတည်းသာ ရှိတော့သည်။ သူမသည် တုန်ရီနေသော လက်များဖြင့် စတုတ္ထမင်းသားလေးကို ပိုင်ရှုထံမှ လွှဲပြောင်းပွေ့ယူလိုက်ပြီး၊ မျက်ရည်များမှာလည်း အဆက်မပြတ် စီးကျလာတော့သည်။

“ကျင့်အာ... ကျင့်အာ... သတိထားပါဦး။ မေမေ့ကို ကြည့်ပါဦးသားရဲ့။ ကျင့်အာရယ်... မေမေ့ကို ဒီလိုမျိုး မခြောက်ပါနဲ့နော်”

နင်ချန် နောက်မှ လိုက်မီလာချိန်တွင် မြင်လိုက်ရသည်မှာ - ဆံပင်ဖရိုဖရဲ၊ ခြေအိတ်ပင်မပါဘဲ ဖိနပ်ကို တစ်ဝက်တစ်ပျက် စီးထားကာ၊ ပါးလွှာသော အိပ်ရာဝင်ဝတ်စုံပေါ်တွင် ဝတ်ရုံခြုံထားသဖြင့် အအေးဒဏ်ကြောင့် အသားအရေများ နီမြန်းနေသော ယဲ့ယွင်၏ပုံရိပ်ပင် ဖြစ်သည်။

သူမ၏ရင်ခွင်ထဲမှ ကလေးမှာမူ ယခင်ကကဲ့သို့ မတက်ကြွတော့ဘဲ ငြိမ်သက်နေကာ၊ ခေါင်းမှ ပတ်တီးစပေါ်တွင် စိုရွှဲနေသော သွေးကွက်ကြီးမှာ အင်မတန် ရင်နာစရာ ကောင်းလှပေသည်။ နင်ချန်သည် လုကျစ်ထံမှ ဝတ်ရုံအထူကို ယူကာ ယဲ့ယွင်၏ပခုံးပေါ် ခြုံပေးလိုက်ပြီး၊ ကလေးကို လွှဲယူရန် ကြိုးစားသည်။

သို့သော် ယဲ့ယွင်သည် စိတ်တင်းနေဆဲ ဖြစ်ရာ၊ အသိစိတ်မပါဘဲ လက်မောင်းကို ပိုတင်းအောင် ဆွဲပြီး ကလေးကို ငုံ့၍ ကာကွယ်ထားကာ ရှောင်တိမ်းလိုက်မိသည်။

“ချင်းချင်း... ကျန်းပါ၊ လိမ္မာတယ်နော်။ ကျင့်အာကို ကျန်းဆီ ပေးပါ။ အစေခံတွေကို အဆောင်ပြန်ပို့ပြီး နားခိုင်းလိုက်ရအောင်၊ ဟုတ်ပြီလား” နင်ချန်က စိတ်ရှည်စွာဖြင့် နူးညံ့စွာ ဖျောင်းဖျလိုက်သည်။

ထိုအခါမှ ယဲ့ယွင်၏စိတ်မှာ အနည်းငယ် ပြေလျော့သွားပြီး ကလေးကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ နင်ချန်သည် စတုတ္ထမင်းသားကို ပွေ့ချီကာ စိုးရိမ်တကြီးဖြင့် ပိုင်ရှုအား အဆောင်သို့ အမြန်ပြန်ပို့ရန် အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင်မှ ရှန်ဖိန်ကျစ် စကားပြောရန် အခွင့်ရတော့သည် - “အရှင်မင်းကြီး၊ မယ်မယ်... စိတ်အေးအေး ထားကြပါ။ စတုတ္ထမင်းသားရဲ့ သွေးကတော့ တိတ်သွားပါပြီ။ ကံကောင်းတာက ပြုတ်ကျတဲ့အချိန်မှာ တစ်ခုခုက ခံပေးထားသလို၊ စင်မြင့်ကလည်း သိပ်မမြင့်လှပါဘူး။ ဒါပေမဲ့ အောက်က ပန်းအိုးနဲ့ ခေါင်းဆောင့်မိသွားလို့သာ သတိလစ်သွားတာပါ။ နိုးလာရင်တော့ ဘာမှ စိတ်ပူစရာ မရှိတော့ပါဘူး”

ယဲ့ယွင်မှာ နင်ချန်၏ရင်ခွင်ထဲတွင် မှီလျက်၊ ပြေးလာရသော အရှိန်ကြောင့် ခြေထောက်များ တုန်နေသော်လည်း အသိစိတ် ပြန်ဝင်လာခဲ့ပြီဖြစ်သည်။ သူမသည် အခင်းဖြစ်ရာတွင် ရှိနေသော အစေခံများကို စတုတ္ထမင်းသား ဘာကြောင့် ပြုတ်ကျသလဲဟု မေးမြန်းလိုက်သည်။

စတုတ္ထမင်းသား၏ နို့ထိန်းတစ်ဦးမှာ တုန်ရီနေသော အသံဖြင့် လျှောက်တင်သည် - “အဲဒါ... တတိယမင်းသားက တွန်းချလိုက်တာပါ...”

ထိုအခါမှ လူတိုင်း လှည့်ကြည့်လိုက်ရာ - စင်မြင့်အောက်ခြေ ထောင့်တစ်နေရာတွင် တတိယမင်းသားနှင့် ဒုတိယမင်းသားတို့မှာ ဘာလုပ်ရမှန်းမသိ ထိတ်လန့်စွာ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် တတိယမင်းသားမှာ မိမိ အမှားကြီး မှားသွားပြီမှန်း သိသဖြင့် မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူလျော်နေသည်။

နင်ချန်၏မျက်ဝန်းများ အေးစက်သွားသည် - “တတိယမင်းသားက ဘာလို့ စတုတ္ထမင်းသားကို တွန်းရတာလဲ”

“အရှင်မင်းကြီးကို တင်ပြပါတယ်... စတုတ္ထမင်းသားက နောက်နှစ် ကျောင်းတက်ရင် တတိယမင်းသားထက် ပိုပြီး စာတော်ရမယ်၊ အရှင်မင်းကြီးဆီက ချီးမွမ်းခြင်း ပိုရအောင် လုပ်မယ်လို့ ပြောလိုက်မိလို့ပါ။ အဲဒီစကားကို ကြားတော့ တတိယမင်းသားက ဘာဖြစ်သွားလဲမသိဘူး... ရုတ်တရက်ကြီး တွန်းချလိုက်တာပါပဲ” ဟု နို့ထိန်းက တုန်တုန်ရင်ရင် ဖြေကြားသည်။

ထိုစင်မြင့်မှာ ယဲ့ယွင်၏မွေးနေ့ပွဲတွင် ပြဇာတ်ကပြရန် ဆောက်ထားခြင်းဖြစ်ပြီး၊ ပွဲပျက်သွားသဖြင့် ပြန်မဖျက်ရသေးဘဲ ရှိနေခြင်းဖြစ်၏။ ၎င်းမှာ လက်ရန်းမပါသော်လည်း အမြင့်မှာ ၁.၂ မီတာခန့်သာ ရှိသည်။ အကယ်၍သာ အောက်မှ ပန်းအိုးနှင့် ခေါင်းမဆောင့်မိလျှင် သတိလစ်သွားမည့် အခြေအနေ မဟုတ်ပေ။ ထို့ပြင် အစေခံတစ်ဦးက အချိန်ကိုက် ဝင်ခံပေးလိုက်သဖြင့် ခါးရိုး မကျိုးသွားခြင်းမှာလည်း ကံကောင်းလှပေသည်။

သို့သော် မည်သို့ပင်ဖြစ်စေ၊ စကားတစ်ခွန်းကြောင့်နှင့် ညီအရင်းကို စင်မြင့်ပေါ်မှ တွန်းချလိုက်ခြင်းမှာ အင်မတန် ဒေါသထွက်စရာ ကောင်းလှသည်။

ထိုအချိန်တွင် ယိကျောင်းယွမ် နှင့် ကျင်းရှန်ဖေးတို့လည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ သူတို့ နှစ်ဦး စကားမဟရသေးမီမှာပင် ယဲ့ယွင်သည် နင်ချန်၏ရင်ခွင်ထဲမှ ရုန်းထွက်ကာ ယိကျောင်းယွမ်ထံသို့ အရှိန်အဟုန်ဖြင့် သွားပြီး၊ အရှိန်ပါပါဖြင့် ယိကျောင်းယွမ်၏ပါးကို ရိုက်ချလိုက်တော့သည်။

“မယ်မယ်... ချန်းချဲ့ကို ဘာလို့ ရိုက်ရတာလဲ၊ အား——”

စကားမဆုံးမီ ယဲ့ယွင်က အခြားတစ်ဖက်ကိုပါ ထပ်မံ ရိုက်လိုက်ပြန်သည်။ ဤလက်ဝါး နှစ်ချက်စလုံးမှာ သူမ၏ အားရှိသမျှကို သုံးထားခြင်းဖြစ်ရာ၊ ဒုတိယတစ်ချက်တွင် ယိကျောင်းယွမ်မှာ ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ ပါးပြင်နှစ်ဖက်စလုံးတွင် လက်ဝါးရာများမှာ ချက်ချင်းပင် နီရဲထင်ဟပ်လာတော့သည်။

“မင်းက ကိုယ့်သားကို မဆုံးမတတ်ရင်... ငါကိုယ်တိုင် မင်းကို သေသေချာချာ ဆုံးမပေးမယ်!” ယဲ့ယွင်က အံကြိတ်ကာ ဒေါသတကြီး ဟောက်လိုက်သည်။

ယိကျောင်းယွမ်မှာ လာကတည်းက သားဖြစ်သူ ပြဿနာရှာထားမှန်း သိသဖြင့်၊ ယခုအခါ ပြန်မချေပဝံ့ဘဲ အမြန်ပင် ဒူးထောက်လိုက်ရသည် - “ဟန်အာက ငယ်သေးလို့ပါ၊ သူ တမင်လုပ်တာ မဟုတ်ပါဘူး။ ကွေ့ဖေးမယ်မယ် ခွင့်လွှတ်ပေးပါ၊ အရှင်မင်းကြီး ခွင့်လွှတ်ပေးပါဦး!”

“ခွင့်လွှတ်ရမယ်? အခု သတိမေ့နေတာ မင်းရဲ့ သားမဟုတ်လို့ မင်းက ခွင့်လွှတ်ခိုင်းရဲတာလား။ ငါက ဘာလို့ မင်းကို ခွင့်လွှတ်ပေးရမှာလဲ!”

ယဲ့ယွင်သည် ဒေါသအမျက် ချောင်းချောင်းထွက်နေသဖြင့်၊ ထပ်မံ၍ ယိကျောင်းယွမ်၏ပခုံးကို ခြေဖြင့် ကန်ချလိုက်ရာ သူမမှာ မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားတော့သည်။ ရှန်ဖေးပင်လျှင် ယဲ့ယွင်၏ ဤပုံစံကို မြင်ပြီး ထိတ်လန့်ကာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။

နင်ချန်က ယဲ့ယွင်အား အမြန်လှမ်းဖမ်းကာ ပွေ့ဖက်လိုက်သည် - “အခုချိန်မှာ သူတို့ကို ရိုက်နှက်နေလို့ ဘာမှမထူးဘူး။ ကျင့်အာကို အဆောင်ပြန်ပို့လိုက်ပြီ။ မင်းက အဝတ်အစားလည်း ပါးပါးလေးနဲ့မို့ အအေးမိလိမ့်မယ်။ ကလေးကို သွားကြည့်ဖို့ အရင်ပြန်ပါဦး။ ကျန်တဲ့ကိစ္စတွေကို ကျန်း တာဝန်ယူ ဖြေရှင်းပေးမယ်၊ ဟုတ်ပြီလား။ ကျန်းကို ယုံပါ”

နင်ချန်၏မျက်လုံးများကို ကြည့်လိုက်ရချိန်တွင် ယဲ့ယွင်၏နှာခေါင်းမှာ အနည်းငယ် ရှုံ့သွားကာ၊ ဝမ်းနည်းစိတ်နှင့် စိုးရိမ်စိတ်များ ပြိုင်တူ ပေါ်လာခဲ့သည်။ သူမသည် မျက်ရည်ကို အတင်းအောင့်အီးကာ ခေါင်းညိတ်ပြလိုက်ပြီး၊ လုကျစ်၏အကူအညီဖြင့် ဝေါယာဉ်ပေါ်တက်ကာ ကျောက်ချွန်းနန်းဆောင်သို့ အရင်ပြန်သွားလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 426

အခန်း ၄၂၆ ။ သားသမီးကို ကောင်းစွာမဆုံးမနိုင်ခြင်း

"အရှင်မင်းကြီး..."

ယဲ့ယွင် ထွက်သွားသည်ကို မြင်သောအခါ ယိကျောင်းယွမ်သည် တုန်ရီနေသောအသံဖြင့် လှမ်းခေါ်လိုက်သည်။ ယခုအချိန်တွင် သူမသည် အင်မတန် အရှက်ရစရာဖြစ်နေ၏။ ပါးပြင်နှစ်ဖက်စလုံးတွင် နီရဲဖောင်းကြွနေသော လက်ဝါးရာများ၊ ဖရိုဖရဲဖြစ်နေသော ဆံပင်ပုံစံ၊ ပခုံးပေါ်မှ ခြေရာနှင့် မြေပေါ်လဲကျစဉ်က ကပ်ပါလာသော ရွှံ့နွံများကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေတော့သည်။

နင်ချန်က သူမအား အေးစက်သော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက်၊ မနီးမဝေးတွင်ရှိနေသော ဒုတိယမင်းသားနှင့် တတိယမင်းသားတို့ကို လက်ယမ်းခေါ်လိုက်သည်။

"ချွန်းအာ၊ ဟန်အာ၊ ဒီကိုလာခဲ့ကြ"

ကလေးနှစ်ဦးစလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး အထူးသဖြင့် တတိယမင်းသားပင် ဖြစ်၏။ ခုနတင် မိခင်ဖြစ်သူ အရိုက်ခံရသည်ကို မြင်လိုက်ရသဖြင့် သူ အလွန်ကြောက်လန့်နေရှာသည်။

"ပြောစမ်း... ဘာလို့ ညီလေးကို တွန်းချရတာလဲ" နင်ချန်က တတိယမင်းသားကို တည်ကြည်စွာ ကြည့်မေးသည်။

ယိကျောင်းယွမ်သည် ဒူးထောက်လျက် ရှေ့သို့ အနည်းငယ်တိုးကာ စကားဝင်ပြောရန် ကြိုးစားသော်လည်း နင်ချန်၏ အေးစက်လှသော အကြည့်ကြောင့် ပြန်ဆုတ်သွားရသည်။

တတိယမင်းသားမှာ မတတ်သာတော့ဘဲ ဇွတ်တင်းကာ ဖြေရသည် - "သားတော်... ညီလေးကို တွန်းချဖို့ မရည်ရွယ်ပါဘူး။ သားတော်က အမှတ်မထင်... လက်ချော်သွားတာပါ။ ဟုတ်ပါတယ် လက်ချော်သွားတာပါ ခမည်းတော်။ သားတော် တမင်လုပ်တာ မဟုတ်ပါဘူး..."

"လိမ်နေတာပဲ!" နင်ချန် ရုတ်တရက် ဒေါသထွက်သွားသည် - "မင်းသင်ထားတဲ့ စာတွေက ဘယ်ရောက်ကုန်ပြီလဲ? ညီအစ်ကို မောင်နှမအချင်းချင်း ချစ်ခင်ရမယ်ဆိုတဲ့ စည်းကမ်းတွေကို တစ်စက်ကလေးမှ မမှတ်မိတော့ဘူးလား။ ဒါတွေကို ထားလိုက်ပါဦး... မင်းအမှားလုပ်ထားတာကိုတောင် ဝန်မခံရဲဘူးလား။ ဒါဟာ မင်းသားတစ်ယောက်ရဲ့ အမူအရာလား!"

ခမည်းတော် ဤမျှအထိ ဒေါသထွက်သည်ကို တစ်ခါမှမမြင်ဖူးသဖြင့် ခုနစ်နှစ်အရွယ် တတိယမင်းသားလေးမှာ ထိတ်လန့်တကြား ငိုယိုတော့သည်။ ဘေးမှ ဒုတိယမင်းသားလေးမှာလည်း မျက်နှာလေး တောင့်တင်းနေပြီး ကျင်းရှန်ဖေးထံ အကူအညီတောင်းသော အကြည့်ဖြင့် လှမ်းကြည့်သည်။

ရှန်ဖေးက သူ့အား အားပေးနှစ်သိမ့်သည့် အကြည့် ပြန်ပေးလိုက်ရာ၊ ဒုတိယမင်းသားမှာ သတိဝင်လာပြီး ရဲရဲဝံ့ဝံ့ စကားဆိုလာသည် -

"ခမည်းတော် စိတ်လျှော့ပါဦး။ ဒါဟာ သားတော့်အမှားလည်း ပါပါတယ်။ အစ်ကိုတော်တစ်ယောက်အနေနဲ့ ညီတော်တွေကို ကောင်းကောင်း မထိန်းကျောင်းနိုင်ခဲ့သလို၊ စတုတ္ထညီတော်ကိုလည်း ကာကွယ်မပေးနိုင်ခဲ့ပါဘူး။ ခမည်းတော် သားတော်ကိုပဲ အပြစ်ပေးပါ။ တတိယညီတော်က ငယ်သေးလို့ပါ၊ သူ့ကို ပြုပြင်ဖို့ အခွင့်အရေး တစ်ခါလောက် ပေးပါဦး"

နင်ချန်က ဒုတိယမင်းသားကို တစ်ချက်ကြည့်ပြီးနောက်၊ တတိယမင်းသားနှင့် ယိကျောင်းယွမ်တို့ဘက်သို့ လှည့်ကြည့်ရာ အကြည့်များမှာ ပို၍ အေးစက်သွားသည်။

"ငယ်သေးတယ်ဟုတ်လား? မင်းရဲ့ တတိယညီက မင်းထက် ခြောက်လပဲ ငယ်တာ။ ယိကျောင်းယွမ်... ဒါဟာ မင်း ကျန်းအတွက် ဆုံးမပေးထားတဲ့ ကလေးလား?"

"ညီတော်က မင်းထက် ပိုတော်အောင် ကြိုးစားမယ်လို့ ပြောတာက မင်းကို စံပြအဖြစ် ထားလို့ပဲ။ အစ်ကိုတော် တစ်ယောက်အနေနဲ့ ညီတော်တွေကို စံနမူနာပြပြီး စာကောင်းကောင်း သင်ရမှာကို... မင်းကတော့ ညီတော်က အဲဒီလိုပြောရုံနဲ့ ရန်မူတယ်ပေါ့။ မင်း ရူယီဆောင် (မင်းသားဆောင်) ကို ပြန်ပြီး သေသေချာချာ ဆင်ခြင်လိုက်စမ်း။ ဒီအတောအတွင်း စာသင်ကျောင်းသွားတာကလွဲရင် ဘယ်ကိုမှ ထွက်ခွင့်မရှိစေနဲ့" ဟု နင်ချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

သူသည် ဒေါသကို အတင်းအောင့်အီးကာ ဆုံးမရုံသာ ပြုလုပ်ပြီး လူကိုယ်တိုင်တော့ လက်မပါခဲ့ပေ။ ထို့နောက် ယိကျောင်းယွမ်ဘက်သို့ လှည့်ကာ - "မင်းကိုတော့ သုံးလတိတိ အပြင်ထွက်ခွင့် ပိတ်တယ်။ ခြောက်လစာ ရိက္ခာတွေကိုလည်း ဖြတ်တောက်မယ်။ အကျဉ်းချခံထားရတဲ့ အတောအတွင်းမှာ နေ့တိုင်း ဗုဒ္ဓကျမ်းစာတွေ ကူးရေးပြီး စတုတ္ထမင်းသားလေးအတွက် ဆုတောင်းပေးစမ်း"

"ဟုတ်ကဲ့ပါ... ချန်းချဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်" ယိကျောင်းယွမ်မှာ ထပ်မံ၍ မချေပဝံ့တော့ဘဲ ခေါင်းငုံ့ဝန်ခံလိုက်ရတော့သည်။

စတုတ္ထမင်းသားလေးကို စိတ်ပူနေသဖြင့် နင်ချန်သည် ယိကျောင်းယွမ် သားအမိကို အပြစ်ပေးပြီးသည်နှင့် ချက်ချင်း ထွက်ခွာခဲ့သည်။ ကျင်းရှန်ဖေးမှာတော့ အစအဆုံး စကားတစ်ခွန်းမျှ ဝင်ပြောခွင့် မရခဲ့ပေ။ ဒုတိယမင်းသားသည် သူမနောက်မှလိုက်ရင်း တစ်ခုခုကို ပြောချင်သလိုနှင့် တွန့်ဆုတ်နေသော်လည်း၊ ရှန်ဖေး၏စိတ်မှာ သူ့အပေါ်တွင် မရှိသဖြင့် သတိမပြုမိခဲ့ပေ။

နင်ချန် ကျောက်ချွန်းနန်းဆောင်သို့ ရောက်သောအခါ၊ ယဲ့ယွင်သည် အဝတ်အစားများ လဲလှယ်ပြီး ကုတင်ဘေးတွင် စောင့်ကြည့်နေသည်ကို တွေ့ရသည်။ သူမသည် ခြေသံကြားသော်လည်း လှည့်မကြည့်သလို၊ ထ၍ ဂါရဝပြုခြင်းလည်း မပြုပေ။

"ကလေး ဘယ်လိုနေလဲ" နင်ချန်က တိုးတိုးလေး မေးသည်။

ယဲ့ယွင်က ထိုအခါမှ အကြည့်ကို လွှဲကာ သူ့အား ကြည့်လာသည် - "သမားတော်ကတော့ အသက်အန္တရာယ် မရှိတော့ဘူး ပြောပါတယ်။ ဒါပေမဲ့ နောက်စေ့ကို ထိခိုက်ထားတာဆိုတော့ ဘယ်အချိန်မှာ နိုးလာမလဲ မသိဘူး”

ပြင်ပဒဏ်ရာကို ယဲ့ယွင် မစိုးရိမ်သော်လည်း ဦးနှောက်ကို ထိခိုက်သွားမည်ကို သူမ အလွန်ကြောက်နေမိသည်။ အကယ်၍ သူမ၏ သားလေး တစ်ခုခုဖြစ်သွားပါက၊ ယိကျောင်းယွမ်တို့ သားအမိကို အဆပေါင်းများစွာ ပြန်လည်ပေးဆပ်စေမည်ဟု သူမ ကြုံးဝါးနေမိသည်။

နင်ချန်က ယိကျောင်းယွမ်တို့ကို မည်သို့ အပြစ်ပေးခဲ့သည်ကို သူမ မမေးမြန်းပေ။ အပြစ်ဒဏ်က သိပ်မပြင်းထန်နိုင်မှန်း သူမ သိသည်။ သို့သော် ယိကျောင်းယွမ်တို့ အသားနာရုံနှင့် သူမ မကျေနပ်နိုင်သဖြင့် အခြားအစီအစဉ်တစ်ခု ပြင်ဆင်လိုက်သည်။

လုကျစ်က အချိန်ကိုက်ပင် ပိုင်ရှုအား အချက်ပြလိုက်သည်။ ပိုင်ရှုက သဘောပေါက်စွာဖြင့် ဒူးထောက်လိုက်သည် -

"အရှင်မင်းကြီး၊ ကွေ့ဖေးမယ်မယ်... ကျွန်တော်မျိုး မပြောဝံ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဒါပေမဲ့ စတုတ္ထမင်းသားလေး ဒီလိုဖြစ်နေတာ မြင်ရတော့ မပြောဘဲ မနေနိုင်တော့ပါဘူး"

နင်ချန် မျက်မှောင်ကြုတ်ကာ - "ဘာကိစ္စလဲ၊ ပြောစမ်း"

"စတုတ္ထမင်းသားလေး ပြုတ်မကျခင်က စာကြိုးစားသင်ပြီး တတိယမင်းသားထက် ပိုတော်အောင် လုပ်မယ်လို့ ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ တတိယမင်းသား လက်မပါခင်မှာ ဒုတိယမင်းသားက - ‘မင်းသားတွေထဲမှာ စာအတော်ဆုံးသူက အိမ်ရှေ့စံ ဖြစ်နိုင်တယ်၊ စတုတ္ထညီတော်က တတိယညီတော်ထက် ပိုတော်ရင်...’ ဆိုပြီး ပြောခဲ့တာပါ"

ပိုင်ရှုက စကားကို တစ်ဝက်နှင့် ရပ်လိုက်သည်။ ထိုအချိန်တွင် ယဲ့ယွင်က ထိတ်လန့်သွားဟန်ဖြင့် ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည် -

"အရှင်မင်းကြီး... ကျင့်အာက ငယ်သေးတာမို့ အိမ်ရှေ့စံဆိုတာ ဘာမှန်းတောင် သိမှာ မဟုတ်ပါဘူး။ သူက ချန်းချဲ့လိုပဲ အရှုံးမပေးချင်တဲ့ စရိုက်ရှိလို့၊ ဆရာတွေက အစ်ကို (၃) ကို ချီးမွမ်းတာ ကြားတော့ သူလည်း ပိုကြိုးစားမယ်လို့ ပြောမိတာပါ။ ကျင့်အာမှာ အိမ်ရှေ့စံနေရာကို လိုချင်တဲ့ စိတ်ဆန္ဒ လုံးဝမရှိပါဘူး”

"မင်း ဘာလို့ ဒူးထောက်နေတာလဲ၊ မြန်မြန်ထပါ" နင်ချန်က သူမအား တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း တွဲထူလိုက်သည် - "ကျင့်အာက ဖြူစင်တဲ့ကလေးဆိုတာ ကျန်း အသိဆုံးပါ။ သူက ခြောက်နှစ်တောင် မပြည့်သေးတာ၊ ဒါတွေကို ဘယ်သိပါ့မလဲ"

သို့သော် ဒုတိယမင်းသားနှင့် တတိယမင်းသားတို့မှာ ကျောင်းတက်နေသည်မှာ နှစ်နှစ်ရှိပြီဖြစ်ရာ ဤကိစ္စများကို စတင်ထိတွေ့နေကြပြီဖြစ်သည်။ ကလေးတွေ၏စိတ်ထဲတွင် ဤမျှအထိ ပြင်းထန်သော ဒေါသများရှိနေခြင်းမှာ တစ်စုံတစ်ယောက်က သွေးထိုးပေးခြင်းမရှိဘဲ မဖြစ်နိုင်ပေ။

ယိကျောင်းယွမ်တွင် ရည်မှန်းချက်ရှိသည်ကို နင်ချန် သိသော်လည်း၊ ယခုကိစ္စတွင် ဒုတိယမင်းသားပါ ပါဝင်နေခြင်းက သူ့အား အံ့သြသွားစေသည်။ ကွေ့ဟွားပန်းဝိုင်ကိစ္စနှင့် ဤကိစ္စကို ပေါင်းစပ်ကြည့်လိုက်သောအခါ၊ ကျင်းရှန်ဖေးသည် အပြင်ပန်းကဲ့သို့ အေးချမ်းသူ မဟုတ်ကြောင်း သူ အတပ်သိလိုက်ရပြီ။

နင်ချန်သည် သတိမေ့နေသော ကလေးကို ကြည့်ရင်း၊ ယဲ့ယွင်၏ ခုနက အရူးတစ်ယောက်ကဲ့သို့ ပုံစံကို ပြန်မြင်ယောင်လာကာ စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်လိုက်သည် -

"ကျန်း အမိန့်ကို ကြေညာစမ်း... ကျင်းရှန်ဖေးနှင့် ယိကျောင်းယွမ်တို့သည် ‘သားသမီးကို ကောင်းစွာမဆုံးမနိုင်ခြင်း’ အပြစ်ရှိသည်။ ကျင်းရှန်ဖေးသည် နောင်တွင် ဒုတိယမင်းသားကိုသာ သေသေချာချာ အချိန်ပေး ဆုံးမစေ၊ နန်းတွင်းရေးရာများကို ထပ်မံ ပါဝင်ပတ်သက်ခွင့် မရှိစေရ။ ယိကျောင်းယွမ်အား ‘ယိကျောင်းရုန်’ အဖြစ် ရာထူးချလိုက်သည်"

ယဲ့ယွင်သည် ဤအမိန့်အပေါ် ဘာမှ မှတ်ချက်မပေးပေ။ သူမ၏အာရုံမှာ သားဖြစ်သူထံ၌သာ ရှိနေသည်။

နင်ချန်မှာတော့ ပို၍ စိတ်မကောင်းဖြစ်နေရသည်။ အသစ်မွေးထားသော သတ္တမမင်းသားမှာ အသက်ရှင်ရန် ခက်ခဲနေသလို၊ ကျန်းမာလှသော စတုတ္ထမင်းသားမှာလည်း ယခုကဲ့သို့ သတိမေ့နေသည်မှာ သူ့အား အကြီးအကျယ် စိတ်ပင်ပန်းစေတော့သည်။

အမိန့်တော် ထွက်လာသောအခါ ယိကျောင်းရုန် (ယခင် ကျောင်းယွမ်) မှာ ရူးမတတ် ဖြစ်သွားသော်လည်း၊ ပြဿနာရှာသူမှာ မိမိ၏ သားအရင်းဖြစ်နေသဖြင့် အောင့်အီးနေရုံသာ ရှိတော့သည်။ ယဲ့ယွင်က ကွေ့ဖေးအထိ တက်လှမ်းသွားချိန်တွင် သူမမှာ ရာထူးပြန်ကျသွားခြင်းအပေါ် ကံကြမ္မာကိုသာ ကျိန်ဆဲနေမိသည်။

ကျင်းရှန်ဖေးမှာမူ ကြောင်အမ်းသွားရသည်။ ဒုတိယမင်းသားမှာ ယနေ့ စည်းကမ်းတကျ ပြုမူခဲ့ပါလျက်နှင့်၊ ဘာကြောင့် သူမပါ ဆုံးမခြင်းခံရတာလဲဟု နားမလည်နိုင် ဖြစ်နေရသည်။ သူမသည် ဒုတိယမင်းသား၏ အနီးကပ်လူများကို ခေါ်ယူစစ်ဆေးရာမှ၊ ဒုတိယမင်းသား ပြောခဲ့သော စကားကို သိလိုက်ရချိန်တွင် ဒေါသကြောင့် သတိပင် လစ်ချင်သွားတော့သည်။ သို့သော် အရာအားလုံးမှာ နောက်ကျသွားခဲ့ပြီ။ သူမသည် အခြားနည်းလမ်းဖြင့် ပြန်လည်ကြံစည်ရပေတော့မည်။

***

All Chapters