← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 28 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 28 Ch. 441-442

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 441

အခန်း ၄၄၁ ။ မောင်နှမ

တစ်နေ့လုံး တည်ခင်းသော စားသောက်ပွဲများအပြီးတွင် နန်းတွင်း၌ လူစုဆုံရုံမျှသာ ဖြစ်သော်လည်း အင်မတန် ပင်ပန်းလှပေသည်။ အဓိကမှာ နင်ချန်သည် မွန်းလွဲပိုင်းတွင် အချိန်လုကာ ကျိုချန်နန်းဆောင်၌ နန်းတွင်းသို့ လာရောက်ဂါရဝပြုကြသော တော်ဝင်ဆွေမျိုးတော်များကို တွေ့ဆုံခဲ့ရသောကြောင့်ဖြစ်သည်။

ညနေပိုင်းတွင် နင်ချန်သည် ထုံးစံအတိုင်း ကျောက်ချွန်းနန်းဆောင်သို့ ရောက်လာရာ စတုတ္ထမင်းသမီးလေး တစ်ဦးတည်းသာ သစ်သားဓားလေးကို ကိုင်ကာ ခြံဝင်းထဲ၌ ညန်ကောင်းနှင့် ဆော့ကစားနေသည်ကို တွေ့ရသည်။

“ယွမ့်အာ... မင်းရဲ့ အစ်ကို (၆) ကော ဘယ်မှာလဲ” နင်ချန်သည် သမီးငယ်လေးကို ကြည့်ရင်း မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်နေသည်။

စတုတ္ထမင်းသမီးလေးမှာ ပြေးလွှားဆော့ကစားထားသဖြင့် ချွေးများ ရွှဲနေပြီး၊ ဖခင်ဖြစ်သူကို မြင်သည်နှင့် ပြုံးပျော်ကာ လက်ထဲမှ ဓားကို အစေခံအား ပစ်ပေးပြီး လုံးတုံးတုံးပြေးလာကာ ချီခိုင်းတော့သည်။

“ရူယီဆောင်ကို သွားတယ်၊ စတုတ္ထအစ်ကိုနောက် လိုက်သွားတာ။ မေမေက ပြောတယ်... သူတို့က ‘အပုပ်နံ့ချင်း တူလို့ ပေါင်းကြတာ’ တဲ့” ဟု စတုတ္ထမင်းသမီးလေးက ဆိုသည်။

ပြောရင်းနှင့် မျက်လုံးလေး လှန်ပြပုံမှာ ယဲ့ယွင် သင်ပေးထားသော ကလေးဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ နင်ချန်မှာ ရယ်လည်းရယ်ချင်သွားသည်၊ ကဲ... ဒီကလေး သုံးယောက်စလုံးက စရိုက်မှာ ယဲ့ယွင်အတိုင်းဖြစ်ပြီး ရုပ်ရည်ကမှ သူ့ကို တူကြခြင်းပင်။

“အပုပ်နံ့ချင်း တူတယ်ဆိုတာ ဘာကို ပြောတာလဲ သိလို့လား”

“အဲဒါက... အစ်ကိုတွေ အကုန်လုံးက နံစော်နေလို့ပေါ့” ဟု စတုတ္ထမင်းသမီးလေးက အဓိပ္ပာယ် သေသေချာချာ မသိဘဲ ဝေဝါးစွာ ဖြေရှာသည်။

အပြင်ဘက်မှ လှုပ်ရှားမှုကို ကြားသဖြင့် ယဲ့ယွင် ထွက်လာရာ သားအဖ နှစ်ဦး စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူမက အသာအယာ ဂါရဝပြုပြီးနောက် လက်ကိုင်ပဝါဖြင့် သမီးဖြစ်သူ၏နဖူးမှ ချွေးစေးများကို သုတ်ပေးလိုက်သည်။

“အစ်ကိုတွေက မင်းနဲ့ မဆော့ပေးတော့ ညန်ကောင်းကိုပဲ ဒုက္ခပေးနေတာလား။ သူက အသက်မငယ်တော့ဘူး၊ မင်းနဲ့ ဒီလောက်အထိ လိုက်ဆော့ဖို့ အင်အားမရှိတော့ဘူးလေ”

ညန်ကောင်းမှာ စတုတ္ထမင်းသားထက်ပင် နှစ်နှစ်ကြီးရာ ခွေးသက်တမ်းအရဆိုလျှင် အဘိုးကြီး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် သေသေချာချာ ကျွေးမွေးထားသဖြင့် ကျန်းမာရေး ကောင်းနေသေးသော်လည်း၊ အရင်လို မပြေးချင်တော့ဘဲ ယဲ့ယွင်၏ခြေရင်း၌ လှဲနေရသည်ကို သို့မဟုတ် ရူယီဆောင်သို့ သွားကာ စတုတ္ထမင်းသားအနား၌ နှစ်ရက်၊ သုံးရက် အိပ်နေရသည်ကိုသာ နှစ်သက်တော့သည်။

“မင်းရဲ့ စတုတ္ထအစ်ကိုဆီ သွားလိုက်ဦး၊ ပြီးရင် ဆဌမအစ်ကိုကိုပါ တစ်ပါတည်း ပြန်ခေါ်ခဲ့။ ညကျရင် စတုတ္ထအစ်ကိုက စာစီစာကုံး ရေးရမှာမို့ သွားမနှောင့်ယှက်နဲ့ဦး။ ညစာစားပြီးမှ ပြန်လာခဲ့ကြ” ယဲ့ယွင်က သမီးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

စတုတ္ထမင်းသမီးလေးက ခေါင်းညိတ်ကာ ချက်ချင်း ထွက်သွားတော့သည်။ ကလေးများ မရှိတော့သဖြင့် နင်ချန်က ယဲ့ယွင်၏လက်ကိုဆွဲကာ အထဲသို့ ခေါ်သွားခဲ့သည်။ ယနေ့ ညစာကို သူတို့နှစ်ဦးတည်း သီးသန့် စားကြရမည် မဟုတ်လား။ ယဲ့ယွင်အတွက်မူ စတုတ္ထမင်းသား ကြီးလာပြီဖြစ်ရာ ညီငယ်လေးကို ကြည့်ရှုစောင့်ရှောက်ရမည့် တာဝန်မှာ အစ်ကိုဖြစ်သူကသာ ထမ်းဆောင်ရပေတော့မည်။

ရူယီဆောင်ရှိ စတုတ္ထမင်းသားမှာမူ - အခန်းအနှံ့ လျှောက်မွှေနေသော ညီငယ်လေးကို ကြည့်ကာ ခေါင်းခဲနေစဉ်၊ ခြံဝင်းထဲမှ ညီမငယ်လေး၏အသံကို ထပ်မံ ကြားလိုက်ရပြန်သဖြင့် ပို၍ပင် ခေါင်းကိုက်သွားရသည်။

“ညစာကို အပေါ့အငန်လေးပဲ ပြင်ခိုင်းလိုက်ပါ၊ သူတို့တွေက အစပ် မစားနိုင်ကြဘူး” ဟု စတုတ္ထမင်းသားက မှာကြားသည်။

ပိုင်ရှုက ပြုံးလျက် ခေါင်းညိတ်ကာ စီစဉ်တော့သည်။ စတုတ္ထမင်းသားမှာ အပြင်ပန်းတွင် စိတ်မရှည်သလို ပြသော်လည်း၊ တစ်ကြိမ်စီတိုင်းတွင် အသေးစိတ် စီစဉ်ပေးတတ်ရာ ညီအစ်ကို မောင်နှမများကြား သံယောဇဉ်မှာ အင်မတန် ခိုင်မြဲလှပေသည်။

အခြားတစ်ဖက်တွင်၊ ကလေးများ၏ အကြိုက်ကို ငဲ့စရာမလိုတော့သဖြင့် ယဲ့ယွင်သည် နင်ချန်နှင့်အတူ ‘ဟော့ပေါ့’ ကို အတူတူ စားကြသည်။ နွေရာသီဖြစ်သော်လည်း ဟော့ပေါ့စားရသည်မှာ သက်သောင့်သက်သာ ရှိလှသလို၊ အအေးခံထားသော သစ်သီးဝလံများနှင့် တွဲဖက်လိုက်လျှင် ပို၍ပင် အရသာရှိလှပေသည်။

နင်ချန်က ယဲ့ယွင်အား သိုးသားပြားလေး တစ်ခုကို ခပ်ပေးလိုက်ရင်း - “အခု များများစားထားဦး၊ ကျားစခ်ကိုသွားရင် လမ်းမှာ တစ်လလောက် ကြာမှာဆိုတော့... ခရီးလမ်းက နည်းနည်း ပင်ပန်းလိမ့်မယ်”

“ဒါပေမဲ့ ရောက်သွားရင်တော့ အသားကင် စားရမှာပဲလေ။ ဟိုဘက်က အသားကင်တွေက မြို့တော်နဲ့ အရသာချင်း မတူဘူးဆိုတော့... စဉ်းစားကြည့်ရုံနဲ့တင် အရသာရှိတယ်” ယဲ့ယွင်က ပြုံးလျက် ဆိုသည်။

နင်ချန်ကတော့ ဝိုင်သောက်ရမည့် အရေးကို တွေးနေမိသည်။ ကျားစခ်ကလူများ ဝိုင်သောက်ပုံမှာ ခွက်ရော၊ ပန်းကန်ပါ မြို့တော်ထက် အဆပေါင်းများစွာ ကြီးမားလှပေသည်။ ယခုတစ်ခေါက်သွားလျှင် ဝိုင်သောက်နိုင်သူ အနည်းငယ် ပိုခေါ်သွားမှ ဖြစ်ပေလိမ့်မည်။

လူခေါ်မည့် အရေးကို သတိရမိသဖြင့် နင်ချန်က မေးလိုက်သည် - “ဒီတစ်ခေါက် ဘယ်သူတွေကို ခေါ်သွားမလဲ။ ကလေးတွေကိုတော့ အကုန်ခေါ်သွားကြတာပေါ့၊ ခရီးထွက်ရခဲတာပဲဟာ”

ယဲ့ယွင်က မျက်ခုံးပင့်ကာ စနောက်လိုက်သည် - “အရှင်မင်းကြီး ပြောချင်တာက ကလေးတွေတင် မကဘူး မဟုတ်လား။ ချန်းချဲ့ကတော့ နုပျိုလှပတဲ့ ကိုယ်လုပ်တော်လေးတွေကို အများကြီး ထည့်ပေးလိုက်ပါ့မယ်။ ချွေ့ကျယ်ယွီတို့၊ ဟိုရှိုးရုန်တို့၊ ယင်းဝမ်ရုန်တို့ အကုန်လုံးက မဆိုးကြပါဘူး”

“စနောက်မနေပါနဲ့ဦး” နင်ချန်က သူမအား မတတ်သာသလို ကြည့်လိုက်သည်။ “ကျန်းက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီခရီးစဉ်မှာ လူအများကြီး မခေါ်သွားနဲ့လို့ ပြောချင်တာပါ။ ကျားစခ်ဘက်မှာ အခြေအနေက နည်းနည်း မငြိမ်မသက် ဖြစ်နေတယ်၊ အန်းဟယ်ကျင်းက ရည်မှန်းချက် ကြီးနေတာဆိုတော့... လူရှုပ်ရင် မကောင်းဘူး။ အေးဆေးလိမ္မာတဲ့သူ အနည်းငယ်ပဲ ခေါ်သွားရအောင်”

ယဲ့ယွင် ခေါင်းညိတ်ကာ စနောက်နေသော မျက်နှာကို ပြန်ထိန်းလိုက်သည်။ “ဒါဆိုရင် မင်းသား၊ မင်းသမီးတွေရဲ့ မယ်တော်အရင်းတွေကိုပဲ ခေါ်သွားကြတာပေါ့။ နောက်ပြီး ဟိုရှိုးရုန်ကိုလည်း ခေါ်သင့်ပါတယ်။ ဒီတစ်ခေါက် သူမရဲ့ အစ်ကိုဖြစ်သူက လုံခြုံရေးအတွက် လိုက်ပါရမှာဆိုတော့... စစ်သူကြီးဟိုကို မျက်နှာပေးရမှာပေါ့”

“အင်း... အဲဒီအတိုင်းပဲ စီစဉ်လိုက်ပါ” နင်ချန်က သဘောတူသော်လည်း ထပ်မံ မေးမြန်းလိုက်သည် - “ဒါပေမဲ့ နန်းတွင်းမှာလည်း အရေးကြီးတာတွေကို စီမံဖို့ တစ်ယောက်ယောက် ကျန်ခဲ့ရမှာပဲ။ မင်းရဲ့ အမြင်အရ ဘယ်သူက အသင့်တော်ဆုံးလဲ”

“ဒါကတော့ အရှင် စိုးရိမ်စရာ မလိုပါဘူး။ ဒီနေ့ ဟွေ့သယ့်ဖေးက ချန်းချဲ့ဆီလာပြီး... သူမ နန်းတွင်းမှာ ကျန်ရစ်ခဲ့ပြီး အလုပ်တွေကို တာဝန်ယူပါ့မယ်လို့ အဆိုပြုလာပါတယ်။ သူမရဲ့ မိသားစုက မြောက်ဘက်မှာ မရှိတော့ နန်းပြင်ထွက်လည်း တွေ့စရာလူ မရှိဘူးဆိုပြီး မလိုက်တော့ဘူးတဲ့” ယဲ့ယွင်က ရှင်းပြသည်။

အမှန်တကယ်တော့ ရုန်ရှန်ဖေး (ယခင် ရုန်ရှူးဖေး) မှာ ယွီကျိုးက ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက နန်းတွင်းသို့ ပို့ဆောင်ခံရပြီးကတည်းက မိသားစုနှင့် မတွေ့ရတော့ပေ။ ယခုမှသာ ပြန်တွေ့ရန် အခွင့်အရေး ရရှိခဲ့ခြင်းဖြစ်၏။

နင်ချန်က ခေါင်းညိတ်သည် - “ကောင်းပြီ၊ ဟွေ့သယ့်ဖေးက တည်ငြိမ်ပြီး သိတတ်တဲ့သူပဲ။ ဒီနှစ်ကုန်ရင် သူမရဲ့အဖေကို မြို့တော်ကိုခေါ်ပြီး အလုပ်အစီရင်ခံခိုင်းလိုက်မယ်၊ ဒါဆိုရင် သူမလည်း မိသားစုနဲ့ တွေ့ရတာပေါ့” ၎င်းမှာ နင်ချန်က ပေးသနားသော အထူး ကျေးဇူးတော်ပင်ဖြစ်၏။

“ဒါဆိုရင်တော့ အစ်မတော်ဟွေ့ကိုယ်စား အရှင့်ကို ကျေးဇူးတင်ပါတယ်၊ သူမ သေချာပေါက် အရမ်း ဝမ်းသာသွားမှာပါ” ယဲ့ယွင်က ပြုံးလိုက်သည်။ ခနအကြာတွင် သူမ ထပ်မံ တောင်းဆိုလာသည် - “ချန်းချဲ့မှာ အရှင့်ကို တောင်းဆိုစရာတစ်ခု ကျန်ပါသေးတယ်။ အရှင် သဘောတူပါ့မလားဟင်”

“ပြောပါ... ကျန်းကို ဘယ်တုန်းက အားနာနေလို့လဲ” နင်ချန်က လက်ယမ်းပြသည်။ သုံးနှစ်တာ အနီးကပ် နေထိုင်လာခဲ့ရာ သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အင်မတန် ရင်းနှီးပွင့်လင်းနေပြီ ဖြစ်၏။

ယဲ့ယွင်က ဆိုသည် - “ချန်းချဲ့အနေနဲ့ ရှုရန်လေးကိုပါ တစ်ပါတည်း ခေါ်သွားချင်လို့ပါ။ သူမလည်း သူမရဲ့ မိဘတွေနဲ့ မတွေ့ရတာ သုံးလေးနှစ် ရှိနေပြီလေ”

ရှုရန်ဆိုသည်မှာ ယဲ့ယွင်၏ အစ်ကိုဖြစ်သူ ယဲ့ကျယ်၏ သမီးကြီး ယဲ့ရှုရန်ပင် ဖြစ်၏။ သူမသည် ယခုနှစ်တွင် ဆယ့်နှစ်နှစ်ရှိပြီဖြစ်ရာ စတုတ္ထမင်းသားထက် အနည်းငယ် ကြီးသည်။ နယ်စပ်ရှိ စစ်သူကြီးများ မြို့တော်ပြန်ရန် ခက်ခဲလှသလို၊ ဝမ်းနည်းခြင်း ကာလ သုံးနှစ်အတွင်းမှာလည်း ပြန်မလာဖြစ်ခဲ့ကြသဖြင့် မိသားစု ပြန်ဆုံစေချင်ခြင်းဖြစ်၏။ ယဲ့ယွင်၏ မရီးဖြစ်သူ ယင်ရှီမှာ မယ်တော်ကြီး မကွယ်လွန်မီက ကိုယ်ဝန်ရခဲ့ပြီး၊ သားလေးတစ်ဦး မွေးဖွားခဲ့ရာ ယခု သုံးနှစ်ကျော်ရှိပြီ ဖြစ်ကာ ‘ယဲ့ကျယ်ချန်း’ ဟု အမည်ပေးထားသည်။ ထိုသားငယ်လေးအား အသက် ဆယ့်နှစ်နှစ်အထိ မိဘများအနားတွင် ထားခွင့်ပေးခြင်းမှာလည်း ယဲ့ယွင်၏မျက်နှာကြောင့် ရရှိသော နင်ချန်၏ ကျေးဇူးတော်ပင် ဖြစ်၏။

“ဒါက ကိစ္စသေးလေးပဲဟာ။ မင်းက အဲဒီကလေးကို သနားနေမှတော့ ခေါ်သွားလိုက်ပါ” နင်ချန်က ဆိုသည်။ ရုတ်တရက် သူသည် အခြားကိစ္စတစ်ခုကို စဉ်းစားမိသွားကာ မထင်မှတ်ဘဲ ဆိုလာသည် -

“အဲဒီကလေးမလေးက ကျင့်အာထက် တစ်နှစ်ပဲ ကြီးတာပဲ။ ကျန်း ခဏခဏ ကြည့်ဖူးပါတယ်၊ ရုပ်ရည်ကလည်း လှသလို အပြုအမူကလည်း တည်ငြိမ်တယ်၊ စရိုက်ကလည်း ကောင်းတယ်။ နောင်ကျရင် ကံပါခဲ့ရင် ကျင့်အာနဲ့ လက်ထပ်ပေးလိုက်ရင် တကယ်ကို ကောင်းမှာပဲနော်”

ဤစကားကြောင့် ယဲ့ယွင်မှာ အစပ်စားနေရင်းမှ သီးသွားကာ၊ မျက်ရည်များပါ ထွက်လာတော့သည်။ နင်ချန်က အမြန်ပင် လက်ဖက်ရည် ကမ်းပေးလိုက်ရသည်။ ယဲ့ယွင်သည် လက်ဖက်ရည် အမြောက်အမြား သောက်ပြီးမှ အသက်ရှူနိုင်တော့သည်။

“အဟွတ်... အဟွတ်... အရှင်မင်းကြီး ရမ်းသမ်းပြီး အောင်သွယ် မလုပ်ပါနဲ့ဦး။ ချန်းချဲ့ကတော့ အဲဒီကလေးကို ကျင့်အာနဲ့ လုံးဝ သဘောမတူနိုင်ပါဘူး။ မောင်နှမက မောင်နှမပဲလေ... ဘာလို့ လင်မယားလို ပေးစားရမှာလဲ”

ထို့ထက် ပိုသည်မှာ - သူတို့မှာ သွေးသား တော်စပ်နေသည် မဟုတ်လား။ နီးစပ်လွန်းသော ဆွေမျိုးချင်း လက်ထပ်ခြင်းမှာ မကောင်းကြောင်း သူမ သိသည်။

“ကောင်းပါပြီ... ကျန်းက ဒီအတိုင်း ပြောကြည့်တာပါ။ မင်းကလည်း စိတ်မကြီးပါနဲ့ဦး၊ လည်ချောင်းကော နာသွားလား။ မျက်နှာကြီး နီနေတာပဲ” နင်ချန်က စိုးရိမ်တကြီး မေးသည်။

ယဲ့ယွင်က ဘာမှမဖြစ်ကြောင်း လက်ယမ်းပြကာ၊ ဟွေယွဲ့ ယူလာပေးသော အအေးခံဖရဲသီးကို စားလိုက်မှ သက်သာသွားသည်။

နင်ချန်က စုတ်တံကို ချကာ သက်ပြင်းချလိုက်သည် - “ကျင့်အာကတော့ ငယ်သေးတာ ထားလိုက်ပါတော့၊ ကျားယွီ (မင်းသမီးကြီး) ရဲ့ လက်ထပ်ပွဲကိုတော့ စပြီး စဉ်းစားရတော့မယ်။ ရုန်ရှန်ဖေးက အလုပ်လုပ်တာ သိပ်မစေ့စပ်တော့... မင်းပါ ကူပြီး ကြည့်ပေးပါဦး”

“မင်းသမီးကြီးက ခုမှ အရွယ်ရောက်တာပဲရှိသေးတာ၊ အရမ်းလည်း မစောပါနဲ့ဦး။ တော်ဝင်သမီးတော်ကို လက်ထပ်မယ့်သူဆိုတာ သေသေချာချာ ရွေးချယ်ရမှာပေါ့” ယဲ့ယွင်က စားရင်းနှင့် ဆိုသည် - “ကျားစခ်ကို သွားတဲ့အခါ လူငယ်ပညာရှိတွေ အများကြီးပါလာမှာဆိုတော့... ချန်းချဲ့ သေသေချာချာ စောင့်ကြည့်ပေးပါ့မယ်”

နင်ချန် ခေါင်းညိတ်သည်။ ယဲ့ယွင် အလုပ်လုပ်ပုံကို သူ အမြဲစိတ်ချရသည် မဟုတ်လား။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 442

အခန်း ၄၄၂ ။ သင်တစ်ဦးတည်းသာ

ညစာစားပြီးနောက် ကုတင်ပေါ်တွင် အနားယူကြစဉ် နင်ချန်သည် ချွဲနွဲ့စွာဖြင့် အနားသို့ တိုးကပ်လာကာ ယဲ့ယွင်ကို ဖက်ထားလိုက်သည်။

ဝမ်းနည်းခြင်းကာလအတွင်း၌လည်း တစ်ခါတစ်ရံ စနောက်ဖြစ်ကြသော်လည်း စည်းကမ်းနှင့် မညီညွတ်သဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ကြရသည်။ ယခု ဝမ်းနည်းခြင်းကာလ ပြီးဆုံးသွားပြီဖြစ်ရာ ဆက်လက်အောင့်အီးနေရန် အကြောင်းမရှိတော့ပေ။

သို့သော် ယဲ့ယွင်က သူ၏လှုပ်ရှားမှုကို လက်ဖြင့် တားလိုက်ပြီး လှပသောမျက်ဝန်းအစုံဖြင့် သူ့ကို စိုက်ကြည့်နေသည်။

"ဘာဖြစ်လို့လဲ" နင်ချန်က လေသံတိုးတိုးဖြင့် မေးသည်။ သူမ နေထိုင်မကောင်းဖြစ်နေသည်ဟု ထင်သဖြင့် သူ ဆက်လက်မနှောင့်ယှက်တော့ရန် ပြင်လိုက်သည်။

သို့သော် ယဲ့ယွင်က သူ့အကြည့်ကို ရှောင်ဖယ်ကာ မျက်လွှာချလိုက်ပြီး - "ဝမ်းနည်းခြင်းကာလ ကုန်ဆုံးသွားရင် အရှင်မင်းကြီးက တခြားကိုယ်လုပ်တော်တွေကို ပြန်ပြီး ခေါ်တော့မယ်ဆိုတာ တွေးမိတိုင်း... ချန်းချဲ့ ရင်ထဲမှာ အရမ်း အောင့်သက်သက်ဖြစ်ရပါတယ်။ အကုန်လုံးက အရှင့်ကြောင့်ပဲ၊ ဒီသုံးနှစ်အတွင်းမှာ အရှင်က ချန်းချဲ့ကို အလိုလိုက်လွန်းလို့... အခုဆိုရင် အရှင် တခြားမိန်းကလေးတွေနဲ့ ရှိနေမှာကို ချန်းချဲ့ လုံးဝ ကြည့်မရတော့ဘူး"

၎င်းမှာ ယဲ့ယွင်၏ စမ်းသပ်မှုတစ်ခုဖြစ်သလို ကြိုးစားမှုတစ်ခုလည်းဖြစ်သည်။ ဖြစ်နိုင်ရင် အောင်မြင်သွားစေချင်သည်။

နင်ချန် ခနမျှ မှင်တက်သွားရသည်။ ဤစကားကြောင့် သူ့မှတ်ဉာဏ်များမှာ လွန်ခဲ့သော သုံးနှစ်တာကာလအတွင်းသို့ ရောက်ရှိသွားတော့သည်။ နေ့ရောညပါ အတူမရှိနိုင်သော်လည်း၊ ဤသုံးနှစ်အတွင်း သူသည် ညီလာခံဆင်းသည်နှင့် ကျောက်ချွန်းနန်းဆောင်သို့ လာ၍ နေ့လည်စာစားသည်၊ ပြီးမှ စာလွှာစစ်ရန် ပြန်သွားသည်၊ ညနေတွင်လည်း ဤနေရာသို့ ပြန်လာ၍ ညစာစားသည်။ တစ်ခါတစ်ရံ စာလွှာများကိုပါ ဤအဆောင်သို့ သယ်လာ၍ စစ်ဆေးတတ်သေးသည်။

နန်းတွင်းရှိ အခြားသောအမျိုးသမီးများကို သူ မေ့လျော့နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး၊ သူ့နေ့စဉ်ဘဝမှာ အဆောင်တော်နှင့် ကျောက်ချွန်းနန်းဆောင် နှစ်နေရာတည်းသာ ကူးလူးနေခဲ့ခြင်းဖြစ်၏။ တစ်နှစ်တွင် နှင်းများ အသည်းအသန်ကျဆင်းနေပြီး လေပြင်းများ တိုက်ခတ်နေချိန်၌ပင် သူသည် ယဲ့ယွင်နှင့် ညစာအတူစားရန်အတွက် နှင်းများကို အံတု၍ ရောက်လာခဲ့ဖူးသည်။ အကြောင်းမှာ နေ့လည်စာစားစဉ်က ယဲ့ယွင်က သူကြိုက်သော စွပ်ပြုတ်ကို ညနေအတွက် လူကိုယ်တိုင် ကြီးကြပ်ချက်ပြုတ်ပေးမည်ဟု ပြောခဲ့သောကြောင့်ပင်။

ထိုစဉ်က သူမ၏စေတနာကို မဖျက်ချင်၍ဟုသာ သူ ထင်မှတ်ခဲ့သော်လည်း၊ အမှန်တော့ သူမနှင့်အတူ ရှိနေချင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။ နှစ်ဦးသားသည် ဤနှစ်များအတွင်း တစ်ဦးကိုတစ်ဦး အဖော်ပြုရန် အကျင့်ပါနေခဲ့ကြပြီ။ နင်ချန်မှာ ဤခေတ်၏ ဧကရာဇ်တစ်ဦးဖြစ်သဖြင့် ‘တစ်သက်မှာ တစ်ယောက်တည်း’ ဆိုသည်ကို တစ်ခါမှ မစဉ်းစားခဲ့ဖူးသော်လည်း၊ ယဲ့ယွင်မှာမူ ကွဲပြားသည်။ သူမက စဉ်းစားရုံတင်မကဘဲ ယနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်သည်။

ဤမေးခွန်းကို ကြုံတွေ့ရချိန်တွင် နင်ချန်သည် ပထမဆုံးအကြိမ်အဖြစ် အလေးအနက် စဉ်းစားမိတော့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေသဖြင့် ယဲ့ယွင်က မျှော်လင့်ချက်ကို လက်လွှတ်ကာ စကားလမ်းကြောင်းလွှဲရန် ပြင်နေစဉ်မှာပင် - ခါးပေါ်မှ လက်ကြီးက ရုတ်တရက် တင်းကျပ်သွားကာ သူမအား သူ့ရင်ခွင်ထဲသို့ လုံခြုံစွာ ဆွဲသွင်းလိုက်တော့သည်။

နားနားတွင် နင်ချန်၏ နက်ရှိုင်းပြီး နူးညံ့လှသော အသံကို ကြားလိုက်ရသည် -

"ကျန်း မင်းကို ကတိပေးပါတယ်။ နောင်ကျရင် ကျန်း မင်းတစ်ယောက်တည်းနဲ့ပဲ ရင်းနှီးပါ့မယ်။ တခြားကိုယ်လုပ်တော်တွေကတော့ နန်းတွင်းရဲ့ အပြင်ပန်း အလှဆင်ပစ္စည်းတွေအဖြစ်ပဲ ရှိနေပါစေတော့"

ဤစကားမှာ ယဲ့ယွင်ကိုယ်တိုင် လမ်းခင်းခဲ့ခြင်းဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ သူမ၏နားကြားပင် မှားလေသလားဟု မယုံနိုင်အောင် ဖြစ်နေရသည်။ သူမသည် နင်ချန်အား ကြောင်အမ်းအမ်းလေး မော့ကြည့်နေမိရာ၊ နင်ချန်က ပြုံးလိုက်ပြီး သူမ၏နဖူးကို ငုံ့နမ်းလိုက်သည်။

"ယောကျာ်းကောင်းတစ်ယောက်ရဲ့ ကတိဆိုတာ မြင်းလေးကောင်ဆွဲတဲ့ ရထားနဲ့တောင် လိုက်မမီနိုင်ဘူး"

ယဲ့ယွင် သတိဝင်လာကာ သူ့ကို ပြန်လည်ဖက်ထားလိုက်သည် - "နင်ချန်... အရှင် ကျွန်မကို လိမ်လို့ မရဘူးနော်"

ရုတ်တရက် အမည်တပ်ခေါ်လိုက်သဖြင့် နင်ချန် အနည်းငယ် အသားမကျသော်လည်း၊ ၎င်းမှာ သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပိုမိုနီးကပ်စေသည်ဟု သူ ခံစားလိုက်ရသည်။ ဧကရာဇ်နှင့် ကိုယ်လုပ်တော်အဖြစ် မဟုတ်ဘဲ သာမန်လင်မယားကဲ့သို့ပင်။

"ကျန်း မလိမ်ပါဘူး" နင်ချန်က သူမ၏ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်သည်။

နှစ်ပေါင်းများစွာ သုံးစွဲလာသော ‘ကျန်း’ ဆိုသည့် အသုံးအနှုန်းကို ပြောင်းလဲရန် ခက်ခဲနေသေးသော်လည်း ယဲ့ယွင်က ထိုအချက်ကို ဂရုမစိုက်ပေ။ သူမသည် ဤအမျိုးသား၏ စိတ်ရင်းကို ခံစားနေရသဖြင့် ရင်ထဲတွင် ဝမ်းသာပီတိများ လျှံထွက်နေတော့သည်။ သူတို့၏ သံယောဇဉ်မှာ သာမန်လင်မယားကဲ့သို့ မဖြစ်နိုင်လျှင်ပင် ဤအဆင့်အထိ ရောက်ရှိလာခြင်းမှာ သူမအတွက် လုံလောက်လှပါပြီ။

နောက်တစ်နေ့တွင် ယဲ့ယွင်သည် မြောက်ဘက်တိုင်းခန်းလှည့်ခရီးစဉ်၏ အတူလိုက်ပါမည့်သူများ စာရင်းကို ထုတ်ပြန်ကာ အဆောင်အသီးသီးသို့ ပေးပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် နန်းပြင်ရှိ သူမ၏မိခင်ထံသို့လည်း စာပို့ကာ တူမဖြစ်သူ ရှုရန်လေးအတွက် ခရီးဆောင်ပစ္စည်းများ ပြင်ဆင်ထားရန် မှာကြားလိုက်သည်။

ဤခရီးစဉ်တွင် ကွေ့ဖေးဖြစ်သော ယဲ့ယွင်က ဦးဆောင်ကာ - ရုန်ရှန်ဖေး၊ ယိဖေး၊ ချီဖေး နှင့် ဟိုရှိုးယွမ် စုစုပေါင်း ကိုယ်လုပ်တော် ငါးဦး လိုက်ပါရမည် ဖြစ်၏။ ဟိုရှီမှာ ခရီးမထွက်မီ ရာထူးတိုးမြှင့်ခံရခြင်း ဖြစ်သည်။ သူမသည် ‘ရှိုးရုန်’ ရာထူးတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ရာ၊ နန်းပြင်ထွက်မည်ဖြစ်သဖြင့် သိက္ခာရှိစေရန် ယဲ့ယွင်က ‘ရှိုးယွမ်’ အဖြစ် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်၏။ ထိုအတွက်ကြောင့် ဟိုရှိုးယွမ်မှာ အရှင်မင်းကြီးက သူမ၏အစ်ကို (စစ်သူကြီးဟို) ၏ မျက်နှာကို ထောက်ထားပြီး သူမအား ပြန်လည် မျက်နှာသာပေးမလားဟု မျှော်လင့်ချက်လေးများ ရှိနေရှာသည်။

တော်ဝင်ရင်သွေးများထဲမှ ဆဌမမင်းသားနှင့် စတုတ္ထမင်းသမီးလေးတို့ကိုမူ ယဲ့ယွင်က ခေါ်မသွားရန် ဆုံးဖြတ်လိုက်သည်။ ခရီးလမ်းမှာ အင်မတန် ဝေးလံလှသဖြင့် ကလေးငယ်များမှာ ရာသီဥတုနှင့် အစားအသောက် ဒဏ်ကို မခံနိုင်မည်စိုးသောကြောင့် ဖြစ်သလို၊ နင်ချန်ကလည်း အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသောကြောင့်ဖြစ်၏။ ချီဖေးသည်လည်း ထိုနည်းတူပင် ပဉ္စမမင်းသားလေးကို နန်းတော်၌သာ ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။

နန်းတွင်းကို စီမံရန် ကျန်ရစ်ခဲ့သော ဟွေ့သယ့်ဖေးမှာ အားကိုးထိုက်သူဖြစ်သဖြင့် စိတ်ပူစရာမရှိပေ။ သို့သော် လိုက်ပါရန် ငြင်းဆိုခဲ့သော ကလေးတစ်ဦးလည်း ရှိသည်၊ ၎င်းမှာ တတိယမင်းသမီးလေး ဖြစ်၏။ သူမမှာ ငယ်စဉ်က ပြုစုမှုအားနည်းခဲ့သဖြင့် ကျန်းမာရေး သိပ်မကောင်းလှရာ၊ ခရီးလမ်း ပင်ပန်းမည်စိုးသဖြင့် နန်းတော်၌သာ နေရစ်ခဲ့သည်။

……

လင်လန်နန်းဆောင်။

ယိဖေးသည် တတိယမင်းသားနှင့် စကားပြောနေသည်။ မိခင်ရော သားပါ မျက်နှာမကောင်းကြပေ။ အကြောင်းမှာ ယခုခရီးစဉ်တွင် ယိမိသားစုဝင်တစ်ဦးမှ မပါဝင်ဘဲ၊ ယဲ့ယွင်၏ ဝမ်းကွဲအစ်ကို ချူယွင်ဟွိုက်သာ လိုက်ပါရသောကြောင့်ဖြစ်၏။

"ဟန်အာ... အခု ကွေ့ဖေးက အာဏာကြီးနေတော့ မယ်တော်က နန်းတွင်းမှာ ခေါင်းငုံ့နေရတာပဲ။ မင်းရဲ့ အဘိုးတို့ မိသားစုလည်း ဖိနှိပ်ခံနေရတယ်။ ဒီတစ်ခေါက် ကျားစခ် ခရီးစဉ်မှာ မင်း သေသေချာချာ ကြိုးစားပြရမယ်၊ ခမည်းတော်က မင်းကို ပိုပြီး အလေးထားလာအောင် လုပ်ရမယ်နော်"

"သားတော် သိပါတယ် မယ်တော်။ မယ်တော်လည်း အရမ်း မစိုးရိမ်ပါနဲ့။ နောင်တစ်ချိန် သားတော် ထီးနန်းဆက်ခံရရင်... ကွေ့ဖေး ဘယ်လောက်ပဲ အရှိန်အဝါရှိရှိ မယ်တော့်ရှေ့မှာ ဒူးထောက် ဦးတိုက်ရမှာပါ" ဟု တတိယမင်းသားက အေးစက်သော အကြည့်ဖြင့် ဆိုလိုက်သည်။

ထိုစကားကြောင့် ယိဖေး၏မျက်နှာတွင် အပြုံးများ ပြန်ပေါ်လာခဲ့သည် - "ကလေးကောင်းလေး... မယ်တော့်ရဲ့ မျှော်လင့်ချက်တွေက မင်းအပေါ်မှာပဲ ရှိတာပါ။ စာမေးပွဲတွေကော ဘယ်လိုလဲ၊ ဆရာတွေက ချီးမွမ်းကြလား"

စာအကြောင်းပြောမှ တတိယမင်းသားမှာ ဂုဏ်ယူဝင့်ကြွသော ပုံစံဖြင့် - "မယ်တော် စိတ်ချပါ။ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က သားတော့်ရဲ့ စာစီစာကုံးတွေကို မမီပါဘူး။ ဆရာက သားတော်ကို သီးသန့် စာတွေတောင် ပေးသင်နေတာပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဆွဲတဲ့ ပန်းချီကားကိုလည်း ခမည်းတော်က ချီးမွမ်းခဲ့ပါတယ်"

ယိဖေးက ခေါင်းညိတ်ကာ - "ဒါဆို စတုတ္ထမင်းသားကော... သူက အခု မင်းတို့နဲ့ အတူတူ သင်နေတာ မဟုတ်လား"

"သူက သားတော့်ထက် နှစ်နှစ်ငယ်တာဆိုတော့... အချို့နေရာတွေမှာ သားတော်ကို မမီသေးပါဘူး" ဟု တတိယမင်းသားက မျက်လွှာချကာ ဆိုသည်။ အချို့နေရာများတွင် မမီသော်လည်း အချို့နေရာများတွင်မူ စတုတ္ထမင်းသားမှာ သူ့ကို ဖိအားပေးနိုင်လောက်အောင် တော်လှသည်ကို သူ သိသော်လည်း ဝန်မခံချင်ပေ။

ယိဖေးကတော့ သားဖြစ်သူ၏ စကားကြောင့် ဝမ်းသာနေဆဲပင် - "ကောင်းပြီ... မင်းက ငယ်ကတည်းက ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့ ပေါ့ဆလို့ မဖြစ်ဘူးနော်၊ ပိုပြီး ကြိုးစားရမယ်"

တတိယမင်းသား ခေါင်းညိတ်ကာ ထရပ်လိုက်သည် - "သားတော် ခရီးဆောင်အိတ်တွေ ပြင်စရာ ရှိသေးလို့ အဆောင်ပြန်ပါတော့မယ်။ ဒီနေ့ မယ်တော်နဲ့ ညစာ မစားဖြစ်တော့ပါဘူး”

ရူယီဆောင်သို့ အပြန်လမ်းတွင်၊ စတုတ္ထမင်းသားသည် သူ့စာသင်ဖော် ‘ရွှီချင်းလင်’ နှင့်အတူ ရယ်ရယ်မောမောဖြင့် လာနေသည်ကို တွေ့လိုက်ရသည်။

"တတိယမင်းသားကို ဂါရဝပြုပါတယ်" ဟု ရွှီချင်းလင်က အရင်ဆုံး ဦးညွှတ်နှုတ်ဆက်သည်။

စတုတ္ထမင်းသားသည်လည်း အပြုံးများကို သိမ်းလိုက်ကာ - "အစ်ကို (၃)" ဟု အေးဆေးစွာ နှုတ်ဆက်လိုက်လေသည်။

***

All Chapters