အခန်း (၄၃၇-၄၃၈)
Vol. 28 Ch. 437-438
အခန်း ၄၃၇ ။ လင်မယား
ဤညသည်ကား သေချာပေါက် အိပ်စက်၍ မရနိုင်သော ညတစ်ည ဖြစ်ပေလိမ့်မည်။
ကျင်းရှန်ဖေး (စုန့်ရှီ) ၏ ကျဆုံးမှုနှင့်အတူ ပထမဆုံး ထိတ်လန့်သွားသူမှာ ယင်းဝမ်ရုန်ဖြစ်၏။ တစ်ညလုံး ကွေ့ဖေးက သူမအား စာရင်းရှင်းတော့မည်ကို စိုးရိမ်လွန်းသဖြင့် မိမိကိုယ်ကိုယ်ပင် အတင်း နေမကောင်းဖြစ်အောင် ခြောက်လှန့်နေမိတော့သည်။
တစ်ချိန်တည်းမှာပင် ရှင့်ရှင်းစီရှိ ထန်ရှန်းနှင့် နျန့်ကျူးတို့နှစ်ဦးသည် ပြင်းထန်လှသော နှိပ်စက်မှုများကို မခံမရပ်နိုင်ဖြစ်ကာ - ကျင်းရှန်ဖေး နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို အကုန်အစင် ထုတ်ဖော်ဝန်ခံလိုက်ကြတော့သည်။ နောက်နှစ်ရက်နေလျှင် စားတော်ကဲကျိုးဟယ် နန်းတော်သို့ ရောက်လာမည်ဖြစ်ရာ မိမိတို့၏သခင်မှာ အသက်ရှင်ရန် လမ်းစမရှိတော့မှန်း သိသဖြင့်၊ ဆက်လက်၍ ငရဲမလားချင်တော့ဘဲ သေချာပေါက် သေခွင့်ရရန်သာ ရွေးချယ်လိုက်ကြခြင်းဖြစ်၏။
ကျင်းရှန်ဖေးသည် နှစ်ပေါင်းများစွာအတွင်း မကောင်းမှုများစွာ ပြုလုပ်ခဲ့သည်။ သူမ၏ဝန်ခံချက်များမှာ ယခင် မိဖုရားခေါင်ဟောင်း ရှဲ့ရှီထက်ပင် နှစ်ဆမျှ ပို၍ များပြားလှရာ ဖတ်ရသူတိုင်း၏ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားရတော့သည်။
ဒုတိယမင်းသား၏ မယ်တော်အရင်း ရန်ရှီကို သတ်ခဲ့သူမှာ သူမ ဖြစ်၏။
ယခင် လင်ရှီက မိဖုရားခေါင်ဟောင်း ရှဲ့ရှီကို မုန်းတီးနေသည်ကို အသုံးချကာ၊ လင်ရှီ၏ အစေခံကို စည်းရုံး၍ မိဖုရားခေါင်၏ လူဖြစ်သော ကျောက်ရှီအား ရန်ရှီကို သတ်ရန် သွေးထိုးခိုင်းခဲ့သည်။ အဲဒီနောက်မှ လင်ရှီက ကျောက်ရှီကို ပြန်လည်ဖော်ထုတ်စေခဲ့သည်။ လင်ရှီ၏လက်ကို အသုံးချကာ ကိုယ်လုပ်တော် နှစ်ဦးကို တစ်ပြိုင်နက် ရှင်းလင်းခဲ့ခြင်းဖြစ်၏။ (လင်ရှီမှာ နောက်ပိုင်းတွင် ဖျား၍ သေဆုံးသွားခြင်းမှာ သူမနှင့် မသက်ဆိုင်ပေ။)
ရှဲ့ရှီ ကိုယ်ဝန်ပျက်ကျသည့် ကိစ္စမှာ ပြောနေရန်ပင် မလိုတော့သလို၊ ယဲ့ယွင်ကို အံ့အားသင့်စေသည်မှာ - ဝမ်ရှီ ကလေးမရနိုင်အောင် ဟုန်ဟွားအမှုန့်များကို အရိုးပျော်အမှုန့်နှင့် လဲလှယ်ခဲ့သူမှာလည်း ရှန်ဖေးပင် ဖြစ်နေခြင်းပင်။
မိဖုရားခေါင်ဟောင်း ရှဲ့ရှီအား အဆိပ်ဝိုင်တိုက်ကျွေးချိန်တွင်လည်း သူမကိုယ်တိုင်ပင် အစေခံများအစား လက်ပါခဲ့သေးသည်။
ယဲ့ယွင်အပေါ် ကျူးလွန်ခဲ့သမျှ - ဒုတိယအကြိမ် မွေးဖွားချိန်မှ မတော်တဆမှုများနှင့် ချုံယန်ပွဲတော်ပွဲမှ ကိစ္စများမှာလည်း သူမ၏ လက်ချက်ချည်းသာ ဖြစ်၏။ ယဲ့ယွင်အား သတ်ရန်အတွက် သူမသည် နန်းပြင်ရှိ ခန်းဝမ်အိမ်တော်အထိ လှမ်း၍ ရှဲ့မိသားစုကို အသုံးချခဲ့သလို၊ ပဉ္စမမင်းသား၏ အသက်နှင့် ခြိမ်းခြောက်ကာ ချင်ရှီအား အပြစ်ခံစေခဲ့သည်။
ချီရွှင်ရုန်၏ ကလေးကို သတ်ခဲ့ပုံနှင့် ဒုတိယမင်းသားအား အိမ်ရှေ့စံဖြစ်အောင် ကြံစည်ခဲ့သည့် ရည်မှန်းချက်များကို အစေခံများက အသေးစိတ် ထွက်ဆိုသွားကြသည်။
ယဲ့ယွင်သည် ဖေး ရာထူးပြုတ်ပြီးမှသာ စုန့်ရှီ (ရှန်ဖေး) တွင် မကောင်းသော ရည်ရွယ်ချက်များ ပေါ်လာသည်ဟု ထင်ခဲ့သော်လည်း၊ သူမ ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကယ်၍ ယခုတစ်ကြိမ် သက်သေလူနာမရခဲ့လျှင် ဤမြွေဆိုးမသည် နောက်ထပ် လူမည်မျှကို ဒုက္ခပေးဦးမည် မသိပေ။ ထို့ထက် ပို၍ ရွံရှာဖွယ်ကောင်းသည်မှာ - ဒုတိယမင်းသား၏ မိခင်အရင်းကို သတ်ခဲ့ပြီးမှ ဒုတိယမင်းသားအား နှစ်ပေါင်းများစွာ စိတ်အေးလက်အေး ပြုစုပျိုးထောင်ခဲ့သည့် သူမ၏စိတ်ဓာတ်ပင် ဖြစ်တော့သည်။
အပြစ်များ ထင်ရှားသွားပြီဖြစ်ရာ စုန့်ရှီမှာ လွတ်လမ်းမရှိတော့ပေ။ နင်ချန်သည် အင်မတန် အမျက်ထွက်သဖြင့် စုန့်ရှီအား သေနည်းရွေးခွင့်ပင် မပေးတော့ဘဲ တိုက်ရိုက် ‘ကြိုးပေးသတ်ရန်’ အမိန့်ချလိုက်တော့သည်။ သူမ၏ မိသားစုဝင်များလည်း ပြစ်မှုတွင် ပါဝင်ပတ်သက်သဖြင့် အပြစ်ပေးခံခဲ့ရသည်။
ကွပ်မျက်မည့်နေ့တွင် ချူယွင်ဟုန်က စားတော်ကဲကျိုးဟယ်ကို မြို့တော်သို့ ခေါ်ဆောင်လာခဲ့ရာ၊ အတူတကွ စီရင်လိုက်ကြသည်။ ဤသည်မှာ နင်ချန် နန်းတက်ပြီးနောက် နန်းတွင်း၌ အကြီးမားဆုံးသော သုတ်သင်ရှင်းလင်းပွဲပင်ဖြစ်၏။ စုန့်ရှီ၏အကွက်ထဲတွင် ပါဝင်ခဲ့သူအားလုံးမှာ အဆင့်အတန်းအလိုက် ပြစ်ဒဏ်ခံရသူခံ၊ အသတ်ခံရသူ ခံခဲ့ကြရသည်။
သို့သော် သနားစဖွယ်ကောင်းသည်မှာ ဒုတိယမင်းသားပင်ဖြစ်၏။ သူသည် မိမိအား ကျွေးမွေးပြုစုလာသော မိခင်သေဆုံးသွားခြင်းအတွက် မဝမ်းနည်းနိုင်သေးမီမှာပင် - မိမိ၏ မိခင်အရင်းကို သတ်ခဲ့သူမှာ ထိုမွေးစားမိခင် ဖြစ်နေသည်ဟူသော သတင်းကြောင့် စိတ်ထိခိုက်ကာ ဖျားနာသွားခဲ့သည်။ သူသည် ဝမ်းနည်းရမည်လား၊ ကလဲ့စားချေနိုင်၍ ဝမ်းသာရမည်လား၊ သို့မဟုတ် မိမိသည် နှစ်ပေါင်းများစွာ ရန်သူကို မိခင်ဟု မှတ်ယူခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ရယ်ရမည်လား မသိအောင် ဖြစ်နေရှာသည်။
စိတ်သောကနှင့် ထိတ်လန့်မှုများကြောင့် သူ့ရောဂါမှာ သုံးလေးရက်အတွင်း အိပ်ရာမှ မထနိုင်အောင် ပြင်းထန်လာခဲ့သည်။ ယဲ့ယွင်သည် ဤအကြောင်းကို ကြားသောအခါ ကြည့်မနေနိုင်သဖြင့် ရူယီဆောင်သို့ လူကိုယ်တိုင် သွားရောက်ခဲ့သည်။ ဒုတိယမင်းသားသည် သူမကို မြင်သည်နှင့် မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ပေါ်လာကာ၊ ကုတင်ပေါ်မှ လူးလဲထ၍ ဒူးထောက် ဂါရဝပြုရှာသည်။
“သားတော်... မင်ကွေ့ဖေးကို ဂါရဝပြုပါတယ်”
သူ၏ အင်မတန် သတိကြီးစွာပြုမူပုံမှာ နန်းတွင်း၌ မိခင်မဲ့သွားသော ကလေးတစ်ဦး၏ ခက်ခဲမှုကို ပြသနေသည်။ သူမသာ မလာခဲ့လျှင် ဤကလေးမှာ ဆက်လက်အသက်ရှင်ရန် ခက်ခဲလိမ့်မည်ဟု ယဲ့ယွင် သိသည်။
“မြန်မြန်ထပါ... နေမကောင်းဖြစ်နေတာကို စည်းကမ်းတွေ အသာထားလိုက်ပါ။ ဒီနှစ်ရက်မှာ မင်းရဲ့ ခမည်းတော်လည်း မင်းအတွက် အရမ်းစိုးရိမ်နေတာ။ မင်းက လူကြီးဖြစ်နေပြီလေ... အတိတ်က ဝမ်းနည်းစရာတွေထဲမှာပဲ နစ်မနေဘဲ ခမည်းတော်အကြောင်းကိုလည်း တွေးပေးဦး။ မင်းက နန်ချီရဲ့ မြင့်မြတ်တဲ့ မင်းသားတစ်ပါးပဲ၊ ကိုယ့်ကိုယ်ကိုယ် ဒီလို နှိမ့်ချမနေပါနဲ့”
“တကယ်လားဟင်? ခမည်းတော် သားတော်ကို စိတ်မဆိုးဘူးလား... သားတော်ကို မစွန့်ပစ်ဘူးလားဟင်” ဒုတိယမင်းသားလေးက တုန်ရီနေသော လေသံဖြင့် မေးရှာသည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေခဲ့ပြီ။
သူသည် မိခင်အရင်းနှင့် မွေးစားမိခင်ကိစ္စကြောင့်သာ စိတ်ရှုပ်နေခြင်းမဟုတ်ဘဲ - နောင်တွင် မိမိအား အကာအကွယ်ပေးမည့်သူ မရှိတော့သဖြင့် ခမည်းတော်ကပါ စွန့်ပစ်လိုက်လျှင် မည်သို့ ရှင်သန်ရမလဲဟု ကြောက်လန့်နေခြင်းဖြစ်၏။
ယဲ့ယွင် သက်ပြင်းချကာ၊ ဒုတိယမင်းသား၏ ပိန်လှီလှသော ပခုံးလေးကို ဆုပ်ကိုင်ရင်း သူ့မျက်လုံးများကို စိုက်ကြည့်ကာ လေးနက်စွာ ဆိုလိုက်သည် -
“မင်းနဲ့ မင်းရဲ့ ခမည်းတော်က သွေးသားအရင်းအချာတွေလေ၊ သူက မင်းကို ဘယ်လိုလုပ် စွန့်ပစ်မှာလဲ။ တကယ်လို့ သူက မင်းကို မလိုချင်တော့ဘူးဆိုရင်... ဒီရက်ပိုင်းမှာ အစေခံတွေ၊ သမားတော်တွေက မင်းကို ဒီလောက်အထိ အပင်ပန်းခံပြုစုပေးပါ့မလား။ စုန့်ရှီက အမှားလုပ်ခဲ့တာ မှန်ပေမဲ့ မင်းရဲ့ ခမည်းတော်က မတရားတဲ့သူ မဟုတ်ဘူး၊ မင်းကို အကြောင်းမဲ့ အပြစ်ပုံချမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်အေးအေးထားပြီး ဆေးမှန်မှန်သောက်ပါ၊ ကျန်းမာရေးပြန်ကောင်းလာမှသာ ခမည်းတော်ရဲ့ ကျေးဇူးကို ဆပ်ရာရောက်မှာပေါ့”
ဤစကားကိုကြားမှ ဒုတိယမင်းသား၏ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားကာ လေးလေးနက်နက် ခေါင်းညိတ်ပြတော့သည်။ ယဲ့ယွင်သည် အစေခံများကိုပါ မှာကြားပြီးမှ အပြင်သို့ ထွက်လာခဲ့သည်။ သူမ ထွက်လာပြီး မကြာမီမှာပင် အထဲမှ ငိုသံကြီးကို ကြားလိုက်ရသည်။
“မယ်မယ်...” နန်ကျစ်က စိုးရိမ်တကြီး နောက်သို့ လှည့်ကြည့်သည်။
ယဲ့ယွင်က မျက်လွှာချလိုက်သည် - “မကြည့်နဲ့တော့... သူ သဘောပေါက်သွားရင် ငိုချလိုက်တာကမှ ရင်ထဲက အပူတွေ ထွက်သွားမှာ။ နန်းတော်ထဲကနေရာအနှံ့ကို မှာထားလိုက်... ဘယ်သူမှ ဒုတိယမင်းသားကို အထင်သေးတာ၊ ပေါ့ဆတာမျိုး မလုပ်စေနဲ့။ မဟုတ်ရင် ငါကိုယ်တိုင် လက်မနှေးဘူးလို့ ပြောလိုက်စမ်း”
နင်ချန်သည် ယဲ့ယွင် ဒုတိယမင်းသားထံ သွားခဲ့သည့် သတင်းကို ကြားသောအခါ၊ သူမ၏ စိတ်နှလုံး ဖြူစင်မှုကို ပို၍ပင် မြတ်နိုးသွားရသည်။ ဖခင်တစ်ဦးအနေနှင့် သူသည် သားဖြစ်သူကို ချစ်သော်လည်း မည်သို့ ချော့မြူရမည်ကို မသိခဲ့ပေ၊ ယဲ့ယွင်၏လုပ်ရပ်က သူ့ရင်ထဲမှ အပူများကို ငြိမ်းအေးစေခဲ့သည်။
…..
ညနေပိုင်းတွင် နင်ချန်သည် ထုံးစံအတိုင်း ကျောက်ချွန်းနန်းဆောင်သို့ ရောက်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ ပြောပြစရာ အင်မတန်အရေးကြီးသော ကိစ္စတစ်ခု ရှိနေသည်။ ၎င်းကို သူ အကြာကြီး စဉ်းစားခဲ့ပြီးမှ ယဲ့ယွင်၏ဆန္ဒကို အရင်မေးမြန်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
ညစာ စားပြီးနောက် နှစ်ဦးသား လှဲနားချိန်တွင် နင်ချန်က လေးနက်စွာ ဆိုလာသည် -
“ချင်းချင်း... ကျန်း မင်းကို ‘မိဖုရားခေါင်ကြီး’ အဖြစ် တင်မြှောက်ချင်တယ်။ ငါ့ရဲ့ ဇနီးအဖြစ်နဲ့ ဒီတိုင်းပြည်ကို အတူတူ စောင့်ရှောက်ကြစို့။ မင်း သဘောတူရဲ့လား”
ယဲ့ယွင် ဤစကားကို မထင်မှတ်ထားသဖြင့် ခနမျှ မှင်တက်သွားရသည်။ နင်ချန်၏ စစ်မှန်သော မျက်ဝန်းများကိုကြည့်ရင်း သူ့စကားတိုင်းမှာ အလေးအနက်ဖြစ်ကြောင်း သူမ သိသည်။ သို့သော်လည်း ယဲ့ယွင်က ခေါင်းမညိတ်ခဲ့ပေ။
သူမသည် နင်ချန်၏လက်ကို အသာအယာ ဆုပ်ကိုင်ကာ စိတ်ကို ထိန်းပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို စိုက်ကြည့်ကာ အမှန်အတိုင်း ဆိုလိုက်သည် -
“အရှင်မင်းကြီး... ချန်းချဲ့ရဲ့ အတ္တဆန်တဲ့ စကားကို ခွင့်လွှတ်ပေးပါ။ ချန်းချဲ့က အရှင့်ရဲ့ တစ်ဦးတည်းသော ‘ကွေ့ဖေး’ ပဲ ဖြစ်ချင်တာပါ။ ‘ဆက်ခံတဲ့ မိဖုရား’ တော့ မလုပ်ချင်ပါဘူး။ အဲဒီနေရာဟာ အခြားသူတစ်ယောက် ပိုင်ဆိုင်ခဲ့ဖူးတဲ့ နေရာလေ... ချန်းချဲ့ကတော့ အရှင့်အတွက် ‘ထူးခြားဆန်းသစ်တဲ့ တစ်ဦးတည်းသောသူ’ ပဲ ဖြစ်ချင်တာပါ”
“မိဖုရားခေါင် မဖြစ်ရင်တောင်မှ၊ ချန်းချဲ့ရဲ့ စိတ်ထဲမှာ အရှင်ဟာ အမြဲတမ်း ချန်းချဲ့ရဲ့ ခင်ပွန်းပါပဲ။ စည်းကမ်းမဲ့တဲ့ စကားလို့ ထင်ရင် ထင်ပါစေ... ချန်းချဲ့က ကိုယ့်ကိုယ်ကိုယ် အရှင့်ရဲ့ မယားငယ်လို့ တစ်ခါမှ မသတ်မှတ်ခဲ့ပါဘူး။ နှစ်ဦးသားရဲ့ စိတ်ရင်းချင်း တူနေသရွေ့တော့ ဘွဲ့အမည်ဆိုတာ အပေါ်ယံပါပဲ။ သံယောဇဉ်မရှိဘဲ ဘွဲ့အမည်ပဲရှိနေရင်လည်း လင်မယားလို့ မခေါ်နိုင်ပါဘူး”
နင်ချန်သည် ယဲ့ယွင် ငြင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့သော်လည်း၊ သူမ၏ ဤအပြောအဆိုမှာ သူမ၏ မာနရှိလှသော စရိုက်နှင့် ကိုက်ညီလှပေသည်။ သူမ၏လေသံနှင့် အကြည့်များမှာ စစ်မှန်လွန်းသဖြင့် သူလည်း ထပ်မံ၍ မတိုက်တွန်းတော့ပေ။
အတော်ကြာမှ နင်ချန်က သက်ပြင်းချကာ သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်း၍ ပွေ့ဖက်လိုက်သည် -
“ကောင်းပြီလေ... မင်း မလိုလားရင် ကျန်းလည်း အတင်းအကျပ် မလုပ်ပါဘူး။ ဒီကိစ္စတွေ ပြီးသွားရင် ကျန်းတို့တွေ နန်းပြင်ကို ထွက်ကြရအောင်။ ကျန်း မြောက်ဘက်ကို မလှည့်လည်တာ ကြာပြီပဲ၊ မင်းကိုလည်း စိတ်အပန်းပြေအောင် လိုက်ပို့ပေးမယ်”
“ဟုတ်ကဲ့ပါ... အရှင့်အလိုအတိုင်းပါပဲ” ယဲ့ယွင်က ပြုံးလျက် နင်ချန်၏ခါးကို ပြန်လည် ဖက်ထားလိုက်သည်။
ဤခဏတွင် သူတို့နှစ်ဦးစလုံးမှာ စစ်မှန်သော နှလုံးသားချင်း ထိတွေ့နေကြတော့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 438
အခန်း ၄၃၈ ။ ပြင်းထန်သောဒဏ်ရာ
မြောက်ဘက်တိုင်းခန်းလှည့်ခရီးစဉ်ဆိုသည်မှာ ကိစ္စကြီးတစ်ခုဖြစ်ရာ၊ သွားချင်တိုင်း သွား၍မရပေ။ လူအင်အားနှင့် ရထားလုံး၊ မြင်းများ စီစဉ်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူရသည်။ ခရီးစတင်မည့်အချိန်မှာ ၇လပိုင်းလောက် ဖြစ်ပေလိမ့်မည်။
ယဲ့ယွင်ကတော့ ဤသို့ဖြစ်သည်မှာလည်း မဆိုးဟု တွေးမိသည်။ ပထမတစ်ခေါက် သွားစဉ်က နွေဦးအလှကို မြင်တွေ့ခဲ့ရပြီး၊ ယခုတစ်ခေါက်တွင်မူ နွေရာသီအလှကို ခံစားရမည် မဟုတ်လား။ အကယ်၍ ကြာကြာနေဖြစ်လျှင် ဆောင်းဦးအလှကိုပါ မြင်တွေ့နိုင်ပေမည်။ နန်းတော်ထဲဝင်လာပြီးကတည်းက အပြင်ထွက်ခွင့်ရခဲလှသဖြင့် သူမ အလွန်ဝမ်းသာနေမိသည်။
သို့သော် ထိုဝမ်းသာမှုမှာ ကြာရှည်မခံခဲ့ပေ။ မယ်တော်ကြီး ချော်လဲကာ သတိလစ်သွားသည်ဟူသော သတင်းဆိုး နန်းတော်ထဲသို့ ရောက်ရှိလာခဲ့သည်။ အကြောင်းမှာ မိုးရွာပြီးနောက် ယန်ချင့်ဘုရားကျောင်း၏ အနောက်တောင်ကုန်းရှုခင်းမှာ အလွန်လှပသဖြင့် မယ်တော်ကြီး သွားရောက်ကြည့်ရှုရာမှ၊ တောင်တက်လမ်းမှာ စိုစွတ်ချော်ချွတ်နေသဖြင့် လှေကားထစ်များပေါ်မှ လိမ့်ကျသွားခဲ့ခြင်း ဖြစ်၏။
ထိုမျှအထိ အသက်ကြီးနေသောသူမှာ ဤမျှအထိ ပြင်းထန်သော လဲကျဒဏ်ကို မခံနိုင်ဘဲ ချက်ချင်းပင် သတိလစ်သွားခဲ့သည်။ အတူလိုက်ပါသွားသော သမားတော်များ စမ်းသပ်ကြည့်ရာ - အပြင်ပန်းတွင် ဒဏ်ရာကြီးကြီးမားမား မရှိသော်လည်း၊ ကိုယ်တွင်းအင်္ဂါများနှင့် အဆုတ်၊ အသည်းတို့မှာ ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ပြင်ပဒဏ်ရာထက် ပို၍ အသက်အန္တရာယ်စိုးရိမ်ရသည်။ အပြင်ပန်းဒဏ်ရာမှာ မြင်သာသော်လည်း၊ ကိုယ်တွင်းသွေးယိုစိမ့်မှုကိုမူ မမြင်နိုင်ပေ။ မယ်တော်ကြီး၏ အသက်အရွယ်နှင့်ဆိုလျှင် လုံးဝ တောင့်ခံနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သမားတော်များက စာလွှာပေးပို့ရာတွင် မယ်တော်ကြီးအနေနှင့် တစ်လ သို့မဟုတ် နှစ်လခန့်သာ သက်တမ်းကျန်တော့ကြောင်း ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ကြသည်။ သတင်းရသည်နှင့် နင်ချန်သည် ယန်ချင့်ဘုရားကျောင်းရှိ နန်းပြင်စံအိမ်သို့ ချက်ချင်း ထွက်ခွာခဲ့သည်။ မယ်တော်ကြီး၏ ဒဏ်ရာမှာ ရွှေ့ပြောင်း၍ မရသဖြင့် သူကိုယ်တိုင်ပင် သွားရတော့မည်ဖြစ်၏။
ယဲ့ယွင်က ခနစဉ်းစားပြီးနောက်၊ နန်းတွင်းရှိ မင်းသားများနှင့် မင်းသမီးများကိုပါ မယ်တော်ကြီးအား နောက်ဆုံးနှုတ်ဆက်ရန် တစ်ပါတည်း လွှတ်ပေးလိုက်သည်။ အသက်ငယ်လွန်းသော ပဉ္စမမင်းသား၊ ဆဌမမင်းသားနှင့် စတုတ္ထမင်းသမီးလေးတို့မှလွဲ၍ အားလုံး သွားကြရမည်ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူမသည် နန်းတွင်းရေးရာဌာနအား နာရေးအတွက် ကြိုတင်ပြင်ဆင်ရန် တိတ်တဆိတ် အမိန့်ပေးထားလိုက်သည်။ မယ်တော်ကြီးသည် အတိတ်က မည်မျှပင် ဝေခွဲမရဖြစ်ခဲ့ပါစေ၊ နောက်ဆုံးတွင်မူ နင်ချန်၏ မိခင်အရင်းဖြစ်ရာ နာရေးအခမ်းအနားကို အမြင့်ဆုံးအဆင့်အတန်းဖြင့် ကျင်းပရမည် မဟုတ်လား။
……
ယန်ချင့်ဘုရားကျောင်း။
နင်ချန်သည် မြင်းစီး၍ အပြေးအလွှား ရောက်ရှိလာခြင်း ဖြစ်သည်။ လမ်းတစ်လျှောက်လုံး သူ တိတ်ဆိတ်နေခဲ့သော်လည်း မျက်နှာမှာ အင်မတန် တည်တင်းနေသည်။ သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ရှိနေသော်လည်း၊ သေသေချာချာ ကြည့်လျှင် ထိတ်လန့်တုန်လှုပ်မှုများကို မြင်နိုင်ပေသည်။ မယ်တော်ကြီး နန်းပြင်ထွက်စဉ်က ကျန်းမာရေး အနည်းငယ် ချို့ယွင်းနေသော်လည်း မပြင်းထန်ခဲ့ပေ။ မတော်တဆမှုတစ်ခုက ဤမျှအထိ ဖြစ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
တိုက်မြောင်နှင့် ချန်းရွှင်ရုန်တို့သည် ကုတင်ဘေးတွင် စောင့်ကြပ်နေကြပြီး၊ နင်ချန် ရောက်လာသည်နှင့် ဘေးသို့ ဖယ်ပေးလိုက်ကြသည်။ ကုတင်ပေါ်တွင် မျက်လုံးမှိတ်လျက်၊ မျက်နှာဖြူလျော်ကာ အရေးအကြောင်းများ ပြည့်နှက်နေသော အမျိုးသမီးးကြီးကို ကြည့်ရင်း နင်ချန် ရင်ထဲမှာ ဆို့နင့်သွားရသည်။ သူ သတိမထားမိခင်မှာပင် မိခင်ဖြစ်သူမှာ အိုမင်းရင့်ရော်နေခဲ့ပြီ ဖြစ်သည်။ သူ၏ မှတ်ဉာဏ်ထဲတွင်မူ မယ်တော်ကြီးမှာ အမြဲတမ်း ကျန်းမာလှပနေသူ တစ်ဦးသာ ဖြစ်ခဲ့သည်။
ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း၊ လည်ချောင်းထဲတွင် ဆူးတစ်ချောင်း ခံနေသကဲ့သို့ ခံစားရသဖြင့် စကားတစ်ခွန်းမျှ မထွက်နိုင်ပေ။
“အရှင်မင်းကြီး... သမားတော်တွေ မယ်တော်ကြီးကို အပ်စိုက်ပေးထားသလို ဆေးလည်း တိုက်ထားပါတယ်။ ခဏနေရင် နိုးလာပါလိမ့်မယ်။ အရှင့်ရဲ့ ဝတ်ရုံနဲ့ ဖိနပ်တွေမှာ ရွှံ့တွေ ပေနေတာဆိုတော့... အဝတ်အစား အရင် သွားလဲလိုက်ပါဦးလား” ဟု ချန်းရွှင်ရုန်က ဝင်ရောက် လျှောက်တင်သည်။
နင်ချန် သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်ပြပြီး ဘေးဆောင်သို့ ထွက်လာခဲ့သည်။ သူ အဝတ်လဲပြီးနောက် သမားတော်ကို ခေါ်ကာ အခြေအနေကို မေးမြန်းလိုက်သည်။
“တကယ်ပဲ ကုသဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား”
“ကျွန်တော်မျိုးတို့ အစွမ်းအစ မရှိတာကို ခွင့်လွှတ်ပါ။ မယ်တော်ကြီးက အမြင့်ကနေ ပြင်းပြင်းထန်ထန် လိမ့်ကျခဲ့တာမို့ ကိုယ်တွင်းအင်္ဂါတွေက သွေးယိုစိမ့်နေပါပြီ။ မယ်တော်ကြီးရဲ့ အသက်အရွယ်နဲ့ဆိုရင်တော့... ဆေးမရှိတော့ပါဘူး။ အခု ကျွန်တော်မျိုးတို့ လုပ်နိုင်တာက နာကျင်မှု သက်သာစေမယ့် ဆေးတွေပေးပြီး အသက်ကို ခန ထိန်းထားပေးရုံပါပဲ” ဟု သမားတော်က တိုးတိုးလေး ဖြေကြားသည်။
၎င်းမှာ မယ်တော်ကြီးအနေနှင့် သေဆုံးရန် စောင့်ဆိုင်းနေရုံသာ ရှိတော့သည်ဟု ဆိုလိုခြင်းပင်။ နင်ချန်မှာ ဤအမှန်တရားကို လက်ခံရန် ခက်ခဲနေသည်။ သမားတော်ကလည်း အမှန်အတိုင်း မတင်ပြပါက နောင်တွင် မိမိ၌ အပြစ်ရှိလာမည်စိုးသဖြင့် စောစီးစွာ လျှောက်တင်ထားခြင်းဖြစ်၏။
“မင်း သွားတော့။ ဒီအတောအတွင်း မယ်တော်ကြီးကို သေသေချာချာ ပြုစုပါ။ သူမ သက်သောင့်သက်သာဖြစ်အောင် အစွမ်းကုန် လုပ်ပေးစမ်း”
အတော်ကြာ တိတ်ဆိတ်နေပြီးမှ နင်ချန် စကားဆိုလိုက်သည်။ အခြေအနေက ဤသို့ဖြစ်လာမှတော့ သူလည်း လက်ခံရုံသာ ရှိတော့သည်။ သမားတော် ထွက်သွားပြီးနောက် ယွမ်ကျို အထဲဝင်လာသည်။
“အရှင်မင်းကြီး... ကွေ့ဖေးမယ်မယ် စီစဉ်ပေးလိုက်တဲ့ မင်းသားတွေနဲ့ မင်းသမီးတွေ ရောက်လာကြပါပြီ။ အခု စံအိမ်အပြင်မှာ စောင့်နေကြပါတယ်”
“ကွေ့ဖေးက အမြဲအကွက်စေ့တာပဲ။ သူတို့ကို အထဲဝင်ခိုင်းလိုက်ပါ၊ မယ်တော်ကြီးကို ဂါရဝပြုခိုင်းလိုက်” နင်ချန်က လက်ယမ်းပြသည်။ လူတစ်ဦး ကွယ်လွန်ခါနီးတွင် သားမြေးမြစ်များ ဝန်းရံနေခြင်းမှာ ထုံးစံတစ်ခု မဟုတ်လား။ မဟုတ်လျှင်မူ ကုတင်ဘေးတွင် ခြောက်ကပ်နေသည်ဟု ကဲ့ရဲ့ခံရပေလိမ့်မည်။ အမှန်တကယ်တော့ မင်းသားကြီးများနှင့် မင်းသမီးကြီးများလည်း လမ်းတွင် ရောက်နေကြပြီ ဖြစ်သည်။
ကလေးများ အတွင်းခန်းထဲသို့ ဝင်လာကြသော်လည်း ရင်ထဲတွင် အကြီးအကျယ် ဝမ်းနည်းနေခြင်းမျိုးတော့ မရှိကြပေ။ အကြောင်းမှာ မင်းသားကြီးမှလွဲ၍ ကျန်သောကလေးများမှာ မယ်တော်ကြီးနှင့် မရင်းနှီးကြသောကြောင့် ဖြစ်၏။ သို့သော် လာစဉ်ကပင် လူကြီးများ၏ မှာကြားချက်ကြောင့် မည်သို့ပြုမူရမည်ကို သူတို့ သိကြသည်။ ထို့ကြောင့် အားလုံး၏မျက်နှာများမှာ ညိုးငယ်နေကြသည်။
တစ်ဦးပြီးတစ်ဦး ကုတင်ဘေးတွင် ဒူးထောက်ကာ ဦးတိုက်ကြစဉ်၊ တတိယမင်းသား၏အလှည့်တွင် မယ်တော်ကြီးသည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။
“ဘွားတော်... ဘွားတော် နိုးလာပြီလားဟင်” တတိယမင်းသားက ဝမ်းသာအားရဖြင့် ကုတင်ဘေးသို့ တိုးကပ်သွားသည်။
ချန်းရွှင်ရုန်က သမားတော်ကို အမြန်ခေါ်ခိုင်းသလို၊ ဧကရာဇ်ကိုလည်း သတင်းပို့ခိုင်းလိုက်သည်။ မယ်တော်ကြီးမှာ ခေါင်းထဲတွင် မူးဝေနေဆဲဖြစ်ပြီး တစ်ကိုယ်လုံး နာကျင်နေရှာသည်။ အသက်ရှူတိုင်းလည်း နာကျင်နေသဖြင့် မျက်လုံးပြန်မှိတ်ကာ ခန အနားယူပြီးမှ ပြန်ပွင့်လာခဲ့သည်။
“ချန်အာ... မင်းလား”
ရုတ်တရက် မယ်တော်ကြီးသည် တတိယမင်းသား၏ အနောက်တွင် ရပ်နေသော စတုတ္ထမင်းသားလေးကို လှမ်းကြည့်ကာ၊ မျက်နှာတွင် ကြင်နာမှုများ ပြည့်နှက်သွားသည်။
“မြန်မြန်လာပါဦး... မယ်တော် ကြည့်ပါရစေ။ မင်း တော်တော် အရပ်ရှည်လာတာပဲနော်။ ဒေါ်လေးဖု ချုပ်ပေးတဲ့ ဖိနပ်သစ်လေးစီးရတာ သက်သောင့်သက်သာ ရှိရဲ့လား”
တစ်ခဏချင်းမှာပင် လူတိုင်း ကြောင်အမ်းသွားကြသည်။ မယ်တော်ကြီးမှာ သတိဝေဝါးနေသဖြင့် စတုတ္ထမင်းသားကို ဧကရာဇ် (နင်ချန်) ဟု ထင်မှတ်ကာ အမည်ခေါ်လိုက်ခြင်း ဖြစ်၏။ စတုတ္ထမင်းသားလေးသည်လည်း မိမိက ခမည်းတော်နှင့် အင်မတန်တူမှန်း သိထားသဖြင့် မယ်တော်ကြီး လူမှားနေမှန်း ရိပ်မိလိုက်သည်။
သူသည် အနားသို့ တိုးသွားကာ ဂါရဝပြုလိုက်ပြီး - “ဘွားတော်... မြေးတော်က ကျင့်အာပါ” ဟု တိုးတိုးလေး ဆိုလိုက်သည်။
“ကျင့်အာ?” မယ်တော်ကြီးက ရေရွတ်ရင်း အသိတရား ပြန်ဝင်လာပုံရသဖြင့် မျက်ဝန်းထဲမှ အရောင်များ မှိန်ကျသွားသည် - “စတုတ္ထမင်းသားလေးပဲကိုး... မင်းက မင်းရဲ့ ခမည်းတော် ငယ်ငယ်တုန်းကနဲ့ တကယ်တူတာပဲ”
ရုတ်တရက် မယ်တော်ကြီး လည်ချောင်းထဲမှ ယားကျိကျိဖြစ်လာကာ အကြိမ်ကြိမ် ချောင်းဆိုးတော့သည်။ ချောင်းဆိုးလိုက်တိုင်း သွေးနံ့များ ထွက်ပေါ်လာကာ၊ နှုတ်ခမ်းထောင့်မှ သွေးစအချို့ စီးကျလာခဲ့သည်။ တတိယမင်းသားမှာ စတုတ္ထမင်းသားနှင့် ဘေးချင်းယှဉ်ရပ်နေစဉ်၊ သွေးများကို မြင်သည်နှင့် မသိစိတ်အလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
စတုတ္ထမင်းသားလေးမှာလည်း ထိတ်လန့်သွားသော်လည်း၊ တစ်ခဏအတွင်းမှာပင် သူ့ရင်ဘက်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ မယ်တော်ကြီး၏ သွေးများကို သုတ်ပေးလိုက်သည် - “သမားတော်ကို အမြန်ခေါ်ကြပါ! ဘွားတော် သွေးတွေ အန်နေပြီ!”
ကလေးတွေထဲတွင် အကြီးဆုံးဖြစ်သော မင်းသမီးကြီးမှာလည်း အမြန်ရှေ့တိုးကာ မောင်ဖြစ်သူ၏ လက်ထဲမှ သွေးစွန်းနေသော ပဝါကို လွှဲယူပြီး အခြေအနေကို ကြည့်ရှုတော့သည်။
ထိုအချိန်တွင် နင်ချန် ရောက်ရှိလာပြီး ဤမြင်ကွင်းကို အတိုင်းသား မြင်လိုက်ရသည်။ စတုတ္ထမင်းသား၏ တည်ငြိမ်မှု၊ တတိယမင်းသား၏ ရှောင်တိမ်းမှု၊ မင်းသမီးကြီး၏ တာဝန်ယူတတ်မှုနှင့် အခြားသော ကလေးများ၏ ဘာလုပ်ရမှန်းမသိ ထိတ်လန့်နေပုံများအားလုံးကို သူ မှတ်တမ်းတင်လိုက်မိသည်။
သို့သော် အသေးစိတ်စဉ်းစားရန် အချိန်မဟုတ်သဖြင့် သမားတော်နှင့်အတူ မယ်တော်ကြီးအား ကြည့်ရှုကြသည်။ ကံကောင်းထောက်မစွာဖြင့် သွေးအနည်းငယ်သာ ထွက်ခြင်းဖြစ်သဖြင့် ပါးစပ်ဆေးပြီးနောက် အဆင်ပြေသွားခဲ့သည်။ သို့သော် ဤဖြစ်ရပ်ကြောင့် မယ်တော်ကြီး၏ ဒဏ်ရာ မည်မျှပြင်းထန်သည်ကို နင်ချန်ကိုယ်တိုင် မြင်တွေ့လိုက်ရလေပြီ။
“ဧကရာဇ်... မင်း လာကြည့်တာပဲ။ အိုက်ကျားရဲ့ အသက်ကတော့ အဆုံးသတ်ကို ရောက်နေပါပြီ။ နောင်ကျရင်တော့ မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အမှားမျိုးတွေကို ထပ်လုပ်မှာ မဟုတ်တော့ပါဘူး” ဟု မယ်တော်ကြီးက မချိပြုံး ပြုံးကာ ဆိုသည်။
နင်ချန်က ဘေးတွင် ထိုင်လိုက်ရင်း - “မယ်တော်... မယ်တော် အဆင်ပြေနေတာပဲ။ သမားတော်တွေလည်း ရှိနေတာဆိုတော့ ဘာမှမဖြစ်ပါဘူး။ အတိတ်က ကိစ္စတွေကို ထားလိုက်ပါတော့၊ မယ်တော်က ကျန်းရဲ့ မိခင်အရင်းပဲဟာ”
“ဒါပေမဲ့... မင်း ငါ့ကို အပြစ်တင်ခဲ့မှန်း ငါသိပါတယ်။ မင်း ငယ်ငယ်တုန်းက ငါ မင်းကို ဂရုမစိုက်ခဲ့တာရယ်၊ နောက်ပိုင်းမှာလည်း မင်းရဲ့အခြေအနေကို မငဲ့ကွက်ဘဲ ချန်မိသားစုအတွက်ပဲ ကြံစည်ခဲ့တာတွေအတွက် မင်း ငါ့ကို မုန်းခဲ့တယ် မဟုတ်လား” ဟု မယ်တော်ကြီးက မျက်ရည်များ ဝဲလျက် မေးလာတော့သည်။
ဤခဏတွင် နင်ချန်၏ရင်ထဲမှာ ရှုပ်ထွေးနေရသည်။ အမှန်တကယ်ပင် သူသည် မယ်တော်ကြီးကို အပြစ်တင်ခဲ့ဖူးသော်လည်း၊ ယခုကဲ့သို့သော အချိန်တွင် အမှန်အတိုင်း ပြောလိုက်ခြင်းမှာ မယ်တော်ကြီး၏ရင်ဘတ်ကို ဓားနှင့် ထိုးလိုက်သကဲ့သို့ ဖြစ်နေမည် မဟုတ်လား။
***