အခန်း (၄၅၁-၄၅၂)
Vol. 29 Ch. 451-452
အခန်း ၄၅၁ ။ ဘေးကင်းသွားခြင်း
စတုတ္ထမင်းသား၏မြင်းသည် နာကျင်စွာ အော်ဟစ်လျက် လဲကျသွားသည်နှင့် တစ်ပြိုင်နက် ယဲ့ကျယ်သည် ကိုယ်ကို လွှားခနဲ ပစ်လိုက်ကာ စတုတ္ထမင်းသားကို သူ့ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ပိုက်၍ မြေပြင်ပေါ်တွင် အရှိန်ဖြင့် လိမ့်ထွက်သွားတော့သည်။
လူကို ကယ်တင်နိုင်ပြီဖြစ်ကြောင်း မြင်သောအခါ အားလုံးမှာ စတုတ္ထမင်းသား၏ အခြေအနေကို ကြည့်ရန် ဝိုင်းအုံလာကြသည်။ ယနေ့ မြင်းပြိုင်ပွဲကို ပထမမင်းသားကြီး အောက်ချီက ဦးဆောင်စီစဉ်ခြင်းဖြစ်ရာ သူ့မျက်နှာမှာ အင်မတန် ပျက်နေတော့သည်။
လူတိုင်း၏အာရုံမှာ စတုတ္ထမင်းသားအပေါ်၌သာ ရှိနေစဉ် - တတိယမင်းသားကြီး အန်းဟယ်ကျင်း၏ ကိုယ်ရံတော်တစ်ဦးသည် စတုတ္ထမင်းသားစီးခဲ့သော မြင်းအနားမှ ဖြတ်သွားရင်း ကိုယ်ကို အနည်းငယ်ကိုင်းကာ ခနရပ်တန့်သွားခဲ့သည်ကို မည်သူမျှ သတိမပြုမိလိုက်ကြပေ။
“အစ်ကိုကြီး... ကျင့်အာ... ဘယ်လိုနေကြလဲ။ ဘယ်နေရာတွေ ထိခိုက်သွားလဲ ပြစမ်းပါဦး!”
ယဲ့ယွင်သည် သူမ၏ အရှိန်အဝါကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ပေါ်၌ ဒူးထောက်ကာ သူတို့အနားသို့ တိုးသွားသည်။ ယဲ့ကျယ်မှာ ပြဿနာမရှိသော်လည်း စတုတ္ထမင်းသား၏မျက်နှာလေးမှာ စက္ကူကဲ့သို့ ဖြူလျော်နေပြီး၊ အကြည့်များမှာ ဝေဝါးကာ တစ်ကိုယ်လုံး ထုံထိုင်းမှင်တက်နေရှာသည်။
“မယ်မယ် စိတ်အေးအေးထားပါ၊ ကျွန်တော်မျိုး ဘာမှမဖြစ်ပါဘူး။ စတုတ္ထမင်းသားကို သမားတော် အမြန်ပြပါဦး” ဟု ယဲ့ကျယ်က လက်ယမ်းပြရင်း ရင်ခွင်ထဲမှ ကလေးကို ထူပေးလိုက်သည်။
နင်ချန်၏ မျက်နှာမှာလည်း မှောင်ကျနေကာ၊ အစေခံများကို အမိန့်ပေး၍ စတုတ္ထမင်းသားအား ဝေါယာဉ်ဖြင့် အမြန်ပြန်သယ်ခိုင်းလိုက်သည်။
“အရှင်မင်းကြီး... ချန်းချဲ့က ကျင့်အာကို မြင်းအမြန်မစီးဖို့ မှာထားခဲ့တာပါ။ သူက စကားနားထောင်တဲ့ကလေးမို့ မဆင်မခြင် မလုပ်ပါဘူး။ အဲဒီမြင်းကို ချန်းချဲ့ စစ်ဆေးချင်ပါတယ်” ဟု ယဲ့ယွင်က စိတ်ကိုထိန်းကာ တောင်းဆိုလိုက်သည်။
၎င်းမှာ တစ်စုံတစ်ယောက်က လက်ပါလိုက်သည်ဟု သူမ သံသယဝင်ခြင်းပင်။ အောက်ချီကလည်း ချက်ချင်း ထောက်ခံသည် - “အရှင်မင်းကြီး... စတုတ္ထမင်းသားစီးတဲ့မြင်းက လျောင်နိုင်ငံက မျိုးကောင်းမြင်းပါ၊ စရိုက်ကလည်း အေးဆေးပါတယ်၊ အကြောင်းမဲ့ ဒီလောက်အထိ လန့်စရာ အကြောင်းမရှိပါဘူး”
နင်ချန်က အေးစက်သောအကြည့်ဖြင့် မှာကြားလိုက်သည် - “လုချင်းယွင် ... မင်းသွားပြီး အဲဒီမြင်းမှာ ဘာထူးခြားမှုရှိလဲ စစ်ဆေးစမ်း”
နန်းတွင်းအစောင့်တပ် တပ်မှူး လုချင်းယွင်က ချက်ချင်းပင် သွားရောက်စစ်ဆေးသည်။ ခနအကြာတွင် သူ ပြန်ရောက်လာကာ - “အရှင်မင်းကြီး... မြင်းမှာ စစ်သူကြီးယဲ့ရဲ့ ဓားဒဏ်ရာကလွဲရင် တခြား ဘာမှမတွေ့ရပါဘူး”
ယဲ့ယွင် မျက်မှောင်ကြုတ်သွားသည်။ သူမသည် မြင်းအနားသို့ လူကိုယ်တိုင်သွား၍ အသေးစိတ် ကြည့်ရှုသော်လည်း အပြင်ပန်းတွင် ဘာမှမထူးခြားပေ။ မြင်းမှာ ခြေထောက်ဒဏ်ရာကြောင့် လဲလျောင်းနေကာ အသက်ရှူသံမှာလည်း အားနည်းနေသည်။
ယဲ့ယွင်က မြင်း၏ ဝမ်းဗိုက်ကို ကြည့်ကာ နင်ချန်အား ဆိုသည် - “အရှင်မင်းကြီး... မြင်းကို ရူးသွပ်စေတဲ့ ဆေးဝါးတွေ ရှိနိုင်ပါတယ်။ မြင်းကို အန်အောင်လုပ်ပြီး ဗိုက်ထဲမှာ မသန့်ရှင်းတာတွေ ပါမပါ စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်”
နင်ချန်က သဘောတူသဖြင့် သမားတော်က မြင်းကို အန်ဆေးတိုက်၍ စစ်ဆေးသလို၊ တပ်မှူးလုကလည်း မြင်းစာနှင့် မြင်းထိန်းများကို စစ်ဆေးခဲ့သည်။ သို့သော် အရာအားလုံးမှာ ပုံမှန်ပင် ဖြစ်နေခဲ့သည်။ မြင်း၏ ဝမ်းဗိုက်ထဲတွင်လည်း ဆေးဝါးတစ်စုံတစ်ရာ ရှာမတွေ့ခဲ့ပေ။
ထိုစဉ် လူအုပ်ထဲမှ တိုးညင်းသောအသံတစ်ခု ထွက်လာသည် - “ကျွန်တော်... ကျွန်တော် မြင်လိုက်ပါတယ်။ စတုတ္ထမင်းသားက ဇက်ကြိုးကို ဆွဲပြီး မြင်းဝမ်းဗိုက်ကို ခြေထောက်နဲ့ ညှပ်လိုက်တယ်၊ အဲဒါက မြင်းကို အရှိန်မြှင့်ခိုင်းတဲ့ ပုံစံပါ... မင်းသား မြင်းကို နှင်တံနဲ့ ရိုက်လိုက်ပြီးတာနဲ့ မြင်းက လန့်ပြီး ပြေးတော့တာပါပဲ”
၎င်းမှာ စတုတ္ထမင်းသား၏ ဘေးတွင် ရှိနေခဲ့သော တတိယမင်းသားကြီး၏ သားငယ် အန်ချင်း ဖြစ်၏။ ဟုန်ကဲ့အာက သူ့ညီရှေ့တွင် ကာကွယ်ရပ်တည်ရင်း ဝင်ပြောသည် -
“ကျွန်တော့်အမှားပါ။ ကျွန်တော်က ‘အရင်သွားနှင့်ပြီ’ လို့ ပြောလိုက်တော့ စတုတ္ထမင်းသားက စိတ်စောပြီး အရှိန်မြှင့်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် မြင်းက လန့်သွားတာပါ၊ ကျွန်တော့်ကိုပဲ အပြစ်ပေးပါ”
တတိယမင်းသားကလည်း ခေါင်းငုံ့ကာ ဝင်ပြောသည် - “ခမည်းတော်... သားတော်မှာလည်း အပြစ်ရှိပါတယ်။ သားတော်က ညီလေးကို ‘ဖြည်းဖြည်းစီး၊ အစ်ကိုတော်နိုင်ရင် မင်းကို ဆုပြန်ပေးမယ်’ လို့ ပြောလိုက်တာက ညီလေးရဲ့ မာနကို ထိခိုက်သွားစေပုံရပါတယ်”
သူတို့ တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသဖြင့် - အခြေအနေမှာ စတုတ္ထမင်းသားက အနိုင်လိုချင်ဇောဖြင့် မြင်းကို အတင်းနှင်ရာမှ မြင်းလန့်သွားခြင်းဟူသော ပုံစံသို့ ပြောင်းလဲသွားတော့သည်။
ယဲ့ယွင် ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားသော်လည်း၊ လက်ရှိတွင် စတုတ္ထမင်းသား၏ အခြေအနေမှာ ပိုအရေးကြီးသဖြင့် အငြင်းပွားမနေတော့ဘဲ တဲနန်းသို့ ပြန်လာခဲ့သည်။
စတုတ္ထမင်းသားမှာ ထိတ်လန့်သွားသဖြင့် အိပ်ပျော်နေခဲ့သည်။ သမားတော် စစ်ဆေးပြီးနောက် - “မယ်မယ် စိတ်အေးအေးထားပါ၊ အရိုးထိခိုက်တာ မရှိပါဘူး။ ဘယ်ဘက်လက်မောင်း အနည်းငယ် လည်သွားတာကလွဲရင် ကျန်တာက အပွန်းအပဲ့တွေပါပဲ၊ အနားယူရင် ပျောက်သွားမှာပါ” ဟု လျှောက်တင်မှသာ ယဲ့ယွင် သက်ပြင်းချနိုင်တော့သည်။
နင်ချန်က ယဲ့ယွင်အား ဖက်ကာ နှစ်သိမ့်သည် - “ချင်းချင်း... မစိုးရိမ်နဲ့တော့။ ကျင့်အာ အဆင်ပြေသွားမှာပါ။ ဒီနေ့ကိစ္စအတွက် မင်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ ကျန်းတို့အားလုံးကလည်း စိုးရိမ်လို့ စစ်ဆေးခဲ့ကြတာပဲ မဟုတ်လား”
နင်ချန် ထွက်သွားပြီးနောက်၊ ယဲ့ယွင်သည် ဒဏ်ရာရသွားသော အစ်ကိုဖြစ်သူ ယဲ့ကျယ်အား သွားကြည့်ရန် ပြင်သည်။ ယိဖေး၏ တဲနန်းဘေးမှ ဖြတ်အသွားတွင် အထဲမှ ရယ်မောသံနှင့်အတူ စကားသံများကို ကြားလိုက်ရသည် -
“အို... ဟန်အာက အမြဲပြောနေတာ ‘စတုတ္ထလေး’ က မြားပစ်တော်တယ်ဆိုပြီး၊ အခုကြည့်တော့ သေနေတဲ့ ပစ်မှတ်ကိုပဲ မှန်တာကိုး။ မြင်းစီးတာကျတော့ ဟန်အာရဲ့ မြင်းခြေရာတောင် မမီဘူး။ အခုတော့ အနိုင်လုရင်း ကိုယ့်ဘာသာ ပြုတ်ကျတာကို... ကွေ့ဖေးက အရှက်မရှိဘဲ တခြားလူတွေက လုပ်ကြံပါတယ်ဆိုပြီး လျှောက်စစ်နေသေးတယ်၊ ဟားဟား... ဒီတစ်ခါတော့ တကယ်ကို အရှက်ကွဲတာပဲ!”
ထိုစကားလုံး တိုင်းသည် ယဲ့ယွင်၏နားထဲသို့ အတိုင်းသား ဝင်ရောက်လာရာ၊ သူမ၏ မျက်နှာမှာ တစ်ခဏချင်း မှောင်ကျသွားတော့သည်။
“မယ်မယ်... ယိဖေးက တကယ်ကို...” ဟွေယွဲ့ စကားပင် မဆုံးသေးမီမှာပင် ယဲ့ယွင်သည် တဲလိုက်ကာကို ဆွဲလှန်ကာ အထဲသို့ အရှိန်ဖြင့် ဝင်သွားတော့သည်။
ယိဖေး သတိမထားမိခင်မှာပင် - လက်ဖက်ရည်တစ်ခွက်မှာ သူမ၏မျက်နှာတည့်တည့်သို့ ပက်ခနဲ ရောက်ရှိလာသလို၊ တစ်ပြိုင်နက်တည်းမှာပင် ‘ဖြောင်း... ဖြောင်း’ ဟူသော ကျယ်လောင်လှသော ပါးရိုက်သံ နှစ်ချက်မှာ တဲအတွင်း ဟိန်းထွက်သွားလေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 452
အခန်း ၄၅၂ ။ အထီးကျန်ခြင်း
ရုတ်တရက် ကျရောက်လာသော ရိုက်ချက်နှစ်ချက်ကြောင့် ယိဖေးမှာ မှင်တက်သွားရသည်။ သူမသည် ပါးကိုအုပ်ကာ ထိတ်လန့်တကြားဖြင့် ယဲ့ယွင်ကို ကြည့်နေရှာသည်။ ခေါင်းပေါ်တွင်လည်း လက်ဖက်ခြောက်ဖတ်များ ကပ်နေသဖြင့် အင်မတန် အရှက်ရဖွယ် ကောင်းလှပေသည်။
“နင်... နင်က အကြောင်းမဲ့ လူကိုရိုက်တာ တကယ်ကို ယုတ္တိမရှိတာပဲ!” ယိဖေးမှာ နောက်ဆုံးတွင် ဒေါသကို မအောင့်နိုင်ဘဲ အော်ဟစ်တော့သည်။
သို့သော် ယဲ့ယွင်က မျက်နှာသေဖြင့် နောက်ထပ် ပါးရိုက်ချက်တစ်ချက်ကို ခပ်ပြင်းပြင်း ထပ်ကျွေးလိုက်ပြန်သည်။ ဤတစ်ကြိမ်မှာ ပို၍အားပါလှသဖြင့် ယိဖေးမှာ ထိုင်ခုံပေါ်မှ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။
“ပန်ကုန်းက ကွေ့ဖေးပဲ၊ နန်းတွင်းအာဏာကို ကိုင်ထားတဲ့သူ။ ပန်ကုန်းက ဒုတိယအဆင့်ရှိတဲ့ ကိုယ်လုပ်တော် တစ်ယောက်ကို ဆုံးမဖို့အတွက် မင်းနဲ့ ယုတ္တိတွေ အထွေအထူး ပြောနေစရာ လိုလို့လား။ မင်းရဲ့ ဒီ ‘ဖေး’ ရာထူးက ဘယ်လိုရလာတာလဲဆိုတာ မမေ့နဲ့ဦး၊ ပန်ကုန်းက ပေးနိုင်သလို ပြန်လည်း ရုပ်သိမ်းနိုင်တယ်”
ယဲ့ယွင်က အေးစက်စွာ လှောင်ပြုံးရင်း အပေါ်စီးမှ စိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းထဲတွင် သတိပေးချက်များ ပြည့်နှက်နေ၏။
“နံရံမှာ နားရှိတယ်ဆိုတဲ့ ရိုးရှင်းတဲ့ အမှန်တရားကိုတော့ ပန်ကုန်းက သင်ပေးနေစရာ မလိုတော့ဘူး ထင်ပါတယ်။ နောက်တစ်ခါ ပန်ကုန်းရဲ့နားထဲမှာ မသန့်ရှင်းတဲ့ စကားတွေ ထပ်ကြားရရင်တော့... မင်းရဲ့ လျှာကို ပန်ကုန်းကိုယ်တိုင် လာဖြတ်ပေးမယ်!”
ယိဖေးသည် ယဲ့ယွင်၏အကြည့်နှင့် ဆုံသောအခါ အလိုလို ကြောက်ရွံ့တုန်လှုပ်သွားကာ နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသော်လည်း ဘာမှ ပြန်မပြောရဲတော့ပေ။
ယဲ့ယွင် ထွက်သွားမှ အနီးကပ်လူ ယွမ်ရှုက အမြန်လာ၍ တွဲထူပေးရသည်။ ကံကောင်းသည်မှာ လက်ဖက်ရည်က မပူလွန်းသဖြင့် အမာရွတ်မကျန်ခဲ့ခြင်းပင်။ သို့သော် ယဲ့ယွင်၏လက်ချက်မှာ အင်မတန် ပြင်းလှသဖြင့် ယိဖေး၏ နှုတ်ခမ်းထောင့်များမှာ ပေါက်ပြဲသွားကာ နာကျင်လွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့နေတော့သည်။
တစ်နာရီခန့်အကြာတွင် တတိယမင်းသား ရောက်လာသည်။ တဲထဲဝင်လိုက်သည်နှင့် ယွမ်ရှုက မိခင်၏မျက်နှာကို ဆေးထည့်ပေးနေသည်ကို တွေ့ရသဖြင့် အကြည့်များ မှောင်ကျသွားသည်။ သူသည် အမြန်တိုးသွားကာ ယိဖေး၏ ဒဏ်ရာကို ကြည့်ရင်း ချက်ချင်း မေးလိုက်သည် -
“မယ်တော်... ဒါက ဘယ်လိုဖြစ်တာလဲ။ ဘယ်သူက မယ်တော့်ကို ဒီလို လုပ်ရဲတာလဲ!”
“ကွေ့ဖေးကလွဲရင် ဘယ်သူ ရှိဦးမှာလဲ” ယိဖေးက အရှက်ရစွာ ဆိုသည်။ စကားပြောလိုက်လျှင် ဒဏ်ရာက နာကျင်သဖြင့် အမူအရာမှာ မသဘာဝ ဖြစ်နေသည်။ သူမက ယွမ်ရှုကို ဖယ်ခိုင်းလိုက်ပြီးမှ ဆက်ပြောသည် -
“ဒီနေ့ မယ်တော်လည်း သတိမထားမိလိုက်ဘူး။ စတုတ္ထမင်းသားက မင်းကို မမီဘူးလို့ ပြောနေတာကို သူမက လမ်းကဖြတ်အသွားမှာ ကြားသွားတာလေ။ အဲဒါနဲ့ တဲထဲကို အတင်းဝင်လာပြီး ဘာမှမပြောဘဲ မယ်တော့်ကို ရိုက်နှက်ပြီး လက်ဖက်ရည်နဲ့ပါ ပက်သွားတာပဲ”
ဤစကားကြောင့် တတိယမင်းသားသည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အံကြိတ်လိုက်မိသည်။
“ကွေ့ဖေးက တကယ်ကို အာဏာပြလွန်းတာပဲ။ ကိုယ်လုပ်တော်ချင်း အတူတူကို သူမက ဘယ်လိုလုပ် ဒီလို ရဲတင်းရတာလဲ!”
“သူမက နန်းတွင်းအာဏာကို ကိုင်ထားတဲ့ ကွေ့ဖေးလေ၊ မျက်နှာသာလည်း ရနေတာ။ မယ်တော်က မျက်နှာသာမရတာ ကြာပြီဖြစ်သလို အခုရာထူးကလည်း ခဲခဲယဉ်းယဉ်း ရထားရတာဆိုတော့... သူမရဲ့ ဖိနှိပ်မှုကို ခံရတာပေါ့” ဟု ယိဖေးက မျက်ရည်ကျရင်း ဆိုသည်။ သို့သော် သူမ၏ရာထူးမှာ ယဲ့ယွင်၏ ကရုဏာဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းကိုတော့ သားဖြစ်သူအားပြောရန် ရှက်နေမိသည်။
တတိယမင်းသားက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ကာ မျက်ဝန်းထဲတွင် အမုန်းရိပ်များ ပြည့်နှက်သွားသည် - “မယ်တော် စိတ်ချပါ၊ သားတော် မယ်တော့်အတွက် ဒီရန်ငြှိုးကို နည်းလမ်းရှာပြီး ပြန်ဆပ်ပေးပါ့မယ်!”
ယိဖေးက ခေါင်းညိတ်ပြီး အမြန်မှာကြားသည် - “မင်းရဲ့ခမည်းတော်ဆီတော့ သွားမတိုင်နဲ့ဦးနော်။ သူက အမြဲတမ်း မျက်နှာလိုက်တတ်တာ။ မယ်တော်ကလည်း မကောင်းတဲ့စကား ပြောမိတာဆိုတော့... ကွေ့ဖေးက ပြန်ပြီး အကွက်ဆင်သွားရင် မကောင်းဘူး”
မိခင်ဖြစ်သူ၏ စကားကြောင့် တတိယမင်းသား ရင်ထဲတွင် ပို၍ နာကျည်းသွားရသည်။ ခမည်းတော် မျက်နှာလိုက်တတ်သည်ကို မယ်တော်ပင် သိနေပြီပေါ့လေ။ သူသည် စိတ်ကို ထိန်းချုပ်ကာ ခေါင်းညိတ်ပြပြီး တဲပြင်သို့ ထွက်လာခဲ့သည်။
အမှန်တော့ သူသည် ယနေ့ အန်းဟယ်ကျင်းနှင့် မဟာမိတ်ဖွဲ့သည့် ကိစ္စကို လာပြောပြချင်သော်လည်း - မိခင်ဖြစ်သူ မိမိအတွက်နှင့် အရှက်ရနေသည်ကို မြင်ရသောအခါ၊ မိခင်အား ထပ်မံ၍ သောကမပေးလိုတော့ပေ။ ဆယ့်သုံးနှစ်အရွယ် တတိယမင်းသားသည် မိမိဘာသာ အရာရာကို ရင်ဆိုင်နိုင်ပြီဟု ယူဆလိုက်သည်။
နန်ချီ၏ ထိုက်စုန့်ဧကရာဇ်သည် ကိုးနှစ်သားနှင့် နန်းတက်ခဲ့ပြီး တိုင်းပြည်ကို စည်ပင်အောင် အုပ်ချုပ်နိုင်ခဲ့လျှင်၊ မိမိလည်း လုပ်နိုင်ရမည်ဟု သူ ယုံကြည်နေသည်။ ထို့ထက် ပိုသည်မှာ - သူသည် အိမ်ရှေ့စံ နေရာကိုသာ အရင်ရယူချင်ခြင်း ဖြစ်၏။
“စတုတ္ထညီလေးဆီ သွားရအောင်။ အစ်ကိုတစ်ယောက်အနေနဲ့ သွားကြည့်သင့်တယ်လေ” ဟု တတိယမင်းသားက တိုးတိုးလေး ဆိုသည်။
စတုတ္ထမင်းသား၏ တဲတံခါးဝသို့ ရောက်ချိန်တွင် မင်းသားကြီးနှင့် ဒုတိယမင်းသားတို့ ထွက်လာသည်နှင့် ဆုံသည်။ သူသည် စိုးရိမ်ဟန်ဆောင်ကာ အနားသို့ တိုးသွားသည် - “အစ်ကိုကြီး၊ ဒုတိယအစ်ကို... တို့လည်း လာတာပဲ။ စတုတ္ထလေး ဘယ်လိုနေလဲ၊ ဒဏ်ရာက ပြင်းလား”
သူ့ကို မြင်ရသည်နှင့် အခြားမင်းသား နှစ်ဦးမှာ အနည်းငယ် ရှောင်ချင်သလို ဖြစ်သွားကြသည်။ မင်းသားကြီးက အစ်ကိုကြီးပီပီ စကားစသည် - “စတုတ္ထလေး က အိပ်ပျော်နေတုန်းပဲ။ သမားတော်ကတော့ ဒဏ်ရာမပြင်းဘူး ပြောပါတယ်၊ ဘယ်ဘက်လက်မောင်း လည်သွားတာဆိုတော့ တစ်လလောက်တော့ နားရလိမ့်မယ်”
ပြောရင်းနှင့် လေတိုက်လာသဖြင့် မင်းသားကြီးမှာ အကြိမ်ကြိမ် ချောင်းဆိုးတော့သည်။
“အစ်ကိုကြီး ကျန်းမာရေး မကောင်းဘူးလေ၊ အပြင်မှာ လေတိုက်နေတာဆိုတော့ အကြာကြီး မနေပါနဲ့။ ညီတော် အစ်ကိုကြီးကို ပြန်လိုက်ပို့ပေးမယ်” ဟု ဒုတိယမင်းသားက ကူညီလာသည်။
“ကောင်းပြီလေ... စတုတ္ထလေး ကို ကြည့်ပြီးပြီဆိုတော့ စိတ်အေးရပါပြီ။ သွားကြစို့... ငါ မနေ့က အားလို့ ဆွဲထားတဲ့ ပန်းချီလေး ရှိတယ်၊ မင်းကို ပြချင်လို့” ဟု မင်းသားကြီးက ပြုံးလျက် ဆိုသည်။
တတိယမင်းသားသည် သူတို့နှစ်ဦး ရင်းနှီးသည်ကို ကြည့်ပြီး ရင်ထဲတွင် အောင့်သက်သက် ဖြစ်သွားသော်လည်း၊ ဘာမှမပြောဘဲ ဦးညွှတ်ကာ လွှတ်လိုက်သည်။ သူ တဲထဲဝင်ရန် ပြင်စဉ် ပိုင်ရှုက တားဆီးလိုက်သည် -
“တောင်းပန်ပါတယ် တတိယမင်းသား။ ကျွန်တော်တို့ မင်းသားလေးက ဆေးသောက်ပြီး အခုမှ လှဲသွားတာမို့ လူတွေ့ဖို့ မသင့်တော်သေးပါဘူး။ နောက်ရက်မှပဲ ပြန်ကြွပါတော့”
တတိယမင်းသား၏မျက်နှာ မှောင်ကျသွားသည်။ ခုနက တခြားမင်းသားတွေ ဝင်လို့ရပြီး ဘာလို့ သူကျမှ မရတာလဲဟု မေးချင်သော်လည်း - ပိုင်ရှု၏ပုံစံအရ မည်သို့မျှ ပေးဝင်မည်မဟုတ်မှန်း သိသဖြင့်၊ မတတ်သာဘဲ ပြန်လှည့်ခဲ့ရသည်။
“ကောင်းပြီ... ဒါဆိုရင်လည်း စတုတ္ထလေး ကို မနှောင့်ယှက်တော့ပါဘူး။ သေသေချာချာ ပြုစုပေးလိုက်ပါဦး”
အခြားတစ်ဖက်တွင်၊ မင်းသားကြီးနှင့် ဒုတိယမင်းသားတို့ အပြန်လမ်း၌ - “ငါ ကြည့်ရတာ... တတိယလေးရဲ့ စရိုက်က တစ်မျိုးကြီး ဖြစ်လာသလိုပဲ။ အပြင်ပန်းမှာ ယဉ်ကျေးနေပေမဲ့ ဆက်ဆံရတာ တစ်မျိုးကြီးပဲ” ဟု မင်းသားကြီးက ဆိုသည်။
ဒုတိယမင်းသားက ခေါင်းညိတ်သည် - “ညီတော်လည်း အဲဒီလို ခံစားရပါတယ်။ မှောင်မှိုင်းနေသလိုပဲ။ ငယ်ငယ်တုန်းက ဒီလိုမဟုတ်ပါဘူး၊ ကြီးလာမှပဲ အတွေးတွေ များလာပုံရတယ်”
ထို ‘အတွေးများ’ မှာ ဘာလဲဆိုသည်ကို နှစ်ဦးစလုံး သိကြသော်လည်း ထုတ်မပြောကြပေ။ မင်းသားကြီးက ပြုံးလျက် - “ထားလိုက်ပါတော့၊ ငါတို့တွေကတော့ ဒါတွေကို စိတ်မဝင်စားပါဘူး။ နောင်ကျရင် အေးအေးဆေးဆေး နေရတဲ့ ဝမ်ရယ်တွေပဲ လုပ်ကြတာပေါ့။ ဒုတိယဘကြီးနဲ့ စတုတ္ထဦးလေးတို့လိုပေါ့” ဟု ဆိုရာ ဒုတိယမင်းသားလည်း လိုက်ရယ်တော့သည်။
အမှန်တကယ်တော့ မင်းသားကြီးနှင့် ဒုတိယမင်းသားတို့သည် တတိယမင်းသားထက် စတုတ္ထမင်းသားကို ပို၍ ခင်မင်ကြသည်။ တတိယမင်းသားမှာ ဟန်ဆောင်မှု များလွန်းသဖြင့် စိတ်ရင်းကို မမြင်ရသကဲ့သို့ ခံစားရသောကြောင့်ပင်။
တတိယမင်းသားမှာမူ ယနေ့ဖြစ်ရပ်များကြောင့် မိမိကိုယ်ကိုယ် အထီးကျန်နေရသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ ဂရုမစိုက်ပေ။ တော်ဝင်မိသားစုတွင် သံယောဇဉ်မရှိဟု သူ အခိုင်အမာ ယုံကြည်ထားသည်။ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့သည် စတုတ္ထမင်းသားက ပို၍ အခြေအနေကောင်းနေသဖြင့် ဖားနေကြခြင်းသာဖြစ်သည်ဟု သူ ယူဆသည်။
သူသည် တိတ်တဆိတ်ပင် ဟုန်ကဲ့အာထံသို့ သွားခဲ့သည်။ ယနေ့ မြင်းလန့်သည့်ကိစ္စမှာ စတုတ္ထမင်းသားကို အကြီးအကျယ် ဒဏ်ရာမရစေခဲ့သဖြင့်၊ နောက်ထပ် ဘာဆက်လုပ်ရမည်ကို သူ တိုင်ပင်ချင်နေခြင်းဖြစ်၏။ လုပ်ကြံရန် အခွင့်အရေးဆိုသည်မှာ ရခဲလှသလို၊ ဒုတိယအကြိမ် ထပ်လုပ်လျှင် ပို၍ သတိထားမိသွားနိုင်သည် မဟုတ်လား။ အထူးသဖြင့် ကွေ့ဖေးက သံသယ ဝင်နေပြီဖြစ်ရာ ပို၍ပင် သတိထားရတော့မည်ဖြစ်သည်။
***