အခန်း (၄၃၉-၄၄၀)
Vol. 28 Ch. 439-440
အခန်း ၄၃၉ ။ မယ်တော်ကြီး ကွယ်လွန်ခြင်း
နင်ချန် ဘာမှပြန်မပြောသည်ကို မြင်ရုံနှင့် မယ်တော်ကြီးသည် သူမ၏ရင်ထဲတွင် အဖြေရှိနေခဲ့ပြီ ဖြစ်သည်။
သူမသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်အလား ပြုံးလိုက်ကာ - "အိုက်ကျားတစ်သက်လုံး ဝေခွဲမရဖြစ်ခဲ့ပြီး အခုမှပဲ အသိတရား ပြန်ဝင်လာတော့တယ်။ ဒါပေမဲ့ အိုက်ကျားက အကြာကြီး မှားယွင်းခဲ့လို့ထင်ပါရဲ့... မိုးနတ်မင်းက ငါ့ကို အသိတရားနဲ့ အကြာကြီး နေခွင့်မပေးတော့ဘဲ အခုပဲ လာခေါ်နေပြီ။"
"မယ်တော်... သားတော် တကယ်ပဲ မယ်တော့်ကို အပြစ်မတင်တော့ပါဘူး။ လူဆိုတာ အမှားနဲ့ မကင်းတာပဲလေ။ သားတော်ကိုယ်တိုင်လည်း မယ်တော့်ကို စိတ်ဆိုးပြီး ရည်ရွယ်ချက်ရှိရှိ စိတ်နာအောင် လုပ်ခဲ့ဖူးပါတယ်။ ကျန်းတို့သားအမိတွေ သွေးသားအရင်းအချာပဲဟာ... တစ်သက်လုံး စိမ်းကားနေလို့ ဘယ်ဖြစ်ပါ့မလဲ။ ကြည့်ပါဦး... မင်းသားတွေ၊ မင်းသမီးတွေလည်း မယ်တော့်ဆီ လာကြည့်ကြတယ်လေ။ မယ်တော် အမြန်နေကောင်းလာမှ မြေးလေးတွေနဲ့ ပျော်ပျော်ပါးပါး နေနိုင်မှာပေါ့။"
နင်ချန်၏ မျက်ဝန်းအစုံ နီမြန်းလာခဲ့သည်။ သူသည် မိမိ၏မိခင်အရင်းကို တကယ်တမ်းကျတော့ မမုန်းတီးနိုင်ခဲ့ပေ။ အထူးသဖြင့် မယ်တော်ကြီး ခွဲခွာတော့မည့် ယခုအချိန်တွင် သူ့ရင်ထဲ၌ မချိတင်ကဲ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် မယ်တော်နှင့် အမြဲတမ်း ရင်းနှီးချင်ခဲ့သော်လည်း မရရှိခဲ့ပေ။ ယခု မယ်တော်ကြီး အသိတရားရလာပြီး ဆက်ဆံရေး ကောင်းမွန်လာချိန်တွင် ရက်အနည်းငယ်သာ ကျန်တော့သည်မှာ ရင်နာစရာပင်။
"မင်းဆီက ဒီစကားကို ကြားရတော့ အိုက်ကျား စိတ်အေးသွားပါပြီ။ ဒါပေမဲ့ ငါ့မှာ မင်းကို တောင်းဆိုစရာ ကိစ္စတစ်ခု ကျန်သေးတယ်။" မယ်တော်ကြီးသည် နင်ချန်၏ လက်ကို ပထမဆုံးအကြိမ် ဆုပ်ကိုင်လိုက်သည်။ သူမ၏လက်များသည် အင်မတန် အေးစက်နေပြီး အသားအရေမှာလည်း လျော့တွဲနေကာ အသက်ဓာတ် ကင်းမဲ့နေသည့်အလားပင်။
နင်ချန် ခေါင်းညိတ်ပြသည် - "မယ်တော် ပြောပါ။"
မယ်တော်ကြီးသည် ဘေးတွင် ရပ်နေသော ချန်းရွှင်ရုန်ကို ကြည့်လိုက်ပြီးမှ -
"မင်း စူးယွီ (ချန်းရွှင်ရုန်) ကို သွားခွင့်ပြုလိုက်ပါ။ သူမကို နန်းတော်ထဲ ပြန်မခေါ်သွားပါနဲ့တော့။ အဲဒီမှာ သူမ ဆက်ပြီး ရှင်သန်နိုင်မှာ မဟုတ်ဘူး။ အေးအေးဆေးဆေး နေနိုင်ရင်တောင် တစ်သက်လုံး အကျဉ်းကျနေသလိုဖြစ်ပြီး လွတ်လပ်မှု ရှိမှာ မဟုတ်ဘူး။ သူမကို နောက်ထပ် အိမ်ထောင်မပြုဘူးလို့ ကတိပေးခိုင်းပြီး... တိုက်မြောင်ကို အဖော်အဖြစ် ထည့်ပေးလိုက်ပါ။ တခြားတစ်နေရာမှာ သွားပြီး အေးအေးချမ်းချမ်း နေပါစေ။ ဒါဟာ သူမအတွက်တော့ လွတ်လပ်မှုတစ်ခုပါပဲ။"
"ဒေါ်လေး!" ချန်းရွှင်ရုန်မှာ ရုတ်တရက် မျက်ရည်များ ပေါက်ကွဲထွက်လာကာ ကုတင်ဘေးတွင် ဒူးထောက်၍ မျက်နှာအပ် ငိုကြွေးတော့သည်။
မယ်တော်ကြီးက သူမ၏ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးသည် - "မင်းက လိမ္မာတဲ့ကလေးပါ။ ငါနဲ့ ချန်မိသားစုကပဲ မင်းကို ဖျက်ဆီးခဲ့တာ။ ဒါပေမဲ့ မင်းက ငယ်သေးတယ်၊ ရှေ့လျှောက် လျှောက်လှမ်းရမယ့် လမ်းတွေ အများကြီး ရှိသေးတာမို့... အချိန်တွေကို အလကား မဖြုန်းတီးပါနဲ့တော့။"
ချန်းရွှင်ရုန်မှာ စကားပင် မဆိုနိုင်တော့ဘဲ ခေါင်းသာ ညိတ်ပြနေရှာသည်။ အဒေါ်နှင့် တူမဖြစ်သူတို့၏ ထိုပုံစံကိုကြည့်ပြီး နင်ချန်လည်း မငြင်းသာတော့ဘဲ သဘောတူလိုက်လေသည်။
၎င်းနောက်တွင် မယ်တော်ကြီးက စတုတ္ထမင်းသားလေးကို ပွေ့ချီချင်သည်ဟု တောင်းဆိုလာသည်။ ၎င်းမှာ သူမ၏ရင်ထဲမှ အကြီးမားဆုံး အာဃာတပင်။ ငယ်စဉ်က သားဖြစ်သူ နင်ချန်ကို တစ်ခါမှ မပွေ့ချီခဲ့ဖူးသဖြင့် ယခု နင်ချန်နှင့် အင်မတန်တူသော စတုတ္ထမင်းသားကို ပွေ့ချီခြင်းဖြင့် အတိတ်က အမှားများကို အစားထိုး ပြုပြင်ချင်နေခြင်းဖြစ်၏။
စတုတ္ထမင်းသားလေး ရှေ့သို့ တိုးလာချိန်တွင် မယ်တော်ကြီးကို တွဲထူပေးလိုက်ကြသည်။ သူမ၏မျက်ဝန်းထဲတွင် ကြင်နာမှုများ လျှံထွက်နေကာ - တုန်ရီနေသော လက်များဖြင့် စတုတ္ထမင်းသား၏ပါးကို အသာအယာ ပွတ်သပ်ပြီးနောက်၊ ကလေးအား ရင်ခွင်ထဲသို့ ဂရုတစိုက် ဆွဲသွင်းလိုက်သည်။ ထိုခဏတွင် သူမ၏ အရေးအကြောင်းများ ပြည့်နှက်နေသော ပါးပြင်ပေါ်သို့ မျက်ရည်ပူများ စီးကျလာတော့သည်။
မယ်တော်ကြီးသည် သမားတော်များ ခန့်မှန်းထားသော တစ်လ၊ နှစ်လအထိ မခံနိုင်ခဲ့ပေ။ ရင်ထဲမှ အပူများ ငြိမ်းအေးသွားခဲ့၍လား မသိ၊ စတုတ္ထမြောက်နေ့ ညဉ့်နက်ပိုင်းတွင် မယ်တော်ကြီးသည် ဤလောကကြီးကို အပြီးအပိုင် နှုတ်ဆက်သွားခဲ့လေပြီ။
ချန်းရွှင်ရုန်သည် မယ်တော်ကြီး၏ ကုတင်ဘေးတွင် မိုးလင်းသည့်အထိ ဒူးထောက် ငိုကြွေးနေခဲ့သည်။ နန်းတော်မှ လာသောလူများက မယ်တော်ကြီး၏ ရုပ်အလောင်းကို နန်းတော်သို့ ပြန်လည် ပင့်ဆောင်ကာ ဈာပနပြုလုပ်ကြသည်။
နင်ချန်သည် သူ့ကတိအတိုင်း ချန်းရွှင်ရုန်အား လွှတ်ပေးလိုက်သည်။ သူမသည် မိသားစုမျိုးရိုးအမည် ‘ချန်’ ကို စွန့်လွှတ်ကာ ‘ယွီစု’ ဟူသော အမည်သစ်ဖြင့် မြို့တော်မှ ထွက်ခွာသွားခဲ့သည်။ တိုက်မြောင်လည်း သူမနောက်သို့ လိုက်ပါသွားခဲ့သည်။ ထိုအချိန်မှစ၍ ဤလောကတွင် ဧကရာဇ်၏ ‘ချန်းရွှင်ရုန်’ မရှိတော့ဘဲ၊ တစ်ကိုယ်တည်း ခရီးနှင်နေသော ‘အမျိုးသမီးငယ် ယွီစု’ သာ ရှိတော့လေသည်။
အချိန်မှာ အင်မတန် ကပ်သီးကပ်သတ်ဖြစ်သော်လည်း ယဲ့ယွင်က သေသေချာချာ ကြီးကြပ်ပေးခဲ့သဖြင့် ဈာပနအခမ်းအနားမှာ အင်မတန် ခမ်းနားလှပေသည်။ အခက်ခဲဆုံးမှာ အလောင်းရှေ့တွင် ဒူးထောက်ငိုကြွေးရခြင်းဖြစ်၏။ လူတိုင်းက မယ်တော်ကြီးနှင့် သံယောဇဉ်မရှိလှသဖြင့် အားလုံးမှာ ဟန်ဆောင်ငိုနေကြခြင်းသာ ဖြစ်သော်လည်း၊ ကံကောင်းသည်မှာ ငိုကြွေးရခြင်းမှာ တစ်ရက်သာ ကြာမြင့်ခြင်းပင်။
၇လပိုင်း၏ ရာသီဥတုမှာ အလွန်ပူသဖြင့် အလောင်းကို ကြာကြာမထားဘဲ၊ ကိုးရက်အကြာတွင် ဧကရာဇ်ဂူဗိမာန်အတွင်းသို့ ပို့ဆောင်ကာ ဧကရာဇ်ဟောင်းနှင့် အတူတူ ဂူသွင်းလိုက်ကြသည်။
ဤအတောအတွင်း နင်ချန်သည် သူ့စိတ်ကို အမြန်ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ မယ်တော်ကြီး မကွယ်လွန်မီ ရက်အနည်းငယ်က အသိတရားပြန်ဝင်လာပြီး အေးအေးချမ်းချမ်း ခွဲခွာသွားခဲ့ရသဖြင့် သူ့ရင်ထဲတွင် အပူနည်းသွားခြင်းဖြစ်၏။
မိခင်အရင်း ကွယ်လွန်သွားပြီဖြစ်ရာ ‘ဝမ်းနည်းခြင်း အထိမ်းအမှတ်’ ပြုလုပ်ရမည် ဖြစ်သည်။ ယခင်က နင်ချန် နန်းတက်စတွင် နန်းတွင်း၌ လူမရှိသဖြင့် ဖခင်အတွက် တစ်နှစ်သာ ဝမ်းနည်းခြင်း ပြုလုပ်ခဲ့သော်လည်း၊ ယခုမူ စည်းကမ်းအတိုင်း သုံးနှစ်တိတိ ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် မြောက်ဘက်တိုင်းခန်းလှည့်ခရီးစဉ်မှာလည်း ဖျက်သိမ်းလိုက်ရတော့သည်။
ထိုသုံးနှစ်အတွင်း စည်းကမ်းအရ - ဧကရာဇ်သည် နန်းတွင်းဆောင်များ၌ အိပ်စက်ခြင်း မပြုရ၊ ကိုယ်လုပ်တော်များကို ခေါ်ယူခြင်း မပြုရ၊ လက်ထပ်ပွဲများ မပြုလုပ်ရ၊ ပျော်ပွဲရွှင်ပွဲများနှင့် ကြီးကျယ်သော စားသောက်ပွဲများ မပြုလုပ်ရပေ။ အခြားစည်းကမ်းများမှာ ပြဿနာမရှိသော်လည်း၊ ဧကရာဇ် မျက်နှာသာ မပေးတော့ခြင်းမှာ နန်းတွင်းရှိ အမျိုးသမီးများအတွက်တော့ အင်မတန် ကြီးမားသော သောကပင် ဖြစ်တော့သည်။
သို့သော် ၎င်းမှာ အခြားသော ကိုယ်လုပ်တော်များအတွက်သာ ဖြစ်၏။ နင်ချန်သည် ကျောက်ချွန်းနန်းဆောင်သို့ လာရောက်ကာ ညစာ စားလေ့ရှိသလို၊ ယဲ့ယွင်အား ကျိုချန်နန်းဆောင်သို့လည်း ခေါ်ယူလေ့ရှိသည်။
ဝမ်းနည်းခြင်း ကာလအတွင်း ယဲ့ယွင်နှင့် ချီရွှင်ရုန် နှစ်ဦးမှလွဲ၍ မည်သူမျှ ဧကရာဇ်အား သီးသန့် တွေ့ခွင့်မရကြပေ။ ချီရွှင်ရုန်မှာ ရုတ်တရက် ဖျားနာသွားသဖြင့် နင်ချန်က သွားရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်၏။ ထိုစဉ် ယဲ့ယွင်က - ချီရွှင်ရုန်၏ရင်ထဲတွင် သားဖြစ်သူ ဆုံးရှုံးသွား၍ ဟာလာဟင်းလင်း ဖြစ်နေသဖြင့်၊ ယခုအခါ အားကိုးရာမဲ့နေသော ပဉ္စမမင်းသားလေးကို သူမအား မွေးစားခွင့် ပေးလိုက်ရန် အကြံပြုခဲ့သည်။
ကလေး၏ ရယ်မောသံများက သူမ၏ဘဝကို ပြန်လည် လန်းဆန်းစေလိမ့်မည်ဟု ယဲ့ယွင် ယူဆသည်။ နင်ချန်လည်း သဘောတူလိုက်ရာ - ပဉ္စမမင်းသားလေးသည် မိခင်သစ် ရရှိသွားပြီးနောက် ‘နင်ယွီကျယ်’ ဟု အမည်ပေးခြင်း ခံရသည်။ ထို့အတွက်ကြောင့် ချီရွှင်ရုန်သည် ပဉ္စမမင်းသားကို ခေါ်ဆောင်ကာ ကျောက်ချွန်းနန်းဆောင်သို့ ကိုယ်တိုင်လာ၍ ကျေးဇူးတင်စကား ဆိုခဲ့သည်။
ဘယ်သူက မိမိအပေါ် စိတ်ရင်းရှိသည်ကို သူမ ကောင်းစွာ သိသည်။ သတ္တမမင်းသား ဆုံးရှုံးစဉ်က ယဲ့ယွင်က သူမအား အားပေးခဲ့သလို၊ ယခုလည်း သားတစ်ယောက်ကို ထပ်မံပေးအပ်ခဲ့ခြင်းမှာ သူမအတွက်တော့ အသက်သခင် ကျေးဇူးရှင်ပင် ဖြစ်တော့သည်။ ထိုနေ့မှစ၍ ချီရွှင်ရုန်သည် ယဲ့ယွင်နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားရန် ဆုံးဖြတ်လိုက်လေသည်။
နန်းတွင်း၌ အရာရာတိုင်းသည် ကျောက်ချွန်းနန်းဆောင်၏ အလိုအတိုင်း ဖြစ်နေသည်ကို မြင်ရသောအခါ၊ ယိကျောင်းရုန်မှာ စိုးရိမ်တုန်လှုပ်နေရသည်။ တစ်ဖက်တွင်လည်း တတိယမင်းသားအား အိမ်ရှေ့စံ ဖြစ်စေချင်သည့် စိတ်ကို မစွန့်လွှတ်နိုင်သလို၊ တစ်ဖက်တွင်လည်း ယဲ့ယွင်က ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းနေသည်ကို မြင်ရသဖြင့် မိမိအလှည့် ရောက်လာမည်ကို ကြောက်လန့်နေခြင်း ဖြစ်၏။
ထို့ကြောင့် ဝမ်းနည်းခြင်းကာလ ဒုတိယနှစ်အတွင်း သူမသည် မသိမသာ ပြဿနာလေးများ ရှာနေခဲ့ရာ ယဲ့ယွင်အတွက် အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေတော့သည်။ နှိမ်နင်းရန် မတန်သော်လည်း ကြည့်ရသည်မှာ မျက်စိစပါးစပ်စရာ ဖြစ်နေခြင်းပင်။
နောက်ဆုံးတွင် ယဲ့ယွင်သည် ယိကျောင်းရုန်အား ကျောက်ချွန်းနန်းဆောင်သို့ ခေါ်ယူကာ စကားပြောလိုက်သည်။
"ဝမ်းနည်းခြင်း ကာလ သုံးနှစ်အတွင်းမှာ ငါ မင်းနဲ့ ပြဿနာ မတက်ချင်ဘူး။ မင်းရဲ့ စိတ်ကူးကို ငါ သိပါတယ်။ ဒါပေမဲ့ နန်ချီရဲ့ အနာဂတ်မင်းကြီးဟာ အတော်ဆုံးသူပဲ ဖြစ်ရမယ်။ မင်းရဲ့ တတိယမင်းသားက တော်သလို၊ ငါ့ရဲ့ စတုတ္ထမင်းသားကလည်း မညံ့ပါဘူး။ ဒါပေမဲ့ ကလေးတွေက ငယ်သေးတယ်လေ... မင်းကော အခု အဲဒီနေရာကို ရလိုက်ရင်တောင် နောင်တစ်ချိန်မှာ ပြန်မကျဘူးလို့ အာမခံနိုင်လား။"
ယိကျောင်းရုန်မှာ နှုတ်ခမ်းများ တုန်ရီသွားကာ ဘာမှ ပြန်မပြောနိုင်ပေ။ ယဲ့ယွင်က လက်ဖက်ရည်ခွက်ကို သူမ၏ရှေ့သို့ တိုးပေးလိုက်ရင်း -
"မင်း နန်းတော်ထဲဝင်တာ ကြာပြီ၊ ကလေးလည်း ရှိနေတာကို အခုထိ ‘ကျောင်းရုန်’ ရာထူးမှာပဲ ရှိနေသေးတော့ တတိယမင်းသားအတွက် မျက်နှာငယ်စရာပေါ့။ ဒီနေ့သာ မင်း သိတတ်ရင်... ဒီဝမ်းနည်းခြင်းကာလ သုံးနှစ်အတွင်းမှာ ငြိမ်ငြိမ်သက်သက် နေပါ့မယ်လို့ ကတိပေးပါ။ ဒါဆိုရင် မင်းကို ‘ဖေး’ ရာထူး တိုးမြှင့်ပေးဖို့ ငါကိုယ်တိုင် အရှင်မင်းကြီးဆီမှာ လျှောက်တင်ပေးမယ်။ အကယ်၍ မင်းက မသဘောမတူရင်တော့... မင်းကို တစ်သက်လုံး ဒီရာထူးမှာပဲ အမြစ်တွယ်နေအောင် လုပ်ပစ်ဖို့ ငါ့ဆီမှာ နည်းလမ်းတွေ အများကြီး ရှိတယ်နော်။"
ယခုအချိန်တွင် ယိကျောင်းရုန်မှာ အင်မတန် အနေကျပ်လှသည်။ သူမသည် ပြန်လည် ငြင်းဆန်ချင်သော်လည်း ယဲ့ယွင်၏ စူးရှလှသော အကြည့်အောက်တွင် အားအင်များ ပျောက်ဆုံးသွားရသည်။ အမှန်တကယ်ပင် ယဲ့ယွင်တွင် ထိုသို့လုပ်နိုင်သော အစွမ်းအစရှိနေသည် မဟုတ်လား။
အရှုံးနှင့် အမြတ်ကို တွက်ဆပြီးနောက်၊ ယိကျောင်းရုန်သည် အံကြိတ်ကာ ဤတစ်ကြိမ်တော့ အလျော့ပေးရန် ဆုံးဖြတ်လိုက်သည်။ သူမသည် လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံတည်းနှင့် မော့သောက်လိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 440
အခန်း ၄၄၀ ။ ဝမ်းနည်းခြင်းကာလပြီးဆုံး
ယဲ့ယွင်သည်လည်း ကတိတည်သူဖြစ်ရာ ယိကျောင်းရုန်ကို ဒုတိယအဆင့် ‘ယိဖေး’ အဖြစ် အမှန်တကယ်ပင် ရာထူးတိုးမြှင့်ပေးခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် ရုန်ရှူးဖေးသည် ‘ရှန်ဖေး’ အဖြစ်လည်းကောင်း၊ ဟွေ့ဖေးသည် ‘ဟွေ့သယ့်ဖေး’ အဖြစ်လည်းကောင်း၊ ချီရွှင်ရုန်သည်လည်း အဆင့်ကျော်၍ ‘ချီဖေး’ အဖြစ်လည်းကောင်း အသီးသီး ရာထူးတိုးသွားကြသည်။
ထိုအခါ ယိဖေးမှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေရတော့သည်။ သူမအတွက်မူ ၎င်းမှာ ရာထူးတက်သလိုလိုနှင့် မတက်သကဲ့သို့ပင်။ လူတိုင်း ပြိုင်တူ ရာထူးတက်သွားကြသဖြင့် သူမ၏ ရာထူးမှာ အပြင်ပန်းကြည့်ကောင်းရုံမှလွဲ၍ မည်သည့် တန်ဖိုးမှ မရှိတော့ပေ။
၎င်းမှာ ယဲ့ယွင်၏အစီအစဉ်ပင် ဖြစ်၏။ ယဲ့ယွင်မှာ မိုက်မဲသူမဟုတ်ပေ၊ ယိဖေးတို့သားအမိကို မျက်နှာပွင့်အောင် လုပ်ပေးမည်ဟု ဆိုသော်လည်း သူတို့ကိုသာ သီးသန့် မြှောက်ပင့်ပေးမည်ဟု မဆိုခဲ့ပေ။ ယခုအခါ ကလေးများ ကြီးလာပြီး အိမ်ရှေ့စံလုပွဲမှာ မသိမသာ စတင်နေပြီဖြစ်ရာ - သူမ၏ စတုတ္ထမင်းသား၊ ဆဌမမင်းသားတို့နှင့် ယှဉ်ပြိုင်ရမည့် တတိယမင်းသားအတွက် အသာစီးရမည့် အခြေအနေမျိုးကို ယဲ့ယွင်က ဘယ်သောအခါမှ ဖန်တီးပေးမည် မဟုတ်ပေ။
မျှော်လင့်ချက်နှင့် လွဲချော်သွားသော်လည်း နောက်ဆုံးတွင် ‘ဖေး’ ရာထူး ရရှိသွားပြီဖြစ်ရာ၊ ယိဖေးသည်လည်း ကတိအတိုင်း ဝမ်းနည်းခြင်းကာလ သုံးနှစ်ကို ငြိမ်ဝပ်စွာ ကုန်လွန်စေခဲ့ရသည်။
သုံးနှစ်တာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဤသုံးနှစ်အတွင်း နန်းတွင်းမှာ ရှားရှားပါးပါး အေးချမ်းနေခဲ့သည်။ သို့သော် ၎င်းမှာ ကိုယ်လုပ်တော်များကြားတွင်သာ ဖြစ်ပြီး၊ တဖြည်းဖြည်း ကြီးပြင်းလာသော မင်းသားများကြားတွင်မူ အားပြိုင်မှုများ စတင်နေပြီ ဖြစ်၏။
အဓိကအားဖြင့် တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့ပင် ဖြစ်သည်။
မင်းသားကြီးမှာ ကျန်းမာရေး အမြဲချို့ယွင်းနေသဖြင့် ထိုစိတ်ကူး မရှိပေ။
ဒုတိယမင်းသားမှာ မယ်တော်အရင်းက နိမ့်ပါးသလို၊ မွေးစားမယ်တော်ကလည်း ပြစ်မှုကြီးကျူးလွန်ခဲ့သဖြင့် မိမိတွင် မျှော်လင့်ချက်မရှိမှန်းသိကာ အာဏာကို စွန့်လွှတ်ပြီး ကဗျာနှင့် ပန်းချီလောကထဲတွင်သာ ပျော်မွေ့နေတော့သည်။
ကျန်သော ပဉ္စမနှင့် ဆဌမမင်းသားတို့မှာ ငယ်ရွယ်သေးသဖြင့် ဘာမှမသိကြသေးပေ။
…..
ဝမ်းနည်းခြင်းကာလ ကုန်ဆုံး၍ ဝတ်စုံလဲသည့်နေ့တွင် နန်းတော်တစ်ခုလုံး သစ်လွင်တောက်ပသွားခဲ့သည်။ ထိုနေ့တွင် နန်းတွင်းထုံးစံအရ ကွယ်လွန်သူကို နှုတ်ဆက်သည့်အနေဖြင့် စားသောက်ပွဲကြီးတစ်ခုကို ကျင်းပသည်။ အချိန်အတော်ကြာ အောင့်အီးခဲ့ရသော ကိုယ်လုပ်တော်များသည်လည်း ဧကရာဇ်၏ အာရုံစိုက်မှုကို ရရန် အလှပဆုံး ပြင်ဆင်လာကြသည်။
ပွဲတော်ကို ပျိုနီပန်းဆောင်တွင် ကျင်းပရာ ကိုယ်လုပ်တော်များသာမက မင်းသား၊ မင်းသမီးများပါ စုံလင်စွာ တက်ရောက်ကြသည်။ မင်းသမီးကြီးမှာ ယခုနှစ်တွင် အရွယ်ရောက်ပြီဖြစ်ရာ အင်မတန် လှပကျော့ရှင်းပြီး အသိပညာ ကြွယ်ဝသူလေးဖြစ်နေပြီ။ သူမသည် မောင်လေး၊ ညီမလေးများအတွက် ကိုယ်တိုင်ချုပ်ထားသော အိတ်လေးများကို လက်ဆောင်ပေးခဲ့သည်။
“အချိန်တွေ ကုန်တာ မြန်လိုက်တာနော်၊ မင်းသမီးကြီးတောင် အိမ်ထောင်ပြုရမယ့် အရွယ် ရောက်နေပြီ။ ဘယ်လို လူငယ်လေးက ကံကောင်းပြီး တို့ရဲ့ မင်းသမီးကြီးကို လက်ထပ်ရမလဲ မသိဘူး” ဟု ဟွေ့သယ့်ဖေးက ပြုံးလျက် ဆိုသည်။
ထိုစကားကြောင့် မင်းသမီးကြီးမှာ ရှက်သွေးဖြန်းကာ ခေါင်းငုံ့သွားသည် - “သမီးတော် ငယ်ပါသေးတယ် ဟွေ့မယ်တော်ရယ်၊ အိမ်ထောင်မပြုချင်သေးပါဘူး”
“ဟီးဟီး... မယ်တော် ကြည့်ပါဦး၊ အစ်မတော်လည်း မပြုချင်ဘူးဆိုတော့... သမီးလည်း မပြုတော့ဘူး။ နောင်ကျရင် အစ်မတော်နဲ့ပဲ အတူတူနေတော့မယ်” ဟု ဒုတိယမင်းသမီးလေးက မြူးထူးစွာ ဆိုသည်။
ယဲ့ယွင်က ပြုံးလိုက်ရင်း - “အကြီးမလေးတွေက မပြုချင်ဘူးဆိုပေမဲ့၊ အငယ်မလေးကတော့ စိတ်စောနေပုံပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ယွမ့်အာက တို့ကို တိုးတိုးလေး လာပြောတယ်လေ... သူမရဲ့ စတုတ္ထအစ်ကိုရဲ့ စာသင်ဖော်၊ ရွှီမိသားစုက ဒုတိယသခင်လေးက အရမ်းချောတာပဲတဲ့”
စတုတ္ထမင်းသမီးလေးမှာ ငါးနှစ်သာ ရှိသေးသော်လည်း မိခင်၏ ဆိုလိုရင်းကို သိသဖြင့် အင်မတန် ရှက်သွားရှာသည်။ သို့သော် အလျှော့မပေးချင်သဖြင့် တိုးတိုးလေး ပြန်ပြောသည် - “သူက တကယ် ချောတာပဲဟာ... ကိုကိုတို့ထက်တောင် ပိုချောတယ်”
“လိမ်တာ! ကိုကိုက ဘယ်မှာ မချောလို့လဲ၊ ငါက ဖေဖေနဲ့ တူတာလေ။ မင်းပဲ ဖေဖေက အချောဆုံးဆိုပြီး... အခုကျတော့ သကြားလုံးစားချင်လို့ အဖေ့ကို လိမ်ပြောတာလား” ဟု စတုတ္ထမင်းသားက မျက်ခုံးပင့်ကာ စနောက်လိုက်သည်။
သူသည် နင်ချန်၏ရုပ်ရည်ကို ရရှိထားသော်လည်း စရိုက်မှာ ယဲ့ယွင်အတိုင်းဖြစ်ရာ ညီအစ်မတွေကို စနောက်ရသည်ကို အင်မတန် ဝါသနာပါသည်။ ငါးနှစ်အရွယ် ညီမလေးမှာ ဆယ့်တစ်နှစ်အရွယ် အစ်ကိုဖြစ်သူကို မယှဉ်နိုင်သဖြင့်၊ နှုတ်ခမ်းလေးဆူကာ ယဲ့ယွင်၏ရင်ခွင်ထဲ ခေါင်းတိုးဝင်သွားတော့သည်။
နင်ချန်က ရယ်မောကာ စတုတ္ထမင်းသား၏ နောက်စေ့ကို အသာပုတ်လိုက်သည် - “ဒီကောင်စုတ်လေး... ညီမကိုပဲ စနောက်နေတော့တာပဲ”
“အား... ဖေဖေ နာတယ်။ ဖေဖေ့မှာ သားရော သမီးရော ရှိတာပဲကို... သမီးကိုပဲ ချစ်ပြီး သားကိုကျတော့ မချစ်ဘူးလား” စတုတ္ထမင်းသားက နောက်စေ့ကို ပွတ်ရင်း ဟန်ဆောင်ပန်ဆောင် ပြောလိုက်သည်။
ဤကဲ့သို့သော ပါးနပ်စပ်စူးသည့် စရိုက်မှာ ယဲ့ယွင်နှင့် တစ်ပုံစံတည်းပင်။ နင်ချန်မှာ စိတ်မဆိုးနိုင်တော့ဘဲ “သွားစမ်းပါ” ဟုသာ ရယ်မောဆဲဆိုလိုက်တော့သည်။ ဤမျှအထိ ရင်းနှီးလှသော သားအဖ သံယောဇဉ်ကို ကြည့်ပြီး အခြားကလေးများမှာ အားကျနေကြသော်လည်း မည်သူမျှ ထိုကဲ့သို့ မရဲဝံ့ကြပေ။ ‘ဖေဖေ’ ဟု ခေါ်ဝံ့သူမှာလည်း ယဲ့ယွင်၏ ကလေး သုံးယောက်သာ ရှိလေသည်။
တတိယမင်းသားသည် မျက်လွှာကို အသာချကာ၊ ပြုံးလျက် စတုတ္ထမင်းသား၏ပခုံးကို ဖက်လိုက်သည် - “စတုတ္ထညီလေးက ငယ်သေးလို့ ညီမလေးနဲ့ အချစ်လုနေတာပဲ၊ လူကြားရင် ရယ်စရာ ဖြစ်ကုန်ဦးမယ်။ ဆရာ ပေးထားတဲ့ စာစီစာကုံးတွေကော ရေးပြီးပြီလား”
ဤစကားမှာ စတုတ္ထမင်းသားသည် ကစားဖို့ပဲ သိပြီး စာကို ဂရုမစိုက်ဘူးဟု သွယ်ဝိုက်၍ အပုပ်ချလိုက်ခြင်းပင်။
“အစ်ကို (၃) ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ မနေ့ကတည်းက ပြီးပါပြီ။ အစ်ကိုတော်ကော ပြီးပြီလားဟင်၊ အားရင် ညီတော်နဲ့အတူ မြားပစ်ကွင်းမှာ မြားပစ်ပြိုင်ကြမလား” ဟု စတုတ္ထမင်းသားက ပြန်လည်တောက်ပစွာ ပြုံးပြလိုက်သည်။
ပြောရင်းနှင့်ပင် ညီအစ်ကိုချင်း ရင်းနှီးဟန်ပြကာ တတိယမင်းသား၏ ရင်ဘတ်ကို လက်သီးဖြင့် အသာထိုးလိုက်သည်။ ထိုလက်သီးချက်မှာ အားပါလှသဖြင့် တတိယမင်းသားမှာ ရင်ဘတ်ထဲ အောင့်သွားသော်လည်း၊ ပွဲလမ်းသဘင်ဖြစ်နေသဖြင့် အံကြိတ်ကာ သည်းခံလိုက်ရတော့သည်။
“ရေးပြီးပေမဲ့ မကျေနပ်သေးတဲ့ နေရာလေးတွေရှိလို့ ပြန်ပြင်ချင်သေးတယ်၊ အဲဒါကြောင့် မလိုက်နိုင်တော့ဘူး” ဟု တတိယမင်းသားက ငြင်းလိုက်သည်။
ယဲ့ယွင်မှာ မြားပစ် ကျွမ်းကျင်သူ ဖြစ်သလို၊ စတုတ္ထမင်းသားမှာလည်း သူမ၏ သွေးပါသဖြင့် မြားပစ်ရာတွင် ပါရမီပါလှပေသည်။ ဆယ်နှစ်အရွယ်မှ စသင်သော်လည်း ယခုအခါ အစ်ကိုများကို ကျော်တက်နေလေပြီ။
နင်ချန်က ပြုံးလျက် - “အစ်ကိုတွေကိုပဲ အမြဲ လိုက်နှောင့်ယှက်နေတာ... ကျန်းနဲ့ပဲ ပြိုင်မလား၊ မင်းရဲ့ မယ်တော်ကိုပါ ခေါ်လိုက်လေ”
ယဲ့ယွင်က အမြန်လက်ယမ်းပြသည် - “မလုပ်ပါနဲ့၊ အရှင်က ကလေးနဲ့ပေါင်းပြီး ချန်းချဲ့ကို ဒုက္ခမပေးပါနဲ့တော့။ ဆယ်နှစ်ကျော်ပြီ မြားကို မကိုင်ဖြစ်တာ... လေးကိုတောင် ဆွဲနိုင်ပါဦးမလား မသိဘူး”
သူမ၏စကားကြောင့် နင်ချန်မှာ သတိရသွားသည် - ဆယ်နှစ်ကျော် သွားခဲ့ပြီပေါ့လေ။ သူ မြင်ယောင်နေဆဲမှာကား - ကျားစခ် မြက်ခင်းပြင်ပေါ်တွင် ဝတ်စုံအကျပ်လေးဖြင့် လေးကို တင်းတင်းဆွဲကာ ပစ်လိုက်သည့် ယဲ့ယွင်၏ ရဲရင့်လှသော ပုံရိပ်ပင် ဖြစ်၏။ ထိုစဉ်က ရင်ခုန်သံကို ယခု ပြန်စဉ်းစားလျှင် ‘မှင်တက်ရလောက်သော အလှ’ ဟုသာ အမည်တပ်ရပေလိမ့်မည်။
ဤအခွင့်အရေးကို အသုံးချကာ နင်ချန်က ဆိုသည် - “ကျားစခ်ကို မသွားဖြစ်တာ ဆယ်နှစ်ကျော်ပြီပဲ။ အရင်က မြောက်ဘက်ကို နယ်လှည့်မယ်လို့ ပြောဖူးတယ်လေ၊ အခု သုံးနှစ်လည်း ပြည့်ပြီဆိုတော့... ဒီနှစ်မှာပဲ သွားကြတာပေါ့”
မြောက်ဘက်ခရီးစဉ်ကို သွားချင်ရခြင်းမှာ ယဲ့ယွင်အား လည်ပတ်စေချင်ရုံသာမက - တတိယအရှင် ‘အန်းဟယ်ကျင်း’ - ကွယ်လွန်သူ ယွီဖေး၏အစ်ကို - သည် အရှိန်အဝါ တက်လာသဖြင့် ပုန်ကန်လိုသော ဆန္ဒများရှိနေကြောင်း သတင်းရရှိထားသောကြောင့်ဖြစ်၏။ နင်ချန်သည် ၎င်းကို သွားရောက် နှိမ်နင်းရန် သို့မဟုတ် သတိပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
“အရှင်က သွားချင်တယ်ဆိုမှတော့... ချန်းချဲ့က ရုန်ရှန်ဖေး၊ ဟွေ့သယ့်ဖေးတို့နဲ့အတူ အစီအစဉ်တွေ ပြင်လိုက်ပါ့မယ်။ နက္ခတ်ဗေဒင်ဌာနက နေ့ကောင်းရက်သာ ရွေးပြီးတာနဲ့ ခရီးစလို့ ရပါပြီ” ဟု ယဲ့ယွင်က ဆိုသည်။
နင်ချန်က ခေါင်းညိတ်သည် - “အင်း... မင်းပဲ စီစဉ်လိုက်ပါ။ လူအများကြီး ခေါ်သွားဖို့ မလိုဘူး”
ဤခရီးစဉ်မှာ အပန်းဖြေရန် သက်သက်မဟုတ်သည်ကို သူ သိသည်။ ယခု ကိုယ်လုပ်တော်များမှာလည်း မိမိတို့ မလိုက်ရတော့မှန်း သိသဖြင့် စိတ်ပျက်သွားကြသည်။ ကွေ့ဖေးသည် သူမနှင့် ရင်းနှီးသူများကိုသာ ခေါ်သွားမည် မဟုတ်လား။ နင်ချန်ကတော့ ၎င်းတို့ကို ဂရုမစိုက်ပေ၊ သူ့ဘေးတွင် ယဲ့ယွင် တစ်ဦးတည်း ရှိနေခြင်းမှာ သူ၏အကျင့်တစ်ခုဖြစ်နေလေပြီ။
***