အခန်း (၄၆၃-၄၆၄)
Vol. 29 Ch. 463-464
အခန်း ၄၆၃ ။ ပထမဇနီး၏ အခမ်းအနား
ယိဖေး နိုးလာချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်နေပြီဖြစ်သည်။ သူမ သတိလစ်သွားပြီးနောက်တွင်လည်း စိတ်အေးလက်အေးမရှိခဲ့ဘဲ ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုကို အကြာကြီး မက်ခဲ့ရသည်။
အိပ်မက်ထဲတွင် ယဲ့ယွင်မရှိဘဲ၊ သေဆုံးသွားပြီဖြစ်သော ယောင်ရှန်းက အသက်ရှင်နေကာ စတုတ္ထမင်းသား နင်ယွီယန်ကို မွေးဖွားထားသည်။ သူမ၏ သားဖြစ်သူ ဟန်အာမှာ ယောင်ရှီ၏သားနှင့် အာဏာလုရာတွင် တောပုန်းဓားပြအတုများ၏ ခုတ်ဖြတ်ခြင်းကို ခံရကာ ခြေနှစ်ဖက်လုံး ပြတ်တောက်ပြီး ဒုက္ခိတအဖြစ်နှင့်ပင် ဘဝဆုံးသွားခဲ့ရသည်။
သူမကိုယ်တိုင်လည်း ဘဝမလှခဲ့ပေ။ တတိယမင်းသား သေဆုံးပြီးနောက် ယောင်ရှီမှာ မိဖုရားခေါင်ကြီး ဖြစ်လာကာ၊ သူမ၏ အစားအသောက်ထဲတွင် ဆေးခတ်ခဲ့သဖြင့် သူမ စိတ်ဝေဒနာ ခံစားခဲ့ရသည်။ တစ်ညတွင် လက်ဖက်ရည်အိုးကို ခွဲကာ ကြွေကွဲစဖြင့် လက်ကောက်ဝတ်ကို လှီးဖြတ်၍ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့သည်။
အိပ်မက်မှ လန့်နိုးလာချိန်တွင် ယိဖေးတစ်ကိုယ်လုံး ချွေးများ ရွှဲနေခဲ့ပြီး၊ မိမိ၏ လက်ကောက်ဝတ်တွင် ဒဏ်ရာ ရှိ၊ မရှိကိုပင် အရင်ဆုံး စစ်ဆေးမိတော့သည်။
“မယ်မယ်... မယ်မယ် နိုးလာပြီလား။ ဘယ်လိုနေသေးလဲဟင်၊ သမားတော် ခေါ်ပေးရမလား” ဟု ယွမ်ရှုက မျက်ဝန်းများ နီမြန်းလျက် အနားသို့ တိုးလာသည်။
ယိဖေးသည် အသက်ကို ပြင်းပြင်းရှူရင်း စိတ်ကို ခန ငြိမ်အောင် ထိန်းလိုက်ရသည်။ ရုတ်တရက် သူမ တစ်ခုခုကို သတိရကာ ယွမ်ရှု၏ လက်ကို ဆုပ်ကိုင်၍ မေးတော့သည် - “တတိယမင်းသားကော... တတိယမင်းသား ဘယ်မှာလဲ။ ငါ အိပ်မက်ဆိုးတစ်ခု မက်ခဲ့လို့ တကယ်ကို ကြောက်စရာကောင်းလိုက်တာ၊ ဟန်အာကို အခုချက်ချင်း သွားခေါ်ပေးစမ်း!”
ယွမ်ရှုက သူမအား ဝမ်းနည်းကြေကွဲစွာ ကြည့်နေသော်လည်း စကားစရန် ခက်ခဲနေရှာသည်။ အစေခံမလေး၏ ထိုပုံစံကို မြင်ရုံနှင့် ယိဖေး၏နှလုံးသားမှာ တစ်စစီ ကြွေလွင့်သွားကာ - နားထဲတွင်လည်း တဝီဝီ အသံများ ကြားလာရပြီး၊ သားဖြစ်သူ အရှက်တကွဲ အဝေးသို့ ခေါ်ဆောင်သွားခံရသည့် ပုံရိပ်များက ဦးနှောက်ထဲသို့ တိုးဝင်လာတော့သည်။
နောက်ဆုံးတွင် သူမ မအောင့်နိုင်တော့ဘဲ မျက်နှာကို လက်ဖြင့်အုပ်ကာ အသည်းအသန် ငိုကြွေးတော့သည်။
“ဟန်အာ... ငါ့ရဲ့ ဟန်အာလေးရယ်၊ အရှင်မင်းကြီးက တကယ်ကို ရက်စက်လွန်းတယ်။ ယဲ့ရှီ (ယဲ့ယွင်)... မင်းကြောင့် တို့သားအမိတွေ ဒီလိုဘဝ ရောက်ခဲ့ရတာ၊ ငါ မင်းကို သေချာပေါက် ကောင်းကောင်း မသေစေရဘူး!”
ယိဖေးသည် အမုန်းတရားများဖြင့် ပြည့်နှက်နေကာ၊ ရှည်လျားသော လက်သည်းများဖြင့် လက်ဖဝါးကို ဆုပ်ညှစ်မိသဖြင့် သွေးများပင် ထွက်နေသော်လည်း သူမ သတိမထားမိပေ။
“မယ်မယ်... ကျွန်တော်မျိုးမ မယ်မယ့်နောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ အခုတော့ ကျွန်တော်မျိုးမရဲ့ စကားကို နားထောင်ပေးပါဦး။ ထပ်ပြီး အမှားမလုပ်ပါနဲ့တော့။ မယ်မယ့်မှာ တတိယမင်းသား မရှိတော့ဘူး ဆိုပေမဲ့... ထပ်ပြီး အမှားတစ်ခုခု လုပ်မိရင်တော့ ဝူမိသားစု တစ်စုလုံးကို ဒုက္ခပေးရာ ရောက်ပါလိမ့်မယ်!”
ယွမ်ရှုက 'ဗုန်း' ခနဲ ဒူးထောက်ကာ မျက်ရည်များဖြင့် လျှောက်တင်ရှာသည် - “ကျားတောင်မှ သားကို ပြန်မစားပါဘူး။ အရှင်မင်းကြီးက အမြဲတမ်း သဘောထားကြီးတတ်သူပါ။ အခု တတိယမင်းသားကို ‘သာမန်လူတန်းစား’ အဖြစ် ချပြီး အကျဉ်းချထားတာဟာ အသက်ဘေးက လွတ်ပေးလိုက်တာမို့ အရှင့်ရဲ့ ကရုဏာပါပဲ။ မယ်မယ်လည်း ‘ဖေး’ ရာထူးမှာ ရှိနေဆဲဖြစ်သလို ဝူမိသားစုလည်း မထိခိုက်သေးပါဘူး။ သခင်မလေး မေ့နေပြီလား... မင်းသားက သခင်မကို ‘ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး အသက်ရှင်ပါ’ လို့ မှာခဲ့တာလေ!”
ယိဖေးသည် ရှိုက်ကြီးတငင် ငိုကြွေးနေသော်လည်း၊ ယွမ်ရှု၏စကားများကြောင့် ကျစ်ကျစ်ဆုပ်ထားသော လက်သီးများ ပြေလျော့သွားသည်။ သူမ ကြည့်လိုက်ရာ သူမ၏လက်ဖဝါးမှ သွေးများကို ယွမ်ရှုက လက်ကိုင်ပဝါဖြင့် စည်းပေးနေသည်ကို တွေ့ရသည်။
ဟုတ်သားပဲ... သူမမှာ သားတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး၊ မိသားစုလည်း ရှိသေးတာပဲ။ အိပ်မက်ထဲက အခြေအနေထက်စာရင် အခုက အများကြီး ပိုကောင်းပါသေးသည်။ အနည်းဆုံးတော့ တတိယမင်းသားမှာ ကျန်းကျန်းမာမာ အသက်ရှင်နေသေးသည် မဟုတ်လား။
ယခုအချိန်တွင် သူမ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း လက်ခံရန်မှတစ်ပါး အခြားမရှိတော့ပေ။ သူမသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ - “ငါ ဘာမှမဖြစ်ပါဘူး။ စိတ်ချပါ... ငါ နောက်ထပ် ဘာမှ မလုပ်တော့ဘူး။ ဝူမိသားစုအတွက်ရော၊ ဟန်အာ အကျဉ်းထောင်ထဲမှာ အဆင်ပြေပြေ နေနိုင်ဖို့အတွက်ရော... ငါ ငြိမ်ငြိမ်သက်သက်ပဲ နေတော့မယ်” ဟု တိုးတိုးလေး ဆိုသည်။
သူမက ဆက်ပြောသည် - “မင်း သွားပြီး အရှင်မင်းကြီးကို လျှောက်တင်ပေးပါ။ ငါ့သားကို ကောင်းကောင်း မဆုံးမနိုင်လို့ အပြစ်ကြီးလှကြောင်း၊ ‘ဖေး’ ရာထူးနဲ့ မထိုက်တန်ကြောင်း သိလို့ အပြစ်ပေးတာကို ခံယူပါ့မယ်လို့ ပြောလိုက်ပါ။ ဒါပေမဲ့ ဝူမိသားစုကတော့ ဒီကိစ္စမှာ မပါဝင်တဲ့အတွက်... ငါ့ရဲ့ ဖခင်နဲ့ အစ်ကိုကိုတော့ ကရုဏာထားပေးပါလို့ အသနားခံပေးပါ”
ယွမ်ရှုက ခေါင်းညိတ်ကာ ထွက်သွားပြီးနောက် ဧကရာဇ်၏ အမိန့်တော်နှင့်အတူ ပြန်ရောက်လာသည်။
ယိဖေး (ဝူရှီ) သည် သားဖြစ်သူအား မဆုံးမနိုင်ခြင်း၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းတို့ကြောင့် ‘ဝမ်ရုန်’ အဆင့်သို့ ရာထူးချလိုက်ပြီး ဘွဲ့အမည် ‘ယိ’ ကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ဝူမိသားစုမှာ ပြစ်ဒဏ်မခံရသော်လည်း၊ ဖခင်နှင့် သားနှစ်ဦးအနက် တစ်ဦးသာ ရာထူးဆက်ယူခွင့်ရှိပြီး ကျန်တစ်ဦးမှာ အငြိမ်းစားယူရမည် ဖြစ်သည်။ ဤသည်မှာ နင်ချန်၏ နောက်ဆုံး ကရုဏာပင် ဖြစ်၏။
မြို့တော်သို့ အပြန်ခရီးစဉ်တွင် ဝူဝမ်ရုန်သည် ရထားလုံးပေါ်၌ တွေးတောနေမိသည်။ သူမ နန်းတွင်းထဲ မဝင်ခဲ့သင့်ဘူးလား၊ သို့မဟုတ် ရည်မှန်းချက်တွေ ကြီးမားမနေသင့်ဘူးလား။ သို့သော် လောကတွင် ‘အကယ်၍’ ဆိုသည်မှာ မရှိပေ။ ဖြစ်ပျက်သမျှကို လက်ခံကာ ကျန်ရှိနေသောအရာများကိုသာ ကာကွယ်ရန် သူမ ဆုံးဖြတ်လိုက်လေတော့သည်။
…..
ယခုနှစ် ဆောင်းဦးလယ်ပွဲတော်ကို မြက်ခင်းပြင်တွင် မကျင်းပဖြစ်ခဲ့ပေ။ နင်ချန်သည် ယဲ့ယွင်၏ ကိုယ်တွင်းဒဏ်ရာကို စိုးရိမ်သဖြင့် မြို့တော်သို့ အမြန်ဆုံးပြန်လာခဲ့ရာ ၁၀လပိုင်း ၃ ရက်နေ့တွင် နန်းတော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
တတိယမင်းသား ကျဆုံးသွားပြီဖြစ်ရာ၊ ကျန်ရှိသော မင်းသားများထဲတွင် ယဲ့ယွင်၏ သားနှစ်ဦးဖြစ်သော စတုတ္ထမင်းသားနှင့် ဆဌမမင်းသားတို့မှာ အင်မတန် ထင်ရှားလာခဲ့သည်။ အားလုံးက ယဲ့ယွင်သည် နောင်တစ်ချိန်တွင် ‘မယ်တော်ကြီး’ ဖြစ်လာမည်မှာ သေချာသည်ဟု ယူဆလိုက်ကြသည်။
နန်းတော်ပြန်ရောက်ပြီး ဒုတိယမြောက်နေ့တွင် နင်ချန်သည် စတုတ္ထမင်းသားအား ကျိုချန်နန်းဆောင်သို့ ခေါ်ယူကာ ယဲ့ယွင်၏ရှေ့တွင်ပင် စကားကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ကျင့်အာ... မင်းက ဉာဏ်ကောင်းသလို ကရုဏာတရားလည်း ရှိတဲ့ကလေးပဲ။ ညီအစ်ကိုတွေအပေါ် သံယောဇဉ်ရှိသလို အမှားအမှန်ကိုလည်း ပြတ်ပြတ်သားသား ခွဲခြားနိုင်တယ်။ ဒါကြောင့် ကျန်းက မင်းကို အိမ်ရှေ့စံအဖြစ် သတ်မှတ်လိုက်တယ်။ မင်းရဲ့ စိတ်ရင်းကို အမြဲထိန်းသိမ်းပြီး... နောင်တစ်ချိန်မှာ ကျန်းရဲ့ ဒီတိုင်းပြည်ကြီးကို သေသေချာချာ တာဝန်ယူ စောင့်ရှောက်ပါ”
စတုတ္ထမင်းသားသည် တည်ကြည်လေးနက်သော မျက်နှာဖြင့် ဒူးထောက်ကာ အမြင့်ဆုံး ဂါရဝပြုလိုက်သည် - “သားတော်... ခမည်းတော်ရဲ့ ယုံကြည်မှုကို မစော်ကားစေရဘဲ၊ နန်ချီရဲ့ မြေတစ်လက်မမကျန်အောင် ကာကွယ်စောင့်ရှောက်ပါ့မယ်!”
နင်ချန်၏မျက်ဝန်းထဲတွင် ပီတိများ ပြည့်နှက်သွားကာ သားဖြစ်သူကို ကိုယ်တိုင် တွဲထူပေးလိုက်သည်။ ထို့နောက်မှ သူသည် ယဲ့ယွင်ထံသို့ လျှောက်လှမ်းသွားကာ၊ သူမ၏အသက်ရှူသံများပင် ရင်ခုန်သံကြောင့် မြန်ဆန်သွားစေလောက်အောင် လေးနက်နူးညံ့စွာ ဆိုလိုက်သည် -
“ချင်းချင်း... ကျန်းရဲ့ ‘မိဖုရားခေါင်ကြီး’ လုပ်ပေးပါတော့။ ကျန်းက မင်းကို ‘ပထမဦးဆုံး တရားဝင် ဇနီး’ တစ်ယောက်ကို တောင်းရမ်းတဲ့ အစဉ်အလာ အခမ်းအနားတွေနဲ့ပဲ နန်းတင်ချင်တာပါ။ ကျန်းတို့တွေ အိုမင်းတဲ့အထိ တစ်ဦးကိုတစ်ဦး လေးစားချစ်ခင်စွာနဲ့ အတူတူ နေကြရအောင်”
ယဲ့ယွင်သည် နင်ချန်၏အကြည့်များကို ငေးကြည့်ရင်း နှလုံးခုန်သံများ မြန်ဆန်လာသည်။ နင်ချန်က လွန်ခဲ့သောတစ်ကြိမ် သူမ ငြင်းဆိုခဲ့သည်ကို မှတ်သားထားပြီး၊ ယခုတစ်ကြိမ်တွင် နန်းတွင်းစည်းကမ်းများကို ဘေးဖယ်ကာ သူမအား ‘တရားဝင်ဇနီးကြီး’ အဆင့်အတန်းဖြင့် တောင်းရမ်းခြင်းဖြစ်၏။ ဤစေတနာမှာ အင်မတန်မှပင် ကြီးမားလှပေသည်။
“မေမေ... မြန်မြန် သဘောတူလိုက်ပါတော့” ဟု ဘေးမှ စတုတ္ထမင်းသားလေးကလည်း မျက်လုံးလေးများ တောက်ပလျက် တိုးတိုးလေး တိုက်တွန်းနေတော့သည်။
ယဲ့ယွင် ပါးပြင်လေးများ နီမြန်းသွားကာ အသက်ကို ပြင်းပြင်းရှူ၍ ရှေ့သို့ တိုးသွားလိုက်သည်။ သူမသည် နင်ချန်၏လက်ကို ဆုပ်ကိုင်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 464
အခန်း ၄၆၄ ။ ကန့်ကွက်ရဲရင်ကန့်ကွက်ကြည့်
ထိုနှစ် ၁၀လပိုင်း ၁၈ ရက်နေ့၊ ကွေ့ဖေး၏ မွေးနေ့တွင် နက္ခတ်ဗေဒင်အရ အလွန်မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်၏။
ဧကရာဇ်၏ အမိန့်တော် ပြန်တမ်း ထွက်ပေါ်လာခဲ့သည်။ ကွေ့ဖေးယဲ့ရှီသည် အကျင့်စာရိတ္တနှင့် ပညာအရည်အချင်း ပြည့်စုံခြင်း၊ နုပျိုလှပကာ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ကာ ပါးနပ်ထက်မြက်ခြင်း၊ တော်ဝင်ရင်သွေးများကို မွေးဖွားပေးကာ နန်းတွင်း၌ စံပြပုဂ္ဂိုလ် ဖြစ်ခြင်းတို့ကြောင့် - သူမအား ‘မိဖုရားခေါင်ကြီး’ အဖြစ် တင်မြှောက်ကြောင်း တစ်ပြည်လုံးသို့ ကြေညာလိုက်သည်။
၎င်းနောက်တွင် ထပ်မံ၍ - တရားဝင်ဇနီးမှ မွေးဖွားသော သားတော်အရင်း စတုတ္ထမင်းသား ‘နင်ယွီကျင့်’ အား ထီးနန်းဆက်ခံမည့် ‘အိမ်ရှေ့စံ’ အဖြစ် သတ်မှတ်ကြောင်း အမိန့်တော် ထုတ်ပြန်ခဲ့သည်။
ယဲ့ယွင် မိဖုရားခေါင် ဖြစ်လာသည်နှင့်အညီ စည်းကမ်းအရ ယဲ့မိသားစုကိုလည်း ပထမတန်းစား ‘ကုန်း’ဘွဲ့ ပေးသနားရမည် ဖြစ်၏။ ထို့ကြောင့် ယဲ့ကျယ်အား ‘မင်ကုန်း’ အဖြစ် ဘွဲ့နှင်းအပ်ခဲ့သည်။ ၎င်းမှာ ယဲ့ယွင် ယခင်က သုံးခဲ့သော ‘မင်’ ဘွဲ့အမည်ကို သုံးခြင်းဖြင့် ဧကရာဇ်၏ အထူးမျက်နှာသာပေးမှုကို ပြသခြင်းဖြစ်သလို၊ ယဲ့မိသားစုမှာ ဖြူစင်ရိုးသားသော နိုင်ငံတော်၏ အမာခံအမတ်များဖြစ်ကြောင်း ချီးမွမ်းခြင်းလည်းဖြစ်၏။
ယဲ့ယွင်၏ ဦးလေးဖြစ်သူမှာလည်း စစ်မြေပြင်တွင် ကျဆုံးခဲ့သော သူရဲကောင်းဖြစ်ရာ - ယဲ့မိသားစု၏ ဒုတိယအိမ်တော်မှာ လူနည်းသော်လည်း မောင်နှမချင်း သံယောဇဉ် ကြီးမားလှသည်။ ထို့ကြောင့် ဝမ်းကွဲမောင်ဖြစ်သူ ‘ယဲ့ဟွိုက်’ ကိုလည်း ‘ချန်ဖိန်နန်’ အဖြစ် ဘွဲ့ပေးသနားခဲ့သည်။
အမိန့်တော်များ ထွက်လာပြီးနောက် နန်းတော်တစ်ခုလုံး စည်ကားသွားခဲ့သည်။ သို့သော် နင်ချန်က စတုတ္ထမင်းသား၏ နန်းတင်ပွဲကို အရင်ကျင်းပရန်နှင့် ယဲ့ယွင်၏ မိဖုရားခေါင် နန်းတင်ပွဲကိုမူ နောက်နှစ် ၃လပိုင်းမှ ကျင်းပရန် သတ်မှတ်ခဲ့သည်။
ဤသို့ ခြောက်လခန့် နောက်ဆုတ်ရခြင်းမှာ - ပထမအချက်အနေနှင့် ယဲ့ယွင်၏ ကျန်းမာရေးမှာ လုံးဝ မသက်သာသေးသဖြင့် ပင်ပန်းမည်စိုးသောကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ နင်ချန်က သူမအား ‘ပထမဦးဆုံး တရားဝင်ဇနီး’ အခမ်းအနားဖြင့် တခမ်းတနား နန်းတင်လိုသောကြောင့် ဖြစ်၏။
ဤဆုံးဖြတ်ချက်ကို ချမှတ်စဉ်က နန်းတွင်း၌ ကန့်ကွက်သော အမတ်အချို့ ရှိခဲ့သည်။ အကြောင်းမှာ နင်ချန်တွင် ယခင်က မိဖုရားခေါင် ရှဲ့ရှီ ရှိခဲ့ဖူးသဖြင့် - ရှဲ့ရှီမှာ အပြစ်ကြောင့် သေဒဏ်ပေးခံရပြီး တော်ဝင်စာရင်းမှ အမည်ပယ်ဖျက်ခံရသော်လည်း၊ ‘ပထမဇနီး’ အခမ်းအနားဖြင့် နောက်ထပ် မိဖုရားတစ်ဦးကို တောင်းရမ်းခြင်းမှာ စည်းကမ်းနှင့် မညီဟု ဆိုကြသည်။
သို့သော် နင်ချန်က စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ရာ ယဲ့ယွင်ကို အနည်းငယ်မျှ မျက်နှာမငယ်စေလိုပေ။ သူသည် ကန့်ကွက်သော အမတ်များကို ပြတ်သားစွာ ပြန်လည်ချေပခဲ့သဖြင့် မည်သူမျှ ထပ်မံ စကားမဟဝံ့ကြတော့ပေ။ ကန့်ကွက်သူမှာလည်း လူနည်းစုသာ ဖြစ်၏။
ထိုစဉ် ကန့်ကွက်သူများထဲမှ အမတ်တစ်ဦးက - ယဲ့ယွင် ကျိုချန်နန်းဆောင်တွင် အမြဲနေထိုင်ခြင်းမှာ စည်းကမ်းပျက်ကွက်ကြောင်းနှင့် သူမမှာ ဧကရာဇ်ကို ပြုစားထားသော ‘မြေခွေးမ’ ဖြစ်ကြောင်း သွယ်ဝိုက်ပြောဆိုလာခဲ့သည်။ ထိုအမတ်မှာ အရင်ကတည်းက အလုပ်မရှိ အလုပ်ရှာကာ နန်းတွင်းရေးရာများကိုသာ လိုက်လံစုံစမ်းတတ်သူဖြစ်ရာ နင်ချန်မှာ သည်းမခံနိုင်တော့ပေ။
နင်ချန်သည် ထိုအမတ်အား ချောမောလှပသော ကချေသည်မ နှစ်ဦးကို မယားငယ်အဖြစ် ပေးသနားလိုက်သလို၊ ရာထူးမှ ထုတ်ပယ်ကာ ဇာတိသို့ နှင်ထုတ်လိုက်သည်။ ထိုအမတ်မှာ ရာထူးရိက္ခာ မရှိတော့သဖြင့် မိသားစုကိုပင် မကျွေးနိုင်တော့ရာ ကချေသည်မ နှစ်ဦးကို မည်သို့ ပြုစုနိုင်ပါမလဲ။ နောက်ဆုံးတွင် သူ့ဇနီးရင်းကပါ ကွာရှင်းပြီး ပါလာသည့် ပစ္စည်းများနှင့် ထွက်သွားသလို၊ ကချေသည်မ နှစ်ဦးလည်း ငွေများယူကာ ထွက်ပြေးသွားကြတော့သည်။ အသက် ၅၀ အရွယ်တွင် ဤမျှအထိ ဘဝပျက်သွားရခြင်းမှာ အခြားအမတ်များအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သွားခဲ့သည်။
၁၁လပိုင်းလသို့ ရောက်ရှိလာခဲ့ပြီ။ အိမ်ရှေ့စံ နန်းတင်ပွဲကို ၁၁လပိုင်းလ ၂၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားသည်။ နင်ချန်သည် ယခုနှစ်ကုန်တွင် အိမ်ရှေ့စံ ကိစ္စကို အပြီးသတ်ကာ - နှစ်သစ်ကူး ဘိုးဘေးကန်တော့ပွဲတွင် စတုတ္ထမင်းသားနှင့်အတူ တက်ရောက်လိုခြင်းဖြစ်၏။ ဤပွဲအတွက် ဖိန်ဝမ်က တာဝန်ယူ စီစဉ်ပေးရသည်။
ပွဲကျင်းပရန် ငါးရက်ခန့် အလိုတွင် ဖိန်ဝမ်သည် အစီအစဉ်စာအုပ်ဖြင့် နင်ချန်ရှိရာ စာကြည့်ဆောင်သို့ ရောက်လာသည်။ ပထမဆုံး အရေးကြီးသည့်ကိစ္စမှာ ‘အိမ်ရှေ့စံ၏ ဆရာ’ ကို သတ်မှတ်ရန်ဖြစ်၏။
“‘ချီမိသားစုကိုပဲ သတ်မှတ်လိုက်ပါ။ ချီယောင်က လွန်ခဲ့တဲ့ နှစ်တွေမှာ အင်မတန် ထူးချွန်တဲ့ အောင်မြင်မှုတွေရှိခဲ့သလို... သူ့ဖခင် ဆရာကြီးချီထက်တောင် ပိုပြီး လက်ရည်ပြောင်တယ်။ ကျင့်အာကို သင်ပေးဖို့ လုံလောက်ပါတယ်” ဟု နင်ချန်က ဆုံးဖြတ်လိုက်သည်။
ဖိန်ဝမ်က ခေါင်းညိတ်ကာ မှတ်သားလိုက်သည်။ ချီမိသားစုမှာ ဧကရာဇ် နှစ်ဆက်တိုင်တိုင် ဆရာဖြစ်လာကြသဖြင့် အင်မတန် ဂုဏ်ယူစရာပင်။
“အရှင်မင်းကြီး... နောက်ထပ်ကတော့...” ဖိန်ဝမ် စကားမဆုံးသေးမီ ယွမ်ကျိုက အထဲသို့ တိတ်တဆိတ် ဝင်လာကာ - “အရှင်မင်းကြီး... နံနက် ကိုးနာရီ ရှိပါပြီ” ဟု တိုးတိုးလေး သတိပေးသည်။
နင်ချန်သည် ချက်ချင်းပင် ထရပ်ကာ ဝတ်စုံကို ပြင်လိုက်သည် - “ဒုတိယအစ်ကို... ခန ထိုင်နေပါဦး၊ လက်ဖက်ရည် သောက်ရင်း နားနေလိုက်။ ကျန်း ‘မိဖုရားခေါင်’ ကို ဆေးတိုက်ဖို့ သွားလိုက်ဦးမယ်၊ အခုချက်ချင်း ပြန်လာခဲ့ပါ့မယ်”
ဤစကားကြောင့် ဖိန်ဝမ်မှာ ကြောင်အမ်းကာ ကျန်ရစ်ခဲ့တော့သည်။ နင်ချန်မှာတော့ ဘာမှမဖြစ်သလို ပုံစံဖြင့် ထွက်ခွာသွားလေသည်။
အခြားတစ်ဖက်တွင် နန်ကျစ်က ဆေးပန်းကန်ကို သယ်လာစဉ် နင်ချန်နှင့် ဆုံသည်။ နင်ချန်က ဆေးပန်းကန်ကို လွှဲယူကာ - “မုန့်ချို သွားယူထားလိုက်၊ ကျန်းပဲ ဆေးတိုက်လိုက်မယ်” ဟု ဆိုကာ အထဲဝင်သွားသည်။
အခန်းထဲတွင် ယဲ့ယွင်နှင့် စတုတ္ထမင်းသမီးလေးတို့ အတူတူ ပိုးကြိုးကျစ်နေကြသည်။ ဖခင်ဖြစ်သူကို မြင်သည်နှင့် စတုတ္ထမင်းသမီးလေးက မျက်လုံးလေးများ တောက်ပကာ ထ၍ ဂါရဝပြုသည် - “ဖေဖေ... မေမေ့ကို အဖော်လုပ်ပေးလိုက်ဦးနော်။ သမီးတော်ကတော့ ဒုတိယအစ်မနဲ့ သွားဆော့တော့မယ်!”
“မရဘူး... ဒါတွေ မပြီးသေးဘူးလေ” ယဲ့ယွင်က သမီးဖြစ်သူကို လှမ်းဖမ်းလိုက်သည်။
စတုတ္ထမင်းသမီးလေးက မျက်လုံးလေး ကလည်ကလည်ဖြင့် - “မေမေကလည်း... ‘မိမိမလုပ်ချင်တာကို သူတစ်ပါးအပေါ် မခိုင်းစေနဲ့’ ဆိုတဲ့ စကား ရှိတယ်လေ။ မေမေကိုယ်တိုင် မကျစ်တတ်ဘဲ သမီးကိုကျတော့ အတင်းသင်ခိုင်းနေတာပဲ”
ယဲ့ယွင်က ရယ်မောကာ သမီးဖြစ်သူ၏ နှာခေါင်းကို ဆိတ်လိုက်သည် - “ဟယ်... ဒါက ဘယ်ကသင်လာတဲ့ စကားအသစ်လဲ။ အသုံးချတတ်သားပဲ”
“အစ်ကို ၆ ရွတ်နေတာ ကြားလို့ပါ။ ဒါပေမဲ့ စတုတ္ထကိုကိုကတော့ ‘ဆဌမလေးက တုံးတယ်၊ အဓိပ္ပာယ်ကို မသိဘဲ အလွတ်ရွတ်နေတာ ဆရာ့ကို ဒေါသထွက်အောင် လုပ်နေတာ’ တဲ့” ဟု စတုတ္ထမင်းသမီးလေးက ဆိုသည်။
ယဲ့ယွင်က သက်ပြင်းချသည် - “မင်းရဲ့ ခြောက်ယောက်မြောက် ကိုကိုက ပျင်းလို့ပါ။ အမှန်တော့ သူက အင်မတန် ပါးနပ်ပါတယ်”
“ဟုတ်တယ်... ဟုတ်တယ်။ ကိုကို ၆ က ‘အန်စာတုံး’ ခေါက်တာ အရမ်းတော်တာပဲ! တခြားကိုကိုတွေ တစ်ယောက်မှ သူ့ကို မနိုင်ဘူး!” ဟု စတုတ္ထမင်းသမီးလေးက မသိဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။
ပြောပြီးမှ သူမ ပါးစပ်ကို အမြန်ပိတ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ ယဲ့ယွင်၏မျက်နှာမှာ ညိုမှောင်သွားကာ - “နင်ယွီရွှင်... သူက အန်စာတုံး ကစားနေတယ်ပေါ့လေ? ဘယ်လောက်ရှိသေးလို့ ဒါတွေ လျှောက်ဆော့နေတာလဲ!”
စတုတ္ထမင်းသမီးလေးမှာ တုန်တုန်ရီရီဖြင့် နောက်ဆုတ်ကာ - “မေမေ နားကြားမှားတာနေမှာပါ!” ဟု အော်ပြောရင်း လစ်ခနဲ ထွက်ပြေးသွားတော့သည်။
ယဲ့ယွင်က ထလိုက်ပြီး လိုက်ဖမ်းရန် ပြင်စဉ် - သန်မာလှသော လက်ကြီးတစ်စုံက သူမ၏ ခါးကို သိမ်းဖက်လိုက်သဖြင့် နွေးထွေးလှသော ရင်ခွင်ထဲသို့ ရောက်ရှိသွားသည်။
“ချင်းချင်းက သူတို့ကိုပဲ ပြောနေတာ... ကိုယ်တိုင်လည်း မလိမ္မာဘူးနော်။ ကဲ... ဒီဆေးကို အရင် သောက်လိုက်ဦး။ အဲဒီကောင်စုတ်လေးတွေကိုတော့ ကျန်းကိုယ်တိုင် သွားဆုံးမပေးမယ်” ဟု နင်ချန်က ပြုံးလျက် ချော့မော့လိုက်သည်။
“အရှင်က အမြဲတမ်း စိတ်ပျော့နေတော့... သူတို့တွေ ပိုဆိုးကုန်တာပေါ့” ယဲ့ယွင်က နှုတ်ခမ်းဆူကာ နင်ချန်၏ ရင်ဘတ်ကို လက်ဖြင့် အသာထိုးလိုက်သည်။
နင်ချန်က ရယ်မောကာ သူမ၏နဖူးကို ငုံ့နမ်းလိုက်သည် - “မဟုတ်တာ... ကျန်းက မင်းတစ်ယောက်တည်းကိုပဲ မျက်နှာသာပေးတာပါ။ ကဲ... လိမ္မာတယ်၊ ဆေးသောက်လိုက်ဦးနော်။ ကျန်း ရှေ့မှာပဲ သောက်ရမယ်၊ တိတ်တဆိတ် သွားသွန်ပစ်လို့ မရဘူးနော်” ဟု ဆိုကာ ဆေးတိုက်လေသည်။
***