အခန်း (၄၂၉-၄၃၀)
Vol. 27 Ch. 429-430
အခန်း ၄၂၉ ။ ကွယ်လွန်ခြင်း
အားလုံးမှာ တိတ်ဆိတ်သွားကြသည်။ အခြားအရာဆိုလျှင် တော်သေးသည်၊ ကလေးငယ်က အစားမဝင်ခြင်းမှာ အင်မတန် ခက်ခဲသော ကိစ္စဖြစ်၏။ အထူးသဖြင့် ဤမျှအထိ ငယ်ရွယ်သော ကလေးမှာ နို့မှတစ်ပါး အခြားဘာမှစား၍မရဘူး မဟုတ်လား။
“ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ... သတ္တမမင်းသားကို အစွမ်းကုန် ကယ်တင်ကြရမယ်။ နန်းတွင်းမှာ ဘယ်သူမဆို သတ္တမမင်းသား အစားဝင်အောင် လုပ်ပေးနိုင်ရင် ကျန်း အကြီးအကျယ် ဆုချမယ်လို့ အမိန့်ထုတ်ပြန်လိုက်စမ်း!”
နင်ချန်သည် မျက်မှောင်ကြုတ်ကာ လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ ကုတင်ပေါ်တွင် ကလေးကို ပွေ့ချီထားသော ချီရှိုးရီမှာမူ ငိုလွန်းသဖြင့် လူရုပ်ပင် မပေါက်တော့ပေ။ သူမသည် ကလေးမွေးဖွားစဉ်ကလည်း ခန္ဓာကိုယ် ထိခိုက်ထားသည်၊ မွေးပြီး ဒုတိယမြောက်နေ့မှာတင် ဤမျှအထိ ငိုကြွေးနေခြင်းမှာ မျက်စိကို ထိခိုက်နိုင်သည် မဟုတ်လား။
ယဲ့ယွင် ကြည့်မနေနိုင်တော့သဖြင့် ကုတင်ဘေးတွင် ဝင်ထိုင်ကာ နှစ်သိမ့်ပေးရသည် -
“မင်းက မွေးဖွားပြီးနားနေရတဲ့ အချိန်လေ(မီးနေသည်)၊ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားဦး။ သတ္တမမင်းသားက မင်းနဲ့ တစ်သားတည်းပဲ၊ မင်း နေကောင်းမှ သူလည်း ကောင်းမှာပေါ့။ မိခင်ဆိုတာ ကြံ့ခိုင်ရမယ်လေ... မင်း ကိုယ့်ကိုယ်ကိုယ် အားတင်းထားပါ။ ငါတို့လာတော့ အစေခံတွေက ပြောကြတယ်၊ မင်း အစားလည်းမစား၊ ရေလည်းမသောက်ဘူးဆိုပဲ။ ဒါက ဘယ်ဖြစ်မလဲ... အရင်ဆုံး အားရှိအောင် စားလိုက်ပါဦးလား။”
သူမ၏ ဖျောင်းဖျမှုကြောင့် ချီရှိုးရီမှာ ငိုခြင်းကို အနည်းငယ် ထိန်းလိုက်နိုင်သည် - “မယ်မယ် ပြောတာ မှန်ပါတယ်၊ ချန်းချဲ့ လဲကျသွားလို့ မဖြစ်ဘူး။”
“ဒါမှပေါ့။” ယဲ့ယွင်က သူမ၏ ပခုံးကို အသာအယာ ပုတ်ပေးလိုက်ရင်း - “မီးဖိုဆောင်က ဆန်ပြုတ်ကို အမြန် ယူလာခဲ့စမ်း။” ဟု မှာလိုက်သည်။
အရာအားလုံးကို အဆင်သင့် ပြင်ထားသဖြင့် ချက်ချင်းပင် ရောက်လာခဲ့သည်။ နို့ထိန်းက ကလေးကို ခဏလွှဲပြောင်းပွေ့ချီထားစဉ်၊ အနီးကပ် နန်းတွင်းသူက ချီရှိုးရီအား ဆီးသီးနီ ဆန်ပြုတ်တစ်ပန်းကန် တိုက်ကျွေးလိုက်သည်။ အစားဝင်သွားမှသာ သူမတွင် အားအင်အချို့ ပြန်ရှိလာခဲ့သည်။
ချီရှိုးရီက အားနည်းသော လေသံဖြင့် ဆိုသည် - “ရာသီဥတုက အေးနေတာ၊ အရှင်မင်းကြီး ဒီမှာ ထိုင်နေရတာ သက်သောင့်သက်သာ ရှိမှာမဟုတ်ဘူး။ အဆောင်ကို ပြန်ပြီး နားပါတော့။ တစ်ခုခု ထူးခြားရင် ချန်းချဲ့ လူလွှတ်ပြီး အစီရင်ခံပါ့မယ်။”
သူမက ဆက်ပြောသည် - “အရှင်မင်းကြီး ဝတ်ရုံခြုံမလာဘူးပဲ။ ယွီရှင်း... ငါ အရှင်မင်းကြီးအတွက် ကိုယ်တိုင်ချုပ်ထားတဲ့ ဝတ်ရုံကို ယူလာပြီး အရှင့်ကို ခြုံပေးလိုက်စမ်း။”
သူမသည် အင်မတန် အားနည်းနေသော်လည်း လေသံမှာတော့ ကြင်နာမှုများ ပြည့်နှက်နေဆဲပင်။ ဘေးမှ ကြည့်နေသော ယဲ့ယွင်သည် ချီရှိုးရီ၏မျက်ဝန်းထဲမှ အချစ်စစ်ကို အထင်အရှား မြင်နေရသည်။ သို့သော် နင်ချန်ဘက်ကို ကြည့်လိုက်သောအခါ မည်သည့် လှုပ်ခတ်မှုမျှမရှိသည်ကို တွေ့ရသဖြင့်၊ ယဲ့ယွင်၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာခဲ့သည်။ ဤဘဝတွင် ချီရှီသည် လူမှားပြီး ချစ်မိခဲ့လေပြီ။
နင်ချန်သည် ဝတ်ရုံကို ခြုံလိုက်ကာ - “မင်း စိတ်အေးအေးထားပါ။ ကျန်း အလုပ်တွေ ဖြတ်ပြီးတာနဲ့ ပြန်လာကြည့်မယ်။ ညစာကိုလည်း သေသေချာချာ စားရမယ်နော်၊ ကွေ့ဖေးရဲ့စကားကို မမေ့နဲ့။” ဟု မှာကြားခဲ့သည်။
“ချန်းချဲ့ သိပါပြီ။” ချီရှိုးရီက ဖြူလျော်သော မျက်နှာဖြင့် အသာအယာ ပြုံးလိုက်ရှာသည်။
အားလုံး ယိခွန်းနန်းဆောင်မှ ထွက်လာကြသည်။ အချို့က နင်ချန်အား ဝင်ရောက် ဖျောင်းဖျချင်ကြသော်လည်း၊ နင်ချန်နှင့် ယဲ့ယွင်တို့မှာ ဘေးချင်းယှဉ်၍ လမ်းလျှောက်နေသဖြင့် မည်သူမျှ ဝင်မတိုးဝံ့ကြပေ။ နောက်ဆုံးတွင် ရှန်ဖေး နှင့် ရှူးဖေးတို့သာ စကားအနည်းငယ် လာပြောခဲ့ကြသည်။
ယဲ့ယွင် တစ်ခုထူးဆန်းသည်မှာ - ယနေ့ ရှူးဖေး၏စကားလုံးများမှာ အင်မတန် စည်းကမ်းရှိနေပြီး၊ ရန်စလိုသော အမူအရာများ လုံးဝ မပါဝင်ခြင်းပင်။ တိုးတက်ပြောင်းလဲသွားပုံရသည်။ သို့သော် ၎င်းမှာ အရှင်မင်းကြီးရှိနေ၍ဟုသာ သူမ ယူဆလိုက်သည်။
ယဲ့ယွင်၏ ကျောက်ချွန်းနန်းဆောင်နှင့် နင်ချန်၏ ကျိုချန်နန်းဆောင်မှာ လမ်းကြောင်းတစ်ခုတည်း ဖြစ်သဖြင့် အတူတူလိုက်ပါလာခဲ့ကြသည်။ ဘေးတွင် လူရှင်းသွားမှ ယဲ့ယွင်က တိုးတိုးလေး ဆိုသည် -
“အရှင်မင်းကြီးလည်း အရမ်း မစိုးရိမ်ပါနဲ့ဦး။ တော်ဝင်မိသားစုရဲ့ ဘုန်းကံနဲ့ဆိုရင် သတ္တမမင်းသားလေး ဘေးကင်းမှာပါ။ အရှင့်ရဲ့ မျက်ကွင်းတွေ ညိုနေတာ ကြည့်ရတာ ဒီနှစ်ရက်မှာ ကောင်းကောင်း မအိပ်ရသေးဘူး ထင်တယ်။ ခဏနေရင် ချန်းချဲ့ စိတ်အေးစေမယ့် ‘ကြာပန်းလက်ဖက်ရည်’ ပို့ပေးလိုက်ပါမယ်၊ အရှင် သောက်ပြီး စိတ်ကို အပန်းဖြေလိုက်ပါဦး။”
“ကျင့်အာ ဒဏ်ရာရထားတဲ့ ကြားထဲမှာ မင်းက ကလေးသုံးယောက်လုံးကို ကြည့်ရသေးတယ်၊ နန်းတွင်းအလုပ်တွေကိုလည်း စီမံနေရတာဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦး။ ကျန်းကတော့ ကျန်းမာပါတယ်။ မင်း စိုးရိမ်မနေနဲ့။” နင်ချန်၏အမူအရာမှာ အနည်းငယ် ပြေလျော့သွားသည်။
သူသည် ယဲ့ယွင်၏လက်ကို ဆုပ်ကိုင်လိုက်ရာ - “ဘာလို့ လက်တွေ ဒီလောက် အေးနေရတာလဲ။ အမြန်ပြန်ပြီး အဝတ်အစား ထပ်ဝတ်လိုက်။ ယွမ်ကျို... ကျန်းရဲ့ လက်နွေးအိုးကို ကွေ့ဖေးဆီ ပေးလိုက်စမ်း။” ဟု မှာလိုက်သည်။
…..
ယဲ့ယွင်သည် လက်နွေးအိုးကို ပွေ့လျက် ကျောက်ချွန်းနန်းဆောင်သို့ ပြန်ရောက်ခဲ့သည်။ ကလေးသုံးယောက်ကို အရင် သွားကြည့်ပြီးမှ ရှေ့ဆောင်သို့ ပြန်၍ စာရင်းဇယားများကို စစ်ဆေးရပြန်သည်။ နှစ်ကုန်ခါနီးပြီဖြစ်ရာ နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်စရာများမှာ တဖြည်းဖြည်း များပြားလာခဲ့ပြီ။
“မယ်မယ်... အာကျောက်ဆေးရည်လေး သောက်လိုက်ပါဦး။ ဒီရက်ပိုင်း စိတ်ပင်ပန်းနေတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ရမယ်လေ။” ဟွေယွဲ့က ပန်းကန်ငယ်လေးကို သယ်ဆောင်လာသည်။
ယဲ့ယွင်က စာရင်းများကိုချကာ ဆေးရည်ကို သောက်လိုက်သည်။ သူမသည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းမှာ မှောင်မှိုင်းနေပြီဖြစ်၏။
“မိုးရွာတော့မယ် ထင်တယ်... တိမ်တွေ အရမ်း ထူနေတာပဲ။” ယဲ့ယွင်က မျက်ဝန်းများကို မှေးစင်းလိုက်သည်။
“ဟုတ်ပါ့... ရွာရင်လည်း အင်မတန် သည်းမယ့်ပုံပဲ။ ဒီနေ့ည မယ်မယ့်အတွက် စောင်အပို တစ်ထည် ထပ်ခင်းပေးထားပါ့မယ်။” ဟု ဟွေယွဲ့က ဆိုသည်။
ယခုမှာ ကြမ်းပြင်အပူပေးစနစ်ကို သုံးရန် စောသေးသဖြင့်၊ အချိန်မတိုင်မီ သုံးစွဲပါက ‘ဇိမ်ခံလွန်းသည်’ ဟု အပြောခံရနိုင်သည် မဟုတ်လား။
“အင်း... ကလေးတွေဘက်ကိုလည်း မင်းကိုယ်တိုင် တစ်ချက်သွားကြည့်ပေးဦး။ တခြားသူဆိုရင် ငါ စိတ်မချလို့။” ယဲ့ယွင်က မှာကြားသည်။
ထိုညတွင် အမှန်တကယ်ပင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လျှပ်စီးများ၊ မိုးခြိမ်းသံများဖြင့် ဆူညံနေတော့သည်။ ကလေးငယ် နှစ်ဦးမှာ ဘာမှမသိသေးသဖြင့် အေးဆေးစွာ အိပ်ပျော်နေကြသော်လည်း၊ စတုတ္ထမင်းသားလေးမှာမူ ကြောက်လန့်နေရှာသည်။ ထို့ကြောင့် ယဲ့ယွင်က ကလေးအား သူမ၏ဘေးတွင် ခေါ်သိပ်ထားလိုက်သည်။
သို့သော် ထိုညသည် အေးချမ်းမှု မရှိခဲ့ပေ။ မိုးလင်းခါနီးအချိန်တွင် ခုန်းချင်းက အပြင်ဘက်မှ တံခါးကို အလောတကြီး လာခေါက်တော့သည်။
“မယ်မယ်... မယ်မယ်! သတ္တမမင်းသားလေး ကွယ်လွန်သွားပါပြီ! အမြန်ဆုံး ယိခွန်းနန်းဆောင်ကို ကြွခဲ့ပါဦး!”
“ဘာ!” ယဲ့ယွင် လန့်နိုးသွားသော်လည်း၊ ဘေးမှ စတုတ္ထမင်းသားလေး နိုးသွားမည်စိုးသဖြင့် လှုပ်ရှားမှုကို ထိန်းလိုက်ရသည်။
နန်ကျစ်နှင့် လုမေ့တို့က အမြန်ဝင်လာကာ အဝတ်အစားများ လဲပေးကြပြီး၊ နို့ထိန်းအား စတုတ္ထမင်းသားကို စောင့်ကြည့်ခိုင်းခဲ့သည်။ ထို့နောက် အားလုံးသည် ယိခွန်းနန်းဆောင်သို့ အပြေးအလွှား ထွက်လာခဲ့ကြတော့သည်။
ယဲ့ယွင်မှာ အနီးဆုံးဖြစ်သဖြင့် ရောက်ရှိသွားချိန်တွင် ရာထူးနိမ့် ကိုယ်လုပ်တော် အနည်းငယ်သာ ရှိနေသေးသည်။ အထဲဝင်လိုက်သည်နှင့် ချီရှိုးရီ၏ သည်းထန်လှသော ငိုသံကို ကြားလိုက်ရသည်။ သူမ၏အသံမှာ အက်ရှနေခဲ့ပြီ။
လိုက်ကာကို ကျော်ဖြတ်ကြည့်လိုက်ရာ - သူမသည် အသက်မရှိတော့သော သတ္တမမင်းသားလေးကို ပွေ့ချီထားပြီး၊ မျက်ဝန်းများမှာ နီမြန်းနေကာ ပခုံးများမှာလည်း တဆတ်ဆတ် တုန်ရီနေရှာသည်။ အခန်းထဲရှိ အစေခံများမှာလည်း ပြိုင်တူ ငိုယိုနေကြရာ၊ ဤမိုးရာသီ ညဉ့်နက်တွင် အင်မတန် အထီးကျန် ဆွေးမြည့်ဖွယ် ကောင်းလှပေသည်။
ယဲ့ယွင် မျက်မှောင်ကြုတ်ကာ အနားသို့ တိုးသွားပြီး ကုတင်ဘေးတွင် ထိုင်လိုက်သည် - “ချီရှိုးရီ... ကလေးက ကောင်းကင်ဘုံကို ရောက်သွားပါပြီ။ မင်း စိတ်လျှော့ပါဦး။”
“မဟုတ်ဘူး... ကျွန်မရဲ့ ကလေး မသေသေးဘူး။ ကွေ့ဖေးမယ်မယ်... ကလေးရဲ့ ပါးလေးကို စမ်းကြည့်ပါဦး၊ နွေးနေတုန်းပဲလေ။ သူ မသေသေးဘူး... မသေသေးပါဘူး...” ချီရှိုးရီက တိုးတိုးလေး ရေရွတ်ရင်း ကလေးကို ပို၍ တင်းကျပ်စွာ ပွေ့ဖက်ထားတော့သည်။
ယဲ့ယွင်၏ရင်ထဲတွင်လည်း ထိခိုက်သွားရသော်လည်း၊ လတ်တလောတွင်တော့ သူမ၏ အလိုအတိုင်းသာ လိုက်ပေးရတော့မည်။
“ဟုတ်ပါတယ်... သတ္တမမင်းသားက အဆင်ပြေနေတာပါ။ ဒါပေမဲ့ အချိန်တန်ပြီဆိုတော့ ကလေးကို နို့ထိန်းဆီ ပေးလိုက်ရအောင်လေ၊ မဟုတ်ရင် ကလေး ဗိုက်ဆာနေမှာပေါ့။”
“မယ်မယ်ပြောတာ မှန်တယ်... ကလေး ဗိုက်ဆာလို့ မဖြစ်ဘူး။ ယွီစော့... သတ္တမမင်းသားကို နို့ထိန်းဆီ အမြန်ပို့ပေးလိုက်စမ်း၊ မြန်မြန်!” ချီရှိုးရီက ခေါင်းညိတ်ရင်း သူမ၏ ရင်ခွင်ထဲမှ ကလေးကို နောက်ဆုံးတွင် ကမ်းပေးလိုက်ရှာသည်။
ယဲ့ယွင်က ယွီစော့အား မျက်ရိပ်ပြလိုက်ရာ၊ သူမက မျက်ရည်များကို သုတ်ကာ ခေါင်းညိတ်ပြပြီး သတ္တမမင်းသားကို ပွေ့ချီကာ ထွက်သွားတော့သည်။
ရင်ခွင်ထဲတွင် ကလေး မရှိတော့သည်နှင့် ချီရှိုးရီမှာ အားအင်အားလုံး ကုန်ခမ်းသွားသကဲ့သို့ ပျော့ခွေကျသွားကာ၊ မှီအုံးကို အားပြုရင်း မျက်နှာကျက်ကိုသာ အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေတော့သည်။
“ချန်းချဲ့... ဒီကလေးကို ကိုယ်ဝန်ဆောင်တုန်းက ဆီးသီးယိုကိတ် အရမ်းစားချင်ခဲ့တာ။ အခု အဲဒီအရသာကို ပြန်ပြီး သတိရမိတယ်။”
“နန်ကျစ်... စားဖိုဆောင်ကို ဆီးသီးယိုကိတ် သွားယူခိုင်းလိုက်စမ်း။” ယဲ့ယွင်က မှာသည်။
ချီရှိုးရီက မချိပြုံး ပြုံးကာ ခေါင်းခါပြသည် - “မလိုပါဘူး၊ ကွေ့ဖေးမယ်မယ်ကို ကျေးဇူးတင်ပါတယ်။ အခုချိန်မှာ ချန်းချဲ့ ဘာမှ မစားနိုင်တော့ပါဘူး။”
အမှန်တကယ်တော့ ယဲ့ယွင်က သူမအား ကလေးကို လက်လွှတ်စေရန် ဖျောင်းဖျနေခြင်းဖြစ်မှန်း သူမ သိသည်။ သူမသည်လည်း မိမိကိုယ်ကိုယ် ခနမျှ ပြန်လည်လှည့်စားကာ၊ ကလေးကို အေးအေးချမ်းချမ်း မြေမြှုပ်နိုင်ရန်အတွက် နောက်ဆုံးတွင် လက်လွှတ်လိုက်ခြင်းသာဖြစ်၏။
“ကွေ့ဖေးမယ်မယ် ပြန်ပါတော့၊ တခြား ကိုယ်လုပ်တော်တွေလည်း ပြန်ကြပါတော့။ ချန်းချဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး နေပါရစေ။ အရှင်မင်းကြီးကိုလည်း အသိမပေးပါနဲ့တော့... ချန်းချဲ့က အသုံးမကျလို့ အရှင်မင်းကြီးရဲ့ ရင်သွေးကို မထိန်းနိုင်ခဲ့တာမို့၊ အရှင့်မျက်နှာကို မကြည့်ဝံ့တော့ပါဘူး။” ဟု ဆိုကာ ချီရှိုးရီသည် မျက်လုံးများကို မှိတ်လိုက်ရာ၊ ပါးပြင်ပေါ်သို့ မျက်ရည်ပူများ စီးကျလာလေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 430
အခန်း ၄၃၀ ။ စုံစမ်းထောက်လှမ်းခြင်း
ချီရှိုးရီ၏ပုံစံကို ကြည့်ရသည်မှာ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းကာ စိတ်ဝိညာဉ်ပါ သေဆုံးသွားသည့်အလားပင်။
ယဲ့ယွင်သည် မျက်လွှာကို အသာချကာ သူမ၏စောင်အနားကို သေသေချာချာ ဖိပေးပြီးနောက် မတ်တပ်ရပ်လိုက်သည်။
“အေးအေးဆေးဆေး အနားယူပါ။ မင်းက ငယ်သေးတာပဲ၊ ကျန်းမာရေး ပြန်ကောင်းလာရင် အရှင်မင်းကြီးနဲ့ နောက်ထပ် ကလေးတွေ ရနိုင်ပါသေးတယ်။ ‘ထောင်စုနှစ်ကြာအောင် ကုသိုလ်ပြုမှ တစ်အိပ်ရာတည်း အတူအိပ်ရတယ်’ ဆိုတဲ့ စကားရှိသားပဲ။ ကလေးနဲ့ သံယောဇဉ် ကုန်ဆုံးသွားပြီ ဆိုရင်တောင်မှ၊ အရှင်မင်းကြီးနဲ့ရှိနေတဲ့ သံယောဇဉ်ကိုတော့ ဆက်ပြီး တန်ဖိုးထားရမယ်လေ။”
ကုတင်ပေါ်တွင် လှဲနေသော ချီရှိုးရီသည် မျက်တောင်လေးများ လှုပ်ခတ်သွားသည်။ အတော်ကြာမှ တိုးညင်းစွာ ဆိုလာသည် - “မယ်မယ့်ရဲ့ နှစ်သိမ့်မှုကို ကျေးဇူးတင်ပါတယ်။ ချန်းချဲ့ ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးပါဘူး။”
အမှန်တော့ ခုနတင် သူမသည် ကလေးနောက်သို့သာ လိုက်သွားချင်စိတ် ပေါက်နေခဲ့ခြင်းဖြစ်၏။ သို့သော် ယဲ့ယွင်၏ ဤဖျောင်းဖျစကားက သူမ၏စိတ်ကို အနည်းငယ် ပြန်လည် ဆွဲတင်ပေးနိုင်ခဲ့သည်။ ချီရှိုးရီသည် နင်ချန်အပေါ်တွင် စစ်မှန်သော နှလုံးသားဖြင့် ချစ်မြတ်နိုးသူ ဖြစ်ပေသည်။
သူမ ထိုသို့ပြောမှသာ ယဲ့ယွင်လည်း စိတ်အေးသွားရတော့သည်။ ချီမိသားစုမှာ အစိုးရအဖွဲ့၏ အရေးပါသော မိသားစုဖြစ်ရာ၊ သတ္တမမင်းသား ဆုံးရှုံးသွားခြင်းအတွက် သေသေချာချာ နှစ်သိမ့်ရမည် ဖြစ်၏။ အကယ်၍ ချီရှိုးရီပါ တစ်ခုခုဖြစ်သွားလျှင် နင်ချန်အတွက် ကိုင်တွယ်ရ ပိုခက်ခဲသွားပေလိမ့်မည်။
ယဲ့ယွင်သည်လည်း နင်ချန်အား သူမတစ်ဦးတည်းသာ ပိုင်ဆိုင်ချင်သည်မှာ မှန်သော်လည်း၊ နန်းတွင်းထဲတွင် ရှိနေသရွေ့ အသိတရား ရှိရန် လိုအပ်ကြောင်း သူမ သိသည်။ မဟုတ်လျှင်မူ နေ့စဉ်နှင့်အမျှ မနာလိုစိတ်များဖြင့် မိမိကိုယ်ကိုယ်သာ အဆိပ်ခတ်မိသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ချီရှီမှာ သံယောဇဉ် အင်မတန်ကြီးမားသူဖြစ်ရာ၊ နင်ချန်အပေါ်တွင်သာ စိတ်အကုန်နှစ်ထားပြီး၊ အခြားသော အာဏာလုပွဲများတွင် မပါဝင်ဘဲ ဧကရာဇ်၏ စိတ်ရင်းကိုသာ တောင်းဆိုခဲ့သူ ဖြစ်၏။ သို့သော် ဧကရာဇ်တစ်ဦးတွင် စိတ်ရင်းအစစ်အမှန် မည်မျှ ရှိနိုင်ပါမလဲ။ သို့မဟုတ် ထိုစိတ်ရင်းများမှာ အခြားသူတစ်ဦးထံသို့ အကုန် ပေးအပ်ပြီးသားဖြစ်နေ၍ ချီရှီအတွက် ဒုတိယမြောက် ဝေစု မရှိတော့ခြင်းလည်း ဖြစ်နိုင်ပေသည်။
အတွင်းခန်းမှ ထွက်လာချိန်တွင် အခြားကိုယ်လုပ်တော်များ ရောက်ရှိလာကြသော်လည်း၊ ယဲ့ယွင်က အားလုံးကို ပြန်လွှတ်လိုက်သည်။ ဟွေ့ဖေးတစ်ဦးတည်းကိုသာ ချန်ထား၍ စကားအနည်းငယ် ပြောဖြစ်ခဲ့သည်။
နင်ချန်မှာ နောက်ဆုံးမှ ရောက်လာခဲ့ခြင်းဖြစ်၏။ သူ အချိန်နှောင်းရခြင်းမှာ ပျင်းရိ၍ မဟုတ်ဘဲ၊ သားတော်များအတွက် ဆုတောင်းပေးရန် ‘ဘိုးဘေးခန်းမဆောင်’ တွင် တစ်ညလုံး ကျမ်းစာများ ကူးရေးနေခဲ့ခြင်းကြောင့်ဖြစ်သည်။ သတ္တမမင်းသား ကွယ်လွန်သည့် သတင်းကို ကြားရချိန်တွင် သူ့ရင်ထဲ၌ တစ်ခုခုလိုအပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး အင်မတန်နာကျင်နေမိသည်။ ယခင်က ကိုယ်ဝန်ပျက်ကျသည့် ကိုယ်လုပ်တော်များရှိခဲ့သော်လည်း၊ ၎င်းမှာ အပြင်သို့ ဘေးကင်းစွာ ထွက်မလာနိုင်ခဲ့ခြင်းဖြစ်၏။ သတ္တမမင်းသားကဲ့သို့ မွေးဖွားပြီးမှ ပြန်လည်ဆုံးရှုံးရခြင်းမှာ သူ၏ ပထမဆုံး အတွေ့အကြုံပင် ဖြစ်ရာ၊ ဤသည်မှာ ပို၍ပင် ထိခိုက်ခံစားရစေသည်။
“အရှင်မင်းကြီး အထဲဝင်ကြည့်ဦးမလား။ ချီရှိုးရီက အခုမှ ခဏလှဲသွားတာပါ။ ငိုလွန်းလို့ အားအင်တွေ ကုန်နေရှာတယ်” ဟု ယဲ့ယွင်က တိုးတိုးလေး ဆိုသည်။
နင်ချန်က မျက်လွှာချကာ - “မကြည့်တော့ပါဘူး၊ သူမ အနားယူတာကို မနှောင့်ယှက်တော့ဘူး။ ဒါနဲ့... ချီရှိုးရီကို ‘ရွှင်ရုန်’ အဖြစ် တိုးမြှင့်ပေးလိုက်ပါ”
“ဒါဟာ ထိုက်တန်တဲ့ ဆုံးဖြတ်ချက်ပါပဲ” ယဲ့ယွင် ခေါင်းညိတ်ကာ နင်ချန်၏လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ နင်ချန်၏လက်များမှာ ခါတိုင်းနှင့်မတူဘဲ အေးစက်နေသဖြင့် သူမ၏ရင်ထဲတွင်လည်း လှုပ်ခတ်သွားရသည်။ “အရှင်လည်း ခဏလောက် ပြန်နားပါဦး။ သတ္တမမင်းသားရဲ့ ဈာပနကိစ္စတွေကို ချန်းချဲ့ပဲ တာဝန်ယူ စီစဉ်ပေးပါ့မယ်။ အရာအားလုံး စနစ်တကျ ဖြစ်စေရပါမယ်။”
“ဟွေ့ဖေးနဲ့ ရုန်ရှူးဖေးတို့ကိုပဲ လုပ်ခိုင်းလိုက်ပါ။ မင်းလည်း အခုမှ မွေးပြီးစဆိုတော့ ကိုယ်ခံအား နည်းနေတုန်းပဲ။ အလုပ်တွေ အရမ်းများလို့ မင်းသာ နာမကျန်းဖြစ်သွားရင် ကျန်း ပိုပြီး စိတ်မကောင်း ဖြစ်ရလိမ့်မယ်။” ဟု နင်ချန်က သူမ၏လက်ကို ပြန်လည်ဆုပ်ကိုင်ရင်း ဆိုလာသည်။ သူ့လေသံတွင် အားနာရိပ်များ ပါဝင်နေသည်။
ယဲ့ယွင်သည် မွေးဖွားပြီးနောက် ကျန်းမာရေးပြန်ကောင်းရန် သုံးနှစ်ကနေ ငါးနှစ် ပြန်ပြုစုရမည်ဟု သမားတော်က ဆိုထားသော်လည်း၊ နန်းတော်ပြန်ရောက်ကတည်းက ပြဿနာများမှာ တစ်ခုပြီးတစ်ခု တက်နေသဖြင့် သူမ ကောင်းကောင်း မနားခဲ့ရသည်မှာ အမှန်ပင်။
“ကောင်းပါပြီ။ ဟွေ့ဖေးက အလုပ်လုပ်တာ အမြဲစနစ်ကျပါတယ်” ယဲ့ယွင် ခေါင်းညိတ်သည်။ သူမတွင်လည်း ကိုင်တွယ်စရာ အလုပ်များစွာရှိနေသဖြင့် အချို့ကို ခွဲပေးလိုက်ခြင်းက ပိုကောင်းပေမည်။ သို့သော် ချီမိသားစု၏ဂုဏ်သိက္ခာအတွက် အရေးကြီးသော အပိုင်းများကိုမူ သူမ ကိုယ်တိုင်ပင် ကြီးကြပ်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
……..
ကျောက်ချွန်းနန်းဆောင်သို့ ပြန်ရောက်ချိန်တွင် မိုးလင်းကာစ ရှိနေပြီ ဖြစ်၏။ ယဲ့ယွင်သည် ဆက်လက် အိပ်စက်ရန် စိတ်မပါသော်လည်း တစ်ကိုယ်လုံးမှာ အေးစိမ့်နေသည်။ ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီဖြစ်ရာ မိုးရေထဲတွင် သွားလာခဲ့သဖြင့် အအေးဓာတ်က လူကို စိမ့်နေစေခြင်းဖြစ်၏။
ကံကောင်းသည်မှာ ဟွေယွဲ့က ရေနွေးနှင့် ‘ဂျင်းစွပ်ပြုတ်’ ကို အဆင်သင့်ပြင်ထားသဖြင့်၊ နှစ်ခွက်တိတိ သောက်ပြီးနောက် ခြေထောက်ကို ရေနွေးစိမ်လိုက်မှသာ လူက အနည်းငယ် ပြန်လန်းဆန်းလာခဲ့သည်။
“ဒီလို ဖြစ်လာလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး။ ရွှင်အာနဲ့ ယွမ့်အာတို့ကို မွေးတုန်းက ငါ အသက်ဘေးနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ကျင့်အာ့ကို မွေးတုန်းကလည်း စောမွေးခဲ့ရတာပဲ။ ဒါပေမဲ့ ငါ့ကလေး သုံးယောက်လုံး ဘေးကင်းခဲ့ကြတယ်။ ဒီနေ့ ချီရွှင်ရုန် (ယခင် ချီရှိုးရီ) နဲ့ သတ္တမမင်းသားကို ကြည့်ပြီး တကယ်ပဲ စိတ်မကောင်းဖြစ်ရတယ်”
ယဲ့ယွင်သည် လက်နွေးအိုးကိုပွေ့လျက် မှီအုံးတွင် မှီကာ၊ အကြည့်များမှာ အဝေးသို့ ရောက်ရှိနေသည်။
“ဟုတ်တာပေါ့... ဒါဟာ ပထမဆုံး ဆုံးရှုံးရတဲ့ တော်ဝင်ရင်သွေးပဲလေ။ နန်းတော်မှာ ကျန်ခဲ့တဲ့သူတွေ ပြောတာတော့... ချီရွှင်ရုန် ကိုယ်ဝန်ဆောင်တုန်းက အချဉ် အရမ်းကြိုက်တယ်တဲ့။ အထူးသဖြင့် ‘ဆီးသီးယိုကိတ်’ ကိုပေါ့။ အဲဒီတုန်းက ရှန်ဖေးက အာဏာကို ကိုင်ထားတော့... အဲဒီမုန့်ကို အတော်ဆုံး စားတော်ကဲကိုပါ သူမဆီ သီးသန့်လွှတ်ပေးခဲ့သေးတယ်လို့ ဆိုပါတယ်။ ‘အချဉ်ကြိုက်ရင် သား၊ အစပ်ကြိုက်ရင် သမီး’ ဆိုတဲ့အတိုင်း... တကယ်လည်း သားလေး မွေးခဲ့တာပဲ” ဟု လုကျစ်က ဆိုသည်။
‘ကျင်းရှန်ဖေး’ ဟူသော အမည်ကို ကြားသည်နှင့် ယဲ့ယွင်၏မျက်မှောင်များ ချက်ချင်း ကြုတ်သွားသည်။ ရှန်ဖေးသည် ထိုမျှအထိ စိတ်ကောင်းရှိသူ မဟုတ်မှန်း သူမ သိသည်။
“အဲဒီတော့ ချီရွှင်ရုန်က ကိုယ်ဝန်ဆောင်တုန်းက အဲဒီစားတော်ကဲလုပ်ပေးတဲ့ ဆီးသီးယိုကိတ်တွေကိုပဲ အမြဲ စားခဲ့တာလား?”
လုကျစ်က ခေါင်းခါသည် - “မယ်မယ် နန်းတော်ပြန်မလာခင်မှာပဲ... အဲဒီစားတော်ကဲရဲ့မိခင် ဆုံးသွားလို့ သူ နန်းတော်ကနေ အပြီး ထွက်သွားပါပြီ။ အဲဒီနောက်ပိုင်းမှ တခြားလူနဲ့ လဲလိုက်တာပါ”
“တိုက်ဆိုင်လွန်းနေတာပဲနော်” ယဲ့ယွင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမသည် ရုတ်တရက် ခေါင်းမော့လာကာ - “ဟွေယွဲ့... ငါ နန်းတော်ပြန်ရောက်စက ချီရွှင်ရုန်ဆီ သွားကြည့်တာ မှတ်မိလား။ အဲဒီတုန်းက သူမ ကျန်းမာရေး အင်မတန်အားနည်းနေပြီး ကုတင်ပေါ်မှာပဲ နားနေရတာလေ”
“မှတ်မိတာပေါ့။ အဲဒါကြောင့်လည်း သတ္တမမင်းသားလေးက ကိုယ်ခံအားနည်းပြီး မွေးလာတာ ဖြစ်မှာပေါ့” ဟု ဟွေယွဲ့က သက်ပြင်းချသည်။
သို့သော် ယဲ့ယွင် အာရုံစိုက်နေသည့်အချက်မှာ ထိုအချက် မဟုတ်ပေ။ သူမသည် လက်နွေးအိုးကို ဘေးသို့ ချလိုက်ပြီး ထထိုင်လိုက်သည် -
“ဒါပေမဲ့ ငါတို့ ပြန်ရောက်ပြီးနောက်မှာ ချီရွှင်ရုန်ရဲ့ ကျန်းမာရေးက တဖြည်းဖြည်း ပြန်ကောင်းလာခဲ့တယ်။ သူမ အပြင်ထွက်ပြီး လမ်းလျှောက်နိုင်တဲ့အထိ ဖြစ်လာတာလေ။ လုကျစ် ပြောတဲ့ အချိန်ကာလကို ပြန်နှိုင်းယှဉ်ကြည့်ရင်... အဲဒီ ဆီးသီးယိုကိတ်စားတော်ကဲ နန်းတော်က ထွက်သွားပြီးမှ သူမ ကျန်းမာရေး ပြန်ကောင်းလာတာ မဟုတ်လား!”
အခန်းထဲရှိ အစေခံမလေးများ အားလုံး မျက်နှာပျက်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နန်ကျစ်က တိုးတိုးလေး မေးလာသည် - “မယ်မယ်ဆိုလိုတာက... ရှန်ဖေး စီစဉ်ပေးတဲ့ အဲဒီစားတော်ကဲမှာ ပြဿနာ ရှိနေတာလားဟင်”
ယဲ့ယွင်၏ မျက်ဝန်းများ အေးစက်သွားသည် - “သံသယ ရှိတာပေါ့။ ဒါပေမဲ့ ကိစ္စက ကြာသွားပြီဆိုတော့ နန်းတော်ထဲမှာ အထောက်အထားရှာဖို့ ခက်လိမ့်မယ်။ ဟွေယွဲ့... နန်းပြင်မှာရှိတဲ့ ငါ့အမေနဲ့ အဖိုးတို့ မိသားစုဆီကို အမြန် သတင်းပို့လိုက်။ နည်းလမ်းမျိုးစုံ သုံးပြီး အဲဒီစားတော်ကဲကို ရှာခိုင်းလိုက်စမ်း! အရှင်ဖြစ်စေ၊ အသေဖြစ်စေ... သူ့ကို ရအောင် ရှာရမယ်!”
ယဲ့ယွင်သည် ရှန်ဖေး၏ရက်စက်မှုကို ကောင်းစွာ သိထားသူဖြစ်၏။ ချီရှီသည် ပုံမှန်ဆိုလျှင် ကျန်းမာသူ ဖြစ်သော်လည်း ကိုယ်ဝန်ဆောင်စဉ်မှာ ဘာကြောင့် ရုတ်တရက် အားနည်းသွားရတာလဲ ဆိုသည့်အချက်မှာ သူမအတွက် အင်မတန် သံသယဖြစ်ဖွယ်ကောင်းလှသည်။
ကျောက်ချွန်းနန်းဆောင်မှ အစေခံများလည်း ရှန်ဖေး၏အကွက်ကို ရိပ်မိကြသဖြင့် ချက်ချင်းပင် အလုပ်စတင်ကြတော့သည်။ တစ်ချိန်တည်းမှာပင် ယဲ့ယွင်က - ယခုနှစ် နှစ်သစ်ကူးပွဲကို အကြီးအကျယ် မကျင်းပရန် မှာကြားလိုက်သည်။ သတ္တမမင်းသားလေး ကွယ်လွန်ထားစဖြစ်ရာ စည်းကမ်းကို စောင့်ထိန်းရမည် မဟုတ်လား။
ဤလုပ်ရပ်ကြောင့်ပင် အရှင်မင်းကြီး စိတ်မကောင်းဖြစ်နေချိန်တွင် နန်းတွင်းသည် အင်မတန် ငြိမ်သက်အေးချမ်းစွာ ရှိနေခဲ့သည်။
…..
နင်ချန်သည် ယခုနှစ်အတွင်း ချန်မိသားစု၏အာဏာကို ရှင်းလင်းကာ အစိုးရအဖွဲ့ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ နန်းတွင်း၌လည်း မင်ကွေ့ဖေးသည် အမြွှာမောင်နှမကို မွေးဖွားနိုင်ခဲ့သော်လည်း၊ စတုတ္ထမင်းသား ဒဏ်ရာရခြင်းနှင့် သတ္တမမင်းသား ကွယ်လွန်ခြင်းတို့ကြောင့် မည်သူမျှ ပျော်ရွှင်ဟန် မပြဝံ့ကြပေ။
နှစ်သစ်ကူးပွဲတော်မှာလည်း အေးဆေးစွာ ကုန်ဆုံးသွားခဲ့သည်။ မယ်တော်ကြီးသည် ပွဲတော်အပြီး ၁လပိုင်းမှာပင် ဘုရားကျောင်းဆောင်သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။ သူမသည် ယခုအခါ နန်းတွင်းကို တစ်စက်ကလေးမျှ သံယောဇဉ် မရှိတော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၂လပိုင်း၊ ၃လပိုင်းသို့ ရောက်ရှိလာကာ အရာအားလုံး ပြန်လည်လန်းဆန်းလာခဲ့ပြီဖြစ်သည်။ နန်းတွင်း၏ လေးလံသော လေထုမှာလည်း တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။
ယခုနှစ်တွင် စတုတ္ထမင်းသားလေးသည် စာသင်ကျောင်းသို့ စတင်တက်ရောက်ရတော့မည်ဖြစ်ရာ၊ ရူယီဆောင်သို့ ပြောင်းရွှေ့ နေထိုင်ရတော့မည် ဖြစ်သည်။ ဒုတိယမင်းသားနှင့် တတိယမင်းသားတို့မှာလည်း ယခင်နှစ်မှ ကိစ္စများကြောင့် ပိုမို တည်ငြိမ်လာကြပြီး၊ မိမိတို့၏ စိတ်ကူးများကို ဖုံးကွယ်တတ်လာကြပြီ။ နန်းတွင်းရှိ ကလေးများမှာ အချိန်မတိုင်မီပင် ရင့်ကျက်သွားကြရသည်မှာ ဓမ္မတာပင်။
၄လပိုင်းတွင် ဆဌမမင်းသားနှင့် စတုတ္ထမင်းသမီးလေးတို့၏ တစ်နှစ်ပြည့် မွေးနေ့ပွဲကို အကြီးအကျယ် ကျင်းပပြီးမှသာ နန်းတွင်းသည် အမှန်တကယ် ပြန်လည်စည်ကားလာခဲ့သည်။
ကလေးနှစ်ဦး၏ ‘ကျွာကျိုး’ (စမ်းသပ်ပွဲ - ကလေးရှေ့တွင် ပစ္စည်းများ ချထားပြီး ရွေးချယ်ခိုင်းခြင်း) မှာလည်း အင်မတန် ရယ်စရာ ကောင်းလှသည်။ ဆဌမမင်းသားလေးသည် ပစ္စည်းများကို မကြည့်ဘဲ သူ့အစ်ကိုဖြစ်သူ စတုတ္ထမင်းသားကိုသာ တင်းကျပ်စွာ သွားရောက်ဆုပ်ကိုင်ထားခဲ့သည်။ စတုတ္ထမင်းသမီးလေးမှာမူ ပို၍ အံ့သြစရာကောင်းသည် - သူမသည် မိန်းကလေးများ ရွေးလေ့ရှိသော ပစ္စည်းများကို ကျော်ဖြတ်ကာ၊ သူမ၏ မောင်လေးအတွက် ပြင်ထားသော လေးနှင့် မြား ကို သွားရောက် ဆုပ်ကိုင်လိုက်ခြင်းဖြစ်၏။
ယဲ့ယွင်မှာ နဖူးကို လက်နှင့်အုပ်ကာ သက်ပြင်းချမိတော့သည် - ဤကလေး သုံးယောက်လုံးမှာ တစ်ယောက်မှ ပုံမှန်မဟုတ်ကြပေ။
ကျောက်ချွန်းနန်းဆောင်တွင် ရယ်မောသံများ ပြည့်နှက်နေချိန်၌၊ ချုံချွေ့နန်းဆောင် (ရှန်ဖေးဆောင်) မှာမူ အေးစက်ခြောက်ကပ်နေဆဲဖြစ်သည်။ လွန်ခဲ့သောနှစ်က နန်းတွင်းအာဏာကို အသိမ်းခံရပြီးနောက်၊ ယဲ့ယွင်သည် အာဏာကို သူမ၏လက်ထဲတွင်သာ ဆုပ်ကိုင်ထားပြီး ရှန်ဖေးအား တစ်စက်ကလေးမျှ ပြန်မပေးခဲ့ပေ။ ယခုအခါ ရှန်ဖေးသည် ရုန်ရှူးဖေးလောက်ပင် နေရာမရတော့ဘဲ မည်သည့်ကိစ္စကိုမျှ ဝင်ရောက်ပြောဆိုခွင့် မရှိတော့ပေ။
ထို့ကြောင့် သူမသည် အာဏာကို ဘယ်လိုပြန်ယူရမလဲဆိုတာကို နည်းလမ်းမျိုးစုံဖြင့် ကြံစည်နေတော့သည်။
***