အခန်း (၄၅၇-၄၅၈)
Vol. 29 Ch. 457-458
အခန်း ၄၅၇ ။ အဆိပ်မိခြင်း
"ကျေးဇူးတင်ပါတယ် မယ်မယ်၊ မယ်မယ့်ရဲ့ ကျေးဇူးကို ကျွန်တော်မျိုးမ တစ်သက်လုံး မမေ့ပါဘူး!” အစေခံမလေးက တတွတ်တွတ်ပြောရင်း ဦးတိုက်နေတော့သည်။
ချီဖေးက လက်ယမ်းပြကာ သူမ၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်ပြီး ပစ္စည်းများကို သယ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
သို့သော် သူမ ထွက်သွားပြီးနောက် ထိုအစေခံမလေးသည် လှည့်ကြည့်ကာ သူမ၏ကျောပြင်ကို စိုက်ကြည့်နေတော့သည်။ သူမ၏မျက်ဝန်းထဲတွင် ခုနက ထိတ်လန့်တုန်လှုပ်မှု သို့မဟုတ် ကျေးဇူးတင်သည့် အရိပ်အယောင်များ လုံးဝမရှိတော့ပေ။ လက်ထဲမှ ပဝါဖြင့် အဝတ်ပေါ်က စွပ်ပြုတ်ကွက်များကို သုတ်လိုက်ပြီးနောက် လျင်မြန်စွာပင် ထွက်ခွာသွားတော့သည်။
စခန်း၏ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ဟုန်ကဲ့အာသည် စောင့်နေသည်မှာ ကြာပြီဖြစ်သည်။
"အိမ်ရှေ့စံ... ချီဖေးက ပစ္စည်းတွေကို သယ်သွားပါပြီ။ ကွေ့ဖေးနဲ့ စတုတ္ထမင်းသားတို့သာ ဒီဟင်းနှစ်မျိုးလုံးကို တစ်ပြိုင်နက် စားမိမယ်ဆိုရင် အဆိပ်တက်ပါလိမ့်မယ်။ နာရီဝက်အတွင်းမှာတင် သေချာပေါက် အသက်ပျောက်စေရပါမယ်" ဟု အစေခံမလေးက တိုးတိုးလေး လျှောက်တင်သည်။
ဟုန်ကဲ့အာက ပြုံးလျက် ခေါင်းညိတ်သည် - "မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ချီဖေးမယ်မယ်က တကယ်ကို စိတ်ကောင်းရှိတာပဲ၊ ငါတို့ကို အင်မတန် ကြီးမားတဲ့ အကူအညီ ပေးလိုက်တာပဲ"
"အိမ်ရှေ့စံရဲ့အကြံအစည်တွေ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်!” အစေခံမလေးက အင်မတန် ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် စခန်းအတွင်း ပျောက်ကွယ်သွားတော့သည်။
အခြားတစ်ဖက်တွင်၊ ချီဖေးသည် ဟင်းဗန်းကို သယ်ဆောင်လာစဉ် နင်ချန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသည်။ ယဲ့ယွင်နှင့် စတုတ္ထမင်းသားတို့က ထွက်၍ ကြိုဆိုကြသည်။
ယဲ့ယွင် အထင်လွဲမှာစိုးသဖြင့် ချီဖေးက သူမ လာရသည့် အကြောင်းရင်းကို အမြန်ရှင်းပြသည် -
"ကွေ့ဖေးမယ်မယ်... ချန်းချဲ့က လက်ဆောင်စာရင်းစာအုပ် လာရှာတာပါ။ အစေခံတွေ အလုပ်လုပ်တာ မစေ့စပ်လို့ တစ်အုပ်ကျန်ခဲ့ပုံရတယ်၊ အရှင်မင်းကြီး ဒီမှာရှိနေမယ်လို့ မထင်ထားခဲ့ပါဘူး"
ချီဖေး၏စရိုက်ကို ယဲ့ယွင် ယုံကြည်သည်။ သူမသည် နည်းလမ်းယုတ်များဖြင့် မျက်နှာသာပေးခံရအောင် လုပ်မည့်သူ မဟုတ်ပေ။ အကယ်၍ ချီဖေးသာ အချစ်ကို လုချင်လျှင် သူမ၏ မိသားစုအရှိန်အဝါနှင့် နင်ချန်က သူမ၏ဖခင် (မင်းဆရာကြီးချီ) အပေါ် ထားရှိသော သံယောဇဉ်အရ ဤနှစ်များအတွင်း သူမ၏ အခြေအနေမှာ ဤမျှအထိ အေးစက်နေမည် မဟုတ်ပေ။
ထို့ကြောင့် ယဲ့ယွင်က ဂရုမစိုက်ဘဲ ပြုံးလျက် ဘေးက သစ်သားသေတ္တာကို ညွှန်ပြသည် -
"စာရင်းစာအုပ်တွေ အကုန်လုံး အဲဒီသေတ္တာထဲမှာ ထည့်ထားတာပဲ။ မင်း သွားကြည့်လိုက်ဦးလေ။ ဟွေယွဲ့... ချီဖေးကို ကူပြီး ရှာပေးလိုက်ပါဦး"
ဟွေယွဲ့က ခေါင်းညိတ်ကာ ဝိုင်းရှာပေးသော်လည်း အထဲတွင် မတွေ့ရပေ။ မတွေ့သဖြင့် အခြားတစ်နေရာတွင် ကျန်ခဲ့ခြင်း ဖြစ်နိုင်ရာ ချီဖေးလည်း ဆက်ရှာရန် ပြင်သည်။ မသွားခင် သူမ ယူလာသော ဟင်းလျာများကို သတိရသွားသည်။
"ဒီဟင်းလေးနှစ်မျိုးက ကြည့်လို့ကောင်းလို့... စားဖိုဆောင်ကလူနဲ့ တွေ့တာနဲ့ အဖော်လိုက်ပြီး သယ်လာပေးတာပါ။ အရှင်မင်းကြီးနဲ့ ကွေ့ဖေးမယ်မယ်တို့ မြည်းစမ်းကြည့်ဖို့ ဟင်းတစ်ခွက် ပိုတာပေါ့"
၎င်းမှာ ကျားစခ်၏ ရိုးရာဟင်းလျာများဖြစ်ပြီး အသွင်အပြင်မှာ အင်မတန် ဆွဲဆောင်မှု ရှိလှသည်။
"မင်း စေတနာရှိတာပဲ" ယဲ့ယွင်က ပြုံးလျက် ဆိုသည်။
ချီဖေးက အသာအယာ ဦးညွှတ်ဂါရဝပြုကာ - "ကျွန်တော်မျိုးမ စာအုပ်ကို ဆက်ရှာရဦးမှာမို့ အရှင်တို့ ညစာသုံးဆောင်တာကို မနှောင့်ယှက်တော့ပါဘူး” ဟု ဆိုကာ ထွက်သွားတော့သည်။ သူမသည် လူမှုရေး သိတတ်သူတစ်ဦး ဖြစ်၏။
"ကျန်းလာတာ နောက်ကျသွားပြီလား၊ မင်းတို့ သားအမိတွေ စားနေကြပြီ ထင်တာ" နင်ချန်က ပြုံးလျက် ဆိုသည်။
စတုတ္ထမင်းသားက တောက်ပစွာ ပြုံးလျက် ခေါင်းယမ်းသည် - "မစားရသေးပါဘူး၊ ခုမှ ပြင်ဆင်နေတာပါ။ ဖေဖေ မြန်မြန် ညစာသုံးဆောင်ပါဦး၊ သားတော် ပြန်တော့မယ်... ဖေဖေနဲ့ မေမေတို့ နှစ်ယောက်တည်း အေးအေးဆေးဆေး စားကြပါ"
ယဲ့ယွင်က အနားသို့ တိုးသွားကာ သားဖြစ်သူ၏ ခေါင်းကို ပက်ခနဲ ရိုက်လိုက်သည် -
"ဒီကောင်စုတ်လေး... မင်းက ဒီမှာ မစားဘဲ ဘယ်မှာ သွားစားမလို့လဲ"
စတုတ္ထမင်းသားက 'အား' ခနဲ အော်ကာ ညာဘက်လက်ဖြင့် နောက်စေ့ကို အုပ်လိုက်ရင်း မိခင်ကို အလိုမကျသလို ကြည့်လာသည် -
"ရိုက်တာနဲ့ တုံးသွားပါဦးမယ်။ ကျားတောင်မှ သားကို ပြန်မစားဘူး၊ မေမေကတော့ လက်ပါလိုက်တာ အရမ်းကြမ်းတာပဲ။ ကျွန်တော့် ပခုံးတွေတောင် နာကုန်ပြီ"
"ရိုက်တာက ခေါင်းကို၊ နာတာက ပခုံးဆိုတော့... မင်း တကယ်ပဲ တုံးသွားပြီ ထင်တယ်" နင်ချန်က မသနားတမ်း စနောက်လိုက်သည်။
စတုတ္ထမင်းသားမှာ မိဘနှစ်ပါးစလုံး၏ အနိုင်ကျင့်ခြင်းကို ခံလိုက်ရသဖြင့် စိတ်ကောက်သွားတော့သည်။ သူ တွေးနေသည်မှာ အမှန်ပင် - ဒီမှာ ဆက်မနေသင့်ဘူး။ သူသည် သက်ပြင်းချကာ ခေါင်းယမ်းရင်း တဲပြင်သို့ ထွက်လာခဲ့ပြီး ဦးလေးဖြစ်သူ ယဲ့ကျယ်၏တဲနန်းသို့သာ ထမင်းသွားစားရန် ဆုံးဖြတ်လိုက်လေသည်။
တဲနန်းအတွင်း၌ ယဲ့ယွင်နှင့် နင်ချန်တို့ ညစာ အတူတူ သုံးဆောင်ကြသည်။ စားပွဲပေါ်တွင် ယဲ့ယွင် နှစ်သက်သော နန်းတွင်းဟင်းလျာများရှိနေသဖြင့် ချီဖေး ယူလာပေးသော ဒေသစာ ဟင်းနှစ်မျိုးမှာ အင်မတန် ထင်ရှားနေသည်။
"ဒီ 'နို့ဒိန်ခဲ' နဲ့ 'ဆိတ်နံရိုးကင်' လေးတွေက ကြည့်လို့ကောင်းသားပဲ။ ကျိပုချူဟယ်က လူလွှတ်ပို့ခိုင်းတာ ဖြစ်မှာပါ" ဟု ယဲ့ယွင်က ဆိုရင်း နို့ဒိန်ခဲတစ်တုံးကို အရင် မြည်းစမ်းကြည့်လိုက်သည်။
နင်ချန်ကတော့ အချိုကို သိပ်မကြိုက်သဖြင့် သူ့ရှေ့မှ ငါးဟင်းကိုသာ စားရင်း စကားပြောနေသည် -
"ချင်းချင်းက ပထမမင်းသားကြီးကတော်နဲ့ တော်တော်ရင်းနှီးနေပြီလား။ နာမည်တောင် အလွတ်ရနေပြီပဲ"
သူ သိသလောက် ယဲ့ယွင်သည် အရေးမပါသော လူများကို အာရုံစိုက်လေ့မရှိပေ။
ယဲ့ယွင်က အမှန်အတိုင်းပင် ခေါင်းညိတ်သည် - "သူမက လူကောင်းပါ၊ ချန်းချဲ့နဲ့လည်း စရိုက်ချင်း တူတော့ စကားပြောလို့ ကောင်းတယ်။ ဒီရက်ပိုင်း ချန်းချဲ့ အလုပ်ရှုပ်နေတော့ သူက ခဏခဏ စားစရာတွေ ပို့ပေးတတ်တယ်လေ"
သူတို့၏ဆက်ဆံရေးမှာ ယခုအခါ အင်မတန် ခိုင်မြဲနေပြီဖြစ်ရာ ယဲ့ယွင်အနေနှင့် နင်ချန်က သူမအား အာဏာရှိသူများနှင့် ပေါင်းသင်းသည်ဟု သံသယဝင်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ အမှန်တကယ်ပင် နင်ချန်က ထိုသို့ မတွေးဘဲ သာမန်စကားပြောခြင်းသာ ဖြစ်၏။
နင်ချန်သည် ယဲ့ယွင် အလုပ်ရှုပ်နေသည်ကို ကြားသောအခါ သူမအား သနားသွားမိသည် -
"မင်း ပင်ပန်းနေပြီပဲ။ ပွဲတော်ပြီးတာနဲ့ ကျန်းတို့ နန်းတော်ပြန်ကြမယ်။ ယွမ့်အာတို့ မောင်နှမတွေလည်း မင်းကို အရမ်းလွမ်းနေကြမှာ။ ဒီတစ်ခေါက်လာရတာ... အန်းဟယ်ကျင်းက မငြိမ်မသက်ဖြစ်နေပေမဲ့ တခြားမင်းသားကြီးတွေကတော့ အားကိုးရပါတယ်။ အန်းဟယ်ကျင်းကတော့ အခုချိန်မှာ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ မြို့တော်ပြန်ရောက်ရင်တော့ သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်မယ်"
ယဲ့ယွင်က ငြိမ်သက်စွာ နားထောင်ရင်း ခေါင်းညိတ်သည်။ သူမသည် ဆိတ်နံရိုးကို လှမ်းကြည့်လိုက်ရာ နင်ချန်က ရိပ်မိသွားပြီး သူမ၏ပန်းကန်ထဲသို့ ကိုယ်တိုင် ခပ်ပေးလိုက်သည်။
"မင်း အရင်ရက်က အစာမကြေဖြစ်ထားသေးတာလေ၊ အစပ်တွေကို သိပ်မစားနဲ့ဦး"
ယဲ့ယွင်က ပြုံးလျက် ခေါင်းညိတ်ကာ ဆိတ်နံရိုးကို မြည်းစမ်းကြည့်လိုက်သည်။ အရသာမှာ အင်မတန် ကောင်းလှပေသည်။ သို့သော် ဒုတိယတစ်တုံးကို လှမ်းရန် ပြင်စဉ်မှာပင် - သူမ၏မျက်နှာမှာ ရုတ်တရက် ပျက်သွားကာ ဝမ်းဗိုက်အတွင်းမှ အပြင်းအထန် အောင့်တက်လာပြီး၊ လတ်ဆတ်သော သွေးအမြောက်အမြားကို ဟက်ခနဲ အန်ချလိုက်လေသည်။
ဤရုတ်တရက် အခြေအနေကြောင့် နင်ချန်မှာ ထိတ်လန့် မှင်တက်သွားရသည်။ တစ်စက္ကန့်အတွင်းမှာပင် သူ သတိပြန်ဝင်လာကာ အစွမ်းကုန် အော်ဟစ်လိုက်တော့သည် -
"ဟင်းထဲမှာ အဆိပ်ပါတယ်! သမားတော်ကို အမြန်ခေါ်ကြ! သမားတော်ကို ခေါ်ခဲ့ကြစမ်း!"
နင်ချန်သည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကာ ယဲ့ယွင်၏ အနားသို့ အမြန်ပြေးသွားပြီး သူမအား ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်သည်။ သူ့မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏ -
"ချင်းချင်း... ဘယ်လိုနေသေးလဲ။ ကျန်းကို မခြောက်ပါနဲ့ဦး။ မကြောက်နဲ့နော်... သမားတော် အခုလာလိမ့်မယ်။ မင်း တောင့်ထားရမယ်နော်!"
နင်ချန်၏လက်များမှာ သွေးများဖြင့် ရဲရဲနီနေသော်လည်း၊ သူ၏ မျက်ဝန်းထဲမှ နာကျည်းထိတ်လန့်ရိပ်များက ပို၍ပင် ကြောက်စရာ ကောင်းလှသည်။
"သမားတော် ဘယ်မှာလဲ! သမားတော်တွေ သေကုန်ပြီလား၊ ဘာလို့ ရောက်မလာသေးတာလဲ!"
ယဲ့ယွင်၏ နှုတ်ခမ်းထောင့်မှ သွေးများ ထပ်မံ ထွက်ပေါ်လာကာ မျက်နှာမှာ တဖြည်းဖြည်း ဖြူလျော်လာသည်။ နင်ချန်သည် မိမိ၏နှလုံးခုန်သံပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ယဲ့ယွင်သည် သတိမလွတ်သေးဘဲ ပြင်းထန်သော နာကျင်မှုကို အံကြိတ်ခံရင်း စကားဆိုလာသည် -
"ကျွန်မကို... ရှေ့ကို ကိုင်းခိုင်းလိုက်... အန်အောင် လုပ်ရမယ်... အဆိပ်တွေကို အန်ထုတ်လိုက်ရင်... သက်သာလိမ့်မယ်... အဟွတ် အဟွတ်..."
နင်ချန်သည် ချက်ချင်းပင် သူမ၏ စကားအတိုင်း လုပ်ပေးသည်။ ယဲ့ယွင်သည် အင်မတန် နာကျင်လှသော်လည်း သူမ၏ လက်ချောင်းများကို လည်ချောင်းထဲ ထည့်ကာ အန်အောင် ကြိုးစားသည်။ နင်ချန်ကလည်း သူမ၏နောက်မှနေ၍ ဝမ်းဗိုက်ကို ဖိညှစ်ပေးရာ၊ နောက်ဆုံးတွင် သွေးစများ ပါဝင်သော အဆိပ်သင့် အစားအသောက်များကို အန်ထုတ်နိုင်ခဲ့လေသည်။
ယဲ့ယွင်သည် တစ်ခါမှ ဤမျှအထိ အရှက်ရဖွယ် မဖြစ်ဖူးပေ။ ပါးစပ်နှင့် လက်များတွင် သွေးများ ပေကျံနေသလို၊ ဘေးတွင်လည်း အန်ဖတ်များ ရှိနေသည်။ သူမ၏မျက်နှာမှာလည်း ဖောယောင်ကာ ဖြူလျော်နေတော့သည်။ သို့သော် နင်ချန်သည် နည်းနည်းလေးမှ ရွံရှာခြင်း မရှိဘဲ၊ သူမ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလား ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 458
အခန်း ၄၅၈ ။ ချီဖေး
သမားတော်များ ရောက်ရှိလာချိန်တွင် ဆယ်မိနစ်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ တဲနန်းအတွင်း၌ သွေးစများပါသော အန်ဖတ်များကို မြင်လိုက်ရသဖြင့် သမားတော်၏မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။ အဆိပ်သင့်ပြီးနောက် ပထမဆုံးအချိန်တွင် အဆိပ်များကို အန်ထုတ်နိုင်ခြင်းမှာ နောက်ဆက်တွဲ ကုသမှုအတွက် အင်မတန် အထောက်အကူ ဖြစ်စေသောကြောင့်ပင်။
“ဘာတွေ ငေးနေကြတာလဲ၊ ကွေ့ဖေးကို အမြန် အဆိပ်ဖြေပေးကြစမ်း!” နင်ချန်က ဟိန်းဟောက်လိုက်သည်။
သမားတော်သည် အမြန်တိုးသွားကာ ဆေးသေတ္တာထဲမှ ပစ္စည်းများကို ထုတ်ရင်း လျှောက်တင်သည် - “အရှင်မင်းကြီး စိတ်အေးအေးထားပါ၊ မိဖုရားခေါင်ကြီးက အဆိပ်တွေကို အချိန်မီ အန်ထုတ်နိုင်ခဲ့လို့ အသက်အန္တရာယ် မရှိနိုင်ပါဘူး။ ဒါပေမဲ့ အကြွင်းအကျန်တွေ ရှိနေမှာစိုးလို့ ကျွန်တော်မျိုး ဗိုက်ထဲက အဆိပ်တွေကို အကုန်အစင် ထွက်သွားအောင် အန်ဆေးနဲ့ အစာအိမ်ကာကွယ်ဆေးတွေ တိုက်ပါ့မယ်”
ဤကဲ့သို့ စားပြီးသည်နှင့် ချက်ချင်း အာနိသင်ပြသော အဆိပ်မျိုးမှာ များသောအားဖြင့် ဖြေဆေးမရှိဘဲ အန်ထုတ်ပစ်ခြင်းကသာ အထိရောက်ဆုံး ဖြစ်၏။ ယဲ့ယွင်သည် များများစားမိပုံမရသလို အန်ထုတ်တာလည်း မြန်သဖြင့် စနစ်တကျ ကုသလျှင် အန္တရာယ် မရှိနိုင်တော့ပေ။
ယဲ့ယွင် ဆေးသောက်ပြီးနောက် ဝမ်းဗိုက်ထဲ၌ ထပ်မံ ရုန်းကြွလာကာ အန်ဖတ်အိုးထဲသို့ အဆက်မပြတ် အန်တော့သည်။ ထိုအတောအတွင်း အခြားသော သမားတော်များကလည်း နောက်ထပ် သောက်ရမည့် ဆေးများကို အပြိုင်အဆိုင် ပြင်ဆင်နေကြသည်။ အစပိုင်းတွင် အစာများ ထွက်လာသော်လည်း နောက်ပိုင်းတွင် ခါးသက်သော အရည်များနှင့် သွေးစအနည်းငယ်သာ ထွက်လာတော့သည်။ အခြေအနေ တည်ငြိမ်သွားပြီဟု ယူဆရချိန်တွင် သမားတော်က သွေးတိတ်ဆေးနှင့် အစာအိမ်ဆေးများကို ချက်ချင်း တိုက်ကျွေးလိုက်လေသည်။
သတင်းကြား၍ စတုတ္ထမင်းသားလေး အပြေးအလွှား ရောက်လာချိန်တွင် - အားအင်ကုန်ခမ်းကာ ဖြူလျော်နေသော မိခင်ဖြစ်သူအား ခမည်းတော်က ပွေ့ပိုက်ထားသည်ကို မြင်လိုက်ရသဖြင့် နှလုံးသားတစ်ခုလုံး ကြေကွဲသွားရသည်။
“မေမေ!”
စတုတ္ထမင်းသားမှာ ငိုသံလေးဖြင့် အပြေးလာကာ ယဲ့ယွင်၏ခြေရင်း၌ ဒူးထောက်ပြီး သူမ၏ ဒူးကို ဆုပ်ကိုင်ထားလိုက်သည်။ သူ့့မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေခဲ့ပြီ - “မေမေ ဘာဖြစ်တာလဲဟင်၊ သားတော်ကို မခြောက်ပါနဲ့ဦး။ သားတော်ရော၊ ညီလေးနဲ့ညီမလေးတွေရော ငယ်ပါသေးတယ်၊ မေမေမရှိရင် သားတို့ ဘယ်လိုလုပ်မလဲ!”
စတုတ္ထမင်းသား၏ အနောက်မှ ကပ်လိုက်လာသော ယဲ့ကျယ်တို့ မိသားစုလည်း စိုးရိမ်တကြီး ဖြစ်နေကြသည်။ ယဲ့ကျယ်မှာ ခါးဒဏ်ရာ မသက်သာသေးသော်လည်း အတင်းတိုးဝင်လာကာ၊ သူ၏ ဇနီးနှင့် သမီးဖြစ်သူတို့ကလည်း လိုက်ပါလာကြသည်။
“အရှင်မင်းကြီး... ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ဘယ်သူကများ ကွေ့ဖေးမယ်မယ်ရဲ့ အစားအစာထဲမှာ အဆိပ်ခတ်ရဲတာလဲ!”
ပြောပြီးသည်နှင့် ယဲ့ကျယ်သည် ဒူးထောက်လိုက်သည် - “အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ ဒီညီမလေး တစ်ယောက်တည်း ရှိတာပါ။ ကျွန်တော်မျိုးရဲ့ ဖခင်နဲ့ ကျွန်တော်မျိုးဟာ နယ်စပ်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့ကြပေမဲ့ ကျေးဇူးကို အခွင့်မယူခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့... ကျွန်တော်မျိုးတို့ရဲ့ ပင်ပန်းဆင်းရဲခဲ့မှုတွေကို ထောက်ထားပြီး ကွေ့ဖေးမယ်မယ်ကို ကယ်တင်ပေးဖို့နဲ့ နောက်ကွယ်က တရားခံကို ဖော်ထုတ်ပေးဖို့ အရှင့်ကို တောင်းဆိုပါတယ်!”
ယင်ရှီသည် သူမ၏ခင်ပွန်းကို အသိဆုံး ဖြစ်၏။ သူသည် အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး သစ္စာရှိသူ ဖြစ်သော်လည်း၊ ယခုအခါ နှမဖြစ်သူအတွက် ယဲ့မိသားစု၏ စစ်မှုထမ်း စွမ်းဆောင်ရည်များကို ထုတ်ပြောကာ ဧကရာဇ်အား ဖိအားပေးနေခြင်းမှာ ဤညီမလေးကို အင်မတန် ချစ်မြတ်နိုးကြောင်း သက်သေပင် ဖြစ်၏။ သို့သော် ခမည်းတော် စိတ်အနှောင့်အယှက် ဖြစ်မှာစိုးသဖြင့် ယင်ရှီကလည်း အမြန်ဝင်၍ ဒူးထောက်လိုက်သည် -
“ကိုယ်လုပ်တော်ကို လုပ်ကြံခြင်းဟာ သေဒဏ်ထိုက်တဲ့ အပြစ်ကြီးပါ။ ဒါတင်မကဘဲ ဒီနေ့မှာ အရှင်မင်းကြီးလည်း ကွေ့ဖေးနဲ့အတူ ညစာ စားနေတာဆိုတော့... အဆိပ်ခတ်သူရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါဟာ အရှင်မင်းကြီးရဲ့ ဘေးကင်းရေးနဲ့လည်း သက်ဆိုင်နေတာမို့ သေသေချာချာ စုံစမ်းပေးပါဦး”
အမှန်စင်စစ် သူတို့ ဇနီးမောင်နှံ ထိုသို့ပြောရန် မလိုပေ။ နင်ချန်သည် ဒေါသအလွန်အမင်း ထွက်နေပြီး ဖြစ်သည်။ သူသည် သတိလစ်သွားသော ယဲ့ယွင်ကို ကုတင်ပေါ်၌ သေသေချာချာ သိပ်လိုက်ပြီးနောက်၊ မျက်နှာညိုမှောင်လျက် ရောက်ရှိနေသူများကို ဝေ့ကြည့်လိုက်သည်။
“ပထမက စတုတ္ထမင်းသားရဲ့ မြင်းလန့်တယ်၊ အခုကျတော့ ကွေ့ဖေးက အဆိပ်မိပြန်ပြီ။ ကောင်းပြီလေ... နောက်ကွယ်ကလူက တကယ့်ကို လက်ရည်ပြောင်တာပဲ! သမားတော်... စစ်စမ်း! ဒီစားပွဲပေါ်က ဟင်းတိုင်းကို စစ်စမ်း! စားဖိုဆောင်ကလူ အကုန်လုံးကို ဖမ်းပြီး နှိပ်စက်စစ်ဆေးစမ်း! အမှန်အတိုင်း မပြောတဲ့သူကို တုပ်နှောင်ပြီး တောဝံပုလွေတွေကို ကျွေးပစ်စမ်း!”
နတ်ဆိုးတစ်ပါးကဲ့သို့ ကြောက်စရာကောင်းနေသော နင်ချန်ကို ကြည့်ပြီး မည်သူမျှ စကားမဟဝံ့ကြပေ။ သမားတော်များကလည်း တုန်တုန်ရီရီဖြင့် ဟင်းလျာများကို အဆိပ်စစ်ကြသည်။ သို့သော် ထူးဆန်းသည်မှာ - ဟင်း ၁၀ မျိုးစလုံးကို ငွေအပ်ဖြင့် စစ်သော်လည်း အရောင်မပြောင်းပေ။ ဆိုလိုသည်မှာ ဟင်းများတွင် အဆိပ်မရှိခြင်းပင်။
သမားတော်က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး မေးသည် - “အရှင်မင်းကြီး... အရှင်မစားဘဲ မယ်မယ်တစ်ယောက်တည်း စားမိတဲ့ ဟင်းရှိလားဟင်”
နင်ချန် စဉ်းစားလိုက်ပြီး - “နို့ဒိန်ခဲ... အဲဒီ နို့ဒိန်ခဲကို ကျန်းက အချိုလွန်လို့ မစားဘူး။ ကွေ့ဖေးကတော့ အတုံးအနည်းငယ် စားခဲ့တယ်”
သမားတော်သည် ထိုဟင်းကို အထပ်ထပ် စစ်သော်လည်း ငွေအပ်မှာ မပြောင်းလဲပေ။ အနံ့ကလည်း ပုံမှန်ပင် ဖြစ်၏။ ထိုအခါ သမားတော်မှာ အကျပ်ရိုက်သွားတော့သည်။
ထိုစဉ် လူအုပ်ထဲတွင် မိမိပို့သော ဟင်း၌ အဆိပ်ရှိနိုင်သည်ဟု ကြားလိုက်ရချိန်တွင် ချီဖေး၏ မျက်နှာမှာ ဖြူလျော်သွားသည်။ ဆုံးဖြတ်ချက် မကျသေးသော်လည်း သူမ ရင်ထဲ၌ ထိတ်လန့်နေမိသည်။ အမှန်တကယ်ပင် နောက်တစ်ခဏ၌ နင်ချန်က သူမအား အမည်တပ်ခေါ်လိုက်သည်။
“ချီဖေး... ဒီဟင်းကို မင်းယူလာတာ မဟုတ်လား။ ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းစမ်း!”
အားလုံး၏အကြည့်အောက်တွင် ချီဖေးသည် တုန်ရီနေသော နှလုံးသားဖြင့် ရှေ့သို့ တိုးလာကာ အသက်ကို ပြင်းပြင်းရှူ၍ လျှောက်တင်သည် - “အရှင်မင်းကြီး... ဒီဟင်းကို ချန်းချဲ့ ယူလာပေးတာ မှန်ပါတယ်၊ ဒါပေမဲ့ ချန်းချဲ့ ပြင်ဆင်တာ မဟုတ်ပါဘူး”
သူမသည် အစေခံမလေးနှင့် တိုက်မိပုံနှင့် အဝတ်အစားလဲရန်အတွက် ကူညီသယ်ဆောင်လာပေးပုံများကို အကုန်အစင် ပြောပြလိုက်သည် - “ချန်းချဲ့က သူမကို သနားလို့ ကူညီပေးခဲ့တာပါ၊ အခြားကိစ္စတွေကိုတော့ တကယ်ပဲ ဘာမှ မသိပါဘူး”
နင်ချန်က မျက်ဝန်းများကို မှေးစင်းလိုက်သည်။ သူသည် အကုန်လုံးကို မယုံကြည်သေးပေ။
ထိုစဉ် ယိဖေးက ဦးစွာ ဝင်မေးသည် - “အဲဒီအစေခံမလေးက စွပ်ပြုတ် ထပ်ပို့မယ်ဆိုပြီး ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။ ချီဖေးမှာ မင်းပြောတာ အမှန်ဆိုတဲ့ သက်သေရောရှိလား”
“ရှိပါတယ်... အဲဒီအချိန်က ယွီစော့လည်း တို့နဲ့အတူ ရှိနေတာပဲ” ဟု ချီဖေးက ဆိုသည်။
ယိဖေးက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည် - “ယွီစော့က မင်းရဲ့ အနီးကပ်လူလေ၊ သူမကတော့ မင်းဘက်က ပြောမှာပေါ့။ တခြားလူရော မြင်တဲ့သူ ရှိသေးလား”
ထိုသို့ မေးလိုက်မှ ချီဖေး သေသေချာချာ ပြန်စဉ်းစားကြည့်ရာ သူမ၏မျက်နှာမှာ ပို၍ ဖြူလျော်လာသည်။ ထိုစဉ်က အခြားသူ မရှိခဲ့ပေ။ သူမသည် အကွက်ဆင်ခံလိုက်ရပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ တရားခံသည် သူမ၏လက်ကို အသုံးချကာ အဆိပ်ပို့ခိုင်းပြီး သူမကို အပြစ်ပုံချလိုက်ခြင်းပင်!
ချီဖေးသည် စိတ်ကို အမြန်ထိန်းကာ ပြန်လည် မေးခွန်းထုတ်လိုက်သည် - “အခု သမားတော်က ဟင်းမှာ ပြဿနာရှိတယ်လို့ မပြောရသေးဘူး၊ ဒါပေမဲ့ ယိဖေးကတော့ ချန်းချဲ့ကို အဆိပ်ခတ်သူလို့ တိုက်ရိုက် စွပ်စွဲနေပါလား။ ဒါမှမဟုတ်... ယိဖေးက ဒီဟင်းမှာ ပြဿနာရှိမှန်း ကြိုသိနေပြီး ချန်းချဲ့ကို တမင် ထောင်ချောက်ဆင်လိုက်တာလား!”
“မင်း လျှောက်မပြောနဲ့နော်! ငါက သံသယရှိလို့ မေးတာပါ။ ကွေ့ဖေးမယ်မယ်က မင်းယူလာတဲ့ ဟင်းကို စားပြီးမှ အဆိပ်မိတာ မဟုတ်လား” ဟု ယိဖေးက အသံကျယ်ကျယ်ဖြင့် ပြန်ပက်သည်။
ထိုစကားက နင်ချန်အား တစ်ခုခု သတိရသွားစေသည်။ ယဲ့ယွင် နောက်ဆုံးစားခဲ့သည်မှာ ချီဖေး ယူလာသော ဆိတ်နံရိုးဖြစ်၏။ သူ့မှတ်ဉာဏ်ထဲမှ ရှေးဟောင်းကျမ်းစာတစ်ခုကို သတိရကာ၊ သမားတော်၏ လက်ထဲမှ ငွေအပ်ကို ယူလိုက်သည်။ သူသည် အရင်ဆုံး ဆိတ်နံရိုးကို ထိုးကြည့်ကာ အပ်ကို မလဲဘဲ ထိုအပ်ဖြင့်ပင် နို့ဒိန်ခဲထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။
ခဏအတွင်းမှာပင် ငွေအပ်မှာ မည်းနက်သွားတော့သည်။
“အဆိပ်! ဟင်းထဲမှာ တကယ် အဆိပ်ပါတယ်!” ယွမ်ကျိုက လန့်အော်ရင်း နင်ချန်ကို အမြန် ကာကွယ်လိုက်သည်။
နင်ချန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်သွားကာ၊ လက်ထဲမှ မည်းနေသော ငွေအပ်ကို မြေပေါ်သို့ ပစ်ချရင်း အေးစက်စွာ ဆိုလိုက်သည် -
“တကယ့်ကို နည်းလမ်းကောင်းပဲ! ဟင်းနှစ်မျိုးလုံးကို အတူစားမှ အဆိပ်ဖြစ်တာကိုး။ ခွဲပြီး စစ်ရင်တော့ ဘာမှ မပေါ်ဘူးပေါ့။ အဆိပ်ခတ်တဲ့သူက တကယ်ကို အကွက်စေ့တာပဲ!”
ယိဖေးသည် ချက်ချင်းပင် ချီဖေးကို လက်ညှိုးထိုးကာ အော်ပြောတော့သည် -
“ကောင်းလိုက်တဲ့... ချီဖေး! မင်းက ကွေ့ဖေးမယ်မယ်ကို အဆိပ်ခတ်ရဲတယ်ပေါ့။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ မင်းရဲ့ ပဉ္စမမင်းသားအတွက် ထီးနန်းကို ကြံစည်နေတာလား!”
ထိုစကားကြောင့် လူတိုင်း သတိရသွားကြသည်။ ချီဖေးတွင် သားဖြစ်သူ ပဉ္စမမင်းသားရှိနေသည် မဟုတ်လား။ သူမ၏ မိသားစုမှာလည်း အင်အားကြီးလှသဖြင့် ထိုနေရာကို မမက်မောဟု မည်သူက အာမခံနိုင်ပါမလဲ။
***