အခန်း (၄၄၅-၄၄၆)
Vol. 28 Ch. 445-446
အခန်း ၄၄၅ ။ ဖားခြင်း
"ရှန်ဖေးရဲ့ဖခင်နဲ့ တွေ့ဖို့ပဲလေ၊ ကျန်တဲ့သူတွေကတော့ မလိုပါဘူး။ အလုပ်တွေဖြတ်ပြီးတာနဲ့ ကျန်း ချက်ချင်းလာခဲ့တာ" နင်ချန်သည် သူမ၏ ပွတ်သပ်ချွဲနွဲ့မှုကြောင့် အနည်းငယ် ယားကျိကျိဖြစ်ကာ နှုတ်ခမ်းထောင့်များ ကွေးတက်သွားတော့သည်။
ယဲ့ယွင်က သူ့လည်ပင်းကို လက်ဖြင့် ချိတ်လိုက်ရင်း - "အရှင်က ချန်းချဲ့ကို ဘယ်ခေါ်သွားမလို့လဲဟင်၊ ဒီအပြင်ခန်းမှာပဲ အိပ်ရအောင်လေ၊ အပြင်မှာက ပိုအေးတာပဲကို"
"မင်းရဲ့ ဒီဝါးကုလားထိုင်လေးက လူနှစ်ယောက် အိပ်လို့ဆံ့မှာ မဟုတ်ဘူးလေ" နင်ချန်သည် သူမ၏ ပျင်းရိလှသော အသံလေးကြောင့် ရင်ထဲ၌ လှုပ်ခတ်သွားရသည်။
ယဲ့ယွင်သည် မျက်လုံးများကို တစ်ဝက်ဖွင့်ကြည့်ပြီးနောက် အလျှော့ပေးလိုက်သည်။
"အပူကြောက်ရင် အစေခံတွေကို ဝါးဖျာလေး ခင်းခိုင်းလိုက်မယ်၊ ရေခဲပုံး နှစ်ပုံးလောက် ပိုချလိုက်ရင် ရပြီလေ"
ပြောပြီးသည်နှင့် နင်ချန်က အပြင်သို့ အမိန့်ပေးလိုက်သည်။ အစေခံများက အမြန်ဝင်၍ ပြင်ဆင်ကြသော်လည်း အားလုံးက ခေါင်းငုံ့ထားကြပြီး မော့မကြည့်ရဲကြပေ။ အကြောင်းမှာ ကွေ့ဖေးမယ်မယ်သည် အရှင်မင်းကြီး၏ ရင်ခွင်ထဲ၌ အရိုးမရှိသကဲ့သို့ ပျော့ခွေမှီတွယ်နေသည်ကို မသဲမကွဲ မြင်လိုက်ရသောကြောင့်ပင်။
အခန်းထဲတွင် ရေခဲများချထားသဖြင့် မကြာမီပင် အေးမြသွားကာ၊ နှစ်ဦးသား နေ့လည်ခင်း အတူတူ လှဲအိပ်ချိန်တွင် ခါး၌ စောင်ပါးလေး တစ်ထည်ပင် ခြုံထားရသေးသည်။
တစ်ရေးနိုးချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်နေလေပြီ။ ယဲ့ယွင်က အရင်နိုးလာပြီး၊ နင်ချန်၏ နှာခေါင်းကို လှမ်းဆိတ်ကာ သူ့ကိုပါ နှိုးလိုက်တော့သည်။ ကလေးတစ်ယောက်လို စနောက်နေသော သူမကို ကြည့်ပြီး နင်ချန်မှာ အိပ်ချင်မူးတူး ဖြစ်နေသော်လည်း စိတ်မဆိုးနိုင်ပေ။
အထဲမှ လှုပ်ရှားမှုကို ကြားသဖြင့် ဟွေယွဲ့က အဝတ်အစားလဲရန် အထဲဝင်ရမလားဟု လှမ်းမေးသလို၊ ခုနတင် မင်းသားများက လက်ဆောင်များ ပို့ထားကြောင်းလည်း လျှောက်တင်သည်။ ယဲ့ယွင် စိတ်ဝင်စားသွားသဖြင့် အားလုံးကို အထဲယူလာခိုင်းလိုက်သည်။
နှစ်ဦးသား အဝတ်အစားလဲပြီး အပြင်ခန်းသို့ ထွက်လာချိန်တွင် စားပွဲပေါ်၌ ပစ္စည်းများစွာ ရောက်နေသည်ကို တွေ့ရသည်။
"အရှင်မင်းကြီး မယ်မယ့်ဆီမှာ ရှိနေတယ်လို့ ကြားတာနဲ့ မင်းသားလေးတွေက အရှင့်အတွက် လက်ဆောင်တွေကိုပါ တစ်ပါတည်း ပို့လိုက်တာပါ။ ဒီနေ့ မြို့ထဲထွက်တုန်းက တွေ့ခဲ့တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းလေးတွေပါ" ဟု နန်ကျစ်က မိတ်ဆက်ပေးသည်။
နင်ချန် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။ ကလေးများက မိဘအပေါ် သိတတ်ခြင်းမှာ ကောင်းသောကိစ္စပင်။
မင်းသားကြီး ပို့သည်မှာ ‘ကျောက်စိမ်း ယပ်တောင်ချိတ်ဆွဲ’ ဖြစ်သည်။ ကလေးများမှာ သူတို့၏ လစဉ်ရိက္ခာငွေနှင့် ဝယ်ရခြင်းဖြစ်ရာ ထိပ်တန်းကျောက်စိမ်းတော့ မဟုတ်ပေ၊ သို့သော် ပုံစံမှာ ဆန်းသစ်သဖြင့် နန်းတွင်းထဲက ပစ္စည်းများထက် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။
ဒုတိယမင်းသား ပို့သည်မှာ ‘ခေါက်ယပ်တောင်’ တစ်ခုဖြစ်ပြီး၊ အပေါ်မှ ရေးဆွဲထားသော ရှုခင်းပုံနှင့် ကဗျာလေးမှာ အင်မတန် ယဉ်ကျေးလှပသည်။ ပညာရှိဆန်သော လက်ဆောင်ပင် ဖြစ်၏။
တတိယမင်းသား ပို့သည်မှာမူ အင်မတန် လက်ရာမြောက်သော သေတ္တာတစ်ခု ဖြစ်သည်။ ဖွင့်ကြည့်လိုက်ရာ တန်ဖိုးကြီးမားလှသော ‘ရွှေလက်ကိုင် ကျောက်မျက်စီ ဓားမြှောင်’ တစ်လက်ကို တွေ့ရသည်။ ဓားအိမ်ကို ချွတ်ကြည့်လိုက်ရာ ဓားသွားမှာ အေးစက်စက် အလင်းရောင်များ ထွက်ပေါ်နေသဖြင့် ၎င်းမှာ လက်ရာကောင်း ဓားတစ်လက်ဖြစ်မှန်း သိသာလှသည်။
ယောကျာ်းသားပီပီ နင်ချန်သည် ထိုဓားကို ကိုင်ကြည့်ကာ အထပ်ထပ်အခါခါ ကြည့်ရှုနေသဖြင့် ၎င်းကို သဘောကျမှန်း သိသာလှပေသည်။ အတော်ကြာမှ ပြန်ချထားကာ မေးလိုက်သည် - "စတုတ္ထမင်းသားကော ဘာဝယ်လာလဲ"
ဟွေယွဲ့က အနည်းငယ် အနေရခက်သွားသော်လည်း အမှန်အတိုင်းပင် ဖြေကြားသည် - "စတုတ္ထမင်းသားက မယ်မယ် စားချင်နေတဲ့ ဒီဒေသရဲ့ နာမည်ကြီး မုန့်တွေကို ဝယ်လာပါတယ်။ အများကြီး ဝယ်ခဲ့လို့ အရှင်မင်းကြီးနဲ့ မယ်မယ် အတူတူ သုံးဆောင်ပါတဲ့။ နောက်ပြီး... မြက်ခြောက်နဲ့ ရက်ထားတဲ့ ယုန်ရုပ်လေးတွေလည်း ပါပါတယ်"
ပြောပြီးသည်နှင့် စားပွဲထောင့်မှ ဗန်းလေးတစ်ခုကို ညွှန်ပြသည်။ အမှန်တကယ်ပင် မြက်ခြောက်နှင့် ရက်ထားသော ယုန်အကြီး နှစ်ကောင်နှင့် အငယ် သုံးကောင် (မိသားစုလိုက်) သည် အတော်လေး ချစ်စရာကောင်းလှသည်။
နင်ချန် အနည်းငယ် အံ့သြသွားသော်လည်း အနားသို့တိုး၍ ကိုင်ကြည့်လိုက်သည်။ ဒီကလေးကတော့ တကယ့်ကို ထူးထူးဆန်းဆန်းတွေ လုပ်တတ်တာပဲဟု တွေးမိသည်။ သို့သော် ပစ္စည်းကို ပြန်ချစဉ် ဗန်းထဲ၌ စာရွက်နီလေး တစ်ရွက် ရှိနေသည်ကို သတိပြုမိလိုက်သည်။
ယူကြည့်လိုက်ရာ ၎င်းမှာ စတုတ္ထမင်းသား၏ လက်ရေးပင် ဖြစ်၏။
‘ခမည်းတော်အား ဂါရဝပြုပါတယ်။ ဒီနေ့ အစ်ကိုတွေနဲ့ အပြင်ထွက်တဲ့အခါ ခမည်းတော်အတွက် လက်ဆောင်ကောင်းကောင်း ဝယ်ပြီး ကျေးဇူးဆပ်ချင်ပေမဲ့၊ သားတော့်ရဲ့ အိတ်ကပ်ထဲမှာ ငွေစတွေက ပြတ်လပ်နေသဖြင့် စေတနာသာရှိပြီး ငွေမရှိ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီဒေသရဲ့ နာမည်ကြီး အစားအသောက်တွေကိုပဲ အဝယ်များခဲ့ပါတယ်။ အားလုံးဟာ သားတော်ကိုယ်တိုင် မြည်းစမ်းပြီး အကောင်းဆုံးတွေကို ရွေးချယ်ခဲ့တာမို့... ခမည်းတော်နဲ့ မေမေတို့ သားတော်ရဲ့ စေတနာကို လက်ခံသုံးဆောင်ပေးပါ။’
စာ၏အောက်ဆုံးတွင် စာလုံးအသေးလေးများဖြင့် - ဖေဖေ... သားတော် နေ့တိုင်းကျင့်နေတာ၊ လက်ရေးက တိုးတက်လာပြီ မဟုတ်လားဟင်? ဟု ရေးသားထားသည်။
၎င်းကို ဖတ်ပြီးနောက် နင်ချန်မှာ မအောင့်နိုင်ဘဲ ရယ်မောမိတော့သည်။
"မင်း ကြည့်စမ်း... ဒီကောင်စုတ်လေးကတော့ ချွဲရမလား၊ ဖားရမလားဆိုရင် ဘယ်သူမှ သူ့ကို မမီဘူး"
ယဲ့ယွင်မှာမူ သစ်သီးယိုထုပ်ကို ဖောက်ကာ စားနေရင်းမှ၊ နင်ချန် ပြောသည်ကို ကြားသဖြင့် လာကြည့်သည်။
"အရှင်က ရယ်နေသေးတယ်၊ ဒီကလေးကို အလိုလိုက်လွန်းလို့ ပါးနပ်လွန်းနေပြီ။ ဆုံးမရမယ်”
"ဒါပေမဲ့ ကျင့်အာက ရိုးသားတယ်လေ။ မင်းသားတွေရဲ့ လက်ထဲမှာ ငွေဘယ်လောက်ရှိမှာလဲဆိုတာ ကျန်းလည်း အတွေ့အကြုံရှိတာပဲ၊ သိတာပေါ့။ ဒီစားပွဲအပြည့် မုန့်တွေဝယ်လိုက်တာနဲ့တင် သူတို့ရဲ့ ရိက္ခာက ကုန်သလောက် ရှိနေပါပြီ" နင်ချန်က ဂရုမစိုက်ဟန်ဖြင့် ဆိုသည် - "ကလေးတွေထဲမှာ သူတစ်ယောက်ပဲ ကျန်းရှေ့မှာ အရိုးခံအတိုင်း ပြုမူရဲတာ"
ထိုသို့ တွေးမိသည်နှင့် နင်ချန်သည် အခြားကလေး သုံးယောက်၏ လက်ဆောင်များကို ပြန်ကြည့်လိုက်သည်။ ၎င်းတို့မှာ လက်ဆောင်သက်သက်သာဖြစ်ပြီး လှပသော်လည်း တစ်မျိုးတစ်ဖုံ စိမ်းကားနေကြသည်။ တတိယမင်းသား ပို့သော ဓားမြှောင်ကို ကြည့်ရင်း သူ့အကြည့်များမှာ ခန ရပ်တန့်သွားသည်။
အကယ်၍ စတုတ္ထမင်းသား၏ စာရွက်လေးသာ မပါခဲ့လျှင် သူ ဤအသေးစိတ်ကို သတိပြုမိမည် မဟုတ်ပေ။ ဤဓားမြှောင်မှာ မင်းသားတစ်ဦး၏ လစဉ်ရိက္ခာ စုဆောင်းရုံနှင့် ဝယ်နိုင်သော အရာမဟုတ်ပေ။ သေချာပေါက် ခရီးမထွက်မီကပင် ယိဖေးဆီမှ ငွေများ ယူထားခဲ့ခြင်းဖြစ်ရမည်။
ထိုသို့ တွေးမိသောအခါ ရင်ထဲမှ ဝမ်းသာပီတိမှာ အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။ ဤဓားမြှောင်မှာ ‘သိတတ်မှု’ ထက် ‘ဖားခြင်း’ ဟူသော အငွေ့အသက်က ပို၍ ကပ်ပါလာသကဲ့သို့ ခံစားရသည်။ နင်ချန်သည် မိမိ၏ သားတော်အပေါ် ထိုသို့ မတွေးချင်သော်လည်း၊ တတိယမင်းသား ကြီးပြင်းလာသည်နှင့်အမျှ ထိုကလေးမှာ ထက်မြက်သော်လည်း ဆက်ဆံရသည်မှာ ‘သားအဖ’ ကဲ့သို့ မဟုတ်ဘဲ ‘မင်းနှင့်အမတ်’ ကဲ့သို့ ပို၍ ဖြစ်လာနေသည်။
"အရှင် ဒီ နို့အရသာမုန့်လေး မြည်းကြည့်ပါဦး၊ နန်းတွင်းက အရသာနဲ့ မတူဘူးနော်"
ယဲ့ယွင်က ဗန်းလေးကို ကမ်းပေးလိုက်သဖြင့် နင်ချန်၏အတွေးများ ပြတ်တောက်သွားသည်။ နင်ချန် တစ်ငုံစားကြည့်ပြီး ခေါင်းညိတ်သည် - "မဆိုးဘူးပဲ။ ကျင့်အာကတော့ ဒီနေ့ တစ်လမ်းလုံး လျှောက်စားလာပုံရတယ်။ ဒီလိုတွေ လျှောက်စားထားတာ ဗိုက်နာမှာတောင် စိုးရိမ်ရတယ်"
နင်ချန်က ယွမ်ကျိုအား ချက်ချင်းပင် မှာကြားလိုက်သည် - "စတုတ္ထမင်းသားဆီကို အစာကြေဆေးတွေ သွားပို့ပေးလိုက်ဦး၊ ဗိုက်မအောင့်စေနဲ့။ နောက်ပြီး... တခြားမင်းသားတွေဆီကိုလည်း ဆုလာဘ်တွေ သွားဝေပေးလိုက်စမ်း"
"အရှင်က အဲဒီကောင်စုတ်လေးကို အလိုလိုက်လွန်းနေတော့... ချန်းချဲ့ကပဲ မိခင်ကောင်း မဖြစ်နေသလိုပဲ။ နောင်ကျရင် ကျင့်အာက အရှင့်ကိုပဲ ချစ်ပြီး ချန်းချဲ့ကို မချစ်တော့ရင်တော့... ချန်းချဲ့ စိတ်ကောက်မှာနော်" ယဲ့ယွင်က တမင် စနောက်လိုက်သည်။
နင်ချန်က ရယ်မောကာ သူမ၏နှာခေါင်းလေးကို ဆိတ်လိုက်သည် - "ကလေးတွေက မင်းဆီကနေပဲ အတုယူတာလေ... အင်မတန် ပါးနပ်ကြတာပဲ"
အပြင်ဘက်တွင် မင်းသားများမှာ ခမည်းတော်၏ ဆုလာဘ်များကို ရရှိသဖြင့် အားလုံး ဝမ်းသာနေကြသည်။ ယွမ်ကျိုက အလုပ်လုပ်ပုံ စေ့စပ်လှသဖြင့် မင်းသားများအားလုံးကို တန်းတူညီမျှသော ပစ္စည်းများသာ ပေးအပ်ခဲ့သဖြင့် အပြစ်ရှာစရာ မရှိပေ။
တကယ်လို့ မျက်နှာလိုက်မှု ရှိသည်ဟုဆိုလျှင် စတုတ္ထမင်းသားလေးမှာ အခြားသူများထက် အစာကြေဆေး တစ်ဘူး ပိုရခြင်းသာ ဖြစ်၏။ ၎င်းမှာ တန်ဖိုးကြီးလှသည် မဟုတ်ပေ။
သို့သော် တတိယမင်းသားသည် ထိုအကြောင်းကို သိလိုက်ရချိန်တွင် မျက်နှာမှာ ညိုမှောင်သွားတော့သည်။ သူသည် အမြဲတမ်း အသေးစိတ်ကို ဂရုစိုက်သူဖြစ်ရာ - ယနေ့ အပြင်ထွက်စဉ် စတုတ္ထမင်းသား တစ်လမ်းလုံး လျှောက်စား၊ လျှောက်ဝယ်နေသည်ကို ခမည်းတော် သိရှိပြီး၊ ဗိုက်အောင့်မှာစိုး၍ စိတ်ပူကာ ထိုဆေးဘူးကို သီးသန့် ပို့ပေးခြင်းဖြစ်မှန်း သူ ရိပ်မိလိုက်သည်။
နင်ချန်က စတုတ္ထမင်းသားကို ပို၍ ဂရုစိုက်လေလေ၊ တတိယမင်းသား၏ရင်ထဲတွင် မကျေနပ်မှုများ ပို၍ တိုးပွားလာလေလေပင်။ သူ မသိနားမလည်နိုင်သည်မှာ - သူသည် ငွေများစွာ အကုန်အခံ၍ တမင်ဝယ်လာသော ဓားမြှောင်သည် စတုတ္ထမင်းသား၏ မုန့်အနည်းငယ်ကို မယှဉ်နိုင်ရတာလဲ။
သို့မဟုတ်... ခမည်းတော်သည် အမြဲတမ်း မျက်နှာလိုက်နေခဲ့ခြင်းလား။ သူ မည်မျှပင် ကြိုးစား၍ ဖားနေပါစေ အချည်းနှီးသာလား။ စာကို ကြိုးစားသင်လည်း မရ၊ စေတနာပြလည်း မမြင်... ခမည်းတော်သည် သူ့ကို လုံးဝ မကြည့်ပေ။
ထိုအတွေးများ ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ၊ စတုတ္ထမင်းသားထက် နှစ်နှစ်သာကြီးသော တတိယမင်းသား၏ တစ်ကိုယ်လုံးမှာ အင်မတန် မှောင်မှိုင်းလှသော အရှိန်အဝါများ ဖုံးလွှမ်းလာခဲ့သည်။ အပြင်ပန်းတွင် မပေါ်သော်လည်း၊ သူ့မျက်ဝန်းထဲ၌ မနာလိုမှု၊ နာကျည်းမှု၊ မကျေနပ်မှုများနှင့်အတူ ရက်စက်မှုနှင့် ရည်မှန်းချက်များ ပြည့်နှက်နေတော့သည်။
သို့သော် ယခုအချိန်တွင်မူ ထိုကလေးမှာ ရူးသွပ်မှုဘက်သို့ ဦးတည်နေပြီဖြစ်ကြောင်း မည်သူမျှ သတိမပြုမိကြသေးပေ။
ယွီကျိုးစံအိမ်တွင် အနားယူသော တစ်ရက်မှာ ကုန်ဆုံးသွားခဲ့ပြီး၊ နောက်တစ်နေ့တွင် ခရီးဆက်ခဲ့ကြသည်။ ရှေ့ဆက်မည့် လမ်းခရီးတွင် စံအိမ်များ မရှိတော့သဖြင့် ကျားစခ်သို့ ရောက်မှသာ အနားယူနိုင်တော့မည်။
ခြောက်ရက်၊ ခုနစ်ရက်တိတိ ဆက်တိုက် ခရီးနှင်ပြီးနောက် - ဆောင်းဦးလယ်ပွဲတော်မတိုင်မီ တစ်ရက်အလိုတွင် သူတို့သည် ရည်မှန်းထားသော နေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 446
အခန်း ၄၄၆ ။ အချက်ပြရုံနှင့် သိမြင်ခြင်း
ဆယ်စုနှစ်တစ်ခုကျော် ခွဲခွာခဲ့ပြီးနောက် ကျားစခ်၏ မင်းသားကြီးများမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြပြီ။ မြက်ခင်းပြင်မှာ မြို့တော်နှင့်မတူဘဲ ပို၍ ပင်ပန်းကြမ်းတမ်းလှရာ၊ အသက် ၃၀ ကျော်သာ ရှိသေးသော်လည်း မြို့တော်ကလူများထက် ပို၍ ရင့်ရော်အိုမင်းပုံ ပေါက်နေကြသည်။ သို့သော်လည်း အသားစားသောက်မှုကြောင့် ကိုယ်လုံးကိုယ်ပေါက်မှာတော့ အရင်အတိုင်းပင် သန်မာထွားကြိုင်းနေဆဲ ဖြစ်၏။
ဒုတိယမင်းသားကြီး အယ်အာထုန်တစ်ဦးတည်းသာ အသက် ၆၀ အရွယ်ရှိပြီဖြစ်ရာ ခါးမှာ အနည်းငယ် ကိုင်းနေခဲ့ပြီဖြစ်သည်။
ရိုးရှင်းသော နှုတ်ဆက်စကားများအပြီးတွင် အားလုံးကို စခန်းချရာနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ယခုတစ်ခေါက် စီစဉ်ထားပုံမှာ ယခင်ကထက် ပို၍ ခမ်းနားလှပေသည်။ နန်ချီနိုင်ငံမှာ ကြွယ်ဝချမ်းသာလှပြီး ကုန်သွယ်ရေးလမ်းကြောင်းမှာ ကျားစခ်အထိ ပေါက်ရောက်နေပြီဖြစ်ရာ၊ ယခုအခါ ဤနေရာ၌ မြို့တော်မှလာသော အသုံးအဆောင်ပစ္စည်းများစွာ ရှိနေပြီ ဖြစ်၏။
နင်ချန်၏ တဲနန်းကြီးမှာ အရှေ့ဆုံးတွင်ရှိပြီး၊ သူသည် မင်းသားကြီးများနှင့် စကားပြောနေသည်။ ကိုယ်လုပ်တော်များကိုမူ ပထမမင်းသားကြီး အောက်ချီ ၏ ဇနီး ကျိပုချူဟယ် နှင့် ညီမဖြစ်သူ တော်လန် (ယခု စတုတ္ထမင်းသားကြီး၏ ဇနီး) တို့က ဧည့်ခံကျွေးမွေးကြသည်။
“နှစ်ပေါင်းများစွာ မတွေ့ရပေမဲ့ ကွေ့ဖေးမယ်မယ်က အရင်အတိုင်း လှပနေဆဲပါပဲ။ ကျွန်တော်မျိုးမကတော့ မယ်မယ့်ရဲ့ လေးပစ်ကျွမ်းကျင်တဲ့ အတိတ်ကပုံရိပ်ကို အခုထိ မှတ်မိနေတုန်းပါပဲ” ဟု တော်လန်က ပြုံးလျက် ဆိုသည်။
သူမ၏ ပါးပြင်ပေါ်မှ အမာရွတ်လေးမှာ အင်မတန် မှိန်ဖျော့သွားပြီဖြစ်သော်လည်း အနားသို့ တိုးကြည့်လျှင်တော့ မြင်နိုင်ပါသေးသည်။ သို့သော် သူမကတော့ ထိုအရာကို ဂရုမစိုက်ဟန် ရှိ၏။ သူမ၏ တောက်ပသော မျက်ဝန်းများနှင့် အပြုံးကို ကြည့်ရုံနှင့် ဤနှစ်များအတွင်း သူမနှင့် စတုတ္ထမင်းသားကြီး ချင်းကော်အာထိုက် တို့မှာ အင်မတန် ပျော်ရွှင်ခဲ့ကြမှန်း သိသာလှပေသည်။
“အတိတ်က ကိစ္စလေးတွေကို မင်းသားကြီးကတော် မှတ်မိနေတာ တကယ်ကို အံ့သြစရာပါပဲ။ အခုတော့ တို့လည်း မလုပ်နိုင်တော့ပါဘူး။ နန်းတွင်းထဲမှာ အောင်းနေရတာဆိုတော့ လေးကိုင်ဖို့ အခွင့်အရေး မရှိဘူးလေ။ အခုဆိုရင် လေးကြိုးကိုတောင် ဆွဲနိုင်ပါဦးမလား မသိဘူး” ဟု ယဲ့ယွင်ကလည်း ပြုံး၍ ပြန်ပြောသည်။
သူမ နှိမ့်ချပြောဆိုခြင်း မဟုတ်ပေ၊ အမှန်တကယ်ပင် မလုပ်နိုင်တော့ခြင်းဖြစ်၏။ မည်မျှပင် ကျွမ်းကျင်သူဖြစ်ပါစေ ဆယ်စုနှစ်တစ်ခုကျော် လက်လွှတ်ထားသောအရာမှာ စိမ်းကားသွားမည်မှာ ဓမ္မတာပင်။
ကျိပုချူဟယ်က အချိန်ကိုက် ဝင်ပြောသည် - “ကွေ့ဖေးမယ်မယ်က နန်းတွင်းထဲမှာမို့လို့ ဒါတွေကို မသုံးဖြစ်လို့ လက်ရည်ကျသွားတာပါ။ စိတ်ပါရင် ခဏလောက် ပြန်လေ့ကျင့်လိုက်တာနဲ့ အရင်လို ပြန်ဖြစ်သွားမှာပါ။”
“မြက်ခင်းပြင် ရောက်လာမှတော့ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ ဘယ်နေပါ့မလဲ။ တို့ လာကတည်းက မြင်းစီးဝတ်စုံတွေ ပြင်လာသားပဲ။ နောက်ရက်ကျရင် မင်းသားကြီးကတော်တို့နဲ့အတူ မြင်းစီးထွက်ကြတာပေါ့။ အဲဒီအခါကျရင် တို့ရဲ့ မြင်းစီးလက်ရည် ညံ့ဖျင်းတာကိုတော့ မရယ်ကြနဲ့ဦးနော်”
ယဲ့ယွင်သည် မျက်ဝန်းများ တောက်ပလျက် တက်ကြွစွာ ဆိုလိုက်သည်။ မင်းသားကြီးကတော် နှစ်ဦးစလုံးကလည်း ဝမ်းမြောက်စွာ ရယ်မောရင်း သဘောတူကြသည်။ အတန်ကြာ စကားပြောပြီးနောက် ယဲ့ယွင် အနားယူရန်အတွက် သူတို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အပြန်လမ်းတွင် ကျိပုချူဟယ်က - “ကွေ့ဖေးက စည်းကမ်းကြီးပြီး ပြတ်သားတဲ့သူလို့ ထင်ခဲ့တာ၊ အခုတွေ့မှပဲ သူက ပွင့်လင်းရိုးသားပြီး အပြောအဆိုမှာလည်း အတိုင်းအဆရှိတဲ့ ပါးနပ်သူတစ်ယောက်မှန်း သိရတော့တယ်”
“ဟုတ်ပါ့... နန်းတွင်းက တခြား ချွဲနွဲ့တတ်တဲ့ အမျိုးသမီးတွေထက် အများကြီး ပိုကောင်းတာပေါ့” ဟု တော်လန်က ပြုံးလျက်ဆိုသည်။
……
ဧည့်သည်များ ထွက်သွားမှ ယဲ့ယွင် အဝတ်အစားလဲကာ ခန အနားယူသည်။ မြက်ခင်းပြင်လမ်းမှာ လမ်းကောင်းမဟုတ်သဖြင့် လာရသည်မှာ လူကို တစ်ဆတ်ဆတ် ခုန်နေစေကာ အတော်ပင်ပန်းလှပေသည်။
“ညကျရင် စားသောက်ပွဲ ရှိသေးတယ်၊ တကယ်ကို မလှုပ်ချင်တော့ဘူး။ မနက်ဖြန် ဆောင်းဦးလယ်ပွဲတော်ဆိုရင်တော့ ပိုပြီး ရှောင်လို့မရမှာ သေချာတယ်”
“မယ်မယ် ပင်ပန်းနေတာလေ၊ ခဏလောက် အိပ်လိုက်ပါလား။ ကျွန်တော်မျိုးမတို့ ကုတင်ကို အရင် ပြင်လိုက်ပါ့မယ်” ဟု နန်ကျစ်က ဆိုသည်။
ယဲ့ယွင် ခေါင်းညိတ်သည်။ ယွီကျိုးမှ ခရီးစတင်ကတည်းက သူမ ကောင်းကောင်း မအိပ်ရသေးပေ။ ရထားလုံးထဲတွင် ကျယ်ဝန်းသော်လည်း ကုတင်ပေါ်ကဲ့သို့ ငြိမ်သက်ခြင်း မရှိသည်မှာ အမှန်ပင်။
သူမ ပင်ပန်းနေသော်လည်း ကလေးများကတော့ အင်မတန် တက်ကြွနေကြသည်။ ဤကဲ့သို့သော နေရာမျိုးကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ အရာရာတိုင်းမှာ သူတို့အတွက် ထူးဆန်းနေသည်။ အထူးသဖြင့် မင်းသားများမှာ မြင်းစီး၊ မြားပစ် တတ်ကြရာ - နန်းတွင်းရှိ ကျဉ်းမြောင်းသော ကွင်းထက် ဤကျယ်ပြောလှသော မြက်ခင်းပြင်ကြီးက သူတို့အတွက် ကစားကွင်းကြီး ဖြစ်နေတော့သည်။
ထို့ကြောင့် ခန အနားယူပြီးနောက်၊ ညစာစားပွဲ မတိုင်မီ အချိန်လေးတွင် ကလေးများ မြင်းစီးထွက်ခဲ့ကြသည်။ မင်းသားကြီးမှာ ကျန်းမာရေး အားနည်းသဖြင့် မလိုက်ဘဲ တဲထဲ၌သာ အနားယူနေခဲ့သည်။ မင်းသမီး နှစ်ပါးနှင့် ယဲ့ရှုရန်တို့ သုံးဦးမှာလည်း အပြင်ဘက်တွင် လျှောက်ကြည့်ရန် ထွက်ခဲ့ကြသည်။
“မင်းသားတို့ရဲ့ မြင်းတွေက လျောင်နိုင်ငံက မြင်းတွေနဲ့ တူတယ်နော်၊ တကယ်ကို ကြည့်လို့ကောင်းတယ်” ဟု လူငယ်တစ်ဦးက မြင်းနက်ကြီးကို စီးလျက် အနားသို့ ရောက်လာသည်။
တတိယမင်းသားက ထိုသူကို အကဲခတ်ကြည့်လိုက်သည် - “မိတ်ဆွေက ဘယ်သူလဲဟင်?”
“အော်... ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူးပဲ။” လူငယ်သည် မြင်းပေါ်မှ လွှားခနဲ ဆင်းကာ ရဲရဲဝံ့ဝံ့ ဂါရဝပြုသည် - “ကျွန်တော်က ပထမမင်းသားကြီး အောက်ချီရဲ့ သားကြီး ပိလဲ့ကော့ပါ။”
“အော်... အိမ်ရှေ့စံလောင်းကိုး၊ ဂါရဝပြုပါတယ်” တတိယမင်းသားက အပြုံးဖြင့် နှုတ်ဆက်ကာ မိတ်ဆက်ပေးသည် - “ကျွန်တော်က တတိယမင်းသား ‘နင်ယွီဟန်’ ပါ၊ ဒါက ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုနဲ့ လေးယောက်မြောက် ညီလေးပါ”
ပိလဲ့ကော့က သူတို့ကို ပြန်လည် ဂါရဝပြုနှုတ်ဆက်သည်။ တတိယမင်းသားက စကားဆက်ပြောရန် ပြင်နေစဉ်မှာပင်၊ ပိလဲ့ကော့သည် ဇက်ကြိုးကိုဆွဲကာ စတုတ္ထမင်းသားလေး၏ အနားသို့ တိုက်ရိုက် သွားလိုက်တော့သည်။
“ကျွန်တော့်ရဲ့ ဒေါ်လေး (ယွီဖေး - စူးဒီယာ) ပြောတာ ခဏခဏ ကြားဖူးပါတယ်၊ ကွေ့ဖေးမယ်မယ်က မြားပစ်ရာမှာ အင်မတန် ကျွမ်းကျင်တယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြားပစ်ပြိုင်ပွဲကို ဒေါ်လေးက အခုထိ မမေ့နိုင်သေးဘူးလေ။ အခု စတုတ္ထမင်းသားကို မြင်ရတော့... တကယ်ကို ခန့်ညားထည်ဝါလှပါတယ်။ မင်းသား ကျွန်တော်နဲ့ မြားပစ်ပြိုင်မလား?”
“အိမ်ရှေ့စံက ချီးမွမ်းလွန်းနေပါပြီ။ စိတ်မကောင်းတာက ကျွန်တော့်ရဲ့ မြားပစ်လက်ရည်က သိပ်မကောင်းလှတော့... အိမ်ရှေ့စံကို မယှဉ်နိုင်မှာ စိုးရတယ်။ အိမ်ရှေ့စံ မနှမြောဘူးဆိုရင်တော့ ကျွန်တော့်ကို သင်ပေးပါဦး” ဟု စတုတ္ထမင်းသားက သဘောထားကြီးစွာ ဆိုလိုက်သည်။
ပိလဲ့ကော့က ထိုစကားကို ကြားသော် တဟားဟား ရယ်မောလိုက်သည် - “မင်းသားက နှိမ့်ချလွန်းနေပါပြီ။ သင်ပေးတယ်ဆိုတာထက် တို့တွေ အတူတူ လေ့လာကြတာပေါ့။ မြက်ခင်းပြင်မှာ ယုန်တွေ အများကြီး ရှိတယ်၊ ကျွန်တော်တို့တွေ တစ်ပတ်လောက် ပတ်ကြည့်ကြမလား။ တစ်ကောင်လောက် ရရင်တော့ ညကျရင် ကင်စားကြတာပေါ့”
စတုတ္ထမင်းသားသည် ဘေးမှ တတိယမင်းသား၏ မျက်နှာပျက်သွားသည်ကို အကဲခတ်မိလိုက်သဖြင့် ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်သည်။ ထို့နောက် အစ်ကိုနှစ်ဦးကိုပါ ယဉ်ကျေးစွာ ခေါ်ယူကာ လေးဦးသား အတူတူ ထွက်သွားကြတော့သည်။ လမ်းတွင် တတိယမင်းသားကြီး၏ သား ‘ဟုန်ကဲ့အာ’ နှင့်ပါ ဆုံသဖြင့် အဖွဲ့ကြီးမှာ ပို၍ စည်ကားသွားခဲ့သည်။
ညနေပိုင်း ပြန်ရောက်ချိန်တွင် ထိုလူငယ်တစ်သိုက်မှာ တောယုန်အချို့ အမှန်တကယ်ပင် ရလာခဲ့သဖြင့် ညစာစားပွဲတွင် ကင်စားကြရာ အားလုံး ပျော်ရွှင်ခဲ့ကြသည်။ ဧည့်ခံပွဲဖြစ်သဖြင့် မင်းသားကြီးများကလည်း ဧကရာဇ် ပင်ပန်းနေမည်စိုးသောကြောင့် အချိန်အကြာကြီး မကျင်းပခဲ့ပေ။
ပထမနေ့တွင် နင်ချန်သည် ကျားစခ်၏ လက်ရှိအခြေအနေများကို လေ့လာနေသဖြင့် ယဲ့ယွင်၏ တဲနန်းသို့ မလာဖြစ်ပေ။ သို့သော် စတုတ္ထမင်းသားကတော့ ရောက်လာခဲ့ပြီး ပိလဲ့ကော့က သူ့အပေါ် အင်မတန် ရင်းနှီးဟန်ပြနေသည့် အကြောင်းကို ပြောပြခဲ့သည်။
ယဲ့ယွင်က မျက်နှာကို တည်ကြည်လိုက်ကာ အစေခံများအား တံခါးကို သေသေချာချာ စောင့်ခိုင်းလိုက်သည်။ ထို့နောက်မှ ဆိုသည် -
“အခု မင်းရဲ့ ခမည်းတော်က အိမ်ရှေ့စံကို မသတ်မှတ်ရသေးဘူး။ ငါက ကိုယ်လုပ်တော်တွေထဲမှာ အမြင့်ဆုံး ရာထူးမှာရှိသလို မင်းရဲ့ ခမည်းတော်ရဲ့ အချစ်ကိုလည်း အများဆုံး ရထားသူဖြစ်တယ်။ နောက်ပြီး မင်းရဲ့ ဦးလေးက စစ်အာဏာကို ကိုင်ထားသလို၊ ဝမ်းကွဲဦးလေး နှစ်ယောက်စလုံးကလည်း အရာရှိကြီးတွေ ဖြစ်နေကြပြီ။ မင်းက အိမ်ရှေ့စံဖြစ်ဖို့အတွက် အင်မတန် အလားအလာရှိနေတာ အမှန်ပဲ”
သူမသည် စတုတ္ထမင်းသား၏ ပခုံးကို ဆုပ်ကိုင်လိုက်ရင်း - “ဒါပေမဲ့ မင်းမှာ ဘယ်လောက်ပဲ အားသာချက်တွေ ရှိနေပါစေ၊ နောက်ဆုံး ဆုံးဖြတ်မှာက မင်းရဲ့ ခမည်းတော် တစ်ယောက်တည်းပဲ။ မေမေက မင်းရဲ့ ခမည်းတော်နဲ့ အတူနေလာတာ ကြာပြီဆိုတော့ သူ့စိတ်ကို သိတာပေါ့။ သူက လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ စရိုက်ကိုပဲ ကြည့်တာ၊ တခြား အရှိန်အဝါတွေကို သိပ်ဂရုမစိုက်ဘူး။ ဒါကြောင့် တခြားလူတွေရဲ့ မြှောက်ပင့်မှုတွေကြောင့် မင်းရဲ့ စိတ်ဓာတ်တွေ မယိမ်းယိုင်သွားစေနဲ့”
“မှတ်ထား... မင်းရဲ့ ခမည်းတော်က အရည်အချင်းရော၊ ကိုယ်ကျင့်တရားပါ ပြည့်စုံတဲ့ ‘အနာဂတ်မင်းကြီး’ ကိုပဲ ရွေးချယ်မှာ။ မာနကြီးပြီး မိုက်မဲတဲ့သူကို ဘယ်တော့မှ မရွေးဘူး”
စတုတ္ထမင်းသားလေး ခန မှင်တက်သွားရသည်။ မိခင်ဖြစ်သူက သူ့အား ဤကဲ့သို့ တိုက်ရိုက် သတိပေးလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပုံမှန်ဆိုလျှင် ဤကိစ္စကို ရှောင်လွှဲပြောတတ်သော်လည်း ယနေ့တွင်မူ အင်မတန် ပွင့်လင်းလှပေသည်။
ယဲ့ယွင်၏စကားများကြောင့် စတုတ္ထမင်းသား၏စိတ်မှာ ငြိမ်ကျသွားခဲ့သည်။ သူသည် ငယ်ရွယ်သူပီပီ ယနေ့ ပိလဲ့ကော့က သူ့အား သီးသန့် မျက်နှာသာပေးခြင်းကြောင့် အနည်းငယ် ဂုဏ်ယူမိသည်မှာ အမှန်ပင်။ အထူးသဖြင့် တတိယအစ်ကိုထက် ပို၍ မျက်နှာပွင့်သည်ဟု ခံစားမိခဲ့သည်။
သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် - တတိယအစ်ကိုဆိုသည်မှာ သူ့အတွက် ပြိုင်ဘက်ပင် မဟုတ်ပေ။ မိမိ အထင်မကြီးသောသူထက် ပိုတော်နေခြင်းက ဘာမှ ဂုဏ်ယူစရာမဟုတ်ပေ။ သူသည် ခမည်းတော်ကဲ့သို့ သို့မဟုတ် ခမည်းတော်ထက် ပိုတော်အောင်သာ ကြိုးစားသင့်သည် မဟုတ်လား။
ယဲ့ယွင်သည် သားဖြစ်သူ၏မျက်ဝန်းထဲမှ အရောင်များ ပြောင်းလဲသွားသည်ကို မြင်ရုံနှင့် သူ သဘောပေါက်သွားပြီမှန်း သိလိုက်သည်။ ဤကလေးမှာ ပါးနပ်လှသည်၊ ‘အချက်ပြရုံနှင့် သိမြင်ခြင်း’ ပင် ဖြစ်၏။
ခနအကြာတွင် စတုတ္ထမင်းသားသည် ထရပ်ကာ ဦးညွှတ်လိုက်သည် - “မေမေ ပြောတာကို သားတော် မှတ်သားထားပါပြီ။ နောင်ကျရင် ဒီလို အမှားမျိုး မဖြစ်စေရပါဘူး။ မေမေ စောစော နားပါတော့၊ သားတော် ခွင့်ပြုပါဦး”
“သွားတော့” ဟု ယဲ့ယွင်က ပြုံးလျက် လက်ယမ်းပြလိုက်လေသည်။
***