← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 27 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 27 Ch. 423-424

အခန်း ၄၂၃ ။ ပိုက်ကွန်သိမ်းခြင်း

ကွေ့ဟွားပန်းဝိုင်ကို မသောက်လိုက်ရသော်လည်း၊ ကိုယ်တိုင်ကိုယ်ကျ ဝိုင်ချက်ရသည့် ပျော်ရွှင်မှုက ဤကိစ္စကို လူအများအား မေ့လျော့သွားစေခဲ့သည်။ နန်းတွင်းရှိ အခြားသော ဆောင်းဦးပန်းဝိုင်၊ ထင်းရှူးပန်းဝိုင်၊ ကြာပန်းဝိုင် စသည့် ဝိုင်ကောင်းများနှင့် တွဲဖက်လိုက်သောအခါ ဘာမှ လိုလေသေးမရှိတော့ပေ။

ယဲ့ယွင်၏ ဤဝိုင်ချက်သည့် အကြံဉာဏ်ကြောင့်ပင် ချုံယန်ပွဲတော်မှာ ထူးခြားသော ရသသစ်တစ်မျိုး တိုးသွားခဲ့သည်။ နောက်ပိုင်းတွင် ကြားသိရသည်မှာ - ထိုနေ့က ရဲတင်းသော လူငယ်ပညာရှိအချို့သည် မိမိတို့ စိတ်ဝင်စားသော မိန်းကလေးများကို ဖိတ်ခေါ်၍ အတူတူ ဝိုင်ချက်ခဲ့ကြရာမှ အိမ်ထောင်ဖက်များပင် ရရှိခဲ့ကြသည် နောင်နှစ် ချုံယန်ပွဲတော်ပွဲမှ ကွေ့ဟွားပန်းဝိုင်ကို လူတိုင်း ပို၍ပင် မျှော်လင့်နေကြတော့မည်မှာ သေချာလှပေသည်။

နင်ချန်နှင့် ယဲ့ယွင်တို့ နှစ်ဦးသား လက်တွဲ၍ ချက်ထားသော ဝိုင်အိုးကိုမူ အစေခံများက ဘာအမှားအယွင်းမှ မရှိစေရန် သီးသန့် ဂရုတစိုက် သိမ်းဆည်းထားကြသည်။ အကြောင်းကတော့ ထိုဝိုင်အိုးထဲတွင် ဝိုင်များသာမက၊ ဧကရာဇ်နှင့် ကွေ့ဖေးမယ်မယ်တို့၏ နက်ရှိုင်းလှသော သံယောဇဉ်များပါ ကိန်းအောင်းနေသောကြောင့်ပင်။

…..

လင်လန်နန်းဆောင်။

ယိကျောင်းယွမ်သည် ပွဲမှအပြန်တွင် ဒေါသတကြီးဖြင့် ပေါက်ကွဲတော့သည်။ တတိယမင်းသားမှာ မိခင်ဖြစ်သူ ဤမျှအထိ ဒေါသထွက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ၊ လက်ဖက်ရည်အိုးများ ရိုက်ခွဲခံရသည်ကိုကြည့်ပြီး အသက်ပင် ပြင်းပြင်းမရှူဝံ့ဘဲ ရှိနေရှာသည်။

"ဟုတ်လှချည်လား ကွေ့ဖေးရယ်... အခုတော့ အရှင်မင်းကြီးရဲ့ စိတ်တစ်ခုလုံး သူမဆီမှာပဲ ကပ်နေတော့တာပဲ။ ငါကတော့ စတုတ္ထမင်းသားရဲ့ မျက်နှာကို မြင်ရတာနဲ့တင် ဒေါသထွက်နေပြီ။ ယဲ့ရှီက တကယ် မွေးတတ်တာပဲ... စတုတ္ထမင်းသားကို အရှင်မင်းကြီးနဲ့ တစ်ပုံစံတည်း တူအောင် မွေးနိုင်ခဲ့သလို၊ စတုတ္ထမင်းသမီးလေးကလည်း အရှင်နဲ့ တူတယ်လို့ ကြားတယ်။ ဒီလိုဆိုရင် အရှင်မင်းကြီးက သူတို့ သားအမိကို ပိုပြီး ဘက်လိုက်တော့မှာပေါ့!"

ယွမ်ရှုက ဇွတ်တင်းကာ ဝင်ရောက်ဖျောင်းဖျရသည် - "သခင်မရယ်... စိတ်လျှော့ပါဦး။ ရုပ်ရည်ဆိုတာ အပေါ်ယံပါပဲ။ ကျွန်တော်မျိုး ကြားဖူးတာတော့ ဧကရာဇ်ဟောင်း လက်ထက်တုန်းက မင်းသားကြီး ‘နင်ကျယ်’ က ဧကရာဇ်ဟောင်းနဲ့ အတူဆုံးပဲတဲ့၊ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကပဲ ထီးနန်းကို ဆက်ခံခဲ့တာ မဟုတ်လား။ အရှင်မင်းကြီးက တတိယမြောက်သား၊ ကျွန်တော်တို့ တတိယမင်းသားလေးကလည်း တတိယမြောက်သားဆိုတော့... ကံထူးတဲ့သူ ဖြစ်မှာပါ"

ဤစကားက ယိကျောင်းယွမ်၏ ရင်ထဲကို ကွက်တိ ထိမှန်သွားသဖြင့် သူမ၏ဒေါသများ အနည်းငယ် ငြိမ်ကျသွားသည်။ သူမ စိုးရိမ်သည်မှာလည်း မဆန်းပေ။ နောက်နှစ်တွင် စတုတ္ထမင်းသားလေးသည် တတိယမင်းသားတို့နှင့်အတူ စာသင်ကျောင်းသို့ တက်ရတော့မည် ဖြစ်ရာ၊ ကလေးများကို တစ်နေရာတည်း ထားလိုက်လျှင် အနိမ့်အမြင့်မှာ ပို၍ သိသာလာမည် မဟုတ်လား။

ယခုအခါ မင်းသားကြီးမှာ ကျန်းမာရေးမကောင်းသဖြင့် ကျောင်းခဏခဏ ပျက်ရရာ စာနောက်ကျနေသည်။ ထို့ကြောင့် ဒုတိယမင်းသားနှင့် တတိယမင်းသား နှစ်ဦးသာ ယှဉ်ပြိုင်နေရခြင်း ဖြစ်၏။ ဒုတိယမင်းသားမှာ ပါးနပ်သော်လည်း၊ တတိယမင်းသားက အဆမတန် ကြိုးစားသဖြင့် အသာစီး ရနေခြင်းဖြစ်သည်။ စတုတ္ထမင်းသားလေးမှာ မှတ်ဉာဏ် အင်မတန်ကောင်းမွန်ပြီး စာကို အလွတ်ရလွယ်သည်ဟု ဆရာများက ချီးမွမ်းနေကြကြောင်း ယိကျောင်းယွမ် စုံစမ်းသိရှိထားသဖြင့်၊ စတုတ္ထမင်းသားလေး ကျောင်းစတက်လျှင် မိမိသားကို ကျော်တက်သွားမည်ကို သူမ အလွန် စိုးရိမ်နေမိသည်။

သူမသည် ထိုင်ချလိုက်ပြီး သားဖြစ်သူကို အနားသို့ ဆွဲယူလိုက်သည် - "ဟန်အာ... မေမေ သိပါတယ်၊ မင်း စာသင်ရတာ ပင်ပန်းတယ်ဆိုတာ။ ဒါပေမဲ့ မေမေ့ရဲ့ မျှော်လင့်ချက်နဲ့ မင်းရဲ့ အနာဂတ်က ဒီအပေါ်မှာပဲ မူတည်နေတာ။ အခု ခမည်းတော်က မင်းကို စာတော်တယ်လို့ ချီးမွမ်းနေတုန်းမှာ မင်း ပိုပြီး ကြိုးစားရမယ်။ နောက်နှစ် စတုတ္ထညီလေး ကျောင်းတက်လာလို့ နှိုင်းယှဉ်ခံရတဲ့အခါ... ခမည်းတော် ဘက်လိုက်မှာကို မေမေ စိုးရိမ်တယ်"

ငယ်ရွယ်လှသော တတိယမင်းသားလေးသည် မျက်မှောင်ကြုတ်ကာ၊ ကွေ့ဖေးနှင့် စတုတ္ထညီလေးအပေါ် ရွံရှာမုန်းတီးစိတ်များ ပိုမို ပြင်းပြလာခဲ့သည်။ သူ၏ အသိထဲတွင် ကွေ့ဖေးနှင့် စတုတ္ထညီလေးတို့ကြောင့်သာ ခမည်းတော်သည် မိခင်ထံသို့ မလာတော့ဘဲ၊ မိခင်အား နေ့စဉ်နှင့်အမျှ ဒေါသထွက်ပြီး နွမ်းလျစေသည်ဟု ထင်မြင်နေတော့သည်။

"မေမေ စိတ်ချပါ။ သားတော် စာကို သေသေချာချာ သင်ပါ့မယ်။ သားတော် သေချာပေါက် အိမ်ရှေ့စံ ဖြစ်အောင် လုပ်မယ်၊ စတုတ္ထညီလေးကို အရှုံးမပေးဘဲ မေမေ့အတွက် ဂုဏ်ယူရအောင် လုပ်ပေးပါ့မယ်!" ဟု တတိယမင်းသားလေးက လက်သီးကျစ်ကျစ်ဆုပ်ကာ ဆိုလိုက်သည်။ ယိကျောင်းယွမ်သည် သားဖြစ်သူ၏ ပခုံးကို ပုတ်ကာ မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေတော့သည်။

…..

ချုံယန်ပွဲတော်ပွဲအပြီးတွင် ကျင်းရှန်ဖေးမှာ အပြစ်ပေးခံထားရသဖြင့် အတော်လေး ငြိမ်ဝပ်သွားကာ လှုပ်ရှားမှုများ မပြုဝံ့တော့ပေ။ ယဲ့ယွင်သည် ဟွေယွဲ့နှင့် နန်ကျစ် အစေခံမလေး နှစ်ဦးအား အိမ်ထောင်ပြုရန် နန်းတော်မှ လွှတ်ပေးလိုက်ပြီး၊ ထိုအတောအတွင်း နန်းတွင်းအာဏာများကို သေသေချာချာ ပြန်လည်စီစစ်လိုက်သည်။

နှစ်ကုန်ခါနီးတွင် ကုသိုလ်ယူလိုသည်ဟု အကြောင်းပြကာ၊ နန်းတွင်းရှိ အသက်ကြီးသော အစေခံများကို အစုလိုက်အပြုံလိုက် အပြင်သို့ လွှတ်ပေးလိုက်သည်။ သူမ၏ ကျောက်ချွန်းနန်းဆောင်မှ စတင်၍ အဆောင်တိုင်းရှိ လူများကို လျှော့ချလိုက်ခြင်းဖြစ်၏။ ဤလုပ်ရပ်ဖြင့် သူမသည် ကျောက်ချွန်းနန်းဆောင်ရှိ သူလျှိုများကို အကုန် ရှင်းထုတ်ပစ်လိုက်နိုင်သလို၊ ရှန်ဖေး အာဏာရှိစဉ်က နန်းတွင်းနေရာအနှံ့တွင် မြှုပ်နှံထားသော လက်ပါးစေများကိုပါ တစ်ပါတည်း ရှင်းလင်းပစ်လိုက်နိုင်ခဲ့သည်။

ရှန်ဖေးမှာ ဒေါသထွက်သော်လည်း ဘာမှ မတတ်နိုင်ပေ။ ယဲ့ယွင်၏ အကြောင်းပြချက်နှင့် လုပ်ရပ်မှာ အပြစ်ရှာ၍ မရသောကြောင့် သူမ၏ အတောင်ပံများကို ရိုက်ချိုးခံလိုက်ရသည်ကို ကြည့်နေရုံသာ ရှိတော့သည်။

၁၀လပိုင်းသို့ ရောက်သောအခါ၊ ယိခွန်းနန်းဆောင်၌ ကိစ္စတစ်ခု ပေါ်ပေါက်လာသည်။ ချီရှိုးရုန်သည် မနက်ခင်းတွင် ရုတ်တရက် ဗိုက်နာကာ သွေးဆင်းလာခဲ့ခြင်းဖြစ်၏။ သမားတော်များ စမ်းသပ်ကြည့်ရာ - ချီရှိုးရုန်၏ ဤကိုယ်ဝန်မှာ မူလကတည်းက မခိုင်မြဲဘဲ၊ ယခု လရင့်လာချိန်တွင် မိခင်၏ ခန္ဓာကိုယ်က မခံနိုင်တော့သဖြင့် လမစေ့ဘဲ မွေးဖွားမည့် လက္ခဏာ ပြလာခြင်းဖြစ်သည်ဟု တင်ပြကြသည်။

ထို့ကြောင့် နေ့စဉ်နှင့်အမျှ ဆေးမြစ်များဖြင့် မှိုင်းတိုက်ကာ ကိုယ်ဝန်ကို ထိန်းသိမ်းရတော့မည်ဖြစ်၏။ ယဲ့ယွင်သည် တစ်စုံတစ်ယောက်က ချီရှိုးရုန်၏ကိုယ်ဝန်ကို လုပ်ကြံခဲ့သည်ဟု သံသယရှိသဖြင့် ရှန်ဖိန်ကျစ်နှင့် သမားတော်ချုပ် ကျန်းတို့ကို စေလွှတ်၍ စမ်းသပ်ခိုင်းသော်လည်း၊ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ အကြောင်းကတော့ ရှန်ဖေး လက်ပါခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ရာ သဲလွန်စများမှာ ပျောက်ကွယ်နေပြီ ဖြစ်သောကြောင့်ဖြစ်သည်။

ချီရှိုးရုန်၏ ကိုယ်ဝန်ကို အန္တရာယ်မှ ကာကွယ်ရန်အတွက်၊ ယဲ့ယွင်သည် နင်ချန်နှင့် တိုင်ပင်ပြီးနောက် - မည်သူမျှ ယိခွန်းနန်းဆောင်သို့ သွားရောက် နှောင့်ယှက်ခြင်း မပြုရန်နှင့်၊ ဖောက်ဖျက်ပါက နန်းတွင်း စည်းကမ်းအတိုင်း ပြင်းထန်စွာ အပြစ်ပေးမည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။

သူမ၏လုပ်ရပ်မှာ နန်းတွင်းရှိ လူအများအား နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။ သူမသည် ချီရှိုးရုန်၏ ကိုယ်ဝန်ကို တကယ်ပဲ ဘေးကင်းစေချင်နေတာလား? ဘာကြောင့်လဲ? ချီရှိုးရုန်၏ မိသားစုနောက်ခံမှာ အင်မတန် ကောင်းမွန်လှပြီး၊ စာပေဘက်တွင် ထိပ်ဆုံးမှ ဖြစ်သည်။ ချီရှီသာ မင်းသား မွေးလာပါက မိမိအတွက် ပြိုင်ဘက်တစ်ယောက် တိုးလာမည် မဟုတ်လား။

ဖြစ်နိုင်သည်မှာ ယဲ့ယွင်၏စိတ်ဓာတ်သည် ဤခေတ်လူများနှင့် ကွာခြားနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သူမသည် အသက်ဝိညာဉ်တိုင်းကို တန်ဖိုးထားသလို၊ လေးစားထိုက်သော လူတိုင်းကိုလည်း လေးစားတတ်သူဖြစ်၏။ ချီရှိုးရုန်သည် နန်းတော်ထဲဝင်ကတည်းက နင်ချန်အပေါ်တွင်သာ စိတ်ရင်းဖြင့် ချစ်မြတ်နိုးခဲ့ပြီး၊ မည်သည့် အာဏာလုပွဲတွင်မှ မပါဝင်ဘဲ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခဲ့သူဖြစ်သည်။ သူမမှာ နန်းတွင်းတွင် ရှားပါးလှသော စိတ်ရင်းမှန်သူ တစ်ဦး ဖြစ်ပေသည်။

ချီရှိုးရုန် ကိုယ်ဝန်မမြဲဖြစ်နေသဖြင့်၊ နင်ချန်သည် ယဲ့ယွင်၏ မွေးနေ့ကို အကြီးအကျယ် ကျင်းပပေးရန် စီစဉ်ထားသော်လည်း ယဲ့ယွင်ကပင် ငြင်းပယ်လိုက်သည်။ ဧကရာဇ်၏ ရင်သွေးတစ်ဦး အသက်အန္တရာယ် စိုးရိမ်နေရချိန်တွင်၊ သူမက အောင်ပွဲခံနေလျှင် ကဲ့ရဲ့စရာဖြစ်မည် မဟုတ်လား။ အကယ်၍ ချီရှိုးရုန် ဘေးကင်းသွားလျှင် တော်သေးသော်လည်း၊ တစ်ခုခုဖြစ်သွားပါက အမတ်များက သူမအပေါ် အပြစ်ပုံချလာမည်မှာ သေချာသည်။

ယဲ့ယွင်၏မွေးနေ့ပွဲကို မကျင်းပဖြစ်သော်လည်း၊ နင်ချန်က သူမအား အစားထိုးသည့်အနေဖြင့် တန်ဖိုးကြီး လက်ဆောင်များစွာကို တိတ်တဆိတ် ပေးပို့ခဲ့သည်။ မူလက ပြင်ဆင်ထားသော ပြဇာတ်ပွဲများ ပျက်သွားသဖြင့် သူ အနည်းငယ် အားနာနေမိခြင်းဖြစ်၏။ သို့သော် ယဲ့ယွင်ကတော့ ၎င်းကို ဂရုမစိုက်ဘဲ နင်ချန်အား သူမကိုယ်တိုင် ဆွဲထားသော ‘တောငန်းမောင်နှမ ပန်းချီကား’ ကို ပြန်လည် လက်ဆောင်ပေးခဲ့သည်။ တောငန်းဆိုသည်မှာ သံယောဇဉ် ကြီးမားသော ငှက်ဖြစ်ရာ၊ လက်ထပ်ပွဲများတွင် သစ္စာရှိမှုကို ကိုယ်စားပြုသော ငှက်လည်း ဖြစ်သည်။ နင်ချန်သည် သူမ၏ ဆိုလိုရင်းကို နားလည်သဖြင့် ထိုပန်းချီကားကို သူ့အိပ်ဆောင်တွင် ချက်ချင်း ချိတ်ဆွဲထားလိုက်တော့သည်။

သို့သော် ယခုရက်ပိုင်း သူသည် နန်းတွင်းသို့ လာရန် အချိန်မရှိတော့ပေ။ နန်းပြင်ရှိ ယင်းကော်ကုန်း အိမ်တော်တွင်မူ၊ နောက်ဆုံး၌ ‘ပိုက်ကွန်သိမ်းရန်’ အချိန် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

……

နောက်တစ်နေ့ နံနက်ခင်း ညီလာခံတွင်၊ ချန်ရှန်ယိသည် စာလွှာတစ်စောင်ကို တင်သွင်းလိုက်သည်။ ၎င်းမှာ သူ၏ ဖခင်အရင်းဖြစ်သူ ယင်းကော်ကုန်းသည် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ထားကြောင်းနှင့်၊ ပုန်ကန်လိုသော စိတ်ဆန္ဒများ ရှိနေကြောင်း တိုင်တန်းထားသည့် စာလွှာပင် ဖြစ်၏။

ထို့ပြင် သူသည် ယင်းကော်ကုန်း လာဘ်စားထားသော လျှို့ဝှက်စာရင်းဇယား စာအုပ်ကိုပါ လူအများရှေ့တွင် ထုတ်ပြလိုက်သည်။ ၎င်းမှာ လျန်ချန်စစ် ပြောခဲ့သော ‘စာပေနှင့် ပန်းချီဆိုင်’ မှ စာရင်းစာအုပ်ဖြစ်ပြီး၊ ၎င်းထဲတွင် ပန်းချီရောင်းရငွေများ မဟုတ်ဘဲ ယင်းကော်ကုန်း လက်ခံရရှိထားသော လာဘ်ငွေစာရင်းများကို အသေးစိတ် မှတ်တမ်းတင်ထားခြင်းဖြစ်၏။

သက်သေ အထောက်အထားများ ခိုင်လုံနေသလို၊ မိမိ၏ သားအရင်းက မိမိအား ပြန်လည် တိုင်တန်းလိမ့်မည်ဟု ယင်းကော်ကုန်း မထင်မှတ်ထားခဲ့ပေ။ သူသည် ဒေါသကြောင့် ရင်ဘတ်ကို ဖိကာ၊ သွေးများ အန်ထုတ်ပြီး ညီလာခံခန်းမအတွင်း၌ပင် သတိလစ် လဲကျသွားလေတော့သည်။

နင်ချန်သည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ၊ ချက်ချင်းပင် အမိန့်ထုတ်ပြန်လိုက်သည် - ထိုစာရင်းဇယားထဲတွင် ပါဝင်သော လာဘ်ပေးခဲ့သည့် အရာရှိများ အားလုံးကို ဖမ်းဆီး စစ်ဆေးရန် ဖြစ်၏။ အပြစ်ကြီးသူကို သေဒဏ်ပေးကာ၊ အပြစ်ငယ်သူကို ရာထူးချရန် စီမံလိုက်သဖြင့်၊ တစ်ခဏချင်းမှာပင် နန်းတွင်း၏ နိုင်ငံရေးလေထုမှာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 424

အခန်း ၄၂၄ ။ သတ္တမမင်းသား

ယင်းကော်ကုန်း ဦးဆောင်သော မိသားစုကြီးများအုပ်စုမှာ အကြီးအကျယ် ထိုးနှက်ခံလိုက်ရပြီးနောက်၊ စစ်မှန်သော အရည်အချင်းရှိသည့် ပညာရှိအမတ်များက လစ်လပ်သွားသော ရာထူးနေရာများကို အလျင်အမြန်ပင် အစားထိုး ဝင်ရောက်လာကြသည်။

ဤနေရာတွင်မှ နင်ချန်သည် အစိုးရအဖွဲ့တစ်ခုလုံးကို အကြွင်းမဲ့ ဆုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်၏။

ဤကိစ္စကို မယ်တော်ကြီးအား ခနမျှ ဖုံးကွယ်ထားခဲ့သည်။ သူမ စိတ်လှုပ်ရှားပြီး ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်သောကြောင့်ပင်။ ယင်းကော်ကုန်းအိမ်တော်ကို ချိပ်ပိတ်သိမ်းဆည်းရာတွင် တွေ့ရှိရသော ရတနာပစ္စည်းများမှာ ရေတွက်၍မရအောင် များပြားလှသဖြင့် နင်ချန်တစ်ယောက် ဒေါသတကြီး ဖြစ်နေရပြန်သည်။

နောက်ဆုံးတွင် ဆွေမျိုးတော်စပ်မှုကို ထောက်ထားပြီး၊ ချန်မိသားစုဝင်များထဲမှ ချန်ရှန်ယိမှလွဲ၍ ကျန်သော အမျိုးသားအားလုံးကို သေဒဏ်ပေးကာ၊ အမျိုးသမီးများကိုမူ သာမန်လူတန်းစားအဖြစ် ရာထူးချ၍ မြောက်ဘက်နယ်စပ်သို့ နယ်နှင်ဒဏ် ပေးလိုက်တော့သည်။

ချန်ရှန်ယိမှာ မိသားစု၏အပြစ်ကို ဖော်ထုတ်ခဲ့သည့် ကုသိုလ်ရှိသော်လည်း၊ နင်ချန်သည် သူ့အား မြို့တော်တွင် ဆက်ထားရန် အစီအစဉ်မရှိပေ။ သူ့အား နယ်မြို့တစ်ခုတွင် အရာရှိအဖြစ် စေလွှတ်လိုက်ပြီး၊ သူ့မိခင်ဖြစ်သူ ကိုယ်လုပ်တော်စူးကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားခွင့် ပြုခဲ့သည်။

တစ်ဖက်တွင်လည်း လျန်ချန်စစ်သည် အချိန်ကိုက်ပင် ချန်စူးကျစ် နှင့် ကွာရှင်းရန် တောင်းဆိုလာသည်။

ယခုအချိန်တွင် ချန်ရှန်ယိလည်း သဘောပေါက်သွားခဲ့ပြီ - မိမိသည် ဧကရာဇ်နှင့် လျန်ချန်စစ်တို့ ခင်းထားသော ကစားကွက်ထဲမှ ‘နယ်ရုပ်’ တစ်ရုပ်မျှသာ ဖြစ်ခဲ့မှန်းကိုပင်။ သို့သော် ဧကရာဇ်၏ အလိုကို မလိုက်နာပါက မိမိသည်လည်း အခြားသော မိသားစုဝင်များကဲ့သို့ အသက်ပျောက်ရမည်ကို သူ ကောင်းစွာ သိသည်။ ညီမဖြစ်သူ ချန်စူးကျစ်၏ ရုန်ချင့်ပိုင်အိမ်တော်ရှိ လုပ်ရပ်များကို သူ သိထားပြီးဖြစ်ရာ၊ ယခု လျန်မိသားစုက ‘ကွာရှင်းခြင်း’ ဟု ဆိုကာ သိက္ခာချန်ပေးထားသည်ကို ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက ဧကရာဇ်ထံ တိုင်တန်း၍ ‘နှင်ထုတ်ခြင်း’ ပြုလုပ်ပါက ပို၍ အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ သဘောတူလိုက်ပြီး ညီမဖြစ်သူကိုပါ တစ်ပါတည်း ခေါ်သွားခဲ့ရတော့သည်။

နင်ချန်သည် လျန်ချန်စစ်တွင် စိတ်ချင်းတူသော အမျိုးသမီးတစ်ဦးရှိနေမှန်း စုံစမ်းသိရှိထားသဖြင့်၊ လျန်ချန်စစ်၏ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် နောက်ထပ် လက်ထပ်ပွဲတစ်ခုကိုပါ ဆုလာဘ်အဖြစ် ချီးမြှင့်ပေးခဲ့သည်။ ဤကိစ္စအားလုံးမှာ သုံးရက်အတွင်းမှာပင် ပြီးစီးသွားခဲ့ခြင်းဖြစ်၏။

စတုတ္ထမြောက်နေ့တွင်မှ နန်းတွင်းရှိ ကိုယ်လုပ်တော်များ ဤအကြောင်းကို သိရှိသွားကြသည်။

ချန်းရွှင်ယွမ်မှာ မိသားစု၏ အပြစ်တွင် ပါဝင်ပတ်သက်ခြင်း မရှိသဖြင့် ဘေးကင်းခဲ့သော်လည်း - သူမ အမြဲသောက်နေသော ယင်းကော်ကုန်းအိမ်တော်မှ ပေးပို့သည့် ‘ကိုယ်ဝန်ရဆေး’ များမှာ ဧကရာဇ်က ‘ကိုယ်ဝန်တားဆေး’ များအဖြစ် အစောကတည်းက လဲလှယ်ထားခဲ့မှန်း သူမ သိလိုက်ရသည်။ အချိန်အတော်ကြာ သောက်ခဲ့ရသဖြင့် သူမသည် ဤဘဝတွင် နောက်ထပ် ကိုယ်ဝန်ရနိုင်တော့မည် မဟုတ်ပေ။ နာကျည်းခြင်းဟု မဆိုနိုင်သော်လည်း၊ မိမိဘဝမှာ အာဏာလုပွဲကြားမှ နယ်ရုပ်တစ်ရုပ်အဖြစ် မသိမသာ အသုံးချခံခဲ့ရခြင်းအပေါ် သူမ သက်ပြင်းသာ ချနိုင်တော့သည်။

မယ်တော်ကြီးမှာမူ သတင်းကြားသည်နှင့် စိတ်ထိခိုက်ကာ ချီနင်နန်းဆောင်၌ သတိလစ်သွားခဲ့သည်။ သို့သော် ယင်းကော်ကုန်း၏ ပြစ်မှုများမှာ သက်သေ အခိုင်အလုံရှိနေသဖြင့် သူမ မည်သို့မျှ ဝင်မကူနိုင်ခဲ့ပေ။ ထိုအခါမှ မယ်တော်ကြီးသည် လက်ရှိအခြေအနေကို အမှန်တကယ် လက်ခံလိုက်ရတော့သည် - ချန်မိသားစုတွင် အနာဂတ် မရှိတော့ပေ။

နင်ချန် နန်းတက်စက မိမိ၏လုပ်ရပ်များကို ပြန်စဉ်းစားရင်း မယ်တော်ကြီး နောင်တရမိသည်မှာ - ထိုစဉ်က သူမသာ ယခုကဲ့သို့ အသိတရားရှိခဲ့လျှင် မိမိ၏ အစ်ကိုအရင်းအား မိသားစုတစ်ခုလုံး ပျက်စီးစေမည့်အထိ ခွင့်ပြုခဲ့မည် မဟုတ်သလို၊ နင်ချန်နှင့် မိခင်သားအမိ သံယောဇဉ်မှာလည်း ဤမျှအထိ အေးစက်သွားမည် မဟုတ်ပေ။

“အရှင်မင်းကြီးကို သွားပြောလိုက်ပါ... အိုက်ကျား ယန်ချင့်ဘုရားကျောင်းဆီမှာပဲ အေးအေးဆေးဆေး သွားပြီး နားချင်တယ်လို့။ ချန်းရွှင်ယွမ်ကိုလည်း အလုပ်အကျွေးပြုဖို့ ခေါ်သွားပါရစေ” ဟု မယ်တော်ကြီးက မှာကြားလိုက်သည်။ သူမသည် နန်းတွင်း၏ ဆူညံမှုများမှ ကင်းဝေးချင်နေလေပြီ။

ချန်းရွှင်ယွမ်အား ဘာကြောင့် ခေါ်သွားသလဲဆိုသည်ကို နင်ချန် နားလည်သည်။ သူမသည် ယခုအခါ ပြစ်မှုကျူးလွန်သူ၏ သမီးဖြစ်နေသလို မျက်နှာသာလည်း မရတော့သဖြင့်၊ နန်းတွင်း၌ ကျန်ရစ်လျှင် ဘဝမှာ ခက်ခဲလိမ့်မည်။ မယ်တော်ကြီး၏ဘေးတွင် ရှိနေခြင်းကသာ သူမအတွက် အေးချမ်းသော ဇာတ်သိမ်း ဖြစ်ပေလိမ့်မည်။

နင်ချန်သည် မယ်တော်ကြီး၏ တောင်းဆိုမှုကို သဘောတူလိုက်သည်။ သားအမိ သံယောဇဉ်မှာ အနည်းငယ်သာ ကျန်တော့သော်လည်း လုံးဝ မရှိတော့သည်တော့ မဟုတ်ပေ။ မယ်တော်ကြီး မထွက်ခွာမီ နင်ချန်သည် သူမနှင့်အတူ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နေ့လည်စာ အေးအေးဆေးဆေး အတူစားခဲ့ကြသည်။

ထွက်ခွာမည့်နေ့တွင် သယ်ထိုက်ဖေးလည်း လိုက်ပါပို့ဆောင်ခဲ့သည်။ သူမ၏ အေးချမ်းလှသော ပုံစံကို ကြည့်ပြီး မယ်တော်ကြီးမှာ အားကျစိတ် ပေါ်လာခဲ့သည် - “နောက်ဆုံးတော့... စကားနည်းတဲ့ မင်းကပဲ ဘဝမှာ အေးအေးချမ်းချမ်းနဲ့ အပျော်ဆုံး နေနိုင်ခဲ့တာပဲနော်”

မယ်တော်ကြီး ထွက်ခွာသွားပြီးနောက်၊ နင်ချန်သည် ကျိုချန်နန်းဆောင်တွင် အောင်းနေပြီး မည်သူ့ကိုမျှ အတွေ့မခံဘဲ နေခဲ့သည်။ ယဲ့ယွင်လည်း သွားရောက် မဖျောင်းဖျခဲ့ပေ။ ဤကဲ့သို့သော စိတ်ဒဏ်ရာမှာ မိမိဘာသာ ဆင်ခြင်သုံးသပ်မှသာ ပြေပျောက်နိုင်မည်ဖြစ်ကြောင်း သူမ သိသောကြောင့်ပင်။

….

၁၀လပိုင်းကုန်တွင်၊ ယိခွန်းနန်းဆောင်မှ သတင်းစကား ရောက်လာသည်။ ချီရှိုးရုန် ကလေးမွေးရန် ဗိုက်နာနေပြီဖြစ်၏။ ကိုးလ မပြည့်သေးသဖြင့် လမစေ့ဘဲ မွေးဖွားခြင်းပင်။

နင်ချန်လည်း မနေသာဘဲ ရောက်ရှိလာခဲ့သည်။ ယိခွန်းနန်းဆောင် တံခါးဝသို့ ရောက်ချိန်တွင် ယဲ့ယွင်မှာ ထိုနေရာ၌ ရှိနေပြီ ဖြစ်သည်။ သူမ၏မျက်ဝန်းထဲမှ ယုံကြည်မှုနှင့် အားပေးမှုများကို မြင်ရမှသာ နင်ချန်၏ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားခဲ့သည်။

“အရှင်မင်းကြီး အမြန်ဝင်ပါဦး။ ချီရှိုးရုန် စပြီး မွေးနေပါပြီ။ ချန်းချဲ့တို့တွေ အပြင်ခန်းမှာပဲ စောင့်နေကြရအောင်”

နင်ချန် ခေါင်းညိတ်ကာ နှစ်ဦးသား အထဲဝင်ခဲ့ကြသည်။ မကြာမီ ကိုယ်လုပ်တော်များလည်း စုံစုံလင်လင် ရောက်လာကြသည်။ သို့သော် အတွင်း၌ မွေးဖွားနေသော ချီရှိုးရုန်၏ အခြေအနေမှာ မကောင်းလှပေ။ ကလေးမှာ အပြင်ထွက်ရန် အားအင်မရှိသဖြင့် မိခင်ဖြစ်သူကသာ အစွမ်းကုန် ညှစ်နေရရာ၊ ချီရှိုးရုန်မှာ အကြိမ်ကြိမ် သတိလစ်သွားသဖြင့် ဂျင်ဆင်းပြားများ ငုံကာ အားမွေးနေရရှာသည်။

နာရီပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်တွင်မှ နန်ချီနိုင်ငံ၏ သတ္တမမင်းသားလေးကို မွေးဖွားနိုင်ခဲ့သည်။ သို့သော် ထိုကလေးမှာ ကြောင်ကလေးတစ်ကောင်ကဲ့သို့ အင်မတန် သေးလှပြီး ငိုသံမှာလည်း မကြားတကြားသာ ရှိသည်။ ကလေး၏ အသားအရေမှာ ညိုပုပ်ပုပ်ဖြစ်နေသဖြင့် သမားတော်များက စစ်ဆေးပြီးနောက် ခေါင်းခါကြတော့သည် - ဤကလေးမှာ အသက်ရှင်ရန် ခက်ခဲလိမ့်မည်ဟု ဆိုကြ၏။

နင်ချန်က အမိန့်ထုတ်ပြန်လိုက်သည် - ချီရှိုးရုန်အား ‘ချီရှိုးရီ’ အဖြစ် တိုးမြှင့်လိုက်ပြီး၊ သားအမိ နှစ်ဦးကို အစွမ်းကုန် ပြုစုရန်ဖြစ်၏။ သို့သော် သတ္တမမင်းသား အသက်ရှင်ရန် ခက်ခဲမည့် သတင်းကိုမူ ချီရှိုးရီ၏ နားထဲသို့ လုံးဝ မပေါက်ကြားစေရန် တားမြစ်လိုက်လေသည်။

***

All Chapters