အခန်း (၄၃၅-၄၃၆)
Vol. 28 Ch. 435-436
အခန်း ၄၃၅ ။ အမှန်တရား ပေါ်ပေါက်ခြင်း
“ရှန်ဖေးက တကယ်ကို အကွက်စေ့စေ့နဲ့ တွက်ကိန်းထုတ်ထားတာပဲနော်။ အရှင်မင်းကြီးကို အသုံးချပြီး ပန်ကုန်းကို အပြစ်ပေးခိုင်းရုံတင်မကဘဲ၊ အဆောင်ကို ဝင်ရှာခိုင်းပြီး ပန်ကုန်းကို အကြီးအကျယ် အရှက်ခွဲဖို့အထိ ကြံစည်ထားတာဆိုတော့... တကယ်ပဲ ပန်ကုန်းကို အင်မတန် မုန်းတီးနေတာပဲ။”
အမျိုးသမီးတစ်ဦး၏ အေးစက်လှသော အသံသည် လူ၏ကျောရိုးထဲအထိ စိမ့်ဝင်သွားလောက်အောင် စူးရှလှပေသည်။
ကျင်းရှန်ဖေးသည် ဦးရေပြားများ ထုံကျင်သွားကာ လှည့်ကြည့်လိုက်ရာ၊ ယဲ့ယွင် တစ်လှမ်းချင်း လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်အထိ သူမသည် မိမိ မည်သည့်အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ကို မသိသေးသဖြင့် တည်ငြိမ်အောင် ထိန်းထားဆဲပင်။
“ကွေ့ဖေးမယ်မယ်က အခေါ်မခံရဘဲ ဝင်လာတာဟာ စည်းကမ်းဖောက်ဖျက်ရာ မကျဘူးလား။ နောက်ပြီး ချန်းချဲ့က အရှိကို အရှိအတိုင်း လျှောက်တင်တာပါ။ မယ်မယ့်အပေါ် ရန်ငြိုးထားတာမျိုး မဟုတ်ပါဘူး။”
ယဲ့ယွင်က နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်သည်။ သူမသည် ရှန်ဖေးအား စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ဟွေယွဲ့ ကိုင်ဆောင်လာသော စာအိတ်ကို နင်ချန်ထံ တိုက်ရိုက် ပေးအပ်လိုက်သည်။
“ပန်ကုန်းနဲ့ ရှန်ဖေးကြားက ရန်ကြွေးတွေကို ခဏထားလိုက်ပါဦး။ ပန်ကုန်းဆီမှာ ကိစ္စတစ်ခု ရှိပါတယ်။ မနှစ်က သတ္တမမင်းသားလေး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ပန်ကုန်းတို့တွေ စုံစမ်းလာတာ ဒီနှစ်အထိဆိုရင် ခြောက်လကျော်ခဲ့ပြီ။ ပန်ကုန်း တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ထားပါတယ်။ ရှန်ဖေးအနေနဲ့ ‘ကျိုးဟယ်’ ဆိုတဲ့လူကို မှတ်မိသေးရဲ့လား?”
ထိုအမည်ကို ကြားလိုက်ရချိန်တွင် ရှန်ဖေး၏သူငယ်အိမ်မှာ သိသိသာသာ ကျုံ့ဝင်သွားကာ ချက်ချင်းပင် သတိကြီးစွာ ထားလိုက်သည်။
“ချန်းချဲ့ မယ်မယ်ဘာပြောနေတာလဲ မသိပါဘူး။ ကျိုးဟယ် ဆိုတဲ့လူကိုလည်း မသိပါဘူး။”
“တကယ် မသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား။” ယဲ့ယွင်က မျက်လွှာချလိုက်သည် - “ရပါတယ်... ရှန်ဖေး မေ့နေရင် ပန်ကုန်းကပဲ ပြန်ပြီး သတိပေးပါ့မယ်။ ကျိုးဟယ်ဆိုတာ နန်းတွင်း စားဖိုဆောင်က မုန့်လုပ်တဲ့ စားတော်ကဲ တစ်ယောက်လေ။ အထူးသဖြင့် ဆီးသီးယိုကိတ်လုပ်တာ အရမ်းတော်တာ။ ချီရွှင်ရုန် ကိုယ်ဝန်ဆောင်တုန်းက အချဉ်အရမ်းကြိုက်တော့ အဲဒီမုန့်ကိုပဲ စွဲစားခဲ့တာ။ ပန်ကုန်းတို့တွေ လင်ရှီးဥယျာဉ်ကနေ ပြန်မလာခင်အထိ သူ့ကိုပဲ သီးသန့် အလုပ်အကျွေး ပြုခိုင်းခဲ့တာ မဟုတ်လား။”
ရှန်ဖေးကတော့ အလျော့မပေးဘဲ ငြင်းဆိုဆဲပင် - “ချီရွှင်ရုန် (ယခင် ချီရှိုးရုန်) ကို ပြုစုတဲ့ အစေခံတွေအကြောင်း ချန်းချဲ့ ဘယ်လိုလုပ် သိမှာလဲ။”
ယဲ့ယွင်က သူမအား အေးစက်စွာ စိုက်ကြည့်ရင်း အနားသို့ တိုးကပ်သွားသည် -
“မင်းကပဲ သူ့ကို ချီရွှင်ရုန်ဆီ သွားပြီး ပြုစုဖို့ စေခိုင်းခဲ့တာကို မသိဘူးလို့ ပြောရဲသေးတာလား! မင်းက သူ့ကို ဆီးသီးယိုကိတ်ထဲမှာ ဆေးတွေခတ်ခိုင်းပြီး ချီရွှင်ရုန်ရဲ့ ကိုယ်ဝန်ကို ဗိုက်ထဲမှာတင် ပျက်အောင် လုပ်ခဲ့တာလေ။ ဒါပေမဲ့ ပန်ကုန်းတို့တွေ အချိန်စောပြီး နန်းတော်ပြန်လာလို့ မင်းရဲ့ အကွက် ပျက်သွားမှာစိုးလို့ သူ့ကို အမြန်နှင်ထုတ်ခဲ့ရတာ မဟုတ်လား။ အဲဒီဆေးတွေက ကလေးရဲ့ အသက်ကို ထိခိုက်စေခဲ့လို့သာ သတ္တမမင်းသားလေးဟာ ကိုယ်ခံအား အားနည်းပြီး မွေးမွေးချင်း ကွယ်လွန်ခဲ့ရတာ!”
“မဟုတ်တာ!” ရှန်ဖေးသည် နောက်ဆုံးတွင် မအောင့်နိုင်ဘဲ အော်ဟစ်တုံ့ပြန်တော့သည် - “ကွေ့ဖေးမယ်မယ်... မယ်မယ် တိတ်တဆိတ် ကိုယ်ဝန်တားဆေး သောက်နေတာကို ချန်းချဲ့က ဖော်ထုတ်လိုက်လို့၊ ယင်းဝမ်ရုန်ကို နစ်နာစေခဲ့လို့... အခုလိုမျိုး ချန်းချဲ့ကို လာပြီး အကွက်ဆင် စွပ်စွဲတာမျိုး မလုပ်သင့်ပါဘူး!”
ပြောပြီးသည်နှင့် သူမသည် နင်ချန်၏ရှေ့မှောက်တွင် ဒူးထောက်လိုက်သည် - “အရှင်မင်းကြီး... အမှန်တရားကို စုံစမ်းပေးပါဦး။ ချန်းချဲ့ အရှင့်အပါးမှာ အလုပ်အကျွေးပြုလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ချန်းချဲ့ရဲ့စရိုက်ကို အရှင် သိသားပဲ... ဒီလို ယုတ်မာတဲ့ ကိစ္စမျိုးကို လုံးဝ မလုပ်ပါဘူး!”
“မင်း ဒီလောက်အထိ ဟန်ဆောင်ကောင်းခဲ့လို့ပဲ ကျန်းက မင်းရဲ့ ယုတ်မာတဲ့ စိတ်ကို မသိခဲ့တာပေါ့!”
နင်ချန်က ဒေါသတကြီး ဟောက်လိုက်ရင်း၊ လက်ထဲမှ စာအိတ်ကို ရှန်ဖေး၏မျက်နှာဆီသို့ အားရပါးရ ပစ်ပေါက်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်နေတော့သည်။
ရှန်ဖေးမှာ ကြောင်အမ်းသွားကာ မြေပေါ်မှ စာရွက်ကို ကောက်ကြည့်လိုက်ရာ - ၎င်းမှာ ကျိုးဟယ်ကိုယ်တိုင် လက်မှတ်ထိုးထားသော ဝန်ခံချက်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏မျက်နှာမှာ တစ်ခဏချင်း တောင့်ခဲသွားတော့သည်။ သို့သော် လွယ်လွယ်နှင့် ဝန်ခံလျှင် သေလမ်းသာရှိတော့မည်ဖြစ်ရာ သူမ ထပ်မံ ငိုယိုတော့သည်။
“အရှင်မင်းကြီး... ဒါဟာ တစ်စုံတစ်ယောက်က ချန်းချဲ့ကို လုပ်ကြံတာပါ။ သေချာပေါက် ကွေ့ဖေးပဲ ဖြစ်ရမယ်! ချန်းချဲ့က ကွေ့ဖေး သောက်နေတဲ့ ဆေးတွေကို စုံစမ်းနေမှန်း သိလို့... အခုလို အထောက်အထား အတုတွေနဲ့ ချန်းချဲ့ကို အပြစ်ပုံချတာပါ!”
“စာရွက်တစ်ရွက်တည်းနဲ့ ဘာမှ သက်သေမပြနိုင်ပါဘူး။ တစ်ယောက်ယောက်က တမင် လုပ်ကြံတာလည်း ဖြစ်နိုင်တာပဲ... အရှင်မင်းကြီး မယုံပါနဲ့ဦး!” ဟု အနီးကပ်လူ ထန်ရှန်းကပါ ဝင်ရောက် တောင်းပန်ရှာသည်။
နင်ချန်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်မိတော့သည်။ သူ့နဖူးတွင် အကြောများမှာ ပြိုင်းပြိုင်းထနေ၏။
“လုပ်ကြံတာလား... မင်းက တကယ်ကို စကားပြောကောင်းတာပဲ ကျင်းရှန်ဖေး။ ‘ကျင်းရှန်’ (အေးဆေးလိမ္မာသူ) ဆိုတဲ့ ဘွဲ့အမည်ကို မင်း ယူထားတာဟာ ဒီတစ်ကမ္ဘာလုံးမှာ အကြီးမားဆုံး ပြက်လုံးပဲ!”
“ကွေ့ဖေး မွေးဖွားစဉ်က ခန္ဓာကိုယ် ထိခိုက်ထားတာကို ကျန်း စိုးရိမ်လို့... ကျန်းကိုယ်တိုင်ပဲ ခန္ဓာကိုယ်ကို မထိခိုက်စေတဲ့ ကိုယ်ဝန်တားဆေးတွေကို စီစဉ်ပေးခဲ့တာ! ပြဿနာတွေမဖြစ်စေချင်လို့ ကျန်းတို့နှစ်ယောက်ပဲ သိအောင် လုပ်ထားတာကို... မင်းက ကိုယ့်ကိုယ်ကိုယ် ပါးနပ်တယ်ထင်ပြီး အဲဒီကိစ္စနဲ့ ကွေ့ဖေးကို လာပြီး တိုက်ခိုက်ရဲသေးတယ်ပေါ့လေ!”
ဤစကား ထွက်လာသည်နှင့် ရှန်ဖေးတစ်ကိုယ်လုံး ကျောက်ရုပ်ကဲ့သို့ တောင့်ခဲသွားတော့သည်။ သူမသည် နင်ချန်အား မယုံနိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း၊ မိမိ၏ နားကြားပင် မှားလေသလားဟု ထင်မှတ်နေမိသည်။ တစ်ကိုယ်လုံးမှာလည်း စိမ့်အေးသွားတော့သည်။
ယဲ့ယွင်က သူမအား ရွံရှာသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ရှေ့သို့ တိုးလာခဲ့သည်။
“အရှင်မင်းကြီး... သတ္တမမင်းသားလေး ဆုံးရှုံးသွားတုန်းက ချန်းချဲ့ တစ်ခုခုမှားနေတယ်လို့ အမြဲ ထင်ခဲ့မိတာပါ။ အဆက်မပြတ်စုံစမ်းလာရာကနေ ဒီညစ်ပတ်တဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တာပါ။ အခု ချန်းချဲ့ရဲ့ ဝမ်းကွဲအစ်ကိုက ပြစ်မှုကျူးလွန်သူကို ရှာတွေ့ထားပြီဖြစ်လို့၊ မကြာခင် မြို့တော်ကို ဖမ်းဆီးခေါ်ဆောင်လာပါလိမ့်မယ်။ ချန်းချဲ့ စာရတာနဲ့ အရှင့်ဆီ ချက်ချင်း လာခဲ့တာပါ”
သူမသည် မြေပေါ်တွင် ပုံကျနေသော ရှန်ဖေးကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည် - “မမျှော်လင့်ဘဲ... ဒီလို ပြဇာတ်ကောင်းကောင်းတစ်ပုဒ်နဲ့ လာတိုးတာပဲနော်။”
“လာကြစမ်း! ကျင်းရှန်ဖေးကို ချုံချွေ့နန်းဆောင်ဆီ ပြန်ပို့ပြီး အပြင်ထွက်ခွင့် ပိတ်ထားလိုက်စမ်း! ချုံချွေ့နန်းဆောင်က အစေခံ အားလုံးကိုလည်း ရှင့်ရှင်းစီကို ပို့ပြီး သေသေချာချာ စစ်ဆေးမေးမြန်းစေ!” ဟု နင်ချန်က ဒေါသတကြီး အမိန့်ပေးလိုက်တော့သည်။
ယွမ်ကျိုက ချက်ချင်းပင် အစေခံများကို ခေါ်ကာ ရှန်ဖေးအား အပြင်သို့ ဆွဲထုတ်သွားသည်။ ရှန်ဖေးသည် သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ မတရားကြောင်း အော်ဟစ်ငိုယိုနေသော်လည်း ဘာမှ မထူးတော့ပေ။ တံခါးအပြင်ရောက်သည်နှင့် ခုန်းချင်းက သူ့အိတ်ကပ်ထဲမှ လက်သုတ်ပဝါကိုထုတ်ကာ ရှန်ဖေး၏ပါးစပ်ထဲသို့ အတင်း ထိုးထည့်လိုက်သည်။
“ညစ်ညမ်းတဲ့ စကားတွေနဲ့ နန်းတော်ထဲက မယ်မယ်တွေရဲ့ နားကို မစော်ကားပါနဲ့ဦး။”
ဖမ်းဆီးခေါ်ဆောင်နေသော ဟွိုက်အန်းမှာလည်း ၎င်းကို မြင်သော်လည်း ဟက်ခနဲ ရယ်ရုံသာရှိပြီး ဝင်မတားခဲ့ပေ။
……..
နန်းဆောင်အတွင်း၌ ယဲ့ယွင်နှင့် နင်ချန် နှစ်ဦးတည်း ကျန်ရှိတော့သည်။
ကျိုးဟယ်အား လူကိုယ်တိုင် စစ်ဆေးရခြင်း မရှိသေးသော်လည်း၊ နင်ချန်သည် ယဲ့ယွင်အား အကြွင်းမဲ့ ယုံကြည်ထားပြီးဖြစ်သဖြင့်၊ သတ္တမမင်းသားကို ရှန်ဖေး လုပ်ကြံခဲ့မှန်း သူ သဘောပေါက်သွားခဲ့ပြီ။ မွေးဖွားစဉ်က အင်မတန်အားနည်းလွန်းသဖြင့် တစ်ခါမှပင် မပွေ့ချီဝံ့ခဲ့ရသော ကလေးငယ်ကို သတိရမိတိုင်း၊ နင်ချန်၏ရင်ထဲတွင် အသက်ရှူပင် ကျပ်လာခဲ့သည်။
“အရှင်မင်းကြီး အရမ်း ဝမ်းမနည်းပါနဲ့ဦး။ သတ္တမမင်းသားရဲ့နာရေးမှာ ချန်းချဲ့က ယန်ချင့်ဘုရားကျောင်းက ဆရာတော်ကို ပင့်ပြီး ကျမ်းစာတွေ ရွတ်ဖတ်ခိုင်းထားပါတယ်။ ဆရာတော်က ပြောပါတယ်... သတ္တမမင်းသားလေးဟာ နောင်ဘဝမှာ ဘုန်းကံကြီးမားပြီး အေးချမ်းတဲ့ဘဝကို ရပါလိမ့်မယ်တဲ့။ ဒီဘဝမှာတော့ အရှင်နဲ့ သံယောဇဉ် တိုတောင်းခဲ့တာဟာ အရှင့်ရဲ့အမှားမဟုတ်ပါဘူး။”
ယဲ့ယွင်က နင်ချန်၏လက်ကို အသာအယာ ဆုပ်ကိုင်ရင်း ဖျောင်းဖျလိုက်သည်။ နင်ချန်က သက်ပြင်းတစ်ချက်ချကာ သူမ၏လက်ကို ပြန်ပုတ်ပေးလိုက်သည်။
“ကျန်း သိပါတယ်။ ဒါပေမဲ့ အဲဒီကလေးအတွက်တော့ ရင်ထဲမှာ မကောင်းဘူး ဖြစ်နေတုန်းပဲ။ မင်း အရင် ပြန်နားပါဦး၊ ကျန်း အမတ်တချို့နဲ့ တွေ့စရာ ရှိသေးတယ်။ ဒီနေ့ နေ့လည်စာတော့ မင်းဆီ မလာဖြစ်တော့ဘူး၊ ညနေကျမှ ကျန်း လာခဲ့မယ်။”
ယဲ့ယွင် ခေါင်းညိတ်ကာ ထွက်ခွာခဲ့သည်။ ယခုအချိန်တွင် နင်ချန်သည် ချီရွှင်ရုန်အား ရင်ဆိုင်ရန် အရှက်ရနေမည်ကို သူမ သိသဖြင့်၊ သူမထံ သွားရန် မတိုက်တွန်းခဲ့ပေ။ ထို့ပြင် ချီရွှင်ရုန်မှာ သားဖြစ်သူ ဆုံးရှုံးစဉ်ကပင် ကျန်းမာရေး အကြီးအကျယ် ထိခိုက်ခဲ့ရာ၊ ယခုမှ အနည်းငယ် ပြန်ကောင်းကာစ ရှိသေးသဖြင့် ဤအမှန်တရားကို သိသွားပါက ထပ်မံ ထိခိုက်မည်ကို သူမ စိုးရိမ်မိသည်။ ထို့ကြောင့် ယဲ့ယွင်သည် - အစေခံများအား ဤသတင်းကို နှုတ်လုံရန်နှင့်၊ ယိခွန်းနန်းဆောင်ဘက်သို့ လုံးဝ သတင်းမပေါက်ကြားစေရန် တင်းကျပ်စွာ မှာကြားလိုက်သည်။
သို့သော် ချီရွှင်ရုန် မသိသော်လည်း အခြားနေရာများတွင်တော့ သတင်းအချို့ ရိပ်မိနေကြပြီဖြစ်သည်။ အထူးသဖြင့် ရုန်ရှူးဖေးပင် ဖြစ်၏။
သူမ၏ ချန်ချွန်းနန်းဆောင်သည် ရှန်ဖေး၏အဆောင်နှင့် နီးကပ်လှသဖြင့်၊ ရှန်ဖေး မည်ကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည်ကို သူမ အထင်အရှား မြင်လိုက်ရသည်။ ဤပုံစံမှာ ကြီးလေးသော ပြစ်မှုတစ်ခုခု ကျူးလွန်ထားမှသာ ဖြစ်နိုင်သည် မဟုတ်လား။ ကွေ့ဖေးသည်လည်း ကျိုချန်နန်းဆောင်မှ ဘေးကင်းစွာ ထွက်လာသည်ကို မြင်ရသဖြင့် - ရှန်ဖေးသည် ကွေ့ဖေးအား တိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားခြင်းဖြစ်ရမည်ဟု သူမ ခန့်မှန်းလိုက်သည်။
သမီးဖြစ်သူ၏စကားများကို သတိရမိသဖြင့်၊ ရှူးဖေးသည် ၎င်းကို ကျောက်ချွန်းနန်းဆောင်သို့ မျက်နှာသာပေးရန် အခွင့်အရေးတစ်ခုအဖြစ် ယူဆလိုက်သည်။ သူမသည် ဘေးမှ အစေခံအား ချက်ချင်း မှာကြားလိုက်သည် -
“မင်း နည်းလမ်းရှာပြီး ဒုတိယမင်းသားဆီကို သတင်းပါးလိုက်စမ်း။ ‘ရှန်ဖေးမယ်မယ်ဟာ အရှင်မင်းကြီးရဲ့ အမျက်တော်ရှအောင် ကြီးမားတဲ့ အမှားတစ်ခုလုပ်မိထားလို့ အကျဉ်းချခံထားရတာပါ။ အကယ်၍ မင်းသားက သွားပြီး အသနားခံမယ်ဆိုရင်... အရှင်မင်းကြီးက မင်းသားကို အမှားနဲ့အမှန် မခွဲခြားတတ်တဲ့သူလို့ ထင်သွားပါလိမ့်မယ်’ လို့ ပြောလိုက်။ မင်းသားကို သေသေချာချာ ထိန်းထား၊ ရှန်ဖေးအတွက် လုံးဝ သွားပြီး အသနားမခံခိုင်းနဲ့!” ဟူ၍ ဖြစ်တော့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 436
အခန်း ၄၃၆ ။ ကလေးကို မကောင်းတာတွေ သင်ပေးလိုက်တာ
ကျင်းရှန်ဖေး ဒုက္ခရောက်နေချိန်တွင် ရုန်ရှူးဖေးအနေနှင့် တစ်ခုခုလုပ်ရန်မှာ အင်မတန် လွယ်ကူလှသည်။
သူမ ဖြန့်လိုက်သော စကားများသည် ဒုတိယမင်းသား၏နားထဲသို့ အလွယ်တကူပင် ရောက်ရှိသွားတော့သည်။ ကိစ္စဖြစ်ပွားချိန်တွင် ဒုတိယမင်းသားမှာ စာသင်ကျောင်း၌ စာသင်နေဆဲဖြစ်ပြီး၊ ကျောင်းဆင်းချိန် အနားယူစဉ်အတွင်း အပါးတော်မြဲ မိန်းမစိုးလေး ရှောင်ရွှန့်ကျစ်က အကြောင်းစုံကို လာရောက်လျှောက်တင်ခဲ့သည်။
သို့သော် ယခုအချိန်တွင် သတင်းများကို တင်းကျပ်စွာ ပိတ်ပင်ထားသဖြင့် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ မသိရဘဲ၊ ကျင်းရှန်ဖေးမှာ ဧကရာဇ်၏ အမျက်တော်ရှခြင်းကို ခံရကာ ချုံချွေ့နန်းဆောင်၌ အကျဉ်းချခံထားရကြောင်းနှင့် အနီးကပ် အစေခံများအားလုံးကို ရှင့်ရှင်းစီသို့ ပို့ဆောင်စစ်ဆေးနေကြောင်းသာ သိရသည်။
"မင်းသားလေး... ကျွန်တော်မျိုး ကြားတာတော့ မင်ကွေ့ဖေး (ယဲ့ယွင်) လည်း အရှင်မင်းကြီးဆီ ရောက်နေတယ်တဲ့။ ရှန်ဖေးမယ်မယ် အကျဉ်းချခံရတာဟာ သေချာပေါက် ကွေ့ဖေးနဲ့ ပတ်သက်နေမှာပါ” ဟု ရှောင်ရွှန့်ကျစ်က စိုးရိမ်တကြီး ဆိုသည်။
ဒုတိယမင်းသားက လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည် - "သူမလက်ချက်မှန်း ငါသိတာပေါ့! မင်းသွားပြီး ဆရာ့ဆီမှာ ငါ့အတွက် ခွင့်တိုင်ပေးစမ်း၊ ငါ အခုချက်ချင်း ကျိုချန်နန်းဆောင်ကို သွားပြီး မယ်တော့်အတွက် အသနားခံမယ်"
"မဖြစ်ပါဘူး မင်းသားလေး!" ရှောင်ရွှန့်ကျစ်က သူ့ကို အမြန်တားသည် -
ဒုတိယမင်းသားက မျက်စောင်းထိုးကြည့်ကာ - "အမေ ဒုက္ခရောက်နေတာကို သားတစ်ယောက်အနေနဲ့ သွားကြည့်ရမှာပေါ့၊ မင်းက ဘာလို့ တားနေတာလဲ!"
ရှောင်ရွှန့်ကျစ်က အနားသို့ တိုးကပ်ကာ အသံကို နှိမ့်၍ - "ရှန်ဖေးမယ်မယ်က ကွေ့ဖေးရဲ့ လုပ်ကြံစွပ်စွဲမှုကို ခံရပြီး အပြစ်ကြီး စွဲချက်တင်ခံထားရတာ ဖြစ်မှာပါ။ အရှင်မင်းကြီးက အခုချိန်မှာ အရမ်း ဒေါသထွက်နေမှာ သေချာတယ်။ သခင်လေးက စာသင်တာကို ပစ်ထားပြီး အသနားခံဖို့ သွားတာဟာ ဒေါသမီးထဲကို လောင်စာ သွားထည့်သလို ဖြစ်နေလိမ့်မယ်"
"အရှင်မင်းကြီးက မင်းသားလေးအပေါ် အမျက်ရှရုံတင်မကဘဲ၊ မင်းသားလေးကို အမှားနဲ့အမှန် မခွဲခြားတတ်တဲ့ လူမိုက်လို့ ထင်သွားပါလိမ့်မယ်။ အဲဒီအခါကျရင် ရှန်ဖေးမယ်မယ်က မင်းသားလေးကို ကောင်းကောင်း မဆုံးမထားဘူးဆိုပြီး ပိုပြီး စိတ်ဆိုးကုန်လိမ့်မယ်။ အကယ်၍ အရှင်မင်းကြီးက မင်းသားလေးကိုပါ အပြစ်ပေးလိုက်ရင်... ဒီနန်းတော်ထဲမှာ ရှန်ဖေးမယ်မယ်ကို ကယ်နိုင်မယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး"
ဒုတိယမင်းသားမှာ ငယ်ရွယ်သူပီပီ ဤစကားများကို ကြားသောအခါ တွန့်ဆုတ်သွားတော့သည်။ ရှောင်ရွှန့်ကျစ်က သူကြားလာရသော စကားများကို ဆက်လက်၍ ဖျောင်းဖျပြန်သည်။
"ကျွန်တော်မျိုးရဲ့ အမြင်အရတော့... သခင်လေးအနေနဲ့ ဒီကိစ္စကို ဘာမှမသိသလို ဟန်ဆောင်နေပြီး စာသင်ကျောင်းမှာ အေးအေးဆေးဆေးပဲ နေလိုက်ပါ။ နောက်တစ်ရက်၊ နှစ်ရက်လောက်နေလို့ အရှင်မင်းကြီး ဒေါသပြေမှသွားပြီး အသနားခံတာက ပိုကောင်းပါလိမ့်မယ်"
ခနမျှစဉ်းစားပြီးနောက် ဒုတိယမင်းသားမှာ နားဝင်သွားပြီး စိတ်ကို အတင်းထိန်းကာ ဆက်ထိုင်နေလိုက်တော့သည်။ သို့သော် ကလေးငယ်မှာ မည်မျှပင် ဖုံးကွယ်ထားစေကာမူ စိတ်မအေးဖြစ်နေသည်မှာ မျက်နှာတွင် ပေါ်လွင်နေသဖြင့်၊ အတူတူစာသင်နေသော အခြားမင်းသားများက တစ်ခုခုထူးဆန်းနေမှန်း ရိပ်မိသွားကြသည်။
နန်းတွင်းရှိ ကလေးများမှာ ပါးနပ်လှသဖြင့် သိသော်လည်း မသိချင်ယောင်ဆောင်နေကြရာ၊ အခန်းထဲရှိ ညီအစ်ကိုများမှာ အတွေးကိုယ်စီဖြင့် ရှိနေကြတော့သည်။ စာသင်ပေးသော ဆရာပင်လျှင် ဒုတိယမင်းသား စိတ်မပါသည်ကို သိသော်လည်း အပြစ်မတင်ဘဲ လျစ်လျူရှုထားပေးလိုက်သည်။ နန်းတွင်းရေးရာ ပြဿနာများထဲတွင် မပါဝင်ခြင်းကသာ အကောင်းဆုံး မဟုတ်လား။
အခြားတစ်ဖက်တွင်၊ နင်ချန်သည် အမတ်များနှင့်တွေ့ဆုံပြီး စာလွှာများကို စစ်ဆေးပြီးချိန်၌ ညနေစောင်းနေပြီ ဖြစ်သည်။ သူသည် နားထင်ကို အသာဖိကာ မျက်ဝန်းထဲတွင် ပင်ပန်းရိပ်များ ပေါ်လွင်နေသည်။
"အရှင်မင်းကြီး လက်ဖက်ရည် သောက်လိုက်ပါဦး၊ စိတ်အပန်းပြေသွားအောင်လို့ပါ" ယွမ်ကျိုက အလုပ်အကျွေးပြုလာသည်။
နင်ချန် ခေါင်းညိတ်ကာ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။ "ဒုတိယမင်းသား ရောက်လာသေးလား"
ကလေးများ ကျောင်းဆင်းသည်မှာ နာရီဝက်ကျော်ပြီဖြစ်၏။
ယွမ်ကျိုက ခေါင်းငုံ့ကာ - "မရောက်လာပါဘူး။ နေ့လည်က နားချိန်မှာ ရူယီဆောင်ကို ပြန်သွားတယ်လို့ ကြားပါတယ်။ အခုဆိုရင် အဆောင်မှာ ညစာသုံးဆောင်နေလောက်ပါပြီ"
"သူ့ရဲ့မယ်တော် အကျဉ်းချခံထားရတာကို သူက နည်းနည်းလေးတောင် စိတ်မပူဘူးလား" နင်ချန်၏မျက်ဝန်းများ မှောင်ကျသွားကာ မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်သည်။
ယွမ်ကျိုသည် သခင်များအကြောင်း ဝေဖန်ရန် မဝံ့သဖြင့် - "မသိသေးလို့ ဖြစ်မှာပါ" ဟုသာ မရေမရာ ဖြေလိုက်သည်။
နင်ချန်က သက်ပြင်းတစ်ချက်ချကာ စိတ်ကို ထိန်းလိုက်သော်လည်း သူ့လေသံတွင်မူ အားမလိုအားမရဖြစ်မှုများ ပြည့်နှက်နေသည် -
"အခုဆိုရင် တစ်နန်းတော်လုံး သိနေလောက်ပြီ။ သူကတော့ ဘာမှမဖြစ်သလို အေးဆေးနေနိုင်တယ်ပေါ့။ ဒီလောက်အထိ အေးစက်ရက်စက်တာ... ရှန်ဖေးက ကလေးကို ကောင်းကောင်း မဆုံးမထားလို့ပဲ။ သားသမီးကျင့်ဝတ်နဲ့ ကြင်နာမှုဆိုတာလည်း တစ်စက်မှ မရှိတော့ဘူး!"
နင်ချန်သည် ယခုအခါ အင်မတန် နောင်တရနေမိသည်။ ဒုတိယမင်းသားကို ကျင်းရှန်ဖေးထံတွင် အပ်နှံမိခဲ့ခြင်းမှာ အကြီးမားဆုံး အမှားပင်။ ကျင်းရှန်ဖေး၏ နှစ်ပေါင်းများစွာသော ဟန်ဆောင်မှုမှာ အင်မတန် ကြောက်စရာကောင်းလှသည်။ ဒုတိယမင်းသားလေး၏ ပုံမှန် အေးဆေးလိမ္မာသော အမူအရာများမှာလည်း ဟန်ဆောင်မှုများဖြစ်နေမလားဟု သူ သံသယဝင်လာခဲ့သည်။ အကယ်၍ ထိုအတိုင်းသာ ဆက်သွားလျှင် ဤကလေး၏ဘဝမှာ ပျက်စီးသွားပေလိမ့်မည်။
ဒုတိယမင်းသားအပေါ် ဒေါသထွက်သလို၊ ကလေးကို ဤသို့ဖြစ်အောင် လုပ်ခဲ့သော ရှန်ဖေးအပေါ် ဒေါသက ပို၍ ပြင်းထန်လာခဲ့သည်။
"ကျန်း အမိန့်ကို ကြေညာစမ်း... ကျင်းရှန်ဖေးသည် သူမ၏ ဘွဲ့အမည်နှင့် ထိုက်တန်သော ကျင့်ဝတ်မရှိဘဲ ကျန်း ကျေးဇူးတော်ကို စော်ကားခဲ့သည်။ ထို့ကြောင့် ‘သာမန်လူတန်းစား’အဖြစ် ရာထူးချလိုက်သည်။ သူမအား ချုံချွေ့နန်းဆောင်တွင်သာ ချုပ်နှောင်ထားစေ၊ မည်သူမျှ ဝင်ရောက်တွေ့ဆုံခြင်း မပြုရ"
ယွမ်ကျိုက အမိန့်ကိုခံယူကာ အမြန်သွားရောက် ဆောင်ရွက်သည်။ ဒုတိယမင်းသားမှာ မိမိကိုယ်ကို ကာကွယ်ရန်အတွက် မွေးစားမိခင်ကို စွန့်လွှတ်လိုက်ခြင်းမှာ လွဲမှားသော ဆုံးဖြတ်ချက် ဖြစ်သွားခဲ့သည်။ သူ၏ ဤလုပ်ရပ်ကြောင့်ပင် ရှန်ဖေး (ယခုအခါ စုန့်ရှီ) မှာ ပြန်လည်နာလန်ထူရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။
ချုံချွေ့နန်းဆောင်သို့ အမိန့်တော် ရောက်ရှိသွားချိန်တွင် စုန့်ရှီသည် မျက်လုံးများ ပြူးကျသွားကာ မယုံနိုင်အောင် ဖြစ်နေရသည်။
"မဖြစ်နိုင်ဘူး! ငါ့ကို ပြစ်ဒဏ် အတည်မပြုရသေးဘဲ အရှင်မင်းကြီးက ငါ့ကို ရာထူးချမှာ မဟုတ်ဘူး။ မင်းတို့ အမိန့်တော်အတု လာပြောနေတာပဲ! ငါ အရှင်မင်းကြီးနဲ့ တွေ့ချင်တယ်၊ ဒုတိယမင်းသားနဲ့ တွေ့ချင်တယ်! ငါ့ကို အပြင်ထွက်ခွင့် ပေးကြစမ်း!"
"ငြိမ်ငြိမ်နေစမ်းပါ! မင်းရဲ့ အစေခံတွေ အကုန်လုံး ရှင့်ရှင်းစီမှာ အစစ်ခံနေရပြီ၊ မကြာခင် မင်းရဲ့ အပြစ်တွေကို သူတို့ ဖော်ထုတ်ကြတော့မှာ။ မင်းက ဒီလောက်ရက်စက်သလို၊ မင်းရဲ့သားကလည်း နှလုံးသားမရှိတဲ့လူပဲ။ မင်း အကျဉ်းကျနေတာကို သူက တစ်ခွန်းတောင် လာပြီး အသနားမခံပေးဘူး သိရဲ့လား။ ဒါကြောင့် ငြိမ်ငြိမ်ပဲနေစမ်း... အရှင်မင်းကြီးက သနားရင် မင်းကို အလောင်းအပြည့်အစုံနဲ့ သေခွင့်ပေးပါလိမ့်မယ်!" ဟု သတင်းလာပို့သော မိန်းမစိုးလေးက နှာခေါင်းရှုံ့ကာ ပြောဆိုပြီး ထွက်ခွာသွားတော့သည်။
…..
သတင်းကို ကြားသိရချိန်တွင် ယဲ့ယွင်လည်း အံ့သြသွားရသည်။ နင်ချန်က ဘာကြောင့် ရုတ်တရက် ဤမျှအထိ ပြင်းထန်သော အမိန့်ကို ထုတ်ပြန်လိုက်သလဲဟု သူမ စဉ်းစားမိသည်။ ခနအကြောင်းပြချက်ကို ရှာဖွေပြီးနောက် သူမ သဘောပေါက်သွားသည် - ယနေ့ စုန့်ရှီ ဒုက္ခရောက်နေချိန်တွင် ဒုတိယမင်းသားက ဘာမှမဖြစ်သလိုနေနေခြင်းမှာ ဧကရာဇ်အား စိတ်ပျက်စေခဲ့ခြင်းဖြစ်၏။ ဧကရာဇ်က ဒုတိယမင်းသားအား အေးစက်ရက်စက်သူဟု ထင်မှတ်သွားကာ၊ ထိုသို့ဖြစ်အောင် လုပ်ခဲ့သူမှာ ရှန်ဖေး (စုန့်ရှီ) ဟု ယူဆလိုက်ခြင်းပင်။
"အရှင်မင်းကြီးက ဒုတိယမင်းသားကို ‘နင်ယွီချွန်း’ လို့ နာမည်ပေးခဲ့တာ။ အဲဒီ ‘ချွန်း’ ဆိုတဲ့ စကားလုံးက ရိုးသားဖြူစင်ခြင်းကို အဓိပ္ပာယ်ဆောင်တာလေ။ တကယ်လို့ ဒုတိယမင်းသားက စုန့်ရှီရဲ့ စရိုက်အတိုင်း ဖြစ်သွားခဲ့ရင်တော့... အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို တကယ်ပဲ စော်ကားရာ ရောက်မှာပဲ" ဟု ယဲ့ယွင်က အေးဆေးစွာ ဆိုသည်။
ဟွေယွဲ့က ခေါင်းညိတ်သည် - "ဟုတ်ပါ့၊ ကလေးကောင်းလေးကို စုန့်ရှီက မကောင်းတာတွေ သင်ပေးပြီး ဖျက်ဆီးလိုက်တာပဲ။"
ယဲ့ယွင်က မျက်ဝန်းများကို မှေးစင်းလိုက်သည် - "တကယ်လို့ သူ့ရဲ့ဗီဇက ကောင်းသေးတယ်ဆိုရင်တော့ ငယ်သေးတဲ့အချိန်မှာ လမ်းမှန်ပြန်ရောက်အောင် ပြုပြင်ပေးလို့ ရနိုင်ပါသေးတယ်။ ကဲ... ဒါတွေကို ထားလိုက်ပါတော့၊ အရှင်မင်းကြီး ရောက်တော့မှာမို့ စားဖိုဆောင်ကို သွားကြည့်လိုက်ဦး"
နင်ချန် ရောက်လာချိန်တွင် သူ့မျက်နှာမှာ မကြည်လင်သေးပေ။ ယဲ့ယွင်က သူ့ရင်ထဲတွင် အပူရှိန်များ ရှိနေမှန်းသိသဖြင့် ဘာမှမပြောဘဲ တိတ်ဆိတ်သာ အနားမှာနေပေးခဲ့သည်။ သူမသည် သူ့လက်ကို ဆေးကြောပေးကာ လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
အတော်ကြာ တိတ်ဆိတ်နေပြီးမှ နင်ချန်က စကားစလာသည် - "နန်းတွင်းက အမျိုးသမီးတွေအားလုံး မင်းလိုပဲ ဖြူစင်ကြင်နာကြရင် ကောင်းမှာပဲ။ ဒါဆိုရင် အပြစ်မဲ့ သေဆုံးသွားရတဲ့ အသက်ပေါင်းများစွာလည်း ဘေးကင်းကြမှာပေါ့"
"ချန်းချဲ့ကလည်း အဲဒီလောက်အထိ မကြင်နာပါဘူး၊ ကိုယ့်ရဲ့စိတ်ရင်းနဲ့ စည်းကမ်းကိုပဲ ထိန်းသိမ်းထားတာပါ။" ယဲ့ယွင်က ညင်သာစွာ ဆိုလိုက်ပြီးနောက် သူ့အား တစ်ချက်ကြည့်ကာ - "ဒါပေမဲ့ နန်းတွင်းက အမျိုးသမီးတွေအားလုံးသာ ချန်းချဲ့လို ဖြစ်နေရင်... အရှင်မင်းကြီးရဲ့ နှလုံးသားက လူတွေအများကြီးဆီ ဝေပေးရမှာပေါ့။ အဲဒါကိုတော့ ချန်းချဲ့ စိတ်ထဲကနေ မလိုလားပါဘူး”
သူမ၏ ဤကဲ့သို့သော အချိန်ကိုက် ချွဲနွဲ့မှုလေးကြောင့် နင်ချန်၏စိတ်များ သိသိသာသာ ပြေလျော့သွားခဲ့သည်။ သူသည် ယဲ့ယွင်၏နှာခေါင်းလေးကို အသာအယာ ညှစ်လိုက်ရင်း ပြုံးလိုက်သည် - "မနာလိုဖြစ်နေပြန်ပြီပဲ။ ကျန်းက အခု မင်းတစ်ယောက်တည်းဆီမှာပဲ ရှိနေတာ မဟုတ်လား။ ချင်းချင်းက တခြားသူတွေနဲ့ မတူပါဘူး"
ယဲ့ယွင်လည်း ပြုံးလိုက်ကာ ဧကရာဇ်အား ညစာစားရန် ခေါ်ဆောင်သွားလေသည်။
***