အခန်း (၄၃၃-၄၃၄)
Vol. 28 Ch. 433-434
အခန်း ၄၃၃ ။ စိတ်စောခြင်း
“မေမေ... ဆဌမညီလေးကို ဆုံးမပေးပါဦး၊ သူက လမ်းကို ကောင်းကောင်းမလျှောက်ဘဲ ဂျီကျနေတာ!”
အပြင်ဘက်မှ စတုတ္ထမင်းသားလေး၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။
နင်ချန်နှင့် ယဲ့ယွင်တို့ နှစ်ဦးသား ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ - လမ်းလျှောက်တတ်ကာစ ဆဌမမင်းသားလေးသည် သူ့အစ်ကိုဖြစ်သူ စတုတ္ထမင်းသား၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်ထားပြီး ချိုမြိန်စွာ ရယ်မောနေသည်ကို တွေ့ရသည်။ မနီးမဝေးတွင်လည်း စတုတ္ထမင်းသမီးလေးမှာ နို့ထိန်း၏လက်ကို ဆွဲကာ အစ်ကိုများရှိရာသို့ တအိအိနှင့် လာနေပြန်သည်။
အကြီးက အငယ်ကို လမ်းမှားပြနေသကဲ့သို့ပင်၊ ကလေးနှစ်ဦးစလုံးက စတုတ္ထမင်းသား၏ ခြေထောက်ကို တစ်ဖက်တစ်ချက်စီ ဖက်ထားကြတော့သည်။ ညန်ကောင်းကလည်း အမြီးနံ့ကာ သခင်လေး သုံးဦးကို ပတ်ချာလည်နေပြီး၊ အခွင့်ကောင်းရလျှင် ဝင်လုံးတော့မည့် အမူအရာ ဖြစ်နေသည်။
ယဲ့ယွင်နှင့် နင်ချန်တို့သည် တစ်ဦးကိုတစ်ဦးကြည့်ကာ မတတ်သာသည့်အပြုံးများ ပြုံးမိကြသည်။ သူတို့သည် စုတ်တံများကိုချကာ စတုတ္ထမင်းသားအား သွားရောက်ကယ်တင်ကြရတော့သည်။
တစ်ဦးလျှင် ကလေးတစ်ယောက်စီ ပွေ့ချီလိုက်ကြသည်။ ယဲ့ယွင်က ဆဌမမင်းသားကို ချီကာ၊ နင်ချန်က စတုတ္ထမင်းသမီးလေးကို ပွေ့ထားသည်။ ကလေးငယ် နှစ်ဦးမှာ စကားသင်ကာစဖြစ်ရာ ဘာတွေပြောနေမှန်းမသိအောင် အော်ဟစ်နေကြသည်။
“သားတော် ခမည်းတော်နဲ့ မေမေ့ကို ဂါရဝပြုပါတယ်” ဟု စတုတ္ထမင်းသားလေးက စနစ်တကျ ဂါရဝပြုသည်။ ယခုအခါ သူသည် လူကြီးလေး တစ်ယောက်ကဲ့သို့ အတော်လေး တည်ငြိမ်လာခဲ့ပြီ။
ယဲ့ယွင်မှာ အရပ်ရှည်သူဖြစ်သလို နင်ချန်မှာလည်း အရပ်မြင့်သူဖြစ်ရာ၊ စတုတ္ထမင်းသားလေးမှာလည်း မင်းသားများထဲတွင် ထင်ရှားစွာ အရပ်ထွက်လာခဲ့သည်။ ယခုဆိုလျှင် သူထက် နှစ်နှစ်ကြီးသော တတိယမင်းသားနှင့် အရပ်တူနေပြီဖြစ်ရာ၊ နောက်ထပ် အနည်းငယ် ကြီးလာပါက ကျော်တက်သွားမည့်ပုံပင်။ ဤအချက်ကြောင့် ယိကျောင်းရုန်မှာ စိတ်ပူကာ တတိယမင်းသားအား အားဆေးများစွာ တိုက်ကျွေးနေသဖြင့်၊ ကလေးမှာ အားလွန်ပြီး နှာခေါင်းသွေးပင် အကြိမ်ကြိမ် ထွက်ခဲ့ရသေးသည်။
“ကိုကို!” ဟု ဆဌမမင်းသားလေးက ယဲ့ယွင်၏ ရင်ခွင်ထဲမှနေ၍ အားရပါးရအော်ခေါ်လိုက်သည်။ သို့သော် အသံမှာ သေသေချာချာ မပီသသေးပေ။
စတုတ္ထမင်းသားလေးက အနည်းငယ် မျက်နှာရှုံ့မဲ့ပြသော်လည်း ပြန်ထူးရန် ပြင်နေစဉ်မှာပင်၊ ညန်ကောင်း က အရင်ဦးအောင် ‘ဝေါင်ဝေါင်’ ဟု ဟောင်လိုက်ရာ အမြီးမှာလည်း လေထဲတွင် ဝဲနေတော့သည်။ လူတိုင်း ကြောင်သွားကြသည်။
ယဲ့ယွင်က ရယ်မောကာ - “အို... ဆဌမလေးခေါ်တာက ‘ကိုကို’ လား၊ ‘ဂိုးဂိုး’ (ညန်ကောင်း) လား မသိဘူးနော်” ဟု စနောက်လိုက်သည်။
ထိုအခါ စတုတ္ထမင်းသားလေး၏မျက်နှာမှာ ချက်ချင်းပင် ညိုမှောင်သွားတော့သည်။ “မေမေကလည်း... ဘာလို့ ဆဌမလေးလို ဖြစ်နေရတာလဲ!”
“ဘာလို့လဲဆိုတော့ ဆဌမလေးက မေမေနဲ့ တူလို့ပေါ့” ယဲ့ယွင်က တမင်တကာ ထပ်စသည်။
စတုတ္ထမင်းသားလေးမှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားပြီး ခဏအကြာမှ - “ယောကျာ်းကောင်းဆိုတာ မိန်းမတွေ၊ ကလေးတွေနဲ့ အချေအတင် မလုပ်ဘူး” ဟု လူကြီးစတိုင်ဖမ်းကာ ပြောချလိုက်တော့သည်။
ယဲ့ယွင်မှာ တဟားဟား ရယ်မောမိတော့သလို၊ ဆဌမမင်းသားလေးကလည်း မိခင်ဖြစ်သူ ရယ်သည်ကို ကြည့်ပြီး လိုက်ရယ်နေတော့သည်။ စတုတ္ထမင်းသားလေးမှာတော့ မိခင်နှင့် ညီအသေလေးကို ကြည့်ရင်း ဘာမှပြန်မပြောနိုင်ဘဲ ငိုင်နေရရှာသည်။ ဘေးမှ ကြည့်နေသော နင်ချန်မှာလည်း သားအမိတွေ စနောက်နေသည်ကို ကြည့်ပြီး မအောင့်နိုင်ဘဲ ပြုံးလိုက်မိတော့သည်။
အားလုံး အထဲဝင်လာကြပြီးနောက် ကလေးငယ်နှစ်ဦးကို ကုတင်ပေါ်တွင် ကစားခိုင်းလိုက်သည်။ လုမေ့နှင့် လုဟယ်တို့က အဝတ်ရုပ်လေးများစွာ လုပ်ပေးထားသဖြင့် ကလေးများမှာ အလွန်ပျော်နေကြသည်။
စတုတ္ထမင်းသားလေးက စားပွဲပေါ်မှ ပစ္စည်းများကို မြင်သည်နှင့် - “မေမေ စွန်လုပ်မလို့လား” ဟု မေးသည်။
“ဟုတ်တယ်လေ။ သားတော်လည်း တစ်ခုလုပ်မလား၊ ကျောင်းပိတ်ရက်ကျရင် တို့တွေ အတူတူ သွားလွှတ်ကြတာပေါ့” ဟု ယဲ့ယွင်က ဆိုသည်။
ကလေးပီပီ စွန်လွှတ်ရမည်ဆိုသဖြင့် သူ ဝမ်းသာအားရ ခေါင်းညိတ်သည်။ ထိုနေ့ နံနက်ခင်း တစ်ခုလုံးတွင် နင်ချန်က စွန်၏အကြမ်းထည်ကို လုပ်ပေးပြီး၊ ယဲ့ယွင်က ပုံဆွဲပေးခဲ့သည်။ အစေခံများ၏ ကူညီမှုဖြင့် စွန် နှစ်ခုလုံး ပြီးစီးသွားခဲ့သည်။ သို့သော် ယဲ့ယွင်က စနောက်ချင်သဖြင့် သူမနှင့် နင်ချန်အတွက် ‘လင်းယုန်’ ပုံစံ လုပ်ပြီး၊ စတုတ္ထမင်းသားအတွက်မူ ‘ကြက်ကလေး’ ပုံစံလေး လုပ်ပေးလိုက်သည်။ စတုတ္ထမင်းသားလေးမှာ အတော်လေး စိတ်ကောက်သွားသဖြင့်၊ နောက်ဆုံးတွင် နင်ချန်က နောက်ထပ်တစ်ခု ထပ်လုပ်ပေးမည်ဟု ကတိပေးမှသာ အဆင်ပြေသွားတော့သည်။
နေလည်စာ စားပြီးနောက် စတုတ္ထမင်းသားလေးမှာ နေ့ခင်းဘက် အိပ်စက်ရန် ပြန်သွားသလို၊ နင်ချန်နှင့် ယဲ့ယွင်တို့လည်း ခန လှဲနားခဲ့ကြသည်။ နင်ချန်သည် နေ့ခင်းပိုင်းတွင် စာလွှာများ စစ်ရန် ရှိသဖြင့်၊ အိပ်ချင်မူးတူးဖြစ်နေသော ယဲ့ယွင်ကို မနှိုးတော့ဘဲ တိတ်တဆိတ်ပင် ကျိုချန်နန်းဆောင်သို့ ပြန်သွားခဲ့သည်။
…..
နင်ချန် ထွက်သွားပြီးနောက် ယဲ့ယွင် နိုးလာကာ အစေခံများ၏ အကူအညီဖြင့် ထိုင်လိုက်သည်။ ထိုအချိန်တွင် လုကျစ် အထဲဝင်လာကာ မျက်နှာသုတ်ပဝါ ကမ်းပေးရင်း သတင်းပို့လာသည်။
“မယ်မယ်... ဒီနေ့ ကျောက်ချွန်းနန်းဆောင်ရဲ့ နောက်ဖေးတံခါးနားမှာ မသိတဲ့ မိန်းမစိုးတစ်ယောက် ခဏခဏ လာဝဲနေတာကို တွေ့ရပါတယ်။ သူက ကျွန်တော်မျိုးမတို့အဆောင်ရဲ့ အမှိုက်သယ်တဲ့ ရှောင်ယင့်ကို စကားပြောဖို့ ကြိုးစားနေပုံရတယ်”
“သေချာရဲ့လား” ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။
လုကျစ်က ခေါင်းညိတ်သည် - “အစက ရှောင်ယင့်ကိုယ်တိုင်က မသင်္ကာလို့ ကျွန်တော်မျိုးမကို လာပြောတာပါ။ ဒါနဲ့ ကျွန်တော်မျိုးမ ကိုယ်တိုင် သွားချောင်းကြည့်တော့... တစ်နာရီအတွင်းမှာတင် သူ သုံးခါလောက် ရောက်လာတာ တွေ့ခဲ့ရပါတယ်”
၎င်းမှာ ပြဿနာရှိနေသည်မှာ သေချာလှသည်။ ယဲ့ယွင်သည် မှန်ထဲမှ မိမိကိုယ်ကိုယ် ကြည့်ရင်း မျက်ဝန်းများ အေးစက်သွားသည်။ သူမသည် မျက်ခုံးကို ဆွဲရင်း တိုးတိုးလေး ဆိုလိုက်သည် -
“စောင့်ကြည့်ထားလိုက်စမ်း။ ဘယ်သူကများ အသားယားနေပြန်ပြီလဲဆိုတာ ငါ သိချင်လှပြီ”
“ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုးမကိုယ်တိုင် သွားကြည့်ပါ့မယ်” ဟု လုကျစ်က ဂါရဝပြုကာ ထွက်သွားသည်။ ယခုအခါ သူမသည် ခုန်းချင်းနှင့်အတူ အပြင်သတင်းများ စုံစမ်းသည့် တာဝန်ကို ကောင်းစွာ ထမ်းဆောင်နေသူဖြစ်၏။
လုကျစ် ထွက်သွားသည်နှင့် နန်ကျစ်အထဲသို့ အမြန်ဝင်လာသည်။ သူမသည် အခြားအစေခံများကို အပြင်သို့ ထွက်ခိုင်းလိုက်ပြီးမှ၊ သူမ၏ရင်ဘက်ထဲမှ စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။
“မယ်မယ်... ချီရွှင်ရုန်ရဲ့ကိစ္စကတော့ သဲလွန်စ ရပါပြီ။ အရင်က ချီရွှင်ရုန်အတွက် ဆီးသီးယိုကိတ် လုပ်ပေးတဲ့ စားတော်ကဲရဲ့ နာမည်က ကျိုးဟယ်ပါတဲ့။ သူ နန်းတော်က ထွက်သွားပြီးကတည်းက တိတ်တဆိတ် အသတ်ခံရဖို့ အမဲလိုက် ခံခဲ့ရပါတယ်။ သူ့မိသားစုဝင်တွေလည်း အသတ်ခံလိုက်ရပြီး၊ သူကတော့ ချန်းကျိုးအထိ ထွက်ပြေး လွတ်မြောက်ခဲ့တာပါ။ အခုတော့ မယ်မယ့်ရဲ့ ဝမ်းကွဲအစ်ကို (ချူယွင်ဟုန်) ရဲ့ လူတွေက သူ့ကို ဖမ်းမိထားပါပြီ”
ယဲ့ယွင်သည် စာကို ယူ၍ ဖတ်ကြည့်လိုက်သည်။ ၎င်းမှာ သူမ၏ ဝမ်းကွဲအစ်ကို ချူယွင်ဟုန်၏ လက်ရေးပင်ဖြစ်၏။ စာထဲတွင် - ကျိုးဟယ်သည် အရာအားလုံးကို ဝန်ခံသွားပြီဖြစ်ကြောင်း၊ ကျင်းရှန်ဖေးက သူ့အား စေခိုင်း၍ ချီရွှင်ရုန်၏ အစားအသောက်ထဲတွင် မသန့်ရှင်းသော အရာများကို ထည့်ခိုင်းခဲ့သဖြင့် ဗိုက်ထဲမှ ကလေးကို အားနည်းသွားစေခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
မူလက အဲဒီဆေးတွေကို ဆက်တိုက်ကျွေးသွားရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း၊ ဧကရာဇ်က အချိန်စော၍ နန်းတော် ပြန်လာသဖြင့်၊ နန်းတွင်းအာဏာကို ကိုင်တွယ်မည့် ယဲ့ယွင် ရိပ်မိသွားမည်စိုးသောကြောင့် ရှန်ဖေးက သူ့အား နန်းတော်မှ အမြန်နှင်ထုတ်ခဲ့ခြင်းပင်။ ဆေးဖြတ်လိုက်သဖြင့် ချီရွှင်ရုန်၏ ကျန်းမာရေး အနည်းငယ် ပြန်ကောင်းလာသော်လည်း၊ ကလေး၏ အခြေခံမှာ ပျက်စီးသွားခဲ့ပြီဖြစ်ရာ မွေးလာချိန်တွင် အသက်မရှင်နိုင်ခဲ့ခြင်း ဖြစ်တော့သည်။
စာအိတ်ထဲတွင် ကျိုးဟယ်၏ လက်မှတ်ရေးထိုးထားသော ဝန်ခံချက်ပါ ပါရှိနေသည်။ ၎င်းကို ဖတ်ပြီးနောက် ယဲ့ယွင်၏ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားရသည်။ ရှန်ဖေးသည် ဤမျှအထိ ရက်စက်သော နည်းလမ်းဖြင့် ရင်သွေးကို သတ်ဝံ့သည်ဆိုလျှင်၊ သူမ၏လက်ထဲတွင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရမည်မှာ သေချာလှသည်။
“ရှန်ဖေးက တကယ်ကို ရဲတင်းလွန်းတာပဲ! တော်ဝင်ရင်သွေးကိုတောင် လုပ်ကြံရဲတယ်ဆိုတော့... သခင်မ အခုချက်ချင်းပဲ ဒီဝန်ခံချက်ကို အရှင်မင်းကြီးဆီ တင်ပြလိုက်ပါလား!” ဟု ဟွေယွဲ့က မကျေမနပ် ဆိုသည်။
သို့သော် ယဲ့ယွင်က ခေါင်းခါသည် - “အခုက အချိန်မတိုင်သေးဘူး။ စာတစ်စောင်တည်းနဲ့တော့ သူမကို အပြစ်ပေးဖို့ မလုံလောက်ဘူး။ နောက် ခြောက်ရက်၊ ခုနစ်ရက်လောက်နေရင် ကျိုးဟယ်ကို မြို့တော်ကို ခေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျမှ သက်သေရော၊ လူရော စုံစုံလင်လင်နဲ့ သူမကို တစ်ခါတည်း အမြစ်ဖြတ်ရမယ်”
ရှန်ဖေးသည် နှစ်ပေါင်းများစွာ နန်းတွင်း၌ အောင်းနေနိုင်သူဖြစ်ရာ ပါးနပ်လှပေသည်။ အကယ်၍ အထောက်အထား မစုံလင်ဘဲ လှုပ်ရှားမိပါက၊ သူမက ပြန်လည်ချေပခွင့်ရသွားမည်ကို ယဲ့ယွင် မလိုလားပေ။
“ဒီစာကို သေသေချာချာ သိမ်းထားလိုက်စမ်း။ ဒီရက်ပိုင်းအတွင်းမှာ ဘယ်သူ့ကိုမှ သတင်းမပေါက်ကြားစေနဲ့” ဟု ယဲ့ယွင်က အေးစက်သော အကြည့်ဖြင့် မှာကြားလိုက်သည်။ လွန်ခဲ့သောနှစ်က သူမအား မွေးဖွားရခက်အောင် လုပ်ကြံခဲ့သည့် ရန်ကြွေးကို ဆပ်ရမည့်အချိန် ရောက်လာခဲ့လေပြီ။
ထိုအချိန်တွင် ရှန်ဖေးမှာမူ မိမိ အန္တရာယ်ကျရောက်တော့မည်ကို မသိဘဲ - ယဲ့ယွင် သောက်နေသော ကိုယ်ဝန်တားဆေးအဖတ်များကို ဘယ်လိုယူရမလဲဟူသော အချက်ပေါ်တွင်သာ အာရုံစိုက်နေတော့သည်။ သူမသည် ထိုဆေးအဖတ်များကို သက်သေအဖြစ် အသုံးချကာ ဧကရာဇ်ထံ တိုင်တန်းရန် စိတ်စောနေခြင်းဖြစ်၏။
သို့သော် ရှန်ဖေး၏ ‘စိတ်စောခြင်း’ ကြောင့်ပင်၊ ယဲ့ယွင်က သူမ၏ မူမမှန်မှုကို အလျင်အမြန်ပင် ရိပ်မိသွားလေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 434
အခန်း ၄၃၄ ။ ကိုယ့်သေတွင်းကိုယ်တူးခြင်း
နောက်တစ်နေ့ညတွင် ထိုမိန်းမစိုးလေး တစ်ဖန်ပြန်၍ ဝဲလည်လည် လုပ်နေချိန်၌၊ ယဲ့ယွင်၏ ညွှန်ကြားချက်အရ ရှောင်ယင့်သည် သူနှင့် ရင်းနှီးအောင် တမင် စကားစမြည် ပြောဆိုခဲ့သည်။ အပြောအဆိုများအရ ၎င်းမှာ ချုံချွေ့နန်းဆောင်မှ လူဖြစ်နိုင်ကြောင်း ခန့်မှန်းရသော်လည်း သေသေချာချာ မသိရသေးသဖြင့် တိတ်တဆိတ် နောက်မှ လိုက်ကြည့်ခိုင်းလိုက်သည်။
ထိုမိန်းမစိုးမှာ အင်မတန် သတိကြီးလှသည်။ လမ်းကြားလေးများမှ ပတ်သွားရုံတင်မက၊ နန်းတွင်းကို တစ်ပတ်ပတ်ပြီးနောက် အလုပ်ကြမ်းသမားဆောင်ထဲတွင် တစ်နာရီနီးပါး အောင်းနေခဲ့သေးသည်။ အမှောင်ထုကြီးစိုးချိန်မှသာ တိတ်တဆိတ် ပြန်ထွက်လာပြီး ချုံချွေ့နန်းဆောင်သို့ ဝင်သွားခဲ့ခြင်းဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ခုန်းချင်းသည် သတိရှိရှိနှင့် တစ်ဖက်လူကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သဖြင့်သာ၊ မဟုတ်လျှင်မူ ထိုမိန်းမစိုးအား အလုပ်ကြမ်းသမားဆောင်မှ လူဟု ထင်ယောင်ထင်မှား ဖြစ်သွားပေလိမ့်မည်။
ကျောက်ချွန်းနန်းဆောင်သို့ ပြန်ရောက်သည်နှင့် ခုန်းချင်းက အမြန်အစီရင်ခံသည်။ ယဲ့ယွင်သည် ဆိုဖာပေါ်တွင် မှီလျက် နားထောင်ပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။
“ကြည့်စမ်း... ဒါက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။ ငါတို့က ဓားတောင် မထုတ်ရသေးဘူး၊ သူက အရင်ဦးအောင် လာတိုးနေပြီပဲ။”
ဟွေယွဲ့ကလည်း နှာခေါင်းရှုံ့ကာ - “သူ့ရဲ့ မကောင်းတဲ့စိတ်က မကုန်သေးဘူးပဲ။ ဘာတွေ ထပ်ပြီး ကယောင်ကတမ်း လုပ်ဦးမလဲ ကြည့်ကြသေးတာပေါ့။”
ယဲ့ယွင်က မျက်လွှာချကာ - “ရှောင်ယင့်ကို သွားပြောလိုက်။ မနက်ဖြန် အဲဒီလူ ထပ်လာရင် သူလိုချင်တာကို ပေးလိုက်၊ သူသိချင်တာတွေကိုလည်း နည်းနည်းပါးပါး ထုတ်ပြောလိုက်ပါစေ။” ဟု မှာကြားလိုက်သည်။
ခုန်းချင်း ခေါင်းညိတ်ကာ ချက်ချင်း ထွက်သွားတော့သည်။
“မယ်မယ် စောစော နားပါတော့။ ကျင်းရှန်ဖေး ဒီလောက် စိတ်စောနေမှတော့... ဒီနှစ်ရက်အတွင်းမှာပဲ လက်ပါတော့မှာပါ။ တို့တွေကတော့ ငါးစာဟပ်မှာကိုပဲ စောင့်ရုံပါပဲ။” ဟု နန်ကျစ်က ပြုံးလျက်ဆိုသဖြင့်၊ ယဲ့ယွင်လည်း နှုတ်ခမ်းတွန့်ကာ ပြုံးပြီးနောက် အတွင်းခန်းသို့ ဝင်၍ အနားယူလိုက်တော့သည်။
…….
အမှန်ပင် နောက်တစ်နေ့ မနက်ခင်း၌ ကျောက်ချွန်းနန်းဆောင်မှ ဆေးအညစ်အကြေးများ သယ်ထုတ်ချိန်တွင် ထိုမိန်းမစိုး တစ်ဖန်ရောက်လာပြန်သည်။ ရှောင်ယင့်က တမင်တကာ သတိလျော့ဟန်ဆောင်ပေးလိုက်ရာ၊ ထိုသူသည် ဆေးအဖတ်များကို ကောက်ယူ၍ ထွက်သွားခဲ့တော့သည်။
၎င်းကို ကြားသိရချိန်တွင် ယဲ့ယွင်သည် ရှန်ဖေး ဘာကြံစည်နေသည်ကို အတပ်သိလိုက်ပြီဖြစ်၏။ နန်းတွင်းရှိ ကိုယ်လုပ်တော်တို့၏ တာဝန်မှာ ဧကရာဇ်အား ပြုစုရန်နှင့် တော်ဝင်မျိုးဆက် ပြန့်ပွားအောင် လုပ်ဆောင်ရန် ဖြစ်သည်။ ဧကရာဇ်က တားမြစ်ထားခြင်းမရှိလျှင် ကိုယ်လုပ်တော်တို့သည် တိတ်တဆိတ် ကိုယ်ဝန်တားဆေး သောက်သုံးခွင့်မရှိပေ။
သို့သော် ယဲ့ယွင်မှာမူ မွေးဖွားစဉ်က ခန္ဓာကိုယ် ထိခိုက်ထားသဖြင့် ကိုယ်ဝန်ထပ်မရရန် နင်ချန်ကိုယ်တိုင် အထူးစီမံပေးထားသော ဆေးကို သောက်နေခြင်း ဖြစ်၏။ ယင်းဝမ်ရုန်၏ ဆွေမျိုးဖြစ်သူ ရွမ်ရှီမှာ ဆေးကို သေသေချာချာ သိသော်လည်း - ထိုဆေးမှာ ကိုယ်ဝန်တားပေးရုံတင်မက၊ သွေးအားကောင်းစေသော ‘အားဆေး’ လည်း ဖြစ်သည်ကိုမူ သူမ မသိခဲ့ပေ။ ထို့ကြောင့် ယဲ့ယွင်သည် ၎င်းကို နေ့စဉ်သောက်ရမည့် အားဆေးအဖြစ်သာ သောက်သုံးနေခြင်းဖြစ်သည်။
ရှန်ဖေးမှာ မျက်နှာသာ မရသည်မှာ ကြာပြီဖြစ်ရာ၊ ဤ ‘ကိုယ်ဝန်တားဆေး’ ကို အသုံးချ၍ ကြီးမားသော ပြဿနာတစ်ခုဖန်တီးရန် ကြံစည်နေခြင်းပင်။
နံနက်စာစားပြီးနောက် ရှန်ဖေးသည် ‘အစာအိမ် မကောင်း’ ဟု အကြောင်းပြကာ သူမ အမြဲသုံးနေကျ သမားတော်ကို ခေါ်ယူခဲ့သည်။ နာရီဝက်ခန့်အကြာတွင် ရှန်ဖေးသည် ကျိုချန်နန်းဆောင်သို့ ထွက်ခွာသွားကြောင်း သတင်းရောက်လာသည်။ အချိန်အားဖြင့် နင်ချန် ညီလာခံဆင်းချိန်နှင့် ကွက်တိပင် ဖြစ်၏။
“တကယ်ကို မစောင့်နိုင်တော့ဘူးပဲ။” ယဲ့ယွင်က ပြုံးလိုက်သည် - “ငါ့အတွက် အဝတ်အစား ပြင်စမ်း။ အဲဒီစာကိုလည်း ယူခဲ့ဦး... ငါတို့တွေ ရှန်ဖေးမယ်မယ်ရဲ့ မီးပုံထဲကို လောင်စာ သွားထည့်ပေးရအောင်။”
…..
ကျိုချန်နန်းဆောင်။
နင်ချန်သည် ညီလာခံဝတ်စုံကို လဲကာစမှာပင် ရှန်ဖေး ရောက်ရှိနေကြောင်း ကြားလိုက်ရသည်။
“ကြည့်ရတာ ရှန်ဖေးမယ်မယ်ရဲ့မျက်နှာက တော်တော်လေး လေးနက်နေသလိုပဲ၊ စကားလည်း ဖုံးဖုံးဖိဖိ ပြောနေတာဆိုတော့... အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါလိမ့်မယ်။” ဟု ယွမ်ကျိုက တင်ပြသည်။
“ဒါဆိုလည်း ဝင်ခိုင်းလိုက်ပါ။”
ခနအကြာတွင် ရှန်ဖေးသည် ထန်ရှန်းကိုခေါ်၍ အထဲဝင်လာခဲ့သည်။ သူမသည် ဂါရဝပြုသော်လည်း၊ စိတ်လှုပ်ရှားနေမှုကြောင့် ပုံမှန်ကဲ့သို့ တည်ငြိမ်ခြင်း မရှိပေ။ နင်ချန်သည် သူမ၏မူမမှန်မှုကို ချက်ချင်း သတိပြုမိလိုက်သည်။
“နေပါဦး... ရှန်ဖေးမှာ ဘာကိစ္စရှိလို့ ဒီလောက် အလောတကြီး လာရတာလဲ။”
ရှန်ဖေးသည် စိတ်ကို ထိန်းချုပ်ရန် လက်ဖဝါးကို ဆိတ်လိုက်ပြီးမှ - “အရှင်မင်းကြီး... ဒါဟာ ကွေ့ဖေးမယ်မယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စမို့၊ အခြားသူတွေကို ခန ဖယ်ပေးစေချင်ပါတယ်။”
သူမ၏ပုံစံမှာ ယဲ့ယွင်အတွက် အင်မတန် စိုးရိမ်ပေးနေသည့်အလားပင်။ သို့သော် အခန်းထဲတွင် အစေခံများစွာ ရှိနေသဖြင့်၊ အနည်းဆုံးတော့ ရှန်ဖေး ပြောမည့်စကားမှာ ကွေ့ဖေးနှင့် သက်ဆိုင်သည်ကို လူများစွာ သိသွားကြပြီဖြစ်၏။ သူမ၏ ဤ ‘အကွက်’ မှာ အင်မတန် ယုတ်မာလှပေသည်။ နင်ချန်သည် ယဲ့ယွင်နှင့် ပတ်သက်နေသဖြင့် စိုးရိမ်စိတ်ဖြင့် လူများကို အပြင်ထွက်ခိုင်းလိုက်သည်။
လူရှင်းသွားမှ ရှန်ဖေးသည် စက္ကူထုပ်လေးတစ်ထုပ်ကို ထုတ်ပြလိုက်သည်။ အထဲတွင် ဆေးအဖတ်အချို့ ပါရှိနေ၏။
“အရှင်မင်းကြီး... လွန်ခဲ့တဲ့ ရက်ပိုင်းက ယင်းဝမ်ရုန် ချန်းချဲ့ဆီ လာလည်တုန်းက၊ သူမမှာ မျက်နှာသာ ရနေပေမဲ့ ဘာလို့ ကိုယ်ဝန်မရသေးတာလဲလို့ မေးခဲ့မိပါတယ်။ အဲဒါနဲ့ ချန်းချဲ့က သမားတော် ပြောင်းကြည့်ဖို့ အကြံပေးလိုက်ရာကနေ... သူမ သောက်နေတဲ့ ဆေးဟာ အားဆေး မဟုတ်ဘဲ ‘ကိုယ်ဝန်တားဆေး’ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။”
နင်ချန်၏ မျက်မှောင်များကြုတ်သွားကာ မျက်ဝန်းများ ကျုံ့ဝင်သွားသည်။
ရှန်ဖေးက ဆက်ပြောသည် - “ချန်းချဲ့က တစ်ယောက်ယောက်က သူမကို လုပ်ကြံတယ် ထင်ခဲ့ပေမဲ့၊ ယင်းဝမ်ရုန်က ထွက်ဆိုတာကတော့... ဒီဆေးနည်းကို သူမက ကွေ့ဖေး (ယဲ့ယွင်) ဆီကနေ နည်းမျိုးစုံနဲ့ ရခဲ့တာပါတဲ့။ ချန်းချဲ့ ကွေ့ဖေးကို မကောင်းတဲ့ဘက်က မတွေးချင်ပေမဲ့၊ ယင်းဝမ်ရုန်က နုပျိုလှပသလို မိသားစု နောက်ခံလည်း ကောင်းတော့... အကယ်၍ သူမသာ ရင်သွေး မွေးလာရင်...”
ရှန်ဖေးက စကားကို တစ်ဝက်နှင့် ရပ်လိုက်သည်။ နင်ချန်၏မျက်နှာမှာမူ မှောင်ကျသွားခဲ့ပြီ။ ရှန်ဖေး ဤမျှအထိ အားစိုက်လာခြင်းမှာ ယဲ့ယွင်ကို အပုပ်ချရန်ဖြစ်နေသည် မဟုတ်လား။ ရှန်ဖေးကတော့ နင်ချန် စိတ်ဆိုးနေသည်မှာ ယဲ့ယွင်ကို စိတ်ဆိုးနေသည်ဟု ထင်မှတ်ကာ ပို၍ မြှောက်ပင့်ပြောဆိုတော့သည်။
“အစက ချန်းချဲ့လည်း မယုံပါဘူး။ ယင်းဝမ်ရုန်က ပြောတာတော့... ဒါဟာ အရှင်မင်းကြီးက ကွေ့ဖေးကို အထူးပေးထားတဲ့ ဆေးနည်းပါတဲ့။ တစ်ခုခုလွဲနေမလားလို့ ချန်းချဲ့က ဆေးအဖတ်တွေကို ထပ်ပြီး စုံစမ်းခိုင်းလိုက်ရာမှာ... အမှန်ပဲ ကိုယ်ဝန်တားဆေးဖြစ်နေတာကို တွေ့ရပါတယ်။ ကွေ့ဖေးမယ်မယ်က ဘာလို့ ဒီဆေးမျိုးကို သောက်ရတာလဲ၊ ယင်းဝမ်ရုန်ကိုပါ ဘာလို့ နစ်နာအောင် လုပ်ရတာလဲ မသိပါဘူး။”
ပြောပြီးနောက် ရှန်ဖေးသည် မျက်နှာမကောင်းဟန်ဆောင်ကာ တိတ်ဆိတ်သွားတော့သည်။
နင်ချန်၏ရင်ထဲတွင် အေးစက်လှသော အရှိန်အဝါများ ပေါ်ပေါက်လာခဲ့သည်။ အကယ်၍သာ ဤဆေးကိစ္စမှာ သူကိုယ်တိုင် ယဲ့ယွင်အတွက် စီစဉ်ပေးခဲ့ခြင်း မဟုတ်ပါက - ယခု ရှန်ဖေး၏ စကားများကြောင့် သူသည် ယဲ့ယွင်ကို အထင်လွဲကာ အကြီးအကျယ် ဒေါသထွက်နေမိပေလိမ့်မည်။
ရှန်ဖေးသည် ဤမျှအထိ အကွက်ဆင်ကာ ယဲ့ယွင်အား ဓားနှင့် ထိုးရန် ကြိုးစားနေခြင်းဖြစ်၏။ ဤနေရာတွင်မှ ရှန်ဖေး နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော ‘အေးဆေးလိမ္မာသူ’ ဆိုသည့် ပုံရိပ်မှာ နင်ချန်၏စိတ်ထဲတွင် အစိစိအကွဲကွဲ ပျက်စီးသွားတော့သည်။
“ရှန်ဖေးရဲ့အမြင်အရတော့... ဒီကိစ္စကို ကျန်း ဘယ်လို စီရင်သင့်လဲ။” နင်ချန်က အေးစက်စွာ မေးလိုက်သည်။
ရှန်ဖေးသည် အောင်မြင်တော့မည်ဟု ထင်မှတ်ကာ ဝမ်းသာအားရဖြစ်နေသဖြင့် နင်ချန်၏လေသံကို သတိမပြုမိတော့ပေ။
“ကွေ့ဖေးမယ်မယ်ရဲ့လုပ်ရပ်ဟာ ဧကရာဇ်ရဲ့ကျေးဇူးတော်ကို စော်ကားတာ ဖြစ်ပေမဲ့၊ တစ်ခုခုတော့ အကြောင်းပြချက် ရှိမှာပါ။ အရှင်မင်းကြီးအနေနဲ့ ကျောက်ချွန်းနန်းဆောင်ကို လူလွှတ်ပြီး အမြန် ရှာဖွေခိုင်းလိုက်တာက ပိုကောင်းမယ် ထင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေကို တွေ့မှသာ အပြစ်ပေးရတာ ပိုပြီး ခိုင်လုံမှာပါ...”
သူမ၏စကားပင် မဆုံးသေးမီမှာပင်၊ အနောက်ဘက်မှ နန်းဆောင်တံခါးကြီးသည် တကျိကျိမြည်ကာ ပွင့်သွားလေသည်။
***