← Chapters

အခန်း (၄၂၇-၄၂၈)

Vol. 27 Ch. 427-428

အခန်း (၄၂၇-၄၂၈)

Vol. 27 Ch. 427-428

အခန်း ၄၂၇ ။ အချိန်တန်ပြီ

ယဲ့ယွင်သည် အဝတ်အစားပင် မလဲနိုင်ဘဲ ကုတင်ဘေးတွင် စောင့်ကြပ်နေပြီး ညစာကိုလည်း မသုံးဆောင်လိုပေ။ နောက်ဆုံးတွင် လုမေ့က စတုတ္ထမင်းသားလေး၏ အခန်းထဲတွင်ပင် ထမင်းဝိုင်း ပြင်ဆင်ပေးမှသာ သူမ အနည်းငယ် စားသုံးခဲ့သည်။

ညဉ့်နက်သော်လည်း ယဲ့ယွင်က ထွက်သွားရန် ငြင်းဆန်နေသဖြင့် နင်ချန်ကပင် ဖျောင်းဖျရတော့သည်။

"မင်း ကျင့်အာကို စိတ်ပူတာ ကျန်း သိပါတယ်။ ဒါပေမဲ့ ဆဌမမင်းသားနဲ့ စတုတ္ထမင်းသမီးလေးကလည်း မင်းကို အားကိုးနေရတာလေ။ မင်း ကျန်းမာရေး ထိခိုက်သွားလို့ မဖြစ်ဘူး။ အခု မင်းက ကလေးသုံးယောက်ရဲ့ မိခင်ပဲ"

ငယ်ရွယ်လှသော ကလေးငယ်နှစ်ဦးကို သတိရမိမှ ယဲ့ယွင်၏စိတ်မှာ ပျော့ပြောင်းသွားတော့သည်။ သူမသည် နင်ချန်နှင့်အတူ ဘေးခန်းသို့ သွားရောက်ကာ သားငယ်နှင့် သမီးငယ်လေးကို သွားကြည့်ခဲ့သည်။ ကလေးနှစ်ဦးစလုံးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်။ ယဲ့ယွင်သည် သူတို့၏ နဖူးလေးများကို တစ်ဦးချင်း နမ်းရှိုက်ပြီးမှ အနားယူရန် ပြန်လာခဲ့သည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း ယဲ့ယွင်နှင့် နင်ချန်တို့သည် မျက်လုံးမှိတ်ထားရုံသာရှိပြီး အိပ်မပျော်ကြပေ။ နှစ်ဦးစလုံးမှာ ကိုယ်စီ အတွေးများဖြင့် ရှိနေကြသည်။ ယဲ့ယွင်က သားဖြစ်သူကို စိတ်ပူနေသလို၊ နင်ချန်ကတော့ ပိုမိုနက်ရှိုင်းသော ကိစ္စများကို တွေးတောနေမိသည်။

အိမ်ရှေ့စံလုပွဲမှာ မသိမသာ စတင်နေပြီ ဖြစ်သော်လည်း သူကတော့ အဆင်သင့်မဖြစ်သေးပေ။ သူသည် သူကိုယ်တိုင် မင်းသားဖြစ်ခဲ့စဉ်က အခြေအနေကို ပြန်လည်မြင်ယောင်နေမိသည်။ ထိုစဉ်က မင်းသားကြီး ‘နင်ကျယ်’ မှာ သားတော်ကြီးလည်း ဖြစ်သလို စာပေရော စစ်ရေးပါ ကျွမ်းကျင်သူဖြစ်ရာ၊ ခမည်းတော်က အိမ်ရှေ့စံ မသတ်မှတ်ရသေးသော်လည်း ညီအစ်ကိုများအားလုံးက သူ့ကိုသာ နန်းတက်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

ထို့ကြောင့် နင်ချန်သည် အစကတည်းက အာဏာလုရန် မစဉ်းစားခဲ့ပေ။ ဒုတိယမင်းသားမှာလည်း ငယ်စဉ်က မိခင်ဖြစ်သူ ယောင်ထိုက်ကွေ့ဖေးကြောင့် အနည်းငယ် ရုန်းကန်ခဲ့သော်လည်း ကြီးလာချိန်တွင် ငြိမ်သက်သွားခဲ့သည်။ စတုတ္ထမင်းသား နင်ရွေ့ (ယခု ခန်းဝမ်) မှာမူ ကျန်းမာရေး အားနည်းသဖြင့် အာဏာကို အိပ်မက်ပင် မမက်ဝံ့ခဲ့ပေ။

သို့သော် ညီအစ်ကိုများ ငြိမ်သက်နေပါသော်လည်း၊ ခမည်းတော်က အိမ်ရှေ့စံကို စောစီးစွာ မသတ်မှတ်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် မင်းသားကြီး နင်ကျယ်က ‘ခမည်းတော်အား သတ်ရန် ကြံစည်မှု’ ဟူသော ရင်နာစရာကိစ္စကြီး ပေါ်ပေါက်လာခဲ့သည်။ အကယ်၍ ထိုစဉ်က နင်ကျယ် မရှုံးနိမ့်ခဲ့ပါက နင်ချန်သည်လည်း ဧကရာဇ် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့သော် ယခု ပလ္လင်ပေါ် ရောက်ရှိနေပြီဖြစ်ရာ ဤတာဝန်ကို သူ ထမ်းဆောင်ရပေတော့မည်။

နင်ချန်သည် ခမည်းတော်ကဲ့သို့ သားချင်းများ အချင်းချင်း သတ်ဖြတ်ကြသည်ကို ထိုင်ကြည့်ချင်သူ မဟုတ်ပေ။ သူသည် သားတော်များအားလုံး ချစ်ခင်စည်းလုံးနေသည်ကိုသာ မြင်လိုသည်။ ထို့ကြောင့် သူ တွေးမိသည်မှာ - အကယ်၍ အိမ်ရှေ့စံကို စောစီးစွာ သတ်မှတ်လိုက်ပါက၊ ကလေးများ ငယ်ရွယ်စဉ်ကတည်းက ‘မင်းနှင့်အမတ်’ အဆင့်အတန်းကို ခွဲခြားသိမြင်သွားစေပြီး နောင်တွင် ပြဿနာ နည်းပါးသွားလိမ့်မည်။

ခမည်းတော် လက်ထက်တွင် ရင်သွေး နည်းပါးခဲ့သော်လည်း သူ့လက်ထက်တွင် မင်းသား ခုနစ်ပါးနှင့် မင်းသမီး လေးပါး ရှိနေပြီဖြစ်ရာ၊ နောင်တွင် ‘တော်ဝင်ရွေးချယ်ပွဲ’ များ ထပ်မံ ကျင်းပရန် မလိုအပ်တော့ဟု သူ ဆုံးဖြတ်လိုက်သည်။ ယခုအခါ နန်းတွင်း၌ သူသည် ကျောက်ချွန်းနန်းဆောင်သို့သာ လာလေ့ရှိပြီး၊ ကျန်သော အမျိုးသမီးများကို သိမ်းဆည်းထားခြင်းမှာ သူတို့၏ ဘဝများကို ဖြုန်းတီးပစ်ခြင်းသာဖြစ်သည်ဟု သူ ခံစားရသည်။

နင်ချန်သည် နန်းတော်ထဲ၌ နေထိုင်နေရသော်လည်း ဤနေရာကို ကောင်းသော နေရာတစ်ခုဟု တစ်ခါမှ မယူဆခဲ့ပေ။ တစ်ခါဝင်လာပြီးလျှင် တစ်သက်လုံး စတေးလိုက်ရသော နေရာပင်။

နံနက် လေးချက်တီးအချိန်တွင် တံခါးကို အသာအယာ ခေါက်သံ ကြားလိုက်ရသည်။ ယွမ်ကျိုက အသံကို နှိမ့်၍ ဝမ်းသာအားရ ဆိုလာသည် -

"အရှင်မင်းကြီး၊ မယ်မယ်... စတုတ္ထမင်းသားလေး နိုးလာပါပြီ!"

ယဲ့ယွင်မှာ ညဦးပိုင်းက အိပ်ရေးပျက်ထားသဖြင့် ယခုမှ နှစ်ခြိုက်စွာ အိပ်ပျော်ကာစ ရှိသေးသော်လည်း၊ နင်ချန်မှာတော့ နိုးနေခဲ့သည်။ သူသည် ဘေးမှ ယဲ့ယွင်၏နားကို အသာအယာ အုပ်ပေးလိုက်ပြီး အပြင်ဘက်သို့ တိုးတိုးလေး အမိန့်ပေးလိုက်သည် -

"မအော်နဲ့တော့၊ ကွေ့ဖေး အခုမှ အိပ်ပျော်ရုံရှိသေးတယ်။ ကျန်း အခု လာခဲ့မယ်။ သမားတော်ကို အရင် ပင့်ထားလိုက်စမ်း"

နင်ချန်သည် အပေါ်ဝတ်ရုံကို ကောက်စွပ်ကာ ဘေးဆောင်သို့ အမြန် သွားခဲ့သည်။ သူ ရောက်သွားချိန်တွင် စတုတ္ထမင်းသားလေးမှာ မှီအုံးကို အားပြုကာ ထိုင်နေပြီး နန်းတွင်းသူများ တိုက်ကျွေးသော နွားနို့နွေးနွေးကို သောက်နေသည်။

"ကျင့်အာ... ဘယ်နေရာမှာ နေလို့မကောင်းသေးလဲ။ ခေါင်းကော နာနေသေးလား" နင်ချန်က သားဖြစ်သူ၏အနားသို့ တိုးသွားကာ ကုတင်ဘေးတွင် ထိုင်လိုက်သည်။

စတုတ္ထမင်းသားလေးက ခေါင်းကို အသာခါယမ်းပြသော်လည်း မျက်နှာလေးမှာ ဖြူလျော်နေဆဲပင်။ စင်မြင့်မှာ မမြင့်လှသော်လည်း နောက်စေ့နှင့် ပန်းအိုး ဆောင့်မိခြင်းမှာ အတော်လေး ပြင်းထန်လှသည်။

"ဖေဖေ... မေမေကောဟင်" ဟု မင်းသားလေးက တိုးတိုးလေး မေးသည်။ သူ ကြီးလာပြီးနောက် ‘ဖေဖေ’ ဟု ခေါ်ခဲသဖြင့် နင်ချန်မှာ ပို၍ပင် သနားသွားရသည်။

နင်ချန်က မင်းသားလေး၏ ပါးကို အသာအယာ ပွတ်သပ်ပေးလိုက်သည် - "မေမေက မင်းကို အကြာကြီး စောင့်ပေးနေတာ၊ အခုမှ အိပ်ပျော်သွားလို့ပါ။ မနက်ကျရင်တော့ မင်းဆီ ချက်ချင်း လာမှာပါ"

"မေမေ ပင်ပန်းနေမှာပေါ့။ သားတော် အဆင်ပြေပါတယ်။ မေမေ့ကို ပိုပြီး အိပ်ခိုင်းလိုက်ပါနော်" ဟု မင်းသားလေးက သိတတ်လှစွာ ဆိုသည်။

ထိုအချိန်တွင် သမားတော် ရောက်ရှိလာသဖြင့် နင်ချန်က နေရာဖယ်ပေးလိုက်သည်။ စမ်းသပ်ပြီးနောက် သမားတော်က အသက်အန္တရာယ် မရှိတော့ကြောင်း၊ သို့သော် ငြိမ်သက်စွာ နားနေရန် လိုအပ်ကြောင်း လျှောက်တင်သည်။ နင်ချန်က စတုတ္ထမင်းသားလေးအား ဆယ့်ငါးရက်တိတိ စာသင်ကျောင်းမသွားဘဲ အနားယူရန် အမိန့်ပေးလိုက်ပြီး၊ ကလေး အိပ်ပျော်သွားမှသာ အခန်းပြင်သို့ ထွက်လာခဲ့သည်။

ကောင်းကင်တွင် လမင်းမှာ ဝင်းပလျက်ရှိပြီး ခြံဝင်းတစ်ခုလုံး ငြိမ်သက်နေသော်လည်း၊ ထိုငြိမ်သက်မှုအောက်၌ မည်မျှအထိ လှိုင်းတံပိုးများ ရှိနေသလဲဟု တွေးမိသောအခါ နင်ချန်မှာ ရင်ထဲ၌ အေးစက်သွားရသည်။

"မင်းသားတွေ ကြီးလာကြပြီ... အချိန်တန်ပြီပေါ့လေ။" ဟု နင်ချန်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။

ယွမ်ကျိုက ဆိုလိုရင်းကို သိသော်လည်း မသိချင်ယောင် ဆောင်နေလိုက်သည် - "အရှင်မင်းကြီး... နှင်းတွေ ထူနေပါပြီ၊ အတွင်းထဲဝင်ပြီး အနားယူပါဦး။ ခဏနေရင် ညီလာခံ တက်ရတော့မှာပါ"

"အင်း... မနက်ကျရင် သတ္တမမင်းသားကို မင်းကိုယ်တိုင် သွားကြည့်လိုက်ဦး။ စတုတ္ထမင်းသားဘက်ကိုလည်း အမြဲ ဂရုစိုက်နေ" နင်ချန်က မှာကြားပြီးနောက် အိပ်ခန်းထဲသို့ ပြန်ဝင်ခဲ့သည်။

ကုတင်ပေါ်ရှိ အမျိုးသမီးလေးမှာ အိပ်ပျော်နေသော်လည်း မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားဆဲပင်။ နင်ချန်သည် သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်တော့သည်။

…..

နောက်တစ်နေ့ နံနက်တွင် ယဲ့ယွင် နိုးနိုးချင်းပင် ထထိုင်လိုက်သည်။ ဘေးမှ လူမှာ မရှိတော့ပေ။ သူမသည် သတိပြန်ဝင်လာသည်နှင့် ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်စဉ်၊ အတွင်းသို့ ဝင်လာသူများမှာ ဟွေယွဲ့ နှင့် နန်ကျစ်တို့ ဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့သြသွားသည်။

"မင်းတို့နှစ်ယောက် ဘာလို့ ပြန်လာကြတာလဲ"

ဟွေယွဲ့က အပေါ်ဝတ်ရုံကို ယူ၍ ခြုံပေးရင်း စိုးရိမ်တကြီး ဆိုသည် - "ကျွန်တော်မျိုးမတို့ စတုတ္ထမင်းသားလေး ဒဏ်ရာရတယ်လို့ ကြားရတာနဲ့ စိတ်မအေးနိုင်လို့ အမြန် ပြန်လာကြတာပါ။ မယ်မယ် ကျွန်မတို့ကို အပြစ်မတင်ပါနဲ့။ အနားယူရတာလည်း လုံလောက်နေပါပြီ"

"ကောင်းပြီ... မင်းတို့ ရှိနေတော့လည်း ငါ စိတ်အေးရတာပေါ့။ ဒီရက်ပိုင်း အလုပ်တွေ များနေတော့ လုကျစ်တို့လည်း မနိုင်မနင်းဖြစ်နေမှာ" ယဲ့ယွင် ခေါင်းညိတ်ကာ စတုတ္ထမင်းသားလေးဆီ သွားရန် ပြင်သည်။

တံခါးဝတွင် စောင့်နေသော လုဟယ်က မင်းသားလေး ညကတည်းက နိုးနေပြီဖြစ်ကြောင်း လျှောက်တင်သည်။

"ဘာလို့ ငါ့ကို မနှိုးတာလဲ" ဟု ယဲ့ယွင်က မေးသည်။

"အရှင်မင်းကြီးက မနှိုးခိုင်းတာပါ။ မယ်မယ် ပင်ပန်းနေမှာစိုးလို့ အရှင်က ကိုယ်တိုင်ပဲ ထကြည့်ခဲ့တာပါ။ မနက်ညီလာခံမသွားခင်လည်း တစ်ခေါက် ထပ်ကြည့်သွားပါသေးတယ်"

ယဲ့ယွင်မှာ ထိုစကားကြောင့် ရင်ထဲ၌ နွေးထွေးသွားကာ ဘေးဆောင်သို့ ကူးခဲ့သည်။ စတုတ္ထမင်းသားလေးမှာ အိပ်ပျော်နေသော်လည်း မျက်နှာလေးမှာ သိသိသာသာ ပြန်လည်ကြည်လင်လာခဲ့ပြီ။ သူမသည် ပိုင်ရှုကိုခေါ်ကာ အသေးစိတ် မေးမြန်းပြီးမှ စိတ်အေးသွားရသည်။

"စားဖိုဆောင်ကို မှာလိုက်... ဒီရက်ပိုင်း အားရှိမယ့် စွပ်ပြုတ်တွေ ချက်ခိုင်းလိုက်ပါ။ ကောင်းကောင်း ပြန်ပြုစုရမယ်"

"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး စီစဉ်ပြီးပါပြီ" ပိုင်ရှုက ဦးညွှတ်ကာ ဆက်ပြောသည် - "ဒီတစ်ခေါက် စတုတ္ထမင်းသားကို အလုပ်အကျွေးပြုတာ မစေ့စပ်ခဲ့တဲ့အတွက် ကျွန်တော်မျိုး သေထိုက်ပါတယ်။ မယ်မယ် အပြစ်ပေးတာကို ခံယူပါ့မယ်"

ယဲ့ယွင်က သူ့အား တည်ကြည်စွာ ကြည့်လိုက်သည် - "ဒီတစ်ခါက မတော်တဆမို့လို့ မင်းကိုတော့ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ မင်းက သိတတ်ပေမဲ့ တခြားသူတွေက သိချင်မှ သိမှာ။ ငါက အပြစ်မပေးရင် ငါ့ကို စိတ်ထားပျော့တယ် ထင်ပြီး နောင်ကျရင် အလုပ်ကို ပေါ့ဆလာကြလိမ့်မယ်။ ဒါကြောင့် အဲဒီနေ့က ပါသွားတဲ့ အစေခံအားလုံးကို တစ်လစာ ရိက္ခာငွေ ဖြတ်တောက်မယ်၊ နောက်ပြီး ကြိမ်ဒဏ် ဆယ်ချက်စီ ပေးလိုက်စမ်း"

ပိုင်ရှုက ဝမ်းမြောက်စွာ ဦးတိုက်သည် - "မယ်မယ့်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ နောင်ကျရင် ကျွန်တော်မျိုး အသက်နဲ့လဲပြီး စတုတ္ထမင်းသားကို ကာကွယ်ပါ့မယ်!"

"ကဲ... သွားတော့" ယဲ့ယွင်က လက်ယမ်းပြလိုက်စဉ်၊ ကုတင်ပေါ်မှ စတုတ္ထမင်းသားလေးမှာ နိုးလာခဲ့ပြီး -

"မေမေ..." ဟု လှမ်းခေါ်လိုက်လေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 428

အခန်း ၄၂၈ ။ အခြေအနေ

“ကျင့်အာ... သတိရပြီလား၊ မေမေ ဒီမှာရှိတယ်နော်။” ယဲ့ယွင်သည် ကုတင်ထက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

ကလေးပီပီ မိခင်ကို မြင်လိုက်ရသောအခါ ပို၍ပင် ဝမ်းနည်းသွားပုံရသည်။ စတုတ္ထမင်းသားလေးသည် နှုတ်ခမ်းလေးဆူကာ ငိုတော့မည့် အမူအရာ ဖြစ်လာသည်။

ယဲ့ယွင်က သူ တစ်နေရာရာက နာနေသည်ဟု ထင်မှတ်ကာ အနားသို့ တိုး၍ ကလေးကို ရင်ခွင်ထဲ ပွေ့ဖက်လိုက်သည် - “ဘာဖြစ်လို့လဲ သားရဲ့၊ ခေါင်းက နာနေသေးလို့လား။”

ပြောပြီးသည်နှင့် နဖူးလေးကို နမ်းရှိုက်လိုက်ရာ၊ စတုတ္ထမင်းသားလေးမှာ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကို အသာခါယမ်းပြသည်။

“မနာတော့ပါဘူး။”

“ဒါဆိုရင် တော်သေးတာပေါ့၊ ဗိုက်ဆာပြီလား။ ဒေါ်လေးနန်ကျစ်ကို ဆန်ပြုတ်လေး သွားချက်ခိုင်းလိုက်ရမလား။” ယဲ့ယွင်က နူးညံ့စွာ မေးသည်။

စတုတ္ထမင်းသားလေးက ခေါင်းညိတ်ကာ ယဲ့ယွင်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီနေတော့သည်။ နန်ကျစ်က ပြုံးလျက် - “ဒါဆိုရင် ကျွန်တော်မျိုးမ သွားပြီး ကြက်သားမျှင် ဆန်ပြုတ်လေး သွားချက်လိုက်ပါ့မယ်၊ စတုတ္ထမင်းသားလေး အမြဲကြိုက်တာလေ။”

“ကြက်ဥလည်း ပါရမယ်နော်။” ဟု စတုတ္ထမင်းသားလေးက ဖြည့်စွက်ပြောသည်။

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ၊ အကုန်လုံး ထည့်ချက်လာခဲ့ပါ့မယ်။” နန်ကျစ်သည် ဂါရဝပြုကာ ထွက်သွားတော့သည်။

ယဲ့ယွင်သည် ကလေးက အစားစားချင်စိတ်ရှိနေသည်ကို သိရသဖြင့် ဝမ်းသာသွားသည်။ သူမသည် ကလေးအား အဝတ်အစားလဲပေးကာ ထခိုင်းလိုက်သည်။ ခေါင်းဆောင့်မိထားသော်လည်း တစ်နေ့လုံး ကုတင်ပေါ်တွင် လှဲနေရန် မသင့်တော်ပေ။

ထိုအချိန်တွင် တံခါးဝမှ အဖြူရောင် အမွှေးပွကြီးတစ်ကောင် ‘ဟင်းဟင်း’ နှင့် ညည်းတွဲကာ ပြေးဝင်လာသည်၊ ၎င်းမှာ ညန်ကောင်းပင် ဖြစ်၏။ မနေ့က စတုတ္ထမင်းသား သတိလစ်နေစဉ်အတွင်း အစေခံများက အနားယူခြင်းကို နှောင့်ယှက်မှာစိုး၍ ပိတ်ထားခဲ့ရာ၊ ယနေ့မှသာ လူချင်းတွေ့ရခြင်း ဖြစ်သည်။ ညန်ကောင်းသည်လည်း ပါးနပ်လှသည်၊ စတုတ္ထမင်းသား နေမကောင်းဖြစ်နေမှန်း သိသဖြင့် ယနေ့တွင် ခုန်ပေါက်ခြင်းမပြုဘဲ ခြေထောက်ကို အသာအယာ ပွတ်သပ်ကာ ချော့မြူနေရှာသည်။

“ညန်ကောင်း... ငါ အဆင်ပြေပါတယ်၊ စိတ်မပူနဲ့နော်။” စတုတ္ထမင်းသားလေးက ညန်ကောင်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ခွေးလေးကလည်း ‘ဝေါင်ဝေါင်’ ဟု ပြန်ထူးရှာသည်။

ဆန်ပြုတ်သောက်ပြီးနောက်၊ စတုတ္ထမင်းသားလေးသည် ယဲ့ယွင်နှင့်အတူ အခန်းထဲတွင် ပန်းချီဆွဲကာ ဆော့ကစားနေသည်။ တော်ဝင်မိသားစုမှ ကလေးများကို ငယ်စဉ်ကတည်းက စောင်း၊ စစ်တုရင်၊ ကဗျာ၊ ပန်းချီ အတတ်ပညာများကို သင်ကြားပေးထားရာ၊ ခြောက်နှစ်မပြည့်သေးသော စတုတ္ထမင်းသားလေးမှာလည်း ရိုးရှင်းသော ပန်းချီများကို ဆွဲတတ်နေပြီဖြစ်သည်။ ဥပမာ - ယနေ့တွင် သားအမိနှစ်ဦးသည် ဂဏန်းပုံလေးများ ဆွဲကာ ဆော့နေကြခြင်းဖြစ်၏။

ထိုအချိန်တွင် ခုန်းချင်း အထဲဝင်လာကာ တိုးတိုးလေး လျှောက်တင်သည် - “သခင်မ... ကျင်းရှန်ဖေးက အားဆေးအချို့ ပို့ခိုင်းလိုက်ပါတယ်၊ အပြင်မှာ စောင့်နေကြပါတယ်။”

ယဲ့ယွင်၏လက်ထဲမှ စုတ်တံမှာ ခနမျှ ရပ်တန့်သွားကာ မျက်ဝန်းများ အေးစက်သွားသည်။

“လက်မခံနဲ့၊ အကုန်ပြန်ယူသွားခိုင်းလိုက်။ အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း ဒုတိယမင်းသားကို ဆုံးမတဲ့နေရာမှာပဲ သူမရဲ့စိတ်ကို အကုန်နှစ်ထားလိုက်ပါ၊ ငါတို့အတွက်တော့ သူမ ပူပန်နေဖို့ မလိုဘူး။”

“ဟုတ်ကဲ့ပါ၊” ခုန်းချင်းက ခေါင်းညိတ်ကာ အပြင်သို့ ထွက်၍ လူလွှတ်လိုက်သည်။

လက်ဆောင်လာပို့သူမှာ ထန်ရှန်း ဖြစ်၏။ ယဲ့ယွင်က လုံးဝ လက်မခံသည့်အပြင် ထိုကဲ့သို့သော စကားမျိုး ပြောလိုက်သည်ကို ကြားရသဖြင့် အနေရခက်သလို ဒေါသလည်း ထွက်သွားသည်။ သို့သော် ကျောက်ချွန်းနန်းဆောင်နယ်မြေမှာ သူမ စိတ်ကြိုက် ဒေါသထွက်နိုင်သည့် နေရာမဟုတ်သဖြင့်၊ ပစ္စည်းများကိုဆွဲကာ အရှက်တကွဲ ပြန်လှည့်သွားရတော့သည်။

….

ချန်ချွန်းနန်းဆောင်။

ရုန်ရှူးဖေးသည် စတုတ္ထမင်းသားအတွက် လက်ဆောင်များ ပြင်ဆင်ပြီးသော်လည်း၊ ရှန်ဖေး၏ လက်ဆောင်များ အငြင်းခံရသည်ဟု ကြားသဖြင့် ဝေခွဲမရ ဖြစ်နေသည်။ သူမနှင့် ယဲ့ယွင်၏ ဆက်ဆံရေးမှာလည်း အမြဲတမ်း မပြေလည်ခဲ့ရာ၊ အကယ်၍ ယဲ့ယွင်က လက်မခံခဲ့လျှင် သူမအတွက် အရှက်ရစရာဖြစ်မည် မဟုတ်လား။

သူမ တွန့်ဆုတ်နေစဉ်အတွင်း မင်းသမီးကြီး အထဲဝင်လာကာ ဂါရဝပြုသည် - “သမီးတော် မယ်တော့်ကို ဂါရဝပြုပါတယ်။ ရာသီဥတု အေးလာပြီမို့ သမီးတော် မယ်တော့်အတွက် ‘ဒူးစွပ်’ တစ်စုံ ချုပ်ပေးထားပါတယ်။ မယ်တော် စမ်းကြည့်ပါဦး။” (ဖေးအဆင့်မလို့ မယ်တော်လို့ခေါ်တာဖြစ်ပါမယ်)

ရှူးဖေးသည် ထိုအရာများကို ကြည့်ရန် စိတ်မပါဘဲ သမီးဖြစ်သူကို ဘေးတွင် ထိုင်ခိုင်းလိုက်သည် - “မင်းရဲ့လက်မှုပညာက အကောင်းဆုံးပဲ၊ မယ်တော် အကုန်ကြိုက်ပါတယ်။ ဒါပေမဲ့ မင်းလည်း အပြင်ကို ခဏခဏ ထွက်လည်ပါဦး၊ အခန်းထဲမှာပဲ အမြဲအောင်းမနေနဲ့။”

“ဟုတ်ကဲ့ပါ မယ်တော်၊ နေ့ခင်းကျရင် တတိယညီမတော်ကို ခေါ်ပြီး ဥယျာဉ်ထဲ သွားလည်မလို့ပါ။” မင်းသမီးကြီးက ပြုံးလျက် ဆိုသည်။ ရှူးဖေးက ခေါင်းညိတ်သည် - “ကောင်းပြီ၊ နှစ်ယောက်လုံး အဝတ်အစား ထူထူဝတ်ကြနော်၊ အပြင်မှာ အေးတယ်။”

တတိယမင်းသမီးလေးမှာ ယောင်ရှီ မွေးခဲ့သော ကလေးဖြစ်သော်လည်း၊ ရှူးဖေးထံတွင် ကြာမြင့်စွာ ကြီးပြင်းလာခဲ့သဖြင့် သံယောဇဉ်ရှိနေပြီဖြစ်၏။ အမှန်အတိုင်းပြောရလျှင် ရှူးဖေးသည် ကလေးများအပေါ် စိတ်စေတနာကောင်းသူဖြစ်ပြီး၊ မည်သည့် တော်ဝင်ရင်သွေးကိုမျှ လုပ်ကြံခဲ့ဖူးခြင်း မရှိပေ။ ၎င်းမှာ သူမသည် အင်မတန် မပါးနပ်သော်လည်း နှစ်ပေါင်းများစွာ ‘ဖေး’ ရာထူးတွင် မြဲနေရခြင်း၏ အကြောင်းရင်း ဖြစ်ပေလိမ့်မည်။

မင်းသမီးကြီးသည် စားပွဲပေါ်ရှိ အားဆေးပုံကြီးကို မြင်သောအခါ ချက်ချင်းပင် ရိပ်မိလိုက်သည် - “ဒါတွေက စတုတ္ထမောင်လေးအတွက် မယ်တော် ပြင်ထားတာ မဟုတ်လား၊ ဘာလို့ မပို့သေးတာလဲဟင်။”

ရှူးဖေးက သက်ပြင်းချသည် - “ဒီမနက် ရှန်ဖေး ပို့တာကို မင်ကွေ့ဖေးက လက်မခံဘူးတဲ့။ မယ်တော်နဲ့ သူမကလည်း အမြဲတမ်း တကျက်ကျက် ဖြစ်နေကြတာဆိုတော့... သူမက လက်မခံဘဲ အရှက်ခွဲမှာ စိုးလို့ပါ။”

“မယ်တော် မှားသွားပါပြီ၊ မယ်တော် ပို့တဲ့ ပစ္စည်းကို ကွေ့ဖေးမယ်မယ် လက်ခံပါလိမ့်မယ်။” မင်းသမီးကြီးက လေးနက်စွာ ဆိုသည် - “ဒီတစ်ခေါက် စတုတ္ထမောင်လေး ဒုက္ခရောက်တာ ဒုတိယမောင်လေးလည်း အခင်းဖြစ်ရာမှာ ရှိနေခဲ့တာလေ။ တတိယမောင်လေးက တွန်းချတာ မှန်ပေမဲ့၊ ဒုတိယမောင်လေးနဲ့ လုံးဝ မသက်ဆိုင်ဘူးဆိုရင် ခမည်းတော်က ရှန်ဖေးကိုပါ အတူတူ အပြစ်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကွေ့ဖေးက ရှန်ဖေးကို စိတ်နာနေလို့ လက်မခံတာပါ။ ဒါပေမဲ့ မယ်တော်က ဒီကိစ္စမှာ ဘာမှ မပတ်သက်ဘူးဆိုတာ သူမ သိပါတယ်၊ ဒါကြောင့် စိုးရိမ်စရာ မလိုပါဘူး။ နောက်ပြီး ရှန်ဖေးတောင် ပို့သေးတာကို မယ်တော်ကမပို့ရင် လူပြောစရာ ဖြစ်ကုန်မှာပေါ့။”

သမီးဖြစ်သူ၏ ရှင်းပြချက်ကြောင့် ရှူးဖေးမှာ စိတ်အေးသွားကာ ချက်ချင်းပင် လက်ဆောင်များ ပို့ခိုင်းလိုက်တော့သည်။ မင်းသမီးကြီးသည် ခန စဉ်းစားပြီးနောက် မိခင်ဖြစ်သူအား ထပ်မံ မှာကြားလိုက်သည် -

“မယ်တော်... အခု နန်းတွင်းမှာ မင်ကွေ့ဖေးက အကြီးအကဲ ဖြစ်နေပြီ။ သူမမှာ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိသလို မျက်နှာသာလည်း အမြဲရနေတယ်။ နောင်လာမယ့် အိမ်ရှေ့စံ နေရာအတွက် သူမက တခြားသူတွေထက် ပိုပြီး မျှော်လင့်ချက် ရှိနေတာပါ။ မယ်တော်အနေနဲ့ သူမကို ခေါင်းငုံ့ဖို့ ဝန်လေးနေပေမဲ့၊ လက်ရှိ အခြေအနေကိုတော့ သိထားရမယ်နော်။ ‘ငှက်ကောင်းဆိုတာ သစ်ပင်ကောင်းကိုပဲ ရွေးနားတတ်တယ်’ ဆိုတဲ့ စကားကို မယ်တော့်ကို သတိရစေချင်ပါတယ်။”

ရုန်ရှူးဖေးသည် ဆယ့်တစ်နှစ်အရွယ် သမီးဖြစ်သူက ဤမျှအထိ နက်နက်ရှိုင်းရှိုင်း တွေးတတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ခနအကြာမှ ရှူးဖေးသည် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည် - “မယ်တော် သိပါပြီ၊ မင်း စိတ်ချပါ။”

သမီးဖြစ်သူ ထွက်သွားမှ ရှူးဖေးက ဘေးမှလူများကို ကြည့်ကာ - “ကြည့်စမ်း... ကျားယွီက ငါ့အတွက်တောင် စိုးရိမ်ပေးနေပြီ။” ဟု မချိပြုံး ပြုံးလိုက်သည်။

နန်းတွင်းသူ လျိုယင်က သက်ပြင်းချသည် - “မယ်မယ်... မင်းသမီးလေးလည်း ကြီးလာပြီလေ။ အခုတော့ အရှင်မင်းကြီးရဲ့ အရှိန်အဝါနဲ့ အိမ်ထောင်ဖက် ကောင်းကောင်း ရှာလို့ရပေမဲ့၊ နောင်ကျရင် လင်ပန်းအိမ်မှာ အားကိုးရဖို့ဆိုတာ အနာဂတ် ဧကရာဇ်ရဲ့ စိတ်ဆန္ဒအပေါ်မှာပဲ မူတည်နေတာပါ။ လမ်းကြောင်းကို စောစော ရွေးချယ်ထားတာဟာ မင်းသမီးလေးရဲ့ အနာဂတ်အတွက်လည်း အစီအစဉ် ဆွဲတာပါပဲ။ ဟွေ့ဖေးကို ကြည့်ပါဦး... သူမရဲ့ ဒုတိယမင်းသမီးလေးနဲ့ စတုတ္ထမင်းသားလေးက မောင်နှမအရင်းတွေလို ချစ်ကြတာ။ နောင်တစ်ချိန် စတုတ္ထမင်းသားလေး နေရာရလာရင် သူမ ဘဝက ဆိုးပါ့မလား။”

ဤစကားများက ရှူးဖေး၏ရင်ထဲမှ နောက်ဆုံး ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားပေးလိုက်သည်။ သူမသည် နောက်ဆုံးတွင် ယဲ့ယွင်နှင့် မိတ်ဆွေဖွဲ့ရန် ဆုံးဖြတ်လိုက်တော့သည်။ ရှူးဖေးသည် နောင်တွင် ယဲ့ယွင်အား ကူညီ၍ ရှန်ဖေးကို တစ်ခါပြန် ဒုက္ခပေးလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။

……

သို့သော် ယခုအချိန်တွင်မူ ပြဿနာတစ်ခုပြီးတစ်ခု တက်နေဆဲပင်။ ယိခွန်းနန်းဆောင်မှ သတင်းတစ်ခု ရောက်လာသည် - သတ္တမမင်းသားလေး အခြေအနေ မကောင်းတော့ဟု ဆို၏။

သနားစဖွယ် သတ္တမမင်းသားလေးမှာ မနေ့ကမှ မွေးဖွားခဲ့သော်လည်း၊ ယနေ့တွင် သိသိသာသာ အားအင် ကုန်ခမ်းနေပြီ ဖြစ်သည်။ သမားတော်များမှာ ကုတင်ဘေးမှ တစ်လှမ်းမှ မခွာဘဲ စောင့်ကြပ်နေသော်လည်း မတတ်နိုင်တော့ပေ။

နင်ချန်နှင့် ကိုယ်လုပ်တော်များ ရောက်ရှိချိန်တွင် ချီရှိုးရီမှာ ကလေးကို ပွေ့ချီကာ ကုတင်ပေါ်တွင် ငိုယိုနေသည်ကို တွေ့ရသည်။ ပုခက်ထဲမှ သတ္တမမင်းသားလေးမှာ ပိန်လှီလှပြီး ငိုသံမှာလည်း အင်မတန် တိုးညင်းလှပေသည်။

“ဘာတွေ ဖြစ်နေတာလဲ! သမားတော်တွေ ဘယ်မှာလဲ!” နင်ချန်၏မျက်ဝန်းများ မှောင်ကျသွားကာ သူ၏ ကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် လူတိုင်း ကြောချမ်းသွားကြရသည်။

သတ္တမမင်းသားအား တာဝန်ယူထားသော သမားတော်ရန်မှာ ချက်ချင်း ဒူးထောက်လိုက်ရသည် - “အရှင်မင်းကြီး... သတ္တမမင်းသားလေးက အင်မတန် အားနည်းလွန်းလို့၊ နို့စို့ဖို့တောင် အားမရှိပါဘူး။ ကလေးက ငယ်လွန်းတော့ ဇွန်းနဲ့ တိုက်ကျွေးဖို့လည်း မရပါဘူး။ ဘာမှ စားလို့မရတော့ ကျွန်တော်မျိုးလည်း ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။”

***

All Chapters