← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 29 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 29 Ch. 459-460

အခန်း ၄၅၉ ။ အဆုံးထိ လိုက်လံစုံစမ်းခြင်း

“ကျွန်မမှာ ဒီလိုစိတ်မျိုး ရှိ၊ မရှိ ခနထားဦး၊ ဟင်းတွေယူလာတဲ့အချိန်မှာ အရှင်မင်းကြီးနဲ့ ဆုံခဲ့တာပါ။ အရှင်က ကွေ့ဖေးနဲ့အတူ ညစာသုံးဆောင်မယ်ဆိုတာ ကျွန်မ သိပြီးသားပဲလေ။ ကျွန်မက တကယ်ပဲ အသက်ကို ဖက်နဲ့ထုပ်ပြီး အရှင်မင်းကြီးကိုပါ တစ်ပါတည်း လုပ်ကြံရဲလောက်အောင် သတ္တိကောင်းနေမယ်လို့ ထင်နေတာလား!”

ချီဖေးက အစွမ်းကုန် ပြန်လည်ချေပရင်း၊ လူအုပ်ကြားထဲရှိ တတိယမင်းသားကို အကဲခတ်မိသွားကာ ချက်ချင်းပင် ဆက်ပြောသည် -

“တကယ်လို့ အရှင်မင်းကြီးနဲ့ ကွေ့ဖေးတို့ နှစ်ယောက်စလုံး တစ်ခုခုဖြစ်သွားရင်... အခုအချိန်မှာ တတိယမင်းသားအတွက် အကျိုးအရှိဆုံး ဖြစ်မှာပေါ့။ သူ့မှာ တတိယမင်းသားကြီး (အန်းဟယ်ကျင်း) ဆိုတဲ့ ယောက္ခမလောင်း အကူအညီရှိနေတာပဲ၊ ဘာတွေများ မလုပ်ရဲဘဲရှိမလဲ!”

ယိဖေး ကြောင်အမ်းသွားကာ တစ်ခုခုပြန်ပြောရန် ပြင်စဉ် တတိယမင်းသားက သူမ၏အင်္ကျီလက်ကို လှမ်းဆွဲ၍ တားလိုက်သည်။ ဤကိစ္စတွင် မိမိ၏ လက်ချက်အမှန်တကယ် ပါဝင်နေသည်ကို ယိဖေးမသိပေ၊ အကယ်၍ စကားများများပြောမိပါက မိမိကိုယ်ကိုယ် မီးဟုန်းဟုန်းတောက်စေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

မိခင်ဖြစ်သူကို တားဆီးပြီးနောက်၊ တတိယမင်းသားသည် နင်ချန် ရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်သည် -

“ခမည်းတော်... သားတော့်မှာ ချီဖေးမယ်မယ် ပြောသလို စိတ်မျိုး လုံးဝမရှိပါဘူး၊ ခမည်းတော် သေသေချာချာ စစ်ဆေးပေးပါ။ သားတော်က လူကြီးမိဘတွေကို မစော်ကားချင်ပေမဲ့... အကယ်၍ ဒီနေ့ ချီဖေးမယ်မယ်ရဲ့ အကြံအစည်သာ အောင်မြင်သွားခဲ့ရင် ခမည်းတော်မရှိတဲ့ သားတို့ညီအစ်ကိုတွေဟာ သဲတစ်ပွင့်လို ပြန့်ကျဲသွားကြမှာပါ။ မြို့တော်ကို ပြန်ကြည့်ရင်လည်း ချီမိသားစုဟာ စာပေတတ် အမတ်တွေရဲ့ခေါင်းဆောင်ဖြစ်ပြီး အရှိန်အဝါ ကြီးမားလှပါတယ်။ အဲဒီအခွင့်အရေးကို သုံးပြီး ပဉ္စမညီလေးကို နန်းတင်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ သားတို့ကတော့ ကျားစခ်မှာ ဝေးလွန်းနေတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလေ။ မြို့တော်ကို ပြန်ဖို့ တစ်လကြာမယ့် အချိန်အတွင်းမှာ လုပ်နိုင်တဲ့ ကိစ္စတွေက အများကြီးရှိပါတယ်”

မိမိရှေ့မှ သားဖြစ်သူကို ကြည့်ရင်း နင်ချန်၏မျက်ဝန်းထဲတွင် မှောင်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ချီဖေးက ထပ်မံ ချေပရန် ပြင်သော်လည်း နင်ချန်က လက်မြှောက်၍ တားလိုက်သည် -

“ဒီကိစ္စကို ကျန်း အဆုံးထိ လိုက်လံစုံစမ်းမယ်။ အမှန်တရားကို မသိရသရွေ့ ကျန်း လက်လျှော့မှာ မဟုတ်ဘူး။ နန်းတွင်းထဲက မကောင်းတဲ့ အစဉ်အလာတွေကို အခုပဲ အမြစ်ပြတ်ရှင်းလင်းရမယ့် အချိန်ရောက်ပြီ။ ချီဖေးကို အရင်ဆုံး အကျဉ်းချထားလိုက်။ စွပ်ပြုတ်ပို့တဲ့ အစေခံမလေးကိုလည်း သေချာပေါက် ရှာဖွေဖမ်းဆီးရမယ်။ ကျန်တဲ့လူတွေ အကုန်ပြန်ကြတော့၊ ကွေ့ဖေး အနားယူတာကို မနှောင့်ယှက်ကြနဲ့”

ချီဖေးမှာ မချိတင်ကဲ ဖြစ်နေသော်လည်း အခြေအနေအရ သည်းခံကာ အရင်ပြန်ခဲ့ရသည်။ အားလုံး ထွက်သွားမှ စတုတ္ထမင်းသားသည် နင်ချန်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် ထိုအသက်အရွယ်နှင့် မလိုက်အောင် အေးစက်တည်ကြည်မှုများ ပြည့်နှက်နေ၏ -

“ဖေဖေ... ဒီနေ့ သားတော်က မေမေနဲ့အတူ ညစာစားဖို့ ပြင်ထားတာပါ။ အကယ်၍ ဖေဖေသာ ရောက်မလာခဲ့ရင်... သားတော်နဲ့ မေမေ နှစ်ယောက်စလုံး အခုဆိုရင် အသက်မရှိတဲ့ အလောင်းတွေ ဖြစ်နေလောက်ပြီ။”

နင်ချန်က သူ့ကို စိုက်ကြည့်ရင်း တိုးတိုးလေး မေးသည် - “ခုနက ဘာလို့ ထုတ်မပြောတာလဲ”

“သားတော်... အစ်ကို (၃) ကို သံသယရှိတယ်” ဟု စတုတ္ထမင်းသားက တွန့်ဆုတ်မနေဘဲ ဖြေလိုက်သည်။

ဤစကားကို ပြောချိန်တွင် သူ့အကြည့်မှာ နင်ချန်၏မျက်လုံးများနှင့် တည့်တည့် ဆုံနေခဲ့သည်။ ၎င်းမှာ သူ့ရင်ထဲက အမှန်တရားကို အကွယ်အကာမရှိ ထုတ်ပြလိုက်ခြင်းပင်။ နင်ချန်၏ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ဤမျှအထိ ပွင့်လင်းရိုးသားမှုမျိုးမှာ ယဲ့ယွင်လည်း ပြုမူခဲ့ဖူးသည် မဟုတ်လား။

နင်ချန်သည် လိုက်ကာခြားထားသော အတွင်းခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ယဲ့ယွင်၏ အားနည်းနေမှုကို သူ ခံစားနေရသည်။ အမှန်တကယ်တော့ စတုတ္ထမင်းသား မပြောလျှင်ပင် သူသည် တတိယမင်းသားကို စုံစမ်းမည်သာဖြစ်၏။ သို့သော် သားဖြစ်သူ၏ နှုတ်မှ တိုက်ရိုက် ကြားလိုက်ရချိန်တွင်မှ - ကလေးများကြားတွင် ညီအစ်ကို သံယောဇဉ်နှင့် ယုံကြည်မှုများ မရှိတော့ကြောင်း သူ ပို၍ သတိပြုမိလိုက်သည်။

သူ သက်ပြင်းချကာ စတုတ္ထမင်းသား၏ပခုံးကို ဆုပ်ကိုင်လိုက်သည် - “မင်း အရင်ပြန်နားတော့။ ကိုယ့်ဘာသာ မဆင်မခြင် မလုပ်နဲ့နော်။ ဖေဖေ အရာရာကို ရှင်းအောင် လုပ်ပေးမယ်၊ မင်းနဲ့ မေမေ့အတွက် တရားမျှတမှု ရအောင် လုပ်ပေးမယ်”

စတုတ္ထမင်းသား၏ မျက်ဝန်းများ နီမြန်းလာကာ မျက်ရည်များ ဝဲကျလာသည်။ ကလေးငယ်ပီပီ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲ တိုးဝင်ကာ ခန ငိုကြွေးမိတော့သည်။ ကြောက်ရွံ့မှုနှင့်အတူ မိခင်ဖြစ်သူ မိမိအား စွန့်ခွာသွားမည်ကို စိုးရိမ်နေခြင်းဖြစ်၏။

နင်ချန်က အနီးကပ် မိန်းမစိုး ယွမ်ကျိုအား စတုတ္ထမင်းသားကို အဆောင်သို့ ပြန်ပို့ခိုင်းလိုက်သည်။ ၎င်းမှာ သူသည် ကွေ့ဖေးနှင့် စတုတ္ထမင်းသားဘက်တွင် အခိုင်အမာ ရပ်တည်နေကြောင်း အားလုံးကို အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။

မကြာမီ နန်းတွင်းအစောင့်တပ်မှူး လုချင်းယွင် ရောက်လာရာ နင်ချန်က တိုက်ရိုက် အမိန့်ပေးသည် - “ယုံကြည်ရတဲ့ လူတချို့ကို သုံးပြီး တတိယမင်းသားနဲ့ အန်းဟယ်ကျင်းတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်စမ်း။ ဘယ်နည်းလမ်းပဲ သုံးသုံး... အမှန်တရားကို ကျန်း သိချင်တယ်”

အခြားတစ်ဖက်တွင်၊ ယိဖေးသည် တတိယမင်းသားကို သူမ၏ တဲနန်းသို့ ခေါ်ယူလိုက်သည်။

“ကွေ့ဖေး အဆိပ်မိတဲ့ ကိစ္စမှာ... မင်း တကယ်ပဲ ပါဝင်ပတ်သက်နေတာလား” ဟု ယိဖေးက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

သားဖြစ်သူက ဝန်ခံလိုက်သည့်အခါ ယိဖေးမှာ မှင်တက်သွားရသည်။ သူမသည် အသံကို နှိမ့်၍ ဆူပူတော့သည် - “ဟန်အာ... မင်း တကယ်ကို မိုက်မဲတာပဲ! အန်းဟယ်ကျင်းက ဘယ်လိုလူလဲ၊ မင်းရဲ့ ခမည်းတော်သာ သိသွားရင် ဘယ်လောက် အမျက်ထွက်မလဲဆိုတာ မစဉ်းစားမိဘူးလား။ ဒါဟာ ကျားနဲ့ အတူအိပ်နေသလိုပဲ၊ အရမ်း အန္တရာယ်များတယ်!”

“အန္တရာယ်များမှန်း ကျွန်တော် သိပါတယ် မယ်တော်။ ဒါပေမဲ့ ကျွန်တော့်မှာ တခြားရွေးချယ်စရာ ရှိလို့လား။ အမတ်ချုပ်ကြီးဖြစ်တဲ့ ဦးလေးက ကူညီနိုင်မှာလား၊ ဒါမှမဟုတ် မြို့တော်ဝန် လက်ထဲက စစ်သည် တစ်သောင်းလောက်က ကူညီနိုင်မှာလား?” ဟု တတိယမင်းသားက ပြန်လည် မေးခွန်းထုတ်လိုက်သည်။ သူ့အကြည့်မှာ အင်မတန် အေးစက်လှပေသည်။

ယိဖေးသည် ဘာမှ ပြန်မပြောနိုင်ဘဲ ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ရသည်။ သားဖြစ်သူ၏ အခြေအနေမှာ အမှန်တကယ်ပင် ရွေးချယ်စရာ မရှိသည့် လမ်းဆုံးသို့ ရောက်နေခြင်းဖြစ်၏။

“ဒါပေမဲ့ အခု ကွေ့ဖေးလည်း မသေဘူး၊ စတုတ္ထမင်းသားလည်း ဘာမှမဖြစ်ဘူး။ မင်းရဲ့ ခမည်းတော်ကသာ မင်းကို စုံစမ်းလို့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ” ဟု ယိဖေးက စိုးရိမ်တကြီး မေးသည်။

တတိယမင်းသားလည်း စိတ်ညစ်နေရသည်။ အကောင်းဆုံးအချိန်ကို ရွေးခဲ့ပါလျက် ခမည်းတော် ရုတ်တရက် ရောက်လာသဖြင့် အစီအစဉ်ပျက်ခဲ့ရခြင်း ဖြစ်၏။

“မယ်တော် ဒါတွေကို စိတ်မပူပါနဲ့၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ။ ကျွန်တော် တစ်ခုခုဖြစ်သွားရင် အန်းဟယ်ကျင်းတို့လည်း လွတ်မှာ မဟုတ်ဘူး၊ ဒါကြောင့် သူတို့ ကြည့်နေမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီနေ့ နည်းလမ်းရှာပြီး သူတို့နဲ့ တွေ့ဖို့ စီစဉ်လိုက်မယ်”

ထိုအချိန်တွင် - မိခင်၏ သတင်းကို မရရှိသဖြင့် အန်ချင်းသည် ဟုန်ကဲ့အာနောက်သို့ တကောက်ကောက် လိုက်ရင်း မေးမြန်းနေသည်။ ဟုန်ကဲ့အာမှာ အစီအစဉ် ပျက်သွားသဖြင့် စိတ်တိုနေစဉ်ဖြစ်ရာ - အန်ချင်းအား ဖမ်းချုပ်၍ ရိုက်နှက်တော့သည်။

“ဒီကောင်စုတ်! မင်း ထပ်ပြီး လျှောက်ပြောနေရင် မင်းရဲ့ မယ်တော်ဆီကို အခုပဲ ပို့ပေးလိုက်မယ်!”

“ဘာလဲ! ကျွန်တော့် အမေ သေသွားပြီလား! ခင်ဗျားတို့က သမားတော်နဲ့ ကုပေးမယ်လို့ ကတိပေးခဲ့တာလေ၊ ဘာလို့ ကတိမတည်တာလဲ။ ကျွန်တော် အကုန် လုပ်ပေးခဲ့တာပဲ မဟုတ်လား!” ဟု အန်ချင်းက မျက်ဝန်းများ နီမြန်းလျက် အော်ဟစ်တော့သည်။

ဟုန်ကဲ့အာက သူ့အား တွန်းထုတ်ကာ သတိပေးလိုက်သည် - “မင်း အပြင်မှာ လျှောက်မပြောနဲ့၊ ဒါတွေက မင်းသဘောနဲ့ မင်းလုပ်ခဲ့တာ။ မင်းမှာ အမေတင်မကဘူး၊ နှစ်နှစ်သား ညီမလေးလည်း ရှိသေးတယ်ဆိုတာ မမေ့နဲ့ဦး!”

ထိုအဖြစ်အပျက်အားလုံးမှာ နင်ချန် လွှတ်ထားသော စောင့်ကြည့်သူများ၏ မျက်စိအောက်သို့ အကုန် ရောက်ရှိသွားလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 460

အခန်း ၄၆၀ ။ စာရင်းရှင်းခြင်း

မကြာမီမှာပင် လုချင်းယွင်သည် နင်ချန်၏ တဲနန်းအတွင်းသို့ ရောက်ရှိလာပြီး သူ့လက်အောက်ငယ်သားများ စုံစမ်းသိရှိသမျှကို အမှန်အတိုင်း တင်ပြလေသည်။

"ကျွန်တော်မျိုး အထင်တော့... အန်းဟယ်ကျင်းရဲ့ ဒီမယားငယ်မွေးတဲ့သား အန်ချင်းက တစ်ခုခုကို သိထားပုံရပါတယ်၊ သူ့ကို ဖမ်းပြီး စစ်မေးကြည့်သင့်ပါတယ်"

နင်ချန်သည် သူ့အား ကျောပေးရပ်ထားပြီး မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ပြည့်နှက်နေသည်။

"မင်းမှာ အစီအစဉ် ရှိပြီးသားဆိုရင်လည်း သွားလုပ်လိုက်တော့၊ မြွေမလန့်စေဖို့တော့ သတိထားစမ်း"

"ဟုတ်ကဲ့ပါ" လုချင်းယွင်က ဦးညွှတ်သည်။ သူ ထွက်ခွာရန် ပြင်စဉ် နင်ချန်က ထပ်မံ မေးမြန်းလိုက်သည် - "တတိယမင်းသားနဲ့ ယိဖေးတို့ ဘာထူးခြားမှု ရှိသေးလဲ"

"ထူးထူးခြားခြားတော့ မတွေ့ရသေးပါဘူး၊ သူတို့နှစ်ယောက် သီးသန့် စကားပြောနေတာပဲ တွေ့ပါတယ်။ ဘာတွေပြောလဲဆိုတာတော့ မသိရပါဘူး၊ အခုတော့ တတိယမင်းသားက သူ့တဲထဲမှာပဲ ရှိနေပါတယ်" ဟု လုချင်းယွင်က လျှောက်တင်သည်။

နင်ချန် ခေါင်းညိတ်ကာ လက်ယမ်းပြလိုက်သည် - "သွားတော့၊ သေသေချာချာ စောင့်ကြည့်ထားစမ်း"

တဲနန်းအတွင်း၌ အခြားသူများ မရှိတော့ချိန်တွင် နင်ချန်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ လှည့်လာခဲ့သည်။ စားပွဲပေါ်တွင် မင်းသားများ လွန်ခဲ့သော ရက်အနည်းငယ်က ရေးထားသည့် စာစီစာကုံးများ ရှိနေသည်။ တစ်ဦးချင်းစီတွင် ကိုယ်ပိုင်အယူအဆနှင့် အားသာချက်များ ရှိကြပြီး၊ အထူးသဖြင့် တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့၏ လက်ရာများမှာ အင်မတန် ထူးချွန်လှသဖြင့် ထိုစဉ်က သူ အင်မတန် ဝမ်းသာခဲ့ဖူးသည်။

သို့သော် ယခုကြည့်ရသည်မှာ စိတ်ပျက်စရာသာ ကောင်းနေတော့သည်။ ဘယ်မိဘကမှ မိမိ၏ သွေးသားရင်းချာများ တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်နေသည်ကို ကြည့်ချင်မည် မဟုတ်ပေ။

"အရှင်မင်းကြီး... လက်ဖက်ရည်တွေ အေးကုန်ပါပြီ၊ ကျွန်တော်မျိုး အသစ်လဲပေးပါ့မယ်" ဟု ယွမ်ကျိုက တိုးတိုးလေး ဆိုသည်။

နင်ချန် မျက်လွှာချလိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလာသည် - "ကလေးတွေ ကြီးလာကြပြီ၊ အခုဆိုရင် ကျန်းတောင် မထိန်းချုပ်နိုင်တော့ဘူး။ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ပြီး သူတို့ရဲ့ စိတ်ဓာတ်တွေကို ပြုပြင်ပေးဖို့ စိတ်ကူးခဲ့ပေမဲ့... အခုကြည့်ရတာ ပိုစောင့်လေလေ လမ်းမှား ပိုရောက်လေလေပဲ ဖြစ်တော့မယ်"

နန်းတွင်းထဲ၌ မည်သူမှ မိုက်မဲသူများ မဟုတ်ကြပေ။ ကိုယ်လုပ်တော်များ အချစ်လုပွဲမှာ အရင်ကဲ့သို့ မပြင်းထန်တော့သည်မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးများ ဖြစ်နေကြပြီဖြစ်ရာ၊ တိုက်ပွဲများမှာ အဓိကအားဖြင့် ကလေးများအတွက်သာ ဖြစ်တော့သည်။ ကွေ့ဖေးအား လုပ်ကြံခြင်းသည် စတုတ္ထမင်းသားကို ထိခိုက်စေခြင်းဖြစ်ရာ၊ အဆိပ်ခတ်သူသည် ကွေ့ဖေးကို သတ်ချင်ရုံသက်သက်ဟု မည်သူမှ မယုံကြည်ကြပေ။

ယွမ်ကျိုက စကားထဲ ဝင်မပါလိုသဖြင့် ဟန်ဆောင်နေဆဲဖြစ်သော်လည်း နင်ချန်က ဤတစ်ကြိမ်တွင် သူ့အား လှည့်ပတ်ပြောခွင့် မပေးတော့ပေ။

"မင်း အားနာမနေနဲ့တော့။ မင်း ကျန်းကို အလုပ်အကျွေးပြုလာတာ ၃၀ ကျော်ပြီ၊ အရာရာကို မြင်အောင် ကြည့်တတ်တဲ့သူပဲ။ ကျန်းကို အမှန်အတိုင်း ပြောစမ်း... တတိယမင်းသားက ဘယ်လိုလဲ၊ စတုတ္ထမင်းသားကော ဘယ်လိုလဲ"

ယွမ်ကျိုသည် နင်ချန်ကို တစ်ချက်မျှ မော့ကြည့်ကာ အကြည့်ချင်းဆုံပြီးနောက် ချက်ချင်းပင် ပြန်ငုံ့လိုက်သည်။ သူ သက်ပြင်းချကာ အတတ်နိုင်ဆုံး စကားကို ချိန်ဆ၍ လျှောက်တင်ရတော့သည်။

"ကျွန်တော်မျိုး အမြင်အရတော့... မင်းသား နှစ်ပါးစလုံးရဲ့ စရိုက်မှာ တူညီတဲ့အချက်တစ်ခု ရှိပါတယ်၊ အဲဒါကတော့ အနိုင်မခံလိုတဲ့ မာနပါပဲ။ ဒါပေမဲ့ တတိယမင်းသားက စွဲလမ်းမှု (ပိုများသလို အတွေးအခေါ်တွေကလည်း ပိုပြီး နက်နဲမှောင်မှိုင်းပါတယ်။ စတုတ္ထမင်းသားကတော့ ပိုပြီး ပွင့်လင်းရိုးသားတယ်၊ အကောင်းဆုံးကို ရယူချင်ပေမဲ့ မရခဲ့ရင်လည်း လက်လွှတ်နိုင်တဲ့ သဘောထားမျိုး ရှိတယ်၊ ဒါကြောင့်လည်း သူက ပိုပြီး မြူးထူးတက်ကြွနေတာပါ"

ရှင်းရှင်းပြောရလျှင် တတိယမင်းသားမှာ ရည်မှန်းချက်အတွက် နည်းလမ်းပေါင်းစုံကို သုံးမည့်သူဖြစ်ပြီး၊ စတုတ္ထမင်းသားမှာမူ အကောင်းဆုံး ကြိုးစားသော်လည်း ရလဒ်အပေါ် မစွဲလမ်းသူဖြစ်သည်။

နင်ချန်သည် သူနှင့် နှစ်ပေါင်းများစွာ ရှိနေခဲ့သော အစေခံကိုကြည့်ကာ မချိပြုံး ပြုံးလိုက်သည်။ "မင်းကတော့... တကယ်ကို အကဲခတ် တော်လွန်းပါတယ်"

……

ညဉ့်မှောင်လာချိန်တွင် နင်ချန်သည် ယဲ့ယွင်ကို စိတ်မချသဖြင့် သူမ၏ တဲနန်းအတွင်း၌ ကုတင်ငယ်တစ်ခု ခင်းခိုင်းကာ အနား၌ စောင့်အိပ်ခဲ့သည်။ အဆိပ်ကို စစ်ဆေးပြီးပြီဖြစ်၏။ ၎င်းမှာ လျောင်နိုင်ငံမှ လာသော အဆိပ်မျိုးဖြစ်ပြီး ဟင်းနှစ်မျိုးကို ခွဲစားလျှင် ကာလရှည်မှ ဘေးဖြစ်စေသော်လည်း၊ အတူစားလိုက်လျှင်မူ ပြင်းထန်သော အဆိပ်အတောက် ဖြစ်စေသည်။

တတိယမင်းသားတွင် ထိုအဆိပ်ကို ရနိုင်သော အစွမ်းအစ မရှိပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ကူညီနေခြင်း ဖြစ်ရမည်။ နင်ချန် ပထမဆုံး သံသယဝင်သူမှာ အန်းဟယ်ကျင်းပင် ဖြစ်၏။ သူသည် အဆိပ်၏ အရင်းအမြစ်ကို သိရှိသွားခြင်းကို လျှို့ဝှက်ထားပြီး တိတ်တဆိတ် စုံစမ်းခိုင်းထားလိုက်သည်။

…..

နောက်တစ်နေ့ မနက်တွင်မူ သူ မရင်ဆိုင်ချင်ဆုံးသော အမှန်တရားများ ရောက်ရှိလာခဲ့သည်။ လုချင်းယွင်၏ တင်ပြချက်အရ - မနေ့ည သန်းခေါင်ယံအချိန်တွင် တတိယမင်းသားသည် အစေခံအသွင်ဖြင့် ဟုန်ကဲ့အာ၏ တဲနန်းသို့ တိတ်တဆိတ် သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့ထက် ပို၍ ဆိုးသည်မှာ - အန်ချင်း၏ ထွက်ဆိုချက်အရ၊ သူသည် ဟုန်ကဲ့အာ၏ စေခိုင်းမှုဖြင့် မြင်းပြိုင်ပွဲစဉ်အတွင်း စတုတ္ထမင်းသား၏ မြင်းကို သံအပ်များဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းပင်။ တတိယမင်းသားနှင့် ဟုန်ကဲ့အာတို့သည် စတုတ္ထမင်းသားအား ဒေါသထွက်အောင် ပြုမူပြီး အရှိန်မြှင့်စေကာ၊ ထိုခဏ၌ အန်ချင်းက မြင်းကို အဆိပ်အပ်နှင့် ပစ်၍ မြင်းလန့်အောင် လုပ်ခဲ့ခြင်း ဖြစ်လေသည်။

နင်ချန်သည် ထိုအကြောင်းများကို ကြားပြီးနောက် အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှ ထရပ်ကာ -

"ယွမ်ကျို... တတိယမင်းသားကို သွားခေါ်ခဲ့စမ်း။ သူ့ရဲ့ စာစီစာကုံးမှာ ပြင်စရာလေးတွေရှိလို့ ကျန်းက သင်ပေးချင်တယ်လို့ ပြောလိုက်။ လုချင်းယွင်... မင်းကတော့ ယုံကြည်ရတဲ့လူတွေကို သုံးပြီး တဲနန်းကို သေသေချာချာ စောင့်ကြပ်ထားစမ်း"

၎င်းမှာ စာရင်းရှင်းတော့မည်ဟူသော အဓိပ္ပာယ်ပင်။

တတိယမင်းသား ရောက်လာချိန်တွင် ယွမ်ကျိုအား အင်မတန် ယဉ်ကျေးစွာ ဆက်ဆံနေသေးသည်။ သူသည် တဲနန်းတံခါးဝသို့ ရောက်မှသာ အစောင့်အကြပ်များ ပိုများနေသည်ကို မြင်ရသဖြင့် ရင်ထဲ၌ ထိတ်ခန့်သွားသည်။ တဲထဲဝင်လိုက်ချိန်တွင် ယွမ်ကျိုက နောက်မှ လိုက်မဝင်တော့ပေ။ သူနှင့်အတူ ပါလာသော အနီးကပ်လူ လျန်ကျောက်မှာလည်း ပါးစပ်အုပ်ကာ အဝေးသို့ အဆွဲခံလိုက်ရသည်ကို တတိယမင်းသား မသိလိုက်ပေ။

"သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်"

နင်ချန်က သူ့အား မော့ကြည့်ကာ အေးစက်စွာ ဆိုသည် - "ဒူးထောက်စမ်း"

"ခမည်းတော်..." တတိယမင်းသား တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားကာ ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည် - "ခမည်းတော် စိတ်လျှော့ပါ၊ သားတော် ဘာများ အမှားလုပ်မိလို့လဲဟင်..."

"မင်းကို ဒူးထောက်ခိုင်းနေတယ်လေ!" နင်ချန်က ဟိန်းဟောက်လိုက်ရင်း လက်ထဲမှ စာအုပ်ကို 'ဝူး' ခနဲ ပစ်ပေါက်လိုက်သည်။

စာအုပ်မှာ တတိယမင်းသား၏ ရှေ့တည့်တည့်တွင် ကျသွားသည်။ ၎င်းမှာ သူ၏ ‘မင်းသားကျင့်ဝတ်’ အကြောင်း ရေးသားထားသော စာစီစာကုံး ဖြစ်၏။

နင်ချန်က သူ၏စာထဲမှ စာသားများကို တစ်လုံးချင်း ရွတ်ပြလာသည် -

"ပညာရှိတစ်ယောက်ရဲ့ စိတ်ထားဟာ ‘ရိုးသားမှု’ ထက် ကောင်းတာ မရှိဘူး။ ရိုးသားမှုရှိရင် တခြားကိစ္စတွေ မလိုတော့ဘူး။ ‘ကရုဏာ’ ကို စောင့်ထိန်းပြီး ‘တရားမျှတမှု’ ကို ကျင့်သုံးရမယ်..."

နင်ချန်၏ မျက်ဝန်းများမှာ နှင်းခဲများကဲ့သို့ အေးစက်နေတော့သည် -

"မင်းရဲ့စာထဲမှာတော့ ရိုးသားရမယ်၊ ကရုဏာရှိရမယ်၊ တရားမျှတရမယ်လို့ ရေးထားတယ်ပေါ့လေ။ ကျန်းကလည်း မင်းကို အဲဒီအတိုင်း လုပ်လိမ့်မယ်လို့ ယုံကြည်ခဲ့တာ။ ဒါပေမဲ့ မင်းကတော့ ဘယ်လို ယုတ်မာတဲ့ ကိစ္စတွေကို လုပ်ခဲ့သလဲ! ဒီလိုစကားလုံးတွေကို ရေးရဲလောက်အောင် မင်းရဲ့မျက်နှာက ဘယ်လောက်တောင် ထူနေလို့လဲ!"

***

All Chapters