အခန်း (၄၄၃-၄၄၄)
Vol. 28 Ch. 443-444
အခန်း ၄၄၃ ။ ပြုံးပန်းဝေတဲ့ ကျားသစ်
“စတုတ္ထညီလေး ဘယ်ကလာတာလဲ၊ မင်းကိုင်ထားတဲ့ စာမူက ဟောင်းနေပုံရတယ်နော်၊ ဘယ်ပညာရှင်ရဲ့ လက်ရာလဲဟင်” တတိယမင်းသားက ပြုံးလျက် မေးလိုက်သည်။
“အစ်ကို (၃) က ဒါကို ပြောတာလား” စတုတ္ထမင်းသားက မျက်ခုံးပင့်ကာ စာမူကို မြှောက်ပြသည် - “ဒါက ခမည်းတော်ရဲ့ လက်ရေးလေ။ ဒီနေ့ ခမည်းတော်က ကျွန်တော့်လက်ရေးက အားနည်းသေးတယ်လို့ ပြောပြီး တစ်ပုံစံတည်း ကူးရေးဖို့ ပေးလိုက်တာပါ”
ဤစကားကို ကြားလိုက်ရချိန်တွင် တတိယမင်းသား၏မျက်ဝန်းများ မှောင်ကျသွားသော်လည်း အပြင်ပန်းတွင်မူ မပေါ်လွင်စေပေ။
“ညီလေးက စာသင်တာကို စိတ်ဝင်စားတာပဲ၊ ခမည်းတော် ဝမ်းသာမှာ သေချာပါတယ်။ ခမည်းတော်က ညီလေးကို အချစ်ဆုံးပဲ မဟုတ်လား”
“ကျွန်တော်က အရေထူပြီး ခမည်းတော်ရှေ့ ခဏခဏ သွားဝဲနေလို့ပါ။ ခမည်းတော်က ကျွန်တော်တို့ ညီအစ်ကိုတွေ အားလုံးကို တစ်သားတည်း ချစ်တာပါ” စတုတ္ထမင်းသားကလည်း ပြန်လည် ဟန်ဆောင်လိုက်သည်။
တတိယမင်းသားက နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ခမည်းတော်ရှေ့မှာ ခဏခဏ သွားဝဲချင်လျှင်ပင် ခမည်းတော်ကို တွေ့ခွင့်ရရန် လိုအပ်သည် မဟုတ်လား။ ယခုအခါ နင်ချန်သည် ဆယ်ရက်ရှိလျှင် ရှစ်ရက်ခန့်မှာ ကျောက်ချွန်းနန်းဆောင်ရှိ မင်ကွေ့ဖေး (ယဲ့ယွင်) ထံတွင်သာ ရှိနေတတ်ရာ သူ မည်သို့ တွေ့နိုင်ပါမလဲ။
စတုတ္ထမင်းသားသည် တစ်ဖက်လူ၏ ရင်ထဲ၌ မချိတင်ကဲ ဖြစ်နေသည်ကို သိမြင်လိုက်ရသဖြင့် မိမိကိုယ်တိုင်တော့ ကျေနပ်သွားခဲ့သည်။ သူသည် ဘာမှမဖြစ်သလို ပုံစံဖြင့် တတိယမင်းသား၏ပခုံးကို လှမ်းဖက်လိုက်သည်။
“အစ်ကို (၃) လည်း အဆောင်ပြန်တော့မှာ မဟုတ်လား။ ဒါဆိုရင် ချင်းလင်... မင်း အရင် ပြန်နှင့်တော့။ ငါက အစ်ကို (၃) နဲ့ အတူတူ လိုက်သွားလိုက်မယ်၊ မင်း လိုက်ပို့နေဖို့ မလိုတော့ဘူး”
“ဟုတ်ကဲ့ပါ... မင်းသားလေးတို့ ဘေးကင်းပါစေ” ဟု ရွှီချင်းလင်က ဦးညွှတ်နှုတ်ဆက်သည်။
သူသည် စတုတ္ထမင်းသား၏ ပုံစံကို ကြည့်ရုံနှင့် တစ်ခုခုကြံစည်နေပြီး တတိယမင်းသားကို တမင် ဒေါသထွက်အောင် လုပ်တော့မည်မှန်း သိလိုက်သည်။ မိမိအား ဖယ်ရှားလိုက်ခြင်းမှာလည်း ကာကွယ်ပေးခြင်းပင်ဖြစ်၏။ မင်းသားများကြားမှ ကိစ္စများတွင် အမတ်သားတစ်ဦးဖြစ်သော သူ ဝင်ပါရန် မသင့်တော်သည် မဟုတ်လား။
အမှန်တကယ်ပင် ထိုနေ့ မွန်းလွဲပိုင်းတွင် တတိယမင်းသားမှာ အကြောင်းမဲ့ ဗိုက်နာကာ အိမ်သာသို့ အခါခါ ပြေးနေရတော့သည်။ ယနေ့ သူ မသန့်ရှင်းသော အစားအသောက် ဘာမှမစားခဲ့ပေ၊ စတုတ္ထမင်းသားက သူ၏ပါးစပ်ထဲ အတင်းထိုးထည့်ပေးခဲ့သော စွန်းနီကိတ်တစ်ခုမှလွဲ၍ပင်။
“နင်ယွီကျင့်!”
တတိယမင်းသားသည် အိမ်သာထဲ၌ ထိုင်ရင်း အံကြိတ်ကာ ဟိန်းဟောက်လိုက်မိသည်။ စတုတ္ထမင်းသား ယနေ့ အဆမတန် ရင်းနှီးဟန်ပြနေခြင်းမှာ ဤသို့သော ယုတ်မာသည့် စိတ်ကူးရှိနေလို့ကိုး။ သို့သော် ကိတ်မုန့်မှာလည်း သူကိုယ်တိုင် အကုန်စားခဲ့ပြီးပြီဖြစ်ကာ၊ စတုတ္ထမင်းသားသည်လည်း ထိုပန်းကန်ထဲမှပင် အတူတူစားခဲ့သော်လည်း ဘာမှ မဖြစ်ပေ။ တမင် ဝမ်းနှုတ်ဆေး ခတ်ထားသည်ဟု စွပ်စွဲရန် အထောက်အထား မရှိသဖြင့် ဤ အရိုးထဲကနာကျင်မှုကို အောင့်အီးခံစားလိုက်ရတော့သည်။
စတုတ္ထမင်းသားက ဘာကြောင့် သူ့ကို ပညာပေးရတာလဲဆိုသည့် အကြောင်းရင်းကိုတော့ တတိယမင်းသား မမှတ်မိပေ။ သို့သော် စတုတ္ထမင်းသားကတော့ မှတ်မိနေသည်။
မနေ့က ဆဌမမင်းသားနှင့် စတုတ္ထမင်းသမီးလေးတို့ ရူယီဆောင်သို့ လာကစားစဉ် ရွှီချင်းလင်လည်း ရှိနေခဲ့သည်။ စတုတ္ထမင်းသမီးလေးမှာ ရွှီချင်းလင်အား အမြဲ ခင်တွယ်သူဖြစ်ရာ သူနှင့်အတူ ကြာမြင့်စွာ ဆော့ကစားခဲ့သည်။ ညဘက်တွင် ပိုင်ရှုက ကလေးနှစ်ဦးကို ကျောက်ချွန်းနန်းဆောင်သို့ ပြန်ပို့ပြီး အပြန်တွင် - တတိယမင်းသားက စတုတ္ထမင်းသမီးလေးအား “ဒီလောက် ငယ်ငယ်လေးနဲ့ အရှက်မရှိ အပြင်ယောကျာ်းကို ‘ကြိုက်တယ်’ ဘာညာ ပြောနေတယ်၊ သုံးနှစ်အရွယ်ကတည်းက စရိုက်က ပေါ်နေပြီ၊ ကြီးလာရင်လည်း ကွေ့ဖေးလိုပဲ မြူဆွယ်တတ်တဲ့ မြေခွေးမ ဖြစ်မှာပဲ” ဟု ကဲ့ရဲ့စကား ဆိုခဲ့သည်ကို ကြားခဲ့ရကြောင်း လာရောက် သတင်းပို့ခဲ့ခြင်းဖြစ်၏။
ထိုအချက်ကြောင့် စတုတ္ထမင်းသားအနေနှင့် ဝမ်းနှုတ်ဆေး တိုက်ခြင်းမှာ အနည်းဆုံးသော လက်စားချေမှုသာ ဖြစ်ပေသည်။ ဤညီအစ်ကို နှစ်ဦးမှာ ငယ်စဉ်ကတည်းက မသင့်မြတ်ကြပေ၊ အရင်က ပြောင်ပြောင်တင်းတင်း ရန်ဖြစ်ခဲ့ကြသော်လည်း ယခုမူ တိတ်တဆိတ် ပညာပေးတတ်လာကြပြီ ဖြစ်သည်။ တတိယမင်းသားမှာ စတုတ္ထမင်းသား၏လက်ထဲတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။
စတုတ္ထမင်းသားမှာ ‘ပြုံးပန်းဝေတဲ့ ကျားသစ်’ အမျိုးအစား ဖြစ်၏။ အပြင်ပန်းတွင် ဘာမှမသိနားမလည်သော ကလေးငယ်ကဲ့သို့ အေးဆေးနေသော်လည်း၊ အမှန်တကယ်တော့ သင့်အား တွင်းထဲသို့ အရင်ကန်ချထားပြီးသား ဖြစ်နေတတ်သည်။
တတိယမင်းသား ဗိုက်နာ၍ ပင်ပန်းနေချိန်တွင်၊ စတုတ္ထမင်းသားက အင်မတန် စိုးရိမ်ဟန်ဆောင်ကာ သမားတော် ရှန်ဖိန်ကျစ်ကို ခေါ်၍ လာရောက် ကြည့်ရှုပေးပြန်သည်။ အကောင်းရော အဆိုးရောကို သူတစ်ယောက်တည်း နေရာယူလိုက်ခြင်းပင်။ တတိယမင်းသားမှာ ဒေါသထွက်လွန်းသဖြင့် တစ်ညလုံး အိပ်ပင် မပျော်နိုင်ခဲ့ပေ။
ကျောက်ချွန်းနန်းဆောင်တွင် ယဲ့ယွင်သည် ဤကိစ္စများကို သိသော်လည်း ဝင်မတားပေ။ တတိယမင်းသားမှာလည်း ပါးစပ်သရမ်းသဖြင့် အဆုံးမခံရခြင်းမှာ ထိုက်တန်လှပေသည်။
……
မြောက်ဘက်တိုင်းခန်းလှည့်ခရီးစဉ်အတွက် အလုပ်များနေစဉ်အတွင်း အချိန်များ ကုန်လွန်သွားကာ ၇လပိုင်း ၂၄ ရက်နေ့တွင် ခရီးစတင်ခဲ့သည်။ နင်ချန်သည် ခန်းဝမ်အား နိုင်ငံတော်ကိစ္စများကို ခန တာဝန်ယူစေပြီး၊ သမက်တော် ဟယ်ရှင်းယန့်နှင့် ဖုန်းကျစ်ဟွမ်း တို့အား ကူညီစေခဲ့သည်။ ဤသည်မှာ သစ္စာရှိမှုကို ယုံကြည်ခြင်း ဖြစ်သလို၊ လက်ထပ်ထားသော ညီမတော် နှစ်ဦးအတွက် အားကိုးရာ ပေးခြင်းလည်းဖြစ်၏။
ခရီးလမ်း စတင်သည်နှင့် ယဲ့ယွင်က မှာကြားသည် - “အဲဒီမိန်းကလေးကို ခေါ်လာခဲ့၊ ငါနဲ့အတူ ရထားလုံး တစ်စီးတည်း စီးရအောင်”
ဟွေယွဲ့သည် ထိုမိန်းကလေးမှာ ကျုံးယုံဟို၏ သမီးကြီး၊ ယဲ့ကျယ်၏ သမီး ယဲ့ရှုရန်ဖြစ်မှန်း သိသည်။ မကြာမီ ဆယ့်နှစ်နှစ်အရွယ် မိန်းမငယ်လေးကို ခေါ်ဆောင်လာခဲ့သည်။
“တူမတော်... ဒေါ်လေး (ကွေ့ဖေး) ကို ဂါရဝပြုပါတယ်” ဟု ယဲ့ရှုရန်က ရထားလုံးပေါ်သို့ တက်ကာ ဦးညွှတ်နှုတ်ဆက်သည်။
ယဲ့ယွင်က ပြုံးလျက် လက်ယမ်းပြသည် - “အားနာမနေပါနဲ့၊ လာ... တို့ဘေးမှာ ထိုင်။ ခရီးလမ်းက ဝေးတယ်၊ တစ်လလောက် သွားရမှာဆိုတော့... လိုအပ်တာရှိရင်ဖြစ်ဖြစ်၊ နေလို့မကောင်းရင်ဖြစ်ဖြစ် တို့ကို ချက်ချင်းပြောနော်၊ ကိုယ့်ကိုယ်ကိုယ် မပင်ပန်းစေနဲ့”
ဒေါ်လေးနှင့် တူမဖြစ်သူတို့မှာ လူချင်းတွေ့ရခဲသော်လည်း နန်းတွင်းမှ လက်ဆောင်များ အမြဲပို့ပေးသဖြင့် အတော်လေး ရင်းနှီးကြသည်။ ယဲ့ရှုရန်မှာလည်း မြူးထူးတက်ကြွသော ကလေးမလေး ဖြစ်၏။
“ဒေါ်လေး ရှိနေတာပဲ... ဘယ်သူက ကျွန်မကို နှိမ်ရဲပါ့မလဲ”
သူမမှာ ပါးနပ်သူဖြစ်ရာ ယဲ့ယွင်က သူမအား ဘေးတွင် ခေါ်ထားခြင်းမှာ - ဤမိန်းကလေးငယ်လေးအား ကွေ့ဖေးက အင်မတန် တန်ဖိုးထားကြောင်း၊ မည်သူမျှ မကောင်းသော စိတ်ကူးမယဉ်ရန် သတိပေးလိုက်ခြင်းဖြစ်မှန်း သူမ သိသည်။
မြို့ပြင်သို့ ရောက်ရှိကာ နေ့လည်စာစားချိန်တွင် မြို့ဆင်ခြေဖုံးရှိ ကွင်းပြင်တစ်ခု၌ ရထားလုံးများ ရပ်နားခဲ့သည်။ မင်းသားများမှာ နင်ချန်နှင့်အတူ မြင်းစီးလာကြသဖြင့် တစ်ကိုယ်လုံး ချွေးများရွှဲကာ ပင်ပန်းနေကြသည်။
စတုတ္ထမင်းသားသည် သူ၏ဝမ်းကွဲအစ်မမှာ မိခင်၏ ရထားလုံးထဲတွင်ရှိနေမှန်း မသိဘဲ လိုက်ကာကို ဆွဲလှန်ကာ ဝင်လာခဲ့ရာ၊ ယဲ့ရှုရန်မှာ ထိတ်လန့်သွားတော့သည်။ နန်ချီ၏ဓလေ့မှာ ပွင့်လင်းသော်လည်း ဆယ်ကျော်သက် ကလေးများမှာ ယောကျာ်းနှင့် မိန်းမ ခွဲခြားရမှန်း သိနေကြပြီဖြစ်ရာ၊ စတုတ္ထမင်းသားမှာ အနည်းငယ် အနေရခက်သွားပြီး ဂါရဝပြုကာ အမြန်ပြန်ဆင်းသွားခဲ့သည်။ သူတို့နှစ်ဦးမှာ မရင်းနှီးကြပေ။
ယဲ့ယွင်က ရထားထဲမှနေ၍ ရယ်မောလိုက်သည် - “ဒီကောင်စုတ်လေး စည်းကမ်းရှိတာ မြင်ရခဲတယ်နော်။ ကဲ... စခန်းချပြီဆိုတော့ မင်းလည်း အပြင်ထွက်ပြီး လေညင်းခံလိုက်ဦး။ ဒုတိယမင်းသမီးလေးကို သွားရှာပြီး ဆော့လိုက်လေ၊ သူနဲ့ မင်းနဲ့က စရိုက်ချင်း တူတယ်”
“ဟုတ်ကဲ့ပါ ဒေါ်လေး... တူမတော် အပြင်ထွက်လိုက်ပါဦးမယ်” ယဲ့ရှုရန် ဝမ်းသာအားရ ဦးညွှတ်လိုက်သည်။ သူမလည်း ထိုင်နေရသည်မှာ မအောင့်နိုင်တော့ပေ။
သို့သော် အစေခံများက သူမ ဆင်းမည်ကို မသိသဖြင့် ရထားလုံး ခြေတင်ခုံကို ဖယ်ထားမိကြသည်။ ယဲ့ရှုရန်မှာ ခုန်ဆင်းချင်သော်လည်း၊ လူအများရှေ့တွင် သိက္ခာကို ငဲ့ကွက်ရသဖြင့် တွန့်ဆုတ်နေစဉ် - မလှမ်းမကမ်းရှိ စတုတ္ထမင်းသားက မြင်သွားကာ ခုံတစ်ခုကို သယ်လာပေးပြီး၊ သူ့လက်မောင်းကို အားပြုကာ ဆင်းရန် ကူညီပေးခဲ့သည်။
ဤမြင်ကွင်းကို ယိဖေးက လှမ်းမြင်လိုက်ရသဖြင့် သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
“မင်းကြည့်စမ်း... ကွေ့ဖေးက စတုတ္ထမင်းသားကို ယဲ့မိသားစုနဲ့ လက်ထပ်ပေးဖို့ ကြံစည်နေတာလား”
ဘေးမှ ယွမ်ရှုက မျက်မှောင်ကြုတ်ကာ - “ဖြစ်နိုင်တာပေါ့၊ ဘယ်သူက ကိုယ့်ရဲ့ မိသားစုကို မမြှောက်ပင့်ချင်ဘဲ နေမှာလဲ။ ဒါပေမဲ့ စတုတ္ထမင်းသားက အရွယ်မရောက်သေးသလို၊ ယဲ့မိသားစုက မိန်းကလေးကလည်း ခုမှ ဆယ့်နှစ်နှစ်ပဲ ရှိသေးတာလေ”
ယိဖေးက မျက်ဝန်းများကို မှေးစင်းလိုက်သည် - “ဟုတ်တယ်... အသက်မပြည့်သေးဘူး။ တကယ်လို့... အသက်ငယ်ငယ်လေးနဲ့ ယောကျာ်း၊ မိန်းမ ကိစ္စတွေကို စိတ်ဝင်စားနေတယ်ဆိုရင်... အရှင်မင်းကြီးက စတုတ္ထမင်းသားကို ဘယ်လိုမြင်မလဲနော်”
“မယ်မယ်... အဲဒါက...” ယွမ်ရှုမှာ သူမ၏ သခင်မ စိတ်ကူးကြောင့် ထိတ်လန့်သွားရသည်။
“ဘာလို့ ဒီလိုမျက်နှာနဲ့ ကြည့်နေတာလဲ၊ ငါက ဒီအတိုင်း ပြောကြည့်တာပါ” ယိဖေးက သူမအား မျက်စောင်းထိုးလိုက်ပြီး - “သွား... တတိယမင်းသားကို သွားခေါ်ခဲ့၊ ငါ သူ့ကို ပြောစရာရှိတယ်”
ယိဖေးသည် စတုတ္ထမင်းသားဘက်သို့ ထပ်မံ ကြည့်လိုက်ပြန်သည်။ သို့သော် ထိုကလေး နှစ်ဦးမှာ ဘာမှ မသက်ဆိုင်သလို ပုံစံဖြင့် - စတုတ္ထမင်းသားက ရွှီချင်းလင်နှင့် စကားပြောနေသလို၊ ယဲ့ရှုရန်ကလည်း မင်းသမီးများနှင့် စကားပြောနေကြသည်။ ထပ်မံ၍ ထိတွေ့မှုမရှိတော့သဖြင့် ယိဖေးမှာ အနည်းငယ် စိတ်ပျက်သွားရလေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 444
အခန်း ၄၄၄ ။ မကောင်းတာ မရှိပါဘူး
နွေရာသီ အပူရှိန်ကြောင့်လားမသိ၊ လူတိုင်းမှာ ပြဿနာရှာရန် အားအင်မရှိကြသဖြင့် ခရီးလမ်းတစ်ခုလုံးမှာ အေးဆေးငြိမ်သက်နေခဲ့သည်။ ထို့ပြင် နင်ချန်၏ ရည်ရွယ်ချက်မှာ - ခရီးစတင်သည့်နေ့မှ ၈လပိုင်း ၁၅ ရက် ဆောင်းဦးလယ်ပွဲတော်အထိ ၂၃ ရက်သာ ကျန်တော့သဖြင့်၊ ထိုကဲ့သို့သော ပွဲတော်ကြီးကို လမ်းခရီးတွင် ကုန်ဆုံးရခြင်းမှာ မသင့်တော်ဟု ယူဆသည်။ ထို့ကြောင့် ကျားစခ်သို့ အမြန်ဆုံးရောက်ရှိရန် ခရီးကို အရှိန်မြှင့်နှင်ခဲ့ကြသည်။
ထို့ကြောင့် လမ်းတွင် နန်းပြင်စံအိမ်ရှိသည့် နေရာမျိုးရောက်မှသာ တစ်ညလုံး အနားယူကြပြီး၊ အခြားအချိန်များတွင်မူ မိုးမလင်းမီကတည်းက ခရီးဆက်ကြရသည်။ သခင်များမှာ ရထားလုံးစီးရသဖြင့် တော်သေးသော်လည်း၊ ပူအိုက်လှသော နွေရာသီတွင် ခြေကျင်လိုက်ရသည့် အစေခံများမှာမူ အလွန်ပင်ပန်းကြရှာသည်။
ယဲ့ယွင်သည် သူမ၏အဖိုးတို့ရှိရာ ပျန့်ကျိုးကို ဖြတ်သန်းစဉ်၊ သူမ၏ဦးလေးအား ပူစီနံမှုန့်များစွာ ပြင်ဆင်ခိုင်းခဲ့သည်။ ၎င်းကို နေ့စဉ် ရေအေးထဲတွင် ဖျော်သောက်ခြင်းမှာ အပူဒဏ်သက်သာစေရန် အလွန်ထိရောက်လှပေသည်။ ဤအချက်ကြောင့် လိုက်ပါလာသည့် စစ်သည်များနှင့် အစေခံများစွာက ကွေ့ဖေးမယ်မယ်မှာ ပါးနပ်ပြီး စိတ်ထားမွန်မြတ်သူဖြစ်ကြောင်း ချီးမွမ်းကြတော့သည်။ ဤကဲ့သို့သော သိမ်မွေ့သည့် စိတ်ကူးမျိုးမှာ မွေးရာပါပင်ဖြစ်ရာ၊ ယိဖေးကဲ့သို့သော ယဲ့ယွင်အား မနာလိုဖြစ်နေသူများမှာ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံသာ ရှိတော့သည်။
မကြာမီမှာပင် ယွီကျိုးသို့ ရောက်ရှိခဲ့သည်။ ၎င်းမှာ ပြည်နယ်ကြီးတစ်ခုဖြစ်သဖြင့် စံအိမ်တော်မှာလည်း ခမ်းနားလှပေသည်။ နင်ချန်သည် အချိန်တွက်ချက်ကြည့်ပြီးနောက် နောက်ထပ်ခရီးစဉ်အတွက် အချိန်ပိုရှိနေသဖြင့် - မနက်ဖြန် တစ်ရက်နားကာ သဘက်ခါမနက်မှ ခရီးဆက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။
ဤနေရာသို့ ရောက်ချိန်တွင် အပျော်ဆုံးသူမှာ ရုန်ရှန်ဖေးပင် ဖြစ်၏။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ခွဲခွာခဲ့ရပြီးနောက် နောက်ဆုံးတွင် မိသားစုနှင့် ပြန်တွေ့ခွင့် ရတော့မည် မဟုတ်လား။ နင်ချန်သည်လည်း ရှန်ဖေး၏ မိသားစုဝင်များအား စံအိမ်တော်သို့ လာရောက်တွေ့ဆုံရန် ခွင့်ပြုပေးခဲ့သည်။
ညနေပိုင်းတွင် ရှန်ဖေးသည် သမီးဖြစ်သူ၏ လက်ကိုဆုပ်ကိုင်ကာ သူမ၏ ပျိုဖော်ဝင်စက အကြောင်းများကို စိတ်လှုပ်ရှားစွာ ပြောပြနေတော့သည်။ မင်းသမီးကြီးက စိတ်ရှည်စွာ နားထောင်ပြီးနောက် သေသေချာချာ မှာကြားရှာသည် -
“မယ်တော်... အဖိုးတို့နဲ့ တွေ့ရမှာမို့ ဝမ်းသာတာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဝမ်းသာလွန်းလို့ စည်းကမ်းတွေကိုတော့ မမေ့ပါနဲ့ဦးနော်။ ကွေ့ဖေးက အပြစ်ရှာတတ်တဲ့သူ မဟုတ်ပေမဲ့၊ သမီးတို့တွေက အပြင်မှာ ရှိနေတာဆိုတော့ ပိုပြီး သတိထားရမယ်။ မနက်ဖြန် အမျိုးသမီးတွေ ရောက်လာရင် မယ်တော့်ရဲ့ အနီးကပ်လူ ရှန်းလု ကို လွှတ်ပြီး ကြိုခိုင်းလိုက်ပါ။ သူတို့ကို အရင်ဆုံး ကွေ့ဖေးဆီ ခေါ်သွားပြီး ဂါရဝပြုခိုင်းပြီးမှ မယ်တော့်ဆီ ခေါ်လာခဲ့ပါ။ အဘွားတို့နဲ့ မရီးတို့က နန်းတွင်းကို တစ်ခါမှ မဝင်ဖူးတော့ စည်းကမ်းတွေ လစ်ဟင်းသွားမှာ စိုးလို့ပါ”
“ဟုတ်တာပေါ့... ဟုတ်တာပေါ့။ ငါ့သမီးက တကယ်ကို အကွက်စေ့တာပဲ။ မယ်တော်ကတော့ ဝမ်းသာလွန်းလို့ မေ့တော့မလို့ပဲ” ဟု ရှန်ဖေးက ပြုံးလျက် ဆိုသည်။ မင်းသမီးကြီးက မိခင်၏ပခုံးပေါ် မှီလိုက်ရင်း - “သွေးသားဆိုတာ တကယ်ကို ထူးဆန်းတာပဲနော်၊ မတွေ့ဖူးပေမဲ့ စဉ်းစားလိုက်တာနဲ့တင် ရင်းနှီးသလို ခံစားရတယ်”
ရှန်ဖေးက သမီးဖြစ်သူ၏ခေါင်းကို ပွတ်သပ်ပေးကာ သက်ပြင်းချသည် - “မင်းက ဒီလောက် ဉာဏ်ကောင်းတာ... မင်းသားလေးသာဖြစ်ခဲ့ရင် ဟိုမင်းသားတွေထက် မညံ့မှာ သေချာတယ်”
မင်းသမီးကြီးကတော့ ထိုစကားကို သဘောမတူပေ - “သမီးတော်ကတော့ မင်းသမီး ဖြစ်ရတာ ဘာမှမကောင်းတာ မရှိဘူးလို့ ထင်ပါတယ်။ အာဏာလုပွဲတွေ မရှိတော့ စိတ်ပူစရာလည်း မလိုတော့ဘူးပေါ့။ ဒီရက်ပိုင်း လမ်းမှာ ဒုတိယညီမလေးနဲ့ ယဲ့မိသားစုက ညီမလေးရှုရန်နဲ့ အတူဆော့ရတာ နန်းတော်ထဲထက် ပိုပျော်ဖို့ကောင်းတယ်။ သူတို့က ငယ်ပေမဲ့ ပါးနပ်ကြသလို အရမ်းလည်း တက်ကြွကြတယ်”
ရှန်ဖေးက စဉ်းစားဟန်ဖြင့် - “ယဲ့မိသားစုက အဲဒီကလေးမလေးက ကွေ့ဖေးရဲ့ တူမအရင်းလေ။ မင်းက ကောင်းတယ်ဆိုရင်တော့ မဆိုးနိုင်ဘူး။ ရုပ်ရည်ကလည်း အင်မတန်ထင်ရှားတာပဲ... နောင်ကျရင် စတုတ္ထမင်းသားရဲ့ ကြင်ယာတော် ဖြစ်လာမလား”
“အို... မယ်တော်ရယ်၊ သမီးတို့တွေ ဒါတွေကို ဘာလို့ စိတ်ပူနေရမှာလဲ။ အချိန်စောပါသေးတယ်” ဟု မင်းသမီးကြီးက လက်ယမ်းပြသည် - “နောက်ပြီး ကွေ့ဖေးမှာ အဲဒီလို စိတ်ကူးရှိပုံလည်း မရပါဘူး။ ရှိရင်တော့ သူမက ရှုရန်ကို စတုတ္ထမောင်လေးနဲ့ ရင်းနှီးအောင် လုပ်ပေးမှာပေါ့၊ အခုတော့ သမီးတို့တွေနဲ့ပဲ အမြဲတွဲပေးထားတာလေ”
……
နောက်တစ်နေ့တွင် ရှန်ဖေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ ထိုမတိုင်မီ သူမသည် ယဲ့ယွင်ထံသို့ အရင်သွား၍ အခွင့်တောင်းခဲ့သလို၊ ယဲ့ယွင်ကလည်း ယန်မိသားစုမှ အမျိုးသမီးများကို လက်ဖက်ရည် တည်ခင်းဧည့်ခံကာ ဆုလာဘ်များ ပေးသနားခဲ့သည်။
စဉ်းစားကြည့်လျှင် အတိတ်က အဖြစ်အပျက်များမှာ ရင်နာစရာပင်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က မြောက်ဘက်ခရီးစဉ်တွင် ရှန်ဖေးက ဟွေယွဲ့ကို ပါးရိုက်ခဲ့သဖြင့် ယဲ့ယွင်က ဧကရာဇ်ကို အမျက်ရှစေကာ သူမအား လမ်းဝက်မှ နန်းတော်သို့ ပြန်ပို့ခိုင်းခဲ့ဖူးသည် မဟုတ်လား။ ယခုမူ အခြေအနေများမှာ အင်မတန် အေးချမ်းနေခဲ့ပြီ။
မွန်းလွဲပိုင်းတွင် စတုတ္ထမင်းသားက လူလွှတ်၍ - သူသည် ညီအစ်ကိုများနှင့် အမတ်သားများစုပေါင်းကာ စံအိမ်အပြင်ဘက်သို့ လည်ပတ်ရန် သွားမည်ဖြစ်ကြောင်း၊ ယဲ့ယွင်အတွက် တစ်ခုခု ဝယ်လာပေးရမလားဟု မေးမြန်းလာသည်။ ယဲ့ယွင်က ပြုံးလျက် - “ဘာမှ ထွေထွေထူးထူး မလိုပါဘူး။ ယွီကျိုးရဲ့ နာမည်ကြီး မုန့်လေးတွေပဲ ယူလာပေးပါ” ဟု ပြန်ပြောလိုက်သည်။
ခန အားလပ်ချိန်ရသဖြင့် ယဲ့ယွင်သည် ပြတင်းပေါက်ဘေးရှိ ဝါးကုလားထိုင်ပေါ်တွင်လှဲကာ နေ့လည်ခင်း အိပ်စက်အနားယူလိုက်သည်။ ဘေးတွင် ရေခဲပုံး ချထားသဖြင့် အေးမြနေပေသည်။ သူမ အိပ်ပျော်သွားပြီး မကြာမီမှာပင် နင်ချန် ရောက်ရှိလာခဲ့သည်။
နင်ချန်သည် လိုက်ကာကို လှန်ကာ ကြည့်လိုက်ရာ - ‘နှင်းဆီရင့်ရောင်ဂါဝန်လေး ဝတ်ဆင်ကာ ဝါးကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ အိပ်ပျော်နေသော ယဲ့ယွင်ကို တွေ့လိုက်ရသည်။ သူမ၏ လက်ထဲတွင် ကြာပန်းပုံ ယပ်တောင်လေးကို ကိုင်ထားဆဲပင်။ မျက်နှာတွင် မည်သည့် အလှပြင်ပစ္စည်းမှ မပါသော်လည်း အင်မတန် လှပကျော့ရှင်းနေဆဲဖြစ်၏။
နင်ချန်သည် ထိုအလှကို မဖျက်ဆီးချင်သဖြင့် ခနရပ်ကြည့်နေပြီးမှ၊ ဖြည်းဖြည်းချင်း အနားသို့ တိုးကာ သူမ၏နဖူးကို ငုံ့နမ်းလိုက်ပြီး သူမအား ပွေ့ချီလိုက်သည်။ ထိုအခါမှ ယဲ့ယွင် နိုးလာခဲ့သည်။
“အရှင် ရောက်လာပြီလား... နေ့လည်ပိုင်းမှာ အမတ်တွေနဲ့ တွေ့စရာ မရှိဘူးလားဟင်”
ယဲ့ယွင်သည် မျက်လုံးများကို အသာပွတ်ရင်း နင်ချန်၏မေးစေ့ကို သူမ၏မျက်နှာလေးဖြင့် ပွတ်သပ်ကာ၊ သူ့လည်ပင်းကြားတွင် ခေါင်းတိုး၍ ဆက်လက် မှီနေလေသည်။
***